ကိုယ့်ရဲ့အတွင်းစိတ်နယ်ပယ်ထဲမှာ နေရတာကို ပိုပြီး ပျော်မွေ့သူတွေ၊ ဆိုရှယ်အသိုင်းအဝိုင်းထဲရောက်ရင် မွန်းကြပ်နေတတ်သူတွေတစ်ယောက်တည်း နားနားနေနေ နေရတော့မှ ခွန်အား ပြန်ပြည့်လာတဲ့သူတွေ.. ဒီလူတွေကို အင်ထရိုဗတ်တွေလို့ ခေါ်ပါတယ်။
ပြင်ပကမ္ဘာရဲ့ လည်ပတ်မှုနဲ့ လူ့အသိုင်းအဝိုင်းကြားမှာ ပျော်မွေ့သူတွေ၊ တစ်ယောက်တည်းဆိုရင်အထီးကျန်ပြီး ငူငူငေါင်ငေါင်ဖြစ်လာ.. အပေါင်းအသင်းတွေနဲ့ တွေ့ဆုံနေထိုင်နေရမှ ခွန်အား ပြည့်လာသလိုခံစားရသူတွေ.. ဒီလူတွေကျတော့ အိတ်စ်ထရိုဗတ်တွေဖြစ်တယ်။
ဆိုရိုးစကားတစ်ခုရှိတယ်။ ကမ္ဘာကို အင်ထရိုဗတ်တွေက တည်ဆောက်ပြီး အိတ်စ်ထရိုဗတ်တွေက အသက်သွင်းပေးတယ်..တဲ့။
ဘာဖြစ်လို့လဲဆိုတော့ အတွေးထဲမှာ နစ်နေကြတဲ့ အင်ထရိုဗတ်တွေဟာ အင်မတန် စိတ်ကူးကောင်းကြတယ်။ သူမတူတဲ့ အိပ်မက်ဆန်းတွေသူတို့မှာရှိတယ်။ ဟင်ကနဲ ဟာကနဲ ဖြစ်သွားစေတဲ့ ဖန်တီးမှုမျိုးတွေကို အလွယ်တကူ လုပ်ပြနိုင်ကြတယ်။ ဒါပေမယ့် လူမှုဆက်ဆံရေးပိုင်းမှာတော့ တော်တော်လေး အားနည်းတယ်။ လူရှေ့သူရှေ့ စကားပြောရမှာကို သေမလောက်ကြောက်ကြတယ်။ ကိုယ့်အတွေးအခေါ်တွေကို မေးခွန်းထုတ်ခံရမှာ၊ ကဲ့ရဲ့ခံရမှာကိုစိတ်ပူကြတယ်။ ဘယ်သူ့ကိုမှလည်း မယုံဘူး။ ကျင်လည် သက်ဝင်နေတဲ့ အသိုင်းအဝိုင်းကလည်း လူသုံးလေးငါးယောက်ထက် မပိုကြဘူး။ ဒီတော့ သူတို့ရဲ့ စိတ်ကူးတွေဟာ များသောအားဖြင့် အိပ်မက်အဆင့်ကနေ တက်မလာတော့ဘူး။
ဒီနေရာမှာ အိတ်စ်ထရိုဗတ်တွေက သိပ်ကျွမ်းကျင်တယ်။ ဘယ်အသိုင်းအဝိုင်းထဲမှာမဆို စီးဝင်ပျော်မွေ့နိုင်တယ်။ ဘယ်သူ့ကို ဘယ်လိုစကားမျိုးပြောရမလဲ ဘယ်အချိန်မှာ စင်ပေါ်ကိုတက်ရမလဲ၊ မီးရောင်အောက်ကို ဘယ်လိုထွက်ရမလဲ နားလည်ကြတယ်။ ဒါပေမယ့် အိတ်စ်ထရိုဗတ်တွေရဲ့ အားနည်းချက်က တစ်ယောက်တည်း မနေတတ်တဲ့ ပြဿနာပဲ။ တစ်ယောက်တည်း မနေတတ်တော့ အချိန်ပေးပြီး တွေးငေးရတာကို မလုပ်တတ်တော့ဘူး။ အတွေးထက် စကားက ပိုပြီး မြန်နေတော့ မစဉ်းစားဘဲ ပြောတဲ့ စကားတွေ အရမ်းများလာတယ်။ ငြိမ်ငြိမ်သက်သက်နဲ့ တွေးသင့်တဲ့အချိန်တွေမှာ မငြိမ်နိုင်ဘဲ ပျာယာတွေခတ်နေတတ်တယ်။ အပေါင်းအသင်း၊ အဖွဲ့အစည်းတွေနဲ့ပဲ နေပျော်တော့တဲ့အခါ တစ်ကိုယ်ရည်ဆုံးဖြတ်ချက်ချတဲ့နေရမှာအားနည်းလာရော။
ဒီတော့ အင်ထရိုဗတ်တွေနဲ့ အိတ်စ်ထရိုဗတ်တွေ တွဲနေမှ အရာရာ ပိုအဆင်ပြေမယ်ဆိုတာ သိသာမနေဘူးလား။ ဒါပေမယ့် လူတွေရဲ့ ထုံးစံအတိုင်း နှစ်ခြမ်းကွဲသွားတာနဲ့ ရင်ကြားစေ့ဖို့အစား ပက်ကြားအက်ကို ပိုကြီးသွားအောင် ဝိုင်းချဲ့ချင်ကြတယ်။ အင်ထရိုဗတ်တွေကလည်း ငါတို့သည်သာ စဉ်းစားတွေးခေါ်နိုင်သော မဟာဖန်တီးရှင်များ ဖြစ်ကြသည် ဆိုပြီးမာန်တက်တယ်။ အိတ်စ်ထရိုဗတ်တွေကလည်း အင်ထရိုဗတ်တွေကို လူတောမတိုးတဲ့ ငကြောင်တွေဆိုပြီး ပယ်ထားချင်တယ်။ ဒီလိုနဲ့ တူရာတူရာ လူတွေပဲ စုနေရင်း နှစ်ဘက်စလုံး အကျိုးမရှိတော့ဘူး။
ကမ္ဘာကို ဘယ်သူကပဲ တည်ဆောက်သည်ဖြစ်စေ ဘယ်သူက မောင်းနှင်သည်ဖြစ်စေ နောက်ဆုံးမှာတော့ ကျွန်တော်တို့ မရှိတော့သည့်တိုင်အောင် ကမ္ဘာကြီးက ဆက်ရှိနေဦးမှာပဲ။ လူဆိုတာ ကမ္ဘာရဲ့ သက်တမ်းနဲ့ ယှဉ်လိုက်ရင် ပိုးဖလံတစ်ကောင်လောက်တောင် သမိုင်းမရှိသေးဘူး။
ဒီတော့ ဘယ်သူက ပိုပြီးသာတယ် နာတယ် ငြင်းခုန်နေမယ့်အစား တစ်ဦးစီရဲ့ အားသာချက် အားနည်းချက်တွေကို ကိုယ်ခြင်းစာ ဖေးမသင့်တယ်လို့ ထင်တယ်။