(၅)
အရာအားလုံး တိတ်ဆိတ်သွားတယ်။ ငိုသံ၊ အော်သံတွေ ငြိမ်သွားတယ်။ ကြမ်းပြင်မှာ တုပ်တုပ်မျှမလှုပ်ဘဲ ထိုင်နေကြတဲ့ လူတွေရဲ့ မျက်လုံးတွေ ကျွန်မရှိရာကို ရောက်လာကြတယ်။ ခေါင်းပေါ်က ပွနေတဲ့ ဆံပင်တွေကို ကျွန်မ လက်နဲ့ထိုးဖွလိုက်တယ်။ ဆံပင်နက်နက်တွေ ပခုံးပေါ်ကို လွှားကနဲပြေကျလာတယ်။ အားလုံးက ကျွန်မကို မမြင်ဖူးတဲ့ သတ္တဝါတစ်ကောင်လို ဝိုင်းပြီး ကြည့်နေတယ်။ ကျွန်မ သူတို့ကို ပြန်မကြည့်အားဘူး။ သတိကို စုစည်းတယ်။ အာရုံကို လှသိန်းရဲ့ မျက်နှာပေါ်မှာပဲ ပို့ထားလိုက်တယ်။ စိတ်ထဲမှာလည်း ကိုယ့်ကိုယ်ကိုယ် တတွတ်တွတ် ပြောနေမိတယ်။ ဆူဇန်.. မကြောက်နဲ့..။ ဒီလိုလူတွေဟာ သူရဲဘောကြောင်တဲ့သူတွေ၊ အားနည်းသူကိုပဲ ဖိထောင်းရဲတဲ့သူတွေ.. သူတို့မှာ တကယ့် သတ္တိဆိုတာ မရှိဘူး။ ပြီးတော့ ဒီလို အနိုင်ကျင့်တဲ့သူ တော်တော်များများဟာ ငတုံးတွေများတယ်.. သူတို့ကို မကြောက်မရွံ့ အာခံမယ့်သူနဲ့ တွေ့ရင် အမြီးကုပ်ပြီး ထွက်ပြေးတာပဲ..
လှသိန်းကလည်း ကျွန်မကို စိုက်ကြည့်နေတယ်။ သူ့မျက်နှာပေါ်မှာ ပေနေတဲ့ သွေးတွေကိုလက်နဲ့ သပ်ချတယ်။ ကျွန်မရှိရာကို လျှောက်လာတယ်။ အောက်မှာထိုင်နေတဲ့လူတွေ ကမန်းကတန်း လမ်းဖယ်ပေးကြတယ်။ ကျွန်မရှိရာ ၀ရန်တာ ထောင့်စွန်းနဲ့ နီးလာတာနဲ့အမျှ လှသိန်းရဲ့ မျက်နှာမှာ အံ့ဩတဲ့အရိပ်အယောင်က ပိုပြီး ပီပြင်လာတယ်။ ကျွန်မနဲ့ သုံးလှမ်းလောက်အကွာကိုရောက်တော့ လှသိန်းက ရပ်လိုက်တယ်။ ကျွန်မ မျက်နှာကို သေသေချာချာ စိုက်ကြည့်တယ်။ ကျွန်မ တစ်ကိုယ်လုံးကို ခြေဆုံးခေါင်းဆုံး လေ့လာတယ်။ မေးတယ်။
“မင်း ဘယ်သူလဲ..”
ကျွန်မ ဘာမှ ပြန်မဖြေဘဲ လှသိန်းရဲ့ မျက်လုံးတွေကိုပဲ ပေါက်ထွက်သွားမတတ် စိုက်ကြည့်နေလိုက်တယ်။ ဘယ်အချိန်မှာ ဒီလူ မျက်လုံးလွှဲသွားမလဲ.. စောင့်နေတာ။ ကျွန်မထင်တဲ့အတိုင်းပဲ လှသိန်းက ကျွန်မကို ကြည့်နေရာကနေ သူ့လူတွေဘက်ကို ခေါင်းလှည့်သွားတယ်။ လှမ်းအော်တယ်။
“ဟေ့ကောင်တွေ.. လာစမ်း။ လာကြည့် ဒီမှာ..”
သူ့ရဲ့နောက်လိုက် တစ်သိုက်.. သခင်လှမ်းခေါ်တာခံရတဲ့ ခွေးတွေလိုပဲ အပြေးရောက်လာကြတယ်။ လှသိန်းက ကျွန်မကို လက်ညှိုးထိုးပြတယ်။ ကျွန်မရဲ့ ရင်ဘတ်နဲ့ ပေါင်နေရာကို မေးငေါ့ပြတယ်။ ခပ်ပြုံးပြုံး မျက်နှာပေးနဲ့ သူ့လူတွေကို လှမ်းပြောတယ်။
“မင်းတို့ ဒါမျိုး မြင်ဖူးလား.. ကြည့်စမ်း..”
ဓားကိုယ်စီကိုင်ထားကြတဲ့ ယောက်ျား တစ်ဒါဇင်ရဲ့ မျက်လုံးတွေ ကျွန်မ တစ်ကိုယ်လုံးကို သိမ်းကျုံးဝါးမျိုသွားတယ်။ တုန်ချင်လာတဲ့ ကိုယ်ခန္ဓာကို ကျွန်မ စိတ်တင်းပြီး ထိန်းလိုက်တယ်။ အခုအချိန်မှာ ပြိုလဲသွားလို့ မဖြစ်ဘူး။ တိရိစ္ဆာန်ရိုင်းတွေရဲ့ အရှေ့မှာ ရောက်နေတာ။ ကြောက်တဲ့ပုံစံ ပေါ်သွားရင် အစိမ်းလိုက် ဝါးစားသွားလိမ့်မယ်။ လှသိန်းက ကျွန်မဆီကို တစ်လှမ်း ထပ်တိုးလာတယ်။ သူ့ကိုယ်ကထွက်လာတဲ့ ချဉ်စုပ်စုပ် အနံ့နဲ့ သွေးညှီနံ့ကြောင့် ကျွန်မ ခေါင်းထဲမှာ မူးချင်သလိုလိုတောင် ဖြစ်သွားတယ်။ လှသိန်း စကားပြောတော့ သူ့ရဲ့ ညစ်ထပ်နေတဲ့ သွားအထပ်ထပ်တွေ ဝါကနဲ ပေါ်လာတယ်။
“မင်းကိုငါ မတွေ့ဖူးဘူး။ ဘယ်ကလဲ..။ တိုက်တန်းထဲကို ဘာလာလုပ်တာလဲ။ သံပုံးဘက်ကလူတွေ ဒီဘက်အထိ ခြေကျွံလာပြီလား..”
ကျွန်မ ပြန်မဖြေဘူး။ ပါးစပ်ကို တင်းတင်းစေ့ထားတယ်။ လှသိန်းရဲ့ မျက်နှာပေးက ပြုံးနေရာကနေ တဖြည်းဖြည်း တင်းလာတယ်။
“ဒါက ဘာစောက်ချိုးချိုးနေတာလဲ..”
လှသိန်း အသက်ရှူသံတွေ မြန်လာတယ်။ ဒေါသအခိုးတွေ မျက်နှာပေါ်ကို တရိပ်ရိပ်တက်လာတယ်။ ဒီလို အခြေအနေမျိုး သူတစ်ခါမှ မကြုံဖူးဘူးထင်တယ်။ သူဟောက်လိုက်ရင် တုန်နေအောင်ကြောက်သွားတဲ့ သူတွေကိုပဲ မြင်ဖူးတာမဟုတ်လား။ ကျွန်မ လှသိန်း မျက်နှာကို စိုက်ကြည့်နေရင်း စိတ်ထဲမှာ စက္ကန့်တွေကို ရေနေလိုက်တယ်။ ဘယ်နှစက္ကန့်ကြာမလဲ..။ ဘယ်အချိန်မှာ လှသိန်း သူ့ဘ၀ရဲ့ အကြီးဆုံး အမှားကို လုပ်မိမလဲ..။
“ဟိုမှာ.. တွေ့လား။ စောက်ချိုးမပြေတဲ့ကောင်.. ဘယ်လို ဖြစ်သွားသလဲ မင်းမြင်လား။ မင်းရော အဲဒီလို ဖြစ်ချင်တာလား”
သွေးအိုင်ထဲမှာ အပိုင်းပိုင်း ပြတ်ပြီး လဲနေတဲ့ အလောင်းဆီကို လှသိန်းက လက်ညှိုးထိုးပြတယ်။ ကျွန်မ သူလက်ညှိုးညွှန်တဲ့ နေရာကို တစ်ချက် လိုက်ကြည့်တယ်။ ပြီးတော့ သူ့မျက်နှာဆီမှာပဲ အကြည့်ကို ပြန်ပို့ထားလိုက်တယ်။ နှုတ်ခမ်းတွေကို ပိုပြီး တင်းသွားအောင် စေ့ထားလိုက်တယ်။ ကြောက်ပြီး အော်မိမှာစိုးလို့ နှုတ်ခမ်း အတွင်းသားကို သွားနဲ့ ကိုက်ထားလိုက်တယ်။ လှသိန်းက ကျွန်မနားကို နောက်ထပ် တစ်လှမ်း ထပ်ကပ်လာတယ်။ သူ့ရဲ့မျက်နှာက အနီးကပ်မြင်ရမှ ပိုပြီးတော့တောင် ကျက်သရေ ယုတ်နေတယ်။ ဒါပေမယ့် သူ့မျက်နှာမှာ သတ္တိနဲ့တူတာ တစ်စက်မှ မရှိဘူး။ ဒေါသအခိုးတွေပဲ ဟပ်နေတယ်။ လှသိန်းက အံကြိတ်ပြီး ပြောတယ်။
“မင်းကိုဆိုရင်တော့ သေအောင်မသတ်ခင် ငါတို့ ဘာအရင် လုပ်မလဲ မင်းသိတယ်မဟုတ်လား။ မြင်ယောင်ကြည့်လို့ ရလား..”
လှသိန်းစကားကြောင့် သူ့နောက်လိုက်တွေဆီက ရယ်သံ တချို့ထွက်လာတယ်။ ကျွန်မဖတ်ဖူးတဲ့ အပေါစား ၀တ္ထုတွေထဲကလိုပါပဲလား..။ စကားကြီးစကားကျယ်တွေပြောရရင် ကျေနပ်နေတဲ့သူတွေ။ အားနည်းသူကို အနိုင်ကျင့်ပြီး ကိုယ့်ကိုယ်ကိုယ် သတ္တိခဲလို့ ထင်နေတဲ့သူတွေ။ ကြွက်တစ်ကောင်လောက် သတ်ပြီး ကိုယ့်ကိုယ်ကိုယ် ခြင်္သေ့လို့ ထင်နေတဲ့သူတွေ..။ ကျွန်မရဲ့ ကြောက်စိတ်တွေ လုံး၀နီးပါး ပျောက်ကွယ်သွားပြီ။ ကျွန်မ လက်နှစ်ဘက်ကို ပိုက်လိုက်တယ်။ လုပ်ရဲရင် လုပ်ကြည့်လေ.. ဆိုတဲ့ မျက်နှာပေးနဲဲ့ လှသိန်းကို မေးဆတ်ပြလိုက်တယ်။
လှသိန်းရဲ့ ဒေါသကြိုးက အဲဒီမှာတင် ပြတ်သွားတယ်ထင်တယ်။ သူ့မျက်နှာတစ်ခုလုံး တွန့်လိမ်သွားတယ်။ ညာဘက်လက်ကို မြှောက်တယ်။ ကျွန်မမျက်နှာကို လက်ဖမိုးနဲ့ ဖြတ်ရိုက်လိုက်တယ်။
ကျွန်မ တစ်ခေါင်းလုံး မူးဝေသွားတယ်။ ထူပူသွားတယ်။ မြင်ကွင်းတွေ သုံးလေးငါးထပ် ဖြစ်ကုန်တယ်။ နားထဲမှာ စီကနဲ ဖြစ်သွားတယ်။ လဲကျသွားမလိုဖြစ်သွားပေမယ့် ကိုယ်ကို အချိန်မီ ထိန်းထားလိုက်နိုင်တယ်။
မျက်နှာပေါ်မှာ ရှုပ်ပွပွေကျလာတဲ့ ဆံပင်တွေကို ကျွန်မ သပ်တင်လိုက်တယ်။ ကိုယ်ကို ပြန်မတ်လိုက်တယ်။ လှသိန်းကို ပြန်ကြည့်တယ်။ လှသိန်းက အောင်နိုင်သူ အပြုံးမျိုးနဲ့ ကျွန်မကို ကြည့်နေတယ်။
“ငါမေးနေတာကို ဖြေလေ။ မင်းဘယ်သူလဲ။ ငါ့ကို မခန့်လေးစား လုပ်နေတာ.. “
ကျွန်မ လေသံကို အတတ်နိုင်ဆုံး ငြိမ်အောင်ထားတယ်။ စကားကို တစ်လုံးချင်း ရှင်းလင်းနေအောင် ပြောလိုက်တယ်။
“ဒီဝင်းထဲမှာ သေဒဏ်ပေးလို့ရတဲ့ ပြစ်မှု သုံးခု ရှိတယ်”
ကျွန်မစကားကြောင့် လှသိန်း ကြောင်သွားတယ်။ ဇဝေဇဝါ ဖြစ်တဲ့ အရိပ်အယောင်တွေ သူ့မျက်နှာပေါ် ဖြတ်ပြေးသွားတယ်။ ဒါပေမယ့် ချက်ခြင်းပဲ သူ့ကိုယ်လုံးကို မတ်တယ်။ မျက်နှာကို ပြန်တင်းတယ်။
“ဘာတွေ ကယောင်ကတမ်းပြောနေတာလဲ။ နားရင်းတစ်ချက်အုပ်လိုက်တာ ရူးသွားပြီလား”
ကျွန်မ လက်ကို ပြန်ပိုက်လိုက်တယ်။
“နံပါတ်တစ်.. သူပုန်ထမှု၊ ပြီးတော့..နံပါတ်နှစ်.. လူသတ်မှု”
ကျွန်မရဲ့ လေသံထဲမှာပါနေတဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်မှုက အပြင်ဘက်ကိုပါ လျှံထွက်လာတယ်ထင်တယ်။ လှသိန်း မျက်နှာ ပျက်စပြုလာတယ်။ တစ်ခုခုတော့ မှားနေပြီဆိုတာကို သူသိလောက်ပြီ။ လှသိန်းက အရှက်ပြေ သူ့တပည့်တွေဘက်ကို လှည့်ကြည့်တယ်။ ကျွန်မဘက်ကို ပြန်လှည့်တယ်။ ပခုံးတွန့်ပြတယ်။
“အဲဒါနဲ့ မင်းနဲ့ ဘာဆိုင်လဲ။ ဒီမှာ.. သွေးရူးသွေးတမ်းတွေ ပြောမနေနဲ့။ ဒီတိုက်တန်းမှာ ငါ့ကို အာခံရဲတဲ့သူ တစ်ယောက်မှ မရှိဘူး။ ရှိခဲ့ရင်လည်း အကုန်လုံး ငါသတ်လို့ သေကုန်ပြီ။ ပြီးတော့ ငါ သူပုန်အဖွဲ့ကလည်း မဟုတ်ဘူး။ ဟုတ်ခဲ့ရင်တောင် ဘာပြစ်ဒဏ်မှ စောက်ဂရုစိုက်မှာ မဟုတ်ဘူး။ မင်းနားလည်လား။ ရုံးဘက်ကကောင်တွေကို ကြောက်နေရင် လှသိန်းဆိုတဲ့ငါ လူဆက်မလုပ်ဘူး”
“နေဦး.. ကျွန်မ ပြောနေတာ မပြီးသေးဘူး။ နောက်ဆုံး တစ်ခုကျန်သေးတယ်။ နောက်ဆုံး ပြစ်မှု။ နံပါတ်သုံး.. ဥက္ကဌနှင့် ဥက္ကဌ၏ မိသားစုဝင်များအား ကိုယ်ထိလက်ရောက် စော်ကားမှု”
ထိုင်နေတဲ့ လူတွေဆီကနေ အသံအုပ်အုပ်တွေ ထွက်လာတယ်။ အားလုံးရဲ့ သို့လောသို့လော စကားသံတွေကြားမှာ.. လှသိန်းရဲ့ မျက်နှာ ကွက်ကနဲ ပျက်သွားတယ်။ ဒီတစ်ခါ ပျက်သွားတဲ့မျက်နှာကိုတော့ သူ အချိန်မီ ပြန်မပြင်နိုင်တော့ဘူး။ သူက ကျွန်မကို ခြေဆုံးခေါင်းဆုံး ပြန်ကြည့်တယ်။ ဆွတ်ဆွတ်ဖြူနေတဲ့ ကျွန်မရဲ့ လက်တွေ ခြေတွေကို ကြည့်တယ်။ ပြီးတော့မှ ကျွန်မ မျက်နှာဆီကို သူ့မျက်လုံးတွေ ပြန်ရောက်လာတယ်။ မယုံနိုင်တဲ့ ပုံစံနဲ့ ခေါင်းကိုခါတယ်။
“မင်းက ဥက္ကဌသမီးလား။ မဖြစ်နိုင်တာ.. ဥက္ကဌသမီးက အိမ်ထဲကအိမ်ပြင်တောင် မထွက်ဘူး။ ပြီးတော့ ထွက်ခဲ့ရင်တောင်..သူက ဒီကို ဘာလာလုပ်မှာလဲ..။ ပြီးတော့ အဲဒီ ပြစ်မှုအကြောင်း ငါတို့ ကြားတောင်မကြားဖူးဘူး။ သိလည်း မသိဘူး”
ဒီတစ်ခါ မချိုမချဉ်ပြုံးတဲ့သူက ကျွန်မ။
“ဘယ်ကြားဖူးမလဲ။ ဒီအမှုကို ကျူးလွန်ရဲတဲ့သူ တစ်ယောက်မှ မရှိခဲ့လို့ အပြစ်ပေးရတာလည်း မရှိဘူးလေ။ ဒီတော့ ဒီပြစ်မှုအကြောင်းကို သိတဲ့သူလည်း သိပ်မရှိတော့ဘူးပေါ့။ ကျွန်မရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ.။ ခဏလေး.. မဟုတ်ဘူး..။ ကျွန်မအဘိုး၊ ကျွန်မအဖေ၊ ပြီးတော့ ကျွန်မရဲ့ သက်တမ်း တစ်လျှောက်လုံးမှာ၊ နှစ်ခြောက်ဆယ် လောက်အတွင်းမှာ.. ဥက္ကဌမိသားစုကို ကိုယ်ထိလက်ရောက် စော်ကားရဲတာ တစ်ယောက်မှ မရှိခဲ့ဘူး။ ရှင်ပထမဆုံးပဲ..။ နာမည်က ဘယ်သူ..။ လှသိန်း ဟုတ်လား..။ ပထမဆုံးကျူးလွန်သူ ဦးလှသိန်းပေါ့.. အင်း.. သမိုင်းတွင်သွားတာပေါ့”
ဒီတစ်ခါ လှသိန်းတင်မကဘူး သူ့နောက်က တပည့်တွေပါ အကုန် မျက်စိမျက်နှာတွေ ပျက်ကုန်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘာလုပ်ရင်ကောင်းမလဲ မေးဆတ်ပြကြတယ်။ လှသိန်း သူ့တပည့်တွေဘက်ကိုလှည့်ပြီး ပက်ပက်စက်စက် တစ်ချက်ဆဲလိုက်တော့မှ အကုန် ပြန်ငြိမ်သွားတယ်။ လှသိန်းက ကျွန်မဘက်ကို ပြန်လှည့်လာတယ်။ မျက်နှာကို ကြောက်ဖို့ကောင်းအောင် အတင်း ပြန်လုပ်ယူတယ်။
“ဥက္ကဌသမီးဆိုတာ မင်းပြောတာပဲရှိတာ။ ငါတို့က ဘယ်လို ယုံရမှာလဲ”
ကျွန်မ မျက်ခုံးပင့်လိုက်တယ်။
“ရှင်တကယ်ပြောနေတာလား.. တကယ် သက်သေပြစရာ လိုလို့လား။ ကျွန်မ မျက်နှာကိုကြည့်။ ဒီ ဆံပင်ကိုကြည့်..”
ကျွန်မ ပခုံးပေါ်က ဆံပင်တစ်ဆုပ်ကို လက်နဲ့ ကိုင်ပြီး ထိုးပြလိုက်တယ်။ နက်မှောင်နေတဲ့ ဆံပင်တွေက လက်ထဲမှာ ဖြောင့်ပြီး စင်းနေတယ်။
“…ပြီးတော့ ဒီအသားအရည်ကိုကြည့်။ ဟောဒီမှာ.. ဒီသွားတွေကိုကြည့်.. “
လူတွေရဲ့ ခပ်အုပ်အုပ်စကားသံတွေ ထွက်လာတယ်။ အားလုံးက ကျွန်မပြသမျှကို လှသိန်းနဲ့အတူ အလိုလို လိုက်ကြည့်မိနေကြတယ်။ လှသိန်းရဲ့မျက်လုံးထဲကို စိုးရိမ်စိတ်တွေ ဝင်စပြုလာပြီ။ သူက ချောင်းတစ်ချက်ဟန့်တယ်။ ကိုယ်လုံးကို မတ်တယ်။ ဒီတစ်ခါ စကားပြောတော့ သူ့လေသံထဲမှာ မသေချာမှုတွေ တော်တော်စိမ့်ဝင်နေပြီ။
“မင်းပြောတာတွေ အမှန်လို့ပဲ ထားလိုက်တော့။ အေး.. ငါအခု မင်းကို ဓားနဲ့ခုတ်သတ်ပြီး အလောင်းပါ ဖျောက်ပစ်လိုက်ရင်ရော။ မင်းအဖေဥက္ကဌက သိတောင်သိလိုက်မှာ မဟုတ်ဘူး”
ကျွန်မ လှသိန်းကို အံ့ဩသလို ကြည့်လိုက်တယ်။
“ရှင့်ခေါင်းထဲမှာ စဉ်းစားတတ်တဲ့ အသိဉာဏ်တစ်စက်မှ မရှိဘူးထင်တယ်”
“ဘာ..”
“ဟုတ်တယ်လေ။ ရှင် မစဉ်းစားတတ်လို့ အဲဒီလို အရူးချီးပန်းတွေ လျှောက်ပြောနေတာပေါ့။ အခု ကျွန်မကို ခုတ်သတ်လိုက်ရင် မနက်ဖြန်ဆို ကိုယ့်အတွက်ကိုယ် ကျင်းတူးထားလိုက်တော့။ ကျွန်မ ဒီနေ့ အိမ်ပြန်မရောက်ရင် ရုံးတစ်ရုံးလုံး ကျွန်မကို ပတ်ရှာလိမ့်မယ်။ တိုက်တန်းတွေဘက်ကို ရှာတဲ့အခါ ဒီတိုက်ထဲကလူတွေက ရှင့်အပေါ် သစ္စာရှိမယ်လို့ ထင်နေတာလား။ ဒီတိုက်တန်းထဲမှာ ရှင့်ကို ချစ်ကြောက်ရိုသေနေတဲ့သူ ဘယ်နှယောက်ရှိလို့လဲ..။ ရှင့်တပည့်တွေလား..။ သူတို့က ရှင့်အပေါ် သစ္စာရှိမယ်ထင်နေတာလား။ ဟိုမှာ.. ရှင့်တပည့်တွေရဲ့ မျက်နှာတွေကို ကြည့်လိုက်ဦး.. ရှင့်အတွက် ဖုံးဖိပေးမယ့်သူ တစ်ယောက်မှ မရှိဘူး။ ကြောက်လို့ မပြောရဲဘူး ဆိုရင်တောင်မှ အခု.. ဒီ၀ရန်တာမှာ ရှိနေတဲ့ လူနှစ်ရာကို ရှင်ဘယ်လို ပါးစပ်ပိတ်မှာလဲ။ အကုန်သတ်ပစ်မှာလား..”
လှသိန်းက ကျွန်မကို ဖြတ်ပြောဖို့ ပါးစပ်ပြင်တယ်။ ကျွန်မ လက်ကာပြလိုက်တယ်။
“နေဦး.. မပြီးသေးဘူး။ ကျွန်မပြောနေတာ မဆုံးသေးဘူး။ ဖြတ်မပြောနဲ့။ ဟုတ်ပြီ.. ရှင်တို့မှာ တုတ်တွေ ဓားတွေ ရှိတယ်။ ဒါပေမယ့် ရုံးဘက်မှာ ဘာလက်နက်တွေရှိသလဲ ရှင်သိပြီးသား မဟုတ်လား။ တကယ် ထိပ်တိုက် ချချင်တာလား။ ပြီးတော့ တခြား ပြစ်မှုတွေ ဆိုရင်တောင် ရုံးဘက်က မသိချင်ယောင် ဆောင်ရင်ဆောင်နေဦးမယ်။ ကျွန်မကို ပါးပိတ်ရိုက်တဲ့ ပြစ်မှုဆိုရင်တော့ လွတ်လမ်းမရှိဘူး။ ကျွန်မ တစ်သက်မှာ ဘယ်သူမှ ကျွန်မကို လက်ဖျားနဲ့ မထိခဲ့ဖူးဘူး။ အဖေကိုယ်တိုင်တောင်မှ ကျွန်မကို အသားနာအောင် မလုပ်ဖူးဘူး။ ရှင်ပထမဆုံးပဲ။ ဒီတော့.. ဒါကို ကျွန်မအဖေ သိသွားရင် ရှင်တို့ကို ဘာလုပ်မလဲ.. စဉ်းစားကြည့်လို့ရတယ်။ ရှင်တို့မှာ ပြေးစရာမြေမရှိဘူးဆိုတာကိုရော သတိရသေးရဲ့လား..။ ဘယ်နေရာမှာ သွားပုန်းချင်သလဲ.. တွေ့အောင် လိုက်ရှာလိမ့်မယ်။ ဟိုမှာ ရှင့်လူတွေ.. စကားကြားရုံနဲ့တင် သွေးပျက်နေပြီ။ သေနတ်မြင်တာနဲ့ ဖင်ဘူးတောင်းထောင်ပြီး ပြေးမယ့်သူတွေ”
လှသိန်းက ယောင်ပြီး သူ့လူတွေဘက်ကိုလှည့်ကြည့်တယ်။ မျက်စိမျက်နှာပျက်နေတဲ့ သူ့လူတွေ ဟန်ကိုယ်ဖို့ ပြန်ထိန်းကြတယ်။ ဒါပေမယ့် သွေးပျက်နေတာကို ဖုံးမရဘူး။ လှသိန်းက ကျွန်မဘက်ကို ပြန်လှည့်လာတယ်။ ဒီတစ်ခါ သူ့မျက်နှာမှာ ဒေါသတွေ အစား သံသယစိတ်နဲ့ ကြောက်စိတ်တွေ တလိပ်လိပ်တက်လာနေတယ်။ ကျွန်မကို မကြည့်ဘဲ မေးတယ်။
“အဲဒီတော့ ငါက ဘာလုပ်ရမှာလဲ။ မင်းကို အခုလွှတ်ပေးလိုက်ရင် ပြီးပြီလား”
ကျွန်မ ခေါင်းခါလိုက်တယ်။
“ဟင့်အင်း။ ရှင် သဘောမပေါက်သေးဘူး။ ရှင့်ဇာတ်လမ်းက ဒီနေ့ ဒီနေရာမှာတင် ပြီးသွားပြီ”
လှသိန်းက ကျွန်မကို နားမလည်သလို ကြည့်တယ်။ ကျွန်မ စိတ်မရှည်တဲ့ပုံနဲ့ သက်ပြင်းချလိုက်တယ်။
“ကျွန်မပါးကို ဖြတ်ရိုက်လိုက်ကတည်းက ရှင့်အသက်ပါ ပါသွားပြီ..။ ကျွန်မပြောတာ သဘောပေါက်လား။ နားလည်ပြီလား”
“ဘာသဘောလဲ.. မင်း..ဘာကို”
ကျွန်မ လှသိန်းရဲ့ မကူးရှူးထိုးအသံကို မကြားချင်ယောင်ဆောင်ပြီး သူ့နောက်လိုက်တွေကို လက်ပြလိုက်တယ်။
“ကျွန်မပြောတာ ဦးလှသိန်းတစ်ယောက်တည်းပဲနော်။ ရှင်တို့ မပါသေးဘူး။ ရှင်တို့အတွက် အခွင့်အရေး ရှိသေးတယ်။ ကျွန်မပြောသလို လုပ်ရင် ရှင်တို့ ဘာမှ မဖြစ်စေရဖို့ ကျွန်မ တာဝန်ယူတယ်”
လှသိန်း မျက်လုံး ပြူးသွားတယ်။ တရစပ်ပြောင်းလဲလာတဲ့ အခြေအနေကို သူ့ဦးနှောက်က မနည်း မီအောင်လိုက်နေရတယ်ထင်တယ်။ လှသိန်းတပည့်တွေရဲ့ အာရုံက ကျွန်မဆီကို ဦးတည်လာတယ်။ အားလုံး ကျွန်မကို ကြည့်နေကြတယ်။
“အခု ရှင်တို့ရဲ့ခေါင်းဆောင်က ကျွန်မကို ကိုယ်ထိလက်ရောက် စော်ကားတယ်။ ဒီတော့ သူ့အတွက်က သေဒဏ်ပဲ။ ဒါပေမယ့် ရှင်တို့ရဲ့ခေါင်းဆောင်က အသာတကြည် အဖမ်းခံမယ့်သူ မဟုတ်ဘူး။ သူနဲ့ အတူ ကျွန်မကိုပါ ရအောင် ခေါ်သွားမှာ။ ဟုတ်တယ်မဟုတ်လား ဦးလှသိန်း”
လှသိန်း ဘာပြောရမှန်းမသိဘဲ ကျွန်မကို ကြည့်လိုက် သူ့တပည့်တွေကို ကြည့်လိုက်နဲ့ ဗျာများစပြုလာတယ်။ သူ့မျက်နှာမှာပေနေတဲ့ သွေးတွေကို ကယောင်ကတမ်းနဲ့ သုတ်တယ်။ တံတွေးကို ထွီကနဲ ထွေးတယ်။ ကျွန်မ ဆက်ပြောလိုက်တယ်။
“..အခု ကျွန်မကို ပါးရိုက်တဲ့အတွက် သူတစ်ယောက်ပဲ သေဒဏ်ပေးခံရမှာ။ ဒါပေမယ့် ကျွန်မကို အသေသတ်လိုက်ရင်တော့ ရှင်တို့တစ်ဖွဲ့လုံး တစ်ယောက်မကျန် အကုန် သေဒဏ်ပေးခံရလိမ့်မယ်။ ဒီတော့.. ရှင်တို့ အခုကာကွယ်ရမှာ ကျွန်မကိုလား.. ရှင်တို့ခေါင်းဆောင်ကြီးကိုလား..”
ရုတ်တရက် လှသိန်း ကျွန်မရှေ့ကနေ ပြေးထွက်သွားတယ်။ စောစောက ကြမ်းပြင်ပေါ်မှာ ပစ်ချထားတဲ့ သူ့ရဲ့ ဓားဆီကို ပြေးတယ်။ ကျွန်မ ရင်ထဲမှာ ထိတ်ကနဲ ဖြစ်သွားတယ်။ ကျွန်မ တွက်ချက်ထားသလို ဖြစ်လာပါ့မလား။ လူကဲခတ်တာ မှားသွားပြီလား။ လှသိန်းရဲ့တပည့်တွေက ကျွန်မ ထင်ထားတာထက် ပိုပြီး သစ္စာစောင့်သိတဲ့သူတွေ ဖြစ်နေပြီလား..။ ကျွန်မ ဒီနေ့.. ဒီနေရာမှာ.. လူမဆန်စွာ အသတ်ခံရပြီး ဒီလိုပဲ ဇာတ်သိမ်းသွားမလား..။ ဟင့်အင်း.. မဖြစ်နိုင်တာ။ ဆူဇန်ဆိုတဲ့မိန်းမ အဲဒီလောက် မညံ့ဘူးလေ..။ အဲဒီလောက် ညံ့တယ်ဆိုရင်လည်း ကျွန်မ ဒီနေရာမှာ သေဖို့ ထိုက်တန်ပါတယ်..။
အတွေးတွေက ကျွန်မခေါင်းထဲကို ကျည်ဆံတွေလို အရှိန်နဲ့ တရစပ် ပြေးဝင်ဖောက်ထွက်သွားတယ်။ တဒိတ်ဒိတ် ခုန်နေတဲ့ ကျွန်မရဲ့ နှလုံးခုန်သံနဲ့အတူ.. မြင်ကွင်းတစ်ခုလုံး ရုတ်ကနဲ နှေးကျသွားတယ်။
လှသိန်း ကြမ်းပြင်ပေါ်က ဓားကို ကောက်တယ်။ ကျွန်မရှိရာကို ပြန်ပြီး ပြေးလာတယ်။ ကျွန်မ ကြောက်ပြီး မပြေးမိအောင် ကိုယ်လုံးကို တောင့်ထားလိုက်တယ်။ ကြောက်စိတ်တွေ ဝင်လာလို့ မဖြစ်ဘူး။ အဲဒီ ဓားအောက်မှာ အသက်ပါသွားခဲ့ရင်တောင် မကြောက်မရွံ့ဘဲ သေသွားချင်တယ်။ လှသိန်းရဲ့ ဓားက နေအလင်းရောင်အောက်မှာ လက်ကနဲ ဖြစ်သွားတယ်။ ကျွန်မ လည်ပင်းဆီ အရှိန်နဲ့ ကျလာနေတဲ့ ဓားသွားကို ငေးပြီး ကြည့်နေမိတယ်။ အော်သံ တစ်ခုကြားရတယ်။ မေနှင်းရဲ့ အသံထင်တယ်။ မေနှင်းလက်တွေက ကျွန်မ ခြေထောက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ကျွန်မကို ဆွဲလှဲချဖို့ ကြိုးစားတယ်။ ဟင့်အင်း.. ကျွန်မ ထွက်မပြေးနိုင်ဘူး။ အညံ့မခံနိုင်ဘူး..။
ကျွန်မ မျက်လုံးတွေကို မှိတ်လိုက်တယ်။
(၆)
မျက်စိကို ပြန်ဖွင့်လိုက်တော့ ကျွန်မရှေ့မှာ လှသိန်း ဓားကိုမြှောက်ပြီး ရပ်နေတယ်။ သူ့လက်ထဲကဓားက ကျွန်မလည်ပင်းဆီ ရောက်မလာတော့ဘဲ လေထဲမှာတင် တန့်နေတယ်။ လှသိန်း တစ်ကိုယ်လုံး ကြိုးနဲ့ ဆွဲထားတဲ့ အရုပ်တစ်ရုပ်လို ယိုင်ထိုးနေတယ်။ ဘာဖြစ်သွားတာလဲ.. ကျွန်မ သူ့ကို သေချာကြည့်လိုက်တော့မှ သူ့လည်ဇလုပ်ကနေ တစ်ပေကျော်ကျော်လောက် ဖောက်ထွက်နေတဲ့ ဓားသွားထိပ်ဦးတစ်ခုကို တွေ့လိုက်ရတယ်။
လှသိန်းရဲ့ လည်ပင်းတစ်ခုလုံး ဟက်တက်ကွဲနေတယ်။ လည်ပင်းပေါက်ထဲကနေ သွေးတွေ တရဟော စီးကျလာတယ်။ သူ့လက်ထဲက ဓား လွတ်ကျသွားတယ်။ သူ့လည်ပင်းသူ လက်နဲ့ ပြန်ကိုင်တယ်။ လည်ဇလုပ်ကနေ ထိုးထွက်နေတဲ့ ဓားဦးကို လက်နဲ့ စမ်းတယ်။ ကျွန်မကို ကြည့်နေတဲ့ သူ့မျက်လုံးတွေက နီရဲပြီး ပြူးထွက်နေတယ်။ လှသိန်းရဲ့ မျက်နှာမှာ မယုံနိုင်တဲ့ အမူအယာတွေ လွှမ်းသွားတယ်။ စကားပြောဖို့ ကြိုးစားတယ်။ ဒါပေမယ့် ဘာစကားသံမှ ထွက်မလာဘူး။ ဂလက်..ဆိုတဲ့ အသံကြီးပဲ ထွက်လာတယ်။ သူ့ပါးစပ်တစ်ခုလုံး ခဏလေးနဲ့ သွေးတွေ ပြည့်လျှံသွားတယ်။ လှသိန်း ယိမ်းယိုင်ပြီး သူ့တပည့်တွေဘက်ကို လှည့်လိုက်တယ်။ လှသိန်းရဲ့ ဂုတ်မှာ တန်းလန်းစိုက်နေတဲ့ ဓားက လက်ကိုင်ရိုးအထိ နစ်ဝင်နေပြီ။
လှသိန်းရဲ့ တပည့်တွေက သူတို့ရဲ့ ခေါင်းဆောင် လည်ပင်းဓားတန်းလန်းနဲ့ ယိမ်းယိုင်နေတာကို မျက်နှာသေတွေနဲ့ ဝိုင်းကြည့်နေကြတယ်။ လှသိန်းကို ဘယ်သူ ဓားနဲ့ ထိုးလိုက်သလဲ..။ ကျွန်မ သူတို့ လက်ထဲက ဓားတွေကို လိုက်ကြည့်ပေမယ့် မမီတော့ဘူး။ အားလုံးက လက်ထဲကဓားတွေကို ပြိုင်တူလွှတ်ချလိုက်ကြတယ်။ ဓားအချောင်း တစ်ဒါဇင် သံမံတလင်းပေါ်ကို ပြုတ်ကျသွားတဲ့ အသံ။ လည်ပင်းကဓားကို လက်နဲ့အတင်း ဆွဲထုတ်ရင်း..စကားပြောမလို့ကြိုးစားနေတဲ့ လှသိန်းရဲ့ တဂွတ်ဂွတ်..တဂပ်ဂပ် အသံတွေ..။ ထိုင်နေတဲ့လူတွေဆီက အာမေဋိတ်သံတွေ..။
သွေးအိုင်ထဲမှာ ဆန့်ငင်ဆန့်ငင်နဲ့ ဖြည်းဖြည်းချင်း အသက်ထွက်နေတဲ့ လှသိန်းကို ကျွန်မ ဘယ်လောက်ကြာကြာ စိုက်ကြည့်နေမိသလဲ မသိဘူး။ မေနှင်းရဲ့ အသံကို ကြားမှ ကျွန်မ သတိပြန်ဝင်လာတယ်။
“အစ်မ.. အစ်မ..”
မေနှင်းကို ကျွန်မ ငုံ့မကြည့်နိုင်သေးဘူး။ မျက်လုံးတွေက လှသိန်းရဲ့ ကိုယ်ခန္ဓာဆီကနေ ခွာလို့မရသေးဘူး ဖြစ်နေတယ်။ လှသိန်းရဲ့ တပည့်တွေက အသက်မရှိတော့တဲ့ သူတို့ရဲ့ ခေါင်းဆောင်ကို ဝိုင်းပြီးမ,တယ်။ သူတို့ထဲက တစ်ယောက်က ကျွန်မနားကို လျှောက်လာတယ်။ ကျွန်မကို ကြည့်ပြီးပြောတယ်။
“ခင်ဗျား စကားတည်ပါစေ..”
ကျွန်မ ခေါင်းညိတ်လိုက်တယ်။ အဲဒီလူက ပြန်လှည့်ထွက်သွားတယ်။ သူ့လူတွေဆီကို ပြန်လျှောက်သွားတယ်။ လှသိန်းရဲ့ အလောင်းကို လေးယောက်ပေါင်းပြီး ထမ်းတယ်။ ပြီးတော့ အားလုံး လှေကားဘက်ကနေ ပြန်ထွက်သွားကြတယ်။ တပည့်တစ်ယောက်က ကြမ်းပြင်မှာ ကျနေတဲ့ ဓားတွေကို လိုက်ကောက်ပြီး အဖွဲ့နောက်ကနေ ခပ်သုတ်သုတ် လိုက်သွားတယ်။
စောစောက ကမ္ဘာပျက်နေတဲ့ ၀ရန်တာဟာ အခုတော့ ဘာမှမဖြစ်ခဲ့သလို ရှင်းလင်းတိတ်ဆိတ်သွားပြန်တယ်။ သွေးအိုင်ထဲမှာလဲနေတဲ့ အင်္ကျီအညိုနဲ့လူရဲ့ အလောင်းသာ မရှိခဲ့ရင် ဒီနေရာမှာ တစ်မနက်တည်း လူနှစ်ယောက်သေသွားခဲ့တယ်လို့ ဘယ်လိုမှ ယုံနိုင်မှာ မဟုတ်ဘူး။ အားလုံးရဲ့ မျက်လုံးတွေက ကျွန်မကို ဝိုင်းကြည့်နေကြတုန်းပဲ။ ကျွန်မ ဘာပြောရမှန်း မသိဘဲ ကြောင်တောင်တောင်နဲ့ ရပ်နေမိတယ်။ ကျွန်မရဲ့ လေ့လာရေးခရီးစဉ်ဟာ ပထမနေ့၊ ပထမ တစ်မနက်တည်းမှာတင် သွေးရဲရဲသံရဲရဲတွေ ဖြစ်ကုန်ပြီ။ ဒါပေမယ့်.. ကျွန်မ နောက်ဆုတ်ဖို့နေနေ သာသာ အရှေ့ကိုဆက်ဖို့ ခွန်အားတွေ ပိုပြီးတော့တောင်ရှိလာတယ်။ ဒီမနက်ခင်းဟာ ကျွန်မဘ၀ရဲ့ ပထမဆုံး အောင်ပွဲပဲ။
“အစ်မ.. အစ်မ.. ရုံးဘက်ကို ပြန်ရအောင်နော်”
ကျွန်မ လှည့်ကြည့်လိုက်တော့ မေနှင်းက ကျွန်မဘေးမှာ မတ်တပ်ရပ်နေပြီ။ ကျွန်မလက်မောင်းကို သူ့လက်သေးသေးလေးတွေနဲ့ ဆုပ်ကိုင်ထားတယ်။ သူ့မျက်လုံးတွေက ကျွန်မကို စိတ်ပူသလို ကြည့်နေတယ်။ ကျွန်မ တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်နေပုံပဲ..။ စိတ်ထဲမှာ ရယ်ချင်သွားပေမယ့်.. ထူးထူးခြားခြားပဲ.. ကျွန်မစိတ်ထဲမှာ မေနှင်းကို ခင်တွယ်မိသလိုလို ဖြစ်သွားတယ်။ အကြောက်တရားတွေကြားမှာ နေ့တိုင်းရှင်သန်နေရတဲ့ သူ့ကို သနားမိသွားတာလည်း ပါမယ်။ သူက ကျွန်မကို ပြန်ပြီး စိတ်ပူနေတာကို ကရုဏာသက်သွားတာလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်.. ကျွန်မဘ၀ဟာ အရင်နေ့တွေထက်တော့ ပိုပြီး စိုပြည်သွားတာ အမှန်ပဲ။ စိတ်လှုပ်ရှားစရာတွေ၊ စိတ်ဝင်စားစရာတွေ၊ သနားစရာတွေ၊ ချစ်ခင်တွယ်တာစရာတွေ.. ဒါတွေကို ပထမဆုံး မြည်းစမ်းမိသွားတဲ့ အရသာ..။ ကျွန်မ မေနှင်းရဲ့ ပခုံးကို လက်နဲ့အသာကိုင်ပြီးပြောလိုက်တယ်။
“ဟုတ်.. ပြန်မယ်လေ”
အဲဒီအချိန်မှာပဲ အခန်း ၆၂၄ ရဲ့ တံခါးက ပွင့်လာတယ်။
++++++
အခန်း (၇)
(၁)
ဦးအောင်သောင်းရဲ့ ဝတ်စုံက ကျွန်တော့်ကိုယ်လုံးနဲ့ နည်းနည်းချောင်နေတယ်။ ဝတ်စုံရဲ့ ပတ်ပတ်လည်မှာ မရေမတွက်နိုင်တဲ့ ဇစ်တွေ၊ အိတ်ကပ်တွေ၊ ဘာအတွက် ထည့်ထားမှန်းမသိတဲ့ ကြိုးတွေ၊ ပိုက်တွေနဲ့ ရှုပ်ယှက်ခတ်နေတယ်။ ကိုယ့်ဘာသာကိုယ်ဝတ်ဖို့ ဘယ်လိုမှမဖြစ်နိုင်လောက်ဘူး။ ဦးအောင်သောင်းရဲ့ အကူအညီပါတာတောင်မှ ဝတ်စုံဝတ်တာ မိနစ်နှစ်ဆယ်လောက် ကြာသွားတယ်။ ညာဘက်ခြေထောက် နေရာရောက်တော့ တော်တော် အခက်အခဲတွေ့တယ်။ ဒူးခေါင်းထိပ် သံချောင်းနေရာမှာ လေးငါးခေါက်လိပ်ပြီး ကြိုးနဲ့စည်းထားရတယ်။ ကြိုကြားတွေကနေ သဲစတွေဝင်ရင်တော့ မတတ်နိုင်ဘူး။ ဝတ်စုံဝတ်ပြီးသွားတဲ့အချိန်မှာ ညနေစောင်းနေပြီ။ နေဝင်စပြုပြီ။
ကျွန်တော်နဲ့ ဦးအောင်သောင်း အပြင်ဘက်မှာ ထိုင်နေရင်း မျက်စိတဆုံး ဖြန့်ဖြူးနေတဲ့ လွင်ပြင်ကို ငေးကြည့်နေကြတယ်။ လွင်ပြင်ထဲမှာ ဟိုတစ်စ ဒီတစ်စ လူးလွန့်နေတဲ့ လေပွေတွေ။ မြို့ပျက်ကြီးရဲ့ ပတ်ပတ်လည်မှာလည်း ဖုန်တောတွေ အုပ်အုပ်ထနေတယ်။ မိုင်ပေါင်းများစွာ ကျယ်ပြန့်နေတဲ့ ကွင်းပြင်ထဲမှာ အစိမ်းရောင်ဆိုလို့ တစ်စိုးတစ်စမှ မတွေ့ရဘူး။ တဖြည်းဖြည်း ပြုတ်ကျလာတဲ့ နေလုံးအောက်မှာ ပင်လယ်က နီစွေးစွေးဖြစ်နေတယ်။ ကျွန်တော် ဦးအောင်သောင်းကို ပြောလိုက်တယ်။
“ကျွန်တော် ဘယ်အချိန်ထိ စောင့်ရမှာလဲ။ မစောင့်နိုင်တော့ဘူး။ အခု တောင်ပေါ်ကို တက်မယ်။ ဦးဒီမှာပဲ စောင့်နေခဲ့”
ဦးအောင်သောင်းက ခေါင်းခါတယ်။
“အခုတက်လို့ မရဘူး။ ညဘက်မှ ရမယ်။ ပြီးတော့ မင်းတစ်ယောက်တည်း သွားလို့ ဘယ်လိုမှ မရဘူး။ လမ်းသိမှာ မဟုတ်ဘူး။ ခဏစောင့်ဦး ညဘက်ကျမှ လေးခရမ်းဆိုတဲ့ အမျိုးသမီး မင်းကို လာခေါ်လိမ့်မယ်”
ကျွန်တော် စိတ်တိုသွားတယ်။
“အာ.. ဘာဖြစ်လို့ ညအထိစောင့်ရမှာလဲ။ ဟိုမှာ မေနှင်း ကျွန်တော့်ကို စောင့်နေမှာ.. အခုသွားမယ်”
“အဲဒီမုန်တိုင်းကြားထဲမှာ မင်း လမ်းဘယ်လိုရှာမှာလဲ။ မမြင်မကန်းနဲ့ ချောက်ထဲ ကျသေနေမယ်။ စိတ်ကို ရှည်ရှည်ထားစမ်း။ မင်း အခု လိုက်သွားလည်း အထဲဝင်ဖို့ အဆင်မပြေဘူး။ အရှေ့ပေါက်ကနေ ဒီတိုင်းဝင်သွားလို့မရတော့ဘူးဆိုတာ မေ့နေတာလား။ မင်းကို သေသွားပြီလို့ အကုန်လုံးက သတ်မှတ်ထားတာ။ ပြီးတော့ မင်းခြေထောက်က သံကောက်ကိုမြင်ရင် မေးမယ့် မေးခွန်းတွေရှိသေးတယ်။ မင်းတစ်ကိုယ်လုံးက ချုပ်ရာတွေ၊ ဖာရာတွေကိုတွေ့လို့ မေးရင်လည်း မင်းဘယ်လိုဖြေမလဲ။ စိတ်ကို အေးအေးထားစမ်း ငါးနီ..”
“ဘာဖြစ်လို့ ကျွန်တော့်ကို အဲဒီနာမည်ကြီးတပ်ပြီး ခေါ်နေတာလဲ။ ကျွန်တော် သဘောမတူဘဲ အဖွဲ့ထဲကို အတင်းထည့်တယ်။ အခု နာမည်ကိုပါ ခင်ဗျားတို့ ခေါ်ချင်သလို ခေါ်နေတယ်။ အဲဒီလို ရလား”
ကျွန်တော် စိတ်မထိန်းနိုင်တော့ဘဲ ဦးအောင်သောင်းကို အော်လိုက်မိတယ်။ ဦးအောင်သောင်းက စိတ်ဆိုးတဲ့ပုံ မပြဘဲ ပြုံးပဲပြုံးတယ်။
“ငမျိုးက မင်းကို တော်တော်ချစ်ရှာတယ်။ ငါနဲ့တွေ့တိုင်း မင်းအကြောင်းပဲ တဖွဖွ ပြောနေတာ။ သူ့မိန်းမထက်တောင် မင်းကို ပိုချစ်နေသလား မသိပါဘူး”
“အဲဒါနဲ့ ကျွန်တော်ပြောတာနဲ့ ဘာဆိုင်သလဲ”
“ကြယ်တံခွန်အဖွဲ့မှာ အဖွဲ့ဝင် နှစ်မျိုးရှိတယ်။ တစ်မျိုးက ငါတို့လို ငမျိုးတို့လို ဝင်းသမားတွေ။ ဝင်းထဲမှာ နေနေကြတဲ့သူတွေ..။ ရှင်းရှင်းပြောရရင် တရားဝင် စာရင်းရှိနေသေးတဲ့သူတွေပေ့ါ။ နောက်တစ်မျိုးက သူရဲတွေ။ မင်းတို့လို ခွန်ဖြူတို့လို သေပြီးမှ ပြန်ထလာကြတဲ့သူတွေ.. သေတယ်လို့ စာရင်းဝင်သွားတဲ့သူတွေ..”
ကျွန်တော် စိတ်မရှည်တော့ဘဲ စကားကို ဖြတ်ပြောဖို့ ပြင်တယ်။ ဦးအောင်သောင်းက ကျွန်တော့်ကို လက်ကာပြတယ်။
“ငါတို့ အဖွဲ့ထဲကို အဖွဲ့သားအသစ်တွေ ဘယ်လို ဝင်လာတယ်လို့ မင်းထင်သလဲ..”
“အဲဒါတော့ ကျွန်တော်မသိဘူး။ အခု ကျွန်တော့်ကို အလိုမတူဘဲ အတင်းသိမ်းသွင်းလိုက်တာတော့ သေချာတယ်။ ဦးတို့ တခြားသူတွေကိုလည်း ဒီလိုပဲ အတင်းခေါ်ထည့်ထားတာနေမှာပေါ့”
“မဟုတ်ဘူး။ အဖွဲ့ထဲကို လူတစ်ယောက် ထပ်ထည့်ချင်ရင် သူ့ကို အာမခံပေးမယ့်သူ လိုတယ်။ အဲဒီ လူမဟုတ်တာလုပ်ရင်၊ သစ္စာဖောက်ရင် သူ့အပြစ်တွေကို လည်စင်းခံပေးမယ့်သူလိုတယ်..။ ငမျိုးက မင်းကို အဖွဲ့ထဲထည့်ဖို့ မသေခင်တစ်ရက်က ခွန်ဖြူကို မှာခဲ့တယ်..”
(၂)
အံ့ဩမှုက ရေလှိုင်းတွေလို တစ်လှိုင်းပြီး တစ်လှိုင်းဆောင့်တက်လာတယ်။ ကျွန်တော် ဘာစကားမှ မပြောနိုင်ဘဲ ဦးအောင်သောင်းကို ကြောင်ကြည့်နေမိတယ်။ ဘာအဓိပ္ပာယ်လဲ..။ ငမျိုး.. ဘာလုပ်တာလဲ။ ကျွန်တော်နဲ့ ကြယ်တံခွန်တွေနဲ့ ဘယ်လို ပတ်သက်သလဲ..။
“မင်း ငမျိုးကို စိတ်မဆိုးနဲ့။ သူ့စိတ်ထဲမှာ မင်းနဲ့ပတ်သတ်ပြီး ယုံကြည်နေတာ တစ်ခုခုရှိလို့ မင်းကို အဖွဲ့ထဲထည့်ဖို့ ကြိုးစားခဲ့တာ..”
ကျွန်တော် ခေါင်းကိုပဲ ခါနေမိတယ်။ ဘာကို ယုံကြည်တာလဲ။ ကျွန်တော့်မှာ သူအထင်ကြီးစရာ ဘာရှိသလဲ။ ကျွန်တော်က သတ္တိရှိတဲ့ကောင်လည်း မဟုတ်ဘူး။ ဘာမှလည်း မကျွမ်းကျင်ဘူး။ ဘာပဲလုပ်လုပ် ငမျိုးကိုပဲ အားကိုးနေရတာ။ ရှင်းရှင်းပြောရရင် ငမျိုးကြောင့် ကျွန်တော် အနေအစား နည်းနည်းချောင်နေတာ။ ငမျိုးကျေးဇူးကြောင့် သံပုံးတွေဘက်မှာ ဆက်နေခွင့်ရနေတာ။
“ဒါပေမယ့်… ကျွန်တော့်မှာ ဘာအားကိုးစရာ ရှိလို့လဲ.. ကျွန်တော်က ဘာအသုံးကျလို့လဲ..။ သူ အသတ်ခံရတဲ့အချိန်မှာတောင် ကျွန်တော် သူ့ကို ဘာမှ မကူညီနိုင်ခဲ့ဘူး။ ငမျိုးရဲ့ နောက်ဆုံးအချိန်မှာတောင် ကျွန်တော် ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး..”
ပြောရင်းနဲ့ ကျွန်တော့် အသံတွေ တုန်လာတယ်။ မျက်ရည်ကျချင်လာတယ်။ ဦးအောင်သောင်းကို ကျွန်တော့်ရဲ့ ကျက်သရေမရှိတဲ့ မျက်ရည်တွေကို မမြင်စေချင်ဘူး။ ခေါင်းပေါ်မှာတင်ထားတဲ့ လေကာကို ကျွန်တော် အမြန်ဆွဲချလိုက်တယ်။ ဦးအောင်သောင်းက ကျွန်တော့်ကို နှစ်သိမ့်တဲ့ လေသံနဲ့ ပြောတယ်။
“ငမျိုး အသတ်ခံရတာ မင်းအပြစ်မဟုတ်ဘူး။ စိတ်ထဲမှာ ထားမနေနဲ့။ မင်းမပြောနဲ့ ..သူ့အဖေဖြစ်တဲ့ ငါတောင် ဘာမှ လုပ်မပေးလိုက်နိုင်ဘူး”
ငမျိုးသေတဲ့နေ့က ဦးအောင်သောင်း ပျောက်နေတာကို ကျွန်တော် သတိရသွားတယ်။
“အဲဒီနေ့က ဦး ဘယ်ရောက်သွားတာလဲ။ အဲဒီနေ့ကစပြီး ဘယ်ပျောက်သွားတာလဲ”
ဦးအောင်သောင်းက စုန်းစုန်းမြုပ်သွားပြီဖြစ်တဲ့ နေလုံးကို ငေးကြည့်တယ်။ အနီရောင်သမ်းနေတဲ့ပင်လယ်က တဖြည်းဖြည်း မှောင်ကျလာနေတယ်။ လေပွေတွေ ဖုန်တောတွေက အေးကျသွားတဲ့ အပူချိန်နဲ့အတူ ပိုပြီး ပြင်းထန်လာတယ်။ ကွင်းပြင်ဘက်က လေသံသဲ့သဲ့ကို ကျွန်တော်တို့ ထိုင်နေတဲ့ နေရာကနေ ကြားနေရတယ်။
“ငမျိုး အသတ်ခံရတဲ့နေ့ဟာ ငါတို့တစ်ဖွဲ့လုံးကို တပ်လှန့်လိုက်တဲ့ နေ့ပဲ။ အုပ်ချုပ်ရေးရုံးရဲ့ မျက်နှာဖုံးတွေ ကွာကျသွားတဲ့နေ့လို့လည်း ပြောလို့ရတယ်။ အရင်ကဆိုရင် သေဒဏ်ပေးတယ်ဆိုတာ ကွင်းပြင်ကို ထုတ်ရုံပဲ။ ငါတို့ဘာသာငါတို့ ကြိုးစား ရှင်သန်လို့ ရသေးတယ်။ အနည်းဆုံးတော့ သေရင်တောင် ကိုယ့်ခြေကိုယ့်လက်နဲ့ သေခွင့်ရတယ်။ အခု.. အခုလို၊ ငမျိုးလို ခွေးသေဝက်သေ သေရတာမဟုတ်ဘူး..”
“ဒါပေမယ့် အဲဒီနေ့က.. ငမျိုးကို စီရင်ချက်ချတော့ ဦးတို့ အဖွဲ့တွေ ဘယ်ရောက်နေကြသလဲ။ ဘာလို့ လာမကယ်သလဲ”
ကျွန်တော့်လေသံထဲက ဒေါသ အရိပ်အယောင်ကို ဦးအောင်သောင်း ရိပ်မိသွားတယ်ထင်တယ်။ ကျွန်တော့်ကို တောင်းပန်တဲ့ အကြည့်နဲ့ ကြည့်တယ်။
“ငမျိုးတစ်ယောက် အသက်ရှင်ဖို့အတွက်ဆိုရင် ငါတို့ အဖွဲ့သားတွေ ဘယ်နှယောက် အသေခံရမလဲ မသိဘူး။ အဲဒီလို စွန့်စားလို့ မရသေးဘူး။ ငါတို့မှာလည်း အစီအစဉ်တွေ အဆင့်ဆင့်တွေ .. ကြံစည်ထားတာတွေ ရှိနေတယ်လေ။ ငမျိုးကို ကယ်ချင်တာ တစ်ခုတည်းနဲ့ အဲဒီအကြံအစည်တွေကို အပျက်ခံလိုက်လို့ မဖြစ်ဘူး။ နှစ်ပေါင်းများစွာ၊ လူပေါင်းများစွာ စတေးပြီး လုပ်ထားရတာတွေ.. အကုန် ပျက်စီးကုန်မှာပေါ့။ အဲဒါကြောင့်မို့ ငါ.. တန်းစီကွင်းထဲကနေ ထွက်သွားတာ။ ရှင်းရှင်းပြောရရင် မကြည့်ရက်လို့..”
“ဘာအစီအစဉ်တွေလဲ.. ဘယ်လို အကြံအစည်တွေလဲ။ အခု ကျွန်တော့်ကို အဖွဲ့ထဲဆွဲထည့်တယ်။ တံဆိပ်ခတ်တယ်။ နာမည်ပြောင်းတယ်။ ဒါပေမယ့် ကျွန်တော့်ကို ဘာမှ ပေးမသိဘူး။ အဲဒါ ကျွန်တော် ဘာဆက်လုပ်ရမှာလဲ..”
ဦးအောင်သောင်းက မတ်တပ်ထရပ်လိုက်တယ်။ ကျွန်တော့်ကို ငုံ့ကြည့်တယ်။
“ငါ ဆိုလာကွင်းတွေဘက်မှာ နှစ်ပေါင်း နှစ်ဆယ်လောက် အလုပ်လုပ်နေခဲ့တာ ဘာဖြစ်လို့လဲ.. မင်းအဲဒါကို အရင်စဉ်းစားထားလိုက်”
ကျွန်တော် ထပ်မေးမလို့ ပြင်တဲ့အချိန်မှာ ဦးအောင်သောင်းက တောင်ခြေဘက်ကို လက်ညှိုးထိုးပြတယ်။ တောင်ခြေမှာ ခပ်ရေးရေး မြင်နေရတဲ့ လူရိပ်တစ်ခု။ ကျွန်တော်တို့ ရှိရာကို လာနေတာ။ အဝေးကြီးဆိုတော့ သဲသဲကွဲကွဲ မမြင်ရဘူး။ ဒါပေမယ့် သူဝတ်ထားတဲ့ ဝတ်စုံအနက်နဲ့ ခေါင်းစွပ်ကိုတော့ မြင်နေရတယ်။ ဦးအောင်သောင်းကပြောတယ်။
“ဟိုမှာ။ လေးခရမ်း ရောက်လာပြီ”
+++++++
အပိုင်း ၁၀ ဆက်ဖတ်ရန် <<<