(၂)
နေကခြစ်ခြစ်တောက်ပူနေတယ်။ နှဖူးမှာ ချွေးတွေသီးနေတယ်။ ရုပ်ဖျက်ဖို့ဆိုပြီး မေနှင်းဆီက ငှားဝတ်ထားတဲ့အဝတ်အစားတွေကလည်း ကျွန်မကိုယ်နဲ့ မဆန့်ဘဲ ကျပ်နေတယ်။ ပြီးတော့ အဝတ်တွေက အောက်သိုးသိုးအနံ့နဲ့ ဖုန်နံ့ ပေါင်းပြီး နံသလိုလိုဖြစ်နေတယ်။ ဒါပေမယ့် ကျွန်မ ထိန်းမနိုင် သိမ်းမရ ပြုံးနေမိတယ်။ မျက်စိထဲကို ဝင်လာတဲ့ မြင်ကွင်းတွေအားလုံးကို သိမ်းကြုံးပြီး အားရပါးရ ကြည့်နေမိတယ်။ အတန်းလိုက်စီထားတဲ့ ရောင်စုံ ကွန်တိန်နာပုံးတွေ၊ ပုံးတွေပေါ်မှာ လှန်းထားကြတဲ့ အရောင်အမျိုးမျိုးနဲ့ အဝတ်အစားတွေ၊ သံပုံးတွေကြား ပြေးလွှားဆော့ကစားနေတဲ့ ကလေးတွေ.. မြင်မြင်သမျှတွေက စိတ်ဝင်စားစရာတွေချည်းပဲ။ မုန်တိုင်းကြောင့် ဖုံးနေတဲ့သဲတွေတောင် တော်တော်ပါးသွားပြီ။ သဲရှင်းနေတဲ့ အလုပ်သမားအဖွဲ့တွေတော့ ဟိုတစ်ဖွဲ့ ဒီတစ်ဖွဲ့ တွေ့နေရသေးတယ်။ နေပူပူအောက်မှာ သူတို့ရဲ့ အသားတွေက နက်မှောင်ပြီး ပြောင်လက်နေတယ်။ သူတို့ကို ဘေးကနေခိုင်းနေတဲ့ ရုံးသမားတွေလည်း တွေ့တယ်။ ကျွန်မ မျက်နှာပေါ်က တဘက်စုတ်ကို ခပ်တင်းတင်း ဆွဲချလိုက်တယ်။ ရုံးသမားတွေ ကျွန်မကို မြင်သွားလို့ မဖြစ်ဘူး။ ဒါပေမယ့် ဘယ်သူမှ ကျွန်မတို့ နှစ်ယောက်ကို စိတ်မဝင်စားကြပါဘူး။ အားလုံး ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြတာ။ မေနှင်းက ကျွန်မဘေးကနေ ခပ်ရို့ရို့လေး လိုက်လာတယ်။ နောက်ဘက်ကို မကြာခဏ လှည့်ကြည့်တယ်။
“ဟို..ရုံးကလူတွေ လိုက်ပို့ပေးမှာဆို။ တစ်ယောက်မှလည်း ပါမလာပါလား”။ မေနှင်းက ကျွန်မနားကို ကပ်ပြီး တိုးတိုးမေးတယ်။
“ပြီးမှ လိုက်လာလိမ့်မယ်”
ကျွန်မ ဗြောင်ပဲ ညာလိုက်တယ်။ မေနှင်းမျက်နှာက ကျွန်မပြောတာကို မယုံသလို။ ဒါပေမယ့် ဘာမှတော့ ထပ်မမေးဘူး။ သူကြောက်နေတာနဲ့ ဒီနေ့တော့ တိုက်တန်းဘက် ရောက်ပါ့မလားမသိ။ လမ်းလျှောက်နေတာကလည်း နှေးသေးတယ်။ ကျီးကြည့်ကြောင်ကြည့်နဲ့၊ အခုထိ ဘယ်မှမရောက်နိုင်သေးဘူး။ မေနှင်းက ကျွန်မကို ကွန်တိန်နာပုံးတွေကြားကနေ ကွေ့ကောက်ပြီး ခေါ်သွားတယ်။ သံပုံးတစ်ပုံးဘေးနားမှာထိုင်ပြီး အဝတ်စတွေနဲ့ အလုပ်ရှုပ်နေတဲ့ အန်တီကြီးတစ်ယောက်နားကိုရောက်တော့ ကျွန်မ မေနှင်းကို မေးလိုက်တယ်။
“အဲဒီအဒေါ်ကြီးက ဘာတွေရောင်းနေတာလဲ အစ်မ”
မေနှင်းက ကျွန်မ ပြတဲ့ အဒေါ်ကြီးကို လှမ်းကြည့်တယ်။ သူ့မျက်နှာက တစ်မျိုးဖြစ်သွားတယ်။ ကျွန်မ စိတ်မရှည်တာနဲ့ ထပ်မေးလိုက်တယ်။
“အဲဒီအဝတ်စုတ်တွေနဲ့ သူဘာလုပ်နေတာလဲလို့”
“သေသွားတဲ့လူတွေရဲ့ အဝတ်တွေ.. အဲဒါတွေကို လိုက်ကောက်ပြီး ပြန်ရောင်းနေတာ..”။ မေနှင်းက ကျွန်မကို မကြည့်ဘဲ ဖြေတယ်။ သူ့အသံက ဟိုးအဝေးကြီးကလာသလို သဲ့သဲ့လေးဖြစ်နေတယ်။ အဒေါ်ကြီးရှေ့က အဝတ်ပုံကို ကျွန်မ သေချာကြည့်လိုက်တယ်။ လုံးထွေးနေတဲ့ အဝတ်စုတ်တွေထဲမှာ ပုဆိုးတွေ၊ ထမီတွေ စွပ်ကျယ်အင်္ကျီတွေ။ ကလေးဝတ်ဘောင်းဘီထင်တယ်.. ဘောင်းဘီခပ်သေးသေး တစ်စုံလည်း တွေ့ရတယ်။ စကတ်လိုလို ခပ်စုတ်စုတ် တွေလည်း အများကြီးပဲ။
“အဝတ်တွေက အများကြီးပါလား။ ဘယ်ကတည်းက စုထားသလဲ မသိဘူးနော်”
မေနှင်းက ကျွန်မကို မော့ကြည့်တယ်။ သူ့ရဲ့ ပိန်လှီပါးလှပ်နေတဲ့ ကိုယ်ခန္ဒာက ကျွန်မ တစ်ဝက်တောင် ရှိပါ့မလားမသိဘူး။ သူ့အကြည့်က ကျွန်မမျက်လုံးထဲက တစ်ခုခုကို ရှာနေသလိုပဲ။ သူ့အဖြေကိုစိတ်ဝင်တစား စောင့်နေတဲ့ ကျွန်မမျက်နှာကို သေချာကြည့်တယ်။ သက်ပြင်းချပြီး ပြန်ဖြေတယ်။
“မဟုတ်ဘူးအစ်မ။ ဟိုတစ်ပါတ်က သေတဲ့လူတွေရဲ့ အဝတ်အစားတွေပါ။ ဒေါ်မြကဆိုင်မထွက်တာ ကြာလှပြီ။ အခုမှ.. ပြန်ထွက်တာ..”
လမ်းဆက်လျှောက်နေရင်း ကျွန်မ အတော်ကြာကြာ တိတ်ဆိတ်သွားတယ်။ လေပြင်းတစ်ခါတိုက်တာ လူတွေ ဒီလောက် သေကုန်ကြသလား။ အကာအကွယ်တွေရှိရဲ့သားနဲ့ အချိန်မီ မပြေးနိုင်ကြဘူးလား။ ကျွန်မတို့အိမ်မှာတော့ လေပြင်းလာရင် အိမ်တံခါးတွေ၊ ပြတင်းပေါက်တွေ သေချာပိတ်လိုက်တာပဲ။ သဲကာဖို့သပ်သပ်တပ်ထားတဲ့ ဖျင်စတွေလည်း ရှိသေးတယ်။ တော်ရုံနဲ့ အိမ်ထဲကို ဖုန်တွေသဲတွေ ဝင်ဖို့ မလွယ်ဘူး။ ရုံးဘက်မှာလည်း အတူတူပဲ။ အချက်ပေးဥဩသံ ကြားပြီဆိုတာနဲ့ ဘာလုပ်ရမယ်၊ ဘယ်ကိုသွားရမယ်ဆိုတာ လေ့ကျင့်ထားပြီးသား။ ဝင်းသမားတွေ သေကြတယ်ဆိုတာ အဲဒီလို လေ့ကျင့်မထားကြလို့ဖြစ်မယ်လို့ ကျွန်မ ကောက်ချက်ချလိုက်တယ်။
လမ်းမှာ မေနှင်းရဲ့ အသိထင်တယ်၊ အမျိုးသမီးတစ်ယောက်နဲ့ တွေ့တယ်။ သူလည်း မေနှင်းလို ခပ်သေးသေးပဲ။ မေနှင်းလောက်တော့ မပိန်ဘူး။ သူက မေနှင်းကိုတွေ့တော့ အနားကိုလျှောက်လာတယ်။ မေနှင်းလက်မောင်းကိုကိုင်ပြီး စကား တိုးတိုးပြောတယ်။ ကျွန်မဘက်ကိုလည်း မျက်လုံးမကြာခဏ လှန်ကြည့်တယ်။ ခေါင်းပေါ်ကတဘက်ကို ပိုပြီးလုံသွားအောင် ကျွန်မ တင်းတင်းခြုံထားလိုက်တယ်။ အဲဒီမိန်းမက မေနှင်းကို စကားတစ်ခွန်းနှစ်ခွန်းထပ်ပြောပြီး ပြန်ထွက်သွားတယ်။ ကျွန်မကိုတော့ လှည့်ကြည့်လှည့်ကြည့် လုပ်သွားတယ်။ ကျွန်မ မေနှင်းကို မေးလိုက်တယ်။
“သူက ဘာလာမေးတာလဲ”
“အစ်ကို့သတင်းကို ကြားလို့ လာအားပေးတာပါ..။ ဘာမှ မဟုတ်ပါဘူး”
“ဪ..။ ညီမကိုကွက်ကြည့်ကွက်ကြည့် လုပ်သွားတယ်နော်။ ဘာပြောလိုက်သေးလဲ”
“ဟင့်အင်း.. ဘာမှ မပြောဘူး။ ရုံးဘက်က အစ်မတစ်ယောက်ကို လိုက်ပြပေးနေတာလို့.. အဲဒီလိုပဲ ပြောလိုက်တာ..”။ မေနှင်းက ပြန်ဖြေပြီး အရှေ့ကို ခပ်သွက်သွက် လျှောက်သွားတယ်။ ကျွန်မသူ့နောက်ကို အမီလိုက်သွားပြီး မေးလိုက်တယ်။
“ရောက်တော့မလားအစ်မ။ ညီမတို့ထွက်လာတာ တော်တော်တောင် ကြာနေပြီ”
“ဟုတ်.. ဟိုဘက်တောင်ကုန်းလေး ကျော်ရင် ရောက်ပါပြီ”
တန်းစီကွင်းထဲကို ဖြတ်လျှောက်တော့ မေနှင်းရဲ့ မျက်နှာက တော်တော်လေး ယိုယွင်းလျော့ရဲလာတယ်။ ဘာဖြစ်လို့လဲလို့ ကျွန်မ မေးလိုက်ချင်ပေမယ့် မမေးတော့ဘဲ ထိန်းထားလိုက်တယ်။ မျိုးဝင်းနဲ့ မေနှင်းက မိတ်ဆွေတွေ ဖြစ်ရင်ဖြစ်မယ်လေ။ မျိုးဝင်း သေတဲ့နေရာကို ရောက်လာလို့ မျက်နှာပျက်သွားတာဖြစ်နိုင်တယ်။ ကွင်းထဲမှာတော့ သဲတွေ တော်တော်များများ ကျန်သေးတယ်။ မြေကြီးပေါ်က သဲပုံတွေကို မနင်းမိအောင် ခြေလှမ်းကို သတိထားပြီး လှမ်းရတယ်။
ကွန်တိန်နာပုံးတွေ တန်းစီထားတဲ့ နေရာနဲ့ တိုက်တန်းကြားမှာ လမ်းဖောက်ထားတဲ့ တောင်ကုန်းတစ်ခုရှိတယ်။ ဟိုးအရင်ခေတ်တွေတုန်းကတော့ ကားလမ်းဖြစ်ခဲ့မှာပေါ့။ ဝင်းရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ကို ဖြတ်ဖောက်ထားတဲ့လမ်း။ အခုတော့ ကွန်ကရစ်တွေက နေရာတိုင်းမှာ အက်ကွဲနေပြီ။ တရှိန်းရှိန်းပူနေတဲ့ နေအရှိန်ကြောင့် ကွန်ကရစ်လမ်းက အခိုးတွေ ထွက်နေသလိုတောင် ထင်ရတယ်။ မေနှင်းနဲ့ ကျွန်မ တောင်ကုန်းပေါ်ကို လမ်းအတိုင်း ဖြည်းဖြည်းချင်း တက်လာတယ်။ လမ်းမှာလည်း သဲရှင်းနေတဲ့ အဖွဲ့တွေ တွေ့တယ်။ အဖွဲ့တစ်ဖွဲ့ထဲက အပေါ်ပိုင်း ကိုယ်ဗလာနဲ့ လူတစ်ယောက်က ကော်ပြားကို မီပြီး နားနေတယ်။ သူ့ဘေးမှာ သံပုံးတစ်ပုံးချထားတယ်။ နောက်ထပ်အလုပ်သမားတစ်ယောက်က အဲဒီသံပုံးနားကို လျှောက်လာတယ်။ သံပုံးထဲက ရေစိုနေတဲ့ အဝတ်စကို ယူတယ်။ လက်ထဲမှာ အဝတ်စကို လိမ်ညှစ်လိုက်တယ်။ တတောက်တောက် ကျလာတဲ့ ရေစက်တွေကို ပါးစပ်နဲ့ ခံပြီးသောက်တယ်။ ပြီးတော့ အဝတ်စကို သံပုံးထဲကို ပြန်ထည့်ပြီး သူ့နေရာသူ လျှောက်သွားတယ်။ စောစောက ကိုယ်ဗလာနဲ့လူက အဲဒီ အဝတ်စကိုသံပုံးထဲကနေ နှိုက်တယ်။ သူလည်း အဝတ်စကို ညှစ်တယ်။ ကျလာတဲ့ ရေကို ပါးစပ်နဲ့ခံတယ်။ ကျွန်မ ရင်ထဲမှာ ပျို့ချင်သလိုလို အန်ချင်သလိုလို ဖြစ်လာပြီး မျက်လုံးကို အမြန်လွှဲလိုက်ရတယ်။ ဘယ်လိုဟာတွေပါလိမ့်..။
ကျွန်မရဲ့ ခြေထောက်တွေ ညောင်းစပြုလာပြီ။ အပြင်ထွက်လာမိတာကို နောင်တရမလိုလိုတောင် ဖြစ်ချင်လာတယ်။ ဒါပေမယ့် ကျွန်မ အားတင်းလိုက်ပါတယ်။ တစ်နေ့ကျရင် ဒီဝင်းဟာ ကျွန်မ အုပ်ချုပ်ရမယ့်နေရာ။ ဝင်းဟိုဘက်ထိပ် ဒီဘက်ထိပ်ကိုတောင် လမ်းမလျှောက်နိုင်ရင် ဒီဝင်းထဲကလူတွေကို ဘယ်လို အုပ်ချုပ်မလဲ.. ဟုတ်တယ်မဟုတ်လား။ ဆယ့်ငါးဧကပဲကျယ်တာပါ။ အလွန်ဆုံး လေးဆယ့်ငါးမိနစ်ပေါ့။
တောင်ကုန်းထိပ်ရောက်တော့ နေက တော်တော်ပြင်းနေပြီ။ မနက်ကိုးနာရီလောက်ပဲ ရှိဦးမယ်ထင်တယ်။ ဒါပေမယ့် မနက်ခင်းရဲ့ စိမ်းလန်းအေးမြမှုမျိုး မခံစားရဘူး။ လေထုက ခြောက်သယောင်းပြီး ထူပူနေတယ်။ ရေဘူးယူလာခဲ့မိရင် အကောင်းသားလို့ ကျွန်မ နောင်တရသွားတယ်။ မေနှင်းက ကျွန်မရေငတ်နေတာကို သတိထားမိတယ်ထင်တယ်။
“ရေသောက်ချင်လို့လား အစ်မ။ ဟိုမှာ .. ဟိုလူတွေဆီက တောင်းပေးရမလား”
ကျွန်မ အမြန် လက်ကာပြလိုက်တယ်။ ခေါင်းကို ခပ်သွက်သွက် ရမ်းလိုက်တယ်။
“ရတယ် ရတယ်။ ပြန်ရောက်မှ သောက်တော့မယ်။ တိုက်တန်းတွေက တော်တော်ဝေးသေးလား.. “
မေနှင်းက လမ်းရဲ့ အောက်ဘက်ကို လက်ညှိုးထိုးပြတယ်။
“မဝေးတော့ဘူးအစ်မ။ ဟိုမှာ မြင်နေရပြီ”
ကျွန်မ မေနှင်းပြတဲ့ဘက်ကို လိုက်ကြည့်လိုက်တယ်။ ခပ်ပြေပြေဆင်းသွားတဲ့ ကွန်ကရစ်လမ်းက ဝင်းရဲ့ ဧရာမဂိတ်တံခါးကြီးတွေနောက်မှာ ဝင်ရောက်ပျောက်ကွယ်သွားတယ်။ လမ်းရဲ့ဘေးမှာ တန်းစီနေတဲ့ အဆောက်အဦးတွေ..။ တိုက်လေးငါးလုံးလောက် ရှိမယ်ထင်တယ်။ အရင်တုန်းကတော့ အဖြူရောင်လား အပြာဖျော့ရောင်လား မသေချာ၊ အခုတော့ တိုက်တန်းတွေက သဲဒဏ်၊ လေဒဏ်၊ နေဒဏ်ကြောင့် ဝါညစ်ညစ်အရောင်တွေပဲ ကျန်ခဲ့တော့တယ်။ ကျွန်မတို့ဘက်ကနေ ပထမဆုံးမြင်ရတဲ့ တိုက်ရဲ့ ဘေးနံရံတွေက ကြောက်ဖို့ကောင်းလောက်အောင် ကွဲရာ အက်ရာတွေ အပြည့်ဖြစ်နေတယ်။ ဘယ်တော့ ပြိုကျမလဲ ရင်တမမဖြစ်လောက်စရာပဲ။
စောစောက ကွန်တိန်နာတွေနဲ့ ယှဉ်လိုက်ရင် တိုက်တန်းဘက်က အဆမတန် သက်ဝင် စည်ကားနေတာပဲ။ အခုနေရာကနေ လှမ်းကြည့်တာတောင်မှ တိုက်တွေထဲမှာ ပျားပန်းခတ် ရှုပ်ပွနေတဲ့ လူတွေရဲ့ လှုပ်ရှားမှုတွေကို တွေ့နေရတယ်။ အသံတွေကို ကြားနေရတယ်။ လွန်းထိုး ရှုပ်ထွေးနေတဲ့ လူတွေဆီက ပျံ့လွင့်လာတဲ့ ဘ၀တွေ၊ ရှင်သန်ခြင်းတွေ၊ ရုန်းကန်မှုတွေက ကျွန်မ အဝေးကနေ မှန်းဆခံစားလို့ရတယ်။
မောနေတဲ့အမော တစ်ဝက်လောက်ပြေသွားတယ်။ ခြေထောက်နာတာကိုလည်း ကျွန်မ သတိမရတော့ဘူး။ အဲဒီတိုက်တန်းတွေထဲမှာ နေနေကြတဲ့ သူတွေအားလုံးဟာ ကျွန်မတို့ လူသားတွေရဲ့ နောက်ဆုံးမျိုးဆက်တွေမဟုတ်လား။ သူတို့ကို ထိန်းသိမ်း အုပ်ချုပ်ခွင့်ရဖို့ဆိုတာ တကယ့် ဘုရားပေးတဲ့ ဆုတစ်ခုပဲ။ ဒီလူတွေကို လိုသလို ပုံသွင်း ပျိုးထောင်နိုင်ရင် ကျွန်မတို့ ကမ္ဘာသစ်ဟာ ဘာမဆို ဖြစ်နိုင်မှာ။ ဒီလူတွေမှာ မရှိတဲ့ ပညာတွေ၊ နားလည်ခြင်းတွေ၊ စူးစမ်းလေ့လာမှုတွေ ကျွန်မဆီမှာ ရှိတယ်။ ဒီဝင်းထဲမှာ ကျွန်မလောက် စာဖတ်တဲ့သူ ဘယ်သူရှိသလဲ။ ကျွန်မလောက် အသိဉာဏ်တွေ ပြည့်စုံ၊ ဘယ်နေရာမှ ထုတ်မသုံးရဘဲ ပိုလျှံနေတဲ့သူ ရှိဦးမလား။
တိုက်တန်းဘက်ကို ငေးကြည့်နေရင်း အဖေ့ကို ကျွန်မ စိတ်ဆိုးချင်လာတယ်။ ဘာလို့များ ကျွန်မကို အိမ်ထဲမှာပဲနေခိုင်းပြီး အလဟဿဖြစ်စေခဲ့သလဲ။ ဘာလို့ ကျွန်မကို အပြင်ဘက်က ရှင်သန်မှုတွေနဲ့ ထိတွေ့ခွင့်မပေးခဲ့သလဲ။ လုံခြုံစိတ်ချ၊ မကြောင့်မကြ နေရရုံနဲ့ ဘ၀က ပြည့်စုံသွားတာမှ မဟုတ်ဘဲ။ လူတွေကြားက အငွေ့အသက်တွေ၊ အချင်းချင်း ရောထွေးဆက်ဆံခြင်းတွေ၊ မိသားစုဘ၀တွေ၊ သူငယ်ချင်းတွေ၊ ရန်သူတွေ၊ မိတ်ဆွေတွေ.. ဒါတွေ မရှိဘဲ အိမ်တံခါးပိတ်၊ စိတ်ချလက်ချ နေနေရုံနဲ့ ဘ၀က ပြီးသွားရောလား။ ကျွန်မ စိတ်ထဲမှာ ဆုံးဖြတ်လိုက်တယ်။ ဒီနေ့ကစပြီး အိမ်တွင်းပုန်းနေတဲ့ဘ၀ကို နှုတ်ဆက်လိုက်ပြီ။ အဖေပြောချင်တာပြော လုပ်ချင်ရာ လုပ်ပါစေ ကျွန်မ အိမ်ထဲမှာပဲ ဆက်မနေနိုင်ဘူး။ ဝင်းထဲမှာ ကူညီ လုပ်ကိုင်ပေးလို့ရတဲ့ နေရာတွေ အများကြီးရှိနေတာကို ကျွန်မ သိပြီ။ မြင်ပြီ။ လူရာဝင်တဲ့၊ အသုံးကျတဲ့ မိန်းမ တစ်ယောက် ဖြစ်လာအောင် ဘာတွေ ဆက်လုပ်ရမလဲ ဆိုတာ ကျွန်မ နားလည်ပြီ။
“အစ်မ.. အစောင့်တွေလည်း လိုက်မလာဘူးရော။ ကျွန်မတို့ နှစ်ယောက်တည်းဆိုရင် ဆက်သွားလို့ မဖြစ်ဘူးထင်တယ်”
မေနှင်းအသံကြောင့် ကျွန်မ အတွေးစ ပြတ်သွားတယ်။ သူပြောတာကို ဖြေမနေတော့ဘဲ တိုက်တန်းဘက်ကို ခပ်သွက်သွက် ဆင်းသွားလိုက်တယ်။ မေနှင်းက နောက်ကနေ ကမန်းကတန်း လိုက်လာတယ်။
(၃)
အန်တီချိုက ကျွန်မကို ဝင်းထဲက ဇာတ်ကြောင်းတွေ မကြာခဏ ပြောပြဖူးတယ်။ ငယ်ငယ်တုန်းကတော့ အိပ်ရာဝင် ပုံပြင်သဘောမျိုးပေါ့။ ကြီးလာတော့ အန်တီချို့ ပုံပြင်တွေက ပညာပေးဇာတ်လမ်းတွေ ဖြစ်လာတယ်။ ရှင်းရှင်းပြောရရင် ကျွန်မကို အိမ်ထဲက အိမ်ပြင် မထွက်ချင်အောင် ခြောက်လှန့်တဲ့သဘောပါပဲ။ ဒါပေမယ့် အန်တီချိုရော အဖေရော နားမလည်တာ တစ်ခုရှိတယ်..။ အဲဒါက ဘာလဲဆိုတော့.. ဆူဇန် ဆိုတဲ့ ကျွန်မမှာ ကြောက်စိတ်ဆိုတာ မွေးကတည်းက ပါမလာဘူး။ တချို့ကတော့ ထင်မယ်.. အိမ်ထဲကအိမ်ပြင် မထွက်မှတော့ ဘာမြင်မြင် ကြောက်နေမှာပဲပေါ့။ ဒါပေမယ့် တကယ်က ပြောင်းပြန်။ ကြောက်စရာဆိုတာ မျက်ဝါးထင်ထင် တွေ့ရ၊ ကြုံရမှ အသက်ဝင်လာတာ။ အိပ်ရာဝင် ပုံပြင် အဆင့်လောက်နဲ့တော့ ဘာကိုကြောက်ရမှာလဲ။ ပုံပြင်တွေထဲက တစ္ဆေသရဲတွေ၊ နတ်ဘီလူးတွေ၊ မကောင်းဆိုးဝါးကြီးတွေ၊ စုန်းတွေ၊ ကဝေတွေ.. ဒါတွေအားလုံးက စိတ်ကူးနဲ့ ဖန်တီးထားတဲ့ အရာတွေ။ တကယ်မျက်စိနဲ့ မမြင်သရွေ့ ကျွန်မကတော့ တုန်လှုပ်မှာ မဟုတ်ဘူး။ အန်တီချို ပြောပြတဲ့ ဝင်းထဲက ဇာတ်လမ်းတွေလည်း ဒီလိုပဲ။ ယုံတမ်းစကားသာသာ။ ဘာမှ မဟုတ်ဘူး။ ကျွန်မကတော့ သူပြောတာတွေကို ငယ်ငယ်တုန်းကတော့ ယုံချင်ယောင်ဆောင်ပေးခဲ့ပါတယ်။ ကြီးလာတော့ အဖက်ကို မလုပ်တော့ဘူး။
အန်တီချို့ စကားအရဆိုရင် ဝင်းထဲမှာ လူ ၄ မျိုးရှိသတဲ့။ ရုံးသမားတွေရယ်၊ ပုံးသမားတွေရယ်၊ တိုက်သမားတွေရယ်.. ပြီးတော့ ကြယ်တံခွန်သူရဲတွေ။ အဲဒီထဲမှာ အဆိုးဆုံးက ကြယ်တံခွန်သူရဲတွေတဲ့။ အဲဒီလူတွေက စိတ်မထင်ရင် လူပါ သတ်စားတယ်ဆိုပဲ။ သဲဆိပ်သင့်ပြီး သေသွားတဲ့ သူတွေ ပြန်ထလာကြတဲ့အခါ သူရဲတွေ ဖြစ်ကုန်တယ်တဲ့။ ဘယ်ကဘယ်လို ပြန်ထလာသလဲ..လို့ ကျွန်မ မေးတော့ အန်တီချိုက မဖြေနိုင်ဘူး။ စကားလွှဲသွားတယ်။ အဲဒါတွေကြောင့်လည်း သူပြောတာတွေကို မယုံတာ။ သိပ္ပံနည်းကျ ရှင်းမပြနိုင်သရွေ့ ဘာကိုမှ မယုံသင့်ဘူးလို့ စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်။
ပြီးတော့ အန်တီချိုက တိုက်သမားတွေအကြောင်းကိုလည်း မကြာခဏပြောပြတတ်တယ်။ တိုက်တန်းကလူတွေဟာ အင်မတန် ဆိုးသွမ်းတဲ့ သူတွေ ဖြစ်တဲ့အကြောင်း။ အားနေရင် ချက်အရက်တွေကိုပဲ လှိမ့်သောက်ပြီး မူးရူးနေတတ်တဲ့ အကြောင်း။ အာလူးတစ်လုံးအတွက် လူသတ်ဖို့ ဝန်မလေးတဲ့ အကြောင်း။ ပြီးတော့ တိုက်သမားတွေထဲမှာ နတ်ဆိုးတွေကို ကိုးကွယ်တဲ့ အရူးတွေလည်း ရှိတဲ့ အကြောင်း။ အဲဒီနတ်ဆိုးတွေကို ပင့်ခေါ်ပြီး လေပြင်းတွေတိုက်အောင် ကျိန်စာတိုက်လေ့ ရှိတဲ့အကြောင်း..။ စုံနေတာပဲ။ ကျွန်မကတော့ တစ်ခုမှ မယုံခဲ့ဘူး။
လမ်းမပေါ်ကနေ တိုက်တန်းဘက်ကို လျှောက်သွားလိုက်တာ.. ခဏလေးအတွင်းမှာပဲ ရှုပ်ပွနေတဲ့ ပတ်ဝန်းကျင်ထဲကို ရောက်သွားတယ်။ ဒီလောက်များတဲ့ လူတွေ ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး။ မျက်စိထဲကို ဝင်လာတဲ့ မြင်ကွင်းတွေကို တတ်နိုင်သလောက် မှတ်သားထားဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် အရောင်ပေါင်းစုံ၊ လူပေါင်းစုံ၊ လှုပ်ရှားမှုပေါင်းစုံကြားမှာ ကျွန်မရဲ့ မှတ်ဉာဏ်တွေ ခဏလေးနဲ့ ဝေဝါးသွားတယ်။
ကလေးတစ်ယောက်ကို ရင်ဘတ်မှာပိုက်ပြီး ဗလုံးဗထွေးတွေ တတွတ်တွတ် ရွတ်နေတဲ့ မိန်းမတစ်ယောက်။ ခေါင်းက ဆံပင်အထွေးလိုက်ကို တဗျင်းဗျင်းထိုင်ကုတ်နေတဲ့ အဘိုးကြီး တစ်ယောက်။ ပုဆိုးစုတ်တစ်ထည်ခင်းပြီး အမျိုးအမည်မသိတဲ့ ပစ္စည်းတွေ ထိုင်ရောင်းနေတဲ့ ကောင်မလေးတစ်ယောက်။ ရေခွက်အလွတ် တစ်ခွက်နဲ့ တကြော်ကြော်အော်ပြီး လိုက်တောင်းနေတဲ့ သူတောင်းစား တစ်ယောက်။ အုပ်စုလိုက်တွေ စုဝေးပြီး ဘာလုပ်နေမှန်းမသိ၊ အလုပ်ရှုပ်နေတဲ့ လူစုတွေလည်း ဟိုနားတစ်ဖွဲ့ ဒီနားတစ်ဖွဲ့တွေ့ရတယ်။ နှာခေါင်းထဲကိုလည်း အနံပေါင်းစုံတိုးဝင်လာတယ်။ ဘာအနံ့တွေမှန်း ရေရေရာရာ ခွဲမရပေမယ့် အနံ့ပေါင်း တစ်သိန်းလောက်ထဲကနေ စူးစူးဝါးဝါး ထိုးထွက်လာတာကတော့ သေးနံ့ပဲ။ ကျွန်မ မျက်လုံးတွေက တိုက်ခြေရင်းနားက မြောင်းတိမ်တိမ်တစ်ခု ဆီကို ရောက်သွားတယ်။ ဝေါ့ကနဲ အန်ချချင်တဲ့ စိတ်ကို မနည်းထိန်းလိုက်ရတယ်။ မြောင်းထဲမှာ အမြှုပ်တစီစီနဲ့ စီးနေတာ ရေတွေတော့ မဖြစ်နိုင်ဘူး။ မြောင်းတစ်လျှောက် ကျွန်မ လိုက်ကြည့်လိုက်တယ်။ ထမီလှန်ပြီး ဆီးသွားနေတဲ့ မိန်းမတွေ၊ အဘွားကြီးတွေ။ ဒီအတိုင်း ကော့ပန်းနေတဲ့ ယောက်ျားတွေ၊ ကလေးတွေ..။ ကလေးတစ်ယောက်က မြောင်းကိုခွပြီး အိမ်သာတက်နေတယ်။ ကျွန်မ နှာခေါင်းကို လက်နဲ့ အတင်းဖိထားလိုက်တာ အသက်ရှူတောင် ကျပ်လာတယ်။
တိုက်တန်းတွေပေါ်ကို မော့ကြည့်လိုက်တော့လည်း မြင်ကွင်းက ရှင်းမသွားတဲ့ အပြင် ပိုတောင် ရှုပ်ချင်သွားတယ်။ ၀ရံတာတွေအကုန် ထိုင်နေ၊ လှဲနေတဲ့ လူတွေနဲ့ ပြည့်နေတယ်။ အဝတ်စုတ်တွေနဲ့ ဖြစ်သလို ထိုးထားတဲ့ တဲတွေက ၀ရံတာတွေထက်တောင် ပိုကြီးချင်နေတယ်။ မြင်ကွင်းတစ်ခုကြောင့် ကျွန်မ ခဏ ကြက်သေသေသွားတယ်။ ကောင်လေးတစ်ယောက်၊ အသက်က အလွန်ဆုံးရှိလှ ဆယ်နှစ်ပေါ့။ ဘောင်းဘီတိုလေးနဲ့။ အင်္ကျီတော့ မပါဘူး။ အပေါ်ဆုံးခြောက်ထပ်တိုက် ၀ရံတာကနေ လက်တန်းကိုကိုင်ပြီး တွဲလောင်းခိုနေတယ်။ ပြုတ်ကျတော့မှာပဲ… ကျွန်မ မေနှင်းကိုလှမ်းပြီး ပြောမလို့ အလုပ်မှာ ကောင်လေးက လက်တန်းကလက်ကို ဖြုတ်တယ်၊ အောက်ကို လှစ်ခနဲ အကျမှာ ၀ရံတာအောက်ဘက်စွန်းကို ဖမ်းကိုင်တယ်။ အောက်ထပ်၀ရံတာပေါ်ကို ခြေထောက်လှမ်းတင်တယ်။ လက်ကိုလွှတ်လိုက်တယ်။ အောက်ထပ်၀ရံတာရဲ့ တန်းပေါ်မှာ မျောက်တစ်ကောင်လို ဆောင့်ကြောင့်ထိုင်တယ်။ ပြီးတာနဲ့ နောက်ထပ် အောက်တစ်ဆင့်ကို စောစောကလိုပဲ ခုန်လွှားပြီး ဆင်းတယ်။ ကျွန်မ ပါးစပ်အဟောင်းသားနဲ့ ကြည့်နေမိတယ်။ ဘယ်လို..
“အဲဒါ ပစ္စည်းပို့တဲ့ ကလေးတွေ”
မေနှင်းက ကျွန်မမမေးရသေးခင်မှာ ကြိုပြီး ရှင်းပြတယ်။
“ဘာပစ္စည်းတွေပို့တာလဲ။ လှေကားနဲ့ဆင်းလို့ မရဘူးလား။ အန္တရာယ်များလိုက်တာ”
မျက်လုံးကို ဟိုကောင်လေးဆီကနေ မခွာနိုင်သေးဘဲ ကျွန်မ မေးလိုက်တယ်။ ကောင်လေးက လွှားကနဲ လွှားကနဲ ဆင်းသွားလိုက်တာ အောက်ဆုံးထပ်ကိုတောင် ရောက်နေပြီ။ သူ့ခါးမှာ အထုပ်တစ်ထုပ် ချည်ထားတာကိုတွေ့တယ်။
“သူတို့က ဒီမှာ တစ်သက်လုံးနေလာတာ အစ်မ။ ကျင့်သားရနေပြီ။ ပြုတ်ကျတယ်လို့ တစ်ခါမှ မကြားဖူးဘူး”
“ပစ္စည်းပို့တယ်ဆိုတာက..”
“ဒီတိုက်တန်းတွေထဲမှာ အလုပ်တွေ အများကြီးပဲ။ အဓိကကတော့ ချလံတွေ၊ ပြီးတော့ အစာနဲ့ရေတွေ အရောင်းအ၀ယ်လုပ်ကြတာပါ။ အဝတ်တွေလည်း တော်တော် ရောင်းရတယ်။ ကျွန်မတို့ သံပုံးဘက်မှာတော့ ဒီလောက် အလုပ်မဖြစ်ဘူး။ ပြီးတော့..”
မေနှင်းက ဆက်မပြောချင်တဲ့ ပုံစံနဲ့ တိတ်သွားတယ်။ ကျွန်မ ထောက်ပေးလိုက်တယ်။
“ပြီးတော့.. ဘာတွေ အလဲအလှယ်လုပ်ကြသေးလဲ။ ဟိုကောင်လေး ခါးမှာ ချည်ထားတဲ့ အထုပ်က ဘာလဲ”
“ကျွန်မတော့ သေချာမသိဘူး။ အစ်ကို ပြောဖူးတာကတော့ ဒီဘက်မှာ အရောင်းအဝယ် အဖြစ်ဆုံးက ချလံနဲ့ အသားခြောက်တွေတဲ့..။ အဲဒီလိုပြောတာပဲ..”
“ဘာအသားတွေလဲ.. ကြက်သားတွေလား.. ဒီဘက်မှာ ကြက်ခြံရှိလို့လား”
“မဟုတ်ဘူး.. ဟို..”
ကျွန်မ မျက်လုံးတွေက တိုက်နံရံ တစ်ခုဆီကို ရောက်သွားတယ်။ မေနှင်းကို ဆက်မေးဖို့ ခဏ သတိမေ့သွားတယ်။ နံရံမှာ ဆွဲထားတဲ့ ရုပ်ပုံကြောင့် ကျွန်မ ခဏ သတိမေ့သွားတာလည်း ဖြစ်နိုင်တယ်။
ဒုတိယမြောက်တိုက်ရဲ့ ဘေးနံရံမှာ ဟိုဘက်ထိပ် ဒီဘက်ထိပ် အပြည့် ဆွဲထားတဲ့ ပန်းချီကားချပ်ကြီး။ ပန်းချီကား ထိပ်အထိဆိုရင် ပေသုံးဆယ်လောက် မြင့်မယ်ထင်တယ်။ ကျွန်မ တိုက်နှစ်ခုကြားထဲကို အမြန်ဝင်သွားလိုက်တယ်။ တိုက်နှစ်ခုကြားက လမ်းက ပေနှစ်ဆယ်လောက်တောင် ကျယ်လိမ့်မယ်။ ကျွန်မ အနောက်ကို ဆုတ်ပြီး နံရံက ပန်းချီကားကို မော့ကြည့်လိုက်တယ်။
မီးသွေးတွေ ကြပ်ခိုးတွေနဲ့ ဆွဲထားတဲ့ အဖြူအမည်း ပန်းချီကားက ကျွန်မ မြင်ခဲ့ဖူးတဲ့ ရုပ်ပုံတွေ၊ ပန်းချီတွေ၊ ဓာတ်ပုံတွေထက် အဆပေါင်းများစွာ ခမ်းနားကြီးကျယ်နေတယ်။ ပိန်းပိတ်အောင် မှောင်နေတဲ့ အနက်ရောင် နောက်ခံမှာ ထောင်ပေါင်းများစွာသော ကြယ်ပွင့်တွေ။ ကြယ်ပွင့်တွေ တစ်ခုနဲ့ တစ်ခုကို အဖြူရောင် မျဉ်းတွေနဲ့ သားပြီး ဆက်ထားတယ်။ မျဉ်းတွေကို ရံပြီး ရုပ်ပုံတွေနဲ့ အလှဆင်ထားတယ်။ မြင်းရုပ်တစ်ရုပ်တွေ့တယ်။ ဂဏန်းရုပ်တစ်ရုပ်တွေ့တယ်။ ပြီးတော့ လေးနဲ့မြားလား မသိဘူး.. တစ်ခုတွေ့တယ်။ နံရံတစ်ခုလုံးက ဖျက်ရာခြစ်ရာတွေ၊ ကွဲအက်ရာတွေနဲ့ ပြည့်နေတော့ တချို့နေရာတွေမှာ အရုပ်တွေက မသဲကွဲတော့ဘူး။ ဒါပေမယ့် အားလုံးထဲမှာ ထင်းထင်းကြီးပေါ်နေတာကတော့ ပန်းချီကားရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ကို ထောင့်ဖြတ် ဖြတ်ဆင်းနေတဲ့ ကြယ်တံခွန်အမြီးတန်းကြီးပဲ။ ညာဘက်ထောင့်အောက်ခြေဆီကို ထိုးဆင်းနေတဲ့ ကြယ်တံခွန်ထိပ်ပိုင်းက အဖြူရောင် မီးငွေ့တွေ ဟုန်းဟုန်းတောက်နေတယ်။ သူ့နောက်မှာ တန်းလန်းပါလာတဲ့ မီးခိုးတန်းက တလွန့်လွန့်လူးပြီး အသက်ဝင်နေလိုက်တာ.. ရွေ့လာတော့မလားတောင် ထင်ရတယ်။
မေနှင်းကို ကြည့်လိုက်တော့ သူလည်း ကျွန်မလိုပဲ ပန်းချီကားကို ငေးကြည့်နေတာ တွေ့ရတယ်။ ကျွန်မ သူ့ကို မေးလိုက်တယ်။
“ဒီပန်းချီကားက သူပုန်တွေ ဆွဲထားတာ မဟုတ်လား..”
မေနှင်းက ခေါင်းညိတ်တယ်။ မျက်လုံးက ပန်းချီကားဆီမှာပဲ။
“ရုံးဘက်က ဒါကို ဘာမှ အရေးမယူဘူးလား”
“အရင်တုန်းကတော့ ခဏခဏ ပြန်ဖျက်တယ်။ ဒါပေမယ့် တစ်လ နှစ်လ နေရင် ပန်းချီကားက သူ့အလိုလို ပြန်ရောက်လာတာပဲ။ ဟိုဘက်ကဖျက်လိုက်၊ ဒီဘက်က ဆွဲလိုက်နဲ့။ နောက်ပိုင်းကျတော့ သူတို့လည်း လာမဖျက်နိုင်တော့ဘူး။ အဲဒါနဲ့ ဒီတိုင်းပဲ ထားလိုက်တော့တာ..”
ကျွန်မ တော်တော် အံ့ဩသွားတယ်။ ဒီသူပုန်တွေဆီမှာ အတတ်ပညာအပြင် အနုပညာ ကျွမ်းကျင်တဲ့သူတွေပါ ရှိနေတာလား။ ပြီးတော့ ဒီလောက် နံရံ အမြင့်ကြီးကို ဘယ်လို တက်ပြီး ပန်းချီဆွဲသလဲ။ ကျွန်မ မေနှင်းကို ထပ်မေးလိုက်တယ်။
“ဒီဘက်ခြမ်းမှာ ကောလာဟလတွေ၊ သတင်းတွေ သိချင်ရင် ဘယ်သူ့ကို မေးရသလဲ။ အစ်မသိလား”
မေနှင်းက ခေါင်းခါတယ်။ ဒါပေမယ့် သူ့လက်နှစ်ဘက်က ထားစရာနေရာမရှိသလို ဟိုပွတ် ဒီပွတ် လုပ်နေတယ်။ ကျွန်မ မေနှင်းကို သေချာစိုက်ကြည့်လိုက်တယ်။ လက်ဝါးချင်းပွတ်နေတဲ့ သူ့လက်တစ်ဘက်ကို လှမ်းကိုင်လိုက်တယ်။
“အစ်မ.. ညီမကို မကူညီဘူးဆိုရင် ညီမလည်း အစ်မကို ဘာမှ လုပ်မပေးနိုင်ဘူးနော်။ ပြီးတော့ ဒီနေရာကို အစ်မ ခေါ်လို့ လိုက်လာတယ်ဆိုပြီး အဖေသိသွားရင်..”
မေနှင်းမျက်လုံးက ပြူးသွားပြန်တယ်။ ကျွန်မ ရယ်ချင်သွားတယ်။ အခုထိကို အံ့ဩလို့ မပြီးသေးပါလား။ ဘယ်နှခါပဲ အကြပ်ကိုင်ကိုင် ကိုင်လို့ရမယ့် သဘောမှာရှိတယ်။
“ဟို.. အရှေ့ဘက်စွန်းက တိုက်မှာတော့ ဦးညိုကြီးဆိုတာ ရှိတယ်.. သူက.. သူက ဒီတိုက်တန်းမှာ ဘာမဆို သိတဲ့သူလို့ အစ်ကို ပြောတာ ကြားဖူးတယ်။ ဒါပေမယ့်.. “
“ဒါပေမယ့် ဘာဖြစ်သလဲ..”
“ဒါပေမယ့် ဦးညိုကြီးက လူသားရောင်းတယ်တဲ့.. အဲဒါ.. ကျွန်မတော့ မသွားရဲဘူး”
ကျွန်မ မထိန်းနိုင်တော့ဘဲ ခေါင်းမော့ပြီး ရယ်မိသွားတယ်။ တိုက်ကြားမှာ လှဲအိပ်နေတဲ့ လူတချို့က ကျွန်မရဲ့ ရယ်သံကြောင့် ခေါင်းထောင်ကြည့်ကြတယ်။ မေနှင်းက ကျွန်မ ခေါင်းမှာခြုံထားတဲ့ တဘက်ကို အမြန်ဆွဲအုပ်တယ်။ အံကြိတ်ပြီး တိုးတိုးပြောတယ်။
“အစ်မ.. မျက်နှာကို သေချာဖုံးထားပါ။ သူတို့တွေ့သွားရင် မလွယ်ဘူး..”
ကျွန်မ မျက်နှာကို ပြန်တည်လိုက်တယ်။ တဘက်ကို သေချာပြန်ခြုံတယ်။
“ဘာတွေ အဲဒီလောက် ကြောက်နေတာလဲ မမေနှင်းရယ်။ လာပါ။ စောစောကပြောတဲ့.. ဦးဘယ်သူ.. အဲဒီလူဆီကို သွားမယ်။ လာ..”
(၄)
တိုက်ထဲကို ဝင်လိုက်တာနဲ့ အလင်းရောင်က ဖျော့ပြီး မှောင်ကျသွားတယ်။ တိုက်လှေကားရင်းမှာ မိသားစုတစ်စု နေ့လည်စာစားဖို့ ပြင်နေကြတယ်။ ကျွန်မနဲ့ မေနှင်းဝင်လာတာကို တွေ့တော့ အဖေလုပ်တဲ့သူက မော့ကြည့်တယ်။ သူ့မျက်လုံးထဲမှာ စိုးရိမ်စိတ် တချို့တဝက် တွေ့ရတယ်။ ကျွန်မတို့နှစ်ယောက်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး အန္တရာယ်မရှိမှန်း စိတ်ချသွားတော့မှ သူ့ကလေးနှစ်ယောက်နဲ့ မိန်းမဘက်ကို ပြန်လှည့်သွားတယ်။ ကျွန်မ ခြေဖျားထောက်ပြီး သူတို့ ဘာတွေစားနေကြသလဲ ခိုးကြည့်လိုက်တယ်။ ကြမ်းပြင်ပေါ်က ခင်းထားတဲ့ အဝတ်စပေါ်မှာ ပြုတ်ပြီးသား အာလူးနှစ်လုံးကို အခွံနွှာထားတာတွေ့တယ်။ ပြီးတော့ အာလူးဘေးနားမှာ လက်ညှိုးလောက်ရှိတဲ့ အသားတုံးတစ်တုံး။ ဘာ အသားလည်းတော့ မသိ။ မေနှင်းက ကျွန်မကို လက်တို့တယ်။
“အစ်မ..လာလေ… မြန်မြန်”
မေနှင်းနဲ့ကျွန်မ လှေကားအတိုင်း တက်လာလိုက်တယ်။ လှေကားထိပ်လောက်ကိုရောက်တော့ ပြင်ပနေရောင်က လုံး၀ တိုးမပေါက်တော့ဘဲ တိုက်ထဲမှာ မှောင်ကျသွားပြီ။ လှေကားပေါ်မှာ အိပ်နေတဲ့ လူနှစ်ယောက် သုံးယောက်ကို ဖယ်ခိုင်းဖို့ ပြောပေမယ့် လှုပ်ကိုမလှုပ်တာနဲ့ ကျော်ခွပြီး ဆက်တက်ရတယ်။ သေးနံ့၊ မစင်နံ့က အပြင်ကထက်တောင် ပိုပြီး ပြင်းလာသလိုပဲ။ လှေကား နှစ်ထပ်လောက် တက်ပြီးတော့ ဘယ်ဘက်ကိုကွေ့လိုက်တဲ့အခါ နေအလင်းရောင်ကို ပြန်မြင်ရပြီ။ တိုက်ရဲ့ ဘယ်ဘက်နဲ့ ညာဘက်အခန်းတွေကို ဆက်ထားတဲ့ ၀ရံတာ အရှည်ကြီးတစ်ခုဆီ ရောက်သွားတယ်။ ဝရံတာတစ်ခုလုံး အဝတ်စုတ်တဲတွေနဲ့ ပြည့်သိပ်နေတယ်။ တဲအ၀တွေမှာ မိသားစုတွေ ထိုင်နေကြတယ်။ နေ့လည်စာစားတဲ့ သူတွေက စားနေတယ်။ စားစရာမရှိတဲ့သူတွေက သူတို့ကို မျှော်ငေးပြီး ကြည့်နေကြတယ်။
မေနှင်းနဲ့ ကျွန်မ တဲတွေကြားကနေ ခြေဖျားထောက်ရင်း၊ ရှောင်ရင်း၊ ကွေ့ရင်းနဲ့ ဆက်လျှောက်လာကြတယ်။ မေနှင်းက ခဏရပ်ပြီး ကြမ်းပြင်မှာထိုင်နေတဲ့ ဦးလေးကြီးတစ်ယောက်ကို တိုးတိုးမေးတယ်။ အဲဒီလူက ကျွန်မကို မော့ကြည့်တယ်။ မေနှင်းကို ပြန်ကြည့်တယ်။ တိုက်ရဲ့ အနောက်ဘက်ပိုင်းကို လက်ညှိုးထိုးပြတယ်။ လက်ညှိုးတစ်ချောင်းလုံး အနာတွေနဲ့ ပြည့်နေတယ်။ လက်မောင်းမှာလည်း အမျိုးအမည်မသိတဲ့ ယားနာတွေ၊ ပြည်တည်နာတွေ စုံလို့။ ယင်ကောင်တွေလည်း နားနေတယ်။ အဲဒီလူက သူ့လက်မောင်းက အနာဖေးတွေကို ခွာတယ်။ လက်နဲ့ သပ်ချတယ်။ ကျွန်မကို ထပ်မော့ကြည့်ပြန်တယ်။ ကျွန်မ ခေါင်းပေါ်က အဝတ်ကို ခပ်တင်းတင်းဆွဲချပြီး မေနှင်းနောက်ကို အမြန်လိုက်သွားလိုက်တယ်။
၀ရံတာ အနောက်ဘက်အစွန်းက အခန်းတစ်ခန်းရှေ့ရောက်တော့ မေနှင်းက ရပ်လိုက်တယ်။ သစ်သားတံခါးက အစိမ်းရောင်သုတ်ထားတယ်။ ဆေးတွေကတော့ တော်တော်ကွာနေပြီ။ တံခါးမှာ မီးသွေးခဲနဲ့ “အမှတ် ၆၂၄” ဆိုပြီးရေးထားတယ်။
“ဒီအခန်းပဲ အစ်မ။ အထဲမှာ..”
“အထဲဝင်လေ။ ဝင်လို့မရဘူးလား”
မေနှင်းက တံခါးကို မဖွင့်သေးဘဲ ကျွန်မကို တောင်းပန်တဲ့အကြည့်နဲ့ ကြည့်တယ်။
“တကယ် ဝင်တွေ့မလို့လား အစ်မ။ ဟို.. အစ်မပြောတဲ့ နောက်ကလိုက်လာမယ်ဆိုတဲ့ အစောင့်တွေရော.. အခုထိလဲ မလာသေးဘူး”
“ကဲ.. မမေနှင်းရယ်.. ဝင်စရာရှိတာဝင်တွေ့လိုက်တော့ ပြီးမသွားဘူးလား။ ပြီးရင် မြန်မြန် ပြန်မယ်လေ။ အလကားနေရင်း ကြောက်နေတာပဲ.. အစ်မကလဲ..။ တံခါးခေါက်လိုက်”
မေနှင်းက ကျွန်မကို ဘယ်လိုမှ ပြောမရတော့မှန်း သိသွားတယ်ထင်တယ်။ သက်ပြင်းခိုးချတယ်။ တံခါးကို ခေါက်မလို့ လက်ရွယ်တယ်။
အဲဒီအချိန်မှာ ကြောက်လန့်တကြားအော်လိုက်တဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။
(၄)
အသံတစ်ခု မဟုတ်ဘူး။ စုပေါင်းပြီး အော်လိုက်တဲ့ အသံ။ တစ်ခုခု ဖြစ်တော့မှာမို့လို့ လူတွေအကုန် ကြောက်လန့်တကြား ဝိုင်းအော်ကြတဲ့အသံ။
ကျွန်မ ခေါင်းလှည့်ကြည့်လိုက်တော့ ၀ရံတာမှာ စီတန်းနေတဲ့ တဲတွေအကုန်လုံး ၀ရုန်းသုန်းကားတွေ ပြန့်ကျဲကုန်တာကို တွေ့ရတယ်။ တဲထဲမှာထိုင်နေတဲ့ လူတွေ အထဲကနေ ဝုန်းကနဲ ခုန်ထွက်ကြတယ်။ ကလေးတွေကို ချီတယ်။ မိန်းမတွေကို အော်ခေါ်တယ်။ ယောက်ျားတွေကို လှမ်းအော်တယ်။ ၀ရံတာတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ လူအုပ်ကြီးနဲ့ ထွေးကနဲဖြစ်သွားတယ်။ ပွက်လောရိုက်နေတဲ့ အသံတွေကြောင့် ကျွန်မ ဘာမှ ပီပီပြင်ပြင် မကြားရဘူး။ မေနှင်းကို ကြည့်လိုက်တော့ သူ့မျက်နှာက သွေးပျက်ပြီး ဖြူလျော်နေပြီ။
၀ရံတာကနေ အောက်ကို ဆင်းတဲ့ လှေကားမှာ ခဏလေးနဲ့ လူတွေပြည့်သိပ်သွားတယ်။ အောက်ကိုဆင်းဖို့ တိုးနေကြတာထင်တယ်။ ဒါပေမယ့် လှေကား၀မှာ တိုးဝှေ့နေတဲ့ လူအုပ်ကြီးက ရုတ်တရက် ၀ရံတာဘက်ကို ပြန်ပြေးလာကြပြန်တယ်။ ဘာဖြစ်တာပါလိမ့်။ ကျွန်မရဲ့ ကိုယ်ထဲမှာ ကြောက်စိတ်ထက် စူးစမ်းချင်တဲ့စိတ်က ပိုပြီး ထက်သန်နေတယ်။ လန့်ဖို့ကို သတိမေ့နေတာလည်း ဖြစ်နိုင်တယ်။
မေနှင်းက ကျွန်မလက်ကို ဆွဲတယ်။ ကြမ်းပြင်ပေါ်မှာ ထိုင်ဖို့ ဆွဲခေါ်တယ်။
“အစ်မ.. အစ်မ.. မြန်မြန်ထိုင်။ ထိုင်တော့..”
ကျွန်မ ကြောင်တောင်တောင်နဲ့ ထိုင်ချလိုက်တယ်။ စောစောက ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ သူတွေလည်း ရောက်ရာနေရာမှာ အမြန် ထိုင်ချလိုက်ကြတာကို တွေ့ရတယ်။
“ခေါင်းကို လုံအောင်ဖုံးထား အစ်မ။ လုံး၀ မော့မကြည့်နဲ့.. မကြည့်နဲ့နော်..”
မေနှင်းရဲ့ အသံက အအေးပတ်သလို တုန်ခါနေတယ်။ ကျွန်မ ခေါင်းပေါ်ကအဝတ်ကို ကိုင်ထားရင်း ဟနေတဲ့အထဲကနေ ၀ရန်တာ လှေကားဘက်ကို လှမ်းကြည့်နေလိုက်တယ်။ စောစောက ပွက်လောရိုက်နေတဲ့ လူအုပ်ကြီးက ရှဲကနဲ ငြိမ်ကျသွားပြီး အသံတွေ အကုန် တိတ်သွားတယ်။
လှေကားကနေ တက်လာတဲ့ ခြေသံတွေကို ကြားရတယ်။ သံချောင်းချင်းပွတ်တဲ့အသံလို တရွှမ်းရွှမ်းအသံကိုလည်း ကြားရတယ်။ ရုံးဘက်က လူတွေလား..။ သူပုန်အဖွဲ့တွေလား..။ ဘယ်သူတွေလဲ..။ ဘာမို့လို့ ဒီလောက် အလန့်တကြားတွေ ကြောက်နေကြတာလဲ။
ပထမဆုံး ကျွန်မ မြင်လိုက်တာက ကျွန်မ လက်တစ်ဆန့်စာလောက်နီးနီး ရှည်တဲ့ ဓားကြီး။ ပြီးတော့မှ အဲဒီ ဓားကို ကြမ်းပြင်ပေါ်မှာ တရွတ်တိုက် ဆွဲပြီး ၀ရံတာဘက်ကို ထွက်လာတဲ့လူ။ အသက် ၅၀ ဝန်းကျင်လောက်ရှိမယ်ထင်တယ်။ ကိုယ်ခန္ဓာက တုတ်တုတ်ခိုင်ခိုင်။ ဂျင်းဘောင်းဘီ အမည်းရောင် ဝတ်ထားတယ်။ အင်္ကျီမပါတဲ့ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ ဆေးနက်နဲ့ ထိုးထားတဲ့ အရုပ်တွေ အပြည့်ပဲ။ မျက်နှာတစ်ခုလုံးလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ မြင်မကောင်းအောင် အမာရွတ်တွေ ဖုံးနေတယ်။ သူ့နောက်မှာ လူဆယ်ယောက်လောက် ပါလာတယ်။ အဲဒီလူတွေ အကုန်လုံးလည်း ကိုယ်ဗလာနဲ့၊ အရုပ်တွေ အပြည့်နဲ့..။ ထူးခြားတာတစ်ခုက သူတို့ထဲမှာ ဝင်းသမားတွေလို ပိန်ကိုင်းနေတဲ့သူ တစ်ယောက်မှ မပါဘူး။ အကုန်လုံး တောင့်တောင့်တင်းတင်းတွေချည်းပဲ။ ကြယ်တံခွန်အဖွဲ့သားတွေများလား.. ။ သူတို့လက်မောင်းမှာ တံဆိပ်များတွေ့မလား ကျွန်မလိုက်ရှာကြည့်သေးတယ်။ မတွေ့ဘူး။
ဓားကိုဆွဲလာတဲ့လူက ၀ရံတာ အလယ်လောက်ကို ရောက်တော့ ရပ်လိုက်တယ်။ လက်ထဲက ဓားကို သံမံတလင်းပေါ် ပစ်ချလိုက်တယ်။ ဓားနဲ့ ကြမ်းပြင် ထိတဲ့အသံက ဟိန်းပြီးထွက်လာတယ်။ လူအုပ်ထဲက လန့်ပြီး အော်တဲ့အသံတချို့ ကြားရတယ်။ နောက်လိုက် ဆယ်ယောက်က စောစောကလူရဲ့ နောက်မှာ အတန်းလိုက် ဝင်ရပ်တယ်။ သူတို့လက်ထဲမှာလည်း ဓားတွေ ကိုင်ထားတယ်။ ဒီလောက်များတဲ့ လက်နက်တွေ ဘယ်နေရာကနေ ရတာပါလိမ့်..။
ခေါင်းဆောင်လုပ်တဲ့သူက ကြမ်းပြင်မှာ ခေါင်းငုံ့နေကြတဲ့ လူတွေကို ဝေ့ကြည့်တယ်။ လက်ကိုပိုက်ပြီး ပြောတယ်။
“လှသိန်းကို မေ့နေကြတယ်ပေါ့။ ဟုတ်လား”
တိတ်ဆိတ်နေတဲ့ ၀ရံတာတစ်ခွင်မှာ သူ့အသံက ဟိန်းထွက်နေတယ်။ လှသိန်းတဲ့.. ကျွန်မ အဲဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး။ ဘေးမှာ ဒူးထောက်ပြီး ထိုင်နေတဲ့ မေနှင်းကတော့ ကြောက်လွန်းလို့ တုန်ပါတုန်နေပြီ။ ကျွန်မပေါင်နဲ့ သူ့ပေါင်ထိနေတော့ သူတစ်ချက် တွန့်တွန့် သွားတိုင်း သိနေတယ်။ လှသိန်းဆိုတဲ့လူက ဆက်ပြောတယ်။
“မင်းတို့တွေ ဒီတိုက်မှာနေရင် လှသိန်းကို မေ့ထားလို့ ရသလား။ ငါ့ကို မေ့ထားကြတာလား”
အောက်မှာ ထိုင်နေတဲ့ သူတွေက လှသိန်းကို မော်တောင် မကြည့်ရဲကြဘူး။ ကျွန်မကတော့ ခြုံလွှာကြားကနေ အဲဒီလူရဲ့ မျက်နှာကို မလွတ်တမ်း စိုက်ကြည့်နေတယ်။ လှသိန်းက သူနဲ့ အနီးဆုံးမှာ ခေါင်းငုံ့ပြီး ဒူးထောက်နေတဲ့ အင်္ကျီအညိုရောင်နဲ့ ယောက်ျား တစ်ယောက်ရှေ့မှာ ဒူးထောက်လိုက်တယ်။ အင်္ကျီအညိုနဲ့လူက လန့်ပြီး နောက်ဆုတ်လိုက်တာ ပက်လက်လန် လဲကျသွားတယ်။ လှသိန်းက ကြမ်းပြင်ပေါ်က တစ်ခုခုကို လက်နဲ့ ကောက်တယ်။ အားလုံး မြင်အောင် မြှောက်ပြတယ်။ သူ့လက်ထဲမှာ ကိုင်ထားတာ ဘာလဲ.. ကျွန်မ သေချာမမြင်ရဘူး။ တုတ်ထိုးပြီး ကင်ထားတဲ့ အကောင်တစ်ကောင်ပဲ။ ကြွက်ထင်တယ်။
“မျိုဖို့ဆို့ဖို့ကျတော့ မမေ့ဘူး မဟုတ်လား။ ငါ့ကို လခပေးဖို့ပဲ မေ့တတ်ကြတာလေ။ ဟုတ်တယ်ဟုတ်..”
အင်္ကျီအညိုနဲ့လူက ပက်လက်လန်နေရာကနေ အမြန်ထထိုင်တယ်။ တောင်းပန်တယ်။
“မဟုတ်ပါဘူး..ဆရာရယ်။ ကျွန်တော်တို့ ဒီတစ်ခေါက် လေပြင်းဒဏ်ထိသွားလို့ပါ.. နောက် တစ်ရက်နှစ်ရက်နေရင် ပေးပါ့မယ်..”
“မင်းတို့တွေ ရုံးဘက်က သူတွေနဲ့ ဆိုရင် အဲဒီလို ပြောရဲသလား။ သေနတ်မြင်မှ ကြောက်ကြတာလား။ ဓားကျတော့ မကြောက်ဘူးပေါ့”
အင်္ကျီအညိုနဲ့လူက ဒူးထောက်တယ်။ လက်အုပ်ချီတယ်။
“ကြောက်ပါတယ်.. ကြောက်ပါတယ် ခင်ဗျ”
လှသိန်းက မတ်တပ်ထရပ်လိုက်တယ်။ အာခေါင်ကို ခြစ်ပြီး တံတွေးအလိပ်လိုက်ကို ဖတ်ကနဲ ထွေးချတယ်။
“ဟိုမှာ။ ကြမ်းပေါ်မှာ။ အဲဒီဓားကို ကောက်လိုက်..”
အင်္ကျီအညိုနဲ့လူက ခေါင်းကို ပြုတ်ထွက်တော့မတတ် ရမ်းတယ်။ ဗလုံးဗထွေးနဲ့ တောင်းပန်တယ်။
“မလုပ်.. မလုပ်..”
“ဘာလဲ။ ဘာပြောချင်တာလဲ။ အဲဒီဓားကို ကောက်လိုက်လို့ ငါပြောနေတယ်။ ပြောတာကို နားမထောင်တာလား”
အင်္ကျီအညိုနဲ့လူက တုန်တုန်ယင်ယင်နဲ့ ကြမ်းပေါ်မှာ ပက်လက်လဲနေတဲ့ ဓားဆီကို တွားသွားတယ်။ ဓားကို အနှောင့်က မမဘဲ အသွားကနေ ကြောက်ကြောက်ရွံ့ရွံ့နဲ့ မတယ်။ လှသိန်းဆီကို လှမ်းပေးတယ်။ ခေါင်းကိုတော့ ငုံ့ထားတယ်။
“ငါ့ကို ပေးခိုင်းတာမဟုတ်ဘူး။ မင်းကို ကိုင်ခိုင်းတာ။ အနှောင့်ကနေ ကိုင်လိုက်”
ဟိုလူက လှသိန်းကို နားမလည်သလိုကြည့်တယ်။ ဓားကိုပြန်ကြည့်တယ်။ ခေါင်းခါတယ်။
“လူစကားပြောနေတာ နားမလည်ဘူးလား။ မတ်တပ်ရပ်စမ်း။ ဓားကို ဓားလို ကိုင်ခိုင်းနေတာ။ အခု ကိုင်”
အင်္ကျီအညိုနဲ့လူက မတ်တပ်ရပ်ဖို့ ကြိုးစားတယ်။ ယိုင်ကနဲဖြစ်သွားတယ်။ လှသိန်းက စိတ်မရှည်တော့ဘဲ ဆွဲထူပေးတယ်။ ဓားကို အနှောင့်ဘက်ပြောင်းပြီး လက်ထဲကို ထည့်ပေးတယ်။
“ရော့။ အဲဒီမှာ။ ကိုင်ထား”
အင်္ကျီအညိုနဲ့လူရဲ့ လက်ချောင်းတွေထဲမှာ ဓားက တုန်ပြီး ရမ်းခါနေတယ်။ လှသိန်းက နောက်ကို ခြေနှစ်လှမ်းလောက် ဆုတ်လိုက်တယ်။
“လာ။ ငါ့ကို ထိုးစမ်း”
အင်္ကျီအညိုနဲ့လူက ခေါင်းမော့ကြည့်တယ်။
“ငါ့ကို ထိုးလို့ပြောနေတယ်။ မင်းမထိုးရင် မင်းထိုက်နဲ့ မင်းကံပဲ။ ငါမင်းကို အခွင့်အရေး ပေးထားတယ်။ လက်ထဲကို ဓားထည့်ပေးထားတယ်။ အဲဒီလောက်တောင် သတ္တိမရှိဘူးလား.. လာစမ်းပါ”
“မလုပ်.. မလုပ်ရဲဘူးခင်ဗျ..”
“ငါ တစ်ကနေ သုံးအထိ ရေမယ်။ သုံးရောက်လို့မှ မင်းငါ့ကို ဓားနဲ့ မထိုးသေးဘူးဆိုရင် အဲဒီဓားကိုယူပြီး မင်းမိန်းမခေါင်းကို အရင်ဖြတ်မယ်။ ပြီးမှ မင်းကို သတ်မယ်..။ ကဲ.. ဘယ်လိုလဲ”
အင်္ကျီအညိုနဲ့လူက ဘေးမှာ ကျုံ့ကျုံ့ကလေးထိုင်နေတဲ့ အမျိုးသမီးကို ငုံ့ကြည့်တယ်။ သူ့မိန်းမဖြစ်မယ်ထင်တယ်။
“တစ်..”
ထိုးတော့လေ။ ထိုးလိုက်တော့.. ကျွန်မ စိတ်ထဲကနေ ပြောနေမိတယ်။ ရုံးကလူတွေသိလို့ကတော့ အဲဒီ လှသိန်းဆိုတဲ့သူကို အပြင်ထုတ်ပစ်မယ်လို့လည်း စဉ်းစားနေမိတယ်။
“နှစ်..”
အင်္ကျီအညိုနဲ့လူက မလှုပ်သေးဘူး။ သူ့မိန်းမကို ကြည့်လိုက် လှသိန်းကို ကြည့်လိုက်နဲ့ ဗျာများနေတယ်။ လှသိန်းက လက်နှစ်ဘက်ကို နောက်ပစ်လိုက်တယ်။ မျက်နှာက မချိုမချဉ် အပြုံးနဲ့။ အဲဒီ မျက်ခွက်ကို ဓားနဲ့..ထိုးလိုက်တော့လေ…
“သုံး..”
ကျွန်မ ဆုတောင်းပြည့်သွားတယ်။ အင်္ကျီအညိုနဲ့လူက ဟီး…ကနဲ အော်တယ်။ ဓားကိုလက်နှစ်ဖက်နဲ့တင်းတင်းကိုင်တယ်။ လှသိန်းရဲ့ ရင်ဘတ်ကို တည်ပြီး ဓားဦးနဲ့ ပြေးထိုးတယ်။ ကျွန်မ မျက်တောင်မခတ်ရဲဘဲ ကြည့်နေလိုက်တယ်။ လှသိန်းရဲ့ ရင်ဘတ်ထဲကို ဓားဝင်သွားမှာကို စောင့်နေလိုက်တယ်။ ဒါပေမယ့် ထင်သလိုဖြစ်မလာဘူး။
လှသိန်းက ခြေထောက်ကို ဆတ်ကနဲ လှည့်လိုက်ပြီး ကိုယ်လုံးကို ယိမ်းလိုက်တယ်။ ဓားဦးက သူနဲ့ တစ်တောင်လောက် လွဲသွားပြီး အင်္ကျီအညိုနဲ့လူရဲ့ တစ်ကိုယ်လုံး အရှိန်နဲ့ ကျွံထွက်သွားတယ်။ လှသိန်းရဲ့ ညာဘက်လက်က ဖတ်ကနဲ မြောက်တက်လာပြီး အင်္ကျီအညိုနဲ့လူရဲ့ လည်မျိုနေရာကို ဖြတ်တားလိုက်တယ်။ လည်ပင်းရိုးကျိုးသွားတဲ့ ဂျွတ်ကနဲ အသံကို ကျွန်မထိုင်နေတဲ့ နေရာကနေတောင် ကြားရတယ်။ မပြီးသေးဘူး..။ လှသိန်းက အင်္ကျီအညိုနဲ့လူရဲ့ လည်ပင်းကို လက်နဲ့ဆွဲလှည့်ပြီး ကြမ်းပြင်ပေါ်ကို ပေါက်ချလိုက်တယ်။ အင်္ကျီအညိုနဲ့လူရဲ့ နောက်စေ့နဲ့ သံမံတလင်းနဲ့ ဖောင်းကနဲ ရိုက်မိတယ်။ သူ့လက်ထဲက ဓားက အဝေးကို လွင့်ထွက်သွားတယ်။ သံမံတလင်းပေါ်မှာ အသားစတွေ သွေးစတွေ ဖွာထွက်ကုန်တယ်။ အဖြစ်အပျက် အစကနေ အဆုံးအထိ ၅ စက္ကန့်တောင် မကြာဘူးထင်တယ်။ ကျွန်မ အသက်ရှူရပ်သွားတယ်။ အန်တီချိုပြောပြခဲ့တဲ့ ပုံပြင်တွေထဲက မကောင်းဆိုးဝါး.. ဘီလူးသဘက်ဆိုတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရပြီ။
လှသိန်းက ခပ်လှမ်းလှမ်းမှာ ပြုတ်ကျနေတဲ့ ဓားကို သွားကောက်တယ်။ အင်္ကျီအညိုနဲ့လူ လဲနေတဲ့နေရာကို လျှောက်လာတယ်။ လဲကျနေတတဲ့သူရဲ့ လည်ပင်းနေရာကို ဓားသွားနဲ့ ချိန်တယ်။ ဓားကို မြှောက်ပြီး အနောက်ကိုလွှဲတယ်။ အရှေ့ကို ပိုင်းချတယ်။ သွေးတွေ ရဲကနဲ ပျံတက်လာတယ်။ အားကနဲ အော်တဲ့အသံတွေ လူအုပ်ထဲက ထွက်လာတယ်။ ဒီလောက်များတဲ့ သွေးတွေ လူတစ်ယောက်တည်းရဲ့ ကိုယ်ခန္ဓာထဲကနေ ထွက်လာနိုင်တယ်ဆိုတာကို ကျွန်မ မယုံနိုင်ဖြစ်နေတယ်။
သေပြီးသားအလောင်းကို အားရပါးရ ဆက်ပြီး ခုတ်နေတာ နှစ်မိနစ်လောက်တောင် ကြာသွားတယ်ထင်တယ်။ ပြီးသွားတော့ လှသိန်း တစ်ကိုယ်လုံး သွေးတွေနဲ့ ရဲနေပြီ။ ဓားတစ်ခုလုံးလည်း ရစရာမရှိအောင် ခြင်းခြင်းနီနေပြီ။ ၀ရံတာ ကြမ်းပြင်လည်း ဆေးနီပုံးမှောက်ထားသလို ချောင်းစီးနေပြီ။ အင်္ကျီအညိုလည်း အနီရောင်ပြောင်းသွားပြီ။ လှသိန်းက မောသွားသလို လေပူတစ်ချက် မှုတ်ထုတ်တယ်။ ဓားကို ကြမ်းပေါ် ပစ်ချလိုက်ပြန်တယ်။ လူအုပ်ထဲကို လက်ညှိုးထိုးပြတယ်။
“ဟုတ်ပြီ။ နောက်တစ်ယောက်.. “
အံ့ဩဖို့ ကောင်းလောက်အောင်ပဲ ကျွန်မ စိတ်တွေ တည်ငြိမ်နေတယ်။ တစ်သက်လုံးမှာ စိတ်အငြိမ်ဆုံး အချိန်က ဒီအချိန်ပဲလို့တောင် ပြောလို့ရလောက်တယ်။ ဘာဖြစ်လို့လဲ..။ ကျွန်မ စဉ်းစားကြည့်တယ်။ ဒီဝင်းထဲမှာ.. ဒီလူတွေထဲမှာ တကယ် လိုအပ်နေတာ ဘာလဲ ဆိုတာ ကျွန်မ သိသွားလို့ပဲ။ အဖေတို့တွေးတာ မှားနေတယ်။ အုပ်ချုပ်တဲ့စနစ်က လွဲနေတယ်။ ကြောက်နေတဲ့သူတွေကို ပိုကြောက်အောင်၊ ပိုပြီး ကျီးလန့်စာစား ဖြစ်အောင် လုပ်နေလို့ ဘာထူးမလဲ။ ဘယ်လို တိုးတက်မလဲ။ ဒါကြောင့်လည်း ဒီတိုက်တန်းထဲမှာ ဒီလိုတွေ ဖြစ်ပျက်နေတာပဲ။ ငယ်ငယ်က စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။ သူဌေးက အလုပ်သမားကို နိုင်တယ်။ အလုပ်သမားက အိမ်ကလူတွေကို ပြန်နိုင်တယ်။ အိမ်ကလူတွေက အိမ်ဖော်ကိုနိုင်တယ်။ အိမ်ဖော်က ဘယ်သူ့ကိုမှ မနိုင်တော့ အိမ်မှာ မွေးထားတဲ့ ခွေးကို ပိတ်ကန်တယ်။ အဲဒီ ပုံပြင်ကို ဖတ်ရတော့ ကျွန်မ တွေးမိတယ်။ အဲဒီ ပိတ်ကန်ခံရတဲ့ ခွေးက ငြိမ်ပြီး မခံဘူးဆိုရင် ဘာဆက်ဖြစ်မလဲ။ အိမ်ဖော်က အိမ်ရှင်ကို တော်လှန်ရင် ဘာဖြစ်မလဲ။ အချိန်တန်ရင်တော့ ခွေးက ပြန်ကိုက်မှာပဲလေ။ အဲဒါဆိုရင် တစ်ဆင့်ပြီး တစ်ဆင့် အပေါ်ကို ပြန်တက်သွား.. နောက်ဆုံးကျတော့ သူဌေးဆီပဲ ဒီအကျိုးဆက်က ပြန်ရောက်လာမှာမဟုတ်ဘူးလား။ တကယ့်အဖြေက ကြောက်အောင် လုပ်ဖို့ မဟုတ်ဘူး။ ချစ်အောင် လုပ်ဖို့လိုတယ်။ လေးစားအောင် သင်ကြားပေးဖို့လိုတယ်။ မဟုတ်ရင်တော့ လှသိန်းလို လူ့ငနွားတွေ ထပ်ပေါ်လာဦးမှာပဲ။
ဒီဝင်းထဲကလူတွေ လိုနေတာ အစာလည်းမဟုတ်ဘူး၊ ရေလည်း မဟုတ်ဘူး၊ နေရာအသစ်တစ်ခုလည်း မဟုတ်ဘူး။ ဒီလူတွေမှာ တကယ် ခေါင်းပါးနေတဲ့အရာက ဒါတွေ မဟုတ်ဘူး။ သူတို့မှာ လုံး၀မရှိတော့တဲ့ အရာကို ကျွန်မ သိပြီ။ သူတို့ဆီမှာ လုံး၀မရှိတဲ့ အရာက ကျွန်မရင်ထဲမှာ ပြည့်သိပ်ပြီး လိုတာထက် ပိုနေတယ်။ ကျွန်မသွေးထဲမှာ မွေးကတည်းက ပါလာတဲ့ အရာ။
ဒီလူတွေ တကယ်လိုအပ်နေတာ ရဲရင့်ခြင်း။
ကျွန်မ မတ်တပ်ထရပ်လိုက်တယ်။
ခေါင်းပေါ်က အဝတ်ကို ဖယ်လိုက်တယ်။
+++++++++
အပိုင်း (၉) ဆက်ဖတ်ရန် <<<