ဘယ်နှနာရီကြာသွားပြီလဲ။ နေ့လား၊ ညလား ကျွန်တော် မသိဘူး။ အိပ်ပျော်သွားလိုက်၊ အိပ်မက်တွေကြောင့် လန့်နိုးလာလိုက်နဲ့ စိတ်တစ်ခုလုံး ထောင်းထောင်းကြေနေပြီ။ ဟို သူပုန်အဖွဲ့ကကောင်တွေ ကျွန်တော့်ကို ဘာလုပ်သွားသလဲမသိ၊ အခုထိ ခေါင်းထောင်လို့ မရသေးဘူး။ တစ်ကိုယ်လုံး ထုံနေတယ်။ ဘာခံစားချက်မှ မရှိဘူး။ လှုပ်မရ၊ ရွှေ့မရနဲ့ ပက်လက်ကြီး။ ဘာမှလုပ်လို့မရမယ့် အတူတူ ကျွန်တော် ရောက်တတ်ရာရာတွေ လျှောက်တွေးနေမိတယ်။ ရက်ပိုင်းအတွင်းမှာ ပြောင်းပြန်လန်သွားတဲ့ ကိုယ့်ဘ၀ကိုယ် မယုံနိုင်အောင် ဖြစ်နေတယ်။ အနာဂတ်အတွက် စဉ်းစား စီစဉ်ခဲ့သမျှတွေ အကုန် မြောင်းထဲရောက်ကုန်ပြီ။ ဝင်းထဲကဘ၀ဟာ ဘယ်လောက်ပဲ ဆိုးတယ်ပြောပြော ကျွန်တော့်မှာ နေစရာနေရာ ရှိတယ်။ စားစရာလည်း ချို့တဲ့သည့်တိုင်အောင် ငတ်တော့သေမသွားသေးဘူး။ ပြီးတော့ ကျွန်တော့်ဘေးမှာ မေနှင်းရှိတယ်။ သူနဲ့ကျွန်တော် အတူတူ ဖြတ်သန်းဖို့ အိပ်မက်ထားတဲ့ နေ့ရက်တွေ ရှိသေးတယ်။ ဒါပေမယ့်..လေပြင်းတစ်ချက်အတိုက်မှာ တစ်သက်လုံး ပိုက်ထားသမျှ အကုန်လွင့်ပါသွားတာပဲ။ အခု မေနှင်း ဘယ်ရောက်နေသလဲ ၊ ဘာတွေဖြစ်နေသလဲ ကျွန်တော် မသိဘူး။ ဟိုလူတွေ ပြောတာတွေကိုလည်း ကျွန်တော် မယုံဘူး။ စိုက်ခင်းဂိတ်တံခါးနားမှာ သေသွားခဲ့ရင်တောင် အကောင်းသားလို့တောင် စဉ်းစားမိလာတယ်။ ခြေထောက်တစ်ဘက် မရှိတော့ဘဲ ကျွန်တော် ဘာဆက်လုပ်ရမလဲ။ အင်မတန် ကံကောင်းပြီး မေနှင်းနဲ့ အရှင်လတ်လတ် ပြန်တွေ့ခွင့်ရရင်တောင် ကျွန်တော်တို့ ဘယ်လို ရှေ့ဆက်မလဲ။ သူ့ကို ဘယ်လို ရှာကျွေးမလဲ။ အလုပ်လုပ်လို့မရရင် တိုက်တန်းတွေဘက်သွားပြီး သူတောင်းစားအဖွဲ့ထဲပဲ ဝင်ရတော့မလား။
အဖေ့ကို ကျွန်တော် သတိရတယ်။ သူပြောခဲ့တဲ့စကားတွေကို အခုမှ ပိုပြီး နားလည်လာတယ်။ လက်ခံလာတယ်။ မင်းရဲ့တာဝန်က မိသားစုကို စောင့်ရှောက်ဖို့ပဲ.. ဘယ်လောက်ပဲ ငတ်ပြတ်နေသည်ဖြစ်ပါစေ၊ ကိုယ့်မိသားစု အန္တရာယ်ဖြစ်မယ့် အလုပ်မျိုး မလုပ်မိစေနဲ့ တဲ့.. အဖေ မသေခင်က တဖွဖွပြောခဲ့ဖူးတယ်။ မုန်တိုင်းအပြီး တံတိုင်းပေါ်မှာ ချိတ်နေတဲ့ အဖေ့ရဲ့ အလောင်းကိုတွေ့တော့ ကျွန်တော် ဝမ်းနည်းရမယ့်အစား အဖေ့ကို အရမ်းစိတ်ဆိုးခဲ့တယ်။ သားကိုပဲ ဆုံးမနေပြီး သူကိုယ်တိုင်ကျတော့ မလိုက်နာပါလားပေါ့။ ဒါပေမယ့် ကျွန်တော်လည်း ဘာထူးသလဲ.. အစားတစ်လုပ်အတွက် သူများဆီမှာ အောက်ကျမခံချင်တာနဲ့ ကိုယ့်ဘာသာကိုယ် ရှာမယ်ဆိုပြီး အပြင်ထွက်တာ အခုတော့ ခွေးဖြစ်ပြီ။
ကျွန်တော် နောက်တစ်ခါ ထပ်အိပ်ပျော်သွားတော့မလို ဖြစ်နေတဲ့အချိန်မှာ အခန်းတံခါး ပွင့်သွားတယ်။ ခွန်ဖြူ ဝင်လာတယ်။ သူ့နောက်မှာ အသက်ကြီးကြီး ယောကျ်ားတစ်ယောက်ပါလာတယ်။ အဲဒီလူရဲ့ လက်ထဲမှာ သံသေတ္တာတစ်လုံးကိုင်ထားတယ်။ ခွန်ဖြူက ကျွန်တော့်နားမှာ ထိုင်တယ်။ သေတ္တာကိုင်ထားတဲ့လူကလည်း ခွန်ဖြူရဲ့ဘေးမှာ ဝင်ထိုင်ပြီး သေတ္တာကို ကြမ်းပြင်ပေါ် ချလိုက်တယ်။ သံသေတ္တာက အဖြူရောင်။ ခပ်ပြားပြားပဲ။ အဖုံးပေါ်မှာ အနီရောင် ကြက်ခြေခတ်အကြီးကြီးပါတယ်။ သေတ္တာအနားစွန်း ပတ်ပတ်လည်မှာလည်း အနီရောင် မျဉ်းကြောင်းသားထားတယ်။ ခွန်ဖြူက သူ့ရဲ့ လေသံအေးအေးနဲ့ ကျွန်တော့်ကို မေးတယ်။
“သက်သာရဲ့လား”
ကျွန်တော် ပက်ပက်စက်စက် ပိတ်ဆဲလိုက်တယ်။ ခွန်ဖြူက မတုန်မလှုပ်ပဲ။ သူ့မျက်နှာပေါ်ပြုတ်ကျလာတဲ့ ဆံပင်တွေကို လက်နဲ့သပ်တင်တယ်။ မုတ်ဆိတ်မွေးကို ပွတ်တယ်။
“ဒါက ဘိုသန်။ သူကတော့ အဖွဲ့ထဲက မဟုတ်ဘူး။ ဒါပေမယ့် ငါတို့ကို အမြဲကူညီနေကျ။ ဒီတိုက်တန်းဘက်မှာ တစ်ယောက်တည်းရှိတဲ့ ဆေးဆရာပဲ။ မင်းခြေထောက်ကို ဖြတ်ပေးတာ သူပေါ့”
ဘိုသန်က ကျွန်တော့်ကို သွားဖြဲတယ်။ ပြဲသွားတဲ့ သူ့ပါးစပ်က ဟောင်းလောင်းကြီး။ အထဲမှာ သွားသုံးချောင်းလောက်ပဲ ရှိမယ်ထင်တယ်။ မျက်နှာကလည်း ပိန်လွန်းလို့ အထဲကိုတောင် ခွက်ဝင်နေတယ်။ ခွန်ဖြူက ပြောတယ်။
“သူက စကားမပြောနိုင်ဘူး။ လျှာတွေရော သွားတွေပါ သဲစားသွားလို့”
“အဲဒါ ကျွန်တော် စိတ်မဝင်စားဘူး။ ခင်ဗျား ကျွန်တော့်ကို ဘယ်တော့ လွှတ်ပေးမှာလဲ”
ခွန်ဖြူက ကျွန်တော့်ကို အံ့ဩသလို ကြည့်တယ်။
“မင်းကို ဘယ်သူက ဖမ်းထားလို့လဲ”
“ဖမ်းထားတာနဲ့ အတူတူပဲ။ အခု ကျွန်တော့်ကို ခြေတွေလက်တွေပါ လှုပ်မရအောင် လုပ်ထားတာ မဟုတ်ဘူးလား”
ခွန်ဖြူ့မျက်နှာက ရယ်ချင်သလိုလို ဖြစ်သွားတယ်။ ဘိုသန့်ဘက်ကိုလှည့်ပြီး ပြောတယ်။
“ဘိုသန်။ ဒီကောင့်ကို လှုပ်လို့ရအောင် လုပ်ပေးလိုက်ပါ”
ဘိုသန်က သေတ္တာကို ဖွင့်တယ်။ အထဲက ပစ္စည်းတစ်ခုကို ထုတ်တယ်။ သူ့လက်ထဲမှာ ပါလာတဲ့ ပစ္စည်းကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။ ကော်နဲ့လုပ်ထားတဲ့ ပိုက်တစ်ခုပဲ။ အထဲမှာ အစိမ်းရောင် အရည်တွေ ပါတယ်။ ထိပ်မှာ သံချွန်တစ်ချောင်း တပ်ထားတယ်။ နောက်ပိတ်မှာ နောက်ထပ် ကော်ချောင်းတစ်ချောင်း ပါတယ်။ ဘိုသန်က ကော်ပိုက်ကို လက်ညိုးနဲ့ လက်ခလယ်ကြားမှာ ညှပ်တယ်။ ကျွန်တော့် ပေါင်ရင်းမှာ သံချွန်ကို စိုက်ချလိုက်တယ်။ ရုတ်တရက်ဆိုတော့ ကျွန်တော်လန့်ပြီး ခေါင်းထောင်ကြည့်လိုက်တယ်။ သံနဲ့ထိုးလို့ ထိုးမှန်းမသိအောင် ကျွန်တော့် တစ်ကိုယ်လုံး ထုံနေတာပဲ။ ဘိုသန်က အတံထိပ်က အချောင်းကို လက်မနဲ့ဖိတယ်။ အစိမ်းရောင်အရည်တွေ ကျွန်တော့် ပေါင်ထဲကို စီးဝင်သွားတယ်။
သုံးစက္ကန့်လောက်ပဲ ကြာမယ်ထင်တယ်.. တစ်သက်လုံးမှာ မကြုံဖူး၊ မခံစားဖူးတဲ့ နာကျင်မှုက ကျွန်တော့် တစ်ကိုယ်လုံးကို ဖုံးသွားတယ်။ အော်ဖို့တောင် သတိမရတော့လောက်အောင်ကို နာတာ။ တစ်ကိုယ်လုံးမှာ ထိထားသမျှ၊ ပေါက်ထားသမျှ၊ ပြဲထားသမျှ ဒဏ်ရာတွေဆီက နာကျင်မှုတွေ အခုမှ စုပေါင်းပြီး ကိုယ်ထဲမှာ ပေါက်ကွဲကုန်တယ်။ ကျွန်တော် အာခေါင်ကို ခြစ်ပြီး အော်လိုက်တယ်။ လှဲနေရာကနေ ဝုန်းကနဲ ထထိုင်တယ်။ ကျွန်တော့်ရဲ့ လက်နှစ်ဘက်လုံးက တုံးတိဖြစ်နေတဲ့ ညာဘက်ဒူးခေါင်းထိပ်ကို အလိုလို ရောက်သွားတယ်။ ခြေထောက်မရှိတော့တဲ့ အငုတ်က ဝေဒနာကို အခုမှ အပြည့်အ၀ ခံစားလာရတယ်။
ကျွန်တော် ဆက်တိုက်အော်နေတာ ဘယ်လောက်ကြာသွားသလဲ မသိဘူး။ နောက်ဆုံးမှာ အော်တောင်မအော်နိုင်တော့ဘဲ အသံသဲ့သဲ့ပဲ ညည်းနိုင်တော့တယ်။ ခွန်ဖြူက ကျွန်တော့်ကို မေးတယ်။
“ဘာလို့ မင်းကို မလှုပ်နိုင်အောင် လုပ်ထားသလဲဆိုတာ သဘောပေါက်ပြီလား”
ဒူးခေါင်းနေရာကို လက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ကျွန်တော် ခေါင်းကို အမြန်ညိတ်တယ်။ ခွန်ဖြူက ထပ်မေးတယ်။
“နားလည်ပြီလား”
ကျွန်တော် ခေါင်းကို ဆက်တိုက် ညိတ်တယ်။ စကားမပြောနိုင်ဘူး။
“အခု မင်းခြေထောက်နေရာမှာ အသားစတွေ ကျန်နေသေးတယ်။ အဲဒါတွေအကုန် ဖြတ်ထုတ်ရမယ်။ ပြီးမှ အစားထိုး တပ်ပေးလို့ရမယ်”
ဘာနဲ့ အစားထိုးမှာလဲ၊ ဘယ်လိုနည်းနဲ့ ခြေထောက်ကို ပြန်ထောက်လို့ရအောင် လုပ်ပေးမှာလဲ..အဲဒါတွေ ကျွန်တော် မမေးနိုင်သေးဘူး။ တစ်ကိုယ်လုံးကို တဆစ်ဆစ်ထိုးဆွနေတဲ့ ဝေဒနာ တစ်သောင်းကြားမှာ ကျွန်တော် မူးမေ့လဲချင်လာတယ်။
“အရင်ဆုံး မင်းကို သတိမေ့သွားအောင် လုပ်ရမယ်။ မေးချင်တာတွေရှိရင် နိုးလာမှ မေးတော့။ ထပ်ဆဲချင်သေးရင်လည်း ခဏစောင့်လိုက်ဦး”
ပြောပြီး ခွန်ဖြူက ထထွက်သွားတယ်။ ဘိုသန်က သေတ္တာထဲက နောက်ထပ် ကော်ပိုက်ချောင်း တစ်ခုကို ထုတ်တယ်။ ဒီဟာလည်း စောစောက ပိုက်နဲ့ ခပ်ဆင်ဆင်ပဲ။ ဒါပေမယ့် ထိပ်မှာတပ်ထားတဲ့ သံချွန်က ပိုကြီးတယ်။ ပိုက်ချောင်းထဲမှာ အရောင်တလက်လက်တောက်နေတဲ့ အပြာရောင် ဆေးရည်တွေ။ ဘိုသန်က ပိုက်ချောင်းကို ညာဘက်လက်မှာကိုင်တယ်။ ကျွန်တော့် လည်ပင်းကို သူ့ဘယ်လက်နဲ့ တင်းတင်းကိုင်တယ်။ ပိုက်ထိပ်က သံချွန်နဲ့ ကျွန်တော့် လည်ပင်းကို ဆတ်ကနဲထိုးလိုက်တယ်။ လည်ပင်းတစ်ခုလုံး ပူကနဲ ဖြစ်သွားတယ်။
လက်နှစ်ဘက်လုံးက ဒူးထိပ်ကို ဖိထားရတဲ့အတွက် ကျွန်တော် မရုန်းနိုင်ဘူး။ လည်ပင်းက အပူရှိန်က တစ်ကိုယ်လုံးကို တဖြည်းဖြည်း ပြန့်သွားတယ်။ ခေါင်းထဲမှာ တရိပ်ရိပ်ဖြစ်လာတယ်။ ထိုင်နေရာကနေ ကျွန်တော် ပက်လက်လန် လဲကျသွားတယ်။
ပြီးတော့ ဘာမှ မသိတော့ဘူး။
(၄)
ကျွန်တော် သတိရလာတော့ အခန်းရဲ့ မြင်ကွင်းက ပြောင်းသွားပြီ။ စောစောက နေရာ မဟုတ်တော့ဘူး။ ဒီအခန်းက ပိုလင်းတယ်။ ပိုသန့်တယ်။ ပိုကျယ်တယ်။ ကျွန်တော် ထထိုင်လိုက်တယ်။ ပြေးဝင်ဆောင့်လာမယ် နာကျင်မှုကို အံကြိတ်ပြီး စောင့်လိုက်တယ်။ ဒါပေမယ့် နာတဲ့ဒဏ်က ရောက်မလာဘူး။ တစ်ကိုယ်လုံး ရှိန်းတိန်းတိန်း ဖြစ်နေတာပဲ ရှိတယ်။ ကျွန်တော့်အောက်မှာ ခင်းထားတဲ့ အိပ်ရာက တော်တော်လေး နူးညံ့တယ်။ အဖြူရောင်အိပ်ရာခင်း ခင်းထားတယ်။ ပြီးတော့ ကျွန်တော် ကြမ်းပြင်ပေါ်မှာ မဟုတ်ဘူး။ ခုတင် ပေါ်မှာ ရောက်နေတာပဲ။ ကျွန်တော့် ဒူးခေါင်းပေါ်မှာ စောင်တစ်ထည် ဖုံးထားတယ်။ စောင်ကလည်း အဖြူရောင်ပဲ။ ဒီလောက်သန့်တဲ့ အဖြူရောင် အဝတ်မျိုး ကျွန်တော် တစ်ခါမှ မတွေ့ဖူးဘူး။ အခန်းပတ်ပတ်လည်ကို ကျွန်တော် ဝေ့ကြည့်လိုက်တယ်။ အခန်းနံရံတွေက အိုဟောင်းနေပေမယ့် စောစောက အခန်းနဲ့ယှဉ်လိုက်ရင် တော်တော်လေး သန့်ပြန့်နေတယ်။ ပင့်ကူအိမ်တွေ၊ အညိုအမည်း အကွက်တွေ မရှိဘူး။ အခန်းထဲမှာ ပန်းကန်ခွက်ယောက်တွေ တင်ထားတဲ့ သစ်သားစားပွဲခုံ တစ်လုံးရှိတယ်။ စားပွဲပတ်လည်မှာ ထိုင်ခုံတွေ ချထားတယ်။ စာအုပ်တွေ အစီအရီတင်ထားတဲ့ ဘီရိုတစ်လုံး တွေ့တယ်။ ဒီလောက်များတဲ့ စာအုပ်တွေ ဘယ်နေရာကနေ ရှာပြီး စုထားတာပါလိမ့်..။ အခန်းထဲမှာ တခြား ပရိဘောဂတော့ မတွေ့ရဘူး။ ဒါ.. ဘယ်ရောက်နေတာလဲ။ တိုက်တန်းထဲမှာ ဒီလောက် ကောင်းတဲ့ အခန်းမျိုး ရှိသလား။
ကျွန်တော် ရုတ်တရက် သတိရသွားပြီး ခြေထောက်ကို ဖုံးထားတဲ့စောင်ကို ဆွဲလှန်လိုက်တယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော့် နှလုံးခုန်သံ ခဏ ရပ်သွားတယ်။
မရှိတော့တဲ့ ညာဘက်ခြေထောက်နေရာမှာ ကျွန်တော် တစ်ခါမှ မတွေ့ဖူးတဲ့ ပစ္စည်းတစ်ခု တပ်ထားတယ်။ ဒူးဆစ်နေရာမှာ တပ်ထားတဲ့ သံချောင်းတစ်ခု။ သံချောင်းမဟုတ်ဘူး.. သံပြားလို့ ပြောရမယ်။ သံပြားက နှစ်လက်မလောက် ကျယ်မယ်။ တစ်လက်မလောက် ထူတယ်။ ဒူးထိပ်ကနေ အောက်ကို ဖြောင့်ဆင်းသွားပြီး အောက်နားကို ရောက်တော့ ပစောက်ပုံစံ ကွေးသွားတယ်။ ကျွန်တော် အလန့်တကြားနဲ့ ညာဘက်ပေါင်ကို ဆွဲမလိုက်တယ်။
ဒူးဆစ်ထိပ်မှာ စွပ်ထားတဲ့ အစွပ်က သစ်သားနဲ့လုပ်ထားတာပဲ။ သစ်သားခွက်အောက်မှာ သံချောင်းကို တပ်ထားတာ။ သစ်သားက ချောမွတ်ပြီး ပြောင်လက်နေတယ်။ ကျွန်တော် သံချောင်းကို လက်နဲ့ သပ်ကြည့်လိုက်တယ်။ အေးစက်နေတဲ့ သတ္တုရဲ့ အထိအတွေ့ကြောင့် တွန့်ကနဲ ဖြစ်သွားတယ်။ ကျွန်တော့် ခြေထောက်ကို အစားထိုးပေးမယ်ဆိုတာ ဒါလား..။
ကျွန်တော် ခုတင်ပေါ်ကနေ အောက်ကို ဆင်းလိုက်တယ်။ ဘယ်ဘက်ခြေထောက်ကို အရင်ချတယ်။ လက်နဲ့ထောက်ပြီး ကိုယ်ကို ထိန်းတယ်။ ညာဘက် ခြေထောက်.. ခြေထောက်မဟုတ်ဘူး.. သံချောင်းကို ထောက်ကြည့်တယ်။ ကြမ်းပြင်နဲ့ သံချောင်း ထိပြီး ဒေါင်ကနဲ အသံထွက်လာတော့ ကျွန်တော် နည်းနည်းလန့်သွားတယ်။ အရဲစွန့်ပြီး ပြန်ထောက်ကြည့်တယ်။ သံချောင်းရဲ့ ထိပ်အကွေးက ကျွန်တော့် ကိုယ်အလေးချိန်ကြောင့် ညွတ်ကျသွားတယ်။ ကျွန်တော် လန့်သွားပြီး ယိုင်ထိုးသွားတယ်။ လူပါလဲကျတော့မလို ဖြစ်သွားတယ်။ ခုတင်စွန်းကို အမြန်ဖမ်းကိုင်ပြီး ထိန်းလိုက်ရတယ်။
ခဏလောက် အသက်ကို ပြင်းပြင်းရှူပြီး ခုတင်ကို ကိုင်ထားတဲ့ လက်ကို လွှတ်လိုက်တယ်။ ခြေလှမ်း တစ်လှမ်း လှမ်းကြည့်တယ်။ အံ့ဩဖို့ကောင်းလောက်အောင်ပဲ.. ကျွန်တော် လဲကျမသွားဘဲ အရှေ့ကို တစ်လှမ်း ရောက်သွားတယ်။ သံချောင်းထိပ်က ညွတ်သွားပေမယ့် ကျွန်တော့် ကိုယ်ခန္ဓာကို ကောင်းကောင်း ထိန်းထားပေးတာပဲ။ ဒူးခေါင်းထိပ် အစွပ်နေရာက နည်းနည်းတော့နာတယ်။ ဒါပေမယ့် သတိလစ်မသွားခင်တုန်း နာကျင်မှုနဲ့ ယှဉ်လိုက်ရင် ဘာမှ မပြောပလောက်ဘူး။ ကျွန်တော် နောက်တစ်လှမ်း ထပ်လှမ်းကြည့်တယ်။ ပြီးတော့ နောက်တစ်လှမ်း။
ထင်မှတ်မထားဘဲ ကျွန်တော် ပြုံးမိသွားတယ်။ ဆုံးရှုံးလိုက်ရပြီလို့ ထင်ထားတဲ့ အရာတစ်ခုကို အစားပြန်ရလိုက်တဲ့ ခံစားချက်ကြောင့် ဖြစ်မယ်ထင်တယ်။ ခေါင်းထဲမှာ ဘာမှ မတွေးမိဘဲ အခန်းကို ပတ်ပြီး ကျွန်တော် လမ်းလျှောက်တယ်။ ခြေလှမ်းတိုင်းက စွန့်စားခန်း အသစ်ထွက်ရသလို ဖြစ်နေတယ်။ အခန်းကို ပတ်လျှောက်နေရင်း တဖြည်းဖြည်း ကျင့်သားရလာတယ်။ လက်တွေ ဘယ်ယိမ်း ညာယိမ်း လုပ်စရာမလိုတော့ဘဲ ဟန်ချက်ကို ထိန်းနိုင်လာတယ်။
ဘယ်လောက်ကြာကြာ လမ်းလျှောက်နေမိသလဲ မသိဘူး။ အခန်းတံခါးပွင့်လာတော့ ကျွန်တော့် နှဖူးမှာ ချွေးတွေတောင် စို့နေပြီ။ အခန်းထဲကို ဝင်လာတဲ့သူက ကျွန်တော် ဘယ်လိုမှ ထင်မထားတဲ့သူ။ ငမျိုး သေတဲ့ နေ့ကတည်းက ပြန်မတွေ့ရတော့တဲ့သူ။
ဦးအောင်သောင်း။
(၅)
ဦးအောင်သောင်းရဲ့ မျက်နှာက အနှစ်နှစ်ဆယ်လောက် အိုစာသွားသလိုပဲ။ ဒါပေမယ့် သူ့ကိုယ်မှာ ဝတ်ထားတဲ့ ဝတ်စုံက ကျွန်တော် တစ်ခါမှ မတွေ့ဖူးတဲ့ ဝတ်စုံမျိုး။ ဝတ်စုံတစ်ခုလုံး နက်ပြောင်နေတဲ့ အစတွေနဲ့ ချုပ်ထားတယ်။ ဘောင်းဘီ ဘေးနှစ်ဘက်မှာရော၊ အင်္ကျီမှာပါ အိတ်ကပ်တွေ အများကြီးတပ်ထားတယ်။ ပြီးတော့ ဦးအောင်သောင်းရဲ့ လက်ထဲမှာ ခေါင်းစွပ်တစ်ခု ကိုင်ထားတယ်။ ခေါင်းစွပ်ကလည်း အနက်ရောင်ပဲ။ ခေါင်းစွပ်ရှေ့မှာ လေကာမှန်ပြားတပ်ထားတယ်။ ကျွန်တော်တို့ ဝင်းသမားတွေ အပြင်ထွက်ရင် စွပ်တဲ့ အစွပ်မျိုးပေါ့။ ဒါပေမယ့် နည်းပညာရော၊ အရည်အသွေးရော အဆမတန်ကွာမှန်း ကြည့်လိုက်တာနဲ့ သိသာနေတယ်။
ပါးစပ်ဟောင်းလောင်းနဲ့ ကြည့်နေတဲ့ ကျွန်တော့်ကို ဦးအောင်သောင်းက ပြုံးပြတယ်။ စားပွဲဘေးမှာ ချထားတဲ့ ခုံမှာ ဝင်ထိုင်တယ်။ ကျွန်တော့်ကို ဘေးကခုံမှာ လာထိုင်ဖို့ ခေါ်တယ်။
“ခြေထောက်က ထောက်လို့ အဆင်ပြေသွားပြီလား။ လမ်းတောင် လျှောက်နေပြီပဲ”
ကျွန်တော် ဘာပြန်ပြောရမှန်းမသိဘဲ အတော်ကြာကြာ ကြောင်ကြည့်နေမိတယ်။
“မင်းမှာ မေးစရာတွေ အများကြီး။ လာပါ။ အရင်ထိုင်လိုက်”
ကျွန်တော် ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။ ကျွန်တော့် မျက်လုံးက ဦးအောင်သောင်းရဲ့ ဝတ်စုံကနေ ခွာလို့မရဘူးဖြစ်နေတယ်။ ခေါင်းထဲမှာ မေးစရာမေးခွန်းတွေ ပြည့်သိပ်ပြီး ဘယ်ကစလို့ စရမှန်း မသိဖြစ်နေတယ်။ တုန်နေတဲ့ အသံကို ထိန်းပြီး ကျွန်တော် မေးလိုက်တယ်။
“ကျွန်တော် အခု ဘယ်ရောက်နေတာလဲ။ ဦးက ဘာလို့ ဒီဝတ်စုံဝတ်ထားတာလဲ။ ဟိုလူတွေနဲ့ ဘယ်လို ပတ်သက်နေတာလဲ.. ပြီးတော့.. ပြီးတော့.. ငမျိုး..”
ငမျိုးရဲ့နာမည်ကို ကြားတော့ သူ့မျက်နှာက ပိုပြီး မှိုင်ကျသွားတယ်။ ပိုပြီး အိုစာသွားတယ်။ ဦးအောင်သောင်းက လက်ထဲမှာ ပိုက်ထားတဲ့ ခေါင်းစွပ်ကို စားပွဲပေါ်ကို တင်တယ်။ မျက်နှာကို လက်နှစ်ဘက်နဲ့ သပ်တယ်။
“ငါ့အပြစ်ပါပဲ။ သူမလုပ်ချင်တာကို အတင်းခိုင်းမိတာ ငါ့အပြစ်ပဲ..”
ခေါင်းထဲက မေးခွန်းတွေက အသံတွေပါ မြည်လာပြီး ဆူညံပွက်လောရိုက်နေပြီ။ ကျွန်တော် စိတ်မရှည်ဖြစ်လာတယ်။ ဒေါသစိတ်ကို ထိန်းပြီး ထပ်မေးတယ်။
“ဘာခိုင်းတာလဲ။ ဘာတွေပြောနေတာလဲ..။ ငမျိုးက ဘယ်လိုလုပ် သူပုန်ဖြစ်သွားတာလဲ။ ဦးကရော ဘာဖြစ်လို့.. ဒီ..”
တရစပ်မေးနေတဲ့ ကျွန်တော့်ကို ဦးအောင်သောင်းက လက်ကာပြတယ်။
“ခဏလေး..။ မင်းစိတ်ကို ရှည်ရှည်ထားစမ်း။ ငါပြောတာကို သည်းခံပြီး အရင်နားထောင်လိုက်..။ ဝူးဝူးဝါးဝါးတွေ လုပ်မနေနဲ့။ အရင်နားထောင်။ ဟုတ်ပြီလား..”
ကျွန်တော် မျက်နှာကို လက်ဝါးနဲ့ အုပ်လိုက်တယ်။ အသက်ကို ပြင်းပြင်းရှူတယ်။ တဝုန်းဝုန်းခုန်နေတဲ့ ရင်ဘတ်က ပေါက်ထွက်သွားတော့မလို ဖြစ်နေပြီ။
“မင်း.. အဲဒီ ခြံဝင်းနဲ့ ပတ်သက်ပြီး ဘယ်လောက်သိသလဲ။ ငမျိုး မင်းကို ဘာပြောပြသွားလဲ..”
ကျွန်တော် ခေါင်းခါလိုက်တယ်။
“ဘာသိရမှာလဲဗျ။ တစ်သက်လုံး အထဲမှာပဲ နေလာတာပဲ။ အပြင်ထွက်မရလို့ အထဲမှာပဲ နေရတာလေ။ ထွက်တဲ့သူတွေလည်း အကုန်သေကုန်တာပဲ။ ပြီးတော့ ငမျိုးက ကျွန်တော့်ကို ဘာပြောရမှာလဲ.. သူလည်း ကျွန်တော်နဲ့ အတူတူ ကြီးလာတဲ့သူ။ ဒီဝင်းထဲမှာပဲ..”
ဦးအောင်သောင်းက သက်ပြင်းချတယ်။
“အပြင်နဲ့ အထဲ။ အထဲနဲ့ အပြင်။ ဒီစကားနှစ်လုံးပဲ သိတော့တယ်။ မင်းလည်း တခြားသူတွေလိုပဲ ဒီ့ထက်ပိုပြီး မစဉ်းစားတတ်တော့ဘူး။ ဟုတ်ပြီ။ မင်းမေးတာတွေကို ငါ မေးခွန်းတွေနဲ့ပဲ ပြန်ဖြေမယ်။ မဟုတ်ရင် ဘယ်လိုမှ နားလည်အောင် ရှင်းပြလို့ ရမှာ မဟုတ်ဘူး”
ကျွန်တော် ကြားဖြတ်ပြောမလို့ပြင်တော့ ဦးအောင်သောင်းက လက်ကာပြပြန်တယ်။
“နေဦး။ ငါမေးတာကို အရင်ဖြေ။ အုပ်ချုပ်ရေးရုံးရဲ့ ရည်ရွယ်ချက်ကဘာလဲ”
“ဘာကို မေးတာလဲ။ အုပ်ချုပ်ရေးရုံးပါဆိုမှ ကျွန်တော်တို့ကို အုပ်ချုပ်မလို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းပေါ့ဗျ။ သူတို့ မရှိဘဲ ကျွန်တော်တို့ ဘယ်လို နေမှာလဲ။ ဘာမှမှ မလုပ်တတ်ဘဲ..”
ဦးအောင်သောင်းက ခေါင်းခါတယ်။
“မဟုတ်ဘူး။ မင်းတွေးတာ ပြောင်းပြန်ဖြစ်နေပြီ။ သူတို့မရှိဘဲ.. လို့ မတွေးနဲ့။ ငါတို့… မင်းတို့ ငါတို့ ၀င်းသမားတွေ မရှိရင် သူတို့ ဘာဖြစ်သွားမလဲ။ အဲဒါကို မင်းအရင်စဉ်းစား..”
ကျွန်တော် တွေကနဲ ဖြစ်သွားတယ်။ သူပြောသလို ကျွန်တော် တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ ကျွန်တော်တို့ မရှိရင် သူတို့ ဘာဖြစ်မှာလဲ။ စိုက်ခင်းမှာ အလုပ်လုပ်မယ့်သူတွေ မရှိတော့ဘူး၊ ဆိုလာပြားတွေကို သန့်ရှင်းရေး လုပ်ပေးမယ့်သူတွေ မရှိတော့ဘူး။ သဲကော်မယ့်သူတွေ ဖုန်ရှင်းမယ့်သူတွေ မရှိတော့ဘူး။ ဒါပေမယ့် အခုဟာ အပေးအယူသဘောမျိုးနဲ့ လုပ်နေကြတာပဲ မဟုတ်လား။ ဝင်းသမားတွေက လုပ်အား ပေးမယ်၊ ရုံးဘက်က အုပ်ချုပ်ပေးမယ်။ ဒါပဲလေ။ ပညာမတတ်တဲ့ကျွန်တော်တို့ကို ပညာတတ်တဲ့ သူတို့က စောင့်ရှောက်ပေးနေတာလေ။ မီးလာအောင် ဘယ်လိုလုပ်ရမလဲ။ ဘက်ထရီတွေကို ဘယ်လိုပြင်ရမလဲ။ ရေစက်တွေ ပျက်ရင် ဘယ်လို ပြင်မလဲ။ စိုက်ခင်းတွေ မျိုးမတုံးအောင် ဘယ်လို လုပ်မလဲ.. ဒါတွေကို ကျွန်တော်တို့ သိမှ မသိဘဲ။ နားမှမလည်ဘဲ။ ပြီးတော့ အရေးအကြီးဆုံးက ဒီဝင်းထဲမှာ သူတို့ မအုပ်ချုပ်ရင် အကုန်လုံး လုယက် သတ်ဖြတ်ကုန်ကြမှာပေါ့၊ မဟုတ်ဘူးလား။ ပြီးတော့ ရုံးဘက်မှာက အလွန်ဆုံးရှိမှ လူတစ်ရာ နှစ်ရာပေါ့။ ဝင်းသမားတွေက နှစ်ထောင်ကျော်တယ်။ ဒီလူတွေ တစ်နေ့တစ်နေ့ စားဖို့သောက်ဖို့၊ မီးရဖို့ ရေရဖို့ ရုံးဘက်ကပဲ လုပ်ပေးနေတာ။ ဝင်းသမားတွေကို အလုပ်ခိုင်းတယ်ဆိုပေမယ့် ချလံတွေ ပေးနေတာပဲ။ သူတို့တွေ ဘယ်လိုပဲ ရက်စက်သည်ဖြစ်စေ၊ အနိုင်ကျင့်သည် ဖြစ်စေ.. နောက်ဆုံးမှာ သူတို့ မရှိလို့ မဖြစ်ဘူးဆိုတာ အားလုံးက နားလည် လက်ခံထားတာပဲ။ ငမျိုးအသတ်ခံရတဲ့ အတွက် ကျွန်တော့်ရဲ့ ခံယူချက်တချို့ ပြောင်းပြန်လန်သွားခဲ့တာတော့ မှန်တယ်။ ရုံးကို ကျွန်တော် မုန်းသွားတယ်။ ရွံသွားတယ်။ ဒါပေမယ့် .. ကျွန်တော်တို့ ဘာလုပ်လို့ ရမှာလဲ။ ပြီးတော့ အခုအချိန်မှာ ကျွန်တော့်အတွက် အရေးအကြီးဆုံးက ဝင်းလည်းမဟုတ်ဘူး၊ ရုံးလည်းမဟုတ်ဘူး၊ သူပုန်တွေလည်းမဟုတ်ဘူး.. ကျွန်တော့် ခေါင်းထဲမှာ မေနှင်း တစ်ယောက်ပဲရှိတယ်။ သူ့ကို အသက်ရှင်လျက် ပြန်တွေ့ချင်တယ်..။
“နောက်ထပ် တစ်ခု ထပ်မေးမယ်။ ဒီတစ်ခါ မင်း သေသေချာချာ စဉ်းစားပြီးမှဖြေ။ အခု ရုံးဘက်က ကိုင်ထားတဲ့ သေနတ်တွေ၊ ကျည်ဆံတွေ ဘယ်က ရသလဲ။ ပြီးတော့ သူတို့ စားနေတဲ့ အစားအသောက်တွေ၊ ငါတို့ကို ထုတ်မပေးဘဲ ဖွက်ထားတဲ့ ဆေးဝါးတွေ.. ဒါတွေရော ဘယ်က ရသလဲ..”
“အဲဒါ ကျွန်တော်တို့ အလုပ်မှ မဟုတ်ဘဲဗျ။ သူတို့ဘာသာသူတို့ ဘယ်ကရရပေါ့။ အရင်ကတည်းက၊ ဥက္ကဌအဖေလက်ထက်ကတည်းက ဒီပစ္စည်းတွေ လှောင်ထားခဲ့လို့ နေမှာပေါ့။ သူတို့ဆီမှာ အစားအသောက်တွေ ဆေးဝါးတွေ ရှိတယ်လို့ ဦးက ဘယ်လိုသိသလဲ.. အဓိပ္ပာယ်မရှိတာ။ ဝင်းထဲမှာ ရှိတာတွေပဲ သူတို့ သုံးလို့ရမှာပေါ့ဗျ။ အပြင်ကဟာတွေကို ဘယ်လို သွားယူမှာလဲ”
ဦးအောင်သောင်းက စိတ်ပျက်လက်ပျက်နဲ့ ရယ်တယ်။
“ဥက္ကဌကြီးလည်း ငါတို့လိုပဲ အာလူးပြုတ်စားနေတယ်လို့ မင်းက ထင်တာလား။ ပြီးတော့ ရုံးဘက်ကလူတွေထဲမှာ ငါတို့လို ဘာမဟုတ်တဲ့ ဒဏ်ရာလေးတွေနဲ့ ဖျားနာပြီး သေတဲ့သူ ဘယ်နှယောက်ရှိသလဲ”
“သူတို့မှာ အဲဒါတွေရှိတယ်ဆိုတာ ဦးက ဘယ်လိုသိသလဲ။ ကျွန်တော်မေးတာကို ဦးမဖြေသေးဘူး”
ဦးအောင်သောင်းက ကျွန်တော့်ကို သေချာစိုက်ကြည့်တယ်။
“ရုံးထဲမှာ ငါတို့ဘက်က သူလျှိုတွေ ထည့်ထားတယ်။ သူတို့ဆီကနေ သိရတဲ့အချက်အလက်တွေ မင်းကို ပြန်ပြောပြလိုက်ရင် မင်း အဲဒီနေရာမှာတင် မေ့လဲသွားလိမ့်မယ်”
ကျွန်တော် ဦးအောင်သောင်းကို နားမလည်တဲ့ မျက်လုံးနဲ့ ကြည့်မိသွားတယ်။ ငါတို့ဘက်က..တဲ့။ ဒါဆို..
….ဦးအောင်သောင်းက ကျွန်တော် တွေးနေတာကို ရိပ်မိပုံပဲ။
“ခွန်ဖြူက ငါ့ရဲ့ ညီ။ ငမျိုးရဲ့ ဦးလေး”
ကျွန်တော့်ခေါင်းထဲမှာ ပြန့်ကျဲနေတဲ့ ပဟေဠိအပိုင်းအစတချို့ ဆက်ကနဲ ဆက်စပ်သွားတယ်။ ငမျိုးရဲ့ စကားတွေနဲ့ အခု ဦးအောင်သောင်းပြောတဲ့ စကားတွေကြားက ဆက်နွယ်မှုက ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာတယ်။
“ကြယ်တံခွန်အဖွဲ့ဆိုတာ ငါနဲ့ ခွန်ဖြူနဲ့ ထောင်ထားတဲ့ အဖွဲ့ပဲ”
ကျွန်တော် တော်တော်ကြာအောင် တိတ်ဆိတ်သွားတယ်။ ဒါဆိုရင် ငမျိုးက သူပုန်ဖြစ်နေတာ ကြာခဲ့ပြီပေါ့။ ဦးအောင်သောင်းကရော ဘာဖြစ်လို့ သူပုန်တွေနဲ့ သွားပုန်းမနေဘဲ ဝင်းသမားတွေနဲ့ ရောပြီး နေနေသလဲ။ ဦးအောင်သောင်းက ဆက်ပြောတယ်။
“ဒီဝင်းရဲ့ အဆိုးဆုံး ပြဿနာက ဘာလဲ မင်းသိလား။ ငါတို့ကို မ၀ရေစာ ကျွေးနေတာလည်း ပြဿနာမဟုတ်ဘူး၊ ရုံးကလူတွေ အာဏာကို အလွဲသုံးစားလုပ်ပြီး ဝင်းသမားတွေကို နှိပ်စက်နေတာလည်း ပြဿနာမဟုတ်ဘူး၊ နည်းပညာတွေ၊ ဆေးဝါးတွေကို မောင်ပိုင်စီးထားတာလည်း ပြဿနာမဟုတ်ဘူး၊ တစ်ဝင်းလုံး ငတ်နေတဲ့ အချိန်မှာ ဥက္ကဌကြီး ၀ဖီးနေတာလည်း ပြဿနာမဟုတ်ဘူး..တကယ့်ပြဿနာက ဘာလဲဆိုတော့ လူတွေရဲ့ မျှော်လင့်ချက်တွေကို ရိုက်သတ်ပစ်တာ.. အဲဒါက အဆိုးဆုံးပဲ”
“ဘာမျှော်လင့်ချက်လဲ..”
“ငါတို့ ဝင်းသမားတွေဟာ ခွေးတွေ၊ နွားတွေနဲ့ ဘာမှ မကွာတော့ဘူး။ ဒီနေရာမှာနေ၊ ဒီဟာကိုလုပ်ရင် အစာစားရမယ်ဆိုတာသိတော့ ဘာကိုမှ မေးခွန်းမထုတ်တော့ဘဲ ပါးစပ်ထဲရောက်လာမယ့်အရာကိုပဲ မျှော်နေကြတာ။ နေ့သစ်တွေ၊ နေရာသစ်တွေကို မျှော်လင့်လို့ မရတော့ဘူးဆိုတော့ ဒီနေ့နဲ့ မနက်ဖြန်အတွက် အသက်ဆက်ဖို့ပဲ ခေါင်းထဲမှာ ရှိတော့တယ်။ ဘာမှ မသိချင်ကြတော့ဘူး”
ဦးအောင်သောင်းရဲ့ စကားတွေက ငမျိုးနဲ့ တစ်ထပ်တည်းပါလား။ ကျွန်တော့်အာရုံထဲမှာ ကျိုးကြေပြီး သေနေတဲ့ ငမျိုးရဲ့ အလောင်းကို မြင်ယောင် လာပြီး ရင်ထဲမှာ နင့်ကနဲ ဖြစ်သွားတယ်။
“အပြင်က ကမ္ဘာကို စိတ်မဝင်စားတော့တဲ့အခါ အထဲမှာတင် ရှင်လျက်နဲ့ သေတဲ့ဘ၀ ရောက်သွားတာပဲ”
“ဒါပေမယ့် အပြင်က ကမ္ဘာက ရှိမှ မရှိတော့ဘဲ..”
“လာ.. ငါနဲ့ လိုက်ခဲ့”
ဦးအောင်သောင်းက ထိုင်ရာကနေ ထလိုက်တယ်။ တံခါး၀ဘက်ကို လျှောက်သွားတယ်။ ကျွန်တော်ထိုင်ခုံကနေ ထပြီး ဦးအောင်သောင်းနောက်ကို လိုက်သွားတယ်။
အခန်းထဲကထွက်ပြီး ညာဘက်ကိုကွေ့လိုက်တော့ အုတ်လှေကားတစ်ခုကိုတွေ့တယ်။ အပေါ်ကို တက်သွားတဲ့ လှေကားက တော်တော်လေး မြင့်တယ်။ လှေကားရဲ့ ထိပ်မှာ တံခါးတစ်ခု။ ဦးအောင်သောင်းက အပေါ်ကို ဖြည်းဖြည်းမှန်မှန် တက်သွားတယ်။ ကျွန်တော်ကတော့ သံခြေထောက်အသစ်စက်စက်ကို အားပြုပြီး ထော့နဲ့ထော့နဲ့နဲ့ နောက်ကနေ လိုက်တယ်။ ခေါင်းထဲမှာလည်း တွေးနေမိတယ်။ တိုက်တန်းဘက်မှာ ဒီလို မြေအောက်ခန်းရှိလို့လား..။ ဘယ်နေရာမှာပါလိမ့်..။
အပေါ်ဆုံးမှာ ရောက်နှင့်နေတဲ့ ဦးအောင်သောင်းက တံခါးကို မဖွင့်သေးဘဲ တစ်လှမ်းချင်း တက်လာနေတဲ့ ကျွန်တော့်ကို စောင့်နေတယ်။ ကျွန်တော် အပေါ်ဆုံး လှေကားထစ်နားကိုရောက်တော့ ဦးအောင်သောင်းက ကျွန်တော့်လက်ကို လှမ်းဆွဲပြီး ကူပေးတယ်။ ကျွန်တော့်ကို ပြောတယ်။
“ဒီနေ့ကစပြီး မင်းထင်ထား မြင်ထားတာတွေ အကုန် မေ့လိုက်တော့”
ပြောပြီးတာနဲ့ ဦးအောင်သောင်းက တံခါးကို ဖွင့်လိုက်တယ်။
(၆)
ကျွန်တော့်တစ်သက်မှာ ပါးစပ်ဟောင်းလောင်းပွင့်ပြီး ဆွံ့အသွားရတဲ့ အခိုက်အတန့်တွေ အများအပြားရှိခဲ့ဖူးပါတယ်။ အဖေနဲ့အတူ မျှော်စင်ပေါ်ကို လိုက်သွားပြီး အပြင်လောကကို ငေးကြည့်ခွင့်ရတဲ့ အချိန်။ ငမျိုး ဘယ်ကဘယ်လို ရလာမှန်းမသိတဲ့ ကြက်ကောင်လုံးကင်ကို မြင်လိုက်ရတဲ့ အချိန်။ ပြီးတော့ စိုက်ခင်းဘက်ကနေ ပြန်လာတဲ့ မေနှင်းနဲ့ ပထမဆုံး စတွေ့တဲ့အချိန်..
ဒါပေမယ့် အခုတစ်ခါ ကတော့ အရင်တုန်းက အံ့အားသင့် ဆွံ့အခဲ့ရသမျှ အချိန်တွေအားလုံးကို ဘာမှမဟုတ်တဲ့ အရာတွေလို ရိုက်ချိုးပစ်လိုက်တယ်။
ဦးအောင်သောင်း တံခါးဖွင့်ဖွင့်လိုက်ချင်းမှာ ကျွန်တော့်မျက်လုံးထဲကို အလင်းရောင်နဲ့အတူ မြင်ကွင်းကျယ်ကြီးတစ်ခု လှိမ့်ဝင်လာတယ်။ မျက်စိတဆုံး မြင်နေရတဲ့ မြေပြန့်ကွင်းပြင်တွေ.. ဖုန်အလိမ်းလိမ်းနဲ့ သစ်ပင်တွေ။ ကျွန်တော် အခု တောင်ပေါ်မှာ မဟုတ်ဘူး.. တောင်ခြေကို ရောက်နေတာပဲ။ ဝင်းထဲမှာ မဟုတ်ဘူး.. အပြင်မှာ..။
ကျွန်တော့်ရဲ့ ခေါင်းပေါ်မှာ မိုးထားတဲ့ အရာကို မော့ကြည့်လိုက်တယ်။ ကွန်ကရစ် လမ်းမကြီး..။ လမ်းမ မဟုတ်ဘူး..။ တံတား။ မိုးပျံ တံတားကြီးပဲ။ တံတားတလျှောက် ကျွန်တော့်မျက်လုံးက လိုက်ပါသွားတယ်။ တံတားက ကွေ့ရင်းကောက်ရင်း ကွင်းပြင်ထဲအထိ ဆင်းသွားတယ်။ မြင်ကွင်းရဲ့ ဘယ်ဘက်ခြမ်းကို ကွေ့ချသွားတယ်။ ကွေ့သွားတဲ့ တံတားနောက်ကို ကျွန်တော် လိုက်ကြည့်မိတယ်။
တံတားက ဘယ်ဘက်ခြမ်းကို ဆက်ကွေ့ရင်း တောင်ခြေနားက ပြွတ်သိပ်ကြပ်ညပ်နေတဲ့ အဆောက်အဦးတွေဆီမှာ အဆုံးသတ်သွားတယ်။ ဒီလောက်များတဲ့ အိမ်တွေကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။ စာအုပ်တွေထဲမှာ ဖတ်ဖူးတဲ့ .. မြို့ဆိုတာ.. အဲဒါဖြစ်မယ်ထင်တယ်။ အထပ် ဘယ်နှထပ်မှန်းတောင် မသိရလောက်အောင် မြင့်တဲ့ တိုက်အမြင့်ကြီးတွေ။ မြို့တစ်မြို့လုံးကို လွန်းထိုးယက်ထားတဲ့ တံတားတွေ၊ လမ်းတွေ..။ ဒါပေမယ့် အဆောက်အဦးတွေကြားမှာ လွင့်ပျံနေတဲ့ဖုန်တောတွေ၊ သဲမုန်တိုင်းတွေနဲ့ တလိပ်လိပ် လည်နေတဲ့ လေပွေတွေ ရှိနေသေးတယ်။ လူနေတဲ့ ပုံတော့ မပေါ်ဘူး။ မြို့ပျက်ကြီးပဲ။
ပြီးတော့ ဟိုး မိုးကုတ်စက်ဝိုင်းနားမှာ အရောင်တလက်လက်တောက်နေတဲ့ အရာတစ်ခု..။ ကျွန်တော် နေရောင်ကို လက်နဲ့ကာပြီး သေချာကြည့်လိုက်တယ်။ တလက်လက်တောက်နေတဲ့အရာက တခြားမဟုတ်ဘူး။ ကျွန်တော် စာအုပ်တွေထဲမှာ ဖတ်ဖူးတဲ့၊ သူများပြောတာပဲ ကြားဖူးတဲ့၊ ပုံပြင်တွေထဲမှာပဲ ပါတဲ့.. ပင်လယ်။
ဘယ်လောက်ကြာကြာ ငေးကြည့်နေမိသလဲ မသိဘူး။ ဦးအောင်သောင်း ကျွန်တော့်ပခုံးကို လာဖက်မှ ကျွန်တော် အသက်ပြန်ဝင်လာတယ်။ ကျွန်တော် လန့်ပြီး သူ့ဘက်ကို လှည့်ကြည့်မိတယ်။ ဦးအောင်သောင်းက ပြောတယ်။
“အပြင်ဆိုတာ.. မင်းထင်သလို မဟုတ်ဘူး”
“အခု.. ကျွန်တော်တို့ ရောက်နေတဲ့ နေရာက..”
“စောစောက အခန်းက မြေအောက်ထဲမှာ ဆောက်ထားတာ။ အရင်တုန်းကတော့ ဒီနေရာက လျှပ်စစ်ဓာတ်အားပေး စက်ရုံပဲ။ ဘာတဲ့ အင်္ဂလိပ်လိုဆိုရင် Geothermal Energy Distribution Center တဲ့။ မြန်မာလိုဆိုရင်တော့ ဘူမိစွမ်းအင်နဲ့ ဓာတ်အားထုတ်တဲ့ နေရာပေါ့။ အခုတော့ ကြယ်တံခွန်အဖွဲ့ရဲ့ စခန်းဖြစ်သွားပြီ”
“ဒါပေမယ့်.. အခု ကျွန်တော်တို့.. သဲမုန်တိုင်းတွေ.. အဲဒီမုန်တိုင်းတွေကို ဘယ်လိုဖြတ်ပြီး တောင်အောက် ရောက်လာတာလဲ..”
ဦးအောင်သောင်းက သူ့ဝတ်စုံကို လက်ညှိုးထိုးပြတယ်။
“အဲဒီလောက်ခက်ခဲတဲ့ ကိစ္စမှ မဟုတ်ဘဲ။ သစ်သားပုံးတစ်ပုံးရယ် ဝတ်စုံ ၂ စုံရယ်။ ဒါပဲလိုတယ်။ ဒီတော့..ရုံးဘက်ကလူတွေ အစားအသောက်တွေ၊ ဆေးဝါးတွေ၊ လက်နက်တွေ ဘယ်ကရသလဲ မင်းသိပြီမဟုတ်လား”
ကျွန်တော် နားမလည်သလို ပြန်ကြည့်တော့ ဦးအောင်သောင်းက စိတ်ရှည်လက်ရှည် ဆက်ရှင်းပြတယ်။
“အဓိကကတော့ ဒီဝတ်စုံတွေပဲ။ ဒီဝတ်စုံတွေကိုသုံးပြီး မုန်တိုင်းကိုဖြတ်၊ တောင်အောက်ကို ဆင်း၊ ပြီးရင် မြို့ထဲဘက်ကိုသွားပြီး ရိက္ခာတွေ၊ တခြား ပစ္စည်းတွေ သွားယူ.. ဒါပါပဲ။ အဲဒီလောက် ထွေထွေထူးထူး မဟုတ်ပါဘူး..”
ထွေထွေထူးထူး မဟုတ်ဘူးတဲ့။ ကျွန်တော် ခေါင်းတွေပါ မူးလာတယ်။ တစ်သက်လုံး ဝင်းအနီးအနား တစ်ဝိုက်မှာပဲ နေလာခဲ့တဲ့ ကျွန်တော့်လို လူမျိုးအတွက် ဦးအောင်သောင်းရဲ့ စကားတွေက မယုံနိုင်စရာ ဖြစ်နေတယ်။
“ဒီဝတ်စုံတွေ ရှိတယ်ဆိုရင် အစကတည်းက ဘာလို့ ဝင်းထဲမှာ နေနေကြသလဲ။ ကျွန်တော် ဘယ်လိုမှ နားမလည်တော့ဘူး”
ကျွန်တော် ပြောပြီးတော့ တံခါး၀ လှေကားထိပ်မှာ ထိုင်ချလိုက်တယ်။ ဦးအောင်သောင်းက ကျွန်တော့်ဘေးမှာ ဝင်ထိုင်တယ်။
“ဒီဝတ်စုံ တစ်စုံချုပ်ဖို့ ဘယ်လောက်လုပ်ရသလဲ ငါမသိဘူး။ ဒါပေမယ့် ရုံးတစ်ရုံးလုံး ပေါင်းလိုက်ရင်တောင် ဝတ်စုံ ဆယ်ခု မပြည့်ဘူးထင်တယ်။ ငါတို့အဖွဲ့မှာတောင် နှစ်စုံပဲ ရှိတယ်။ အသက်နဲ့ရင်းပြီး ခိုးထားရတာ..”
“ဒါဆိုရင် ဝင်းထဲကလူတွေ အပြင်ထွက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။ ဦးပြောတော့ ရုံးကလူတွေက ဝင်းသမားတွေရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်တာဆို။ အခု တောင်အောက်မှာလဲ ဒီအတိုင်းပဲ.. မုန်တိုင်းတွေ တိုက်နေရင် ဘာထူးမလဲ..”
ဦးအောင်သောင်းက မြို့ပျက်ကြီးဆီကို လက်ညှိုးထိုးပြတယ်။
“ဘာထူးသလဲဆိုတော့.. အဲဒီမြို့ထဲမှာ ငါတို့အားလုံးအတွက် နေရာတွေ အလုံအလောက် ရှိတယ်။ လေဒဏ်မိုးဒဏ်က ကာပေးမယ့် အိမ်တွေရှိတယ်။ စားနပ်ရိက္ခာတွေလည်း အများကြီးရှိဦးမယ်။ ဒါတွေအားလုံးကို မျှဝေမပေးဘဲ အုပ်ချုပ်ရေးရုံးက လက်ဝါးကြီးအုပ်ထားတာ”
“ဒါပေမယ့်.. သူတို့.. ရုံးကလူတွေကရော ဘာလို့ အောက်မှာ လာမနေသလဲ။ ဘာဖြစ်လို့ အပေါ်မှာ ကျွန်တော်တို့နဲ့ ဒုက္ခခံပြီး နေနေသလဲ”
ဦးအောင်သောင်းက ကျွန်တော့်ကို သနားတဲ့ အကြည့်နဲ့ကြည့်တယ်။
“မင်း အခုထိ သဘောမပေါက်သေးဘူးကိုး။ အောက်မှာ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ ရှိပေမယ့် ခိုင်းစရာလူ မရှိဘူးလေ။ အပေါ်မှာ သူတို့ခိုင်းချင်သလို ခိုင်းလို့ရတဲ့ လူ နှစ်ထောင်ကျော်ရှိနေတယ်။ သူတို့ကျွေးမှပေးမှ စားရမယ့်၊ သူတို့ကို ဘုရားလို ကိုးကွယ်နေတဲ့ ၊ ရှင်းရှင်းပြောရရင် အလကားရတဲ့ ကျွန်တွေ။ မင်းကတော့ ငယ်သေးလို့ ဘယ်မှတ်မိမလဲ။ အခုဥက္ကဌရဲ့ အဖေကို မင်းတို့ မမီလိုက်ဘူး။ သူ့လက်ထက်တုန်းက ဒီဝင်းက အခုလို မဟုတ်ဘူး။ တောင်ပေါ်နဲ့ တောင်အောက်နဲ့ ဆက်ပေးဖို့၊ သွားလာလို့ရအောင် တစ်ခုခုလုပ်ပေးဖို့ ရုံးဘက်က အသည်းအသန် ကြိုးစားခဲ့သေးတယ်။ မြို့ပျက်ထဲက သယ်လာတဲ့ ရိက္ခာတွေကို အညီအမျှ မျှဝေပေးခဲ့သေးတယ်။ အခုတော့ အကုန်လုံးကို ဝင်းထဲမှာ ပိတ်ထားပြီး အပြင်မှာ ဘာမှ မရှိတော့သလိုလို.. တောင်ပေါ်ကနေ တောင်အောက် ဆင်းဖို့ မဖြစ်နိုင်တော့သလိုလို လျှောက်ပြောထားတာ။ အမှန်အတိုင်း သိတဲ့သူတွေ၊ လူတွေကို အသိပေးမယ့်သူတွေကိုလည်း သူပုန်တွေ ဆိုပြီး နှင်ထုတ်ပစ်တယ်။ အခု.. ငမျိုးကိုဆိုရင် သတ်ပါသတ်ပစ်တယ်။ ဒီဥက္ကဌအသစ်က တကယ့် မကောင်းဆိုးဝါးပဲ။ သူ့ဘေးက သွေးထိုးနေတဲ့ ကောင်တွေကြောင့်လည်း ပိုဆိုးသွားတာ။ အရင်တုန်းက အုပ်ချုပ်ရေးရုံးရဲ့ ရည်ရွယ်ချက်က ဝင်းထဲကလူတွေကို အပြင်ထွက်လို့ မရခင် စောင့်ရှောက်ထားဖို့၊ အခုကျတော့ သူတို့ရဲ့ ရည်ရွယ်ချက်က အထဲကလူတွေ အပြင်ထွက်မရဘဲ အထဲမှာတင်သေသွားအောင် ပိတ်ထားဖို့ ဖြစ်သွားပြီ။ ဂိတ်တံခါးကြီး ဖွင့်ထားတာနဲ့ပဲ မင်းတို့က ကိုယ့်ကိုယ်ကိုယ် လွတ်လပ်နေပြီလို့ ထင်နေကြတာကိုး။ တကယ်တမ်းက တံခါးဖွင့်ထားပေမယ့် မင်းတို့ရဲ့ ဦးနှောက်တွေကို သတင်းအမှားတွေသုံးပြီး အကုန် သော့ခတ်ပစ်လိုက်တာ”
ဦးအောင်သောင်း မျက်လုံးတွေက မိုးကုတ်စက်ဝိုင်းအောက်က အလင်းတပြပြနဲ့ လူးလွန့်နေတဲ့ ပင်လယ်ကြီးဆီကို ရောက်သွားတယ်။
“ငါပြောနေတာ မပြီးသေးဘူး။ နားထောင်ဦး။ ဒီမြို့ကြီးက ငါတို့ရဲ့ ခြေလှမ်း အစပဲ ရှိဦးမယ်။ ဒါပေမယ့် ငါတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်က အဲဒီ ပင်လယ်ပဲ။ ဒီပင်လယ်ကို ဖြတ်ရင် ဟိုဘက်ကမ်းမှာ ဘာတွေရှိမလဲ။ မုန်တိုင်းတွေမရှိတဲ့ နေရာ၊ တခြားလူတွေ ရှင်သန် နေထိုင်နေတဲ့နေရာ.. အခုလို ခြောက်သယောင်းမနေဘဲ စိမ်းလန်းတဲ့နေရာ..”
ကျွန်တော် ခေါင်းကို သွင်သွင်ခါလိုက်တယ်။ မဟုတ်သေးဘူး..
“ဦးပြောတာတွေက အဓိပ္ပာယ်မရှိဘူး။ အုပ်ချုပ်ရေးရုံးက ဦးပြောသလို လက်ဝါးကြီး အုပ်နေတယ်ပဲ ထားလိုက်ဦး.. အပေါ်က ဝင်းသမားတွေအားလုံးကို အောက်ကို ဘယ်လို ခေါ်လာမှာလဲ။ ကြယ်တံခွန်အဖွဲ့တွေဘာတွေဖွဲ့ထားပေမယ့် ဒီအဖွဲ့က ဝင်းသမားတွေကို အောက်ရောက်ရင် ဘာဆက်လုပ်ပေးမှာလဲ”
“ငါပြောတဲ့ မျှော်လင့်ချက်ဆိုတာ အဲဒါပေါ့။ ဝင်းထဲကလူတွေအားလုံး အပြင်ကိုထွက်ဖို့ဆိုတာ ငါတို့ ခေါ်ထုတ်ရုံနဲ့ မရဘူး။ မျှော်လင့်ချက်လိုတယ်။ ဒီမြင်ကွင်းကို သူတို့ မြင်သွားဖို့လိုတယ်။ ဒီနေရာတွေ ရှိနေမှန်း သူတို့ သိသွားဖို့လိုတယ်။ ဒါမှ အားလုံး ပူးပေါင်းပြီး ဘာဆက်လုပ်ကြမလဲ အဖြေရှာလို့ရမှာ မဟုတ်လား။ အဲဒီမြို့ထဲကို လူနှစ်ထောင်ကျော် ရောက်သွားရင် အတူတူပူးပေါင်း ကြံဆလို့ ရတာတွေ အများကြီး ပေါ်လာမယ်။ ဒီ မုန်တိုင်းတွေကို အံတုဖို့ အကြံဉာဏ်အသစ်တွေ ထွက်လာမယ်။ ဒါပေမယ့် အခုလို တစ်နေ့စာ တစ်နေ့ရှာနေရင်း နေ့သေမလား ညသေမလား မသိတဲ့ဘ၀မှာ ဘာဆက်လုပ်လို့ ရမလဲ။ ငါတို့ အုပ်ချုပ်ရေးရုံးကို သိမ်းချင်တယ်ဆိုတာ ဝင်းထဲကလူတွေကို အုပ်ချုပ်ချင်လို့၊ အာဏာလိုချင်လို့ မဟုတ်ဘူး.. အားလုံးရဲ့ အနာဂတ်ကို နောက်တစ်ဆင့်ဆီ ခေါ်သွားချင်တာ..နေရာအသစ်၊ အတွေ့အကြုံအသစ်တွေနဲ့ ထိတွေ့ခွင့်ရစေချင်တာ။ လူဆိုတဲ့သတ္တဝါဟာ ဒီလို မျှော်လင့်ချက်မျိုး မပါဘဲ ဘယ်လိုမှ ဆက်ပြီး မရှင်သန်နိုင်ဘူး။ အခု ဝင်းထဲမှာ လူတွေ တဖြုတ်ဖြုတ်သေနေတယ်..။ ဒီနှုန်းနဲ့ ဘယ်လောက်ကြာကြာ ခံမလဲ။ နောက် ဆယ်နှစ်ဆိုရင် ဝင်းသမားတွေ တစ်ယောက်မှ ကျန်တော့မှာ မဟုတ်ဘူး။ အဲဒီလို အကုန်သေကုန်မှ.. ခိုင်းလို့ ၀ သွားမှ ရုံးကလူတွေက အောက်ကို ဆင်းလာတော့မှာ။ ငါတို့ အကုန်သေမှ သူတို့က အောက်မှာ အေးအေးဆေးဆေး ဆက်နေကြမှာ။ ရှင်းရှင်းပြောရရင် အဲဒီ ခွေးသူတောင်းစားတွေက ငါတို့ကို ပေါပေါပဲပဲ ခိုင်းချင်သလိုခိုင်း၊ ငါတို့ စိုက်ပျိုး ထွန်ယက်ထားတာတွေကို စားသောက်ပြီး ငါတို့ အားလုံး သေကုန်မယ့်နေ့ကို စောင့်နေတာပဲ”
ဦးအောင်သောင်းက စကားအရှည်ကြီးပြောရတာ မောသွားတဲ့ပုံစံနဲ့ အသက်ကို ပြင်းပြင်းရှူတယ်။ ကျွန်တော် ဘာပြန်ပြောရမှန်း မသိသေးဘူး။ ခေါင်းထဲမှာ အသစ်ရလာတဲ့ အချက်အလက်တွေကို နေရာတကျ မစီနိုင်သေးဘူး။ ရှေ့က မြင်နေရတဲ့ မြင်ကွင်းကိုပဲ စိုက်ကြည့်နေမိတယ်။ ဒီကွင်းပြင်ထဲမှာ ကျွန်တော်တို့ ဆက်ရှင်သန်လို့ ရတာတော့အမှန်ပဲ။ လေပြင်းလာရင် ခိုလှုံလို့ရမယ့် မြို့ကြီးတစ်ခုလုံးလည်း ရှိတယ်။ ပင်လယ်ထဲမှာလည်း အစားအသောက်တွေ ရှာလို့ ရရင်ရနိုင်မယ်။ ဖြစ်နိုင်ခြေတွေကတော့ အဆုံးအစမရှိအောင် ကျယ်ပြောနေတာ အမှန်ပဲ။ ဒါပေမယ့်.. ဝင်းထဲက လူတွေကို အောက်ကို ရောက်အောင် ဘယ်လို လုပ်ပေးမလဲ..။ ဝင်းထဲကလူတွေ မပြောနဲ့ ကျွန်တော်တောင် အခု အပေါ်ကို ဘယ်လိုပြန်သွားရမလဲ မသိသေးဘူး။ ဦးအောင်သောင်း တစ်ယောက်ပဲ တွေ့သေးတယ်။ ခွန်ဖြူတို့ အဖွဲ့လည်း ဘယ်ရောက်နေလဲ မသိ။ ရုတ်တရက် ကျွန်တော် မေနှင်းကို သတိရသွားတယ်။ လူသားမျိုးနွယ်စုရဲ့ အနာဂတ်တွေ ဘာတွေ အတွေးကြီးကြီးမားမားတွေ.. အကုန် ခေါင်းထဲက ခုန်ထွက်သွားတယ်။ မေနှင်း..။
“မေနှင်း.. ကျွန်တော် မေနှင်းကို သွားခေါ်ရမယ်.. သူအခု ဥက္ကဌ အိမ်မှာပဲလား။ အဲဒီမှာ ဘာလုပ်နေတာလဲ”
ဦးအောင်သောင်းက ခေါင်းခါတယ်။
“လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းကအထိ သူ အဲဒီ အိမ်မှာပဲ ရှိနေသေးတယ်။ ဒါပေမယ့် မနေ့ကစပြီး သူရော ဥက္ကဌသမီးရော ပျောက်နေတယ်လို့ သတင်းရတယ်။ ငါလည်း ဆက်တိုက် စုံစမ်းခိုင်းထားတာပဲ။ အခု ခွန်ဖြူ သူတို့ကို လိုက်ရှာနေတယ်”
“လွန်ခဲ့တဲ့ နှစ်ရက်ဆိုတော့.. ။ ဦးအောင်သောင်း..။ ကျွန်တော် သတိမေ့နေတာ ဘယ်နှရက် ရှိသွားပြီလဲ”
“လေပြင်းတိုက်တဲ့နေ့ကနေ စပြီး တွက်မယ်ဆိုရင် ဆယ့်ငါးရက်လောက်တော့ ရှိသွားပြီ။ ခဏနေဦး ငါးနီ။ မင်း စိတ်လိုက်မာန်ပါတွေ မလုပ်နဲ့ဦး။ မင်းကို သေသွားပြီဆိုပြီး အကုန်လုံးက သိထားတာ။ မင်းဒီအတိုင်း ပြန်လို့မရဘူး။ ငါတို့ စီစဉ်ပေးမှရမယ်။ ခွန်ဖြူတို့ လာခေါ်မှ မင်းပြန်လို့ ရမယ်။ ခဏစောင့်ဦး..”
ကျွန်တော် ထိုင်နေရာကနေ ဝုန်းကနဲ ထရပ်လိုက်တယ်။ သံခြေထောက်ရဲ့ ရုန်းအားကြောင့် ကျွန်တော့် တစ်ကိုယ်လုံး ယိမ်းကနဲ ဖြစ်သွားတယ်။ ကျွန်တော် ဝင်းရှိရာ တောင်ကုန်းပေါ်ကို လှမ်းကြည့်တယ်။ တောင်ခြေနဲ့ တောင်ထိပ်ကြားမှာ အလိပ်လိပ်ထပြီး ဝေ့ဝဲ နေတဲ့ ဖုန်တောကြီး။ တောင်ထိပ်နားမှာ မည်းမှောင်နေတဲ့ သဲလေပွေတွေ။ အဲဒီတောင်ထိပ်မှာ၊ မုန်တိုင်းတွေရဲ့ နောက်မှာ၊ တံတိုင်းတွေကာထားတဲ့ ဝင်းထဲမှာ.. ကျွန်တော့်ဘ၀ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။ သူ့ဆီကို ကျွန်တော် အမြန် ပြန်မှ ဖြစ်မယ်။ ကျွန်တော် အသက်ရှင်နေတာကို သူမသိဘူး။ သူအသက်ရှင်နေသေးသလား ဆိုတာလည်း ကျွန်တော် မသိဘူး။
သူမရှိရင် ကွင်းပြင်တွေ၊ ပင်လယ်တွေ၊ မြို့ပျက်တွေ၊ အာဏာရှင်တွေ၊ သူပုန်တွေ၊ ကြယ်တံခွန်အဖွဲ့တွေ၊ လူသားမျိုးနွယ်စုရဲ့ အနာဂတ်တွေ.. ဒါတွေအားလုံး ကျွန်တော့်အတွက် အဓိပ္ပာယ်မရှိတော့ဘူး။ ကျွန်တော် ဦးအောင်သောင်းဘက်ကို ပြန်လှည့်ပြီး ပြောလိုက်တယ်။ ကျွန်တော့် လေသံက ခံယူချက် အသစ်တွေ အထပ်ထပ် လောင်းထားတဲ့အတွက် ပုံမှန်ထက် ပိုပြီး ပြတ်ရှနေတယ်။ မာထန်နေတယ်။
“အဲဒါတွေ ကျွန်တော် မသိချင်ဘူး။ ကျွန်တော် အခု ဝင်းထဲကို ပြန်မယ်”
+++++++++++++++
အခန်း (၆)
(၁)
လွန်ခဲ့တဲ့ ဆယ့်ငါးရက်ဟာ ကျွန်မ ဘ၀ရဲ့ စိတ်လှုပ်ရှားဖို့ အကောင်းဆုံး နေ့ရက်တွေပဲ။ သူများဒုက္ခရောက်လို့ ပျော်တယ်လို့တော့ မထင်ပါနဲ့။ အဲဒီလို မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မ အသက်ရှင်ခဲ့တဲ့ အနှစ် နှစ်ဆယ်အတွင်းမှာ ဒီလို စိတ်လှုပ်ရှားမှုမျိုး မကြုံဖူးဘူးလေ။
လေပြင်းတိုက်တဲ့နေ့က အိမ်ထဲရောက်နေတဲ့ မေနှင်းဆိုတဲ့ အမျိုးသမီးနဲ့ အပြင်က ပြန်လာတဲ့ အဖေနဲ့ တည့်တည့်ကြီး တိုးတာပဲ။ မေနှင်းကို မြင်မြင်ချင်း အဖေ့မျက်လုံးက သတ်တော့ဖြတ်တော့မယ် မကောင်းဆိုးဝါးတစ်ကောင်လို ပြူးကျယ်သွားတာ ကြောက်စရာကြီး။ ဒါပေမယ့် မေနှင်းကို အတင်းဖက်ထားတဲ့ ကျွန်မကို မြင်တော့ အဖေ့ ဒေါသတွေ နည်းနည်းလျော့သွားတယ်။ ကျွန်မလည်း ကြောက်ကြောက်လန့်လန့်နဲ့ ပါးစပ်ထဲရှိတာတွေ လျှောက်ပြောပြီး ညာလိုက်တယ်။ အိမ်ထဲမှာ စကားပြောဖော် မရှိလို့ ဝင်းသမားတစ်ယောက်ကို ခေါ်ပြီး စကားပြောတာပါ။ မိန်းကလေးချင်း စကားပြောချင်လို့ပါလို့..။ ပြီးတော့ အိမ်မှာလည်း ကျွန်မကိစ္စဝိစ္စတွေ လုပ်ပေးဖို့အတွက် မိန်းကလေး အကူတစ်ယောက်လိုနေလို့.. အဲဒါ မေနှင်းကို ခေါ်ခိုင်းပါရစေလို့…။ ရုတ်တရက် ဉာဏ်နီဉာဏ်နက်တွေ အဲဒီလောက် ထွက်လာတာ ကျွန်မကိုယ် ကျွန်မတောင် အံ့ဩသွားတယ်။ အဖေက မျက်ထောင့်နီကြီးနဲ့ မေနှင်းကို ကြည့်တယ်။ ကျွန်မ နောက်ဆုံးလက်နက်ဖြစ်တဲ့ မျက်ရည်တွေကို ထုတ်သုံးလိုက်တော့မှ အဖေက မအီမသာနဲ့ ခွင့်ပြုတယ်။ တစ်ရက်ကို တစ်နာရီ ခေါ်ခိုင်းလို့ရတယ်တဲ့။ ဒါပေမယ့် အိမ်ထဲမှာ ကျွန်မအခန်းကလွဲရင် ဘယ်ကိုမှ ပေးမဝင်နဲ့တဲ့။ အဖေ့ ခွင့်ပြုချက်ကို ရတော့ ကျွန်မ တော်တော်လေး ပျော်သွားတယ်။ မေနှင်းကတော့ အဖေ့ကို ခေါင်းတောင်မော်မကြည့်ရဲဘဲ တုန်နေတာ သနားပါတယ်။
အဲဒီနေ့ကတော့ လေပြင်းတိုက်နေတဲ့အတွက် မေနှင်းကို အခန်းထဲမှာခေါ်ထားပြီး မေးချင်သမျှတွေ အားရပါးရမေးလိုက်ရတယ်။ သူကတော့ ကျွန်မမေးတာတွေကို အာရုံရောက်တဲ့ပုံမပေါ်ဘူး။ အပြင်ထွက်ပြီး သူ့ယောကျ်ားဆီ သွားဖို့ပဲ စိုင်းပြင်းနေတယ်။ လေပြင်းတွေ ဒီလောက်တိုက်နေတာ သဲဆိပ်တက်ပြီး သေမှာ မကြောက်ဘူးလား မသိ။ လေနည်းနည်းငြိမ်သွားတာနဲ့ ချက်ခြင်း ဝင်းဘက်ကို အပြေးတပိုင်းနဲ့ ပြန်သွားတာပဲ။ သူမပြန်ခင် ကျွန်မ သတိပေးလိုက်သေးတယ်။ နေ့တိုင်း ကျွန်မဆီ လာတွေ့ရမယ်၊ မမေ့နဲ့လို့။
နောက်နေ့ကျတော့ မေနှင်း ပေါ်မလာဘူး။ ကျွန်မ စိတ်မရှည်တာနဲ့ အစောင့်တစ်ယောက်ကို မေနှင်းကို ရှာပြီးခေါ်ခဲ့ဖို့ ခိုင်းလိုက်တယ်။ ညနေစောင်းလောက်မှ မေနှင်းကို ခေါ်လာတယ်။ သူ့မျက်နှာတစ်ခုလုံးက ငိုထားလို့ နီရဲနေတယ်။ တော်တော်နဲ့ စကားမေးမရဘူး။ ကျွန်မ စိတ်ရှည်လက်ရှည်နဲ့ သည်းခံပြီး မေးတော့မှ၊ တော်တော်ကြာမှ ပြန်ဖြေတယ်။ သူ့ယောက်ျား သဲမုန်တိုင်းထဲမှာ သေသွားတယ်တဲ့။ အလောင်းတောင် ရှာမတွေ့ဘူးတဲ့။ ဝင်းအပြင်ထွက်ပြီး အစာရှာရင်း သေသွားတာလို့ ပြောတာပဲ။ သနားပါတယ်။ ဒါပေမယ့် ဝင်းအပြင်ထွက်စရာမှ မလိုတာ။ အလုပ်လုပ်ရင် ရနေတာကို အလွယ်လမ်းလိုက်တော့ အခုလို ဖြစ်တော့တာပေါ့။ ထားပါ။ မေနှင်းကိုတော့ အဲဒီလို မပြောလိုက်ပါဘူး။ ဒီတိုင်းပဲ နှစ်သိမ့်ပြီး အသားဘူးတစ်ဘူး ဖောက်ကျွေးလိုက်တယ်။ မေနှင်းကတော့ အသားဘူးကို မထိဘူး။ ငိုပဲငိုနေတယ်။
သူ့ယောကျ်ားသေပြီးကတည်းက မေနှင်း အလုပ်မဆင်းဖြစ်ဘူးတဲ့။ အိမ်ကိုတော့ ပုံမှန်လာတယ်။ မလာလို့လည်း မရဘူးလေ။ ကျွန်မက နေ့တိုင်း အစောင့်တစ်ယောက် လွှတ်ပြီး ခေါ်ခိုင်းတာ။ လွန်ခဲ့တဲ့ သုံးလေးရက်လောက်အထိ မေနှင်းက နေ့တိုင်း တငိုငိုတရယ်ရယ် ဖြစ်နေတုန်း။ အခုရက်ပိုင်းမှ နည်းနည်းလေး ပုံမှန်ပြန်ဖြစ်လာတယ်။ ဒါတောင်မှ ကျွန်မနဲ့ စကားပြောရင် သူ့မျက်လုံးတွေက အသက်မပါဘဲ ဘယ်ကိုငေးလို့ငေးမှန်းမသိ ငေးနေတုန်းပဲ။ တစ်ခါတစ်လေ ကျွန်မ စိတ်မရှည်ဘဲ ဆွဲဆောင့်ပစ်ချင်တယ်။ ဒါပေမယ့် ကျွန်မမှာ သဲလွန်စတွေ ရှာဖို့ ရှိနေသေးတယ်။ သူပုန်တွေနဲ့ ပတ်သတ်ပြီး မေးစရာလူလည်း ဒီတစ်ယောက်ပဲ ရှိတာ။ စိတ်ရှည်ရှည်ထားမှ..။
အခုလည်း မေနှင်းက ကျွန်မ အိပ်ခန်းထဲမှာ ရို့ရို့လေး မတ်တပ်ရပ်နေတယ်။ မျက်လုံးတွေကလည်း ဘယ်တော့မှ ကျွန်မကို မကြည့်ဘူး။ ကြမ်းပြင်ကိုပဲ သူ့လင်လို အောက်မေ့ပြီး စိုက်ကြည့်နေတာ။ ကျွန်မ သူ့ကို မေးလိုက်တယ်။
“အစ်မယောက်ျားမရှိတော့ အခု ဘယ်လိုစားသောက်နေသလဲ”
မေနှင်းက မော့မကြည့်ဘဲဖြေတယ်။ သူ့ယောကျ်ားအကြောင်း မေးလိုက်မိလို့ထင်တယ် အသံက ငိုသံ ပါလာပြန်တယ်။ စိတ်ပျက်စရာပဲ။
“ဟုတ်.. အစ်ကို.. အစ်ကိုစုထားတဲ့ ချလံတွေ ရှိသေးတယ်..။ အဲဒါတွေနဲ့ ရုံးမှာ လဲပြီး စားနေပါတယ်”
“ဪ.. အခက်အခဲရှိရင် ညီမကို ပြောနော်။ ဘာပဲလိုလို။ ကိုယ့်ညီမအရင်းလို သဘောထား”
မေနှင်းက ခေါင်းညိတ်တယ်။ မျက်ရည်သုတ်တယ်။
“အစ်မကို အကူအညီတောင်းစရာ တစ်ခုရှိတယ်။ အခု ညီမပြောတာတွေကို ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်..”
ကျွန်မစကားထဲမှာ သတိပေးတဲ့ လေသံ သဲ့သဲ့ပါနေတော့ မေနှင်းကိုယ်လုံးက တုန်ကနဲ ဖြစ်သွားတယ်။ ခေါင်းကို သွက်သွက်ညိတ်တယ်။ အခုထိ ကျွန်မကို မကြည့်သေးဘူး။ ကြမ်းပြင်ကိုပဲ ခေါင်းစိုက်ကြည့်နေတုန်း။
“ညီမ တိုက်တန်းဘက်ကို သွားချင်တယ်”
အခုမှ မေနှင်း ခေါင်းမော့လာတယ်။ သူ့မျက်လုံးတွေ ဝိုင်းသွားတယ်။ ကြောက်လန့်တကြား လေသံနဲ့ ပြောတယ်။
“ဟင်.. မလုပ်ပါနဲ့.. မသွားပါနဲ့။ ဘာသွားလုပ်မလို့လဲ။ ကျွန်မတို့တောင် အဲဒီဘက်ကို မသွားရဲဘူး”
“အာ.. အစ်မကလည်း ဘာမှမဖြစ်ပါဘူး။ ညီမသေချာ စဉ်းစားထားပြီးသား။ ဒီလိုလုပ်။ ညီမကို တိုက်သမားတွေနဲ့ တူအောင် ရုပ်ဖျက်ပေး။ ပြီးရင် အဲဒီဘက်ကို ခေါ်သွားပေး။ အစောင့်တွေကို မလှမ်းမကမ်းကနေ လိုက်ခဲ့ဖို့ ညီမပြောထားလိုက်မယ်”
တကယ်က ကျွန်မ ညာလိုက်တာ။ အစောင့်တွေ သိလို့ ဘယ်ဖြစ်ပါ့မလဲ။ အဖေ့ဆီ သတင်းရောက်သွားရင် ဒီတစ်ခါတော့ သည်းခံမယ်မထင်ဘူး။ ကျွန်မကို အိမ်ထဲမှာ နေခိုင်းရုံတင် မကဘူး အခန်းထဲမှာပါ သော့ခတ်ထားလိမ့်မယ်။
မေနှင်းက ခေါင်းကိုပဲ သွင်သွင်ခါနေတယ်။ ဗလုံးဗထွေးနဲ့ ကျွန်မကို တားတယ်။
“အဲဒီဘက်က အရမ်းဆိုးတယ်ရှင့်။ ကျွန်မတို့ မိန်းကလေး နှစ်ယောက်တည်း သွားဖို့ ဘယ်လိုမှ မဖြစ်ဘူးထင်တယ်။ အစ်ကို.. အစ်ကိုတောင်မှ ကိုမျိုးပါမှ တိုက်တန်းဘက်ကို သွားရဲတာ..”
ကျွန်မ မေနှင်းနားကိုသွားလိုက်တယ်။ သူ့လက်သေးသေးလေးတွေကို ကျွန်မလက်တွေနဲ့ အုပ်ကိုင်လိုက်တယ်။ မေနှင်းရဲ့ လက်တွေက တုန်ပြီး နွေးနေတယ်။
“အစ်မကလဲ.. ဘာမှ စိတ်ပူမနေနဲ့။ ခဏနေ အဖေအလုပ်သွားတော့မှာ။ ညနေမှ ပြန်လာမှာ။ ညီမတို့ အမြန်သွားပြီး ပြန်လာလိုက်ရင် ဘယ်သူမှ သိတောင်သိလိုက်မှာ မဟုတ်ဘူး”
မေနှင်းက ကျွန်မကို မော့ကြည့်ပြီး တစ်ခုခုပြောဖို့ ပြင်တယ်။ သူဘာမှ မပြောနိုင်ခင် ကျွန်မ အမြန်ဖြတ်ပြောလိုက်တယ်။
“ဒီတစ်ခေါက်ပဲ။ ဟုတ်ပြီလား။ ဒါပြီးရင် အစ်မ ဒီအိမ်ကို လာစရာ မလိုတော့ဘူး။ ညီမ အရမ်းရောက်ဖူးချင်လို့ပါ။ ပြီးတော့ အဲဒီ ကြယ်တံခွန်အဖွဲ့ဆိုတာလား.. သူတို့ အကြောင်းကို တိုက်တန်းက လူတွေက အသိဆုံးပဲဆို”
ကြယ်တံခွန်ဆိုတဲ့ စကားကိုကြားလိုက်တော့ မေနှင်းမျက်လုံးက စောစောကထက်တောင် ပိုပြီး ပြူးသွားသေးတယ်။
“ဟင်.. အစ်မ.. ဖြစ်ပါ့မလား။ ဥက္ကဌကြီးသိရင်.. ကျွန်မကို သတ်မှာ..တကယ်”
“ဘာမှ မဖြစ်စေရဘူး။ ညီမကတိပေးတယ်။ ဟိုနေ့က အစ်မကို အဖေတွေ့သွားတော့ ညီမ ဘယ်လို ပြောပေးသလဲ မှတ်မိတယ်မဟုတ်လား။ စိတ်တွေ အဲဒီလောက် မပူပါနဲ့။ လာ.. အခု ကျွန်မကို တိုက်သမားတွေနဲ့ တူအောင် ရုပ်ဖျက်ပေး..”
ကျွန်မလက်ထဲမှာရောက်နေတဲ့ မေနှင်းရဲ့ လက်ဖဝါးတွေက တဖြည်းဖြည်း ပြေလျော့ကျသွားတယ်။ မေနှင်းရဲ့မျက်နှာကိုကြည့်ရင်း ကျွန်မ စကား အောင်နိုင်သွားပြီဆိုတာ အလိုလို သိလိုက်တယ်။
++++++++
အပိုင်း ၈ ဆက်ဖတ်ရန် <<<<