(၃)
လေသံ၊ သဲသံတွေကို ဖောက်ပြီးထွက်လာတဲ့ စူးစူးဝါးဝါးအော်သံတစ်ခု။ ဂိတ်တံခါးဆီ ပြေးနေရင်း အသံလာရာဘက်ကို လှည့်ကြည့်လိုက်တယ်။ ကျွန်တော်နဲ့ မလှမ်းမကမ်းမှာ ပြေးရင်း လဲကျသွားတဲ့ လူတစ်ယောက်။ ကျွန်တော့်လိုပဲ အပြင်ထွက် အစာရှာတဲ့သူတွေထဲက တစ်ယောက်ဖြစ်မယ်။ ဒါပေမယ့် သူ့မှာ ကျွန်တော့်လို အကာအကွယ်တွေမပါဘူး။ အဲဒီလူက မြေကြီးပေါ်မှာ လှိမ့်ရင်း၊ မျက်နှာကို လက်နဲ့ကာရင်း အသံနက်ကြီးနဲ့ အော်ဟစ်နေတယ်။ ကျွန်တော် သူ့ကို သွားမကူအားဘူး။ တံခါးဆီကို ပြန်လှည့်ကြည့်လိုက်တော့ တဖြည်းဖြည်းပိတ်နေတဲ့ ဂိတ်တံခါးက လူတစ်ယောက်ဝင်သာရုံပဲ ကျန်တော့တယ်။ အနောက်ကပါလာတဲ့ သဲထုကြီးက တဝေါဝေါမြည်ဟိန်းပြီး မရပ်မနားလိုက်လာနေတယ်။ တံခါးနားရောက်ကာနီးမှာ မုန်တိုင်းထဲမှာ ရေးတေးတေးမြင်နေရတဲ့ လူရိပ်တချို့ ထပ်တွေ့ပြန်တယ်။ သူတို့လည်း ကျွန်တော့်လိုပဲ ဝင်းတံခါးဆီကို အသက်လုပြေးနေကြတယ်။ နဂိုတကည်းက မရှိတဲ့ ကျွန်တော့်ရဲ့ ခွန်အားက တစ်လှမ်းပြေးလိုက်တိုင်း ပဲ့ပဲ့ပြီး ပါသွားတယ်။ မျက်လုံးတွေပြာလာတယ်။ ခေါင်းတွေ မူးလာတယ်။ ရင်ဘတ်ထဲက တဒုန်းဒုန်းခုန်နေတဲ့ နှလုံးသွေးကြောင့် ကျွန်တော် လဲကျမသွားသေးတာ။ ဖိနပ်မပါတဲ့ ခြေထောက်က ထောက်လိုက်တိုင်း ရေနွေးအိုးထဲကို နှစ်လိုက်သလို ပူပြီးနာတယ်။ အသားတွေ ကွာထွက်သွားတဲ့ ဒဏ်ရာကို ခြေလှမ်းတိုင်းမှာ ခံစားနေရတယ်။ ဒါပေမယ့် ကျွန်တော် နားလို့ မဖြစ်ဘူး။ ရပ်လို့ မရဘူး။ ဝင်းထဲကို ပြန်ရောက်မှ ဖြစ်မယ်။ မေနှင်းကို အမြန် သွားခေါ်မှ ဖြစ်မယ်။
ဂိတ်တံခါးနားကို ရောက်ပြီ။ တဖြည်းဖြည်းပိတ်နေတဲ့ တံခါးအပေါက်၀ကနေ ဝင်းထဲကို ဝိုးတဝါး လှမ်းမြင်နေရတယ်။ ဝင်းထဲက လူတွေ လွန်းထိုး ပြေးလွှားနေကြတယ်။ ဥဩသံက အဆက်မပြတ် မြည်နေတယ်။ ပေါက်ရာခြစ်ရာ အထွေးထွေးဖြစ်နေတဲ့ တံခါးရဲ့သံပြားတွေကို သဲအမှုန်အခဲတွေက စိတ်ဆိုးတကြီး ဝင်တိုးတယ်။ သဲနဲ့သံပြားတိုက်မိတဲ့ တဖြောင်းဖြောင်းအသံတွေ ပွက်လောရိုက်နေတယ်။ ကျွန်တော် အားကုန်ထုတ်ပြီး တံခါးကြားကနေ အထဲကို ပြေးဝင်လိုက်တယ်။ ပိတ်နေတဲ့ တံခါးနဲ့ ကျွန်တော့် ညာဘက်ပခုံးနဲ့ ဝုန်းကနဲ ဝင်တိုက်ပြီး ကျွန်တော် ပစ်လဲသွားပြန်တယ်။ ဒါပေမယ့် အထဲကိုတော့ ရောက်ပြီ။ ကျွန်တော့် နောက်မှာ တံခါးက လုံး၀ ပိတ်သွားတယ်။
ဝင်းထဲပြန်ရောက်ပေမယ့် သဲမုန်တိုင်းအန္တရာယ်က လွတ်မသွားသေးဘူး။ ပေနှစ်ဆယ်ကျော်ပဲ မြင့်တဲ့ တံတိုင်းက မြေကြီးပေါ်ရှပ်တိုက်လာတဲ့ သဲအုပ်ကြီးကနေ ကာကွယ်ပေးနိုင်ပေမယ့် တံတိုင်းကိုဖြတ်ကျော်လာတဲ့ သဲတွေက ခဏလေးအတွင်းမှာ တစ်ဝင်းလုံးကို ဖုံးလွှမ်းသွားတော့မှာ။
အထဲမှာ ကမ္ဘာပျက်နေတယ်။ အော်သံ ငိုသံတွေက တုန်ခါနေတဲ့ လေလှိုင်းနဲ့အတူ ဆူညံနေတယ်။ လူတွေအားလုံးက နီးစပ်ရာ အကာအကွယ်ကို အသက်လုရှာနေကြတဲ့အသံ။ ပြေးဖို့ မမီတော့တဲ့သူတွေ မြေကြီးပေါ်မှာတင် လိမ့်ပြီး အော်နေကြတဲ့.. အသံ။ တစ်ယောက်နဲ့ တစ်ယောက် မမြင်မကန်း လှမ်းခေါ်နေကြတဲ့အသံ..။ သံပုံးတွေဘက်ကို ကျွန်တော် အမြန်ပြေးသွားဖို့ ကြိုးစားတယ်။ ဒါပေမယ့် ဝင်းထဲကို ဝင်ချလာတဲ့လေပြင်းက ခဏလေးအတွင်းမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းပစ်လိုက်ပြီ။ ဘာမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ခြေထောက်က ထောက်လို့မရတော့အောင် နာနေပြီ။ ညာဘက် ခြေတစ်ချောင်းလုံး တရွတ်တိုက်ဆွဲနေပြီ။ ဒီအတိုင်းတော့ သံပုံးတွေဘက်ကို၊ စိုက်ခင်းဘက်ကို ဆက်သွားဖို့ မဖြစ်နိုင်ဘူး။ ခြေထောက်ကို တစ်ခုခု လုပ်မှဖြစ်မယ်။ ဂိတ်တံခါးနဲ့ အနီးဆုံးက တိုက်တန်းတွေ။ တိုက်တန်းဘက်ကို သွားပြီး ခြေထောက်ကို ကာဖို့ တစ်ခုခု ရှာမှဖြစ်မယ်။ လက်နဲ့ တင်းတင်းဆုပ်ထားတဲ့ ခေါင်းစွပ်ထဲကို လေပြင်းက အတင်းတိုးဝင်ဖို့ ကြိုးစားတယ်။ ခေါင်းစွပ်အပေါက်အပြဲတွေ ကြားက စိမ့်ဝင်လာတဲ့ သဲစတစ်ချို့ကြောင့် ကျွန်တော့် မျက်နှာတစ်ခုလုံး ပူထူလာတယ်။ ကျွန်တော် တိုက်တန်းဘက်ကို ပြေးသွားတယ်။ လမ်းမှာ သုံးလေးခေါက် ချော်လဲတယ်။ ခြေထောက်နာတဲ့ ဒဏ်ကြောင့် မူးသလို မေ့သလို ဖြစ်ဖြစ်သွားတယ်။ ဒါပေမယ့် ကျွန်တော် ကုန်းရုန်းထတယ်။ ဆက်ပြေးတယ်။
အနောက်ဘက်အစွန်ဆုံး တိုက်တန်းရှေ့ကိုရောက်တော့ အဝင်၀မှာ လဲနေတဲ့ သူတစ်ယောက်ကို တွေ့တယ်။ စောစောက လက်ဖြန့်တောင်းနေတဲ့ ကလေးမလေး။ တိုက်ဘက်ကို ပြေးရင်း လဲကျသွားတာဖြစ်မယ်။ သူဝတ်ထားတဲ့ အဝတ်စုတ်က လန်တက်ပြီး ကျောတစ်ပြင်လုံး ပေါ်နေတယ်။ သဲစားထားတဲ့ ကျောပြင်က အသားတွေ အချပ်လိုက်ကွာပြီး သွေးတွေနဲ့နီရဲနေပြီ။ ကလေးမရဲ့ ဘေးမှာ ကျွန်တော် ဒူးထောက်ထိုင်ချလိုက်တယ်။ မှောက်လျက်သားဖြစ်နေတဲ့ ကိုယ်ခန္ဓာကို ဆွဲလှန်လိုက်တယ်။ ကောင်မလေးရဲ့ မျက်နှာတစ်ခုလုံး ရစရာမရှိအောင် စုတ်ပြတ်နေတယ်။ သွေးနဲ့ဖုန် ရောပြီး ညိုညစ်ညစ်ဖြစ်နေတယ်။ မျက်လုံးတွေ မပွင့်တော့ဘူး။ အသက်မရှူတော့ဘူး။ သေနေပြီ။
တိုက်လှေကားရင်းမှာ ကျွန်တော့်လိုပဲ လေကွယ်ရာကိုရှာတဲ့ လူတစ်အုပ်တွေ့တယ်။ သဲထိသွားလို့ လက်တွေ ခြေတွေ လောင်သွားတဲ့လူတွေက အော်ဟစ်နေတယ်။ လှေကားရင်းမှာ နေတဲ့၊ တစ်ကိုယ်လုံး အသားတွေကွာပြီး အသက်ငင်နေတဲ့ လူတစ်ယောက် နှစ်ယောက်လည်း တွေ့တယ်။ ကျွန်တော် ထောင့်တစ်ထောင့်မှာ ခဏဝင်ထိုင်လိုက်တယ်။ ခေါင်းစွပ်ကို ချွတ်တယ်။ အထဲမှာ ကပ်နေတဲ့ သဲအစအနတွေကို ခါချတယ်။ မျက်နှာမှာ ကပ်နေတဲ့ သဲတွေကိုလည်း ခပ်သွက်သွက် ဖယ်ထုတ်လိုက်တယ်။ ခြေထောက်အခြေအနေကို ကြည့်တယ်။ ညာဘက်ခြေဖဝါးတစ်ခုလုံး အရေပြားတွေ မရှိတော့ဘူး။ ဖုန်တွေက အရေပြားမရှိတော့တဲ့ အသားနီပေါ်မှာ စိုကပ်ပြီး ကျပ်ခဲနေတယ်။ ဖြေဖမိုးနဲ့ ခြေမျက်စိတွေမှာလည်း သဲထိသမျှ အသားတွေအကုန် အကွက်လိုက် အကွက်လိုက်တွေ ကွာထွက်နေတယ်။ ပွက်ပွက်ဆူနေတဲ့ သွေးကြောင့် ကျွန်တော် သတိမလစ်သွားသေးတာ။ သတိလစ်သွားလို့ မဖြစ်သေးဘူး။ မေနှင်း.. မေနှင်းဆီကို သွားရမယ်။ စိုက်ခင်းနဲ့ ကျွန်တော်တို့ပုံးနဲ့က မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ရတယ်။ ပြေးသွားရင်တောင် ဆယ်မိနစ်လောက် ကြာမယ်။ မေနှင်း အချိန်မီ ပြန်ရောက်ပါ့မလား။ ရုံးဘက်မှာ ဝင်ခိုနေရင်တော့ လွတ်မယ်။ ဒါပေမယ့် ရုံးသမားတွေက ပုံးသမားတွေကို ဘယ်လိုမှ အထဲပေးဝင်မှာ မဟုတ်ဘူး။ သေရင်သေပါစေ ပစ်ထားမှာ။ ပြီးတော့ အချက်ပေးဥဩသံကြားတဲ့အချိန်နဲ့ လေပြင်း ဝင်းထဲကို ရောက်လာတဲ့အချိန်က ကပ်လွန်းတယ်။ ဒါကြောင့်လည်း ဝင်းထဲမှာ လဲကျပြီး သေနေတဲ့သူတွေ တွေ့ရတာ။ လေပြင်းတိုက်တိုင်း ဥဩဆွဲတယ်။ ဒါပေမယ့် ဥဩဆွဲတာ နောက်ကျတဲ့အခေါက်တွေ ရှိတတ်တယ်။ အဲဒီလို အချိန်တွေမှာ အသေအပျောက်အများဆုံးပဲ။ အကာအကွယ်ရှိတဲ့နေရာကို မိနစ်ပိုင်းအတွင်း အရောက်သွားဖို့ဆိုတာ မလွယ်ဘူး။ အစာရေစာ ချို့တဲ့ပြီး လမ်းတောင်အမြန်မလျှောက်နိုင်ကြတဲ့ သူတွေအတွက်ဆိုရင် ပိုပြီးတော့တောင် မဖြစ်နိုင်သေးတယ်။ မှောက်လျက်သားလဲနေတဲ့ ကျောဗလာနဲ့ ကလေးမလေးရဲ့ အလောင်းကို ကျွန်တော် ပြန်မြင်ယောင်လာတယ်။ ထိုင်နေရာကနေ ကျွန်တော် ကုန်းရုန်းပြီး ထလိုက်တယ်။ ခြေထောက်က နာကျင်မှုက ကျောရိုးကိုဖြတ်ပြီး ဦးနှောက်ထဲအထိ ထိုးတက်လာတယ်။ ကျွန်တော် အံကို တင်းတင်းကြိတ်လိုက်တယ်။ ဘေးနားမှာ ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကျွန်တော် ပြောလိုက်တယ်။
“အစ်မ.. အစ်မခြုံထားတဲ့ အဝတ်စ..ကျွန်တော့်ကို ခဏပေးပါ”
ခေါင်းမော့ပြီး တတွတ်တွတ် ဆုတောင်းနေတဲ့ အမျိုးသမီးက ကျွန်တော့်ကို ကြောင်တောင်တောင်နဲ့ ပြန်ကြည့်တယ်။ ဘေးနားက လူတချို့ရဲ့ မျက်လုံးတွေကလည်း ကျွန်တော့်ဘက်ကို လှည့်လာတယ်။ နာကျင်မှုကြောင့် တုန်နေတဲ့အသံကို ထိန်းပြီး ကျွန်တော် ထပ်ပြောတယ်။
“ကျွန်တော့်မိန်းမက စိုက်ခင်းဘက်မှာ.. သူ့ဆီ ကျွန်တော် သွားမလို့.. “။ ပြောရင်း ကျွန်တော့်ခြေထောက်ကို လက်ညှိုးထိုးပြလိုက်တယ်။ အမျိုးသမီးရဲ့မျက်လုံးတွေက ကျွန်တော့်ခြေထောက်ဆီ စိုက်ကျသွားတယ်။ သွေးအလူးလူးဖြစ်နေတဲ့ ကျွန်တော့် ခြေထောက်ကို ကြည့်ပြီး မျက်လုံးပြူးသွားတယ်။ ကျွန်တော့်မျက်နှာကို ပြန်ကြည့်တယ်။ ဘာမှ မပြောဘဲ သူခြုံထားတဲ့ အဝတ်စုတ်ကို ချွတ်ပေးပြီး ကျွန်တော့်လက်ထဲ ထိုးထည့်ပေးတယ်။ သွားလေ.. ဆိုတဲ့ ပုံစံနဲ့ ကျွန်တော့်ကို မေးဆတ်ပြတယ်။
ကျွန်တော် ဒူးထောက်ထိုင်ပြီး ခြေထောက်ကို အဝတ်နဲ့ အမြန်စည်းလိုက်တယ်။ သုံးလေးငါးပတ်လောက် ပတ်လိုက်တော့ ခြေထောက်တစ်ခုလုံးကို ကာပြီးသားဖြစ်သွားတယ်။ ဒါပေမယ့် သွေးတွေကတော့ အဝတ်ကိုဖောက်ပြီး အပြင်ကို စိမ့်ထွက်လာတယ်။ ကျွန်တော် မတ်တပ်ရပ်ကြည့်တယ်။ ခြေထောက်ကို ပြန်ထောက်ကြည့်တယ်။ နာကျင်မှုက လျော့မသွားတဲ့အပြင် ပိုပြီးတော့တောင် ဆိုးလာသေးတယ်။ ကျွန်တော် ပါးစပ်က အမျိုးစုံနေအောင် ဆဲမိသွားတယ်။ အပြင်မှာ လေတွေ တဝုန်းဝုန်းတိုက်နေတုန်းပဲ။ ဒီတစ်ခေါက် လေပြင်းက တော်တော်အားသန်တယ်။ ဒီလောက် လေတိုက်တာမျိုး မကြုံရတာ ဘယ်နှနှစ်ရှိပြီလဲ။ တိုက်ရှေ့ကွက်လပ်မှာ သဲတွေက အလွှာလိုက် ဖုံးစပြုနေပြီ။ တဝေါဝေါနဲ့ မဲမှောင်နေတဲ့ အပြင်ဘက်ကို လှမ်းကြည့်ရင်း ကြောက်စိတ်က ကျွန်တော့်ကိုယ်ထဲ စီးဝင်လာတယ်။ ကျွန်တော် ခေါင်းကို ခါထုတ်လိုက်တယ်။ အသက်ပြင်းပြင်း ရှူတယ်။ တိုက်အပြင်ကို ပြေးထွက်လိုက်တယ်။
(၄)
ဝင်းတစ်ခုလုံး လေပြင်းအောက်မှာ ပြားပြားဝပ်နေတယ်။ လေထဲမှာ ပြည့်ကြပ်နေတဲ့ သဲတွေကြောင့် ဘာကိုမှ ရေရေရာရာ မမြင်ရဘူး။ တစ်ချက်တစ်ချက် ထွက်လာတဲ့ အော်သံသဲ့သဲ့ကလွဲရင် လေသံ တဝုန်းဝုန်းကိုပဲ ကြားနေရတယ်။ ကျွန်တော် ပုံးဘက်ကို ဦးတည်ပြီး ဖြည်းဖြည်းချင်း လျှောက်တယ်။ ခြေကျင်းဝတ်အောက်ပိုင်းတစ်ခုလုံး ပူပြီး ထုံလာတယ်။ နာတဲ့အဆင့်ကို ကျော်သွားပြီထင်တယ်။ ဝေဒနာ နောက်တစ်ခေါက် ပြန်လှည့်မလာခင်မှာ ကျွန်တော် ခြေလှမ်းကို သွက်လိုက်တယ်။ အချိန်ဘယ်လောက် ကြာသွားသလဲ ကျွန်တော်မသိဘူး။ စက္ကန့်တိုင်းက တစ်သက်စာလောက် နှေးကွေးနေတာကိုပဲ သိတယ်။ သံပုံးတွေနားကိုရောက်တော့ အပြင်ဘက်မှာ လဲကျနေတဲ့ သူတစ်ယောက် နှစ်ယောက်တွေ့တယ်။ သံပုံးတွေထဲမှာတော့ လူတွေ ရှိသေးတယ်ထင်တယ်။ မေနှင်းမှား သူများတွေရဲ့ ပုံးထဲ ဝင်ခိုနေမလား။ ကျွန်တော် မေနှင်းနာမည်ကို လေးငါးခေါက်လောက် အော်ခေါ်တယ်။ ဒါပေမယ့် လေသံ၊ သဲသံကြားမှာ ကျွန်တော့်အသံက ပျောက်သွားတယ်။ ကျွန်တော်တို့ရဲ့ ပုံးနားကိုရောက်တော့ တဝုန်းဝုန်းတိုက်နေတဲ့ လေပြင်းက နည်းနည်းလျော့စပြုလာတယ်။ သံပုံးရှေ့ကိုရောက်တော့ ကျွန်တော့်ရင်တစ်ခုလုံး တုန်သွားတယ်။ ဝင်ပေါက်ကိုကာတဲ့ သံပြားက မြေကြီးပေါ်မှာ ပက်လက်။ အထဲကို ကျွန်တော် အမြန်ပြေးဝင်လိုက်တယ်။ ဘယ်သူမှ မရှိဘူး။ သံပုံးတစ်ခုလုံး သဲတွေ ပြည့်နေတယ်။ မေနှင်းမရှိဘူး။ ကျွန်တော့် တစ်ကိုယ်လုံး ပျော့ခွေသွားပြီး လဲကျတော့မလိုဖြစ်သွားတယ်။ ဟင့်အင်း.. လဲကျသွားလို့ မဖြစ်သေးဘူး။ မေနှင်း…စိုက်ခင်းထဲမှာ တစ်နေနေရာမှာ ဝင်ခိုနေတာ မဖြစ်နိုင်ဘူးလား။ ကျွန်တော်လာခေါ်မှာကို စောင့်နေတာဆိုရင်ရော..။ ဘေးချင်းကပ်လျက် သံပုံးကို ကျွန်တော် လက်နဲ့ထုတယ်။ မေနှင်းနာမည်ကိုခေါ်တယ်။ ဒါပေမယ့် ပြန်ထူးသံ မကြားရဘူး။
ဘာဆက်လုပ်ရမလဲ.. ။ စိုက်ခင်းဘက်ကို ဆက်သွားလို့ ခြေထောက်က ရပါ့ဦးမလား။ ဒါပေမယ့် ရွေးစရာမှ မရှိဘဲ။ မေနှင်း ကျွန်တော့်ကို မျှော်နေရင် ဘယ်လိုလုပ်မလဲ။ အံကိုတင်းတင်းကြိတ်လိုက်ပြီး စိုက်ခင်းဘက်ကို ကျွန်တော် ပြေးတယ်။ ထုံနေတဲ့ခြေထောက်က ပြန်ပြီးနာလာတယ်။ ဆယ်မိနစ်ပြေးရင် ရောက်ပြီ။ ဆယ်မိနစ်။ ပြေးရင်းနဲ့ စိတ်ထဲမှာ စက္ကန့်တွေကို ကျွန်တော် ရေနေလိုက်တယ်။ လေပြင်း အရှိန်လျော့သွားပေမယ့် ကျွန်တော့် ရင်ဘတ်ထဲကို ဝင်နေထွက်နေတဲ့ လေကတော့ ပိုပိုပြီး ပြင်းလာတယ်။ အသက်ကို မနည်းရှူနေရတယ်။
စိုက်ခင်းဂိတ်၀နားကိုရောက်တော့ ကျွန်တော့်တစ်ကိုယ်လုံး ထူပူနေပြီ။ မျက်လုံးတွေ ပြာနေပြီ။ ဒီနေရာမှာပဲ လဲသေသွားတော့မလားလို့ ထင်ရတဲ့အထိ အမောဆို့နေပြီ။
စိုက်ခင်းဂိတ်မှာ အစောင့်တွေ မရှိဘူး။ အကုန် ရုံးထဲ ဝင်ခိုနေကြတာဖြစ်မယ်။ စေ့ထားတဲ့တံခါးကို ဆောင့်တွန်းပြီး ကျွန်တော် ပြေးဝင်လိုက်တယ်။ လေပြင်းက တော်တော်လေး အရှိန်သေသွားပြီ။ မြင်ကွင်းက နည်းနည်း ကြည်လင်လာပြီ။ စိုက်ခင်းဘက်ကို သွားတဲ့ လျှောက်လမ်းကို သေချာမြင်ရပြီ။
မောတဲ့ဒဏ်ကြောင့် ကျွန်တော့်နှလုံးက ပေါက်ထွက်တော့မတတ် ခုန်နေတယ်။ နားထဲမှာ တဒုတ်ဒုတ်နဲ့ သွေးတွေ ဆောင့်တိုးနေတယ်။ ခြေထောက်က ဆက်ထောက်လို့ မရတော့အောင် နာနေတယ်။ ပြေးနေရင်း ကျွန်တော် ခေါက်ကနဲ လဲကျသွားပြန်တယ်။ ပြန်ထဖို့ကြိုးစားတယ်။ မရတော့ဘူး။ ခြေကျင်းဝတ်က ဝေဒနာက ပေါင်ရင်းအထိရောက်နေပြီ။ သုံးမရတော့တဲ့ ခြေထောက်ကို လက်နဲ့မပြီး ကျွန်တော် တရွတ်တိုက်သွားတယ်။ စိုက်ခင်းဘက်ကိုရောက်ဖို့ သိပ်မလိုတော့ဘူးထင်တယ်။
တရွေ့ရွေ့တွားသွားနေရင်းနဲ့ အရှေ့မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော် သွားနေတာ ရပ်သွားတယ်။ လမ်းပေါ်မှာ လဲကျနေတဲ့၊ သဲတွေ ဖုံးစပြုနေတဲ့ ကိုယ်ခန္ဓာတွေ..။ အလုပ်သမားဝတ်စုံတွေဝတ်ထားတဲ့၊ တုံးလုံးပက်လက်လဲနေတဲ့ အလောင်းတွေ။ ကျွန်တော် ခေါင်းစွပ်ကို ချွတ်လိုက်တယ်။ အရှိန်သေကာစ လေထဲမှာပါလာတဲ့ သဲစတချို့ ကျွန်တော့် မျက်နှာကို ဝင်ဆောင့်တယ်။
ကျွန်တော် အသံကုန်အော်လိုက်တယ်။ အဲဒီအသံနောက်မှာ ရှိစုမဲ့စု ခွန်အားတွေ အဆုပ်လိုက် အထွေးလိုက် ပါသွားပြီ။ အောက်ဆုံးအထိ ထိုးကျသွားတဲ့ စိတ်ဓာတ်နဲ့အတူ လူပါ ပြိုလဲကျသွားတယ်။ မျက်လုံးထဲကို အလောတကြီး တိုးဝင်လာတဲ့ အမှောင်ထုကို ကျွန်တော် လိုလိုလားလားပဲ ကြိုဆိုလိုက်တယ်။
+++++++++++++++++
အခန်း (၄)
(၁)
အဖေက မနက်အစောကြီးကတည်းက အပြင်ထွက်သွားတယ်။ သူ့ထုံးစံအတိုင်း ရုံးအလုပ်တွေ ရှုပ်နေမှာပေါ့။ အဖေထွက်သွားတာနဲ့ တပြိုင်နက် ကျွန်မ အဝတ်မလဲ၊ မနက်စာတောင်မစားတော့ဘဲ အောက်ထပ်ကို ပြေးဆင်းတယ်။ တံခါး၀အရောက်မှာ အစောင့်ကောင်လေး ဝင်လာတာနဲ့ တည့်တည့်တိုးတာပဲ။ ကောင်လေးက ကျွန်မကိုမြင်တော့ မျက်လုံးပြူးသွားတယ်။ တစ်ခုခုပြောမလို့ ပါးစပ်ပြင်တယ်။ ကျွန်မသူ့ကို ဘာမှ ရှင်းပြမနေတော့ဘဲ အပြင်ကိုထွက်လာလိုက်တယ်။ ကောင်လေးက ကျွန်မနောက်ကို လိုက်ရမလား၊ နေခဲ့ရမလား ဝေခွဲမရတဲ့ပုံနဲ့ ကျန်ခဲ့တယ်။ ကျွန်မ လှည့်မကြည့်ဘဲ စိုက်ခင်းတွေဘက်ကို ခပ်သွက်သွက် လျှောက်သွားလိုက်တယ်။ လမ်းမှာ အဖေ့တပည့် တစ်ယောက်နှစ်ယောက် တွေ့တယ်။ အားလုံးက ကျွန်မကို ကြည့်ပြီး ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်နေပုံပဲ။ ဟုတ်တယ်လေ.. သူတို့ ဘာပြောမှာလဲ။ ကျွန်မ အပြင်မထွက်ဘဲနေနေတယ်ဆိုတာ တကယ် မထွက်ချင်သေးလို့။ သူတို့ကို ကြောက်လို့ မထွက်တာမှ မဟုတ်တာ။ ဒီဝင်းထဲမှာ အဖေပြီးရင် အကြီးဆုံးက ကျွန်မပဲ မဟုတ်ဘူးလား။ လမ်းလျှောက်နေရင်းနဲ့ ငါ့ကို တစ်ယောက်ယောက် လာတားပါစေလို့ ကျွန်မ ကြိတ်ပြီးတောင် ဆုတောင်းနေမိတယ်။ ဒါမှ မှတ်လောက်သားလောက်အောင် အော်ပစ်လိုက်လို့ ရမှာ။ ဒါပေမယ့် တစ်ယောက်မှ ကျွန်မကို ဘာမှ လာမပြောကြဘူး။ သူတို့အချင်းချင်း လက်တို့တယ်။ ကျွန်မရှိရာကို မေးငေါ့ပြကြတယ်။ တိုးတိုးတိုးတိုး ပြောကြတယ်။
အာလူးခင်းတွေနားကိုရောက်တော့ ကျွန်မ တော်တော်မောနေပြီ။ ဒီလောက် ဝေးဝေး လမ်းမလျှောက်ဖြစ်တာ ကြာလှပြီလေ။ အနီးအနားက တွေ့တဲ့ ခုံတန်းတစ်ခုမှာ ဝင်ထိုင်ရင်း အမောဖြေလိုက်တယ်။ မနက်ခင်းလေကြောင့် ကျွန်မဝတ်ထားတဲ့ ညဝတ်ဂါဝန်က လူးလွန့်နေတယ်။ ပါးပေါ်မှာ ဝဲကျနေတဲ့ ဆံပင်တွေကို နားနောက်ထဲ သိုင်းထည့်လိုက်တယ်။ အပြင်ကမ္ဘာရဲ့ မြင်ကွင်းက သွေ့ခြောက်နေပေမယ့် စိုက်ခင်းနေရာကတော့ ကန္တာရအလယ်က အိုအေစစ်တစ်ခုလို စိမ်းလန်းစိုပြေနေတယ်။ အတန်းလိုက် စိုက်ထားတဲ့ အာလူးခင်းတွေထဲမှာ အလုပ်သမားတွေ အလုပ်စလုပ်နေကြပြီ။ အလုပ်သမားတွေက မိန်းကလေးတွေ များတယ်။ မြေကြီးဆွနေတဲ့ ယောကျ်ားတစ်ယောက်နှစ်ယောက်တော့ တွေ့ရတယ်။ ဟိုလျှောက်ဒီလျှောက်လုပ်ရင်း အမိန့်ပေးနေတဲ့ အစောင့်တချို့လည်း ရှိတယ်။
နေတောင် အပြည့်မထွက်ချင်သေးပေမယ့် ဒီနေ့က တခြားနေ့တွေထက် ပူအိုက်အိုက်ဖြစ်နေတယ်။ အိမ်ထဲမှာ ပန်ကာနဲ့နေနေကျဖြစ်လို့လား မသိ၊ ပြင်ပလေက ကျွန်မအတွက် နွေးလွန်းတယ်။ နှဖူးမှာစို့လာတဲ့ ချွေးကို လက်နဲ့အသာသုတ်လိုက်တယ်။ အလုပ်များနေတဲ့ စိုက်ခင်းသမားတွေကို ကြည့်ရင်း ကျွန်မ ဘာလုပ်ရင်ကောင်းမလဲ တွေးနေမိတယ်။ အဖေ့ကို ဘယ်လို သက်သေပြရမလဲ။ ကျွန်မဟာ သုံးမရတဲ့ မိန်းမတစ်ယောက် မဟုတ်ဘူး၊ သင်ထားတတ်ထားတဲ့ ပညာတွေ အများကြီးရှိတယ်.. ဒါတွေကို အဖေသိအောင် ဘယ်လို လုပ်ပြရမလဲ။ ကျွန်မကို ဘာတွေ စိတ်ပူနေတာလဲ စဉ်းစားလို့မရဘူး။ မပြောကောင်း မဆိုကောင်း အဖေသေသွားရင် ဒီဝင်းကို ဘယ်သူ အုပ်ချုပ်မှာလဲ။ ဦးဇင်မင်းလား.. ။ ဝေးပါသေးတယ်။ ဦးဇင်မင်းက ဆရာကြီးလိုလို ဘာလိုလိုနဲ့ တကယ်တန်းက အဖေ့နားမှာ ကပ်ပြီးဖားနေတာ တစ်ခုပဲ လုပ်တတ်တာ။ သူ့ဘာသာသူဆို ဘာမှ မတတ်ဘူး။ တွေးရင်း ကျွန်မ စိတ်ထဲမှာ မောသလိုလိုတောင် ဖြစ်သွားတယ်။ သူပုန်တွေက တစ်မျိုး။ ဒီလောက် ကမ္ဘာပျက်နေတာတောင်မှ အရေးအခင်း လုပ်ချင်နေသေးတယ်။ သူတို့ ဘာဖြစ်ချင်ကြတာလဲ ကျွန်မ နားမလည်ဘူး။ အုပ်ချုပ်ခွင့်တောင် လွှဲပေးရဦးမယ်ဆိုပဲ။ ဆိုလာကွင်းတွေကို စီမံခန့်ခွဲဖို့မပြောနဲ့ မီးခလုတ်တောင် ကောင်းကောင်း အဖွင့်အပိတ် မလုပ်တတ်တဲ့သူတွေ။ စိုက်ပျိုးရေးလုပ်ဖို့ မပြောနဲ့ ရေတောင်လုံလောက်အောင် မစုဆောင်းတတ်တဲ့ အရိုင်းအစိုင်းတွေ။ အင်္ဂလိပ်စာမပြောနဲ့ မြန်မာစာတောင် ကောင်းကောင်း မရေးတတ် မဖတ်တတ်တဲ့ သူတွေ။ ဟို.. ခြိမ်းခြောက်စာကို ရေးတာလည်း သူတို့ရေးတာမဖြစ်နိုင်ဘူး။ ရုံးဘက်က တစ်ယောက်ယောက် သစ္စာဖောက်ပြီး ရေးပေးတာ ဖြစ်ဖို့များတယ်။ တွေးနေရင်း ကျွန်မ စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်မိတယ်။ အဖေတစ်ယောက်တည်း ဒီလူတွေကို ဘယ်လို အုပ်ချုပ်နေသလဲ မသိဘူး။ ကျွန်မနဲ့ အတူတူ တက်ညီလက်ညီ လုပ်လိုက်ပါလား။ ကျွန်မကို နှစ် ၂၀ လုံး ဆရာအမျိုးမျိုးနဲ့ သင်ပေးထားခဲ့တဲ့ ပညာတွေကို တန်အောင် အသုံးချပါလား..။ အခုတော့ အိမ်တံခါးပိတ်ပြီး အထဲမှာ ပုန်းခိုင်းထားတာပဲ။ အလဟဿ ဖြစ်တယ်ဆိုတာ ဒါပေါ့။
အစောင့်တစ်ယောက် ကျွန်မထိုင်နေတဲ့ ခုံတန်းနားကို လျှောက်လာတယ်။ သက်လတ်ပိုင်း ယောက်ျားတစ်ယောက်ပဲ။ ကျွန်မရှေ့ကို ရောက်တော့ သူ့ပခုံးမှာလွယ်ထားတဲ့ သေနတ်ကို ကျောဘက်ကို ပို့တယ်။ လက်နှစ်ဖက်ကို နောက်ပစ်တယ်။ ကျွန်မကို လေသံပျော့ပျော့နဲ့ မေးတယ်။
“ဘာကူညီပေးရမလဲ ခင်ဗျ”
“ဘာမှမလိုပါဘူး။ ရတယ်။ သူတို့ အလုပ်လုပ်နေတာကို လာကြည့်တာ”
ကျွန်မ ပြန်ဖြေလိုက်တော့ အစောင့်က ထွက်မသွားဘဲ ယောင်လည်လည်နဲ့ ကျွန်မရှေ့မှာ ပေပြီးရပ်နေတယ်။
“ဘာရပ်စောင့်နေတာလဲ။ ကျွန်မ ဒီအတိုင်း ကြည့်တောင်မကြည့်ရဘူးလား”
အစောင့်က ခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်ကို တစ်ချက်ဆွဲချတယ်။ ပခုံးတွန့်တယ်။ သူ့မျက်လုံးက ကျွန်မရဲ့ ဟိုက်နေတဲ့ ရင်ဘတ်နေရာဆီကို မသိမသာ ဝေ့လာတယ်။ ရင်စည်း မဝတ်ဘဲ ထွက်လာမိတာကို ကျွန်မ တော်တော် နောင်တရသွားတယ်။ အစောင့်က ကြိုးစားပြီး သူ့မျက်လုံးကို ကျွန်မမျက်နှာ ရှိရာဆီကို ဆွဲတင်တယ်။
“ဒီဘက်ခြမ်းမှာ ရုန်းရင်းဆန်ခတ်တွေ ခဏခဏဖြစ်တယ်ဗျ။ အစ်မရှိနေတုန်း တစ်ခုခုဖြစ်ရင် ကျွန်တော်တို့ပါ မလွယ်ဘူး”
“ဘာဖြစ်လို့လဲ..”
“အစားအသောက်ခိုးတာ၊ ရုံးထဲကို ခိုးဝင်ဖို့ လုပ်တာ.. အစုံပဲ”
ကျွန်မမျက်လုံးက သူ့ကျောဘက်မှာ ဖွက်ထားတဲ့ သေနတ်ဆီကို ရောက်သွားတယ်။ သူကလည်း ရိပ်မိတယ်ထင်တယ်။
“စိတ်မပူပါနဲ့။ သေနတ်နဲ့ ပစ်ထိန်းရတဲ့အထိတော့ မဖြစ်ပါဘူး..”
ကျွန်မ စိတ်ထဲမှာ ကြိုပြင်ထားတဲ့ မေးခွန်းတစ်ခုကို မေးလိုက်တယ်။
“အရင်တစ်ပါတ်က ဖမ်းမိတဲ့ သူပုန်.. အဲဒီတစ်ယောက်ကို ရှင်သိလား”
အစောင့်က သူသိထားတတ်ထားတာတွေကို ပြောပြလို့ရပြီ ဆိုတဲ့ ပုံစံနဲ့ ရင်နည်းနည်းကော့သွားတယ်။
“သိတယ်ဗျ။ မျိုးဝင်းလေ။ သူ့ကို မသိတဲ့သူ မရှိသလောက်ပဲ။ နေရာတကာ သူမပါတာ မရှိဘူး။ အလုပ်တော့ မည်မည်ရရ မလုပ်ဘူး။ ဟိုစပ်စပ် ဒီစပ်စပ်ပဲ။ သူပုန်တွေနဲ့ သွားပတ်သတ်လို့ အခုတော့ သေပြီ။ နည်းသေးတယ်။ သူ့မိန်းမကတော့ ဒီဘက် စိုက်ခင်းထဲမှာ အလုပ်လုပ်ဖူးတယ်။ အခုတော့ အလုပ်ထုတ်လိုက်ပြီ။ ဟိုကောင့်ကို မိတဲ့နေ့ကတည်းက ထုတ်လိုက်တာပဲ”
“ဪ..။ သူနဲ့ပတ်သတ်ပြီး ဝင်းသမားတစ်ယောက်ယောက်ကို ကျွန်မ မေးစရာရှိတယ်။ ဘယ်သူ့ကို မေးရမလဲ”
အစောင့်က ကျွန်မကို ကြောင်တောင်တောင်နဲ့ ကြည့်တယ်။ သူ့မျက်လုံးထောင့်ထဲမှာ မိန်းမတစ်ယောက်က ဘာဖြစ်လို့ ဒါတွေမေးနေတာလဲ ဆိုတဲ့ အထင်သေးတဲ့အရိပ် ဖြတ်ကနဲ ခဏပေါ်လာတယ်။ ကျွန်မစိတ်ထဲမှာ ထောင်းကနဲ ဖြစ်သွားတယ်။
“အစ်မက ဘာလုပ်မလို့လဲဗျ။ ကျွန်တော်တို့မှာ.. အဲဒီလို..”
“ရှင့်နာမည်နဲ့ နံပါတ် ပြော”
အစောင့်ရဲ့ တစ်ကိုယ်လုံး သိသိသာသာ တောင့်တင်းသွားတယ်။ မျက်လုံးထဲက အထင်သေးတဲ့အကြည့်နေရာမှာ ကြောက်တဲ့ အရိပ်အယောင်တွေ အစားထိုးသွားတယ်။ ကျွန်မ သူ့ကို သေချာစိုက်ကြည့်နေလိုက်တယ်။
“ဟို.. သက်တင်စိုးပါ။ အမှတ် ၅၄/၁၆..”
“ဟုတ်ပြီ။ အမှတ် ၅၄၊ ၁၆..။ ရှင် သူပုန်တွေနဲ့ပတ်သတ်လို့ ဘာဆိုဘာမှ မသိတဲ့အကြောင်း၊ ဘာမှ မကူညီနိုင်တဲ့အကြောင်း၊ ကျွန်မကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး စကားတွေ အကြာကြီးလာပြောတဲ့အကြောင်း၊ ပြီးတော့ ကျွန်မ အင်္ကျီဟိုက်နေတာကို အလိုက်ကန်းဆိုးမသိ အားရပါးရ စိုက်ကြည့်သွားတဲ့အကြောင်း။ အဲဒါတွေ..အဖေ့ကို ကျွန်မ ပြောဖြစ်အောင် ပြောလိုက်မယ်။ ဟုတ်ပြီလား”
သက်တင်စိုးရဲ့ မျက်နှာတစ်ခုလုံး တွန့်လိမ်သွားတယ်။ ကျွန်မကို မယုံနိုင်တဲ့ မျက်လုံးနဲ့ကြည့်တယ်။ သူ့ကို ပြန်စိုက်ကြည့်နေတဲ့ ကျွန်မရဲ့ မျက်လုံးတွေထဲမှာ စနောက်နေတဲ့ ဟန်များ တွေ့ရမလား ဆိုပြီး အသည်းအသန် လိုက်ရှာတယ်။ ကျွန်မ အတည်ပြောနေမှန်း သဘောပေါက်သွားတော့ သူ့ နှုတ်ခမ်းတွေ တလှုပ်လှုပ်ဖြစ်လာတယ်။ ဘာပြောရမှန်း မသိ ဖြစ်နေပုံပဲ။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတာ။ ကျွန်မ လေသံကို လျှော့လိုက်တယ်။
“ရှင်က ကျွန်မ အဖေမသိအောင် ခိုးထွက်လာတယ်လို့ ထင်နေတာလား။ မဟုတ်ဘူး။ အဖေက ကျွန်မကို အုပ်ချုပ်ရေးနဲ့ ပတ်သတ်ပြီး လေ့လာဖို့ လွှတ်လိုက်တာ။ စိုက်ခင်းဘက်က လူတွေနဲ့ မျက်မှန်းတန်းမိအောင်နေတဲ့.. အဲဒီလိုပြောလိုက်တယ်။ ဒီတော့ အုပ်ချုပ်ရေးပိုင်းကို မလေ့လာခင် ကျွန်မတို့ရဲ့ ရန်သူတွေကို အရင်လေ့လာဖို့ လိုတယ်။ ဟုတ်တယ်မဟုတ်လား”
သက်တင်စိုးက ခေါင်းကို ခပ်သွက်သွက်ညိတ်တယ်။ မျက်နှာကိုတော့ အတင်းမော့ထားတယ်။ ကျွန်မကို ငုံ့မကြည့်မိအောင် အသည်းအသန် ကြိုးစားနေတာ..။
“အဲဒီတော့ ဒီစိုက်ခင်းထဲမှာ အခု.. “။ ကျွန်မ စိုက်ခင်းထဲက အလုပ်သမားတွေကို တစ်ချက် ဝေ့ကြည့်လိုက်တယ်။ “.. လူ သုံးဆယ်ကျော် လေးဆယ်လောက် ရှိမယ်။ အဲဒီထဲမှာ မျိုးဝင်းအကြောင်း သိတဲ့သူ တစ်ယောက်မှ မပါဘူးလို့ ရှင်ပြောချင်တာလား..”
သက်တင်စိုး ခေါင်းကို အမြန်ခါတယ်။
“မဟုတ်.. မဟုတ်ဘူး အစ်မ။ မျိုးဝင်းနဲ့ အမြဲတတွဲတွဲလုပ်နေတဲ့ တစ်ယောက်ရှိတယ်.. နေမင်းဆိုတဲ့ကောင်.. သူရှိတယ်”
“အခုသူ စိုက်ခင်းထဲမှာ ရှိသလား။ ကျွန်မဆီ ခေါ်ခဲ့”
“ဟင့်အင်း မရှိဘူးခင်ဗျ။ သူက ဒီမှာ အလုပ်လုပ်တာ မဟုတ်ဘူး။ သူ့မိန်းမပဲ ရှိတယ်..ဟိုမှာ.. ဟိုတစ်ယောက်”
သက်တင်စိုးက စိုက်ခင်းထဲက ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ယောက်ကို လက်ညှိုးထိုးပြတယ်။ အမျိုးသမီးက မြေကြီးပေါ်မှာ ဒူးထောက်ပြီး မြေဆီလွှာတွေကို စူးနဲ့ ထိုးတယ်။ လက်နဲ့ နှိုက်တယ်။ အာလူးတွေကို ကော်ထုတ်တယ်။ ပါလာတဲ့ အာလူးတွေကို သံဇလုံထဲကို ထည့်တယ်။ အလုပ်ရှုပ်နေတဲ့ အဲဒီ အမျိုးသမီးကို ခဏ စိုက်ကြည့်ပြီး ကျွန်မ သက်တင်စိုးဘက်ကို ပြန်လှည့်လိုက်တယ်။
“အခု ကျွန်မ အိမ်ထဲကို ပြန်မယ်။ ခဏနေကျရင် အဲဒီ မိန်းမကို အိမ်ထဲကို ခေါ်လာခဲ့”
သက်တင်စိုး မျက်နှာက ပျက်သထက်ပျက်ပြီး မဲ့ပါမဲ့သွားတယ်။ ခေါင်းကို သွင်သွင်ခါတယ်။
“ဟာ.. မဖြစ်ဘူးထင်တယ် အစ်မ။ ဥက္ကဌကြီးသိရင်..”
ကျွန်မ ထိုင်ရာကနေ ထလိုက်တယ်။ သူ့ရှေ့ကို တိုးသွားလိုက်တယ်။ သက်တင်စိုး နောက်ကို တစ်လှမ်းဆုတ်ရင်း ချော်လဲတော့မလို ဖြစ်သွားတယ်။
“ဥက္ကဌကြီး သိတာမသိတာက မသေချာဘူး။ ခဏနေလို့မှ အိမ်ထဲကို အဲဒီမိန်းမ ရောက်မလာဘူးဆိုရင် ရှင်နဲ့ ဥက္ကဌကြီးနဲ့ စကားတွေ အများကြီး ပြောရမှာတော့ သေချာတယ်”
ကျွန်မ ပြောပြီး အိမ်ဘက်ကို ပြန်လှည့်ထွက်လာလိုက်တယ်။ စိတ်ထဲမှာ တော်တော် ကျေနပ်သွားတယ်။ အဖေ့ကိုတော့ အံ့ဩမိတယ်။ ဒီလူတွေလောက်နဲ့ ဒီဝင်းကို ဘယ်လို အုပ်ချုပ်နေသလဲ မသိဘူး။ ဒီအစောင့်လည်း အိမ်ထဲကအစောင့်လိုပဲ။ ဉာဏ်နည်းလိုက်တာ။ ဘာပဲဖြစ်ဖြစ် ကျွန်မ ဒီနေ့ လုပ်စရာတစ်ခု ရှိသွားပြီ။ အဲဒီမိန်းမဆီကနေ မျိုးဝင်းအကြောင်း၊ ပြီးတော့ သူ့သူငယ်ချင်းဆိုတဲ့ လူအကြောင်း သေသေချာချာ မေးရမယ်။ ကြယ်တံခွန်အဖွဲ့ဆိုလား.. အဲဒီ သူပုန်အဖွဲ့အကြောင်း အဖေ့ထက် ကျွန်မ ပိုသိသွားရင် ပြီးပြီလေ။ အဖေ ကျွန်မကို ဘာပြောမလဲ။ ကလေးလို ဆက်ဆံတော့မှာ မဟုတ်ဘူး။ နေရာတစ်ခု ပေးရတော့မယ်။ ဟုတ်တယ်မဟုတ်လား။
(၂)
ဧည့်ခန်း ထိုင်ခုံမှာ ကျုံ့ကျုံ့လေး ထိုင်နေတဲ့ အမျိုးသမီးကို ကျွန်မ ကြည့်လို့ မ၀ဘူးဖြစ်နေတယ်။ ဝင်းသမားတွေနဲ့ ဒီလောက်နီးနီးကပ်ကပ် တစ်ခါမှ မတွေ့ရဘူးလေ။ အမျိုးသမီးက ကျွန်မထက် လေးငါးနှစ်လောက် ကြီးမလားပဲ။ ဒါပေမယ့် မည်းမှောင်နေတဲ့သူ့မျက်နှာနဲ့ အရိုးသာသာ ကိုယ်လုံးကြောင့် တကယ့်အသက်ထက် ပိုကြီးနေသလိုထင်ရတယ်။ ပေါင်ပေါ်တင်ထားတဲ့ လက်ချောင်းတွေက သေးလိုက်တာ။ ဆံပင်တွေကလည်း မီးခိုးတစ်ဝက် အမည်းတစ်ဝက်နဲ့ စုတ်ဖွားဖွားဖြစ်နေတယ်။ မျက်လုံးတွေကို သေချာကြည့်ရင်တော့ ငယ်ရိပ်တချို့မြင်ရသေးတယ်။ ကျွန်မ အသားဘူးတစ်ဘူးကို ဖောက်ပြီး သူ့ရှေ့မှာ ချပေးလိုက်တော့ အမျိုးသမီးက အသားဘူးကို မမြင်ဖူးတဲ့အရာတစ်ခုလို ပြူးပြီးကြည့်တယ်။ ကျွန်မကို ပြန်မော့ကြည့်တယ်။ ကြောက်အားလန့်အားနဲ့ အသားဘူးကို ကျွန်မဘက်ကို ပြန်တွန်းတယ်။
“စားလေ အစ်မ”
ကျွန်မပြောလိုက်တော့ အမျိုးသမီးက ခေါင်းကို တွင်တွင်ခါတယ်။
“မလုပ်ပါနဲ့။ သူတို့ သိသွားရင် ကျွန်မကို အပြင်ထုတ်လိမ့်မယ်”
အမျိုးသမီးရဲ့ အသံက တကယ်ကိုပဲ တုန်ခါနေတယ်။ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ငြင်းနေလိုက်တာ ..ပါးစပ်ထဲ ထိုးထည့်ရင်တောင် စားမယ့်ပုံမပေါ်ဘူး။ ကျွန်မ လက်လျှော့လိုက်တယ်။
“အစ်မ နာမည်က ဘယ်လိုခေါ်လဲ.. ညီမနာမည်က ဆူဇန်..”
နာမည်ကြားတော့မှ သူက ပိုလန့်သွားတဲ့ပုံစံနဲ့ အနောက်ကိုပါ ရို့သွားတယ်။ ကျွန်မကို မော်မကြည့်ဘဲ ဖြေတယ်။
“မေနှင်း”
လူနဲ့ တစ်စက်မှ မလိုက်တဲ့ နာမည်ပါလား။ ကျွန်မ ရယ်ချင်စိတ်ကိုထိန်းလိုက်ရတယ်။
“အစ်မက စိုက်ခင်းဘက်မှာ လုပ်နေတာ ကြာပြီလား”
“ဟုတ်..”
ဒီလို တစ်ခွန်းမေး တစ်ခွန်းဖြေလုပ်နေရင်တော့ ဒီနေ့ ပြီးမှာမဟုတ်ဘူး။ တခြားနည်းလမ်းတစ်ခု ပြောင်းသုံးမှ ရမယ်။ ကျွန်မ သူ့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တယ်။ မေနှင်းဆိုတဲ့ အမျိုးသမီး ပျာပျာသလဲလဲဖြစ်သွားတယ်။ ထိုင်ခုံက ထပြေးတော့မလို ပြင်တယ်။ ကျွန်မ သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်ပြီး ပြန်ထိုင်ခိုင်းလိုက်တယ်။ မေနှင်းရဲ့ လက်ကောက်ဝတ်က ကျွန်မလက်ဝါးထဲမှာ သေးကွေးပြီး ပျောက်နေတယ်။
“မကြောက်နဲ့လေ အစ်မ။ အစ်မကို ဘာမှ မလုပ်ပါဘူး။ သိချင်တာလေး တစ်ခု နှစ်ခု ရှိလို့.. မေးမလို့ပါ”
မေနှင်းက ကျွန်မကို မရဲတရဲ မျက်လုံးလှန်ကြည့်တယ်။
“ကျွန်မ.. ကျွန်မ ဘာမှ မသိပါဘူး။ ကျွန်မက အလုပ်သမား သက်သက်ပါ..”
ကျွန်မ မျက်နှာကို အတတ်နိုင်ဆုံး ချိုအောင်ထားလိုက်တယ်။ စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်။ လူတစ်ယောက် ကိုယ့်ကို ယုံကြည်စေချင်ရင် ကိုယ့်ဘ၀ကို အရင်ဆုံး ချပြရသတဲ့။
“ညီမက ဒီအိမ်ထဲမှာ ပိတ်မိနေတာ ကြာလှပြီ။ အစ်မတို့ကမှ ဝင်းထဲမှာ ဟိုသွားဒီသွား သွားလို့ရသေးတယ်။ ညီမမှာ အိမ်ထဲက အခန်း သုံးလေးခန်းကလွဲရင် ဘယ်မှ မရောက်ဘူး။ အပြင်မှာ လွတ်လွတ်လပ်လပ် သွားလာနေတဲ့သူတွေကို တွေ့ရင် သိပ်မနာလိုဖြစ်တာပဲ။ ဒီနေ့တောင် စိုက်ခင်းဘက်ကို အရဲစွန့်ပြီး ခိုးထွက်လာတာ။ အဖေသိသွားရင် ညီမကို ကောင်းကောင်း ဆုံးမမှာ..။ အပြင်ကလူတစ်ယောက်ယောက်နဲ့ စကားပြောရရင် တော်ပြီ၊ ဖြစ်ချင်ရာဖြစ် ဆိုပြီး ထွက်လာတာ..”
မေနှင်းရဲ့ မျက်နှာက ကြောက်စိတ်အခိုးအငွေ့တွေ နည်းနည်း လျော့သွားတယ်။ ကျွန်မကို နားမလည်တဲ့ အကြည့်နဲ့ ကြည့်တယ်။
“အစောင့်တွေနဲ့ စကားပြောလို့ မရဘူးလား..”
ကျွန်မ နှာခေါင်းရှုံ့လိုက်တယ်။
“အစ်မကလည်း.. အစောင့်တွေက ယောက်ျားတွေချည်းပဲဟာကို။ တွေ့တာနဲ့ လူကို စားမလိုဝါးမလို ကြည့်နေကြတာ.. ဘယ်လို စကားပြောလို့ အဆင်ပြေမလဲ”
မေနှင်းက ကျွန်မတစ်ကိုယ်လုံးကို သူ့မျက်လုံးနဲ့ အမြန်သုံးသပ်တယ်။ ကျွန်မပြောတာကို လက်ခံတဲ့ပုံနဲ့ ခေါင်းညိတ်တယ်။
“အခု အစ်မကို အများကြီး မမေးဘူး။ ဝင်းထဲမှာ ဘာတွေဖြစ်နေသလဲပဲ သိချင်တာ။ အဖေ့ကိုမေးရင်လည်း အဖေက ညီမကိုဆိုရင် အဖက်လုပ်ပြီး စကားပြန်မပြောဘူး။ အစောင့်တွေကလည်း ရေငုံနှုတ်ပိတ်ပဲ နေကြတာ”
“ဒါပေမယ့်.. ကျွန်မ.. ဘာမှမှ မသိတာ..ဘာကို ပြောပြရမှာလဲ”
ကျွန်မ လေသံကို အပြစ်မဲ့တဲ့ ကလေးလေးတစ်ယောက်ပုံစံမျိုးဖြစ်အောင် နှိမ့်ချလိုက်တယ်။ မျက်တောင်ကို တဖျတ်ဖျတ် ခတ်တယ်။
“ဟို.. အခု အစောင့်တွေ ပြောပြောနေကြတဲ့ ကြယ်တံခွန်သူရဲတွေဆိုတာ အဲဒါ ဘာလဲဟင်”
မေနှင်း တုန်ကနဲ ဖြစ်သွားတယ်။ မျက်စိကို စုံမှိတ်တယ်။ ခေါင်းကို ပြုတ်ထွက်သွားတော့မတတ် ရမ်းတယ်။
“ဟင့်အင်း။ ကျွန်မ မသိဘူး။ အဲဒီအဖွဲ့နဲ့ ကျွန်မနဲ့ ဘာမှ မပတ်သက်ဘူး..”
“ညီမမေးတဲ့အထဲမှာ အဖွဲ့ ဆိုတဲ့ စကားလုံး ပါမှမပါဘဲ။ အစ်မက သူတို့မှာ အဖွဲ့ရှိတယ်ဆိုတာကို ဘယ်လိုသိသွားတာလဲ”
မေနှင်း မျက်လုံးတွေ ပွင့်လာတယ်။ ဝိုင်းသွားတယ်။ အငိုက်မိသွားတဲ့ ပုံစံက သိသာလွန်းနေတယ်။ ကျွန်မ ဒူးထောက်နေရာက ထလိုက်တယ်။ ထိုင်ခုံတစ်လုံးကိုဆွဲပြီး မေနှင်းဘေးမှာ ချလိုက်တယ်။ သူနဲ့ ဘေးချင်းကပ်လျက် ဝင်ထိုင်လိုက်တော့ မေနှင်း တစ်ကိုယ်လုံး ကျုံ့ဝင်သွားပြီး နဂိုကတည်းက ပိန်လှီနေတဲ့ သူ့ကိုယ်ခန္ဓာက ပိုသေးသွားတယ်။ ကျွန်မ သူ့ပခုံးပေါ်ကို လက်တင်တော့ သူ့တစ်ကိုယ်လုံး ဆတ်ကနဲ တုန်သွားပြန်တယ်။ ကျွန်မ ထပ်မေးလိုက်တယ်။
“ဘာဖြစ်လို့ အဲဒီ သူပုန်တွေကို သူရဲတွေလို့ ခေါ်ကြတာလဲ..”
သူ ဘာမှ ပြန်မဖြေဘဲ ခေါင်းကိုပဲ တွင်တွင်ခါနေတယ်။ ကျွန်မ သက်ပြင်းချလိုက်တယ်။
“အစ်မ မပြောပြဘူးဆိုရင်လည်း ရတယ်လေ။ ဟို.. သေသွားတဲ့ သူပုန်က အစ်မ ယောက်ျားနဲ့ သူငယ်ချင်းဆို။ ဟုတ်လား။ ဒါဆို အစ်မရဲ့ ယောက်ျားကတော့ အစ်မထက် ပိုသိမယ်ထင်တယ်။ သူ့ကိုပဲ ခေါ်မေးလိုက်မယ်။ ဒါမှ မဟုတ် သူ့ကို ခေါ်မေးဖို့ အဖေ့ကို ပြောကြည့်လိုက်မယ်လေ..”
မေနှင်း ဆတ်ကနဲ ကျွန်မကို လှည့်ကြည့်တယ်။ သူ့မျက်လုံး သေးသေးလေးတွေထဲမှာ လက်ကနဲဖြစ်သွားတဲ့ ဒေါသစိတ်ကို မြင်လိုက်ရတယ်။
“အဲဒီလို မလုပ်ပါနဲ့..”
“ဒါဆိုရင် အစ်မ ပြောလေ”
မေနှင်းက ဟိုဘက်ကို ခေါင်းလှည့်သွားတယ်။ သူ့မျက်လုံးတွေက ဧည့်ခန်း ပြူတင်းပေါက်ကိုဖောက်ပြီး ဟိုးအပြင်.. ဝင်းဘက်ကို လှမ်းကြည့်နေတယ်။ သူ့ဆီကအဖြေကို ကျွန်မ စိတ်ရှည်လက်ရှည်နဲ့ စောင့်နေလိုက်တယ်။ တော်တော်လေးကြာမှ မေနှင်းဆီက အသံထွက်လာတယ်။
“ဘာဖြစ်လို့ သူရဲတွေလို့ ခေါ်ကြတာလဲတော့ ကျွန်မ အတိအကျမသိဘူး။ ကောလာဟလတွေ ယုံတမ်းစကားတွေတော့ ကြားဖူးတယ်။ အဲဒီ ကြယ်တံခွန်သူရဲတွေက သေရွာက ပြန်လာတဲ့ သူတွေတဲ့..”
“ဘယ်လို..”
ကျွန်မ ဆက်မေးမလို့ ပြင်လိုက်တဲ့အချိန်မှာ တစ်ဝင်းလုံး အချက်ပေးဥဩသံတွေ ဆူညံသွားတယ်။ အိမ်ထဲမှာ တပ်ထားတဲ့ သတိပေး ခေါင်းလောင်း အဆက်မပြတ်မြည်လာတယ်။ မေနှင်းက ထိုင်ခုံကနေ ဆတ်ကနဲ ထတယ်။
“လေလာပြီ။ လေတိုက်တော့မယ်။ ကျွန်မ.. ကျွန်မ ဝင်းထဲကို ပြန်မှဖြစ်မယ်”
ကျွန်မလည်း ထိုင်ခုံကနေ အမြန်ထလိုက်တယ်။ ပြူတင်းပေါက်ဘက်ကို ပြေးသွားတယ်။ အပြင်ကို လှမ်းကြည့်တယ်။ ဝင်းထဲကို မုန်တိုင်းဝင်လာတာတော့ မတွေ့ရသေးဘူး။ ဒါပေမယ့် မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုကြောင့် ကျွန်မ မျက်လုံးပြူးသွားတယ်။ မေနှင်းဘက်ကို ပြန်လှည့်ကြည့်လိုက်တော့ သူက အိမ်ရှေ့တံခါးဆီ ပြေးသွားနေပြီ။ ကျွန်မ သူ့နောက်ကို အမြန်ပြေးလိုက်သွားတယ်။ တံခါးလက်ကိုင်ဆီ သူ့လက် မရောက်ခင် ကျွန်မ အနောက်ကနေ အမြန်လှမ်းဆွဲလိုက်တယ်။
“မထွက်နဲ့။ မထွက်နဲ့..ဟိုမှာ.. “
မေနှင်းက အတင်းရုန်းတယ်။ ကျွန်မ သူ့ကို အားနဲ့ ချုပ်ထားလိုက်တယ်။ တံခါးမှန်ကနေ အပြင်ဘက်ကို လှမ်းမြင်နေရတယ်။ ကျွန်မမြင်လိုက်တဲ့ မြင်ကွင်းကို မေနှင်းလည်း မြင်သွားတယ် ထင်တယ်။ ရုန်းနေတာရပ်သွားတယ်။
ဥဩသံတွေကြားမှာ အိမ်ဘက်ကို ခပ်သွက်သွက် လာနေတဲ့ လူတစ်စု။
ရှေ့ဆုံးက လျှောက်လာနေတာက အဖေ။
++++
အခန်း (၅)
(၁)
ကျွန်တော့်ရှေ့မှာ အုတ်တံတိုင်းကြီး တစ်ခု။
တံတိုင်းရဲ့ နံရံတွေက လေဒဏ်၊ မိုးဒဏ်ကို နှစ်ပေါင်းများစွာ ခံခဲ့ရလို့ အမာရွတ်တွေအထပ်ထပ် ဖြစ်နေတယ်။ ကျွန်တော် တံတိုင်းဆီကို တစ်လှမ်းခြင်း လှမ်းတယ်။ လေထုက ငြိမ်သက်နေတယ်။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေတယ်။ ဘေးဘီဝဲယာကို မကြည့်မိဘူး။ ကျွန်တော့်မျက်လုံးတွေက နံရံမှာဗြုတ်ထနေတဲ့ အမာရွတ်တွေကိုပဲ စိုက်ကြည့်နေမိတယ်။ တံတိုင်းနဲ့ ပိုနီးလာတာနဲ့ အမျှ အရေးအကြောင်းတွေ၊ အက်ကွဲရာတွေက ပိုပြီး ပီပြင်လာတယ်။ ပိုနက်လာတယ်။ ပိုထင်လာတယ်။
တံတိုင်းရှေ့ရောက်တော့ ကျွန်တော် ရပ်လိုက်တယ်။ နံရံပေါ်က အမာရွတ်တွေကို လက်နဲ့ လှမ်းကိုင်ကြည့်တယ်။ နံရံက ကျွန်တော်ထင်သလိုအေးစက်မနေဘဲ နွေးနေတယ်။ အက်ကြောင်းတွေကို လက်ချောင်းနဲ့ သပ်ကြည့်တယ်။ အဖုအထစ်တွေကို လက်ဖဝါးနဲ့ ပွတ်ကြည့်တယ်။ နှာခေါင်းထဲမှာ အနံ့တစ်ခုရတယ်။ ဘာများလဲ..။ ကျွန်တော့် လက်တွေကို ပြန်ကြည့်လိုက်တော့ သွေးတွေပါလား။ ပျစ်ခဲနေတဲ့သွေးတွေ။
ရုတ်တရက် ကျွန်တော့်ရှေ့က နံရံတစ်ခုလုံး သွေးစီးကြောင်းတွေနဲ့ ချင်းချင်းနီသွားတယ်။ တံတိုင်းပေါ်က စီးကျလာတဲ့ သွေးတွေ..။ ကျွန်တော် အပေါ်ကို မော့ကြည့်လိုက်တယ်။ သံဆူးကြိုးတွေကြားကနေ လူတစ်ယောက် တိုးထွက်ဖို့ ကြိုးစားနေတယ်။ သံဆူးကြိုးအချွန်အတက်တွေက သူ့ရဲ့ တစ်ကိုယ်လုံးကို အားရပါးရ ဆုတ်ဖြဲနေတယ်။ ပြဲထွက်သွားတဲ့ အသားစိုင်တွေကြားကနေ သွေးတွေ ပန်းထွက်နေတယ်။
သူက ကျွန်တော့်ကို ငုံ့ကြည့်တယ်။ ကျွန်တော့်ကို မြင်တော့ လက်ပြတယ်။ အပေါ်ကနေ လှမ်းအော်တယ်။
“သား..”
(၂)
ကျွန်တော် လန့်နိုးလာတယ်။ နာကျင်မှုက တစ်ကိုယ်လုံးကို အင်နဲ့အားနဲ့ ဝင်ဆောင့်တယ်။ ခေါင်းထောင်ကြည့်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘူး။ လက်တွေကို လှုပ်ကြည့်တယ်။ မရဘူး။ ခြေထောက်ကို မြှောက်ကြည့်တယ်။ ကြွမလာဘူး။
မျက်နှာကြက်မှာ လင်းထိန်နေတဲ့ မီးချောင်းတစ်ချောင်း။ မီးချောင်းနောက်က အုတ်နံရံ။
ဒါဆို ငါ.. အခု ပုံးထဲမှာ မဟုတ်ဘူး။ တိုက်တန်းဘက်မှာ ရောက်နေတာဖြစ်မယ်.. လို့ ကျွန်တော့် ဦးနှောက်က သတင်းပို့တယ်။ ဘေးဘီဝဲယာကို ကျွန်တော် ခေါင်းလှည့်ကြည့်တယ်။ ကျွန်တော် ကြမ်းပြင်ပေါ်မှာ လဲနေတာပဲ။ ကျောအောက်မှာတော့ တစ်ခုခုခင်းထားတယ်ထင်တယ်။ ခေါင်းအောက်မှာလည်း ဘာနဲ့လည်းမသိ ခုထားတယ်။ မြင်ရသလောက်မြင်ကွင်းအရဆိုရင် အခန်းထဲမှာ ဘာပစ္စည်းမှ မရှိဘူး။ အခန်းမှာ တံခါး တစ်ချပ်ပဲရှိတယ်။ အဲဒီတံခါးက ပိတ်ထားတယ်။ ကျွန်တော့် ဘယ်ဘက် ခေါင်းရင်းမှာ ရေခွက်တစ်ခွက်တွေ့တယ်။ ညာဘက်မှာ သွေးစွန်းနေတဲ့ အဝတ်စုတ်တွေ ထည့်ထားတဲ့ ကော်ဇလုံတစ်ခုတွေ့တယ်။
ကျွန်တော် မသေသေးဘူး။
အဲဒီ အသိစိတ်က မီးစတစ်စလို အာရုံထဲကို စိုက်ဝင်သွားတယ်။ ကျွန်တော် အာခေါင်ကိုခြစ်ပြီး စိတ်ဆိုးမာန်ဆိုး အော်လိုက်တယ်။ အော်သံက အခန်းထဲမှာ ဟိန်းသွားတယ်။ ကျွန်တော့်လည်ပင်းတစ်ခုလုံး ဆူးနဲ့ ခြစ်ချလိုက်သလို ကျင်သွားတယ်။ ဘာဖြစ်လို့ မသေသေးတာလဲ။ ဘာအတွက် အသက်ဆက်ရှင်နေတာလဲ။ ဘယ်စောက်ရူးက ကျွန်တော့်ကို ကယ်လာတာလဲ။ မေနှင်း.. မေနှင်းရော..။
မေနှင်း မရှိတော့ဘူး။ မေနှင်းသေပြီ… ဦးနှောက်က ကျွန်တော့်ကို သတင်းပို့ပြန်တယ်။ ကျွန်တော် ခေါင်းကို ခါလိုက်တယ်။ ဟင့်အင်း.. မဟုတ်ဘူး။ မသေချာဘူး။ မင်း.. သူ့အလောင်းကို မြင်လို့လား။ သူ့မျက်နှာကို အနီးကပ်တွေ့လိုက်လို့လား..။ ဒါပေမယ့် စိုက်ခင်းဘက် လမ်းမပေါ်မှာ၊ လမ်းဘေးမှာ စုပုံနေတဲ့ အလောင်းတွေကရော။ ဘယ်သူတွေလဲ။ သူတို့တောင် မလွတ်ရင် မင်းမိန်းမကရော ဘယ်လို လွတ်မှာလဲ။ ဦးနှောက်က မေးခွန်းတွေ တရစပ်မေးတယ်။ ဘာအဖြေမှ ရေရေရာရာ ထွက်မလာဘူး။
ခြေသံတွေကြားရတယ်။ အခန်းတံခါးဘက်ဆီကို ကျွန်တော် လှမ်းကြည့်လိုက်တယ်။ အခန်းထဲကို လူသုံးယောက်ဝင်လာတယ်။ မိန်းမတစ်ယောက်။ ယောကျ်ား နှစ်ယောက်။ အဲဒီထဲက ယောက်ျားတစ်ယောက်ကို ကျွန်တော်သိတယ်။ ဟိုနေ့က တွေ့လိုက်တဲ့ ဆံပင်ရှည်ရှည်နဲ့လူ။ ကျွန်တော့်လက်ကို လှမ်းဆွဲတဲ့လူ။
ဆံပင်ရှည်နဲ့လူက ကျွန်တော့်နားကို လျှောက်လာတယ်။ အပေါ်ကနေ ကျွန်တော့်ကို မိုးကြည့်တယ်။ ကျွန်တော် သူ့ကို မေးဖို့ ကြိုးစားတယ်။
“ဘယ်..ဘယ်….”
ပါးစပ်ထဲက စကားလုံးတွေက လည်မျိုထဲကို အလိုလို ပြန်ပြုတ်ကျသွားပြီး ကျွန်တော် သီးသွားတယ်။ ချောင်းတဟွတ်ဟွတ်ဆိုးတယ်။ လည်ပင်းတစ်ခုလုံး ပူလာတယ်။ ဆံပင်ရှည်နဲ့လူက ကျွန်တော့်ဘေးမှာ ဒူးထောက်ထိုင်ချလိုက်တယ်။ ကျွန်တော့် နှဖူးကို လက်နဲ့စမ်းတယ်။ သူစကားပြောတော့ သူ့လေသံက ကျွန်တော် ကြားဖူးသမျှထဲမှာ အအေးဆေးဆုံး၊ အညင်သာဆုံး စကားသံဖြစ်မယ်ထင်တယ်။
“မင်းမိန်းမကို စိတ်မပူနဲ့။ ဘာမှမဖြစ်ဘူး”
ဘာကြောင့်လည်းတော့မသိဘူး သူ့ရဲ့ အဆမတန် အေးစက် ငြိမ်သက်နေတဲ့ မျက်နှာအမူအရာနဲ့ သူ့မျက်လုံးထဲက တလက်လက်တောက်နေတဲ့ ခွန်အားကြောင့်ဖြစ်မယ်ထင်တယ်.. ကျွန်တော် သူ ပြောတာကို ယုံသလိုလို ဖြစ်သွားတယ်။ ဒါပေမယ့် ဒီလူက မေနှင်း ဘာဖြစ်သလဲ ဘယ်လို သိမှာလဲ။ သူ ညာနေတာဆိုရင်ရော။ ကျွန်တော် အားယူပြီး စကားပြောဖို့ ကြိုးစားတယ်။ ဒါပေမယ့် ပါးစပ်နဲ့ လျှာနဲ့ သွားနဲ့က ဘယ်လိုမှ အတူတူ အလုပ်မလုပ်ဘူး။ စကားလုံးတွေ အာခေါင်မှာ ကပ်ပြီး ချောင်းတွေပဲ ဆက်တိုက်ဆိုးနေတယ်။
ဆံပင်ရှည်နဲ့လူက ရေခွက်ကို ကျွန်တော့် ပါးစပ်နားမှာ တေ့ပေးတယ်။ နှုတ်ခမ်း၀ကနေ ဖြည်းဖြည်းခြင်း စီးဝင်လာတဲ့ ရေကို ကျွန်တော် အငမ်းမရ သောက်လိုက်တယ်။ ပူနေတဲ့ လည်ချောင်း နည်းနည်းအေးသွားတယ်။ ရေသောက်လို့ ၀တော့ ကျွန်တော် စကားပြောဖို့ ထပ်ကြိုးစားတယ်။
“ခင်ဗျား.. ခင်ဗျားက ဘယ်သူလဲ။ ခင်ဗျား ဘယ်လို သိသလဲ..”
“မင်းခြေထောက်ကိုတော့ ဖြတ်လိုက်ရတယ်။ ဘယ်လိုမှ ကောင်းအောင် လုပ်လို့မရတော့လို့ ဖြတ်လိုက်ရတာ။ လက်က အသားတချို့ ခွာထားတယ်။ ကျောကုန်းမှာလည်း လေးငါးနေရာလောက် အလွှာလိုက် လှီးထုတ်လိုက်ရတယ်။ မျက်လုံးတွေတော့ ကံကောင်းလို့ ဘာမှ မဖြစ်ဘူး”
အံ့ဩဖို့တော့ကောင်းတယ်။ ကျွန်တော် သူပြောနေတာတွေကို လုံး၀ စိတ်မဝင်စားဘူး။ အဲဒီခြေထောက်တွေ၊ ကျောကုန်းတွေ၊ လက်တွေက ကျွန်တော့် ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ မဟုတ်သလိုဘဲ ဘာမှ မခံစားရဘူး။ ကျွန်တော့် ခေါင်းထဲမှာ မေနှင်း တစ်ယောက်ပဲ ရှိတယ်။ ကျွန်တော် ထပ်မေးလိုက်တယ်။
“မေနှင်း ဘယ်မှာလဲ။ မသေဘူးဆိုရင် သူအခု ဘယ်ရောက်နေလဲ။ ခင်ဗျားတို့ ကယ်ထားတာလား။ အခု ကျွန်တော့်ကို ခေါ်သွား”
“ခေါ်သွားလို့မရဘူး။ မင်းမိန်းမက ဥက္ကဌ အိမ်ထဲမှာ ရောက်နေတယ်”
ကျွန်တော် ဘာပြန်ပြောရမှန်း မသိဖြစ်သွားတယ်။ ဘာတွေလဲ..။ မေနှင်းက ဘယ်လိုလုပ် အဲဒီအိမ်ထဲ ရောက်သွားတာလဲ။ ရုတ်တရက် ကျွန်တော့်အာရုံထဲမှာ ကြောက်စရာအတွေးတွေ ဝင်လာတယ်။ မေနှင်းကို ခေါ်စစ်နေတာလား။ နှိပ်စက်နေတာလား။ ဆံပင်ရှည်နဲ့လူက ကျွန်တော် တွေးနေတာကို သိတဲ့ပုံနဲ့ လက်ကာပြတယ်။
“သိပ်စိတ်မပူနဲ့။ ငါ့လူတွေ ရှိတယ်။ တစ်ခုခုဆိုရင် ငါတို့ ချက်ခြင်း သိလိမ့်မယ်။ အခုထိတော့ မင်းမိန်းမ ဘာမှမဖြစ်သေးဘူး”
စိတ်ပူတဲ့ခံစားချက်၊ မယုံတဲ့ သံသယစိတ်တွေ၊ ထမရထိုင်မရနဲ့ တလိမ့်လိမ့်တက်လာတဲ့ ဒေါသ.. အဲဒါတွေ အကုန်ပေါင်းပြီး ကျွန်တော် ထူပူလာပြန်တယ်။
“ခင်ဗျားက ဘယ်သူလဲ။ ခင်ဗျားက ဘာမို့လို့ ဒီလောက်သိနေရတာလဲ”
ဆံပင်ရှည်နဲ့လူက ပြန်မဖြေဘဲ သူ့လက်မောင်းကို လှန်ပြတယ်။ ကျွန်တော်ထင်တဲ့အတိုင်းပဲ သူ့လက်မောင်းပေါ်မှာ ကြယ်တံခွန်တံဆိပ်။
“ငါက ခွန်ဖြူ”
ခွန်ဖြူက သူ့နောက်မှာ ရပ်နေတဲ့ လူနှစ်ယောက်ဆီကို လက်ပြတယ်။
“ဒီဘက်က အမျိုးသမီးက လေးခရမ်း၊ ဟိုဘက်က တစ်ယောက်က သုံးဝါ”
ဘယ်လိုနာမည်တွေလဲ..။ လက်ပြတ်ဝတ်ထားတဲ့ အမျိုးသမီးက ကျွန်တော့်ကို မေးဆတ်ပြီး နှုတ်ဆက်တယ်။ သူ့ရဲ့ ကြွက်သား အပြိုင်းပြိုင်းနဲ့ ကျစ်နေတဲ့ လက်မောင်းမှာ ကြယ်တံခွန်တံဆိပ်က ထင်းနေတယ်။ ကျွန်တော် ခပ်လှမ်းလှမ်းကနေ ကြည့်တာတောင် မြင်နေရတယ်။ သုံးဝါဆိုတဲ့ လူကတော့ ကျွန်တော့်ကို အဖက်မလုပ်ဘဲ ကျွန်တော့်ကို ကျောပေး၊ တံခါး၀ဘက်ကို လှည့်ပြီး ရပ်နေတယ်။
“ငါတို့မှာ လူနာမည်မရှိဘူး။ နံပါတ်တွေနဲ့ အရောင်တွေပဲ ရှိတယ်”
ခွန်ဖြူက မပြောမဆိုနဲ့ ကြမ်းပြင်ပေါ်မှာချထားတဲ့ ကျွန်တော့် ဘယ်လက်မောင်းကို မလိုက်တယ်။ လက်မောင်းအတွင်းသားကို ပြန်မြင်ရအောင် ကျွန်တော့်ဘက်ကို ထိုးပြတယ်။ ကျွန်တော့် လက်မောင်းမှာ လတ်လတ်ဆတ်ဆတ် ဆေးနက်နဲ့ ထိုးထားတဲ့ ကြယ်တံခွန်တံဆိပ်။ ဆေးတောင် မခြောက်သေးဘူး။ ကျွန်တော် လန့်ပြီး ထထိုင်မိမလို ဖြစ်သွားတယ်။ ဒါပေမယ့် တစ်ကိုယ်လုံးက ကြိုးအထပ်ထပ်နဲ့ ဆွဲထားသလို တင်းနေတော့ ကိုယ်လုံးက တစ်လက်မတောင် ကြွမလာဘူး။ ကျွန်တော် အံကိုကြိတ်ပြီးပဲ ပြောလိုက်တယ်။
“ဘာလုပ်တာလဲဗျ။ ခင်ဗျားတို့ ကျွန်တော့်ကို.. ကျွန်တော် မသိဘဲ..”
ခွန်ဖြူက ကျွန်တော့်လက်ကို အသာပြန်ချပေးတယ်။ သူ့မျက်နှာက ကျွန်တော် ပြောသမျှကို တစ်ခုမှ မကြားသလို၊ မသိသလို ရှင်းလင်းနေတယ်။
“အခု မင်းမှာလည်း လူနာမည်မရှိတော့ဘူး”
ခွန်ဖြူက မတ်တပ်ထရပ်တယ်။ တံခါးဆီကို လျှောက်သွားရင်း ပြောတယ်။
“ငါတို့ ခဏနေ ပြန်လာခဲ့မယ်။ မင်းခြေထောက်အတွက် ပစ္စည်းတချို့ သွားယူမလို့”
“နေဦး။ မသွားနဲ့။ ခင်ဗျားတို့ ကျွန်တော့်ကို ဒီအတိုင်း မထားခဲ့နဲ့။ ဘာသဘောလဲဗျ။ ဘာဖြစ်ချင်တာလဲ။ ကျွန်တော့် မိန်းမ ဘာဖြစ်လို့ ဥက္ကဌအိမ်ထဲ ရောက်နေတာလဲ။ ကျွန်တော့်မှာ နာမည် မရှိတော့ဘူးဆိုတာ ဘာလဲ။ ကျွန်တော့်နာမည် နေမင်း။ နေမင်း”
ခွန်ဖြူက တံခါး၀ကနေ ပြန်လှည့်တယ်။ ကျွန်တော့်ကို သေချာ စိုက်ကြည့်တယ်။
“နေမင်းက သေသွားပြီ။ သဲဆိပ်တက်ပြီး သေပြီ”
ကျွန်တော် စကားမပြောနိုင်ဘဲ သူ့ကို ကြောင်ကြည့်နေမိတယ်။ ဘယ်လို အရူးတွေလဲ။
ခွန်ဖြူက ဆက်ပြောတယ်။
“အခု မင်းနာမည်က ငါးနီ”
ပြောပြီး လှည့်ထွက်သွားတယ်။
သူ့နောက်က ဟိုနှစ်ယောက်လည်း လိုက်သွားတယ်။
တံခါးကို ပိတ်သွားတယ်။
+++++++
အပိုင်း (၇) ဆက်ဖတ်ရန် <<<