+++++++++
အပိုင်း (၄) ပြန်ဖတ်ရန် <<<
(၃)
တစ်နေ့လုံး ကျွန်မခေါင်းထဲမှာ မေးခွန်းတွေ တစ်ခုပြီး တစ်ခု စီတန်းနေတယ်။ ဝင်းထဲမှာ သေနတ်သံ မကြားရတာ ဘယ်လောက် ကြာပြီလဲ။ ပြဿနာတွေကတော့ နေ့တိုင်း ဖြစ်နေတာပါ။ ဆူညံဆူညံ အသံတွေလည်း ကြားနေကျပဲ။ ဒါပေမယ့် သေနတ်သံကိုတော့ တော်ရုံနဲ့ မကြားရတတ်ဘူးလေ။ ထိန်းမရတော့တဲ့ အချိန်ကျမှ သေနတ်ဆိုတာ သုံးရတာ မဟုတ်လား။ ပြီးတော့ ကျည်ဆံတွေ ရှားပါးနေတဲ့အကြောင်း အဖေနဲ့ သူ့တပည့်တွေ ပြောနေကြတာ ကြားဖူးတယ်။ သေနတ်တစ်ချက်ဖောက်ဖို့ အများကြီး စဉ်းစားမှ ရမယ်တဲ့..။ အဖေ့ အလုပ်တွေ အဆင်ရောပြေရဲ့လားမသိ..။ သူပုန်အဖွဲ့နဲ့ ရုံးကလူတွေနဲ့ ထိပ်တိုက်တွေ့နေကြပြီလား။ ထိန်းမနိုင်သိမ်းမရတွေ ဖြစ်တော့မှာလား။ စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်.. တော်လှန်ရေးတွေ ဖြစ်ရင် အရင်ဆုံး အသတ်ခံရတာ ရန်သူ့ခေါင်းဆောင်နဲ့ သူ့မိသားစုပဲတဲ့..။
နေ့လည်စာစားပြီးတဲ့အချိန်လောက်မှာ ကျွန်မစိတ်ထဲ တော်တော် မတင်မကျဖြစ်နေပြီ။ စိတ်ပူလိုက်တာ.. သေတော့မှာပဲ။ ဘာမှမသိဘဲ အိမ်ထဲမှာပဲ နေနေရတာဟာ ဘယ်လောက် စိတ်ပင်ပန်းသလဲ အဖေမသိဘူးလား။ ကျွန်မ တွေးရင်း အဖေ့ကို စိတ်ပါဆိုးချင်လာတယ်။ ကျွန်မအပြင်ထွက်မှာကို သူစိတ်ပူသလို သူအပြင်ထွက်နေရင်လည်း ကျွန်မ စိတ်ပူမှာပဲ.. ဒါကို နားမလည်ဘူးလား။
ကျွန်မဟာ အိမ်ထဲမှာ ပိတ်လှောင်ခံထားရတဲ့ မင်းသမီးလေး မဟုတ်ဘူး။ မင်းသမီးလေးလည်း မဖြစ်ချင်ဘူး။ ပုံပြင်စာအုပ်တွေထဲမှာ အဲဒီလို မိန်းမတွေ အကြောင်း ဖတ်ရရင် သိပ်စိတ်ကုန်တာပဲ။ အသုံးမကျတဲ့ ဟာတွေလေ။ အခုတော့ ကျွန်မလည်း သုံးစားမရတဲ့ ဘုရင့်သမီးလို ဖြစ်နေပြီ။ အပြင်ထွက်ချင်ရင်တော့ အတင်း ထွက်ရင် ရတာပေါ့။ ဘယ်သူက ကျွန်မကို တားရဲမှာလဲ။ ဒါပေမယ့် ကျွန်မ အဖေ့ကို ကလန်ကဆန် မလုပ်ချင်ဘူး။ သူစိတ်ချမ်းသာအောင် သူထားသလိုပဲ နေပြချင်တယ်။ တစ်လောကလုံးမှာ ပြေးကြည့်လို့ ကိုယ်နဲ့နီးစပ်တဲ့သူ အဖေနဲ့ အန်တီချို နှစ်ယောက်ပဲ ရှိတာလေ။ သူတို့ကို စိတ်ညစ်အောင်လုပ်လို့ ကျွန်မအတွက် ဘာထူးမလဲ။ မဟုတ်ဘူးလား။ ပြီးတော့ အပြင်မှာ ဘာတွေဖြစ်နေသလဲ ကျွန်မ တစေ့တစောင်းတော့ သိနေတယ်။ ကျွန်မ ငတုံးမှ မဟုတ်တာ။ အဖေ လုပ်နေတဲ့ အလုပ်တွေဟာ အရေးကြီးတဲ့ အလုပ်တွေဆိုတာ ကျွန်မ နားမလည်ဘဲ ဘယ်နေပါ့မလဲ။ သိတာပေါ့။ ဒီဝင်းတစ်ခုလုံး ဘယ်လိုလည်ပတ်နေသလဲ၊ ဝင်းထဲက လူတွေ အဆင်ပြေအောင် ဘာတွေလုပ်ပေးနေရသလဲ၊ ဒုက္ခသည်တွေကို ဘယ်လို ကယ်တင်ထားသလဲ.. ဒါတွေ အကုန် ကျွန်မကို အဖေနဲ့ အန်တီချိုက အခေါက်ပေါင်းများစွာ ရှင်းပြထားပြီးသား။ ကျွန်မ စိတ်ဆိုးတာ၊ မကျေနပ်တာ တစ်ခုပဲရှိတယ်။ ကျွန်မကို လူရာမသွင်းတာ၊ အလုပ်ပေးမလုပ်တာ၊ လူကြီးဖြစ်လာပြီဆိုတာကို အသိအမှတ် မပြုကြတာ.. အဲဒါကို စိတ်အဆိုးဆုံးပဲ။
ညနေစောင်းမှ အဖေပြန်ရောက်လာတယ်။ ဦးဇင်မင်းနဲ့ တပည့်နှစ်ယောက်လည်း ပါလာတယ်။ အပေါ်ထပ် ၀ရန်တာကနေ လှမ်းကြည့်နေတဲ့ ကျွန်မကိုတွေ့တော့ ဦးဇင်မင်းက လှမ်းနှုတ်ဆက်တယ်။ အဖေကတော့ ကျွန်မရှိရာကို မော့တောင်မကြည့်ဘူး။ အဖေနဲ့ သူ့တပည့်တွေ ဧည့်ခန်းစားပွဲမှာ ထိုင်ပြီး တိုးတိုးတိုးတိုးနဲ့ စကားပြောတယ်။ ခဏကြာတော့ အားလုံး အဖေ့ကို နှုတ်ဆက်ပြီး ပြန်ထွက်သွားကြတယ်။ ကျွန်မ ဧည့်ခန်းထဲကို ဆင်းမယ်လုပ်တော့ လှေကားထိပ်မှာစောင့်နေတဲ့ အစောင့် ကောင်လေးက တားတယ်။ ကျွန်မကို စေ့စေ့မကြည့်မိအောင် သူ့မျက်လုံးကိုလွှဲပြီး မေးတယ်။
“အစ်မ ဘယ်သွားမလို့လဲ ခင်ဗျ”
ကောင်လေးက ကျွန်မထက်တောင် သုံးလေးနှစ် ငယ်မယ်ထင်တယ်။ ပိန်လိုက်တာ ညှောင်နေတာပဲ။ ရုံးယူနီဖောင်းက သူ့ကိုယ်ပေါ်မှာ စောင်ခြုံထားသလို ပွရောင်းရောင်းဖြစ်နေတယ်။ ဒီကောင်လေးက အိမ်ထဲရောက်တာ မကြာသေးဘူး။ အရင်တစ်ယောက်တုန်းက စတိုခန်းထဲက အသားဘူးတွေ ခိုးလို့ဆိုပြီး အဖေက ထုတ်ပစ်လိုက်တာလေ။ အိမ်ထဲက ထုတ်ပစ်တာလား၊ ရုံးဝင်းထဲက ထုတ်လိုက်တာလား.. ဒါမှမဟုတ် ဝင်းအပြင်ထိ ထုတ်ပစ်လိုက်တာလားတော့ ကျွန်မ မသိဘူး။ အခုတစ်ယောက်ကတော့ နည်းနည်း အေးပါတယ်။ ကျွန်မကို စကားပြောနေရင်းတောင် သူ့ဘာသာသူ ကတုန်ကယင်တွေ ဖြစ်နေတယ်။ ကျွန်မ သူမေးတာကို အဖက်လုပ်ပြီး ပြန်ဖြေမနေဘဲ လှေကားကနေ ဆင်းလာလိုက်တယ်။ ကောင်လေးက နောက်မှာ ကြောင်တောင်တောင်နဲ့ ခေါင်းကုတ်ပြီး ကျန်ခဲ့တယ်။
အဖေက ဧည့်ခန်း ပြတင်းပေါက်ကနေ အပြင်ဘက်ကို လှမ်းကြည့်နေတယ်။ ကျွန်မ ခြေသံကိုကြားတော့ အဖေက လှည့်ကြည့်တယ်။ စကားနားမထောင်ဘဲ အောက်ဆင်းလာတဲ့အတွက် ကျွန်မကို ဆူတော့မလား။ ဒါပေမယ့် အဖေက ဘာမှမပြောဘဲ ဟိုဘက်ကို ပြန်လှည့်သွားတယ်။
“သေနတ်သံ ကြားလိုက်လို့.. ဘာဖြစ်တာလဲ အဖေ”
အဖေက ကျွန်မ မေးတာကို ပြန်မဖြေသေးဘဲ အပြင်ဘက်ကို လက်ညှိုးထိုးပြတယ်။ ကျွန်မ သူ့လက်ညှိုးနောက်ကို လိုက်ကြည့်လိုက်တယ်။ ပြူတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ စက်ရုံအဆောက်အဦးက ညနေခင်း တိမ်တိုက်တွေရဲ့ နောက်ခံနဲ့ ရွှေရောင်သမ်းနေတယ်။ အိမ်နဲ့ စက်ရုံကို ဆက်ထားပေးတဲ့ လျှောက်လမ်းမှာ အစောင့် နှစ်ယောက် လမ်းလျှောက်နေတယ်။ စက်ရုံရဲ့ မီးခိုးခေါင်းတိုင်တွေက ကျွန်မတို့အိမ်ကို အပေါ်ကနေ မိုးထားသလို ဖြစ်နေတယ်။ ခေါင်းမော့ကြည့်မှ ထိပ်အထိမြင်ရတယ်။
“အဲဒီစက်ရုံကို ဆောက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ သိသလား”
ကျွန်မ ပြန်ဖြေမလို့ ပြင်ပေမယ့် အဖေက သူ့ဘာသာသူပဲ ဆက်ပြောနေတယ်။
“အဖေ့ရဲ့ အဘိုး လက်ထက်ကတည်းက အဲဒီစက်ရုံကို ဆောက်ခဲ့တာ..”။
အဖေက နံရံမှာ ချိတ်ထားတဲ့ ဘိုးဘိုးကြီးရဲ့ ဓာတ်ပုံကို လက်ညှိုးထိုးပြတယ်။ အဖြူအမည်း ဓာတ်ပုံထဲက ဘိုးဘိုးကြီးရဲ့ မျက်နှာက သိပ်ပြီး သဲသဲကွဲကွဲ မပီမြင်တော့ဘူး။ နှစ်တွေကြာလာတော့ ဓာတ်ပုံထဲက အသေးစိတ် ကောက်ကြောင်းတွေ ဝေဝါးကုန်ပြီ။ ဒါပေမယ့် လေးထောင့်ကျကျ မေးရိုးနဲ့ မျက်ခုံးထူထူတွေကိုတော့ ခန့်မှန်းကြည့်လို့ ရနေတယ်။
“အခု အဖေ့လက်ထက် အထိဆိုရင် ဒီစက်ရုံ သက်တမ်းက နှစ် ၁၀၀ ကျော်ပြီ”
အဖေက ပြတင်းပေါက်ဆီကနေ ခွာပြီး ထိုင်ခုံမှာ ထိုင်ချလိုက်တယ်။ ဘေးကခုံမှာ ထိုင်ဖို့ ကျွန်မကို လက်ပြတယ်။ ကျွန်မ အဖေ့ဘေးမှာ ဝင်ထိုင်လိုက်တယ်။ လက်တွေကို ဘယ်မှာ ထားရမှန်းမသိတာနဲ့ ဘောင်းဘီတို ထိပ်ကထွက်နေတဲ အစတွေကို လက်နဲ့ လုံးနေလိုက်တယ်။ အဖေ ကျွန်မကို ဒီလို စကားမပြောတာ ဘယ်လောက်ကြာပြီလဲ..။
“အဲဒီ နှစ် ၁၀၀ လုံး ဒီစက်ရုံထဲက စက်တွေ တစ်ချက်မှ မဖွင့်လိုက်ရဘူး။ အင်ဂျင် တစ်ချက် မမောင်းလိုက်ရဘူး။ ရေတစ်ဘူးတောင် မထုတ်လိုက်ရဘူး”
ကျွန်မ ခေါင်းညိတ်လိုက်တယ်။ အဖေ အခုပြောနေတာတွေကို ကျွန်မ သိပြီးသားပဲ။ ကျွန်မကို တစ်ပါတ် ၃ ရက် စာသင်ပေးတဲ့ ဆရာက ကျွန်မ စပ်စုသမျှတွေကို စိတ်ရှည်လက်ရှည် ဖြေပေးတတ်တယ်။ စက်ရုံဆောက်လို့ မပြီးခင်မှာပဲ တစ်ကမ္ဘာလုံးမှာ ငလျင်တွေ အကြီးအကျယ်လှုပ်တယ်။ သဲမုန်တိုင်းတွေ ရောက်လာတယ်။ ရက်ပိုင်းအတွင်းမှာ မြေပြန့်ဒေသတွေ အကုန်လုံးနီးပါး သဲအောက် ရောက်သွားတယ်။ အမြင့်ပိုင်းဒေသက မြို့တွေလည်း ငလျင်ဒဏ်ကြောင့် တော်တော်များများ ပျက်စီးသွားတယ်။ စက်ရုံက တောင်ပေါ်မှာ ဆောက်ထားတာ ဖြစ်တဲ့အတွက် သဲမုန်တိုင်းတွေရဲ့ ဒဏ်ကနေ လွတ်သွားတယ်။ ဒီဝင်းထဲက ဝန်ထမ်းတွေ၊ အလုပ်သမားတွေ ကံကောင်းထောက်မပြီး အသက်ရှင်ကျန်ခဲ့တယ်။ တောင်အောက်က မုန်တိုင်းတွေ ရပ်သွားမလားဆိုပြီး စောင့်နေခဲ့ကြတာ အခုအထိပဲ..။ စောင့်နေရင်းနဲ့ မျိုးဆက်တစ်ဆက် ကုန်ဆုံးသွားလို့ နောက်မျိုးဆက်တစ်ခုတောင် အသက်တော်တော် ရနေပြီပေါ့။ ငလျင်တွေ ဘာကြောင့်လှုပ်သလဲ၊ သဲမုန်တိုင်းတွေ ဘယ်က ရောက်လာသလဲ၊ အပြင်က ကမ္ဘာဟာ ဘယ်အတိုင်းအတာအထိ ပျက်စီးသွားသလဲ.. ဘယ်နေရာတွေမှာ ဘာတွေ ဆက်ဖြစ်သလဲ ဘယ်သူမှ မသိဘူး။ ဘယ်ကိုမှလည်း ဆက်သွယ်လို့ မရဘူး။ သဲမုန်တိုင်းတွေကြား ဝင်တိုးဖို့ ကြိုးစားသမျှသူတွေ အကုန်လုံး သေကုန်တယ်။ သဲပွင့်တွေထဲမှာ ဘာတွေပါနေသလဲ၊ ဘာဖြစ်လို့ သဲဆိပ်သင့်သလဲ.. ဒါကိုလည်း သေချာသိတဲ့သူ ရှိမှမရှိဘဲ။ သိပ္ပံပညာရှင်တွေကတော့ သိရင်သိမှာပေါ့။ ဒါပေမယ့် ဒီဝင်းရဲ့ အပြင်ဘက်မှာ တခြားလူတွေ ရှိသေးရဲ့လား..။ မရှိတော့ရင်ရော..။ ကျွန်မတို့က နောက်ဆုံး မျိုးဆက်တွေ ဖြစ်နေရင်ရော..။
ကျွန်မတို့လို တစ်နေရာတည်းမှာ ပိတ်မိနေတဲ့ လူ့အဖွဲ့အစည်းတွေ ဘယ်နှခုလောက်ရှိမလဲ။ တစ်ရက်ရက်တော့ တစ်ယောက်ယောက် ရောက်လာမှာပဲ ဆိုပြီး မျှော်လင့်ရင်း ပျက်သုဉ်းသွားတဲ့ လူအုပ်စုတွေ ဘယ်နှစု ရှိမလဲ..။
“ဟုတ်.. သိတယ်လေ အဖေ။ ဘိုးဘိုးကြီး ကျေးဇူးကြောင့် အခုထိ ဒီဝင်းထဲမှာ လျှပ်စစ်မီးရနေတယ်၊ ရေရနေတယ်၊ စိုက်ခင်းတွေ ရှိနေတယ်။ အဘိုးလက်ထက် ရောက်တော့လည်း ဝင်းထဲကလူတွေကို နှင်မထုတ်ဘဲ စောင့်ရှောက်ခဲ့တာပဲ။ အခု အလည်း အဖေ့ကြောင့် ဒီဝင်းထဲကလူတွေ အသက်ရှင်နေတာလေ။ သမီးသိပါတယ်”
အဖေက ဟက်ကနဲ တစ်ချက်ရယ်တယ်။ နှဖူးမှာ စိုနေတဲ့ ချွေးကို လက်ဖနောင့်နဲ့ သုတ်တယ်။ အင်္ကျီအိတ်ကပ်ထဲက ဝါကျင့်ကျင့် အဝတ်ခေါက်တစ်ခုကို ထုတ်ပြီး ကျွန်မကို လှမ်းပေးတယ်။ ကျွန်မ အဝတ်ခေါက်ကို ဖြန့်ကြည့်လိုက်တော့ အဝတ်စရဲ့ ထိပ်မှာ ဆေးနက်နဲ့ ရေးထားတဲ့ သူပုန်အဖွဲ့ရဲ့ တံဆိပ်ကို တွေ့တယ်။ တံဆိပ်ရဲ့ အောက်မှာ ရေးထားတဲ့ စာတွေက ညီပြီး ဝိုင်းစက်နေတယ်။
ဥက္ကဌကြီးသို့..
ဥက္ကဌကြီး အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးရှင်ကြီးလို့ ထင်မြင်သာယာနေသော်ငြားလည်း အမှန်တကယ်ကတော့ ဥက္ကဌကြီးဟာ ကျွန်တော်/ကျွန်မ တို့ရဲ့ အရိုးပေါ်အရေတင် အသားကိုဖောက်၊ ရှိစုမဲ့စု သွေးကို စုပ်ယူနေတဲ့ ခြင်တစ်ကောင်နဲ့ သိပ်မကွာလှဘူး။ ဒါပေမယ့် ခြင်တောင်မှ အစာ၀ရင် သွေးစုပ်တာ ရပ်သွားပါသေးတယ်။ ဥက္ကဌကြီးကတော့ ဘယ်လောက်ရရ အငတ်မပြေတဲ့ သူဖြစ်နေတယ်။ ဥက္ကဌကြီးရဲ့နာမည်မှာ ရာဇာ နဲ့ အဆုံးသတ်ထားပေမယ့် ဥက္ကဌကြီးဟာ အဖေ့ခြေရာကိုနင်းဖို့ နေနေသာသာ ရှေ့ကလူလုပ်ခဲ့သမျှတွေကို ကမူးရှူးထိုး ဖျက်လို ဖျက်ဆီးလုပ်နေတဲ့ ဝက်တစ်ကောင်ပဲ။ ဥက္ကဌကြီးရဲ့ ဖခင်ဖြစ်သူသာ သေရာကထလာမယ်ဆိုရင် ဥက္ကဌကြီး လုပ်နေတာတွေကိုကြည့်ပြီး ရှက်လို့ မြေကျင်းထဲ ပြန်ဆင်းသွားမှာပဲ။
ကျွန်တော်/ကျွန်မတို့ဟာ လူသားတွေ ဖြစ်တယ်။ လူသားတွေ ဖြစ်တဲ့အတွက် လူ့အခွင့်အရေးကို လိုချင်တယ်။ ဒါပေမယ့် ဥက္ကဌကြီးတို့ရဲ့ အုပ်ချုပ်ရေးရုံးမှာ ခန့်ထားတဲ့သူတွေဟာ လူဟုတ်သလား မဟုတ်ဘူးလားဆိုတာ ကျွန်တော်/ကျွန်မတို့ သေချာမသိဘူး။
ကျွန်တော်/ ကျွန်မတို့ အခု ငတ်နေတယ်။ ငတ်နေတဲ့သူဟာ ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ မငတ်ဖူးတဲ့ ဥက္ကဌကြီးကတော့ သိချင်မှသိမယ်။ အုပ်ချုပ်ရေးရုံးကလူတွေမှာ သေနတ်တွေ ရှိတယ်၊ ကျည်ဆံတွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော်/ ကျွန်မတို့ မှာ ငတ်ပြတ်ပြီး ဘာမှ ဆုံးရှုံးစရာ မကျန်တော့တဲ့ လူဦးရေ ၂၀၀၀ ရှိတယ်။ ဖြစ်ချင်ရာဖြစ် ကျည်ဆံရှေ့ကို ဝင်တိုးမယ့် မိုက်ရူးရဲတွေ ရှိတယ်။ အဲဒီလူတွေကို ကြယ်တံခွန်သူရဲတွေ ဖြစ်လာအောင် ပြောင်းလဲပေးမယ့် ကြယ်တံခွန်သူရဲတွေ ရှိတယ်။
ဒီတော့ ဥက္ကဌကြီး စဉ်းစားပါ။ ဒီစာကို ရပြီး သုံးလ အကြာမှာ အုပ်ချုပ်ရေးရုံးကို ကြယ်တံခွန်အဖွဲ့ဆီ လွှဲမပေးဘူးဆိုရင် သူရဲတွေနဲ့ အုပ်ချုပ်ရေးရုံးနဲ့ ထိပ်တိုက်တွေ့စေမယ်လို့ ကျွန်တော်/ ကျွန်မတို့ ကတိပေးတယ်။ ရှေးစကားအရ ပြောရမယ်ဆိုရင် ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကြမယ်လို့ ပြောရမလားပဲ။ ဒါပေမယ့် ဥက္ကဌကြီးက ကျားလည်း မဟုတ်၊ ဆင်လည်း မဟုတ်၊ ဂုတ်သွေးစုပ်တဲ့ ခြင်စုတ်တစ်ကောင်သာ ဖြစ်တဲ့ အတွက် ဒီစကားကို ဒီမှာ မသုံးတော့ပါဘူး။
လေသာတဲ့နေ့ ဖြစ်ပါစေ..
စာကိုဖတ်ပြီး ကျွန်မ တော်တော်ကြာကြာ ငိုင်သွားတယ်။ ဘာပြန်ပြောရမှန်း မသိဘူး။ ဝင်းထဲက လူတွေဆီက ဒီလို စာသားမျိုးတွေ ထွက်လာ လိမ့်မယ်လို့ ကျွန်မ မယုံနိုင်ဖြစ်နေတယ်။ စာမတတ်ပေမတတ် အရိုင်းအစိုင်းတွေ မဟုတ်ဘူးလား။ အဖေက ကျွန်မလက်ထဲက အဝတ်ခေါက်ကို ပြန်ဆွဲယူလိုက်တယ်။
“မနက်က ဒီစာကို မျိုးဝင်းဆိုတဲ့ကောင်ရဲ့ လက်ထဲမှာ မိတယ်။ အဖေ့ဆီကို တနည်းနည်းနဲ့ ဒီစာကို ရောက်အောင် ပေးမလို့ ကြံစည်နေတာ ဖြစ်မယ်။ သမီးကို ဘာဖြစ်လို့ အပြင်ပေးမထွက်သလဲ.. ဒါတွေကြောင့်လည်း အများကြီးပါတယ်။ ကျေးဇူး မသိတတ်တဲ့ ကောင်တွေ။ အကုန် သေကုန်မှ နားအေးမှာ”
“အဲဒီ လူကို ဘာလုပ်လိုက်သလဲဟင်။ မနက်က သေနတ်သံကြားတာ အဲဒါ..”
အဖေက ခေါင်းခါတယ်။
“အုပ်ချုပ်ရေးရုံးက မိုးပေါ်ပဲ ထောင်ပစ်တာ။ ခြောက်တာပါ။ ဟိုကောင် သေသွားတာက ဝင်းထဲကလူတွေ လက်ချက်နဲ့ သေသွားတာ။ သူပုန် ဖြစ်တိုင်း နောက်လိုက်တွေ များမယ်လို့ ထင်နေတဲ့ကောင်တွေ။ သူ့လူတွေပဲ သူ့ကို ပြန်သတ်သွားတာ။ နည်းတောင်နည်းသေးတယ်”
အဖေ့မျက်နှာမှာ အရိပ်တစ်ခု ဖြတ်ပြေးသွားတယ်။ ကျွန်မမသိအောင် တစ်ခုခု ဖုံးထားပြီဆိုရင် ပေါ်လာတတ်တဲ့ အရိပ်..။ ကျွန်မ ဆက်မမေး တော့ဘူး။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အဖေ့မှာ သူ့အကြောင်းနဲ့သူ ရှိမှာပဲလေ။ အဖေက ကျွန်မပခုံးပေါ်ကို လက်တစ်ဘက် လှမ်းတင်တယ်။ စောစောက မာနေတဲ့ လေသံက ရုတ်တရက် ပျော့သွားတယ်။
“သမီး သူတို့ပြောတာတွေကို ယုံသလား။ အဖေ့ကို ဒီလိုလူမျိုးလို့ ထင်သလား”
“ဟင့်အင်း မထင်ပါဘူး။ ဒါသမီးတို့ ပိုင်တဲ့ နေရာပဲ။ သူတို့ဘာသာသူတို့ သူပုန်မကလို့ ဘာပဲဖြစ်ဖြစ်.. သူတို့က အဖေ့စေတနာကို နားမှမလည်ဘဲ”
ဟုတ်တယ်လေ။ လူပေါင်း ထောင်နဲ့ချီတာကို စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ ရုံးဘက်ကပဲ အကုန်လုပ်ပေးနေရတာ။ မုန်တိုင်းတွေထဲတိုး၊ အစာဘူးတွေ သွားရှာရတာလည်း ရုံးကလူတွေပဲ။ ဝတ်စုံတွေ ဝတ်ထားပေမယ့် အခန့်မသင့်ရင် သဲဆိပ်သင့်နိုင်တယ်လေ။ အသက်စွန့်ပြီး သွားရတာ မဟုတ်လား။ အသားဘူးတွေ၊ ပဲဘူးတွေ ဆိုရင်လည်း သူတို့ကို လောက်လောက်ငှငှ ဝေပေးနေတာပဲ။ ကျွန်မတို့တောင် အဲဒီလောက် ဖောဖောသီသီ မစားရဘူး။ အသားဘူးကို နှစ်ရက် တစ်ခါပဲ စားရတယ်။ ကြက်သားဆိုရင် တစ်ပတ်မှ တစ်ခါ။ ပြီးတော့ .. ကြက်ခြံတွေ၊ စိုက်ခင်းတွေ၊ ရေစက်တွေ.. ဒါတွေကို ပြင်ပေး ထိန်းသိမ်းပေးနေတာလည်း ရုံးကလူတွေပဲ။ ဝင်းသမားတွေက အလုပ်ကြမ်းလောက်ပဲ ခိုင်းလို့ရတာကိုး။ ဘာမှမှ မလုပ်တတ်တာ။ ရေဆိုရင်လည်း ဘယ်တော့မှ မလောက်ဘူးတဲ့။ မိုးရွာတုန်း ရေခံထားကြပေါ့။ အခုတော့ ရုံးဘက်ကပဲ ရေကို ခွဲတမ်းနဲ့ ပြန်ချပေးနေရတယ်။ ဒါတောင် ဆိုလာကွင်းတွေ ရှိနေလို့။ ရုံးကလူတွေက ထိန်းသိမ်းပြင်ဆင်ပေးနေလို့။ ဘက်ထရီစက်ခန်းထဲက စက်တွေကို ဝင်းသမားတွေ ပေးကိုင်ကြည့်ပါလား နှစ်ရက်တောင် ခံမှာ မဟုတ်ဘူး ပျက်မှာ။ ဘက်ထရီတွေ၊ ဆိုလာပြားတွေ ပျက်သွားရင် ရေစက်တွေ သုံးလို့မရတော့ဘူး။ လေသန့်စက်တွေလည်း အလုပ်မလုပ်တော့ဘူး။ အကုန်ဒုက္ခရောက်မှာ။
ပြီးတော့ သူတို့ဘာသာသူတို့ ဆိုရင် အဝတ်စုတ်တွေ၊ စားကြွင်းစားကျန်တွေကိုပဲ အလဲအလှယ် လုပ်နေကြရတာ။ ချလံစနစ် စီစဉ်ပေးလိုက်လို့ ဝင်းထဲမှာ စျေးတွေ ဘာတွေ ဖြစ်သွားတာ။ စီးပွားရှာလို့ ရသွားတာ။ ချလံစနစ် အလုပ်ဖြစ်ဖို့အတွက် ရုံးက ပညာတတ် တွေက မနည်း စဉ်းစားပေးထားရတာ။ ဒီလိုအချိန်မှာ စက္ကူဆိုတာ အသစ်ထပ်လုပ်လို့ ရတော့တာ မဟုတ်ဘူး။ သူတို့ကို ချလံ လုပ်ပေးရတာ ရုံးထဲက စက္ကူတော်တော် ကုန်သွားတယ်။ ဒါတွေလည်း ဝင်းသမားတွေက နားလည်မှာ မဟုတ်ပါဘူး။ အကုန်လုံး အလကားပဲ လိုချင်နေတဲ့ ဟာတွေ။ ကျွန်မ ဝင်းသမားတွေကို သနားလည်း သနားတယ်၊ အမြင်လည်း ကပ်တယ်။ သူတို့လုပ်လို့ ကျွန်မမှာ ခြံဝင်းအကျယ်ကြီးထဲ နေပြီး အိမ်ထဲက အိမ်ပြင်ထွက်မရအောင် ကြောက်နေရတာလေ။
“ရုံးကလူတွေ ဘယ်လောက် ပင်ပန်းသလဲ သမီးတွေ့နေတာပဲ။ အဖေ စိတ်ပူမနေပါနဲ့.. ဝင်းထဲကလူတွေက ရုံးရဲ့ တန်ဖိုးကို မသိသေးလို့နေမှာပါ။ သူတို့ဘာသာသူတို့ ဆိုရင် ဘယ်လောက်ဒုက္ခရောက်မလဲ မသိကြသေးလို့..”
“ကျေးဇူးပဲ သမီး”။ အဖေက စိတ်သက်သာရာရသွားတဲ့ ပုံစံနဲ့ ပြောတယ်။
အခွင့်အရေးရတုန်း ပြောမှ ဆိုပြီး ကျွန်မ အဖေ့လက်မောင်းကို ကိုင်လိုက်တယ်။ အသံကို အတတ်နိုင်ဆုံး ချိုအောင်ထားပြီး ပြောလိုက်တယ်။
“အဖေ။ သမီးကို အလုပ်ပေးလုပ်မယ်ဆို..။ အဲဒါပြောထားတာ မေ့သွားပြီလား”
“အခုအခြေအနေက မအေးမချမ်းဖြစ်နေတာလေ။ အလုပ်မလုပ်ပါနဲ့ဦး။ အိမ်ထဲမှာပဲ နေလိုက်ဦး”
“အဖေကလည်း.. သမီးအခု အသက်လည်း ကြီးနေပြီ။ ငယ်တုန်းကလို စိတ်ပူစရာ မလိုတော့ပါဘူး။ စိုက်ခင်းဘက်မှာပဲ ခဏပေးလုပ်လေ။ ခဏပဲ။ အလုပ်သမားတွေနဲ့ စကားလည်းမပြောဘူး၊ အရောလည်း မဝင်ဘူး စိတ်ချ။ အဆင်မပြေဘူး၊ စိတ်မချရဘူးဆိုရင် မလုပ်တော့ဘူး ဟုတ်ပြီလား”
အဖေက မျက်မှောင်ကြုတ်ပြီး စဉ်းစားတယ်။ ကျွန်မ အဖေ့အဖြေကို မစောင့်ဘဲ ဆက်တိုက် ပြောလိုက်တယ်။
“အဖေ့ဝန်ထမ်းတွေက သမီးလောက်တောင် သိမှာမဟုတ်ဘူး။ သမီးက စာအုပ်တွေ အများကြီး ဖတ်ထားတာ။ အဖေ့စာအုပ်မှန်သမျှ သမီး မဖတ်ဖူးတာ ရှိတောင် မရှိတော့ဘူး။ ပြီးတော့ ဒီတစ်ဝင်းလုံး ဘယ်လို လည်ပတ်နေသလဲဆိုတာလည်း သမီး အကုန်လေ့လာထားပြီးသား။ ဆရာ့ဆီကလည်း အကုန်မေးထားပြီးသား။ လုပ်ပါ အဖေရယ်.. အိမ်ထဲမှာ နေရတာ ကြာလာရင် ရူးကြောင်ကြောင်ဖြစ်သွားလိမ့်မယ်။ စိုက်ခင်းဘက်ပဲ သွားမယ်လေ။ တော်ရုံလူ ဝင်လို့ ရတာမှမဟုတ်တာ။ အဲဒီလောက် စိတ်မပူပါနဲ့”
အဖေက ခေါင်းကို သွင်သွင်ခါတယ်။
“မလုပ်ပါနဲ့ဦး။ အိမ်ထဲမှာ နေလိုက်ဦး။ အခြေအနေ နည်းနည်းအေးချမ်းသွားပြီ ဆိုမှ အဖေ စီစဉ်ပေးမယ်”
ကျွန်မ ထပ်ပြောမယ်လုပ်တော့ အဖေက လက်ကာတယ်။ ကျွန်မရဲ့ခေါင်းကို လက်နဲ့ အသာပုတ်ပြီး ထထွက်သွားတယ်။ ကျွန်မ စိတ်ပျက်လက်ပျက်နဲ့ ထိုင်ခုံမှာ ထိုင်ရင်း ကျန်ခဲ့တယ်။ စိတ်ထဲမှာတော့ တွေးနေမိတယ်။ တကယ်လို့ စိုက်ခင်းဘက်ကို သွားရင်ရော ကျွန်မကို ဘယ်သူက တားရဲမှာလဲ။ အဖေသိစရာမှ မလိုတာ။ အစောင့်ကောင်လေးကလည်း ကျွန်မ ပြောလိုက်ရင် ရမှာပဲ။
+++++++++++
အခန်း (၃)
(၁)
ဦးအောင်သောင်းပျောက်နေတာ တစ်ပါတ်လောက်ရှိပြီ။ ငမျိုး အသတ်ခံရတဲ့ နေ့ကတည်းက အစအနပျောက်သွားတာပဲ။ ရုံးဘက်ကပဲ ဖမ်းသွားသလား၊ အပြင်ပဲ ထွက်သွားသလား ဘယ်သူမှ ရေရေရာရာမသိဘူး။ တင်မေကလည်း အသုဘ ပြီးကတည်းက စကားမေးမရဘူး။ ပုံးထဲမှာပဲ ခွေနေတယ်။ အထဲမှာ တစ်ခုခုဖြစ်ပြီး သေသွားမှာစိုးလို့ မေနှင်းက တစ်ရက်တစ်ခါ သွားကြည့်ပေးနေရတယ်။ တော်သေးတယ်။ ဟိုတစ်လောက ရလိုက်တဲ့ ကြွက်တစ်အိတ် ကျေးဇူးကြောင့် တင်မေ့အတွက်ပါ အစားအသောက်နဲ့ ရေ နေ့တိုင်း ပုံမှန် ပို့ပေးနိုင်နေတယ်။ တင်မေ့ ညီမနဲ့အမေကတော့ ပုံမှန် အလုပ်လုပ်နေပါသေးတယ်။ ဒါပေမယ့် သူတို့လည်း သူတို့ခွဲတမ်းနဲ့ မနည်းလောက်ငှအောင် စားသောက်နေရတာလေ။
ဟိုနေ့ကတည်းကစပြီး ကျွန်တော် တန်းစီကွင်းထဲကို မသွားဖြစ်တော့ဘူး။ ကွင်းရှေ့က ဖြတ်လျှောက်တိုင်း ငမျိုးရဲ့ ခွေခေါက်ကျိုးကြေနေတဲ့ အလောင်းကိုပဲ မျက်စိထဲမှာ ပြန်မြင်လာတယ်။ အစာလှည်းနားမှာ ပုရွက်ဆိတ်တွေလို ပူးကပ်တိုးဝှေ့နေကြတဲ့ လူအုပ်ကြီးကို ပြန်သတိရလာတယ်။ လူအုပ်ကြီးဆီက ထွက်လာတဲ့၊ ဟေး.. ကနဲ အော်လိုက်တဲ့ အသံဆိုးကို ပြန်ကြားနေတယ်။
ဒီရက်ပိုင်းတွေမှာ ငမျိုးနဲ့ ပြောခဲ့တဲ့ စကားတွေကို ကျွန်တော် ခဏခဏ ပြန်စဉ်းစားဖြစ်တယ်။ အခုမှ တရားတွေရနေသလားလို့ မေးရင်လည်း ခံရမှာပဲ။ လူဆိုတဲ့အမျိုးကိုက မရှိတော့မှ တ တတ်ကြတာ မဟုတ်လား။
တစ်ခါတုန်းကပေါ့..။ ကျွန်တော်နဲ့ ငမျိုး သဲကာဝတ်စုံမှာပေါက်နေတဲ့ အပေါက်အပြဲတွေကို နှစ်ယောက်သား ထိုင်ချုပ်နေရင်း ငမျိုးက ကျွန်တော့်ကိုမေးဖူးတယ်။
“လူနဲ့ ခွေးတွေ၊ ဝက်တွေ၊ နွားတွေနဲ့ ဘာကွာသလဲ သိလားဟေ့ကောင်”
“ဘာကွာသလဲတော့ ငါမသိဘူး။ အကုန်လုံး မျိုးတုံးတော့မယ့် သတ္တဝါတွေချည်းပဲ။ အဲဒါတစ်ခုတော့ တူတယ်။ စကားကြီးစကားကျယ်တွေ ဘာပြောဦးမလို့လဲ၊ ဝက်တွေ နွားတွေ မင်းမြင်ဖူးလို့လား။ ခွေးတောင်မှ တစ်ကောင်မှ မကျန်တော့ဘူး။ သတ်စားပစ်လို့ ကုန်ပြီ”
“စကားကြီးစကားကျယ်တွေ ပြောနေတာမဟုတ်ဘူးဟ။ ဒီလို.. ခွေးတွေ၊ နွားတွေမှာ အသက်ရှင်ဖို့ ရည်ရွယ်ချက်က တစ်ခုတည်း ရှိတယ်။ စားမယ်၊ အိပ်မယ်၊ ဟိုဟာလုပ်မယ်.. ဒါပဲ။ လူတွေကျတော့ အဲဒီလို မဟုတ်ဘူး”
“ဒီလောက် ခေတ်ပျက်နေတာ စားဖို့ အိပ်ဖို့ လုံလောက်ရင် တော်ပြီပေါ့။ ကျန်တာတွေ မစဉ်းစားနိုင်သေးဘူး”
ငမျိုးက လက်ထဲက ဝတ်စုံကို ကြမ်းပြင်ပေါ်ခဏ ချလိုက်တယ်။ ကျွန်တော့်ကို သေချာစိုက်ကြည့်တယ်။
“စားဖို့သောက်ဖို့ပဲ စဉ်းစားနေတဲ့ သတ္တဝါထဲမှာ လူမပါဘူးကွ။ ဒါကိုပဲ စဉ်းစားနေရင် လူမဟုတ်တော့ဘူး။ မင်းအခု.. ဒီဝင်းထဲက လူတွေနဲ့ ရုံးဘက်က လူတွေနဲ့ ယှဉ်ကြည့်လိုက်။ ငါတို့တွေကတော့ ငတ်နေကြလို့ တစ်ရက်တစ်ရက် အသက်ဆက်ဖို့ပဲ စဉ်းစားနေကြတယ်။ ဗိုက်ပြည့်ပြီး အိပ်ရာဝင်ဖို့ကလွဲရင် ကျန်တာကို ခေါင်းထဲ မထည့်နိုင်ဘူး။ ဒါပေမယ့် ဒီအတိုင်း ဆက်သွားနေရင် ငါတို့လည်း ခွေးတွေ ဝက်တွေ အဆင့်ကို တဖြည်းဖြည်း ကျသွားမှာပဲ”
ကျွန်တော် ခေါင်းစွပ်ကို လှမ်းယူလိုက်တယ်။ သဲစားပြီး ပေါက်နေတဲ့ နေရာတွေကို အဝတ်နဲ့ လိုက်ပိတ်တယ်။ ပလက်စတစ် အစတွေနဲ့ ဆို့တယ်။ ငမျိုးပြောတဲ့ စကားတွေကို ကျွန်တော် သိပ်နားမလည်ဘူး။
“နောက်ပိုင်း မုန်တိုင်းတွေ ရပ်သွားရင် ပြန်အဆင်ပြေသွားမှာပေါ့။ အပြင်ထွက်လို့ ရပြီဆိုရင်၊ တခြားနေရာတွေဘက်ကို သွားကြည့်လို့ရပြီဆိုရင်.. အခုလောက် ကျပ်တည်းတော့မှာ မဟုတ်ဘူး။ အခုတော့ သူတို့ ဝင်းထဲမှာ နေနေရတာ သူတို့ စည်းကမ်းအတိုင်း နေရမှာပဲလေ။ အခုလည်း ငါတို့ နေဖို့ထိုင်ဖို့အတွက် သူတို့ အကုန် စီစဉ်ပေးထားတာပဲမဟုတ်လား။ ငါတို့ဘာသာငါတို့ ဆိုရင် ဘယ်လို ဖြစ်မလဲ.. ဘာမှမှ မလုပ်တတ်ပဲ..”။ ကျွန်တော် ပြန်ဖြေလိုက်တယ်။
ငမျိုးက လက်နှစ်ဘက်ကို လေထဲကိုမြှောက်ပြီး ခေါင်းကို သွင်သွင်ခါတယ်။
“လာပြန်ပြီ ဒီစကား။ ဘာမှမလုပ်တတ်ဘူးဆိုတာ တစ်ခုတည်းနဲ့ အကုန်ပြီးသွားမှာလား။ အဲဒီလို ဘာမှမလုပ်တတ်အောင် ဘယ်သူလုပ်ထားတာလဲ။ မင်း အခုထိ သဘောမပေါက်သေးဘူးလား။ ပညာတတ်တဲ့သူတွေ တော်တော်များများ ရုံးဘက်ကို ရောက်ကုန်တာ ဘာလို့လဲ။ ရုံးဘက်ရောက်သွားတဲ့ သူတွေနဲ့ ဝင်းသမားတွေနဲ့ အဆက်အသွယ်ပြတ်သွားအောင် နည်းမျိုးစုံနဲ့ လုပ်နေတာ ဘာလို့လဲ။ နေဦး မပြီးသေးဘူး။ စိုက်ခင်းဘက်ကို ဝင်းသမားတွေကို ပေးမဝင်တာ ဘာလို့လဲ။ ကိုယ့်ဘာသာကိုယ် စိုက်ခင်းလုပ်ဖို့ ခွင့်မပြုတာ ဘာလို့လဲ။ အပြင်ထွက်ဖို့ ဝတ်စုံတွေ ရှိရဲ့သားနဲ့ ငါတို့ကို ထုတ်မပေးတာ ဘာလို့လဲ..”
ငမျိုးက သူ့အိတ်ကပ်ထဲက ချလံတစ်ရွက်ကို ဆွဲထုတ်တယ်။ ချလံစာရွက်ကို ကျွန်တော့်မျက်နှာရှေ့ ထိုးပြတယ်။
“ဒီစာရွက်စုတ်တွေနဲ့ အကုန်လုံးကို ကြိုးကိုင်နေတာ ဘာလို့လဲ။ မင်း နားမလည်သေးဘူးလား။ ကြယ်တံခွန်သူရဲတွေ ပြောနေကျ စကားတစ်ခုရှိတယ်..”
“တော်.. တော်။ ငါမသိချင်ဘူး။ အလကားနေရင်း အပြင်ထုတ်ခံနေရမယ်”
ငမျိုးက အရှုံးပေးတဲ့ပုံစံနဲ့ ခေါင်းခါတယ်။
“မင်းခေါင်းထဲဝင်အောင် ငါနောက်မှ သေချာ ရှင်းပြတော့မယ်။ အခုတော့ အချိန်မရတော့လို့ ထားလိုက်ဦး။ ဒီမှာ.. ဒီဘက်က အပေါက်ကို သေချာပိတ်ဦး..”
ငမျိုး မရှိတော့မှ သူပြောတာတွေကို ကျွန်တော် သေချာ စဉ်းစားမိလာတာ ရယ်စရာတော့ကောင်းတယ်။ အခုတော့ သူပြောတဲ့ စကားထဲကလို ငမျိုးတစ်ယောက် လူစိတ်ပျောက်နေတဲ့ သတ္တဝါတွေရဲ့ လက်ချက်နဲ့ အသက်ထွက်သွားပြီ။ ငမျိုးပြောသမျှ နားမဝင်ခဲ့တဲ့ ကျွန်တော့် ဦးနှောက်လည်း အခုမှ နေ့ရော၊ ညရော အိပ်မက်ထဲ အထိပါ မနားဘဲ အတွေးတွေ တစ်ခုပြီး တစ်ခု ထုတ်ပေးနေပြီ။
ကျွန်တော် ဝတ်စုံကို ခေါင်းကနေ စွပ်ချလိုက်တယ်။ ခေါင်းစွပ်ကို ယူတယ်။ သံခြင်းကို ပခုံးမှာ ချိတ်တယ်။ သံပုံးထဲကနေ အပြင်ကို ထွက်လိုက်တယ်။ ကျွန်တော့်ပုံးဘေးပတ်ပတ်လည်က သံပုံးတွေမှာ လူသူ မရှိသလောက်ပဲ။ ဒီအချိန်ဆိုရင် ပုံးသမားတော်တော်များများ စိုက်ခင်း၊ ရေစက်နဲ့ ဆိုလာကွင်းဘက်မှာ အလုပ်ဆင်းဖို့ သွားကုန်ကြပြီ။ ကျွန်တော့်လို အလုပ်မရှိဘဲ အပြင်မှာကျန်ခဲ့တဲ့သူ တစ်ယောက်စ နှစ်ယောက်စ ရှိမယ်။ သံပုံးတွေကြားမှာ ဆော့နေကြတဲ့ ကလေး တစ်သိုက်ရှိမယ်။ နေရိပ်မှာ ခိုရင်း ထိုင်နေ၊ ငေးနေကြတဲ့ အဘိုးကြီး အဘွားကြီးတွေ ရှိမယ်။ ဒီဘက်ပိုင်းကို မယောင်မလည်နဲ့ အလစ်သုတ်ဖို့ လာချောင်းကြတဲ့ တိုက်သမား တစ်ယောက်တစ်လေ တွေ့ရမယ်။
မျက်စိတဆုံး မညီမညာ စီထားတဲ့ သံပုံးတွေက အပူရှိန်ကြောင့် အခိုးအငွေ့တွေတောင် တထောင်းထောင်း ထွက်နေသလိုထင်ရတယ်။ သံပုံးတွေပေါ်မှာလှမ်းထားတဲ့ အဝတ်တွေကလည်း နေပြင်းပြင်းအောက်မှာ အရောင်တွေလွင့်နေပြီ။ ကွန်ကရစ်လမ်း အကွဲ အအက်တွေ၊ မြက်တစ်ပင်တောင် မရှိတော့တဲ့ မြေကြီးမာမာတွေ.. ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတဲ့ အမှိုက်သရိုက်တွေ.. အကုန်လုံးပေါင်းပြီး မြင်ကွင်းက သာမန်ထက်ပိုပြီး ခြောက်သွေ့နေတယ်။
ဂိတ်၀ဘက်ကို ကျွန်တော် လျှောက်လာလိုက်တယ်။ လမ်းဘေးမှာ ငုတ်တုတ်ထိုင်နေတဲ့ ကလေးတစ်ယောက်က ကျွန်တော့်ကိုတွေ့တော့ လက်ဖြန့်တောင်းတယ်။ ကလေးမလေးက အလွန်ဆုံးရှိမှ ရှစ်နှစ်ကိုးနှစ်ပေါ့။ ခေါင်းပေါ်ကနေ ခြေထောက်အထိ စွပ်ချထားတဲ့ အဝတ်က ညိုမွဲပြီး ပေါက်ရာ ဗရပွနဲ့။ ဝင်းထဲမှာ ကလေးမွေးခွင့်ကို စည်းကမ်းပေါင်းစုံနဲ့ သတ်မှတ်ထားပေ့မယ့် တိုက်သမားတွေကတော့ တစွတ်စွတ် မွေးနေကြတာပဲ။ ဒါပေမယ့် လိုင်စင်မရဘဲ မွေးတဲ့ကလေးကို ဘယ်လို ကျွေးမလဲ။ လိုင်စင်မဲ့ကလေးတွေအတွက် ခွဲတမ်း မထုတ်ပေးဘူးလေ။ ကိုယ့်ခွဲတမ်းထဲက ခွဲပြီးကျွေးဖို့ ဖြစ်မှ မဖြစ်နိုင်ပဲ။ ဒီတော့ မွေးပြီးတာနဲ့ အမှိုက်ပုံထဲ တန်းရောက်သွားတဲ့ ကလေးတွေ မနည်းဘူး။ ကျွန်တော်လမ်းလျှောက်နေတာကို ခဏရပ်ပြီး ကလေးမကို ပြောလိုက်တယ်။
“အပြင်က ပြန်လာမှ တစ်ခုခုယူလာပေးမယ်။ အခုအိမ်ပြန်တော့ “
ကောင်မလေးက ကျွန်တော်ပြောတာကို ဂရုမစိုက်သလို ဟိုဘက်လှည့်သွားတယ်။ ဒီမှာထိုင်ပြီး ဖြတ်သွားသမျှလူတွေဆီကနေ တစ်ရက်လုံးတောင်းဦးမယ် ဆိုတဲ့ သဘော။ ကျွန်တော် ဂိတ်ဘက်ကို ဆက်လျှောက်လာလိုက်တယ်။ ဂိတ်တံခါးနားကို ရောက်တော့ အပေါက်စောင့်က ကျွန်တော့်ကို လက်ပြပြီး တားတယ်။ အပေါက်စောင့်နာမည်က နိုင်မင်းဇော်။ ကျွန်တော်တို့ကတော့ သူ့ကို နိုင်ကြီးလို့ပဲ အလွယ်ခေါ်တယ်။ နိုင်ကြီးက မျိုးရိုးစဉ်ဆက် ဂိတ်စောင့်လုပ်လာတဲ့သူ။ သူ့အဖေတုန်းကလည်း အပေါက်စောင့်ပဲ။ အခု သူနဲ့သူ့ညီ နိုင်လေးနဲ့ မနက်၊ ည တစ်လှည့်စီ အလုပ် ဆင်းတယ်။ ပုံးသမားတွေ၊ တိုက်သမားတွေ၊ ရုံးသမားတွေထက် အနေအစားအချောင်တဲ့ အလုပ်ကို ပြပါဆိုရင် ဂိတ်သမားတွေကိုပဲ ပြရမယ်။ သူတို့ရဲ့ လစာ ချလံ ဘယ်နှရွက်ရသလဲတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် အဝင်/အထွက် အဆင်ပြေအောင် ပသကြတဲ့ တံစိုးလက်ဆောင်တွေနဲ့တင် နိုင်ကြီးက တော်တော် ပြောင်ပြောင်ရောင်ရောင် ဖြစ်နေတယ်။ သူဝတ်ထားတဲ့ မီးခိုးရောင် အင်္ကျီက အပေါက်အပြဲ တစ်ချက်တောင် မရှိဘူး။ ဖိနပ်ကလည်း တော်တော် သစ်သေးတယ်။ နိုင်ကြီးက ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံး ကြည့်တယ်။ သူ့ခါးမှာချိတ်ထားတဲ့ သံတုတ်ကို ဖြုတ်လိုက်ပြီး လက်ထဲကို ပြောင်းကိုင်တယ်။ လေသံ မာမာနဲ့ မေးတယ်။
“ဘယ်သွားမလို့လဲ”
ကျွန်တော် နိုင်ကြီးကို ကြောင်တောင်တောင်နဲ့ ပြန်ကြည့်လိုက်မိတယ်။ ဘယ်သွားမလို့လဲ ဆိုတဲ့ မေးခွန်းလောက် ရူးကြောင်ကြောင်နိုင်တာ ရှိသေးသလား။ ဝင်းထဲကနေ အပြင်ထွက်ရင် သွားစရာနေရာ ဘာရှိလို့လဲ။ လမ်းအတိုင်း အောက်ဘက်ကို ဆင်းသွား၊ တစ်နာရီလောက် လမ်းလျှောက်၊ ဖုန်တောအစပ်နားရောက်ရင် လေးငါးမိုင်လောက် ရှည်တဲ့ ကွန်ကရစ် မြောင်းတွေရှိတယ်။ အရင်တုန်းက ဘာလုပ်တဲ့ မြောင်းလဲ ကျွန်တော် မသိဘူး။ ရေမလျှံအောင် တူးထားတဲ့ မြောင်းတွေဖြစ်မယ်။ အခုတော့ ပုပ်သိုးနေတဲ့ ရေတွေ၊ လူသေအလောင်းတွေ၊ အမှိုက်သရိုက်တွေပဲ ရှိတော့တယ်။ အဲဒီမြောင်းတွေထဲမှာ ခြေတိုအောင် လိုက်ရှာလိုက်ရင် ကြွက်တစ်ကောင်တစ်လေ တွေ့ရမယ်။ ကံကောင်းရင် တစ်ကောင်ထက် ပိုရမယ်။ ကံဆိုးရင်၊ လေတိုက်တာ အခန့်မသင့်ရင် အောက်ဘက်က လွင့်တက်လာတဲ့ သဲတွေနဲ့တိုးမယ်။ သေမယ်။ မြောင်းကိုကျော်ပြီး ဖုန်တောထဲကို သွားဖို့ဆိုတာ ကိုယ့်သေတွင်းကိုယ်တူးတာပဲ။ ဒီတော့ နိုင်ကြီးမေးလိုက်တဲ့ မေးခွန်းက အဖြေကို သိရဲ့သားနဲ့ တမင်သက်သက် ရစ်မှန်း သိသာာ မနေဘူးလား။ ကျွန်တော် ဘာမှ ပြန်မဖြေဘဲ စိုက်ကြည့်နေတော့ နိုင်ကြီးမျက်နှာက တင်းသွားတယ်။
“အုပ်ချုပ်ရေးဘက်က မင်းကို စောင့်ကြည့်ခိုင်းထားလို့ မေးနေတာ။ ဟိုကောင် ငမျိုး လုပ်တာ ငါပါအလုပ်ပြုတ်တော့မလို့။ ဟိုနေ့ကတည်းက မင်းတို့နှစ်ယောက်စလုံးကို တံခါးဖွင့်မပေးဘဲထားလိုက်ရမှာ”
“အောက်ဘက် ခဏသွားမလို့။ နေမဝင်ခင် ပြန်လာခဲ့မယ်”
“အောင်မာ.. လေသံက မာလို့။ မင်းတို့ပေးတဲ့ ကြွက်စုတ်တွေကို ငါက မက်နေတာမဟုတ်ဘူး။ နားလည်လား။ မင်းတို့ဘာသာမင်းတို့ အလုပ်ကို သေချာမလုပ်ချင်ဘဲ အလွယ်လမ်းလိုက်နေတာ။ သန်သန်မာမာရှိနေရဲ့သားနဲ့ အလုပ်လုပ်ပါလား။ အလုပ်လုပ်တဲ့သူမှန်သမျှ မငတ်ဘူး နားလည်လား.. ငါ့ကိုပဲကြည့်… ငါဆို..”
ကျွန်တော် နိုင်ကြီးပြောတာကို ဆုံးအောင်နားမထောင်တော့ဘဲ တံခါးကနေ ဝင်းအပြင်ကို ထွက်လာလိုက်တယ်။ နိုင်ကြီးက နောက်ကနေ လှမ်းဆဲတယ်။ ဒါပေမယ့် ကျွန်တော် ခေါင်းစွပ်ကို စွပ်ချလိုက်တော့ သူဘာပြောသလဲ မကြားတော့ဘူး။
(၂)
ဖုန်တောတွေကြားကနေ သစ်ပင်အသေတွေ ဟိုတစ်စ ဒီတစ်စ ထိုးထွက်နေတယ်။ ကျွန်တော်ငယ်ငယ်တုန်းက တောအုပ်ရဲ့ ဟိုးအတွင်းအထိ လှမ်းမြင်ရသေးတယ်။ အခုတော့ မရပ်မနား လွင့်ပျံနေတဲ့ ဖုန်တွေ၊ သဲတွေကြားမှာ တောအုပ်တစ်ခုလုံး ပျောက်လုနီးနီးဖြစ်နေပြီ။ တောစပ်နားအထိ သွားရဲရင်တော့ ပိုပြီးအဆင်ပြေတယ်။ ဒါပေမယ့် တစ်ယောက်တည်းဆိုတော့ စွန့်စားလွန်းရာကျမယ်။ ကျွန်တော် စိတ်လျှော့လိုက်ပြီး ကွန်ကရစ်မြောင်းနားရောက်တော့ ရပ်လိုက်တယ်။ ဒီနေ့တော့ မြောင်းပဲ နှိုက်ရမှာပဲ။
ကွန်ကရစ်မြောင်းက လူတစ်ရပ်စာလောက် နက်တယ်။ တချို့နေရာတွေမှာ ဆယ်ပေကျော်လောက် နက်မယ်။ အောက်ကိုဆင်းရင် သတိထားပြီး ဆင်းရတယ်။ မတော်တဆ ချော်ကျပြီး ခြေကျိုးသွားရင် ဘယ်သူမှ လာကယ်မှာမဟုတ်ဘူး။ မြောင်းထဲက အလောင်းတွေထဲမှာ ကိုယ့်အလောင်းပါ ထပ်ပေါင်းသွားလိမ့်မယ်။ ကျွန်တော်တို့ ဆင်းနေကျနေရာက သိပ်မနက်ဘူး။ ကျွန်တော် ဂျင်းဘောင်းဘီကို ဒူးအထိ ဆွဲတင်လိုက်တယ်။ သံဇကာအဟောင်းတွေနဲ့ ရက်ထားတဲ့ ခြင်းတောင်းကို ပခုံးမှာ လွယ်တယ်။ မြောင်းဘောင်ကို လက်ထောက်ပြီး အောက်ကို ခုန်ဆင်းလိုက်တယ်။ ရေဆိုးနံ့က ပုပ်ဟောင်ပြီး နှာခေါင်းထဲကို သံချောင်းနဲ့ထိုးလိုက်သလို စူးကနဲ တိုးဝင်လာတယ်။ ခေါင်းစွပ်ကာထားတာတောင်မှ အနံ့က အကုန်ပျယ်မသွားဘူး။
နေလုံးက ခေါင်းပေါ်တည့်တည့် ရောက်နေပြီ။ အပူရှိန်က တရိပ်ရိပ်တက်လာတယ်။ ခေါင်းစွပ်ထဲမှာ ချွေးတွေစီးပြီး ယားကျိကျိဖြစ်လာတယ်။ အခုထိ ကြွက်တစ်ကောင်မှ မတွေ့ဘူး။ ဝင်းထဲကလူတွေ လာဖမ်းလွန်းလို့ မျိုးတုံးတော့မလားမသိ။ ပြီးတော့ မြောင်းထဲမှာ ကြွက်တွေအတွက် စားစရာကလည်း မရှိသလောက် ရှားသွားပြီ။ လူသေအလောင်းတွေကလည်း အရိုးပဲကျန်တော့တာ။
ကျွန်တော့်ရှေ့ သုံးကိုက်လောက်အကွာမှာ တစ်ခုခု ရိပ်ကနဲ ဖြတ်ပြေးသွားတယ်။ ကျွန်တော် တစ်ကိုယ်လုံးကို ငြိမ်နေအောင် တောင့်ထားလိုက်တယ်။ ပခုံးပေါ်က သံခြင်းကို အသာဖြုတ်တယ်။ ခြေလှမ်းကို အသာလှမ်းလိုက်တယ်။
နားထဲမှာ အသံအုပ်အုပ် ကြားရတယ်။ ကျွန်တော့် တစ်ကိုယ်လုံး သတိအနေအထားဖြစ်သွားတယ်။ ခေါင်းထဲမှာ အချက်ပေးသံတွေ ဆူညံသွားတယ်။ အသံက ပိုပြီး ကျယ်လာတယ်။ ကျွန်တော် အပေါ်ကို မော့ကြည့်လိုက်တယ်။ စောစောက ကြည်လင်နေတဲ့ ကောင်းကင်က အဝါရောင် သမ်းစပြုနေပြီ။ မဟုတ်ဘူး။ ကောင်းကင်က အဝါရောင်ပြောင်းသွားတာမဟုတ်ဘူး။ သဲတွေ အလွှာလိုက် အထွေးလိုက် ဖုံးသွားတာ။
လေပြင်းတိုက်ပြီ။
ကျွန်တော် ခြင်းတောင်းကို ပစ်ချလိုက်တယ်။ အားယူပြီး ခုန်လိုက်တယ်။ မြောင်းဘောင်ကို လှမ်းခိုတယ်။ လက်ကို အားပြုပြီး အပေါ်ကို အမြန်တက်တယ်။ သန်းပေါင်းများစွာသော သဲစတွေ ကျွန်တော့်မျက်နှာကို၊ ကိုယ်လုံးကို အရှိန်နဲ့ ဝင်တိုက်တယ်။ လေပြင်းအရှိန်ကြောင့် မြောင်းထဲကို ပြန်လန်ကျမလို ဖြစ်သွားတယ်။ နောက်ကို လန်မကျအောင် ကျွန်တော် အရှေ့ကို အမြန်မှောက်ချလိုက်တယ်။ ခေါင်းစွပ်မှာ တပ်ထားတဲ့ လေကာမှန်ကို ဘယ်လက်နဲ့ ခပ်တင်းတင်း ဖိလိုက်တယ်။ ညာလက်နဲ့ ခေါင်းစွပ်ကို တင်းနေအောင်ဆွဲတယ်။ ကုန်းရုန်းပြီး ထတယ်။ တောင်ကုန်းဘက်ကို ပြန်လှည့်ပြီး ပြေးတယ်။
ရှေ့ကို ဘာမှ မမြင်ရဘူး။ တစ်လောကလုံး အဝါရောင်တွေ ဖုံးနေတယ်။ ရှိသမျှ အားကို အကုန်စိုက်ထုတ်ပြီး ကျွန်တော် ပြေးတယ်။ လေပြင်းသံက တဝေါဝေါ ဆူနေတယ်။ တောင်ကုန်းပေါ်က၊ ဝင်းဘက်က အချက်ပေး ဥဩသံသဲ့သဲ့ကို ကြားရတယ်။
အသည်းအသန်ပြေးနေရင်း ကျွန်တော့် ခြေထောက်က ကျောက်တုံးတစ်တုံးကို ဝင်တိုက်မိတယ်။ မှောက်လျက်သား လဲကျသွားတယ်။ ညာဘက်ခြေထောက်မှာ ဝတ်ထားတဲ့ ဖိနပ် လွင့်ထွက်သွားတယ်။ ကျွန်တော် အမြန်ပြန်ထတယ်။ နာနေတဲ့ ခြေထောက်ကို ဂရုမစိုက်အားဘဲ ဝင်းဘက်ကို ဦးတည်၊ ကျွန်တော် ဆက်ပြေးတယ်။ ဖိနပ်မပါတော့တဲ့ ကျွန်တော့် ခြေထောက်ကို သဲတွေက အငြိုးတကြီးနဲ့ ဝင်တိုးတယ်။
ဂိတ်တံခါးကို မှုန်ပြပြပဲ မြင်ရတယ်။ နောက်ဆုံးကျန်တဲ့ ခွန်အားကို တစ်စက်မှ မကျန်တော့အောင် ညှစ်ထုတ်လိုက်ပြီး ကျွန်တော် ပြေးတယ်။ အဆုပ်လိုက် အလွှာလိုက် တဝုန်းဝုန်း ဝင်ဆောင့်နေတဲ့ သဲတွေရဲ့ကြားမှာ ခြေလှမ်းတွေ အရှေ့ကို မရောက်နိုင်ဘူး ဖြစ်နေတယ်။ ဂိတ်ရဲ့ ဧရာမ တံခါးကြီးနှစ်ချပ်က တဖြည်းဖြည်း စေ့လာနေတယ်။ မမီတော့ဘူးထင်တယ်။ မရောက်တော့ဘူးထင်တယ်။ ကျွန်တော်လည်း အဖေ့လိုပဲ ဖြစ်တော့မှာလား..
ကျွန်တော့်ခေါင်းထဲမှာ ၊ အာရုံထဲမှာ မေနှင်းရဲ့ မျက်နှာ ပေါ်လာတယ်။
+++++