(၅)
သေခြင်းတရားဟာ ကျွန်တော်တို့နဲ့ တော်တော်လေး ယဉ်ပါးနေတဲ့အရာ။ ဟိုးအရင်တုန်းကလူတွေ အတွက်တော့ လူ့အသက်တစ်ချောင်းဟာ အင်မတန် တန်ဖိုးရှိချင်ရှိခဲ့မယ်။ အခုအချိန်မှာတော့ ရှင်သန်ခြင်းထက် သေမင်းနဲ့ ပိုရင်းနှီးသွားသလို ဖြစ်နေတယ်။ ယောကျ်ားတွေ၊ မိန်းမတွေ၊ လူကြီးတွေ၊ လူငယ်တွေ၊ ကလေးတွေ တစ်ဝင်းလုံးမှာ တဖြုတ်ဖြုတ် သေနေကြတာပဲ။ ကွန်ကရစ်လမ်းပေါ်မှာ သေနေတဲ့သူတွေ ရှိသလို ရေမရှိတဲ့ မြောင်းခြောက်တွေထဲမှာ ခွေပြီး သေနေတဲ့ သူတွေလည်း မနည်းဘူး။ လူမှန်းသူမှန်း မသိတော့လောက်အောင် ပိန်လှီ၊ အရိုးတွေ ကန်ထွက်ပြီး သေနေတဲ့သူတွေ၊ အမျိုးအမည်တောင် မခေါ်တတ်တော့တဲ့ ရောဂါပေါင်းစုံ ကျွမ်းပြီး အနံတထောင်းထောင်းနဲ့ သေနေတဲ့သူတွေ၊ စွန့်ပစ်ခံရလို့ ..ပြာနှမ်းပြီး အသက်ထွက်နေတဲ့ မွေးကင်းစ ကလေးအလောင်းတွေ..။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သူတွေလည်း မကြာခဏ တွေ့ရတယ်။ သေမင်းရောက်လာတာကို မစောင့်ဘဲ ကိုယ့်ဘာသာကိုယ် လက်မှတ်ဖြတ်၊ စောထွက်သွားတဲ့ သူတွေပေါ့။ တိုက်တန်းခေါင်မိုးပေါ်ကနေ အောက်က အင်္ဂတေကွက်လပ်ဆီ ခုန်ချသေတဲ့သူတွေ၊ အဝတ်စုတ်တွေကို ကြိုးလုပ်ပြီး ကြိုးဆွဲချသေတဲ့သူတွေ.. အစုံပါပဲ။ အခုနောက်ပိုင်းမှာ သတ်သေတဲ့သူတွေ တော်တော် များလာတယ်။ ရိက္ခာခွဲတမ်းတွေ ပိုနည်းလာတာ ကြောင့်လည်းပါမယ်။ စည်းကမ်း အသစ်တွေ ပိုများလာတာ ကြောင့်လည်း ဖြစ်နိုင်တယ်။ အသတ်ခံရတဲ့ သူတွေ၊ အပြင်ကပြန်လာပြီး သဲဆိပ်သင့် သေတဲ့သူတွေ၊ အုပ်ချုပ်ရေးရုံးရဲ့ စနက်နဲ့ အသက်ထွက်သွားတဲ့သူတွေပါ ထည့်ပေါင်းလိုက်ရင် ဝင်းထဲမှာ လူမသေတဲ့ရက် ဆိုတာ မရှိသလောက်ပဲ။ အလောင်းတွေကို နှစ်ရက်ခြား၊ သုံးရက်ခြား တစ်ခါ ရှင်းထုတ်ပါတယ်။ အစောင့်တွေက လှည်းတစ်စီးနဲ့ အလောင်းတွေ လိုက်ကောက်တယ်။ လှည်းပေါ်ကိုတင်တယ်။ မြေဩဇာ လုပ်လို့ရမယ့် အလောင်းတွေကို စိုက်ခင်းတွေဘက်ကို သယ်သွားတယ်။ ရောဂါဖြစ်နေတဲ့ အလောင်းတွေကိုတော့ အပြင်ဘက်ကိုထုတ်ပြီး မြှုပ်တယ်။ ဒါပေမယ့် ၁၅ ဧက ကျယ်တဲ့ ဒီဝင်းထဲမှာ တစ်ထောင့်တစ်နေရာမှာတော့ အသိမ်းမခံရတဲ့ အလောင်းတွေ ကျန်နေတာပါပဲ။ ရုံးဘက်က လာမသိမ်းဘဲ အစအန ပျောက်သွားတဲ့ အလောင်းတွေလည်း ရှိတယ်။ အစာရေစာ ပြတ်နေတဲ့ ဒီဝင်းထဲမှာ ဘယ်အရာမှ အလဟဿဖြစ်မသွားဘူးလေ။ လူအသားကို မစားရဘူးဆိုတဲ့ စည်းကမ်း သတ်မှတ်ထားပေမယ့် တိုက်တန်းတွေဘက်မှာတော့ အမျိုးအမည် ခွဲမရတဲ့ အသားပေါင်းစုံ ရနေတာပဲ။ လစ်ရင် လစ်သလို အရောင်းအဝယ် လုပ်နေကြတာပဲ။
လူဆိုတဲ့ သတ္တဝါဟာ အံ့ဩဖို့ကောင်းတယ်။ ဘယ်လိုပဲ နိမ့်ကျ စုတ်ပြတ်နေပါစေ အသက်ကို ခင်တွယ်ကြတာပဲ။ ကျွန်တော်ကိုယ်တိုင်လည်း မ၀ရေစာစားပြီး ဘယ်နေ့သေမလဲ မသိတဲ့ အချိန်မှာတောင်မှ ဘ၀ကို ရှာကြံပြီး ချစ်နေသေးတယ်။ ခင်တွယ်ရမယ့်သူ တွေ့သွားတာကြောင့်လည်း ပါမယ်။ မေနှင်းနဲ့ တွေ့ပြီးတဲ့နောက်မှာ မီးခိုးရောင်သမ်းနေတဲ့ နေ့ရက်တွေ နည်းနည်းလေးတော့ ပိုပြီး စိမ်းလန်းသွားတာအမှန်ပဲ။ ဒါကြောင့်လည်း ဝင်းထဲက လူတွေမှာ နီးစပ်သူ ကိုယ်စီ ရှိနေကြတာဖြစ်မယ်။ ဒါကြောင့်လည်း ဒီလို ကမ္ဘာပျက်နေတဲ့အချိန်မှာတောင် မိသားစုတွေ တည်ဆောက်ဖို့ ကြိုးစားနေကြသေးတာ ဖြစ်မယ်။
ကျွန်တော့်ရဲ့ နေ့ရက်တွေကို ပိုပြီး နေချင်စရာဖြစ်လာအောင် ကူညီခဲ့ပေးတဲ့သူတွေထဲမှာ ငမျိုးလည်း ပါတယ်။ လူမှန်းသိတတ်စ အရွယ်ကတည်းက ငမျိုးက ကျွန်တော့်ဘ၀ထဲမှာ ရှိနေခဲ့တာ။ ငမျိုးရဲ့ အဖေ ဦးအောင်သောင်းက ဆိုလာကွင်းတွေဘက်မှာ အလုပ်လုပ်တယ်။ ရုံးဝင်းရဲ့နောက်ဘက်မှာ နှစ်ဧကကျော်ကျယ်တဲ့ ဆိုလာဝင်းရှိတယ်။ ဝင်းထဲမှာ နေရောင်ခြည်ဖမ်းတဲ့ ဆိုလာပြားတွေ စီတန်းပြီး တပ်ထားတယ်။ ကျွန်တော်တို့ တစ်ဝင်းလုံးကို ဓာတ်အားလွှတ်ပေးနေတာ အဲဒီဆိုလာပြားတွေပဲ။ နေရောင်က ရတဲ့ ဓာတ်အားကို ဘက်ထရီတွေနဲ့ လှောင်ထားတယ်။ ဒါပေမယ့် ဒီ ဓာတ်အားလှောင်တဲ့နေရာက ရုံးအဆောက်အဦးထဲမှာ။ ရုံးထဲကို ကျွန်တော်တို့ ပုံးသမားတွေ ဝင်ခွင့်မရဘူး။ ဆိုလာကွင်းတွေဘက်မှာတော့ အလုပ်လုပ်ခွင့်ရတယ်။ ဦးအောင်သောင်းက ဆိုလာပြား သန့်ရှင်းရေးလုပ်တဲ့ အဖွဲ့ခေါင်းဆောင်။ နှစ်တွေကြာလာတာနဲ့အမျှ ဖန်ပြားတွေပေါ်မှာ အကျိအချွဲတွေ တက်လာတယ်။ ဖုန်ကပ်ဖို့ ပိုလွယ်လာတယ်။ ဖုန်တွေများလာရင် ရတဲ့ လျှပ်စစ်အားပါ လျော့သွားတယ်။ ဒီတော့ နေ့တိုင်းနီးပါး သန့်ရှင်းရေးလုပ်ရတယ်။ ဆိုလာကွင်းထဲမှာ အလုပ်လုပ်ချင်တဲ့သူ တော်တော်များတယ်။ အလုပ်သိပ်မပင်ပန်းတဲ့ အပြင် ဆိုလာပြားတွေအောက်က အရိပ်ထဲမှာ ပုန်းနေတတ်တဲ့ အကောင်ပလောင်တွေ၊ မှိုတွေလည်း ရနိုင်သေးတယ်လေ။ ထားပါတော့..။ ဦးအောင်သောင်းက ကျွန်တော့်အဖေကို အဲဒီဘက်မှာ အလုပ်သွင်းပေးတယ်။ သူ့ကျေးဇူးကြောင့် ကျွန်တော်နဲ့ အဖေ သံပုံးတွေဘက်မှာ ဆက်နေနိုင်တာ။ မဟုတ်ရင်၊ အလုပ်မရှိရင် တိုက်တန်းတွေဘက်ကို ပို့ခံရမယ်။
ဒီတော့ ငမျိုးနဲ့ ကျွန်တော် ငယ်ငယ်ကတည်းက ပေါင်းဖြစ်သွားတယ်။ ကျွန်တော်က တော်တော် အေးတဲ့သူလို့ ပြောလို့ရတယ်။ ကျွန်တော့်ခေါင်းထဲမှာ လှုပ်လှုပ်ရှားရှား အတွေးတွေ သိပ်မရှိဘူး။ ဘ၀ကို မြင်တဲ့ အမြင်ကလည်း ရှင်းတယ်။ တစ်ရက်ပြီး တစ်ရက်နေနေရင်း..တစ်လှမ်းပြီး တစ်လှမ်း လှမ်းနေရင်း အချိန်တန်ရင် လမ်းဆုံးသွားတဲ့ လျှောက်လမ်းတစ်လမ်းပဲ။ ဒါပေမယ့် ငမျိုးရဲ့ စိတ်ဓာတ်က ကျွန်တော့်လိုမဟုတ်ဘူး။ ဒီကောင်က ငယ်ငယ်ကတည်းက စပ်စုတယ်၊ သိချင်စိတ်များတယ်၊ မကြောက်တတ်ဘူး။ ဘ၀ကို ကျွန်တော်က လျှောက်လမ်းတစ်လမ်းလို သဘောထားနေတဲ့ အချိန်မှာ ငမျိုးက ၀င်္ကပါတစ်ခုလို မြင်တယ်။ ဖြတ်လမ်းတွေကို လိုက်ရှာချင်တယ်။ ကလေးဘ၀ကတည်းက ငမျိုးက ကျွန်တော့်ထက် ဉာဏ်ကောင်းတယ်။ လည်တယ်။ အနေအစားချောင်အောင် ဘယ်လို ရှာကြံရမလဲ သိတယ်။ အစောင့်တွေကို ဘယ်လို လာဘ်ထိုးရမလဲ၊ ခွဲတမ်းပိုရအောင် ဘယ်လို ဉာဏ်ဆင်ရမလဲ၊ ဝင်ခွင့်မရှိတဲ့ နေရာတွေကို ဘယ်လို ခိုးဝင်ရမလဲ.. ဒါတွေအကုန် ငမျိုးပဲ ကျွန်တော့်ကို သင်ပေးခဲ့တာ။
အဲဒီနှစ်တုန်းက.. ကျွန်တော်နဲ့ မေနှင်း မတွေ့ခင်၊ ငမျိုးလည်း မိန်းမ မရသေးတဲ့အချိန်..။ ငမျိုးနဲ့ပြောခဲ့တဲ့ စကားတွေကို ကျွန်တော် ကောင်းကောင်း မှတ်မိနေသေးတယ်။ ကျွန်တော့်ခေါင်းထဲကို မတွေးသင့်တဲ့ အတွေးတွေ စဝင်လာတာ အဲဒီ စကားတွေကြောင့်။ အဲဒီတုန်းက ပြောင်းဖူးတွေ မျိုးမတုန်းသေးဘူး။ ငမျိုးက ကျွန်တော်နဲ့ အဖေ့အတွက် ပြောင်းဖူး သုံးဖူး ယူလာပေးတယ်။ ဘယ်ကဘယ်လို ကြံဖန်လာသလဲတော့ မသိဘူး။ အဖေကတော့ အားနာနာနဲ့ပဲ ပြောင်းဖူးတွေကို ယူတယ်။ ကျွန်တော်ကတော့ ငမျိုးကို ဘာမဟုတ်တာ လုပ်လာပြန်ပြီလဲဆိုတဲ့ မျက်လုံးနဲ့ပဲ ကြည့်လိုက်တယ်။ ငမျိုးက လက်ကာပြတယ်။ ဘာမှမမေးနဲ့ ဆိုတဲ့သဘော။ ကျွန်တော့်ကို တိုက်တန်းတွေဘက် သွားရအောင် ဆိုပြီး ခေါ်တယ်။
ငမျိုးက တိုက်သမားသာမဟုတ်တာ၊ တိုက်တန်းထဲကလူတွေနဲ့ တော်တော် ရင်းနှီးနေပြီ။ ကျွန်တော်နဲ့သူနဲ့ တိုက်ခေါင်မိုးဘက်ကို တက်လာတော့ ငမျိုးကို တိုက်သမားတွေက ဝိုင်းနှုတ်ဆက်ကြတယ်။ လှေကားရင်းမှာ ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်က ငမျိုးကို တွေ့တော့ ထလာတယ်။ ခါးကြားထဲမှာ လိပ်ထည့်ထားတဲ့ ချလံတစ်ရွက်ကို ငမျိုးလက်ထဲကိုထည့်ပေးတယ်။ ငမျိုးရဲ့ နားနားကိုကပ်ပြီး ဘာလဲမသိဘူး ခပ်တိုးတိုး ပြောတယ်။ ငမျိုးက စိတ်မပူနဲ့ ဆိုတဲ့ ပုံစံနဲ့ လက်မထောင်ပြတယ်။ ကျွန်တော့်ဘက်ကို လှည့်ပြီး မျက်စပစ်ပြတယ်။
တိုက်ခေါင်မိုးပေါ်ရောက်တော့ ကျွန်တော်တို့နှစ်ယောက် ခေါင်မိုးအစွန်းနားမှာ ထိုင်ချလိုက်တယ်။ ခြေထောက်တွေကို တွဲလောင်းချလိုက်တယ်။ ညဘက်ဖြစ်နေပေမယ့် လေတွေက ပူပြီး ခြောက်နေတယ်။ တိုက်ခေါင်မိုးပေါ်ကနေ ဆိုလာကွင်းဘက်ကို လှမ်းမြင်နေရတယ်။ နက်ပြာရောင် ဖန်ပြားတွေက လရောင်အောက်မှာ ရေလှိုင်းတွေလို အရောင်တွေပြန်နေတယ်။ ငမျိုးက သူ့ခါးကြားမှာထိုးလာတဲ့ ပလက်စတစ် ဘူးကို ထုတ်တယ်။ တစ်ငုံမော့သောက်ပြီး ကျွန်တော့်ဘက်ကို လှမ်းပေးတယ်။ ဘူးထဲက ချက်အရက်နံ့က ကျွန်တော့် နှာခေါင်း၀ထဲကို တိုးဝင်လာတယ်။ ကျွန်တော် တစ်ငုံမော့လိုက်တယ်။
“စောစောက မိန်းမက မင်းကို ဘာပေးလိုက်တာလဲ” ကျွန်တော် ငမျိုးကို မေးလိုက်တယ်။
“မင်းမသိချင်ပါဘူး နေမင်းရာ။ ငါပြောပြလိုက်ရင် မင်းပဲ စိတ်ညစ်ရမယ်။ မေးမနေနဲ့”
ကျွန်တော် ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တယ်။ ခေါင်မိုးပေါ်မှာ ကျွန်တော်တို့လို လာထိုင်ပြီး အရက်သောက်တဲ့အဖွဲ့တွေ ကြိုကြား ကြိုကြားတွေ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ထိုင်နေတဲ့ အနားမှာတော့ ဘယ်သူမှမရှိဘူး။ ကျွန်တော် လေသံကိုနှိမ့်ပြီး ငမျိုးကို ထပ်မေးတယ်။
“အဲဒီမိန်းမ လက်ဖျံမှာ ထိုးထားတဲ့ အရုပ်ကို ငါမြင်လိုက်တယ်နော်။ ငမျိုး မင်းဘာတွေ လျှောက်လုပ်နေတာလဲ”
ငမျိုးက ကျွန်တော့်မေးခွန်းကို မဖြေဘဲ အရက်ကို နောက်တစ်ငုံမော့တယ်။ ကောင်းကင်က တစ်ခြမ်းပဲ့ပြီး ဖွာထွက်နေတဲ့ လကို မေ့ာကြည့်တယ်။ အစိတ်အပိုင်းပေါင်းများစွာ ကွဲထွက်နေတဲ့ လဟာ ရုတ်တရက် ကြည့်လိုက်ရင် ကမ္ဘာဆီ အရှိန်နဲ့ထိုးဆင်းနေသလိုလို။ ပဲ့ကျန်ခဲ့တဲ့ လတစ်ခြမ်းက ဖမ်းထားတဲ့ နေအလင်းရောင်ကို တတ်နိုင်သလောက်တော့ ပြန်လွှတ်ပေးနေသေးတယ်။ အရင်တုန်းက၊ မပျက်စီးခင်တုန်းက လမင်းဟာ ဘယ်လိုအလင်းရောင်မျိုး လွှတ်ပေးခဲ့မလဲ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ရဲ့ လမင်းကတော့ ကိုယ်လက် မစုံတော့တဲ့ သတ္တဝါ တစ်ကောင်လို အလင်းယဲ့ယဲ့ပဲ ကျန်တော့တယ်။
ငမျိုးက ပလက်စတစ်ဘူးကို တိုက်အောက်ဘက်ကို လွှင့်ပစ်လိုက်တယ်။ မတ်တပ်ထရပ်တယ်။ ကျွန်တော့်ကို လှည့်မကြည့်ဘဲ မေးတယ်။
“မင်း.. သူရဲကောင်းသုံးယောက်..ဆိုတဲ့ ပုံပြင်ကို ကြားဖူးသလား”
ကျွန်တော် ခေါင်းခါလိုက်တယ်။ ငမျိုးက သွားတွေပေါ်အောင် ပြုံးတယ်။
“မင်းက တိုက်တန်းဘက်ကို လာဖို့ဆိုရင် သေမလောက် ကြောက်နေတာကိုး။ ဒီဘက်ခြမ်းက လူတွေဆီမှာ ငါတို့ မသိတဲ့ ပုံပြင်တွေ၊ ဇာတ်လမ်းတွေ အများကြီးပဲ။ မင်း ဦးညိုကြီးကို သိတယ်မဟုတ်လား”
“သိတယ်လေ။ လူသားရောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့ လူကြီးမဟုတ်လား”
ငမျိုးက အားရပါးရရယ်တယ်။
“ဦးညိုကြီးက အရက်တိုက်ရင် ပုံပြောပြတယ်။ မင်း သူ့ဆီကိုသွားပြီး အဲဒီပုံပြင်ကို သွားနားထောင်လိုက်။ ငါဘာတွေလုပ်နေသလဲ မင်း သဘောပေါက်သွားလိမ့်မယ်”
ကျွန်တော် နှာခေါင်းရှုံ့လိုက်တယ်။
“နေစမ်းပါကွာ။ အခန့်မသင့်ရင် ငါ့ပါ သတ်စားနေရဦးမယ်”
ငမျိုးက ခေါင်းခါတယ်။ ကျွန်တော့်ကို သနားသလိုကြည့်တယ်။ အပြန်လမ်းမှာ ငမျိုးက စကားတစ်ခွန်းမှ မပြောဘဲ တိတ်နေတယ်။
(၆)
နေကတော်တော် ပြင်းနေပြီ။ ကွင်းပြင်ထဲကလူတွေရဲ့ စကားသံတွေက ကျယ်သထက်ကျယ်လာတယ်။ ကျွန်တော် ဦးအောင်သောင်းရှိရာဘက်ကို လှမ်းကြည့်တယ်။ ကြားက လူတန်းတွေ ကွယ်နေတော့ ဘာမှမမြင်ရဘူး။ ငမျိုးရဲ့ မိန်းမနဲ့ ညီရော.. ဘယ်မှာလဲ။
ကျွန်တော် တန်းစီနေရာကနေ အရှေ့ကို အတင်းကျော်တက်လိုက်တယ်။ ကျွန်တော့်ကို ဆဲတဲ့အသံတွေ ထွက်လာတယ်။ တွန်းရင်း တိုက်ရင်းနဲ့ ကျွန်တော် ရှေ့ဘက်နားကို ရောက်လာတယ်။ ကျွန်တော့်ရှေ့မှာ လူ သုံးယောက်လောက်ပဲ ရှိတော့တယ်။ ငမျိုးကို ကောင်းကောင်း မြင်ရပြီ။ ဦးအောင်သောင်းဘက်ကို လှည့်ကြည့်တော့ ဦးအောင်သောင်းက ခေါင်းကို ငုံ့ထားတယ်။ မျက်လုံးတွေက မြေကြီးကိုပဲ စိုက်ကြည့်နေတယ်။
စည်းကမ်းချက် အမှတ်(၁) တဲ့..။ စည်းကမ်းချက် (၁) နဲ့ ငမျိုးနဲ့ ဘယ်လိုပတ်သတ်သလဲ ကျွန်တော်စဉ်းစားလို့မရဘူး။ နေ့တိုင်း ကျွန်တော်နဲ့ ဒီကောင်နဲ့ တွေ့နေတာပဲ။ တစ်ပါတ်ကို နှစ်ရက်လောက် အတူတူ အပြင်ထွက်ပြီး ရိက္ခာရှာနေတာပဲ။ ကျွန်တော်နဲ့ ပေါင်းလာတာ တစ်နှစ် နှစ်နှစ်လည်းမဟုတ်ဘူး။ နှစ်အစိတ်နီးပါး ပေါင်းလာတာ။ ဘယ်အချိန်မှာ ဘာတွေ ဖြစ်သွားတာလဲ။ တစ်ခုခုမှားနေတာပဲ ဖြစ်မယ်။ ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူး။
ဘေးတန်းက အသံကြားလို့ လှည့်ကြည့်လိုက်တော့ ငမျိုးရဲ့ မိန်းမ တင်မေ့ကိုတွေ့တယ်။ အရပ်ပုပု၊ အသားညိုညိုနဲ့ တင်မေက ငမျိုးထက် သုံးလေးနှစ်လောက် ကြီးမယ်။ တင်မေက ကျွန်တော့်ကိုတွေ့တော့ ပြေးပြီး ဖက်တယ်။ ကျွန်တော် သူ့ကျောပြင်ကို လက်နဲ့ပုတ်ပြီး ချော့တယ်။ တင်မေက ငိုသံနဲ့ ပြောတယ်။
“တစ်ခုခု မှားတာနေမှာပါနော်။ ကိုမျိုး ဘာမှမှ မလုပ်ဘဲ။ မှားတာနေမှာ..”
ကျွန်တော် တင်မေ့ကို ဘာပြန်ပြောရမှန်းမသိဖြစ်တယ်။ ငမျိုးကို လှမ်းကြည့်လိုက်တော့ သူနဲ့ကျွန်တော် အကြည့်ခြင်း ဆုံသွားတယ်။ ပိတ်လုနီးနီး ဖူးယောင်နေတဲ့ မျက်ခွံတွေကြားက ငမျိုးရဲ့ မျက်လုံးမှာ စိတ်ပူတဲ့ အရိပ်အယောင် မတွေ့ရဘူး။ ကျွန်တော့်ရဲ့ မေးခွန်းထုတ်တဲ့ မျက်လုံးတွေကိုတွေ့တော့ သူက ခေါင်းခါတယ်။ တင်မေ့ဘက်ကို မေးထိုးပြပြီး ခေါင်းတစ်ချက်ညိတ်တယ်။ ကျွန်တော် တစ်ခုခု အော်မေးလိုက်မလို့ ဆုံးဖြတ်လိုက်ချိန်မှာ ဥက္ကဌရဲ့ စကားသံ ထွက်လာတယ်။
“ကျွန်တော့်အဖေဟာ သဘောကောင်းလွန်းတယ်။ ခင်ဗျားတို့အပေါ်မှာ သံယောဇဉ်ကြီးလွန်းတယ်။ ဒါကြောင့်လည်း ကျွန်တော့်လက်ထက်ရောက်လာတော့ အခုလို ထိန်းမနိုင် သိမ်းမရ အရိုင်းအစိုင်းတွေ ကို အုပ်ချုပ်နေရတာ။ ဇင်မင်း၊ လုပ်စရာရှိတာ ဆက်လုပ်”
ဥက္ကဌက ပြောပြီး ရုံးဘက်ကို လှည့်ထွက်သွားတယ်။ ဇင်မင်းဆိုတဲ့ သူ့ရဲ့ လက်ထောက်က ဥက္ကဌနောက်ကို အပြေးလေး လိုက်သွားပြီး ဥက္ကဌနားနားကိုကပ်ပြီး မေးတယ်။ ဥက္ကဌက ငမျိုးဘက်ကို တစ်ချက်လှည့်ကြည့်တယ်။ ဇင်မင်းဘက်ကို ပြန်လှည့်ပြီး စကား တစ်ခွန်းနှစ်ခွန်းပြောတယ်။ ရုံးဘက်ကို ဆက်လျှောက်သွားတယ်။
လူအုပ်ကြီး ပြန်ပြီး တိတ်ဆိတ်သွားတယ်။ တင်မေရဲ့ ရှိုက်သံပဲ တစ်ချက်တစ်ချက် ထွက်လာတယ်။ ငမျိုးရဲ့ မျက်နှာက မတုန်မလှုပ်ပဲ။ ကျွန်တော့်ကိုလည်း မကြည့်ဘူး၊ တင်မေ့ကိုလည်း မကြည့်ဘူး။ လူအုပ်ကြီးကို ကျော်ပြီး ဝင်းရဲ့ အပြင်ဘက်ကို ငေးမျှော်ကြည့်နေတယ်။ လက်ထောက် ဇင်မင်း ရုံးဝင်း အပြင်ကို ထွက်လာတယ်။ ဒူးထောက်နေတဲ့ ငမျိုးရဲ့ ဘေးမှာ ရပ်တယ်။ သူ့ရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ စာအုပ်အကြီးကြီးကို ဖွင့်တယ်။ စာမျက်နှာ သုံးလေးမျက်နှာ လှန်လိုက်တယ်။ အသံကျယ်ကျယ်နဲ့ ဖတ်တယ်။
“ယခု နယ်နိမိတ်အတွင်းတွင် နေထိုင်ကြသော သူများ မဖြစ်မနေ လိုက်နာရမည့် စည်းကမ်းချက်များနှင့် စည်းကမ်းဖောက်ဖျက်လျှင် ကျသင့်မည့် ပြစ်ဒဏ်များကို ကြိမ်ဖန်များစွာ ကြေငြာထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ အဆိုပါ စည်းမျဉ်းများသည် နယ်နိမိတ်အတွင်းတွင် နေထိုင်ကြကုန်သော သူများ၏ ရေရှည်ရှင်သန်နိုင်ရေးအတွက် ခေါင်းဆောင်ကြီးများမှ စီမံချမှတ်ထားသော စည်းမျဉ်းများဖြစ်သည်..”
ငမျိုးက ထွီကနဲ တံတွေးထွေးလိုက်တယ်။ ဘေးကရပ်နေတဲ့ အစောင့်က ငမျိုးကို လက်နဲ့ ရိုက်မလို့ ရွယ်တယ်။ ဇင်မင်းက လက်နဲ့ အသာတားလိုက်တယ်။ စာကို ဆက်ဖတ်တယ်။
“ယခု တရားခံဖြစ်သူ မျိုးဝင်း၊ ၂၉ နှစ်၊ အမှတ် ၆၃ / ၂၄ သည် စည်းကမ်းချက် အမှတ် (၁) ဖြစ်သော ပုန်ကန်မှု ကို ကျူးလွန်သူဖြစ်ကြောင်း သက်သေအထောက်အထားနှင့်တကွ သိရှိရပြီးဖြစ်သည်”
လူအုပ်ထဲက စကားသံတွေ အုပ်ကနဲ ပြန်ထွက်လာတယ်။ တင်မေက ဟီး..ကနဲ တစ်ချက် အော်ငိုတယ်။ ကျွန်တော် ငမျိုးမျက်နှာကိုပဲ စိုက်ကြည့်နေမိတယ်။ ပုန်ကန်မှု။ အကြီးလေးဆုံး ပြစ်မှု။
“ဝင်းသူဝင်းသားများ၏ ငြိမ်းချမ်းတည်ငြိမ်ရေးကို အကြိမ်ကြိမ် နှောင့်ယှက်ခဲ့သော သူပုန်အဖွဲ့၏ အမှတ်တံဆိပ်ကို ကိုင်ဆောင်ထားခြင်းသည် သေဒဏ်မြောက်သော အပြစ်ဖြစ်သည်။ အဆိုပါ အမှတ်တံဆိပ်ကို တရားခံ မျိုးဝင်း၏ ကိုယ်ခန္ဓာတွင် စစ်ဆေးတွေ့ရှိခဲ့ပြီးဖြစ်သည်။”
အစောင့်တစ်ယောက်က ငမျိုးရဲ့ လက်မောင်းကို မလိုက်တယ်။ လက်မောင်းအတွင်းသားမှာ ဆေးနက်နဲ့ထိုးထားတဲ့ကြယ်တံခွန်တံဆိပ်က ငမျိုးရဲ့ အသားညိုညိုပေါ်မှာတောင် အထင်းသားပေါ်နေတယ်။ တင်မေ့ဆီက ငိုသံက ပိုကျယ်လာတယ်။ လူတွေရဲ့ အသံတွေ လည်း ပိုကျယ်လာတယ်။ ဇင်မင်းက အသံတိတ်ဖို့လက်ကာပြတယ်။ တော်တော်လေးကြာမှ အသံတွေ ပြန်ငြိမ်သွားတယ်။ တင်မေ့ရဲ့ ငိုသံပဲ ကြားရတော့တယ်။
“အဆိုပါ အဖွဲ့အား အမည်နာမ ထုတ်ဖော်ပြောခြင်းပြုမည်မဟုတ်သလို အဆိုပါ အဖွဲ့ တည်ရှိနေမှုကိုလည်း အုပ်ချုပ်ရေးရုံးက မည်သည့်အခါမှ အသိအမှတ်ပြုလိမ့်မည် မဟုတ်ပါ”
ဇင်မင်းက အစောင့်တွေကို လက်ပြတယ်။ အစောင့်တွေက ငမျိုးရဲ့ ပါးစပ်ကို အဝတ်နဲ့ စည်းလိုက်တယ်။ ငမျိုးမျက်လုံးတွေက ကျွန်တော့်ဆီကို ပြန်ရောက်လာတယ်။ သူ့ မျက်လုံးတွေကြားမှာ အဖြေတစ်ခုခုများ တွေ့ရမလား ကျွန်တော် လိုက်ရှာတယ်။ ဘာမှ မတွေ့ဘူး။ ကျောက်စရစ်ခဲလို မာထက်နေတဲ့ အရိပ်အယောင်တွေကိုပဲ မြင်ရတယ်။ ငမျိုးက ကျွန်တော့်ကို ပြုံးပြတယ်။ သူအမြဲပြုံးနေကျ မထီမဲ့မြင် အပြုံးမျိုး။ အစောင့်တစ်ယောက်က ခေါင်းစွပ်အမည်းတစ်ခု ယူလာတယ်။ ငမျိုးရဲ့ ခေါင်းကို စွပ်လိုက်တယ်။ ကျွန်တော် ဦးအောင်သောင်း ရှိရာကို လှမ်းကြည့်တော့ ဦးအောင်သောင်းက ခေါင်းငိုက်စိုက်ချထားတုန်းပဲ။ တင်မေကတော့ မြေကြီးပေါ်မှာ လှိမ့်ပြီး ငိုနေပြီ။ ဇင်မင်းက အမိန့်စာကို ဆက်ဖတ်တယ်။
“စည်းကမ်းချက် အမှတ်(၁) ကို ဖောက်ဖျက်သော တရားခံ မျိုးဝင်း၊ အမှတ် ၆၃ / ၂၄ အား မသေမချင်း ကျောက်တုံးဖြင့် ပေါက်သတ်စေရန် အမိန့်ချမှတ်လိုက်သည်”
++
အပိုင်း (၄) ဆက်ဖတ်ရန် <<< click here
အပိုင်း (၂) ပြန်ဖတ်ရန်
အပိုင်း (၁) ပြန်ဖတ်ရန်