… အဆက်
(၃)
ကျွန်တော်အိပ်ရာနိုးလာတော့ မေနှင်းက မနက်စာပြင်ထားပြီးသား။ ထုံးစံအတိုင်း အာလူးပြုတ်ပေါ့။ အာလူးတစ်လုံးကို နှစ်ယောက် ခွဲစား.. ဒါကျွန်တော်တို့ရဲ့ မနက်စာပဲ။ မနေ့ကရလာတဲ့ ကြွက်တွေကတော့ ချလံနဲ့ လဲဖို့ ချန်ထားရမယ်။ ဒီတော့ လောလောဆယ် အာလူးနဲ့ပဲ နှစ်ပါးသွားပေဦးပေါ့။ ကောင်းသည်၊ မကောင်းသည်၊ ၀သည်၊ မ၀သည် မစဉ်းစားနိုင်သေးဘူး။ ကျွန်တော်တို့ အာလူးပြုတ်စား နေတဲ့အချိန်မှာ အစာငတ်ပြီး သေမတတ်ဖြစ်နေတဲ့သူတွေ ဘယ်နှယောက် ရှိနေသလဲ။
ဝင်းထဲက နေ့ရက်တွေက တရိပ်ရိပ်နဲ့ မှုန်ဝါးထွေပြားနေတယ်။ နေ့စဉ်နေ့တိုင်းဟာ အသက်တစ်ချောင်းကို ဆွဲဆန့်ဖို့ လုံးပန်းရင်း ကုန်သွားတာပဲ။ ၁၅ ဧကကျော်ကျယ်တဲ့ ဒီဝင်းဟာ ကျွန်တော်တို့ရဲ့ ဘ၀ အစ၊ အလယ်၊ အဆုံးကို သတ်မှတ်ပေးထားတဲ့ နေရာ။ ကျွန်တော့်မိဘတွေလည်း ဒီဝင်းထဲမှာပဲ နေသွား၊ သေသွားတယ်။ ကျွန်တော်လည်း ဒီထဲမှာပဲ သေမှာပဲ။ ကျွန်တော့် ကလေး မွေးလာရင်ရော..။ အပြင်ဘက် ကမ္ဘာဟာ ဘယ်လောက်များ ကျယ်ပြော ဆန်းကျယ်နေမလဲ..။ အပြင်..ဆိုတဲ့ မျှော်လင့်ချက်ဟာ အင်မတန် အန္တရာယ်ကြီးတယ်။ အပြင်ထွက်ချင်စိတ် ပေါက်လာတဲ့သူဟာ ကြာကြာမခံတာများတယ်။
မေနှင်းကတော့ ကျွန်တော့်ထက် ၇ နှစ်ကျော်လောက် ငယ်တဲ့အတွက် သူအရွယ်ရောက်လာတဲ့ အချိန်မှာ ဒီဝင်းဟာ သူ့ကမ္ဘာဖြစ်နေပြီ။ ကျွန်တော်ကတော့ ငယ်ငယ်တုန်းက အဖြစ်အပျက်တစ်ချို့၊ မြင်ကွင်းတစ်ချို့ကို မှတ်မိနေသေးတယ်လေ။ ဒီခြံဝင်းကို ဝန်းရံနေတဲ့ သဲမုန်တိုင်းတွေ၊ မီးခိုးတွေကတော့ ကျွန်တော် မွေးကတည်းက ရှိခဲ့တာပါပဲ။ ဒါပေမယ့် ကျွန်တော် ၅ နှစ်သားလောက်တုန်းက အပြင်ဘက်မြင်ကွင်းဟာ ခုလောက် မဆိုးသေးဘူး။ ကလေးဘ၀တုန်းက အဖေနဲ့ ခိုးလိုက်သွားရင်း ကင်းမျှော်စင်ပေါ်တက်ကြည့်ဖူးတယ်။ ခြံဝင်းက တောင်ကုန်း ပေါ်မှာ ရှိတာဆိုတော့ ပတ်ပတ်လည်ကို အပေါ်ကစီးပြီး မြင်နေရဆယ်။ မုန်တိုင်းတွေက ဟိုးဘက်အောက်ခြေ တော်တော်လှမ်းလှမ်းမှာ။ ဖုန်တောတွေရဲ့ အစပ်မှာ အရိုးပြိုင်းပြိုင်းနဲ့ အပင်တွေ၊ ရေမရှိတော့တဲ့ စမ်းချောင်းတွေ..။ တချို့အပင်တွေက အရွက်တွေတောင် မကုန်သေးဘူး။ အသက်လုပြီး တွဲခိုနေတဲ့ အရွက်ညိုညိုတွေကို လှမ်းကြည့်ရင်း.. ဒီသဲကန့်လန့်ကာကြီးရဲ့ နောက်ကွယ်မှာ ဘာတွေရှိမလဲ.. စိတ်ကူးယဉ်ခဲ့ဖူးတယ်။ အခု ကျွန်တော့်အသက် ၃၀ ကျော်ပြီ။ ငယ်တုန်းကလောက် စိတ်ကူးမယဉ်တတ်တော့ပေမယ့် တစ်ခါတလေ အိပ်မက်တွေထဲမှာ အစိမ်းရောင် ကွင်းပြင်ကြီးကို မြင်နေတုန်းပဲ။ ကျွန်တော့်အိပ်မက် အကြောင်းကို ပြန်ပြောပြရင် မေနှင်းက အံ့ဩတကြီးနဲ့ နားထောင်တယ်။ “အခု အာလူးခင်းတွေ ရှိတယ်မဟုတ်လား။ အဲဒီအာလူးခင်းတွေကို အဆ တစ်ရာ ပွားကြည့်လိုက်။ မဟုတ်ဘူး.. အဆ တစ်ထောင်.. အဆတစ်ထောင် ပွားပြီး မြင်ကြည့်လိုက်..” ကျွန်တော် အဲဒီလိုများ ပြောလိုက်ရင် မေနှင်းရဲ့ မျက်လုံးတွေက မယုံနိုင်တဲ့ အရိပ်အယောင်တွေ သမ်းလာတတ်တယ်။ “အစ်ကိုက မြင်လည်း မမြင်ဖူးဘဲနဲ့ ဘယ်လို အိပ်မက် မက်သလဲ” လို့ မေနှင်းက မေးလိုက်ရင် ကျွန်တော် ဘာပြန်ပြောရမှန်းမသိဘဲ ကြောင်ကြောင်သွားတယ်။ မရှိဖူး၊ မပိုင်ဆိုင်ဖူးတဲ့အရာတွေကိုလည်း အိပ်မက်မက်လို့ ရတာပဲ မဟုတ်လား။
ကျွန်တော်တို့ရဲ့ သံပုံးက အရှေ့ဂိတ်နဲ့ မလှမ်းမကမ်းမှာ။ ကျွန်တော်တို့ အနီးတဝိုက်မှာ ပုံးသုံးလေးဆယ်လောက် ရှိမယ်။ ဒီတော့ အရှေ့ကွက်မှာ လူဦးရေ ၂၀၀ လောက်ရှိမပေါ့။ မြောက်ဘက်ကို ဆက်လျှောက်သွားရင် စိုက်ခင်းဧရိယာ၊ အဲဒီထဲမှာ ရေလှောင်ကန်နဲ့ အာလူးခင်းတွေရှိတယ်။ အစောင့်အကြပ်တွေ ပြည့်သိပ်နေအောင် ချထားတော့ အဲဒီဘက်ကို တော်ရုံနဲ့ ဝင်လို့ မရဘူး။ မေနှင်းကတော့ အလုပ်သမား လက်မှတ်ရထားတဲ့ အတွက် စိုက်ခင်းတွေဆီ သွားခွင့်ရတယ်။ ဒါပေမယ့် အဝင်အထွက်မှာ ကိုယ်တုံးလုံး ချွတ်မစစ်ရုံတမယ်ပဲ။ အာလူးခိုးတာ၊ ရေခိုးတာ မိသွားရင် အပြင်ထုတ်ခံရမယ်။ အပြင်ထုတ်တယ်ဆိုတာ သေဒဏ်ပေးတာနဲ့ အတူတူပဲ မဟုတ်လား။ ဒါတောင်မှ ခိုးတဲ့သူတွေ မကြာခဏမိတတ်တယ်။ ခိုးမှာပဲလေ။ ငတ်နေကြတာကိုး။
ဝင်းရဲ့ တောင်ဘက်မှာတော့ တိုက်လေးလုံးရှိတယ်။ လေးထပ်တိုက်တွေ၊ ငါးထပ်တိုက်တွေ။ အဲဒီမှာတော့ လူဦးရေ ထောင်ချီလိမ့်မယ်။ တိုက်နဲ့မို့လို့ သံပုံးထက် ပိုကောင်းမယ် မထင်နဲ့။ ပိုဆိုးတယ်။ အခန်းတစ်ခန်းမှာ လူ ၃၀ လောက် စုပြုံပြီး နေနေကြတာ။ အဝတ်စုတ်တွေကာပြီး ကိုယ့်အခန်း/သူ့အခန်း ခွဲနေရတာ။ ကျွန်တော်တို့ သံပုံးသမားတွေကမှ အခန်းရယ်လို့ သတ်သတ်မှတ်မှတ် ရှိသေးတယ်လေ။ တိုက်သမားတွေ (တိုက်တန်းထဲမှာ နေတဲ့သူတွေကို ခေါ်တာ) ကတော့ နေရာ အခြေအမြစ် မရှိသလောက်ပဲ။ ဦးရာလူ တက်နေနေကြတာ။ ဒီတော့ ရန်တွေ ခဏခဏဖြစ်တယ်။ လုယက်မှုတွေ ဖြစ်တယ်။ မီးလည်း မကြာခဏ လောင်တယ်။ လူသတ်မှုတွေလည်း တရစပ်ပဲ။ အပြင်ထုတ်ခံရတဲ့ သူအများစုက တိုက်သမားတွေ။ ဝင်းထဲမှာ တစ်ခုခု ဖြစ်ပြီ၊ မဟုတ်တာ လုပ်ပြီဆိုရင်လည်း တိုက်သမားတွေပဲ။ သံပုံးသမားတွေမှာ ပြောစကားတစ်ခုရှိတယ်။ “ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေပြီဆိုရင် တိုက်တန်းဘက်ကို သွားကြည့်လိုက်” တဲ့။
ကျွန်တော်တို့ ဝင်းထဲမှာ စျေးလည်းရှိတယ်။ စျေးကတော့ ကျွန်တော် သဘောအကျဆုံးနေရာပဲ။ စျေးဆိုပေမယ့် ကြီးကြီးမားမားတော့ မဟုတ်ဘူး။ ဒီလိုပဲ စောင်တွေခင်းပြီး ပစ္စည်းအဟောင်းတွေ၊ အဝတ်စတွေ၊ ပုလင်းဖုံးတွေ၊ အာလူးခြောက်တွေ၊ သောက်ရေတွေ ချရောင်းတာပါပဲ။ တည့်တည့်ပြောရရင် သူခိုးစျေးပေါ့။ စျေးရောင်းတဲ့သူတွေက တိုက်တန်းဘက်က သူတွေများတယ်။ စျေးထဲမှာ အရောင်းရဆုံးကတော့ မှောင်ခို အသားတွေ။ ဘာအသားတွေလဲလို့တော့ မမေးနဲ့၊ ကျွန်တော်မသိဘူး၊ သိလည်း မသိချင်ဘူး။ ကျွန်တော်ကတော့ စျေးထဲမှာ လိုက်မွှေလိုက်ရင် တွေ့ရတတ်တဲ့ ပစ္စည်းဟောင်းတွေကို ပိုပြီးသဘောကျတယ်။ စာအုပ်အဟောင်းတွေ၊ ရောင်စုံ ပလက်စတစ်ဘူးတွေ၊ ဖန်ပုလင်း လှလှတွေ.. စသဖြင့်.. ကျွန်တော်တို့ မေ့ပျောက်စပြုနေတဲ့ ကမ္ဘာဟောင်းက ပစ္စည်းတွေပေါ့။ လက်တွေ့မှာ အသုံးမဝင်တော့ပေမယ့် အမှတ် တရအဖြစ် သိမ်းထားဖို့တော့ ထိုက်တန်တယ်လို့ ကျွန်တော်ထင်တယ်။
မနှစ်က မေနှင်းအတွက် စျေးထဲကနေ လက်ဆောင်တစ်ခု ဝယ်ပေးဖြစ်တယ်။ ချလံ လေးရွက်လောက် ကုန်သွားတယ်။ ဓာတ်ပုံကတ်လေးပါ။ ဓာတ်ပုံထဲမှာ မျက်စိတစ်ဆုံး စိမ်းစိုနေတဲ့ စိုက်ခင်းတွေ၊ တောင်တန်းတွေ…။ ကတ်ပြားက နှစ်တွေကြာလို့ ဝါကျင်ပြီး ဆွေးစပြုနေပြီ။ ကတ်ပေါ်မှာ စာတွေရေးထားပေမယ့် မြန်မာလို မဟုတ်တော့ ကျွန်တော် မဖတ်တတ်ဘူး။ အဲဒီရှုခင်းနေရာရဲ့ နာမည်ဖြစ်မယ် ထင်တာပဲ။ ဓာတ်ပုံကို ရောင်းနေတာက အမျိုးသမီးတစ်ယောက်။ အသက် ၄၀ ကျော်လောက် ရှိမလားပဲ။ တိုက်တန်းဘက်က ဖြစ်မယ်ထင်တယ်။ တစ်ကိုယ်လုံး အမာရွတ်တွေ၊ ဒဏ်ရာတွေ ပြည့်နေတယ်။ ဆံပင်တွေလည်း ညစ်ပတ်ပြီး ကြပ်ခဲနေတယ်။ တိုက်သမားတွေဆီက ရတတ်တဲ့ ချဉ်စုတ်စုတ်အနံ့ကလည်း ဟောင်နေသေးတယ်။ သူ့ရှေ့မှာ ခင်းထားတဲ့ စောင်ပေါ်မှာ ပစ္စည်း ဘုစုခရုတွေ ချထားတယ်။ ပလက်စတစ် ဘူးခွံတွေ၊ ပုလင်းဖုံးတွေ ကြားမှာ ဓာတ်ပုံကတ်ပြားက အထင်းသားပေါ်နေတယ်။ ဓာတ်ပုံကို မြင်မြင်ချင်း ကျွန်တော့်စိတ်ထဲမှာ လွင့်ကနဲ ဖြစ်သွားတယ်။ အတားအဆီးမရှိတဲ့ ဒီလို မြင်ကွင်းမျိုး မမြင်ရတာ ဘယ်လောက်ကြာပြီလဲ..။ ဒီဝင်းထဲမှာ အရပ်လေးမျက်နှာကို ကြည့်လိုက်ရင် မီးခိုးရောင် အုတ်တံတိုင်းတွေချည်းပဲ။ အပြင်ထွက်လိုက်တော့ရော ဘာထူးသလဲ။ မည်းမှောင် နေတဲ့ မုန်တိုင်းတွေ၊ လေပွေတွေ၊ ဖုန်လုံးတွေနဲ့ ဘယ်ကိုကြည့်ကြည့် တစ်မိုင်ထက် ပိုပြီး မမြင်ရဘူး။ ဒါနဲ့ပဲ ကျွန်တော် အဲဒီဓာတ်ပုံကို ဝယ်ဖို့ ဆုံးဖြတ်လိုက်ခဲ့တာ။ ချလံလေးရွက်ဆိုတာ မတန်မှန်း ကျွန်တော်သိတာပေါ့။ ဒါပေမယ့် အရမ်းလိုချင်နေပြီလေ။ မေနှင်းကတော့ ကျွန်တော်ခံစားသလို မခံစားရဘူးထင်တယ်။ ချလံလေးရွက်ပေးပြီး ဝယ်လာရကောင်းလား ဆိုပြီး ကျွန်တော့်ကို စိတ်ဆိုးသွားတာ သုံးလေးရက်လောက်ကြာတယ်။ အခုတော့ အိပ်ရာခေါင်းရင်းနံရံမှာ အဲဒီဓာတ်ပုံကို ထောင်ထားတယ်။
ခြံဝင်းအနောက်ဘက်မှာတော့ မီးခိုးရောင် အဆောက်အအုံကြီးတစ်ခု။ ဝင်းထဲက တခြား အဆောက်အဦးတွေနဲ့ ယှဉ်လိုက်ရင် အုပ်ချုပ်ရေးရုံးဟာ တခြားဂြိုလ်က ရောက်လာတဲ့ အရာ၀တ္ထုတစ်ခုလို ထီးထီးကြီး ဖြစ်နေတယ်။ အုပ်ချုပ်ရေးရုံးဟာ ကျွန်တော်တို့ ဝင်းရဲ့ နှလုံးတည်နေရာလို့ ပြောရင်မမှားဘူး။ တစ်ဝင်းလုံးကို ဖြန့်ပေးနေတဲ့ လျှပ်စစ်ဓာတ်အားက အဲဒီအဆောက်အဦးထဲကနေ ထုတ်ပေးနေတာ။ အရေးပေါ်အခြေအနေ ဖြစ်ပြီဆိုရင်လည်း လက်နက်ခဲယမ်းတွေအားလုံး အုပ်ချုပ်ရေးရုံးထဲမှာပဲ ရှိတယ်။ အစားအသောက် ရိက္ခာခန်းကလည်း အဲဒီရုံးထဲမှာပဲ။ ရုံးထဲမှာ ကျွန်တော်တို့ ဝင်းရဲ့ အရှင်သခင်လို့ ပြောလို့ရတဲ့ ဥက္ကဌနဲ့ သူ့မိသားစုတစ်စုပဲနေတယ်။ ရုံးရဲ့ ပတ်ပတ်လည်မှာ သံဆူးကြိုးတွေကာထားတယ်။ ဝင်းထဲက ဝင်းဆိုပါတော့။ ဆူးကြိုးတွေရဲ့ အပြင်မှာ ကင်းတဲတွေ ဆောက်ထားတယ်။ တဲတိုင်းမှာ သေနတ်ကိုင်ထားတဲ့ အစောင့်တွေ။ အစောင့်တွေရဲ့ ယူနီဖောင်းတွေက အရောင်တွေလွင့်ပြီး နွမ်းနေပေမယ့် သူတို့လက်ထဲက သေနတ်တွေကတော့ ဘယ်အချိန်ကြည့်ကြည့် ပြောင်လက်နေတယ်။ တစ်ခါတုန်းက အစောင့်တွေမှာ ကျည်ဆံ မရှိတော့ဘူး.. ဆိုတဲ့ ကောလာဟလ တစ်ခုထွက်လာတယ်။ အဲဒီ သတင်း မှန်/မမှန် စမ်းသပ်လိုက်တာ တိုက်သမား ငါးယောက်လောက် သေနတ်စာမိပြီး အသက်ထွက်သွားတယ်။ အဲဒီနောက်ပိုင်းတော့ ဘယ်သူမှ ထပ်မစမ်းရဲတော့ဘူး။
အုပ်ချုပ်ရေးရုံးရဲ့ရှေ့၊ ကျွန်တော်တို့ ဝင်းရဲ့ အလယ်တည့်တည့်မှာ မြေကွက်လပ်အကျယ်ကြီး တစ်ခုရှိတယ်။ မနက်တိုင်း တန်းစီ ဆုတောင်း တဲ့နေရာ။ ငတ်ရင်ငတ်၊ အသက်ပဲ ထွက်လုနီးနီး ဖြစ်နေပါစေ၊ ဝင်းထဲမှာ နေသမျှသူအကုန်လုံး မနက်ဥဩဆွဲပြီဆိုရင် အဲဒီကွက်လပ်မှာ တန်းစီရတယ်။ “လေသာတဲ့နေ့ဖြစ်ပါစေ” ဆိုတဲ့ သီချင်းကို အော်ဆိုရတယ်။ ဥက္ကဌ ထွက်လာတာကို ဖူးမျှော်ရတယ်။ သူ့ရဲ့ ဖန်တရာတေနေတဲ့ မိန့်ခွန်း၊ သူနဲ့သူ့မိသားစုအကြောင်း ဂုဏ်တော်ချီးမွမ်းခန်း ဖွင့်တာကို နားထောင်ရတယ်။ မလာတဲ့သူ၊ ပျက်ကွက်တဲ့သူ ရှိရင် ဒဏ်ပေးခံရတယ်။ ဘယ်လို ဒဏ်ပေးသလဲ.. ရှင်းပါတယ်၊ တစ်ရက်စာ ရေမရတော့ဘူး၊ အစာမရတော့ဘူး။ ဒီတော့ နေ့တိုင်း အဲဒီဝင်းထဲမှာ လူပြည့်တယ်။
ဥဩသံကြားမှ ကျွန်တော့် အတွေးတွေ အစပြတ်သွားတယ်။ မနက်စာကို အမြန်စားလိုက်တယ်။ ရေတစ်ငုံသောက်တယ်။ ဂျင်းဘောင်းဘီနဲ့ စွပ်ကျယ်ကို အမြန်ဝတ်တယ်။ ဘောင်းဘီက ချောင်ချိနေလို့ ခါးမှာ ကြိုးနဲ့စည်းထားရတယ်။ ဒီဘောင်းဘီက အဖေပေးခဲ့တဲ့ တစ်ခုတည်းသော အမွေ။ ဘောင်းဘီက မြေကြီးရောင်ပေါက်နေတယ်။ အရင်တုန်းက ဘာအရောင်လဲ ဆိုတာကိုတောင် မှန်းလို့မရတော့အောင်ကို နွမ်းဖတ်နေပြီ။ ဘောင်းဘီကြိုးကို ခပ်တင်းတင်းချည်ရင်း ကျွန်တော် ရေတန်းစီဖို့အတွက် ပလက်စတစ် ဘူးခွံကို ခါးကြားမှာထိုးလိုက်တယ်။ ပုံးထဲကနေ ထွက်လိုက်တယ်။
(၄)
တန်းစီကွင်းထဲကိုရောက်တော့ လူတော်တော်ပြည့်နေပြီ။ အတန်းလိုက် အတန်းလိုက် စီနေကြတဲ့ လူအုပ်ကြီးကို အစောင့်တွေက အော်ဟစ်ပြီး နေရာချပေးနေတယ်။ မနက်စောစောပေမယ့် နေက တော်တော်ပြင်းတယ်။ လူအုပ်ထဲကထွက်လာတဲ့ အပူငွေ့၊ ချွေးနံ့၊ သေးနံ့ တွေနဲ့ ကွင်းပြင်တစ်ခုလုံး မွှန်ထူနေတယ်။ ယောကျ်ားတော်တော်များများက အပေါ်အင်္ကျီမဝတ်ထားဘူး။ ငေါထွက်နေတဲ့ အရိုးတွေ၊ နီရဲနေတဲ့ ကျောပြင်တွေ၊ ချွေးဒီးဒီးကျနေတဲ့ မျက်နှာတွေ.. အကုန်လုံးက ရုံးဘက်ကို မျှော်လင့်တကြီးနဲ့ ကြည့်နေကြတယ်။ ကလေးချီထားတဲ့ အမျိုးသမီးတွေလည်း မနည်းဘူး။ အစောင့်တွေက ကလေးအမေတွေဆီကနေ လက်မှတ်တွေ တောင်းကြည့်တယ်။ ကလေးတွေရဲ့ လက်မှာပတ်ထားတဲ့ လက်ပတ်နဲ့ တိုက်စစ်တယ်။ တချို့ကို တန်းစီကွင်းထဲကနေ ခေါ်ထုတ်သွားတယ်။ အော်သံတွေ၊ တောင်းပန်သံတွေ၊ ငိုသံတွေ တစ်ချက်တစ်ချက်မှာ စီကနဲ ထွက်ထွက်လာတယ်။
မေနှင်းက သူ့ရဲ့ စိုက်ခင်းအဖွဲ့တွေ စုဝေးနေရာဆီကို ထွက်သွားတယ်။ ကျွန်တော်က ကြပ်သိပ်နေတဲ့ လူအုပ်ကြားကို တိုးပြီး ငမျိုးကို လိုက်ရှာတယ်။ ဒီနေ့ အပြင်ထွက်ဖို့ ဒီကောင်နဲ့ ညှိရဦးမယ်။ ဒါပေမယ့် ငမျိုးကို ရှာမတွေ့ဘူး။ သူ့အဖေ ဦးအောင်သောင်းကိုတော့ တွေ့တယ်။ ဦးအောင်သောင်းက ရှေ့ဆုံးနားမှာ မတ်တပ်ရပ်နေတယ်။ ကျွန်တော့်ကိုတွေ့တော့ လက်ပြတယ်။
“နေမင်း လာလေ။ ဒီဘက်နားမှာ တစ်နေရာကျန်သေးတယ်”
“ရတယ်ဦး။ ကျွန်တော် ငမျိုးကို လိုက်ရှာနေတာ”
ဦးအောင်သောင်းက မျက်လုံးကို လက်နဲ့ကာပြီး ဟိုဘက်ဒီဘက် လှည့်ကြည့်တယ်။
“မနက်အစောကြီးကတည်းက ထွက်သွားတာပဲကွ။ မြောက်ဘက်တန်းမှာ သွားကြည့်ကြည့်လေ”
ငမျိုးကို ရှာမတွေ့ခင်မှာ ရုံးတံခါးပွင့်လာတယ်။ စောစောက ဆူညံပွက်လောရိုက်နေတဲ့ လူအုပ်ကြီး ရုတ်ကနဲ ငြိမ်ကျသွားတယ်။ လူတွေအားလုံး ဟိုဟိုဒီဒီ လှုပ်လှုပ်ရွရွဖြစ်နေတာတွေ ရပ်သွားတယ်။ ကျွန်တော် နီးစပ်ရာ လူတန်းထဲကို အမြန်တိုးဝင်လိုက်တယ်။ တန်းစီနေတဲ့ အသက်ကြီးကြီးယောကျ်ားတစ်ယောက်က ကျွန်တော့်ကိုပြန်တွန်းထုတ်တယ်။ ကျွန်တော် နောက်ဆုံးဘက်ကို အမြန်ပြေးသွားပြီး ရရာနေရာမှာ ဝင်ရပ်လိုက်ရတယ်။
ရုံးထဲကနေ ဥက္ကဌ ထွက်လာတယ်။ သူ့ဘေးမှာ အစောင့်နှစ်ယောက် ရံပြီးလိုက်လာတယ်။ အစောင့်တွေရဲ့ ခါးကြားက သေနတ်တွေက မနက်ခင်းနေအောက်မှာ တလက်လက်တောက်နေတယ်။ ဥက္ကဌကလည်း အစောင့်တွေနဲ့ ယူနီဖောင်း တူတူပဲ ဝတ်ထားတယ်။ နက်ပြာရောင်ရှပ်အင်္ကျီနဲ့ဘောင်းဘီ ဝမ်းဆက်။ ဒါပေမယ့် သူ့ဝတ်စုံကတော့ အစောင့်ရဲ့ဝတ်စုံတွေလို နွမ်းမနေဘူး။ ဥက္ကဌရဲ့ ဝတ်စုံနဲ့ ပတ်သက်ပြီး ဝင်းသူဝင်းသားတွေက ယုံတမ်းပုံပြင်တွေ လျှောက်ပြောကြတယ်။ တချို့က ဥက္ကဌဆီမှာ ဝတ်စုံအသစ်တွေ ရာနဲ့ချီပြီး သိမ်းထားတာ ဖြစ်မယ်လို့ ထင်တယ်။ တချို့က ဥက္ကဌ အင်မတန် စည်းကမ်းကြီးလို့ ဒီလို တောက်တောက်ပြောင်ပြောင် ဝတ်နိုင်တာလို့ ထင်တယ်။ တချို့ကတော့ ဥက္ကဌက အပြင်မထွက်ဘဲ အထဲမှာပဲ အနေများလို့ ဝတ်စုံက သစ်နေတာလို့ ထင်တယ်။ ကျွန်တော်ကတော့ ဥက္ကဌရဲ့ ဝတ်စုံထက် သူ့ရဲ့ မို့ဖောင်းနေတဲ့ ပါးနှစ်ဘက်နဲ့ ပူနေတဲ့ ဗိုက်ကို ပိုစိတ်ဝင်စားတယ်။ တစ်ဝင်းလုံး ငတ်နေတဲ့အချိန်မှာ သူတစ်ယောက်ပဲ ၀ဖီးနေတာကိုး။ ဒါပေမယ့် ကျွန်တော်တို့ ဘာပြောလို့ရမလဲ။ သူက ဒီခြံဝင်းရဲ့ ဘုရင် မဟုတ်လား။
ဥက္ကဌက ရုံးတံခါး၀ကနေ ခြံစည်းရိုးနားအထိ လျှောက်လာတယ်။ ဝင်းတံခါးအ၀ရောက်တော့ ရပ်လိုက်တယ်။ သူက ရုံးဝင်းအပြင်ကို တော်ရုံနဲ့ ထွက်လေ့မရှိဘူး။ လုံခြုံရေးအရ မထွက်တာလို့ ပြောတာပဲ။ ကျွန်တော်သာ သူ့နေရာမှာ ဆိုရင်လည်း ထွက်ရဲမှာမဟုတ်ဘူး။ ငတ်ပြတ်နေတဲ့ လူနှစ်ထောင်နီးပါးရှေ့မှာ သူ့လို ကြီးကြီးကျယ်ကျယ်တွေ ပြောရဲဖို့ ဆိုတာ တော်ရုံသတ္တိနဲ့ မဖြစ်နိုင်ဘူးလေ။ ဥက္ကဌစကားပြောဖို့အတွက် အစောင့်တစ်ယောက်က လက်ဟန်ခြေဟန်နဲ့ အချက်ပြတယ်။ တိတ်ဆိတ်နေတဲ့ လူအုပ်ကြီးက ပိုပြီး ငြိမ်ကျသွားတယ်။
“လေသာတဲ့နေ့ဖြစ်ပါစေ”
ဥက္ကဌရဲ့ အသံက လည်ပင်းအစ်နေတဲ့အသံလို စူးပြီးသေးနေတယ်။ လူအုပ်ကြီးက “လေသာတဲ့နေ့ဖြစ်ပါစေ” ဆိုပြီး တညီတညာတည်း ပြန်ဖြေတယ်။ ဥက္ကဌက သူ့ရဲ့ ပိတ်လုပိတ်ခင် ဖြစ်နေတဲ့ မျက်လုံးသေးသေးတွေနဲ့ လူအုပ်ကြီးကို ဘယ်ညာ ဝေ့ကြည့်တယ်။ နှဖူးက စီးကျလာတဲ့ ချွေးတစ်စက်ကို သုတ်တယ်။ ဆက်ပြောတယ်။
“ဝင်းထဲမှာ ဒီလို စည်ကားသိုက်မြိုက်နေတာ ကျွန်တော် အင်မတန် ဝမ်းသာတယ်။ ကျွန်တော့် အဖိုးနဲ့ အဖေ ရှိနေသေးရင်လည်း ခင်ဗျားတို့ကို ကြည့်ပြီး ဝမ်းသာမှာပဲ။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျွန်တော့်အဘိုးက ဒီခြံကြီးကို ဆောက်ခဲ့တယ်။ စက်ရုံတွေ၊ စိုက်ခင်းတွေ တည်ခဲ့တယ်..။ အလုပ်သမားတွေကို သားတွေ၊သမီးတွေလို သဘောထားပြီး စောင့်ရှောက်ခဲ့တယ်။ အဘိုးမရှိတော့တဲ့အခါ ကျွန်တော့်အဖေက ဆက်ပြီး ထိန်းသိမ်းတယ်။ အလုပ်သမားတွေကို ဆက်ပြီး ကူညီခဲ့တာပဲ၊ ကျွေးမွေးခဲ့တာပဲ။ အခု ကျွန်တော့်အလှည့်ကျတော့လည်း ဘာလုပ်သလဲ..”
လူအုပ်ကြီးက တိတ်မြဲတိတ်နေတယ်။ ဥက္ကဌ ဘာပြောပြော ဘာမှ ပြန်မပြောရဘူးဆိုတာ လူတိုင်းသိပြီးသား စည်းကမ်း။ ဥက္ကဌက တစ်ချက် ပြုံးတယ်။
“…ခင်ဗျားတို့ကို နှင်ထုတ်သလား။ ဟင့်အင်း.. ကျွန်တော့်မှာ အဲဒီလို စိတ်ဓာတ် မရှိဘူး။ ဒီဝင်းဟာ ကျွန်တော် ပိုင်တဲ့ ဝင်း။ ကျွန်တော့်မိသားစုရဲ့ သွေးနဲ့ ချွေးနဲ့ ရင်းပြီး တည်ဆောက်ထားတဲ့ နေရာ။ ဒါပေမယ့် ခင်ဗျားတို့ကို ကျွန်တော် နှင်ထုတ်သလား..။ “
လူအုပ်ကြီးဆီက ဘာအဖြေမှမထွက်လာဘူး။ ဥက္ကဌက ခေါင်းကို ဖြည်းဖြည်းခြင်း ခါတယ်။ လူအုပ်ထဲက လူတချို့ကလည်း လိုက်ပြီး ခေါင်းခါကြတယ်။
“ခင်ဗျားတို့တွေ လုပ်ကိုင်စားသောက်လို့ရအောင် စီစဉ်ပေးတယ်။ နေလို့ရအောင်၊ စားလို့ရအောင်၊ အိပ်လို့ရအောင် လုပ်ပေးတယ်။ မိန်းမယူချင်တဲ့သူတွေ၊ လင်ယူချင်တဲ့သူတွေအတွက်ကိုပါ အဆင်ပြေအောင် စီစဉ်ပေးထားသေးတယ်။ ကလေးလိုချင်တဲ့သူတွေကိုလည်း စည်းကမ်းအတိုင်း ခွဲတမ်း ချပေးထားတယ်။ ဟော.. ဒါ့အပြင် လေပြင်းလာတဲ့အခါ ခင်ဗျားတို့ကို ကာကွယ်ပေးဖို့ လက်နက်တွေနဲ့ အစောင့်တွေပါ စီစဉ်ပေးထားတယ်။ ဒါတွေအကုန်လုံး အလကား ရခဲ့တာ တစ်ခုမှ မပါဘူးနော်။ ဒါပေမယ့် ကျွန်တော် ခင်ဗျားတို့ဆီက ဘာပြန်တောင်းသလဲ။ ဘာမှပြန်မတောင်းဘူး။ ကျွန်တော် တောင်းဆိုတာ တစ်ခုပဲ ရှိတယ်။ တစ်ခုပဲ”
ဥက္ကဌက ဘေးကရပ်နေတဲ့ အစောင့်ကို လက်လမ်းပြတယ်။ အစောင့်က ရေအပြည့် ဖြည့်ထားတဲ့ ဖန်ခွက်တစ်ခွက် ယူလာပေးတယ်။ ရေခွက်ကို ဥက္ကဌ တစ်ကျိုက်တည်း မော့ချလိုက်တယ်။ သူ့ရဲ့ တက်လိုက် ကျလိုက် ဖြစ်နေတဲ့ လည်ဇလုပ်ကို မျက်လုံးပေါင်း လေးထောင်ကျော်က ဝိုင်းငေးနေကြတယ်။
“စည်းကမ်း။ စည်းကမ်းပဲ။ ကျွန်တော်တောင်းဆိုတာ ဒီတစ်ခုပဲ။ ဒါကို ခင်ဗျားတို့ အခုထိ မလုပ်နိုင်ဘူး။ စည်းကမ်း မရှိဘဲ ဒီဝင်းထဲမှာ ဘယ်လို ဆက်နေကြမလဲ။ ခင်ဗျားတို့ ဒီကမ္ဘာမှာ ဘယ်လိုဆက်နေကြမလဲ။”
ဥက္ကဌမျက်နှာက ပြောနေရင်း နီလာတယ်။ သူ့ရဲ့ လက်ညှိုးဖောင်းဖောင်းတွေနဲ့ ကောင်းကင်ပေါ်ကို ထိုးပြတယ်။
“ကျွန်တော်တို့ လူသားတွေကို ဒီကမ္ဘာမှာ နေလို့မရတော့အောင် ပြစ်ဒဏ်ပေးထားတာ၊ ဒီကမ္ဘာကို ဒီလိုဖြစ်အောင်လုပ်တာ အဲဒါ..ဘယ်သူလဲ ကျွန်တော် စိတ်မဝင်စားဘူး။ ဘုရားတွေပဲဖြစ်ဖြစ်၊ နတ်ဆိုးတွေပဲ ဖြစ်ဖြစ်။ ပြီးခဲ့တာ ပြီးသွားပြီ။ အခု ဒီကမ္ဘာအသစ်မှာ၊ ဒီဝင်းထဲမှာတော့ ဘာဘုရားမှ မရှိဘူး။ ဒီဝင်းထဲမှာ ကိုးကွယ်စရာ ဆိုလို့ စည်းကမ်းပဲ ရှိတယ်”
ဥက္ကဌရဲ့လေသံက ပိုပြီး ထန်လာတယ်။ လူအုပ်ထဲမှာ အသံတွေ တိုးတိုးတိုးတိုး ထွက်စပြုလာတယ်။ တစ်ခုခုတော့ မှားနေပြီ။ ပုံမှန်နေ့တွေဆိုရင် ဥက္ကဌရဲ့ မိန့်ခွန်းမှာ ဒီအကြောင်းတွေ မပါဘူး။ သူ့မိသားစုအကြောင်း၊ သူ့အဖိုးတွေ၊ အဖေတွေ အကြောင်း ပြီးရင် ရေနဲ့ အစာဝေတာပဲ။ ကျွန်တော့်စိတ်ထဲမှာ ဘာကြောင့်မှန်းမသိ လေးသလိုလို ဖြစ်လာတယ်။ မေနှင်း ရှိတဲ့ဘက်ကို ကျွန်တော်လှမ်းကြည့်တော့ သူလည်း ကျွန်တော့်လိုပဲ စိတ်ပူတဲ့ မျက်လုံးတွေနဲ့ ရုံးဘက်ကို လှမ်းကြည့်နေတယ်။
“ဒီတစ်ခေါက် လေပြင်းလာရင် ခင်ဗျားတို့ စည်းကမ်းမရှိပုံမျိုးနဲ့ တစ်ဝင်းလုံး သေမှာပဲ။ အကုန်သေမှာ။ ကျွန်တော်က အမုန်းခံပြီး၊ စည်းကမ်းတွေ သတ်မှတ်ပြီး ခင်ဗျားတို့ကို ကာကွယ်ပေးနေတာ၊ အသက်ရှည်အောင် လုပ်ပေးနေတာ။ နားလည်လား။ စည်းကမ်းဖောက်တဲ့သူကို ကျွန်တော် လုံး၀ ခွင့်မလွှတ်နိုင်ဘူး။ ကျွန်တော်တင်မကဘူး ဘယ်သူကမှ ခွင့်မလွှတ်သင့်ဘူး။ စည်းကမ်းဖောက်တဲ့သူမှန်သမျှ အပြင်ထုတ်မယ်လို့ သတိ ပေးထားပြီးသား။ ဒါပေမယ့် ခင်ဗျားတို့ မနေနိုင်ကြဘူး။ ခင်ဗျားတို့ ခေါင်းထဲမှာ မြဲမြဲမှတ်ထားဖို့က ဒီဝင်းထဲမှာ နေဖို့ ခင်ဗျားတို့ကို ဘယ်သူမှ ဆွဲမထားဘူး။ ကြိုက်တဲ့အချိန် ထွက်သွားလို့ရတယ်။ ဂိတ်တံခါး ဖွင့်ထားတယ်။ ထွက်သွားကြ။ ခင်ဗျားတို့ကို ပိုပြီး အသိဉာဏ်ရှိလားအောင်၊ ပိုပြီး အသုံးဝင်လာအောင် ကျွန်တော် အစွမ်းကုန် လုပ်ပေးတယ်။ ကျွန်တော့် ပိုင်ဆိုင်မှုတွေထဲကနေ ခင်ဗျားတို့ကို ဝေမျှကျွေးတယ်။ နေရာမှာ ပေးနေတယ်။ ဒါပေမယ့် ခင်ဗျားတို့ရဲ့ ဦးနှောက် သေးသေးလေးတွေထဲမှာ ချီးပဲရှိသလား”
ဥက္ကဌက စကားပြောရင်း မောသွားတဲ့ ပုံနဲ့ ခြေဟန်လက်ဟန်ပြတယ်။ အစောင့်က နောက်ထပ် ရေတစ်ခွက် ယူလာပေးတယ်။ လူအုပ်ထဲမှာ တံတွေးမျိုချတဲ့အသံတွေ၊ သက်ပြင်းချတဲ့ အသံတွေ အစီအရီထွက်လာကြတယ်။
“ဒီနေ့မနက် အိပ်ရာနိုးလာတော့ ကျွန်တော့်ခေါင်းထဲမှာ ကြည်လင်နေတာ။ ခင်ဗျားတို့အတွက် ဘာလုပ်ပေးရမလဲ အကြံဉာဏ် အသစ်တွေ ထွက်လာလို့ ဝမ်းသာနေတာ။ ခွဲတမ်းတွေ ပိုရအောင်၊ အပြင်ထုတ်တဲ့ လူဦးရေ လျော့သွားအောင် .. ဘာညာ အကုန် တိုးတက်အောင် လုပ်ပေးမလို့ အိုင်ဒီယာတွေ ထုတ်ပေးနေတာ။ အဲဒီအချိန်မှာ ကျက်သရေ မရှိတဲ့ သတင်းကိုကြားရတယ်။ ဒီဝင်းရဲ့ အရေးအကြီးဆုံး စည်းကမ်း၊ နံပါတ် (၁) စည်းကမ်းက ဘာလဲဆိုတာ ခင်ဗျားတို့ အကုန်သိပြီးသား။ အဲဒီ စည်းကမ်းကို ဖောက်ဖျက်ရဲတဲ့သူ ရှိနေပြီဆိုတာ စောစောစီးစီး ကြားလိုက်ရတော့ ကျွန်တော် ဘယ်လို ဖြစ်သွားမလဲ။ ဟုတ်တယ်မဟုတ်လား။ ခင်ဗျားတို့ စဉ်းစားကြည့်။ ဒါ ကျွန်တော့် စေတနာကို အားရပါးရ စော်ကားလိုက်တာပဲ မဟုတ်လား။ ဒီတော့ ခင်ဗျားတို့နဲ့ ကျွန်တော့် စေတနာနဲ့ မတန်သေးဘူး။ ဒီအတိုင်းပဲ ဆက်နေကြ။ အဲဒီ စည်းကမ်း ဖောက်တဲ့ကောင်ကို ဒီနေ့ ချက်ခြင်းစီရင်ချက်ချမယ်။ ခင်ဗျားတို့ သေချာ ကြည့်ထား”
ဥက္ကဌမျက်လုံးတွေက လူအုပ်ရဲ့ အနောက်ဘက်ကို ရောက်သွားတယ်။ လူအုပ်ထဲကလူတွေ ဥက္ကဌမျက်လုံးနောက်ကို လိုက်ကြည့်ကြတယ်။ အစောင့်သုံးယောက်က လူတစ်ယောက်ကို တရွတ်တိုက်ဆွဲလာတယ်။ အဲဒီလူဆီက ညည်းသံက လူအုပ်ကြီးရဲ့ စကားသံ တိုးတိုးတွေကို ဖောက်ထွက်ပြီး ကျွန်တော့်နားထဲအထိ ရောက်လာတယ်။ ဒီအသံကို ကျွန်တော် ကြားဖူးတယ်။ ဘယ်သူလဲ.. ကျွန်တော် ခြေဖျားထောက်ပြီး လှမ်းကြည့်တယ်။ ဒါပေမယ့် ကျွန်တော့်နေရာကနေ သေသေချာချာ မမြင်ရဘူး။ ဥက္ကဌက ချောင်းတစ်ချက် ဟန့်ပြီး ဆက်ပြောတယ်။
“မနက်စောစောစီးစီး ဒီလိုလုပ်ရတာ ကျွန်တော် စိတ်မကောင်းဘူး။ ဒါပေမယ့် မလုပ်မဖြစ်လို့ လုပ်ရတာပဲ။ “
ရုံးခြံစည်းရိုးရှေ့ရောက်တော့ စောစောက တရွတ်တိုက်ဆွဲလာတဲ့လူကို အစောင့်တွေက မြေကြီးပေါ်ပစ်ချလိုက်တယ်။ သူ့ရဲ့ ခြေတွေ၊ လက်တွေမှာ အညိုအမည်းတွေ စွဲနေတယ်။ အစောင့်တစ်ယောက်က သူ့ကို လက်မောင်းကနေ ဆွဲထူတယ်။ နောက်တစ်ယောက်က သူ့မျက်နှာကို လက်နဲ့ချုပ်ပြီး ကျွန်တော်တို့ ဘက်ကို ဆွဲလှည့်ပြတယ်။ သူ့မျက်နှာကို မြင်လိုက်တော့ ကျွန်တော့် ခေါင်းထဲမှာ သွေးတွေ ဆူပြီး တဒုတ်ဒုတ် မြည်လာတယ်။ ကျွန်တော့် လက်ချောင်းတွေ ကောက်ကွေးပြီး လက်သီးဆုပ်အသွင် ပြောင်းသွားတယ်။ စိတ်ထဲမှာ.. ဘာဖြစ်လို့လဲ.. ဘာဖြစ်တာလဲ ဆိုတဲ့ မေးခွန်းသံက လှိုဏ်သံတွေရိုက်ပြီး ဟိန်းနေတယ်။ သူ့တစ်မျက်နှာလုံး ဖူးရောင်နေပေမယ့်.. ကျွန်တော့်နေရာကနေ လှမ်းကြည့်ရင် မသဲမကွဲလောက်ပဲ မြင်ရပေမယ့်.. ဒီလူကို ကျွန်တော် ကောင်းကောင်းသိတယ်။
ငမျိုး…။
အပိုင်း (၃) ဆက်ဖတ်ရန် <<<< click here