အခန်း (၂၂)
(၁)
အဖေ့ရဲ့ တောက်ခေါက်သံက ခပ်အုပ်အုပ်ကြားနေရတဲ့ မုန်တိုင်းသံကို ဖောက်ပြီး ထွက်လာတယ်။ အခန်းထဲကို ဝင်လာပြီး သတင်းပေးတဲ့ အစောင့်ရဲ့မျက်နှာ ငယ်သွားလိုက်တာ လက်သည်းခွံလောက်ပဲ ရှိတော့မယ်။ အဖေ့ကို မကြည့်ရဲ ကြည့်ရဲမော့ကြည့်ရင်း အစောင့်က ပြောတယ်။
“အပြင်မှာ..လှေကားရင်းမှာ..သေနေ”
သူ့လည်ပင်းကို ဆတ်ကနဲ ဖမ်းညှစ်လိုက်တဲ့ အဖေ့ရဲ့ လက်ဝါးပြားကြီးအောက်မှာ အစောင့်ရဲ့စကားသံ တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားတယ်။ အဖေက အံကြိတ်ပြီး ပြောတယ်။
“ဘယ်မှာလဲ။ ဘယ်သူ့လက်ချက်လဲ”
အစောင့်က မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ခေါင်းကို သွင်သွင်ခါတယ်။ အဖေက လည်ပင်းညှစ်ထားတဲ့ လက်ကို လွှတ်တယ်။ အစောင့်ကို ဆောင့်တွန်းထုတ်လိုက်တယ်။
“ဘယ်သူ့လက်ချက်မှန်းမသိဘဲ မင်းဘာလို့ ဒီအခန်းထဲကို ပြေးဝင်လာတာလဲ။ အခု ငါတို့ ဒီထဲမှာရှိနေတာကို အပြင်ကကောင်တွေ သိသွားပြီ”
ခွန်ဖြူ့ဆီက ရယ်သံသဲ့သဲ့ ထွက်လာတယ်။ အဖေ့တစ်ကိုယ်လုံး ဆတ်ကနဲ တင်းသွားတယ်။ ကြမ်းပြင်မှာ ဒူးထောက်ရင်း တခစ်ခစ် ရယ်နေတဲ့ ခွန်ဖြူ့ကို မျက်ထောင့်နီနဲ့ လှမ်းကြည့်တယ်။ အဖေ့လက်တွေက သေနတ်ကို ကိုင်ထားရင်း တဆတ်ဆတ် တုန်နေတယ်။ ကျွန်မ ရင်ဘတ်တွေ တဒိတ်ဒိတ် ခုန်လာပြန်တယ်။ ခွန်ဖြူ.. ဘာလို့ ရယ်နေတာလဲ။ အဖေ့ကို ဘာလို့ ဆွပေးနေတာလဲ..။ ပစ်သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ..။
ခွန်ဖြူက အဖေ့ကို မော့ကြည့်ရင်း ပြောတယ်။ သူ့စကားသံက တစ်ခုခုကို ကျေနပ်နှစ်သိမ့်နေတဲ့ အသံမျိုး။ အားရနေတဲ့ အသံမျိုး။
“စစ်မတိုက်တတ်တဲ့သူတွေကို သေနတ်ကိုင်ခိုင်းထားတာကိုး။ မင်းတပည့်တွေ အကုန်သေမှာပဲ။ တစ်ယောက်မှ ကျန်မှာမဟုတ်ဘူး။ ဟားဟား..”
အဖေက ခွန်ဖြူ့ကို အစိမ်းလိုက်ဝါးစားချင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေရာကနေ မျက်စိကို မှိတ်လိုက်တယ်။ သူ့နားထင်သူ လက်ညှိုး လက်မ နှစ်ခုနဲ့ ဖိတယ်။ နားရင်းမှာ ထောင်ထနေတဲ့ သွေးကြောတွေကို ငြိမ်ကျသွားအောင် လက်နဲ့ ထောက်ထားတယ်။ အတော်ကြာမှ..တံခါး၀မှာ ရပ်နေတဲ့ အစောင့်ကို လှမ်းမေးတယ်။
“ငါတို့ဆီက ကျန်တဲ့ကောင်တွေ ဘယ်မှာလဲ”
“နောက်ပေါက်မှာက တစ်ဖွဲ့။ ကျန်တဲ့တစ်ဖွဲ့က စက်ရုံဘက်မှာဆရာ။ ဆရာပြောတဲ့အတိုင်း..”
“ရသလောက် အမြန်သွားခေါ်။ အခုသွားတော့”
အစောင့်ရဲ့စကားကို ဆုံးအောင် နားမထောင်ဘဲ ဖြတ်ပြောလိုက်တဲ့ အဖေ့ရဲ့ လေသံနောက်မှာ တစ်ခုခုကို အမြန် တားလိုက်တဲ့ အရိပ်အယောင်တွေပါနေတယ်။ စက်ရုံဘက်မှာ.. ဘာလုပ်နေကြတာလဲ။ ဘာရှိလို့လဲ။ ကျွန်မ အသည်းအသန် စဉ်းစားတယ်။ ဒါပေမယ့် ခေါင်းထဲကို ဘာမှ ဝင်မလာဘူး။ လျှာအောက်ကို ထိုးထည့်ပြီး စည်းထားတဲ့အဝတ်စုတ်ကြောင့် အသက်ကို မနည်းရှူနေရတယ်။ လက်ပြန်တုပ်ထားတဲ့ ကြိုးရဲ့ အစကို ရှာနေတာလည်း အခုထိ ရှာမတွေ့သေးဘူး။ ကျွန်မ ပခုံးစွန်းတွေ ပြုတ်ထွက်လုမတတ် ကိုက်ခဲနေပြီ။ လက်ကောက်ဝတ်တစ်ခုလုံးလည်း မီးမြှိုက်ထားသလို ပူလောင်နေပြီ။ ဝါယာကြိုးစွန်းတွေနဲ့ ခြစ်ပြီး ကျွန်မလက်က အသားတွေ ပြဲတဲ့နေရာပြဲ၊ ပေါက်တဲ့နေရာပေါက်.. လက်ချောင်းတွေကြားမှာ သွေးတွေနဲ့ ချောနေပြီ။
အစောင့်က အဖေ့စကားဆုံးတာနဲ့ အပြင်ကို အမြန်ပြန်ထွက်သွားတယ်။ အခန်းထဲမှာ အဖေနဲ့ သူ့တပည့်သုံးယောက်ပဲ ကျန်ခဲ့တယ်။ အဖေက အရပ်ရှည်ရှည်နဲ့ အစောင့်တစ်ယောက်ကို လှမ်းပြောတယ်။
“မင်း ဟိုကောင်မကို ကြည့်ထား။ တစ်ခုခုလုပ်မလို့ ကြံတာနဲ့ ပစ်သတ်ပစ်။ ရတယ်။ အားမနာနဲ့”
အရပ်ရှည်ရှည်နဲ့အစောင့်ရဲ့ မျက်လုံး ပြူးသွားတယ်။ ဒူးထောက်နေတဲ့ ကျွန်မကို တစ်ချက် လှမ်းကြည့်တယ်။ ဥက္ကဌကို ပြန်ကြည့်တယ်။
“ဗျာ..”
“ငါပြောတာ နားမလည်ဘူးလား။ ငါ့သမီးတွေဘာတွေ မင်းခေါင်းထဲမှာ စဉ်းစားမနေနဲ့။ သူပုန်က သူပုန်ပဲ။ ဒီကောင်မ ဒီနေ့ မသေရင်တောင် နောက်နေ့ကျရင် အကုန်လုံးနဲ့အတူတူ သေဒဏ်ပေးခံရမှာ။ ငါပြောသလိုလုပ်။ ကြားလား”
အစောင့်က ခေါင်းကို ခပ်သွက်သွက် ညိတ်တယ်။ အဖေက ကျွန်မကို တစ်ချက်လှမ်းကြည့်တယ်။ သူ့မျက်လုံးတွေထဲမှာ ချစ်ခြင်းရဲ့ အရိပ်အယောင် တစ်စမှ မရှိဘူး။ သူစိမ်းတစ်ယောက်လို .. ဟိုးအဝေးကြီးက လှမ်းကြည့်တဲ့ မျက်လုံးတွေ။ လမ်းဘေးမှာ တွားသွားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်ကို လှမ်းကြည့်တဲ့ အကြည့်။ ကျွန်မရင်ထဲ နည်းနည်းတော့ နာသွားတယ်။ ဒါပေမယ့် ကျွန်မ ကိုယ်ထဲမှာရော ဒီလူ့ကို ချစ်တဲ့ အချစ် ရှိသေးလို့လား။ သံယောဇဉ် တစ်စ ကျန်သေးသလား..။ ဟင့်အင်း။ ဘာမှ မရှိဘူး။ ဗလာပဲ။ ကျွန်မ မျက်လုံး လွှဲလိုက်တယ်။ နံရံကိုပဲ စိုက်ကြည့်နေလိုက်တယ်။ အာရုံကို ကျွန်မရဲ့ လက်ညိုးနှစ်ချောင်း၊ လက်မ နှစ်ချောင်း ဆီမှာပဲ ပို့ထားလိုက်တယ်။ အထပ်ထပ် ရစ်ပတ်ထားတဲ့ ဝါယာကြိုးထုံးတွေကြားမှာ ကြိုးစတစ်စ.. တွေ့ပြီ။
ကြိုးစကို စမ်းမိတာနဲ့.. ဖျတ်ကနဲ ပြောင်းသွားတဲ့ ကျွန်မရဲ့ မျက်နှာအမူအရာ၊ တောင့်ကနဲ ဖြစ်သွားတဲ့ ကိုယ်ခန္ဓာနဲ့ လက်သွားတဲ့ မျက်လုံးထဲက အရောင်.. ဒါတွေကို ခွန်ဖြူကလွဲရင်.. ဘယ်သူမှ မတွေ့လိုက်ဘူး။
လက်မနဲ့ ကြိုးစကို ကော်ထုတ်တယ်။ ဝါယာကြိုးထဲကနေ ဖွာထွက်နေတဲ့ ကြေးချောင်းတွေက လက်သည်းကြားထဲကို စူးကနဲ ဝင်သွားတယ်။ တော်သေးတယ်.. ပါးစပ်မှာ စည်းထားတဲ့အဝတ်ကြောင့် ကျွန်မ အော်သံ အပြင် ထွက်မသွားဘူး။
အဖေက သူ့လူတွေနဲ့ စကားတစ်ခွန်းနှစ်ခွန်း ခပ်တိုးတိုးပြောတယ်။ သူ့တပည့်တွေ လက်ထဲကသေနတ်တွေကို အသင့်ပြင်တယ်။ မောင်းတင်တယ်။
“လာ ခင်ဗျား ကျွန်တော်နဲ့ လိုက်ခဲ့”
အဖေက ပြောရင်း ခွန်ဖြူ့ကို လက်မောင်းကနေ ဆွဲထူတယ်။ လက်ပြန်ကြိုးတုပ်ထားတဲ့အတွက် ခွန်ဖြူ ယိုင်နဲ့နဲ့ နဲ့ ပါသွားတယ်။ ခွန်ဖြူ့ တပည့်တွေက သူ့ဆရာကို ဆွဲခေါ်သွားတဲ့အတွက် ဒေါသသံတွေ ဝူးဝူးဝါဝါးထွက်ရင်း ကျန်ခဲ့တယ်။ အဖေနဲ့ လူနှစ်ယောက် ခွန်ဖြူ့ကို ဆွဲထုတ်ပြီး အခန်းပြင်ထွက်သွားတယ်။ တံခါးကို ပြန်ပိတ်သွားတယ်။
အခန်းထဲမှာ ကျွန်မနဲ့ ခွန်ဖြူ့ တပည့်သုံးယောက်၊ ပြီးတော့ ကျွန်မတို့ကို သေနတ်နဲ့ချိန်ရင်း ကျီးကြည့်ကြောင်ကြည့် ဖြစ်နေတဲ့ အဖေ့တပည့် တစ်ယောက်.. ဒါပဲ ကျန်ခဲ့တယ်။ ကျွန်မ လက်ထဲက ကြိုးစကိုပဲ အာရုံစိုက်ပြီး ဆွဲထုတ်နေလိုက်တယ်။ ကွာထွက်စပြုလာတဲ့ လက်သည်းခွံတွေဆီကနေ ဆောင့်တက်လာတဲ့ ဝေဒနာကို မသိကျိုးကျွန်ပြုထားတယ်။ တဖြည်းဖြည်း ပြေလျော့လာနေတဲ့ ကြိုးထုံး။ တစ်ရစ်ပြေသွားတိုင်း ကျွန်မ စိတ်ထဲမှာ အားနည်းနည်းပိုရှိလာတယ်။
(၂)
အပြင်ဘက်က သေနတ်သံတွေ။
ကျွန်မတို့အားလုံး အခန်းတံခါးဆီကို အလိုလို ကြည့်မိသွားကြတယ်။ ဘယ်သူတွေက ဘယ်သူတွေကို ပစ်နေပြီလဲ။ ဘယ်သူတွေ သေပြီး ဘယ်သူတွေ ရှင်ကျန်ရစ်ခဲ့သလဲ။ ကျွန်မနဲ့ ကြယ်တံခွန်သုံးယောက်အပါအဝင် အခန်းစောင့်ကိုယ်တိုင်လည်း သိချင်နေမှာပဲ။ သေနတ်သံ တစ်ချက် ကြားလိုက်တိုင်း အားလုံးရဲ့ ကိုယ်ခန္ဓာတွေ ဆတ်ကနဲ တွန့်တွန့်သွားကြတယ်။ အခန်းစောင့်ရဲ့ သေနတ်ပေါ်ကလက်တွေ ပိုပိုပြီး တင်းလာတယ်။ ပျာယာခတ်နေတဲ့ သူ့မျက်လုံးတွေနဲ့ အတူ.. သေနတ်ပြောင်းက ရမ်းခါလာတယ်။
ကျွန်မ ကြမ်းပြင်ပေါ်ကို ဘေးတိုက် လှဲချလိုက်တယ်။ တစ်ကိုယ်လုံးကို ပုဇွန်ကွေး ကွေးလိုက်တယ်။ ပါးစပ်မှာစည်းထားတဲ့အဝတ်ကို ဖောက်ပြီး အော်တယ်။ တဝူးဝူးအသံတွေထွက်လာတယ်။
“ဘာဖြစ်တာလဲ.. ဘာဖြစ်တာလဲ..”
အစောင့်ရဲ့ အသံက တုန်နေတယ်။ ကျွန်မ သူ့ကို မော့မကြည့်ဘူး။ ကြမ်းပြင်မှာ မျက်နှာကို အပ်ထားရင်း တစ်ကိုယ်လုံး တုန်လာတယ်။ ခြေထောက်တွေ ဆန့်ငင်ဆန့်ငင် ဖြစ်လာတယ်။
အစောင့် ကျွန်မနားကို လျှောက်လာတယ်။ သတိကြီးစွာနဲ့.. တစ်လှမ်းခြင်း လာနေတာ။ ကျွန်မကို ချိန်ထားတဲ့ သေနတ်ပြောင်းကို မော့မကြည့်ပေမယ့် စိတ်ထဲကနေ မြင်နေတယ်။ ခေါင်းထဲမှာ ကျွန်မ လုပ်ရမယ့် အရာတွေကို တစ်ခုချင်း တွက်ကြည့်တယ်။ တစ်ကွက်ချင်း ချိန်ဆ,ကြည့်တယ်။ အောင်မြင်ဖို့ အခွင့်အရေး နည်းတယ်။ ၃၀ ရာခိုင်နှုန်း.. ဒါမှမဟုတ် ၄၀.. ဒီလောက်ပဲ။ ဒါပေမယ့် တခြား ရွေးစရာမရှိဘူး။
“ဘာဖြစ်တာလဲလို့ မေးနေတယ်လေ.. ဘာလုပ်မလို့လဲ”
အစောင့်က ကျွန်မ နံကြားကို သေနတ်နဲ့ထောက်ပြီး မေးတယ်။ ရပ်နေတဲ့ သူ့ရဲ့ ခြေထောက်နှစ်ဘက်က ကျွန်မ မျက်နှာရှေ့မှာ။ ကျွန်မ သူ့ကို မော့ကြည့်လိုက်တယ်။ ဖုန်တွေသဲတွေ၊ သွေးစတွေပေနေမယ့် ကျွန်မမျက်နှာကို မြင်တော့ အစောင့် ခဏ ကြောင်သွားတယ်။ နံကြားကို ထောက်ထားတဲ့ သေနတ် အားနည်းနည်းပျော့သွားတယ်။
ကျွန်မ မျက်စိကို မှိတ်လိုက်တယ်။ ရှိသမျှ၊ ကြားဖူးသမျှ ဘုရားတွေ နတ်တွေကို တိုင်တည် ဆုတောင်းတယ်။ ကိုယ်ထဲမှာ ကျန်သေးတဲ့ ခွန်အားအပိုင်းအစတွေကို စုစည်းလိုက်တယ်။
“ဘာဖြစ်တာလဲ။ ဗိုက်နာလို့လား..”
ကျွန်မ မျက်လုံးကို ပြန်ဖွင့်တယ်။
ဘယ်လက်နဲ့ သူ့သေနတ်ပြောင်းကို လှမ်းဖမ်းလိုက်တယ်။ ညာခြေထောက်နဲ့ သူ့ ဘယ်ခြေကျင်းဝတ်ကို ဆောင့်ကန်တယ်။
အစောင့်ရဲ့ ရှည်ကိုင်းနေတဲ့ ကိုယ်ခန္ဓာ ဟန်ချက်ပျက်သွားတယ်။ ဒိုင်းကနဲ ထွက်လာတဲ့ သေနတ်သံနဲ့အတူ သေနတ်ပြောင်းတစ်ခုလုံး ရမ်းခါသွားတယ်။ သေနတ်ပြောင်းကို ကိုင်ထားတဲ့ ကျွန်မလက်တစ်ခုလုံး ပူကနဲ ဖြစ်သွားတယ်။ သံမံတလင်းကို သွားမှန်တဲ့ ကျည်ဆံ…။ အင်္ဂတေ အစအနတွေ ဖွာထွက်ကုန်တယ်။ ခဲစတွေ ကျွန်မ ကျောပြင်အသားထဲကို စိုက်ဝင်ကုန်တယ်။ ဒါပေမယ့် ကျွန်မ လက်ကို မလွှတ်ဘူး။ သေနတ်ပြောင်းကို အောက်ဘက်ကို ဆွဲချလိုက်တယ်။ အစကတည်းက ယိုင်နေတဲ့ အစောင့်ရဲ့ ကိုယ်ခန္ဓာ ကျွန်မဆီကို ငိုက်ကျလာတယ်။
ကျွန်မ ဆတ်ကနဲ ထလိုက်တယ်။
အစောင့်ရဲ့ မေးရိုးနဲ့ ကျွန်မရဲ့ ခေါင်း ခွပ်ကနဲ ထိတယ်။ မျက်လုံးတွေ ပြာကနဲ ဖြစ်သွားတယ်။ အလင်းရောင်တွေ စူးကနဲ ဝင်လာတယ်။
အစောင့်ရဲ့ လက်ထဲက သေနတ် လွတ်ထွက်သွားတယ်။ ကျွန်မလက်ထဲကို ပါလာတဲ့ သေနတ်.. ပြောင်းကနေ ကိုင်ထားတာဖြစ်တဲ့အတွက် သေနတ်တစ်ခုလုံး လိုတာထက် ပိုပြီး လေးနေတယ်။
အစောင့်က လွတ်ထွက်သွားတဲ့ သေနတ်ကို ကမန်းကတမ်း လိုက်ဖမ်းတယ်။ ငိုက်ကျသွားတဲ့ ခန္ဓာကိုယ်ကို အမြန် ထိမ်းတယ်။ ဒါပေမယ့် မမီတော့ဘူး။
လက်ထဲမှာ ယိမ်းပြီး ပါလာတဲ့သေနတ်ကို ကျွန်မ စက်ဝန်းခြမ်းအတိုင်း လေထဲမှာ လွှဲလိုက်တယ်။ သေနတ်က သူ့အလေးချိန်နဲ့သူ အပေါ်ကို တက်သွားတယ်။ အရှိန်နဲ့ ပြန်ကျလာတယ်။ ကျွန်မ အလိုက်သင့်ပဲ လမ်းကြောင်းကို ထိန်းပေးလိုက်တယ်။ ပြန်ကျလာတဲ့ သေနတ်ဒင်ရဲ့ ပတ်လမ်းကြောင်းတည့်တည့်မှာ အစောင့်ရဲ့ ခေါင်း။
အစောင့်ရဲ့ ခေါင်းခွံနဲ့ သေနတ်ဒင် ထိတဲ့အသံက ကြောက်စရာ။ တစ်ခုခု ကျိုးကျေသွားတာ သေချာတယ်။ သေနတ်ဒင်ကို ပြန်ကြည့်တော့ အကောင်းအတိုင်းပဲ။ အစောင့်ကတော့ ကြမ်းပြင်မှာ မှောက်နေပြီ။ သူ့ဆံပင်တွေကြားကနေ သွေးတွေ စိမ့်ပြီး ထွက်လာတယ်။ ကြမ်းပြင်တစ်ခုလုံး သွေးကွက်အောက်မှာ မည်းကနဲ ဖြစ်သွားတယ်။
(၃)
သေနတ်သံတွေ ကြားနေရတုန်းပဲ။ ကော်ရစ်ဒါဘက်က ထွက်လာတဲ့ အသံတွေ။ လူသူမရှိတဲ့ ရုံးကြောင့် အသံတွေက ပိုပြီး ကျယ်နေတယ်။ မုန်တိုင်းသံကြားမှာ တဖောင်းဖောင်း သေနတ်သံတွေက မိုးသံလေသံတွေလို ကြောက်စရာ ကောင်းနေတယ်။
ခွန်ဖြူ့ တပည့်သုံးယောက်ကို ကျွန်မ ကြိုးဖြေပေးလိုက်တယ်။ အားလုံးက ကျွန်မကို အံ့ဩတဲ့အကြည့်နဲ့ ကြည့်နေကြတုန်းပဲ။ ကြမ်းပြင်မှာ လဲနေတဲ့ အစောင့်ကို ကျွန်မ လှည့်မကြည့်ရဲဘူး။ သေသွားပြီလား မသိ။
“ကျွန်မပြောတာကို သေချာနားထောင်”
ပြောနေရင်း ကျွန်မ စိတ်ထဲမှာ နည်းနည်းတော့ ရယ်ချင်သွားတယ်။ ဒီလိုအချိန်မျိုးမှာတောင် အရာရာကို တွက်ချက်စဉ်းစားတတ်တဲ့ ဦးနှောက်က အလုပ်လုပ်နေသေးတယ်.. သရော်လှောင်ပြောင်ချင်တဲ့ စိတ်က တစ်ချက်တစ်ချက် ထွက်လာသေးတယ်။ ဟုတ်တယ်လေ.. ဆူဇန်ဆိုတဲ့ မိန်းမက ကလေးသာသာပဲ ရှိသေးတာမဟုတ်လား။ ကြယ်တံခွန်အဖွဲ့သားတွေကိုတောင် အမိန့်တွေဘာတွေ ပေးနေပြီ။ ပြီးတော့.. ကျွန်မ အခု ပြန်တိုက်ခိုက်နေရတာ တခြားသူမဟုတ်.. ကျွန်မရဲ့ အဖေ။ ရယ်စရာ မကောင်းဘူးလား။
ခွန်ဖြူ့တပည့်သုံးယောက်က ပြုံးစိစိဖြစ်နေတဲ့ ကျွန်မကို ကြောင်တောင်တောင်နဲ့ ကြည့်နေကြတယ်။ ကျွန်မ မျက်နှာပိုး သပ်လိုက်တယ်။
“ရှင်တို့ သူ့သေနတ်ကိုယူပြီး ခွန်ဖြူ့နောက်ကိုလိုက်သွား။ ကော်ရစ်ဒါဘက်မှာ သေချာကြည့်ဦး။ လူရှိမရှိ သေချာစစ်။ အခုကြားရတဲ့ သေနတ်သံတွေအတိုင်းဆိုရင် ရုံးလော်ဘီထဲမှာ ဖြစ်နေတာ ဖြစ်ဖို့များတယ်။ ကော်ရစ်ဒါဘက်ကနေ လျှောက်သွားရင် အန္တရာယ်များတယ်။ ဒီတော့ အဲဒီကနေ မသွားနဲ့.. အနောက်ဘက်ကိုသွား။ အိမ်သာနားမရောက်ခင်မှာ လှေကားတစ်ခုရှိတယ်။ အဲဒီကနေ တက်သွားလိုက်။ အပေါ်ထပ် ကော်ရစ်ဒါကို ရောက်မယ်။ အပေါ်ထပ်ကနေ လော်ဘီ ၀ရန်တာဘက်ကို သွား။ ကျွန်မပြောတာ နားလည်လား..”
ခွန်ဖြူ့တပည့်တွေက ခေါင်းညိတ်တယ်။ တစ်ယောက်က လဲကျနေတဲ့စောင့်ဆီကနေ သေနတ်ကို ကောက်တယ်။ အစောင့်ရဲ့ အိတ်ကပ်တွေကို မွှေနှောက်ရှာတယ်။ ကျည်ကတ်တချို့နဲ့ ဓားတစ်လက်။
“ခင်ဗျားကရော.. မလိုက်ဘူးလား”
ကျွန်မ ခေါင်းခါလိုက်တယ်။
“ရုံးပတ်ပတ်လည်မှာ ပိတ်ထားတဲ့ သံတံခါးတွေ။ အဲဒါတွေကို ပြန်ဖွင့်မှရမယ်။ မဟုတ်ရင် ဒီထဲမှာ ဆက်ပြီး ပိတ်မိနေဦးမှာ။ နောက်ထပ် ရုံးသမားတွေ ထပ်ရောက်လာရင် မလွယ်ဘူး။ ပြီးတော့ စစ်ကူသွားခေါ်တဲ့ တစ်ယောက်.. အဲဒီတစ်ယောက် ပြန်မလာခင်.. သူ့လူတွေ ထပ်ရောက်မလာခင် ဥက္ကဌကို အမိဖမ်းမှ ရမယ်။ ဒါ နောက်ဆုံးအခွင့်အရေးပဲ”
ခွန်ဖြူ့တပည့်တွေထဲက အသက်အကြီးဆုံးတစ်ယောက်က ကျွန်မကို စိုက်ကြည့်တယ်။ ခေါင်းညိတ်တယ်။
“ဥက္ကဌကို အရှင်ဖမ်းလို့ မရရင်ရော..ခင်ဗျား အဖေဖြစ်နေလို့..မေးတာ”
ကျွန်မ အံကြိတ်လိုက်တယ်။ ပါးစပ်ထဲက စကားတွေ သူ့အလိုလို ခုန်ထွက်သွားတယ်။
“အဲဒါတော့ သူ့ထိုက်နဲ့သူ့ကံပဲ။ ဒါပေမယ့် ကျွန်မ အရေးအကြီးဆုံး တစ်ခု မှာလိုက်မယ်။ ဥက္ကဌကို အရှင်မိမိ အသေမိမိ.. သူလက်နက်ချပြီဆိုတာနဲ့ ကျန်တဲ့သူတွေကို ဆက်မပစ်နဲ့တော့။ အရေးအကြီးဆုံးက ဥက္ကဌပဲ.. ရုံးသမားတွေ မဟုတ်ဘူး”
သုံးယောက်စလုံး ခေါင်းညိတ်တယ်။ အခန်းအပြင်ကို ထွက်မလို့ ပြင်တယ်။ တစ်ယောက်က ကျွန်မဘက်ကို ပြန်လှည့်လာတယ်။ ကျွန်မလက်ထဲကို တစ်ခုခု ထည့်ပေးတယ်။ ကျွန်မ လှမ်းယူလိုက်တယ်။ ဓားတိုတစ်ချောင်း။ လဲကျနေတဲ့အစောင့်ဆီက ယူလိုက်တာ ဖြစ်မယ်။
အကုန်လုံးထွက်သွားတဲ့အခါ အခန်းထဲမှာ ကျွန်မတစ်ယောက်တည်း ကျန်ခဲ့တယ်။ ကြမ်းပြင်မှာ လဲကျနေတဲ့အစောင့်ကို လှည့်မကြည့်မိအောင် ကြိုးစားရင်း ဆက်လုပ်ရမယ့်အရာတွေကို ခေါင်းထဲမှာ စီကြည့်လိုက်တယ်။
အရေးအကြီးဆုံးက သံတံခါးတွေ။ တံခါးတွေ ပွင့်သွားဖို့။ အပြင်က တိုက်ပွဲ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဒီရုံးထဲမှာ ပိတ်မိနေလို့ မဖြစ်ဘူး။
ကျွန်မ အခန်းပြင်ကို ထွက်လိုက်တယ်။ သေနတ်သံတွေ ပိုပြီး ဆူညံလာတယ်။ စောစောကလောက်တော့ မစိတ်တော့ဘူး။ သွေးတိုးစမ်းတဲ့ ကျည်သံတွေ။ ရုံးသမားတွေရဲ့ တစ်ယောက်နဲ့တစ်ယောက်အော်ပြောသံတွေ။ ရုံးထဲကို ကြယ်တံခွန်ဘယ်နှယောက်တောင် ဝင်လာတာလဲ။ လေးငါးဆယ်လောက်များ ရှိမလား။
ကျွန်မ ကော်ရစ်ဒါ နံရံကို ကျောကပ်ပြီး ရုံးအနောက်ဘက်ခြမ်းမှာရှိတဲ့ လုံခြုံရေးစက်ခန်းဆီကို အသာလျှောက်သွားလိုက်တယ်။
××
အခန်း (၂၃)
(၁)
ခန်းမရဲ့ထောင့်တစ်ထောင့်၊ လှေကားအောက်ခြေမှာ.. ခရမ်းနဲ့ ကျွန်တော်။
“ဘာဆက်လုပ်မှာလဲ”
ကျွန်တော် တိုးတိုးမေးလိုက်တယ်။ ခရမ်းက လက်ကာပြတယ်။ တိတ်တိတ်နေဖို့ အချက်ပြတယ်။ ကျွန်တော် ပါးစပ်ပိတ်ထားလိုက်တယ်။ ခရမ်းရဲ့ လက်ထဲက သေနတ်ကို ဘယ်ပြန်ညာပြန် စစ်တယ်။ ကျည်ကတ်ကို ဖြုတ်ကြည့်တယ်။ ပြန်တပ်တယ်။
တစ်ရုံးလုံး မုန်တိုင်းသံတွေကလွဲရင် ဘာမှ မကြားရဘူး။ ခရမ်းက လှေကားရင်းကနေ ခေါင်းထွက်ပြီး စောစောက အစောင့်ပြေးဝင်သွားတဲ့ အခန်းကို ချောင်းကြည့်တယ်။ ကျွန်တော့်ဘက်ကို ပြန်လှည့်ပြီး ပြောတယ်။ သူ့အသံက တိုးလွန်းလို့ မနည်း အာရုံစိုက် နားထောင်ရတယ်။
“ငါ ဟိုဘက်လှေကားအောက်ကို သွားမယ်။ နင်ဒီမှာနေခဲ့။ လိုအပ်လာရင် ကာပစ်ပေး။ မလိုရင် ထွက်မလာနဲ့။ စောင့်နေ”
ကျွန်တော် ဘာမှ ပြန်မပြောနိုင်ခင်မှာ ခရမ်း လှစ်ကနဲ ကျွန်တော့်ဘေးကနေ ထွက်သွားတယ်။ အခန်း ဟိုဘက်ထိပ်မှာရှိတဲ့ လှေကားအောက်ကို ပြေးဝင်တယ်။ ကျွန်တော်နဲ့ သူနဲ့ကြားမှာ ကိုက် ၂၀ လောက် ခြားသွားပြီ။
ခြေသံတွေ။
ကျွန်တော် အသင့်အနေအထား ဖြစ်သွားတယ်။ လှေကားရင်းနံရံကို ကျောကပ်ပြီး အသက်ကို မျှဉ်းရှူတယ်။ ခြေသံတွေကို စိတ်နဲ့ ရေကြည့်လိုက်တယ်။ တစ်ယောက်.. နှစ်ယောက်.. လေးယောက်.. ငါးယောက်..။
ဒိုင်းကနဲ သေနတ်သံထွက်လာတယ်။ အား..ဆိုတဲ့ အသံနက်ကြီးနဲ့ အော်သံ။ ကြမ်းပြင်ပေါ်ကို တစ်ယောက်ယောက် ပြိုလဲကျသွားတဲ့အသံ။ ကျွန်တော် ခရမ်းကို လှမ်းကြည့်တယ်။ ခရမ်းက လှေကားအောက်ကနေ အကာအကွယ်ယူပြီး အသံလာရာဘက်ကို သေနတ်နဲ့ ချိန်နေတယ်။ သူ့မျက်နှာတစ်ခုလုံး တင်းမာသွားတာကို ကျွန်တော့်နေရာကနေ လှမ်းမြင်နေရတယ်။
အသံလာရာကို ကျွန်တော် ခေါင်းထွက်ကြည့်လိုက်တယ်။
အခန်းအလယ် ကြမ်းပြင်မှာ လဲနေတဲ့ ခွန်ဖြူ။ သူ့အပေါ်မှာ မိုးပြီး ရပ်နေတဲ့ ဥက္ကဌ။
(၂)
ခရမ်း လှေကားအောက်ကနေ အပြင်ဘက်ကို ထွက်လာတယ်။ သူ့လက်ထဲက သေနတ်ပြောင်းက ဥက္ကဌကို တည့်တည့်ကြီး ချိန်ထားတယ်။ ဒါပေမယ့် မောင်းတံကို ဖြုတ်မချဘူး။ ဥက္ကဌလက်ထဲက သေနတ်ပြောင်းကလည်း ကြမ်းပြင်မှာလဲနေတဲ့ ခွန်ဖြူ့ခေါင်းကို ချိန်ထားတယ်။ ခွန်ဖြူက လက်ပြန်ကြိုးတုပ်လျက်သား ကြမ်းပြင်မှာ လူးလိမ့်ပြီး အော်ဟစ်နေတယ်။ သူ့ခြေသလုံးမှာ အပေါက်ကြီးတစ်ခု။ စိမ့်ထွက်နေတဲ့ သွေးတွေ မနည်းမနောပဲ။ ကျွန်တော် ဘာလုပ်ရမလဲ။ လိုက်ထွက်ရမလား။ စောင့်နေရမလား။ အတွေးမပြတ်ခင်မှာ ဥက္ကဌရဲ့ စကားသံ ထွက်လာတယ်။
“ငါ့လူတွေကို သတ်ပစ်တာ မင်းလား”
လေးခရမ်း ဘာမှ ပြန်မပြောဘူး။ ခေါင်းကို အသာစောင်းတယ်။ မျက်လုံးတစ်ဘက်ကို မှိတ်တယ်။ သေနတ်ပြောင်းနဲ့ တတန်းတည်းဖြစ်အောင် နေရာယူတယ်။
“မင်းတစ်ယောက်တည်းတော့ မဖြစ်နိုင်ဘူး။ မင်းက မိန်းကလေးပဲ။ ကျန်တဲ့လူတွေ ဘယ်မှာလဲ”
ခရမ်း ပါးစပ်ကို တင်းတင်းစေ့ထားတယ်။ အသက်ကို ပြင်းပြင်း ရှူတယ်။ နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ သူ့ရင်ဘတ်မှာ ချွေးတွေ စို့နေတယ်။ ကျွန်တော် အပြင်ကို လိုက်ထွက်ဖို့ အသင့်ပြင်ထားတယ်။ ခြေထောက်ကို နံရံနဲ့ ကျားကန်ထားတယ်။
“ငါမေးနေတာ ဖြေလေ။ မင်းတို့ ကြယ်တံခွန်အဖွဲ့သားတွေအကုန် အ, နေကြတာလား။ စကားမပြောတတ်ဘူးလား”
ဥက္ကဌက ပြောရင်း ခွန်ဖြူ့ကို တစ်ချက် ဆောင့်ကန်တယ်။ ခွန်ဖြူ့ အော်သံ ပိုပြီး ကျယ်လာတယ်။
ခရမ်း ရှေ့ကို တစ်လှမ်းတိုးတယ်။
ဥက္ကဌဘေးက အစောင့်တွေရဲ့ သေနတ်တွေဆီက တချက်ချက်နဲ့ မောင်းတင်သံတွေ ထွက်လာတယ်။
ကျွန်တော် လှေကားအကွယ်ကနေ အပြင်ကို ထွက်လိုက်တယ်။
(၃)
ဝေဒနာက ထင်ထားတာထက် ပိုပြီး ဆိုးတယ်။ ဥက္ကဌရဲ့ မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ရင်ဘတ်တစ်ခုလုံး မွန်းကြပ်လာတယ်။ လက်တွေ တုန်လာတယ်။ အသက်ရှူတွေ မှားကုန်တယ်။ ခြေလှမ်းတွေ ယိုင်ကုန်တယ်။ လက်ထဲကသေနတ် မောင်းပြုတ်မသွားအောင် စိတ်ကို မနည်းထိန်းရတယ်။ မေနှင်း.. မေနှင်းကို သတ်တဲ့သူ။ ကျွန်တော့် အလင်းရောင်ကို ရုတ်ကနဲ ငြိမ်းပစ်တဲ့သူ။ ကျွန်တော့်ဘ၀ကို တွင်းနက်ထဲ တွန်းချပစ်တဲ့သူ။
ဥက္ကဌက ကျွန်တော့်ကို ကြည့်တယ်။ ကျွန်တော့် ခြေထောက် အတုကို ကြည့်တယ်။
သူ့မျက်နှာက တဖြည်းဖြည်း ပြုံးလာတယ်။ ပြုံးရာကနေ ရယ်တဲ့အထိ ဖြစ်လာတယ်။ ရယ်သံ သဲ့သဲ့ထွက်လာတယ်။
“ဟား..ဟား..။ မိန်းမတစ်ယောက်နဲ့ ဒုက္ခိတ တစ်ယောက်နဲ့။ ဟေ့ကောင်တွေ.. မင်းတို့ တော်တော်ညံ့ပါလား။ အကျိုးအပြတ်နဲ့ မိန်းမတစ်ယောက်နဲ့ကိုတောင် မနိုင်ကြဘူးလား”
ဥက္ကဌက သူ့လူတွေဘက်ကို လှည့်ပြီး ပြောတယ်။ ကျွန်တော့်ဘက်ကို ပြန်လှည့်တယ်။
“မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး။ သေနတ်တောင် နိုင်အောင် မထမ်းနိုင်တဲ့ကောင်ကများ”
“ခင်ဗျား ကျွန်တော့်ကို သိသလား”
ကျွန်တော့်မေးခွန်းကြောင့် ဥက္ကဌ ခဏတော့ ကြောင်သွားတယ်။ ပြီးမှ ပခုံးတွန့်တယ်။
“မသိဘူး”
“ခင်ဗျား..မေနှင်း မေနှင်းကို.. “
ဥက္ကဌက လက်ကာပြတယ်။
“နေဦး။ နေဦး။ နောက်မှပြော။ မအားသေးဘူး..”
ကျွန်တော့် သွေးတွေ ပွက်ပွက်ဆူလာတယ်။ မေနှင်းနာမည် ကြားတာတောင် ဘာမှမဖြစ်သလို အေးဆေးနေတဲ့ ဥက္ကဌရဲ့ မျက်နှာကိုကြည့်ရင်း သေနတ်မောင်းတံပေါ်က ကျွန်တော့်လက်ချောင်း ပိုပြီး တင်းလာတယ်။ ခရမ်းသာမရှိရင်၊ ခွန်ဖြူသာ မရှိရင် ကျည်ဆံထွက်သွားတာ ကြာပြီ။ ကျွန်တော့်ဆီကို ကျည်ဆံတွေ ဘယ်နှတောင့်ရောက်လာလာ ဥက္ကဌကိုယ်ထဲကို ကျွန်တော့် ကျည်ဆံတွေ ရောက်သွားရင် ရတယ်။ မျှတယ်။
ဥက္ကဌက ပြောရင်း ကြမ်းပြင်မှာလဲနေတဲ့ ခွန်ဖြူ့ကို ဂုတ်ကနေ ဆွဲထူတယ်။ ခွန်ဖြူ အော်ဟစ်ရင်း ရုန်းတယ်။ ဒါပေမယ့် ဥက္ကဌ ရဲ့ လက်ချောင်းတုတ်တုတ်တွေအောက်မှာ ရုန်းမရ ဖြစ်နေတယ်။ ဥက္ကဌက ခွန်ဖြူ့ကို သူ့ရှေ့မှာ ဒိုင်းလို ကာလိုက်တယ်။ ခွန်ဖြူ့ နားထင်ကို သေနတ်နဲ့ ထောက်တယ်။
“ကျန်တဲ့လူတွေ ဘယ်မှာလဲ။ ရုံးထဲမှာ ဘယ်နှယောက် ရှိသလဲ”
ကျွန်တော် ခရမ်းကို လှမ်းကြည့်လိုက်တယ်။ ဘာလုပ်ရမလဲ။ ပစ်ရမလား။ သူသေကိုယ်သေ ပစ်လိုက်ရတော့မလား။ ခရမ်းက ကျွန်တော့်ကို မကြည့်ဘူး။ မျက်လုံးတစ်ဘက်ကို မှိတ်ထားတုန်း။ သေနတ်နဲ့ ချိန်ထားတုန်း။ ဥက္ကဌက စိတ်မရှည်သလို ဆက်ပြောတယ်။
“မင်းတို့ဆီမှာ ပါးစပ်မပါ…”
ခရမ်းသေနတ်ပြောင်း မီးပွင့်သွားတယ်။ ဒိုင်းကနဲ အသံထွက်လာတယ်။
ခွန်ဖြူ့ ပခုံးနေရာမှာ ရဲကနဲ ဖြစ်သွားတယ်။
ခွန်ဖြူ့အော်သံနောက်မှာ ဥက္ကဌရဲ့ အော်သံ ကပ်ပြီးပါလာတယ်။
ခွန်ဖြူလဲကျသွားတယ်။
ဥက္ကဌ ပခုံးနဲ့လက်မောင်းကြားမှာ အနီရောင် အပေါက်တစ်ပေါက်ပေါ်လာတယ်။ ဥက္ကဌ ပခုံးကို လက်နဲ့ဖိရင်း အရှေ့ကိုငိုက်ကျသွားတယ်။
ကျွန်တော် သေနတ်မောင်းကို ဖြုတ်ချလိုက်တယ်။
ကျွန်တော့်ကျည်ဆံ ဥက္ကဌဘေးကနေ ဖြတ်သွားတယ်။ မထိဘူး။
(၄)
သေနတ်သံတွေ တရစပ် ထွက်လာတယ်။ ကျွန်တော့် နားထင်ဘေး၊ ကိုယ်လုံးဘေးကနေ ကျည်ဆံတွေ တဝီးဝီး ဖြတ်သွားတယ်။
ကျွန်တော် ကြမ်းပြင်ပေါ်ကို ဒူးထောက်ထိုင်လိုက်တယ်။ ကျွန်တော့် သေနတ်ထဲက ကျည်ဆံတွေ ခုန်ပျံပြီး ထွက်သွားတယ်။ သေနတ်ကန်အားကြောင့် ပခုံးတစ်ခုလုံး တုန်သွားတယ်။ ကျွန်တော့် ကျည်တွေထဲက တစ်တောင့် အစောင့်တစ်ယောက်ရဲ့ ဗိုက်ကို သွားမှန်တယ်။ အစောင့် လဲကျသွားတယ်။ ခရမ်းက ကျွန်တော့်ကို လှမ်းအော်တယ်။ သူဘာပြောသလဲ ကျွန်တော် မကြားရဘူး။ တစ်ခန်းလုံး တဒိုင်းဒိုင်းအသံတွေနဲ့ ပွက်လောရိုက်နေတယ်။
ကျွန်တော့်လက်မောင်းကို ကျည်တစ်တောင့် လာမှန်တယ်။ လက်မောင်းရင်းမှာ ပူကနဲ ဖြစ်သွားတယ်။ လက်ထဲမှာ ကိုင်ထားတဲ့သေနတ် အဝေးကိုလွင့်ထွက်သွားရင်း ကျွန်တော် ပက်လက်လန် လဲကျသွားတယ်။
ကျွန်တော့်ဘေး ကြမ်းပြင်ကို ကျည်ဆံတွေ တထောင်းထောင်း လာမှန်တယ်။ လွင့်ထွက်လာတဲ့ ခဲအစအနတွေ၊ ကြွေပြားစတွေ၊ ဖုန်မှုန့်တွေ ကြားမှာ ကျွန်တော် နှစ်ပတ်သုံးပတ် လိမ့်ထွက်သွားတယ်။
ဘာမှ သေသေချာချာ မမြင်ရဘူး။ ခြေသံတွေ ကြားရတယ်။ အော်သံတွေ ကြားရတယ်။ ပြီးတော့ အားကနဲ အော်လိုက်တဲ့ မိန်းကလေး တစ်ယောက်ရဲ့ အော်သံ။
(၅)
ကျွန်တော် ဒူးထောက်ထိုင်လိုက်တယ်။ တစ်ကိုယ်လုံးနေရာအနှံ့အပြားကို တိုက်ခိုက်နေတဲ့ ဝေဒနာတွေကြောင့် ပါးစပ်က အင့်ကနဲ အသံထွက်သွားတယ်။ လက်မောင်းကို ကြည့်လိုက်တော့ ရှပ်ထိသွားတဲ့ ကျည်ဆံကြောင့် အသားတွေ စုတ်ပြတ်နေတာကို တွေ့ရတယ်။ အရိုးကို မထိဘဲ ဖောက်ထွက်သွားလို့ တော်သေးတယ်။ အခန်းဘေးဘီဝဲယာကို ကျွန်တော် ကြည့်တယ်။
ကြမ်းပြင်မှာ လဲနေတဲ့ အစောင့်တွေ။ ပြန့်ကျဲနေတဲ့ သေနတ်တွေ။ ပြီးတော့ သွေးအိုင်ထဲ လဲနေတဲ့ ခွန်ဖြူ။
အပေါ်ထပ်၀ရန်တာမှာ လူသုံးယောက်။ ကြယ်တံခွန်အဖွဲ့သားတွေ။ တစ်ယောက်လက်ထဲမှာ သေနတ်ကိုင်ထားတယ်။ ကျန်တဲ့ နှစ်ယောက်က လှေကားကနေ အောက်ကို ပြေးဆင်းလာနေကြတယ်။
မိန်းကလေး အော်သံ ကြားလိုက်တာ ဘယ်သူလဲ။ ဆူဇန်လား..ကျွန်တော် လိုက်ရှာတယ်။
“နေမင်း.. နေမင်း..”
ခရမ်းရဲ့အော်သံ။ ကျွန်တော် ဝုန်းကနဲ မတ်တပ်ထရပ်လိုက်တယ်။ အသံလာရာကို အမြန် လှည့်ကြည့်တယ်။
ရုံးရဲ့ တံခါး၀မှာ မတ်တပ်ရပ်နေတဲ့ ဥက္ကဌ။ ဥက္ကဌက ခရမ်းရဲ့ ဆံပင်တွေကို လက်နဲ့သိမ်းကြုံးစည်းပြီး တင်းတင်းကိုင်ထားတယ်။ သေနတ်နဲ့ ခရမ်းရဲ့ ခါးနေရာကို ထောက်ထားတယ်။ ဥက္ကဌရဲ့ တစ်ကိုယ်လုံး ယိမ်းယိုင်နေတယ်။ သူ့ပခုံး သေနတ်ဒဏ်ရာကနေ သွေးတွေ တစိမ့်စိမ့် စီးထွက်နေတယ်။ ဥက္ကဌ စကားပြောတော့ သူ့ပါးစပ်ထဲက သွေးစတချို့ အပြင်ကို ယိုထွက်လာတယ်။
“စောက်ရူးတွေ။ အရိုင်းအစိုင်းတွေ။ ပညာမတတ်တဲ့ကောင်တွေ။ မင်းတို့.. မင်းတို့လိုကောင်တွေကြောင့် ငါတို့တွေ အခုလို ဘ၀ ရောက်နေတာ.. မင်းတို့ကြောင့် ဒီကမ္ဘာ ပျက်တာ.. မင်းတို့ကြောင့်”
ဥက္ကဌက ပြောနေရင်း ချောင်းတဟွတ်ဟွတ် ဆိုးတယ်။ သူ့ပါးစပ်ကသွေးတွေ ခရမ်းရဲ့ လည်ကုတ်ကို သွားစင်တယ်။ ခရမ်းက ဥက္ကဌလက်ထဲက ဆံပင်တွေကို လက်ပြန် ဆောင့်ဆွဲတယ်။ ဒါပေမယ့် သူ့ထက် လူကောင်ကြီးသလို အရပ်လည်း ပိုမြင့်တဲ့ ဥက္ကဌရဲ့ လက်ထဲမှာ ခရမ်းရဲ့ တစ်ကိုယ်လုံး အရုပ်လေးတစ်ရုပ်လို အားမဲ့နေတယ်။
ကျွန်တော် ရှေ့ကို တစ်လှမ်းတိုးလိုက်တယ်။ အပေါ်က ဆင်းလာတဲ့ ကြယ်တံခွန်အဖွဲ့သားတွေ ဥက္ကဌနဲ့ ခရမ်းကိုကြည့်ပြီး ဘာလုပ်ရမလဲမသိ ဖြစ်နေကြတယ်။ ဥက္ကဌက ဆက်ပြောတယ်။
“အေး.. မင်းတို့လက်ချက်နဲ့ ငါ ဒီနေ့ သေမှာ။ ငါသိတယ်။ သေလည်း သေပါစေ။ ဂရုမစိုက်ဘူး။ ငါမရှိရင် မင်းတို့ ဘာဆက်လုပ်ကြမလဲ သိချင်တယ်။ မင်းတို့ ဉာဏ်တစ်ထွာ တစ်မိုက်နဲ့ ဒီဝင်းကို ဘယ်လို ဆက်ထိန်းသိမ်းမလဲ..”
ဥက္ကဌက လက်ထဲက သေနတ်ကို လေထဲမှာ ရမ်းရင်းပြောတယ်။ ကျွန်တော်နဲ့ အဖွဲ့သားတွေဘက်ကို သေနတ်နဲ့ လှမ်းထိုးတယ်။
“ကျေးဇူးရှင်ကို ကျေးစွပ်တဲ့ကောင်တွေ။ သခင်ကို ပြန်ကိုက်တဲ့ ခွေးတွေ..”
ကျွန်တော့်မျက်လုံးတွေက ဥက္ကဌလက်ထဲမှာရမ်းခါနေတဲ့ သေနတ်နဲ့အတူ အပေါ်အောက်၊ ဘယ်ညာ လိုက်ကြည့်နေတယ်။ လေးခရမ်းက ကျွန်တော့်ကို ကြည့်တယ်။ ကျွန်တော့်မျက်နှာပေါ်က တင်းနေတဲ့အကြောတွေ၊ ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေကို သိသွားတယ်ထင်တယ်။ မလုပ်နဲ့.. ဆိုတဲ့ အမူအရာနဲ့ ခေါင်းခါပြတယ်။
အဲဒီအချိန်မှာ တဂျိမ်းဂျိမ်း အသံတွေ ထွက်လာတယ်။ ရုံးပတ်ပတ်လည် ပြတင်းပေါက်တွေ၊ တံခါးတွေကို ကာထားတဲ့ သံတိုင်တွေ အပေါ်ပြန်တက်သွားတဲ့ အသံ။ ဥက္ကဌရဲ့ အာရုံက ပြတင်းပေါက်အပြင်၊ တံခါးအပြင်တွေမှာ တဖြည်းဖြည်း တက်သွားတဲ့ သံတိုင်တွေဆီကို ရောက်သွားတယ်။
ကျွန်တော့်ရင်ခေါင်းထဲက အသံတစ်သံ အပြင်ကို ခုန်ထွက်သွားတယ်။ ကျွန်တော် ကိုယ်တိုင်တောင် မကြားဖူးတဲ့ အော်သံမျိုး။ ကြိုးတွေ အကုန် ပြတ်ထွက်သွားတဲ့ အရိုင်းတိရိစ္ဆာန်တစ်ကောင်ရဲ့ အသံမျိုး။
ကျွန်တော် ဥက္ကဌဆီကို ပြေးတယ်။ သံခြေထောက်သံ တဒေါင်းဒေါင်းနဲ့အတူ ကျွန်တော်နဲ့ ဥက္ကဌကြားက အကွာအဝေး ခဏလေးနဲ့ နီးကပ်သွားတယ်။
ဥက္ကဌရဲ့ အာရုံ ကျွန်တော့်ဆီကို ပြန်ရောက်လာတယ်။ သူ့ဆီကို ခွေးရူးတစ်ကောင်လို ပြေးလာနေတဲ့ ကျွန်တော့်ကိုမြင်တော့ ဥက္ကဌရဲ့ လက်ထဲက သေနတ် မြောက်တက်လာတယ်။ သေနတ်ပြောင်း၀ မီးပွင့်သွားတယ်။ သေနတ်သံက နောက်မှ ကျွန်တော့်နားထဲ ရောက်လာတယ်။
ကျွန်တော့် မျက်နှာဘေးကနေ ဖြတ်ထွက်သွာားတဲ့ ကျည်ဆံ။
နောက်ကျည်တစ်တောင့်က ကျွန်တော့် ညာဘက်နံရိုးကို မှန်တယ်။ ကျွန်တော် ယိုင်ကနဲ ဖြစ်သွားတယ်။ ဒါပေမယ့် ကျွန်တော် မရပ်ဘူး။ ဥက္ကဌဆီကို ဦးတည်ပြီး ဆက်ပြေးတယ်။
ဥက္ကဌမျက်နှာ ပျက်သွားတယ်။ ခရမ်းကို တွန်းထုတ်လိုက်တယ်။ သေနတ်ကို လက်နှစ်ဘက်နဲ့ ကိုင်တယ်။ ကျွန်တော့် မျက်နှာတည့်တည့်ကို ချိန်တယ်။
သူမောင်းဖြုတ်မချခင်မှာ ကျွန်တော် သူ့ကို ခုန်အုပ်လိုက်တယ်။
(၆)
ကျွန်တော့်ကိုယ်လုံးကို လှမ်းကာရင်း ဥက္ကဌ အနောက်ကို လန်ကျသွားတယ်။ နှစ်ယောက်သား လုံးထွေးပြီး ရုံးတံခါးကို ဝုန်းကနဲ ဝင်ဆောင့်တယ်။ တံခါးက နှစ်ယောက်စာ ကိုယ်အလေးချိန်ကို မခံနိုင်ဘဲ ပွင့်ထွက်သွားတယ်။
ရုံးအပြင်ဘက်လှေကားပေါ်ကနေ နှစ်ယောက်စလုံး ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားတယ်။ လှေကားအောက် ရောက်တဲ့အထိ ကျွန်တော်နဲ့သူ လုံးထွေးနေတုန်းပဲ။ ကျွန်တော့်လက်တွေက ဥက္ကဌလည်ပင်းကို တင်းတင်း ညှစ်ထားတယ်။ ခြေထောက်တွေက ဥက္ကဌရဲ့ ကိုယ်လုံးကို ပြုတ်တူတစ်ချောင်းလို ခွထားတယ်။ ကျွန်တော့် သွားတွေနဲ့ သူ့မျက်နှာကို ကိုက်တယ်။ ခေါင်းနဲ့ သူ့မျက်ခုံးရိုးကို ဆောင့်တယ်။
သဲတွေက ကျွန်တော်တို့ကို တရစပ် ဝင်တိုးတယ်။ ပါးစပ်ထဲ၊ မျက်လုံးထဲကို သဲစတွေ အလုံးအရင်းနဲ့ ဝင်လာတယ်။ မုန်တိုင်းသံတွေကြားထဲမှာတောင် ဥက္ကဌရဲ့ ဝူးဝူးဝါးဝါး အော်သံတွေကို အတိုင်းသား ကြားနေရတယ်။
ဥက္ကဌက ကျွန်တော့်ကို အတင်းဖယ်ထုတ်တယ်။ လှေကားပေါ်ကို ပြန်တက်ပြေးမလို့ ပြင်တယ်။
ကျွန်တော် နောက်ကနေ ဥက္ကဌရဲ့ လည်ပင်းကို လှမ်းခိုလိုက်တယ်။ သူ့လည်ဇလုပ်ကို ကျွန်တော့် လက်ဖျံရိုးနဲ့ ဖိပြီး အောက်ကို ပြန်ဆွဲချတယ်။
“မေနှင်း။ မေနှင်းကို မှတ်မိလား။ ခင်ဗျား မှတ်မိလား”
သူ့လည်ပင်းကို ညှစ်ထားရင်း ကျွန်တော် အော်မေးလိုက်တယ်။ ဥက္ကဌက ကျွန်တော့်မေးခွန်းကို ကြားပုံမပေါ်ဘူး။ အရပ်ရှစ်မျက်နှာကနေ တဖြန်းဖြန်းပက်နေတဲ့ သဲတွေကို သူ့လက်နဲ့ ရသလောက် ကာနေတယ်။ တဖြည်းဖြည်း နီရဲလာတဲ့ ဥက္ကဌရဲ့ အသားတွေကို အတိုင်းသား မြင်နေရတယ်။ ဖြူစွတ်နေတဲ့ သူ့အသားစတွေ တစ်လွှာချင်း လန်ထွက်လာနေတယ်။ ပြဲထွက်သွားတဲ့ အသားနေရာတွေမှာ သွေးတွေ စိမ့်ထွက်လာတယ်။
ကျွန်တော်ထပ်မေးတယ်။
“မေနှင်းကို မှတ်မိသလား။ ခင်ဗျားကို ကျွန်တော် မေးနေတယ်”
ဥက္ကဌ သူ့လက်တွေနဲ့ ကျွန်တော့်ကို နောက်ပြန် ဖမ်းဖို့ ကြိုးစားတယ်။ ပါးစပ်ကလည်း အသံနက်ကြီးနဲ့ အော်နေတယ်။
ကျွန်တော့်မျက်နှာတစ်ခုလုံး ထူပူနေပြီ။ နားတွေအူနေပြီ။ သေနတ်ဒဏ်ရာထဲကနေ အပြင်ကို စိမ့်ထွက်သွားတဲ့ အားအင်တွေ။ ကျွန်တော့် မျက်လုံးထဲက မြင်ကွင်း တဖြည်းဖြည်း မှောင်ကျလာနေပြီ။ ငမျိုး ပြောသွားတဲ့ ကျွန်တော့်ရဲ့ အဓိကခွန်အားဆိုတာ ဘာလဲ.. အားသာချက်က ဘယ်မှာလဲ..။ ကျွန်တော်မသိဘူး။ ဒါပေမယ့် ကျွန်တော့်လက်တွေ ခြေတွေ.. ကျွန်တော့်ကိုယ်ခန္ဓာအစိတ်အပိုင်းတွေထဲမှာ အရှိန်နဲ့စီးနေတဲ့ အမုန်းတရား.. မဟုတ်ဘူး.. အမုန်းမဟုတ်ဘူး။ ဒါဟာ ချစ်ခြင်းရဲ့ ဘေးထွက်ပစ္စည်းတွေ။ ကျွန်တော်ချစ်တဲ့သူတွေကို ကာကွယ်ချင်တဲ့ ဆန္ဒတွေ။ သူတို့အတွက်ဆိုရင် ကျွန်တော့် အသက်နဲ့လဲပစ်မယ့် ဆုံးဖြတ်ချက်တွေ။ စိမ့်ထွက်သွားတဲ့ ခွန်အားတွေနေရာမှာ အဲဒီ အမျိုးအမည်မသိတဲ့ အင်အားတစ်ခု အစားဝင်လာတယ်။ ကျွန်တော့်လက်တွေ ပိုပြီး မာလာတယ်။ တင်းလာတယ်။ ဥက္ကဌရဲ့ပါးစပ်ကနေ တံတွေးသီးတဲ့အသံတွေ တခွီးခွီးထွက်လာတယ်။
ကျွန်တော် ထပ်မေးတယ်။
“မှတ်မိလား.. ခင်ဗျား.. မှတ်မိသလား”
ဥက္ကဌ ရုန်းနေရာကနေ တဖြည်းဖြည်း ငြိမ်ကျသွားတယ်။ ကျွန်တော့်လက်ဖျံကို ဖယ်ထုတ်ဖို့ ကြိုးစားနေတဲ့ သူ့ရဲ့လက်တွေ အောက်ကို ပြုတ်ကျသွားတယ်။ ကျွန်တော် လက်အားကိုပိုတိုးလိုက်တယ်။ ဥက္ကဌရဲ့ ကျောကို ဒူးနဲ့ ထောက်တယ်။ လက်ဖျံကို အတွင်းဘက်ကို ဆွဲတင်းလိုက်တယ်။
ဥက္ကဌရဲ့ လည်ဇလုတ် အထဲကို ချိုင့်ဝင်သွားတယ်။ ကျွန်တော် လက်ကို မလွှတ်သေးဘူး။
“မေနှင်းကို မှတ်မိလား.. မေနှင်း..”
စကားမဆုံးခင်မှာ ကျွန်တော် လဲကျသွားတယ်။ အမှောင်ထုက ပိတ်စတစ်စလို ကျွန်တော့် အာရုံကို လွှမ်းသွားတယ်။
တဝေါဝေါမြည်နေတဲ့ မုန်တိုင်းသံတွေ တဖြည်းဖြည်း ဝေးသွားတယ်။
အမှောင်ထဲမှာ ကျွန်တော်ကို ပြုံးပြီး ကြည့်နေတဲ့ မေနှင်း။ ကျွန်တော်တို့ရဲ့ သံပုံးလေး။ မီးလုံးဝါဝါအောက်က သူ့ရဲ့ မျက်နှာ။ နေချင်စရာမရှိတဲ့ မနက်ဖြန်တွေကို အသက်သွင်းပေးတဲ့ သူ့အပြုံးတွေ။
အမှောင်ထုက တဖြည်းဖြည်း လင်းလာတယ်။ ဘေးပတ်ဝန်းကျင် ဘာမြင်ကွင်းမှမရှိ။ ခပ်နွေးနွေးလင်းနေတဲ့ မီးအဝါရောင်။ သက်သောင့်သက်သာ အေးချမ်းနေတဲ့ ကျွန်တော်တို့ရဲ့ မွေ့ရာစုတ်လေး။
ကမ်းပေးတဲ့ မေနှင်းရဲ့ လက်ကို လှမ်းကိုင်ရင်း ကျွန်တော် ပြုံးလိုက်တယ်။
+++
အခန်း (၂၄)
(၁)
ရက်တွေကြာသွားပေမယ့် ကျွန်မ စိတ်ထဲမှာတော့ မနေ့တစ်နေ့ကလိုပဲ။
အဲဒီနေ့ ရုံးထဲမှာ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီးတော့ လူတွေ အများအပြား သေကုန်တယ်။ ခွန်ဖြူ၊ ဦးအောင်သောင်း.. ပြီးတော့ အဖေ။
ကိုနေမင်းနဲ့ အဖေ့အလောင်းကို ရုံးလှေကားရင်းနဲ့ မလှမ်းမကမ်းမှာ တွေ့တယ်။
အဖေ့လည်ပင်းကို တင်းတင်းချုပ်ထားသေးတဲ့ သူ့လက်တွေ။ ခရမ်းက ကိုနေမင်းကို ဖက်ပြီး ငိုတယ်။ သန်မာတဲ့ မိန်းမတစ်ယောက်အဖြစ် အမြဲ တင်းထားတဲ့ သူ့ရဲ့ ခွန်အားတွေ အကုန် ကွာကျသွားသလိုပဲ။
ကျွန်မကတော့ အသက်မရှိတော့တဲ့ အဖေ့ရဲ့ မျက်နှာကို ကြည့်ပြီး မျက်ရည်ဝဲတယ်။ ဝဲနေတဲ့မျက်ရည် အောက်ကို ပြုတ်ကျမလာတဲ့အတွက် ဝမ်းသာရမလား.. ဝမ်းနည်းရမလား ကျွန်မ မသိဘူး။
ခွန်ဖြူပြောခဲ့တာ သိပ်မှန်တယ်။ ရုံးဘက်ကလူတွေ အဖေ့အပေါ်မှာ သစ္စာမရှိဘူး။ စစ်ကူခေါ်မယ်ဆိုပြီး ထွက်သွားတဲ့သူတွေ ပြန်ရောက်မလာတဲ့ အပြင် ကျန်တဲ့သူတွေလည်း အကုန်လုံး တောင်အောက်ကို ဆင်းသွားကြပြီ။ အဖေနဲ့ အစောင့်သုံးလေးယောက်ကို ထားခဲ့ကြတာ။ ရယ်တော့ ရယ်ရသား.. ကျွန်မတို့ကို .. ဝင်းသမားတွေကို ထားခဲ့မလို့ ကြံစည်တဲ့အဖေ.. သူ့လူတွေ သူ့ကို ထားခဲ့ကြတာကို သိမသွားရှာဘူး။
စက်ရုံဘက်မှာ ဖွက်ထားတဲ့ ရိက္ခာတွေ တချို့တစ်ဝက် ပြန်တွေ့တယ်။ ဆိုလာပြားအပိုင်းအဆက်တွေ၊ စက်ပစ္စည်းတွေလည်း တွေ့တယ်။ အရင်လောက် မဖူလုံတော့ပေမယ့် ဒီတစ်ပတ်နှစ်ပတ်အတွက်တော့ အစာရေစာနဲ့ လျှပ်စစ်မီး လုံလောက်မယ်လို့ ထင်ရတာပဲ။
ဝင်းထဲက အခြေအနေတွေကို တော်တော်လေး ထိန်းယူလိုက်ရတယ်။ သေသွားတဲ့ ကြယ်တံခွန် အဖွဲ့သားတွေလည်း မနည်းဘူး။ ကျွန်မနဲ့ ကြယ်တံခွန်အဖွဲ့သား လက်ကျန်တချို့ သေနတ်တွေသုံး၊ မိန့်ခွန်းတွေပြော.. စည်းရုံးရေးတွေ အဆက်မပြတ်လုပ်လိုက်တော့ တိုက်တန်းဘက်မှာ နည်းနည်း ပြန်တည်ငြိမ်သွားတယ်။
ဒါပေမယ့် ငြိမ်းချမ်းသွားတာတော့ မဟုတ်ဘူး။ ကျွန်မတို့ကို မယုံကြည်တဲ့သူတွေ၊ အုပ်ချုပ်မှုအသစ်အောက်မှာ မနေချင်တဲ့သူတွေလည်း အများအပြား ကျန်နေသေးတယ်။
ရုံးအဖွဲ့တွေ ဆင်းသွားတဲ့ လျှို့ဝှက်လမ်းကို လွန်ခဲ့တဲ့ သုံးရက်လောက်ကမှ ကျွန်မတို့ ရှာတွေ့တယ်။ ရုံးနောက်ဘက် စိုက်ခင်းတွေရဲ့ အနောက်ဘက်.. ဟိုးအောက်မှာ လှေကားထစ်တွေ၊ လျှောက်လမ်းတွေ..။ အောက်ကို ဆင်းလိုက်သွားမလို့ စဉ်းစားသေးတယ်။ ဒါပေမယ့် လက်ရှိအခြေအနေက ပိုအရေးကြီးတာကြောင့် လမ်းကို အပေါ်ကနေ ယာယီ ပိတ်ထားလိုက်တယ်။ နောက်မှ.. အခြေအနေတွေ အေးချမ်းသွားမှ ဘာဆက်လုပ်ရမလဲ ခရမ်းနဲ့ တိုင်ပင်ရမယ်။
တစ်ရက်တစ်ရက် အချိန်တွေ ဘယ်လိုကုန်မှန်းမသိ ကုန်သွားတယ်။ တိုက်တန်းဘက်ပြေးလိုက်၊ သံပုံးတွေဘက်ပြေးလိုက်နဲ့ ကျွန်မ မနားရဘူး။ ခရမ်းကတော့ သူ့လူတွေနဲ့ တောင်အောက်ကို အဆင်းအတက် နေ့တိုင်းလုပ်တယ်။ တောအုပ်ဘက်ကနေ ဆင်းတဲ့လမ်းကို ရုံးအဖွဲ့တွေ သိမသွားတာ ကံကောင်းတယ် ပြောရမယ်။ လိုအပ်တဲ့ ဆေးဝါးတွေကို တောင်အောက်ကို ဆင်းယူလို့ ရနေတယ်။ အရေးပေါ်လူနာတွေကို ဘိုသန်က လာလာ ကုပေးတယ်။ ဒါပေမယ့် တောင်ပေါ်မှာ ဆက်နေနေလို့ မဖြစ်ဘူး။ ဝင်းထဲမှာ ဆက်နေလို့ မရဘူး။ စိုက်ခင်းတွေ ပြန်ပြီး စိမ်းလန်းလာတယ်ဆိုရင်တောင်မှ.. ရုံးထဲကို လူတွေ ခေါ်ထားလို့ ရနေပြီ ဆိုရင်တောင်မှ.. တခြား လိုအပ်တဲ့ ပစ္စည်းတွေ အများကြီးရှိနေသေးတယ်။ ရေစက်က အခုထိ အလုပ်မလုပ်ဘူး။ စက်ရုံထဲမှာ လှောင်ထားတဲ့ရေတွေကို ချွေသုံးနေရတယ်။ ပြီးတော့ အာလူးစိုက်စားနေရုံနဲ့ တစ်ဝင်းလုံးက လူ ၂၀၀၀ ကျော်ကို ကျန်းမာအောင် ဘယ်လိုထားရမလဲ..။
တစ်ရက်တစ်ရက် ဘာမှ လုပ်စရာမရှိတဲ့ ဘ၀ကနေ မိုးလင်းမိုးချုပ်မနားရတဲ့ ဘ၀ကို ရောက်သွားတဲ့ ကိုယ့်ကိုယ်ကိုယ် အံ့ဩမိတယ်။ ပြီးတော့ အဖေ့ကို သတိရမနေတာကိုလည်း အံ့ဩတယ်။ အန်တီချိုတော့ တောင်အောက်မှာ ဘာတွေဖြစ်နေပြီလဲမသိ။ ကျွန်မကို စိတ်ပူနေမလား..။ ဒါမှမဟုတ် ရုံးသမားတွေနဲ့ အလုပ်ရှုပ်နေမလား။ ကျွန်မ အောက်ဆင်းလာမယ်ထင်ပြီး. စောင့်နေမလား..။ ထားပါတော့။
ကျွန်မ ကိုနေမင်းကို သတိရဖို့ ကြိုးစားကြည့်တယ်။ သူ့ခမျာ သေသာသေသွားရှာတယ် လွမ်းမယ့်သူ သိပ်မရှိဘူး မဟုတ်လား။ ဒါပေမယ့် ကျွန်မ အာရုံထဲမှာ ကိုနေမင်းရဲ့ မျက်နှာထက် မေနှင်း မျက်နှာက ပိုပြီး ပီပြင်နေတယ်။ တစ်ရက်တစ်ရက် ပင်ပန်းတဲ့အခါတိုင်း မေနှင်း မျက်နှာကို မြင်ယောင်ကြည့်တယ်။ သူနဲ့အလားတူ ဒုက္ခရောက်နေတဲ့ ဝင်းသမားတွေကို ကယ်တင်ရဦးမယ်။
(၂)
စိုက်ခင်းထဲမှာ မိန်းကလေးတစ်သိုက် အလုပ်ရှုပ်နေကြတယ်။ စက်ရုံထဲကတွေ့တဲ့ ပျိုးစေ့တွေကို စိုက်ဖို့ ခေါင်းခြောက်နေကြတယ်။ ကျွန်မ ပြောထားတဲ့အတိုင်း မြေကြီးကို မျဉ်းကြောင်းတွေသားပြီး လိုင်းတွေ တူးနေကြတယ်။ ယေက်ျားလေး/ငါးယောက်က မြေစိုင်ခဲတွေကို သယ်ထုတ်ပေးတယ်။ ဦးညိုကြီးက မြေဩဇာ အထုပ်တွေကို ဖောက်ပြီး ဘာတွေလုပ်မှန်းမသိ အလုပ်ရှုပ်နေတယ်။
ခုံတန်းလျားမှာထိုင်ရင်း ကျွန်မ သူတို့ကို ငေးကြည့်နေမိတယ်။ လက်ထဲမှာ ကိုင်ထားတဲ့ အသားဘူးကို ဖောက်ရင်ကောင်းမလား၊ ချန်ထားရမလား.. တစ်ယောက်ယောက်ကို ပေးလိုက်ရမလား စဉ်းစားနေတာ။
“အာလူးနဲ့လဲမလို့လား”
မေးလိုက်တဲ့အသံကြောင့် ကျွန်မ ဘေးကို လှည့်ကြည့်လိုက်တယ်။ လေးခရမ်း ကျွန်မ ဘေးမှာ ဝင်ထိုင်တယ်။ သူဝတ်နေကျ လက်ပြတ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီကိုပဲ ဝတ်ထားတယ်။ ကျွန်မ ရယ်လိုက်တယ်။ အသားဘူးကို သူ့ကို လှမ်းပေးလိုက်တယ်။
“ဒါနောက်ဆုံးကျန်တဲ့ ဘူးပဲ။ စားကြည့်လေ အစ်မ.. ခရမ်း..”
လေးခရမ်းက ရယ်တယ်။ အသားဘူးကို ပြန်တွန်းထုတ်တယ်။
“အစ်မခရမ်းလို့တော့ မခေါ်ပါနဲ့။ ခရမ်းလို့ကို မခေါ်နဲ့တော့”
ကျွန်မကြောင်သွားတယ်။
“ဘာဖြစ်လို့လဲ..”
“ကြယ်တံခွန်အဖွဲ့လည်း မရှိတော့ဘူး။ ခွန်ဖြူလည်း သေပြီ။ ဥက္ကဌလည်း သေပြီ။ နာမည်ဝှက်တွေလည်း မလိုတော့ဘူး”
အုံ့လာတဲ့မိုးကြောင့် ရာသီဥတုက ချမ်းစိမ့်စိမ့်ဖြစ်လာတယ်။ လေထဲမှာ မိုးအစအနတွေ ပါလာသလို စွတ်စိုနေတယ်။ ကျွန်မ လက်မောင်းနှစ်ဘက်ကို ကိုင်ပြီး ပွတ်လိုက်တယ်။
“ငါ့နာမည်.. အစ်မနာမည် မမမေ။ မမလို့ပဲခေါ်ပါ”
ကျွန်မ ရယ်ချင်သွားတယ်။
“အစ်မနာမည်ကြီးကလဲ.. မ မမ လို့ခေါ်ရမှာလား.. မသုံးလုံးတောင်”
မမက ရယ်တယ်။ သူရယ်တာကို ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး။ တော်တော်ကြည့်ကောင်းတာပဲ..။ မမက ကောင်းကင်ကို မော့ကြည့်ရင်း ပြောတယ်။
“မိုးရွာတော့မယ်”
ကျွန်မလည်း ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ ဟုတ်တယ်.. မိုးရွာတော့မယ်။
“အစ်မ.. ကိုနေမင်းကို သတိရနေမှာပဲနော်”
ကျွန်မ မေးခွန်းကိုကြားတော့ မမက မျက်နှာလွှဲသွားတယ်။ စိုက်ခင်းခြံစည်းရိုးဘက်ကို လှမ်းကြည့်ရင်း ကျွန်မကို လှည့်မကြည့်ဘဲ ဖြေတယ်။
“နေမင်းကိုသတိရတယ်။ ခွန်ဖြူ့ကိုလည်း သတိရတယ်။ သုံးဝါကိုလည်း သတိရတယ်။ ဒါပေမယ့် သတိရနေရုံနဲ့ မပြီးဘူး..”
မမက ထိုင်နေရာကနေ ထရပ်တယ်။
“အရေးကြီးတာက ဒီဝင်းထဲကလူတွေ အသက်ဆက်ရှင်ဖို့။ နောက်ထပ် ဥက္ကဌလို လူမျိုးပေါ်မလာဖို့”
သူ့စကားထဲမှာ သတိပေးတဲ့ လေသံသဲ့သဲ့ပါနေသလိုပဲ။ ကျွန်မ ခေါင်းညိတ်လိုက်တယ်။
“ဟုတ်.. ကျွန်မက ကျွန်မ အဖေ မဟုတ်ပါဘူး.. စိတ်မပူပါနဲ့”
မမက ခေါင်းညိတ်တယ်။ စိုက်ခင်းဘက်ကို တစ်ချက်လှမ်းကြည့်တယ်။ ကျွန်မကို ပြန်ကြည့်တယ်။ ဘာမှမပြောဘဲ လှည့်ထွက်သွားတယ်။
ကျွန်မ ထိုင်နေရာကနေ ထလိုက်တယ်။ လက်ထဲက အသားဘူးကို ထိုင်ခုံပေါ်မှာ ထားခဲ့လိုက်တယ်။
ရွာတော့မယ့် မိုးအတွက် ပြင်ဆင်ရဦးမယ်။
++++
THE END.
12-Dec-2019