အခန်း ၁
(၁)
အုတ်တံတိုင်း သံဆူးကြိုးပေါ်မှာ ကျီးကန်းတစ်ကောင် ငြိပြီး သေနေတယ်။ နှုတ်သီးတစ်ခြမ်း ပဲ့နေပြီ။ ဆူးကြိုးနဲ့လွတ်အောင် ရုန်းရင်းကန်ရင်း ပဲ့ထွက်သွားတာထင်တယ်။ စုတ်ပြတ်နေတဲ့ အတောင်ပံမှာရော ကိုယ်လုံးမှာပါ သွေးတွေပေနေတယ်။ အနက်ရောင်ပေါ်မှာမို့ သွေးစတွေကို သေသေချာချာ မမြင်ရပေမယ့် သွေးစိုနေတဲ့နေရာတွေက နေရောင်အောက်မှာ အရောင်တောက်နေတယ်။ မျက်လုံးက အရည်ခန်းပြီး ခြောက်ကပ်နေတယ်။ ကျီးကန်းအသေကို ကြည့်နေရင်း ကျွန်တော့်ခေါင်းထဲမှာ စိတ်တွက်တွက်နေမိတယ်။ တံတိုင်းက ၁၀ ပေ နီးပါးမြင့်တော့ တုတ်တစ်ချောင်း ရှာပြီး လှမ်းထိုးရင် မီနိုင်မလား..
“ဘာငေးနေတာလဲ။ မြန်မြန်။ ဂိတ်ပိတ်တော့မယ်ဟ”
ငမျိုးက ကျွန်တော့်ကို နောက်ကနေဆောင့်တွန်းရင်း ပြောတယ်။ ငမျိုးရဲ့ မည်းပြောင်နေတဲ့ အသားက နေထိုးလိုက်တော့မှ ပိုပြီးတောင် နက်သွားသေးတယ်။ ညနေခင်းအလင်းရောင်အောက်မှာ သူ့မျက်နှာ အမူအရာကို ဖမ်းမရဘူး။ စကားသံကတော့ စိတ်ပူတဲ့အသံ သမ်းနေတယ်။ သူ့လက်ထဲမှာ အဝတ်စုတ်နဲ့ချုပ်ထားတဲ့ အိတ်တစ်လုံး ကိုင်ထားတယ်။ အိတ်ကို ကျွန်တော့်မျက်နှာရှေ့ ထိုးပြပြီး ထပ်ပြောတယ်။
“အိတ်ပေါက်ပြီး လွတ်သွားရင် စောက်ပြဿနာတက်မယ်နော်။ ဒီနေ့ ဒါနဲ့ပဲ ဂိတ်ကြေးပေးရမှာ”
“မင်းဘာသာမင်း ဖင်ရှည်ပြီး အရှင်ဖမ်းလာတာလေ။ အသေပေးတော့ ဘာဖြစ်မှာမို့လို့လဲ”
“မင်းအဖေ ဂိတ်စောင့်က အသေဆိုရင် မယူချင်ဘူး။ အရင်တစ်ခေါက်က မမှတ်မိဘူးလား။ အထီးအမပါ ခွဲပြီး ကြည့်နေသေးတာ”
ကျွန်တော် ဘာမှပြန်မပြောတော့ဘဲ အုတ်တံတိုင်း အတိုင်း ဂိတ်ပေါက်ဘက်ကို ဆက်လျှောက်သွားလိုက်တယ်။ ငမျိုးပြောတာ ဟုတ်ပါတယ်။ ကြွက်အသေဆိုရင် လှောင်ထားလို့မရဘူးမဟုတ်လား။ အရှင်ဆိုတော့ လိုတော့မှ သတ်စားလို့ရတယ်။ ဒါကြောင့် ပိုတန်ဖိုးကြီးနေတာ။ ဒါပေမယ့် ကြွက်အရှင်ဖမ်းရတာ လွယ်တာမဟုတ်ဘူး။ မုန်တိုင်းအစပ်နားအထိ သွားပြီး ဖမ်းမှရတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းကတော့ ဝင်းအစပ်နားလောက် ထွက်လိုက်ရင် ကြွက်တွေ ပေါခြင်းသောခြင်းပဲ။ ဖမ်းစမ်း။ အခုတော့ တစ်နေကုန် လိုက်ရှာတာတောင် တစ်ကောင်တွေ့ဖို့ မလွယ်ဘူး။ မုန်တိုင်းနား သွားဖမ်းရတာ အသက်ကို ဖက်နဲ့ထုပ်ပြီး သွားရတာ။ အခန့်မသင့်ဘဲ သဲအစအနတွေ ပါးစပ်ထဲ၊ မျက်စိထဲဝင်သွားရင် သေပြီ။ မနှစ်က တစ်နှစ်တည်းမှာတင် သဲဆိပ်တက်ပြီး သေတဲ့သူ အယောက်နှစ်ဆယ်လောက်ရှိတယ်။ အခုဆိုရင် ဝင်းအပြင်ထွက်ရဲတဲ့သူ တော်တော်လေးကို ရှားသွားပြီ။ ကျွန်တော်တို့၊ ငမျိုးတို့လို မိုက်ကန်းတဲ့သူတချို့ကလွဲရင်ပေါ့။
ဂိတ်တံခါးနားရောက်တော့ နေက လုံး၀ဝင်သွားပြီ။ ဂိတ်ရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်မှာ တပ်ထားတဲ့ မီးလုံးဝါဝါတွေ လင်းနေပြီ။ ကျွန်တော်တို့ဝင်းရဲ့ အကောင်းဆုံ၊ အခမ်းနားဆုံးအရာကို ပြပါဆိုရင် ဒီဂိတ်တံခါးကိုပဲ ပြရမယ်။ အမြင့် ပေနှစ်ဆယ်ကျော်တယ်။ တံခါးတစ်ချပ်ကို ပေသုံးဆယ်လောက် ရှိမလားပဲ။ သံပြားအထပ်ထပ်နဲ့ ရက်ထားတဲ့ တံခါးချပ်တွေက သံချေးတက်ပြီး ညိုစိမ်းစိမ်းဖြစ်နေပေမယ့် ထည်ဝါနေတုန်းပဲ။ အရင်တုန်းက ဒီဝင်းဟာ ဘာလုပ်တဲ့နေရာလည်းဆိုတာ ဘယ်သူမှ မမှတ်မိတော့ဘူး။ နွားနို့စက်ရုံလို့ ပြောတာပဲ။ ဟုတ်မဟုတ်တော့ မသေချာဘူး။ နွားနို့ဆိုတာလည်း ကျွန်တော်တို့အနေနဲ့ ကြားပဲ ကြားဖူးတာ။ နွားတောင် မမြင်ဖူးတာ၊ နွားကထွက်တဲ့ နို့ဆိုတာ ပိုဝေးသွားပြီ။ တချို့ကလည်း ဒီဝင်းက အရင်တုန်းက သောက်ရေထုတ်တဲ့စက်ရုံတဲ့။ ကျွန်တော်ကတော့ ယုံလို့မရဘူး။ သောက်ရေကို ဘယ်လိုများ ထုတ်ကြသလဲ။ မိုးရွာရင် ရေရတာပဲ မဟုတ်လား။ ထားပါတော့။ ဒီဝင်းက အရင်တုန်းက ဘာဆိုတာ သေချာသိတဲ့သူတွေလည်း အကုန်သေကုန်ပြီလေ။ ဒါပေမယ့် တော်တော်ခမ်းနားကြီးကျယ်တဲ့ နေရာတစ်ခု ဖြစ်ခဲ့မှာတော့ သေချာတယ်။ တော်ရုံနေရာမှာ ဒီလိုဂိတ်မျိုး ဘယ်သူထားမလဲ။ မဟုတ်ဘူးလား။
ပိတ်ထားတဲ့ဂိတ်တံခါးကို ကြည့်ပြီး ငမျိုး စိတ်ပျက်လက်ပျက် ခေါင်းခါတယ်။ ကျွန်တော့်ကို အပြစ်တင်တဲ့ မျက်လုံးနဲ့ ကြည့်တယ်။ ကျွန်တော် ဘာမှပြန်မပြောတော့ ငမျိုး သက်ပြင်းချပြီး အိတ်ထဲက ကြွက်တစ်ကောင်ကိုဆွဲထုတ်လိုက်တယ်။ အိတ်ထဲက ကျန်ခဲ့တဲ့ ကြွက်တွေ ကျွီကနဲ အော်ကြတယ်။ ငမျိုးလက်ထဲ ပါလာတဲ့ကြွက်ကတော့ အသံမထွက်ဘဲ လက်တွေခြေတွေ ယမ်းပြီး ရုန်းတယ်။ ကြွက်ကို ဂိတ်မီးရောင်အောက်ထဲဝင်အောင် ထုတ်ပြလိုက်တော့ ဂိတ်အပေါ်မှာ တပ်ထားတဲ့ ကင်မရာက ငမျိုးနဲ့ ကျွန်တော် ရှိရာဘက်ကို လှည့်လာတယ်။ ကင်မရာရဲ့ ညကြည့် မီးနီက မကောင်းဆိုးဝါးတစ်ကောင်လို ရဲတောက်နေတယ်။ ငမျိုးက ကြွက်ကို ရမ်းပြပြီး အော်ပြောတယ်။
“အမှတ် ၂၄ နဲ့ ၃၂။ မျိုးဝင်းနဲ့ နေမင်းအောင်ပါ”
ကင်မရာက နောက်မှာတွဲထားတဲ့ ကြိုးတွေရဲ့ အကူအညီနဲ့ မြွေတစ်ကောင်လို တွန့်လိမ်ပြီး ဂိတ်တံခါးပေါ်ကနေ အောက်ကို ဆင်းချလာတယ်။ ကျွန်တော့်မျက်နှာရှေ့ရောက်တော့ ရပ်သွားတယ်။ မီးနီနဲ့ ကျွန်တော့်မျက်နှာကို ထိုးကြည့်တယ်။ ကင်မရာထဲက စကားသံ ထွက်လာတယ်။
“နေဝင်တာနဲ့ တံခါးပိတ်တယ်ဆိုတာ မင်းတို့ အခုထိ နားမလည်သေးဘူးလား”
မျက်စိကိုတည့်တည့်ထိုးတာတဲ့ မီးရောင်ကြောင့် ကျွန်တော် ဘာမှပြန်မပြောနိုင်ဘဲ ကြောင်တောင်တောင် ရပ်နေမိတယ်။ ငမျိုးက ကျွန်တော့်ကို တွန်းဖယ်ပြီး ကင်မရာရှေ့ကို ဝင်ရပ်တယ်။ လက်ထဲက ကြွက်ကို ထပ်ပြီး မြှောက်ပြရင်း ပြောတယ်။
“ဆရာကြီးကလည်း။ နေက အခုမှဝင်သွားတာပါ။ လုပ်ပါဗျ။ ဆရာ့အတွက် တစ်ကောင်သက်သက် ဖယ်ထားပြီးသား။ ဒီမှာ”
ကင်မရာက ငမျိုးလက်ထဲက ကြွက်ကို အနားတိုးပြီး ကြည့်တယ်။ ကင်မရာမီး နီရဲရဲအောက်မှာ ကြွက်မွေးတွေက သွေးရောင်သမ်းသွားတယ်။ မျက်လုံးသေးသေးရဲ့ သူငယ်အိမ်က ကျုံ့ဝင်သွားတယ်။ ကြွက်က ကျွီကနဲ တစ်ချက်အော်ပြီး ရုန်းတယ်။ ဒါပေမယ့် ငမျိုးရဲ့ အရိုးခြောက်သာသာ လက်ချောင်းတွေက ကြွက်ရဲ့ ကိုယ်လုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ ကင်မရာက ကျွန်တော်တို့ နှစ်ယောက်ရဲ့ မျက်နှာတွေကို တစ်လှည့်စီ ကြည့်တယ်။ ကင်မရာထဲက စကားသံ ထပ်ထွက်လာတယ်။
“နောက်တစ်ခါဆိုရင်တော့ မင်းတို့ အပြင်မှာပဲ သေကြ”
ကင်မရာ နောက်ပြန်ဆုတ်သွားပြီး ဂိတ်တံတိုင်းအပေါ်ဘက်ကို ပြန်တက်သွားတယ်။ ခဏကြာတော့ ဂျိမ်းကနဲ အသံမြည်ပြီး တံခါးနှစ်ချပ် ဖြည်းဖြည်းခြင်း ပွင့်လာတယ်။ တစ်လက်မခြင်း ပွင့်နေတဲ့ တံခါးသံက မိုးခြိမ်းသံ အလားပဲ။ ကျွန်တော်တို့နှစ်ယောက် သက်ပြင်းကိုယ်စီ ခိုးချပြီး ဝင်းထဲကို ဝင်လိုက်ကြတယ်။ ငမျိုးက ကျွန်တော့်ဘက်လှည့်ပြီး ဘာလဲမသိဘူး လှမ်းပြောတယ်။ ပြန်ပိတ်နေတဲ့ တံခါးသံကြောင့် သူပြောတာကို သေချာမကြားလိုက်ရဘူး။
(၂)
သံပုံးထဲကို ပြန်ရောက်တော့ မေနှင်းက ညစာစားဖို့ ပြင်နေပြီ။ ကျွန်တော်တို့ လင်မယားနေရတဲ့ သံပုံးက တခြားပုံးတွေနဲ့ ယှဉ်လိုက်ရင် တော်တော်လေး အနေချောင်ပါတယ်။ နှစ်ခြမ်းပိုင်းထားပေမယ့် ရှစ်ပေပတ်လည်လောက် ကျန်သေးတယ်လေ။ လင်မယားနှစ်ယောက်တည်းဆိုတော့ သိပ်ကျဥ်းလှတယ်လို့ မဟုတ်ဘူးပေါ့။ ဪ.. သံပုံးဆိုတာက.. ကွန်တိန်နာကို ပြောတာ။ ဒါပေမယ့် ကွန်တိန်နာလို့ ဘယ်သူမှ မခေါ်ကြတော့ဘူး။ သံပုံးလို့ပဲ အလွယ်ခေါ်ကြတယ်။ ကွန်တိန်နာလို့ ပြောလိုက်ရင် လူတွေက ကျွန်တော့်ကို ကြောင်တောင်တောင်နဲ့ ပြန်ကြည့်ကြတယ်။ ထားပါတော့။ အခု ကျွန်တော်တို့ လင်မယား ခွဲတမ်းရထားတဲ့ သံပုံးက အပေါက်အပြဲ နည်းတယ်။ ပြူတင်းပေါက်တော့ မပါဘူး။ အဝင်ဝကို သံပြားဟောင်းတစ်ချပ်နဲ့ပဲ ဖြစ်သလို ကာထားတယ်။ သံပုံးအလယ်မှာ တွဲလောင်းကျနေတဲ့ တစ်လုံးတည်းသော မီးသီးရှိတယ်။ သစ်သားပုံးနှစ်ပုံးဆင့်ပြီး လုပ်ထားတဲ့ စားပွဲခုံတစ်ခုံရှိတယ်။ အခန်းထောင့်မှာတော့ အဝတ်စုတ် အစအနတွေနဲ့ တွဲချုပ်ထားတဲ့ မွေ့ရာရှိတယ်။ နောက်မှ အဝတ်တွေ ထပ်ရှာပြီး မွေ့ရာကို ပိုထူအောင်လုပ်ရမယ်။ အခုလောလောဆယ်တော့ မနက်အိပ်ရာထတိုင်း လင်မယားနှစ်ယောက် ကျောအောင့်နေဦးမှာပဲ။ ဒါပေမယ့် ကျွန်တော်တို့ တော်တော်ကံကောင်းပါတယ်။ ငမျိုးတို့မိသားစုဆိုရင် သံပုံးထဲမှာ လေးယောက် ကြပ်သိပ်ပြီး နေရတာ။ ပြီးတော့ သူတို့ခွဲတမ်း ကျတဲ့ သံပုံးက တော်တော်စုတ်နေပြီ။ ထောင့်တွေမှာ သံချေးစားပြီး ပေါက်နေလို့ ဖာထေးထားရတယ်။ မိုးသည်းတဲ့အချိန်တွေဆိုရင် ရေတစက်စက်နဲ့။
“အစ်ကို အခု စားတော့မလား”
မေနှင်းက ကျွန်တော်ဝင်လာတာကို လှမ်းကြည့်ပြီး မေးတယ်။ စားပွဲပေါ်မှာ သစ်သားပြားတစ်ပြား ချထားတယ်။ သစ်သားပြားပေါ်မှာ အာလူး နှစ်လုံးက အခွံနွှာပြီး၊ ပြုတ်ပြီးသား။ အငွေ့တထောင်းထောင်းထလို့။ ကျွန်တော် လက်ထဲက အထုပ်ကို မေနှင်းဆီ ပစ်ပေးလိုက်တယ်။ အထုပ်က မေနှင်းရှေ့ ကြမ်းပြင်ပေါ်ကို ဖုတ်ကနဲ ကျသွားတယ်။ အထုပ်ထဲက တကျွီကျွီအသံတွေ ညံပြီးထွက်လာတယ်။ မေနှင်းက ကျွန်တော့်ကို အံ့ဩတဲ့ မျက်လုံးနဲ့ လှမ်းကြည့်တယ်။
“အစ်ကို အပြင်ထွက်ပြန်ပြီလား။ ဘာလုပ်တာလဲဟင်..”
ကျွန်တော်မေနှင်းဘေးမှာ ဝင်ထိုင်လိုက်တယ်။ ပင်ပန်းတဲ့ဒဏ်ကြောင့် ဖြစ်မယ်.. မေနှင်း တစ်ကိုယ်လုံးက ခြောက်သယောင်းနေတယ်။ ဆံပင်တွေ မွဲပြာကျနေတယ်။ လက်မောင်းတွေက မည်းပြီး ပိန်လှီနေတယ်။ မျက်နှာမှာ အညိုကွက်တွေ၊ အမည်းစက်တွေ ပြည့်နေတယ်။ မေနှင်းက ကျွန်တော့်ထက် အသက်အများကြီး ငယ်ပါတယ်။ ဒါပေမယ့် ရုတ်တရက်ကြည့်လိုက်ရင် ကျွန်တော်နဲ့ အသက် မတိမ်းမယိမ်းလို့ထင်ရတယ်။ ကျွန်တော် သူ့ဆံပင် မာမာခြောက်ခြောက်တွေကို လက်နဲ့ အသာသပ်လိုက်တယ်။
“ခဏပဲ ထွက်တာပါ။ ဘာမှမဖြစ်ဘူး။ စိတ်မပူနဲ့”
“ဘယ်လို စိတ်မပူဘဲ နေရမလဲ။ ဒီလောက်.. တစ်ချိန်လုံး လူတွေသေနေတာကို။ ဟိုဘက်ပုံးက တစ်အိမ်လုံး သေသွားတာ ဘာမှမကြာသေးဘူး။ အစ်ကို ညီမကို မုဆိုးမဖြစ်အောင် လုပ်နေတာလား”
ပြောနေရင်း မေနှင်းရဲ့အသံက တုန်လာတယ်။ ကျွန်တော် သူ့ဆံပင်တွေကို သပ်ပေးနေရာကနေ ထရပ်လိုက်ပြီး ကျွန်တော့် ခေါင်းမှာဆောင်းထားတဲ့ ခေါင်းစွပ်ကို ချွတ်လိုက်တယ်။ ခေါင်းစွပ် တစ်ခုလုံးက သဲစားတဲ့ ဒဏ်ကြောင့် အပေါက်အပေါက်တွေ ပွစာတက်နေပြီ။ မျက်စိနေရာကို ကာထားတဲ့ လေကာမှန်ကလည်း ဖာရာဗရပွနဲ့။ မိုးကာအင်္ကျီကို ချွတ်ဖို့လုပ်တော့ မေနှင်း ထရပ်ပြီး ကျွန်တော့်နားကို ရောက်လာတယ်။ အင်္ကျီကို ကူချွတ် ပေးတယ်။ ကျွန်တော့်ရဲ့ အရိုးငေါငေါဖြစ်နေတဲ့ ကိုယ်ခန္ဓာမှာ မိုးကာအင်္ကျီက သတ္တဝါတစ်ကောင်လို လုံးထွေးပြီး ရစ်ပတ်နေတယ်။ မေနှင်းက အင်္ကျီကို ခေါက်ပေးရင်း မျက်ရည်သုတ်တယ်။ ကျွန်တော် သက်ပြင်းချပြီး မေနှင်းကို ပြောလိုက်တယ်။
“နောက်နှစ်ဆိုရင် ကိုယ်တို့ ကလေးယူဖို့ အလှည့်ရပြီမဟုတ်လား။ အခုကတည်းက ချလံတွေ စုထားမှ ရမယ်။ မဟုတ်ရင် သုံးယောက်စာ ဘယ်လို စားမလဲ။ အခုတောင် နှစ်ယောက်လုံး မငတ်ရုံတမည်ဖြစ်နေတာ။ တစ်ရက် အာလူး ၄ လုံးနဲ့ ဘယ်လောက်ကြာကြာ ခံမလဲ။ ငတ်သေမှာပဲ”
“ဟုတ်ပါတယ်။ ဒါပေမယ့် အစ်ကို တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ညီမလည်း ရသမျှအလုပ် အကုန်လုပ်နေတာပဲ။ အထဲမှာတင် လုံလောက်အောင် ရှာလို့ရပါတယ်။ အပြင် မထွက်ပါနဲ့တော့”
“အေးပါ။ အခု တစ်ကောင်ထုတ်ပြီး ကင်ထားလိုက်။ တစ်ခြမ်းကို စားဖို့ထားလိုက်။ ကျန်တဲ့တစ်ခြမ်းကို မနက်ဖြန် ဘိုသန့်ဆီ သွားပေးရမယ်”
“အဲဒီလူကို ဆက်ကြေး အမြဲပေးနေရတော့မှာလား။ အဓိပ္ပာယ်မရှိတာ”
“သူ့ကို ပုံမှန် ဆက်သနေလို့ ဒီမီးလုံးက လင်းနေတာ” ကျွန်တော် အခန်းအလယ်က မီးသီးကို လက်ညှိုးထိုးပြရင်း ပြောလိုက်တယ်။ မေနှင်းက သက်ပြင်းချတယ်။ ကျွန်တော့်ကို အရှုံးပေးတဲ့ မျက်လုံးနဲ့ တစ်ချက်ကြည့်ပြီး မိုးကာအင်္ကျီကို နံရံမှာ ချိတ်တယ်။ ကြမ်းပြင်ပေါ်က အထုပ်ကို ယူပြီး ကြွက်တစ်ကောင်ကို ထုတ်လိုက်တယ်။ ရုန်းကန်ပြီး ပါလာတဲ့ ကြွက်ကို တင်းတင်းကိုင်ပြီး လည်ပင်းကို ချွတ်ကနဲ ချိုးလိုက်တယ်။ အခန်းထောင့်က ရေပုံးအလွတ်ထဲမှာ သစ်သားစတွေထည့်ပြီး မီးမွှေးတယ်။ ကြွက်ကို အရေခွံဆုတ်တယ်။
မေနှင်း အလုပ်ရှုပ်နေတုန်း ကျွန်တော် အမြန် ရေပတ်တိုက်လိုက်တယ်။ မိုးတွင်းမရောက်ခင်တော့ ရေချိုးဖို့ မဖြစ်နိုင်ဘူး။ ရေတစ်ပုံး ရဖို့တောင် မနည်း တန်းစီထားရတာ။ ကိုယ်လုံးမှာ ကပ်နေတဲ့ သဲအစအနတချို့ကို မေနှင်းမသိအောင် အမြန်တိုက်ချလိုက်ရတယ်။ အရေပြားကို ခြစ်ချသွားတဲ့ သဲစတွေရဲ့ အထိအတွေ့ကြောင့် ကြောက်စိတ်က ကျောရိုးထိပ်ကနေ အောက်အထိ တုန်ပြီး ဆင်းသွားတယ်..။ ဒီလောက်နဲ့တော့ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး စိတ်ဖြေလိုက်တယ်။
ရေပတ်တိုက်ပြီးတဲ့ အချိန်မှာ မေနှင်းက ကြွက်ကို ကင်ဖို့ စလုပ်နေပြီ။ ကျွန်တော် မေနှင်းနောက်ကိုသွားပြီး သူ့ခေါင်းကို တစ်ချက်နမ်းလိုက်တယ်။ မေနှင်းက လှည့်ကြည့်ပြီး ပြုံးပြတယ်။ သူ့အပြုံးဟာ ကျွန်တော် အချစ်ဆုံး အရာပဲ..။ ဒီလို စောက်တလွဲ ဘ၀ပျက်နေတဲ့ အချိန်မှာတောင် မနက်ဖြန်တွေကို ဆက်နေချင်စိတ်ပေါက်လာအောင် လုပ်ပေးနိုင်တာ ဒီအပြုံးပဲ ရှိမယ်..။
ကျွန်တော် အခန်းထောင့်က မွေ့ရာနားဆီကို သွားလိုက်တယ်။ မွေ့ရာကိုမပြီး ဖယ်လိုက်တော့ မွေ့ရာအောက်မှာ ပြားကပ်နေတဲ့ ချလံအထပ်က ပုံမပျက်ဘဲ ရှိနေသေးတယ်။ ချလံစာရွက်တိုင်းမှာ တံဆိပ်တုံး ထုထားတယ်။ တံဆိပ်တုံးအဝိုင်းပတ်ပတ်လည်မှာ “လေသာသောနေ့ဖြစ်ပါစေ” ဆိုတဲ့စာကြောင်းက ထင်ထင်ရှားရှားမြင်နေရတယ်။ စက်ဝိုင်းအလယ်မှာတော့ ငါးထောင့်ကြယ် သုံးလုံးနဲ့ အလံတံဆိပ်။ ချလံတွေကို ထိုင်ရေရင်း ကျွန်တော့်အတွေးက ညနေက မြင်ခဲ့တဲ့ ကျီးကန်းအသေဆီ ပြန်ရောက်သွားတယ်။ ကျီးကန်း တစ်ကောင်ဆိုရင် ချလံ ဘယ်နှရွက်ရမလဲ..။ ရုတ်တရက် ကျွန်တော့်ရဲ့ စိတ်ထဲမှာ ပိတ်ထားတဲ့ တံခါးတစ်ခု ပွင့်သွားတယ်။ အထပ်ထပ် ပိတ်ထားတဲ့ တံခါး..။ ပွင့်သွားတဲ့ တံခါးနဲ့အတူ မေ့ပစ်ထားတဲ့ ပုံရိပ်တွေ ကျွန်တော့် အာရုံထဲကို တဝုန်းဝုန်း ပြေးဝင်လာတယ်။ လူသေအလောင်း တစ်လောင်း.. ။ တံတိုင်းပေါ်မှာ မှောက်လျက်သား..။ သံဆူးကြိုးကို ဆုပ်ထားတဲ့ သွေးအလူးလူးနဲ့ လက်တွေ။ ခြောက်ပြီး မည်းစပြုနေတဲ့ မျက်လုံးတွေ..။ လန်ထွက်နေတဲ့ မျက်နှာအသားစတွေ..။
အခန်းတစ်ခုလုံး ပျံ့ပြီး မွှေးလာတဲ့ ကြွက်ကင်နံ့ကြောင့် အတွေးထဲက ပုံရိပ်တွေ ပျောက်သွားတယ်။ ကျွန်တော့်ရဲ့ ခွက်ဝင်နေတဲ့ ဗိုက်ထဲက အသံတချို့ခုန်ထွက်လာတယ်။ အဲဒီညက ကျွန်တော်တို့ လင်မယားနှစ်ယောက် ဗိုက်ပြည့်ပြီး ကောင်းကောင်းအိပ်ပျော်ကြပါတယ်။ အိပ်မက်တောင် မမက်ဖြစ်ဘူး။
+++
အပိုင်း ၂ ဆက်ဖတ်ရန် <<< click here