အခန်း (၂၁)
(၁)
မသေခင် စက္ကန့်ပိုင်းအလိုမှာ တစ်ဘ၀လုံးရဲ့ ပုံရိပ်တွေကို တဖျတ်ဖျတ် ပြန်မြင်ရတတ်သတဲ့။ ကျွန်တော် ကြားဖူးတယ်။ ဒါပေမယ့် ကျွန်တော့်မျက်စိထဲမှာ ဘာကိုမှ မမြင်သေးဘူး။ ကျွန်တော့်ဘ၀မှာ မှတ်လောက်သားလောက်စရာ အမှတ်တရတွေလည်း ဘာမှ မရှိခဲ့ဘူး။ တွယ်တာစရာ အားလုံးက ကျွန်တော့်ကိုထားပြီး ထွက်သွားခဲ့ကြပြီ။ ဒီကမ္ဘာမှာ ကျွန်တော် တစ်ယောက်တည်း။ ကျွန်တော်နဲ့.. ကျွန်တော့်ကို သတ်ဖြတ်ဖို့ အသင့်ဖြစ်နေတဲ့ သူစိမ်းတွေ..။
ကျွန်တော့်ဆီကို ပြေးလာနေတဲ့ လူတွေ။ သူတို့လက်ထဲက ကျောက်ခဲတွေ၊ တုတ်တွေ၊ ဓားတွေ..။ သူတို့မျက်လုံးထဲက တဝေါဝေါလောင်ကျွမ်းနေတဲ့ မောဟ အခိုးတွေ။ သူတို့ရဲ့နောက်မှာ.. တန်းစီကွင်းထဲမှာ သတ်ဖြတ်အော်ဟစ်နေကြတဲ့ လူအုပ်ကြီး။
ကျွန်တော် ရုံးတံခါးကို လက်နဲ့ထုတယ်။ ပါးစပ်ကနေ အော်တယ်။ ဒါပေမယ့် တံခါးနှစ်ချပ်က တင်းတင်းစေ့လျက်သား။ မတတ်သာတဲ့အဆုံးမှာ တံခါးကို ကျွန်တော် ကျောမှီလိုက်တယ်။ ပြေးလာနေတဲ့ လူတွေကို မျက်နှာမူတယ်။ လက်ထဲက သံချောင်းကို တင်းတင်းဆုပ်တယ်။
ကျွန်တော့်ကိုယ်ထဲမှာ ဘယ်အချိန်ကတည်းက ကိန်းအောင်းနေမှန်းမသိတဲ့ ဒေါသစိတ်တွေ တရုန်းရုန်းကြွလာတယ်။ လူဆိုတဲ့ သတ္တဝါဟာ ဒီလိုပဲလား။ ဒီအရိုင်းအစိုင်းတွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာမှာ ကျွန်တော် ဆက်နေစရာ အကြောင်း မရှိဘူး။ မျက်နှာတစ်ခုလုံး ခွက်ဝင်ပြီး သေနေတဲ့ ငမျိုးရဲ့ပုံရိပ်ကို ကျွန်တော် ပြန်မြင်လာတယ်။ ကူကယ်ရာမဲ့ အသတ်ခံခဲ့ရတဲ့ မေနှင်းရဲ့ အသံကို ကျွန်တော် ပြန်ကြားလာတယ်။ အခု ကျွန်တော်လည်း သူတို့နောက်ကို လိုက်ရတော့မယ်။ ဒါပေမယ့် ကျွန်တော် တစ်ယောက်တည်းတော့ မသွားနိုင်ဘူး။ ရသမျှ အကုန် ခေါ်သွားမယ်။ အကုန်..
ခဲလုံးတစ်လုံး ကျွန်တော့်မျက်နှာကိုကျော်ပြီး တံခါးကို ဒုန်းကနဲ လာမှန်တယ်။ နောက်တစ်လုံးက ကျွန်တော့် ခြေထောက်အတုကို မှန်တယ်။ ထောင်းကနဲ မြည်ပြီး ကျွန်တော် ယိုင်ကျသွားတယ်။ ဒီအတိုင်း ဆက်ရပ်နေရင်တော့ နောက်ထပ်လာမယ့် ခဲတွေ ကျွန်တော့် မျက်နှာကို၊ ခေါင်းကို မှန်တော့မယ်။
ကျွန်တော် လက်ထဲက သံချွန်ကို အသွားဘက်ကို ပြောင်းကိုင်လိုက်တယ်။ လက်ထဲမှာ တစ်ချက် ဆ,တယ်။ ပြေးလာနေတဲ့လူတွေထဲက အရှေ့ဆုံးက လူတစ်ယောက်ကို ချိန်တယ်။ လက်ကို လွှဲလိုက်တယ်။
သံချွန်က သူ့ရင်ဘတ်ကို တည့်တည့်ကြီး သွားစိုက်တယ်။ အဲဒီလူ ရင်ဘတ်ကို လက်နဲ့ဖိပြီး မှောက်လျက်သား လဲသွားတယ်။ နောက်က လိုက်လာတဲ့ လူတွေ တုန့်ကနဲ ဖြစ်သွားတယ်။ ဒါပေမယ့် ဘယ်သူမှ မရပ်ဘူး။ ပြေးလာနေရာကနေ အရှိန်လျှော့ပြီး တစ်လှမ်းချင်း လျှောက်လာကြတယ်။ လူနှစ်ဆယ်လောက် ရှိလိမ့်မယ်ထင်တယ်။ အားလုံး တိုက်သမားတွေချည်းပဲ။ အားလုံးရဲ့ မျက်လုံးတွေက ကျွန်တော့်ဆီမှာ ဘာလက်နက်များ ရှိဦးမလဲဆိုတဲ့ ပုံစံနဲ့ ကျွန်တော့်တစ်ကိုယ်လုံးကို ခြေဆုံးခေါင်းဆုံး အကဲခတ်နေတယ်။
ခါးကြားက သေနတ်ကို ကျွန်တော် သတိရသွားတယ်။ လက်နဲ့ အမြန်စမ်းတယ်။ သေနတ် မရှိတော့ဘူး။ စောစောက လဲကျတုန်းက လွင့်ထွက်သွားတာဖြစ်မယ်။ စက္ကန့်ပိုင်းလောက် လင်းကနဲ ဖြစ်သွားတဲ့ မျှော်လင့်ချက်.. ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်။ ဘာမှမရှိတော့တဲ့ အတူတူ ကျွန်တော် လက်သီးကိုပဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။
လူအုပ်ထဲက တစ်ယောက်က လမ်းလျှောက်နေရာကနေ ရုတ်တရက် ဟား.. ကနဲ အော်ပြီး ကျွန်တော့်ဆီကို ပြေးလာတယ်။ သူ့လက်ထဲမှာ တုတ်ချောင်းတစ်ချောင်း။ သံပိုက်လုံး ထင်တယ်။ ကျွန်တော် သတိအနေအထား ပြင်လိုက်တယ်။ သူ့လက်ထဲက သံပိုက်လုံးပေါ်ကို အာရုံတွေ အကုန်ပို့ထားလိုက်တယ်။ အခွင့်သာရင် အဲဒီ ပိုက်လုံးကို လုမယ်။ လူနှစ်ဆယ်မကလို့ နှစ်ရာပဲ ဖြစ်ဖြစ် ရသလောက် အကုန် ရိုက်ခွဲပစ်မယ်။ တုတ်မရှိရင် လက်နဲ့ သတ်မယ်။ လက်ကျိုးသွားရင် ပါးစပ်နဲ့ ကိုက်မယ်..။ ဖြစ်ချင်ရာဖြစ်…
ကျွန်တော့် ခေါင်းပေါ်ကနေ အရိပ်တစ်ရိပ် ဖြတ်သွားတယ်။ ကျွန်တော့် ရှေ့ကို လူရိပ်တစ်ခု ပြုတ်ကျလာတယ်။
ခရမ်း..
(၂)
ကျွန်တော့်ဆီကို ပြေးလာနေတဲ့လူ သူ့ရှေ့ကို ဘုတ်ကနဲ ပြုတ်ကျလာတဲ့ ခရမ်းကြောင့် လန့်ပြီး ယိုင်ထွက်သွားတယ်။ သူ့မျက်လုံးတွေက ခရမ်း ခုန်ချလာတဲ့ ရုံး၀ရန်တာပေါ်ကို လှမ်းကြည့်တယ်။ ၀ရန်တာနဲ့ မြေကြီး ဆယ့်ငါးပေလောက် လှမ်းလိမ့်မယ်။ သာမန်လူတစ်ယောက်ဆိုရင် အကျမတော်ရင် ခြေထောက် သွင်သွင် ကျိုးသွားနိုင်တယ်။ လေးခရမ်းကတော့ ဘာမှမဖြစ်သလို ဖုတ်ဖတ်ခါပြီး ပြန်ထတယ်။
“မင်းက ဘာလဲ.. ဘာဆိုင်လဲ။ ဖယ်စမ်း..”
စောစောကလူက လေးခရမ်းကို ခြိမ်းခြောက်တဲ့ လေသံနဲ့ အော်တယ်။ လက်ထဲက သံပိုက်လုံးကို လေထဲမှာ တရမ်းရမ်း လုပ်တယ်။ ခရမ်းက ဘာမှ ပြန်မဖြေဘူး။ အဲဒီလူကို စိုက်ကြည့်နေတယ်။ ကျွန်တော် ခရမ်းဆီကို သွားဖို့ ခြေထောက်ကို လှမ်းလိုက်တယ်။
စောစောကလူရဲ့ လက်ထဲက သံပိုက် လေထဲကို မြောက်တတ်သွားတယ်။ ဝီးကနဲ အသံနဲ့အတူ သံပိုက်က လေကိုခွဲပြီး ခရမ်းရဲ့ နားထင်စောင်းဆီကို အရှိန်နဲ့ ကျလာတယ်။ ကျွန်တော် ခရမ်းရဲ့ နာမည်ကို အော်ရင်း လှေကားရင်းကနေ ခုန်ဆင်းလိုက်တယ်။
ခရမ်းရဲ့ ခေါင်းနဲ့ သံပိုက်လုံးထိတဲ့အသံကို ကျွန်တော် စောင့်နေပေမယ့် ဖတ်ကနဲ အသံပဲ ထွက်လာတယ်။ သံပိုက်လုံးက ခရမ်းရဲ့ ဘယ်လက်ဖဝါးထဲကို ကွိကနဲ ဝင်သွားတယ်။ ခရမ်းက ပိုက်လုံးကို ဘယ်လက်နဲ့ ဖမ်းတယ်။ ညာလက်သီးနဲ့ ဟိုလူရဲ့ လည်စောင်းကို ထိုးတယ်။
ဂစ်ကနဲအသံနဲ့အတူ စောစောကလူ သံပိုက်လုံးကို လွှတ်လိုက်တယ်။ သူ့လည်ပင်းသူ ကမန်းကတန်း ဖမ်းကိုင်တယ်။ အသက်ရှူဖို့ကြိုးစားတယ်။ လေသံမထွက်လာဘဲ တခွီးခွီးအသံတွေပဲ ထွက်လာတယ်။ ခရမ်းက သူ့လက်ထဲကို ရောက်လာတဲ့ သံပိုက်လုံးကို ကျွန်တော့်ဆီ ပစ်ပေးတယ်။ ပိုက်လုံးကို ကျွန်တော် အမြန် လှမ်းဖမ်းလိုက်တယ်။
ခရမ်းက မပြီးသေးဘူး။ တခွီးခွီးဖြစ်နေတဲ့လူရဲ့ ဒူးခေါင်းရိုးကို သူ့ညာခြေထောက်နဲ့ ဆောင့်ကန်လိုက်တယ်။ ဂျွတ်ဆိုတဲ့ မကြားဝံ့မနာသာ အသံကြီးထွက်လာတယ်။ ဟိုလူရဲ့ ဒူးတစ်ခုလုံး အတွင်းဘက်ကို ပြောင်းပြန်ကျွံဝင်သွားတယ်။ ငယ်သံပါအောင် အော်လိုက်တဲ့သူ့အသံက စူးပြီး ထွက်လာတယ်။ နောက်က လိုက်လာတဲ့လူတွေအကုန် ကစဉ့်ကလျားတွေ ဖြစ်ကုန်တယ်။ အော်တဲ့သူက အော်တယ်။ ဟိုလူ့ ဒူးကျိုးထဲကနေ ငေါထွက်လာတဲ့ အရိုးဖွေးဖွေးကိုကြည့်ပြီး ဝေါ့ကနဲ အန်တဲ့သူက အန်တယ်။
လူအုပ်ထဲကနေ သတ္တိကောင်းပုံရတဲ့သူ သုံးယောက် အရှေ့ကိုထွက်လာတယ်။ နှစ်ယောက်က လက်ထဲမှာ ခဲလုံးခပ်ကြီးကြီးတွေ ကိုယ်စီ ကိုင်ထားတယ်။ တစ်ယောက်ရဲ့ လက်ထဲမှာက သံပြားကိုသွေးထားတဲ့ ဓားတစ်ချောင်း။
ဓားကိုင်ထားတဲ့လူက ပြောတယ်။
“ဥက္ကဌပြောသွားတာ မင်းမကြားဘူးလား။ ဒီကောင့်ကို သတ်ပေးတဲ့လူကို အောက်ကို ခေါ်သွားပေးမယ်ဆိုတာ။ အခု မင်းပါ ရောက်လာပြီဆိုတော့ အတော်ပဲ။ မင်းတို့ နှစ်ယောက်စလုံးကို သတ်ရင် ငါတို့အားလုံးကိုတောင် ခေါ်သွား..”
သူ့စကား မဆုံးခင်မှာ လေးခရမ်း လှစ်ခနဲ အရှေ့ကို လှမ်းလိုက်တယ်။ ဓားကိုင်ထားတဲ့လူနဲ့ ခရမ်းရဲ့ အကွာအဝေးက တစ်စက္ကန့်လောက်အတွင်းမှာ ရုတ်ကနဲ ဆွဲစေ့သွားတယ်။ ခရမ်းရဲ့ ဘယ်ဘက်ခြေထောက် မြောက်တက်သွားတယ်။ ဓားကိုင်ထားတဲ့လူရဲ့ လက်နဲ့ ခရမ်းရဲ့ ဖိနပ်ဦးနဲ့ ထိပ်တိုက်တွေ့တယ်။ ဓား လွင့်ထွက်သွားတယ်။ ဟိုလူက သူ့လက်ထဲမှာ မရှိတော့တဲ့ ဓားကို ကြောင်တောင်တောင်နဲ့ ငုံ့ကြည့်တယ်။ မြန်လွန်းလို့ ဘာဖြစ်သွားမှန်း သတိမဝင်သေးဘူး ထင်တယ်။ ဘာဖြစ်သွားသလဲဆိုတာကို သတိဝင်လာတဲ့ အချိန်မှာ နောက်ကျသွားပြီ။ ခရမ်းရဲ့ ညာဘက်တံတောင်ဆစ်က သူ့မေးရိုးကို ဖောင်းကနဲ ဝင်တိုက်တယ်။ လည်ထွက်သွားတဲ့ ခေါင်းနဲ့အတူ သူ့တစ်ကိုယ်လုံး မြေကြီးပေါ်ကို အဝတ်စုတ်တစ်ခုလို ပုံကျသွားတယ်။
ခဲလုံးကိုင်ထားတဲ့ လူနှစ်ယောက် ပျာယာခတ်သွားတယ်။ မြေကြီးပေါ်မှာလှိမ့်နေတဲ့ လူကို ကြည့်လိုက်၊ ခရမ်းကို ကြည့်လိုက်နဲ့ ဇဝေဇဝါတွေ ဖြစ်နေကြတယ်။ ကျွန်တော် လက်ထဲက သံတုတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ခရမ်းရဲ့ဘေးကို ပြေးကပ်တယ်။ အနားကို တိုးလာမလို့ ချောင်းနေတဲ့လူတွေကို တုတ်နဲ့ ရမ်းပြီး ခြောက်တယ်။
မြေကြီးပေါ်မှာ လိမ့်နေတဲ့လူ ကုန်းရုန်းပြီး ပြန်ထတယ်။ သူ့လက်ထဲက လွင့်ထွက်သွားတဲ့ ဓားကို လိုက်ရှာတယ်။ မလှမ်းမကမ်းမှာ ကျနေတဲ့ ဓားကိုတွေ့တော့ ကမန်းကတန်း ပြေးကောက်တယ်။ ဒါပေမယ့် ဓားဆီကို မရောက်လိုက်ဘူး။ ကျွန်တော် သူ့နားကိုပြေးသွားပြီး သူ့ကျောကုန်းကို သံတုတ်နဲ့ လွှဲရိုက်လိုက်တယ်။ ကျောရိုးနဲ့ သံတုတ်နဲ့ ထိတဲ့အရှိန်ကြောင့် ကျွန်တော့် လက်တွေပါ ကျင်တက်သွားတယ်။ ဟိုလူ မြေကြီးပေါ်ကို မှောက်လျက်ကြီး ပြန်လဲကျသွားပြန်တယ်။ ဒီတစ်ခါတော့ ပြန်ထမလာတော့ဘူး။
“ခင်ဗျားတို့ ရူးနေလား”
ကျွန်တော် သံကုန်ဟစ်ပြီး အော်လိုက်တယ်။
“ခင်ဗျားတို့ကို အဲဒီ ဥက္ကဌဆိုတဲ့လူက ခွေးလိုသဘောထားပြီး ဆက်ဆံနေတာ။ အဲဒါကို အခုထိ နားမလည်သေးဘူးလား”
ခရမ်းက ဘာမှ ဝင်မပြောဘူး။ ခြေနှစ်ချောင်းကို အသာချဲပြီး ရပ်နေတယ်။ နောက်ထပ် ကမူးရှူးထိုး ပြေးဝင်လာမယ့်သူတွေများ ရှိဦးမလား အသင့်အနေအထားနဲ့ စောင့်နေတယ်။ ဒါပေမယ့် ဘယ်သူမှ ရှေ့တိုးမလာဘူး။ လက်ထဲက လက်နက်တွေကို တဆဆလုပ်ရင်း ကျွန်တော်တို့ နှစ်ယောက်ကို စောင့်ကြည့်နေကြတယ်။ ကျွန်တော် ဆက်ပြောတယ်။
“ခင်ဗျားတို့အတွက် တိုက်ပွဲဝင်ပေးနေရင်း သေသွားတဲ့ ကြယ်တံခွန်အဖွဲ့သားတွေကို အားမနာဘူးလား။ အခု ရုံးထဲမှာ အဖမ်းခံထားရတဲ့ အဖွဲ့သားတွေကို သတိမရတော့ဘူးလား။ ကိုယ့် တစ်ဘို့စာပဲ ကြည့်တော့မှာလား။ ဒါဆိုလည်း ရတယ်။ လာ.. လာခဲ့.. သူသေကိုယ်သေ သတ်မယ်။ စောက်..”
ကျွန်တော့် စကားမဆုံးခင်မှာ လေးခရမ်းရဲ့ လက်တစ်ဘက် ကျွန်တော့် ပခုံးပေါ်ကို ရောက်လာတယ်။ ကျွန်တော့်ကို ဆတ်ကနဲ ဆွဲလှည့်တယ်။ တန်းစီကွင်းဘက်ကို လက်ညှိုးထိုးပြတယ်။
“ဟိုမှာ..”
ကျွန်တော် တန်းစီကွင်းဘက်ကို လှမ်းကြည့်လိုက်တယ်။
တန်းစီကွင်းထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ လူအုပ်ကြီး။ သူတို့ရဲ့ အနောက်ဘက်မှာ တလိပ်လိပ်လာနေတဲ့ သဲလိပ်တွေ။
(၃)
ပတ်ဝန်းကျင် လေထုက ချက်ခြင်းဆိုသလိုပဲ ခြောက်ကပ်သွားတယ်။ လေထဲက စွတ်စိုမှုတွေ ခဏလေးနဲ့ ပျောက်သွားတယ်။
ကျွန်တော် မုန်တိုင်းလာရာကို လက်ညှိုးထိုးပြလိုက်တယ်။ အားလုံး အနောက်ကို လှည့်ကြည့်တယ်။ ချက်ခြင်းဆိုသလိုပဲ အခြေအနေက ရှုပ်ထွေးသွားတယ်။ ကျွန်တော်နဲ့ ခရမ်းကို ဝိုင်းထားတဲ့လူတွေ ကစဉ့်ကလျား ဖြစ်ကုန်တယ်။ ရုံးဝင်းထဲကနေ အပြင်ဘက်ကို ဦးတည်ပြီး ပြန်ပြေးကြတယ်။ ဒူးကျိုးနေတဲ့သူနဲ့ ကျွန်တော့်လက်ချက်ကြောင့် မှောက်နေတဲ့လူ.. အဲဒီနှစ်ယောက်ကို လှည့်မကြည့်ဘဲ ထားခဲ့ကြတယ်။
တန်းစီကွင်းဆီကိုပြန်ကြည့်လိုက်တော့ ၀ရုန်းသုန်းကားဖြစ်နေတဲ့ လူအုပ်ကြီး လူစုကွဲသွားပြီ။ အားလုံးက လေကွယ်ရာဆီကို ပြေးနေကြပြီ။ ကွင်းထဲမှာ လဲကျနေတဲ့ အလောင်းတွေ မနည်းမနောပဲ။ ကြယ်တံခွန်တွေလား.. ပုံးသမားတွေလား.. တိုက်သမားတွေလား မသဲကွဲဘူး။
ကျွန်တော် နောက်ကို လှည့်ကြည့်တယ်။ နောက်မှာ ပိတ်ထားတဲ့ ရုံးတံခါး။
ရှေ့ဘက်ကို ပြန်လှည့်ကြည့်တယ်။ ကွင်းထဲကို တဝေါဝေါဝင်လာတဲ့ သဲမုန်တိုင်း။ စက္ကန့်ပိုင်းအတွင်းမှာ မုန်တိုင်းက ကျွန်တော်တို့ဆီကို ရောက်လာတော့မယ်။ ဘယ်ကို ပြေးရမလဲ။ ဘယ်နေရာမှာ ဝင်ခိုရမလဲ။
“လာ..”
ခရမ်းက ကျွန်တော့်လက်ကို ဆောင့်ဆွဲပြီး ရုံးဘက်ကို ပြန်ပြေးတယ်။ ကျွန်တော် ဒလိမ့်ခေါက်ကွေး ပါသွားတယ်။ လက်ထဲက သံပိုက်လုံး လွတ်ကျသွားတယ်။
ဘယ်ကိုသွားမှာလဲ.. ခရမ်းကို ကျွန်တော် အော်မေးတယ်။ ဒါပေမယ့် နောက်က လိုက်လာနေတဲ့ တဝေါဝေါအသံတွေကြောင့် စကားသံက လေထဲမှာတင် ဝပ်သွားတယ်။ ခရမ်းက ကျွန်တော့်ကို လှည့်မကြည့်ဘဲ အရှေ့ကနေ ဆက်တိုက်ပြေးတယ်။ ကျွန်တော့်လက်ကိုတော့ မြဲမြဲ ဆုပ်ထားတယ်။
ရုံးရဲ့ ဘေးဘက်ခြမ်းကိုရောက်တော့ ခရမ်းက ရုံးနံရံနားကို ပြေးကပ်တယ်။ လေကွယ်သွားတဲ့အတွက် တဝေါဝေါအသံတွေ ခဏ ငြိမ်ကျသွားတယ်။
“ရော့..ဒီမှာ”
ခရမ်းက ကျွန်တော့်လက်ထဲကို တစ်ခုခုထည့်ပေးတယ်။ ကျွန်တော် ကြည့်လိုက်တော့ ဝါယာကြိုး ခပ်တုတ်တုတ် တစ်ချောင်း။ ဝါယာကြိုးက ရုံးအပေါ်ခေါင်မိုးစွန်းပေါ်ကနေ ပြုတ်ကျနေတာ။
“ဒါက..”
“ငါစောစောက တက်သွားပြီး အပေါ်ကနေ ချထားတာ။ အဲဒီကြိုးကို မြဲမြဲကိုင်ထား..”
ခရမ်းက ပြောပြီး ရုံးနံရံမှာကပ်ထားတဲ့ ပိုက်လုံးတွေ၊ ပြတင်းပေါက်ဘောင်စွန်းတွေကို ကိုင်ပြီး ခုန်တက်သွားတယ်။ ခဏလေးအတွင်းမှာ ခေါင်မိုးပေါ်အထိ ရောက်သွားတယ်။ အပေါ်ကနေ ကျွန်တော့်ကို လက်ပြတယ်။
ကျွန်တော် ဝါယာကြိုးကို လက်ထဲမှာ လိမ်ပြီး ကိုင်လိုက်တယ်။ ခရမ်းက ကျွန်တော့်ကို အပေါ်ကနေ ဆွဲတင်တယ်။ ကျွန်တော့်ရဲ့ အာဟာရ မပြည့်တဲ့ ခန္ဓာကိုယ်ကို ဒီအချိန်မှာ ကျေးဇူးတင်ရမယ်။
(၄)
အပေါ်ရောက်တာနဲ့ လေးခရမ်းက ဝါယာကြိုးကို ခေါင်မိုးပေါ်ကို အကုန်ဆွဲတင်လိုက်တယ်။ နောက်ကလူတွေ လိုက်လာလို့မရအောင် လုပ်တဲ့ သဘော။ မုန်တိုင်းက အရှိန်ရစပြုနေပြီ။ သဲမှုန်တွေက ရုံးရဲ့ နံရံတွေကို တဝေါဝေါဝင်တိုက်နေတယ်။ ခေါင်မိုးပေါ်ကိုလည်း တဖြောင်းဖြောင်း လာကျတယ်။
“ဟိုမှာ.. အဲဒီကို ပြေး.. ပြီးရင် ခုန်ဆင်း..”
ခရမ်းက ခေါင်မိုးအလယ်တည့်တည့်လောက်မှာရှိတဲ့ ဇကာပိတ်ထားတဲ့ သံပုံးတစ်ပုံးကို လက်ညှိုးထိုးပြတယ်။ လေဝင်ပေါက်လား ဘာလားတော့ မသိဘူး။ ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ မျက်နှာနဲ့ လည်ပင်းကို လာတိုးတဲ့ သဲမှုန်တွေကို တတ်နိုင်သလောက် ခါချတယ်။ တစ်ကိုယ်လုံးအပြည့်ဖြစ်နေတဲ့ အမာရွတ်တွေရဲ့ ကျေးဇူးကြောင့် သဲဆိပ်တက်တဲ့ဒဏ်ကို သိပ်မခံစားရသေးဘူး။ ခရမ်းရဲ့ လက်မောင်းတွေကတော့ နီစပြုနေပြီ။ အသားတွေ ကွာချင်နေပြီ။
ခရမ်းက သံပုံးဆီကို အမြန်ပြေးသွားတယ်။ ဇကာကို ခြေထောက်နဲ့ ဆောင့်ကန်တယ်။ ပြုတ်ထွက်သွားတဲ့ ဇကာပေါက်ကို ဘေးမှာ ချတယ်။ အထဲကိုဝင်တယ်။ ကျွန်တော် သူ့နောက်ကနေ လိုက်ဝင်တယ်။
(၅)
ကျွန်တော်တို့ ရောက်သွားတဲ့အခန်းက အလင်းရောင်သဲ့သဲ့ပဲ ရှိတယ်။ နံရံမှာ မှိတ်ချည်လင်းချည်ဖြစ်နေတဲ့ မီးအနီတစ်လုံးကလွဲရင် ဘာမီးရောင်မှ မရှိ။ ခလုပ်တွေ တသီတတန်းကြီးတပ်ထားတဲ့ သံပုံးခပ်ကြီးကြီးတစ်ခု နံရံမှာချိတ်ထားတယ်။ အခန်းက တော်တော် ကျဉ်းတယ်။ အပြင်က လေသံတဝေါဝေါက အခန်းထဲမှာ ခပ်အုပ်အုပ်ပဲ ကြားရတော့တယ်။
ခရမ်းနဲ့ကျွန်တော် ကြမ်းပြင်ပေါ်မှာ ခဏဒူးထောက်ထိုင်ပြီး အမောဖြေတယ်။ ခရမ်းက သူ့လက်မောင်းမှာ ကပ်နေတဲ့ သဲစတွေကို ခါချတယ်။ မျက်နှာကို ပွတ်တယ်။
“ဒီနားမှာ.. ပါးပေါ်မှာ”
ကျွန်တော် သူ့ပါးပေါ်မှာကပ်နေတဲ့ သဲစတွေကို ခါချပေးတော့ ခရမ်းက ခေါင်းငုံ့သွားတယ်။ ကျွန်တော့်လက်ကို အသာဖယ်တယ်။
“ခင်ဗျားတို့ ဒီလူတွေကို.. အဲဒီ ဝင်းထဲကလူတွေကို ဘာဖြစ်လို့ ကယ်ချင်နေတာလဲ။ ကျွန်တော် စဉ်းစားလို့ကို မရဘူး”
ကျွန်တော် မေးလိုက်တော့ ခရမ်းက ဘာမှပြန်မဖြေဘဲ ကျွန်တော့်ကို ပြန်ကြည့်တယ်။ ကျွန်တော် ဆက်ပြောတယ်။
“အားလုံးက အစားတစ်လုပ်အတွက် သတ်ဖို့ဖြတ်ဖို့ ဝန်မလေးတဲ့သူတွေချည်းပဲ။ ခင်ဗျားတို့ကို ကျေးဇူးတင်မှာလည်း မဟုတ်ဘူး။ အခုပဲကြည့်။ ဥက္ကဌတစ်ခွန်းပြောလိုက်တာနဲ့ ခင်ဗျားတို့ကို ပြန်သတ်တာပဲ”
“ငါ့အလုပ်က အဲဒီမေးခွန်းတွေထုတ်ဖို့ မဟုတ်ဘူး”
“ဒါဆို ခင်ဗျားအလုပ်က ဘာလဲ”
“ခွန်ဖြူ့စကားကို နားထောင်ဖို့”
ကျွန်တော် ခေါင်းကို သွင်သွင်ခါလိုက်တယ်။
“မဟုတ်သေးဘူး ခရမ်း။ ခင်ဗျား.. ခင်ဗျား အရည်အချင်းနဲ့.. ခင်ဗျားခွန်အားနဲ့.. ဒီလူတွေနဲ့ ဒီဝင်းထဲမှာ ဘာမှ ဆက်နေနေစရာမလိုဘူး။ အောက်ကို အပြီးဆင်းသွားလို့ မရဘူးလား..။ ဘာလို့ ခွန်ဖြူ့ကို ဒီလောက် ကူညီပေးနေတာလဲ..”
ခရမ်းက ကျွန်တော့်ကို စေ့စေ့ စိုက်ကြည့်နေတယ်။ သက်ပြင်းချတယ်။ မတ်တပ်ထရပ်တယ်။
“ဒီမှာကြည့်..”
ခရမ်းက သူ့ဗိုက်ကို လှန်ပြတယ်။ ညိုပြီး တင်းရင်းနေတဲ့ ခရမ်းရဲ့ ခါးစပ်မှာ အမာရွတ်တစ်ခု။ အမာရွတ်က လက်ဖဝါးတစ်ဖြန့်စာလောက်တောင် ကြီးမလားမသိ။ အနာကျက်သွားတဲ့နေရာက အဖြူရောင် အမြှောင်းတွေက ခရမ်းရဲ့ အသားညိုညိုပေါ်မှာ ထင်းကနဲ ဖြစ်နေတယ်။
“ငါအဲဒီ ဒဏ်ရာရတုန်းက ငါ့အသက် ၁၃ နှစ်ပဲ ရှိသေးတယ်။ ငါ့ဗိုက်ကို ဓားနဲ့ ခွဲတာ ဘယ်သူလဲ သိလား..။ ဘယ်သူလို့ ထင်လဲ”
ကျွန်တော် ခေါင်းခါလိုက်တယ်။ ခရမ်းက ဟက်ကနဲ တစ်ချက်ရယ်တယ်။ လှန်ထားတဲ့ အင်္ကျီကို ပြန်ချတယ်။
“ငါ့အဖေ..”
“ဘယ်လို..”
ခရမ်းက စောစောက ခလုပ်တွေတပ်ထားတဲ့နေရာကို လျှောက်သွားတယ်။ ခလုပ်တစ်ခုချင်းစီကို သေချာလိုက်ကြည့်တယ်။ ကျွန်တော့်ကို လှည့်မကြည့်ဘဲ ပြောတယ်။
“တိုက်တန်းဘက်မှာ စကားပုံတစ်ခုရှိတယ်။ ခြောက်ပေပတ်လည် ရက်ခြောက်ဆယ်..တဲ့။ အဲဒီစကားပုံ နင်ကြားဖူးလား.. ကြားဖူးမှာပေါ့”
ကျွန်တော်ခေါင်းညိတ်လိုက်တယ်။ ငမျိုးပြောပြလို့ ကျွန်တော် အဲဒီ စကားပုံကို ကြားဖူးတယ်။ တိုက်တန်းဘက်မှာ နေစရာနေရာ အင်မတန် ရှားတယ်။ ဒီတော့ ဆယ်ပေပတ်လည် အခန်းတွေခွဲ။ မိသားစု သုံးလေးစု စုပြုံပြီး နေရတယ်။ ဒါပေမယ့် အခန်းကို အစိတ်စိတ် အပိုင်းပိုင်း ခွဲရတာ များလာတဲ့အခါ ဆယ်ပေပတ်လည်ကနေ ကိုးပေပတ်လည် ဖြစ်လာတယ်။ ကိုးပေပတ်လည်ကနေ ရှစ်ပေ.. အဲဒီကနေ ခြောက်ပေ ပတ်လည်လောက်ပဲ ကျန်တဲ့အခါ အခန်းရယ်လို့တောင် ပြောလို့မရတော့ဘူး။ အကုန်လုံး စုပြုံတိုးဝှေ့ပြီး နေကြရတော့တာပဲ။ အဲဒီမှာ စပြီး ပြဿနာတွေ တက်ကြတယ်။ ရောဂါတွေ ကူးတယ်။ အသက်တောင် ကောင်းကောင်း ရှူမရတဲ့အထိ ဖြစ်လာတယ်။ အဲဒါကြောင့် ခြောက်ပေပတ်လည် အထိ ကျဉ်းသွားပြီဆိုရင် အဲဒီအခန်းထဲကလူတွေ ကြာကြာမခံဘူ။ မုဒိမ်းမှုတွေ ပိုများလာတယ်။ မိန်းကလေးတွေ မကြာခဏ စော်ကားခံရတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း တစ်ယောက်ပြီး တစ်ယောက် သေကြတော့တာပဲ။ ရောဂါကြောင့် သေတဲ့သူတွေ ရှိသလို သည်းမခံနိုင်လို့ အသတ်ခံရတဲ့သူတွေလည်း ရှိတယ်။ အစုံပဲ။ အဲဒီမှာ ရက်ခြောက်ဆယ်ပဲခံတယ် ဆိုတဲ့ စကားပုံ တွင်သွားတာပဲ။
“ငါတို့အခန်းက ခြောက်ပေပတ်လည်ထက်တောင် ကျဉ်းသွားတယ်။ ညအိပ်ရင် ခွေခေါက်ပြီး အိပ်ရတဲ့အထိ ဖြစ်လာတယ်။ အဝတ်တွေ၊ ကြိုးတွေနဲ့ ကာထားပေမယ့် ခြေထောက်တွေ လက်တွေ မလွတ်တော့ဘူးလေ။ ဒီတော့ ဟိုဘက်ခန်း ဒီဘက်ခန်း ခြေတင်ခေါင်းတင် အိပ်ရတော့တာ။ အဲဒီမှာ.. ငါတို့နဲ့ ကပ်လျက်အခန်းမှာ သားအမိ နှစ်ယောက်နေတယ်။ အမေကတော့ အသက်ကြီးပါပြီ။ ဒါပေမယ့် သမီးလုပ်တဲ့သူက တော်တော် ငယ်သေးတယ်။ အလွန်ဆုံး အသက် အစိတ်ပေါ့..”
ကျွန်တော် ဘာမှ ဝင်မပြောဘဲ ခရမ်းပြောတာကို နားထောင်နေလိုက်တယ်။ စိတ်ထဲမှာတော့ ကျွန်တော်နဲ့ မေနှင်းနေခဲ့ရတဲ့ သံပုံးလေးကို သတိရတယ်။ ဘယ်လိုပဲပြောပြော.. ကျွန်တော်တို့နှစ်ယောက်ရဲ့ ဘ၀က နေသာခဲ့ပါတယ်..။ ခရမ်းတို့နဲ့ ယှဉ်ရင်..
“တစ်ညကျတော့ အဖေက အဲဒီကောင်မလေးရဲ့ ခြေထောက်ကို ကိုင်တယ်။ သူ့ထမီကို ဆွဲလှန်တယ်။ ဟိုကိုင်ဒီကိုင် လုပ်တယ်။ ငါ့ကို အိပ်နေပြီထင်ပြီး လှည့်မကြည့်ဘူး။ ဒါပေမယ့် ငါ.. အကုန်မြင်နေရတယ်။ ကောင်မလေးက ကြောက်ပြီး ဆောင့်ကန်တယ်.. “
လေးခရမ်းရဲ့ အသံ တဖြည်းဖြည်း ကျယ်လာတယ်။ မာလာတယ်။
“အဖေက အတင့်ရဲပြီး အဲဒီသားအမိနဲ့ ငါတို့အခန်းကြားကို ကာထားတဲ့ အဝတ်စကိုပါ ဖြုတ်ဖို့ကြိုးစားတယ်။ ဟိုဘက်ကိုရောက်ရင် ဘာလုပ်မလို့လဲတော့ နင်လည်း မှန်းလို့ရမှာပါ..။ အဲဒီမှာ.. ငါ အဖေ့အိပ်ယာခင်းအောက်မှာ ထားထားတဲ့ ဓားကိုယူပြီး အဖေ့ကျောကို စိုက်ချလိုက်တယ်”
ကျွန်တော် မတ်တပ်ထရပ်လိုက်တယ်။ ခရမ်းနားကို လျှောက်သွားလိုက်တယ်။ သူ့ပခုံးပေါ်ကို ကျွန်တော့်လက်ကို တင်လိုက်တော့ ခရမ်းက မရုန်းဘူး။ ဒါပေမယ့် ကျွန်တော့်ကို လှည့်မကြည့်သေးဘူး။ ဆက်ပြောနေတယ်။
“ငါကအဲဒီတုန်းက ကလေးဆိုတော့ .. ငါ့အားက မပြင်းဘူးလေ။ ဓားသွားက အဖေ့ကျောကို ခြစ်ရုံပဲ ခြစ်မိတယ်။ အဲဒီမှာ.. အဖေက ပြန်လှည့်ပြီး ငါ့ကို လည်ပင်းညှစ်တယ်။ ငါ့လက်ထဲက ဓားကို ဆွဲလုတယ်။ ငါ့ပါးစပ်ကို လက်နဲ့ပိတ်တယ်။ ပြီးတော့.. ငါ့ဗိုက်ကို ဓားနဲ့ ထိုးတယ်”
ကျွန်တော် ဘာပြန်ပြောရမှန်း မသိဖြစ်နေတယ်။ မေးမိတာကိုလည်း တော်တော် နောင်တ ရသွားတယ်။
“ဘေးကအိပ်နေတဲ့လူတွေ ဘာမှ ထမလုပ်ဘူးလား..”
ခရမ်းက ရယ်တယ်။
“ဘာလုပ်ရမှာလဲ။ အကုန်လုံးက အခန်းထဲကလူတွေ မြန်မြန် သေပါစေ ဆိုပြီး ဆုတောင်းနေတဲ့သူတွေချည်းပဲ။ အဲဒါမှ ချောင်ချောင်ချိချိ နေလို့ရမှာလေ။ ဟုတ်တယ်မဟုတ်လား..။ ထားပါတော့..။ အဖေက ငါ့ကို တစ်ခါတည်း အသေထိုးသတ်တာ။ ဗိုက်ကို ခွဲပစ်တာ။ ခွန်ဖြူက ပြန်ပြောပြတယ်.. သူငါ့ကို မြောင်းထဲမှာ တွေ့တော့ ငါ့ဗိုက်ထဲက အူတစ်ဝက်လောက်က အပြင်ရောက်နေပြီတဲ့..”
“ရတယ်..ခရမ်း။ ဆက်မပြောနဲ့တော့။ ကျွန်တော် မေးမိတာ တောင်းပန်..”
ခရမ်းက လက်ကာပြတယ်။
“ခွန်ဖြူက ငါ့ကို တောင်အောက်ကို ခေါ်သွားတယ်။ ဒဏ်ရာပျောက်အောင် ကုပေးတယ်။ တောင်အောက်က စခန်းမှာပဲ ငါ ကြီးလာတာ။ ခွန်ဖြူ့လက်ပေါ်မှာ အရွယ်ရောက်လာတာ..။ ဒါဆို နင်သဘောပေါက်ပြီလား.. ငါဘာဖြစ်လို့ ခွန်ဖြူ့စကားကို တသွေမတိမ်းနားထောင်နေသလဲ နင်နားလည်ပြီလား”
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
“ခင်ဗျား အဖေ.. သူအခု ဘယ်မှာလဲ”
ခရမ်းက ပခုံးတွန့်တယ်။
“ငါ တောင်အောက်ရောက်သွားပြီး မကြာဘူး သေတာပဲ။ အသတ်ခံရတာ။ မထူးဆန်းပါဘူး.. သူ့လိုလူ ဘယ်ကြာကြာခံပါ့မလဲ”
ကျွန်တော် သက်ပြင်းချလိုက်တယ်။ ခရမ်းရဲ့ ဇာတ်လမ်းကို နားထောင်ပြီး တော်တော် မောသွားတာ။ ရောက်နေတဲ့ နေရာကိုတောင် မေ့သွားတယ်။ သဲမုန်တိုင်းက အခုမှ အရှိန်ကောင်းလာပြီး အသံတွေ ပိုဆူလာတယ်။ ကျွန်တော်တို့ ဆင်းလာခဲ့တဲ့ အပေါက်ကနေ သဲမှုန်တွေ ကြမ်းပြင်ပေါ်ကို တဖြောင်းဖြောင်း ကျနေတယ်။
“အခု ကျွန်တော်တို့ ဘာဆက်လုပ်မှာလဲ”
ခရမ်းက နံရံပေါ်က ခလုပ်တွေကို တစ်ခုချင်း လိုက်ပိတ်တယ်။ ပြန်ဖွင့်တယ်။ အခန်းထဲက မီးလုံး ပိတ်လိုက် ဖွင့်လိုက် ဖြစ်သွားတာကလွဲရင် ဘာမှ ထူးထူးခြားခြား ဖြစ်မလာဘူး။ ခရမ်းက ခေါင်းခါတယ်။
“ဒီအခန်းထဲမှာ ဘာမှမရှိဘူး။ အရင်တုန်းကတော့ ဒီအခန်းက ပင်မလေအေးပေးစက်တွေကို အဖွင့်အပိတ်လုပ်တဲ့အခန်း။ အခုတော့ အလုပ်မလုပ်တော့ဘူး။ ထိန်းချုပ်ရေးအခန်းက အောက်ထပ်မှာ။ ခွန်ဖြူတို့ကိုလည်း အောက်မှာပဲ ဖမ်းထားတာ ဖြစ်ဖို့များတယ်။ အဲဒီကို သွားရမယ်”
ကျွန်တော် လက်ဝါးနှစ်ဘက်ကို ဖြန့်လိုက်တယ်။
“ဒါပေမယ့် ကျွန်တော်တို့မှာ ဘာလက်နက်မှ မရှိဘဲ.. ဘယ်လိုသွားမလဲ။ သူ့အစောင့်တွေအကုန်လုံးက သေနတ်တွေနဲ့ မဟုတ်လား”
ခရမ်းက ပြုံးတယ်။
“အစောင့်တွေဆီမှာ သေနတ်တွေရှိတာတော့မှန်တယ်။ ဒါပေမယ့် အဲဒီကောင်တွေက သေနတ်တောင် ပစ်ဖူးကြရဲ့လား မသိဘူး။ သူတို့တွေအကုန်လုံး သေနတ်တကိုင်ကိုင်နဲ့ လျှောက်သွားနေတာပဲ ရှိတာ။ သေနတ်ပစ်လေ့ကျင့်တာလည်း မကြားဖူးဘူး။ တော်ရုံကိစ္စတွေမှာလည်း သေနတ်ထုတ်သုံးတာ မတွေ့ဘူး။ ငါထင်တာတော့ သူတို့ဆီမှာ ကျည်ဆံ အလုံအလောက် မရှိဘူးထင်တယ်။ ပြီးတော့ လက်ထဲမှာ သေနတ်ကိုင်ထားတိုင်း ကြောက်စရာ မလိုပါဘူး။ ဒီမှာ ငါ့လက်ကို ကြည့်”
ခရမ်းက ကျွန်တော့်မျက်နှာရှေ့မှာ လက်သီးဆုပ်ပြတယ်။
“ဒီလက်သီးနဲ့ လည်မျို၊ ဒါမှမဟုတ် နားထင်ကို မိမိရရ ထိုးနိုင်ရင် သေတာပဲ။ သေနတ်မလိုဘူး။ ကျည်ဆံမလိုဘူး”
ကျွန်တော် ရယ်လိုက်တယ်။
“ခင်ဗျားကတော့ ဟုတ်တာပေါ့.. ဘယ်နှစ်နှစ်လောက် ကျင့်ထားသလဲမှ မသိတာ။ ကျွန်တော်ကတော့ အဲဒီလောက် မဖြစ်နိုင်သေးဘူး။ လက်သီးနဲ့ထိုးဖို့နေနေသာသာ လမ်းတောင် မနည်းလျှောက်နေရတာ။ ပြီးတော့ ခင်ဗျားပေးထားတဲ့ သံချွန်လည်း ပျောက်သွားပြီ”
ခရမ်းက မျက်ခုံးပင့်တယ်။
“ငါ့အနားမှာသာနေ.. ငါ့တာဝန်ထား”
ကျွန်တော် နည်းနည်းတော့ အားငယ်သွားတယ်။ မိန်းကလေးတစ်ယောက်ကို အားကိုး နေရတဲ့ ကိုယ့်ဘ၀ကိုယ် တော်တော် သနားသွားတာလည်း ပါတယ်။ ခရမ်းက ပျက်သွားတဲ့ ကျွန်တော့်မျက်နှာကိုကြည့်ပြီး ပြောတယ်။
“ငါးနီ.. နင့်ကိုယ်နင် အဲဒီလောက် အထင်မသေးနဲ့လေ။ ငါတို့အားလုံး နင့်ကို မျှော်လင့်ထားတာ.. နင့်အပေါ်မှာ အားထားထားတာ.. အလကား မဟုတ်ဘူး..”
ကျွန်တော် သက်ပြင်းချလိုက်တယ်။ သူတို့တတွေ မြင်ပြီး ကျွန်တော် မမြင်ရတဲ့ ကျွန်တော့်ရဲ့ အားသာချက်က ဘာလဲ။ ကျွန်တော့် ခွန်အားက ဘယ်မှာလဲ။ ခရမ်းက အခန်းတံခါးဆီကို လျှောက်သွားတယ်။ တံခါးကို ဖွင့်တယ်။ အပြင်ကို ခေါင်းထုတ်ကြည့်တယ်။ ကျွန်တော့်ကို လက်ယပ်ခေါ်တယ်။ ကျွန်တော် သူ့နောက်ကို လိုက်သွားလိုက်တယ်။
(၆)
ရုံးအပေါ်ထပ် ကော်ရစ်ဒါက မနက်တုန်းကလို မှောင်မည်းမနေတော့ဘူး။ လင်းထိန်နေတဲ့ မီးရောင်အောက်မှာ ရုံးရဲ့ ခန်းနားမှုက ထင်းထင်းလင်းလင်း ပေါ်လာတယ်။ မျက်စိတဆုံး ရှည်လျားတဲ့ ကော်ရစ်ဒါ။ ဘေးတစ်ဘက်တစ်ချပ်ဆီမှာ စီတန်းနေတဲ့ အခန်းပေါင်းများစွာ။ အပေါ်ထပ်မှာ ရှင်းလင်းနေတယ်။ အစောင့်တွေ မတွေ့ရဘူး။ ဒါပေမယ့် ခရမ်းနဲ့ ကျွန်တော် အရမ်း အတင့်မရဲရဲသေးဘူး။ ခြေကို ဖွပြီး နံရံကိုကပ်ပြီး အောက်ကိုဆင်းတဲ့ လှေကားဆီကို ဖြည်းဖြည်းချင်း လျှောက်သွားတယ်။
လှေကားထိပ်ကိုရောက်တော့ ခရမ်း ရပ်သွားတယ်။ ကျွန်တော့်ကို လက်ကာပြတယ်။ တိတ်တိတ်နေဆိုတဲ့ပုံစံနဲ့ အချက်ပြတယ်။ လှေကားအောက်ကို လက်ညှိုးထိုးပြတယ်။ ကျွန်တော် ခရမ်းနားကို ကပ်သွားပြီး သူ့ကိုကျော်ကြည့်လိုက်တယ်။
လှေကားအောက်မှာ.. ရုံးအဝင် တံခါး၀မှာ မတ်တပ်ရပ်နေတဲ့ အစောင့်နှစ်ယောက်။ လက်ထဲမှာ သေနတ်ကိုယ်စီ ကိုင်ထားတယ်။ စက်သေနတ်တွေ။ သစ်သားတစ်ဝက်၊ သံတစ်ဝက်နဲ့ လက်တစ်ဘက်စာလောက် ရှည်တဲ့ သေနတ်တွေ။
ခရမ်းက ဖိနပ်တစ်ဘက်ကို ချွတ်တယ်။ ကျွန်တော့်ကို အနောက်ဆုတ်ခိုင်းတယ်။ ကျွန်တော် သူနဲ့ သုံးလေးလှမ်းအကွာလောက်ကို ဆုတ်လိုက်တယ်။ ခရမ်းက လက်ထဲက ဖိနပ်ကို လှေကားထိပ်ဆီ ပစ်လိုက်တယ်။
လေသံအုပ်အုပ်ကလွဲရင် တိတ်ဆိတ်နေတဲ့ ရုံးခန်းထဲမှာ ခရမ်းရဲ့ ရှူးဖိနပ် ဒေါက်ကနဲ ပြုတ်ကျတဲ့အသံက ဟိန်းပြီးထွက်လာတယ်။
အောက်ထပ်က အစောင့်နှစ်ယောက်ဆီက စကားသံတွေ ထွက်လာတယ်။ ပီပီသသတော့ မကြားရဘူး။
ကျွန်တော် အသက်ကို ပြင်းပြင်းရှူပြီး ပြန်မထုတ်ဘဲ အောင့်ထားလိုက်တယ်။ အပေါ်ထပ်ကို ပြေးပြီး တက်လာမယ့် ခြေသံတွေကို စောင့်နေလိုက်တယ်။
ဒါပေမယ့် ခြေသံတွေအများကြီး ကြားရမယ့်အစား လူတစ်ယောက်တည်း တက်လာတဲ့ ခြေသံကိုပဲ ကြားရတယ်။ လှေကားအတိုင်း တဒေါက်ဒေါက်နဲ့ တက်လာတဲ့ ခြေသံ။ ကျွန်တော် နံရံနဲ့ ကျောကို တသားတည်းဖြစ်အောင် ကပ်လိုက်တယ်။ ခရမ်းကလည်း နံရံနဲ့ ကျောနဲ့ ဖိပြီး ကပ်ထားတယ်။ လှေကားဘက်ဆီကို ခေါင်းကို လှည့်ထားတယ်။
ကော်ရစ်ဒါထောင့်ကနေ အစောင့် ဘွားကနဲ ပေါ်လာတယ်။ ရုတ်တရက် သူ ကျွန်တော်တို့ကို မမြင်ဘူး။ ခရမ်းပစ်ချထားတဲ့ ဖိနပ်ကို ငုံ့ကြည့်နေတယ်။ သူခေါင်းပြန်အမော့မှာ သူ့ကို စိုက်ကြည့်နေတဲ့ ခရမ်းကို တွေ့လိုက်ရတယ်။ အစောင့်ရဲ့ မျက်လုံးတွေ ပြူးသွားတယ်။ လက်ထဲက သေနတ် လေထဲကို မြောက်တက်လာတယ်။ ပါးစပ်က တစ်ခုခု အော်မလို့ ဟ.. လာတယ်။
လေးခရမ်း အစောင့်ရဲ့ သေနတ်ပြောင်းကို ဆောင့်ဆွဲလိုက်တယ်။ အစောင့် အရှေ့ကို ငိုက်ပြီး ပါလာတယ်။ ငိုက်ကျလာတဲ့ အစောင့်ရဲ့ ခေါင်းကို ခရမ်းက လက်နဲ့ အုပ်ပြီးကိုင်တယ်။ ဒူးခေါင်းနဲ့ အစောင့်ရဲ့ မေးစေ့ကို ဆောင့်တိုက်လိုက်တယ်။
တစ်ခုခု ကျိုးသွားတဲ့၊ ကွဲသွားတဲ့အသံ။ အစောင့်ပါးစပ်က အု..ဆိုတဲ့ လေသံ ထွက်လာတယ်။ ပါးစပ်က သွေးတွေ ကြမ်းပြင်ပေါ်ကို ပက်ကနဲ ဖြာကျတယ်။ ခွေခေါက်သွားတဲ့ အစောင့်ရဲ့ ခန္ဓာကိုယ်ကို ခရမ်းက ခြေထောက်နဲ့ ဆောင့်ကန်လိုက်တယ်။
အစောင့်က ကျွန်တော့်ထက် ပေါင် ၂၀ လောက် ပိုလေးလိမ့်မယ်။ ဝတ်ထားတဲ့ ဝတ်စုံကလည်း တော်တော်လေးမယ့်ပုံပဲ။ ခရမ်းရဲ့ ကန်ချက်ကြောင့် သူ့တစ်ကိုယ်လုံး လှေကားပေါ်ကနေ လန်ကျသွားတယ်။ လှေကား အထစ်သုံးဆယ်မှာ အထစ်နှစ်ဆယ်လောက်အထိ နောက်စေ့နဲ့၊ ကျောနဲ့၊ လှေကားထစ်တွေနဲ့ တစ်ထစ်ချင်း တိုက်မိပြီး လျှောကျသွားတယ်။ တဒုန်းဒုန်းအသံတွေ ခန်းမတစ်ခုလုံး ဆူညံသွားတယ်။ ကော်ရစ်ဒါ တစ်ခုလုံး ဟိန်းသွားတယ်။
ကျွန်တော် လှေကားထိပ်ကို အမြန်ပြေးသွားလိုက်တယ်။ အောက်တံခါး မှာစောင့်နေတဲ့ အစောင့်က လှေကားပေါ်ကနေ ခွေးကျကျလာတဲ့ သူ့အဖော်ကို ကြောင်ကြည့်နေတယ်။ လှေကားထိပ်မှာ မတ်တပ်ရပ်နေတဲ့ ကျွန်တော်နဲ့ ခရမ်းကို လှမ်းမြင်တော့ သူ့မျက်လုံးတွေ ပျာယာခတ်သွားတယ်။ သူ့လက်က စက်သေနတ်မောင်းတံပေါ်ကို ချက်ခြင်းရောက်သွားတယ်။ သေနတ်ကို လွှဲပြီး လက်ဖျံမှာတင်တယ် ကျွန်တော့်ဆီကို လှမ်းချိန်တယ်။ မောင်းတံကို ညှစ်တယ်။ ချောက်ကနဲ အသံထွက်လာတယ်။
အစောင့် ကြောင်သွားပြီး သူ့လက်ထဲက သေနတ်ကို ပြန်ကြည့်တယ်။ မောင်းတံကို ပြန်တင်တယ်။ ဘေးက ခလုပ်ကို တင်တယ်၊ ချတယ်..။ ကျွန်တော့်ကို ပြန်ချိန်တယ်။ ပစ်တယ်..။ ချက်ကနဲအသံပဲ ထွက်လာတယ်။
အစောင့် အဲဒီလို အလုပ်ရှုပ်နေတဲ့ အချိန်မှာ လေးခရမ်းက ကျွန်တော့်ဘေးကနေဖြတ်ပြီး အောက်ကို ပြေးဆင်းသွားပြီ။ သူ့လက်ထဲမှာ စောစောက လုထားတဲ့ သေနတ်။ ကျွန်တော်လည်း ခရမ်းနောက်ကနေ အောက်ကို ပြေးလိုက်သွားတယ်။
သေနတ်တစ်လက်နဲ့ အလုပ်ရှုပ်နေတဲ့ အစောင့်.. ဘေးနားကို လေးခရမ်းရောက်လာတာကို မသိလိုက်ဘူး။ သူခေါင်းပြန်အမော့မှာ ခရမ်းလွှဲချလိုက်တဲ့ သေနတ်ဒင်က သူ့မျက်ခုံးတည့်တည့်ကို လာမှန်တယ်။ ခွပ်ကနဲ အသံနဲ့အတူ အစောင့်ရဲ့ မျက်ခုံးထောင့်စွန်း ချိုင့်ဝင်သွားတယ်။ သူ့လက်ထဲကသေနတ် လွတ်ကျသွားပြီး ပခုံးမှာ တွဲလောင်းချိတ်လျက်သား ကျန်ခဲ့တယ်။ တံခါးကို မှီပြီး ထိုင်ကျသွားတယ်။
ခရမ်းက အစောင့်ရဲ့ ကိုယ်မှာချိတ်ထားတဲ့ သေနတ်ကို ဖြုတ်တယ်။ ကျွန်တော့်ကို ပစ်ပေးတယ်။
“ဘေးမှာ.. လုံခြုံရေးခလုတ်တွေ့လား။ အဲဒါကို အရင်ဖြုတ်။ ပြီးမှ မောင်းတင်”
ကျွန်တော် သူပြောသလို လိုက်လုပ်တယ်။ မောင်းတင်ပြီးတဲ့အခါ သေနတ်မောင်းတံက လက်ညှိုးတင်လိုက်တာနဲ့ တင်းကနဲ ဖြစ်နေတယ်။
“သေနတ်ဒင်ကို ပခုံးကြားမှာထောက်။ ဘယ်လက်နဲ့ ချိန်။ ညာလက်နဲ့ ပစ်။ ရပြီလား..”
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ ရုံးရဲ့ အောက်ထပ် ကော်ရစ်ဒါက ထိန်ထိန်လင်းနေတယ်။ အစောင့်အကြပ်တွေတော့ မတွေ့ရတော့ဘူး။ နှစ်ယောက်ပဲ ထားထားတာထင်တယ်။ ကျန်တဲ့သူတွေ အပြင်မှာ စောင့်နေကြတာလား။ ဒါမှမဟုတ် ဥက္ကဌ အိမ်မှာလား။ စက်ရုံဘက်ကို ခေါ်သွားသလား။
ကျွန်တော် စဉ်းစားနေတဲ့အချိန်မှာပဲ ကော်ရစ်ဒါအလယ်လောက်မှာရှိတဲ့ တံခါးတစ်ချပ် ပွင့်လာတယ်။ အထဲကနေ အစောင့်တစ်ယောက် ထွက်လာတယ်။
(၇)
ခရမ်းနဲ့ကျွန်တော် ချက်ခြင်းပဲ လှေကားအောက်အမှောင်ထဲကို ပြေးကပ်လိုက်တယ်။ သေနတ်တွေကို ကိုယ်မှာကပ်တယ်။ အသက်ရှူနေတာကို ရပ်လိုက်တယ်။ ကော်ရစ်ဒါဘက်ကနေ လျှောက်လာတဲ့ အစောင့်ရဲ့ ခြေသံက ရုံးခန်းမ အလယ်ကိုရောက်တာနဲ့ ပိုပြီး ကျယ်လာတယ်။ မြန်လာတယ်။
လှေကားပေါ်ကို အမြန် ပြေးတက်သွားတဲ့ ခြေသံ။ ပြန်ဆင်းလာတဲ့ ခြေသံ။ တံခါးနားကို အမြန်လျှောက်သွားတဲ့ ခြေသံ။
ကော်ရစ်ဒါဘက်ကို ပြန်ပြေးသွားတဲ့ ခြေသံ။
ကျွန်တော်နဲ့ ခရမ်း လှေကားအောက်ကနေ ထွက်လိုက်တယ်။ ကော်ရစ်ဒါဘက်ကို ပြန်ပြေးသွားတဲ့ အစောင့်ကို ချောင်းကြည့်တယ်။
အစောင့်က စာရွက်စာတမ်းတွေထားတဲ့ အခန်း၀မှာ ရပ်တယ်။ တံခါးကို တဒုန်းဒုန်းထုတယ်။
တံခါးပွင့်သွားတယ်။ အစောင့် အထဲကို ပြေးဝင်သွားတယ်။
ဥက္ကဌရှိတဲ့နေရာ.. ခွန်ဖြူရှိတဲ့နေရာ.. အဲဒီအခန်းထဲမှာဆိုတာ ကျွန်တော်တို့ သိလိုက်ပြီ။
+++
အပိုင်း (၂၀) ဇာတ်သိမ်း ဆက်ဖတ်ရန် <<<