အခန်း (၂၀)
(၁)
ရှေ့ကနေ တလှစ်လှစ် ပြေးနေတဲ့ ခရမ်း။ သူ့နောက်ကနေ ထော့နဲ့ထော့နဲ့ အမီလိုက်နေတဲ့ ကျွန်တော်။
ဝင်းတံခါးကို မှုန်ပြပြ မြင်ရပြီ။ ကျွန်တော်တို့ နှစ်ယောက်သား ပြေးတဲ့အရှိန်ကို နည်းနည်း ထပ်မြှင့်လိုက်တယ်။ မောတဲ့ဒဏ်ကြောင့် ကျွန်တော့် ရင်ဘတ်တွေပါ အောင့်လာတယ်။ ဒါပေမယ့် ရပ်လိုက်လို့ မဖြစ်သေးဘူး။ ဝင်းတံခါး တဖြည်းဖြည်း ပိတ်လာနေတာကို လှမ်းမြင်နေရပြီ။ တံတိုင်းပေါ်က ကင်မရာတွေလည်း အသက်ဝင်လာပြီ။ ကင်မရာ မီးနီတွေ တစ်လုံးပြီး တစ်လုံး လင်းလာပြီ။
ခရမ်းက တံခါးနားကိုရောက်တော့ အထဲမဝင်သေးဘဲ ကျွန်တော့်ကို စောင့်နေတယ်။ တစ်လိမ့်ချင်း ပိတ်နေတဲ့တံခါးနှစ်ချပ်က လူတစ်ကိုယ်စာသာသာပဲ ကျန်တော့တယ်။ ကျွန်တော် အနားရောက်တာနဲ့ ခရမ်းက ကျွန်တော့်လက်ကို လှမ်းဆွဲတယ်။ ဝင်းထဲကို တွန်းထည့်တယ်။ ပြီးမှ သူကိုယ်တိုင်လည်း တံခါးကြားကနေ ခုန်ဝင်တယ်။
တင်းတင်းစေ့သွားတဲ့ တံခါးနှစ်ချပ်ကို ပြန်လှည့်ကြည့်ရင်း ကျွန်တော်တို့ခေါင်းထဲမှာ အတွေးကိုယ်စီနဲ့ ပြည့်သိပ်သွားတယ်။ တံခါးတွေ၊ ကင်မရာတွေ ပြန်အလုပ်လုပ်နေပြီဆိုတော့ လျှပ်စစ်မီး ပြန်ရနေပြီဆိုတဲ့ သဘော။ ဒါဆိုရင် အစောင့်တွေရော.. ပြန်ရောက်နေပြီလား။ တံတိုင်းပေါ်က လင့်စင်တွေကို ကျွန်တော်တို့ လှမ်းကြည့်တယ်။ ဘယ်သူမှ မရှိဘူး။ မှိတ်တုတ်မှိတ်တုတ်လင်းနေတဲ့ ကင်မရာမီးတွေကလွဲရင် အကုန် တိတ်ဆိတ်နေတယ်။ ခရမ်းက ပိတ်သွားတဲ့ တံခါးကို လက်နှစ်ဘက်နဲ့ တွန်းကြည့်တယ်။ သံတံခါးချပ်ကြီးက တုပ်တုပ်မျှမလှုပ်ဘူး။
“ခွန်ဖြူ.. ခွန်ဖြူတို့ ရုံးထဲမှာ..”
လေးခရမ်းရဲ့ အသံက မကြုံစဖူး တုန်လှုပ်နေတယ်။ စိုးရိမ်စိတ်အပြည့်နဲ့ သူ့မျက်လုံးတွေ.. ကျွန်တော့်ကို အားကိုးသလို ကြည့်တယ်။ ကျွန်တော် ဘာပြန်ပြောရမလဲ။ ဘာလုပ်ပေးရမလဲ။ နိမ့်ချီမြင့်ချီ အသက်ငင်နေတဲ့ ရင်ဘတ်ကို လက်နဲ့ဖိရင်း ကျွန်တော် လေးခရမ်းကို ဘာပြန်ပြောရမှန်းမသိ.. ပြန်ကြည့်နေမိတယ်။ တော်တော်လေးကြာမှ ကျွန်တော် စိတ်ကိုတင်းပြီး ပြန်ပြောလိုက်တယ်။
“ရုံးထဲမှာ လူတွေကျန်ခဲ့တာတော့ သေချာတယ်။ ဒါပေမယ့် အကုန်လုံးနေခဲ့တာ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ ဝင်ကြည့်တုန်းက တစ်ယောက်မှ မရှိဘူးမဟုတ်လား။ ကျန်ခဲ့တယ်ဆိုရင်တောင် အနည်းအကျဉ်းပဲ”
“ဒါပေမယ့်.. ဒါ တမင်ထောင်ဖမ်းတာ။ ငါတို့ ထွက်လာအောင် တမင်လုပ်တာ..”
လေးခရမ်းက စိတ်ဆိုးမာန်ဆိုးနဲ့ သံတံခါးကို ပိတ်ကန်တယ်။ တံခါးနားမှာ ကျွန်တော်တို့နှစ်ယောက်အပြင် တခြား လူတွေလည်းရှိတယ်။ အကုန်လုံးက တံတိုင်းပေါ်က ကင်မရာတွေနဲ့ လင့်စင်တွေကို စိုးရိမ်တကြီး ကြည့်နေကြတယ်။ သံပုံးဘက်ကလူတွေ အလျိုအလျို ထွက်လာကြတယ်။ အားလုံးက ဇဝေဇဝါ မျက်လုံးတွေနဲ့။ မီးပြန်လာလို့ ပျော်တဲ့သူတွေက ပျော်ကြတယ်။ သံပုံးတွေဘက်က ဟေးကနဲ အော်တဲ့အသံတွေလည်း သဲ့သဲ့ကြားရတယ်။
ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ တစ်ခုခု ဖိထားသလို ပိုပိုလေးလာတယ်။ တစ်ခုခုတော့ မှားနေပြီ..။ ကျွန်တော် လေးခရမ်းကို ကြိုးစားပြီး အားပေးကြည့်တယ်..။
“ဟုတ်ချင်မှလည်းဟုတ်…”
ကျွန်တော့်စကား မဆုံးခင်မှာ ဥဩဆွဲသံတွေ ပွက်လောရိုက် ဆူညံသွားတယ်။ တံတိုင်းမှာတပ်ထားတဲ့ အသံချဲ့စက်တွေ စီကနဲ ကျွီကနဲ ထမြည်တယ်။ ဝင်းထဲမှာ ဟိုလျှောက်ဒီလျှောက်လုပ်နေတဲ့ လူတွေအကုန် ရပ်သွားတယ်။ အားလုံးရဲ့ အကြည်တွေက ကောင်းကင်ဆီကို ရောက်သွားတယ်။ ပြာလွင်ကြည်လင်နေတဲ့ကောင်းကင်၊ ငြိမ်သက်နေတဲ့ လေပြေ။ မုန်တိုင်း အရိပ်အယောင် ဘာမှ မတွေ့ရဘူး။
“ဘာဖြစ်တာ..”
ကျွန်တော် လေးခရမ်းကို လက်ကာပြလိုက်တယ်။ ဥဩသံတွေရဲ့နောက်မှာ ကပ်ပါလာတဲ့ အသံတစ်ခု..။ စကားပြောသံလိုလို.. အသက်ရှူသံလိုလို..။ ဥဩသံတွေ တဖြည်းဖြည်း ငြိမ်ကျသွားတယ်။ အသံချဲ့စက်တွေရဲ့ တကျွီကျွီတရှဲရှဲအသံတွေပဲ ကျန်ခဲ့တယ်။ လေးခရမ်းက ကျွန်တော့်ကို နားမလည်သလို .. ဘာလဲ..ဆိုတဲ့ပုံစံနဲ့ မေးဆတ်ပြတယ်။ ကျွန်တော် ဘာမှပြန်မဖြေသေးဘဲ အသံကို အာရုံစိုက် နားထောင်နေလိုက်တယ်။ အသံချဲ့စက်တွေထဲကနေ လူတစ်ယောက်ရဲ့ အသံထွက်လာတယ်။
ဝင်းထဲကို လွင့်ပျံလာတဲ့ စကားသံက ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားတယ်။
“အမှတ် ၆၃/၃၂..”
ကျွန်တော့် တစ်ကိုယ်လုံး ဆတ်ကနဲ ဖြစ်သွားတယ်။ လေးခရမ်းရဲ့ မျက်လုံးတွေ ဝိုင်းသွားတယ်။ ပတ်ဝန်းကျင်က လူတွေဆီက ဟင်ကနဲ ဟာကနဲ အသံတွေ ထွက်လာတယ်။ ဥက္ကဌရဲ့ လေသံက အမှတ်မှားစရာ မရှိလောက်အောင်ကို ကြည်လင်ပြတ်သားနေတယ်။ နေ့စဉ်နေ့တိုင်း ကြားနေရတဲ့ အသံ။ လူတိုင်း မှတ်မိနေတဲ့ အသံ..။
“အမှတ် ၆၃/၃၂..။ အမည်.. နေမင်းအောင်။ ပြစ်မှု.. ပုန်ကန်မှု။ ပြစ်ဒဏ်.. သေဒဏ်”
ခရမ်းနဲ့ကျွန်တော် အသံလာရာဘက်ကို ခေါင်းလှည့်ကြည့်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် တံတိုင်းပတ်ပတ်လည်မှာ တပ်ထားတဲ့ အသံချဲ့စက်တွေကြောင့် အသံလှိုင်းတွေက အရပ်ရှစ်မျက်နှာစလုံးကနေ လွင့်ပျံလာနေတယ်။ ခရမ်းက ရုံးဘက်ကို ခပ်သွက်သွက်လျှောက်တယ်။ ကျွန်တော် သူ့နောက်ကနေ လိုက်သွားတယ်။ လူတွေက ကျွန်တော်တို့ နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့်လုပ်တယ်။ အသံချဲ့စက်ထဲက ဥက္ကဌရဲ့ စကားသံက တည်တည်ငြိမ်ငြိမ်ပဲ။
“အမှတ် ၅၃/၄၁..။ အမည် အောင်သောင်း။ ပြစ်မှု.. ပုန်ကန်မှု။ ပြစ်ဒဏ်.. သေဒဏ်”
ခရမ်းရဲ့ခြေလှမ်းတွေ ပိုပြီးသွက်လာတယ်။ လူတချို့ ကျွန်တော့်ဆီကို လက်ညှိုးထိုးပြီး ပါးစပ်က တိုးတိုးတိုးတိုး ပြောကြတယ်။ တချို့က ကျွန်တော်တို့ဘေး မလှမ်းမကမ်းကနေ လိုက်လာကြတယ်။
“အမှတ် ၅၂/၅၆..။ အမည် ကျော်သောင်း။ ပြစ်မှု.. ပုန်ကန်မှု။ ပြစ်ဒဏ်.. သေဒဏ်”
လေးခရမ်း..လမ်းလျှောက်နေရာကနေ ဝုန်းကနဲ ပြေးထွက်သွားတယ်။ ရုံးဘက်ကို ခြေကုန်သုတ်ပြေးသွားတဲ့ ခရမ်းကို ကြည့်နေရင်း ကျွန်တော် ကြောင်တောင်တောင်နဲ့ ကျန်ခဲ့တယ်။ ကျော်သောင်း… ကျော်သောင်းဆိုတာ ခွန်ဖြူ.. ခွန်ဖြူပဲဖြစ်မယ်။ ကျွန်တော် ခရမ်းနောက်ကို ကြိုးစားပြီး အမီလိုက်တယ်။ ဒါပေမယ့် ခြေထောက်က ချိုင့်ခွက်တွေ၊ ခဲလုံးတွေနဲ့ တိုက်ပြီး မှောက်လျက်လဲတယ်။ ပြန်ထတယ်။ ပြန်ပြေးတယ်။ စောစောက ပြေးလာတဲ့အရှိန်ရော၊ မနက်က ဒဏ်ရာတွေရော ပေါင်းပြီး ကျွန်တော့်တစ်ကိုယ်လုံး ထူပူလေးလံနေပြီ။ ကျွန်တော် လဲကျသွားတိုင်း ဘေးနားက လိုက်လာကြတဲ့လူတွေဆီကနေ အသံပေါင်းစုံထွက်လာတယ်။ ကျွန်တော့်နားကိုကပ်လာတဲ့လူတချို့ကို ကျွန်တော် အော်ဟစ် မောင်းထုတ်တယ်။ သူတို့ရဲ့ မျက်လုံးတွေကို ကျွန်တော် မယုံဘူး။ ဒီလူတွေရဲ့ လက်ချက်နဲ့ ငမျိုး အသက်ထွက်သွားတာ။ ကျွန်တော် ဒုတိယငမျိုး အဖြစ်မခံနိုင်ဘူး။ လက်ထဲက သံချွန်ကို မြဲမြဲဆုပ်ရင်း ဝိုင်းလာတဲ့လူတွေကို တားဖို့ ကြိုးစားတယ်။ မိန်းမတွေ၊ ယောကျ်ားတွေ.. ကလေးတွေ..။ ဘယ်သူမှ ကျွန်တော် မယုံဘူး။ ကျွန်တော့်ရဲ့ ကမူးရှူးထိုး မျက်လုံးတွေကြောင့်ရော.. လက်ထဲက သံချွန်ကြောင့်ရော.. လူတွေ ကျွန်တော့်နားကို အရမ်းမကပ်ရဲတော့ဘူး။ မလှမ်းမကမ်းကနေပဲ ကြည့်နေကြတယ်။
ခရမ်းကိုလှမ်းကြည့်တော့ ခရမ်းက တန်းစီကွင်းပြင်ကို ဖြတ်ပြေးရင်း ဟိုးအဝေးကြီးကို ရောက်နှင့်နေပြီ။ ရုံးခြံစည်းရိုးနားတောင် ရောက်တော့မယ်။ ဥက္ကဌက အေးအေးဆေးဆေးပဲ နာမည်တွေ တစ်ခုပြီးတစ်ခု ရွတ်နေတယ်။ အသံချဲ့စက်တွေရဲ့ အစွမ်းကြောင့် စကားလုံးတိုင်းက မိုးချိန်းသံလို ကျယ်ပြီး ပြတ်ရှိနေတယ်။ ကျွန်တော် မသိတဲ့သူတွေရဲ့ နာမည်တွေ.. နံပါတ်တွေ။ ခွန်ဖြူနဲ့ အတူပါသွားတဲ့သူတွေ ဖြစ်မယ်။
“အမည် ညီမင်းနိုင်။ ပြစ်မှု.. ပုန်ကန်မှု။ ပြစ်ဒဏ်.. သေဒဏ်”
ရုတ်တရက် ကျွန်တော့်ညာဘက်တစ်ခြမ်းလုံး ဘေးကိုစောင်းသွားတယ်။ လူတစ်ကိုယ်လုံး ညာဘက်ကိုနိမ့်ကနဲ ဖြစ်သွားတယ်။ အရုပ်ကြိုးပြတ် လဲကျသွားတယ်။ ခြေတု ပြုတ်ထွက်သွားတာ။ ဒူးပြတ်နေရာနဲ့ မြေကြီးနဲ့ ဆောင့်မိပြီး ကျင်ကနဲဖြစ်သွားတယ်။ ပူတက်လာတဲ့ ဝေဒနာကြောင့် ကျွန်တော် မူးမေ့လဲမတတ်ဖြစ်သွားတယ်။ မြေကြီးပေါ်မှာ လဲနေရင်း လွင့်ထွက်သွားတဲ့ ခြေတုကိုကျွန်တော် အမြန် လိုက်ဖမ်းတယ်။ ခြေတုရဲ့ အစည်းက ဖုန်တွေကြားမှာ မြွေတစ်ကောင်လို တွန့်လိမ်နေတယ်။ ဥက္ကဌက ဆက်ပြောနေတုန်းပဲ။
“အမည် ဆူဇန်ရာဇာ။ ပြစ်မှု.. ပုန်ကန်မှု။ ပြစ်ဒဏ်.. သေဒဏ်”
နကိုကတည်းက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ဟာ ပိုပြီးတော့တောင် ငြိမ်ကျသွားတယ်။ ခြေတုကို အသည်းအသန် ပြန်တပ်နေတဲ့ ကျွန်တော် တော်တော်ကြာကြာ ကြက်သေသေသွားတယ်။ ဆူဇန်..။ ဆူဇန် ဆိုတဲ့ ကလေးမလေးရဲ့ မျက်နှာ ကျွန်တော့်အာရုံထဲမှာ ဖျတ်ကနဲ ပေါ်လာတယ်။ မေနှင်းရဲ့ မျက်နှာနဲ့ ဆူဇန့်မျက်နှာ.. ကျွန်တော့် စိတ်အမြင်ထဲမှာ ရောယှက်သွားတယ်။ ရက်ပေါင်းများစွာ ကျွန်တော့်ရင်ထဲ ခိုဝင်နေတဲ့ အမုန်းတရားတွေ ကြက်ပျောက် ငှက်ပျောက် ထွက်ပြေးကုန်တယ်။
မြေကြီးပေါ်မှာ ငုတ်တုတ်ထိုင်နေရင်း ကျွန်တော် ရုံးဘက်ကို လှမ်းငေးနေမိတယ်။ လူတွေရဲ့အာရုံက ကျွန်တော့်အပေါ်မှာ မရှိတော့ဘူး။ ဆူဇန့်နာမည်ကိုကြားပြီးကတည်းက အားလုံးရဲ့ တွတ်ထိုးသံတွေက ဆူဇန်နဲ့ ဥက္ကဌ အပေါ်မှာ အာရုံရောက်နေပြီ။
ခရမ်းက မြင်ကွင်းထဲမှာ မရှိတော့ဘူး။ ရုံးဝင်းထဲကို ဝင်ပြေးသွားရင်း ဘယ်ကို ဆက်ထွက်သွားသလဲ မသိ။ ရုံးတံခါးကတော့ စေ့စေ့ ပိတ်ထားတယ်။ ကျွန်တော် ကုန်းရုန်းပြီး ပြန်ထတယ်။ ခြေလှမ်းတွေကို ရုံးဘက်ကို ဦးလှည့်တယ်။ ဥက္ကဌရဲ့ အသံက အသံချဲ့စက်တွေထဲကနေ ထပ်ထွက်လာပြန်တယ်။
“ဝင်းထဲကလူတွေအားလုံး။ လေသာတဲ့နေ့ ဖြစ်ပါစေ.. လို့ ကျွန်တော် မပြောတော့ဘူး။ မပြောချင်တော့တာ။ ခင်ဗျားတို့နဲ့ အဲဒီစကားနဲ့ မတန်ဘူး။ အကုန်လုံး မုန်တိုင်းထဲမှာ သေကုန်ပါစေ.. လို့ပဲ ကျွန်တော် ဆုတောင်းတယ်။ အဲဒီလိုပဲ ကျွန်တော် ဆုတောင်းမယ်”
ကျွန်တော် ရုံးဘက်ကို ပြေးသွားဖို့ ကြိုးစားပေမယ့် မရှိတော့တဲ့ ခွန်အားနဲ့ တစ်ဆပြီးတစ်ဆ တိုးလာတဲ့ ဝေဒနာကြောင့် လမ်းကိုတောင် မနည်းလျှောက်နေရတယ်။ အမြဲအားနည်းချိနဲ့နေတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် တော်တော် ရွံနေပြီ။ အခု.. ဒီနေရာမှာ.. ဒီလိုအချိန်မှာ.. ကျွန်တော့်ကို လိုအပ်နေတဲ့သူတွေရှိနေပြီ။ ကျွန်တော့် အကူအညီကို တောင့်တနေတဲ့သူတွေ ရှိနေပြီ။ ခရမ်း.. ခွန်ဖြူ.. ပြီးတော့ ဆူဇန်..။ မေနှင်း.. ငမျိုး..နဲ့.. သုံးဝါ..။ ကျွန်တော် ဘာလုပ်ရမလဲ။ ဒီကိုယ်ခန္ဓာကို ဘယ်လို မောင်းနှင် အသက်သွင်းရမလဲ။ ဒီစိတ်ဓာတ်ကို ဘယ်လို ခွန်အားတွေ လောင်းရမလဲ..။ ညာဘက်ခြေထောက်တုက ခေါက်ကနဲ ယိုင်သွားပြန်တယ်။ ကျွန်တော် အား.. ကနဲ ပါးစပ်ကနေ အော်လိုက်တယ်။ ဒေါသ၊ အားမလိုအားမရစိတ်နဲ့ ဇောချွေးတွေ ပေါင်းစပ်ထားတဲ့ အော်သံက ကျွန်တော့်လည်ချောင်းထဲကနေ ထွက်လာတယ်။ တန်းစီကွင်းထဲရောက်နေတဲ့ လူတွေ ကျွန်တော့်ကို ဝိုင်းကြည့်ကြတယ်။ သူတို့ရဲ့ မျက်လုံးတွေထဲမှာ ဇဝေဇဝါဖြစ်တဲ့၊ စိတ်ပူတဲ့ အရိပ်အယောင်တွေ။ ဥက္ကဌရဲ့အသံက အသံချဲ့စက်ပေါင်းများစွာဆီကနေ ဆက်ပြီး ထွက်နေတယ်။
“..ရုံးသမားတွေ၊ အုပ်ချုပ်သူတွေ မရှိတော့ဘူးလို့ ခင်ဗျားတို့ ထင်လိုက်တယ်။ တစ်မနက်ပဲနော်.. တစ်မနက်ခင်းပဲ..။ အဲဒီအချိန်ခဏလေးအတွင်းမှာ ခင်ဗျားတို့ ကျေးဇူးရှင်တွေကို ပြန်သတ်တယ်။ လူသတ်သမားတွေကို အားပေးအားမြှောက်လုပ်တယ်။ သူပုန်တွေနဲ့တောင် ပူးပေါင်းလိုက်ကြသေးတယ်။ ဟုတ်ပြီ။ ခင်ဗျားတို့ သိပ်အားကိုးတဲ့ သူပုန်တွေ။ ဘာတဲ့.. ကြယ်တံခွန်တွေ.. ဟုတ်လား..။ အဲဒီကြယ်တံခွန်တွေနဲ့ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ ရှာစားကြ။ ကိုယ့်ဘာသာကိုယ် ဖြစ်အောင်နေကြ။ ရုံးဘက်က ပေးလာမယ့် အစာရေစာတွေ၊ ရိက္ခာတွေ၊ လျှပ်စစ်မီးတွေ၊ ရေတွေကို မမျှော်ကိုးနဲ့။ အခုလည်းမပေးဘူး။ နောင်လည်း တစ်သက်လုံး မပေးတော့ဘူး”
တန်းစီကွင်းထဲမှာ လူတွေ တဖြည်းဖြည်း ပိုများလာတယ်။ တိုက်သမားတွေရော ပုံးသမားတွေပါ ရောက်နေကြတယ်။ ကြယ်တံခွန်အဖွဲ့သားတချို့လည်း ရောက်လာကြတယ်။ အားလုံးရဲ့ အာရုံက ရုံးတံခါးနှစ်ချပ်အပေါ်မှာ စုပြုံနေတယ်။ ဥက္ကဌများ ထွက်လာမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်နေကြတယ်။ ဒါပေမယ့် ရုံးတံခါး နှစ်ချက်က တစ်စက်ကလေးတောင် ဟ,မလာဘူး။ အရပ်ရှစ်မျက်နှာမှာ မြည်ဟိန်းနေတဲ့ ဥက္ကရဲ့ အသံကိုပဲ ကြားနေရတယ်။
“အခု.. ခင်ဗျားတို့ဆီမှာ.. ခင်ဗျားတို့ကြားထဲမှာ သူပုန်တွေရှိနေတယ်။ ခင်ဗျားတို့ကို မက်လုံး အမျိုးမျိုးပေးပြီး သိမ်းသွင်းမယ့်ကောင်တွေ။ အေး.. သူတို့ကို မေးလိုက်။ ခင်ဗျားတို့ကို ဘာနဲ့ကျွေးထားမလဲ။ ခင်ဗျားတို့ ရေငတ်ရင် ဘယ်ကရေကို ယူလာပေးမလဲ။ ခင်ဗျားတို့ အမှောင်ထဲမှာနေနေတဲ့အချိန် ဘယ်လိုအလင်းရောင်မျိုး ယူလာပေးမလဲ။ ခင်ဗျားတို့ ဘာမှမသိတဲ့ မတတ်တဲ့ စက်ပစ္စည်းတွေကို ဘယ်လို ကိုင်တွယ်ပေးမှာလဲ။ မေးလိုက်”
လူအုပ်ကြားထဲမှာ သို့လောသို့လော မေးခွန်းတွေ ထွက်လာတယ်။ ကြယ်တံခွန်အဖွဲ့သားတွေဆီကို အာရုံတွေ လွှဲသွားပြန်တယ်။ ဟုတ်တယ်.. ဘာလုပ်ပေးမှာလဲ.. ဘယ်မှာလဲ.. စတဲ့ မေးခွန်းတွေ ဆူညံလာတယ်။ ကျွန်တော် ခြေလှမ်းကို တတ်နိုင်သလောက် သွက်လိုက်တယ်။ ရုံးခြံစည်းရိုးနဲ့ ကျွန်တော်နဲ့ သိပ်မဝေးတော့ဘူး။ ဥက္ကဌက ဆက်ပြောတယ်။
“ကျွန်တော်တို့ ရုံးသမားတွေ တောင်အောက်ကို ဆင်းပြေးပြီလို့ ခင်ဗျားတို့ကို သူပုန်တွေက ညာထားလိမ့်မယ်။ အဲဒါ လုံး၀ မဟုတ်ဘူး။ တောင်အောက်မှာ.. မြို့ပျက်ထဲမှာ.. အားလုံး နေလို့ထိုင်လို့ရအောင် သွားစီစဉ်ပေးနေတာပဲ ရှိတယ်။ နှစ်ရှည်လများ အပင်ပန်းခံပြီး စီစဉ်ပေးနေခဲ့တာ။ အဲဒါကို ခင်ဗျားတို့ သိအောင် ပြောပြမလို့ပဲ.. ဒါပေမယ့် ခင်ဗျားတို့မှာ ဦးနှောက်မှ မရှိဘဲ။ ခင်ဗျားတို့ကို တစ်သက်လုံး ကျွေးမွေးလာတဲ့ သခင်ကို ပြန်ကိုက်ပြီး သူပုန်တွေနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားချင်တယ်ဆိုရင်လည်း သဘောပဲ။ အခု ကျွန်တော်တို့ တောင်အောက်ကို ဆင်းမယ်။ ဘယ်သူ့ကိုမှ ခေါ်မသွားတော့ဘူး။ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ ဒီမှာ ငတ်သေကြ။ အချင်းချင်း သတ်ကြ၊ သေကြ..”
ဥက္ကဌရဲ့ အသံက မိန့်ခွန်းပြောနေကျ အသံလို မတည်ငြိမ်တော့ဘူး။ မရင့်ကျက်တော့ဘူး။ အရိုင်းအစိုင်း လူ့ဘီလူး တစ်ယောက်ရဲ့ လေသံတွေ သမ်းနေတယ်။ စကားလုံးတွေက ခက်ထန်လာတယ်။ လေယူလေသိမ်းတွေ ရင့်သီးလာတယ်။ လူတွေကလည်း ဒါကို ခံစားမိတယ်ထင်တယ်။ ရုတ်ရုတ်သဲသဲ အငွေ့အသက်တွေနဲ့ အပူရှိန်တွေ လေထဲမှာ ဟပ်နေတယ်။ တန်းစီကွင်းထဲမှာ လူတွေ အပြည့်နီးပါး ဖြစ်နေပြီ။
ကျွန်တော် ရုံးဝင်းထဲကို ခြေလှမ်းဝင်လိုက်တယ်။ ဘေးဘီဝဲယာကို ကြည့်တယ်။ အနောက်ကို ပြန်လှည့်ကြည့်တယ်။ အထဲကိုများ လူတွေ လိုက်ဝင်လာမလား။ ဟင့်အင်း.. ဘယ်သူမှ လိုက်မလာဘူး။ အားလုံးက ကွင်းထဲမှာပဲ စုပြုံနေကြတယ်။ ရုံးမြေကို မနင်းရဲသလို ရှိန်နေကြတယ်။ ဥက္ကဌက ဆက်ပြောတယ်။
“သေသွားတဲ့ ကျွန်တော့်အဖေ နောင်ဘ၀မှာ လူးလိမ့်နေမှာစိုးလို့.. ကျွန်တော် ခင်ဗျားတို့ကို နောက်ဆုံး အခွင့်အရေး ပေးမယ်။ အခု.. ခင်ဗျားတို့ထဲမှာ သူပုန်တွေရှိတယ်။ အဲဒီသူပုန်တွေ ဘယ်သူတွေလဲဆိုတာကို ခင်ဗျားတို့ သိနေလောက်ပြီ..”
ကျွန်တော့်ခြေလှမ်းတွေ ဆတ်ကနဲ ရပ်သွားတယ်။ ငမျိုးသေတဲ့နေ့တုန်းက ခံစားရတဲ့ ခံစားချက်မျိုး ရင်ထဲကို ပြန်ဝင်လာတယ်။ ဥက္ကဌ.. ဘာလုပ်မလဲဆိုတာကို ကျွန်တော် သိလိုက်ပြီ။ လူအုပ်ကြီးကို လိုက်ထိန်းနေတဲ့ ကြယ်တံခွန် အဖွဲ့သားတွေကို ကျွန်တော် အမြန် လှမ်းကြည့်တယ်။ သူတို့ကတော့ ဥက္ကဌရဲ့ အကြံကို ရိပ်မိပုံမပေါ်ဘူး။ အုံကြွချင်နေတဲ့ လူအုပ်ကို ကြိုးစားပြီး ထိန်းနေတယ်။ ဖြောင်းဖျနေကြတယ်။ ကျွန်တော် အရှေ့ကို ဆက်သွားရမလား။ အနောက်ကို ပြန်လှည့်.. သတိပေးရမလား..။ ဥက္ကက ဖြည်းဖြည်းချင်း ဆက်ပြောတယ်။
“..အဲဒီ သူပုန်တွေရဲ့ အလောင်းကို ကျွန်တော့်ဆီကို ယူလာပေး။ ရုံးတံခါးရှေ့က ကင်မရာအောက်ကို ယူလာခဲ့။ အဲဒီလို ယူလာပေးနိုင်တဲ့သူတွေကို တောင်အောက်ကို ခေါ်သွားမယ်..။ ခင်ဗျားတို့ကို နေမဝင်ခင်အချိန်အထိ စောင့်မယ်..”
လူအုပ်ကြီး ချက်ခြင်းပဲ ငြိမ်ကျသွားတယ်။ ကြယ်တံခွန်အဖွဲ့သားတွေ ကြက်သေသေပြီး ရုံးဘက်ကို လှမ်းကြည့်နေတယ်။ ကျွန်တော့်ကိုယ်ပေါ်ကိုလည်း မျက်လုံးပေါင်း ရာနဲ့ချီပြီး ကျလာတယ်။ မုန်တိုင်းမလာခင် ငြိမ်သက်သွားတဲ့ ပုံစံမျိုး။ ကျွန်တော် ခြေလှမ်းကို အသင့်ပြင်လိုက်တယ်။ ခြေတုရဲ့ အစည်းကို ပိုပြီး တင်းသွားအောင် စည်းလိုက်တယ်။ လက်ထဲက သံချွန်ကို မြဲနေအောင် ကိုင်တယ်။
လူအုပ်ထဲက ယောက်ျား သုံးလေးယောက် ရုံးခြံစည်းရိုးနားကို ကပ်လာတယ်။ သူတို့ အကြည့်တွေက ကျွန်တော့်ကိုယ်ပေါ်မှာ ကျောက်ချထားတယ်။ သားကောင်တစ်ကောင်ကို ဝိုင်းသတ်တော့မယ့် မုဆိုး မျက်လုံးတွေ..။
ကျွန်တော် ခြေလှမ်းကို နောက်ဘက်၊ ရုံးဘက်ကို တစ်လှမ်း ဆုတ်လိုက်တယ်။
စောစောကလူလေးယောက် ခြံစည်းရိုးထဲကို ခြေကျော်ဝင်လာတယ်။ လက်ထဲမှာ ကျောက်ခဲတွေ ကိုယ်စီ ကိုင်ထားကြတယ်။
လူအုပ်ထဲက ပစ်လိုက်တဲ့ ခဲလုံးတစ်လုံး ကျွန်တော့် မျက်နှာဘေးကနေ ဝှီးကနဲ ဖြတ်သွားတယ်။ ကျွန်တော် ယိုင်ကျသွားတော့မလို ဖြစ်သွားတယ်။ ဟန်ချက်ကို အမြန်ပြန်ထိန်းလိုက်တယ်။ လက်ထဲက သံချွန်နဲ့ ဟိုလူတွေဘက်ကို ချိန်လိုက်တယ်။ သူတို့က ကျွန်တော့်လက်ထဲက လက်နက်ကို အဖက်လုပ်တဲ့ပုံ မပေါ်ဘူး။ အရှေ့ကို ဖြည်းဖြည်းချင်း တိုးလာကြတယ်။
လူအုပ်ထဲက နောက်ထပ်လူတစ်ယောက် ထပ်ထွက်လာတယ်။ မျက်နှာ တစ်ခြမ်း ပျက်နေတဲ့လူ။ ကြယ်တံခွန်အဖွဲ့ထဲကလူ။ သူက ကျွန်တော့်ကို လှမ်းကြည့်တယ်။ အော်တယ်။
“ပြေး..”
သူ့အော်သံကြောင့် ကျွန်တော့်နားကို တိုးလာတဲ့လူတွေ ကြောင်သွားတယ်။ နောက်ကို ပြန်လှည့်ကြည့်ကြတယ်။ မျက်နှာတစ်ခြမ်းပျက်နေတဲ့လူက ခြံစည်းရိုးထဲကို ခုန်ဝင်လာတယ်။ ဟား.. ကနဲ အော်ပြီး ဟိုလူလေးယောက်ကို ဝင်လုံးတယ်။ ကျွန်တော် ကြောင်ပြီး ကြည့်နေမိတယ်။
လူလေးယောက်ထဲက တစ်ယောက်က လက်ထဲက ကျောက်တုံးနဲ့ မျက်နှာတစ်ခြမ်းပျက်နေတဲ့လူရဲ့ ခေါင်းကို တခွပ်ခွပ်မြည်အောင် ထုတယ်။ မျက်နှာတစ်ခြမ်းပျက်နေတဲ့ လူရဲ့ ခေါင်း ပေါက်ထွက်သွားတယ်။ သွေးတွေ ရဲကနဲ ပန်းထွက်လာတယ်။
လူအုပ်ထဲက အားကနဲ အသံကြီးတစ်ခု ထွက်လာတယ်။ ကျွန်တော် လှမ်းကြည့်လိုက်တော့ လူတွေနဲ့ ကြယ်တံခွန်အဖွဲ့သားတွေ လုံးထွေးနေကြပြီ။ ဘယ်သူက ဘယ်သူ့ကို သတ်နေတာလဲ.. ဘယ်သူအော်တဲ့ အသံလဲ.. ဘာမှ မသေချာတော့ဘူး။
ကျွန်တော် ရုံးဘက်ကို အမြန်လှည့်ပြီး ပြေးတယ်။ နောက်က လိုက်လာတဲ့ ခြေသံတွေ..။ လူဘယ်နှယောက်လဲ.. သုံးယောက်လား.. လေးယောက်လား.. တစ်ရာလား နှစ်ရာလား.. ကျွန်တော် မသိဘူး။ ကျွန်တော့်အာရုံတွေ အကုန်လုံးကို စေ့စေ့ ပိတ်ထားတဲ့ ရုံးတံခါး နှစ်ချပ်ဆီကို အကုန်ပို့ထားလိုက်ပြီး ကျွန်တော် ပြေးတယ်။
+++
အခန်း (၂၁)
ကျွန်မ ဒူးခေါင်းတွေ နာပြီး ကျင်နေပြီ။ ဒူးထောက်နေရတာ နာရီဝက်လောက် ရှိပြီထင်တယ်။ လက်ပြန်ကြိုးတုပ်ထားတဲ့အတွက် လက်မောင်းနှစ်ဘက်စလုံး ကိုက်ခဲနေပြီ။ ပါးစပ်ထဲကို ထည့်စည်းထားတဲ့ အဝတ်က ကျွန်မလျှာခင်အောက်မှာ စိုရွှဲပြီး လုံးနေတယ်။ အဝတ်နဲ့ တံတွေး.. ရောပြီး ထွက်လာတဲ့ ငံကျိကျိအရည်တွေကို ထွေးထုတ်လို့မရဘဲ မျိုချနေရတယ်။ မကြောက်အောင် အားတင်းထားပေမယ့် ကျွန်မတစ်ကိုယ်လုံး လှိုက်ပြီး တုန်နေတာကိုတော့ ထိန်းမရဘူး။
ခွန်ဖြူနဲ့ ဦးအောင်သောင်းက ကျွန်မနဲ့ မျက်နှာချင်းဆိုင်မှာ ဒူးထောက်နေကြတယ်။ သူတို့ကိုလည်း လက်ပြန်ကြိုးတုပ်ထားတယ်။ ပါးစပ်တွေ စည်းထားတယ်။ သူတို့ဘေးမှာ ခွန်ဖြူ့တပည့် အဖွဲ့သားတွေ တန်းစီပြီး ဒူးထောက်နေတယ်။ အားလုံးရဲ့ မျက်နှာမှာတော့ ကြောက်စိတ်ရယ်လို့ မည်မည်ရရ မတွေ့ရဘူး။ ဒေါသအခိုးတွေ ဝေနေတာကိုပဲ မြင်ရတယ်။
ကျွန်မတို့ကို စာရင်းစာရွက်တွေ၊ ချလံစာရွက်တွေ ထားတဲ့ အခန်းထဲမှာ ထည့်ပိတ်ထားတာ။ အဖေက ကျွန်မကိုတွေ့တော့ စကားတစ်ခွန်းမှ မပြောဘူး။ ကျွန်မကို လက်ပြန်ကြိုးတုပ်တော့လည်း ဒီအတိုင်း မလှုပ်မယှက် ကြည့်နေတယ်။ သူစိမ်းတစ်ယောက်ကို ကြည့်တဲ့ အကြည့်တွေ။ ကျွန်မ ဝမ်းမနည်းပါဘူး။ ဘာမှ မခံစားရဘူး.. တကယ်။ ဒေါသစိတ်၊ ကြောက်စိတ်တွေပဲ ရှိတယ်။ ချစ်တဲ့စိတ်၊ လေးစားတဲ့စိတ်နဲ့ သံယောဇဉ်တွေကတော့ တစ်စိုးတစ်စတောင် မကျန်တော့ဘူး။
ဝင်းတစ်ဝင်းလုံးကို အသံချဲ့စက်နဲ့ အဖေစကားပြောနေတာကို ကြားနေရတယ်။ ဒါပေမယ့် ဘာတွေပြောနေသလဲ မသဲကွဲဘူး။ အခန်းက အလုံပိတ်ထားတော့ အသံတွေက လုံးပြီး အုပ်နေတယ်။ ကောင်းတဲ့စကားတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ခွန်ဖြူ့ကို ကျွန်မ မေးဆတ်ပြတော့ ခွန်ဖြူက ပါးစပ်ကို အဝတ်စည်းထားတဲ့ကြားကနေ ပြုံးပြတယ်။ မကြောက်နဲ့ ဆိုတဲ့အကြည့်နဲ့ ကျွန်မကို နှစ်သိမ့်တယ်။ ဘာကြောင့်မှန်းမသိ ကျွန်မစိတ်ထဲမှာ ဝမ်းနည်းလာတယ်။ ကိုယ့်အဖေအရင်းထက် ကိုယ်နဲ့ တစ်မနက်ပဲ သိရသေးတဲ့ သူစိမ်းတစ်ယောက်ရဲ့ အကြည့်က ပိုပြီး နွေးထွေးနေတာ ဝမ်းနည်းစရာ ကောင်းမနေဘူးလား။
ကျွန်မ ခေါင်းထဲမှာ အဖြစ်အပျက်တွေကို ပြန်စီကြည့်တယ်။ ချိန်ထိုး စဉ်းစားကြည့်တယ်။ အဖေ့ရဲ့ ထောင်ချောက်ထဲကို ကျွန်မတို့တွေ.. ကြယ်တံခွန်အဖွဲ့သားတွေ ကွိကနဲ ဝင်သွားတာတော့ အမှန်ပဲ။ ကျွန်မကိုက ညံ့တာ။ သေချာ မစဉ်းစားခဲ့တာ။ အဖေ့လိုလူမျိုးက ကြောက်ပြီး ဆင်းပြေးမယ့် လူမျိုး မဟုတ်မှန်း အစကတည်းက သိခဲ့ရမှာ..။ ရုံးထဲကို မိုက်မိုက်ကန်းကန်းဝင်လာတဲ့ ကြယ်တံခွန်အဖွဲ့သားတွေကို ကျွန်မ.. အစကတည်းက တားခဲ့ရမှာ..။ ဒါပေမယ့်.. ကျန်တဲ့သူတွေ ဘယ်ရောက်နေကြသလဲ.. ကျန်တဲ့ ရုံးအဖွဲ့သားတွေ ဘယ်မှာလဲ။ လူသုံးလေးရာ.. ဘယ်ပျောက်သွားသလဲ။ အဖေနဲ့အတူ ကျန်ခဲ့တဲ့သူတွေက လူသုံးဆယ်လောက်ပဲ ရှိမယ်။ သူတို့မှာ လျှို့ဝှက်လမ်းတစ်ခု.. ဒါမှမဟုတ် လျှို့ဝှက် စခန်းတစ်ခု ရှိနေတာတော့ သေချာပြီ။ အဲဒီနေရာ ဘယ်မှာလဲ..။ စက်ရုံထဲမှာလား.. ဟင့်အင်း.. မဟုတ်သေးဘူး။ အဲဒီလောက် နီးနီးကပ်ကပ်တော့ မဖြစ်နိုင်ဘူး။ သေချာ စဉ်းစားစမ်း ဆူဇန်.. အဖေနဲ့ နှစ်နှစ်ဆယ်လုံး အတူတူ နေလာတာပဲ။ သူ့အကြံအစည်တွေကို တစ်စိုးတစ်စတော့ ရိပ်မိသင့်တာပေါ့။ သိရမှာပေါ့..။ ပြန်စဉ်းစား.. ပြောခဲ့သမျှစကားတွေ.. ကြားခဲ့သမျှ စကားအစအနတွေကို ပြန်စဉ်းစား…
တံခါးပွင့်လာတဲ့အတွက် ကျွန်မ အတွေးစတွေ ပြတ်သွားတယ်။ အခန်းထဲကို အစောင့် သုံးယောက်ဝင်လာတယ်။ သုံးယောက်စလုံးက လက်ထဲက စက်သေနတ်တွေကို အသင့်အနေအထားနဲ့ ကိုင်ထားတယ်။ မောင်းတံနေရာမှာ လက်ညှိုးတွေကို ခပ်ဖွဖွ တင်ထားကြတယ်။
သူတို့ရဲ့နောက်ကနေ အဖေပါလာတယ်။ အဖေ့မျက်နှာကို ကျွန်မ လိုက်ကြည့်တယ်။ ကျွန်မကို ပြန်ကြည့်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့..။ ဒါပေမယ့် အဖေက ကျွန်မကို လှည့်တောင် မကြည့်ဘဲ အခန်းထောင့်က ထိုင်ခုံတစ်လုံးကို လှမ်းယူတယ်။ ခွန်ဖြူ့ရှေ့မှာ ထိုင်ခုံကို ချတယ်။ ဝင်ထိုင်တယ်။
ခွန်ဖြူက အဖေ့ကို အေးအေးဆေးဆေးပဲ မော့ကြည့်နေတယ်။ အဖေက ခွန်ဖြူ့ ပါးစပ်မှာ စည်းထားတဲ့ အဝတ်ကို ဖြုတ်ပေးတယ်။ အဝတ်စကို ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်တယ်။ ခွန်ဖြူက ပါးစပ်ထဲက တံတွေးတွေကို အဖေ့ခြေထောက် နှစ်ချောင်းကြားကို ချိန်ပြီး ပျစ်ကနဲ ထွေးချလိုက်တယ်။
အဖေက သူ့ဖိနပ်ပေါ်လာစင်တဲ့ တံတွေးတွေကို ခဏငုံ့ကြည့်တယ်။ ပြီးမှ ခွန်ဖြူ့ကို ပြန်ကြည့်တယ်။
“ခင်ဗျား ခေါင်းဆောင်လား”
ခွန်ဖြူက ခေါင်းညိတ်တယ်။
“အဖွဲ့ဝင် ဘယ်နှယောက် ရှိသလဲ”
ခွန်ဖြူက ရယ်တယ်။
“အဲဒါ မင်းစောက်လုပ်လား”
ကျွန်မကို ကျောပေးထိုင်နေတဲ့အတွက် အဖေ့မျက်နှာကို မမြင်ရဘူး။ အဖေ့ကျောပြင် တင်းကနဲ ဖြစ်သွားတာကိုတော့ တွေ့ရတယ်။ သက်ပြင်းချလိုက်တဲ့ အသံကို ကြားရတယ်။ အဖေက နောက်တစ်ခါ ထပ်မေးတယ်။
“အဖွဲ့ဝင် ဘယ်နှယောက်ရှိသလဲ။ နာမည်နဲ့ အတိအကျ သိချင်တယ်”
ခွန်ဖြူက ဘာမှပြန်မဖြေဘူး။ ပခုံးပဲ တွန့်ပြတယ်။ အဖေက ခါးမှာချိတ်ထားတဲ့ သေနတ်ကို ထုတ်တယ်။ ခွန်ဖြူ့မျက်နှာကို ချိန်တယ်။
“နောက်ဆုံး တစ်ခါ ထပ်မေးမယ်။ ခင်ဗျားတို့ အဖွဲ့ဝင်တွေ ဘယ်နှယောက် ရှိသလဲ..”
ခွန်ဖြူက အဖေ့ကို စေ့စေ့ကြည့်တယ်။ အခန်းရဲ့ မီးရောင်အောက်မှာ ခွန်ဖြူ့ မျက်လုံးတွေ တလက်လက် တောက်နေတယ်။ သူ့ဆံပင် အဖြူအကျားအကျားတွေက ငွေရောင်လက်နေတယ်။
“အေး.. မင်းလည်း ငါမေးတာကို မင်းအရင်ဖြေလေ။ အဲဒါ မင်းစောက်လုပ်လားလို့”
အဖေ့ရဲ့ သေနတ်ကိုင်ထားတဲ့လက်က ဆတ်ကနဲ လှုပ်သွားတယ်။ ဒိုင်းကနဲ အသံကြောင့် တစ်ခန်းလုံး တုန်ခါသွားတယ်။ ကျွန်မ နားတွေ အူသွားတယ်။ မျက်လုံးတွေ ပြာသွားတယ်။
ဦးအောင်သောင်းရဲ့ခေါင်းတစ်ခုလုံး ပွင့်ထွက်သွားတယ်။ ဦးနှောက်အစအနတွေ နံရံမှာ ပြေးကပ်တွေ။ သွေးတွေက မျက်နှာကြက်အထိ တက်စင်တယ်။ ဦးအောင်သောင်း ဒူးထောက်နေရာကနေ ညာဘက်ကိုယိုင်ပြီး လဲကျသွားတယ်။ အသက်မရှိတော့တဲ့ သူ့ မျက်လုံးနှစ်လုံးက အကြောင်သား.. ကျွန်မကို စိုက်ကြည့်နေတယ်။
အဖေက သူ့ကိုယ်ပေါ်ကို လာစင်တဲ့ သွေးစက်တွေကို လက်နဲ့ သုတ်တယ်။ မျက်နှာကိုလည်း သုတ်တယ်။ ထိုင်ခုံကနေ ထတယ်။ ခွန်ဖြူက အဖေ့ကို မော့မကြည့်ဘူး။ သေနေတဲ့ ဦးအောင်သောင်းရဲ့ အလောင်းကိုလည်း မကြည့်ဘူး။ ကျွန်မကို ကျော်ပြီး ကျွန်မနောက်က နံရံကို တွေတွေကြီး စိုက်ကြည့်နေတယ်။ သူ့မျက်နှာမှာ ဘာအမူအရာမှ မရှိဘူး။
အစောင့်တွေက ခွန်ဖြူ့ပါးစပ်ကို အဝတ်နဲ့ ပြန်စည်းတယ်။ အဖေက ခွန်ဖြူ့ကို ကြည့်ပြီး ပြောတယ်။
“ကျွန်တော် နောက်ထပ် ဆယ့်ငါးမိနစ်နေရင် တစ်ခေါက် ပြန်ဝင်လာခဲ့မယ်။ အဲဒီအခါကျရင် အဖြေပေးဖို့ အသင့်ပြင်ထား။ ဟုတ်ပြီလား”
အဖေက ပြောပြီး ထွက်သွားတယ်။ သူ့အစောင့်တွေ အနောက်ကနေ လိုက်သွားတယ်။ တံခါးကို ပြန်ပိတ်သွားတယ်။
(၂)
ဦးအောင်သောင်းရဲ့ ခေါင်းက စီးထွက်နေတဲ့သွေးတွေက အိုင်ထွန်းပြီး သွေးအိုင်အစပ်က ကျွန်မ ဒူးခေါင်းကို လာထိတယ်။ ကျွန်မ ဒူးခေါင်းကို မကြွမိဘူး။ မရှောင်မိဘူး။ ဘောင်းဘီအစထဲကို စိမ့်ဝင်သွားတဲ့ သွေးတွေကို အကြောင်သား ငုံ့ကြည့်နေမိတယ်။ ယမ်းနံ့နဲ့ သွေးနံ့ကြောင့် အခန်းတစ်ခုလုံး မွှန်ထူနေတယ်။
ခွန်ဖြူနဲ့ သူ့အဖွဲ့သားတွေ တုပ်တုပ်မျှ မလှုပ်သေးဘူး။ အားလုံး နံရံဆီကိုပဲ စိုက်ကြည့်နေကြတယ်။ ဘာလုပ်နေကြတာလဲ။ ဘာဖြစ်လို့ တစ်ယောက်မှ တုန်လှုပ်တဲ့အမူအရာ မပြတာလဲ။ ကျွန်မ ခွန်ဖြူ့ကို မေးခွန်းထုတ်တဲ့ အကြည့်နဲ့ ကြည့်တယ်။ ခွန်ဖြူက စောစောကအတိုင်း နံရံကိုပဲ စိုက်ကြည့်နေတယ်။
ဆယ်မိနစ်လောက်ကြာသွားတဲ့အခါ ကျွန်မ မနေနိုင်တော့ဘဲ ဒူးထောက်နေရာကနေ ကြိုးစားပြီး ထလိုက်တယ်။ လက်ပြန်ကြိုးတုပ်ထားတဲ့အတွက် ဟန်ချက် မနည်းထိန်းရတယ်။ လဲကျသွားမလို နှစ်ခါ သုံးခါ ဖြစ်ပြီးမှ ကျွန်မ ခွန်ဖြူ့အနားကို ရောက်သွားတယ်။ ခွန်ဖြူ့ဘေးမှာ ကျွန်မ ဒူးထောက်ထိုင်ချလိုက်တယ်။ ကျွန်မ ဒူးခေါင်းနဲ့ သူ့ပေါင် ထိသွားတယ်။ ခွန်ဖြူက ကျွန်မကို ဆတ်ကနဲ ကြည့်တယ်။
စောစောက တလက်လက်တောက်နေတဲ့ သူ့မျက်လုံးတွေ အရောင်နည်းနည်း ကျသွားတာကို တွေ့ရတယ်။ ခွန်ဖြူ့ မျက်ဝန်းရဲ့ ဟိုးအထဲထောင့်တစ်နေရာမှာ ဝမ်းနည်းတဲ့ အရိပ်အယောင်လိုလို.. ဒါပေမယ့် ဖျတ်ကနဲ ပြန်ပျောက်သွားပြန်တယ်။ ခွန်ဖြူက ကျွန်မကို ကြည့်ပြီး ပြုံးပြတယ်။
ကျွန်မ မျက်လုံးကို ပြူးလိုက်တယ်။ ပါးစပ်ထဲက အဝတ်ကို လျှာနဲ့ တွန်းထုတ်ကြည့်တယ်။ မရဘူး။ စည်းထားတဲ့ အဝတ်က တင်းလွန်းနေတယ်။ ပါးစပ်ထဲက ဝူးဝူးဝါးဝါး အသံတွေပဲ ထွက်လာတယ်။
ခွန်ဖြူက ကျွန်မကို ခေါင်းခါပြတယ်..။ မလုပ်နဲ့ ဆိုတဲ့ သဘောမျိုး..။ ကျွန်မ စောစောက ထိုင်နေတဲ့ နေရာကို မေးထိုးပြတယ်။ ပြန်သွား.. ဆိုတဲ့ပုံစံလုပ်ပြတယ်။ ကျွန်မ ခေါင်းကို သွင်သွင်ခါတယ်။ ဟင့်အင်း.. ဒီအခန်းထဲမှာ လူတွေ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံရမှာ.. အဲဒါကို ကျွန်မ ထိုင်ကြည့်မနေနိုင်ဘူး။ တစ်ခုခု လုပ်မှရမယ်။
ကျွန်မ မျက်လုံးကို မှိတ်ပြီး အတင်းစဉ်းစားတယ်။ အခန်းထဲမှာ ဘာပစ္စည်းတွေရှိသလဲ။ ထိုင်ခုံ နှစ်လုံးရှိတယ်။ စားပွဲသုံးလုံးရှိတယ်။ စာရွက်ထုပ်တွေရှိတယ်။ ကြမ်းပြင်မှာ ပြန့်ကျဲနေတဲ့ ချလံစာရွက်တွေရှိတယ်။ လက်နက်ဆိုလို့ ခဲတံ တစ်ချောင်းတောင်မရှိဘူး။ ခွန်ဖြူနဲ့ သူ့အဖွဲ့သားတွေလည်း လက်ဗလာတွေ။ လက်နက်တွေ အကုန်သိမ်းသွားပြီ။ ကြိုးတုပ်ထားတဲ့ လက်နှစ်ဘက်နဲ့ ကျွန်မခါးကျွန်မ ပြန်စမ်းကြည့်တယ်။ ဘောင်းဘီအိတ်ထဲမှာ တစ်ခုခုများ ရှိမလား။ ဟင့်အင်း.. ဘာမှ မတွေ့ဘူး။ ခါးမှာပတ်ထားတဲ့ သားရေ ခါးပတ်ကိုပဲ စမ်းမိတယ်။
လက်ကိုချည်ထားတဲ့ ကြိုးစကို လက်မနဲ့ စမ်းကြည့်တယ်။ လက်ကို ဝါယာကြိုးခပ်တုတ်တုတ်နဲ့ ချည်ထားတာ။ ဘယ်လိုမှ ရုန်းလို့ မရဘူး။ ရုန်းကြည့်တာနဲ့ ကြိုးက တင်းကနဲ ဖြစ်သွားတယ်။ အစလည်း ရှာမတွေ့ဘူး။ အခန်းထဲမှာ တိုက်ဖြတ်လို့ရမယ့် အချွန်အစ တစ်ခုခုများ ရှိမလား.. ။
ကျွန်မ အခန်းပတ်ပတ်လည်ကို လိုက်ကြည့်နေတုန်း တံခါး ပွင့်လာတယ်။ ကျွန်မ စောစောကနေရာကို အမြန်သွားပြီး ဒူးထောက်ထိုင်လိုက်တယ်။ ခေါင်းကိုငုံ့ထားလိုက်တယ်။
အခန်းထဲကို အစောင့်သုံးယောက် ဝင်လာပြန်တယ်။ သူတို့နောက်ကနေ အဖေပါလာပြန်တယ်။
(၃)
“အဖွဲ့ဝင် ဘယ်နှယောက်ရှိသလဲ။ ပြီးတော့ ခင်ဗျားတို့ဆီမှာ သဲကာ ဝတ်စုံတွေ ရှိတယ်။ အဲဒါတွေ ဘယ်မှာလဲ..”
အဖေက ထိုင်ခုံမှာထိုင်ပြီး စိတ်ရှည်လက်ရှည် မေးနေတယ်။ ခွန်ဖြူက ဘာမှပြန်မဖြေဘူး။ နံရံကိုပဲ စိုက်ကြည့်နေတယ်။ ကျွန်မ အသက်ရှူကြပ်လာတယ်။ နောက်တစ်ခါ သေမယ့်သူ ဘယ်သူဖြစ်မလဲ။ ခွန်ဖြူ့ဘေးမှာ ဒူးထောက်နေတဲ့ သူ့အဖွဲ့သားတွေက ခေါင်းတွေကို ငုံ့ထားတယ်။ ကြမ်းပြင်ကို စိုက်ကြည့်နေကြတယ်။ အဖေက သေနတ်ကို ပေါင်ပေါ်မှာတင်တယ်။ ခွန်ဖြူ့မျက်နှာကို လက်နဲ့ ဆွဲမော့တယ်။
“ကျွန်တော်မေးတာတွေကို ဖြေမှာလား.. မဖြေဘူးလား။ ကျွန်တော့် သေနတ်ထဲမှာ ကျည် ဆယ့်ငါးတောင့်ရှိတယ်။ ခင်ဗျားတို့ အားလုံးကို နှစ်ခါပြန် သတ်လို့ရတယ်။ နားလည်လား..”
နံရံကို ကြည့်နေတဲ့ ခွန်ဖြူ့မျက်လုံးတွေ အဖေ့မျက်နှာဆီကို ဆတ်ကနဲ ရောက်သွားတယ်။ စောစောက မှိန်ဖျော့ဖျော့ ဖြစ်နေတဲ့ သူ့မျက်လုံးတွေထဲကို ကြယ်ရောင်တွေ ဝင်လာပြန်တယ်။ အရောင်တောက်လာတယ်။ ခွန်ဖြူ ပြန်ပြောတဲ့ စကားသံထဲမှာ တုန်ခါခြင်းတွေ မရှိဘူး။ အသံက ငြိမ်နေတယ်။ တည်နေတယ်။ ပြတ်နေတယ်။
“အဲဒီ ကျည်ဆံတွေ ကုန်သွားရင်။ ငါတို့ အကုန် သေသွားပြီးရင်.. မင်းဘာဆက်လုပ်မှာလဲ”
အဖေ ဘာမှ ပြန်မပြောဘဲ ခဏ တွေသွားတယ်။ သူ့ရဲ့ ကျောပြင် နိမ့်ချည် မြင့်ချည် ဖြစ်လာတာကို ကျွန်မ မြင်နေရတယ်။
“မဆိုင်တာတွေ ပြောမနေနဲ့။ ကျွန်တော်မေးတာကို ဖြေ”
အဖေက သေနတ်ကို မောင်းတင်တယ်။ ခွန်ဖြူ့ဘေးချင်းကပ်လျက်မှာ ဒူးထောက်နေတဲ့သူကို သေနတ်နဲ့ ချိန်တယ်။ သေနတ်နဲ့ချိန်ခံရတဲ့ ခွန်ဖြူ့တပည့်ရဲ့ ကိုယ်လုံး ဆတ်ကနဲ တင်းသွားတယ်။ သူက ရင်ကိုမော့တယ်။ ခေါင်းမော့တယ်။ သေဖို့ ပြင်တယ်။
ခွန်ဖြူက အဖေ့မျက်နှာကို စေ့စေ့ကြည့်နေတယ်။ သူ့မျက်လုံးထဲမှာ ဒေါသတွေ မတွေ့ရတော့ဘူး။ ဒေါသတွေ၊ နာကျည်းချက်တွေရဲ့ နေရာမှာ အရိပ်အယောင်အသစ်တစ်ခု အစားဝင်လာတယ်။ သနားတဲ့ အရိပ်။
“ရာဇာ.. ရာဇာ.. မင်းဟာ တကယ့်ကို သုံးစားမရတဲ့ ကောင်ပါလား။ နေရာကောင်းမှာနေ၊ အစားကောင်းတွေစား၊ တပည့်တပန်းတွေနဲ့ သာယာနေရင်း မင်းဦးနှောက်တွေ ထုံထိုင်းကုန်ပြီ။ တုံးသွားပြီ။ ညံ့သွားပြီ”
အဖေက လက်ထဲက သေနတ်ကို ခါးကြားမှာ ပြန်ထိုးတယ်။ မတ်တပ်ထရပ်တယ်။ ဟက်ကနဲ တစ်ချက်ရယ်တယ်။
“ကျွန်တော့်ကို ညံ့တယ်ပြောရအောင် အခု ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေတာ ကျွန်တော် မဟုတ်ဘူးဗျ”
“ငါတို့က ဒူးထောက်နေပေမယ့် ငါတို့ကိုယ်ထဲမှာ ကြောက်စိတ် တစ်စက်မှ မရှိတော့ဘူး။ အခု ကြောက်နေတာ ဘယ်သူလဲ။ မင်းကိုယ်မင်း ပြန်မေးလိုက်။ မင်းမျက်နှာမင်း မှန်ထဲမှာ ပြန်ကြည့်လိုက်”
အဖေ့ပါးစပ်က ဆဲသံ တစ်ချက်ထွက်သွားတယ်။ လက်တစ်ဘက် မြောက်တက်သွားပြီး ခွန်ဖြူ့မျက်နှာကို ဖြောင်းကနဲ ရိုက်ချလိုက်တယ်။ ခွန်ဖြူ ကြမ်းပေါ်ကို လဲကျသွားတယ်။ ကျွန်မ ပါးစပ်ထဲက အိကနဲ အသံတစ်ချက် စည်းထားတဲ့အဝတ်ကို တိုးပြီးထွက်သွားတယ်။
ခွန်ဖြူက လဲနေရာကနေ ပြန်ထတယ်။ အဖေ့ကို မော့ကြည့်ပြီး အရူးတစ်ယောက်လို တခစ်ခစ် ရယ်တယ်။
အဖေ့လက်ထဲကို သေနတ်ပြန်ရောက်သွားတယ်။ ခွန်ဖြူ့တပည့်ရဲ့ ခေါင်းကို သေနတ်နဲ့ ထောက်တယ်။
“ခင်ဗျားလူတွေ ခင်ဗျားကြောင့် သေရမှာနော်။ အခု မဖြေရင် ကျွန်တော် တကယ်ပစ်တော့မှာ”
ခွန်ဖြူက ပခုံးတွန့်တယ်။
“ပစ်လေ”
အဖေ သေနတ်မောင်းကို ဖြုတ်ချလိုက်တယ်။ သေနတ်သံနဲ့အတူ အခန်းတစ်ခုလုံး တုန်ခါသွားပြန်တယ်။
လဲကျသွားတဲ့ ခွန်ဖြူတပည့်ရဲ့ အလောင်းကို အဖေက ခြေထောက်နဲ့ တစ်ချက် ဆောင့်ကန်တယ်။ အဖေ့မျက်နှာမှာ ထိန်းမနိုင် သိမ်းမရ ထွက်လာတဲ့ဒေါသတွေ နီရဲပြီး တထောင်းထောင်း ထနေတယ်။
“ခင်ဗျား ဘယ်လို ခေါင်းဆောင်လဲ။ ဘယ်လို လူလဲ။ ခင်ဗျားလူနှစ်ယောက် သေသွားတာတောင် ရယ်နေနိုင်သေးလား”
ခွန်ဖြူက ပြုံးတယ်။ ကြမ်းပြင်ပေါ်မှာ လဲနေတဲ့ အလောင်းနှစ်လောင်းကို တစ်ချက် ငုံ့ကြည့်တယ်။ အဖေ့ကို ပြန်မော့ကြည့်တယ်။
“ငါ့လူတွေနဲ့အတူ ငါလိုက်သေဆိုရင်လည်း ပြုံးပြုံးကြီး အသေခံနိုင်တယ်။ သူတို့လည်း ငါ့လိုပဲ ငါ့အတွက်၊ ငါတို့ အဖွဲ့အတွက်၊ လူတွေအတွက် အသေခံမယ့်သူတွေ။ ဟုတ်တယ်မဟုတ်လား ဟေ့ကောင်တွေ”
ဒူးထောက်နေတဲ့ ခွန်ဖြူ့တပည့် သုံးယောက်က ခေါင်းကို ဆတ်ကနဲ ငြိမ့်တယ်။ ကိုယ်တွေကို ပြိုင်တူ မတ်တယ်။ ခွန်ဖြူက ဆက်ပြောတယ်။
“မင်းရဲ့လူတွေက မင်းပေးစာကမ်းစာတွေကို စားသောက်ပြီး ကပ်ဖားနေတဲ့ ကပ်ပါးတွေ။ မင်းသေရင် မင်းအလောင်းကို ကျော်ခွပြီး တခြားဆရာနောက် လိုက်သွားမယ့်ကောင်တွေ။ ဟုတ်တယ်မဟုတ်လား ဟေ့ကောင်တွေ”
ခွန်ဖြူက သေနတ်ကိုင်ပြီး ရပ်နေတဲ့ အဖေ့ရဲ့ အစောင့်သုံးယောက်ကို လှမ်းမေးတယ်။ အစောင့်တွေအကုန် ပျာယာခတ်သွားပြီး လက်ထဲက သေနတ်တွေကို ဖြောင်းကနဲ မောင်းတင်တယ်။ ခွန်ဖြူ့ကို ဝိုင်းချိန်တယ်။ ခွန်ဖြူက ဟက်ဟက်ပက်ပက် ရယ်တယ်။
“ရာဇာ.. ရာဇာ.. မင်းအခုလုပ်နေတဲ့ပုံနဲ့ မင်း တောင်အောက်ရောက်တဲ့ အထိတောင် ခံမှာမဟုတ်ဘူး။ မင်းတပည့်တွေအကုန် မင်းကို ကြောက်နေကြပြီ။ ကြောက်တာနော်.. ချစ်တာမဟုတ်ဘူး။ လေးစားတာ မဟုတ်ဘူး။ မင်းအခုလို တွေ့သမျှလူတွေအကုန် ပစ်သတ်နေတာ၊ ဉာဏ်နည်းနေတာ.. မိုက်ရူးရဲတွေ လုပ်နေတာ.. ဒါတွေအကုန် မင်းရဲ့ တပည့်တွေက သိတယ်။ မသိချင်ယောင်ဆောင်နေတာ။ မင်းကို ကြောက်လို့ မပြောရဲတာ။ အေး.. အခွင့်အရေးရတဲ့ တစ်နေ့ မင်းခေါင်းထဲကို ကျည်ဆံတွေ ပစ်ထည့်သွားကြလိမ့်မယ်…”
အဖေက တောက်တစ်ချက်ခေါက်တယ်။ ပါးစပ်ကလည်း ဆက်တိုက်တွေ ဆဲနေတယ်။ အဖေ ဒီလောက် ဒေါသထွက်နေတာ ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး။ ဆေးမမီတော့တဲ့ ခွေးရူးတစ်ကောင်လို ကမူးရှူးထိုးတွေ ဖြစ်နေတာ..။
“ဒီမှာ ကိုကျော်သောင်း။ ဟုတ်တယ်.. ခင်ဗျားနာမည်ကို ကျွန်တော် သိတယ်။ ခင်ဗျားအစ်ကို အောင်သောင်းဆိုတာကိုလည်း ကျွန်တော်သိတယ်။ ခင်ဗျားလူတွေ ခင်ဗျားကို သစ္စာရှိလှပြီလို့ ထင်မနေနဲ့.. ခင်ဗျားတို့ထဲက သစ္စာဖောက်ရှိလို့၊ သတင်းပေးရှိလို့ ခင်ဗျားနာမည်ကို ကျွန်တော်သိနေတာ။ နားလည်လား”
ခွန်ဖြူက ပခုံးတွန့်တယ်။
“အဲဒီတော့ ဘာဖြစ်လဲ။ ငါ့နာမည်သိတော့ မင်းဘာလုပ်မလို့လဲ။ ထိုင်ကန်တော့မလို့လား”
အဖေက လက်ထဲက သေနတ်နဲ့ ခွန်ဖြူ့မျက်နှာကို ချိန်ပြန်တယ်။ ခွန်ဖြူက စိတ်မရှည်သလို သက်ပြင်းချတယ်။ ခေါင်းခါတယ်။
“လာပြန်ပြီ.. ဒီသေနတ် တကားကားနဲ့။ လာ.. ငါ့ပါးစပ်ထဲကို ထည့်.. လာ.. ထည့်စမ်းပါ”
ခွန်ဖြူက ပါးစပ်ကို ဟပေးတယ်။
အဖေက တောက်ခေါက်တယ်။ သေနတ်ပြောင်းကို ခွန်ဖြူ့ပါးစပ်ထဲ ထိုးထည့်တယ်။ ခွန်ဖြူက အဖေ့ကို ပြုံးပြုံးပဲ မော့ကြည့်နေတယ်။ ပါးစပ်မအားတဲ့ကြားထဲက “ပစ်လေ..”ဆိုပြီး ပြောလိုက်သေးတယ်။ ကျွန်မ မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ ရင်တွေ တဒိတ်ဒိတ် ခုန်လာတယ်။ တော်ပါတော့.. တော်ကြပါတော့…
အဲဒီအချိန်မှာ အခန်းထဲကို အစောင့်နောက်တစ်ယောက် ပြေးဝင်လာတယ်။ အဖေ့ကို လှမ်းအော်တယ်။
“ဆရာ..ဆရာ.. ဥက္ကဌကြီး.. တံခါးဘက်က အစောင့်တွေ သေကုန်ပြီ.. သေပြီ..”
+++