အခန်း (၁၇)
(၁)
ကျွန်တော့်ဆီကို တစ်လှမ်းချင်း လျှောက်လာနေတဲ့ ဆူဇန်။
ကျွန်တော့် ရင်ဘတ်ထဲမှာ ရက်ပေါင်းများစွာ ခိုဝင်ရင်းနှီးနေတဲ့ ဒေါသစိတ်က အရှိန်ရလာပြန်တယ်။ ဒီမိန်းမကြောင့်။ သူ့ကြောင့်။ မေနှင်းမှာ ဘာအပြစ်မှ မရှိဘူး။ မေနှင်းဟာ အင်မတန် နူးညံ့အပြစ်ကင်းတဲ့သူ။ အားလုံးကို တွယ်တာ ကြင်နာတတ်တဲ့သူ။ ကျွန်တော့်လိုကောင်မျိုးကို အပြစ်တင်စကား တစ်ခွန်းမဆိုဘဲ နှစ်ပေါင်းများစွာ သည်းခံကြိတ်မှိတ်ပေါင်းခဲ့တဲ့သူ။ ဘယ်သူ့ဆီကမှ ဘာကိုမှ မတောင်းဆိုခဲ့ဘူးသလို သေသွားတဲ့အထိ ကျွန်တော့်ဆီက ဘာမှ ပြန်ရမသွားခဲ့တဲ့ မေနှင်း။
ခြေထောက်အောက်က အပိုင်းပိုင်းကြေနေတဲ့ အပင်အရွက်စတွေကို ငုံ့ကြည့်ရင်း ကျွန်တော် မျက်ရည်ဝဲလာတယ်။ ဒီစိုက်ခင်းထဲမှာ မေနှင်း နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တယ်။ သူ့လုပ်အားနဲ့ ကျွန်တော့်ကို ရှာကျွေးခဲ့တယ်။ အခုတော့ သူမရှိတော့သလို စိုက်ခင်းတစ်ခုလုံးလည်း ပျက်သုဉ်းသွားပြီ။ အခု.. ဒီမြေကြီးကို ကျွန်တော် မုန်းတယ်။ ဒီဝင်းကို မုန်းတယ်။ ဒီကမ္ဘာကို မုန်းတယ်။ ကျွန်တော့်ကို လူသတ်သမားဖြစ်အောင် ပြောင်းပစ်တဲ့ အဖြစ်အပျက်တွေကိုလည်း ကျွန်တော် မုန်းတယ်။
ကျွန်တော် ခေါင်းပြန်မော့လိုက်တော့ ဆူဇန်က ကျွန်တော့်ရှေ့ကို ရောက်နေပြီ။ နေရောင်အောက်မှာ သူ့ရဲ့ ဖွေးဆွတ်နေတဲ့အသားက ရွှေရောင်ဘက်ကို သမ်းချင်နေတယ်။ ဆူဇန်က လက်နှစ်ဘက်ကို ပိုက်တယ်။ ခေါင်းကိုမော့တယ်။ ကျွန်တော့်ကို ကြည့်ပြီး ပြောတယ်။
“ကျွန်မ တောင်းပန်ပါတယ်”
ကျွန်တော် လက်ကို ရွယ်လိုက်တယ်။ လက်သီးက အလိုလို ဆုပ်ပြီးသားဖြစ်နေပြီ။ ဆူဇန်ကး ကျွန်တော်ပေးမယ့် ပြစ်ဒဏ်ကို မျက်လုံးမှိတ်ပြီး၊ ခေါင်းကိုမော့ပြီး.. စောင့်နေတယ်။ ကျွန်တော့်လက်က လေထဲမှာ ကြိုးနဲ့ဆွဲထားသလို တင်းပြီး ရပ်သွားတယ်။ ကျွန်တော့်ရှေ့မှာ မတ်တပ်ရပ်ပြီး မျက်လုံးမှိတ်ထားတဲ့ ကောင်မလေးဟာ တကယ်တော့ တော်တော့်ကို ငယ်ပါသေးတယ်။ ကျွန်တော့်ထက် ဆယ့်ငါးနှစ်လောက်တောင် ငယ်မလားပဲ။ ဒီကလေးမလေးကို ကျွန်တော် လက်သီးနဲ့ တစ်ခါ ထိုးပြီးပြီ။ နာကျင်အောင် လုပ်ပြီးပြီ။ အခုလည်း သူ့ကို ထပ်ပြီး နာအောင်လုပ်ချင်တဲ့စိတ်တွေ ကျွန်တော့်ကိုယ်ထဲမှာ ပြည့်သိပ်နေတာပဲ။ အဲဒီစိတ်ဓာတ်ကို အခုမှ ပြန်ကြည့်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် ရွံသလိုလို ဖြစ်သွားတယ်။ ပါးစပ်ထဲမှာ ခါးလာတယ်။ အစာအိမ်ထဲက အချဉ်ရည်တွေ ထွက်လာတယ်။ လည်ချောင်းတစ်ခုလုံး ပူလာတယ်။ နေမင်းဆိုတဲ့ကောင် တကယ်ပဲ သေသွားပြီလား။ ငါးနီဆိုတဲ့ ဒီလူအသစ်ဟာ လူသတ်ရမှာလည်း ဝန်မလေးဘူး။ ကိုယ့်အသက် တစ်ဝက်လောက်ပဲရှိတဲ့ မိန်းကလေးတစ်ယောက်ကို ရိုက်နှက်ပစ်ရမှာကိုလည်း လက်မရွံ့ဘူး။ မေနှင်းရဲ့ ကြင်နာစိတ်အပြည့်နဲ့ မျက်ဝန်းတွေ၊ တဖက်သားကို သိပ်ချစ်တဲ့ အပြုံးတွေ.. ကျွန်တော့်အာရုံထဲ ပြန်ပေါ်လာတယ်။
ကျွန်တော် လက်ကို ပြန်ချလိုက်တယ်။ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်တယ်။ ဆူဇန်က မျက်လုံးပြန်ဖွင့်ကြည့်တယ်။
“မင်းငါ့ကို တောင်းပန်စရာမလိုဘူး။ မင်းတောင်းပန်လည်း ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ သေတဲ့သူက သေသွားပြီ”
“ကျွန်မ.. ကျွန်မသိပါတယ်။ မမေနှင်းကို ဒီလိုဖြစ်အောင် ကျွန်မ တမင်လုပ်ခဲ့တာမဟုတ်ဘူး။ တကယ်ပြောတာပါ”
“အဲဒါတွေ ငါမသိချင်ဘူး။ ထပ်လည်း မရှင်းပြနဲ့။ ထပ်လည်း မတောင်းပန်နဲ့။ ဒီနေရာမှာတင် ရပ်လိုက်တော့။ မင်းကို ငါ တစ်သက်လုံး ခွင့်လွှတ်မှာမဟုတ်ဘူး။ ဒါပေမယ့် ငါမင်းကို ထိုးလည်းမထိုးဘူး။ ရိုက်လည်း မရိုက်ဘူး။ သတ်ပစ်မှာလည်း မဟုတ်ဘူး။ အဲဒါ မေနှင်းကြောင့်။ မေနှင်းသာ နောင်ဘ၀ဆိုတဲ့ နေရာကို ရောက်နေခဲ့ရင် ငါ့လုပ်ရပ်တွေကို မြင်သွားမှာစိုးလို့။ သူစိတ်မကောင်းဖြစ်သွားမှာစိုးလို့။ နားလည်လား”
ဆူဇန်က နှုတ်ခမ်းကိုကိုက်ပြီး ခေါင်းညိတ်တယ်။ ကျွန်တော်နဲ့ မျက်လုံးချင်း မဆိုင်ဘဲ မြေကြီးကိုပဲ ငုံ့ကြည့်နေတယ်။
“အစ်ကို ခွင့်လွှတ်စေချင်လို့ တောင်းပန်တာမဟုတ်ပါဘူး။ ကျွန်မအပြစ်ကျွန်မ ဝန်ခံတဲ့သဘောပါ။ တစ်သက်လုံး ခွင့်မလွှတ်ဘူးဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် ကျွန်မ အစ်ကိုတို့ကို ကူညီပါရစေ”
ဒီမိန်းမ ဘာတွေလာပြောနေတာလဲ။ ဘာကို ကူညီမှာလဲ။
“ဘာဖြစ်လို့ ရုံးထဲမှာ မင်းတစ်ယောက်ပဲ ကျန်ခဲ့တာလဲ။ ဥက္ကဌက မင်းကို ဘာဖြစ်လို့ ထားခဲ့တာလဲ”
ဆူဇန်က ခေါင်းခါတယ်။
“ထားခဲ့တာမဟုတ်ဘူး။ ကျွန်မ တမင် နေခဲ့တာ”
“ဘယ်လို..”
“အဖေ ရှင်တို့ကို ဘာဖြစ်လို့ အဲဒီလောက်မုန်းနေသလဲ သိသလား..”
ကျွန်တော် ခေါင်းခါလိုက်တယ်။ ဆူဇန်က ဆက်ပြောတယ်
“ကျွန်မအမေက ဝင်းထဲကသူတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တယ်တဲ့..။ ကျွန်မဟာ ဥက္ကရဲ့ သမီးလား.. ဝင်းထဲကတစ်ယောက်ယောက်နဲ့ ရပြီး မွေးလာတဲ့သူလား.. အဖေကိုယ်တိုင် သေချာမသိဘူး။ အဲဒါကြောင့်.. ရှင်တို့ ဝင်းသမားတွေကို အဖေက အသည်းအသန် မုန်းနေတာ။ တွေ့တာနဲ့ သတ်ချင်နေတာ..။ ဝင်းထဲကသူတွေကို စောင့်ရှောက်အုပ်ချုပ်ပေးနေတယ်ဆိုတာ အလကား။ အရင်ကတည်းက အစ်ကိုတို့ဝင်းထဲကလူတွေကို အကုန် သတ်ပစ်ချင်နေတာ။ အခုလည်း ဝင်းသမားတွေ ငတ်သေကုန်အောင် တမင် ထားခဲ့တာပဲနေမှာ..”
ပြောနေရင်းနဲ့ ဆူဇန့်အသံထဲမှာ ငိုသံလိုလို ပါလာတယ်။
“ပြီးတော့.. ကျွန်မ အမေအရင်းကိုလည်း သူကိုယ်တိုင်ပဲ လည်ပင်းညှစ်သတ်ပစ်တာ..တဲ့.. အဲဒီလိုပြောတယ်…”
ကျွန်တော့်ရှေ့မှာ ရှိုက်ကြီးတငင်ငိုချလိုက်တဲ့ ဆူဇန့်ကိုကြည့်ပြီး ကျွန်တော် ဘာလုပ်ရမှန်းမသိဘူး။ ထင်မထားတဲ့ စကားတွေကြောင့် ကြောင်အအ ဖြစ်သွားတာလည်း ပါတယ်။ သူပြောတာတွေကို မယုံနိုင်တာလည်း ပါတယ်။ ပြီးတော့ ကျွန်တော့်စိတ်ထဲမှာ လွန်ဆွဲနေတဲ့ ဒေါသ၊ အညှိုးနဲ့ လူသားဆန်စိတ်တွေရဲ့ ပဋိပက္ခကြောင့်လည်း ပါတယ်။
“ဟေ့.. မငိုနဲ့လေ.. မငိုနဲ့။ မင်းပြောတာတွေကို ငါက ဘယ်လို ယုံရမှာလဲ။ အဓိပ္ပာယ်မရှိတာတွေ.. မဖြစ်နိုင်တာ..”
ဆူဇန်က ကျွန်တော့်ကို ဆတ်ကနဲ မော့ကြည့်တယ်။ သူ့မျက်နှာတစ်ခုလုံး မျက်ရည်တွေနဲ့ စိုရွှဲနေတယ်။
“အစ်ကို နည်းနည်း စဉ်းစားပါဦး။ ကျွန်မ မဟုတ်တာတွေ ပြောနေတယ်ဆိုရင် .. အခု ကျွန်မတစ်ယောက်တည်း နေခဲ့တာ ဘာဖြစ်လို့လဲ။ ရုံးသမားတွေကို ဒီလောက် မုန်းတီးနေတာ.. ဒီ ဝင်းသမား နှစ်ထောင်ကျော်နဲ့ ကျွန်မ တစ်ယောက်တည်း ဘာဖြစ်လို့ နေခဲ့ရမှာလဲ။ အဖေ့နောက်ကို မလိုက်ချင်တော့လောက်အောင် စိတ်နာသွားလို့ပေါ့။ မဟုတ်ဘူးလား။ အစ်ကို မယုံဘူးလား..”
ကျွန်တော် ဘာမှ ပြန်မပြောနိုင်ဘူး။ သူပြောတာလည်း ဟုတ်တယ်။ ဒါပေမယ့် ငိုယိုနေတဲ့ ဥက္ကဌသမီးကို ချော့ဖို့အထိတော့ ကျွန်တော့်စိတ်တွေ မပျော့ပြောင်းသေးဘူး။ ဘယ်လိုပဲပြောပြော ဒီသားအဖ လက်ချက်နဲ့ မေနှင်းသေရတာတော့ အမှန်ပဲ။
“ထားလိုက်တော့။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ငါ့အတွက် ဘာမှ မထူးဘူး။ ငါလည်း မင်းကို ဘာမှ လုပ်မပေးနိုင်ဘူး။ မင်းကို ဘာဆက်လုပ်ရမလဲဆိုတာ တခြားသူတွေ ဆုံးဖြတ်ပေးလိမ့်မယ်”
ကျွန်တော်ပြောပြီး ဆူဇန့်ကို ထားခဲ့လိုက်တယ်။ ခရမ်းဆီကို ပြန်လျှောက်သွားလိုက်တယ်။ ဆူဇန်က မျက်ရည်တွေကို သုတ်ရင်း ယောင်နနနဲ့ အနောက်ကနေ လိုက်လာတယ်။ ကျွန်တော့် တစ်ကိုယ်လုံး ထူပူပြီး ထုံထိုင်းနေတယ်။ မုန်တိုင်းထဲမှာ လမ်းလျှောက်ရသလို ခြေလှမ်းတွေ လေးနေတယ်။ အသက်ရှူမ၀ဘူး။ ခေါင်းတွေ မူးနေတယ်။ မပီပြင်မသေချာတဲ့ ဆုံးဖြတ်ချက်တွေ၊ ဘာမှန်းမသိ.. ဝေဝါးနေတဲ့ ပစ္စုပ္ပာန်နဲ့.. မမြင်နိုင် မလှမ်းနိုင်တဲ့ အနာဂတ်တွေ လုံးထွေးရောယှက်ပြီး အရပ်ရှစ်မျက်နှာကနေ ဝိုင်းဖိထားသလို မွန်းကြပ်နေတယ်။ လေးခရမ်းက ကျွန်တော့်ကို လက်ပိုက်ပြီး စောင့်နေတယ်။ သူ့ရဲ့ တည်ကြည်ပြတ်သားတဲ့ မျက်လုံးတွေကို မြင်လိုက်မှ ကျွန်တော် နည်းနည်း အသက်ရှူချောင်သွားတယ်။ အခုလို ဘာလုပ်ရမှန်းမသိတဲ့အချိန်မှာ ဘာမဆို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတဲ့ ခရမ်းလို မိန်းမမျိုးကို ကျွန်တော် အားကျတယ်။ အားကိုးတယ်။
(၂)
“အခြေအနေဘယ်လိုလဲ ငါးနီ”
ခရမ်းက ကျွန်တော့်ကို မေးတယ်။ ကျွန်တော် ခေါင်းပဲ ခါပြလိုက်တယ်။ ဘာမှ ပြန်ပြောမနေတော့ဘူး။ ခရမ်းက နားလည်သလို ခေါင်းညိတ်တယ်။ မျက်ရည်သုတ်နေတဲ့ ဆူဇန့်ကို တစ်ချက် လှမ်းကြည့်တယ်။ ကျွန်တော့်ကို ပြန်ကြည့်တယ်။
“လုပ်စရာရှိတာ ဆက်လုပ်လို့ ရပြီလား။ နင့်ကိစ္စ ပြီးပြီလား”
“ပြီးပြီ”
ကျွန်တော် ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေလိုက်တယ်။ အနောက်က တရှုံ့ရှုံ့လုပ်နေတဲ့ ဥက္ကဌသမီးနဲ့ မြန်မြန် ဝေးချင်လှပြီ။ မတွေ့ခဲ့ရင်တောင် အကောင်းသား။ အခု သူနဲ့တွေ့မှ ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့ ခံစားချက်ကြီးဝင်လာတာ ပိုပြီး ခံရခက်နေတယ်။ လေးခရမ်းက ပြောတယ်။
“အခု ရုံးတစ်ရုံးမှာ အသုံးကျတာ ဘာမှ ရှာမတွေ့ဘူး။ သုံးလို့ရတာဆိုလို့ ဥက္ကဌသမီးပဲတွေ့တယ်။ အဲဒီလိုဖြစ်နေပြီ”
“သူက ဘာသုံးလို့ရမှာလဲဗျ။ သူလည်း ဘာမှသိပုံမပေါ်ဘူး”
“သူပြောပုံအရဆိုရင်တော့ ရုံးထဲမှာ ရိက္ခာတွေ ရှိဦးမယ့်ပုံပဲ။ ပြီးတော့ ရုံးထဲက စာရွက်စာတမ်းတွေကို ကြည့်ပြီး ဥက္ကဌတို့ ဘာကြံစည်နေသလဲဆိုတာ သူစုံစမ်းပေးနိုင်တယ်တဲ့။ ဟုတ်တယ်မဟုတ်လား..”
ခရမ်းက ဆူဇန့်ကို လှမ်းမေးတယ်။ ဆူဇန်က ခေါင်းကို သွက်သွက်ညိတ်တယ်။
“ဟုတ်.. ကျွန်မ အဲဒါတော့ ကူညီပေးနိုင်ပါတယ်။ ပြီးတော့.. ပြီးတော့.. စက်ရုံဘက်မှာလည်း ရုံးကလူတွေ ခြေရှုပ်နေခဲ့သေးတယ်။ အဲဒီဘက်မှာ တစ်ခုခုတော့ ရှိမှာ သေချာတယ်”
လေးခရမ်းက ခေါင်းညိတ်တယ်။
“ဟုတ်ပြီလေ။ ဒါပေမယ့် အခုလောလောဆယ် တိုက်တန်းဘက်ကို အရင်ပြန်မှဖြစ်မယ်။ ဥက္ကဌသမီး ကျန်ခဲ့တယ်ဆိုတာ ခွန်ဖြူတို့ကို သတင်းပို့ဖို့လိုတယ်။ ပြီးတော့.. မနက်ကကိစ္စနဲ့ပတ်သက်ပြီး တိုက်တန်းဘက်မှာ ဘာတွေဖြစ်နေပြီလဲမသိဘူး”
“ဒါဆိုလည်း ပြန်လေ။ နေ့လယ်စောင်းမှ ဒီဘက်ကို တစ်ခေါက်ပြန်လာတာပေါ့။ သူ့ကိုတော့ ထားခဲ့လိုက်”
ကျွန်တော့်စကားကိုကြားတော့ ဆူဇန်က မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ဝင်တားတယ်။
“ဟင့်အင်း။ မထားခဲ့ပါနဲ့။ ညကလည်း တစ်ညလုံး ဒီမှာ တစ်ယောက်တည်းနေနေရတာ။ အခုလည်း တစ်ယောက်တည်း ဆက်နေရမယ်ဆိုရင် ကျွန်မ မနေချင်တော့ဘူး။ လိုက်ခဲ့ပါရစေ”
ကျွန်တော် ကန့်ကွက်တဲ့အကြည့်နဲ့ ခရမ်းကိုကြည့်လိုက်ပေမယ့် ခရမ်းက ဆူဇန့်ကို ခေါင်းညိတ်ပြတယ်။
“ဒါဆိုလည်း လိုက်ခဲ့”
(၃)
တိုက်တန်းတစ်ခုလုံး ငိုသံ အော်သံတွေနဲ့ ဆူညံနေတယ်။ အရင်ကလည်း ဒီလိုမြင်ကွင်းမျိုး မြင်နေကျဖြစ်ပေမယ့် ဒီနေ့မှာတော့ စိုးရိမ်ပူပန်မှု အငွေ့အသက်တွေ လေထဲမှာ ပြည့်နေတယ်။ လူတိုင်းရဲ့ မျက်လုံးတွေက ကျီးလန့်စာစား ကနာမငြိမ် ဖြစ်နေကြတယ်။ ပိုင်ရာဆိုင်ရာတွေကို ထုပ်ပိုးပြီး မိသားစုတွေကို အော်ဟစ် ရှာဖွေနေတဲ့သူတွေတွေ့ရသလို အုပ်စုဖွဲ့ပြီး ဟေးလားဝါးလား ကြွေးကြော်၊ ကြယ်တံခွန်သီချင်းကို အသံကျယ်ကြီးနဲ့ အော်ဆိုနေကြတဲ့ လူငယ်စုတွေလည်း တွေ့ရတယ်။ သိသာတာတစ်ခုကတော့ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် လူလေးငါးယောက် အနည်းဆုံးစုပြီး ခေါင်းချင်းဆိုင် တိုင်ပင်နေကြတာပဲ။
ကျွန်တော်တို့ ဝင်လာတာကိုတွေ့တော့ တိုက်တန်းဘက်ကလူတွေ ဝိုင်းကြည့်ကြတယ်။ ဒီတစ်ခါတော့ ကျွန်တော့်သံခြေထောက်ကို ကြည့်တာမဟုတ်တော့ဘူး။ ဆူဇန့်ကို တအံ့တဩ ကြည့်ကြတာ။ “အဲဒါ ဥက္ကဌသမီးလေ..” “ဟိုတစ်ခါလည်း ဒီဘက်မှာ ပြဿနာတက်ပြီးပြီလေ.. သူလာလို့..” “ဥက္ကဌလိုက်လာတော့မှာလား မသိဘူး.. ဒုက္ခပဲ” စတဲ့စတဲ့ အသံတွေ ဟိုတစ်ကွက် ဒီတစ်ကွက် ကြားရတယ်။
ခွန်ဖြူ၊ ဦးအောင်သောင်းနဲ့ အဖွဲ့သားတွေ တိုက်ရှေ့က မြေကွက်လပ်မှာ လူစုနေကြတယ်။ ပွက်လောရိုက်နေတဲ့ မေးခွန်းတွေကို ဦးအောင်သောင်းက စိတ်ရှည်လက်ရှည် ဖြေပေးနေတယ်။ ခွန်ဖြူကတော့ စိတ်ရှုပ်တဲ့ပုံနဲ့ မျက်နှာက ရှုံ့မဲ့နေတယ်။ လက်ထဲက သေနတ်ကိုပဲ မောင်းတင်လိုက်၊ မောင်းဖြုတ်လိုက်၊ ကျည်စစ်လိုက် လုပ်နေတယ်။ အဖွဲ့ထဲမှာ ဟိုယောင်ယောင် ဒီယောင်ယောင် လမ်းသလားနေတဲ့ ဦးညိုကြီးကိုလည်း တွေ့ရတယ်။ ဒီတစ်ခါတော့ ဦးညိုကြီးက ဘောင်းဘီနဲ့ဘာနဲ့ လုံလုံခြုံခြုံ ဖြစ်နေပြီ။
ကျွန်တော်တို့ကိုတွေ့တော့ ဦးအောင်သောင်းက ကမန်းကတမ်းပြေးလာတယ်။ ဆူဇန့်ကိုတွေ့တော့ မျက်လုံးပြူးသွားတယ်။ ဦးအောင်သောင်းက ရုံးထဲက အခြေအနေကို မေးတယ်။ ရုံးထဲမှာ ဘယ်သူမှ မရှိကြောင်း၊ စားနပ်ရိက္ခာတွေလည်း မတွေ့၊ စိုက်ခင်းတွေ၊ ဆိုလာပြားတွေကို ဖျက်စီးထားတာပဲ တွေ့ကြောင်း.. လေးခရမ်းက ရှင်းပြတယ်။ လေးခရမ်းစကားအဆုံးမှာ အားလုံးရဲ့ မျက်နှာတွေ ညှိုးကျသွားတယ်။ အဖွဲ့ထဲက လူတစ်ယောက် အရှေ့ကိုထွက်လာတယ်။ အဲဒီလူရဲ့ ညာလက်က အရင်းကနေ ပြတ်နေတယ်။ အရိုးအတိုကို အဝတ်စုတ်နဲ့ စည်းထားတယ်။ မျက်နှာတစ်ခုလုံးလည်း အမာရွတ်တွေ ပရဗွပဲ။ သူက ဆူဇန့်ကို လက်ညှိုးထိုးပြီး မေးတယ်။
“သူက ဘာသဘောနဲ့ ဒီကို လိုက်လာတာလဲ။ ဥက္ကဌသမီးကို ဘာဖြစ်လို့ ခေါ်လာတာလဲ”
လေးခရမ်းက ဝင်ရှင်းပြမလို့ ပြင်ပေမယ့် အားလုံးရဲ့ တညီတညာတည်း ဝိုင်းပြဿနာရှာကြတဲ့ အသံတွေကြားထဲမှာ ခရမ်းရဲ့ အသံက ပျောက်သွားတယ်။ အဖွဲ့ထဲကလူတွေ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြတယ်။ ဆူဇန့်နားကို တိုးလာကြတယ်။ ရန်လိုတဲ့မျက်လုံးတွေ၊ မယုံသင်္ကာအကြည့်တွေကြားမှာ ဆူဇန့် တစ်ကိုယ်လုံး ကျုံ့ဝင်သွားတယ်။ အံ့တော့အံဩစရာပဲ။ ဆူဇန့်မျက်နှာမှာ ကြောက်တဲ့အမူအရာတော့ မတွေ့ရဘူး။
“အကုန်တိတ်စမ်း”
အသံတွေကို ထိုးခွဲပြီးထွက်လာတဲ့ ခွန်ဖြူ့အော်သံကြောင့် ဆူညံနေတဲ့လူတွေ ရုတ်ကနဲ ငြိမ်ကျသွားတယ်။ ခွန်ဖြူက လက်ထဲက သေနတ်ကို မောင်းတင်တယ်။ ဆူဇန့်ဆီကို လျှောက်သွားတယ်။ ဆူဇန့်ရှေ့ရောက်တော့ ဆူဇန့်ကို ကာပြီး ရပ်လိုက်တယ်။ အဖွဲ့သားတွေဘက်ကို ပြန်လှည့်ပြီးပြောတယ်။
“အခုအချိန်မှာ ဒီမိန်းကလေးဟာ ဒီတစ်ဝင်းလုံးမှာ တန်ဖိုးအရှိဆုံးအရာဖြစ်သွားပြီ။ မင်းတို့ အဲဒါကို နားမလည်ဘူးလား”
အဖွဲ့ထဲက စောဒကတက်တဲ့အသံတွေ ထွက်လာပြန်တယ်။ လူတစ်ယောက်က အော်မေးတယ်။
“ဘာဆိုင်လဲ။ ဥက္ကဌသမီးဖြစ်တာနဲ့ပဲ ကျုပ်တို့က သူ့ကို ကိုးကွယ်ရမှာလား”
ခွန်ဖြူက ခေါင်းခါတယ်။
“မဟုတ်ဘူး။ သူ့ဘာသာသူ ဘယ်သူ့သမီးပဲဖြစ်ဖြစ် အရေးမကြီးဘူး။ အရေးကြီးတာက အခု.. ဒီဝင်းထဲမှာ ရုံးအကြောင်း ခရေစေ့တွင်းကျသိတဲ့သူ ဘယ်နှယောက်ရှိသလဲ။ ရုံးသမားတွေ ဘယ်မှာလဲ။ အကုန် တောင်အောက် ဆင်းသွားပြီ မဟုတ်လား။ ဒီမိန်းကလေးတစ်ယောက်ပဲ သိတာ။ သူသိထားတာတွေက ငါတို့အတွက် အရေးကြီးတယ်။ မင်းတို့ ဘာမှ သူ့ကို နှောင့်ယှက်ဖို့ မစဉ်းစားနဲ့။ ပြဿနာရှာချင်တဲ့ကောင် ငါ့ကို တည့်တည့်လာပြောရဲရင် လာပြော”
လက်တစ်ဘက်ပြတ်နေတဲ့သူက အရှေ့ကို ထပ်တိုးလာတယ်။
“ရုံးအကြောင်းသိတော့ ဘာလုပ်ရမှာလဲ။ အခုသူတို့ ကြောက်လို့ အောက်ကို ဆင်းပြေးပြီ မဟုတ်လား။ ကျုပ်တို့ အခုအချိန် ဝင်သိမ်းလိုက်ရင် ရပြီမဟုတ်လား။ ဘာတွေ စဉ်းစားနေရဦးမှာလဲ။ ရှင်းရှင်းလေး.. ဒီကောင်မကို ဓားစာခံလုပ်ပြီး ဖမ်းလိုက်။ ပြီးရင် ရုံးထဲကို ဝင်သိမ်း။ သူ့အဖေ ဒီကောင်မကို ပြန်ရွေးဖို့ ရောက်လာမှာပဲ။ အပေါ်ပြန်တက်လာမှာပဲ။ အဲဒါဆိုရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပြီမဟုတ်လား”
“ဟုတ်တယ်..ဟုတ်တယ်..”
အဖွဲ့ထဲက ထောက်ခံတဲ့အသံတွေ ထွက်လာတယ်။ လေးခရမ်းရဲ့ ကိုယ်လုံးက သတိအနေထား ဖြစ်သွားပြီး ခါးကြားက သေနတ်ကို ထုတ်တယ်။ ကျွန်တော်လည်း ဆူးချွန်ကို လက်ထဲမှာ အသင့်ကိုင်လိုက်တယ်။ အဖွဲ့ထဲကလူတွေလည်း တုတ်တွေ ဓားတွေ တပြင်ပြင် ဖြစ်ကုန်တယ်။ တင်းမာလာတဲ့အခြေအနေကို သတိထားမိတဲ့ တိုက်သမားတွေက လွတ်ရာကို ပြေးဖို့ အသင့်ပြင်နေကြပြီ။ အဖေအမေတွေက ကလေးတွေကို အော်ခေါ်တယ်။ တိုက်ထဲကို ဝင်ပြေးတဲ့သူတွေက ဝင်ပြေးကုန်ကြတယ်။
“ခဏလေး.. ကျွန်မ ပြောပါရစေ”
ရုတ်တရက် ထွက်လာတဲ့ ဆူဇန့်အသံကြောင့် ကျွန်တော် ကြောင်သွားတယ်။ လေးခရမ်းကလည်း အနောက်ကို လှည့်ကြည့်တယ်။ ခွန်ဖြူလည်း လန့်သွားပြီး ဆူဇန့်ကို အံ့ဩသလို ကြည့်တယ်။ ဆူဇန်က ကိုယ်ကို မတ်မတ်ရပ်တယ်။ ပါးက ဒဏ်ရာကို လက်နဲ့ တစ်ချက် သပ်တယ်။ ပြီးတော့ ကျွန်တော်တို့ကိုကျော်ပြီး အဖွဲ့သားတွေ ရပ်နေတဲ့နေရာကို လျှောက်သွားတယ်။
လက်ပြတ်နဲ့လူက သူ့ခါးကြားက ဓါးကို ထုတ်တယ်။ ခွန်ဖြူက သေနတ်ကို မောင်းတင်တယ်။ လေးခရမ်းက သေနတ်နဲ့ အဖွဲ့ထဲကို လှမ်းချိန်တယ်။ ကျွန်တော် ဆူဇန့်ကို လှမ်းဆွဲဖို့ပြင်တယ်။ ဒါပေမယ့် ဆူဇန်က အသာရှောင်ထွက်သွားပြီး လက်ပြတ်နဲ့လူအရှေ့ထိ လျှောက်သွားတယ်။ မျက်နှာချင်းဆိုင်မှာ ရပ်လိုက်တယ်။ လက်ပြတ်နဲ့လူက လက်ထဲက ဓားနဲ့ ဆူဇန့်ကို ရွယ်တယ်။ ဒါပေမယ့် ဘာမှ ဆက်မလုပ်ဘူး။ ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ ကြောင်နေတာလဲ ဖြစ်နိုင်တယ်။
“နံပါတ်တစ် အချက်။ ကျွန်မကို ပြန်ပေးဆွဲထားလည်း ကျွန်မအဖေက ပြန်လာရွေးမှာ မဟုတ်ဘူး။ ကျွန်မစိတ်နဲ့ ကျွန်မ ဒီမှာ နေခဲ့တာ။ အဲဒါကို အဖေက တစ်သက်လုံး ခွင့်လွှတ်မှာ မဟုတ်ဘူး။ သူ့အတွက်တော့ ဆူဇန်ဆိုတာ သေသွားပြီ။ ဒီတော့.. ကျွန်မကို ပြန်ပေးဆွဲမယ်ဆိုတဲ့ အကြံကို လက်လျှော့လိုက်ပါ..”
လက်ပြတ်နဲ့လူက လေထဲက ဓားကို ကြောင်တောင်တောင်နဲ့ ပြန်ချတယ်။ သူ့လူတွေဘက်ကို လှည့်ကြည့်တယ်။ အားလုံးကလည်း ဘာပြောလို့ပြောရမှန်းမသိတဲ့ အကြည့်တွေနဲ့ ပြန်ကြည့်နေကြတယ်။
“နံပါတ်နှစ် အချက်။ ရုံးသမားတွေက ဝင်းသမားတွေကို ကြောက်လို့ အောက်ကို ဆင်းပြေးတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဓိပ္ပာယ်လည်း မရှိဘူး။ ကျွန်မအဖေအကြောင်း ကျွန်မ သိတယ်။ သူ့မှာ ရှင်တို့ကို ကြောက်တဲ့စိတ် တစ်စက်မှ မရှိဘူး။ ရှင်တို့ကို မုန်းတဲ့စိတ်ပဲ ရှိတယ်။ ရှင်တို့ကို အသေသတ်ချင်တဲ့စိတ်ပဲရှိတယ်..”
အားလုံးရဲ့ သို့လောသို့လောအသံတွေ စီကနဲ ထွက်လာတယ်။ ဆူဇန်က ချောင်းတစ်ချက်ဟန့်တယ်။ ဆက်ပြောတယ်။
“ဒီတော့.. ရုံးကို ဒီအတိုင်းထားခဲ့ပြီး ဆင်းသွားတယ်ဆိုကတည်းကိုက တစ်ခုခုတော့ မှားနေပြီ။ သူ့အကြံအစည်က ဘာလဲ။ သေချာစဉ်းစားကြည့်မယ်ဆိုရင် ရှင်းနေတာပဲ။ သူတစ်ဖွဖွ ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှင်တို့ မှတ်မိလား။ ရုံးဘက်က အုပ်ချုပ်ပေးနေလို့ ဝင်းထဲကလူတွေ အသက်ရှင်နေတယ်ဆိုတဲ့ စကားလေ။ ကျွန်မ.. မမေနှင်းနဲ့ ရက်တော်တော်ကြာကြာ စကားပြောခွင့်ရလိုက်တယ်..”
ဆူဇန်က ကျွန်တော့်ဘက်ကို တောင်းပန်တဲ့အကြည့်နဲ့ လှည့်ကြည့်တယ်။
“…မမေနှင်းက ကျွန်မကို ပြောဖူးတယ်။ ဥက္ကဌကြီးကို ကျေးဇူးတင်ပါတယ်..တဲ့..။ သူသာ မအုပ်ချုပ်ပေးရင် အကုန်လုံး လုယက်သတ်ဖြတ်ကုန်ကြမှာတဲ့…။ အဲဒီအချက်ကို ကျွန်မအဖေက .. ဥက္ကဌကြီးက လက်တွေ့လုပ်ပြချင်တာ။ ဒါကြောင့် ရုံးကို ဒီအတိုင်း ထားခဲ့တာ။ ဘယ်လောက်ကြာကြာ ထားခဲ့မလဲ ကျွန်မ မသိဘူး။ ဒါပေမယ့်.. သေချာတာတစ်ခုကတော့ သူ ဒီလိုမျိုး လုပ်တယ်ဆိုတာ ရှင်တို့ကို ကြောက်လို့ အရှုံးပေးသွားတာမဟုတ်ဘူး။ သူတို့မရှိရင် အကုန်သေကုန်မယ်ဆိုတာကို သက်သေပြချင်တာ သက်သက်ပဲ။ အခုလည်းကြည့်လေ.. ရုံးကလူတွေ ဆင်းသွား နာရီပိုင်းပဲ ရှိသေးတယ် အချင်းချင်း သတ်ဖြတ်ချင်နေပြီ။ ဟုတ်တယ်မဟုတ်လား”
လက်ပြတ်နဲ့လူက ဓားကို ပြန်ရွယ်တယ်။
“မင်းဘာမှ ငါတို့ကို ဆရာလာမလုပ်နဲ့။ ငါတို့ကို မကြောက်ဘူးဆိုရင် ဘာဖြစ်လို့ ထိပ်တိုက် မတွေ့သလဲ။ ဘာလို့ ခိုးကြောင်ခိုးဝှက် အောက်ဆင်းသွားသလဲ”
ဆူဇန်က သက်ပြင်းချတယ်။
“ထိပ်တိုက်တွေ့ရင် ကျည်ဆံကုန်တယ်။ ရုံးသမားတွေ သေမယ်။ ဒီတော့ ဘာဖြစ်လို့ ထိပ်တိုက်တွေ့နေမလဲ။ ဉာဏ်သုံးပြီး အခုလိုလုပ်လိုက်တော့ ပိုမထိရောက်သွားဘူးလား။ ရှင်တို့ စဉ်းစားကြည့်..။ အခု စိုက်ခင်းတွေ မရှိတော့ဘူး။ ဆိုလာပြားတွေလည်း သုံးမရတော့ဘူး။ အစာမရှိ၊ ရေမရှိနဲ့ ဒီဝင်းထဲက လူနှစ်ထောင်ကျော်ကို ရှင်တို့ ဘယ်လို ထိန်းမလဲ။ ဒါကို အရင်မစဉ်းစားဘဲ အချင်းချင်း ပြန်ချချင်နေတာ ကျွန်မ အံ့ဩတယ်..”
လက်ပြတ်နဲ့လူ မျက်နှာ တင်းကနဲ ဖြစ်သွားတယ်။ ဆူဇန်က ဆက်ပြောတယ်။
“ကြယ်တံခွန်သူရဲတွေ..ရဲ့ ပုံပြင်တွေကို ကြားတုန်းက ကျွန်မ သိပ်အထင်ကြီးခဲ့တာ။ သိပ်အံ့ဩလေးစားခဲ့တာ။ အခု အပြင်မှာတွေ့တော့ ရှင်တို့လည်း လှသိန်းတို့လို လူ့ငနွားတွေပဲလား။ ဝုန်းဆိုရင် ပြေးကိုက်တတ်ရုံလောက်ပဲ သိတာလား..”
အားလုံးရဲ့ ဒေါသသံတွေ ဝေါကနဲ ထွက်လာတယ်။ လက်ပြတ်နဲ့လူက တောက်ခေါက်တယ်။ လက်ထဲက ဓားကို လွှတ်ချပြီး ဆူဇန့်မျက်နှာကို လက်ဝါးနဲ့ ဖြတ်ရိုက်မလို့ပြင်တယ်။ ကျွန်တော့်ပါးစပ်က “မလုပ်နဲ့”..ဆိုတဲ့အသံ ထင်မထားဘဲ ထွက်သွားတယ်။ လက်ထဲက ဆူးချွန်ကို ပစ်ပေါက်ဖို့ ရွယ်လိုက်တယ်။ ခရမ်းက ကျွန်တော့်လက်ကို လှမ်းဆွဲတယ်။
ဒိုင်းကနဲ သေနတ်သံ ထွက်လာတယ်။ လက်ပြတ်နဲ့လူရဲ့ ခြေရင်း မြေကြီးနားမှာ မြေစိုင်ခဲတွေ ဖွာထွက်ကုန်တယ်။ လက်ပြတ်နဲ့လူ လန့်ပြီး အနောက်ကိုဆုတ်တယ်။ ကျွန်တော် ခွန်ဖြူ့ကို လှည့်ကြည့်လိုက်တယ်။ ခွန်ဖြူက လက်ထဲက သေနတ်ကို ဆ, ရင်း ပြောတယ်။
“တော်တော့လို့ ငါပြောနေတယ်။ မရဘူးလား။ မင်းတို့တွေ မရှက်ဘူးလား။ ဟိုမှာ.. မင်းတို့ရဲ့ သမီးလောက်ပဲရှိတဲ့ မိန်းကလေးက မင်းတိို့ထက် ပိုပြီး ဉာဏ်ရှိနေတာ။ ပိုစဉ်းစားတတ်နေတာ”
ခွန်ဖြူက ပြောရင်း ဆူဇန့်နားကို လျှောက်သွားတယ်။ ဆူဇန့် ပခုံးကို သူ့လက်နဲ့ အသာကိုင်တယ်။
“သမီး.. ရပြီ။ တော်တော့။ ဆက်မပြောနဲ့တော့။ သွား.. ခရမ်းဆီကို သွား..”
ဆူဇန်က ကျွန်တော်နဲ့ ခရမ်းနားကို ပြန်လျှောက်လာတယ်။ သူ့ခြေလှမ်းတွေက သိသိသာသာ ယိမ်းယိုင်နေတယ်။ မကြောက်ချင်ယောင် ဆောင်ထားတဲ့ သူ့မျက်လုံးတွေကို ကျွန်တော် လှမ်းမြင်ရတယ်။ ခရမ်းက ဆူဇန့်ကို အသာဖမ်းထိန်းတယ်။ လက်မောင်းတစ်ဘက်ကို ကိုင်ပြီး သူ့အနားကို ဆွဲခေါ်တယ်။
ခွန်ဖြူက သူ့လူတွေဘက်ကို ပြန်လှည့်ပြီး ပြောတယ်။ သူ့အသံက ဓားသွားတစ်ခုလို ပြတ်ပြီးမာနေတယ်။
“မင်းတို့ကို ငါ… သေရွာကနေ ပြန်ခေါ်ထားတာ.. အခုလို ကိုယ့်သမီးလောက်အရွယ်၊ ကိုယ့်ညီမအရွယ် မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက် စော်ကားဖို့ မဟုတ်ဘူး”
ခွန်ဖြူက ကျွန်တော့်ကို ကျောပေးပြီးပြောနေပေမယ့် ကျွန်တော် မလုံမလဲဖြစ်သွားတယ်။ ရှက်စိတ်ကြောင့် တစ်ကိုယ်လုံး ပူရှိန်းရှိန်းဖြစ်လာတယ်။ ခွန်ဖြူက ဆက်ပြောတယ်။
“ကြယ်တံခွန်အဖွဲ့တွေဘာတွေ ကြီးကြီးကျယ်ကျယ် နာမည်တွေပေးထားတာကလည်း ရုံးဘက်က ရိက္ခာတွေ၊ ပါဝါတွေ၊ အာဏာတွေကို မက်နေလို့ မဟုတ်ဘူး။ ဒီဝင်းထဲကလူတွေ ဒုက္ခမရောက်အောင် ကယ်တင်ပေးဖို့။ ငတ်နေတဲ့သူတွေကို ရှာကျွေးဖို့။ နာနေတဲ့သူတွေကို ကုပေးဖို့။ မသေသင့်တဲ့သူတွေ မသေအောင် စောင့်ရှောက်ပေးဖို့။ ပိုကောင်းတဲ့နေရာသစ်တစ်ခု မတွေ့ခဲ့ရင်တောင် ဒီနေရာဟောင်းကို ပိုကောင်းတဲ့နေရာတစ်ခု ဖြစ်လာအောင် ဖန်တီးဖို့..။ အဲဒါတွေမင်းတို့ မေ့သွားပြီလား။ မေ့သွားပြီဆိုရင်လည်း ငါ့ကို သတ်ပြီးမှ မင်းတို့ဘာသာမင်းတို့ ကြိုက်တဲ့ အဖွဲ့ထောင်ကြတော့”
လက်ပြတ်နဲ့လူ ခေါင်းငုံ့သွားတယ်။ ကျန်တဲ့သူတွေလည်း ခွန်ဖြူ့စကားကြောင့် နည်းနည်း ငြိမ်ကျသွားတယ်။ ခွန်ဖြူက ဆက်ပြောတယ်။
“ဒီတစ်လတည်းမှာ ငါ့လူ နှစ်ယောက် သေသွားတယ်။ ငမျိုး.. ပြီးတော့ သုံးဝါ။ အဲဒီနှစ်ယောက်စလုံး အသက်ပေးသွားတာ မင်းတို့ လုပ်ချင်ရာလုပ်ဖို့ အခွင့်အလမ်းတွေ ပေးသွားတာ မဟုတ်ဘူး။ ဥက္ကဌကို မုန်းတာနဲ့ သူ့သမီးကို ပြန်ပေးဆွဲမယ်ဆိုတာ တော်တော် အောက်တန်းကျတဲ့ အတွေးအခေါ်ပဲ။ မင်းတို့ မရှက်ဘူးလား”
အားလုံး တိတ်နေကြတယ်။
“ငါ့လက်အောက်မှာ မနေချင်တဲ့သူတွေ အခုကတည်းက ထွက်သွားတော့။ ဒါနောက်ဆုံးပဲ။ နောက်ဆုံးအခွင့်အရေးပေးတာပဲ..”
အဖွဲ့ထဲက လူသုံးလေးယောက် ထွီကနဲ တံတွေးထွေးပြီး တိုက်တန်းတွေဘက်ကို ထွက်သွားကြတယ်။ ကျန်တဲ့သူတွေကတော့ ခွန်ဖြူပြောတာကို ခေါင်းငုံ့ပြီးနားထောင်နေတယ်။
“ဟုတ်ပြီ။ အခု.. ဘာဆက်လုပ်ရမလဲဆိုတာကို ပြောလို့ ရပြီလား။ လူလိုသူလို နားထောင်ဖို့ အသင့်ဖြစ်ပြီလား”
အသင့်ဖြစ်ပါပြီ..ဆိုတဲ့ အသံတိုးတိုး အဖွဲ့ထဲက ထွက်လာတယ်။ တချို့က ခေါင်းပဲ ညိတ်ပြတယ်။
“အရေးအကြီးဆုံးက အစားအသောက်။ ဝင်းထဲကလူတွေ စားဖို့သောက်ဖို့ ရိက္ခာတွေ ရှာရမယ်။ ရုံးထဲမှာ တချို့တဝက် ကျန်ခဲ့တာတွေလည်း ရှိနိုင်တယ်။ ဒါ့အပြင် တိုက်တန်းထဲမှာလည်း အစားအသောက်တွေကို စုဆောင်းပြီး မောင်ပိုင်စီးထားတဲ့သူတွေ ရှိနေသေးတယ်။ သူတို့နဲ့ အရင် ညှိရမယ်။ စိုက်ခင်းတွေ ပြန်စိုက်ဖို့ဆိုတာ ဘယ်လောက်ကြာမလဲ မသိနိုင်ဘူး။ ပြီးတော့.. သောက်ရေ။ ရေစက်မောင်းလို့မရတော့ပေမယ့် လက်လုပ်တွင်းတွေ တူးလို့ရမလား၊ စက်ရုံထဲမှာ ဘာကိရိယာတွေ ကျန်ခဲ့သလဲ.. ဆိုလာပြားတွေကို ဘယ်လို ပြန်ဆက်ရမလဲ။ လုပ်စရာတွေ အများကြီး။ အဲဒါတွေအကုန်လုံးကို ဦးဆောင်လုပ်ပေးရမှာ ငါတို့ အဖွဲ့သားတွေပဲ ရှိတယ်”
“အဲဒါတွေနဲ့ ပတ်သက်ပြီး ကျွန်မ ကူညီပေးနိုင်တယ်။ ကျွန်မသိတယ်..”
ဆူဇန်က လက်ထောင်ပြီးဝင်ပြောတယ်။ ခွန်ဖြူက ဆူဇန့်ဘက်ကိုလှည့်ပြီး ခေါင်းညိတ်တယ်။ ခရမ်းက ဆူဇန့်လက်ကို အမြန် ပြန်ဆွဲချတယ်။ တိတ်တိတ်နေဆိုတဲ့ ပုံစံနဲ့ လက်ညိုးကို နှုတ်ခမ်းမှာ ကပ်ပြတယ်။
“ပြီးတော့ တောင်အောက်ကို ဆင်းဖို့.. ကိစ္စ။ အခုအချိန်မှာ ရုံးကလူတွေ တောင်အောက်ကို ဆင်းသွားပြီ ဆိုကတည်းကိုက သူတို့ သွားစရာနေရာ တစ်လမ်းပဲရှိတယ်။ တောစပ်နားက ရေမြောင်းပဲ။ အဲဒီရေမြောင်းမှာ ဘာတွေဖြစ်နေပြီလဲ။ သူတို့ ဘာလုပ်သွားသလဲ.. အဲဒါကို သွားကြည့်ရမယ်။ သေချာတာကတော့ ငါတို့တွေ အသာတကြည် လိုက်လာလို့ မရအောင် ဖျက်ဆီးသွားမှာပဲ။ အဲဒီတော့ ရေမြောင်းကိုသွားကြည့်ဖို့ ငါးနီနဲ့ ခရမ်းကို တာဝန်ပေးမယ်”
ခရမ်းက ခေါင်းညိတ်တယ်။ ကျွန်တော်လည်း ခေါင်းညိတ်လိုက်တယ်။ အခြေအနေက စောစောကလောက် မတင်းမာတော့ဘူး။ အဖွဲ့သားတွေအကုန် တက်တက်ကြွကြွ ပြန်ဖြစ်လာကြတယ်။ ထောက်ခံတဲ့အသံတွေ၊ စိတ်တက်ကြွတဲ့အသံတွေ ပြန်ထွက်လာတယ်။
“မင်းတို့ထဲက လူလေးငါးယောက်က ဦးအောင်သောင်းနဲ့အတူပေါင်းပြီး တိုက်တန်းဘက်ကို စီမံခန့်ခွဲရမယ်။ အခုအခြေအနေအတိုင်းဆိုရင် မကြာခင် လုယက်မှုတွေ ဖြစ်တော့မယ်။ အုံကြွတာတွေ လာတော့မယ်။ အဲဒါတွေအကုန်လုံးကို အတတ်နိုင်ဆုံး အကြမ်းမဖက်ဘဲ ထိန်းပေးဖို့ လိုတယ်။ ပြီးတော့ ဦးညိုကြီး။ ဦးညိုကြီး ဘယ်မလဲ..”
ခပ်လှမ်းလှမ်းမြေကွက်လပ်မှာ ဆောင့်ကြောင့်ထိုင်နေတဲ့ ဦးညိုကြီးက ခွန်ဖြူ့ခေါ်သံကြားတော့ ထလာတယ်။
“ဦးညိုကြီး။ ခင်ဗျားဆီမှာ အသားခြောက်တွေ၊ အစာခြောက်တွေ ရှိသေးတယ်မဟုတ်လား။ အဲဒါတွေအကုန်လုံးကို ခွဲတမ်းနဲ့ ချပေးဖို့ စီစဉ်လိုက်။ ပြီးတော့ .. မြေဩဇာလုပ်လို့ရမယ့် အသားအပိုင်းအစတွေ၊ အရိုးမှုန်တွေ.. အဲဒါတွေလည်း စီစဉ်ပေးလိုက်ပါ။ စိုက်ပျိုးရေးနည်းနည်းသိတဲ့ လူတွေကို လိုက်ရှာ။ စိုက်ခင်းဘက်ကိုသွား။ အာလူးခင်းတွေ ဘယ်လို ပြန်စိုက်လို့ရမလဲ သွားကြည့်ပေး။ ဟုတ်ပြီလား”
ဦးညိုကြီးကခေါင်းတဆတ်ဆတ်ညိတ်တယ်။
“ရတယ်ရတယ်။ လူသားလည်းရှိတယ်။ ကြွက်လည်း ရှိတယ်။ ဟီး..”
ခွန်ဖြူက စိတ်ပျက်လက်ပျက် ခေါင်းခါတယ်။
“ခင်ဗျားဘာသာခင်ဗျား ဘာအသားပဲ ဖြစ်ဖြစ် လူတွေကို ပြောပြမနေနဲ့။ အခုအချိန်မှာ စိုက်ခင်းတွေ ပြန်မရခင် ငတ်မသေဖို့ အရေးကြီးတယ်။ အဲဒါကို အရင်လုပ်ပေးလိုက်။ ပြီးတော့ ဆူဇန်..”
ဆူဇန်က လက်ထောင်ပြပြန်တယ်။ ခရမ်းက ဒီတစ်ခါတော့ ဆူဇန့်ကို မတားတော့ဘဲ လက်လျှော့တဲ့အကြည့်နဲ့ပဲ ကြည့်နေတယ်။
“ငါနဲ့ ဆူဇန်နဲ့ ရုံးထဲကိုသွားမယ်။ အဖွဲ့သား လေးငါးယောက် လိုက်ခဲ့။ အထဲမှာ ဘာတွေရှိသေးသလဲ သေချာ သွားရှာမယ်။ စက်ရုံဘက်ကို သွားကြည့်မယ်။ ဆိုလာပြားတွေကို သွားကြည့်မယ်။ ရေစက်အခြေအနေဘယ်လိုရှိသလဲ သွားကြည့်မယ်”
ခဏလေးအတွင်းမှာ အဖွဲ့တစ်ခုလုံး အလုပ်ရှုပ်သွားတယ်။ လူတွေခွဲတယ်။ လုပ်စရာရှိတာတွေကို အသီးသီး တာဝန်လွှဲယူကြတယ်။ ဦးညိုကြီးနောက်ကို လူလေးယောက် လိုက်သွားတယ်။ ဦးအောင်သောင်းနဲ့အတူ လူတချို့ ပါသွားတယ်။ ကျန်တဲ့သူတွေက ခွန်ဖြူနဲ့ ဆက်ပြီး တိုင်ပင်နေကြတယ်။ ခွန်ဖြူက ဆူဇန့်ကို လှမ်းခေါ်တယ်။ ဆူဇန်က ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်တယ်။
“အစ်ကို.. ကျွန်မ တကယ်တောင်းပန်ပါတယ်။ တကယ်ပါ။ အောက်ကိုဆင်းတဲ့အခါ သတိထားသွားနော်..”
ကျွန်တော် ဘာပြန်ပြောရမှန်းမသိဘဲ ယောင်နနဖြစ်နေတုန်းမှာ ဆူဇန်က အနားကနေ ထွက်သွားတယ်။
“ရော့.. ဒါပြန်ယူထားဦး”
ခရမ်းက ကျွန်တော့်လက်ထဲကို သေနတ် ပြန်ထည့်ပေးတယ်။ ကျွန်တော် သေနတ်ကို မောင်းပြန်ချပြီး ခါးကြားမှာ ထိုးလိုက်တယ်။
“အခု ကျွန်တော်တို့ ဘာဆက်လုပ်မှာလဲ။ အောက်ဆင်းတော့မလား”
ခရမ်းက ခေါင်းညိတ်တယ်။
အခန်း (၁၈)
အစောင့်အကြပ်တွေ မရှိတော့တဲ့အတွက် ဝင်းတစ်ဝင်းလုံးမှာ လူတွေ ခြေရာထပ်ရှုပ်ထွေးနေတယ်။ သံပုံးဘက်တွေမှာလည်း တိုက်သမားတွေရောက်လိုရောက်၊ ဝင်းတံခါးနားမှာလည်း ပုံးသမားတွေ ဟိုလျှောက်ဒီလျှောက်နဲ့ စပ်စုနေကြတယ်။ ရုံးဝင်းထဲကိုတော့ ဘယ်သူမှ မဝင်ရဲကြသေးဘူး။ ရုံးခြံစည်းရိုးအစပ်နားမှာ ရစ်သီရစ်သီလုပ်နေတဲ့ လူတချို့တော့တွေ့တယ်။
ဝင်းတံခါးနားကိုရောက်တော့ ကျွန်တော် ယောင်ပြီး အပေါ်ကိုမော့ကြည့်မိသေးတယ်။ ပုံမှန်ဆိုရင် လင့်စင်အပေါ်မှာ သေနတ်ကိုယ်စီကိုင်ပြီး စောင့်နေတဲ့ အစောင့်တွေရှိတယ်လေ။ ကင်မရာတွေက အလုပ်မလုပ်တော့ဘူး။ ပုံမှန်ဆိုရင် မှိတ်တုတ်မှိတ်တုတ်လင်းနေတဲ့ ကင်မရာ မီးနီတွေက အခုတော့ လင်းမလာတော့ဘဲ သေလျက်သား။ ဝင်းတံခါးကနေ အပြင်ကို ထွက်လိုက်တော့ ကျွန်တော် ငမျိုးကို သတိရသွားတယ်။ ဒီတံခါးကနေ ကျွန်တော်တို့နှစ်ယောက်အတူတူ အခေါက်ပေါင်းများစွာ ထွက်ဖူးတယ်။ ညနေ နေမဝင်ခင် ကမန်းကတမ်း ပြန်လာခဲ့ရတဲ့ အခေါက်တွေ..။ တံခါးမှူးကို လာဘ်ထိုးစရာမပါလို့ ဒူးထောက် ရှိခိုးခဲ့ရတဲ့ အခါတွေ..။ အခုနေ ခြေတုတစ်ဘက်၊ သေနတ်တစ်လက်၊ သံချွန်တစ်ချောင်းနဲ့ လူမိုက်ကြီးလို ဖြစ်နေတဲ့ ကျွန်တော့်ကိုမြင်ရင် ငမျိုး ဘာပြောမလဲ..။
တောစပ်ဘက်ကို ဆင်းလာရင်း ကျွန်တော်နဲ့ ခရမ်း ခြေလှမ်းတွေကို နှေးလိုက်တယ်။ တောစပ်ပတ်ဝန်းကျင်မှာ စောင့်ကြည့်နေတဲ့သူတွေများ ရှိမလား ကျွန်တော်တို့ လေ့လာတယ်။ ဘာမှတော့ မတွေ့ဘူး။ မွန်းတည့်နေက တော်တော်လေး ပူနေပြီ။ ခရမ်းက သူ့ရေဘူးကို ကျွန်တော်နဲ့အတူ မျှသောက်တယ်။ အစာခြောက်နည်းနည်း ထုတ်ကျွေးတယ်။
ရေမြောင်းရှိရာကို ခပ်ရေးရေးမြင်နေရပြီ။
“ဝတ်စုံတွေအရင်သွားယူမလား”
ကျွန်တော် မေးလိုက်တော့ ခရမ်းက ခေါင်းခါတယ်။
“နေဦး..။ ငါတို့ ဖွက်ထားတဲ့နေရာကို သူတို့ သိသွားလို့ မဖြစ်ဘူး။ တောထဲကနေ စောင့်ကြည့်ရင် ကြည့်နေမှာ..။ အရင်ဆုံး မြောင်းအခြေအနေကိုပဲ သွားကြည့်မယ်။ ဘယ်သူမှ မရှိတာသေချာမှ ဝတ်စုံတွေ သွားယူတာပေါ့”
ဖုန်တထောင်းထောင်းထနေတဲ့ တောစပ်က နေရောင်အောက်မှာ သက်ရှိသတ္တဝါတစ်ကောင်လို လူးလွန့်နေတယ်။ ရုံးသမားတွေ ဒီလောက် ဖုန်တောတွေထဲဝင်ပြီး စောင့်ကြည့်ဖို့ဆိုတာ ဖြစ်တော့မဖြစ်နိုင်ဘူး။ ဝတ်စုံပါခဲ့ရင်တောင် မလွယ်ဘူး။ ဒါပေမယ့် ခရမ်းပြောတာလည်း မှန်တယ်။ ကျွန်တော်တို့ ဝတ်စုံထားတဲ့နေရာကို သူတို့သိသွားရင် ငါးပါးမှောက်ပြီ။ ဝတ်စုံဖွက်ထားတဲ့ မြောင်းဘက်ခြမ်းကို မသွားသေးဘဲ ကျွန်တော် အစာရှာနေကျ မြောင်းဘက်ခြမ်းကိုပဲ လျှောက်သွားလိုက်တယ်။ စိတ်ထဲမှာတော့ ဘယ်အချိန် သေနတ်သံကြားရမလဲ တထိတ်ထိတ်နဲ့။
မြောင်းစပ်နားရောက်တဲ့အထိ ဘာသံမှ မကြားရသလို လူအရိပ်အယောင်လည်း မတွေ့ရဘူး။ မြောင်းထဲက ထွက်လာတဲ့ အနံ့ဆိုးတွေက နှာခေါင်းထဲ တိုးဝင်လာတယ်။ ကျွန်တော် မြောင်းစပ်ကို လက်နဲ့ထောက်ပြီး အထဲကို ခုန်ဆင်းလိုက်တယ်။ ခရမ်းက အပေါ်မှာ စောင့်နေခဲ့တယ်။
လူသေအလောင်းတွေ၊ အမှိုက်သရိုက်တွေက အရင်အတိုင်းပဲ။ ဘာမှ မပြောင်းလဲဘူး။ ကျွန်တော် မြောင်းအတိုင်း ဆက်လျှောက်သွားလိုက်တယ်။ ရေမြောင်းက တောစပ်ကို ပတ်ပြီး အနောက်ဘက်ကို ကွေ့ဆင်းသွားတယ်။ ပုံမှန်ဆိုရင် ကျွန်တော်အစာရှာတဲ့နေရာက စောစောက ခုန်ဆင်းလိုက်တဲ့နေရာနဲ့ ဟိုဘက်ဒီဘက် ပေ လေးငါးရာ ပတ်ဝန်းကျင်ပဲ။ ဒီထက် ဆက်သွားလို့ မရဘူး။ မြောင်းရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်မှာ သံဆူးကြိုးတွေ ပိတ်ထားတယ်။ အစောင့်တွေလည်း ရှိတတ်တယ်။
ဆယ်မိနစ်လောက် လျှောက်ပြီးတဲ့အချိန်အထိ ဘာမှ မတွေ့ရသေးဘူး။ ကြွက်သုံးလေးကောင်တော့ ဖြတ်ပြေးသွားတာတွေ့တယ်။ နဂိုအကျင့်အတိုင်း လိုက်ဖမ်းလိုက်ချင်ပေမယ့် အခုအချိန်မှာ ဒီ့ထက်အရေးကြီးတဲ့ အလုပ်ရှိနေသေးတော့ ကြွက်တွေကို ကျွန်တော် ဘေးမဲ့ပေးလိုက်တယ်။
ကျွန်တော် လှည့်ပြန်နေကျ နေရာနားကို ရောက်လာပြီ။ ဒီနေရာမှာ ပိုက်လုံးအကြီးကြီးတစ်ခု ကန့်လန့်ဖြတ် ထည့်ထားတယ်။ မြောင်းရဲ့ ကြမ်းပြင်ကနေ လေးပေလောက်အထိ မြင့်တဲ့ ပိုက်လုံး။ အဲဒီပိုက်လုံးကနေ အရှေ့ကို နည်းနည်းဆက်သွားရင် သံဆူးကြိုးတွေလုံးထည့်ထားတဲ့ နေရာကို ရောက်ပြီ။
ကျွန်တော် ရင်ခုန်သံတွေ မြန်လာတယ်။ သံဆူးတွေနေရာမှာ ဟောင်းလောင်းကြီး ဖြစ်နေမလား။ ရုံးသမားတစ်ယောက်ယောက် သေနတ်ကိုင်ပြီး စောင့်နေမလား..။
ခရမ်းရဲ့ ခေါ်သံသဲ့သဲံကြားရတယ်။ သူလည်း အပေါ်ကနေ တောက်လျှောက်လိုက်လာပုံပဲ။ ကျွန်တော် ပြန်ထူးလိုက်တယ်။ သူကြားမကြားတော့ မသိဘူး။ ခဏကြာတော့ ဘုတ်ကနဲ အသံနဲ့အတူ လေးခရမ်း အောက်ကို ခုန်ဆင်းလာတယ်။ ကျွန်တော့်ကို ခပ်တိုးတိုးမေးတယ်။
“ဘာတွေ့သလဲ”
ကျွန်တော် ခေါင်းခါလိုက်တယ်။
“ရှေ့နည်းနည်း ဆက်သွားမှ သိမယ်။ အဲဒီအရှေ့မှာ ပိတ်ထားတာပဲ။ သူတို့ ဆင်းသွားမယ်ဆိုရင်လည်း အဲဒီနေရာကပဲ ဆင်းရမှာ..”
ကျွန်တော်နဲ့ ခရမ်း လက်နက်ကိုယ်စီ အသင့်ပြင်ရင်း အရှေ့ကို တစ်လှမ်းချင်း ဆက်လျှောက်တယ်။ ဒီဘက်ခြမ်းမှာ လူသေအလောင်းတွေ သိပ်မရှိတော့ဘူး။ အမှိုက်သရိုက်တွေနဲ့ ရေဆိုးတွေပဲ ပြည့်နေတယ်။ မြောင်းက ညာဘက်ကို ကွေ့ချသွားတယ်။ ကျွန်တော်နဲ့ ခရမ်း မြောင်းအတိုင်း ဆက်လိုက်သွားတယ်။
တစ်ခုခုတော့ မှားနေပြီ။ ရုံးထဲကလူတွေ ဖြတ်သွားတဲ့ ခြေရာလက်ရာ ဘာမှ မတွေ့ရဘူး။ လူသုံးလေးရာ.. ဒီနေရာကနေ ဆင်းသွားခဲ့တယ်ဆိုရင် ခြေရာလက်ရာ တစ်ခုခုတော့ ကျန်ခဲ့ရမယ် မဟုတ်လား။ အခုက.. ရွံ့ဗွက်တွေလည်း ဒီအတိုင်း အရာမပျက်ပဲ။
အကွေ့ကိုကျော်သွားတဲ့အခါ သံဆူးကြိုးတွေထိုးသိပ်ထည့်ထားတဲ့ မြောင်း၀က ဘွားကနဲပေါ်လာတယ်။ ခရမ်းက ကျွန်တော့်ကို မေးခွန်းထုတ်တဲ့ အကြည့်နဲ့ လှမ်းကြည့်တယ်။ ကျွန်တော် ခေါင်းပဲ ပြန်ခါပြလိုက်တယ်။
“ဘယ်လိုဖြစ်တာလဲ။ ဆူးကြိုးတွေက ဒီအတိုင်းပဲ။ သူတို့ ဒီနေရာက ဆင်းသွားတာဆို.. ပြန်ပိတ်သွားတာလား”
“မဟုတ်လောက်ဘူး.. ပြန်ပိတ်ထားတာ မဖြစ်နိုင်ဘူး။ ဟိုမှာ.. အနားသားတွေကိုကြည့်။ ဒီဘက်ကနေ ဆွဲလိမ်ထားတာ။ အရင်ကတည်းက ဒီအတိုင်းပဲ။ ကျွန်တော်မှတ်မိတယ်..”
“ဒါဆို..”
ရုတ်တရက် ကျွန်တော့်ခေါင်းထဲမှာ ဆိုးဆိုးဝါးဝါး အတွေးတစ်ခု ဝင်လာတယ်။ ကျွန်တော် ခရမ်းကို အလန့်တကြားကြည့်လိုက်တယ်။ ခရမ်းကလည်း ကျွန်တော့်ကို ပြန်ကြည့်တယ်။
“သူတို့..အောက်ဆင်းသွားတယ်ဆိုတာ ဟုတ်ပါ့မလား”
ကျွန်တော် ခရမ်းကို ပြန်မေးလိုက်တယ်။ ခရမ်းက ကျွန်တော့်ကို အတော်ကြာကြာ စိုက်ကြည့်နေတယ်။ ကျွန်တော် ဘာကို ဆိုလိုသလဲဆိုတာကို သူတဖြည်းဖြည်း သဘောပေါက်လာတယ်။
ကျွန်တော်တို့နှစ်ယောက် သတိဝင်လာပြီး မြောင်းပေါ်ကို အမြန်ပြန်တက်တယ်။
နှစ်ယောက်သား ဝင်းဘက်ကို ခြေကုန်သုတ်ပြီး ပြန်ပြေးတယ်။
+++