အခန်း (၁၅)
(၁)
ရုန်းရင်းဆန်ခတ် ပြေးလွှားနေကြတဲ့ လူအုပ်ကြီးကြောင့် ကွင်းထဲမှာ ခဏလေးနဲ့ ရှုပ်ယှက်ခတ်သွားပြန်တယ်။ ကျွန်တော်နဲ့ခရမ်း သုံးဝါနားကိုရောက်တော့ သုံးဝါရဲ့ ကျောအောက် မြေပြင်တစ်ခုလုံး သွေးတွေနဲ့ ဖုန်တွေ ရောပြီး မည်းညစ်နေပြီ။ ကျွန်တော် သုံးဝါဘေးမှာ ဒူးထောက်ထိုင်ချလိုက်တယ်။ သူ့ကိုယ်လုံးကို လှန်ကြည့်တယ်။ ဗိုက်ကကျည်ပေါက်က သိပ်မကြီးပေမယ့် ကျောဘက်က ကျည်ထွက်ရာက လက်သီးဆုပ်တစ်ဆုပ်စာလောက် ဖြစ်နေတယ်။
“သုံးဝါ။ လာ.. ထ။ ငါ့လက်ကိုဆွဲ..”
ခရမ်းက သုံးဝါကို လက်ကမ်းပေးတယ်။ ဒါပေမယ့် မြောက်တက်လာတဲ့ သုံးဝါရဲ့လက်က ချက်ခြင်းပဲ ပြန်ပြုတ်ကျသွားတယ်။ ကျွန်တော်တို့ သုံးဝါကို ထူဖို့ကြိုးစားတယ်။ သူက အထူမခံဘဲ ကျွန်တော်တို့ရဲ့ လက်တွေကို အသာဖယ်တယ်။ သက်ပြင်းတစ်ချက်ချတယ်။ ချောင်းတစ်ချက်နှစ်ချက် ဆိုးတယ်။ ပြီးတော့ ကောင်းကင်ကို မော့ကြည့်နေရင်း သူ့မျက်လုံးတွေ သေသွားတယ်။ တစ်ကိုယ်လုံး ငြိမ်ကျသွားတယ်။
လေးခရမ်းက သုံးဝါရဲ့ မျက်လုံးတွေကို လက်ဝါးနဲ့သပ်ပြီး ပိတ်ပေးတယ်။ ခရမ်းရဲ့ ကိုယ်လုံးက သိသိသာသာ တုန်ယင်နေတယ်။ ကျွန်တော် တစ်ခုခု ပြောမလို့ ကြိုးစားတယ်။ နှစ်သိမ့်စကားပြောရမလား၊ တောင်းပန်ရမလား..။
“ကျွန်တော်..”
ခရမ်းက ကျွန်တော့်ကို လက်ကာပြတယ်။
“ဟိုမှာ.. နင့်ဘေးမှာကျနေတဲ့ သေနတ်။ အဲဒါကို ကောက်လိုက်”
သုံးဝါရဲ့ဘေးမှာ မှောက်လျက်လဲနေတဲ့ အစောင့်။ သုံးဝါလက်ချက်ကြောင့် အစောင့်ရဲ့ခေါင်းတစ်ခုလုံး ကြေနေပြီ။ သွေးတွေ၊ ဦးနှောက်တွေ မြေကြီးပေါ်မှာ ပြန့်ကြဲနေတယ်။ သေနတ်က သူနဲ့ မလှမ်းမကမ်းမှာပြုတ်ကျနေတယ်။ ကျွန်တော် သေနတ်ကို ကောက်လိုက်တယ်။ သေနတ်က သိပ်မကြီးပေမယ့် ကျွန်တော့်လက်ထဲမှာ စီးပြီး လေးနေတယ်။ ခရမ်းက ကျွန်တော့်ဘေးကို ရောက်လာတယ်။ သေနတ်ကို ဘယ်လိုကိုင်ရမလဲဆိုတာကို ပြပေးတယ်။ လက်ကိုင် ဘယ်ဘက်ခြမ်းမှာရှိတဲ့ လုံခြုံရေးခလုတ်ကို ပြန်တင်ပေးတယ်။
“ပစ်မယ်ဆိုတာ သေချာမှ အဲဒီခလုတ်ကို ဖြုတ်”
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ သေနတ်ကို ခါးကြားမှာ ထိုးလိုက်တယ်။ ခရမ်းက မတ်တပ်ထရပ်တယ်။ ရုံးဘက်ကို လှမ်းကြည့်တယ်။ ဘေးပတ်ဝန်းကျင်ကို လေ့လာတယ်။ စိတ်တိုင်းမကျသလို အမူအရာနဲ့ ခေါင်းခါတယ်။
“မဟုတ်သေးဘူး။ တစ်ခုခုတော့ မှားနေပြီ”
“ဘာဖြစ်လို့လဲ”
“ရုံးသမားတွေ ထပ်ရောက်မလာဘူး။ တစ်ယောက်မှ ထွက်မလာသေးဘူး”
သူပြောမှ ကျွန်တော် သတိထားမိသွားတယ်။ ဟုတ်တယ်။ ကွင်းပြင်ထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ လူအုပ်ကြီးရှိတယ်။ ဇင်မင်းနဲ့ အစောင့် နှစ်ယောက်ရဲ့ အလောင်းတွေရှိတယ်။ သုံးဝါရဲ့ အလောင်းရှိမယ်။ ဒါပေမယ့် ကျန်တဲ့ ရုံးသမားတွေ ဘယ်မှာလဲ။ ဘာဖြစ်လို့ အခုထိ ထွက်မလာသေးတာလဲ။
စီကနဲ ထွက်လာတဲ့ အော်သံတချို့ကြောင့် ကျွန်တော့်မျက်လုံးတွေ အော်သံရှိရာဆီကို ရောက်သွားတယ်။ မှောက်နေတဲ့ အစာလှည်းနားမှာ လူတွေ ဝိုင်းအုံတိုးနေတယ်။ မြေကြီးပေါ်ပြုတ်ကျနေတဲ့ အာလူးတွေကို အလုအယက်ဝိုင်းကောက်နေကြတယ်။ အသက်ကြီးကြီးယောက်ျားတစ်ယောက်က အာလူးကောက်နေတဲ့ ကောင်မလေးတွေကို အတင်းတွန်းဖယ်တယ်။ ခြေထောက်နဲ့ကန်ထုတ်တယ်။ ကောင်မလေးတွေက ပြန်အော်ဆဲတယ်။ အဲဒီယောက်ျားက ကောင်မလေးတစ်ယောက်ရဲ့ ဇက်ကို လက်ဝါးနဲ့ ပိတ်ရိုက်လိုက်တယ်။ ကောင်မလေး မြေကြီးပေါ်ကို ခွေကျသွားတယ်။ ကျွန်တော် အာလူးလှည်းဘက်ကို ပြေးသွားမလို့အလုပ်မှာ ဒိုင်းကနဲ သေနတ်သံ ထွက်လာတယ်။
ဦးအောင်သောင်းက သေနတ်ကို မိုးပေါ်ထောင်ချိန်ရင်း မတ်တပ်ရပ်နေတယ်။ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ လူအုပ်ကြီး ငြိမ်ကျသွားတယ်။ အာလူးလှည်းနားမှာ စုပြုံနေတဲ့သူတွေ ဦးအောင်သောင်းကို အလန့်တကြားလှည့်ကြည့်တယ်။ ဦးအောင်သောင်းက လက်ထဲကသေနတ်နဲ့ စောစောက ယောက်ျားကို ချိန်လိုက်တယ်။ ပါးစပ်က တစ်ခွန်းချင်း ပြောတယ်။
“မင်း သွားတော့။ မင်းလက်ထဲမှာလည်း အာလူးတွေ ရနေပြီပဲ။ ဘာလုပ်တာလဲ”
ဟိုလူ အာလူးတွေကို ပိုက်ပြီး ခပ်သုတ်သုတ် ထွက်သွားတယ်။ အာလူးလှည်းနားမှာ ဝိုင်းနေတဲ့လူအုပ်က ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ပုံနဲ့ ဦးအောင်သောင်းကိုကြည့်လိုက်၊ သူ့လက်ထဲက သေနတ်ကို ကြည့်လိုက် ဖြစ်နေကြတယ်။ ဦးအောင်သောင်းက သက်ပြင်းချတယ်။
“ခင်ဗျားတို့လည်း ကောက်စရာရှိတာ မြန်မြန်ကောက်။ ပြီးရင်သွားတော့။ ရုံးထဲကလူတွေထွက်လာရင် အကုန်သေကုန်မယ်”
ခဏလေးအတွင်းမှာ လှည်းတစ်ခုလုံး ပြောင်သလင်းခါသွားတယ်။ အာလူးတွေ ရေဘူးတွေကို ကိုယ်စီပိုက်ပြီး ဝင်းသမားတွေ ကွင်းထဲကနေ ပြန်ထွက်သွားကြတယ်။ ရေစည်လှည်းလည်း ပိုးလိုးပက်လက် လန်ပြီး ကျန်ခဲ့တယ်။ ကျွန်တော်တို့ကို ဝိုင်းကြည့်နေတဲ့ လူတချို့ကလွဲရင် ကွင်းထဲမှာ လူသိပ်မကျန်တော့ဘူး။
ဦးအောင်သောင်း ကျွန်တော်တို့နားကို လျှောက်လာတယ်။ သုံးဝါရဲ့အလောင်းကို တစ်ချက်ကြည့်တယ်။ ကျွန်တော့်ကို ကြည့်တယ်။ ခေါင်းခါတယ်။
“ဖြစ်ပြီးသွားမှတော့ ငါ ဘာမှ မပြောချင်တော့ဘူး။ စိတ်သွားတိုင်း လိိုက်မလုပ်ပါနဲ့လို့ မင်းကို အတန်တန် မှာထားရက်နဲ့။ မင်း စိတ်မထိန်းနိုင်တာနဲ့ အခု သုံးဝါ သေရပြီ”
“ဒါပေမယ့် ဇင်မင်းဆိုတဲ့ကောင် ပြောနေတာတွေ..”
“ဇင်မင်းပြောနေတာတွေက စကားလုံးတွေ။ လေထဲမှာ ပျောက်သွားမယ့် ဟာတွေ။ အရေးမကြီးဘူး။ အခု သုံးဝါက အသက်ပါပျောက်သွားတာ။ ပြန်မရတော့ဘူး။ ပြန်ရှင်အောင်လုပ်လို့ မရတော့ဘူး။ ထားတော့။ ထားလိုက်တော့။ အဆိုးထဲက အကောင်းလို့ပဲ ပြောရမလား။ မင်း အခုလို ထင်ရာစိုင်းလိုက်တော့ အုပ်ချုပ်ရေးရုံးရဲ့ အကြံ တစ်ဝက်လောက် ပေါ်သွားတာတော့ အမှန်ပဲ။ အခုထိ ရုံးထဲက တစ်ကောင်မှ ထွက်လိုက်မလာဘူး။ ရုံးသမား သုံးယောက် သေသွားတာတောင် တစ်ယောက်မှ ထွက်မလာဘူး။ ဥဩသံ မကြားရဘူး။ သေနတ်သံ မကြားရဘူး။ ဥက္ကဌလည်း ထွက်မလာဘူး။ ငါထင်ထားသလို ဖြစ်နေပြီထင်တယ်”
“ဘာဖြစ်တာလဲ။ ဘာလို့လဲ”
ဦးအောင်သောင်း ကျွန်တော့်မေးခွန်းကို ဖြေမလို့ ပြင်နေတုန်းမှာ ကွင်းထဲကို ခွန်ဖြူဝင်လာတယ်။ ခွန်ဖြူနဲ့အတူ သူ့နောက်မှာ လူ နှစ်ဆယ်ကျော်လောက် ပါလာတယ်။ ကျွန်တော် သိတဲ့သူ တစ်ယောက်မှ မပါဘူး။ ခွန်ဖြူ့နောက်မှာပါလာတဲ့ သူတွေထဲမှာ ကျွန်တော့်လို ခြေတုတပ်ထားတဲ့သူတွေ သုံးလေးယောက် ပါသလို လက်အတုတပ်ထားတဲ့သူတွေလည်း ပါတယ်။ မျက်နှာတစ်ခြမ်းကို သားရေပြားနဲ့ အုပ်ထားတဲ့သူ တစ်ယောက်လည်း တွေ့တယ်။ အားလုံးရဲ့လက်ထဲမှာ ဓားတွေ၊ တုတ်တွေ ကိုယ်စီ ကိုင်ထားကြတယ်။ ခွန်ဖြူက ဦးအောင်သောင်းကို မေးတယ်။
“ဒါအကုန်ပဲလား။ အစောင့်နှစ်ယောက်နဲ့ ဇင်မင်းနဲ့ပဲ ရှိတာလား။ ကျန်တဲ့ကောင်တွေရော ဘယ်မှာလဲ”
ဦးအောင်သောင်းက ပခုံးတွန့်တယ်။ သူ့လက်ထဲကသေနတ်ကို ခွန်ဖြူ့ကို ပေးလိုက်တယ်။ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို အတိုချုံးပြီး ရှင်းပြတယ်။ ခွန်ဖြူက ဦးအောင်သောင်း ရှင်းပြနေတာတွေကို နားထောင်ရင် ကျွန်တော့်ဘက်ကို တစ်ခါနှစ်ခါ လှမ်းကြည့်တယ်။ ကျွန်တော် ခေါင်းကို ငုံ့ထားလိုက်တယ်။ တစ်ကိုယ်လုံး ကျုံ့ဝင်သွားတော့မလို ခံစားနေရတယ်။ ဦးအောင်သောင်းက ဆက်ပြောတယ်။
“ထင်ထားသလို ဖြစ်နေပြီ။ အကုန် တောင်အောက်ဆင်းသွားကြပြီ ထင်တယ်။ ငါတို့ နောက်ကျသွားပြီ”
ခွန်ဖြူက ခေါင်းတညိတ်ညိတ်လုပ်ပြီး စဉ်းစားတယ်။ သုံးဝါရဲ့ အလောင်းကိုတွေ့တော့ သူ့မျက်နှာ တော်တော်ပျက်သွားတယ်။ ဘာမှတော့ မမေးဘူး။ သူ့လူတွေဘက်ကို လှည့်ပြီး ခပ်တိုးတိုးပြောတယ်။ လူလေးယောက် အရှေ့ထွက်လာတယ်။ သုံးဝါရဲ့ အလောင်းကို မတယ်။ ကွင်းအပြင်ဘက်ကို သယ်ထုတ်သွားတယ်။
ခွန်ဖြူက ကျွန်တော့်ကို ကြည့်ပြီး ပြောတယ်။
“ရုံးနဲ့ပတ်သက်တာတွေ မင်းလေ့လာပြီးပြီလား။ အဝင်အထွက်တွေ အကုန် အလွတ်ရပြီလား”
ကျွန်တော် ခေါင်းညိတ်တယ်။ စိတ်ထဲမှာတော့ အပြစ်ရှိသူတစ်ယောက်လို ခံစားနေရတဲ့အတွက် ခွန်ဖြူ့ကို စေ့စေ့ မကြည့်ရဲဘူး။ ကွင်းထဲမှာ နေရှိန်က ပိုပြင်းလာတယ်။ နှဖူးမှာ ချွေးတွေသီးစပြုလာပြီ။
ခွန်ဖြူက ဇင်မင်းအလောင်းနားကို လျှောက်သွားတယ်။ အလောင်းဘေးမှာ ထိုင်တယ်။ ဇင်မင်းရဲ့ ကျိုးနေတဲ့ လည်ပင်းရိုးနေရာကို လက်နဲ့ စမ်းကြည့်တယ်။ ပြီးတော့ ဘေးနားမှာ လဲနေတဲ့ အစောင့်ရဲ့ အလောင်းဆီကို သွားပြန်တယ်။ အစောင့်လည်ပင်းမှာ ဖောက်ဝင်နေတဲ့ ကျွန်တော့်ရဲ့ သံချွန်ကို ဆွဲနှုတ်တယ်။ ကျွန်တော့်ဆီ ပြန်လျှောက်လာတယ်။
“တစ်မနက်တည်းနဲ့ လူနှစ်ယောက် သတ်ပစ်လိုက်တာပဲ”
ချီးကျူးတဲ့စကားလား။ ကဲ့ရဲ့တာလား။ သတိပေးတာလား။ ကျွန်တော် မသေချာဘူး။ ခွန်ဖြူ့မျက်လုံးထဲမှာတော့ ကျွန်တော့်ကို အပြစ်တင်တဲ့ အရိပ်အယောင်တွေ မတွေ့ရဘူး။ ခွန်ဖြူက သူ့လက်ထဲက သံချွန်ကို ကျွန်တော့်ကို လှမ်းပေးတယ်။ သံချွန်ကို လှမ်းယူတဲ့ ကျွန်တော့်လက်ချောင်းတွေက ဘာကြောင့်လဲ မသိ၊ ထိန်းမရအောင် တုန်နေတယ်။ ခွန်ဖြူက ကျွန်တော့်လက်တွေကို သူ့လက်ဖဝါးနှစ်ခုနဲ့ အုပ်ပြီး ကိုင်တယ်။
“သုံးဝါအတွက် မင်းမှာ အကြွေးတင်သွားပြီ။ အဲဒါကို မင်းနားလည်လား”
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ နေရှိန်ကြောင့် စီးကျလာတဲ့ ချွေးတွေနဲ့အတူ ကျွန်တော် မျက်ရည်ဝဲချင်လာတယ်။
“ငါတို့မှာ အချင်းချင်း အပြစ်တင်ရိုးထုံးစံမရှိဘူး။ အဲဒီတော့ မင်းကို အပြစ်ပေးစရာလည်းမရှိဘူး။ ဘာမှလည်း လုပ်မှာမဟုတ်ဘူး။ ဒါပေမယ့် မင်း ဒီအကြွေးကိုတော့ ဆပ်ရမယ်။ သုံးဝါမှာ မိသားစုမရှိဘူး။ အပေါင်းအသင်း သူငယ်ချင်းလည်း မရှိဘူး။ ဒါပေမယ့် သူ့မှာ ရည်မှန်းချက် တစ်ခုရှိတယ်။ ရည်ရွယ်ချက်တစ်ခုရှိတယ်။ ဒီဝင်းထဲကလူတွေကို လွတ်မြောက်အောင် လုပ်ပေးဖို့။ အုပ်ချုပ်ရေးရုံးလက်အောက်ကနေ တိုက်ထွက်ဖို့..။ အခု သူသေသွားပြီ။ သူ့အစား သူ့တာဝန်ကို မင်းဆက်ယူရမယ်။ ဟုတ်ပြီလား”
“ကျွန်တော် အခု ဘာဆက်လုပ်ရမလဲ”
“မင်း ရုံးထဲကိုသွား။ ဘယ်သူမှ မရှိတော့ဘူးဆိုတာ သေချာသလား သွားကြည့်။ ငါထင်တဲ့အတိုင်းဆိုရင်တော့ ဒီကောင်တွေအကုန် မနေ့ညကတည်းက အောက်ကို ဆင်းသွားတာဖြစ်ဖို့များတယ်။ ဇင်မင်းကလည်း မနက်ပိုင်း မိန့်ခွန်းပြောပြီးတာနဲ့ အောက်ကို လိုက်သွားမလို့ ကြံထားပုံပဲ။ ဒါပေမယ့် မင်းလက်ချက်နဲ့ ဒီမှာတင် အသက်ထွက်သွားတာကိုး”
မျက်လုံးတွေပြူးထွက်ပြီး သေနေတဲ့ ဇင်မင်းအလောင်းကို ကျွန်တော် လှမ်းကြည့်တယ်။ စိတ်ထဲမှာ သနားတဲ့ခံစားချက် တစ်စက်မှ ပေါ်မလာဘူး။ နောက်တစ်ခါ ထပ်သတ်လို့ရရင် သတ်ချင်သေးတယ်။ ကျွန်တော့်ကိုယ်ထဲမှာ ကိန်းအောင်းနေတဲ့ မကောင်းဆိုးဝါးကို ကျွန်တော် သတိထားမိသွားပြီး ကျောထဲမှာ စိမ့်ကနဲ ဖြစ်သွားတယ်။ ခွန်ဖြူက ဆက်ပြောတယ်။
“မင်း ရုံးထဲကို အရင်သွားလေ့လာ။ ဘယ်သူမှ မရှိတော့ဘူးဆိုတာ သေချာပြီဆိုမှ ငါတို့ဆီ ပြန်လာပြီး အကြောင်းကြား။ အခုအတိုင်း အကုန် စွတ်ဝင်သွားလို့ အထဲမှာ သေနတ်တွေနဲ့ စောင့်နေမယ်ဆိုရင် ဒုက္ခရောက်မယ်။ မင်းတစ်ယောက်တည်း လွှတ်လိုက်လို့ ရက်စက်တယ်လို့ ထင်ရင်လည်း မတတ်နိုင်ဘူး။ ငါတို့အကြံအစည်ထဲမှာ ဒါမပါဘူး။ မင်းလုပ်လိုက်လို့ အကုန်ပြောင်းကုန်တာ”
“ရတယ်။ ဘာမှမဖြစ်ဘူး။ ကျွန်တော်တစ်ယောက်တည်း သွားမယ်”
ခရမ်းက ခေါင်းခါတယ်။
“သူတစ်ယောက်တည်း လွှတ်လိုက်လို့ ဘယ်လိုဖြစ်မှာလဲ။ ကျွန်မပါ လိုက်သွားမယ်”
ခွန်ဖြူက ဦးအောင်သောင်းကို တစ်ချက်လှမ်းကြည့်တယ်။ ဦးအောင်သောင်းက သဘောပဲ ဆိုတဲ့ပုံစံနဲ့ ခေါင်းညိတ်တယ်။
ကျွန်တော် ခရမ်းကို ကျေးဇူးတင်တဲ့အကြည့်နဲ့ လှမ်းကြည့်လိုက်ပေမယ့် ခရမ်းက ကျွန်တော့်ကို ပြန်မကြည့်ဘဲ မျက်နှာလွှဲထားတယ်။ ခွန်ဖြူက ဆက်ပြောတယ်။
“ဟုတ်ပြီ။ ငါတို့ အပြင်ဘက်မှာ စောင့်နေမယ်။ ဝင်းထဲကလူတွေကို ထိန်းသင့်သလောက် ထိန်းရဦးမယ်။ မနက်ကတည်းက လျှပ်စစ်မီးလည်း မလာတော့ဘူးလို့ ကြားတယ်။ တိုက်တန်းဘက်တွေမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာနိုင်တယ်။ ပုံးတွေဘက်မှာလည်း မီးမရတော့ဘူးလို့ ပြောတယ်။ ဒီအတိုင်းဆိုရင် တစ်ဝင်းလုံး ဆူပူကုန်တော့မယ်”
ခွန်ဖြူက သူ့လက်ထဲက သေနတ်ကို လေးခရမ်းကို လှမ်းပေးတယ်။ ခရမ်းက သေနတ်ကို လှမ်းယူတယ်။ ကျည်ကတ်ကို ဖြုတ်ချပြီး ကျည်ဘယ်နှတောင့်ကျန်သလဲ စစ်တယ်။ ပြန်တပ်တယ်။ သေနတ်ကို ခါးကြားမှာ ထိုးလိုက်တယ်။ ကျွန်တော့်ဘက်ကို လှည့်ပြီး ပြောတယ်။
“ဒီတစ်ခါ ထိန်းမနိုင်သိမ်းမရ ထပ်လုပ်ဦးမယ်ဆိုရင် နင့်ကို ငါကိုယ်တိုင် ပစ်သတ်မယ်။ ကြားလား”
ခရမ်းရဲ့အသံက ကွင်းထဲက လေပူတွေကြားမှာတောင် သိသိသာသာ အေးစက်နေတယ်။ လေးခရမ်း ဇင်မင်းအလောင်းကို ခွကျော်ပြီး ရုံးထဲကို လျှောက်ဝင်သွားတယ်။ ကျွန်တော် တံတွေးတစ်ချက်မျိုချလိုက်တယ်။ သံချွန်ကို ဘောင်းဘီအိတ်ထဲ ပြန်ထည့်တယ်။ ခါးကြားက သေနတ်ကို စမ်းတယ်။ လေးခရမ်းနောက်ကို လိုက်သွားတယ်။
တစ်သက်လုံး မော်ကြည့်ခဲ့ရတဲ့ ရုံးအဆောက်အဦးဟာ အခုလည်း အရှိန်အဝါ ကျမသွားသေးဘူး။ နေရောင်အောက်မှာ ရုံးရဲ့ ကွန်ကရစ်သားတွေက ပိုပြီး ခိုင်မာ ထည်ဝါနေတယ်။ ရုံးဝင်ပေါက်တံခါးနှစ်ချပ်က သတ္တဝါတစ်ကောင်ရဲ့ ပါးစပ်ပေါက်တစ်ခုလို ကြောက်စရာကောင်းနေတုန်းပဲ။
ကျွန်တော် ရုံးဝင်းထဲကို ဝင်လိုက်တယ်။
(၂)
တံခါးနှစ်ချပ်ကို တွန်းဖွင့်လိုက်တော့ အထဲက လှောင်နေတဲ့ လေတွေ အပြင်ကို ရုန်းကန်ထွက်လာတယ်။
ဝင်ဝင်ချင်း အခန်းကျယ်ကြီးထဲကို ရောက်သွားတယ်။ ကျွန်တော်နဲ့ ခရမ်း အသင့်အနေအထားနဲ့ သေနတ်တွေကို ကိုယ်စီ လက်မှာကိုင်လိုက်တယ်။ အခန်းထဲမှာ ဘယ်သူမှ မရှိဘူး။ အဝင်၀နားမှာ စားပွဲတစ်လုံးရှိတယ်။ သံနဲ့လုပ်ထားတဲ့ ဂိတ်တံခါးလိုလို စက်တစ်ခုရှိတယ်။ မျက်နှာကြက်မှာ မီးဆိုင်းတစ်ခု တွဲလောင်းကျနေတယ်။ မီးလုံးတွေ၊ မီးချောင်းတွေ အကုန် ပိတ်ထားတယ်။ အပြင်ကဝင်လာတဲ့ နေအလင်းရောင်ကြောင့်သာ ဘေးဘီဝဲယာကို သေချာ မြင်နေရတာ။ အခန်းကျယ်ကနေ ရုံးနောက်ဘက်အထိ ဖောက်ပြီး ဆောက်ထားတဲ့ ကော်ရစ်ဒါအရှည်ကြီးတစ်ခုရှိတယ်။ အခန်းရဲ့ ဘယ်ဘက်မှာ အပေါ်ထပ်ကို တက်သွားတဲ့ လှေကားတစ်ခု ရှိတယ်။ အပေါ်ထပ်က ပိုလို့တောင် မှောင်နေသေးတယ်။
ရုံးရဲ့ ပင်မ ကော်ရစ်ဒါက ပေသုံးရာလောက် ရှည်လိမ့်မယ်။ မျက်စိတစ်ဆုံးမြင်နေရတဲ့ ကော်ရစ်ဒါလမ်းက မှောင်မည်းနေတယ်။ တစ်ရုံးလုံး ဘာသံမှ မကြားရဘဲ တိတ်ဆိတ်နေတယ်။ ခရမ်းနဲ့ ကျွန်တော့် ခြေသံက လှမ်းလိုက်တိုင်း ပဲ့တင်သံတွေ ထွက်လာတယ်။ ခရမ်းက လေသံကို နှိမ့်ပြီးပြောတယ်။
“နင် ကော်ရစ်ဒါဘက်ကို သွား။ ငါ အပေါ်ထပ်ကို တက်ကြည့်မယ်”
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ ခရမ်းကသာ လေသံကို နှိမ့်ပြီးပြောနေတာ။ ကျွန်တော်တို့ ခြေသံတွေနဲ့ ၊ ပဲ့တင်သံတွေနဲ့ ဒီရုံးထဲမှာ တိတ်တိတ်ဆိတ်ဆိတ်သွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြီးတော့ အခုမြင်တဲ့အတိုင်းဆိုရင် ရုံးထဲမှာ တစ်ယောက်မှ မရှိတော့တာ သေချာသလောက် ဖြစ်နေပြီ။
ခရမ်းက အပေါ်ထပ်ကို ခပ်သုတ်သုတ် တက်သွားတယ်။ ကျွန်တော် ကော်ရစ်ဒါဘက်ကို ဆက်လျှောက်လာလိုက်တယ်။ တံခါး၀နဲ့ ဝေးလာတာနဲ့အမျှ အလင်းရောင်ကလည်း ပိုပိုပြီး နည်းလာတယ်။ ကျွန်တော့်ရဲ့ သံခြေထောက်ထောက်သံ တစ်ဒေါင်းဒေါင်းက ကော်ရစ်ဒါထဲမှာ ဟိန်းနေတယ်။ အလွတ်ကျက်ထားတဲ့ ရုံးရဲ့ မြေပုံတွေကို ကျွန်တော် ခေါင်းထဲမှာ ပြန်စီတယ်။ အရေးအကြီးဆုံးက ရိက္ခာလှောင်တဲ့နေရာ၊ လျှပ်စစ်မီးလွှတ်တဲ့နေရာ၊ ပြီးတော့ ဥက္ကဌရုံးခန်း..။ ကော်ရစ်ဒါ ဝင်ဝင်ချင်း ဘယ်ဘက် အခန်းက မှတ်ပုံတင်ရုံးခန်း။ ညာဘက်အခန်းက အစည်းအဝေးခန်း။ အောက်ထပ်ကော်ရစ်ဒါမှာ ရုံးခန်း ဆယ့်နှစ်ခန်းရှိတယ်။ အပေါ်ထပ်မှာ ဝန်ထမ်းအိပ်ခန်းတွေ။
မှတ်ပုံတင်ခန်းထဲကို ကျွန်တော် ဝင်လိုက်တယ်။ တစ်ခန်းလုံး မှောင်မည်းနေတယ်။ နံရံကမီးခလုတ်ကို လက်နဲ့အသာစမ်းပြီး ဖွင့်တယ်။ မီးမလာဘူး။ အမှောင်ထဲမှာ မျက်စိကို ကျင့်သားရလာအောင် ခဏစောင့်လိုက်တယ်။ တံခါးက ဝင်လာတဲ့ အလင်းရောင်သဲ့သဲ့အောက်မှာ စီထားတဲ့ စားပွဲတွေ။ ထိုင်ခုံတွေ။ စာရွက်စာတမ်းတွေကို ခပ်ဝါးဝါးမြင်ရတယ်။ ဝင်းတစ်ခုလုံးမှာ ရှိတဲ့ လူစာရင်းတွေ၊ ပစ္စည်းအဝင်အထွက်စာရင်းတွေအကုန် ဒီအခန်းထဲမှာ ရှိတယ်။ အခုအချိန်မှာတော့ ဒီစာရင်းတွေက အရေးမကြီးတော့ဘူး။ အခန်းထဲကနေ ကျွန်တော် ပြန်ထွက်လိုက်တယ်။
အစည်းအဝေးခန်းကို ဝင်ကြည့်တယ်။ ဒီအခန်းမှာလည်း ဘယ်သူမှ မရှိဘူး။ စားပွဲရှည်တစ်လုံးနဲ့ ထိုင်ခုံတွေပဲ ရှိတယ်။ စားပွဲပေါ်မှာ စီထားတဲ့ ပန်းကန်နဲ့ ခွက်တွေ၊ ရေဘူးတွေတော့ တွေ့တယ်။ နောက်အခန်းတွေကိုလည်း ကျွန်တော် တစ်ခန်းပြီး တစ်ခန်း ဝင်ကြည့်တယ်။ ဘာမှမထူးဘူး။ ဘယ်သူမှ မရှိဘူး။ အခန်းတွေအားလုံး ဟာလာဟင်းလင်းတွေ။ သုံးလို့ရမယ့် ပစ္စည်း တစ်ခုမှ မရှိဘူး။ စားပွဲတွေ၊ ကုလားထိုင်တွေ၊ စာရွက်စာတမ်းတွေပဲ ရှိတယ်။ ကျွန်တော့်စိတ်ထဲမှာ တဖြည်းဖြည်း လေးလံလာတယ်။ ဒီအတိုင်းဆိုရင် ရုံးသမားတွေ တကယ် ထွက်သွားပြီလား။ ဘာမှမရှိတော့တဲ့ အဆောက်အဦး အခွံကြီးကိုပဲ ထားပစ်ခဲ့တာလား။
ကော်ရစ်ဒါ နောက်ဆုံးဘက်မှာ ရှိတဲ့ ရိက္ခာခန်းဆီကို ကျွန်တော် အမြန်ပြေးသွားလိုက်တယ်။ အရေးအကြီးဆုံးနေရာ။ အဓိကအကျဆုံးနေရာ။ ဒီရိက္ခာတွေမရှိရင်၊ လှောင်ထားတဲ့ အာလူးခြောက်တွေ၊ အစာခြောက်တွေ မရှိရင် ရုံးတစ်ခုလုံး ရှိနေလည်း ကျွန်တော်တို့ ဘာမှ ဆက်လုပ်လို့ မရဘူး။ အကုန် ငတ်သေကုန်မှာပဲ။
ရိက္ခာခန်းရှေ့ရောက်တော့ ကျွန်တော့် ရင်ဘတ်တစ်ခုလုံး အောင့်ကနဲ ဖြစ်သွားတယ်။ တံခါးဟောင်းလောင်းဖွင့်ထားတဲ့ အခန်းကျယ်ထဲမှာ ဘာဆိုဘာမှ မရှိတော့ဘူး။ သံမံတလင်းပေါ်မှာ အာလူးခွံတချို့နဲ့ ကြွက်ချေးတွေပဲ ကျန်ခဲ့တယ်။ ကျွန်တော် မျက်စိကိုမှိတ်ပြီး စဉ်းစားတယ်။ မြေပုံထဲမှာ တခြား စတိုခန်းတွေ ရှိသေးသလား။ လျှို့ဝှက်အခန်းတွေများ ရှိမလား။ ဟင့်အင်း။ ဘာမှ မရှိဘူး။ ဒါအကုန်ပဲ။ ဒီတစ်နေရာပဲ။
နောက်က ခြေသံကြားလို့ လှည့်ကြည့်လိုက်တော့ ခရမ်းက ကျွန်တော့်နောက်မှာ ရပ်နေတယ်။ သူလည်း ကျွန်တော့်လိုပဲ စတိုခန်းထဲကို ပါးစပ်အဟောင်းသားနဲ့ လှမ်းကြည့်နေတယ်။
“ဘာမှ မကျန်တော့ဘူး။ အကုန် မ,သွားတာ။ အကုန်ပါသွားပြီ”
ကျွန်တော်ပြောလိုက်တော့ ခရမ်းက ခေါင်းညိတ်တယ်။ ပြီးမှ တစ်ခုခုကို သတိရသွားသလို အမြန်ပြောတယ်။
“နေဦး။ စိုက်ခင်း။ စိုက်ခင်းတွေရော..”
ကျွန်တော်နဲ့ ခရမ်း ကော်ရစ်ဒါအဆုံးကို ပြေးသွားလိုက်တယ်။ နောက်တံခါးပေါက်ကနေ ရုံးအပြင်ဘက်ကို၊ စိုက်ခင်းတွေရှိရာကို ထွက်လိုက်တယ်။
(၃)
စိုက်ခင်းတွေအားလုံး မွစာတက်ပြီး ပျက်စီးနေပြီ။ အပင်တွေ၊ အရွက်တွေအကုန်လုံးကို အပိုင်းပိုင်း ခုတ်ထားတယ်။ မြေဆီလွှာတွေ၊ စိုင်ခင်းကောက်ကြောင်းတွေကို ရစရာမရှိအောင် ဖျက်ဆီးထားတယ်။ ကျွန်တော်ဟာ စိုက်ပျိုးရေးသမားတစ်ယောက် မဟုတ်တဲ့အတွက် သေချာတော့ မသိဘူး။ ဒါပေမယ့် မြင်ရတဲ့ မြင်ကွင်းအရဆိုရင် ဒီစိုက်ခင်းမှာ အာလူးပြန်စိုက်ဖို့ ဘယ်နှလကြာမလဲ၊ ဘယ်နှနှစ်ကြာမလဲ။
ခရမ်းက စိတ်ဆိုးမာန်ဆိုးနဲ့ မြေကြီးခဲတွေကို ခြေထောက်နဲ့ ကန်တယ်။ ပါးစပ်ကလည်း စုံနေအောင် အော်ဆဲတယ်။ ကျွန်တော် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ကြောင်တောင်တောင်နဲ့ မတ်တပ်ရပ်နေမိတယ်။ လူနှစ်ထောင်ကို အသက်ဆက်ရှင်အောင် ဘယ်လို ထားမလဲ။ ဘာလုပ်ပေးရမလဲ။
ပျက်စီးနေတဲ့စိုက်ခင်းတွေကို ကြည့်ပြီးတဲ့နောက် ကျွန်တော်တို့ ဆိုလာကွင်းတွေဘက်ကို ဆက်သွားတယ်။ အဲဒီဘက်မှာလည်း ထူးမခြားနားပဲ။ ဆိုလာပြားတွေထဲမှာ တစ်ဝက်လောက်က မရှိတော့ဘူး။ ကျန်တဲ့တစ်ဝက်ကိုလည်း သုံးမရအောင် ဖျက်ဆီးထားတယ်။ တစ်နေ့တည်း တစ်ညတည်းနဲ့ အားလုံးကို ဒုက္ခရောက်အောင် လုပ်သွားနိုင်တဲ့ ရုံးအဖွဲ့သားတွေကို ကျွန်တော် အံ့ဩတယ်။
ကျွန်တော်နဲ့ ခရမ်း စိတ်ပျက်လက်ပျက်နဲ့ ရုံးထဲကို ပြန်ဝင်လာကြတယ်။ ရေစက်ရှိရာကို သွားတောင် မကြည့်ချင်တော့ဘူး။ လျှပ်စစ်မီးမရှိဘဲ အဲဒီရေစက်ကို ဘယ်လို သုံးမလဲ။ စက်ရုံဘက်မှာလည်း ဘာမှ ရှိမယ်မထင်ဘူး။
ရုံးရဲ့ ကော်ရစ်ဒါမှောင်မှောင်ထဲမှာ လျှောက်နေရင်း ကျွန်တော့် ခြေလှမ်းတွေ တန့်ကနဲ ဖြစ်သွားတယ်။ ကော်ရစ်ဒါ ထိပ်မှာ ရပ်နေတဲ့ လူရိပ်တစ်ခု။ ခရမ်းရဲ့လက်ထဲက သေနတ်က အသင့်အနေအထား ဖြစ်သွားတယ်။ ကျွန်တော့်လက်တွေကတော့ အိတ်ထဲက သံချွန်ဆီကို ရုတ်ကနဲ အလိုလိုရောက်သွားတယ်။ လူရိပ်က ကျွန်တော်တို့ဆီကို တစ်လှမ်းချင်း လျှောက်လာတယ်။ အမှောင်ထဲမှာ ဘယ်သူဘယ်ဝါ မသဲကွဲဘူး။ ခြေလှမ်း ဆယ်လှမ်းလောက် အကွာကိုရောက်မှ လူရိပ်ရဲ့ သဏ္ဍာန်က ပီပြင်လာတယ်။
သံချွန်ကိုဆုပ်ကိုင်ထားတဲ့ ကျွန်တော့်လက်တွေ တင်းကနဲ ဖြစ်သွားတယ်။ သူဘယ်သူလဲဆိုတာ ကျွန်တော်သိတယ်။ ဖြူဖွေးနေတဲ့အသား။ မည်းနက်ပြီး ပြောင်လက်နေတဲ့ ဆံပင်ရှည်တွေ။ မျက်လုံးနက်နက်တွေ။ နှာခေါင်း ချွန်ချွန်။ မေးရိုးသွယ်သွယ်။
ဆူဇန်။
+++
အခန်း (၁၆)
(၁)
သူ့မျက်လုံးတွေက အမှောင်ထဲမှာတောင် တဖျတ်ဖျတ်လက်ပြီး တောက်နေတယ်။ လက်ထဲမှာ ကိုင်ထားတဲ့ သံချွန်ချောင်းက တဆတ်ဆတ်တုန်နေတယ်။ ကျွန်မကို စေ့စေ့ကြည့်ပြီး သူ့မျက်နှာက တစ်ထစ်ချင်း ပိုပိုပြီး တင်းမာလာတယ်။ ဘာဖြစ်တာပါလိမ့်။ ဘေးက အမျိုးသမီးက ကျွန်မကိုမြင်တော့ သူ့လက်ထဲက သေနတ်ကို အောက်ချလိုက်တယ်။ သံချွန်ကိုင်ထားတဲ့သူရဲ့ လက်ကို လှမ်းကိုင်တယ်။ ခပ်တိုးတိုးပြောတယ်။ သံချွန်ကိုင်ထားတဲ့လူက ခေါင်းခါတယ်။ အမျိုးသမီးက ထပ်ပြောတယ်။ သံချွန်ကိုင်ထားတဲ့လူက သက်ပြင်းတစ်ချက်ချတယ်။ သူ့လက်ထဲက သံချွန်ကို ဟို အမျိုးသမီးကို လှမ်းပေးတယ်။ ခါးကြားမှာထိုးထားတဲ့ သေနတ်ကိုထုတ်တယ်။ သေနတ်ကိုလည်း အမျိုးသမီးလက်ထဲကို ထည့်ပေးလိုက်တယ်။ ပြီးတော့ ဘာမှ မပြောဘဲ ကျွန်မကို စေ့စေ့ကြည့်နေတယ်။ ကျွန်မ နည်းနည်း စိတ်သက်သာရာ ရသွားတယ်။ တော်သေးတယ်။ ဟိုအမျိုးသမီး ဝင်ထိန်းပေးလို့။ မဟုတ်ရင် အဲဒီလူပုံစံက ကျွန်မကို အခုပဲ သတ်တော့မယ့် ပုံနဲ့။
ကျွန်မ အရဲစွန့်ပြီး အရှေ့ကို ခြေတစ်လှမ်းထပ်တိုးရင်း ပြောလိုက်တယ်။
“ကျွန်မ ဆူဇန်ပါ.. ရှင်တို့လာတာကို စောင့်နေ…”
ကျွန်မ စကားမဆုံးခင်မှာ ဟိုလူက အရှေ့ကို လှစ်ကနဲ တိုးလာတယ်။ အခုမှ သူ့ရဲ့ ညာဘက်ခြေထောက်ကို ကျွန်မ သတိထားပြီး ကြည့်မိတယ်။ ခြေတုတပ်ထားတာပဲ။ သံခြေထောက်ကြီး။ ဒေါက်ကနဲ မြည်သွားတဲ့ သံခြေထောက်သံကြောင့် ကျွန်မ ကြောင်ပြီး သူ့ခြေထောက်ကို ငုံ့ကြည့်နေမိတာ.. မျက်နှာဆီကို ပြေးဝင်လာတဲ့ လက်သီးကို မရှောင်လိုက်နိုင်ဘူး။
ကျွန်မရဲ့ ဘယ်ဘက်ပါးရိုးကို ဝုန်းကနဲ လာမှန်တဲ့လက်သီးက သံတူရွင်းတစ်ချောင်းလို မာခဲနေတယ်။ ကျွန်မ အနောက်ကို လန်ကျသွားတယ်။ သံမံတလင်းနဲ့ ခေါင်းနဲ့ တည့်တည့်ကြီး ဆောင့်မိတော့ မျက်လုံးထဲမှာ အလင်းရောင်တွေ ပွင့်ထွက်သွားတယ်။ နားထဲမှာ စီကနဲအသံတွေ ညံသွားတယ်။ ခေါင်းခွံထဲမှာ လှုပ်သွားတဲ့ ဦးနှောက်ကြောင့် ကျွန်မ ချက်ခြင်းပဲ မူးမေ့သွားတယ်။
(၂)
သတိရလာတော့ မျက်စိဖွင့်ကြည့်တယ်။ မျက်လုံးထဲတိုးဝင်လာတဲ့နေရောင်ကြောင့် ကျွန်မ မျက်စိကို အမြန်ပြန်မှိတ်လိုက်ရတယ်။ ပြီးမှ ဖြည်းဖြည်းချင်း ပြန်ဖွင့်ကြည့်တယ်။ ကျွန်မ ရုံးအပြင်ဘက်မှာ ရောက်နေတာပဲ။ ကျွန်မကို ရုံးနံရံကို မီပြီးထိုင်ခိုင်းထားတယ်။ ကျွန်မရှေ့မှာ အတုံးအရုံးပျက်စီးနေတဲ့ စိုက်ခင်းတွေ။
“ရော့။ ဒါသောက်လိုက်”
စောစောက အမျိုးသမီးက ကျွန်မဘေးမှာ မတ်တပ်ရပ်နေတယ်။ သူ့လက်ထဲက သံဗူးကို ကျွန်မဆီ ထိုးပေးတယ်။ ကျွန်မ ဘာမှ ပြန်မပြောဘဲ သံဗူးကို ကောက်မော့လိုက်တယ်။ လည်ချောင်းထဲ စီးဆင်းသွားတဲ့ ရေအေးအေးကြောင့် ခေါင်းထဲမှာ မူးနေတာတွေ နည်းနည်းလျော့သွားတယ်။ အမျိုးသမီးရဲ့ဘေးမှာ စောစောက ကျွန်မကို လက်သီးနဲ့ထိုးတဲ့သူက လက်ပိုက်ပြီး မတ်တပ်ရပ်နေတယ်။ ကျွန်မကို စားတော့ဝါးတော့မလို မျက်လုံးနဲ့ စိုက်ကြည့်နေတယ်။ ကျွန်မတစ်ကိုယ်လုံးတွန့်ကနဲ ဖြစ်သွားတယ်။ အမျိုးသမီးက ကျွန်မဘေးမှာ ဒူးထောက်ထိုင်တယ်။
“ငါ့နာမည်က လေးခရမ်း။ ခရမ်းလို့ပဲခေါ်”
ကျွန်မ ခေါင်းကို အမြန်ညိတ်လိုက်တယ်။ ဟိုလူကို မဝံ့မရဲကြည့်လိုက်တော့ လေးခရမ်းဆိုတဲ့ အမျိုးသမီးက ထပ်ပြောတယ်။
“သူက ငါးနီ။ အရင်နာမည်က နေမင်းတဲ့။ မေနှင်းရဲ့ ယောက်ျား..”
ရုတ်တရက် ကျွန်မ အသက်ရှူရပ်သွားတယ်။ ရင်ဘတ်တစ်ခုလုံး အိကနဲ ပိဆင်းသွားတယ်။ မေနှင်း.. ပြောပြောနေတဲ့ သူ့ယောက်ျားဆိုတာ..။ သူကျွန်မကို လက်သီးနဲ့ ပြေးထိုးတာ သူ့အလွန် မဟုတ်ဘူး။ ကျွန်မသာ သူ့နေရာမှာဆိုရင်လည်း အဲဒီလိုပဲ လုပ်မိမှာပဲ။ ဒါပေမယ့် မေနှင်းပြောတော့ သူ့ယောကျ်ားက သေသွားပြီဆို။ မုန်တိုင်းထဲ ပါသွားတယ်လို့ ပြောတာလေ။ အခု ဘယ်လို အသက်ရှင်နေသလဲ။ ပြီးတော့ သူ့ခြေထောက်အတုက ဘယ်သူ တပ်ပေးထားတာလဲ။ မေးခွန်းတွေ တရစပ်ဝင်လာတဲ့အတွက် ကျွန်မ ပြန်ပြီး မူးချင်လာတယ်။ နေမင်းဆိုတဲ့သူက ကျွန်မကို ကြည့်နေရာကနေ ချာကနဲလှည့်ထွက်သွားတယ်။ စိုက်ခင်းအပျက်အစီးတွေဘက်ကို လျှောက်သွားပြီး ခေါင်းငိုက်စိုက်ပြီး မြေကြီးကို သည်းကြီးမည်းကြီး စိုက်ကြည့်နေတယ်။
“ဒါပေမယ့်.. မေနှင်းယောက်ျားက သေသွားပြီဆို..”
“ကြယ်တံခွန်သူရဲတွေအကြောင်း မကြားဖူးဘူးလား..”
လေးခရမ်းရဲ့မေးခွန်းကြောင့် ကျွန်မ ကြောင်တောင်တောင်နဲ့ ခေါင်းညိတ်လိုက်တယ်။ ကြားဖူးတယ်လေ။ ဒါပေမယ့် ယုံတမ်းပုံပြင်တွေ မဟုတ်ဘူးလား။ သေရွာကပြန်လာတယ်ဆိုတာ ဖြစ်မှ မဖြစ်နိုင်ဘဲ။
“ဘယ်လို..”
“အဲဒါတွေ ထားလိုက်တော့။ အရေးမကြီးဘူး။ အရေးကြီးတာက မင်းအခု ဘာလို့ ရုံးထဲမှာ ကျန်ခဲ့တာလဲ။ ဥက္ကဌနဲ့ ဘာလို့ လိုက်မသွားတာလဲ”
ကျွန်မ နှုတ်ခမ်းကို ကိုက်လိုက်တယ်။ တစ်သက်လုံးမှာ မခံစားဖူးတဲ့ အားငယ်စိတ်တစ်မျိုးက ကျွန်မကိုယ်ထဲကို စိမ့်ဝင်လာတယ်။ ဘာဖြစ်လို့လဲတော့မသိဘူး။ အခု လေးခရမ်းဆိုတဲ့အမျိုးသမီးကို ကြည့်ရင်း ကျွန်မ အလိုလို အားငယ်လာတယ်။ သူ့ရဲ့ ပြတ်သားတဲ့ နှုတ်ခမ်းတွေ။ ကြောက်စိတ် စိုးစဉ်းမျှမရှိတဲ့ မျက်လုံးတွေ။ ချွေးတွေနဲ့ ပြောင်လက်တင်းရင်းနေတဲ့ လက်မောင်းသားတွေ။ တည်ပြီး ကြည်နေတဲ့ စကားသံတွေ။ သူနဲ့ ယှဉ်လိုက်တဲ့အခါ ဆူဇန်ဆိုတဲ့ ကျွန်မဟာ ကလေးကစားစရာ အရုပ်တစ်ရုပ်လို ရယ်စရာ ဖြစ်မနေဘူးလား။
“မေနှင်း.. မေနှင်းကို အဖေပစ်သတ်လိုက်ပြီးကတည်းက ကျွန်မ သူ့ကို အဖေလို့ မခေါ်နိုင်တော့ဘူး။ ပြီးတော့.. ပြီးတော့ သူက ကျွန်မ အဖေအရင်းလည်း ဟုတ်ချင်မှ ဟုတ်မှာ။ ကျွန်မ သူနဲ့ ဆက်မနေချင်တာပဲ သိတယ်”
ကျွန်မရဲ့ အဖြေကြောင့် ခရမ်း မျက်ခုံးပင့်သွားတယ်။
“ဘာတွေလဲ။ အဖေအရင်း မဟုတ်ဘူး.. ဟုတ်လား။ ဘယ်သူပြောတာလဲ”
“သူကိုယ်တိုင် ပြောတာပဲ။ ကျွန်မ အမေကိုလည်း သူပဲ သတ်ပစ်တာတဲ့.. အဲလို ပြောတယ်”
ပြောရင်းနဲ့ ဘာကြောင့်မှန်းမသိ ကျွန်မ ငိုချင်လာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်တိုတယ်။ ပါးက တဆစ်ဆစ်နာနေတဲ့ အနာရှိန်ကြောင့်ရော၊ နေအပူရှိန်ကြောင့်ရော ကျွန်မ ခွန်အားတွေ မရှိတော့သလို ဖြစ်နေတယ်။ သူပုန်အဖွဲ့တွေနဲ့တွေ့ရင် ပြောလိုက်မယ်ဟေ့.. ဆိုပြီး ကြိမ်းဝါးထားတဲ့ စကားတွေ ဘယ်ရောက်ကုန်ပြီလဲ မသိဘူး။
“ထားပါတော့။ ဥက္ကဌနဲ့ ရုံးသမားတွေ အကုန် လစ်ပြေးကုန်ကြတာ မင်းသိတယ်မဟုတ်လား။ ကြိုသိထားသလား”
“ဟင့်အင်း။ မနေ့ညကမှ အဖေပြောမှ သိတာ။ သူက ကျွန်မကို လိုက်ခဲ့ဖို့ ခေါ်တယ်။ ဒါပေမယ့် ကျွန်မ မလိုက်ချင်လို့ သူ့အလစ်မှာ အိမ်ထဲကနေ ထွက်ပြေးပြီး ရုံးထဲမှာ ဝင်ပုန်းနေတာ။ တစ်ညလုံး ရုံးသမားတွေ အလုပ်ရှုပ်နေတဲ့ အသံတွေတော့ကြားတယ်။ ဒါပေမယ့် ကျွန်မ အခန်းပြင် ထွက်မကြည့်ရဲဘူး။ တွေ့ရင် ခေါ်သွားမှာစိုးလို့။ အဲဒါ.. မနက်လင်းမှ သေနတ်သံကြားလို့ အပြင်ထွက်ကြည့်တာ။ အဲဒီအချိန်မှာ အစ်မတို့ အထဲ ဝင်လာကြတာပဲ..”
“မေနှင်းကိစ္စကရော ဘယ်လိုဖြစ်တာလဲ”
“မမေနှင်းနဲ့က ဒီလိုပဲ စိုက်ခင်းဘက်ကို သွားလည်ရင်း ခင်သွားတာပါ..။ သူ့ကို အိမ်မှာ ခေါ်ခိုင်းရင်း ပိုပြီး ရင်းနှီးသွားတာ။ သူ့ယောက်ျားသေသွားပြီဆိုတာကြားလို့ ပိုသနားသွားပြီး အိမ်မှာပဲ အလုပ်လုပ်ဖို့ ခေါ်ထားလိုက်တာ..”
လေးခရမ်းက ခေါင်းခါတယ်။ သူ့မျက်လုံးတွေက စောစောကထက် ပိုပြီး စူးရှလာတယ်။ တင်းမာလာတယ်။
“ဆူဇန်။ အပိုတွေ မပြောနဲ့။ မေနှင်းကို အသုံးချဖို့ တမင်ခေါ်သွားတာ မဟုတ်လား။ ငါတို့ အကုန်သိပြီးပြီ..”
“အဲလို..အဲဒီလို မဟုတ်ပါဘူး။ တိုက်တန်းတွေဘက်ကို သွားကြည့်တုန်းကတော့ မမေနှင်းကို လမ်းပြအဖြစ်ခေါ်သွားမိတာပါ။ အဲဒါပါပဲ။ အခြေအနေတွေ အဲဒီလောက် ဆိုးသွားမယ်ဆိုတာ ကျွန်မ တကယ်မသိလို့ပါ..”
လေးခရမ်းက ကျွန်မနားကို ထပ်ပြီးတိုးလာတယ်။ ကျွန်မ မေးစေ့ကို သူ့လက်နဲ့ ခပ်တင်းတင်းကိုင်တယ်။ ကျွန်မလည်ချောင်းထဲက အိကနဲ အသံ ထိန်းမရဘဲ ထွက်သွားတယ်။
“မင်း.. ဦးညိုကြီးနဲ့ ဘာတွေပြောခဲ့သလဲဆိုတာ ငါတို့ အကုန်သိပြီးပြီ။ သူပုန်တွေအကြောင်း လာစုံစမ်းတာဆို..။ ငါတို့ အကြောင်းသိချင်လို့ လာမေးတာဆို.. “
ကျွန်မ သူ့လက်ကို ပုတ်ထုတ်လိုက်တယ်။ မတ်တပ်ထရပ်လိုက်တယ်။ ခရမ်းကလည်း မတ်တပ်ထရပ်တယ်။ သူ့ဒူးက ဖုန်တွေကို လက်နဲ့ခါတယ်။ ကျွန်မကို လက်ပိုက်ပြီး ကြည့်နေတယ်။
“ဟုတ်တယ်။ ကြယ်တံခွန်တွေအကြောင်း သိချင်လို့ လာမေးတာ။ အဲဒါ ဘာဖြစ်လို့လဲ။ ကျွန်မမှာ မေနှင်းကို နစ်နာအောင် လုပ်ဖို့စိတ်ကူး တစ်စက်ကလေးမှ မရှိခဲ့ဘူး။ အဲဒါတကယ်ပြောတာ။ ဥက္ကဌ အဲဒီလောက် လူမဆန်မှန်းလည်း ကျွန်မ မသိခဲ့ဘူး။ ရှင်ယုံချင်ယုံ မယုံချင်နေ”
လေးခရမ်းက ပခုံးတွန့်တယ်။
“ငါယုံတာ မယုံတာ အရေးမကြီးဘူး။ ဘယ်လိုပဲပြောပြော မင်းကြောင့် မေနှင်းသေသွားတာတော့ အမှန်ပဲ။ အဲဒါကို ငြင်းဦးမလို့လား”
ကျွန်မ ခေါင်းခါလိုက်တယ်။
“မငြင်းပါဘူး။ ဟုတ်ပါတယ်။ အဲဒါကြောင့်လည်း ကျွန်မ အဖေတို့နဲ့ လိုက်မသွားဘဲ နေခဲ့တာ။ ရှင်တို့ကို ကူညီပေးမလို့.. စောင့်နေခဲ့တာ”
လေးခရမ်းက ဟက်ကနဲ ရယ်တယ်။
“ဥက္ကဌသမီးက သူရဲတွေကို ကူညီပေးမယ်ဆိုပါလား..”
ကျွန်မ စိတ်ထဲမှာ ဒေါသနည်းနည်းတော့ ထွက်သွားတယ်။ မတ်တပ်ရပ်လိုက်တော့မှ ခရမ်းနဲ့ကျွန်မ ကိုယ်လုံးအနေအထားချင်း ဘယ်လောက်ကွာသလဲဆိုတာ ပိုပြီး သိသာလာတယ်။ ကျွန်မရဲ့ ကိုယ်လုံးက ခရမ်းနဲ့ယှဉ်လိုက်တဲ့အခါ မခန့်လေးမခန့်စား ဖြစ်ချင်စရာဖြစ်သွားတာ အမှန်ပဲ။ ပြီးတော့ သူ့လို တောင့်တောင့်တင်းတင်း ကြွက်သားတွေ ကျွန်မကိုယ်မှာ မရှိဘူး။ သူ့ရဲ့ စိတ်ချယုံကြည်မှုအပြည့်နဲ့ မျက်နှာထားမျိုးလည်း ကျွန်မ မလုပ်တတ်ဘူး။
“အစ်မတို့ စက်ရုံဘက်ကို သွားကြည့်ပြီးပြီလား။ အခန်းစုံအောင် စစ်ပြီးပြီလား”
ခရမ်းက မျက်မှောင်ကြုတ်တယ်။
“စက်ရုံဘက်မှာ ဘာရှိလို့လဲ။ အရင်ကတည်းက ဘာမှမရှိဘူး ဟောင်းလောင်းကြီးပဲ မဟုတ်လား။ စက်တွေ မလည်တာ ဘယ်နှနှစ်ရှိပြီလဲ။ အခန်းတွေကတော့ အကုန်လုံးနီးပါး ဝင်ကြည့်ပြီးပြီ။ ရိက္ခာနဲ့တူတာ ဘာမှ မတွေ့ဘူး။ လက်နက်တွေလည်း တစ်ခုမှ မချန်ခဲ့ဘူး။ အကုန် ဟာလာဟင်းလာင်းတွေချည်းပဲ”
“မဖြစ်နိုင်ဘူး။ ညတွင်းချင်း.. တစ်ညတည်းနဲ့ ဒီလောက်ပစ္စည်းတွေ အများကြီး သူတို့ ဘယ်လိုမှ ယူမသွားနိုင်ဘူး။ တစ်ခုခုတော့ ကျန်ခဲ့မှာပဲ။ တစ်နေနေရာမှာ ဖွက်ထားခဲ့မှာပဲ။ သေချာတယ်”
ခရမ်းက ခေါင်းတညိတ်ညိတ်နဲ့ စဉ်းစားတယ်။
“အင်း.. ဒါပေမယ့် ဘာဖြစ်လို့ ညတွင်းချင်း ဆင်းသွားရတာလဲ။ ချက်ခြင်းကြီး ထားခဲ့တာ အဓိပ္ပာယ်မရှိဘူး”
“ဒီတစ်ပတ်နှစ်ပတ်အတွင်းမှာ အဖေတို့ အစည်းအဝေးတွေ ခဏခဏလုပ်တယ်။ ဦးဇင်မင်းတို့နဲ့ တကျက်ကျက် ဆွေးနွေးနေကြတာပဲ။ အကြောင်းတစ်ခုခုရှိလို့ အောက်ကို အမြန်ဆင်းသွားတာ။ ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် အပေါ်မှာ ပစ္စည်းတွေ ကျန်ကို ကျန်ခဲ့ရမယ်”
“ဦးဇင်မင်း.. ဆိုပါလား။ မင်းနဲ့ ဇင်မင်း တော်တော်ရင်းနှီးသလား”
ကျွန်မခေါင်းခါလိုက်တယ်။
“ဇင်မင်းက သေပြီ။ မနက်က တန်းစီကွင်းထဲမှာ ပြဿနာဖြစ်တယ်။ ဇင်မင်းနဲ့ အစောင့်နှစ်ယောက် သေသွားတယ်”
ကျွန်မ နားမလည်နိုင်အောင် ဖြစ်သွားတယ်။
“ဟင်.. ဦးဇင်မင်းက ဘာဖြစ်လို့ အောက်ကို လိုက်မသွားတာလဲ။ ဘာလို့ အပေါ်မှာ နေခဲ့တာလဲ။ အဓိပ္ပာယ်မရှိဘူး”
“အဲဒါတော့ ငါလည်းမသိဘူး။ မေးစရာလူလည်း တစ်ယောက်မှ မကျန်တော့ဘူး။ ဟိုကောင့်လက်ချက်နဲ့ သေကုန်ပြီ”
ခရမ်းက ပြောရင်း နေမင်းဘက်ကို မေးငေါ့ပြတယ်။ ကျွန်မကျောထဲမှာ စိမ့်ကနဲ ဖြစ်သွားတယ်။ ဒီ… ပိန်ပိန်ပါးပါးနဲ့လူက လူတောင် သတ်သတဲ့လား။ ကျွန်မ ခရမ်းဘက်ကို ပြန်လှည့်ပြီး ပြောလိုက်တယ်။
“ကျွန်မ ရှင်တို့ကို ကောင်းကောင်း ကူညီပေးနိုင်တယ်။ ရုံးထဲက စာရွက်စာတမ်းတွေ၊ မှတ်တမ်းတွေကို လိုက်ဖတ်ကြည့်ရင် သူတို့ ဘာတွေ ကြံစည်နေသလဲဆိုတာ အတိအကျမဟုတ်ရင်တောင် အကြမ်းဖျဉ်းတော့သိမှာပဲ။ ရိက္ခာတွေ ဘယ်နားမှာ ဖွက်ထားခဲ့သလဲ ဆိုတာကိုလည်း ကျွန်မ လိုက်စုံထောက်ပေးမယ်”
“မင်းကို ငါတို့က ဘယ်လို ယုံရမှာလဲ”
ကျွန်မ စိတ်ပျက်လက်ပျက်နဲ့ လက်နှစ်ဘက်ကို ဖြန့်ထုတ်လိုက်တယ်။
“ဒီထက်ပိုပြီး ဘာလုပ်ပြရမှာလဲ။ ဒီတစ်ဝင်းလုံးမှာ ရုံးသမားဆိုလို့ ကျွန်မ တစ်ယောက်ပဲ ကျန်ခဲ့တာ။ တမင်နေခဲ့တာ။ ဒါကို မယုံသေးဘူးလား”
လေးခရမ်းက အတော်ကြာအောင် စဉ်းစားတယ်။ ကျွန်မကို ခြေဆုံးခေါင်းဆုံးကြည့်တယ်။ သက်ပြင်းချတယ်။ ခေါင်းညိတ်တယ်။
“ဟုတ်ပြီလေ။ ဒါပေမယ့်.. ငါတို့ကို မကူညီခင်မှာ မင်းကိုယ်မင်း အရင် ကူညီလိုက်ဦး။ ဟိုမှာ.. နေမင်းဆိုတဲ့ကောင်.. မနက်အိပ်ရာနိုးတဲ့အချိန်ကနေ အခုအချိန်အတွင်းမှာ လူနှစ်ယောက် သတ်ပြီးနေပြီ။ မင်းကိုလည်း သူ့မိန်းမကို သေအောင်လုပ်လို့ တွေ့တာနဲ့ သတ်ပစ်မယ်ဆိုပြီး ကြိမ်းဝါးနေတာ။ ငါအမြန်ဝင်တားလိုက်လို့ လက်သီးနဲ့ ပြီးသွားတာ။ ငါလည်း သူ့ကို အချိန်ပြည့် စောင့်မကြည့်နိုင်ဘူး။ အဲဒီတော့ ကိုယ့်ပြဿနာကိုယ် အရင်ရှင်းလိုက်ဦး”
ကျွန်မ နေမင်းဆိုတဲ့လူဘက်ကို လှမ်းကြည့်လိုက်တယ်။ နေမင်းက ခါးထောက်ပြီး ကျွန်မတို့ဘက်ကို ပြန်ကြည့်နေတယ်။
“ဘယ်လိုရှင်းရမှာလဲ”
ကျွန်မ မေးလိုက်တော့ ခရမ်းက ပခုံးတွန့်ပြီး ပြန်ဖြေတယ်။
“အဲဒါတော့ ငါလည်း မသိဘူး။ သွားစကားပြော၊ တောင်းပန်ပေါ့။ ဒါပဲရှိတာပဲ။ ကံကောင်းရင် မင်းကို သူ လည်ပင်းညှစ်မသတ်ဘဲ ခွင့်လွှတ်လိမ့်မယ်”
ကျွန်မ တံတွေးကို ဂလုကနဲ မျိုချလိုက်တယ်။ ကြက်ပျောက်ငှက်ပျောက်ပျောက်နေတဲ့ သတ္တိအစအနတွေကို အမြန် ပြန်စုစည်းလိုက်တယ်။ ပါးက ဖူးရောင်နေတဲ့ ဒဏ်ရာကို လက်နဲ့ အသာထိကြည့်တယ်။ နာကျင်မှုက စူးကနဲ တစ်ကိုယ်လုံးကို ပြန့်သွားပြီး ကျွန်မ နည်းနည်းလေး.. ပိုလတ်ဆတ်သွားတယ်။ နေမင်းဆိုတဲ့လူက ကျွန်မတို့ဘက်ကို ခါးထောက်ပြီး လှမ်းကြည့်နေတုန်းပဲ။
ကျွန်မ သူ့ဆီကို လျှောက်သွားလိုက်တယ်။
+++