အခန်း (၁၂)
(၁)
အရင်က တရိပ်ရိပ် ကုန်ဆုံးသွားတတ်တဲ့ နေ့ရက်တွေဟာ အခုမှ ခြေကုန်လက်ပန်းကျသွားသလို လေးလံထိုင်းမှိုင်းနေတယ်။ အရာရာ နှေးကျသွားတယ်။ အချိန်တွေ မကုန်နိုင်ဘူး။ နေ့တိုင်း၊ မနက်တိုင်း .. ကျွန်တော် စဉ်းစားတယ်။ ဘာဖြစ်လို့ ငါ..အသက်ဆက်ရှင်နေသလဲ.. ဆိုတဲ့ မေးခွန်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးတယ်။ အဖြေက မရေမရာပဲ။ ဟိုး ရင်ဘတ် အတွင်းပိုင်းမှာ ခိုအောင်းနေတဲ့ ဒေါသတွေကလွဲရင် ကျွန်တော့်မှာ ဘာမှ မကျန်တော့ဘူး။ ဝမ်းနည်းတဲ့စိတ်၊ ယူကျုံးမရဖြစ်တဲ့စိတ်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့စိတ်.. ဒီခံစားချက်တွေအားလုံး လုံးခြေကျစ်လစ်သွားပြီး ကျွန်တော်ကိုယ်တိုင်တောင် မမှတ်မိတော့တဲ့ ပုံဆောင်ခဲတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီ။ ဒီအကျိတ်အခဲတစ်ခုကြောင့် ကျွန်တော် အသက်ဆက်ရှင်နေတာလား။ အားလုံး ပြီးဆုံးသွားတဲ့အခါ ရင်ဘတ်က ဟောင်းလောင်းပြန်ဖြစ်သွားမလား။ ကျွန်တော် မသိဘူး။ ကျွန်တော့် ဘ၀ရဲ့ အပေါက်အပြဲမှန်သမျှကို ချစ်ခြင်းတရားနဲ့ ကာကွယ်ဖာထေးပေးခဲ့တဲ့ မေနှင်း အခုမရှိတော့ဘူး။
မျက်ရည်တွေ ခြောက်သွားပေမယ့်၊ ငိုသံတွေ တိတ်သွားပေမယ့် ကျွန်တော့်ရဲ့ ယိုယွင်းသွားတဲ့ ခံယူချက်တွေကတော့ အကောင်းအတိုင်း ပြန်ဖြစ်မလာတော့ဘူး။ ခွန်ဖြူ၊ ခရမ်းနဲ့ သုံးဝါကတော့ ကျွန်တော့်ကို အားပေးပါတယ်။ တစ်ရက်လုံးနေမှ စကားသုံးခွန်း ပြည့်အောင် မပြောတတ်တဲ့ သုံးဝါကိုယ်တိုင်တောင် ကျွန်တော့်ကို မကြာခဏ လာကြည့်တယ်။ ကျွန်တော့် သံခြေထောက်ကို ပိုပြီး ခိုင်အောင် ပြင်ပေးတယ်။ နောက်ကျောက အနာတွေကို ဆေးကြော သုတ်သင်ပေးတယ်။ ဦးအောင်သောင်းလည်း တောင်ပေါ်ကို ပြန်တက်လာတယ်။ ကျွန်တော်နဲ့ လာတွေ့တယ်။ မေနှင်းသတင်းကို ကြားရတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း တဖွဖွပြောတယ်။
“မင်း..ခွန်ဖြူပြောတာတွေကို လုပ်နိုင်ရဲ့လား။ အားမရှိသေးရင်၊ မလုပ်နိုင်သေးရင် ငါ တခြားတစ်ယောက်ကို လွှဲလိုက်မယ်”
ကျွန်တော် ဦးအောင်သောင်းကို ခေါင်းပဲညိတ်ပြလိုက်တယ်။ တခြားတစ်ယောက်ကို ခိုင်းစရာမလိုဘူး.. ကျွန်တော်ကိုယ်တိုင် အဲဒီတာဝန်ကို ယူပါရစေ..ဆိုတဲ့အကြောင်း ပြောပြလိုက်တယ်။ ဦးအောင်သောင်းက နားလည်သလို ခေါင်းညိတ်တယ်။ အဲဒီနေ့ကတည်းက ဦးအောင်သောင်း ပေါ်မလာတော့ပြန်ဘူး။ တောင်အောက်ကို ပြန်ဆင်းသွားပြီး စီစဉ်စရာတွေရှိတာ စီစဉ်မယ်လို့ ပြောသွားတာပဲ။
အခန်းထဲကနေ အပြင်ကို ကျွန်တော် မထွက်ဖြစ်ဘူး။ ဘယ်သူမှ တားထားတာ မဟုတ်ပေမယ့် ကျွန်တော်ကိုယ်တိုင်ကိုက အပြင်ထွက်ဖို့ အားမရှိဘူး။ မေနှင်းသတင်းကို ကြားပြီးကတည်းက တစ်ကိုယ်လုံးကို ဆွဲထား၊ တွဲထားတဲ့ ကြိုးတွေအကုန် ပြတ်ထွက်သွားသလို ယိုင်ခွေနေတယ်။ တစ်နေ့တစ်နေ့ အခန်းထောင့်မှာ ခွေလဲနေရင်း အချိန်ကုန်သွားတယ်။
ခရမ်းက ကျွန်တော့်ကို မနက်တိုင်း လာတွေ့တယ်။ သူ့ကို စိတ်ဆိုးပြီး လက်သီးနဲ့ထိုးလိုက်မိတာကို ကျွန်တော် ပြန်တောင်းပန်တော့ ခရမ်းက လက်ပဲကာပြတယ်။ ဘာမှမဖြစ်သလို ရယ်တယ်။ “ငါကိုက ညံ့တာပါ။ စကားမှ မပြောတတ်တာ။ ပြီးတော့ နင့်လက်ကလည်း တော်တော်မြန်တာကိုး။ ရှောင်ဖို့တောင် အချိန်မရလိုက်ဘူး”တဲဲ့။ ခရမ်းက ကျွန်တော် သိသင့်သိထိုက်တယ်လို့ ထင်တဲ့ အကြောင်းအရာတွေကို စိတ်ရှည်လက်ရှည် ရှင်းပြတယ်။ ကြယ်တံခွန် အဖွဲ့အကြောင်း၊ ရိက္ခာတွေ ဘယ်လို ဘယ်ပုံ စုဆောင်း သိုလှောင်ထားတဲ့ အကြောင်း၊ တိုက်တန်းဘက်က လူတွေနဲ့ ရုံးဘက်ကလူတွေကြားက သဘောတူညီမှုတွေအကြောင်း.. အစုံပဲ။ မေနှင်းနဲ့ ဆူဇန် တိုက်တန်းဘက်ကို ရောက်လာတဲ့ အကြောင်း။ လှသိန်းဆိုတဲ့ လူနဲ့ ဆူဇန် ထိပ်တိုက်တွေ့ပြီး ပြဿနာဖြစ်တဲ့အကြောင်း..။ ပြီးတော့ နှစ်ယောက်စလုံး တိုက်တန်းဘက်ကနေ ပြန်ထွက်သွားတဲ့အကြောင်း။ မေနှင်း ဒီဘက် တိုက်တန်းကို ဘာလာလုပ်သလဲ၊ ဟို ဆူဇန်ဆိုတဲ့ မိန်းမကရော ဘာဖြစ်လို့ မေနှင်းကို ခေါ်လာသလဲ.. ဘယ်သူက ဘယ်သူ့ကို ခေါ်လာတာလဲ..။ ခရမ်းကလည်း အဲဒါတွေကိုတော့ သေချာမရှင်းပြနိုင်ဘူး။ ဒီလို မသိခြင်းတွေကြောင့်လည်း ကျွန်တော့် ဒေါသက ပိုပြီး အမြစ်တွယ်လာတာဖြစ်မယ်။
သုံးလေးရက်လောက် ကြာသွားတဲ့အခါ.. လေးခရမ်းနဲ့ နာရီပေါင်းများစွာ စကားတွေ ပြောပြီးတဲ့အခါ.. ဒီဝင်းရဲ့ လည်ပတ်ပုံတွေနဲ့ ပတ်သက်ပြီး ကျွန်တော် သိစရာတွေ အများကြီး ရလိုက်တယ်။ တစ်သက်လုံး ဝင်းထဲမှာ နေခဲ့ပေမယ့် ကျွန်တော် မသိသေးတဲ့ အကြောင်းအရာတွေ တော်တော်ကျန်နေသေးတယ်။ အုပ်ချုပ်ရေးရုံးရဲ့ အကြံပက်စက်ပုံတွေကို အခုမှ ကွက်ကွက်ကွင်းကွင်း သိလာရတယ်။
“ခင်ဗျားပြောတာတွေက ဟုတ်ရောဟုတ်ရဲ့လားဗျာ..”
ကျွန်တော် ခရမ်းကို မယုံသလို မေးလိုက်တယ်။
“နင်ကိုယ်တိုင်လည်း တောင်အောက်ကို ရောက်ဖူးပြီးပြီပဲ။ ရုံးကလူတွေ တောင်အောက်ကို မဆင်းဘဲ ဒီပေါ်မှာ ဘာလုပ်နေတယ်လို့ ထင်သလဲ။ ငါတို့ ဝင်းသမားတွေ စိုက်ပေး၊ ခူးပေးထားတဲ့ အစားအသောက်တွေ ဘယ်ရောက်ကုန်သလဲ။ ဒီဝင်းထဲကလူတွေ စားလို့ ကုန်သွားတယ်လို့ လာမပြောနဲ့။ အဓိပ္ပာယ်မရှိဘူး။ ပြောင်းခင်းတွေ၊ ဂျုံခင်းတွေ မျိုးတုံးသွားတယ်.. စိုက်လို့မရတော့ဘူးဆိုတာ နင်တကယ် ယုံသလား။ ဒီမြေကြီးပေါ်မှာ အာလူးတစ်မျိုးပဲ စိုက်လို့ရတော့တယ်ဆိုတာ ဖြစ်နိုင်သလား..”
“အဲဒါတော့ ကျွန်တော် မသိဘူး။ ခင်ဗျားပြောသလိိုဆိုရင် သူတို့က ပြောင်းတွေ၊ ဂျုံတွေကို လှောင်ထားတယ်ပဲ ထားပါတော့။ အဲဒါကို ဘာဖြစ်လို့ ဝင်းသမားတွေ ဘယ်သူမှ မသိရတာလဲ”
“ရုံးထဲမှာ လူအယောက် ၂၀၀ ကျော်ရှိတယ်။ အဲဒီ ၂၀၀ ကျော်ထဲမှာ ဂိုဒေါင်တွေထဲ ဝင်လို့ရတဲ့သူက လက်ချိုးရေလို့ရတယ်။ ဘာဖြစ်လို့ ဒီလောက် အသည်းအသန် လျို့ဝှက်နေသလဲ။ သူတို့ လူအချင်းချင်းတောင် ပေးမသိရဲလောက်အောင် ဘာတွေ ကြောက်နေသလဲ..။ အဖြေက ရှင်းပါတယ်။ အဲဒီ ဂိုဒေါင်တွေထဲမှာ ဖွက်ထားတဲ့ ရိက္ခာတွေ၊ လက်နက်တွေက အပြင်လူတွေ သိသွားရင် ပြဿနာတက်လောက်တဲ့အထိ များနေလို့ပေါ့။ ဘယ်နှနှစ်ကြာအောင် ခေါင်းပုံဖြတ်ပြီး စုထားသလဲမှ မသိဘဲ”
“အဲဒါတွေကို လှောင်ထားပြီး ရုံးကလူတွေက ဘာလုပ်မလို့လဲ။ ချလံနဲ့ ပြန်လဲပေးမလို့လား”
ခရမ်းက စိတ်ပျက်လက်ပျက်ပုံစံနဲ့ ခေါင်းခါတယ်။
“အဲဒီ ချလံဆိုတာကို နင့်ခေါင်းထဲက ထုတ်လိုက်စမ်း။ ဒီချလံစနစ်ကြောင့်ပဲ ဝင်းသမားတွေအကုန် ကျွန်ဖြစ်မှန်းမသိ ဖြစ်ကုန်တာ မဟုတ်လား။ လူဦးရေ နှစ်ထောင်ကျော်ပဲရှိတာ ဘာမှ အလဲအလှယ်စနစ်တွေ ထူထောင်ပေးစရာမလိုဘူး။ ငါတို့ကို ခိုင်းချင်သလိုခိုင်းတယ်။ ဘာတန်ဖိုးမှမရှိတဲ့ စာရွက်စုတ်တွေကို တံဆိပ်ထုပြီး ထုတ်ပေးတယ်။ အဲဒီစာရွက်တွေနဲ့ ဘာလုပ်လို့ရသလဲ.. ငါတို့ စိုက်ပေးထားတဲ့ အစားအသောက်တွေကို ငါတို့က သူတို့ဆီကနေပဲ ပြန်ဝယ်ရတယ်။ ဘယ်သူမှ မပိုင်တဲ့၊ မပိုင်သင့်တဲ့ နေရာတွေ၊ အခန်းတွေ၊ သံပုံးတွေကို ချလံနဲ့ လဲခိုင်းတယ်။ ပိုင်ဆိုင်ခွင့် ဆိုပြီး သတ်မှတ်ပေးတယ်။ ဒီတော့ ဝင်းသမားတွေကလည်း ချလံတွေ ထပ်လိုချင်လာတယ်။ ဘာမှ မရှိတဲ့ ကမ္ဘာမှာတောင် တစ်ယောက်ထက် တစ်ယောက် သာချင်လာတယ်။ လောဘတွေ တက်လာတယ်။ ပိုင်ဆိုင်မှုတွေ မက်လာတယ်။ ငတ်ပြတ်နေတာတောင်မှ ဒါကတော့ ငါ့အိမ်၊ ငါ့အခန်း၊ ငါ့သံပုံး ဆိုပြီး ငါတကောကောလာကြတယ်။ အဲဒီမှာ ဘာဖြစ်သလဲ.. ဝင်းသမားတွေအကုန်လုံးရုံးအတွက် ပိုပြီး အလုပ်လုပ်ပေးချင်လာတယ်”
သံပုံးထဲက အိပ်ရာခင်းအောက်မှာ အထပ်လိုက်သိမ်းထားတဲ့ ချလံတွေကို ကျွန်တော် သတိရသွားတယ်။ အခုဆိုရင် မေနှင်းနဲ့ ကျွန်တော့်ရဲ့ သံပုံးလေး ဘာတွေ ဖြစ်နေပြီလဲ။ ဘယ်သူ့ဆီ ရောက်သွားပြီလဲ..။ ဘယ်သူတွေ နေနေကြပြီလဲ။
“ဒါပေမယ့်.. အဲဒီလို ပိုင်ဆိုင်မှု မသတ်မှတ်ပေးထားရင် အကုန် လုယက်ကုန်ကြမှာပေါ့။ မဟုတ်ဘူးလား”
“လူလူသူသူ နေခွင့်ရတဲ့အချိန်ကျတော့မှ ပိုင်ဆိုင်မှုဆိုတာ အသုံးဝင်တာ။ အခြေခံ လိုအပ်ချက်တွေတောင် မပြည့်စုံသေးတာ။ စားစရာတောင် မရှိတာ။ ဒါတွေကို အရင် စုပေါင်း ဖြေရှင်းရမှာ မဟုတ်ဘူးလား။ ကိုယ့်တစ်ကိုယ်စာအတွက်ပဲ စဉ်းစားနေတော့ ဘာထူးမလဲ”
ခရမ်းစကားကြောင့် ကျွန်တော် ကျောမလုံသလိုလို ဖြစ်သွားတယ်။ သူပြောတာ မမှားပါဘူး။ ကျွန်တော့်ခေါင်းထဲမှာ မေနှင်းနဲ့ ကျွန်တော် အဆင်ပြေဖို့ကိုပဲ စဉ်းစားခဲ့တာတော့ အမှန်ပဲ။ တစ်ကမ္ဘာလုံး မီးလောင်နေပါစေ ကျွန်တော်တို့ နှစ်ယောက် ဘာမှမဖြစ်ရင် ပြီးရော.. ဆိုပြီး တစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။ အခုနေ မေနှင်း အသက်ပြန်ရှင်လာရင်ရော.. ကျွန်တော် ဘာလုပ်မယ်ထင်သလဲ။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သူ့လက်ကိုဆွဲပြီး အားလုံးနဲ့ ဝေးရာကို ထွက်ပြေးသွားမှာပဲ။
“ထားပါတော့။ စောစောက မေးခွန်းကို ခင်ဗျား မဖြေသေးဘူး။ ရုံးက အဲဒီရိက္ခာတွေကို လှောင်ထားပြီး ဘာလုပ်မလို့လဲ”
“အတိအကျတော့ ငါတို့ မသိသေးဘူး။ ဒါပေမယ့်.. ငါတို့အကုန်လုံး ထင်နေတာတစ်ခုတော့ရှိတယ်။ မကြာခင် ရုံးသမားတွေအကုန် တောင်အောက်ကို ဆင်းကြလိမ့်မယ်။ ငါတို့ကို ဒီအတိုင်း ထားခဲ့လိမ့်မယ်”
ကျွန်တော် ကြက်သေသေသွားတယ်။
“ဘယ်လို.. ဘာဖြစ်လို့ တောင်အောက်ကို ဆင်းကြမှာလဲ။ ဒီပေါ်မှာ အကုန်လုံး လုံခြုံနေတာ မဟုတ်ဘူးလား။ ပြီးတော့ သူတို့အားလုံး တောင်အောက်ကို ဆင်းဖို့ ဝတ်စုံတွေ ရှိလို့လား”
“ဘာဖြစ်လို့တောင်အောက်ကို ဆင်းကြမှာလဲဆိုတော့ ငါတို့ကြောင့်လို့ပဲ ပြောရမယ်”
ကျွန်တော် ခရမ်းကို နားမလည်သလို ကြည့်လိုက်တယ်။ ခရမ်းက သူ့လက်မောင်းအောက်က ကြယ်တံခွန်တံဆိပ်ကို လက်ညှိုးထိုးပြတယ်။ ကျွန်တော်လည်း ယောင်ပြီး ကျွန်တော့်လက်မောင်းအောက်က တံဆိပ်ကို ကြည့်မိတယ်။ ဆေးနက်နဲ့ထိုးထားတဲ့ တံဆိပ်က အသားသေစပြုနေပြီ။ ခရမ်းက ဂုဏ်ယူတဲ့ အပြုံးနဲ့ ပြုံးတယ်။
“ရုံးကလူတွေကို တော်လှန်လာတာ ငါ့တစ်သက်နီးနီးပဲ။ အခုတော့ တကယ်အောင်မြင်သွားပြီလို့ ပြောရမလားပဲ။ ငါတို့အဖွဲ့ရဲ့ လက်ချက်ကြောင့် အုပ်ချုပ်ရေးဘက်ကလူတွေ တော်တော် အလုပ်ရှုပ်ကုန်တယ်။ တစ်ရက်တခြား တိုးလာတဲ့ အဖွဲ့ဝင်တွေလည်း မနည်းတော့ဘူး။ ဒီတိုက်တန်းထဲမှာလည်း ငါတို့ဘက်ကို ပါတဲ့သူတွေ ပိုများနေပြီ။ ရုံးဘက်က သစ္စာခံတွေ ပိုနည်းလာပြီ။ ဒီတော့ သူတို့မှာ ရွေးစရာ နှစ်လမ်းရှိတယ်။ ငါတို့နဲ့ ထိပ်တိုက် တွေ့မလား။ ထွက်ပြေးမလား။ ငကြောက်တွေဆိုတော့ ထိပ်တိုက်မတွေ့ဘဲ ထွက်ပြေးတော့မှာပေါ့..”
“ဒါဆို ရုံးကို ခင်ဗျားတို့.. ကျွန်တော်တို့ လက်ထဲ အပ်သွားတော့မှာလား”
ခရမ်းက လှောင်ရယ်ရယ်တယ်။ ရယ်ပြီးတာနဲ့ နှုတ်ခမ်းက မဲ့သွားတယ်။
“အဲဒီလောက် လွယ်ပါစေလို့ ငါဆုတောင်းပါတယ်။ ဒါပေမယ့် မထင်ဘူး..”
“ဦးအောင်သောင်းက ပြောတယ်။ ရုံးကလူတချို့ လတိုင်း တောင်အောက်ကို ဆင်းပြီး လက်နက်တွေ၊ ရိက္ခာတွေ ယူတယ်တဲ့။ ဒါပေမယ့် သူတို့ဆီမှာလည်း ဝတ်စုံ ဆယ်စုံ မပြည့်ဘူးဆို။ လူနှစ်ရာကျော်လောက်ကြီး တောင်အောက်ကို ဘယ်လိုဆင်းမလဲ…”
ကျွန်တော်ပြောနေရင်း တောင်ပေါ်တက်လာတုန်းက လျှို့ဝှက်စခန်းထဲမှာ တွေ့ခဲ့တဲ့ မြေပုံကို ပြန်သတိရသွားတယ်။ လေးခရမ်းက ခေါင်းညိတ်တယ်။
“အဲဒီ ရေမြောင်းကို အကာအကွယ်ယူပြီး ဆင်းမယ်ဆိုရင် လူနှစ်ရာ မဟုတ်ဘူး၊ လူနှစ်ထောင်လုံး တောင်အောက်ကို ဆင်းလို့ရတယ်။ ဒါပေမယ့် ရုံးဘက်ကလူတွေက မြောင်းကို လူသွားလို့မရအောင် နေရာတွေ ခွဲပြီး ပိတ်ထားတယ်။ အစောင့်တွေ ချထားတယ်။ သူတို့ တောင်အောက် ဆင်းပြီးသွားပြီဆိုရင်လည်း ငါတို့ လိုက်ဆင်းလို့ မရတော့အောင် တစ်ခုခုလုပ်ခဲ့မှာ သေချာတယ်”
“ကျွန်တော် နားမလည်ဘူး..။ ဘာဖြစ်လို့ ကျွန်တော်တို့ကို ရုံးသမားတွေက ဒီလောက် မုန်းနေတာလဲ..”
ခရမ်းက သူ့လက်မကို ခေါက်ပြီး ဖောက်ကနဲမြည်အောင် ချိုးတယ်။ လက်ညိုး၊ လက်ခလယ်နဲ့ လက်သူကြွယ်ကိုလည်း တဖောက်ဖောက်နဲ့ ခေါက်ချိုးလိုက်တယ်။ ပြီးတော့မှ လက်နှစ်ဘက်ကို လေထဲမှာ ခါတယ်။ ကျွန်တော့်ကို သေချာစိုက်ကြည့်ပြီး ဖြေတယ်။
“အဲဒါတော့ ငါလည်း သေချာမသိဘူး။ ဥက္ကဌနဲ့တွေ့မှ နင်ကိုယ်တိုင်မေးတော့”
ဥက္ကဌဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ကျွန်တော့် ကိုယ်ထဲမှာ စီးနေတဲ့ သွေးတွေ ချက်ခြင်း အပူရှိန်တက်လာတယ်။ နားထင်မှာပါ တဒုတ်ဒုတ်မြည်လာတယ်။ လက်နှစ်ဘက်လုံး လက်သီးဆုပ်ပြီးသား ဖြစ်သွားတယ်။ နှာခေါင်းထဲက လေပူတွေထွက်လာတယ်။
“အဲဒီလူကို ကျွန်တော်ကိုယ်တိုင် သတ်မယ်။ ပြီးတော့ .. သူ့သမီး..ဟိုကောင်မ။ မေနှင်းကို ဒုက္ခပေးတဲ့ကောင်မ..”
ကျွန်တော် အသံတွေ တုန်လာပြန်တယ်။ စကားတွေ မပီချင်သလို ဖြစ်လာတယ်။ မျက်လုံးတွေ ဝါးလာတယ်။ ခရမ်းက ကျွန်တော့်လက်နှစ်ဘက်ကို သူ့လက်ဝါးတွေနဲ့ အပေါ်ကနေ မိုးပြီး အုပ်လိုက်တယ်။ သူ့လေသံက လေပြေလို ညင်သာပြီး ငြိမ်နေတယ်။
“အဲဒီ ဒေါသကို သိမ်းထား။ အထဲမှာ ဖွက်ထား။ လိုတော့မှ ထုတ်သုံး။ အခုတော့ ခဏသိမ်းထားလိုက်ဦး..”
လေးခရမ်းက စကားကို အဲဒီမှာတင်ရပ်လိုက်တယ်။ ကျွန်တော့်လက်ကို ကိုင်ထားတဲ့ သူ့လက်တွေကို ပြန်ရုတ်လိုက်တယ်။ ပြီးတော့ သူ့အိတ်ထဲကနေ အသားခြောက်တွေ ထုတ်ပေးတယ်။ ရေဘူးတစ်ဘူး ပေးတယ်။ အသားခြောက်ကို ကြိတ်ဝါးလိုက်ရင်း ကျွန်တော် အရဲစွန့်ပြီး မေးလိုက်တယ်။
“ဒါ ဘာအသားလဲ..”
ခရမ်းက ရယ်တယ်။ ရယ်လိုက်တဲ့အခါ သူ့ရဲ့ ခက်ထန်တဲ့မျက်နှာက လုံး၀နီးပါး ပုံစံပြောင်းသွားတယ်။ မျက်လုံးတွေ ကြည်သွားတယ်။ နှုတ်ခမ်းတွေ ပါးတွေ.. ပိုပြီး နီစွေးသွားတယ်။ မိန်းကလေးတစ်ယောက်နဲ့ ပိုတူသွားတယ်။
“နင် ဒီအသားပဲစားနေတာ လေးရက်လောက် ရှိနေပြီ။ အခုမှ လာမေးနေတယ်။ အဲဒီလောက် ကြောက်မနေနဲ့။ လူသား မဟုတ်ပါဘူး။ စိတ်ချလက်ချ စားပါ။ နင့်ဒဏ်ရာတွေနဲ့က အာလူးချည်းပဲ စားနေလို့ မရဘူး”
ကျွန်တော် အသားခြောက်ကို ဝါးပြီး မျိုချတယ်။ ရေတစ်ငုံသောက်တယ်။ မေးသာမေးရတာပါ.. ဘာအသားဖြစ်ဖြစ် ကျွန်တော့်အတွက် သိပ် အရေးမကြီးဘူး။ ရွေးစရာလည်း ရှိတာမှ မဟုတ်ဘဲ။
(၂)
အခန်းထဲမှာ လေးငါးရက်လောက် နားနေရင်း.. ကျွန်တော် တော်တော်လေး ထူထူထောင်ထောင်ဖြစ်လာတယ်။ လျော့ရဲနေတဲ့ ခွန်အားတွေ တဖြည်းဖြည်း ပြန်ပြည့်လာတာနဲ့အတူ စိတ်ထဲက အဖုအထစ်တွေကလည်း ပိုပြီး မာကျောကြမ်းရှလာတယ်။ အာရုံထဲမှာ အမြဲလိုလိုပေါ်နေတဲ့ မေနှင်းရဲ့ ပုံရိပ်ကတော့ ဝေဝါးမသွားဘဲ ပိုလို့တောင် ကြည်လင်လာတယ်။ ဒါပေမယ့် ပုံရိပ်ထဲက မေနှင်းရဲ့ မျက်နှာမှာ စိတ်ဆိုးနာကြည်းမှုတွေနဲ့ မှုန်မှိုင်းနေတယ်။ ကျွန်တော့်ကို အပြစ်တင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်။ အဲဒီမျက်နှာအောက်မှာ တစ်ချက်တစ်ချက် မြင်ရတဲ့ မျှော်လင့်ချက်တစ်ခု..။ အဲဒါဘာလဲ.. ။ ဘ၀ရဲ့ ဟိုဘက်ခြမ်းကနေ မေနှင်းဘာကို မျှော်လင့်နေသလဲ ကျွန်တော်မသိဘူး။ ငမျိုး ဘာတွေ မျှော်လင့်ခဲ့သလဲ ကျွန်တော် မသိဘူး။ စိတ်ထဲမှာတော့ သူတို့ လိုသမျှတွေကို အကုန် လုပ်ပေးချင်တဲ့ ဆန္ဒတွေနဲ့ ကြပ်သိပ်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာကောင်မှန်းမသိတဲ့ ရောဂါဟာ တော်တော်ဆိုးတယ်။
ခြောက်ရက်မြောက်နေ့မနက် မှာ ခွန်ဖြူနဲ့ သုံးဝါ အခန်းထဲကို ဝင်လာတယ်။ ကျွန်တော့်ကို မတ်တပ်ရပ်ခိုင်းတယ်။ လမ်းလျှောက်ခိုင်းတယ်။ ကျွန်တော့် တစ်ကိုယ်လုံးက ဒဏ်ရာတွေကို စစ်တယ်။ ခွန်ဖြူက ပြောတယ်။
“မင်းဒီနေ့ အပြင်ထွက်လို့ ရပြီ”
ကျွန်တော် တံတွေး မျိုချလိုက်တယ်။ စိတ်လှုပ်ရှားပြီး ခြောက်ကပ်နေတဲ့ လည်ချောင်းက ကျင်ကနဲဖြစ်သွားတယ်။
“အပြင်ဆိုတာ..”
ခွန်ဖြူက ပြန်မဖြေဘဲ အခန်းအပြင်ကို ထွက်သွားတယ်။ သုံးဝါက ကျွန်တော့်ဘေးမှာ ရပ်စောင့်နေတယ်။ ကျွန်တော် သံခြေထောက်ကို ခိုင်မခိုင် သေချာစစ်တယ်။ ချွတ်ထားတဲ့ အဝတ်တွေကို ပြန်ဝတ်တယ်။ အခန်းပြင်ကို ထွက်လိုက်တယ်။ ခပ်မှောင်မှောင်ဖြစ်နေတဲ့ ကော်ရစ်ဒါ တစ်ခုထဲကို ရောက်သွားတယ်။ ကော်ရစ်ဒါအဆုံးမှာ လှေကားတစ်ခု။
ခွန်ဖြူက ရှေ့ကနေ လှမ်းခေါ်တယ်။ သုံးဝါက ကျွန်တော့်ကို နောက်ကနေ အသာ တွန်းတယ်။ လှေကား နှစ်ထပ် ဆင်းပြီးတဲ့အခါ နောက်ထပ် အခန်းတစ်ခုထဲကို ရောက်သွားတယ်။ ဒီအခန်းကတော့ တော်တော့်ကို သေးတယ်။ ငါးပေပတ်လည် လောက်ပဲရှိမယ်။ ကျွန်တော်တို့ သုံးယောက် မတ်တပ်ရပ်နေတာနဲ့တင် အခန်းတစ်ခုလုံး ပြည့်နေပြီ။ အခန်းက မှောင်တယ်။ နံရံမှာ ဖောက်ထားတဲ့ အလင်းပေါက်တွေကနေ ထိုးကျနေတဲ့ နေရောင်နည်းနည်းပဲ ရှိတယ်။ တိုက်တန်းထဲက ဆူညံနေတဲ့အသံတွေကို ဒီနေရာကနေ သဲ့သဲ့ကြားနေရတယ်။
ခွန်ဖြူက အခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။ ပွင့်သွားတဲ့ တံခါးနဲ့အတူ အနံ့အသက်တစ်မျိုး နှာခေါင်းထဲကို ဝင်ချလာတယ်။ သားညှီနံ့..။ ကျွန်တော်တို့ သုံးယောက်စလုံး အခန်းကျယ်ထဲကို ဝင်သွားလိုက်တယ်။
အခန်းကျယ်ထဲရောက်သွားတော့ ပထမဆုံး မြင်ရတာက တွဲလောင်းချိတ်ထားတဲ့ အသားစိုင်တွေ။ လက်မောင်းတွေ၊ ပေါင်သားတွေ၊ ဝမ်းဗိုက်သားနဲ့ ရင်အုံတွေ..။ လူသားတွေ။ ဗိုက်ထဲကနေ လှိမ့်တက်လာတဲ့ အလုံးတစ်လုံး ကျွန်တော့် လည်မျိုမှာ လာဆို့တယ်။ အန်ထွက်ကာနီး အချဉ်ရည်တွေကို ကျွန်တော် အမြန် မျိုချလိုက်တယ်။ တိုက်တန်းဘက်မှာ လူသားစားတဲ့သူတွေ ရှိတယ်ဆိုတာ အကုန်လုံး သိတယ်။ သေပြီးသားလူကို မီးရှို့ဖို့၊ မြေမြှုပ်ဖို့ မတတ်နိုင်ဘူး.. ဒီလို ငတ်ပြတ်နေတဲ့အချိန်မှာ လူသားစားတာ ကျွန်တော် အပြစ်မမြင်ဘူး။ ကျွန်တော်သာ တိုက်တန်းဘက်မှာ နေရမယ်ဆိုရင်လည်း စားမိမှာပဲ။ ဒါပေမယ့် ဒီလိုကြီး မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတော့ ကျွန်တော် ရူးချင်သလိုလို ဖြစ်လာတယ်။
“နေမင်း.. နေမင်းဆိုတာလား”
အသားတွဲတွေနောက်ကနေ အသံနဲ့အတူ လူတစ်ယောက် ထွက်လာတယ်။ လက်ထဲမှာ အထစ်အထစ်တွေနဲ့ ပဲ့ရွဲ့နေတဲ့ ဓားတစ်ချောင်းကိုင်ထားတယ်။ သူ့ရင်ဘတ်နဲ့ အရှေ့ပိုင်းကို ကာထားတဲ့ အဝတ်စက သွေးတွေနဲ့ နီရဲပြီး မည်းနေတယ်။ မြင်လိုက်တာနဲ့ သူဘယ်သူလဲဆိုတာ ကျွန်တော် ချက်ခြင်းသိလိုက်တယ်။ ဦးညိုကြီး..။
“ဦးညိုကြီး .. ကျုပ်တို့ကို နာမည်အရင်းနဲ့ မခေါ်ဖို့ ဘယ်နှခါ ပြောရမလဲ”
ခွန်ဖြူက လေသံပြတ်ပြတ်နဲ့ ပိတ်ဟောက်တယ်။ ဦးညိုကြီးက ခွန်ဖြူ့ကို လှည့်တောင်မကြည့်ဘဲ ကျွန်တော့်နားကို လျှောက်လာတယ်။ ဘာမပြောညာမပြောနဲ့ ကျွန်တော့် ညာဘက် ဒူးခေါင်းကို လှမ်းကိုင်တယ်။ ဒူးအောက်က သံခြေထောက်ကို လက်နဲ့ ကိုင်ကြည့်တယ်။ ကျွန်တော် လန့်ပြီး ရုန်းလိုက်တယ်။ ဦးညိုကြီးက ရယ်တယ်။ ခေါင်းတညိတ်ညိတ် လုပ်တယ်။
“ကောင်းတယ်။ ကောင်းတယ်။ တော်တော် သပ်ရပ်တယ်”
ဦးညိုကြီးက သူ့မျက်လုံးတွေကို ကျွန်တော့်မျက်နှာဆီ ပြန်ပို့တယ်။
“မင်းမိန်းမသတင်းကိုကြားရတာ စိတ်မကောင်းပါဘူး။ ဟိုတလောကပဲ သူ ငါ့ဆီ လာသွားသေးတယ်”
ကျွန်တော် ရုတ်တရက် ဘာမှပြန်မပြောနိုင်ဘဲ ဦးညိုကြီးကို ကြောင်ကြည့်နေမိတယ်။ မေနှင်းနဲ့ ဒီနေရာနဲ့ ဘာဆိုင်သလဲ..။ တိုက်တန်းဘက်ကိုလာတာတော့ ကျွန်တော်သိတယ်။ ဒါပေမယ့်.. ဒီလူ့အခန်းထဲကို ဘာလာလုပ်သွားတာလဲ။ ဦးညိုကြီးက ဆက်ပြောတယ်။
“ရာဇာ့သမီးနဲ့ အတူတူပါလာတာ..”
“သူတို့က ဦးလေးဆီကို ဘာလာလုပ်ကြတာလဲ။ မေနှင်းက ဘာပြောသလဲ.. သူဘာပြောလဲ”။ ကျွန်တော် ကမန်းကတန်းမေးလိုက်တယ်။
“ဘာမှမပြောဘူး။ ဆူဇန်ဆိုတဲ့ ကလေးမကတော့ မေးခွန်းတွေ အများကြီး မေးသွားတယ်။ မင်းတို့နဲ့ ပတ်သက်ပြီး သိချင်တာတွေ မေးတာ”
ကျွန်တော် ခွန်ဖြူ့ဘက်ကို လှည့်လိုက်တယ်။
“မေနှင်း ဒီလူဆီ လာသွားတာ ခင်ဗျားတို့ သိရက်သားနဲ့ ဘာဖြစ်လို့ ကျွန်တော့်ကို မပြောသလဲ။ ဘာကိစ္စဖုံးထားတာလဲ”
ခွန်ဖြူက ပခုံးတွန့်တယ်။
“ငါတို့လည်း မသိဘူးလေ။ အခု သူပြောမှ သိတာ”
“ခင်ဗျားတို့နဲ့ ဦးညိုကြီးနဲ့က ဘယ်လိုပတ်သက်တာလဲ။ ဒီလူကရော အဖွဲ့ထဲကပဲလား”
ဦးညိုကြီးက ရယ်တယ်။ သူရဲ့ တဟီးဟီးအသံက ရယ်သံနဲ့မတူဘဲ ညည်းသံနဲ့ ပိုတူနေတယ်။
“ဟီးဟီး.. နေစမ်းပါကွာ။ မင်းတို့ အရူးအဖွဲ့ထဲမှာ မင်းတို့ဘာသာ နေပါ..”
ခွန်ဖြူက စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါတယ်။ ကျွန်တော် ဦးညိုကြီးကို ထပ်မေးလိုက်တယ်။
“မေနှင်းလာတော့ ကျွန်တော့်အကြောင်း ပြောပြလိုက်သလား။ ကျွန်တော် မသေသေးဘူးဆိုတာ သူသိသွားသလား”
ဦးညိုကြီးက ခေါင်းခါတယ်။ ကျွန်တော့် စိတ်တွေ လွတ်ထွက်သွားတယ်။ ပါးစပ်ထဲက ထပ်ထွက်လာတဲ့ စကားလုံးတွေနောက်မှာ ဒေါသတွေ အရှိန်နဲ့လိုက်လာတယ်။
“ဘာဖြစ်လို့.. ခင်ဗျား ဘာဖြစ်လို့ မပြောပြလိုက်တာလဲ။ ကျွန်တော်.. ကျွန်တော် မသေသေးဘူးဆိုတာ ခင်ဗျား သိနေတာပဲ။ အဲဒါကို.. ဒီတိုက်တန်းထဲထိ မေနှင်းရောက်လာတာတောင် ဘာဖြစ်လို့ အမှန်အတိုင်း ပြောမပြလိုက်တာလဲ။ ဘာလို့ လိမ်တာလဲ။ ခင်ဗျားတို့ တော်တော် ရက်စက်ပါလား။ မေနှင်း.. မေနှင်း.. သေသွားတဲ့အထိ ကျွန်တော့်အကြောင်း သိမသွားဘူး။ သူ ဘာမှ မသိလိုက်ရဘူး”
“သူသိသွားတော့ရော.. မင်းဘာလုပ်နိုင်မှာ မို့လို့လဲ..ဟီးဟီး”
ဦးညိုကြီးရဲ့ မျက်နှာကို ကျွန်တော် လက်သီးနဲ့ ပိတ်ထိုးတော့မလို့ နည်းနည်းပဲ လိုတော့တယ်။ သုံးဝါ ဝင်တားတာသာ နောက်ကျသွားခဲ့ရင် ကျွန်တော် ဘာဆက်လုပ်မိမလဲ မသိဘူး။ သုံးဝါက ကျွန်တော့်လက်တွေကို ချုပ်ထားတယ်။ ခွန်ဖြူက ဦးညိုကြီး ပခုံးကို ကိုင်တယ်။
“ကဲ ဟေ့လူ။ ခင်ဗျားလည်း ဆက်ပြောမနေနဲ့တော့။ တော်တော့။ ငါးနီ.. မင်းလည်း တော်တော့။ သူ့ကိုလည်း အပြစ်မတင်နဲ့လေ။ မေနှင်း အသတ်ခံရမယ်ဆိုတာ ဘယ်သူမှ ကြိုသိခဲ့တာမှ မဟုတ်ဘဲ..”
ကျွန်တော် စိတ်တွေကို လျှော့ချလိုက်တယ်။ တစ်ခုခုဆိုရင် ဝူးဝူးဝါးဝါးတွေ ထလုပ်နေတာကလွဲပြီး ဘာမှ အဖြစ်ရှိအောင် မလုပ်နိုင်တဲ့ ကျွန်တော့်ကိုယ် ကျွန်တော်ပဲ အပြစ်တင်ရမှာ။ ဘယ်သူ့ အပြစ်မှ မဟုတ်ဘူး..။ သုံးဝါလက်ထဲကနေ ကျွန်တော် အသာရုန်းထွက်လိုက်တယ်။ ဦးညိုကြီးကို ပြန်တောင်းပန်လိုက်တယ်။ ဦးညိုကြီးက ဘာမှမပြောဘဲ လှည့်ထွက်သွားတယ်။ ဘာမှမဝတ်ထားဘဲ ဗလာကျင်းနေတဲ့ ဦးညိုကြီးရဲ့ နောက်ပိုင်းကို ကျွန်တော် ကြောင်ကြည့်နေမိတယ်။ ခွန်ဖြူ့ဆီကနေ ခပ်တိုးတိုးဆဲတဲ့ အသံထွက်လာတယ်။
“ဒီအရူးနဲ့တော့ ဒုက္ခပဲ..”
(၃)
ဦးညိုကြီးရဲ့ အခန်းထဲကနေ အပြင်ကိုထွက်လိုက်တော့ မမြင်ရတာ ကြာပြီဖြစ်တဲ့ နေအလင်းရောင်က ကျွန်တော့်မျက်လုံးထဲကို တိုးဝင်လာတယ်။ ကျွန်တော် မျက်လုံးကို လက်နဲ့ ကာတယ်။ ဘေးဘီဝဲယာကို ကြည့်တယ်။ ၀ရန်တာက တော်တော်လေးကျယ်တယ်။ ၀ရန်တာတလျှောက်မှာ တဲတွေ၊ ဖျာတွေနဲ့ နေရာယူထားကြတဲ့ မိသားစုတွေ။ ဆူညံနေတဲ့ ကလေးတွေ။ အော်ဟစ်နေတဲ့ လူကြီးတွေ။ အဝတ်နဲ့ ကိုယ်ကို လုံရုံပတ်ပြီး ရေပတ်တိုက်နေတဲ့ အမျိုးသမီးတွေ။ ပစ္စည်းအတိုအစတွေကို နေရာတကျ စီခင်းပြီး အော်ရောင်းနေတဲ့ လူငယ်တွေ။ ၀ရန်တာလက်ရမ်းပေါ်မှာ မျောက်တွေလို ဆောင့်ကြောင့်ထိုင်ရင်း ပစ္စည်းပို့မယ့်သူတွေကို စောင့်နေတဲ့ ကောင်လေးတွေ။
ရက်အတော်တော်ကြာအောင် အဆက်ပြတ်သွားခဲ့တဲ့ ရှင်သန်ခြင်းဆိုတဲ့အရသာ ကျွန်တော့်ကိုယ်ထဲကို အရှိန်နဲ့ ဆောင့်ဝင်လာတယ်။ ဒီကမ္ဘာမှာ ဆက်လက် ရှင်သန်ခွင့်မရတော့တဲ့ မေနှင်းကို ပိုသတိရသွားတယ်။
“ကျွန်တော် ဘယ်သွားရမှာလဲ”
ခွန်ဖြူ့ကို ကျွန်တော် မေးလိုက်တယ်။ ခွန်ဖြူက ကျွန်တော်မေးတာကို မဖြေသေးဘဲ တိုက်ခန်း၀မှာ ထိုင်ပြီး တောင်းနေတဲ့ ကလေးတစ်ယောက်ဆီကို သွားတယ်။ သူ့ရှေ့မှာ ဒူးထောက်ထိုင်တယ်။ စကားတစ်ခွန်းနှစ်ခွန်းပြောတယ်။ ပြီးမှ ပြန်ထလာပြီး ကျွန်တော့်နားကို လျှောက်လာတယ်။
“ငါမင်းကို လိုက်ပြစရာတစ်ခုရှိတယ်။ လာ..”
“ဒါပေမယ့်.. ကျွန်တော့်မျက်နှာကို လူတွေ အခုတွေ့သွားလို့ ဖြစ်ပါ့မလား..”
ခွန်ဖြူက ကျွန်တော့်လက်မောင်းကိုဆွဲခေါ်တယ်။ ဦးညိုကြီးရဲ့အခန်းနဲ့ ဘေးချင်းကပ်ရပ်အခန်းကိုရောက်တော့ ပြတင်းပေါက်မှန်ရှေ့မှာ ကျွန်တော့်ကို မတ်တပ်ရပ်ခိုင်းတယ်။ ကြေးအထပ်ထပ်နဲ့ ညစ်ပတ်နေတဲ့ မှန်ထဲမှာ ကျွန်တော့်မျက်နှာကို တစ်စွန်းတစ်စပဲ မြင်ရတယ်။ ဒါပေမယ့်.. ဒီမျက်နှာဟာ ကျွန်တော်နဲ့ ရင်းနှီးနေတဲ့ မျက်နှာ မဟုတ်တော့ဘူး။ ကျွန်တော့်ခေါင်းပေါ်က ဆံပင်တွေ အကွက်လိုက် ကျွတ်နေတယ်။ ညာဘက်ပါးတစ်ခြမ်းလုံးက ချုပ်ရာတွေ၊ ဖာရာတွေနဲ့ ဗရပွဖြစ်နေတယ်။ ဘယ်မျက်ခုံး တစ်ခုလုံး မရှိတော့ဘဲ အဲဒီနေရာမှာ သဲစားသွားလို့ ပေါက်နေတဲ့ အပေါက်ကြီးပဲ ကျန်တော့တယ်။ လက်သည်းခွံလောက်ရှိတဲ့ အမာရွတ်အသေးလေးတွေကလည်း မျက်နှာတစ်ခုလုံး ပွထနေတယ်။ နှုတ်ခမ်းဘေးကနေ လည်ပင်းအထိ ဖြတ်ဆင်းသွားတဲ့ အက်ကြောင်းအရှည်ကြီး တစ်ခုကိုလည်း တွေ့ရတယ်။ ကျွန်တော် မှန်အနားကို ထပ်ကပ်ပြီး သေချာကြည့်လိုက်တယ်။ အနီးကပ်ကြည့်ရင်တော့ မျက်လုံးတွေထဲမှာ နေမင်းဆိုတဲ့ လူတစ်ယောက်ကို မသဲမကွဲမြင်နေရသေးတယ်..။ ဒါပေမယ့် ခြုံပြီးကြည့်လိုက်ရင် မှန်ထဲကလူဟာ နေမင်းပါလို့ ဘယ်လိုမှ ယုံစရာမရှိဘူး။
“မင်းမျက်နှာကို မင်းကိုယ်တိုင်တောင် မမှတ်မိတော့တာ ရုံးဘက်ကလူတွေ တွေ့လည်း မင်းကို ဘယ်သူမှန်း သိမှာမဟုတ်ဘူး။ တကယ့်ပြဿနာက မျက်နှာမဟုတ်ဘူး။ မင်းခြေထောက်မှာ တပ်ထားတဲ့ သံချောင်း”
ခွန်ဖြူပြောမှ ကျွန်တော် သတိရသွားတယ်။ ခြေထောက်ကို ငုံ့ကြည့်လိုက်တယ်။ ၀ရန်တာကလူတွေကို ကြည့်လိုက်တော့ လူတော်တော်များများရဲ့ မျက်လုံးတွေကလည်း ကျွန်တော့်ခြေတုဆီမှာ ရောက်နေကြတယ်။ ကလေးတစ်ယောက်က ကျွန်တော့်ခြေတုကို လက်ညှိုးထိုးပြီး “အဲဒါဘာကြီးလဲ.. “ဆိုပြီး အော်တယ်။ တိုးတိုးတိုးတိုး ပြောနေကြတဲ့ အသံတွေ ပိုပြီး ကျယ်လာတယ်။ ကျွန်တော် လန့်သွားပြီး ခွန်ဖြူနဲ့ သုံးဝါကို ကြည့်လိုက်တယ်။
“အဲဒါဆို ဘာလုပ်ရမှာလဲ”
ခွန်ဖြူက ပခုံးတွန့်တယ်။
“ဘာမှ မလုပ်နဲ့။ အခုအချိန်မှာ မင်းဘယ်သူလဲဆိုတာ အရေးမကြီးတော့ဘူး။ ငါတို့ ရထားတဲ့ သတင်းတွေအရဆိုရင် ကြယ်တံခွန်တွေ၊ သူရဲတွေကို ရုံးက အခုအချိန်မှာ စိတ်မဝင်စားတော့ဘူး။ သူတို့မှာ ဒီထက်အရေးကြီးတဲ့ အလုပ်တွေ ရှိနေပြီ။ မင်းကိုငါ ဟိုနေ့က မေးထားတဲ့ ကိစ္စ။ သတိရသေးလား။ လုပ်နိုင်သေးသလား”
ကျွန်တော် ခေါင်းကို သွက်သွက်ညိတ်လိုက်တယ်။ ခွန်ဖြူက အရှေ့ကနေ လျှောက်သွားတယ်။ ၀ရန်တာ လှေကားကိုရောက်တော့ အောက်ဘက်ကို ဆင်းသွားတယ်။ သုံးဝါနဲ့ကျွန်တော် အနောက်ကနေ ခပ်သွက်သွက် လိုက်သွားလိုက်တယ်။ ၀ရန်တာသံမံတလင်းနဲ့ ကျွန်တော့်ရဲ့ သံခြေထောက် ထိတဲ့အသံက မနက်ခင်းလေထဲမှာ တထောင်းထောင်းမြည်နေတယ်။ ဝိုင်းကြည့်နေကြတဲ့ မျက်လုံးတွေကို ကျွန်တော် မမြင်ချင်ယောင်ဆောင်ပြီး လှေကားကနေ ဆင်းလိုက်တယ်။
(၄)
တိုက်တန်းတွေဘက်ကို ကျွန်တော် မကြာခဏ ရောက်ဖူးတယ်။ ငမျိုးခေါ်လို့ ရောက်ခဲ့တာတွေချည်းပါပဲ။ ကျွန်တော့်ဘာသာကျွန်တော်ဆိုရင်တော့ လာဖြစ်မှာ မဟုတ်တာ သေချာတယ်။ ကြောက်လို့၊ ရွံလို့တော့ မဟုတ်ဘူး။ အခြေအနေမကောင်းရင်၊ အလုပ်မလုပ်နိုင်ရင် ဒီဘက် တိုက်တန်းတွေကို ကျွန်တော်ကိုယ်တိုင် ပြောင်းလာရမယ်..ဆိုတာကို မေ့ထားချင်လို့။ မသိချင်လို့။ ကျွန်တော် ဝင်းအပြင်ထွက်တိုင်း မေနှင်းက တားတယ်။ သူတားတဲ့အခါတိုင်း ကျွန်တော့် အကြောင်းပြချက်က တစ်ခုတည်း..။ “ငါ အစာမရှာနိုင်ရင်၊ ချလံမစုနိုင်ရင်.. တိုက်တန်းတွေဘက်ကို ပြောင်းရလိမ့်မယ်” ဆိုတဲ့ ဆင်ခြေကို ရေလဲသုံးခဲ့တယ်။ အခု ကျွန်တော် တိုက်သမားတွေကယ်လို့.. အသက်ဆက်ရှင်ခွင့်ရနေတယ်။ မနက်ခင်းလေကို ဆက်ပြီး ရှူရှိုက်ခွင့်ရနေတယ်။ အမျိုးအမည်၊ အကောင်အထည်မပေါ်သေးပေမယ့် ရေးတေးတေး မြင်နေရတဲ့ ဘာမှန်းမသိတဲ့ မျှော်လင့်ချက်ကို ပိုင်ဆိုင်ခွင့်ရနေတယ်။၏
ခွန်ဖြူ့နောက်ကို လိုက်ရင်း ကျွန်တော့် မျက်လုံးတွေက မြင်မြင်သမျှကို အာရုံထဲ သိပ်ထည့်နေတယ်။ ငမျိုးနဲ့ တိုက်တန်းဘက်ကို လာတုန်းက ညဘက်တွေ လာတာများတယ်။ ညအမှောင်အောက်မှာ တိုက်သမားတွေရဲ့ ဘ၀ကို သေချာမမြင်ရဘူး။ အခု နေအလင်းရောင်အောက်မှာ သူတို့ဘ၀တွေက လင်းလင်းထင်းထင်းကြီး ချပြထားသလိုဖြစ်နေတယ်။ လှေကားရင်းတွေမှာ ဖြစ်သလို အိပ်နေကြတဲ့ မိသားစုတွေ။ ခြေလှမ်းသုံးလှမ်းလောက် လှမ်းလိုက်တိုင်း တစ်ခါကြားရတတ်တဲ့ “ဗိုက်ဆာတယ်.. ဆာတယ်” ဆိုတဲ့ အသံတွေ။ အပေါ်ပိုင်းကို ဗလာကျင်း၊ ရင်သားတွေကို လက်နဲ့ပွေ့ရင်း ချလံနှစ်ရွက်အတွက် တစ်ကိုယ်လုံးကို ထိုးရောင်းနေတဲ့ မိန်းကလေးတွေ။ ကြမ်းပြင်ပေါ်မှာလဲ.. အနာဗရပွနဲ့ အသက်ငင်နေတဲ့ လူတွေ။ သူတို့ဘေးမှာ ဘာမှမဖြစ်သလို မျက်နှာပေးတွေနဲ့ ငူငူငေါင်ငေါင် ထိုင်နေကြတဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ အဖေတွေ၊ အမေတွေ.. သားတွေ သမီးတွေ။ ပိုင်ဆိုင်သမျှအကုန်လုံးကို အထုပ်တစ်ထုပ်နဲ့ ထုပ်၊ အဲဒီအထုပ်ပေါ်မှာ ဖင်ခုထိုင်ပြီး မြင်မြင်သမျှကို ကျီးလန့်စာစားနဲ့ လန့်နေတဲ့ အဘိုးကြီး၊ အဘွားကြီးတွေ။
ကျွန်တော့်ရဲ့ သံခြေထောက်ဆီကို သူတို့ မျက်လုံးတွေ မကြာခဏ ရောက်လာကြတယ်။ စိတ်ဝင်တစားနဲ့ မေးခွန်းတွေ ထုတ်ကြတယ်။ ခွန်ဖြူက မေးလာသမျှလူတွေကို ပြန်မဖြေဘဲ ခပ်တင်းတင်း ဖယ်ထုတ်တယ်။ သုံးဝါက ကျွန်တော့်ဘေးကနေ ထပ်ကြပ်မကွာ လိုက်လာတယ်။ ကျွန်တော့်ထက် ခေါင်းတစ်လုံးလောက်နီးနီးမြင့်တဲ့ သုံးဝါရဲ့ အရပ်အမောင်းနဲ့ ကိုယ်လုံးကြောင့် မေးခွန်းထုတ်တဲ့သူတွေ ပြန်ရှဲသွားကြတယ်။ တိုက်နံရံမှာ မှီပြီးထိုင်နေတဲ့ လူတစ်ယောက်က သူ့ရဲ့ ပြတ်နေတဲ့ ခြေထောက်ကို မပြတယ်။ ကျွန်တော့်ကို လှမ်းအော်တယ်။ ဘာလဲမသိဘူး.. မေးတယ်။ ကျွန်တော် ဘာပြန်ဖြေရမှန်းမသိဘူး။ ကြောင်အအဖြစ်နေတဲ့ ကျွန်တော့်ကို သုံးဝါက ဆက်သွားဖို့ တွန်းတယ်။ ခြေပြတ်နဲ့လူ အနောက်ကနေ ဆဲဆိုရင်း ကျန်ခဲ့တယ်။
မြေညီထပ်ကိုရောက်တော့ လူတွေက ပိုပိုပြီး များလာတယ်။ လှေကားရင်းတွေမှာ ခြေချစရာမရှိအောင် ပြွတ်သိပ်နေတယ်။ အော်သံတွေ၊ ငိုသံတွေ ပိုပြီး ဆူညံလာတယ်။ ခွန်ဖြူနဲ့ သုံးဝါက ကြမ်းပြင်မှာလဲနေတဲ့ လူတွေကို ကျော်ခွပြီး သွားတယ်။ ကျွန်တော်ကတော့ ခြေတုကြောင့် ပိုပြီး ခက်ခဲနေတယ်။ လူတွေကို မထိအောင်၊ သူတို့ခြေတွေလက်တွေပေါ် မထောက်မိအောင် ကြိုးစားရှောင်နေရင်း သုံးဝါနဲ့ကျွန်တော် တော်တော်လှမ်းသွားတယ်။ ဘယ်သူလဲမသိဘူး.. ကျွန်တော့် ခြေတုကို လှမ်းဆွဲတယ်။ ကျွန်တော် မှောက်လျက်လဲသွားတယ်။ သုံးဝါက အမြန်ပြေးလာပြီး ထူတယ်။ ခြေတုကို ဆွဲထားတဲ့ လက်ကို ဆောင့်ဆွဲပြီး ဖယ်တယ်။ ကျွန်တော့်ကို ဆွဲထူတယ်။
“အနားမှာနေ”
သုံးဝါက တစ်ခွန်းတည်းပြောပြီး ကျွန်တော့် လက်မောင်းကို သူ့လက်နဲ့ တင်းတင်းကိုင်တယ်။ ကျွန်တော် သူနဲ့ မခွာရဲတော့ဘဲ သုံးဝါရဲ့ ကိုယ်လုံးကို အကာအကွယ်လုပ်ပြီး တိုက်အပြင်ကို လိုက်ထွက်လိုက်တယ်။
အပြင်ဘက်မြင်ကွင်းကလည်း တိုက်ထဲမှာနဲ့ သိပ်မကွာဘူး။ မတ်တပ်ရပ်နိုင်တဲ့သူ၊ လမ်းလျှောက်နိုင်တဲ့သူတွေထက်.. လဲကျနေတဲ့သူတွေက ပိုများနေတယ်။ ထူးထူးခြားခြား… ဒုက္ခတောထဲမှာ.. အော်ဟစ်ဆော့ကစားနေတဲ့ ကလေးတချို့တော့ တွေ့ရတယ်။ သူတို့ကိုကြည့်ရင်း ကျွန်တော် မနာလိုတောင်ဖြစ်ချင်လာတယ်။ ကျွန်တော့် ငယ်ဘ၀ဟာ တခြားကလေးတွေနဲ့ ဆော့ကစားခွင့်ရတဲ့ အချိန်ထက်၊ တစ်ယောက်တည်း သံပုံးထဲမှာ အဖေပြန်အလာကို စောင့်နေရတဲ့ အချိန်တွေက ပိုများနေခဲ့တာ။ ပြီးတော့ သံပုံးဘက်မှာက ကလေးယူဖို့ မလွယ်ဘူး။ ခွင့်ပြုချက်တွေ အဆင့်ဆင့်ယူရတယ်။ အစားအသောက်ခွဲတမ်းရဖို့အတွက် ချလံတွေကို နှစ်နဲ့ချီပြီး ရုံးဘက်ကို ပြန်သွင်းရတယ်။ တိုက်တန်းဘက်မှာတော့ ခွင့်ပြုချက်မရလည်း မွေးနေကြတာပဲ။ ရုံးဘက်က မိသွားရင် မိဘတွေကိုပါ ခွဲတမ်း ဖြတ်ပစ်တယ်။ အခန့်မသင့်ရင်.. အပြင်ပါ အထုတ်ခံရနိုင်တယ်။ ဒါပေမယ့် အခုမြင်နေရတဲ့ ကလေးအရေအတွက်ကို ကြည့်လိုက်ရင် တိုက်တန်းဘက်ကလူတွေမှာ ရုံးရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဂရုစိုက်စရာ ခွန်အား မကျန်တော့မှန်း သိသာနေတယ်။
နာရီဝက်လောက်ကြာအောင် လမ်းလျှောက်ထားပေမယ့်၊ အတက်အဆင်းတွေ လုပ်ထားပေမယ့် ကျွန်တော့် ခြေထောက်က အရင်လို မနာတော့ဘဲ တော်တော်လေး အဆင်ပြေနေတယ်။ ခြေတုတပ်ထားမှန်းတောင် မေ့ချင်ချင်ဖြစ်နေပြီ။ လူတွေကတော့ ကျွန်တော်နဲ့ ခြေတုကို လိုက်ကြည့်နေကြတုန်းပဲ။ ဒါပေမယ့် ကျွန်တော် သူတို့ကို ပြန်မကြည့်တော့ဘဲ သုံးဝါနဲ့ ခွန်ဖြူနောက်ကိုပဲ တစိုက်မတ်မတ် လိုက်သွားလိုက်တယ်။
ခွန်ဖြူက တောင်ဘက်အစွန်ဆုံးတိုက်ရဲ့ မြေညီထပ် အခန်းတစ်ခန်းထဲကို ဝင်သွားတယ်။ ကျွန်တော်လည်း အထဲကို လိုက်ဝင်တယ်။ သုံးဝါက တံခါး၀မှာ စောင့်နေခဲ့တယ်။
အခန်းထဲဝင်လိုက်တာနဲ့ ပုပ်ဟောင်နေတဲ့ အနံ့တွေ နှာခေါင်းထဲကို အလုံးအရင်းနဲ့ တိုးဝင်လာတယ်။ လူပေါင်းများစွာ စုပြီး ညည်းတွားနေတဲ့ အသံတွေက တစ်သံတည်းအဖြစ်ပေါင်းသွားပြီး မကောင်းဆိုးဝါးအသံတစ်ခုလို ဟိန်းနေတယ်။ အခန်းရဲ့ မီးလုံးဝါဝါအောက်မှာ လဲကျနေတဲ့ လူတွေ။ တစ်ခန်းလုံး အပြည့်ပဲ။ ဒီလောက်များတဲ့ လူနာတွေ ကျွန်တော့်တစ်သက်မှာ မမြင်ဖူးဘူး။ အားလုံးက အသံထွက်ပြီး ညည်းနေကြတယ်။ သူတို့ရဲ့ ခြေတွေ၊ လက်တွေ၊ မျက်နှာတွေမှာ သဲစားထားတဲ့ အပေါက်အပြဲတွေကိုယ်စီနဲ့။ တချို့ဆိုရင် မျက်နှာတစ်ခုလုံး အရေပြားတွေလန်၊ မျက်လုံးတွေပါ ဟောက်ပက်ဖြစ်နေကြပြီ။ အရည်တရွှဲရွှဲဖြစ်နေတဲ့ အနာတွေဆီကနေ ထွက်လာတဲ့ အနံ့က မြောင်းထဲက လူသေအလောင်းနံ့တွေထက်တောင် ဆိုးနေတယ်။
လူနာတွေကို တစ်ယောက်ချင်း လိုက်ကြည့်ပေးနေတဲ့ သူတစ်ယောက်ကို တွေ့တယ်။ လက်ထဲမှာ သံချွန်အပ်တစ်ခုကို ကိုင်ထားတယ်။ လူနာတွေကို စစ်ဆေးတယ်။ သံအပ်နဲ့ စိုက်ပြီး အရည်တွေကို ထိုးထည့်တယ်။ သံအပ်နဲ့ ထိုးလိုက်မှ ငြိမ်ကျသွားတဲ့ လူနာတွေ ရှိသလို၊ ပိုပြီးတောင် ကျယ်ကျယ်လောင်လောင် အော်လာတဲ့ သူတွေလည်းရှိတယ်။ အဲဒီလူကို ကျွန်တော် မှတ်မိတယ်။ ကျွန်တော့် ခြေထောက်ကို ဖြတ်ပေးတဲ့သူ။ ဘိုသန်ဆိုတဲ့လူ။
ဘိုသန်က ကျွန်တော်တို့ ဝင်လာတာကိုတွေ့တော့ ထလာတယ်။ ကျွန်တော့်ကို အော်ပြောတယ်။ ပွက်လောရိုက်နေတဲ့ အော်သံတွေကြောင့် ဘိုသန့်အသံကို မနည်းနားထောင်ယူရတယ်။
“ဟာ.. လမ်းတောင် ကောင်းကောင်းလျှောက်နိုင်နေပြီပဲ။ ဘယ်လိုလဲ။ နာသေးလား”
ကျွန်တော် ခေါင်းပဲခါပြလိုက်တယ်။ နှာခေါင်းထဲကို ဆက်တိုက်တိုးဝင်နေတဲ့ ပြည်နံ့၊ သွေးနံ့၊ အပုပ်နံ့တွေကြောင့် အသက်ကို လုပြီးရှူနေရတယ်။ မြောင်းထဲမှာ နှစ်ပေါင်းများစွာ အစာရှာခဲ့တဲ့ ကျွန်တော့်လိုကောင်တောင် မခံနိုင်လောက်အောင် အနံ့က ဆိုးတယ်။
“ဒီကောင့်ကို နောက်ခန်းလိုက်ပြမလို့”
ခွန်ဖြူက ဘိုသန့််ကို အော်ပြောတယ်။ ဘိုသန်က ခေါင်းညိတ်ပြတယ်။ လိုက်ခဲ့ ဆိုပြီး လက်ယပ်ခေါ်တယ်။ လူနာတွေကို ကျော်ခွပြီး နောက်ဘက်အခန်းထဲကို ဝင်သွားတယ်။ ကျွန်တော် အနောက်ကနေ လိုက်သွားလိုက်တယ်။ အံ့ဩစရာပဲ.. တစ်ယောက်မှ ကျွန်တော့် ခြေတုကို အဖက်လုပ်ပြီး မကြည့်ကြဘူး။ သူတို့ မြင်ဖူးပြီးသားအရာ ဖြစ်နေလို့လား.. ဒါမှမဟုတ် ဂရုမစိုက်နိုင်လောက်အောင် ဝေဒနာခံစားနေရလို့လားတော့မသိ။
အခန်းထဲကိုရောက်တော့ ဘိုသန်က တံခါးကို ပိတ်လိုက်တယ်။ တစ်ခန်းလုံး မှောင်ကျသွားတယ်။ အပြင်က အော်သံတွေ နည်းနည်း တိုးသွားတယ်။ ဘိုသန်က နံရံမှာ တပ်ထားတဲ့ မီးခလုပ်ကို ချောက်ကနဲဖွင့်လိုက်တယ်။
အခန်းတစ်ခန်းလုံး သေတ္တာတွေနဲ့ ပြည့်နေတယ်။ သံသေတ္တာတွေ၊ သစ်သားသေတ္တာတွေ အလုံး သုံးလေးဆယ်ထက်မနည်း ရှိလိမ့်မယ်။ တချို့သေတ္တာတွေက အဖုံးတွေ ပွင့်ပြီး အထဲက ပစ္စည်းတွေကို မြင်နေရတယ်။ ကျွန်တော် အနီးကပ်သွားပြီးကြည့်လိုက်တယ်။ သေတ္တာထဲက ထိုးထောင်ပြီးထွက်နေတဲ့ ဓားတွေ..။ ဓားအတိုတွေ၊ အရှည်တွေ၊ သံပြားကိုသွေးထားတဲ့ အချွန်အသွားတွေလည်း တွေ့တယ်။ အကုန်လုံး ပေါင်းလိုက်ရင် အချောင်းတစ်ရာလောက်တောင် ရှိမလား။ ကျွန်တော် မျက်လုံးပြူးသွားတယ်။
“ဒီနေရာက..”
“ဒီအခန်းက ငါတို့ရဲ့ အရေးအကြီးဆုံး နေရာ”
ခွန်ဖြူက ပြောရင်း ပွင့်နေတဲ့ သေတ္တာကို ပိတ်လိုက်တယ်။ မီးရောင်အောက်မှာ တလက်လက်တောက်နေတဲ့ ဓားသွားတွေ မြင်ကွင်းထဲကနေ ပျောက်သွားတယ်။
“ဒါပေမယ့် မြေညီထပ်ကြီးမှာ..။ ရုံးကလူတွေ လာမရှာဘူးလား။ မတွေ့သေးဘူးလား”
“ရုံးဘက်ကလူတွေ အင်မတန်ကြောက်တဲ့ အရာတစ်ခုရှိတယ်။ သူပုန်တွေ၊ သူရဲတွေထက်ကို ပိုကြောက်တဲ့အရာ။ ဘာလို့ထင်သလဲ”
ကျွန်တော် ခွန်ဖြူပြောတာကို နားမလည်ဘဲ ကြောင်ပြီးကြည့်နေမိတယ်။ ခွန်ဖြူက ဆက်ပြောတယ်။
“ရောဂါ..။ သူတို့အကြောက်ဆုံးက ရောဂါပဲ။ ရောဂါ ကူးမှာကြောက်တယ်။ အနာတွေ၊ သွေးတွေဆိုရင် တွေ့တာနဲ့ သေမလို ဒူးတုန်နေကြတာ။ ငါတို့ ဝင်းသမားတွေအတွက် နေ့တိုင်း မြင်နေ၊ တွေ့နေ၊ ကိုင်နေရတဲ့ အရာတစ်ခုကို သူတို့ စေ့စေ့တောင် မကြည့်ရဲဘူး။ အဲဒါကြောင့်လည်း ရုံးသမားတွေက ငါတို့ကို ဘယ်တော့မှ မနိုင်တာ။ တွေ့အောင် မရှာနိုင်တာ။ မိအောင် မဖမ်းနိုင်တာ။ မင်းနားလည်ပြီလား..။ အဲဒီ ရှေ့ခန်းထဲက လူနာတွေကို တွေ့တာနဲ့ ရုံးသမားတွေ အမြီးကုတ်ပြီး လှည့်ပြန်သွားတာပဲ။ အထဲတောင် ဝင်မရှာဘူး။ အပြင်ကပဲ ကြည့်ပြီး ဖင်တုန်ပြီး ပြန်သွားကြတာ”
“ဒါပေမယ့် သူတို့မှာ ဝတ်စုံတွေ.. ဆေးဝါးတွေ ရှိတယ်မဟုတ်ဘူးလား။ ဘာဖြစ်လို့ အဲဒီလောက် ကြောက်နေတာလဲ”
“အဲဒီ ပစ္စည်းတွေ ရှိနေရုံနဲ့ သတ္တိဆိုတာ ရှိလာတာမဟုတ်ဘူး။ ငကြောက်က ငကြောက်ပဲ”
ကျွန်တော် သံသေတ္တာတစ်လုံးကို လက်နဲ့ ကိုင်ကြည့်လိုက်တယ်။ သံသေတ္တာအဖုံးက ကျွန်တော့်လက်ဖျားမှာ အေးစက်နေတယ်။
“ဒီပစ္စည်းတွေကို ဘယ်လို စုထားတာလဲ”
“ငါတို့ အဖွဲ့သားတွေ နှစ်ပေါင်းများစွာ စုဆောင်းလာတာပေါ့။ ကိုယ့်ဘာသာကိုယ် လုပ်ယူရတာတွေ ရှိသလို ရုံးဘက်ကနေ ရရင်ရသလို ခိုးထားတာတွေလည်း ပါတယ်”
“အကုန်လုံး ဓားတွေ တုတ်တွေချည်းပဲလား”
ခွန်ဖြူက ကျွန်တော်လက်တင်ထားတဲ့ သေတ္တာအဖုံးကို ဖွင့်လိုက်တယ်။ သေတ္တာအပြည့် ဖြည့်ထားတဲ့ ရောင်စုံသံဘူးတွေနဲ့ လေလုံပိတ်ထားတဲ့ အထုပ်တွေ။ ကျွန်တော် အနီရောင် သံဘူးတစ်ဘူးကို ကောက်ကိုင်ပြီး ကြည့်လိုက်တယ်။ ဘူးပေါ်မှာ ငါးတစ်ကောင်ပုံ။
“ဒါ.. ဒါ အစာဘူးတွေ မဟုတ်လား။ ခင်ဗျားတို့ ဆီမှာ ရှိနေတာလား။ အရင်ကတည်းက ရှိတာလား..ဒါဆို ဘာဖြစ်လို့”
“ဟုတ်တယ်။ အစာဘူးတွေ။ မြို့ထဲက သွားသယ်လာတဲ့ဟာတွေ။ ဒါပေမယ့် ဘယ်သူ့ကိုမှ ထုတ်ပြလို့ မဖြစ်သေးဘူး။ ဝေလိုက်လို့ မရဘူး။ အချိန်မတန်သေးဘူး”
“ဒါပေမယ့် အပြင်မှာ ငတ်ပြီး သေနေတဲ့သူတွေကျတော့ရော.. သူတို့ကိုတောင် မပေးတော့ဘူးလား”
“တစ်ယောက်ကို ပေးလိုက်ရင် အကုန်လုံးကို ပေးမှရမယ်လေ။ မင်းနားမလည်ဘူးလား ငါးနီ။ ငါတို့ လောဘတက်ပြီး ဖွက်ထားတာမဟုတ်ဘူး။ ငါကိုယ်တိုင်လည်း အဲဒါတွေ ဖွင့်စားနေတာ မဟုတ်ဘူး။ မင်းကို အသားခြောက်တွေ ဖောက်ကျွေးတယ်ဆိုတာ အောင်သောင်း အတင်းကျွေးခိုင်းလို့..။ ဒီအစားအသောက်တွေက ဝင်းထဲကလူတွေကို တောင်အောက်ကို ခေါ်လို့ရတဲ့အချိန်ကျတော့မှ၊ အဲဒီလို အရေးကြီးတဲ့အခါမှ ထုတ်သုံးဖို့ထားထားတာ”
ခွန်ဖြူက အဖုံးကို ပြန်ပိတ်လိုက်တယ်။
“အခု.. မင်းကို ဒီနေရာတွေကို ပြတယ်။ အသက်ရှင်အောင် ကုပေးတယ်။ ခြေထောက်အစားထိုးပေးတယ်။ ဒါတွေအားလုံး လုပ်ပေးနေတာ ငမျိုးရဲ့ စကားတစ်ခွန်းကြောင့်၊ သူ့ဆန္ဒတစ်ခုကြောင့်..။ ဒါပေမယ့် ငါ အခုကတည်းက မင်းကို ကြိုပြောထားမယ်။ မင်းမိန်းမ သေသွားတာ ငါစိတ်မကောင်းဘူး။ တကယ်ပြောတာ။ မင်းမိန်းမကို သတ်တဲ့သူကို မင်းပြန်သတ်ချင်တယ်။ လက်စားခြေချင်တယ်။ တရားမျှတမှုကို ရတဲ့နည်းနဲ့ ပြန်လိုချင်တယ်။ ဟုတ်တယ်။ ငါနားလည်တယ်..။ ဒါပေမယ့် မင်းမှာ ဒီထက် အရေးကြီးတဲ့၊ မင်းမိန်းမထက်၊ မင်းထက် ပိုအရေးပါတဲ့ တာဝန် ရှိတယ်။ အဲဒီတာဝန်ကို မယူနိုင်ရင် အခုကတည်းကပြော။ ငါတို့တွေ နှစ်ပေါင်းများစွာ ဒုက္ခခံလာတာ မင်းမိန်းမအတွက် လက်စားခြေဖို့ တစ်ခုတည်း မဟုတ်ဘူး။ အဲဒါကို နားလည်လား။ သေချာလား။ သေချာမှ ခေါင်းညိတ်”
ကျွန်တော့်ကိုယ်ထဲမှာ နစ်ဝင်နေတဲ့ ဒေါသစိတ်တွေ၊ မုန်းတီးစိတ်တွေ အလျှိုအလျှို ခေါင်းထောင်လာပြီး အပြင်ကို ဖောက်ထွက်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် တစ်ဘက်မှာလည်း တစ်သက်လုံး သုံးစားမရခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် အားမရတဲ့စိတ်၊ ရွံတဲ့စိတ်၊ အထင်သေးတဲ့စိတ်တွေက လွန်ဆွဲနေတယ်။ မေနှင်းကို ကျွန်တော် ချစ်တယ်။ သူ့အတွက် ကျွန်တော် လုပ်ပေးလို့ရတာ တစ်ခုပဲ ရှိတော့တယ်။ သူ့အသက်ကို အလွယ်တကူ နှုတ်ယူသွားတဲ့ ဥက္ကဌ၊ ပြီးတော့ ဆူဇန်..ဆိုတဲ့ မိန်းမ။ ဒီနှစ်ယောက်လုံး မြေကြီးအောက်ကို ရောက်သွားမှ မေနှင်းအတွက် တမလွန်ဟာ နားခိုစရာတစ်ခုဖြစ်လာမယ်။ မဟုတ်ရင် ဒီဝင်းထဲမှာ၊ ဒီနေရာမှာ၊ ဒီဖုန်းဆိုးမြေမှာ ကျွန်တော့် မိန်းမ ရဲ့ ဝိဉာဉ်ဟာ မကျွတ်မလွတ်ဘဲ တွယ်ကပ်နေဦးမှာ။ ဒါပေမယ့် မေနှင်းနဲ့ ကျွန်တော့်ထက်.. ပိုအရေးကြီးတဲ့၊ နှစ်ပေါင်းများစွာ.. လူပေါင်းများစွာ၊ အသက်ပေါင်းများစွာ ရင်းနှီးထားရတဲ့ တာဝန်ဆိုတဲ့အရာလည်း ရှိနေတယ်။ ဒီတာဝန်ဆိုတဲ့ အရာဟာ ကျွန်တော်နဲ့ စိမ်းနေသေးတယ်။ ဒါပေမယ့် အဲဒီ တာဝန်ရဲ့ နောက်မှာ ကျွန်တော် ထင်မထားတဲ့ ခွန်အားတွေ၊ မျှော်လင့်ချက်တွေ ကပ်ပါနေတယ်။ ခွန်ဖြူတို့၊ ခရမ်းတို့၊ သုံးဝါတို့နဲ့ နေရင်း၊ စကားတွေပြောရင်း ကျွန်တော့်ကိုယ်ထဲကို အဲဒီခွန်အားက တစိမ့်စိမ့် စီးဝင်နေခဲ့တယ်။ ဟုတ်တယ်။ အဲဒီ ခွန်အားကို ကျွန်တော် လိုတယ်။ လက်စားခြေချင်စိတ်တစ်ခုတည်းနဲ့ ကျွန်တော် လိုချင်တာတွေ ဖြစ်လာဖို့ မလွယ်ဘူး။ နေမင်းဆိုတဲ့ အားမရှိတဲ့ ငကြောက်တစ်ကောင်ကို ဒီခံယူချက်အသစ်ကသာ သွေးသစ်လောင်းပေးနိုင်မှာ။ နေမင်းဆိုတဲ့ သုံးစားမရတဲ့ကောင် .. သဲတောထဲမှာ သေသွားပြီ။ ငါးနီဆိုတဲ့ လူသစ်က အဟောင်းထက်တော့ ပိုရဲရင့်ရမယ် မဟုတ်လား။
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
ခွန်ဖြူက ကျွန်တော့်ကို သေချာစိုက်ကြည့်တယ်။ ကျွန်တော့်မျက်လုံးထဲက တစ်ဆင့်ချင်း ပြောင်းသွားတဲ့ ခံယူချက်တွေကို သူ လိုက်ရှာတယ်။ ခဏကြာတော့ ကျေနပ်သွားသလို ခေါင်းညိတ်တယ်။ ရုတ်တရက် ခွန်ဖြူက ကျွန်တော့်ကို လှမ်းဖက်တယ်။ သူ့ရဲ့ ဆံပင်ရှည်တွေ ကျွန်တော့် မျက်နှာပေါ်၊ ပါးပေါ်ကို ရောက်လာတယ်။ ကျွန်တော် သတိမထားမိဘဲ အလိုလို ပြန်ဖက်လိုက်မိတယ်။ ကြယ်တံခွန်သူရဲတွေ၊ သူပုန်တွေ.. ယုံတမ်း ပုံပြင်တွေကို ကျွန်တော် မယုံခဲ့ဘူး။ ဒီလူတွေရဲ့ အစွမ်းအစကိုလည်း အထင်မကြီးခဲ့ဘူး။ ဒါပေမယ့် အခုအချိန်မှာ ခွန်ဖြူဆိုတဲ့ သူရဲတစ်ကောင်ရဲ့ ခွန်အားက ကျွန်တော့်ကိုယ်ထဲကိုပါ တရဟောစီးဝင်လာတယ်။ ဝမ်းနည်းတဲ့စိတ်တွေ၊ ယူကြုံးမရတဲ့စိတ်တွေ၊ ဟိုးအောက်ကို ပြုတ်ကျနေတဲ့ စိတ်ဓာတ်တွေ တဖြည်းဖြည်း အရောင်မှိန်သွားတယ်။ မျှော်လင့်ချက် ဆိုတဲ့ ခွန်အားအစစ်ကို ဘ၀မှာ ပထမဆုံအးနေနဲ့ ကျွန်တော် လက်ခံ ခံစားလိုက်တယ်။
တော်တော်လေးကြာမှ ခွန်ဖြူက ကျွန်တော့်ကို ဖက်ထားရာကနေ လွှတ်ပေးလိုက်တယ်။ ဘိုသန်က ကျွန်တော်တို့ နှစ်ယောက်ကို ခပ်ပြုံးပြုံးနဲ့ ကြည့်နေတယ်။ ခေါင်းတစ်ချက် ညိတ်ပြီး တံခါးဖွင့်၊ အပြင်ဘက်ကို ထွက်သွားတယ်။ ခွန်ဖြူက ပြောတယ်။
“အချိန် ဆယ်ရက်လောက် ရသေးတယ်။ မင်းလုပ်ရမယ့်ဟာတွေ၊ ပြောရမယ့် စကားတွေကို စပြီး စီစဉ်တော့”
+++++