အခန်း (၁၁)
(၁)
ကျွန်မ ငိုတယ်။ အခန်းတံခါးကို ကန်တယ်။ နံရံတွေကို လက်ဝါးနဲ့ ရိုက်တယ်။ အခန်းထဲက ပစ္စည်းတွေကို တွေ့သမျှ အကုန် ကောက်ယူပြီး ပစ်ပေါက်တယ်။ မှန်တွေကိုခွဲတယ်။ အာခေါင်ကိုခြစ်ပြီး အော်တယ်။ အန်တီချိုက ကျွန်မဖြစ်ပျက်နေတာတွေကိုကြည့်ပြီး စုပ်တသပ်သပ်နဲ့ ဗလုံးဗထွေးတွေ ပြောရင်း နှစ်သိမ့်တယ်။ ဘာဖြစ်လာတာလဲ..ဆိုတဲ့ မေးခွန်းကို အခါတစ်ရာလောက် မေးတယ်။ ဒါပေမယ့် ကျွန်မ အန်တီချို့ကို စကားမပြောနိုင်ဘူး။ မရှင်းပြနိုင်သေးဘူး။ ကြလာာတော့ အန်တီချိုက ဘာမှမပြောတော့ဘဲ ကျွန်မ ပေါက်ခွဲလိုက်တဲ့ ပန်းကန်တွေ၊ ခွက်တွေ၊ မှန်တွေကို လိုက်ကောက်သိမ်းပေးတယ်။
ဒီလို သွေးရူးသွေးတန်းတွေ လုပ်နေတာ တစ်နာရီလောက် ကြာသွားမယ်ထင်တယ်။ အခန်းတံခါးပွင့်သွားပြီး အထဲကို အဖေဝင်လာတဲ့အချိန်မှာ ကျွန်မ တော်တော် မောနေပြီ။
ကျွန်မ အဖေ့ဆီကို ဝုန်းကနဲ ပြေးသွားတယ်။ အသင့်ထုတ်ထားတဲ့ လက်သည်းတွေနဲ့ အဖေ့မျက်နှာကို ဆွဲကုတ်မလို့ ပြင်တယ်။ ဒါပေမယ့် အဖေက လက်ကို တစ်ချက်လွှဲလိုက်တယ်။ ပါးပေါ်ကို လက်ဝါးကျတဲ့ ဖြောင်းကနဲ အသံနဲ့အတူ.. ကျွန်မ မျက်နှာတစ်ခုလုံး ထူပူသွားတယ်။ ကြမ်းပြင်ပေါ်ကို ခွေကျသွားတယ်။ နောက်ကနေ အမလေး..လို့အော်လိုက်တဲ့ အန်တီချို့အသံကို ကြားရတယ်။ ဒါပေမယ့် အန်တီချိိုက ကျွန်မနားကို ရောက်မလာဘူး။ မလာရဲဘူးထင်တယ်။ အဖေ့ကို အကြောက်ဆုံးလူသားကိုပြပါ ဆိုရင် အန်တီချို့ကိုပဲ ပြရမယ်။
ကျွန်မ အဖေ့ကို မော့ကြည့်ပြီး တစ်ခုခုပြောမလို့ ကြိုးစားပေမယ့် ဘာအသံမှ ထွက်မလာဘူး။ ပြောချင်တာတွေအကုန် လည်ပင်းအ၀မှာ တစ်ပြီး ဟီး.. ဆိုတဲ့အသံပဲ ထွက်လာတယ်။
“အပြင်ထွက်ချင်သေးတာလား..”
အဖေ့ရဲ့အသံက မယုံနိုင်စရာကောင်းလောက်အောင်ကို အေးစက်နေတာပဲ။ ဘာမှမကြာသေးခင် အချိန်တုန်းက ဘာအပြစ်မှမရှိတဲ့ မိန်းမတစ်ယောက်ကို သတ်ပစ်ခဲ့တာ.. သူမဟုတ်သလိုပါလား။ မျက်နှာမှာ စီးကျနေတဲ့ နှာရည်တွေကို ကျွန်မ လက်ဖမိုးနဲ့ သုတ်လိုက်တယ်။ မျက်ရည်တွေကြားကနေ အဖေ့ကို မော့ကြည့်တယ်။ အဖေ့မျက်နှာကလည်း သူ့အသံနဲ့ အပြိုင် အေးခဲနေတယ်။ ခံစားချက် စိုးစဉ်းမျှ မမြင်ရဘူး။ မျက်နှာ တစ်ချက် ပျက်မနေဘူး။ ကျွန်မ အားတင်းပြီး ပြောလိုက်တယ်။
“ထွက်မယ်။ သွားမယ်။ ဒီမှာ ဆက်မနေနိုင်ဘူး..”
အဖေက ကျွန်မရှေ့မှာ ဒူးထောက် ထိုင်ချလိုက်တယ်။ လေသံအေးအေးနဲ့ ပြောတယ်။
“သွားလေ.. သွား.. အခုထွက်သွားလိုက် ဆူဇန်”
ကျွန်မ အဖေ့ကို မယုံသလို ကြည့်လိုက်တယ်။ သူတကယ်ပြောနေတာလား..။ ချက်ခြင်းပဲ ကျွန်မ မတ်တပ်ထရပ်လိုက်တယ်။ အခန်းထဲကနေ ထွက်သွားဖို့ပြင်တယ်။ အဖေက နောက်ကနေ လှမ်းပြောတယ်။
“မင်း အပြင်တစ်ရက်ထွက်တိုင်း.. ဝင်းသမားတစ်ယောက်ကို ငါ ပစ်သတ်မယ်..”
ကျွန်မခြေလှမ်းတွေ ဘာမှမရှိတဲ့ လေဟာနယ်ကို ခလုပ်တိုက်ပြီး တစ်ကိုယ်လုံး ယိုင်သွားတယ်။ အဖေ့ကို ပြန်လှည့်ကြည့်လိုက်တော့ သူ့မျက်နှာက စောစောကအတိုင်းပဲ ဘာခံစားချက်မှ မရှိဘူး။
“ဘာ.. ဘာဖြစ်လို့လဲ.. ဘာဆိုင်သလဲ..”
အဖေက ကျွန်မမေးခွန်းကို ချက်ခြင်းမဖြေဘဲ အရှေ့ကို တစ်လှမ်းချင်း တိုးလာတယ်။ ကျွန်မမျက်နှာနဲ့ သူ့မျက်နှာ ထိလုနီးနီးဖြစ်သွားတော့မှ ခြေလှမ်းကို ရပ်တယ်။ ကျွန်မ မျက်လုံးတွေကို တည့်တည့်ကြီး စိုက်ကြည့်ပြီး အဖေက တစ်ခွန်းချင်း ပြောတယ်။
“ငါ့စကားကို မယုံဘူးလား။ မယုံရင် စမ်းကြည့်လေ”
အဖေ့မျက်လုံးတွေထဲမှာ သနားကြင်နာမှု အငွေ့အသက်တွေများ တွေ့ရမလား၊ သံသယဖြစ်စရာ တစ်စွန်းတစ်စများ မြင်ရမလား.. ကျွန်မ ရှာကြည့်သေးတယ်။ ဟင့်အင်း.. သူ့မျက်လုံးတွေထဲမှာ ကျွန်မ မမြင်ဖူးတဲ့ ၊ ကျွန်မနဲ့ မသိတဲ့.. ဘာမှမဆိုင်တဲ့ သူစိမ်းတစ်ယောက် ရောက်နေတယ်။ ဘီလူးတစ်ကောင် ဝင်ပူးနေတယ်..။
“ထွက်သွားလိုက်။ အခုသွား။ ငါ မင်းကို လိုက်မရှာဘူး။ ပြန်လည်းမခေါ်ဘူး။ အေး..ဒါပေမယ့် မနက်ဖြန်မနက်ကျရင် ငါကိုယ်တိုင် ဝင်းထဲကို သွားမယ်။ လမ်းမှာ ပထမဆုံးတွေ့တဲ့ တစ်ယောက်ကို ဟောဒီ..သေနတ်နဲ့ ပစ်သတ်မယ်။ ကလေး၊ လူကြီး.. ယောက်ျား မိန်းမ ဘယ်သူဖြစ်ဖြစ်..။ မင်း အိမ်ပြန်မလာမချင်း တစ်ရက်ကို တစ်ယောက် အသက်ထွက်စေရမယ်။ ငါ အာမခံတယ်။ စမ်းကြည့်လိုက်..”
ကျွန်မကိုယ်ထဲကို ဝမ်းနည်းတဲ့စိတ်က မုန်တိုင်းတစ်ခုလို လှိမ့်ပြီး ဝင်ချလာတယ်။ အသက်ကိုပါ တိုက်ထုတ်ယူသွားသလို.. အားအင်တွေပါ ခမ်းခြောက်ကုန်တယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ရဲရင့်လှပြီလို့ ထင်ထားတာ.. အခုတော့ ကြောက်စိတ်တွေအောက်မှာ တစ်ကိုယ်လုံးပိပြီး အသက်ကိုတောင် မနည်းရှူနေရတယ်။ မဟုတ်ဘူး.. တစ်ခုခုတော့ မှားနေပြီ။ ကျွန်မ အဖေက ဒီလိုလူမျိုး မဟုတ်ဘူး။ ကျွန်မ အရဲစွန့်ပြီး အဖေ့လက်တွေကို လှမ်းဖမ်းလိုက်တယ်။ ကျွန်မရဲ့ မျက်နှာပေါ်ကို တင်လိုက်တယ်။
“အဖေ.. အဖေ.. သမီးကို ကြည့်ပါ။ သမီးလေ.. ဆူဇန်လေ.. အဖေ့သမီးလေ။ အဖေ ဘာဖြစ်လို့ .. ဘယ်လိုဖြစ်လို့ ဒီလိုတွေ လုပ်ရတာလဲ”
အဖေ့မျက်လုံးတွေထဲမှာ အရောင်တစ်ခု ဖြတ်ပြေးသွားတယ်။ ကျွန်မနဲ့ ရင်းနှီးနေတဲ့ အရိပ်အယောင်တစ်ခု။ ကျွန်မ မြင်ဖူးနေကျ ခံစားချက်တစ်ခု..။ ဒါပေမယ့် အဲဒီ ကြင်နာမှု အလင်းစက်က ခဏလေးပဲ လင်းလာပြီး ချက်ခြင်း ပြန်ပျောက်သွားတယ်။ အဖေက ကျွန်မလက်ထဲကနေ သူ့လက်တွေကို ပြန်ဆွဲယူသွားတယ်။ ဒီတစ်ခါ စကားပြောတော့ အဖေ့အသံက စောစောကလောက် မမာတော့ဘူး။ ဒါပေမယ့် နွေးထွေးတဲ့ လေသံတော့ မဟုတ်သေးဘူး။ အေးစက်နေတုန်းပဲ။
“ဆူဇန်။ မင်း နားမလည်တာတွေ၊ မသိတာတွေ အများကြီး ရှိသေးတယ်..”
ကျွန်မ ခေါင်းခါလိုက်တယ်။ ဘာဆိုင်လဲ.. ဘာဆိုင်လို့လဲ။
“မမေနှင်းကို ဘာလို့ သတ်ရတာလဲ။ သူဘာလုပ်လို့လဲ။ သူနဲ့ ဘာဆိုင်လဲ”
စကားထဲမှာ ထိန်းမရဘဲ ငိုသံတွေ အထွေးလိုက်ပါသွားတယ်။ မျက်ရည်ပူတွေ ကျွန်မပါးပေါ်ကို ကျလာပြန်တယ်။
“မင်းလုပ်လို့ သေတာပဲ။ မင်းအပြစ်ပဲ။ စာတွေဒီလောက်ဖတ်ထား၊ ပညာတွေ ဒီလောက်တတ်ထားပြီး မင်းခေါင်းထဲမှာ စဉ်းစားနိုင်စွမ်း မရှိသေးတာ ငါတကယ်အံံ့ဩတယ်”
ကျွန်မ ဘာမှ ပြန်မပြောနိုင်တော့ဘူး။ ငိုပဲငိုနေမိတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း တော်တော် မုန်းတယ်။ ရွံတယ်။ ဦးညိုကြီးဆိုတဲ့သူ ပြောလိုက်တဲ့ စကားက ကျွန်မနားထဲမှာ ပဲ့တင်ရိုက်နေတယ်။ မင်းအဖေသိသွားရင် ဒီကလေးမကို အရင်သတ်မှာ။ မင်းဒါကို နားမလည်ဘူးလား။ ဘာဖြစ်လို့ သူ့ကို အကြပ်ကိုင်ရတာလဲ ….တဲ့။ ကျွန်မအဖေအကြောင်းကို ဘာဖြစ်လို့ သူများတွေက ကျွန်မထက် ပိုသိနေရတာလဲ။ ကျွန်မကိုယ် ကျွန်မ ဉာဏ်ကောင်းလှပြီ ထင်ထားတာ.. ကိုယ့်အဖေ ဒီလိုလူဆိုတာ ဘာဖြစ်လို့ မသိရတာလဲ။ မေနှင်းရဲ့ ရုပ်ပျက်ဆင်းပျက် ပွင့်ထွက်နေတဲ့ မျက်နှာက ကျွန်မ မျက်လုံးသူငယ်အိမ်ထဲမှာ ဖျက်မရတော့ဘဲ ဆေးမင်ထိုးထားသလို စွဲနေတယ်။ ကျွန်မကြောင့်တဲ့.. ကျွန်မကြောင့် လူတစ်ယောက် သေသွားပြီ။
“ဆူဇန်။ အဖေပြောတာ သေချာနားထောင်”
ကျွန်မ အဖေ့ကို မကြည့်ချင်ဘူး။ သူ့ရဲ့ မျက်နှာဖုံး အထပ်ထပ်စွပ်ထားတဲ့ မျက်ခွက်ကို မမြင်ချင်ဘူး။ ကျွန်မ မသိတဲ့၊ မရင်းနှီးတဲ့ လေသံတွေ၊ မျက်နှာအမူအရာတွေကို အသိအမှတ်မပြုချင်ဘူး။ ကျွန်မရှေ့မှာ ရပ်နေတဲ့သူဟာ ကျွန်မ အဖေဆိုတာ လက်မခံချင်ဘူး။ အဖေကဆက်ပြောတယ်။
“ဒီတစ်ပါတ် နှစ်ပါတ်အတွင်းမှာ အရေးကြီးတဲ့ ပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်လိမ့်မယ်။ ဒီဝင်းရဲ့ သက်တမ်း တစ်လျှောက်မှာ အရေးအကြီးဆုံး အချိန်လို့တောင် ပြောလို့ရတယ်။ အဲဒီတော့.. အဖေ အရမ်း အလုပ်ရှုပ်နေတယ်။ သမီး ထင်ရာစိုင်းပြီး လျှောက်လုပ်နေတာတွေကို လိုက်ရှင်းပေးဖို့ ငါ့မှာ.. အဖေ့မှာ အချိန်မရှိဘူး။ အခု.. သမီးလုပ်လိုက်တာ လှသိန်း သေသွားပြီ။ အဲဒါတစ်ခုတည်းနဲ့တင် အုပ်ချုပ်ရေးရုံးဘက်က တော်တော် အလုပ်ရှုပ်သွားပြီ..”
ကျွန်မ ကြောင်သွားတယ်။ လှသိန်းသေသွားတာ.. ဘာဖြစ်သလဲ။ သူသေသွားတော့ ပိုမကောင်းသွားဘူးလား။ တိုက်တန်းဘက်မှာ ပိုပြီး မလုံခြုံသွားဘူးလား။
“အဲဒီလူသေသွားတော့ ဘာဖြစ်သလဲ။ သူ့လိုလူမျိုး ရှိနေတာ ရုံးဘက်က မသိဘူးလား။ ဘာမှမလုပ်ဘူး မဟုတ်လား။ သမီးကူညီ..”
အဖေက ဟက်ကနဲ တစ်ချက်ရယ်တယ်။ ခေါင်းခါတယ်။ သူ့ပုံစံက ဘာမှ နားမလည်တဲ့ ကလေးတစ်ယောက်ကို စိတ်မရှည်ဘဲ ရှင်းပြနေရတဲ့သူလို ဖြစ်သွားတယ်။
“ဒီဝင်းထဲမှာ ဘာဖြစ်ဖြစ် ငါမသိတာ မရှိဘူးလို့ ပြောပြီးပြီမဟုတ်လား”
“ဒါဆို.. ဘာဖြစ်လို့ ဘာမှ မလုပ်တာလဲ”
“တိုက်တန်းဘက်မှာ သူ့လူနဲ့သူ အုပ်ချုပ်နေတာ။ သူ့အဖွဲ့နဲ့သူ အဆင်ပြေနေတာ။ နေရာတကာ လိုက်ပါနေလို့ မရဘူး။ အခု လှသိန်း သေပြီ။ အဲဒီတော့ အဲဒီတိုက်ရဲ့ အခန်းတွေကို ဘယ်သူ စီမံခန့်ခွဲမလဲ။ ဘယ်သူက ဘယ်အခန်းမှာနေ.. ဘယ်နှယောက်ပဲနေ.. ဒါတွေ စီစဉ်စရာတွေ အများကြီး။ လှသိန်းသေသွားတော့ အဲဒီအခန်းတွေအကုန် ရုန်းရင်းဆန်ခတ်တွေ ဖြစ်တော့မယ်။ ကြောင်မရှိတော့ ကြွက်ထတော့မယ်။ လုကြ ယက်ကြတော့မယ်။ သူများအခန်းကို ကိုယ့်အခန်းဆိုပြီး အတင်းဝင်နေကြတော့မယ်။ ဒါတွေ မဖြစ်အောင် လှသိန်းလိုကောင်တွေက အုပ်ချုပ်ပေးနေတာ”
နားမလည်ခြင်းတွေနဲ့ ပိန်းပိတ်အောင် မှောင်နေတဲ့ ကျွန်မရဲ့ခေါင်းထဲကို အလင်းတန်းတချို့ ဝင်လာတယ်။ အဖေပြောနေတာတွေကို တဖြည်းဖြည်း နားလည်စပြုလာတယ်။ နားလည်လာတာနဲ့ အတူ.. ကျွန်မရဲ့ ရင်ဘတ်ကလည်း ပိုလို့တောင် အသက်ရှူကြပ်လာတယ်။ မောလာတယ်။
“ဟင်.. ဒါဆို.. သူဒီလို အနိုင်ကျင့် သတ်ဖြတ်နေတာတွေကို ရုံးဘက်က သိတယ်ပေါ့။ သိလျက်သားနဲ့ လွှတ်ထားပေးတာပေါ့..”
အဖေက စိတ်မရှည်သလို သက်ပြင်းချတယ်။
“သူသတ်လို့ သေတာက တစ်ယောက်နှစ်ယောက်.. သူမရှိတဲ့အခါ လုယက်သတ်ဖြတ်ကုန်ကြမှ ဘယ်နှယောက်သေမလဲ စောင့်ကြည့်လိုက်ဦး။ တော်ပြီ ဆူဇန်။ စကားတွေ ရှည်မနေနဲ့တော့။ အဖေ မအားဘူး။ အစည်းအဝေးသွားရဦးမယ်။ လုပ်စရာတွေ တစ်ပုံကြီး ရှိသေးတယ်။ သွား.. အခန်းထဲ ပြန်ဝင်တော့။ မိချို.. ဒီမှာ ဆူဇန့်ကို ခေါ်ထားလိုက်။ ငါသွားလိုက်ဦးမယ်..”
ပြောပြီး အဖေက အပေါ်ထပ်ကနေ အောက်ကို ဆင်းသွားတယ်။ လှေကားအောက်ကို ရောက်တော့ အပေါ်ထပ် တံခါး၀မှာ ကြောင်အအနဲ့ ရပ်ပြီး ကျန်နေခဲ့တဲ့ ကျွန်မကို ပြန်လှည့်ကြည့်တယ်။
“အပြင်ထွက်ရင် ဘာဖြစ်မလဲဆိုတာ ပြောပြီးပြီနော်။ ငါ့ကို လူသတ်သမားဖြစ်အောင် မလုပ်နဲ့”
အခန်း၀မှာပဲ ကျွန်မ ပြန်ထိုင်ချလိုက်တယ်။ တုန်ယင်နေတဲ့ ဒူးခေါင်းတွေကြောင့် မတ်တပ်မရပ်နိုင်တော့ဘူး။ အန်တီချိုက အခုမှ ကျွန်မနားကိုရောက်လာပြီး ကျွန်မ နောက်မှာ ထိုင်တယ်။ ကျွန်မခေါင်းကို လက်နဲ့ အသာပွတ်ပေးတယ်။
“သမီး.. လာလာ.. အထဲကိုဝင်နော်”
တင်းထားသမျှတွေကို အကုန်လျှော့ချလိုက်ပြီး အန်တီချို့လက်ထဲကို ကျွန်မ ပျော့ခွေကျသွားတယ်။
(၂)
အဖေ တော်တော် တော်ပါတယ်။ သူ့ရဲ့ ခြိမ်းခြောက်စကားက သော့ခလောက်တွေ အထပ်ထပ်ခတ်ထားတာထက်ကို ပိုပြီး ထိရောက်တယ်။ ဝင်းထဲကို သွားဖို့ မပြောနဲ့ အိမ်ထဲက အိမ်ပြင်ထွက်ဖို့တောင် ကျွန်မ ကြောက်နေတယ်။ အခန်းထဲမှာပဲ နေရင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း.. ရောက်တတ်ရာရာတွေ တွေးရင်း.. မေနှင်းကို စိတ်ထဲကနေ အကြိမ်ကြိမ် တောင်းပန်ရင်း.. ငိုရင်း.. စိတ်ဆင်းရဲရင်းနဲ့ ရက်တွေ တစ်ရက်ပြီး တစ်ရက် ကုန်သွားတယ်။ ကျသွားတဲ့ စိတ်ဓာတ်နဲ့အတူ ကျွန်မရဲ့ ကိုယ်အလေးချိန်တွေလည်း တရိပ်ရိပ် လျော့လာတယ်။ ဘာစားစား စားမဝင်ဘူး။ ရေတောင် မနည်းသောက်နေရတယ်။ ဘာပဲ လုပ်လိုက်လုပ်လိုက် အမှောင်ထဲကနေ ကျွန်မကို ကြည့်နေတဲ့ မေနှင်းမျက်နှာက ပြန်ပြန် ပေါ်လာတယ်။ အခန်းပတ်ပတ်လည်ကို ကြည့်မိတိုင်း မေနှင်းရဲ့ သံပုံးသေးသေးလေးကို သတိရပြီး နှိုင်းယှဉ်ကြည့်မိတယ်။ ဘာအခုမှ နောင်တတွေရနေတာလဲ..လို့ ပြောရင်လည်း ခံရမှာပဲ။ စာအုပ်တွေ၊ ဘာသာရပ်တွေထဲမှာ မပါတဲ့ သင်ခန်းစာအသစ်တွေကို အခုမှ တနင့်တပိုး သိလိုက်ရတာလေ။
အန်တီချိုက ကျွန်မကို အသေအလဲတွေ ဂရုစိုက်နေတယ်။ သူကိုယ်တိုင်က မကျန်းမာပေမယ့် ကျွန်မကိုတော့ အဆက်မပြတ် ဂရုစိုက်ပေး ရှာတယ်။ မနက်ဆိုရင် ကျွန်မ မနိုးခင်ကတည်းက အိပ်ရာဘေးမှာ လာစောင့်တယ်။ ညဘက် ကျွန်မ အိပ်ရာဝင်တဲ့အထိ အခန်းထဲကို ဝင်လိုက်ထွက်လိုက် ပျာယာခတ်နေတယ်။ အစာစားရင်လည်း ခွံ့မကျွေးရုံတမည်ပဲ။ သူအဲဒီလိုတွေ ထွန့်ထွန့်လူးနေတော့ ကျွန်မ ပိုပြီး နေရထိုင်ရခက်လာတယ်။ သူစိတ်ချမ်းသာအောင် ကြိုးစားပြီး ပြုံးကြည့်ပေမယ့် ကျွန်မမျက်နှာတစ်ခုလုံးက ရေမထိတဲ့ မြေကြီးလို မာခဲပြီး ကွဲအက်ချင်နေတယ်။
“အဖေ.. ဒီလိုလူမျိုးဆိုတာ အန်တီချို မသိဘူးလား”
ကျွန်မ မေးကြည့်တော့ အန်တီချိုက ပြုံးပြီး ခေါင်းခါတယ်။
“အန်တီ့အလုပ်က အဲဒါတွေ သိဖို့မဟုတ်ဘူးလေ။ သူ့ဘေးမှနေပြီး လိုအပ်တာတွေ လုပ်ပေးဖို့ပဲ စိတ်ထဲမှာ ရှိတယ်”
“ဒါဆို.. မမေနှင်းကို သတ်ပစ်လိုက်တာတောင် အန်တီ အဖေ့ကို မမုန်းဘူးလား။ မရွံဘူးလား”
အန်တီချို့မျက်နှာက နည်းနည်းတော့ ပျက်သွားတယ်။ ဒါပေမယ့် သူ့မျက်လုံးတွေထဲမှာ အဖေ့ကိုမုန်းတဲ့ အငွေ့အသက် တစ်စက်မှ မရှိဘူး။
“လိုအပ်လို့ လုပ်ရတာနေမှာပါ သမီးရယ်။ အဖေက သမီးကို ဘယ်လောက်ချစ်သလဲ အန်တီအသိဆုံး။ သမီးနဲ့ သမီးအမေကို သူက လောကမှာ အချစ်ဆုံးပဲ.. တကယ်ပြောတာ။ အန်တီ့ကိုတောင် အဲဒီလောက် မချစ်ဘူး။ ကဲ.. တော်တော့။ အဲဒါတွေ တွေးမနေနဲ့.. ဒီမှာ မိသားစုလေး ရှိတာမှ သုံးယောက်တည်း”
ကျွန်မ စိတ်ဆိုးဆိုးနဲ့ အန်တီချို့ကို စကားဆက်မပြောဖြစ်တော့ဘူး။ သူကလည်း နောက်ရက်တွေမှာ အဲဒီအကြောင်း စကားမစတော့ဘူး။ တကယ်အံ့ဩပါရဲ့..။ ဘယ်လိုစိတ်မျိုးနဲ့ အဖေ့နားမှာ ဆက်နေနေနိုင်သလဲ မသိဘူး။ အဖေနဲ့ တစ်ကုတင်တည်း အိပ်ရဲတဲ့ အန်တီချို့ သတ္တိကိုတော့ လေးစားတယ်။
နှစ်ပတ်လောက်ကြာသွားတဲ့အထိ အဖေနဲ့ ကျွန်မ မတွေ့ဖြစ်ဘူး။ ကျွန်မကလည်း အခန်းထဲကနေ အပြင်ကို မထွက်.. သူကလည်း လာတောင် မကြည့်..။ သူပြောသလို အလုပ်တွေတော့ တကယ် ရှုပ်နေပုံပဲ။ အိမ်ထဲကို လူတွေ ဝင်လိုက်ထွက်လိုက်၊ စကားသံတွေ ဆူညံလာလိုက်၊ တိုးသွားလိုက်..။ ကျွန်မကတော့ စိတ်ကုန်လို့ တံခါးတောင် ဟ မကြည့်တော့ဘူး။ စာအုပ်တွေလည်း မဖတ်ဖြစ်ဘူး။ အိပ်ရာပေါ်မှာ လှဲနေရင်း ဟိုတွေးဒီတွေးနဲ့ပဲ တစ်ရက်တစ်ရက် အချိန်ကုန်သွားတယ်။ တိုက်တန်းဘက်မှာ ဘာတွေ ဆက်ဖြစ်နေသလဲ။ အဖေပြောသလို.. သတ်ဖြတ်နေကြ ပြီလား။ ကျွန်မကြောင့် ပိုဆိုးကုန်ပြီလား..။ မေနှင်း.. မေနှင်းကတော့..
မေနှင်းဆိုတဲ့ နာမည်.. ခေါင်းထဲရောက်လာတိုင်း ကျွန်မရင်ထဲ နင့်ကနဲ ဖြစ်ဖြစ်သွားတယ်။ ဝင်းသမားတွေထဲမှာ ကျွန်မနဲ့ ပထမဆုံး ရင်းနှီးခဲ့တဲ့သူ။ ကျွန်မခိုင်းတာတွေကို ကြောက်ကြောက်လန့်လန့်နဲ့ လိုက်လုပ်နေရပေမယ့် သူ့ခမျာ ကျွန်မ တစ်ခုခုဖြစ်မှာကို စိတ်ပူရှာတယ်။ ကျွန်မ ရေငတ်ပြီး မူးမေ့လဲမတတ်ဖြစ်နေတုန်းက ကျွန်မကို အားပေးရှာတယ်။ သူသောက်မယ့်ရေကိုတောင် မသောက်ဘဲ.. ကျွန်မကို ..
ကျွန်မ အိပ်ရာပေါ်လှဲနေရာကနေ ထထိုင်လိုက်တယ်။ ငိုချင်စိတ်က တလိမ့်လိမ့် တက်လာပြန်တယ်။ မောလှပြီ.. ငိုရတာ ပင်ပန်းလှပြီ။ ကျွန်မ ဘာမှ ဆက်မလုပ်တော့ဘူးလား။ ဒီအတိုင်း အခန်းထဲမှာ ထိုင်နေတော့မှာလား။ ဆူဇန်ဆိုတဲ့ မိန်းမ.. အဲဒီလောက်တောင် အသုံးမကျတာလား။ ဒါပေမယ့်.. ကျွန်မ ဘာလုပ်ရမှာလဲ။ အပြင်ကို တစ်ရက်ထွက်လိုက်တာ ကမ္ဘာပျက်မတတ် ဖြစ်ကုန်တယ်လေ။ ကျွန်မကြောင့် အကုန် တလွဲတွေ ဖြစ်ကုန်ပြီလေ။
ပြဿနာတစ်ခုခုဖြစ်တိုင်း သူတစ်ပါးကို အကြပ်ကိုင်ဖို့ ဉာဏ်နီဉာဏ်နက်မျိုးစုံ သုံးတတ်တဲ့ ဆူဇန်.. နင်အခုတော့ ကိုယ့်အတတ်နဲ့ကိုယ်စူးနေပြီ မဟုတ်လား။ ကိုယ့်အဖေရင်းက ကိုယ့်ကို လှုပ်လို့မရအောင် ချုပ်ထားတာကို ခံနေရပြီ။
တံခါးခေါက်သံ ကြားရတယ်။ ကျွန်မ အိပ်ရာပေါ်ကို ပြန်လှဲချလိုက်တယ်။ အန်တီချို အခန်းထဲကို ဝင်လာတဲ့ ခြေသံကြားရတယ်။ လှည့်မကြည့်ဘူး။ နေပါစေ။ ဘာမှ မစားချင်ဘူး။ စကားလည်း မပြောချင်ဘူး။ တော်ပြီ။
“ဆူဇန်”
(၃)
အဖေ့အသံကြောင့် ကျွန်မ တစ်ကိုယ်လုံး တောင့်သွားတယ်။ ရင်ထဲမှာ တထိတ်ထိတ်ဖြစ်လာတယ်။ ဟင့်အင်း.. ဒါ ကျွန်မ အဖေ မဟုတ်ဘူး။ ဒီလူကို ကျွန်မ မသိဘူး။ ကျွန်မကို ချစ်တဲ့အဖေ.. ကျွန်မ လိုသမျှ အရာရာ ဖြည့်ဆည်းပေးတတ်တဲ့အဖေ.. ဘယ်သူတွေကို ဘယ်လိုပဲ ဆူငေါက်နေပါစေ.. ကျွန်မကိုဆိုရင် အလျှော့ပေးတတ်တဲ့အဖေ.. အဲဒီအဖေက သေသွားပြီ။ မေနှင်းနဲ့အတူသေသွားပြီ။ ကျွန်မ လုံး၀ လှည့်မကြည့်ဘဲ ကုတင်ဘေး နံရံကိုပဲ စိုက်ကြည့်နေလိုက်တယ်။ ငိုမိမှာစိုးလို့ နှုတ်ခမ်းကို အတင်းကိုက်ထားတယ်။ ဒီလို ပျော့ညံ့နေရတာ အရမ်း ပင်ပန်းလှပြီ။ တော်ပါတော့.. ရပ်ပါတော့..။
“ဆူဇန်..”
အဖေ့အသံက ပိုနီးလာတယ်။ ကုတင်ပေါ် ဝင်ထိုင်လိုက်တော့ ကျွန်မ မွေ့ရာက အိကနဲဖြစ်သွားတယ်။ ကျွန်မ နားနှစ်ဘက်ကိုပါ ပိတ်ထားလိုက်တယ်။ အသံလည်း မကြားချင်ဘူး..။
အဖေက နားပေါ်မှာ အုပ်ထားတဲ့ ကျွန်မလက်ကို အသာ ဆွဲဖယ်တယ်။
“ဆူဇန်။ ပြောစရာရှိလို့.. အရေးကြီးတယ်”
ကျွန်မ အားကုန်သုံးပြီး လက်ကို လွှဲလိုက်တယ်။ ဘယ်နေရာကို ထိထိ ထိပါစေ။ အဖေကိုပြန်ရိုက်လို့ ငရဲ ကြီးချင်လည်း ကြီးပါစေ။ ထိသွားရင် ပြီးရော..။ ဒါပေမယ့် ကျွန်မရဲ့ ချိနဲ့နေတဲ့ အားကြောင့် လက်က လေထဲမှာတင် ပြုတ်ကျသွားတယ်။ အဖေက ကျွန်မလက်ကို ဆတ်ကနဲ ရှောင်တယ်။ မွေ့ရာပေါ် ပြုတ်ကျသွားတဲ့ ကျွန်မရဲ့ လက်ဝါးကို သူ့လက်နဲ့ ဖိလိုက်တယ်။
“ဆူဇန်။ ထစမ်း”
အဖေ့အသံက ချက်ခြင်း ပြောင်းသွားတယ်။ ဒေါသသံ ပါလာတယ်။ ကျွန်မ ပိတ်အော်လိုက်တယ်။
“ဘာလဲ။ ဘာလုပ်မလို့လဲ။ မသိချင်ဘူး။ မကြားချင်ဘူး။ ထွက်သွား.. ကျွန်မ အခန်းထဲက အခုထွက်သွား”
အဖေက ကုတင်ပေါ်ထိုင်နေရာကနေ ပြန်ထသွားတယ်။ ကုတင်ဘေးမှာ မတ်တပ်ရပ်တယ်။
“ရူးကြောင်ကြောင်တွေ လုပ်မနေစမ်းနဲ့။ အဝတ်အစားတွေ အကုန်သိမ်းထား။ မနက်ဖြန် အပြီး သိမ်းထား”
ကျွန်မ ငေါက်ကနဲ ထထိုင်လိုက်တယ်။ အံ့ဩတဲ့စိတ်ကြောင့် ဒေါသတွေပါ ပျောက်သွားတယ်။
“ဘာ.. ဘာကို သိမ်းရမှာလဲ။ ဘယ်သွားမလို့လဲ”
အဖေက စိတ်မရှည်သလို တောက်ခေါက်တယ်။
“သိမ်းဆိုရင် သိမ်းထားလိုက်။ မနက်ဖြန် မနက်စောစော .. ဇင်မင်းတို့ လာခေါ်လိမ့်မယ်”
“ဘာကိစ္စလာခေါ်မှာလဲ။ ဘယ်ကို ပို့ဦးမလို့လဲ.. အခု ကျွန်မကို ဒီအထဲမှာ ထောင်ချထားတာ မကျေနပ်သေးဘူးလား”
အဖေ့မျက်နှာက ကွက်ကနဲ ပျက်သွားတယ်။ နှစ်ပါတ်လောက် မတွေ့ရတဲ့ အချိန်အတွင်းမှာ အဖေ့တစ်ကိုယ်လုံး တော်တော်လေး အိုစာသွားတာကို ကျွန်မ သတိထားမိတယ်။ ပုံမှန်ဆိုရင် သပ်ရပ်ပိပြားနေတတ်တဲ့ အဖေ့ခေါင်းပေါ်က ဆံပင်တွေက ထိုးထိုးထောင်ထောင်တွေဖြစ်နေတယ်။ အဖေ့မျက်လုံးအောက်မှာလည်း အိပ်ရေးပျက်တဲ့အတွက် အညိုကွက်တွေ ထင်းထင်းကြီး ပေါ်နေတယ်။
နှစ်ပေါင်း နှစ်ဆယ်လောက် လွန်းထိုးရက်ထားတဲ့ သံယောဇဉ်ကြောင့် ကျွန်မရင်ထဲကို သနားစိတ် တစ်စိုးတစ်စ ဝင်လာတယ်။ ဟင့်အင်း.. ဘာကို သနားရမှာလဲ။ ပင်ပန်းရုံမကလို့ သေချင်သေပါစေ။ မသနားနိုင်ဘူး။ မေနှင်း.. မေနှင်း မျက်နှာ.. ။ ခွေကနဲ လဲကျသွားတဲ့ သူ့ကိုယ်လုံး..။ မြေကြီးပေါ်မှာ အိုင်ထွန်းလာတဲ့ သွေးတွေ..။ ခွေးသေတစ်ကောင်ကို ထမ်းသလို.. သူ့အလောင်းကို ထမ်းခေါ်သွားတဲ့ မြင်ကွင်း..။
ကျွန်မကိုယ်ထဲမှာ တမြေ့မြေ့လောင်နေတဲ့ မီးစာက ဟုန်းကနဲ တောက်သွားတယ်။ ဖိထားသမျှတွေ အကုန်ပေါက်ထွက်ကုန်တယ်။ နှစ်ပါတ်လုံးလုံး ထိန်းထားသမျှတွေ၊ သိုသိပ်ထားသမျှတွေကို ကျွန်မ အကုန်ဖွင့်ချပစ်လိုက်တယ်။ စကားလုံးတွေက စီမထားဘဲ အတန်းလိုက် အတန်းလိုက်တွေ အရှိန်နဲ့ ခုန်ထွက်သွားတယ်။
“ရှင် ကျွန်မ အဖေမဟုတ်ဘူး။ ကျွန်မအဖေက သေပြီ။ ရှင့်လိုလူမျိုးကို ကျွန်မ အဖေမတော်နိုင်ဘူး။ လှသိန်းနဲ့ ရှင်နဲ့ အတူတူပဲ။ လူသတ်သမားတွေ။ အောက်တန်းစားတွေ။ သူပုန်အဖွဲ့က ရှင်တို့ကို သတ်ချင်နေတာ ဘာဆန်းသလဲ။ ကျွန်မသာ ကြယ်တံခွန်အဖွဲ့သားဆိုရင်လည်း ရှင်တို့ကို သတ်ချင်မှာပဲ။ တစ်ရုံးလုံးကို မီးလောင်တိုက် သွင်းပစ်ရမှာ။ ကျွန်မ အခု ဆယ့်ငါးရက်လုံးလုံး ဆုတောင်းနေတာ တစ်ခုရှိတယ်။ အဲဒါဘာလဲ သိလား။ ဘာဆုတောင်းနေသလဲ သိချင်သလား..”
အဖေက ဘာမှမပြောဘဲ ကျွန်မကို စိုက်ကြည့်နေတယ်။ သူ့မျက်ဝန်းတွေထဲမှာ တဖြည်းဖြည်း တက်လာတဲ့ အရှိန်တစ်ခုကို မြင်နေရတယ်..။ ကျွန်မ ကြောက်စိတ်ကို ဖုံးဖိပြီး ဆက်ပြောလိုက်တယ်။
“ကျွန်မ ညတိုင်းဆုတောင်းတယ်။ သူပုန်တွေ နိုင်ပါစေ.. သူပုန်တွေ ရုံးထဲ မြန်မြန်ဝင်လာပြီး ရှင့်ကိုရော ကျွန်မကိုရော သတ်သွားပါစေလို့..”
ပြောပြီးတာနဲ့ ကျွန်မ မေးကို မော့ထားလိုက်တယ်။ အဖေ့ဆီက ရောက်လာမယ့် ပြစ်ဒဏ်ကို လည်စင်းခံနေလိုက်တယ်။ မျက်နှာပေါ်ကို ကျလာမယ့် လက်ဝါး..ဒါမှမဟုတ်.. အဲဒီထက်ဆိုးတဲ့အရာတစ်ခုခု.. ဘာပဲဖြစ်ဖြစ် ရောက်လာဖို့ ကျွန်မ စောင့်နေလိုက်တယ်။
အဖေက ဘာမှမပြော.. ဘာမှ မလုပ်ဘဲ.. ကျွန်မရဲ့ မှန်တင်ခုံနားကို လျှောက်သွားတယ်။ အစိတ်စိတ်အမွှာမွှာကွဲနေတဲ့ မှန်ကို တစ်ချက်ကြည့်တယ်။ မှန်တင်ခုံရှေ့မှာ ချထားတဲ့ ထိုင်ခုံကို ယူတယ်။ ကုတင်ဘေးကို လျှောက်လာတယ်။ ထိုင်ခုံကို ချတယ်။ ထိုင်တယ်။ လက်နှစ်ဘက်ကို ဒူးပေါ်မှာ တင်တယ်။ ကျွန်မကို ကြည့်တယ်..။
“ဟုတ်ပြီ။ အခု.. ငါပြောမယ့်.. ငါ မင်းကို ပြောပြမယ့် စကားတွေ.. ဒီအကြောင်းအရာတွေကို ဒီလောကမှာ သိတဲ့သူ ငါတစ်ယောက်ပဲ ရှိတယ်။ ဒီတော့.. သေချာနားထောင်။ ဟုတ်ပြီလား”
ရုတ်တရက် အေးစက်ညင်သာသွားတဲ့ အဖေ့အသံကြောင့် ကျွန်မ ကြောင်တောင်တောင်ဖြစ်သွားတယ်။ ပြောချင်ရာတွေ ပြောလိုက်ပြီးပြီမို့ ဘာဖြစ်ဖြစ် ခံတော့မယ်ဆိုပြီး ဆုံးဖြတ်ထားတဲ့ ကျွန်မရဲ့ စိတ်က ပြန်လှုပ်ရှားလာတယ်။ တစ်ခုခုတော့ မှားနေပြီ.. ကျွန်မ မျှော်လင့်ထားတဲ့ တုန့်ပြန်မှုက ဒါမျိုးမဟုတ်ဘူး..။ အဖေက ဆက်ပြောတယ်။
“ငါက မင်းထင်သလို တွေ့ကရာ လူတွေကို လျှောက်သတ်နေတဲ့ လူသတ်သမားမဟုတ်ဘူး”
ကျွန်မ မျက်နှာကို မဲ့လိုက်တယ်။ ဟင့်အင်း.. လုံး၀ မယုံဘူး။ မေနှင်းကို ပစ်သတ်လိုက်တုန်းက ..အဖေ့ရဲ့ မျက်နှာကို ကျွန်မ ဘယ်တော့မှ မမေ့ဘူး။ ခြေထောက်မှာ ကပ်နေတဲ့ ရွှံ့တစ်စက်ကို ခါချလိုက်သလို.. ဘာမှမဖြစ်သလို.. အေးစက်နေတဲ့ မျက်နှာ။ လူသတ်သမား တစ်ယောက်ရဲ့ မျက်နှာ။
“ငါ့ဘ၀မှာ လူနှစ်ယောက်ပဲ သတ်ဖူးတယ်။ တစ်ယောက်က မေနှင်းဆိုတဲ့ကောင်မ..”
လက်ထဲက ခေါင်းအုံးနဲ့ အဖေ့ကို ကျွန်မ ပစ်ပေါက်လိုက်တယ်။ ပါးစပ်ကလည်း အားကနဲ အော်မိတယ်။ ကောင်မ..တဲ့။ သူ့လက်ချက်နဲ့ အသက်ထွက်သွားတာတောင် မကျေနပ်သေးဘူး။ သေပြီးသွားတဲ့သူကို အခုထိ မိုက်ရိုင်းနေတုန်းပဲ။ အဖေက ခေါင်းအုံးကို လက်နဲ့ အသာ ပုတ်ချတယ်။ တစ်ချက် ရယ်တယ်။ ဆက်ပြောတယ်။
“နောက်တစ်ယောက်က ဘယ်သူလဲ.. မင်းသိချင်သလား”
ကျွန်မ ဘာပြန်ပြောရမှန်း မသိဘူး။ သူပြောမယ့် အဖြေကို ကျွန်မ မသိချင်ဘူး..။ ဒါပေမယ့် ခေါင်းခါဖို့ မေ့နေတယ်။ ငြင်းဖို့ သတိမရဘူး ဖြစ်နေတယ်။ အခု..ကျွန်မရှေ့မှာ အေးအေးဆေးဆေးထိုင်ပြီး သူသတ်ဖူးတဲ့ လူတွေအကြောင်းကို စိမ်ပြေနပြေ ပြောပြနေတဲ့သူက ဘယ်သူလဲ။ ဒါ ကျွန်မ အဖေတဲ့လား။ ကျွန်မတစ်ကိုယ်လုံး ကျုံ့ဝင်ပြီး ဒီလောကထဲကနေ ပျောက်ထွက်သွားရင် သိပ်ကောင်းမှာပဲ။
“နောက်တစ်ယောက်အကြောင်းကို မပြောခင် ပုံပြင်တစ်ခု အရင်ပြောပြမယ်။ နားထောင်”
အဖေက ကိုယ်လုံးကို အရှေ့ကို ကိုင်းလိုက်တယ်။ လက်ဝါးနှစ်ဘက်ကို ကပ်ပြီး မေးမှာ ထောက်တယ်။
“ဟိုးရှေးရှေးတုန်းက ရာဇာ..ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်။ အဲဒီကောင်လေးက အင်မတန် ချမ်းသာတယ်။ သူ့မိဘတွေရဲ့ ကျေးဇူးကြောင့် အိမ်အကြီးကြီးထဲမှာ အခြွေအရံတွေနဲ့ မတောင့်မတ မကြောင့်မကြ နေခွင့်ရတယ်။ ရာဇာက အရမ်းလည်း သဘောကောင်းတယ်။ သူ့အဖေရဲ့ တပည့်တွေ၊ လုပ်ဖော် ကိုင်ဖက်တွေကို သူ့မိသားစုလိုပဲ ချစ်တတ်တယ်။ ဒီလိုနဲ့ နေလာလိုက်တာ ကောင်လေး အရွယ်ရောက်လာတယ်။ .. ရာဇာဆိုတာ ဘယ်သူလဲဆိုတာတော့ သိတယ်မဟုတ်လား..”
အဖေက သူ့ကိုယ်သူ လက်ညှိုးထိုးပြတယ်။ ကျွန်မ အဖေ့ကို စိုက်ကြည့်နေရင်း ခေါင်းထဲမှာ ဆက်တိုက် မေးခွန်းတွေ ထုတ်နေမိတယ်။ ဘာတွေလဲ.. ဘာတွေပြောနေတာလဲ..။ အဖေက ဆက်ပြောတယ်။
“ဒီလိုနဲ့ ရာဇာ အရွယ်ရောက်လာတဲ့အခါ လူငယ်တွေရဲ့ ထုံးစံအတိုင်း ချစ်တတ်ကြိုက်တတ်လာတယ်။ ကောင်မလေး တစ်ယောက်နဲ့ တွေ့တယ်။ ကောင်မလေးက စိုက်ခင်းဘက်မှာ အလုပ်လုပ်တယ်။ ရာဇာက စိုက်ခင်းတွေကို ကြီးကြပ်ရတယ်။ ဒီတော့.. သိပ်ထွေထွေထူးထူး ရှင်းပြစရာမလိုပါဘူး..။ ကောင်မလေးနဲ့ ရာဇာနဲ့ ကြိုက်သွားတယ် ဆိုပါတော့..။ အဲဒီကောင်မလေး နာမည်က မြလေး..”
အမေ့နာမည်ကို ကြားလိုက်ရတဲ့အတွက် ကျွန်မ ထိတ်ကနဲ ဖြစ်သွားတယ်။ ဘယ်တော့မှ အမေ့နာမည်ကို ထုတ်မပြောတဲ့ အဖေ.. ကျွန်မ စကားစလိုက်တိုင်း စကားလမ်းကြောင်း လွှဲသွားတတ်တဲ့ အဖေ..။ ဘာဖြစ်လို့ အခုမှ အမေ့အကြောင်းကို လာပြောနေတာလဲ။ အမေက စိုက်ခင်းဘက်မှာ အလုပ်လုပ်မှန်း ကျွန်မ သိတယ်။ အန်တီချိုကလည်း အမေ့အကြောင်း နည်းနည်း ပြောပြဖူးတယ်လေ။ အမေ ဖျားပြီး သေသွားတော့ ကျွန်မက တော်တော် ငယ်သေးတယ်တဲ့။ ဒီတော့ အမေ့ကို မမှတ်မိလိုက်ဘူး။ အန်တီချို့လက်ပေါ်မှာပဲ ကြီးလာတော့ မြလေး.. ဆိုတဲ့ အမေ့နာမည်ကို မေ့ချင်ချင်တောင် ဖြစ်နေပြီ။
“ရာဇာနဲ့ မြလေး.. ဒီလို ချစ်ကြိုက်နေတာကို ရာဇာ့အဖေသိသွားတော့ ဒေါသူပုန်ထတော့တာပေါ့။ ဝင်းသမားနဲ့ ကြိုက်စရာလားဆိုပြီး အကြီးအကျယ်တွေ ဆူတယ်။ အိမ်ထဲမှာ ပိတ်ထားတယ်..။ အခု.. ” အဖေက ကျွန်မကို လက်ညှိုးထိုးပြတယ်.. “အခု.. မင်းကို ပိတ်ထားသလိုပဲ.. ငါ့ကို အပြင်ပေးမထွက်ဘူး။ အပြင်ထွက်ရင် ဘာဖြစ်ညာဖြစ်ဆိုပြီး ခြိမ်းခြောက်ထားတယ်။ ဒါပေမယ့် ရာဇာဆိုတဲ့ကောင်က ခေါင်းမာတယ်။ လိုချင်တာကို မရမက ယူတယ်။ ဘာတွေဆက်ဖြစ်သလဲတော့ မပြောတော့ဘူး.. ကြာလို့။ နောက်ဆုံးမှာ သူ့မိဘတွေ စိတ်လျှော့လိုက်ပြီး သူတို့ နှစ်ယောက်ကို ပေးစားလိုက်ရတယ်ဆိုပါတော့”
“အဲဒါ.. ဘာဖြစ်သလဲ။ အခုကိစ္စနဲ့ ဘာဆိုင်လို့လဲ”
ကျွန်မမေးခွန်းကို အဖေက မဖြေဘဲ လက်ကာပြတယ်။
“နေဦး.. ပုံပြင်က မဆုံးသေးဘူး။ စောစောက ပြောနေတာ ဘယ်ရောက်သွားလဲ..။ ဟုတ်ပြီ.. သူတို့နှစ်ယောက် ညားသွားတယ်။ အိုကေ.. ဆက်ပြောမယ်။ အဲဒီလိုနဲ့ နှစ်အတော်ကြာတော့ ရာဇာ့ မိဘတွေ ဆုံးသွားတယ်။ မြလေးနဲ့ ရာဇာ နှစ်ယောက်တည်း အိမ်ကြီးထဲမှာ ကျန်ခဲ့တယ်။ ရာဇကလည်း ဝင်းကိစ္စတွေနဲ့ မအားတော့ မြလေးကို အချိန်မပေးနိုင်ဘူး။ ပြီးတော့ ကလေးကလည်း မရသေးတော့ နှစ်ယောက်ကြားမှာ ဆက်ဆံရေး အေးစက်လာတယ် ဆိုပါတော့..”
အဖေက စကားပြောနေရင်း တွန့်ကြေနေတဲ့ ကျွန်မရဲ့ မွေ့ရာခင်းကို ဆွဲဆန့်ပေးတယ်။ ကြမ်းပြင်ပေါ်ကျနေတဲ့ ခေါင်းအုံးကို ကောက်ပြီး ကုတင်ပေါ် ပြန်တင်တယ်။
“ဒီလိုနဲ့ နှစ်ယောက်သား စိမ်းကားနေလိုက်တာ.. တစ်ယောက်နဲ့ တစ်ယောက် စကားတောင် ဟဟ မပြောဖြစ်တဲ့အထိ ဖြစ်လာတယ်။ ရာဇာက မြလေးကို ဂရုမစိုက်အားသလို မြလေးကလည်း ရာဇာ့အပေါ်မှာ မနွေးထွေးတော့ဘူး။ ဒါပေမယ့် ကံကောင်းတယ်လို့ပြောရမလား.. မြလေးမှာ ကိုယ်ဝန်ရှိလာတယ်။ အေးစက်နေတဲ့ လင်မယားနှစ်ယောက် အဲဒီ ကိုယ်ဝန်ကြောင့် ပြန်အဆင်ပြေသွားတယ်လို့ ပြောရမယ်..။ ဒီလိုနဲ့ မြလေး ကလေးမွေးတယ်။ မွေးလာတဲ့ ကလေးကို ဆူဇန်ရာဇာ.. ဆိုပြီး နာမည်ပေးလိုက်တယ်..” (အဖေက ပြောရင်း ကျွန်မကို လက်ညှိုးထိုးပြပြန်တယ်) “..အဲဒီနာမည်ပေးတုန်းက ငါ့ကို တော်တော် ပြဿနာရှာသေးတယ်။ ဘာဖြစ်လို့ ဆူဇန်ဆိုတဲ့ နာမည်ပေးရသလဲပေါ့။ ဘာလို့ အဲဒီလီု အင်္ဂလိပ်နာမည်ကြီးပေးသလဲ ပေါ့လေ။ ဒါပေမယ့် တကယ်တန်းက ဆူဇန်.. ဆိုတာ ဟေဘရူးစကား.. ရှိုရှန်နာ.. ဆိုတဲ့ စာလုံးကနေ လာတာ။ အဓိပ္ပာယ်က နှင်းဆီ..တဲ့။ မနှင်းဆီဆိုပါတော့။ မင်းက မွေးတုန်းက အသားကလည်း ဖြူဆွတ်နေတာလေ”
အဖေ့ပုံစံက တကယ့်ကို စိတ်ပါလက်ပါနဲ့ ပုံပြောနေသူတစ်ယောက်လိုပဲ။ စကားလုံးအလိုက် ပြုံးသင့်ရင်ပြုံး.. မဲ့သင့်ရင်မဲ့.. ဟန်အမူအရာတွေပါ လုပ်ပြနေတယ်။
“ရာဇာကတော့ သမီးလေးရပြီဆိုပြီး အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမယ့် ရာဇာ့ရဲ့ ခေါင်းထဲကို အတွေးတချို့ တဖြည်းဖြည်း ဝင်လာတယ်။ မြလေးက ကလေးမွေးပြီးသွားပေမယ့် ရာဇာ့အပေါ်မှာ နွေးနွေးထွေးထွေး ဖြစ်မလာဘူး။ တစ်ခါတစ်လေကျရင် ကလေးကို ချီရင်း ပြတင်းပေါက်ကနေ အပြင်ကို အကြာကြီး ငေးနေတတ်တယ်။ လင်မယားနှစ်ယောက် စကားပြောတဲ့အခါမှာလည်း စိတ်ပါသလို မပါသလို အာရုံက မရှိဘူး။ ဘာဖြစ်သလဲပေါ့.. ရာဇာကတော့ တွေးတယ်။ ဪ.. ကလေးမွေးပြီးကာစမို့ စိတ်ပြောင်းနေတာနေမှာပါ ပြီးရင် ပုံမှန် ပြန်ဖြစ်သွားမှာပါဆိုပြီး စိတ်ဖြေတယ်။ ဒါပေမယ့် တစ်နေ့မှာ ရာဇာ့ဆီကို သတင်းတစ်ခုရောက်လာတယ်..”
ကျွန်မ ရင်ထဲမှာ တထိတ်ထိန် ပြန်ဖြစ်လာတယ်။ ဘာမှန်း မသိပေမယ့် မကောင်းတဲ့ အငွေ့အသက်တွေကို ပါးစပ်ထဲ၊ လျှာဖျားထဲမှာ ခံစားမိလာတယ်။ အဖေက ဆက်ပြောတယ်။
“အဲဒီသတင်းကို ကြားတော့ ရာဇာ မယုံဘူး။ မဖြစ်နိုင်ဘူးလို့ ငြင်းတယ်။ သတင်းလာပေးတဲ့ တပည့်ကို လက်သီးနဲ့ ထိုးတယ်။ နောက်တစ်ခါ အဲဒီကောလာဟလ ထပ်ကြားရရင် အကုန်လုံးကို အပြင်ထုတ်ပစ်မယ်လို့ ရမ်းတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ တနုံ့နုံ့နဲ့ အခဲမကြေဖြစ်နေတယ်။ ဒီလိုနဲ့ တစ်ရက်မှာ မနေနိုင်တော့ဘဲ မြလေးကို တည့်တည့်မေးလိုက်တယ်..”
အဖေ့မျက်နှာက တည်သွားတယ်။ စောစောက ပုံပြောပြနေတဲ့ အမူအရာတွေ ပျောက်သွားတယ်။ မျက်လုံးက အရောင်တောက်လာတယ်။
“မင်းအမေကို ငါ တည့်တည့်ပဲ မေးလိုက်တယ်။ ဝင်းထဲကကောင်တစ်ကောင်နဲ့ ဖောက်ပြန်နေတယ်ဆိုတာ ဟုတ်သလား..လို့”
အခန်းထဲက မီးရောင်တွေ ကျွန်မ အမြင်အာရုံထဲမှာ..အကုန် မှောင်ကျသွားတယ်။ ရင်ဘတ်ထဲက နှလုံးက ဟိုးအောက်ကို ပြုတ်ကျသွားပြီး တစ်ကိုယ်လုံး တွင်းနက်တစ်ခုထဲကို ထိုးဆင်းသွားသလို တလှပ်လှပ်ဖြစ်လာတယ်။ အမေ…
“မင်းနဲ့ မင်းအမေနဲ့ တူတာ တစ်ခုတော့ရှိတယ်။ ဖြစ်ချင်ရာဖြစ် ပြောပစ်လိုက်မယ်..ဆိုတဲ့ အကျင့်။ တစ်ဘက်လူ ဘာတွေပဲ ဖြစ်ပါစေ.. ကိုယ်ပြောချင်တာကို မညှာမတာ ထုတ်ပြောတတ်တဲ့ အကျင့်လေ..။ အဲဒီနေ့က သူငါ့ကို ညာပြောလိုက်ရင် မရဘူးလား။ အမှန်အတိုင်း ဝန်ခံစရာ လိုသလား။ သူ ညာပြောလိုက်ရင် ငါယုံသွားမှာပဲ။ ကောလာဟလတွေပါ အစ်ကိုရယ်.. မယုံပါနဲ့ လို့ပြောလိုက်ရင် ဘာဖြစ်သွားမှာလဲ.. ။ ဒါပေမယ့် မရဘူးလေ..။ မင်းအမေက မင်းအတိုင်းပဲ.. အမှန်တရားကို သိပ်ဖက်တွယ်ချင်သူကြီး..”
အဖေဆက်ပြောမယ့် စကားကို ကျွန်မ မကြားချင်တော့ဘူး။ မသိချင်တော့ဘူး။ ကြောက်လန့်တကြားနဲ့ အဖေ့ကို ကျွန်မ ခေါင်းခါပြတယ်။ ကျွန်မရဲ့ ပြူးကျယ်နေတဲ့ မျက်လုံးတွေကို ကြည့်ရင်း အဖေက မညှာမတာ ဆက်ပြောတယ်။
“ငါသူ့လည်ပင်းကို ညှစ်တော့.. ငါ့လက်တွေကြားမှာ မျက်နှာတွေ ပြာနှမ်းနေတာတောင်… အသက်ထွက်ကာနီးမှာတောင် မင်းအမေက ငါ့ကို စေ့စေ့ကြီး စိုက်ကြည့်သွားတယ်။ တစ်ချက် မအော်ဘူး.. မငိုဘူး.. မတောင်းပန်ဘူး..။ မင်း.. ဟိုနေ့က ငါ့ကို ကြည့်တဲ့ အကြည့်မျိုးပေါ့… တစ်ပုံစံတည်းပဲ”
ကျွန်မ ပါးစပ်ထဲက အသံတချို့ ခုန်ထွက်သွားတယ်။ အာမေဋိတ်သံတွေ..
“ငါ့ဘ၀မှာ လူနှစ်ယောက်ပဲ သတ်ဖူးတယ်။ မေနှင်းရယ်.. မင်းအမေရယ်.. ။ နှစ်ယောက်စလုံးက အဲဒီ အကြည့်ကြောင့် သေရတာချည်းပဲ။ ငါ့ဘ၀မှာ အမုန်းဆုံးက အဲဒီ အကြည့်ပဲ..။ လုပ်ရဲရင် လုပ်လိုက်လေ..ဆိုတဲ့ မျက်နှာပေး..”
ကျွန်မ ပါးစပ်ကို လက်နဲ့ အုပ်လိုက်တယ်။ နားထင်မှာ သွေးတွေ တဒိတ်ဒိတ် တိုးလာတယ်။
“အိုကေ.. အဲဒီတော့ ပုံပြင်အဆုံးမှာ ဘာဆက်ဖြစ်သလဲ။ မြလေး သေသွားတယ်။ သူနဲ့ ဖောက်ပြန်တယ်ဆိုတဲ့ကောင် ပျောက်ခြင်းမလှ ပျောက်သွားတယ်။ ငါလိုက်ရှာသေးတယ်။ ဝင်းတစ်ခုလုံး မြေလှန်ပြီး ရှာတာပဲ ရှာမတွေ့ဘူး။ ကြောက်ပြီး အပြင်ကို ထွက်ပြေးသွားတယ် ထင်တာပဲ။ ထားပါတော့..။ အရေးကြီးတာက.. အရေးအကြီးဆုံး မေးခွန်းက ဘာလဲ.. မင်းသိပြီလား”
ကျွန်မ မျက်လုံးအကြောင်သားနဲ့ပဲ အဖေ့ကို ကြည့်နေမိတယ်။
“မင်းဟာ.. ငါ့သမီးအရင်းလား။ ဒါမှမဟုတ် မျိုးမစစ်တဲ့ .. လင်ကောင်မပေါ်တဲ့ ကောင်မလား.. ငါမသိဘူး။ ဘယ်တော့မှလည်း သိမှာမဟုတ်တော့ဘူး။ အဲဒီဝဋ်ကို ငါ တစ်သက်လုံး ခံသွားရမှာပဲ”
“အဖေ.. အဖေပြောနေတာတွေကို ကျွန်မ.. သမီး.. တစ်ခုမှ မယုံဘူး။ မဖြစ်နိုင်ဘူး”
“ဘာအဖေလဲ.. ခုနကကျတော့ ရှင်တွေ ကျွန်မတွေ.. လူယုတ်မာတွေ.. အောက်တန်းစားတွေ .. စုံနေအောင် ပြောနေပြီး”
အဖေက မတ်တပ်ထရပ်လိုက်တယ်။ ထိုင်ခုံကို မှန်တင်ခုံနားမှာ ပြန်သွားထားတယ်။ ကြက်သေသေနေတဲ့ ကျွန်မနားကို ပြန်လျှောက်လာတယ်။
“ငါဘာလို့ ဝင်းသမားတွေကို မုန်းသလဲ မင်းသိပြီလား။ မျိိုးမစစ်တဲ့ကောင်တွေ။ အောက်တန်းစားတွေ။ သူများ မယားကို အချောင်နှိုက်ချင်တဲ့ ကောင်တွေ။ တာဝန်မယူရဲဘဲ ထွက်ပြေးတဲ့ကောင်တွေ။ မင်းရော.. မင်းကိုယ်ထဲမှာ စီးနေတာ ငါ့သွေးလား.. အောက်တန်းစားသွေးလား။ မင်းက ငါ့သွေးသားဟုတ်သလား မဟုတ်ဘူးလားဆိုတာ .. ခေါင်းပန်းလှန်သလို ၅၀/၅၀ ဖြစ်နေတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ငါကတော့ ဥက္ကဌသမီးဆိုပြီး မာန်တက်မနေနဲ့။ ငါ့အဖေက ငါ့ကို တကယ် မလုပ်လောက်ပါဘူးဆိုပြီး ယုံမနေနဲ့..။ အခုငါ အရေးကြီးတာ တကယ်ပြောတော့မယ်”
“ဒါပေမယ့်..”
“ဆူဇန်။ ပါးစပ်ကို ခနပိတ်ထားစမ်း။ အချိန်မရှိဘူး။ မနက်ဖြန်မနက် ငါတို့ အကုန်လုံး တောင်အောက်ကို ဆင်းရမယ်”
ကျွန်မမှာ ခံစားနိုင်စွမ်းရည် မရှိတော့ဘူး။ တရစပ် ဆောင့်ဝင်လာတဲ့ အံ့ဩခြင်းတွေ၊ တုန်လှုပ်မှုတွေကြောင့် တစ်ကိုယ်လုံး ထူပူပြီး လှုပ်မရဘူး။ အာခေါင်တွေ ခြောက်နေတယ်။ လျှာတစ်ခုလုံး သစ်သားချောင်းတစ်ချောင်းလို မာခလောက်ကြီးဖြစ်နေတယ်။ တဒိတ်ဒိတ် တုန်နေတဲ့ ရင်ဘတ်ထဲက အသံက ခေါင်းခွံထဲမှာ ဟိန်းနေတယ်။
“မနက်ကျရင် ဇင်မင်း လာခေါ်လိမ့်မယ်။ အဲဒီအချိန်ကျရင် လိုက်ခဲ့မလား.. နေခဲ့မလား.. ငါနဲ့လိုက်ခဲ့ပြီး.. ဆက်ပြီး အသက်ရှင်မလား.. ဒီဝင်းထဲမှာ နေခဲ့ပြီး ဝင်းသမားတွေနဲ့ အတူတူ ငတ်သေမလား.. မင်းဘာသာမင်း ဆုံးဖြတ်တော့”
အဖေက ပြောပြီး လှည့်ထွက်သွားတယ်။
ဝုန်းကနဲ ပိတ်သွားတဲ့ တံခါးသံနဲ့ အတူ ကျွန်မဘ၀တစ်ခုလုံး ပြိုလဲသွားတယ်။
++++++++++++++++