အခန်း (၁၀)
(၁)
တောင်ဘက်တံတိုင်းနားကိုရောက်တော့ နေထွက်ကာနီးပြီ။ ဒါပေမယ့် တစ်ချက်တစ်ချက် လင်းကနဲ ဖြစ်သွားတဲ့ ဂိတ်မီးရောင်တွေကလွဲရင် ပတ်ဝန်းကျင်တစ်ခုလုံးက အပြာရင့်ရောင်၊ မှောင်နေတုန်းပဲ။ လူလုံးမကွဲသေးဘူး။
တံတိုင်းနဲ့ မလှမ်းမကမ်းကိုရောက်တော့ လေးခရမ်းက တံတိုင်းပေါ်ကို တစ်ချက်မော့ကြည့်တယ်။ သံဆူးကြိုးတွေနဲ့ မီးတိုင်တွေကြားက လျှောက်လမ်းမှာ အစောင့်တွေရှိမလား.. သေချာ အကဲခတ်တယ်။ ဘာမှမရှိမှန်း သေချာသွားတော့မှ တံတိုင်းအောက်ဘက်ကို ခပ်သွက်သွက် ပြေးကပ်တယ်။ ကျွန်တော့်ကို လိုက်ခဲ့ဖို့ လက်ပြတယ်။
တဆစ်ဆစ်နာနေတဲ့ ဒူးဆစ်က ဝေဒနာကို ကြိုးစားမေ့ပြီး ကျွန်တော် သူ့ဆီကို ထော့နဲ့ထော့နဲ့ လျှောက်သွားလိုက်တယ်။ ရင်ထဲမှာတော့ တဒိတ်ဒိတ် မြည်နေပြီ။ မြေကြီးအမာနဲ့ သံခြေထောက်နဲ့ ထိတဲ့ တဒေါက်ဒေါက်အသံက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်အတွက် ကျယ်လွန်းနေတယ်။ တစ်ယောက်ယောက်ကများ “ရပ်” လို့ လှမ်းအော်လိုက်မလား။ ဒါမှမဟုတ် ဘာသတိပေးသံမှ မကြားလိုက်ရဘဲ ကျည်ဆံတွေ ကျွန်တော့် ရင်ဘတ်ထဲ ပစ်ဝင်လာမလား..။ ကံကောင်းထောက်မစွာပဲ.. ဘာမှမဖြစ်ဘဲ ကျွန်တော် ခရမ်းဆီကို ရောက်သွားတယ်။
ခရမ်းက လေသံသဲ့သဲ့နဲ့ ပြောတယ်။
“နင့်ခြေတုကို ချွတ်လိုက်”
ကျွန်တော် သူပြောတဲ့အတိုင်း လိုက်လုပ်တယ်။ ဒူးခေါင်းထိပ်မှာ ပတ်စည်းထားတဲ့ သားရေပတ်ကို ဖြည်တယ်။ သံကွင်းတွေကို ဖြုတ်တယ်။ ခဏလေးအတွင်းမှာ သံခြေထောက်က ကျွတ်သွားတယ်။ အဝတ်ဖြူစည်းထားတဲ့ ဒူးခေါင်းငုံးတိက ဖွေးကနဲပေါ်လာတယ်။ ခြေတစ်ချောင်းထောက်နဲ့ ယိမ်းယိုင်နေတဲ့ ကျွန်တော့်ကိုယ်လုံးကို လေးခရမ်းက လက်နဲ့ကိုင်ပြီး အသာထိန်းပေးတယ်။
“ခဏထိုင်လိုက်။ ဒီမှာ.. ဒီနားမှာ လာထိုင်”
လေးခရမ်းက သူ့ဘေးက မြေကွက်လပ်နေရာကို လက်ညိုးထိုးပြတယ်။ ကျွန်တော် ကျေးဇူးတင်စွာနဲ့ပဲ ထိုင်ချလိုက်တယ်။ ထူပူနေတဲ့ ဒူးခေါင်းထိပ်ကို လက်နဲ့ဖိရင်း အနာသက်သာအောင် လုပ်ကြည့်တယ်။ ဘာမှမထူးဘူး။ ပိုလို့တောင် နာလာသေးတယ်။
“ဘာဆက်လုပ်ရမှာလဲဗျ။ တံတိုင်းပေါ် ကျော်တက်လို့တော့ ကျွန်တော့်ခြေထောက်နဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးနော်..”
“အပေါ်က ကျော်မတက်ဘူး။ အောက်ကနေ သွားရမှာ”
ခရမ်းက ပြောပြီးတာနဲ့ တံတိုင်းအောက်ခြေကမြေကြီးကို လက်နဲ့ထိုးဖွတယ်။ အံဩစရာပဲ.. ပုံမှန်ဆိုရင် ကျောက်ခဲနီးပါး မာကျောနေတတ်တဲ့ မြေကြီးက ခရမ်းရဲ့ လက်နှစ်ဘက်နဲ့ ထိုးလိုက်တာ ပွယောင်းယောင်းဖြစ်ပြီး အတုံးလိုက်အခဲလိုက်တွေ ပဲ့ထွက်ကုန်တယ်။ ခရမ်းက လက်ထဲကို အလွယ်တကူ ပါလာတဲ့ မြေစိုင်ခဲတွေကို ဖယ်တယ်။ ငါးခေါက် ခြောက်ခေါက်လောက် ဖယ်ပြီးတဲ့အခါ အောက်မှာ မြေစိုင်ခဲတွေအောက်မှာ အပြားလိုက် ခင်းထားတဲ့ သံပြားတစ်ချပ်ကို ကျွန်တော် တွေ့လိုက်ရတယ်။
ခရမ်းက သံပြားကို လက်နှစ်ဘက်နဲ့ ကိုင်ပြီး မ,ထုတ်လိုက်တော့ လူတစ်ကိုယ်စာဝင်လို့ရတဲ့ တွင်းတစ်ခု ဖြစ်သွားတယ်။ လေးခရမ်းက သံဇကာပြားကို ဘေးမှာချတယ်။ စောစောက ဖယ်ထုတ်ထားတဲ့ မြေအစိုင်အခဲတွေကို ဇကာပေါ်မှာ တစ်ခုချင်းတင်ပြီး နေရာတကျ ပြန်စီတယ်။ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ စီပြီးသွားတဲ့အခါ မြေခဲတွေအောက်မှာ သံဇကာပြားရှိနေမှန်းတောင် မသိသာတော့ဘူး။
“လာ.. ဒီတွင်းထဲကို လျှောပြီး ဆင်းလိုက်။ အောက်နားရောက်ရင် ပြေဆင်းသွားလိမ့်မယ်။ ပြီးရင် တည့်တည့်သာ ဆက်လျှောက်သွား။ ငါနောက်က လိုက်ခဲ့မယ်”
ကျွန်တော် သူ့ကို ဇဝေဇဝါနဲ့ ကြည့်လိုက်တယ်။ ပြီးတော့ မှောင်မည်းနေတဲ့တွင်းထဲကို ငုံ့ကြည့်တယ်။ သူပြောတဲ့အတိုင်းပဲ တွင်းက ငါးပေလောက် တည့်တည့်ဆင်းချသွားပြီး အောက်နားမှာ ပြေဆင်းသွားတယ်။ အောက်မှာ ဘာတွေရှိသလဲ.. လူဝင်လို့ ရရဲ့လား..၊ ပြိုကျရင် ဘယ်လိုလုပ်မလဲ…မေးခွန်းထုတ်မလို့ ပြင်လိုက်တော့ ကျွန်တော့်ကို ခရမ်းက ပိတ်ပြောတယ်။
“နင့်ခြေထောက် ငါ့ကိုပေးခဲ့..”
လက်ထဲမှာ ယောင်နနနဲ့ ကိုင်ထားတဲ့ ခြေထောက်အတုကို ကျွန်တော် သူ့လက်ထဲထည့်ပေးလိုက်တယ်။ စိတ်ထဲမှာတော့ စိတ်မချသလိုလို၊ ကိုယ့် ခြေထောက်အစစ်ကို ဖြုတ်ပေးလိုက်ရသလိုလို ဖြစ်နေတယ်။ တစ်ရက်တောင်ပြည့်အောင် မသုံးရသေးပေမယ့် အဲဒီသံချောင်းဟာ ကိုယ့်ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလိုတောင် ဖြစ်နေပြီ..။
“ခင်ဗျား အရှေ့ကသွားလို့ မရဘူးလား.. ကျွန်တော် လမ်းမှ မသိဘဲ..”
ခရမ်းက ကျွန်တော့်ကို နင်ရူးနေသလား ဆိုတဲ့ အကြည့်နဲ့ ကြည့်တယ်။ မြေစိုင်ခဲတွေ စီပြီးတင်ထားတဲ့ သံဇကာပြားကို လက်ညှိုးထိုးပြတယ်။
“ဘာလမ်းသိရမှာလဲ။ အထဲမှာ လမ်းတစ်လမ်းပဲ ရှိတယ်။ တည့်တည့် လျှောက်သွား..။ လမ်းဆုံးရင် ငါ့ကို စောင့်နေ။ ငါဒီမှာ တွင်းဖုံးကို ပြန်ဖုံးရဦးမယ်။ သွားတော့ မြန်မြန်။ မိုးလင်းသွားမှ အကုန် ဒုက္ခရောက်ကုန်မယ်”
ကျွန်တော် ဘာမှပြန်မပြောတော့ဘဲ တွင်းအ၀ဆီကို လေးဘက်ထောက်သွားလိုက်တယ်။ အပေါက်ထဲကို လျှောဆင်းလိုက်တယ်။
(၂)
လိုဏ်ခေါင်းက လူတစ်ယောက် လေးဘက်ထောက်စာလောက်ပဲ မြင့်တယ်။ သုံးပေလောက် ကျယ်မယ်။ သံခြေထောက်ကို ဖြုတ်ထားခဲ့မိလို့ တော်သေးတယ်။ မဟုတ်ရင် တွားသွားဖို့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။
အမှောင်ထဲမှာ မျက်လုံးကို ကျင့်သားရဖို့ ကြိုးစားနေတုန်း အနောက်က ဖုတ်ကနဲအသံနဲ့အတူ ခရမ်း ခုန်ဆင်းလာတယ်။ တွင်းဖုံးကို သံပြားနဲ့ ပြန်ဖုံးတယ်။ လိုဏ်ခေါင်းထဲမှာ အလင်းရောင် လုံး၀ ပျောက်သွားတယ်။
“ဘာစောင့်နေတာလဲ။ သွားလေ..။ မြန်မြန်”
ခရမ်းက အနောက်ကနေ လှမ်းလောတယ်။ ကျွန်တော် မမြင်မကန်းနဲ့ အရှေ့ကို တွားသွားလိုက်တယ်။
စမ်းတဝါးဝါးနဲ့ တွားသွားနေလိုက်တာ မိနစ်နှစ်ဆယ်လောက်တောင် ကြာသွားမယ်ထင်တယ်။ တဖြည်းဖြည်းနဲ့ လိုဏ်ခေါင်းက ဆက်သွားလို့မရတော့အောင် ကျဉ်းလာတယ်။ ကျွန်တော် ဘေးနံရံတွေကို လက်နဲ့ စမ်းကြည့်တယ်။ အပေါ်ကို စမ်းတယ်။ မြေကြီးအစအနတွေ၊ ကျောက်စရစ်ခဲတွေကိုပဲ စမ်းမိတယ်။ မျက်လုံးကို ပြူးပြဲနေအောင် ဖြဲကြည့်သေးတယ်။ ဒါပေမယ့် အလင်းရောင် တစ်စက်မျ မရှိဘူး။ ဘေးဘီဝဲယာ ဘာမှ မမြင်ရဘူး။ အပေါ်ကိုမော့ကြည့်တော့လည်း မှောင်နဲ့ မည်းမည်းပဲ။
“ဆက်သွားလို့ မရတော့ဘူး”
ကျွန်တော် ခရမ်းဘက်ကို လှည့်ပြီး ပြောလိုက်တယ်။ ခရမ်းက ကျွန်တော့်နားကို ရောက်လာတယ်။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ သံခြေထောက်ကို ကျွန်တော့်ဆီ ထိုးပေးတယ်။
“ဘေးကို ကပ်လိုက်..”
ကျွန်တော် ညာဘက်ခြမ်းကို ကပ်ပြီး ဖယ်ပေးလိုက်တယ်။ လေးခရမ်းက ကျွန်တော့်ဘေးကို စွေ့ကနဲ ဝင်လာတယ်။ သူ့ကိုယ်လုံးနဲ့ ကျွန်တော့်ကိုယ်လုံး ခြေဆုံးခေါင်းဆုံး ထိကပ်သွားတယ်။ ချွေးနံ့၊ ဖုန်နံ့ သဲနံ့တွေကြားက တစ်ချက်တစ်ချက် ဝေ့ပျံလာတဲ့ သူ့ကိုယ်သင်းနံ့ကြောင့် ကျွန်တော် အသက်ရှူမှားချင်သလိုလို ဖြစ်သွားတယ်။ ခေါင်းကို ဟိုဘက် အမြန်လှည့်လိုက်ရတယ်။ ခရမ်းနဲ့ ကိုယ်ချင်းထိနေရင်း.. ဘာကြောင့်မှန်းမသိ ကျွန်တော့် စိတ်ထဲမှာ မေနှင်းကို ပိုသတိရသွားတယ်။ မေနှင်းရဲ့ ဆံပင်တွေ၊ မျက်ခုံးတွေ..ယိုင်နဲ့နေတဲ့ သူ့ရဲ့ ကိုယ်လုံးနဲ့ ပိန်လှီနေတဲ့ လက်သွယ်သွယ်သေးသေးတွေ.. ပြီးတော့ ကျွန်တော့်ကို အမြဲလိုလို အားကိုးတကြီး ကြည့်တတ်တဲ့ သူ့မျက်ဝန်းတွေ..
ခရမ်းက မတ်တပ်ထရပ်လိုက်တယ်။ လင်းကနဲ ဝင်လာတဲ့ နေရောင်ကြောင့် ကျွန်တော့်သူငယ်အိမ်တွေ အဆုံးထိ ပွင့်သွားတယ်။ မျက်လုံးတွေ ကျိန်းစပ်သွားတယ်။ အပြင်မှာ မိုးစင်စင် လင်းသွားပြီပဲ။ ခရမ်းက တွင်းဖုံးကို မ,ထားရင်း ကျွန်တော့်ကို ငုံ့ကြည့်တယ်။
“အပေါ်ရောက်ရင် ဘာသံမှ မထွက်နဲ့နော်။ ငါ့နောက်ကို တိတ်တိတ် လိုက်ခဲ့”
ကျွန်တော် ခေါင်းညိတ်တယ်။ တွင်းထဲကို လှိမ့်ဝင်လာတဲ့ ပြင်ပလေကို အငမ်းမရ ရှူတယ်။ ခရမ်းက တွင်းဖုံးကို ပစ်လှန်လိုက်တယ်။ လက်နှစ်ဘက်နဲ့ တွင်းနှုတ်ခမ်းကို အားယူပြီး ခုန်တက်သွားတယ်။ အပေါ်ရောက်မှ ကျွန်တော့်ကို လက်ကမ်းပေးတယ်။ သံခြေထောက်ကို ကျွန်တော် ချိုင်းကြားမှာ ညှပ်လိုက်တယ်။ ခြေတစ်ချောင်းထောက် မတ်တပ်ရပ်ပြီး ခရမ်းဆီကို လက်လှမ်းလိုက်တယ်။ ကျွန်တော့် လက်နှစ်ချောင်းကို ခရမ်းက မြဲမြဲကိုင်ပြီး အသာတကြည်ပဲ ဆွဲမလိုက်တယ်။ ကျွန်တော့် တစ်ကိုယ်လုံး သစ်ကိုင်းတစ်ကိုင်းလို စွေ့ကနဲ ပါသွားတယ်။
မနက်ခင်းနေရောင်အောက်မှာ မျက်လုံးတွေ အသားကျလာအောင် မနည်း ကျင့်ယူရတယ်။ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ကျွန်တော် ဘယ်ရောက်နေသလဲ ချက်ခြင်း မမှတ်မိဘူး။ မျက်စောင်းထိုးလောက်မှာ မြင်နေရတဲ့ အဆောက်အဦးကိုမြင်တော့မှ အခုရောက်နေတဲ့နေရာ ဘယ်နေရာလဲဆိုတာ ကျွန်တော် သိသွားတယ်။
တိုက်တန်းတွေရဲ့ နောက်ဘက်ကို ရောက်နေတာပဲ..။
ခရမ်းက တွင်းဖုံးကို ပြန်ဖုံးတယ်။ အဖုံးအပေါ်ကို မြေကြီးခဲတွေနဲ့ ပြန်ကာတယ်။ ကျွန်တော့် ချိုင်းကြားမှာ ညှပ်ထားတဲ့ သံခြေထောက်ကို မေးငေါ့ပြတယ်။ ကျွန်တော် ခဏလောက် ကြောင်တောင်တောင်နဲ့ ပြန်ကြည့်နေပြီးမှ ခြေထောက်ကို ပြန်တပ်ဖို့ သတိရသွားတယ်။
ကျွန်တော့် ခြေထောက်ကို ပြန်တပ်ပြီးတာနဲ့ ခရမ်းက တိုက်တန်းဘက်ကို ခပ်သွက်သွက် လျှောက်သွားတယ်။ မနက်အစောကြီးရှိသေးတဲ့အတွက် တိုက်တန်း နောက်ဘက်ခြမ်းတွေမှာ လူတော်တော် ရှင်းနေတယ်။ အမှိုက်ပုံနားမှာ အစာရှာနေကြတဲ့ ကလေးတစ်ယောက် နှစ်ယောက်ကလွဲရင် ဘယ်သူမှ မရှိဘူး။ ကလေးတွေကလည်း ကျွန်တော်နဲ့ ခရမ်းကို အဖက်လုပ်ပြီး လှည့်မကြည့်ဘူး။ လူနှစ်ရပ်စာလောက် မြင့်တဲ့ အမှိုက်ပုံထဲမှာ ဘာများတွေ့မလဲ.. သဲကြီးမဲကြီး ရှာနေကြတယ်။
ခြောက်ထပ်တိုက် တစ်လုံးရဲ့ နောက်ဘက်ခြမ်းကိုရောက်တော့ ခရမ်းက ကျွန်တော့်ကို ရပ်စောင့်နေတယ်။ တိုက်ရဲ့ နောက်ဘက် နံရံက ဆေးတွေကွာနေတယ်။ အချပ်လိုက် ကွာကျနေတဲ့ အုတ်ကွက်တွေလည်း မနည်းမနောပဲ။ ပြတင်းပေါက်တွေဆိုတာ.. မှန်တစ်ချပ်မှ မရှိတော့ဘဲ ဖြစ်သလို ကာထားတဲ့ သစ်ပြားတွေ၊ အဝတ်စုတ်တွေနဲ့ ရောင်စုံချပ်ပြားတွေ ဖြစ်နေတယ်။ တိုက်ရဲ့ အောက်ခြေကနေ ခေါင်မိုးအထိ ကွေ့ကောက်ပြီး တပ်ထားတဲ့ လှေကားထစ်တွေရှိတယ်။ ခရမ်းက လှေကား အောက်ဆုံးထစ်ကို လက်နဲ့ထောက်ထားတယ်။ အပေါ်ကို တက်မလို့ထင်တယ်..။ ကျွန်တော် လှေကားကို မော့ကြည့်လိုက်ပြီး အသက်ရှူရပ်ချင်သလိုလို ဖြစ်သွားတယ်။ သံချေးအထပ်ထပ်နဲ့ ကျိုးပျက်နေတဲ့ လှေကားထစ်တွေက ဟိုနားတစ်စ ဒီနားတစ်စ .. အစတွေထွက်ပြီး ဖွာလန်ကြဲနေတယ်။ လှေကားထစ်တွေကလည်း သုံးထစ်မှာ တစ်ချောင်းလောက် ကျိုးနေတယ်။ တချို့နေရာတွေမှာ ပြုတ်ထွက်နေတဲ့ လှေကားသံချောင်းတွေကို ဘေးမှာရှိတဲ့ ရေဆိုးပိုက်တွေနဲ့ ပူးချည်ထားတယ်။
ခရမ်းက ကျွန်တော့်ကို မေးတစ်ချက်ဆတ်ပြတယ်။ အပေါ်ကို လက်ညှိုးထိုးပြတယ်။ လက်ချောင်း လေးချောင်း ထောင်ပြတယ်။ ပြီးတော့ ဘာမပြောညာမပြောနဲ့ လှေကားပေါ်ကို လှစ်ကနဲ ခုန်တက်သွားတယ်။ လှေကား ခြေနင်းတွေ၊ ပိုက်လုံးက ထွက်နေတဲ့ အရစ်တွေ၊ နံရံကနေ ထုတ်ထားတဲ့ အုတ်ချပ် အထစ်တွေကို လက်နှစ်ဘက်နဲ့ ကိုင်ပြီး ခုန်တက်သွားလိုက်တာ စက္ကန့်ပိုင်းအတွင်းမှာ လေးထပ်တိုက် ပြတင်းပေါက်နားကို ရောက်နှင့်နေပြီ။
တိုက်တန်းဘက်က ပစ္စည်းသယ်တဲ့သူတွေ ဘယ်လောက် မြန်သလဲဆိုတာ ကျွန်တော် ကြားဖူးတယ်။ ၀ရန်တာလက်ရန်းတွေ၊ ပိုက်လိုင်းတွေကို ခိုစီးပြီး တိုက်ရဲ့ အပေါ်နဲ့အောက်ကို ဆင်းလိုက်တက်လိုက် လုပ်ကြတာ မြင်ဖူးတယ်။ အားအားယားယား အချိန်တွေဆိုရင် ငမျိုးနဲ့ ကျွန်တော် ဘာမှ မလုပ်ဘဲ တိုက်တန်းရှေ့မှာထိုင်၊ မျောက်တွေလို ဆင်းလိုက်တက်လိုက် လုပ်နေကြတဲ့ ပစ္စည်းပို့တဲ့ ကလေးတွေကို ထိုင်ကြည့်ဖူးတယ်။ ဒါပေမယ့် ကျွန်တော် မြင်ဖူးတဲ့သူတွေက အသက်ငယ်ငယ် ကလေးတွေ များတယ်။ အားလုံးက ယောကျ်ားလေးတွေချည်းပဲ။ ပြီးတော့ သူတို့တောင် လေးခရမ်းလောက် မမြန်ဘူး။
ပါးစပ်အဟောင်းသားနဲ့ မော့ကြည့်နေတဲ့ ကျွန်တော့်ကို ခရမ်းက အပေါ်ကနေ လက်ယပ်ခေါ်တယ်။ မြန်မြန် လုပ်ဖို့ ခြေဟန်လက်ဟန်နဲ့ အချက်ပြတယ်။ နေရောင်က လင်းသတထက် လင်းလာတယ်။ တိုက်တန်းကလူတွေ မကြာခင် အိပ်ယာနိုးလာကြတော့မယ်။ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ဟာ မကြာခင်မှာ ဆူညံပွက်လောရိုက်လာတော့မယ်။ ကျွန်တော့်ကို လူတွေ မြင်သွားလို့ မဖြစ်ဘူး။
ကျွန်တော် အသက်ကို အောင့်ပြီး လှေကားကို လှမ်းခိုလိုက်တယ်။
တက်ရတာ ထင်ထားသလောက်တော့ မခက်ခဲဘူး။ ဒါပေမယ့် သံခြေထောက်အကွေးကြောင့် အလှမ်းတိုင်းက ကိုးလိုးကန့်လန့်တွေ ဖြစ်နေတယ်။ တစ်လှမ်းချင်း တက်နေတဲ့ ကျွန်တော့်ရဲ့ ကိုယ်အလေးချိန်ကို ဆွေးမြေ့နေတဲ့ လှေကားထစ်တွေက မနည်း ထမ်းထားရတယ်။ နှစ်ထပ်စာလောက် တက်ပြီးတဲ့အချိန်မှာ ကျွန်တော့် တစ်ကိုယ်လုံး ချွေးတွေ နစ်နေပြီ။ အသက်ကို မနည်းရှူရတယ်။ တစ်ညလုံး တောင်တက်ထားရတဲ့ ဒဏ်၊ လောလောလတ်လတ် ဖြတ်ထားတဲ့ ခြေထောက်၊ တစ်သက်လုံး မကောင်းခဲ့တဲ့ ကိုယ်ခံအား.. အားလုံးက အခုမှ စုပြီး ကျွန်တော့်ကို စိတ်ရော ကိုယ်ပါ ထောင်းထောင်းကြေအောင် ဖိနင်းထားတယ်။
ခရမ်း စောင့်နေတဲ့ လေးထပ်က ပြတင်းပေါက်နားကိုရောက်တော့ ကျွန်တော် မူးမေ့ပြီး အောက်ကို ပြုတ်ကျလုမတတ် ဖြစ်နေပြီ။ လက်တွေလည်း မခိုင်တော့ဘူး။ လှေကားထစ်တွေကို တံတောင်ဆစ်ကွေးနဲ့ ချိတ်ပြီး ပြုတ်မကျအောင် ထိမ်းရတယ်။ ခရမ်းက ကျွန်တော် အခြေအနေ မဟန်တော့တာကို ရိပ်မိတယ်ထင်တယ်။ သူ့မျက်လုံးထဲမှာ စိတ်ပူတဲ့ အရိပ်အယောင် နည်းနည်း တွေ့ရတယ်။ ကျွန်တော် သူ့နားကိုရောက်သွားတာနဲ့ ခရမ်းက ကျွန်တော့်လက်ကို လှမ်းဆွဲတယ်။ သူ့ဘေးနားကို ဆွဲခေါ်တယ်။ ကျွန်တော် သူ့ကိုယ်ကို မှီထားရင်း အသက်ကို အငမ်းမရ ရှူတယ်။
“ရောက်ပြီ။ ရသေးရဲ့လား.. တင်းထား”
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ ခရမ်းက ဟိုဘက်ပြန်လှည့်ပြီး ပြတင်းပေါက်မှာကာထားတဲ့ သစ်သားပြားကို လက်နဲ့ သုံးချက် ခေါက်တယ်။ ခဏနားတယ်။ တစ်ချက် ခေါက်တယ်။ ခဏနားတယ်။ သုံးချက် ထပ်ခေါက်တယ်။
သစ်သားပြားက ရွေ့သွားတယ်။ အထဲက လက်နှစ်ဘက် ထွက်လာပြီး ပြတင်းပေါင်ကို မီနေတဲ့ ကျွန်တော့်ရဲ့ ချိနဲ့နေတဲ့ ကိုယ်လုံးကို လှမ်းပွေ့တယ်။ ဘယ်သူ့လက်လဲ ကျွန်တော် မသိဘူး။ မျက်လုံးထဲကို အမှောင်ရိပ်တွေ တဝေါဝေါ တိုးဝင်လာပြီး ကျွန်တော် ပျော့ခွေကျသွားတယ်။
(၃)
မေနှင်းက အငွေ့တထောင်းထောင်းထနေတဲ့ အာလူးပြုတ်တစ်လုံးကို အခွံနွှာနေတယ်။ မီးရောင် ဝါဝါအောက်မှာ မေနှင်းရဲ့ မျက်နှာက ပုံမှန်ထက် ပိုပြီး နွမ်းနယ်နေသလိုပဲ။ ကျွန်တော့်ကို တွေ့တော့ မေနှင်းက ပြုံးပြတယ်။ စကားတစ်ခွန်း လှမ်းပြောတယ်။ ဒါပေမယ့် မေနှင်း ပါးစပ်က ဘာသံမှ ထွက်မလာဘူး။ ကျွန်တော် မေနှင်းအနားကို လျှောက်သွားလိုက်တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဆယ်ပေပတ်လည် သံပုံးလေးက အခုတော့ ဘယ်လောက် လျှောက်လျှောက် ဘယ်မှမရောက်နိုင်အောင် ရှည်လျားနေပါလား။ တစ်လှမ်း လှမ်းလိုက်တိုင်း မေနှင်းနဲ့ ကျွန်တော် ပိုဝေးသွားတယ်။ ကျွန်တော် မေနှင်းကို အော်ခေါ်တယ်။ သူ့ဆီကို အားသွန် ပြေးသွားတယ်။ မေနှင်းက ကျွန်တော့်ကို ပြုံးပဲ ပြုံးပြနေတယ်။ သူနဲ့ ကျွန်တော်ကြားက အကွာအဝေးက တဖြည်းဖြည်း ကြီးလာလိုက်တာ..။ သံပုံးရဲ့ ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ် .. ဘယ်နှမိုင်လောက်တောင် ဝေးသွားပြီလဲ။ မေနှင်းဆီကိုပြေးသွားနေရင်း ကျွန်တော် အမောဖောက်လာတယ်။ ချောင်းတွေ တဟွတ်ဟွတ် ဆိုးလာတယ်။ အသက်ရှူကြပ်လာတယ်။ တစာစာ အော်ခေါ်နေတဲ့ ကျွန်တော့် ပါးစပ်ထဲကို ရေတွေ စီးဝင်လာတယ်။ အတင်း လှိမ့်ဝင်လာတဲ့ ရေတွေကို ပြန်ထွေးထုတ်ပစ်ဖို့ ကျွန်တော် ကြိုးစားတယ်။ ခွီးကနဲ သီးသွားတယ်။
“ငါးနီ.. ဟေ့ကောင်။ ရေသောက်။ ဒီမှာ.. ရေသောက်လိုက်”
မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ကျွန်တော့်ဘေးမှာ ထိုင်နေတာ ခွန်ဖြူ။ ကျွန်တော့်ပါးစပ်ထဲကို ခွက်တစ်ခွက်နဲ့ ရေတွေ လောင်းထည့်ပေးနေတယ်။ ကျွန်တော် ငေါက်ကနဲ ထထိုင်လိုက်တယ်။ ပါးစပ်ထဲကရေတွေကို ထွေးထုတ်လိုက်တယ်။
“မေနှင်း။ မေနှင်း ဘယ်မှာလဲ.. ခင်ဗျားတို့ သူ့ကို သွားကယ်ပြီးပြီလား”
“နေဦး။ စကားမပြောနဲ့ဦး။ ရော့ ဒီမှာ ဒါအရင်စားလိုက်”
ခွန်ဖြူက ကျွန်တော့်လက်ထဲကို အာလူးပြုတ်တစ်လုံး ထည့်ပေးတယ်။ ကျွန်တော် အာလူးကို နံရံဆီ ပစ်ပေါက်လိုက်တယ်။ ခွန်ဖြူ့ဘက်ကို ဝုန်းကနဲပြန်လှည့်တယ်။ သူ့လည်ပင်းကို ကျွန်တော့် လက်နှစ်ဘက်နဲ့ ဆတ်ကနဲ ညှစ်လိုက်တယ်။ ခွန်ဖြူ့ရဲ့ ကြမ်းရှနေတဲ့ ဆံပင်တွေ ကျွန်တော့်လက်ကောက်ဝတ်ပေါ်ကို အစီအရီကျလာတယ်။ သူက မရုန်းဘူး။ ကျွန်တော့်ကိုပဲ စိုက်ကြည့်နေတယ်။
“မေနှင်း ဘယ်မှာလဲလို့ မေးနေတယ်။ ခင်ဗျားတို့ ဘယ်အချိန်ထိ ကျွန်တော့်ကို တားထားဦးမှာလဲ”
“ငါလည်း မသိဘူး။ လေးခရမ်း ပြန်လာမှ သိရမယ်”
ခွန်ဖြူက ကျွန်တော့်အမေးကိုပြန်ဖြေရင်း သူ့လည်ပင်းကို တင်းတင်းညှစ်ထားတဲ့ ကျွန်တော့်လက်တွေကို အသာဖယ်တယ်။ ကြမ်းပြင်ပေါ်မှာ ပြုတ်ကျနေတဲ့ အာလူးပြုတ်ကို သွားကောက်တယ်။ ကျွန်တော့်နားမှာ ပြန်ထိုင်တယ်။
“အခု ရေသောက်။ ပြီးရင် အာလူးစား။ မင်းမိန်းမနဲ့ပတ်သက်တာတွေ ငါ့ကို မမေးနဲ့။ ငါဘာမှ မသိဘူး”
ဒီအခန်းကို ကျွန်တော် မှတ်မိနေတယ်။ တောင်အောက်စခန်းကို မရောက်ခင် ဒီအခန်းထဲကို အရင်ခေါ်လာတာပဲ။ ဟုတ်တယ်။ နံရံတွေကို ကျွန်တော် မှတ်မိနေတယ်။ မျက်နှာကြက်မှာ တပ်ထားတဲ့ လင်းထိန်နေတဲ့ မီးချောင်းကိုလည်း ကောင်းကောင်း မှတ်မိတယ်။
“ဒီအခန်းက ခင်ဗျားတို့ရဲ့ စခန်းနေရာလား”
ခွန်ဖြူက ခေါင်းညိတ်တယ်။ နံရံနဲ့ ရိုက်မိပြီး တစ်ခြမ်းပိန်နေတဲ့ အာလူးပြုတ်ကို ကျွန်တော့်လက်ထဲ ထိုးထည့်ပေးပြန်တယ်။ ကျွန်တော် အာလူးကို တစ်ကိုက်ကိုက်လိုက်တယ်။
“မင်းမှာ မေးစရာတွေ ရှိနေမှန်း ငါသိတယ်။ ဒါပေမယ့် ခနစောင့်ဦး။ အားရှိအောင် အရင်စား။ ဟိုမှာ ရေသောက်။ ပြီးမှ မေးချင်တာမေး”
အာလူးတစ်လုံးနဲ့ ရေတစ်ခွက် အပြီးမှာ ကျွန်တော် နည်းနည်း ထူထူထောင်ထောင် ဖြစ်လာတယ်။ ခွန်ဖြူက ကျွန်တော် စားသောက်နေတာကို စိတ်ရှည်လက်ရှည်ထိုင်စောင့်နေတယ်။ ကျွန်တော် မတ်တပ်ထရပ်လိုက်တယ်။ အခန်းရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ကို အသွားအပြန် လမ်းလျှောက်ကြည့်တယ်။ ဒူးခေါင်းက အနာသက်သာစပြုနေပြီ။ ပရိဘောဂ မရှိတဲ့အခန်းထဲမှာ ကျွန်တော့်ရဲ့ သံခြေထောက်သံ တဒေါက်ဒေါက်က ပဲ့တင်သံတွေ ဆက်တိုက် ထုတ်ပေးနေတယ်။ အခန်းမှာ ပြတင်းပေါက်မရှိတဲ့အတွက် နေ့လား ညလား မသဲကွဲဘူး။
“ဒီတစ်ခါ ကျွန်တော် သတိလစ်သွားတာ ဘယ်လောက်ကြာသွားလဲ”
“နာရီပိုင်းပဲ ရှိပါသေးတယ်။ လေးခရမ်းကတော့ မင်းကိုခေါ်လာပြီးကတည်းက ပြန်ထွက်သွားတာပဲ။ မေနှင်းအကြောင်း သွားစုံစမ်းတာ”
“လေးခရမ်းဆိုတဲ့ မိန်းမက တိုက်တန်းဘက်ကလား”
ကျွန်တော် တကယ်သိချင်စိတ်နဲ့ မေးလိုက်တယ်။ ခွန်ဖြူက ခေါင်းညိတ်တယ်။
“ဟုတ်တယ်။ ကလေးတုန်းကတော့ ပစ္စည်းသယ်တဲ့ အလုပ်လုပ်တယ်။ သူ့မိဘတွေ ဆုံးပြီးတော့မှ ဆက်မလုပ်ဖြစ်တော့တာ”
ဦးအောင်သောင်းပြောတဲ့ သူရဲတွေအကြောင်း ကျွန်တော် သတိရသွားတယ်။ ခွန်ဖြူ့ကို မေးကြည့်မလို့ ဆုံးဖြတ်လိုက်တယ်။ ဒီအတိုင်း ထိုင်စောင့်နေရမယ့်အတူတူ ကြယ်တံခွန်တွေအကြောင်း ထပ်သိရအောင် မေးကြည့်ချင်တယ်။
“ခင်ဗျားရယ်၊ ကျွန်တော်ရယ်၊ လေးခရမ်းရယ်.. ပြီးတော့ သုံးဝါရယ်.. ကျွန်တော်တို့အားလုံးက သေရွာကပြန်လာတဲ့သူတွေတဲ့။ ကြယ်တံခွန်သူရဲတွေဆိုလား..ဘာဆိုလား.. အဲဒီလို ခေါ်တဲ့သူတွေတဲ့။ ဦးအောင်သောင်းက ပြောတယ်။ ဒါဆို လေးခရမ်းနဲ့ ခင်ဗျားလည်း ကျွန်တော့်လို သဲဆိပ်သင့်ပြီး မျောသွားဖူးတာလား..”
ခွန်ဖြူက ခေါင်းခါတယ်။ မျက်နှာပေါ် ပုံကျလာတဲ့ ဆံပင်အထွေးတွေကို ပြန်သပ်တင်တယ်။
“ခရမ်းကိစ္စကတော့ မင်းဘာသာမင်း သူ့ကို မေး။ ငါပြောပြလို့ မကောင်းဘူး”
“ဒါဆိုရင် ခင်ဗျားကရော..။ ဘယ်လိုဖြစ်တာလဲ..”
ကျွန်တော့်အမေးကို မဖြေဘဲ ခွန်ဖြူက သူ့အင်္ကျီကို ဆွဲမလိုက်တယ်။ သူ့ညာဘက်နံရိုးအောက်မှာ တစ်လက်မလောက်ကြီးတဲ့ အမာရွတ်ဝိုင်းတစ်ခု။
“ဓားထိုးခံရတာလား”
“မဟုတ်ဘူး။ သေနတ်နဲ့ အပစ်ခံရတာ”
ကျွန်တော် မျက်လုံးပြူးသွားတယ်။
“သေနတ်နဲ့ ပစ်ခံရတာကို မသေဘူး။ ခင်ဗျားကို ဘယ်သူကုပေးလိုက်တာလဲ”
“သေနတ်ဒဏ်ရာက မင်းကိုယ်ပေါ်မှာ ရှိတဲ့ သဲစားတဲ့ဒဏ်တွေလောက်တောင် မများဘူး။ မင်းလိုလူကိုတောင် မသေအောင် ကုပေးနိုင်တာ.. ငါ့သေနတ်ဒဏ်ရာလောက်ကို မေးမနေနဲ့လေ..”
သူပြောတာလည်း ဟုတ်တာပဲ။ ကျွန်တော်တို့ရဲ့ ဝင်းထဲမှာ.. အသေးအဖွဲ ဒဏ်ရာဆိုတာ မရှိဘူး။ ဖြစ်သမျှ၊ ရသမျှ ဒဏ်ရာဒဏ်ချက်တွေ အကုန်လုံး အသက်အန္တရာယ်ရှိတာချည်းပဲ။ သံဆူးတာ၊ ခြေထောက်ကျိုးတာ၊ အအေးမိတာ၊ အပူရှပ်တာ၊ နှာစေး ချောင်းဆိုးတွေကအစ ကုစရာ ဆေးဝါးမရှိတဲ့အတွက် အချိန်မရွေး ခေါက်ကနဲ သေသွားနိုင်တယ်။ သဲဆိပ်တက်မှာကို လူတွေ သေမလောက်ကြောက်ကြတာကို အပြစ်မပြောနဲ့။ အဆိပ်ဖြေဆေး မရှိဘူးလေ။ ပုပ်သွားတဲ့ ခြေတွေ လက်တွေကို ဖြတ်ထုတ်လိုက်ရင်တောင် အဲဒီလူက ကြာကြာခံတာမှ မဟုတ်တာ။ ဒီတော့ သဲဆိပ်တက်ပြီဆိုတာနဲ့ သေလူပဲ။ ကျွန်တော့်လို တစ်ကိုယ်လုံးနီးပါး အသားတွေပါ ကွာထွက်တဲ့အထိ အဆိပ်သင့်ထားတဲ့သူ၊ ခြေထောက် တစ်ဖက်ပါ ဖြတ်ထုတ်ပစ်ရတဲ့သူကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုသပေးထားသလဲ။
“နည်းပညာတွေနဲ့ ပတ်သက်ပြီး မေးချင်ရင် ငါ့အစ်ကို ဦးအောင်သောင်းကိုပဲမေး။ သူပိုသိလိမ့်မယ်။ မင်းဘာပဲ မေးချင်မေးချင် မေးခွန်းတွေရဲ့ အဖြေတော်တော်များများက တောင်အောက်က မြို့ပျက်ထဲမှာ ရှိပါတယ်”
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ ဟုတ်တယ်။ အဲဒီမြို့ပျက်ထဲမှာ အားလုံးရဲ့ အနာဂတ်တွေ ရှိနေတယ်ဆိုတာကိုတော့ ကျွန်တော် လက်ခံစ ပြုလာပြီ။ ကျွန်တော် အခုသုံးနေတဲ့ ခြေထောက်အတုက သက်သေပဲလေ။ ဒီခြေထောက်ကို သူတို့ ဘယ်နေရာက ယူလာမလဲ.. အဲဒီမြို့ထဲကပဲ သွားယူလာမှာပေါ့ ရှင်းနေတာပဲ။ ဆေးဝါးတွေ၊ တခြား ရိက္ခာတွေ အကုန်လုံးလည်း အဲဒီမြို့ထဲမှာပဲ ရှိမှာပဲ။
ကျွန်တော် မေးခွန်းလမ်းကြောင်း ပြောင်းလိုက်တယ်။
“ငမျိုးသေတဲ့နေ့က ခင်ဗျားတို့ အဖွဲ့တွေ ဘယ်ရောက်နေသလဲ”
ကျွန်တော့်မေးခွန်း အဆုံးမှာ ခွန်ဖြူက မျက်နှာလွှဲသွားတယ်။ ဘာမှ မရှိတဲ့ နံရံဗလာကို စိုက်ကြည့်နေတယ်။ တော်တော်နဲ့ မဖြေဘူး။ တော်တော်လေးကြာတော့မှ..
“ငမျိုးတစ်ယောက်အတွက်နဲ့.. အကုန်လုံး ပျက်စီးသွားလို့ မဖြစ်ဘူး..”
“ခင်ဗျားလည်း ဒီစကားပဲ။ ဦးအောင်သောင်းလည်း ဒီလိုပဲ ပြောတယ်။ ဒီတော့ ခင်ဗျားတို့ အဖွဲ့ဝင်ဖြစ်ရတာ ဘာကောင်းသလဲ။ ကိုယ့်အဖွဲ့သားတစ်ယောက်လုံး ရက်ရက်စက်စက် အသတ်ခံနေရတာကို ဒီအတိုင်း ထိုင်ကြည့်နေကြတာပဲ။ ခင်ဗျားတို့ မေနှင်းကို ကယ်ပေးမယ်ဆိုတာကို အဲဒါကြောင့် ကျွန်တော် မယုံတာ”
ခွန်ဖြူက ဆတ်ကနဲ ကျွန်တော့်ဘက်ကို လှည့်လာတယ်။ သူ့မျက်လုံးတွေက ကျီးကန်းတစ်ကောင်လို မည်းနက်ပြီး အထဲကို ကျုံ့ဝင်သွားတယ်။
“ငမျိုးအတွက် ငါတို့ ဘယ်လောက်လုပ်ပေးခဲ့သလဲဆိုတာ.. မင်းသိချင်ရင် မင်းကိုယ်မင်း ပြန်ကြည့်လိုက်”
ကျွန်တော် သူပြောတာကို နားမလည်ဘဲ ယောင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်မိတယ်။ ခွန်ဖြူက တောက်တစ်ချက်ခေါက်တယ်။
“မင်းလို သုံးစားမရတဲ့ ငကြောက်တစ်ကောင်ကို ငါတို့ အဖွဲ့ထဲ ခေါ်ထည့်ပေးထားတယ်။ မင်းဘာသာမင်း သဲပုံထဲမှာ ခွေးသေဝက်သေ သေနေတာကို ငါတို့ အသက်စွန့်ပြီး လာကယ်ပေးတယ်။ တောင်အောက်ကို ခေါ်သွားပေးတယ်။ မင်းခြေထောက်ကို အကောင်းအတိုင်း ပြန်မဖြစ်တောင် ဒုက္ခိတ ဖြစ်မသွားအောင် လုပ်ထားပေးတယ်။ အခုလည်း မင်းမိန်းမနဲ့ တွေ့ချင်လှပါချည်ရဲ့ဆိုလို့ လေးခရမ်းက မအားတဲ့ကြားထဲကနေ မင်းကို ဒုက္ခခံပြီး ခေါ်လာပေးတယ်”
ခွန်ဖြူက ကျွန်တော့်အနားကို ဖတ်ကနဲ တိုးလာတယ်။ ကျွန်တော် လန့်ပြီး အနောက်ကို တစ်လှမ်းဆုတ်လိုက်တယ်။ ယိုင်သွားပြီး လဲကျမလို ဖြစ်သွားတယ်။ ခွန်ဖြူက ကျွန်တော့် အင်္ကျီစကို လည်ကုပ်နားကနေ လှမ်းဆွဲပြီး ထိန်းပေးတယ်။ အင်္ကျီစကို မလွှတ်ဘဲဲ ဆက်ပြောတယ်။
“အဲဒါတွေအားလုံး ငမျိုးအတွက် လုပ်ပေးနေတာ။ မင်းနားလည်လား။ အလကားနေ စောက်ပြဿနာပဲ ရှာမနေနဲ့။ ခေါင်းကိုသုံးပြီး စဉ်းစား..”
အားငယ်စိတ်၊ ရှက်စိတ်၊ ဝမ်းနည်းစိတ်တွေ ကျွန်တော့်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတယ်။ ခွန်ဖြူပြောတာ မှန်ပါတယ်။ ကျွန်တော်ဟာ သုံးမရတဲ့ကောင်။ ငကြောက်တစ်ကောင်။ ငအ တစ်ကောင်။ ငမျိုးတုန်းကလည်း မကယ်နိုင်ခဲ့သလို အခု.. မေနှင်း ဒုက္ခရောက်နေတာကိုလည်း ဘာမှ မကူညီပေးနိုင်သေးဘူး။ ကျွန်တော် မျက်ရည်ဝဲချင်လာတယ်။ ခေါင်းကို အတင်းငုံ့ထားလိုက်တယ်။
“ငါးနီ။ ငါပြောတာကို သေချာနားထောင်”
ခွန်ဖြူ့လေသံက နည်းနည်း ပျော့သွားတယ်။ ကျွန်တော် ခေါင်းမော့လိုက်တယ်။ ကျလာတဲ့ မျက်ရည်ကို မထိန်းလိုက်နိုင်ဘူး။ မျက်ရည်စက ပါးပေါ်ကို ပူနွေးပြီး ဆင်းသွားတယ်။ ခွန်ဖြူက သူ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ကျွန်တော့် အင်္ကျီစကို လွှတ်ပေးလိုက်တယ်။ ကျွန်တော့် ပခုံးကို တစ်ချက်ပုတ်တယ်။
“ငမျိုးက မင်းဆီမှာ၊ မင်းကိုယ်ထဲမှာ၊ မင်းစိတ်ထဲမှာ သူ အားကျအထင်ကြီးတဲ့ အရာ.. တစ်ခုခု ရှိနေလို့ မင်းကို ငါတို့လက်ထဲ စိတ်ချလက်ချ အပ်သွားခဲ့တာ..။ အဲဒီအရာက ဘာလဲ ငါလည်းမသိဘူး။ မင်းဘာသာမင်း ပြန်ရှာကြည့်မှ ရမယ်”
ကျွန်တော် ခေါင်းကို သွင်သွင်ခါတယ်။ ကျွန်တော့်ဆီမှာ ဘာမှ မရှိဘူး။ သတ္တိမရှိဘူး။ ရဲရင့်ခြင်းတွေ မရှိဘူး။ ပညာဉာဏ်လည်း မရှိသလို ဘာခွန်အားမှလည်း မပိုင်ဆိုင်ဘူး။ ငမျိုး..အသက်ရှင်နေသေးရင် ကျွန်တော် အဲဒီကောင်ကို ဆွဲဆောင့်ပြီး မေးလိုက်ချင်တယ်..။
ခွန်ဖြူက ကျွန်တော့်ကိုကြည့်ပြီး သက်ပြင်းချတယ်။
“ငမျိုးကို ဘယ်လိုဖမ်းမိသွားသလဲ မင်းသိသလား”
ကျွန်တော် ခေါင်းခါမိပြန်တယ်။
“ဥက္ကဌဆီကို ငါတို့ စာတစ်စောင်ပို့ဖို့ ကြိုးစားတယ်။ အုပ်ချုပ်ရေးရုံးကို ငါတို့လက်ထဲ လွှဲပေးဖို့ ခြိမ်းခြောက်တဲ့စာ။ အဲဒီစာကို ငမျိုးက ယူသွားပြီး မနက်ပိုင်း ဥက္ကဌ မိန့်ခွန်းပြောတဲ့နေရာမှာ သွားထားမလို့ လုပ်တာ..။ ဒါပေမယ့် ကံဆိုးပြီး ငမျိုးကို ဇင်မင်းတွေ့သွားတယ်။ စာကိုလည်း တွေ့သွားတော့ ပိုဆိုးသွားတာပေါ့..”
ငမျိုးရဲ့ သွေးအလူးလူးနဲ့ ချိုင့်ဝင်နေတဲ့ မျက်နှာကို ကျွန်တော် ပြန်မြင်ယောင်လာတယ်။
“အဲဒီနေ့ကစပြီး ငါတို့ တော်တော် ပြောင်းလဲသွားတယ်။ ငမျိုးသေတာ အလကား မဖြစ်ဘူးလို့ပဲ ပြောရမှာပေါ့”
ကျွန်တော် မျက်ရည်တွေကို သုတ်လိုက်တယ်။ ကိုယ်ကို ကြိုးစားပြီး မတ်လိုက်တယ်။
“ခင်ဗျားပြောတာကို ကျွန်တော်နားမလည်ဘူး။ ငမျိုးသေတာနဲ့ .. ခင်ဗျားတို့ ရည်ရွယ်ချက် ပြောင်းသွားတာနဲ့ ဘာဆိုင်သလဲ”
“အဲဒီနေ့ကလို အဖြစ်မျိုး နောက် ဘယ်တော့မှ မဖြစ်အောင် လုပ်ဖို့ တစ်နည်းပဲရှိတယ်”
“ဟုတ်တယ်လေ။ အုပ်ချုပ်ရေးရုံးကို ဖြုတ်ချမှ ရမှာပေါ့။ ဒါမှ ဒီကောင်တွေ ဆက်အနိုင်မကျင့်နိုင်မှာ။ အဲဒါတော့ ခင်ဗျားပြောမှလား.. ကျွန်တော်လည်း သိတာပေါ့”
ခွန်ဖြူက ခေါင်းခါတယ်။
“မဟုတ်ဘူး။ အုပ်ချုပ်ရေးရုံး ငါတို့လက်ထဲ ရောက်လာရင်လည်း အဲဒီလို မဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ငါတို့လက်ထဲကို အဲဒီ အာဏာတွေ၊ ပိုင်ဆိုင်မှုတွေ ရောက်လာရင် နောက်ထပ် ဥက္ကဌ အသစ်တွေ ပေါ်မလားဘူး၊ ဇင်မင်း အသစ်တွေ ပေါ်မလာဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ..။ ပြီးတော့ ဒီအုပ်ချုပ်ရေးရုံး ငါတို့လက်ထဲရောက်အောင် နှစ်ပေါင်းများစွာ တိုက်ယူနေခဲ့တာတော့ မှန်တယ်။ ဒါပေမယ့် ငါတို့ဆီမှာရော တကယ်အုပ်ချုပ်နိုင်တဲ့သူ ရှိပြီလား..”
ကျွန်တော် တွေသွားတယ်။ တစ်ခါမှ အဲဒီလို မစဉ်းစားခဲ့တာတော့ အမှန်ပဲ။
“အစကတော့ ငါတို့လည်း ရရာလက်နက် ကိုင်ပြီး ပြန်ချမယ်ပေါ့။ ဒီထက် ပိုပြီး မတွေးမိဘူးလေ။ လူစုတယ်၊ လက်နက်တွေ စုတယ်၊ ရိက္ခာတွေ စုတယ်၊ ပြီးရင် ရရင်ရသလို ပုန်ကန်တယ်။ အစာခင်းတွေကို ဖျက်ဆီးတယ်။ ဆိုလာပြားတွေကို ပစ်ခွဲတယ်။ အစုံပဲ.. ငါတို့ မလုပ်ဖူးတာ ဘာမှ မရှိသလောက်ပဲ။ ဒါပေမယ့် ဘာမှ ထူးမလာဘူး။ ဘယ်ထူးမလဲ.. လုပ်နေခဲ့တာတွေက ဟုတ်မှမဟုတ်ဘဲ။ မီးလောင်နေတာကို ငြှိမ်းဖို့ မကြိုးစားဘဲ အပြိုင်လိုက်လောင်ဖို့ပဲ စဉ်းစားနေခဲ့တာကိုး။ ဒီတော့ ငါတို့အဖွဲ့သားတွေလည်း သေတယ်။ ရုံးဘက်ကလူတွေလည်း သေတာ မနည်းတော့ဘူး”
“ဒါပေမယ့်..ဒီလူတွေက မတရား..”
“နေဦး ငါပြောတာ ဆုံးအောင် နားထောင်ဦး။ အုပ်ချုပ်ရေးရုံးက မတရားဘူးဆိုတာ မှန်တယ်။ ဒါပေမယ့် ငါတို့လူတွေ ရုံးကို အုပ်ချုပ်ခွင့်ရရင်ရော တရားအောင် အုပ်ချုပ်နိုင်မလား။ အဲဒီ.. အဆောက်အဦးကြီးထဲမှာ နေနေရင်း အပြင်နဲ့ အထဲ.. အခုလိုပဲ သွေးကွဲသွားမှာလား.. စဉ်းစားစရာတွေက အများကြီးပဲ”
“ဒီတော့ ခင်ဗျားအခုပြောနေတာက ဘာသဘောလဲ.. ဥက္ကဌကို ဘာမှ မလုပ်တော့ဘူးလား။ ဟိုကောင် ဇင်မင်းကိုရော ဒီအတိုင်း လွှတ်ထားတော့မှာလား။ ငမျိုးအတွက် လက်စားမခြေတော့ဘူးလား”
ခွန်ဖြူက ခေါင်းခါတယ်။
“ငမျိုးက သေသွားပြီ။ လက်စားခြေလည်း ပြန်ရှင်လာမှာ မဟုတ်ဘူး..”
“ဒါပေမယ့်..”
“အခုလောလောဆယ် အရေးအကြီးဆုံးက ဥက္ကဌလည်း မဟုတ်ဘူး။ သေသွားတဲ့ ငမျိုးလည်း မဟုတ်ဘူး။ ကြယ်တံခွန်တွေ၊ သူရဲတွေ လည်း မဟုတ်ဘူး။ အရေးအကြီးဆုံးက ဒီတိုက်တန်းထဲမှာ နေနေကြတဲ့ လူ ၂၀၀၀ ကျော်.. သူတို့ အတွက်ပဲ စဉ်းစားရမယ်။ ငါတို့ လုပ်နေတာတွေ အကုန်လုံးက သူတို့ အတွက်ပဲ ဖြစ်ရမယ်။ မဟုတ်ရင် ဘာမှ အဓိပ္ပာယ်မရှိဘူး”
“အဲဒီတော့ ခင်ဗျားတို့က ဘာလုပ်ဖို့ စဉ်းစားထားတာလဲ”
“မင်းက တစ်ခုခုပြောလိုက်ရင် ခင်ဗျားတို့.. ခင်ဗျားတို့နဲ့.. မင်းကိုယ်မင်း ကြယ်တံခွန်သူရဲတစ်ယောက်ဆိုတာကို မေ့သွားပြီလား..”
ကျွန်တော် ဆတ်ကနဲ ဖြစ်သွားတယ်။ ဒေါသစိတ်က ထောင်းကနဲ ထလာပြန်တယ်။ ဒါပေမယ့်.. သူတို့ ကျွန်တော့်ကို ကယ်ထားတာပဲ။ အခုလည်း မေနှင်းကို သွားကယ်ပေးနေတယ် မဟုတ်လား။ ပြီးတော့.. ကျွန်တော့်မှာ တခြား ဘာလုပ်စရာရှိလို့လဲ..။ ဘယ်သူ့ကို အားကိုးရမလဲ။
“ဟုတ်ပြီ။ ကျွန်တော်တို့ … ကျွန်တော်တို့ ကြယ်တံခွန်အဖွဲ့က ဘာလုပ်ရမှာလဲ..”
ခွန်ဖြူ ကျွန်တော့်မေးခွန်းကို ပြန်ဖြေဖို့အလုပ်မှာ အခန်းတံခါး ပွင့်လာတယ်။ တံခါး၀မှာ ရပ်နေတာက သုံးဝါနဲ့ လေးခရမ်း။
(၄)
ကျွန်တော် ခွန်ဖြူ့ကို မေ့သွားတယ်။ မေးခွန်းတွေလည်း ခေါင်းထဲက ခုန်ပျံထွက်သွားတယ်။ ကျွန်တော်အခန်း၀ဆီကို ထော့နဲ့ထော့နဲ့နဲ့ ပြေးသွားလိုက်တယ်။ ခရမ်းက အထဲကို ဝင်လာတယ်။ လဲကျတော့မလို ဖြစ်သွားတဲ့ ကျွန်တော့်ကို ဖမ်းထိန်းတယ်။
ကျွန်တော် သူ့မျက်နှာကို မျှော်လင့်တကြီး ကြည့်လိုက်တယ်။ သူ့အနောက်ကို ကျော်ပြီး လှမ်းကြည့်တယ်။ တံခါး၀မှာရပ်နေတဲ့ သုံးဝါကိုပဲ တွေ့တယ်။ မေနှင်းဘယ်မှာလဲ..။ မေးခွန်းထုတ်တဲ့ မျက်လုံးတွေနဲ့ ကျွန်တော် လေးခရမ်းကို ပြန်ကြည့်တယ်။ အမြန် မေးလိုက်တယ်။
“မေနှင်းကို တွေ့ပြီလား။ ဘယ်မှာလဲ”
လေးခရမ်းရဲ့ မျက်နှာမှာ ကျွန်တော့်အတွက် အဖြေတစ်ဝက်လောက်က ကွက်ကွက်ကွင်းကွင်းပေါ်နေတယ်။ အမြဲတမ်း တင်းမာနေတတ်တဲ့ ခရမ်းရဲ့ မျက်နှာက အခုတော့ ကြိုးပြတ်သွားတဲ့ မျက်နှာဖုံးတစ်ခုလို ပြိုဆင်းလျော့ရဲနေတယ်။ သူ့မျက်လုံးတွေထဲမှာ စိတ်မကောင်းခြင်းတွေ၊ သနားကြင်နာခြင်းတွေ တဖျတ်ဖျတ်လက်နေတယ်။ ဘာတွေလဲ.. ဘာသဘောလဲ။ ဒီမျက်နှာက ဘာမျက်နှာလဲ။
ကျွန်တော် ပိတ်အော်လိုက်တယ်။
“မေနှင်း ဘယ်မှာလဲ”
ခရမ်းက ကျွန်တော်မေးတာကို မဖြေဘူး။ ခွန်ဖြူ့ကို လှမ်းကြည့်တယ်။ သုံးဝါက တံခါးကိုအသာပိတ်ပြီး ကျွန်တော့်အနားကို လျှောက်လာတယ်။ ကျွန်တော် ထပ်အော်တယ်။
“ဘယ်မှာလဲ”
ခရမ်းက ကျွန်တော့်ကို ပြန်ကြည့်တယ်။ အသက်ကို ပြင်းပြင်း ရှူသွင်းတယ်။ ပြန်ဖြေတယ်။
“မနေ့က မေနှင်းနဲ့ ဥက္ကဌသမီးကို သံပုံးတွေဘက်မှာ တွေ့လိုက်တယ်လို့ သတင်းရတယ်”
“အဲဒီတော့.. အဲဒီတော့ ဘာဖြစ်သလဲ.. အခုသူဘယ်မှာလဲ။ ဥက္ကဌအိမ်မှာလား”
ကျွန်တော့်အသံတွေ တုန်စပြုလာတယ်။ ခရမ်းဆက်ပြောမယ့်စကားကို ကျွန်တော် မကြားချင်ဘူး။ ဒါပေမယ့် မသိဘဲလည်း မနေနိုင်ဘူး။ ခရမ်းက သူ့ကိုယ်လုံးကို မတ်လိုက်တယ်။ ကျွန်တော့် မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ပြီး ပြောတယ်။
“ဥက္ကဌက သူ့ခါးမှာချိတ်ထားတဲ့ သေနတ်နဲ့ မေနှင်းကို ပစ်သတ်လိုက်တယ်။ မေနှင်းအလောင်းကို ရုံးဘက်ကို သယ်သွားတယ်။ ငါသိတာ အဲဒီလောက်ပဲ”
အခန်းကိုလွှမ်းခြုံထားတဲ့ လေထုက ရုတ်တရက် အုံ့မှိုင်းသွားပြီး ကျွန်တော့် ရင်ဘတ်ကို အရှိန်အဟုန်နဲ့ လာဖိတယ်။ ကျွန်တော့် ပါးစပ်ထဲက လေတွေနဲ့အတူ စကားတချို့ ခုန်ပျံထွက်သွားတယ်။ ကျွန်တော့် တစ်ကိုယ်လုံး လေးကလွှတ်တဲ့မြားတစ်စင်းလို လွတ်ထွက်သွားတယ်။ ဘာတွေပြောလိုက်မိသလဲ ကျွန်တော်မသိဘူး။ ဘာတွေလုပ်လိုက်မိသလဲ ကျွန်တော် မမှတ်မိဘူး။
ကျွန်တော် သတိဝင်လာတဲ့ အချိန်မှာ သုံးဝါက ကျွန်တော့်ကိုယ်လုံးကို တင်းတင်းချုပ်ထားတယ်။ ကျွန်တော့်ရဲ့ ညာဘက်လက်တစ်ခုလုံး ပူပြီး နာနေတယ်။ ခရမ်းက သူ့ပါးစပ်ထောင့်မှာ ပေနေတဲ့ သွေးတွေကို လက်နဲ့သုတ်ရင်း ကျွန်တော့်ကို အပြစ်မမြင်တဲ့ မျက်လုံးနဲ့ ကြည့်တယ်။ ခွန်ဖြူက ခရမ်းနားကို ကပ်ပြီး မေးခွန်းတွေမေးတယ်။ ခရမ်းက တိုးတိုး ပြန်ဖြေတယ်။ ကျွန်တော့်ကို တစ်ချက် ပြန်ကြည့်တယ်။ ခေါင်းညိတ်ပြတယ်။ တံခါးကိုဖွင့်ပြီး အပြင်ထွက်သွားတယ်။
တစ်ခန်းလုံး ကျွန်တော့်ရဲ့ အော်သံ၊ ဆဲသံ တွေနဲ့ ဆူညံနေတယ်။ ကျွန်တော် သိသမျှ တတ်သမျှ မိုက်ရိုင်းတဲ့ စကားလုံးတွေ အကုန် ပါးစပ်က တရစပ် ထွက်သွားတယ်။ ရုန်းထွက်ပြီး တံခါးဆီကို ပြေးဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘူး။ သုံးဝါရဲ့ လက်မောင်းနှစ်ဘက်က အင်္ဂတေကိုင်ထားသလို မြဲနေတယ်။ ခွန်ဖြူက ကျွန်တော့်နားကို လျှောက်လာတယ်။ ကျွန်တော့်မျက်နှာကို သူ့လက်နှစ်ဘက်နဲ့ ထိန်းရင်း ပြောတယ်။
“ငါးနီ.. ငါးနီ.. ။ နေမင်း..။ စိတ်ကိုထိန်းစမ်း..”
ကျွန်တော် ထပ်ဆဲလိုက်တယ်။ ဒါပေမယ့် ဆဲသံတွေနောက်မှာ ငိုသံက ကပ်ပါလာတယ်။ တောင့်ထားတဲ့ တစ်ကိုယ်လုံး ငိုသံတွေ မျက်ရည်တွေနဲ့အတူ ပျော့ခွေကျသွားတယ်။ မေနှင်းကို တ, ပြီး ကျွန်တော် ငိုတယ်။ သူ့ကို သနားတဲ့စိတ်၊ ယူကြုံးမရတဲ့စိတ်၊ ကိုယ့်ကိုယ်ကိုယ် မုန်းတဲ့ စိတ်နဲ့ ကျွန်တော် ငိုတယ်။ အားလုံးကို သတ်ပစ်ချင်တဲ့စိတ်၊ ကမ္ဘာကိုပါ မီးရှို့ပစ်ချင်တဲ့ စိတ်နဲ့ ကျွန်တော် ငိုတယ်။
အချိန်ဘယ်လောက် ကြာသွားသလဲမသိဘူး။ ထပ်ထွက်စရာ မျက်ရည်တစ်စက်တောင် မကျန်တော့ဘဲ ခန်းသွားမှ၊ အော်စရာ အသံ တစ်ချက်တောင် မကျန်တော့အောင် ကုန်သွားမှ.. ကျွန်တော် အငို ရပ်သွားတယ်။ သုံးဝါက ကျွန်တော့်ကို ချုပ်ထားတာကို လွှတ်ပေးလိုက်တယ်။ ကျွန်တော် ကြမ်းပြင်ပေါ်ကို လဲကျသွားတယ်။ ခွန်ဖြူက ကျွန်တော့်ဘေးမှာ ဝင်ထိုင်တယ်။ ကျွန်တော့်ကို နှစ်သိမ့်တယ်။
“စိတ်ကိုထိန်း။ အကုန် လွှတ်မချလိုက်နဲ့..။ မင်းစိတ်ထဲမှာ ဖြစ်နေတာတွေကို လှောင်ထားလိုက်။ ဖွက်ထားလိုက်။ ဟုတ်ပြီလား..”
ကျွန်တော် သူ့ကို လှည့်ကြည့်လိုက်တယ်။ ကျွန်တော့် မျက်ရည်တွေကြားမှာ ခွန်ဖြူ့မျက်နှာက ဝေဝါးနေတယ်။ ကျွန်တော့်မှာ ပြောစရာစကား တစ်ခွန်းမှမရှိဘူး။
“ငါတို့ ဘာဆက်လုပ်မလဲဆိုတာ မင်းကို ပြောပြမယ်။ ဟုတ်ပြီလား..”
ခွန်ဖြူက ကျွန်တော့်ကို ပြောပြတယ်။ ကျွန်တော် အံကိုကြိတ်ရင်း.. နားထောင်နေလိုက်တယ်။
သူ့အကြံအစည်တွေအကုန် အိတ်သွန်ဖာမှောက်ပြောပြပြီးသွားတဲ့အခါ ခွန်ဖြူက ကျွန်တော့်ကို မေးတယ်။
“ငါပြောတာ မင်းနားလည်လား..”
ကျွန်တော် ခွန်ဖြူ့ကို စေ့စေ့ စိုက်ကြည့်လိုက်တယ်။ မျက်လုံးထဲမှာတော့ မေနှင်းကိုပဲ မြင်ယောင်နေတယ်။ နောက်ဆုံးအချိန်မှာ သူဘာတွေ စဉ်းစားသွားသလဲ။ ကျွန်တော့်ကို မုန်းသွားခဲ့သလား။ ဒါမှမဟုတ်.. ကျွန်တော် သေသွားပြီလို့ထင်ပြီး သူလည်း စိတ်လျှော့သွားလေသလား။ ဒါမှမဟုတ်.. ကြောက်လန့်တကြား.. သွေးပျက်နေခဲ့သလား..။ ရင်ဘတ်ထဲက အလုံးတစ်လုံး လည်ပင်း၀အထိ ခုန်တက်လာပြီး ကျွန်တော် ဆို့နင့်သွားတယ်။
“ငါးနီ.. ငါပြောတာကြားသလား။ မင်းလုပ်ရဲသလား”
ခွန်ဖြူက ထပ်မေးတယ်။
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
++++++++
အပိုင်း ၁၂ ဆက်ဖတ်ရန် <<<