(၂)
တောင်တက်လမ်းက ကျွန်တော်ထင်ထားတာထက် ပိုပြီး ခက်ခဲနေတယ်။ ညအမှောင်ကြောင့် မြင်ကွင်းက မထင်ရှားရတဲ့အထဲ.. သဲအထပ်ထပ်ဖုံးနေတဲ့ မြေကြီးကြောင့် ဘယ်နေရာက လျှောက်လမ်းလဲ၊ ဘယ်နေရာက ချိုင့်ခွက်တွေလဲဆိုတာ ခွဲမရဘူး။ လေကာမှန်ကို တဖြန်းဖြန်းလာစင်တဲ့ သဲမှုန်တွေကြောင့် ဘာကိုမှ ရေရေရာရာ မမြင်ရဘူး။ လေးခရမ်း ဆိုတဲ့ အမျိုးသမီးက ကျွန်တော့်လက်ထဲကို ကြိုးတစ်ချောင်းထည့်ပေးတယ်။ ကြိုးရဲ့ ဟိုဘက်ထိပ်ကို သူ့ခါးမှာ ချည်တယ်။ ရှေ့ကနေ ဖြည်းဖြည်းချင်း စောင့်ခေါ်တယ်။ ဒါပေမယ့် ပေနှစ်ဆယ်လောက် ရှည်တဲ့ ကြိုးကြောင့် သူနဲ့ ကျွန်တော်ကြားမှာ ခြေလှမ်း ဆယ်လှမ်းစာလောက် ဟ နေတယ်။ အရှေ့ကသွားနေတဲ့ သူ့ရဲ့ ကျောပြင်ကိုတောင် ရေးရေးပဲ မြင်ရတယ်။ ကျွန်တော့်ရဲ့ သံခြေထောက်ကလည်း ထောက်နေ မကျတော့ လေးငါးလှမ်း လှမ်းလိုက်တာနဲ့ တစ်ခါလဲကျတယ်။ ပြန်ထရတယ်။ ဒါ့အပြင် သံချောင်းထိပ်က သဲတွေထဲကို စွပ်ကနဲ စွပ်ကနဲ စိုက်ဝင်သွားတတ်တော့ ချိုင့်ခွက်တွေနဲ့တွေ့တဲ့အခါ လူတစ်ကိုယ်လုံးနီးပါး နစ်ဝင်သွားပြန်ရော။ တောင်ပေါ်တက်တာ ဆယ်မိနစ် မပြည့်သေးခင်မှာ ကျွန်တော့်တစ်ကိုယ်လုံး လဲကျတဲ့ ဒဏ်တွေကြောင့် ထူပူနေပြီ။
တောင်ကမ်းပါးတစ်ခုအောက်၊ လေကွယ်တဲ့ နေရာကိုရောက်တော့ ကျွန်တော် ဆက်မလျှောက်နိုင်တော့ဘဲ နီးစပ်ရာ ကျောက်တုံးတစ်တုံးပေါ်မှာ ပစ်ထိုင်ချလိုက်တယ်။ လက်ထဲက ကြိုးကို တင်းတင်း ဆောင့်ဆွဲလိုက်တယ်။ အရှေ့ကို ရောက်နှင့်နေတဲ့ လေးခရမ်း.. ကျွန်တော့်ဆီ ပြန်လှည့်လာတယ်။ ကျွန်တော့်နားကို လျှောက်လာတယ်။ ကျွန်တော့်ဘေးက နေရာလွတ်မှာ ဝင်ထိုင်တယ်။ ခေါင်းစွပ်ကို ချွတ်တယ်။ လရောင်အောက်မှာ လေးခရမ်းရဲ့ မျက်နှာ အချိုးအဆစ်တွေက ထင်းကနဲ ထင်သာမြင်သာဖြစ်နေတယ်။ မည်းနက်ပြီး ကိုင်းကျနေတဲ့ မျက်ခုံး။ အဲဒီမျက်ခုံးအောက်မှာ အညိုရောင်သဲ့သဲ့ မျက်လုံးတွေ။ ပြီးတော့ နှာခေါင်းချွန်ချွန်နဲ့ ခပ်ပြတ်ပြတ်မေးရိုး..။ မေနှင်းရဲ့ မျက်နှာက ယုန်ပေါက်လေး တစ်ကောင်နဲ့ တူတယ်ဆိုရင်.. လေးခရမ်းရဲ့ မျက်နှာကတော့ ကျားသစ်မတစ်ကောင်နဲ့ ပိုပြီး ဆင်လိမ့်မယ်။ ခရမ်းက ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး လေသံပြတ်ပြတ်နဲ့ ပြောတယ်။
“အကြာကြီးနားလို့မရဘူး။ ဝင်းထဲကို ပြန်ဝင်ဖို့က အချိန်အတိအကျ ရောက်မှရမယ်”
“ခင်ဗျားကလည်း။ ဒီမှာ ကျွန်တော့် ခြေထောက်ကို ကြည့်ဦး။ ခင်ဗျားလို ခြေနှစ်ဘက် လက်နှစ်ဘက် စုံနေတာမဟုတ်ဘူး”
ခရမ်းက ကျွန်တော့် ခြေထောက်အတုကို ငုံ့ကြည့်တယ်။ ခေါင်းခါတယ်။
“ဒါဆိုရင် အောက်မှာပဲ နေခဲ့လေ။ ဘာလို့ အပေါ်တက်နေမလဲ။ နင်ပဲ နင့်မိန်းမကို စိတ်ပူလှချည်ရဲ့ဆို”
ခရမ်းရဲ့ လေသံထဲမှာ သရော်သလိုလို၊ ကဲ့ရဲ့သလိိုလို အရိပ်အငွေ့တွေပါနေတယ်။ ကျွန်တော် စိတ်ထဲမှာ ထောင်းကနဲ ဖြစ်သွားတယ်။
“ကျွန်တော့်ဘာသာကျွန်တော် ဖင်ရှည်ပြီး တောင်အောက်ကို ဆင်းလာတာမဟုတ်ဘူးဗျ။ ခင်ဗျားတို့ပဲ ခေါ်လာတာ”
“အပေါ်မှာ ကုလို့ မရလို့ အောက်ကိုတကူးတက သယ်လာပေးရတာ။ ငါနဲ့ ခွန်ဖြူနဲ့ နင့်ကိုထမ်းပြီး ဆင်းလာရတာ တစ်ညကုန်တယ်”
“ခင်ဗျားတို့ကို ဘယ်သူက ကယ်ခိုင်းသလဲ။ ကျွန်တော့်ဘာသာကျွန်တော် သေချင်သေ၊ ထားခဲ့လိုက်လည်း ရတယ်”
ခရမ်းက ကျွန်တော့်အနားကို တိုးလာတယ်။ သူ့ရဲ့ ညာဘက်လက်နဲ့ ဆတ်ကနဲ ကျွန်တော့် လည်ပင်းကို ဖမ်းချုပ်လိုက်တယ်။ ကျွန်တော် ရုန်းဖို့ ကြိုးစားတယ်။ သူ့လက်ကို အတင်းဆွဲဖယ်တယ်။ ဒါပေမယ့် ပြုတ်တူနဲ့ ညှပ်ထားသလို မြဲနေတဲ့ လက်ချောင်းတွေကို ဆွဲခွာမရဘူး။ ခရမ်းက ကျွန်တော့် လည်ပင်းကို ညှစ်ထားရင်း ဆွဲမလိုက်တယ်။ ကျွန်တော့် တစ်ကိုယ်လုံး သစ်ကိုင်းခြောက် တစ်ချောင်းလို စွေ့ကနဲ မြောက်ပါသွားတယ်။ ကျွန်တော် အသက်ရှူဖို့ ကြိုးစားတယ်။ လည်ချောင်းထဲက တခွပ်ခွပ် အသံတွေပဲ ဆက်တိုက်ထွက်လာတယ်။ ခရမ်းက ကျွန်တော့်ကို စေ့စေ့ကြည့်ရင်း သွားကြားထဲက ထွက်လာတဲ့ လေသံနဲ့ ပြောတယ်။
“ငမျိုးရဲ့ စကားတစ်ခွန်းကြောင့် နင့်ကို ဒုက္ခခံပြီး ကယ်ထားတာ။ နင်အခုလို ညည်းငြူဆောင့်အောင့်နေတာကို နားထောင်ဖို့ ငါတို့မှာ အချိန်မရှိဘူး။ နင့်အလိုကို လိုက်လုပ်ပေးနေဖို့အတွက်လည်း လူမရှိဘူး။ နောက်ထပ် ပြဿနာရှာတဲ့ စကားတစ်ခွန်း ထပ်ကြားရရင် ငါကိုယ်တိုင် နင့်ကို လည်ကုပ်ကကိုင်ပြီး ချောက်ထဲကို လွှင့်ပစ်လိုက်မယ်။ နားလည်လား။ နားလည်ရင် ခေါင်းညိတ်”
ခရမ်းရဲ့မျက်လုံးတွေက အခုပဲ ထကိုက်တော့မယ့် ကျားတစ်ကောင်လို။ ကျွန်တော် ကြိုးစားပြီး စိတ်ကို လျှော့လိုက်တယ်။ ခေါင်းကို မြန်မြန် ညိတ်လိုက်တယ်။ ခရမ်းက ကျွန်တော့်လည်ပင်းကို ချုပ်ထားတာကို လွှတ်ပေးလိုက်တယ်။ ကျွန်တော် ကျောက်တုံးပေါ်ကို ဖုတ်ကနဲ ပြန်ပြုတ်ကျသွားတယ်။
နာနေတဲ့ လည်ပင်းကို လက်နဲ့ အသာကိုင်ရင်း ကျွန်တော် ခရမ်းကို မော့ကြည့်လိုက်တယ်။ ကျွန်တော့်ကို ပြန်ငုံ့ကြည့်နေတဲ့ သူ့မျက်လုံးတွေထဲမှာ ကြမ်းကြုတ်ရက်စက်မှုတွေတော့ မတွေ့ရဘူး။ တလက်လက်နဲ့ ရှင်သန်မှုအားကောင်းလွန်းတဲ့ မျက်ဝန်းတွေကိုပဲ မြင်ရတယ်။ ဟုတ်ပါတယ်။ သူတို့ကယ်ထားလို့ ကျွန်တော် မသေသေးတာ။ မှန်တယ်။ ဒါပေမယ့် လူတစ်ယောက်ကို အသက်ကယ်လိုက်တာနဲ့ ဘ၀ကိုပါ ပိုင်သွားသလား။ သူတို့ကယ်ထားတဲ့သူဆိုပြီး ကျွန်တော့်ကို လိုသလို အသုံးချခွင့်ရှိသလား။ ကျွန်တော့် ဆန္ဒမပါဘဲ သူတို့ လမ်းစဉ်ထဲကို အတင်းသိမ်းသွင်းလို့ ရသလား..။ ဒေါသအလူးလူးနဲ့ မေးခွန်းတွေ..ကျွန်တော့် ခေါင်းထဲမှာ စီတန်းလာတယ်။ ဒါပေမယ့်.. အခု ဒါတွေစဉ်းစားဖို့ အချိန်မရှိဘူး။ မေနှင်းဆီကို အမြန်ပြန်ရမယ်။ မေနှင်း ကျွန်တော့်ကို တွေ့မှ ဖြစ်မယ်။ ကျွန်တော် မသေသေးတာ သူ့ကို သိစေချင်တယ်။
ကျွန်တော် ကြိုးစားပြီး မတ်တပ်ထလိုက်တယ်။ တစ်ကိုယ်လုံး ကျင်ကနဲ နာသွားပြန်တယ်။ ခရမ်းက ကျွန်တော့်လက်မောင်းကို ကိုင်ပြီး ထိန်းပေးတယ်။ ကျွန်တော့်ကို ခေါင်းစွပ် ပြန်ဝတ်ပေးတယ်။ သူ့ ခေါင်းစွပ်ကိုလည်း ဆွဲချတယ်။ ကျွန်တော့်လက်ထဲကို ကြိုးကို ပြန်ထည့်ပေးတယ်။ လက်ညိုးနဲ့ လက်ခလယ် နှစ်ချောင်းထောင်ပြီး သူ့မျက်လုံးတွေကို ထိုးပြတယ်။ ကျွန်တော့်ရင်ဘတ်ကို ထိုးပြတယ်။ ပြီးတော့ ဘာမှ ဆက်မပြောဘဲ လှည့်ထွက်သွားတယ်။ ခဏအကြာမှာ ကျွန်တော့်လက်ထဲကိုင်ထားတဲ့ ကြိုးက ဆတ်ကနဲ တင်းသွားတယ်။ ကျွန်တော် ကုန်းရုန်းထပြီး သူ့နောက်ကိုလိုက်သွားလိုက်တယ်။
လမ်းလျှောက်တက်လာတာ ဘယ်လောက်ကြာသွားသလဲ ကျွန်တော် မသိဘူး။ တောင်ကိုပတ်ပြီး ဖောက်ထားတဲ့ ကားလမ်းက သဲအထပ်ထပ်အောက်မှာ လုံး၀ပျောက်နေပြီ။ တစ်လှမ်း လှမ်းလိုက်တိုင်း ပေါင်ရင်းလောက်အထိ သဲထဲကို နစ်ဝင်သွားတယ်။ တဝေါဝေါတိုက်နေတဲ့ သဲအလွှာတွေကြောင့် ရေအောက်မှာ လမ်းလျှောက်ရသလို ဖြစ်နေတယ်။ လက်ထဲမှာ ကိုင်ထားတဲ့ ကြိုးသာမရှိရင် ကျွန်တော် အရှေ့ကို သွားနေတာလား၊ နောက်ပြန်လှည့်နေတာလား.. ဘယ်လိုမှ မသိနိုင်ဘူး။ ကံမကောင်းရင် လမ်းဘေး ချောက်ထဲကိုပါ ပြုတ်ကျသွားနိုင်တယ်။ လက်ထဲက ကြိုးကို တင်းတင်းကိုင်ရင်း သဲထဲကို နစ်ဝင်သွားလိုက်၊ ပြန်ရုန်းလိုက်၊ အရှေကကို တစ်လှမ်းတက်လိုက်..။ တစ်မိနစ်ကို လေးငါးလှမ်း နှုန်းနဲ့ သွာနေရတာဆိုတော့ ခရီးမတွင်ဘူး။ သူတို့ ကျွန်တော့်ကို အောက်ကို ဘယ်လိုများသယ်လာကြသလဲ မသိ။
လမ်းဘေး ကမ်းပါးထဲကို ချိုးဝင်သွားတဲ့ လိုဏ်ခေါင်းတစ်ခုနားကိုရောက်တော့ ခရမ်းက ကျွန်တော့်ကို စောင့်နေတယ်။ လက်ပြပြီးခေါ်တယ်။ အထဲကို ဝင်သွားတယ်။ ကျွန်တော် သူ့နောက်ကို ဝင်လိုက်သွားလိုက်တယ်။
အထဲမှာတော့ လရောင်မရှိတော့တဲ့အတွက် ပိန်းပိတ်အောင် မှောင်နေတယ်။ ကျွန်တော် ခေါင်းစွပ်ကို ချွတ်လိုက်တယ်။ မျက်လုံးကို အမှောင်နဲ့ ကျင့်သားရအောင် ဖွင့်ချည် ပိတ်ချည် လုပ်လိုက်တယ်။ ခဏကြာတော့ ကလစ်ဆိုတဲ့အသံနဲ့ အတူ လိုဏ်ခေါင်းတစ်ခုလုံး မီးရောင်ဖွေးဖွေး လွှမ်းသွားတယ်။ ကျွန်တော့် မျက်လုံးတွေ ပြာကနဲ ဖြစ်သွားပြီး လက်နဲ့အမြန်ကာလိုက်ရတယ်။ တော်တော်ကြာသွားမှ ပတ်ဝန်းကျင်ကို သေသေချာချာ မြင်ရတယ်။ ကျွန်တော် အခုရောက်နေတာ လိုဏ်ခေါင်း မဟုတ်ဘူး၊ လျှို့ဝှက်အခန်းတစ်ခု ဖြစ်နေတယ်။
လေးဘက်လေးတန်မှာ သစ်သားနံရံတွေ ကာထားတယ်။ အခန်းက ဆယ်ပေ ၊ ဆယ့်နှစ်ပေလောက် ကျယ်လိမ့်မယ်။ ကြမ်းပြင်မှာ သံဇကာ ကွက်တွေ အစီအရီခင်းထားတယ်။ နံရံမှာ ကပ်ပြီးချထားတဲ့ စားပွဲတစ်လုံး။ စားပွဲပေါ်မှာ မြေပုံစာရွက်တွေ အထပ်လိုက်။ ဖင်ထိုင်ခုံ သုံးလေးလုံးချထားတယ်။ တခြား ပရိဘောဂတော့ မရှိဘူး။ အခန်းရဲ့ ဒီဘက်ထောင့်မှာ အိပ်ရာတစ်ခု ခင်းထားတယ်။ ခြုံပြီး ကြည့်လိုက်ရင် ဒီအခန်းက ကျွန်တော်တို့ လင်မယားနေတဲ့ သံပုံးထက်တောင် အများကြီး ပိုကောင်းနေသေးတယ်။ ထင်မထားတဲ့ မြင်ကွင်းကြောင့် ကျွန်တော် ကြောင်သွားတယ်။ ဝင်ပေါက်ဘက်ကိုပြန်ကြည့်တော့ သစ်ကိုင်းခြောက်တွေ၊ နွယ်ပင်တွေချည်ပြီး ရုပ်ဖျက်ထားတဲ့ တံခါးက ပွင့်လျက်သား။ ကျွန်တော် ခေါင်းစွပ်ကို ချွတ်လိုက်တယ်။ အခန်းထဲက လေထုက စိုစွတ်ပြီး အေးနေတယ်။
“ဒါ..ဘယ်နေရာကို ရောက်နေတာလဲ..”။ ကျွန်တော် ခရမ်းကို မေးလိုက်တယ်။
ခရမ်းက ကျွန်တော့် အမေးကို ပြန်မဖြေသေးဘဲ ခေါင်းစွပ်ကို ချွတ်တယ်။ ဝတ်စုံမှာကပ်နေတဲ့ သဲတွေကို ခါချတယ်။ သဲအမှုန်အမွှားတွေက သံဇကာကွက်တွေကို ဖောက်ပြီး ကြမ်းအောက်ကိုကျသွားတယ်။ ကျွန်တော်လည်း သူလုပ်သလို လိုက်လုပ်တယ်။ သဲမှုန်တွေ တဖြောင်းဖြောင်း ပြုတ်ကျတဲ့ အသံနဲ့ တစ်ခန်းလုံး ဆူညံသွားတယ်။
ပြီးသွားတော့ ခရမ်းက သူ့အိတ်ကပ်ထဲကနေ သံဘူးတစ်ဘူးကို ဆွဲထုတ်တယ်။ အဖုံးကိုဖွင့်ပြီး မော့သောက်တယ်။ သူသောက်ပြီးတာနဲ့ ကျွန်တော့်ဘက်ကို လှမ်းပစ်ပေးတယ်။ ကျွန်တော် အငမ်းမရ မော့သောက်လိုက်တယ်။ လည်ချောင်းထဲကို အေးဆင်းသွားတဲ့ ရေကြောင့် ကျွန်တော် ချက်ခြင်းပဲ လန်းသွားတယ်။ မောနေတာတွေ နည်းနည်းပြေလျော့သွားတယ်။ ရေကို တစ်ဝက်လောက် ချန်ပြီး ကျွန်တော် ခရမ်းကိုပြန်ပေးတော့ သူက ခေါင်းခါတယ်။ အကုန်သောက်လိုက်.. ဆိုတဲ့ ပုံစံနဲ့ မေးငေါ့ပြတယ်။ ကျွန်တော်လည်း နှစ်ခါ မပြောရဘဲ ကျန်သမျှရေကို မော့သောက်ပစ်လိုက်တယ်။
“‘ဒီအခန်းထဲထိ မီးရအောင် ဘယ်လိုသွယ်ထားတာလဲ”။ ကျွန်တော် တကယ်သိချင်စိတ်နဲ့ မေးလိုက်တယ်။
“ဆိုလာပြားတွေနဲ့ပဲ သွယ်ထားတာ။ ဦးအောင်သောင်းလုပ်ပေးထားတာ”။ ခရမ်းက ကျွန်တော့်ကို မကြည့်ဘဲ ပြန်ဖြေရင်း စားပွဲပေါ်က မြေပုံတွေကို တစ်ရွက်ပြီး တစ်ရွက် လှန်ကြည့်နေတယ်။ ကျွန်တော် သူ့အနားကို ထော့နဲ့ထော့နဲ့နဲ့ လျှောက်သွားလိုက်တယ်။ ခရမ်းက သူ့လက်ထဲက မြေပုံစာရွက်တွေကို ကျွန်တော့်ကို ပြတယ်။ မီးသွေးမင်တွေနဲ့ ရေးထားတဲ့ မြေပုံတွေက တော်တော်လေး အသေးစိတ်တယ်။ တောင်တစ်တောင်လုံးနီးပါးကို ကောက်ကြောင်းကောက်ထားတယ်။ ကြက်ခြေခတ်ပြထားတဲ့ နေရာတွေလည်း တော်တော်များများ တွေ့ရတယ်။ အန္တရာယ်ရှိတဲ့ နေရာတွေကို မှတ်ထားတာထင်တယ်။ ခရမ်းက မြေပုံတစ်ခုကို လက်ထောက်ပြီး ပြောတယ်။
“နောက်ထပ် တစ်နာရီလောက် ဆက်သွားလိုက်ရင် တောစပ်ဘက်ခြမ်းကို ရောက်ပြီ။ အဲဒီနေရာကတော့ နင်သိပြီးသားနေရာပါ”
မြေပုံထဲမှာ ကျွန်တော် အစာရှာနေကျ ရေမြောင်းနေရာကို အမှတ်အသား လုပ်ထားတာတွေ့ရတယ်။ ကျွန်တော် တစ်သက်လုံး သွားနေကျ နေရာတစ်ခုကို ဒီလို အတိအကျ မြေပုံဆွဲထားတာတွေ့လိုက်ရတော့ စိတ်ထဲမှာ တစ်မျိုးပဲ။ အဲဒီရေမြောင်း အရှည်ဘယ်လောက်ရှိသလဲဆိုတာ ဘယ်သူမှ မသိဘူး။ တောစပ်ဘက်ကို ကွေ့ကောက်ဆင်းသွားရင်း မုန်တိုင်းတွေထဲ တိုးဝင်ပျောက်ကွယ်သွားတဲ့ မြောင်းတလျှောက်မှာ လူသွားလို့ရတဲ့ နေရာက တစ်မိုင် နှစ်မိုင်ထက် မပိုဘူးလေ။ မြေပုံထဲမှာတော့ ရေမြောင်းရဲ့ အရှည်က မိုင်ဘယ်လောက်တောင် ရှိမလဲ မသိဘူး။ တောစပ်ထဲကို ကွေ့ဝင်သွားရင်း တောင်ဘက်စွန်းကနေ တောက်အောက်အထိ ဆင်းချသွားတာကို တွေ့ရတယ်။ ရေမြောင်းအဆုံးမှာ အဆောက်အဦးတစ်ခု။ အဲဒီနေရာကို ကျွန်တော် လက်ညိုးနဲ့ထောက်ရင်း ဒါဘယ်နေရာလဲလို့ မေးမလို့ ခရမ်းကို ကြည့်လိုက်တယ်။
“အဲဒါ နင့်ကို ဆေးကုပေးတဲ့ စခန်းလေ။ စောစောက စက်ရုံနေရာပေါ့”
ဒါဆိုရင် ဦးအောင်သောင်းပြောတဲ့ ဘူမိဓာတ်အားစက်ရုံနဲ့ ခြံဝင်းနဲ့ကို ဒီရေမြောင်းက ဆက်သွယ်ပေးထားတဲ့ သဘောပေါ့။ တောင်ပေါ်ကနေ တောင်အောက်အထိ ဆက်ထားတာပဲ။ ရုတ်တရက် ကျွန်တော့်ခေါင်းထဲမှာ အတွေးတစ်ခုဝင်လာတယ်။
“ဒီရေမြောင်းအတိုင်း တောင်ပေါ်ကနေ အောက်အထိ အတက်အဆင်း လုပ်လို့ မရဘူးလား..”။ ကျွန်တော် ခရမ်းကို မေးလိုက်တယ်။
ခရမ်းက ခေါင်းခါတယ်။ ရေမြောင်းတလျှောက် ကြက်ခြေခတ်ထားတဲ့ အမှတ်အသားတွေကို ထောက်ပြတယ်။
“မရဘူး။ အုပ်ချုပ်ရေးရုံးက ဒါကိုသိလို့ မြောင်းတလျှောက်မှာ ကင်းတဲတွေ ချထားတယ်။ ပြီးတော့ မြောင်းထဲက နေရာတော်တော်များများမှာလည်း သံဆူးကြိုးတွေကို လုံးပြီး ထိုးထည့်ထားတယ်”
ကျွန်တော် ခရမ်းကို မယုံသလို ကြည့်လိုက်တယ်။ သူပြောတာ ဟုတ်ပါ့မလား။ ဝင်းထဲကလူတွေကို ဘာလို့ ဒုက္ခခံပြီး ပိတ်ထားမှာလဲ။ သူတို့ဘာသာသူတို့ သွားချင်ရာ သွားပါစေ ဆိုပြီး လွှတ်ထားလိုက်ရင် ရုံးအတွက် အလုပ်တောင် လျော့မသွားဘူးလား။ ဦးအောင်သောင်းပြောတဲ့ စကားတချို့တော့ ကျွန်တော့်နားထဲ ပြန်ဝင်လာသေးတယ်။ ဒါပေမယ့် ဒါတွေကလည်း ဟုတ်ချင်မှ ဟုတ်မှာ..။ ခရမ်းက ကျွန်တော့်ရဲ့ မယုံသင်္ကာအကြည့်ကို ဘာမှ မတုံ့ပြန်ဘူး။ မြေပုံတွေကို သူ့နေရာနဲ့သူ ပြန်ထပ်လိုက်တယ်။ စားပွဲရဲ့ အံဆွဲထဲကနေ အိတ်တစ်အိတ်ကို ထုတ်တယ်။ ကျွန်တော့်ကို လှမ်းပေးတယ်။
အိတ်ကိုဖွင့်ကြည့်လိုက်တော့ အထဲမှာ အသားခြောက်တချို့နဲ့ ရေဘူးတစ်ဘူး။ ဘာအသားလဲလို့တောင် ကျွန်တော် မမေးနိုင်တော့ဘဲ ပါးစပ်ထဲကို အမြန်သွတ်ထည့်လိုက်တယ်။ ဝါးဖို့တောင်သတိမရဘဲ မျိုချလိုက်တယ်။ ရေဘူးကိုဖွင့်ပြီး နင်နေတဲ့လည်ချောင်းထဲကို လောင်းချတယ်။ ခရမ်းက ကျွန်တော် စားသောက်နေတာကို ဘာမှမပြောဘဲ ကြည့်နေတယ်။
စားသောက်လို့ပြီးသွားတော့ ခရမ်းက ခေါင်းစွပ်ကို ပြန်ဆွဲချတယ်။ မီးပိတ်တယ်။ ကျွန်တော်နဲ့သူ အပြင်ဘက်ကို ပြန်ထွက်လာကြတယ်။ တံခါးကို ပြန်ပိတ်တယ်။ တံခါးမှာချည်ထားတဲ့ သစ်ကိုင်းတွေ၊ နွယ်ပင်တွေကြောင့် ရုတ်တရက်ကြည့်လိုက်ရင် ဒီနေရာမှာ အခန်းတစ်ခန်းရှိတယ်ဆိုတာ ဘယ်လိုမှ မသိနိုင်ဘူး။
(၃)
တောင်ပေါ်ကို ရောက်တော့ ကျွန်တော် အသက်မရှူနိုင်လောက်အောင် မောနေပြီ။ လေးခရမ်းကတော့ ဘာမှ မဖြစ်သလို သွက်သွက်လက်လက်ပဲ။ ကျွန်တော့်ကိုတောင် မကြာခဏဆိုသလို တွဲခေါ်နိုင်သေးတယ်။ စောစောက တဝုန်းဝုန်းတိုက်နေတဲ့ လေပွေတွေက တောင်ထိပ်နားနီးလာတာနဲ့အမျှ အားလျော့သွားတယ်။ မြေကြီးပေါ်မှာ ဖုံးနေတဲ့ သဲတွေလည်း တဖြည်းဖြည်း ပါးလာတယ်။ တောင်ထိပ် တောစပ်ကိုရောက်တော့ သဲတွေ မရှိသလောက် နည်းသွားပြီ။ ခြောက်သယောင်းပြီး ကွဲအက်နေတဲ့ မြေကြီးနဲ့ ကွန်ကရစ်လမ်းတွေကိုတောင် တစွန်းတစ မြင်လာရပြီ။
တောစပ်နားကိုရောက်တော့ ခရမ်းက ဒူးထောက်ထိုင်ချလိုက်တယ်။ ကျွန်တော့်ကိုလည်း ထိုင်ခိုင်းတယ်။ ခရမ်းက ခေါင်းစွပ်ကို ချွတ်တယ်။ ဘေးဘီဝဲယာကို အကဲခတ်တယ်။ တောစပ်ကနေ လှမ်းကြည့်လိုက်ရင် တောင်ကုန်းပေါ်မှာ ထီးထီးကြီးဖြစ်နေတဲ့ ဝင်းရဲ့ တံတိုင်းတွေကို မြင်နေရပြီ။ ကျွန်တော် စိတ်လှုပ်ရှားလာတယ်။ ဘာမှ မဝေးတော့ဘူး။ မကြာခင် မေနှင်းကို တွေ့ရတော့မယ်.. ဆိုတဲ့ အသိကြောင့် မောနေတာတွေ၊ နာနေတာတွေကို သတိမေ့သလို ဖြစ်သွားတယ်။ အဖြစ်အပျက်တွေက ဆယ့်ငါးရက်ပဲ ကြာသေးပေမယ့် စိတ်ထဲမှာ အနှစ် ၃၀ လောက်ကြာသွားသလို ခံစားနေရတယ်။ ကျွန်တော် ခေါင်းစွပ်ကို ချွတ်လိုက်တယ်။ လေထုထဲမှာ သဲမှုန်တွေ တော်တော်ပါးသွားပြီ။
“ဘာစောင့်နေတာလဲဗျ။ သွားမယ်လေ”။ ကျွန်တော် ခရမ်းကို လောလိုက်တယ်။
“နေဦး”။ ခရမ်းက ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေတယ်။ သူ့မျက်လုံးတွေက ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ ရေမြောင်းဆီမှာပဲ ကျောက်ချထားတယ်။ ကျွန်တော် သူကြည့်နေတဲ့ နေရာကို လိုက်ကြည့်လိုက်တယ်။ ကျွန်တော့် မျက်လုံးထဲမှာတော့ ဘာမှ မတွေ့ဘူး။
“ဝတ်စုံကို ချွတ်လိုက်”
ခရမ်းက ကျွန်တော့်ကိုပြောပြီး သူ့ဝတ်စုံသူ အရင်ချွတ်တယ်။ ကျွန်တော်လည်း သူပြောတဲ့အတိုင်း လိုက်လုပ်တယ်။ ဒါပေမယ့် ဝတ်စုံက တစ်ယောက်တည်း ချွတ်ဖို့ မလွယ်တော့ ကော့်လော်ကန်ကားတွေ ဖြစ်နေတယ်။ ကျောဘက်က ဇစ်ကိုလည်း ဆွဲချလို့ မလွယ်ဘူး။ လက်က ကြိုးတွေကိုလည်း ဘယ်လို ဖြေရမလဲ မသိဘူး။
လေးခရမ်းကတော့ ခဏလေးအတွင်းမှာ ဝတ်စုံတစ်ခုလုံးကိုချွတ်ပြီး၊ ခေါက်ပြီး ဖြစ်နေပြီ။ သူ့ဝတ်စုံအောက်မှာ စွပ်ကျယ်အင်္ကျီနဲ့ ကာကီရောင် ဘောင်းဘီဝတ်ထားတယ်။ စွပ်ကျယ်လက်ပြတ်ကြောင့် တင်းရင်းနေတဲ့ သူ့ရဲ့ လက်မောင်းသားတွေကို အတိုင်းသားမြင်နေရတယ်။ ချွေးတွေနဲ့ ပြောင်လက်နေတဲ့ သူ့ရဲ့ ရင်၀ကို ကျွန်တော် သတိလွတ်ပြီး ကြည့်မိသွားတယ်။ မျက်လုံးကို အမြန်လွှဲလိုက်ရတယ်။
ခရမ်းက ကျွန်တော့်နောက်ကျောဘက်က ဇစ်ကို ဆွဲဖြုတ်ပေးတယ်။ သူ့အကူအညီပါတော့မှပဲ ဝတ်စုံကို ချွတ်လို့ ရသွားတယ်။ ကျွန်တော့် တစ်ကိုယ်လုံးလည်း ချွေးတွေ ရွှဲပြီး နစ်နေပြီ။ ခရမ်းက ဝတ်စုံနှစ်စုံကို ခေါက်ပြီး အိတ်တစ်အိတ်ထဲကို သွတ်ထည့်တယ်။
“ဘာလို့ ဝတ်စုံတွေကို သိမ်းနေတာလဲ”။ ကျွန်တော် နားမလည်ဘဲ မေးလိုက်တယ်။
“အထဲကို ယူသွားလို့မရဘူး။ ဒီဝတ်စုံတွေက အရေးကြီးလွန်းတယ်။ သူတို့လက်ထဲရောက်သွားလို့ မဖြစ်ဘူး။ လာ.. လိုက်ခဲ့”
ခရမ်းက အထုပ်ကိုကိုင်ပြီး ရှေ့ကနေ ခပ်သွက်သွက်လျှောက်သွားတယ်။ ကျွန်တော်လည်း နောက်ကနေ သွက်သွက် လိုက်သွားလိုက်တယ်။
မြောင်းနားကိုရောက်တော့ ခရမ်းက စွေ့ကနဲ မြောင်းထဲကို ခုန်ဆင်းတယ်။ ကျွန်တော့်ကို အပေါ်မှာပဲ စောင့်နေခဲ့ဖို့ မှာပြီး မြောင်းထဲက အမှိုက်သရိုက်တွေ၊ လူသေအလောင်းတွေကြားထဲကို တိုးဝင်သွားတယ်။
တော်တော်လေးကြာတော့မှ ခရမ်း အပေါ်ကို ပြန်တက်လာတယ်။ သူ့တစ်ကိုယ်လုံး ဗွက်အလူးလူးဖြစ်နေတယ်။ မြောင်းနံ့တွေလည်း ဟောင်နေတယ်။ ဒါပေမယ့် မြောင်းထဲမှာ အစာရှာနေကျ ကျွန်တော့်အတွက်တော့ ဒီလောက်နဲ့ ဘာမှ မမှုလောက်ဘူး။ ခရမ်းက ကျွန်တော့်ကို သေချာ ကြည့်ပြီး ပြောတယ်။
“အခုပြောမှာ အရေးကြီးတယ် သေချာနားထောင်”
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ စိတ်ထဲမှာတော့ ဝင်းထဲကို အရမ်းပြန်ရောက်ချင်နေပြီ။ လောနေပြီ။
“အထဲကို ပြန်ရောက်တဲ့အခါကျရင် နင့်ကို ဘယ်သူမှ မြင်သွားလို့ မဖြစ်ဘူး။ မေးခွန်းတွေ အများကြီး ဖြစ်လာလိမ့်မယ်။ အထဲရောက်ရင် ငါတို့ စခန်းထဲမှာပဲ နေရမယ်။ ဘယ်မှသွားလို့ မရဘူး။ နားလည်လား”
“ဟင်..ဒါပေမယ့် မေနှင်း..”
“မေနှင်းကိစ္စကို ငါတို့ တာဝန်ထားလိုက်။ ငါနဲ့ သုံးဝါနဲ့ ကြည့်လုပ်မယ်။ သူ့ကို ရအောင် ခေါ်လာပေးမယ်။ နင့်အလုပ်က စခန်းထဲမှာ စောင့်နေဖို့ပဲ”
ကျွန်တော် ခေါင်းကို သွင်သွင်ခါလိုက်တယ်။ ဘယ်ဖြစ်မလဲ။ မေနှင်းကို တွေ့ဖို့၊ ကယ်ဖို့ ကျွန်တော် ပြန်လာတာလေ။ ကျွန်တော် သူနဲ့ မတွေ့ရဘဲ ဘယ်နှရက် ထပ်စောင့်နေရမှာလဲ။
“ဘာတွေပြောနေတာလဲဗျ။ အဓိပ္ပာယ်မရှိတာ။ ခင်ဗျားတို့ကို စိတ်ချလက်ချ ထိုင်စောင့်နေရမှာလား။ မစောင့်နိုင်ဘူး”
ခရမ်းက ကျွန်တော့်ကို စိတ်ကုန်တဲ့အကြည့်နဲ့ ကြည့်တယ်။
“မစောင့်နိုင်ရင် မလိုက်ခဲ့နဲ့။ ငါ့စကားကို နားမထောင်နိုင်ရင် နင့်ဘာသာနင် အပြင်မှာနေခဲ့။ အခုထိ နားမလည်သေးဘူးလား။ နင့်ကိုယ်နင် ဘာထင်နေတာလဲ”
ခရမ်းရဲ့ မျက်နှာက စောစောက ကျွန်တော့်ကို လည်ပင်းညှစ်တုန်းက မျက်နှာမျိုး ပြန်ဖြစ်သွားတယ်။ ကျွန်တော် အံကိုကြိတ်တယ်။ တံတွေးကို မျိုချတယ်။ ဘာမှ မလုပ်နိုင်မှန်း ကိုယ့်ကိုယ်ကိုယ် သိသွားတဲ့နောက်မှာ ကျွန်တော် ငိုချင်လာတယ်။ ခရမ်းရဲ့ မျက်နှာက ပြန်ပျော့သွားတယ်။ သူ့လေသံက ညင်သာသွားတယ်။
“ဒီမှာ.. ငါးနီ။ ငါနင့်ကို နားလည်တယ်။ ငါ့တစ်အိမ်လုံးလည်း ငါ့မျက်စိရှေ့မှာတင် ငတ်ပြီးသေကုန်တာ။ ငါတစ်ယောက်တည်း ကျန်ခဲ့တာ။ ခွန်ဖြူတို့ ကယ်ထားလို့ ငါအခု အသက်ရှင်နေတာ။ ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်ကို ယုံလို့၊ သူတို့ စေတနာကို နားလည်လို့ ငါ အသက်နဲ့ကိုယ် အိုးစားမကွဲသေးတာ။ နင့်ကို အခု ပြောနေ၊ တားနေတယ်ဆိုတာလည်း တစောက်ကန်းတွေ လျှောက်လုပ်မိမှာစိုးလို့ တားနေတာ။ ယုတ်မာပြီး ပိတ်ပင်နေတာမဟုတ်ဘူး။ နင့်မိန်းမအတွက် စိတ်ပူတာတစ်ခုတည်းနဲ့ အဖွဲ့တစ်ခုလုံး ပြဿနာတက်အောင် လုပ်မလို့လား.. နင်သေချာစဉ်းစား”
ကျွန်တော် ဘာမှ ပြန်မပြောနိုင်ဘဲ ဝင်းဘက်ကိုပဲ ငေးကြည့်နေမိတယ်။ လေးခရမ်းက ဆက်ပြောတယ်။
“နင့်မိန်းမ အသက်မသေသေးဘူးဆိုရင် ငါတို့ တွေ့အောင်ရှာပြီး ခေါ်လာပေးမယ်။ ဟုတ်ပြီလား။ အခုတော့ နေမထွက်ခင် အထဲကို အမြန်ဝင်ရမှာ။ လာ.. တွေမနေနဲ့တော့”
ခရမ်းက ကျွန်တော့်ပခုံးကို အသာပုတ်ပြီး လှည့်ထွက်သွားတယ်။ မနက်ဖြန် ဘာတွေဖြစ်မလဲ ဆိုတဲ့ အတွေးကို ကျွန်တော် ခေါင်းထဲကနေ ထုတ်လိုက်တယ်။ ရှေ့က လျှောက်နေတဲ့ ခရမ်းရဲ့ နောက်ကျောကိုကြည့်ရင်း မျှော်လင့်ချက် တစ်ပိုင်းတစ်စကို အတင်းမွေးယူလိုက်တယ်။ သံခြေထောက်ကို ထောက်တယ်။ အနောက်ကနေ လိုက်သွားလိုက်တယ်။
+++++++
အခန်း (၉)
(၁)
အခန်း ၆၂၄ ရဲ့ တံခါး၀မှာ လူတစ်ယောက် မတ်တပ်ရပ်နေတယ်။ အသက်အရွယ်ကို မှန်းမရပေမယ့် တစ်ခေါင်းလုံးနီးပါးဖြူနေတဲ့ ဆံပင်တွေရယ်၊ မီးခိုးရောင် တစ်ဝက် အနက်ရောင်တစ်ဝက်နဲ့ ထိုးထောင်နေတဲ့ မုတ်ဆိတ်တွေရယ်.. ပြီးတော့ မျက်လုံးအောက်က တွန့်နေတဲ့ အရေးအကြောင်းတွေရယ်.. ဒါတွေကို ကြည့်လိုက်ရင်တော့ အသက် ၆၀ ကျော် ၇၀ နားကပ်နေပြီလို့ ထင်ရတယ်။ သူ့ရင်ဘတ်ကနေ ခြေသလုံးအထိ တွဲလောင်းကျနေတဲ့ အဝတ်စက အညိုကွက်တွေ၊ အနီစွန်းတွေနဲ့ ပွထညစ်ပတ်နေတယ်။ အောက်မှာ ဘာဝတ်ထားသလဲတော့ မမြင်ရဘူး။ အဲဒီလူကြီးက တံခါး၀မှာ မတ်တပ်ရပ်နေတဲ့ ကျွန်မနဲ့ ကြမ်းပြင်မှာ ထိုင်နေတဲ့ မေနှင်းကို ကြည့်တယ်။ ပြုံးလိုက်တော့ သူ့ရဲ့ ဖြူဖွေးနေတဲ့ သွားတွေက အတန်းလိုက် ဖွေးကနဲ ပေါ်လာတယ်။
“အထဲဝင်လေ”
မေနှင်းက ကြောက်အားလန့်အားနဲ့ မတ်တပ်ထရပ်လိုက်တာ ယိုင်လဲမလို ဖြစ်သွားတယ်။ ကျွန်မလက်မောင်းကို အမြန်လှမ်းကိုင်တယ်။ ဖျတ်ကနဲ မေနှင်း ကျွန်မနောက်ကို ရောက်သွားတယ်။ ကျွန်မကို ဒိုင်းလိုမျိုး ကာထားပြီး အခန်း၀က လူကို ကွယ်ပြီး ကြည့်တယ်။
“ဦးညိုကြီးဆိုတာလား” ။ ကျွန်မ မေးလိုက်တယ်။
တံခါး၀ကလူက ခေါင်းညိတ်တယ်။ ကျွန်မနောက်မှာ ကွယ်ပြီး ရပ်နေတဲ့ မေနှင်းကို လှမ်းကြည့်တယ်။
“ဒီကိုလာကြတာမဟုတ်လား။ လာ..လာ”
သူ့လေသံက အဖိုးဆီ လာကန်တော့တဲ့ မြေးတွေကို လှမ်းခေါ်သလိုပဲ ညင်သာနေတယ်။ ကျွန်မ အထဲဝင်မလို့ ခြေတစ်လှမ်းအလှမ်းမှာ မေနှင်းက အနောက်ကနေ ဆွဲထားတယ်။ တံခါး၀ကလူက ကျွန်မတို့ကို အထဲဝင်ဖို့ ခေါင်းဆတ်ပြပြီး ဟိုဘက်ကို လှည့်ထွက်သွားတယ်။
လှမ်းနေတဲ့ ကျွန်မရဲ့ ခြေ လေထဲမှာ ရပ်သွားတယ်။ ဟိုလူက အောက်မှာ ဘာမှ မဝတ်ထားဘူး။ သူ့ကိုယ်အရှေ့ပိုင်းမှာ ကာထားတဲ့ အဝတ်စရယ်၊ နောက်ကျောမှာ စည်းထားတဲ့ ကြိုးတစ်ချောင်းရယ်ကလွဲရင် ကိုယ်တုံးလုံးပဲ။ နောက်ကျောပြင်ရော၊ အောက်ပိုင်းကိုရော အတိုင်းသား မြင်နေရတယ်။ မေနှင်းဆီက အိကနဲ အသံထွက်လာတယ်။
“အစ်မ.. အစ်မ.. မဝင်နဲ့လေ။ ဘာကြီးမှန်းမသိဘူး။ ဟိုမှာ.. “
ကျွန်မ ခဏတွေသွားတယ်။ ဒါပေမယ့် စောစောက လှသိန်းနဲ့ တွေ့အပြီးမှာ ကြောက်စိတ်ဆိုတာ မရှိသလောက် ပါးသွားပြီ။ ဒီထက်ဆိုးစရာလည်း မရှိတော့ပါဘူး။ ဟုတ်တယ်မဟုတ်လား။ ပြီးတော့ ဒီအဘိုးကြီးက ကျွန်မတို့ကို ဘာလုပ်ရဲမှာလဲ။ လှသိန်းလိုလူကိုတောင် နိုင်အောင် တိုက်လာခဲ့တာ။ ဒီလောက်နဲ့မှ နောက်ဆုတ်ရင် ကျွန်မ နောင်တရနေရမယ်။ ကျွန်မ စိတ်ကို တင်းလိုက်တယ်။ မေနှင်းလက်ကို လှမ်းဆွဲလိုက်တယ်။
“လာ။ မကြောက်နဲ့..”
ကျွန်မတို့ နှစ်ယောက် အခန်းထဲကို ဝင်လိုက်ကြတယ်။
(၂)
အခန်းဆိုပေမယ့် တကယ်ကတော့ ဂိုဒေါင်တစ်ခုလိုပါပဲ။ အိမ်ခန်းတစ်ခန်းရဲ့ အင်္ဂါရပ် ဘာမှ မရှိဘူး။ တစ်ခန်းလုံး အပြည့်ချိတ်ထားတာကတော့ အသားစတွေပဲ။ နံရံမှာ တုတ်တန်း တစ်တန်း ထိုးထားတယ်။ အဲဒီတုတ်တန်း တလျှောက်မှာ ချိတ်တွေချိတ်တွေနဲ့ အသားပြားတွေ အတွဲလိုက် ဆွဲထားတယ်။ မီးရောင် ဝါဝါအောက်မှာ နီစွေးနေတဲ့ အသားတွေက ဘာအသားတွေလဲဆိုတာ မေးစရာမလိုလောက်အောင် ပီပြင်နေတယ်။ တချို့ အသားတွဲတွေက အရေခွံတောင် မနွှာရသေးဘူး။ တံတောင်ဆစ်နေရာမှာ အကွင်းလိုက်လှီးထားတဲ့ လက်တွေ၊ အရိုးထုတ်ထားလို့ ပျော့တွဲနေတဲ့ ခြေထောက်တွေ..။ တစ်ခန်းလုံး ညှီစို့စို့အနံ့တွေ ပြည့်နေတယ်။ အခန်းထောင့်မှာ သံစားပွဲ တစ်လုံးချထားတယ်။ စားပွဲပေါ်မှာလည်း ကိုင်လက်စ အသားတုံး တချို့နဲ့ အရိုးတွေ တင်ထားတယ်။ ဦးညိုကြီး ဆိုတဲ့သူက သံစားပွဲရှေ့မှာ ဓားတစ်ချောင်းနဲ့ အလုပ်ရှုပ်နေတယ်။ တစ်ကိုယ်လုံး အဝတ်စတစ်ခုကလွဲရင် ဘာမှမဝတ်ထားတော့ ရွတ်တွနေတဲ့ သူ့ကိုယ်အနောက်ပိုင်းကို အထင်းသား မြင်နေရတယ်။ မေနှင်းဆီက အော်သံလိုလို ငိုသံလိုလို တအိအိအသံ ထွက်လာပြန်တယ်။ ကျွန်မ ချောင်းတစ်ချက်ဟန့်လိုက်တယ်။
ဦးညိုကြီးက ကျွန်မတို့ဘက်ကို လှည့်လာတယ်။ သူ့ရဲ့ ကိုယ်လုံးတီး အနောက်ပိုင်းကို မမြင်ရတော့တဲ့အတွက် ကျွန်မ စိတ်သက်သာရာ ရသွားတယ်။
“လာ..လာ ဒီမှာ ထိုင်ကြ”
ဦးညိုကြီးက စားပွဲအောက်နေ ထိုင်ခုံ အပုနှစ်လုံး ထုတ်ပြီး ယူလာပေးတယ်။ ကျွန်မနဲ့ မေနှင်း ထိုင်ခုံပုတွေပေါ်မှာ ကြောင်တောင်တောင်နဲ့ ထိုင်လိုက်ကြတယ်။ ဦးညိုကြီးက အခန်းတံခါးကို သွားပိတ်တယ်။ အခန်းတစ်ခန်းလုံး မှောင်ကျသွားတယ်။ မီးဝါဝါတစ်လုံးရဲ့ အလင်းအောက်မှာ မျက်နှာပေါ်က အရိပ်တွေ ပိုပြီး ရှည်လာတယ်။ ဦးညိုကြီးက သူ့အတွက် နောက်ထပ်ထိုင်ခုံတစ်လုံး ထပ်ယူလာပြီး ကျွန်မတို့နဲ့ မျက်နှာချင်းဆိုင်ထိုင်တယ်။ မီးရောင်အောက်မှာ သူ့ရဲ့မျက်နှာက ပိုပြီး ကြောက်ဖို့ကောင်းလာတယ်။ ဦးညိုကြီးက ထိုင်ခုံမှာ ထိုင်ရင်း ပြောတယ်။
“စောစောက လှသိန်းကို လုပ်လိုက်တာ လှသကွာ။ အဘ ဟိုအပေါက်ထဲကနေ ချောင်းကြည့်နေတာ”
ဦးညိုကြီးက ၀ရန်တာဘက်ခြမ်းမှာ ဖောက်ထားတဲ့ အပေါက်ဝိုင်းတစ်ဝိုင်းကို လက်ညှိုးထိုးပြတယ်။ ကျွန်မ စိတ်ထဲမှာ မတင်မကျဖြစ်သွားတယ်။
“ဒီလောက် အပြင်မှာ ဖြစ်ပျက်နေတာကို အဘက ဘာလို့ ထွက်မရှင်းတာလဲ။ အဘဆီမှာ ဓားတွေ လက်နက်တွေ ရှိနေတာပဲ”
ဦးညိုကြီးက ဟီးကနဲ တစ်ချက်ရယ်တယ်။
“အပြင်မှာဖြစ်နေတာ ငါနဲ့မှ မဆိုင်ဘဲ။ ငါ့အလုပ်နဲ့ငါ ရှုပ်နေတာ။ ဒီမှာ အသားစိမ်းတွေက ဒီနေ့ အပြီး ကိုင်ရမှာ။ နေလှန်းရဦးမယ်။ အခြောက်ခံရမယ်။ မဟုတ်ရင် ပျက်စီးကုန်မှာပေါ့ဟ”
ကျွန်မ ဒေါသထွက်သွားတယ်။ ဘယ်လို အရူးတွေနဲ့ တွေ့နေတာလဲ။
“အဘ အခုလုပ်နေတာတွေကို ရုံးဘက်က မသိဘူးလား။ သိသွားရင် ဘာဖြစ်မလဲဆိုတာရော အဘ မသိတာလား။ မသိချင်ယောင် ဆောင်နေတာလား”
ဦးညိုကြီးက ထပ်ရယ်ပြန်တယ်။ သူ့ ရယ်သံ တခွီးခွီးကြောင့် ကျွန်မ ဒေါသက ငယ်ထိပ်အထိ တက်လာတယ်။ မေနှင်းကတော့ ဦးညိုကြီး တစ်ချက်ရယ်လိုက်တိုင်း တွန့်ကနဲ ဖြစ်ဖြစ်သွားတယ်။ ကျွန်မကိုလည်း မကြည့်ဘူး။ ဦးညိုကြီးကိုလည်း မကြည့်ရဲဘဲ ကြမ်းပြင်ကိုပဲ အသည်းအသန် စိုက်ကြည့်နေတယ်။
“ကျွန်မ ဘယ်သူလဲဆိုတာ အဘ သိတယ်မဟုတ်လား။ အဘ အခုလုပ်နေတာက ပြစ်မှု ကြီးတယ်နော်။ လူသားစားတာကို ရုံးဘက်က တားမြစ်ထားတာ မသိဘူးလား။ သိသွားရင် အပြင်ထုတ်ခံရမယ်။ ကျွန်မ ဒီနေရာကို ရုံးကလူတွေနဲ့ ချက်ခြင်း ဝင်ရှာခိုင်းလိုက်ရမလား”
ကျွန်မရဲ့ ခြိမ်းခြောက်စကားကြောင့် အဘိုးကြီး ကြောက်များကြောက်သွားမလားဆိုပြီး စောင့်ကြည့်နေလိုက်တယ်။ ဒါပေမယ့် ဦးညိုကြီးက ကျွန်မစကားကို အဖက်လုပ်ပုံ မရဘူး။ တဟီးဟီးပဲ ရယ်နေတယ်။ ကျွန်မ စိတ်တွေ အရမ်းတိုလာတယ်။ ဒီအရူးဆီမှာ ဘာသတင်းအချက်အလက်မှ ရှိမှာ မဟုတ်ဘူး။ ဒီလူဆီကို ခေါ်လာတဲ့ မေနှင်းကိုပါ စိတ်ဆိုးချင်လာတယ်။ ကျွန်မ မတ်တပ်ထရပ်လိုက်တယ်။
“ဆူဇန်။ ပြန်ထိုင်လိုက်”
တည်ကြည်ပြတ်သားနေတဲ့ စကားသံကြောင့်ကျွန်မ ကြောင်ကနဲ ဖြစ်သွားတယ်။ ကျွန်မနာမည်ကို သူဘယ်လို သိသလဲ။ ဦးညိုကြီးရဲ့ မျက်နှာက စောစောကလို မျက်နှာရူး မဟုတ်တော့ဘူး။ ကျွန်မကို စေ့စေ့ကြည့်နေတဲ့ မျက်လုံးတွေထဲမှာလည်း ကယောင်ကတမ်း အရောင်တွေ မရှိတော့ဘူး။ ကျွန်မ ပြန်ထိုင်လိုက်တယ်။ ဦးညိုကြီးက ကျွန်မကိုရော မေနှင်းကိုပါ စေ့စေ့ကြည့်တယ်။
“ရာဇာရော နေကောင်းရဲ့လား”
“ရာဇာ.. အဖေ့ကို အဘက သိလို့လား”။ ကျွန်မ အံ့ဩတကြီးနဲ့ မေးလိုက်တယ်။
“ငါ့လက်ပေါ်မှာပဲ ကြီးလာတဲ့ကောင်ပဲ။ သိတာပေါ့”
မေးခွန်းတွေ ကျွန်မခေါင်းထဲမှာ ဖြတ်ပြေးသွားပြီး ဘယ်ကစမေးလို့ မေးရမှန်းမသိ ဖြစ်သွားတယ်။ ဦးညိုကြီးက ဆက်ပြောတယ်။
“ရာဇာက မင်းကို ဘာမှ ပြောပြမထားဘူးထင်တယ်။ အေး.. ဘယ်ပြောပြမလဲ… သူ့စိတ်ထဲမှာတော့ သူ့သမီးကို အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ထားလိုက်တာ ကာကွယ်တာနဲ့ တူတူပဲလို့ ထင်နေမှာပေ့ါ။ ဒါပေမယ့်.. အခု ပိတ်ထားလို့ မရလို့ မင်းအပြင်ကို ရောက်လာတာပဲလေ”
“အဘနဲ့အဖေနဲ့ သိတယ်ဆိုရင်.. အဘက အရင်တုန်းက..”
“ရုံးဘက်မှာ လုပ်တာ။ ဟုတ်တယ်”။ ကျွန်မရဲ့ မေးခွန်းကို ဦးညိုကြီးက ကြားဖြတ်ပြီး ဝင်ဖြေပေးလိုက်တယ်။
“အခုတော့ ဟိုကောင် ဇင်မင်းလက်ထက်ပေါ့။ အဘက မင်းအဘိုး ဆုံးပြီးကတည်းက တိုက်တန်းတွေဘက်ကို ပြောင်းလာခဲ့တာ။ အခုဆိုရင် ကြာပြီပေါ့..။ ဆယ့်ငါးနှစ်လောက်တောင် ရှိလောက်ပြီ”
“ဘာလို့များဒီဘက်ကို ပြောင်းလာတာလဲဟင်..။ ရုံးဘက်မှာ အဆင်မပြေတာ ဘာရှိလို့လဲ”
ဦးညိုကြီးက ကျွန်မစကားကို မဖြေသေးဘဲ လက်ထဲက သားလှီးဓားကို အဝတ်စနဲ့ သုတ်နေတယ်။ တုပ်တုပ်မျှမလှုပ်ဘဲ တောကြည့်တောင်ကြည့် လုပ်နေတဲ့ မေနှင်းကို တစ်ချက်ကြည့်တယ်။ ကျွန်မကို ပြန်ကြည့်တယ်။ တော်တော်ကြာမှ စကားပြန်ပြောတယ်။
“မင်းအခုဒီကိုလာတာ အဲဒါတွေ မေးဖို့ မဟုတ်ဘူး မဟုတ်လား။ ဘာသိချင်လို့ ရောက်လာတာလဲ”
ကျွန်မ တစ်မိနစ်လောက် တွေသွားတယ်။ မေးသင့်မမေးသင့် စဉ်းစားနေတာ။ ဦးညိုကြီးနဲ့ အဖေနဲ့ သိတယ်ဆိုတာ တကယ်လား။ ဒါဆိုရင် ဘာဖြစ်လို့ ရုံးဘက်ကနေ ဒီကို ရောက်လာသလဲ။ ဘာလို့ လူသားတွေ ခုတ်ထစ်ပြီး ရောင်းနေတာလဲ။ ဒီလူက ဘာလဲ။ ကြယ်တံခွန်အဖွဲ့နဲ့ရော ဘယ်လို ပတ်သက်နေသလဲ။ ဦးညိုကြီး လူသားရောင်းတာ ဒီလောက် နာမည်ကြီးနေရင် ရုံးဘက်က ဘာဖြစ်လို့ လာမဖမ်းသလဲ..။ နောက်ဆုံးမှာ ကျွန်မ မေးသင့်တယ်လို့ ထင်တဲ့ မေးခွန်း တစ်ခုနှစ်ခုကို ခေါင်းထဲမှာ စီလိုက်တယ်။ ပထမမေးခွန်းကို အရင်မေးလိုက်တယ်။
“ကြယ်တံခွန်အဖွဲ့နဲ့ ပတ်သက်ပြီး အဘ ဘာသိသလဲ။ သိသလောက် ပြောပြပါ”
ဦးညိုကြီးက သူ့လက်သည်းကြားမှာ ညပ်နေတဲ့ သွေးအစအနတွေကို ဓားဦးနဲ့ ကော်ထုတ်နေတယ်။ ကျွန်မကို မကြည့်ဘဲ ပြန်မေးတယ်။
“ဘေးက မိန်းကလေးက ဘယ်သူလဲ”
မေနှင်းတစ်ကိုယ်လုံး တွန့်ကနဲ ဖြစ်သွားတယ်။ ငုံ့နေတဲ့ခေါင်းက ပိုပြီးတော့တောင် အောက်ကို စိုက်ကျသွားသေးတယ်။ သူ့အစား ကျွန်မ ဝင်ဖြေပေးလိုက်တယ်။
“သူက ကျွန်မကို သက်သက်လိုက်ကူညီပေးနေတာ။ ရုံးဘက်ကို အခုမှ ပြောင်းလာတဲ့သူပါ။ အစက သံပုံးတွေဘက်မှာနေတာ။ အခု သူ့ယောကျ်ားဆုံးသွားတော့..”
“သူ့ယောက်ျားက ဘယ်သူလဲ”
ကျွန်မမေးတာကို မဖြေဘဲ သူကပဲ ပြန်ပြီး မေးခွန်းတွေ ထုတ်နေပါလား။ ကျွန်မ စိတ်တိုလာပြန်တယ်။ ပြန်ပြောမယ်အလုပ်မှာ မေနှင်းဆီက အသံထွက်လာတယ်။
“ကို..ကိုနေမင်းပါ”
ဦးညိုကြီးက ခေါင်းတညိတ်ညိတ်လုပ်တယ်။
“နေမင်း.. နေမင်းဆိုတော့ ငမျိုးရဲ့ သူငယ်ချင်းပေါ့။ ငမျိုးကတော့ အဘဆီကို မကြာခဏလာတယ်။ စကားအင်မတန်များတဲ့ကောင်။ ငမျိုးအသတ်ခံရတဲ့ သတင်းကြားတော့ အဘ စိတ်တောင်မကောင်းဘူး။ နေမင်းလည်း ဆုံးသွားပြီလား။ ဘာဖြစ်တာလဲ”
“လေပြင်းထဲ ပါသွားတာ..”
မေနှင်းအသံက တုန်နေတယ်။ ငိုသံပေါက်နေတယ်။ ဦးညိုကြီးက ကျွန်မဘက်ကို တစ်ချက်မှ လှည့်မကြည့်ဘဲ မေနှင်းကိုပဲ သနားတဲ့အကြည့်နဲ့ ကြည့်နေတယ်။
“သမီးက ဘာလို့ ဥက္ကဌသမီးကို ကူညီပေးနေတာလဲ။ ဥက္ကဌသိသွားရင် ဘာဖြစ်မလဲ မသိဘူးလား”
“အဘ။ မဆိုင်တာတွေ မပြောပါနဲ့။ ကျွန်မ မေးနေတာတွေကိုပဲ ဖြေပါ”။ ကျွန်မ စိတ်ပေါက်ပေါက်နဲ့ ဝင်ပြီး ဖြတ်ပြောလိုက်တယ်။ ဦးညိုကြီးက ကျွန်မဘက်ကို ပြန်လှည့်လာတယ်။
“မင်းအဖေသိသွားရင် ဒီကလေးမကို အရင်သတ်မှာ။ မင်းဒါကို နားမလည်ဘူးလား။ ဘာဖြစ်လို့ သူ့ကို အကြပ်ကိုင်ရတာလဲ”
ကျွန်မ ဘာပြန်ပြောရမှန်းမသိဘူး ဖြစ်သွားတယ်။ မေးခွန်းတွေထုတ်မယ်ဆိုပြီး ရောက်လာတဲ့ ကျွန်မ.. တရားခံစစ် စစ်ခံနေရပါလား။ မေနှင်းကတော့ ကျွန်မကိုကြည့်လိုက် ဦးညိုကြီးကို ကြည့်လိုက်နဲ့ ပျာယာခတ်နေတယ်။ မျက်ရည်တွေလည်း ဝဲနေတယ်။ ကျွန်မ မေနှင်းကို အမြန်ပြောလိုက်တယ်။
“မမေနှင်း။ ဘာမှ မဖြစ်စေရဘူး။ စိတ်မပူနဲ့။ ညီမ အာမခံတယ်”
မေနှင်းက ခေါင်းကို မဝံ့မရဲ ညိတ်တယ်။ ဦးညိုကြီးကတော့ ခေါင်းကို ဖြည်းဖြည်းချင်း ရမ်းတယ်။ သက်ပြင်းချတယ်။
“ထားပါတော့။ ကြယ်တံခွန်အဖွဲ့နဲ့ ပတ်သက်ပြီး သိချင်တာလား။ သိတော့ မင်းက ဘာလုပ်မလို့လဲ”
ကျွန်မ မျက်နှာကို မော်လိုက်တယ်။ မေးရိုးကို တင်းနေအောင် အရှေ့ကို ခတ်ထုတ်လိုက်တယ်။ ပြောလိုက်တဲ့ ကျွန်မရဲ့ စကားထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပြည့်လျှံနေတယ်။
“အဲဒီသူပုန်အဖွဲ့ကို ကျွန်မကိုယ်တိုင် စုံစမ်းပြီး တိုက်ဖျက်ချင်လို့”
ဦးညိုကြီးက ဟက်ဟက်ပက်ပက် ရယ်တာ သီးပါသီးသွားပြီး တခွီးခွီးအသံတွေထွက်လာတယ်။ ပါးစပ်အပြင်ကို လျှံထွက်လာတဲ့ သွားရေတွေကို လက်နဲ့ သုတ်တယ်။ စောစောက တည်ကြည်နေတဲ့ သူ့မျက်နှာမှာ ရူးကြောင်ကြောင် အမူအရာတွေ ပြန်ရောက်လာတယ်။
“ဟီးဟီး.. သူရဲတွေကို နှစ်ခါပြန် သတ်လို့ မရဘူးကွ”
“ဘာသူရဲတွေလဲ။ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့ အဘ။ အဲဒီ သူပုန်တွေရဲ့ နေရာက ဒီတိုက်တန်းထဲမှာပဲ ရှိမှာ သေချာတယ်။ ဘယ်နေရာမှာလဲ။ ဘယ်နှယောက်ရှိသလဲ။ ကျွန်မ သိချင်တယ်။ အဘ ပြောမပြဘူးဆိုရင် ကျွန်မ ဒီနေရာအကြောင်း ရုံးဘက်ကို သတင်းပို့လိုက်မယ်။ တကယ်ပြောနေတာ.. တကယ်လုပ်မှာ”
ဘာဖြစ်လို့လဲတော့မသိဘူး.. ကျွန်မသုံးနေကျ နည်းလမ်းက ဒီတစ်ခါ အသုံးမဝင်သလို ၊ အသက်မဝင်သလို ပေါ့ပျက်ပျက် ဖြစ်နေတယ်။ ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်မှုတွေဟာ ဒီအရူးနဲ့တွေ့မှ လျော့ပါးသွားသလိုပဲ။ ဦးညိုကြီးက တဟီးဟီး ရယ်နေရင်း ဆက်ပြောတယ်။
“မင်းလည်း မင်းအဖေအတိုင်းပဲ။ ပညာလေး မတောက်တခေါက် တတ်တာနဲ့ အားလုံးကို အနိုင်ယူလို့ ရမယ်ထင်နေတယ်။ ဟီးဟီး.. မင်းတို့ တတ်ထားတဲ့ ပညာတွေက ဒီကမ္ဘာသစ်မှာ အသုံးမဝင်ဘူးကွ..”
“ဘာလို့အသုံးမဝင်ရမှာလဲ။ ဟိုမှာ.. လှသိန်းဆိုတဲ့လူကို ကျွန်မ ဘယ်လို ပညာပေးလိုက်သလဲ အဘ မတွေ့ဘူးလား။ ပညာမတတ်တဲ့သူတွေ နောက်ဆုံးကျရင် ရှုံးတာပဲ”
ဦးညိုကြီးရဲ့ မျက်နှာက ရုတ်ကနဲ ပြန်တည်သွားပြန်တယ်။ လေသံကလည်း ပြန်မှန်သွားတယ်။
“လှသိန်းလို ငတုံးတစ်ကောင်ကို နိုင်သွားတာနဲ့ မင်းကိုယ်မင်း ဟုတ်လှပြီထင်နေသလား။ အဲဒီ သူပုန်အဖွဲ့ထဲမှာ၊ သူရဲတွေထဲမှာ မင်းထက် တတ်တဲ့၊ တော်တဲ့ သူတွေ အများကြီးရှိတယ်။ ပြီးတော့ သူတို့တွေအကုန်လုံးက သေမထူး၊ နေမထူးတွေ၊ ဆုံးရှုံးစရာ မကျန်တော့တဲ့ သူတွေ၊ မင်းမှာ အဲဒီစိတ်ဓာတ်ရှိသလား။ မရှိသေးရင် ဘာလို့ အချိန်ကုန်ခံပြီး ကြိုးစားချင်နေတာလဲ။ သွားစမ်းပါ ၊ အိမ်ပြန်စမ်းပါ။ မင်းအဖေ သိသွားရင် ဟိုကလေးမပါ မဆီမဆိုင် ဒုက္ခရောက်နေမယ်”
ကျွန်မ ကိုယ်ကို အရှေ့ကို ကိုင်းလိုက်တယ်။ ဦးညိုကြီးရဲ့ မျက်လုံးကို စေ့စေ့ကြည့်တယ်။
“အဘကရော အဲဒီအဖွဲ့ထဲမှာ ပါနေတာလား..။ ဘာဖြစ်လို့ ဒီလောက် ကာကွယ်ပေးနေတာလဲ”
“ငါက ဘယ်အဖွဲ့ထဲမှာမှ မပါဘူး။ စိတ်လည်းမဝင်စားဘူး။ ငါ့ဘာသာငါ အေးအေးဆေးဆေး နေနေတာ။ အေး.. ဒါပေမယ့် မင်းအဖေတို့နဲ့ သူပုန်တွေ ဖြစ်နေတဲ့ ပြဿနာတွေကိုတော့ ငါ တော်တော် စိတ်ကုန်တယ်။ ဘာမှမရှိတော့တဲ့ အခြေအနေမှာတောင် ရှိစုမဲ့စုတွေကို လုယက်ပြီး သတ်ဖြတ်နေနိုင်ကြသေးတယ်”
“အဘကျတော့ လူသားတွေ ခုတ်ထစ်နေပြီး..ငြိမ်းချမ်းရေးစကားတွေ ပြောနေနိုင်တယ်နော်”။ ကျွန်မ သရော်တဲ့ လေသံနဲ့ မေးလိုက်တယ်။
ဦးညိုကြီးမျက်နှာက ပြန်ပြောင်းသွားပြန်တယ်။ တဟီးဟီးရယ်ပြန်တယ်။ ဒီလူမှာ စိတ်ရောဂါတစ်ခုခု ရှိနေတာ သေချာနေပြီ..။
“ငါက သေပြီးသားလူကိုပဲ လုပ်တာ.. ဟီးဟီး.. မင်းအဖေလို မသေသေးတဲ့သူကို ညှင်းသတ်နေတာမဟုတ်ဘူး”
ကျွန်မ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါလိုက်တယ်။ ဒီအရူးအဘိုးကြီးနဲ့ စကားဆက်ပြောနေလည်း ဘာမှထူးမှာ မဟုတ်ဘူး..။ တော်ပါပြီ။ ကျွန်မ မတ်တပ်ထရပ်လိုက်ပြီး တံခါးဆီကို ထွက်လာလိုက်တယ်။ မေနှင်းကလည်း အမြန်ထလိုက်လာတယ်။ ဦးညိုကြီးက နောက်ကနေ လှမ်းပြောတယ်။
“သူရဲဆိုတာ သေပြီးမှ ဖြစ်တာတဲ့။ မင်းအဲဒီလောက်ဆိုရင် စဉ်းစားတတ်မယ်လို့ ငါ ထင်တာပဲ။ ဉာဏ်အရမ်း ကောင်းတယ်မဟုတ်လား.. ကိုယ့်ဘာသာကိုယ် အဖြေရှာကြည့်တော့..”
ကျွန်မ တွေကနဲ ဖြစ်သွားတယ်။ သေပြီးမှ ဖြစ်တာ.. ဒါ.. ဘာသဘောလဲ။ ဦးညိုကြီးကို ပြန်လှည့်ကြည့်လိုက်တော့ သူက သံစားပွဲဘက်ကို ပြန်ရောက်နေပြီ။ လက်ထဲကဓားနဲ့ အလုပ်ရှုပ်နေပြီ။ ကျွန်မတို့ကို လှည့်မကြည့်ဘဲ ဦးညိုကြီးက လက်ပြပြီး ပြောတယ်။
“တံခါးပြန်ပိတ်သွားဦး”
ကျွန်မ တံခါးကို စိတ်ဆိုးဆိုးနဲ့ ဆောင့်ပိတ်ပြီး ထွက်လာခဲ့လိုက်တယ်။
(၃)
အပြန်လမ်းက အသွားထက် အများကြီး ပိုပင်ပန်းတယ်။ နေကလည်း ခေါင်းပေါ်တည့်တည့် ရောက်နေပြီ။ အပူရှိန်ကြောင့် ကျွန်မ ချွေးတွေ မကြာခဏ သုတ်ရတယ်။ လမ်းမှာ ခဏခဏ နားရတယ်။ တောင်ကုန်းဘက်ကို ပြန်ရောက်တော့ ကျွန်မ ဆက်မလျှောက်နိုင်တော့တာနဲ့ လမ်းဘေးမှာ ခဏထိုင်ချလိုက်ရတယ်။ မေနှင်းကလည်း ဘေးမှာ ပစ်ထိုင်တယ်။ သူကတော့ ကျွန်မလောက် မောတဲ့ပုံမပေါ်ဘူး။ မေနှင်းက ကျွန်မကို မေးတယ်။
“အစ်မ.. ရသေးရဲ့လား။ ကျွန်မ ရေတောင်းပေးရမလား”
ခပ်လှမ်းလှမ်းမှာ အလုပ်လုပ်နေတဲ့ ဝင်းသမား သုံးလေးယောက်။ သူတို့ရှေ့မှာ ချထားတဲ့ ရေပုံး။ ကျွန်မ လှမ်းကြည့်ရင်း လည်ပင်းတွေ ပိုခြောက်လာတယ်။ ရေအရမ်းငတ်နေပြီ။
“ရတယ်..ရတယ်.. မသောက်သေးဘူး။ ရုံးဘက်ပြန်ရောက်မှ သောက်တော့မယ်”
မေနှင်းက ကျွန်မကို နားလည်သလို ခေါင်းညိတ်တယ်။
“အင်း.. အစ်မကတော့ ရွံမှာပေါ့။ ဟုတ်သားပဲ။ ကျွန်မ တခြားနေရာကနေ ရေရှာပေးရမလား။ သံပုံးဘက်ရောက်ရင်တော့ ကျွန်မဆီမှာ ရေနည်းနည်းရှိတယ်။ အဲဒီတော့မှ သောက်လေ..”
မေနှင်းကို ကျွန်မ အားနာသွားတယ်။ ဟုတ်ပါတယ်.. ကျွန်မ သူတို့သောက်တဲ့ရေကို မသောက်နိုင်ဘူး.. သူတို့စားနေတဲ့ ဘာမှန်းမသိတဲ့ အစားအစာတွေကို မစားနိုင်ဘူး။ ဒါကြောင့်များ ဦးညိုကြီးက ကျွန်မကို ဟားတိုက်လွှတ်လိုက်တာလား။ ဟင့်အင်း.. ဒါပျော့ညံ့တာမှ မဟုတ်ဘဲ။ ကျွန်မမှာ သတ္တိတွေ ရှိပါတယ်။ တကယ်ပါ။ ဒါပေမယ့် အဝတ်စုတ်နဲ့ ညှစ်ချတဲ့ ရေကိုသောက်ရဲလောက်တဲ့ သတ္တိတော့ မရှိသေးဘူး..။
“ရတယ်အစ်မ။ နောက်မှ..”
ကျွန်မ အားတင်းပြီး ပြန်ထလိုက်တယ်။ ရုံးဘက်ကို မြန်မြန် ပြန်ရောက်မှဖြစ်မယ်။
သံပုံးတွေနားကိုရောက်တော့ ကျွန်မ နောက်တစ်ခေါက် ထိုင်နားရပြန်တယ်။ လည်ပင်းတစ်ခုလုံး ရေငတ်ပြီး ခြစ်ခြစ်တောက်ပူ၊ ခြောက်ကပ်နေပြီ။ မေနှင်းက ကျွန်မကို သနားသလို ကြည့်ပြီး ပြောတယ်။
“အစ်မ.. လာလာ။ မရတော့ဘူး။ ဒီပုံစံနဲ့ အစ်မ မူးလဲသွားလိမ့်မယ်။ ကျွန်မတို့ ပုံးထဲကို လိုက်ခဲ့။ အထဲမှာ ရေနည်းနည်းကျန်သေးတယ်။ လာလာ အစ်မ”
ကျွန်မ ဒီတစ်ခါတော့ မငြင်းနိုင်တော့ဘူး။ ရေငတ်လွန်းလို့ အာရုံတွေပါယိမ်းထိုးနေပြီ။ ကုန်းရုန်းထပြီး မေနှင်းခေါ်ရာနောက်ကို လိုက်သွားလိုက်တယ်။
သံပြားစုတ်တစ်ချပ်နဲ့ ကာထားတဲ့ ကွန်တိန်နာပုံးတစ်ခုနားကိုရောက်တော့ မေနှင်းက ရပ်လိုက်တယ်။ သံပြားကို လက်နဲ့မပြီး ဖယ်တယ်။ အထဲကိုဝင်သွားတယ်။ ကျွန်မကိုလည်း လိုက်ခဲ့ဖို့ ခေါ်တယ်။
အထဲကိုဝင်လိုက်သွားတော့ ကွန်တိန်နာပုံးက မှောင်မည်းနေတယ်။ ပုံးအလယ်မှာ တွဲလောင်းကျနေတဲ့ ပိတ်ထားတဲ့ မီးသီးတစ်လုံးရှိတယ်။ ပုံးထောင့်မှာ အိပ်ရာတစ်ခုရှိတယ်။ အိပ်ရာဘေးမှာ သစ်သား သေတ္တာတစ်လုံး။ ရေပုံးတစ်ခု။ ဒါပဲ။ ကျန်တာ ဘာမှမရှိဘူး။ အခန်းလေးက ကျဉ်းလိုက်တာ..။ ဘယ်လိုများ နှစ်ယောက် နေကြပါလိမ့်။
“အစ်ကို မရှိတော့ကတည်းက မီးသီးက မလာတော့တာ အစ်မ။ မြင်ရရဲ့လား.. ဒီနားမှာထိုင်လိုက်။ လာ.. အိပ်ရာပေါ်မှာ ထိုင်”
မေနှင်းက အားနာသလို ပြောတယ်။ အိပ်ရာဘေးက ရေပုံးကို ကျွန်မဆီယူလာပေးတယ်။ ကျွန်မ အိပ်ရာပေါ်ကို ပစ်ပြီးထိုင်ချလိုက်တယ်။ မေနှင်းပေးတဲ့ ရေပုံးကို လှမ်းယူတယ်။ ရေပုံးထဲမှာ လက်သုံးလုံးစာလောက် ကျန်တဲ့ ရေ..။ ကျွန်မ မေနှင်းကို အားနာသလို ကြည့်လိုက်တယ်။ မေနှင်းက ခေါင်းခါပြပြီး ပြောတယ်။
“သောက်လေအစ်မ.. ကျွန်မက ရတယ်။ ရုံးဘက်ရောက်မှ သောက်တော့မယ်..”
ကျွန်မ အားနာစိတ်ကို မျိုချပြီး ရေပုံးကိုမော့သောက်လိုက်တယ်။ လည်ပင်းထဲကို စီးကျသွားတဲ့ ရေက အနံ့အသက်မကောင်းဘူး။ အနည်တချို့လည်းပါနေတယ်။ ဒါပေမယ့် ဂရုမစိုက်နိုင်တော့ဘဲ တဂွတ်ဂွတ်မြည်အောင် သောက်ချလိုက်တယ်။ ခြောက်သယောင်းနေတဲ့ ကျွန်မရဲ့ လည်ချောင်းက ချက်ခြင်း သက်သာသွားတယ်။ ခဏလေးနဲ့ ခေါင်းမူးနေတာတွေ၊ မောနေတာတွေ ပျောက်သွားတယ်။
“ကျေးဇူး.. ကျေးဇူးပဲနော် မမေနှင်း..။ တကယ်ပြောတာ..”
အမှောင်ထဲမှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ မေနှင်းက ကျွန်မကို ခေါင်းညိတ်ပြတယ်။ သူ့လက်တွေက အိပ်ရာခင်းအစကို လုံးခြေနေတယ်။
“အစ်မယောက်ျားမရှိတာနဲ့ မီးမလာတော့တာနဲ့ ဘာဆိုင်လို့လဲ..”။ ကျွန်မ မေးလိုက်တယ်။
“အစ်ကိုရှိတုန်းက မီးလာအောင်..မီးလွှတ်တဲ့လူတွေဆီကို ကြွက်တွေသွားပေးရတယ်..။ အဲဒီလို မလုပ်ရင် သုံးလေးရက်ကြာတာနဲ့ မီးဖြတ်ပစ်တာပဲ..။ အခု ကျွန်မ တစ်ယောက်တည်းဆိုတော့.. ကြွက်လည်း မပေးနိုင်တော့ဘူးလေ.. အဲဒါကြောင့်ပါ..”
ပြောရင်းနဲ့ မေနှင်းက ငိုပြန်တယ်။ ဒီတစ်ခါတော့ ကျွန်မ သူ့ကို စိတ်မပျက်မိတော့ဘဲ သနားသွားတယ်။ အမှောင်ထဲမှာ တသိမ့်သိမ့် တုန်နေတဲ့ မေနှင်းရဲ့ ပခုံးစွန်းကို ဝိုးတိုးဝါးတား မြင်နေရတယ်။ ကျွန်မ သူ့အနားကိုတိုးသွားပြီး သူ့ပေါင်ပေါ်ကို လက်တင်လိုက်တယ်။
“မီးလာအောင် ညီမ ပြောပေးမယ်နော်။ အစ်မ ဘာမှ စိတ်မညစ်နဲ့..။ အကုန်အဆင်ပြေသွားလိမ့်မယ်။ အခု ရုံးဘက်မှာ အလုပ်လည်း ရနေပြီမဟုတ်လား။ ညီမအိမ်မှာပဲ လာကူလုပ်ပေးလေ.. အခုအတိုင်း ဆက်လုပ်ပေ့ါ။ ပြီးတော့ ရုံးဘက်ကိုပဲ အပြီးပြောင်းလာလိုက်ပါလား။ ညီမ အဖေ့ကို ပြောပေးမှာပေါ့။ ဒါဆို အစ်မအတွက် နေရေးစားရေး မပူရတော့ဘူးပေါ့”
မေနှင်းက ခေါင်းခါတယ်။ မျက်ရည်တွေကို သုတ်တယ်။
“ဟင့်အင်း.. ရပါတယ်”
ကျွန်မ နားမလည်နိုင်အောင် ဖြစ်သွားတယ်။ ဘာဖြစ်လို့များ ဒီလို မှောင်မည်းနေတဲ့ သံပုံးထဲမှာ တစ်ယောက်တည်း ဆက်နေချင်တာလဲ။
“ဘာလို့လဲအစ်မ။ အစ်မတစ်ယောက်တည်း ဒီသံပုံးထဲမှာ မှောင်နဲ့မည်းမည်း ဆက်နေမလို့လား။ ပြီးတော့ အစ်မက အသက်လည်း အဲဒီလောက် ကြီးသေးတာမဟုတ်ဘူး။ မတော်တဆ အစ်မတစ်ယောက်တည်း ရှိနေတုန်း တစ်ခုခုဖြစ်သွားရင်..ဘယ်လိုလုပ်မလဲ”
မေနှင်းက ခေါင်းကိုပဲ သွင်သွင်ခါတယ်။
“ဟုတ်.. ရပါတယ်.. ဘာမှမဖြစ်ပါဘူး”
“အစ်မ.. ညီမကို အမှန်အတိုင်းပြော။ ဘာဖြစ်လို့ ရုံးဘက်ကို မပြောင်းချင်တာလဲ”
မေနှင်းက ခဏငြိမ်ကျသွားတယ်။ သံပုံးပတ်ပတ်လည်ကို လှည့်ကြည့်တယ်။ အိပ်ရာကို ပြန်ကြည့်တယ်။
“အစ်ကို.. အစ်ကို..မသေသေးဘူးဆိုရင် ပြန်ရင်ပြန်လာမှာ.. အဲဒါကို စောင့်နေတာ..”
ကျွန်မ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားတယ်။ မုန်တိုင်းထဲပါသွားတဲ့သူက ဘယ်လို ပြန်လာမှာလဲ..။ ဘယ်လိုမှ အသက်ရှင်စရာ အကြောင်းမရှိတာကြီးကို။ သူ့ယောက်ျားပျောက်နေတာလည်း နှစ်ပတ်ကျော်နေပြီ။ အပြင်မှာ နှစ်ပတ် ဘယ်လို အသက်ရှင်မလဲ။ မဖြစ်နိုင်ဘူး။ ဒါကို..မေနှင်းနားလည်အောင် ဘယ်လို နှစ်သိမ့်ရပါ့..
“ဆူဇန်.. ဆူဇန်။ အထဲမှာလား။ ထွက်ခဲ့”
ရုတ်တရက် ကြားလိုက်ရတဲ့ အသံကြောင့် ကျွန်မအတွေးတွေ ခုန်ပျံထွက်သွားတယ်။ ရင်ဘတ်ထဲမှာ ဒိတ်ကနဲ ဖြစ်သွားတယ်။
အဖေ့ရဲ့အသံ။
(၄)
အဖေက သံပုံးရှေ့မှာ လက်ပိုက်ပြီး ရပ်နေတယ်။ သူ့ဘေးမှာ သေနတ်ကိုယ်စီကိုင်ထားတဲ့ အစောင့် လေးယောက်။
ကျွန်မ ပုံးထဲကနေ အမြန်ပြေးထွက်လိုက်တယ်။ မေနှင်းက နောက်ကနေ ရို့ရို့လေး ပါလာတယ်။ အဖေ့ကို မော်မကြည့်ရဲ့ဘဲ ခေါင်းကို အတင်းငုံ့ထားတယ်။ ကျွန်မ အဖေ့နားကို အပြေးကလေး အ သွားလိုက်တယ်။ မျက်နှာကို အတတ်နိုင်ဆုံး ချိုအောင် ပြုံးထားလိုက်တယ်။
“အဖေ.. အဖေဘာလာလုပ်တာလဲ။ အပြင်တွေဘာတွေ ထွက်လို့ပါလား”
အဖေ့ရဲ့ နဂိုကတည်းက တင်းနေတဲ့မျက်နှာက ပိုပြီး မာထန်သွားတယ်။
“ကလေးကလားစကားတွေ ပြောမနေနဲ့ ဆူဇန်။ ဘာကိစ္စနဲ့ အပြင်ကို ထွက်သွားတာလဲ”
“အာ.. အဖေကလည်း ခဏပဲ ထွက်တာပါ။ ဝင်းဘက်ကို မရောက်ဖူးတာ ကြာလှပြီလေ။ အဲဒါနဲ့ မမေနှင်းကို လိုက်ပြခိုင်းတာ”
အဖေက မေနှင်းကို ဒေါသအခိုးတွေနဲ့ စိုက်ကြည့်တယ်။ ကျွန်မကို ပြန်ကြည့်တယ်။
“အပိုတွေ ပြောမနေနဲ့ ဆူဇန်။ တိုက်တန်းဘက်မှာ ဘာတွေဖြစ်သလဲ ငါ့ဆီကို သတင်းရောက်ပြီးပြီ။ ဒီဝင်းထဲမှာ ငါမသိဘဲ ဘာမှလုပ်လို့ မရဘူးဆိုတာ နင်မသိဘူးလား”
ကျွန်မ ထိတ်ကနဲ ဖြစ်သွားတယ်။ အခြေအနေက ထင်တာထက် ပိုပြီး ဆိုးသွားပြီ။ တစ်မနက်ပဲ.. ကျွန်မရဲ့ မဟာစွန့်စားခန်းကြီးက တစ်မနက်တောင် မခံပါလား..။ အဖေက ကျွန်မမျက်နှာနားကို ကပ်ပြီး အံကြိတ်ရင်း ပြောတယ်။
“နင်.. ဦးညိုကြီးဆီကို ဘာသွားလုပ်တာလဲ…”
ထိတ်လန့်တဲ့စိတ်ရဲ့နေရာမှာ အံ့ဩမှုက အစားထိုးသွားတယ်။ လှသိန်းနဲ့ ကိစ္စကို မမေးဘဲ.. ဦးညိုကြီးနဲ့ သွားတွေ့တာကို ဘာဖြစ်လို့ ပိုပြီး စိတ်ဝင်စားနေသလဲ..။ အဖေနဲ့ ဦးညိုကြီး သိတယ်ဆိုတာ တကယ်ပေါ့.. သေချာသွားပြီ။ ကျွန်မ အဖေ့ကို မေးခွန်းထုတ်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။
“အဖေ.. သမီးမသိအောင် ဘာတွေ ဖုံးထားတာလဲ”
ကျွန်မ မေးခွန်းကြောင့် အဖေ့မျက်နှာ တွန့်ကနဲ ဖြစ်သွားတယ်။ အဖေ့ရဲ့ ဒေါသအခိုးတွေက မီးတောက်မီးလျှံတွေ အဖြစ် အသွင်ပြောင်းသွားတယ်။ သူ့ခေါင်းထဲမှာ ပေါက်ကွဲသွားတဲ့ ဒေါသအိုးက အပြင်ကိုပါ အပူဟပ်လာတယ်။ ကျွန်မ မေးပြီးမှ မှားသွားပြီမှန်း ချက်ခြင်း သိလိုက်တယ်..။
“နင့်ကို အဲဒီလူ ဘာတွေပြောလိုက်သလဲ.. ပြော.. အခုပြော”
ကျွန်မတစ်သက်မှာ အဖေ ဒီလောက် ဒေါသတကြီး အော်ဟစ်တာမျိုး မတွေ့ဖူးဘူး။ ကျွန်မ ကြောင်ပြီး ကြည့်နေမိတယ်။ အဖေက ကျွန်မကို မေးနေရင်း မေနှင်းဘက်ကို လှည့်သွားတယ်။
“ကောင်မ။ နင်ငါ့သမီးကို ဘယ်နေရာတွေကို ခေါ်သွားတာလဲ။ ဘာသဘောလဲ..”
မေနှင်းက ဘာမှပြန်မဖြေဘဲ တစ်ကိုယ်လုံး တုန်ယင်ပြီး ခေါင်းကို ငုံ့ထားတယ်။ ကျွန်မ အမြန်ဝင်တားလိုက်တယ်။ စိတ်လည်း အရမ်းတိုသွားတယ်။ ဘာဖြစ်လို့ မမေနှင်းကို မဆီမဆိုင် ရန်ရှာနေတာလဲ။ အဓိပ္ပာယ်မရှိတာ။
“အဖေ.. မမေနှင်းကို သွားပြောမနေနဲ့။ ဘာမှမဆိုင်ဘူး။ သမီးဘာသာသမီး သွားချင်လို့ သွားတာ။ ဘာဖြစ်လဲ”
အဖေက ကျွန်မကို မယုံနိုင်တဲ့ မျက်လုံးနဲ့ ကြည့်တယ်။
“ဘာဖြစ်လဲ.. ဟုတ်လား.. ဆူဇန်”
ကျွန်မ တလိပ်လိပ်တက်လာတဲ့ ကြောက်စိတ်တွေကို ဖုံးဖိထားရင်း ရင်ကိုကော့လိုက်တယ်။ ဟုတ်တယ်.. ကျွန်မ အကြောက်ဆုံးအရာက .. မဟုတ်ဘူး.. ကျွန်မ ကြောက်တဲ့ တစ်ခုတည်းသောအရာက အဖေပဲ။ သူ့ကိုကြောက်လို့ သူ့စည်းကမ်းတွေအောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ပြီးပြီ။ သူစိတ်ညစ်မှာစိုးလို့၊ စိတ်ဆင်းရဲမှာကိုစိတ်ပူလို့… ဒီစိတ်တွေက အချိန်ကြာလာတဲ့အခါ အကြောက်တရားအဖြစ် အသွင်ပြောင်းသွားပြီး ကျွန်မကိုယ်ထဲမှာ အမြစ်တွယ်နေတာ။ ဒါကြောင့်လည်း ဆူဇန်ဆိုတဲ့မိန်းမ တဖြည်းဖြည်း သုံးမရတဲ့သူ ဖြစ်လာတာ။ ဟင့်အင်း.. တော်ပြီ။ ဒီနေ့.. ဒီနေရာမှာတင် ကျွန်မရဲ့ အကြောက်တရားတွေကို အမြစ်ကနေ နှုတ်ပစ်တော့မယ်။ သူမွေးထားတဲ့ သမီးဟာ ဘယ်လိုလူမျိုးလဲဆိုတာ အဖေ သိသင့်ပြီ။
ကျွန်မ ရင်ကိုကော့ထားရင်း မျက်နှာကိုပါ မော့လိုက်တယ်။ အဖေ့ကို စေ့စေ့ကြည့်ပြီး မေးလိုက်တယ်။
“ဟုတ်တယ် အဖေ။ ဘာဖြစ်သလဲ..”
အဖေက ကျွန်မကို တော်တော်ကြာအောင် စိုက်ကြည့်တယ်။ အဖေ့ မျက်လုံးထဲက ဒေါသတွေ အရှိန်ကျသွားမယ့်အချိန်ကို ကျွန်မ စိတ်ရှည်လက်ရှည် စောင့်နေလိုက်တယ်။
ကျွန်မ ထင်ထားတဲ့ အတိုင်းပဲ အဖေ့ရဲ့ ဒေါသအရှိန် တဖြည်းဖြည်း ကျသွားတယ်။ မျက်လုံးတွေ ပုံမှန် ပြန်ဖြစ်သွားတယ်။ တောင့်တင်းနေတဲ့ အဖေ့ရဲ့ ကိုယ်ခန္ဓာလည်း ပြန်ပြေလျော့သွားတယ်။ ဒီတစ်ခါလည်း ကျွန်မ အနိုင်ရသွားပြန်ပြီ..။
ရုတ်တရက် အဖေက သူ့ခါးမှာချိတ်ထားတဲ့ သေနတ်ကို ထုတ်တယ်။ မောင်းတင်တယ်။ သေနတ်ဘေးက လုံခြုံရေးခလုပ်ကို ဖြုတ်တယ်။ မေနှင်းရှေ့ကိုလျှောက်သွားတယ်။ မေနှင်းရဲ့မျက်နှာတည့်တည့်ကို ချိန်ပြီး ပစ်လိုက်တယ်။
ဒိုင်းကနဲ အသံနဲ့အတူ မေနှင်းရဲ့ မျက်နှာတစ်ခုလုံး ဖွာထွက်သွားတယ်။ သွေးစ အမှုန်အမွှားတွေ လွင့်ပျံခုန်ထွက်လာတယ်။ ပူပူနွေးနွေး အသားစတွေ ကျွန်မ မျက်နှာကို လာစင်တယ်။ မေနှင်းရဲ့ ကိုယ်လုံးက စက္ကန့်ဝက်လောက် ယိုင်နေတယ်။ ပြီးတော့ မြေကြီးပေါ်ကို အရုပ်ကြိုးပြတ်ခွေကျသွားတယ်။
“ဘာဖြစ်သလဲဆိုတာ သိပြီလား”
အဖေကပြောပြီး လှည့်ထွက်သွားတယ်။
အစောင့်တစ်ယောက်က မေနှင်းအလောင်းဘေးမှာ ဒူးထောက်တယ်။ ပျော့ခွေနေတဲ့ မေနှင်းရဲ့ ကိုယ်ခန္ဓာကို ပခုံးပေါ်ကို တင်ပြီး ထမ်းလိုက်တယ်။ ကျန်တဲ့ အစောင့်တွေက ကျွန်မကို ဝိုင်းချုပ်တယ်။
ငိုယိုအော်ဟစ်နေတဲ့ ကျွန်မကို တရွတ်တိုက် ဆွဲခေါ်သွားတယ်။
++++