The Last Rung on the Ladder by Stephen King.
ချမ်းမြေ့ဝင်း ဘာသာပြန်သည်။
+++
ကတ်ထရီနာ ပို့လိုက်တဲ့စာ.. မနေ့ကမှ ကျွန်တော့်ဆီကို ရောက်လာတယ်။ စာအိတ်ပေါ်မှာ လိပ်မူထားတဲ့ လိပ်စာက ဝယ်မင်တန်၊ ဒယ်လာဝဲလ်။ ၀ယ်မင်တန်ကနေ ကျွန်တော် ပြောင်းလာတာ ကြာပေ့ါ။ ဝယ်မင်တန်ကနေ နောက်တစ်နေရာ၊ အဲဒီ နောက်တစ်နေရာကနေ အခုနေရာ.. နှစ်ခါ တိတိ မြို့ပြောင်းပြီးပြီ။ အခုခေတ်မှာ.. လူတွေ နေရာ ခဏခဏ ပြောင်းကြတယ်။ စာအိတ်ပေါ်မှာ အထပ်ထပ် ထပ်ကပ်ထားတဲ့ လိပ်စာပြောင်း တံဆိပ်တုံးတွေ၊ စတစ်ကာတွေက အတည်တကျမရှိ၊ အပြောင်းအလဲများတဲ့ လူတွေကို အပြစ်တင် စွပ်စွဲနေသလို..။ ကတ်ထရီနာပို့လိုက်တဲ့ စာအိတ်က လက်တွေခဏခဏပြောင်းလို့ ကြေမွပြီး အနားတွေတောင် တွန့်စုတ်နေပြီ။ စာအိတ်ကို ကျွန်တော်ဖွင့်တယ်။ အထဲက စာကို ဖတ်ကြည့်တယ်။ စာကို ဖတ်ပြီးတာနဲ့ ကျွန်တော် ဧည့်ခန်းထဲကို ချက်ခြင်း ရောက်သွားတယ်။ ဖုန်းကို ကောက်ကိုင်တယ်။ အဖေ့ကို ဆက်ဖို့ ပြင်တယ်။ ဒါပေမယ့် မဆက်ဖြစ်ဘဲ.. လက်ထဲက ဖုန်းကို အလန့်တကြား လွှတ်ချမိသွားတယ်။ အဖေက အသက်ကြီးပြီ။ နှလုံးဖောက်ပြီး ဆေးရုံတက်ရတာ နှစ်ခါ ရှိပြီ။ အဖေ့ကို ကျွန်တော် လော့အင်ဂျလိစ်ကို ခေါ်သွား၊ အဲဒီက ဆေးရုံမှာ.. ဆေးကုပြီး ပြန်ခေါ်လာတာမှ မကြာသေးဘူး။ အခုနေ ကက်ထရီနာ့ စာအကြောင်း အဖေ့ကို ပြောလိုက်ရင် ခံနိုင်ပါ့မလား။ ချက်ခြင်း နှလုံးရပ်ပြီး သေသွားနိုင်တယ်။
ဒါနဲ့ပဲ.. အဖေ့ကို ကျွန်တော် ဖုန်းမဆက်ဖြစ်ဘူး။ ကက်ထရီနာ့ စာအကြောင်း ပြောပြစရာ.. တခြားသူလည်း ကျွန်တော့်မှာ မရှိဘူး။ အဲဒီ စာထဲက အကြောင်းအရာက ကိုယ်နဲ့ အနီးစပ်ဆုံးသူတွေကိုပဲ ရင်ဖွင့် ပြောပြလို့ ရနိုင်မှာ။ အချစ်ဆုံး သူငယ်ချင်း၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အိမ်ထောင်ဘက်.. ။ ကျွန်တော့်မှာ သူငယ်ချင်းရယ်လို့ မည်မည်ရရ မရှိ။ ကျွန်တော့် ဇနီး ဟယ်လန်နဲ့ ကွဲသွားခဲ့တာလည်း ကြာပြီ။ ၁၉၇၁ ခုနှစ်ကတည်းကပဲ။ ဟယ်လန်နဲ့ အဆက်အသွယ်တော့ ရှိပါတယ်။ ခရစ္စမတ်ကတ်တွေ ပို့ပေးတာလောက်ပဲ။ နေကောင်းလား။ အလုပ်အဆင်ပြေလား။ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ.. စသဖြင့်။
ကျွန်တော် တစ်ညလုံး အိပ်မပျော်ဘူး။ ကတ်ထရီနာ့ စာကို လက်ထဲမှာ ကိုင်ရင်း ငေါင်နေမိတယ်။ စာ.. ဆိုပေမယ့် တကယ်က ပို့စ်ကတ်ပေါ်မှာ ရေးပြီး ပို့လိုက်ရင်တောင် ရတယ်။ အထဲမှာ ပါတဲ့ စာက တစ်ကြောင်းတည်းရယ်။ ချစ်သော လယ်ရီ.. ဆိုတဲ့ အဖွင့်စကားရဲ့ အောက်မှာ စာ တစ်ကြောင်းတည်း..။ သို့သော်.. တစ်ကြောင်းတည်းသော စာသားပေမယ့် ရင်ကို နင့်စေနိုင်တယ်။ ထိခိုက်စေနိုင်တယ်။
လေယာဉ်ပေါ်မှာတုန်းက အဖေ ပြောတဲ့ စကားတစ်ခွန်း ကျွန်တော် မှတ်မိနေသေးတယ်။ အမြင့်ပေ ၁၈၀၀၀.. လေယာဉ် ပြတင်းက ဖောက်ဝင်လာတဲ့ အလင်းရောင်အောက်မှာ အဖေ့မျက်နှာက အရင်ထက် အိုစာနေတယ်၊ နွမ်းနယ်နေတယ်။ အိုမာဟာ ပေါ်ကို လေယာဉ် ဖြတ်ပျံတော့ အဖေကပြောတယ်..။ “ဒီကနေ လှမ်းကြည့်တော့သာ နီးတယ် ထင်ရတာ.. တကယ်က အဝေးကြီး လယ်ရီ..”..တဲ့။ အဖေ့အသံက ဝမ်းနည်းမှု တစ်မျိုးနဲ့ လေးပင်နေတာ.. ကျွန်တော့်စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်။ အဲဒီတုန်းကတော့ ဘာလို့ စိတ်ထဲ နွမ်းသလိုလို ဖြစ်သွားသလဲ ကျွန်တော် နားမလည်ခဲ့ဘူး။ ကတ်ထရီနာ့ စာကို ဖတ်ပြီးတော့မှ.. သေချာ နားလည်သွားတာ။
ကျွန်တော်တို့ မိသားစုက အိုမာဟာရဲ့ အနောက်ဘက် မိုင် ၈၀ လောက်မှာရှိတဲ့ ဟန်းမင်းဖို့ဒ် ဟုမ်း ဆိုတဲ့ မြို့လေးက။ အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ်၊ ကျွန်တော့်ထက် ၂ နှစ်ငယ်တဲ့ ကျွန်တော့်ညီမလေး ကက်ထရီနာရယ်..။ ကက်ထရီနာ့ကို အားလုံးက ကစ်တီ လို့ပဲ ချစ်စနိုးခေါ်ကြတယ်။ ကစ်တီက ငယ်ငယ်ကတည်းက၊ ရှစ်နှစ် အရွယ်လောက်ကတည်းက၊ လှေကား ပြဿနာ မဖြစ်ခင်ကတည်းက ကို သိပ်လှတဲ့ ကောင်မလေး ဖြစ်နေပြီ။ ကြီးလာရင် အရမ်း ချောတဲ့ မိန်းကလေး ဖြစ်လာမယ်ဆိုတာ ခန့်မှန်းလို့ရနေတယ်။ ဘယ်တော့မှ မှောင်ကျမသွားမယ့် ဆံပင်ရွှေရောင်တွေ၊ မှိန်မသွားမယ့် မျက်လုံး နက်ပြာ စူးစူးတွေ။ အရွယ်ရောက်လာလို့ကတော့ သူ့မျက်ဝန်းအောက်မှာ ယောကျ်ားသားတွေ အကုန် ကြွေဆင်းကုန်မှာ သေချာတယ်။
ကျွန်တော်တို့ ငယ်ငယ်က တကယ့် တောသားကလေး တွေလိုပဲ ကြီးပြင်းလာတယ်လို့ ပြောရမလားပဲ။ အဖေ့ရဲ့ ဧက ၃၀၀ လောက်ရှိတဲ့ ကွင်းပြင်ကြီးထဲမှာ ပြောင်းခင်းတွေ အပြည့်။ နွားခြံတွေလည်း ရှိတယ်။ အဲဒီခေတ်တုန်းက အဝေးပြေးလမ်းဆိုတာကလည်း မြေလမ်းတွေ များတယ်။ ကတ္တရာလမ်းရှည်ဆိုလို့ အင်တာစတိတ် ၈၀ လမ်းမကြီးရယ်၊ နဘရက်စကာ ၉၆ လမ်းမကြီးရယ်.. ဒါပဲရှိတာ။ ဒီတော့ မြို့ဘက်ကို တော်ရုံနဲ့ မရောက်ဖြစ်ဘူး။
အခုတော့ ကျွန်တော်က အမေရိကားရဲ့ ကော်ပိုရိတ် ရှေ့နေအကြီးစား ဆရာကြီးတစ်ဆူ ဖြစ်နေပြီ။ ကျွန်တော့်ကို အထင်တကြီး မော့ကြည့်ကြမယ့်သူတွေ ရှိနေပြီ။ တစ်ခါကဆို ကုမ္ပဏီ အကြီးကြီး တစ်ခုရဲ့ ဒါရိုက်တာက သူ့ရဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးတော့.. လယ်ရီက ကျွန်တော် အားအကိုးရဆုံး ရှေ့နေဗျ.. ဆိုပြီး မိတ်ဆက်ပေးဖူးတယ်။ ကျွန်တော် အခု ဝတ်တဲ့ ကုတ်အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ်.. အကုန်လုံးက ကောင်းပေ့ ဆိုတဲ့ စျေးအကြီးဆုံးတွေ ချည်းပဲ။ အခု ကျွန်တော့်မှာ လိုသလို ခိုင်းလို့ရတဲ့ တပည့်သုံးယောက်ရှိတယ်။ နောက်ထပ် ဆယ်ယောက်လောက် ထပ်ငှားချင်ရင်လည်း ငှားလို့ရတဲ့ အခြေအနေ ရှိတယ်။ ဆရာကြီး ဆိုပါတော့။ ဒါပေမယ့် ငယ်ငယ်တုန်းကတော့ ကျွန်တော်ဟာ တကယ့် တောသား။ မြို့ငယ်လေးမှာ ရှိတဲ့ ကျောင်းပိစိလေးကို မြေနီလမ်းကနေ လမ်းလျှောက်သွားခဲ့တာ။ လွယ်အိတ်စုတ်စုတ်ထဲကို ကျောင်းစာအုပ်တွေထည့်၊ ပခုံးမှာ သိုင်းလွယ်.. ကတ်ထရီနာက ကျွန်တော့်ဘေးမှာ လမ်းလျှောက်လိုက်တယ်။ တစ်ခါတလေကျရင် မောင်နှမ နှစ်ယောက်စလုံး ကျောင်းသွားတာ ဖိနပ်တောင် မပါ။ အဲဒီခေတ်တုန်းကတော့ ဖိနပ်မပါရင် စားသောက်ဆိုင်ထဲ၊ စူပါမားကတ်ထဲ မဝင်ရဘူး ဆိုတဲ့ စည်းကမ်းတွေ မရှိသေးဘူးပေါ့လေ။
နောက်ပိုင်း နှစ်တွေကြာလာ.. အမေဆုံးသွားတော့ ကတ်ထရီနာနဲ့ ကျွန်တော်နဲ့က ကိုလမ်ဘီယာ စီးတီးမှာ အထက်တန်းကျောင်းတက်နေပြီ။ နောက် နှစ်နှစ်လောက်ကြာတော့ အဖေ့ရဲ့ ဧက ၃၀၀ ကွင်းပြင်ကြီးကို ရောင်းလိုက်ရတယ်။ အဖေက ပြောင်းဖူးမစိုက်တော့ဘဲ လယ်ထွန်စက်ရောင်းတဲ့ အလုပ် ပြောင်းလုပ်တယ်။ မိသားစု တကွဲတပြား ဖြစ်ခါစ အခြေအနေဆိုပါတော့။ အရမ်းကြီးတော့ မဆိုးလှပါဘူး။ အဖေ့အလုပ်က အဆင်ပြေပါတယ်။ ထွန်စက် အရောင်းဆိုင်တွေဘာတွေ ဖွင့်နိုင်သွားတယ်။ ကျွန်တော်က ကျောင်းဘောလုံး အသင်းမှာ ဝင်ကန်တယ်။ နဘရက်စကာ ကောလိပ်မှာ အားကစား ပညာသင်ထူးချွန်ဆု ရတယ်။
ကက်ထရီနာ ကျတော့ရော….။
စောစောက ပြောတဲ့ လှေကား ကိစ္စဆိုတာကို အရင် ပြောပြရမယ်။ နိုဝင်ဘာလ.. စနေနေ့.. တစ်ရက်မှာ ဖြစ်ခဲ့တဲ့ ပြဿနာ..။ နှစ်တွေကို ကျွန်တော် အတိအကျ မမှတ်မိတော့ဘူး။ အိုင်ဆင်ဟောင်ဝါ သမ္မတ ဖြစ်နေသေးတဲ့ နှစ်တွေထဲက တစ်ခုပဲ..။ အမေက ကိုလမ်ဘီယာမှာရှိတဲ့ မုန့်ဖုတ်ပွဲ တစ်ခုကို သွားနေတယ်။ အဖေက ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ( အိမ်နီးချင်းဆိုပေမယ့် ၇ မိုင်လောက်ဝေးတယ်) ဆီမှာ ဘာလိုလို့လဲမသိဘူး အကူအညီသွားပေးနေတယ်။ ကောက်ဖြတ်စက် ပျက်လို့ သွားပြင်ပေးတယ် ထင်တာပဲ။ စက်ပြင်ဆရာ ငှားထားပေမယ့် အဲဒီနေ့မှာမှ ပြင်ဆရာက မလာဘူး။ နောက်တစ်လလောက်ကြာတော့ စက်ပြင်ဆရာကို အဖေ အလုပ်ထုတ်လိုက်တာ မှတ်မိတယ်။
မသွားခင်မှာ အဖေက ကျွန်တော့်ကို အလုပ်တွေ ခိုင်းသွားတယ်။ ကစ်တီ့အတွက်လည်း လုပ်စရာတွေ ပေးသွားတယ်။ အလုပ်တွေ မပြီးခင် မဆော့နဲ့ဦးတဲ့ သေချာ မှာသွားတာ။ တကယ်ကတော့ လုပ်စရာ သိပ်မရှိပါဘူး။ ကောက်သိမ်းချိန်က ကျော်သွားပြီ။ အောင်/မအောင် စောင့်ကြည့် ဆုတောင်းစရာ မလိုတော့ဘူး။ အဲဒီနှစ်က စိုက်ခင်းတွေ အောင်ပါတယ်။ မအောင်တဲ့ နှစ်တွေလည်း ရှိတာကိုး။
အဲဒီနေ့ကို သေသေချာချာကို မှတ်မိနေတယ်။ နေမသာတဲ့နေ့။ မအေးပေမယ့် ရာဦဥတုက အအေးဘက်ကို တစိမ့်စိမ့် ကူးစပြုနေတဲ့နေ့။ မြူနဲ့နှင်းကို ဖိတ်ခေါ်နေတဲ့နေ့။ လယ်ကွင်းတွေက ရိတ်သိမ်းပြီးစ။ ကွင်းထဲက ကျွဲနွား သတ္တဝါတွေဆို.. မလှုပ်ချင် မရွေ့ချင်သလို တအိအိ နှေးလို့။ ပြင်ပလေ စိမ့်အေးအေးက အိမ်ထဲကို မဝင်စဖူး ဝင်လာနေတယ်။
အဲဒီလို နေ့မျိုးမှာ နေလို့ အကောင်းဆုံးနေရာက ကွင်းထဲမှာ ဆောက်ထားတဲ့ ကျီပဲ။ ကျီဂိုဒေါင်က နွေးတယ်။ အထဲမှာ.. ကောက်ရိုးနဲ့ နွားချေးနံ့က သင်းနေတယ်။ ကျီရဲ့ ဟိုးအပေါ်ထပ်ထဲမှာ ဝင်ခိုနေတတ်တဲ့ ငှက်တွေရဲ့ တကျွိကျွိ အသံတွေကလည်း အတွင်း လေထုကို ပိုနွေးစေသလို..။ အပေါ်ကို မော့ကြည့်လိုက်ရင် ကျီခေါင်မိုးကို ဖောက်ဝင်လာတဲ့ နိုဝင်ဘာအလင်းမှိန်မှိန်ကို မြင်ရတယ်။ အလင်းဖျော့ဖျော့တွေ အလင်းကွက်တွေရဲ့ ကြားမှာ ကိုယ့်နာမည်ကိုများ စာလုံးပေါင်းဖတ်လို့ရလေမလား လိုက်ရှာကြည့်လို့ ရသေးတယ်။ ဆောင်းဦးရဲ့ နေမသာတဲ့ နေ့တွေမှာပဲ မြင်ရတတ်တဲ့ လှပခြင်းမျိုး။
ကျီရဲ့ အပေါ်ဆုံး ထုတ်တန်းကနေ ကြမ်းပြင်အထိ ချထားတဲ့ လှေကားရှင်ကြီး တစ်ခုရှိတယ်။ အဲဒီလှေကားပေါ်ကို မတက်ဖို့ ကျွန်တော်တို့ကို အဖေက မှာထားတယ်။ လှေကားက မခိုင်ဘူး။ အိုဆွေးနေပြီ။ လှေကား အသစ်တစ်ခုနဲ့ လဲပေးမယ်လို့ အဖေက အမေ့ကို အကြိမ်ပေါင်းများစွာ ကတိပေးခဲ့တာပဲ။ ဒါပေမယ့် ဟိုကိစ္စ ဒီကိစ္စတွေ ပေါ်လာတာနဲ့ မလဲဖြစ်ဘူး။ ဟိုလူ့ကို ကူညီရတာနဲ့.. ဒီလူ့ ကောက်သိမ်းစက် ပျက်သွားလို့ ပြင်ပေးနေရတာနဲ့၊ ငှားထားတဲ့ စက်ပြင်ဆရာ မရောက်လာလို့ ကိုယ်တိုင် လိုက်လုပ်နေရတာနဲ့.. စတဲ့ စတဲ့ အကြောင်းပြချက်ပေါင်း များစွာ။
အဲဒီလှေကားမှာ ကန့်လန့် အတန်း ၄၃ ခုတိတိရှိတယ်။ ကျွန်တော်နဲ့ ကစ်တီ အဲဒီ နံပါတ်ကို အလွတ်ရနေပြီ။ ခဏခဏ တက်ဖူးတာကိုး။။ လှေကားအတိုင်း တစ်ဆင့်ချင်း၊ တစ်ချောင်းချင်း တွယ်တက်သွားလိုက်.. အပေါ်ဆုံးကို ရောက်ရင် ကျီခေါင်မိုးထုတ်တန်းပေါ်ကို ရောက်မယ်။ ထုတ်တန်းနဲ့ ကြမ်းပြင် အကွာအဝေးက ပေ ၇၀ လောက်ရှိမယ်။ အောက်ကို ငုံ့ကြည့်လိုက်ရင် ကောက်ရိုးတွေနဲ့ ဖွေးနေတဲ့ ကြမ်းပြင်ကို လှမ်းတွေ့ရမယ်။ ထုတ်တန်းပေါ်မှာ ၁၂ ပေလောက် တွားသွား၊ ခြေတုန်လက်တုန်၊ ဒူးဆစ်တွေ ချောင်လာတဲ့အထိ၊ ပါးစပ်မှာ ကြောက်စိတ်နဲ့ ခြောက်သယောင်း ဖြစ်လာတဲ့ ဆက်သွားလိုက်ရင်.. ကြမ်းပြင်မှာ ပုံထားတဲ့ ကောက်ရိုးပုံကြီးနဲ့ တစ်တန်းတည်း နေရာကို ရောက်မယ်။ ပြီးတာနဲ့ ထုတ်တန်းပေါ်ကနေ ဝီးခနဲ ခုန်ချ.. ပေ ၇၀ အမြင့်ကို အရှိန်နဲ့ ထိုးဆင်း.. ကောက်ရိုးပုံထဲကို စွပ်ခနဲ အိဝင်..။ ကောက်ရိုးနံ့က အီအီမွှေးမွှေး..။ အဲဒီလို ခုန်ချလိုက်ရတဲ့ အရသာကို ဘယ်လို ပြန်ပြောပြရမလဲ..။ ပြောစရာ စကား မရှိဘူး။ သေကံမရောက် သက်မပျောက်.. စိတ်လှုပ်ရှားမှုမျိုးပေါ့။
ဒီလှေကားကို ပေးမတက်တာ မထူးဆန်းဘူးလေ။ အခုလို ခိုးခိုးပြီး တက်နေတာကို အမေများ သိသွားရင် နှလုံးရပ်သွားမှာ။ အဖေသိလို့ကတော့ ခါးပတ်ကို ဖြုတ်ပြီး အသေဆော်မှာ။ ဘာလို့လဲဆိုတော့ ထုတ်တန်းပေါ်မှာ တွားသွားနေရင်း.. အစွန်း မရောက်ခင် ပြုတ်ကျသွားရင်.. ကောက်ရိုးပုံပေါ် မကျဘဲ.. သစ်သားကြမ်းပြင်ပေါ်ကျပြီး အသားတခြား အရိုးတခြား ဖြစ်သွားမှာကိုး။
ဒီအန္တရာယ်ကို မသိတာတော့ မဟုတ်ဘူး။ သိတယ်။ ဒါပေမယ့်.. ခုန်ချရတဲ့ အရသာကလည်း စွဲမက်စရာ ဖြစ်နေတယ်။ အဖေနဲ့ အမေ အိမ်မှာ မရှိဘူးဆိုတော့.. ပိုဆိုး။ ကြောင်မရှိတော့.. ဘာဖြစ်သလဲ အဲဒီ..စကားပုံ အတိုင်းပဲလေ။
အဲဒီ နေ့မှာလည်း အရင်နေ့တွေလိုပဲ.. စွန့်စားခန်းကို ကြိုတွေးပြီး စိတ်လှုပ်ရှားနေခဲ့တာ။ ကြောက်စိတ်တစ်ဝက်၊ အပျော်တစ်ဝက်နဲ့..။
လှေကားရဲ့ အောက်ခြေမှာ တူတူရပ်ရင်း ကျွန်တော်နဲ့ ကစ်တီ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်တယ်။ ကစ်တီ့ မျက်နှာက သွေးအပြည့်နဲ့ ခပ်နီနီ ဖြစ်နေတယ်။ မျက်လုံးပြာနက်နက်တွေက စိတ်လှုပ်ရှားပြီး တောက်နေတယ်။
“နင် အရင်တက်”.. ကျွန်တော် ပြောလိုက်တယ်။
“မရဘူး ကိုကြီး အရင်တက်”.. ကစ်တီက ချက်ခြင်း ပြန်ပြောတယ်။
“မိန်းကလေးတွေကို ဦးစားပေးတာလေ”.. ကျွန်တော် ပြောလိုက်တယ်။
“ဘာဆိုင်လဲ။ အန္တရာယ်ရှိတဲ့ ကိစ္စတွေဆို ဦးစားပေးစရာ မလိုပါဘူး”.. ကစ်တီက ပြန်ပက်တယ်။ ပြီးတာနဲ့ တကယ်ပဲ ကြောက်နေသလို အမူအရာနဲ့ ခေါင်းကိုငုံ့ထားတယ်။ တကယ်က အပိုလုပ်နေတာ။ ဒီမြို့မှာရှိတဲ့ သူ့အရွယ် မိန်းကလေးတွေထဲမှာ ကစ်တီက ယောကျ်ားအဆန်ဆုံးလို့ ပြောရင် မမှားဘူး။ မကြောက်တတ်ဘူးရယ်။ ကစ်တီက အဲဒီလိုပဲ။ မလုပ်ရဲတာ မရှိဘူး။ ဒါပေမယ့် သူကတော့ စမလုပ်ဘူး။ ကျွန်တော် လုပ်ပြမှ လိုက်လုပ်ချင်တာ။
“ပြီးရောဟာ ငါ အရင်တက်မယ်”… ကျွန်တော် ပြောလိုက်တယ်။
အဲဒီတုန်းက ကျွန်တော့် အသက်က ၁၀ နှစ်။ လူက ပိန်ညှောင်ပြီး ပေါင် ၉၀ မပြည့်ချင်ဘူး။ ကစ်တီက ရှစ်နှစ်။ ကျွန်တော့်ထက် ဆယ်ပေါင်လောက် ပိုပိန်တယ်။ ကျွန်တော်တို့ဝန်ကို ဒီလှေကားက အမြဲ နိုင်ခဲ့တာပဲ..။ အရင်ကလည်း ခိုင်ခဲ့တာပဲ။ အခုလည်း မကျိုးလောက်ပါဘူးလို့ ထင်တာပေါ့။ ဒီယုံကြည်ချက်က မကောင်းဘူး။ ဒီလို အတွေးကြောင့် ဘ၀ပျက်သွားတဲ့ သူတွေရှိသလို.. အနာဂတ်တွေပါ ပျက်သုဉ်းသွားခဲ့တဲ့ ဥပမာတွေလည်း မနည်း။
အဲဒီနေ့မှာ ကျွန်တော့်စိတ်ထဲ နည်းနည်းတော့ ခုနေတယ်။ လှေကားကို တစ်ထစ်ချင်း တွယ်တက်နေရင်း.. ကျီထဲမှာ ခိုနေတဲ့ လေအိုဟောင်းကို ရှူသွင်းနေရင်း.. စိတ်ထဲ တစ်မျိုးပဲ။ လှေကား တစ်ဝက်လောက် ရောက်တော့ ထုံစံအတိုင်း ကြောက်စိတ် နည်းနည်း ဝင်လာတယ်။ အခုနေများ.. လက်ကိုလွှတ်လိုက်ရင် ဘယ်လို ပြုတ်ကျသွားမလဲ.. ဆိုတဲ့ အတွေး..။ ဒါပေမယ့် ကျွန်တော် ကြောက်စိတ်ကို တွန်းထုတ်ပြီး အပေါ်ကို ဆက်တက်တယ်။ ထုတ်တန်းကို ရောက်တော့ တွယ်တက်လိုက်တယ်။ အောက်ကို ပြန်ငုံ့ကြည့်တယ်။
အောက်ကနေ ကျွန်တော့်ကို မော့ကြည့်နေတဲ့ ကစ်တီ့ မျက်နှာက သေးသေး ဖြူဖြူ ဝိုင်းဝိုင်းလေး။ သူဝတ်ထားတဲ့ ရှပ်အင်္ကျီအကွက်နဲ့ ဂျင်းဘောင်းဘီကြောင့်လားတော့ မသိ.. အပေါ်ကလှမ်းကြည့်တော့ ကစ်တီက အရုပ်လေး တစ်ရုပ်နဲ့ တူနေတယ်။ ကျွန်တော့် ခေါင်းပေါ် မျက်နှာကြက်မှာ ခိုနေကြတဲ့ ငှက်တွေဆီကနေ တွတ်တီးတွတ်တာသံ တချို့ ကြားရတယ်။
“ဟေး.. ”.. ကျွန်တော် လှမ်းအော်လိုက်တယ်။ ကျွန်တော့် အော်သံက ကျီထဲမှာ ပျံလွင့်နေတဲ့ ကောက်ရိုး အစအန အမှုန်တွေကို ဖောက်ထွင်းပြီး ဟိုးအောက်က ကစ်တီ့ဆီကို ရောက်သွားတယ်။
“ဟေး.. ”.. ကစ်တီက ပြန်အော်တယ်။
ထုတ်တန်းပေါ်မှာ ကျွန်တော် မတ်တပ်ရပ်တယ်။ ဘယ်ညာ နည်းနည်း ယိမ်းသွားတယ်။ အပေါ်မှာ ရှူရတဲ့ လေနဲ့ အောက်က လေထု.. မတူဘူး။ ဘာကွာသလဲတော့ မသိ..။ လက်ကို ဘယ်ညာ ဆန့်တန်း ဟန်ချက်ထိန်းရင်း ထုတ်တန်းရဲ့ အစွန်းကို သွားနေရင်း ကိုယ့်နှလုံးခုန်သံကိုယ် ပြန်ကြားနေရတယ်။ တစ်ခါတုန်းက ကျွန်တော် အဲဒီလို ဖြည်းဖြည်းချင်း သွားနေတုန်း ပျံလွှားတစ်ကောင် ကျွန်တော့် မျက်နှာဘေးက ဖြတ်ပျံသွားတာ.. ပြုတ်ကျတော့မလို့..။ အခုလည်း အဲဒီ အကြောင်း ပြန်စဉ်းစားရင်း လူက ဟန်ချက်ပျက်တော့မလို ဖြစ်သွားသေးတယ်။ အဲဒီလို ထပ်ဖြစ်ရင် ဒုက္ခ။
တော်ပါသေးတယ်..။ အခု ကျွန်တော် ထုတ်တန်း အစွန်ကို ရောက်ပြီ။ အောက်မှာ ခင်းထားတဲ့ ကောက်ရိုးပုံကြီးကို လှမ်းမြင်ရတော့မှ ကြောက်စိတ် နည်းနည်း လျော့သွားတယ်။ ရင်ခုန်တဲ့ ခံစားချက်လေး ပြန်ရောက်လာပြီ။ ကျွန်တော် နှာခေါင်းကို လက်နဲ့ ပိတ်တယ်။ မျက်လုံးကို မှိတ်တယ်။ ထုတ်တန်း အစွန်းကနေက လေဟာပြင်ထဲကို ခြေလှမ်းလိုက်တယ်။ ဇတ်ခနဲ ဆွဲချလိုက်တဲ့ ကမ္ဘာ့ဆွဲငင်အားရဲ့ အရသာ..နဲ့အတူ တစ်ကိုယ်လုံး အောက်ကို အရှိန်နဲ့ ပြုတ်ကျသွားတယ်။ .. မှားပါပြီဗျ.. ကြောက်ပါပြီဗျ.. နောက်ဆို ခုန်မချတော့ပါဘူးဗျ.. ဆိုပြီး အော်ချင်စရာ…။
ကောက်ရိုးပုံထဲကို ကျွန်တော့် ကိုယ်လုံး ဇွတ်ခနဲ မြုပ်ဝင်သွားတယ်။ အီချိုချို ကောက်ရိုးနံ့က နှာခေါင်းထဲ တိုးဝင်လာတယ်။ လူက ကောက်ရိုးထဲကို တိုးဝင်နေတုန်းပဲ.. အရှိန်မသေသေးဘူး.. ရေပျစ်ပျစ်ထဲကို ခုန်ချလိုက်ရသလို.. တစ်ကိုယ်လုံး မြုပ်သွားတော့မှ ရပ်သွားတယ်။ နှာချေချင်လာတယ်။ ကောက်ရိုးပုံထဲမှာ အောင်းနေတဲ့ ကြွက်တချို့ ထွက်ပြေးတဲ့ ကျွိကျွိအသံတွေ ကြားရတယ်။ ကျွန်တော့် တစ်ကိုယ်လုံး လန်းပြီး လတ်ဆတ်နေတယ်။ အခုမှ လူအဖြစ် ပြန်လည် မွေးဖွားလိုက်ရသလို.. ခံစားချက်မျိုး။ ကစ်တီကလည်း အဲဒီလိုပဲ ပြောဖူးတယ်။ အဲဒီလို ကောက်ရိုးပုံထဲ ဒိုင်ဗင်ထိုးချလိုက်ပြီး ပြန်ထွက်လာတော့ လူသစ်စိတ်သစ်နဲ့ ဖြစ်နေတယ်တဲ့။ သူပြောတာကို ကျွန်တော် အဲဒီတုန်းက နားလည်သလိုလို နားမလည်သလိုလို..။ အခု ကစ်တီ ပို့လိုက်တဲ့ စာကို ရတော့.. ကျွန်တော် အဲဒီ အကြောင်း ဆက်တိုက် တွေးနေမိတယ်။
ကျွန်တော် ကောက်ရိုးပုံထဲကနေ ကုန်းရုန်းပြီး ထွက်လိုက်တယ်။ ပြည့်သိပ်ကာရံထားတဲ့ ကောက်ရိုးမျှင်တွေကို တွန်းဖယ်.. လက်ပစ်ကူးရင်း အပြင်ကို ရောက်လာတယ်။ ဘောင်းဘီထဲမှာ၊ အင်္ကျီထဲမှာ ကောက်ရိုးစတွေ အပြည့်ပဲ။ ဖိနပ်ထဲအထိပါ ဝင်တယ်။ တံတောင်ဆစ်မှာလည်း ကပ်နေတယ်။ ဆံပင်ထဲမှာတော့ ပြောမနေနဲ့တော့။ ကောက်ရိုးစေ့တွေပါ ဝင်နေတာ။
ကစ်တီ့ကို လှမ်းကြည့်လိုက်တော့ သူက လှေကားကို တက်နေတာ တစ်ဝက်တောင် ရောက်နေပြီ။ သူ့ရဲ့ ရွှေရောင် ကျစ်ဆံမြီးက လှေကားတက်လိုက်တိုင်း ဘယ်ပခုံးနဲ့ ညာပခုံးကို တစ်လှည့်စီ ရိုက်ခတ်နေတယ်။ တခြားနေ့တွေမှာဆိုရင် နေရောင်ခြည်နဲ့ ကစ်တီ့ ဆံပင်ရဲ့ ရွှေရောင်နဲ့ အပြိုင်ဖြစ်နေတတ်ပေမယ့် အဲဒီနေ့မှာတော့ ကစ်တီ့ ဆံပင်တွေက အပြတ်အသတ် ပိုပြီး အရောင်တောက်နေတယ်။
ကစ်တီ လှေကားတက်နေတာကို လှမ်းကြည့်ရင်း ကျွန်တော့် စိတ်ထဲ ထင့်ခနဲ ဖြစ်သွားသေးတယ်။ လှေကားက အရင်နေ့တွေတုန်းကလောက် မခိုင်သလို.. ဟိုရမ်းဒီရမ်း ဖြစ်နေသလား..။ လှုပ်လီလှုပ်လဲ့ ဖြစ်နေတာလား။
ဟော.. ကစ်တီ အပေါ်ရောက်သွားပြီ။ အခု အောက်ကနေ လှမ်းကြည့်နေတဲ့သူက ကျွန်တော် ဖြစ်သွားပြီ။ ကစ်တီ့ မြင်ကွင်းကနေ ကြည့်ရင် ကျွန်တော့် မျက်နှာ သေးသေးလေး ဖြစ်နေမှာ။
“ဟေး..”.. ကစ်တီ့ အော်သံက လေထဲမှာ တွဲခိုနေတဲ့ အမျှင်အစအန အမှုန်အမွှားတွေကို ဖောက်ထွင်းပြီး ကျွန်တော့်ဆီကို ရောက်လာတယ်။
“ဟေး”
ကစ်တီက ထုတ်တန်းအစွန်ကို တရွေ့ရွေ့ လျှောက်သွားတယ်။ ကောက်ရိုးပုံရဲ့ အပေါ်တည့်တည့်နားလောက်ကို သူ ရောက်သွားတော့မှ ကျွန်တော့် ရင်ဘတ်ထဲက အလုံးကြီး နည်းနည်း သက်သာသွားတယ်။ တကယ်က ကစ်တီက ကျွန်တော့်ထက် ပိုပြီး သွက်တယ်၊ ပေါ့ပါးတယ်၊ အားကစား သမားနဲ့ ပိုတူတယ်။ ဒါပေမယ့် သူ ထုတ်တန်းပေါ် ရောက်သွားတိုင်း ကျွန်တော်ကတော့ စိုးရိမ်ဆဲပါပဲ။
ကစ်တီက ထုတ်တန်းရဲ့ အစွန်ကို ရောက်တော့ မတ်မတ်ရပ်တယ်။ ခြေဖျားကို ထောက်တယ်။ လက်တွေကို ရှေ့ကို ဆန့်ထုတ်တယ်။ ပြီးတာနဲ့ ဗျိုင်းတစ်ကောင်လို.. ဒိုင်ဗင် ထိုးချလိုက်တယ်။ ဘယ်တော့မှ မေ့မရမယ့် မြင်ကွင်း၊ ပါးစပ်က ပြောပြ၊ ပုံဖော်ပြလို့ မဖြစ်နိုင်တဲ့ မြင်ကွင်းပါပဲ။ ကျွန်တော် ကြိုးစား ပြောပြဖို့ မဖြစ်နိုင်ဘူး။ ဘယ်လောက် လှတဲ့ မြင်ကွင်းလဲ၊ ဘယ်လို ပြီးပြည့်စုံတဲ့ မြင်ကွင်းမျိုးလဲ။ ရေးပြဖို့အတွက် ကျွန်တော် ဝေါဟာရ မကြွယ်ဘူး။ စာမတတ်ဘူး။ ပါးစပ်နဲ့လည်း မရှင်းပြတတ်ဘူး။
ကစ်တီ့ ကိုယ်လုံးက လေထဲမှာ ခဏ တွဲခိုနေသလို ရပ်သွားတယ်.. အဲဒီ အမြင့်မှာပဲ ရှိတတ်တဲ့ လေထုက ကစ်တီ့ကို ပင့်တင်ပေးထားသလို..။ ဘယ်သူမှ မမြင်ဖူးတဲ့ ရွှေဝါရောင် အတောင်ပံနဲ့ ပျံလွှားငှက်တစ်ကောင်လို..။ ကစ်တီ.. ကျွန်တော့်ရဲ့ ချစ်ရပါသော ညီမလေး။ သူ့လက်တွေက နောက်ကို ပစ်ပြီး ဆန့်တန်းထားတယ်။ ကျောက လေးတစ်စင်းလို ကွေးညွတ်နေတယ်။
ပြီးတာနဲ့ ကစ်တီ့ တစ်ကိုယ်လုံး အောက်ကို အရှိန်နဲ့ ထိုးဆင်း.. ကောက်ရိုးပုံထဲကို တိုးဝင် ပျောက်ကွယ်သွားတယ်။ ကစ်တီ ထိုးဝင်သွားတဲ့ ကောက်ရိုးပုံ အပေါက်ထဲကနေ ကောက်ရိုးမျှင် အစအနတွေ၊ ရယ်သံ လွင်လွင်တွေ ဖွာထွက်လာတယ်။ အဲဒါကို ကြည့်ပြီး.. စောစောက လှေကားကို လှမ်းကြည့်ရင်း စိုးရိမ်မိတာကို ကျွန်တော် မေ့သွားတယ်။ ကစ်တီ ကောက်ရိုးပုံထဲက ထွက်လာတဲ့ အချိန်မှာ ကျွန်တော် လှေကား တစ်ဝက်လောက် ရောက်နှင့်နေပြီ။
ကစ်တီ့လိုမျိုး ဒိုင်ဗင် ထိုးချဖို့ ကျွန်တော် ကြိုးစားသေးတယ်။ ဒါပေမယ့် မရဘူး ကြောက်တယ်။ ကျွန်တော့် ကိုယ်လုံးက လေထဲမှာ ကစ်တီ့ကလို လှလှပပ ဗျိုင်းအသွင် မဖြစ်ဘဲ ဘောလုံးလို ကွေးလုံးသွားတယ်။ ကျွန်တော် ထင်တာကတော့.. ဒါဟာ ယုံကြည်မှုနဲ့ ဆိုင်လိမ့်မယ်။ အောက်မှာ ကောက်ရိုးပုံရှိတယ်၊ စိတ်ချရတယ်.. ဆိုတာကို ကစ်တီက ယုံပေမယ့်.. ကျွန်တော်က မယုံတစ်ဝက် ဖြစ်နေလို့ပေါ့။
ကစ်တီနဲ့ ကျွန်တော် တစ်ယောက်တစ်လှည့်.. ခုန်ချနေလိုက်ကြတာ ဘယ်လောက်တောင် ကြာသွားသလဲ။ သေချာတော့ မပြောတတ်ဘူး။ ဒါပေမယ့် နေရောင်က တော်တော် ပြောင်းသွားပြီ။ ညနေစောင်းတော့မယ်။ အဖေနဲ့ အမေ ပြန်လာတော့မယ်။ သူတို့ ပြန်လာလို့.. အခုလို ကောက်ရိုး ဗရပွနဲ့ ပေပွနေတဲ့ မောင်နှမ နှစ်ယောက်ကို တွေ့ရင် ရိုက်စစ်စရာ မလိုဘဲ အကုန်ပေါ်တော့မှာ။ နောက်ဆုံး တစ်လှည့်စီ ခုန်ချပြီးရင် တော်ကြမယ်လို့.. ကစ်တီနဲ့ ကျွန်တော် သဘောတူလိုက်တယ်။
ကျွန်တော် အရင် တက်တယ်။ အဲဒီမှာ.. ကျွန်တော့် နားထဲကို ကြောက်စရာ အသံတစ်သံ ဝင်လာတယ်။ လှေကားတန်းတွေကို ရိုက်ထည့်ထားတဲ့ သံချောင်းတွေ ပြုတ်ထွက်ချင်တဲ့ အသံမျိုး။ တကျွီကျွီနဲ့ လှုပ်ခတ်နေတဲ့ အသံ..။ အဲဒီမှာ ကျွန်တော် တကယ် ကြောက်သွားတာပဲ။ လှေကားကို တွယ်တက်ခါစမှာသာ အဲဒီ အသံကို ကြားလို့ကတော့ ကျွန်တော် ချက်ခြင်း ခုန်ဆင်းမိမှာ။ အခုတော့ ခုန်ဆင်းဖို့ မမီတော့ဘူး။ အပေါ်ကို လှမ်းကြည့်တော့ ထုတ်တန်းက သိပ်မဝေးတော့ဘူး။ အပေါ်ကို ရောက်ခါနီး.. လှေကား သုံးဆင့်လောက် အလိုမှာ.. တကျွီကျွီ အသံက ပိုဆိုးလာတယ်။ ပိုကျယ်လာတယ်။ ကျွန်တော့် တစ်ကိုယ်လုံး အေးစက်လာတယ်။ သွားပြီထင်တယ်..။
တော်သေးတယ်.. ထုတ်တန်းကို လှမ်းမီပြီ။ ကျွန်တော် အမြန် တွယ်တက်လိုက်တယ်။ ကျွန်တော့် ကိုယ်လုံးကို ထိန်းထားရတဲ့ အလေးချိန် မရှိတော့တဲ့အခါမှ လှေကားဆီက ထွက်နေတဲ့ အသံတွေ ပျောက်သွားတယ်။ ကျွန်တော့် နှဖူးမှာ ချွေးစေးတွေနဲ့ စေးကပ်နေပြီ။ စောစောက ဆော့ရင်း ပျော်နေတဲ့ အပျော်လည်း မရှိတော့။
ထုတ်တန်း အစွန်ကို မြန်မြန် လျှောက်သွားပြီး ကောက်ရိုးပုံထဲကို ခုန်ချလိုက်တယ်။ လေဟုန်စီးရတဲ့ အရသာကို သတိတောင် မထားမိတော့ဘူး။ စောစောကသာ ပြုတ်ကျသွားရင်.. ကောက်ရိုးမရှိတဲ့ သစ်သားကြမ်းပြင်နဲ့ ငါ့ကိုယ်လုံးနဲ့ .. ရိုက်မိသွားရင်.. ဆိုပြီး တွေးကြောက်နေတယ်။
ကောက်ရိုးပုံထဲကနေ တိုးထွက်..လိုက်တော့.. ကစ်တီက ကြမ်းပြင်မှာ ရှိမနေဘူး..။ လှေကားကို ပြေးတက်နေပြီ။
“ကစ်တီ.. ကစ်တီ.. မတက်နဲ့တော့.. လှေကား မခိုင်တော့ဘူး”.. ကျွန်တော် လှမ်းအော်လိုက်တယ်။
“အာ.. ဘာမှ မဖြစ်ပါဘူး။ ညီမ ကိုယ်လုံးကို နိုင်မှာပါ”.. ကစ်တီက ပြန်အော်တယ်။.. “ကိုကြီးထက် ညီမ ကိုယ်လုံးက ပိုပေါ့တယ်”
“ကစ်တီ..”
ကျွန်တော့် စကား မဆုံးလိုက်ဘူး။ လှေကား ဖျောင်းခနဲ ကျိုးသွားတယ်။
ဂျွတ်ဆိုတဲ့ အသံဆိုးကြီးနဲ့ ကျိုးထွက်သွားတာ။ ကျွန်တော် အော်လိုက်မိတယ်။ ကစ်တီကလည်း ကြောက်လန့်တကြား အော်တယ်။ စောစောက.. ကျွန်တော် ကြောက်စိတ်ဝင်လာမိတဲ့ လှေကား နေရာနားမှာ.. ကစ်တီရောက်နေတာ။ အရမ်း မြင့်နေပြီ။
ကစ်တီ ခြေထောက်နင်းထားတဲ့ လှေကားတန်းက ကျိုးသွားတာ။ ပြီးတာနဲ့ လှေကားရဲ့ ဘယ်ညာ တန်း နှစ်ခုစလုံးပါ ကျိုးထွက်သွားတယ်။ လွတ်ထွက်သွားတဲ့ လှေကား တုတ်တံရှည်ကြီး နှစ်ချောင်းက မူးဝေနေတဲ့ ဒါးခုတ်ကောင်တစ်ကောင်ရဲ့ ခြေထောက်တွေလို ဒယိမ်းဒယိုင်နဲ့ ခဏ တန့်နေသေးတယ်။ ပြီးတာနဲ့ လှေကားတန်းရှည်ကြီး နှစ်ခုစလုံး ကြမ်းပြင်ပေါ်ကို ဖြန်းခနဲ ပြုတ်ကျတယ်။ ဖုန်တွေ ထကုန်တယ်။ ကျီထဲမှာ ရှိတဲ့ နွားခြံထဲက နွားတွေ လန့်ပြီး အော်တယ်။
ကစ်တီရဲ့ အော်သံက စူးရှနေတယ်။
“ကိုကြီး.. ကိုကြီး.. လုပ်ပါဦး.. ကယ်ပါဦး”
ဘာလုပ်ရမလဲ ဆိုတာ ကျွန်တော် ချက်ခြင်း သိလိုက်တယ်။ ဘယ်လောက်ပဲ စိုးရိမ်နေ ကြောက်နေပေမယ့်.. ကြံရာမရတော့ ဖြစ်မသွားသေးဘူး။ ကစ်တီ အခု တွဲလဲခိုနေတဲ့ နေရာက ကြမ်းပြင်ကနေ ပေ ၆၀ လောက် မြင့်လိမ့်မယ်။ သူ့ရဲ့ ခြေထောက်တွေက ဘာမှ မရှိတော့တဲ့ လေကို ကန်ကျောက်ရင်း ယက်ကန်ယက်ကန် ဖြစ်နေတယ်။ အဲဒီ မြင်ကွင်းကြောင့်.. ကျွန်တော် ဘယ်လောက် ကြောက်သွားသလဲဆိုရင် နောက်ပိုင်းမှာ ဆပ်ကပ်တောင် ကြည့်လို့ မရတော့ဘူး။
ဒါပေမယ့် ဘာလုပ်ရမလဲ ဆိုတာကိုတော့ ကျွန်တော် သိနေခဲ့တယ်။
“ကစ်တီ ညီမလေး”.. ကျွန်တော် လှမ်းအော်လိုက်တယ်။.. “မလှုပ်နဲ့.. မရမ်းနဲ့။ ငြိမ်ငြိမ်လေးနေ”
ကျွန်တော့်စကားကို ကစ်တီ ချက်ခြင်း နားထောင်တယ်။ ကန်ကျောက်နေတဲ့ သူ့ခြေထောက်တွေ ငြိမ်ကျသွားတယ်။ ကိုယ်လုံးကို အတည့်အတိုင်းထားပြီး .. သူ့လက်သေးသေးလေးတွေနဲ့ လှေကားကျိုးရဲ့ နောက်ဆုံး တစ်ဆင့်ကို မြဲမြဲ ခိုထားတယ်။ လေ့ကျင့်ခန်း ပြီးသွားတဲ့ ကျွမ်းဘား အားကစားသမား တစ်ယောက်လို..။
ကျွန်တော် ကောက်ရိုးပုံဆီကို ပြေးတယ်။ နိုင်သလောက် ကောက်ရိုးတွေကို လက်ထဲထည့်ပြီး ပွေ့တယ်။ ဒီဘက်ကိုပြေးလာတယ်။ ကစ်တီ့ အောက်တည့်တည့်မှာ ပုံတယ်။ ပြီးတာနဲ့ ကောက်ရိုးပုံဆီ ပြန်ပြေးတယ်။ ထပ်ယူတယ်။ ဒီဘက်မှာ ပုံတယ်။ ပြီးတာနဲ့ နောက်တစ်ခါ.. နောက်တစ်ကြိမ်။
ဘယ်နှခေါက်လောက် ဖြစ်သွားသလဲ ကျွန်တော် မသိဘူး။ ကောက်ရိုးမျှင်တွေ နှာခေါင်းထဲဝင်ပြီး နှာ ဆက်တိုက် ချေတယ်။ မျက်ရည်တွေ ထွက်တယ်။ လှေကားကျိုး အောက်တည့်တည့်က ကောက်ရိုးပုံ အသစ်ကို မြင့်သထက် မြင့်လာအောင် ဖို့တယ်။ ကောက်ရိုးပုံ အသစ်က.. သေးသေးလေးရယ်။ ကာတွန်းကားတွေထဲမှာ မြင်ဖူးသလား..။ ဖန်ခွက်ထဲကို ဒိုင်ဗင်ထိုးချတဲ့ ကာတွန်းဇာတ်ကောင်လေ..။ အဲဒီလို ဖြစ်နေတယ်။
ကျွန်တော် ပြေးတယ်။ ယူတယ်။ ပုံတယ်။ ပြန်ပြေးတယ်။
“ကိုကြီး.. ညီမ မရတော့ဘူး.. လက်နာနေပြီ”.. ကစ်တီ့ အသံက သေးသေးလေး။ ယဲ့ယဲ့လေး။
“ခဏလေး.. ခဏလေး တောင့်ထား..”
ကျွန်တော် ပြေးတယ်။ ယူတယ်။ ပုံတယ်။ ပြန်ပြေးတယ်။ ကောက်ရိုးတွေ တစ်ကိုယ်လုံး နေရာအနှံ့ ပြည့်နေပြီ။ ကောက်ရိုးပုံ အသစ်က ကျွန်တော့် မေးစေ့လောက်တော့ ရောက်နေပြီ။ ဒါပေမယ့် စောစောက ကျွန်တော်တို့ ခုန်ချနေတဲ့ ကောက်ရိုးပုံကြီးက ပေ အစိတ်လောက် မြင့်တယ်။ အခု.. ဒီကောက်ရိုးပုံ သေးသေးလေးနဲ့.. ကစ်တီနဲ့..။ ခြေထောက်လောက်ပဲ ကျိုးရင်တောင် ကံကောင်း။ ဒါမှ မဟုတ်.. လွဲသွားရင်တော့ သေသွားနိုင်တယ်။ ကျွန်တော် ပြေးတယ်။ ယူတယ်။
“ကိုကြီး.. ဒီမှာ.. လှေကားက မရတော့ဘူး.. ပြုတ်တော့မယ်”
ကစ်တီ့ကိုယ်လုံး သေးသေးလေးကိုတောင် မနိုင်တော့ဘဲ တကျိကျိနဲ့ ပြုတ်ထွက်နေတဲ့ လှေကားတန်းရဲ့ အသံကို ကျွန်တော် ကြားနေရတယ်။ ကစ်တီ့ ခြေထောက်တွေက ကြောက်စိတ်နဲ့ ဟိုကန်ဒီကန် ပြန်ဖြစ်လာတယ်။ အဲဒီလို ယမ်းခါနေရင် ကောက်ရိုးပုံ အသစ်နဲ့ ကစ်တီနဲ့ လွဲတော့မှာ သေချာတယ်။
“မလုပ်နဲ့။ မလှုပ်နဲ့.. ငြိမ်ငြိမ်လေးနေ။ ငြိမ်ပြီး လွှတ်ချလိုက်”.. ကျွန်တော် အော်လိုက်တယ်။..”လက်ကို ဒီအတိုင်း လွှတ်လိုက် ကစ်တီ.. လွှတ်လိုက်”..။ နောက်ထပ် ကောက်ရိုး ထပ်ယူဖို့လည်း မမီတော့ဘူး။ အကောင်းဆုံးကို မျှော်လင့်ဖို့ပဲ ရှိတော့မယ်။ ဘာမှ ထပ်လုပ်ဖို့ မမီတော့ဘူး။
ကစ်တီက ကျွန်တော့်စကားကို တသွေမတိမ်း နားထောင်တယ်။ ကျွန်တော်ပြောပြီးတာနဲ့ သူ လက်တွေကို လွှတ်လိုက်တယ်။ သူ့ကိုယ်လုံးက အောက်ကို ဓားတစ်ချောင်းလို ဒေါင်လိုက် စိုက်ကျလာတယ်။ ရွှေကျစ်ဆံမြီးက လေထဲမှာ အတန်းလိုက်။ ဘယ်တော့မှ အောက်ကို ရောက်တော့မှာ မဟုတ်သလို.. သူ လေထဲမှာ အကြာကြီးပဲ..။ ကစ်တီက မအော်ဘူး။ ပါးစပ်ကို လက်နဲ့ ပိတ်ထားတယ်။ မျက်နှာက ဖြူဆွတ်နေတယ်။ မျက်လုံးတွေက မှိတ်လျက်သား။
ကစ်တီ့ကိုယ်လုံးက ကောက်ရိုးပုံ သေးသေးလေးရဲ့ အလယ်တည့်တည့်ကို ကျတယ်။ ကောက်ရိုးစတွေ ၀ုန်းခနဲ ဖွာထွက်သွားတယ်။ ကြမ်းပြင်နဲ့ ကစ်တီ့ကိုယ်လုံးနဲ့ ရိုက်မိတဲ့ ဒုန်းခနဲ အသံကို ကြားရတယ်။ ကျွန်တော့် ကျောထဲ စိမ့်ခနဲ ဖြစ်သွားတယ်။ ကျယ်လိုက်တာ.. အသံက ကျယ်လိုက်တာ..။
ကျွန်တော် မျက်ရည်တွေထွက်နေပြီ။ ငိုနေပြီ။ ကြမ်းပြင်မှာ ပွထနေတဲ့ ကောက်ရိုးတွေကို ဆွဲဖယ်ရင်း ကစ်တီ့ကို ကျွန်တော် လိုက်ရှာတယ်။ ဂျင်းဘောင်းဘီ အပြာမှိန်မှိန်လေး တွေ့ပြီ။ ရှပ်အင်္ကျီအကွက်..။ ပြီးတော့ ကစ်တီ့ မျက်နှာ ဖြူဖြူ။ မျက်လုံးတွေ တင်းတင်းပိတ်ထားတယ်။ သေပြီလား မသိဘူး။ သေပြီထင်တယ်။ အရာရာ မီးခိုးရောင် ဖြစ်သွားတယ်။ အရောင်တွေ ပျောက်ကုန်တယ်။ ကစ်တီ့ ရွှေရောင် ဆံပင်တွေကလွဲရင် အကုန်လုံး မွဲခြောက်ကုန်ပြီ။
အဲဒီမှာ ကစ်တီ့ရဲ့ မျက်လုံးတွေ ပွင့်လာတယ်။ ပြာနက်နက် မျက်ဝန်းကို မြင်ရပြီ။
“ကစ်တီ.. ညီမလေး”.. ကျွန်တော့် အသံက အက်တက်တက် ဖြစ်နေတယ်။ မယုံနိုင်တဲ့ လေသံ။ လည်ပင်းထဲမှာ ကောက်ရိုးစတွေ ဝင်နေတယ်။
“ကိုကြီး”.. ကစ်တီက မျက်လုံး အပြူးသားနဲ့ ကျွန်တော့်ကို ကြည့်နေတယ်။.. “ညီမ.. ဘာမှ မဖြစ်ဘူးလား။ မသေဘူးလား”
ကျွန်တော် သူ့ကို ဆွဲထူလိုက်တယ်။ သူ့ကိုယ်လုံးကို လက်နဲ့ သိုင်းဖက်လိုက်တယ်။ ကစ်တီက ကျွန်တော့်ကို တင်းတင်း ပြန်ဖက်တယ်။
“ဘာမှ မဖြစ်ဘူး.. မသေဘူး.. မသေဘူး..”
++
ကစ်တီ့ရဲ့ ဘယ်ခြေကျင်းဝတ် ကျိုးသွားတယ်။ အဲဒီလောက်ပဲ။ ကစ်တီ့ကို လာကြည့်တဲ့ ဆရာဝန်က ကျီထဲက လှေကားကျိုးကိုပါ လိုက်ကြည့်တယ်။ လှေကားက တစ်ချောင်းတည်းသော သံချောင်းမှာ တွဲလဲ ခိုနေတယ်။ “ဘုရားကယ်တာပဲ.. ဘုရားကယ်တာ..”..ဟိုးအပေါ်ကို မော့ကြည့်ရင်း ဆရာဝန်က ပြောတယ်.။ ကျွန်တော် ခင်းပေးထားတဲ့ ကောက်ရိုးပုံ သေးသေးလေးကို ခြေထောက်နဲ့ တို့ကြည့်တယ်။ ပြီးတာနဲ့ နှုတ်ဆက်၊ သူ့ကားပေါ်တက်ပြီး.. မြို့ဘက်ကို ပြန်သွားတယ်။
ကျွန်တော့် ပခုံးပေါ်ကို အဖေ့လက် ရောက်လာတယ်။.. “လာ.. နောက်ဘက် ဂိုဒေါင်ထဲကို သွားမယ်”.. အဖေက ပြောတယ်။.. “မင်း ဘယ်လို ပြစ်ဒဏ်ခံရမလဲ သိတယ်မဟုတ်လား လယ်ရီ”..တဲ့။
“ဟုတ် သိပါတယ် အဖေ”.. ကျွန်တော် ပြောလိုက်တယ်။
“မင်းကို ငါ တစ်ချက် ရိုက်တိုင်း.. ဘုရားသခင်ကို တစ်ခါ ကျေးဇူးတင်။ ဘုရားသခင် ကယ်လို့ မင်းညီမ မသေတာ”
“ဟုတ်”
အဖေက ကျွန်တော့်ကို အချက်ပေါင်းများစွာ ရိုက်တယ်။ နောက်တစ်ပါတ်လောက် ကျွန်တော် မထိုင်နိုင်ဘူး။ နောက်ထပ် နှစ်ပတ်လောက် မှောက်လျက် အိပ်ရတယ်။ အဖေတစ်ချက် ရိုက်တိုင်းမှာ ဘုရားသခင်ကို ကျွန်တော် တစ်ခါ ကျေးဇူးတင်ခဲ့ပါတယ်။ တကယ်ပါ။
++
အဲဒီည.. အိပ်ရာ မဝင်ခင်မှာ ကစ်တီ့ကို တွေ့ခွင့်ရတယ်။ ကစ်တီ့ အခန်းအပြင်ဘက် သစ်ပင်မှာ ငှက်တစ်ကောင် တီတီတာတာ အော်နေတာကို ကျွန်တော် မှတ်မိတယ်။ ကစ်တီ့ ခြေထောက်ကို အဝတ်စည်းပေးထားတယ်။ ခြေကျင်းဝတ်အောက်မှာ သစ်သားပြားခံပေးထားတယ်။
ကစ်တီက ကျွန်တော့်ကို အရမ်းချစ်တဲ့ မျက်လုံးတွေနဲ့ အကြာကြီး ကြည့်နေတော့ ကျွန်တော် မနေတတ်သလိုတောင် ဖြစ်သွားတယ်။ တော်တော်ကြာမှ ကစ်တီက ပြောတယ်။
“ကိုကြီး ကောက်ရိုးတွေ သယ်ပြီး ပုံထားပေးတာပဲ”..တဲ့။
“ဟာ.. အေးပေါ့ဟ”.. ကျွန်တော် ပြောလိုက်တယ်။ .. “ကောက်ရိုး မပုံပေးလို့ တခြားလည်း မလုပ်တတ်တော့ဘူးလေ။ လှေကားကျိုးသွားတော့ နင့်ကို လာကယ်လို့မှ မရတော့တာ”
“ကိုကြီး ဘာလုပ်နေမှန်း ညီမက သိကို မသိတာ”… ကစ်တီက ပြောတယ်။
“ဟမ်.. ဘယ်လို မသိတာလဲ။ ငါ နင့်အောက်တည့်တည့်မှာ ကောက်ရိုးတွေ ပုံပေးနေတာလေ”
“အောက်ကို ငုံ့မကြည့်ရဲဘူးလေ။ အရမ်းကြောက်နေတာကို..။ မျက်လုံး ပိတ်ထားတာ။ တစ်ချိန်လုံး”
ကျွန်တော် ပါးစပ်အဟောင်းသားနဲ့.. သူ့ကို ကြည့်နေမိတယ်။
“ငါ ဘာလုပ်နေသလဲ နင် တကယ် မသိတာလား.. တကယ်ကြီး မတွေ့ဘူးပေါ့”
ကစ်တီက ခေါင်းခါတယ်။
“ဒါဆို.. ငါ လက်လွှတ်လိုက်လို့.. ပြောတော့ နင်.. ဒီအတိုင်း လွှတ်ချလိုက်တာပေါ့”
ကစ်တီက ခေါင်းညိတ်တယ်။
“ဘာလို့.. ငါ ပြောတာအကုန် လိုက်လုပ်တာလဲ.. ဘာမှလဲ မသိဘဲ.. ”
ကစ်တီက သူ့မျက်လုံး ပြာပြာတွေနဲ့ ကျွန်တော့်ကို စိုက်ကြည့်နေတယ်.. ။ ပြီးမှ..
“ကိုကြီး တစ်ခုခု လုပ်နေမယ်ဆိုတာကိုတော့ ညီမ သိပြီးသားပါ..။ ဘာပဲဖြစ်ဖြစ် ကိုကြီးက ညီမကို ရအောင် ကယ်မှာပဲဆိုတာကို ယုံတာ..”
“ဟူး.. ကစ်တီ.. ညီမလေး.. တော်သေးတယ်.. တော်သေးတယ်..။ ကံကောင်းလို့။ ဘယ်လောက် ကံကောင်းသလဲ နင်မသိလိုက်ဘူးနော်..”
ကစ်တီ့ ပါးတွေကို ကျွန်တော် လက်ဖဝါးနဲ့ လှမ်းကိုင်လိုက်တယ်။ ကစ်တီက ကျွန်တော့်လက်တွေကို ဆွဲဖယ်တယ်။ လှဲနေရာကနေ ထပြီး ကျွန်တော့် ပါးကို နမ်းတယ်။.. “မသိပါဘူး။ ဒါပေမယ့် ကိုကြီး အောက်မှာ ရှိနေတယ်ဆိုတာကို သိနေတယ်လေ။ အဲဒါဆို ပြီးတာပဲ။ အား.. အိပ်ချင်လိုက်တာ။ မနက်ဖြန်မှ တွေ့တော့မယ်။ ဆရာဝန်ကပြောတယ်.. ကျောက်ပတ်တီး စည်းရမယ်တဲ့ သိလား”
ကျောက်ပတ်တီးနဲ့ တစ်လလောက် နီးနီး နေလိုက်ရတယ်။ ကစ်တီ့ ကျောက်ပတ်တီးကို သူ့သူငယ်ချင်းတွေက အမှတ်တရ လက်မှတ်ထိုးပေးကြတယ်။ ကျွန်တော့်ကိုတောင် ထိုးခိုင်းလိုက်သေးတယ်။ ကျောက်ပတ်တီး ဖြည်လိုက်တော့ ခြေထောက်က အကောင်းအတိုင်းပဲ။ အဲဒီမှာ ကျီ ပြဿနာက ပြီးသွားတာပါပဲ။ အဖေက လှေကား အဟောင်းကို အသစ်နဲ့ လဲလိုက်တယ်။ ဒါပေမယ့် အဲဒီ လှေကားအသစ်ကို ကျွန်တော် မတက်ဖြစ်တော့ဘူး။ ကစ်တီလည်း မတက်တော့ဘူး။
တကယ်က ဒီလှေကားဇာတ်လမ်းက ဒီမှာတင် ပြီးမှာ..။ ဒါပေမယ့် လွန်ခဲ့တဲ့ ၉ ရက်လောက်က.. ကျွန်တော့် ညီမလေး ကစ်တီ.. လော့စ်အင်ဂျလိစ့်မှာရှိတဲ့ အထပ်မြင့်တိုက်တစ်ခုရဲ့ အပေါ်ဆုံးထပ်ကနေ ခုန်ချသွားတယ်။ အယ်လ်အေတိုင်မ်း သတင်းစာမှာ ပါလာတဲ့ အဲဒီ သတင်းကို ကျွန်တော် ညှပ်ယူပြီး ပိုက်ဆံအိတ်ထဲမှာ ထည့်သိမ်း ထားတယ်။ အမြဲတမ်း သိမ်းထားဖြစ်မှာပဲ။ ကိုယ်မှတ်မိချင်တဲ့ သူရဲ့ ဓာတ်ပုံတွေ၊ အမှတ်တရ စာရွက်ခေါက်လေးတွေကို သိမ်းထားသလိုမျိုးတော့ မဟုတ်ဘူး။ ဝန်ထုပ်ဝန်ပိုး တစ်ခုကို သိမ်းထားသလို.. ဒဏ်ရာတစ်ခုကို သိုလှောင်ထားသလို.. သိမ်းထားမိမှာ။ သတင်းစာ ဖြတ်ပိုင်းမှာ စာလုံးကြီးတွေနဲ့ ရေးထားတာက .. “တိုက်ပေါ်မှ ဒိုင်ဗင်ထိုး ခုန်ချ သတ်သေသွားသည့် ညဉ့်ငှက်လေး”..တဲ့။
+++
ဘာတွေ ဘယ်လို ဖြစ်သွားခဲ့သလဲ ကျွန်တော် မပြောတတ်ဘူး။ ကျွန်တော်တို့တတွေ အသက်ကြီးလာကြတယ်.. ။ ပြောင်းလဲသွားကြတယ်။ ဒါပေမယ့် ဒါ.. အထူးအဆန်းမှ မဟုတ်တာ..။ ကစ်တီက ကျောင်းပြီးတော့ အိုမာဟာမှာရှိတဲ့ စီးပွားရေး တက္ကသိုလ်မှာ တက်ဖို့ ပြင်ဆင်ထားတာ။ ဒါပေမယ့် မတက်ဖြစ်ဘူး။ ကျောင်းပြီးပြီး မကြာခင်မှာပဲ.. အလှမယ်ရွေးပွဲ တစ်ခုမှာ ဝင်ပြိုင်ရင်း အဲဒီပွဲမှာ ဒိုင်လုပ်တဲ့ ဒိုင်လူကြီး တစ်ယောက်နဲ့ တွေ့ပြီး အိမ်ထောင်ကျသွားတယ်။
ကျွန်တော် ဥပဒေကျောင်းမှာ တက်နေတဲ့ အချိန်မှာ ကစ်တီ့ဆီက စာတစ်စောင် ရောက်လာတယ်။ စာအရှည်ကြီးပဲ။ ဆယ်မျက်နှာလောက် ရှိမယ်။ သူနဲ့ သူ့ယောကျ်ားနဲ့ ကွဲသွားပြီ ဆိုတဲ့ အကြောင်း ရှင်းပြထားတယ်။ သူ့ဘ၀က ပျော်စရာ မကောင်းဘူးတဲ့။ ကလေးမရနိုင်တဲ့အတွက် ပိုဆိုးတယ်တဲ့။ ကျွန်တော် သူ့ဆီ လာတွေ့နိုင်မလားတဲ့။ ဒါပေမယ့် ကျွန်တော် မသွားဖြစ်ခဲ့ဘူး။ ကျောင်းက သိပ်အရေးကြီးနေတယ်။ ဥပဒေကျောင်းမှာ ခွင့်တစ်ပတ် ယူဖို့ဆိုတာ.. သာမန်ကျောင်းတွေမှာ ၃-၄ လ ကျောင်းပျက်သွားတာနဲ့ အတူတူလောက် ဖြစ်နေတယ်။ ဥပဒေကျောင်းက ပြိုင်ဖက်လည်း အရမ်းများတယ်။ ခြေတစ်လှမ်း နောက်ကျတာနဲ့ ကျန်ခဲ့မှာ။ အကုန်လုံး ကျော်တက်သွားမှာ။
ကစ်တီ.. လော့စ်အင်ဂျလိစ်ကို ပြောင်းတယ်။ နောက်အိမ်ထောင် ကျတယ်။ အဲဒီအိမ်ထောင်နဲ့ ထပ်ကွဲသွားတော့.. ကျွန်တော်က ဥပဒေကျောင်းပြီးပြီ။ ကစ်တီ့ဆီက စာတစ်စောင် ထပ်ရောက်လာတယ်။ အရင်လောက် မရှည်ဘူး။ အရင်ထက် ပိုပြီး လေသံမာတယ်။ တော်ပြီ.. စိတ်ကုန်ပြီ.. သာယာတဲ့ အိမ်ထောင်ရေး.. လိုက်ရှာနေလည်း ရှာတွေ့မှာ မဟုတ်ဘူး။ မုန့်လုံး စက္ကူကပ်နေသလို.. ဝဲလည်လည် ဖြစ်နေမှာပဲ…။ ဒါနဲ့.. ကိုကြီး.. ဘယ်ရောက်နေလဲ။ ညီမနဲ့ မတွေ့တာကြာပြီနော်..။
ကျွန်တော် စာပြန်တယ်။ လာခဲ့မယ်။ မအားသေးလို့ပါ။ ဟုတ်တယ်.. အဲဒီတုန်းက ကျွန်တော် အလုပ်ဝင်ခါစလေ။ အောက်ဆုံးကနေ စပြီး တက်ရမယ့် အလုပ်မျိုး..။ နောက်တစ်ဆင့် တက်မယ်ဆိုရင် အဲဒီ နှစ်မှာ ခြေကုန်သုတ်ပြီး အာရုံစိုက် လုပ်မှ ရမှာ။ ဒီအလုပ်ကို သေချာလုပ်လိုက်မှ ဘ၀ရှေ့ရေး အဆင်ပြေမှာ..။ အဲဒါတွေကို ကျွန်တော် စာအရှည်ကြီး ရေးပြီး ရှင်းပြလိုက်တယ်။
ကစ်တီ့ ဆီက စာတွေကို ကျွန်တော် အကုန် ပြန်ပါတယ်။ ဒါပေမယ့်.. အဲဒီ စာတွေကို ရေးနေတဲ့သူဟာ ကျွန်တော့်ရဲ့ ညီမလေး ကစ်တီ ဖြစ်တယ်ဆိုတာကို မယုံနိုင်ခဲ့ဘူး။.. အောက်မှာ ကောက်ရိုးပုံ ရှိနေမှန်း သိပေမယ့်.. ခုန်ချလိုက်တဲ့ အချိန်မှာ မယုံတစ်ဝက် ဖြစ်သွားတဲ့ စိတ်ခံစားချက်မျိုးပေါ့။ ကျွန်တော့်ဆီကို ရောက်လာတဲ့ ဒေါသသံတစ်ဝက်၊ စိတ်ပျက်ပြားမှု တစ်ဝက်နဲ့ စာတွေရဲ့ အောက်မှာ ကစ်တီ.. ဆိုပြီး လက်မှတ်ထိုးတဲ့ အမျိုးသမီးဟာ.. ကျွန်တော့်ရဲ့ ချစ်လှစွာသော ဆံပင်ကျစ်ဆံပြီးနဲ့ ကစ်တီ.. ဟုတ်ရဲ့လား ဆိုပြီး ယုံတစ်ဝက်ပါပဲ။
နောက်ပိုင်းကျတော့ ကစ်တီ့ဆီက စာတွေ ထပ်မလာတော့ဘူး။ ခရစ္စမတ်ကတ်၊ မွေးနေ့ကတ်တွေတော့ ရောက်လာပါတယ်။ ကစ်တီ့ဆီကိုလည်း ခရစ္စမတ်ကတ်တွေ၊ မွေးနေ့ကတ်တွေ.. ကျွန်တော့် ဇနီးက တာဝန်ယူပြီး ပြန်ပို့ပေးတယ်။ ကျွန်တော့်မိန်းမနဲ့ ကျွန်တော်နဲ့ ကွဲသွားတော့.. အဲဒီ ကတ်တွေပါ ပို့ဖို့ သတိမရတော့ဘူး။ နောက်ခရစ္စမတ်ရောက်တော့ ကျွန်တော့်ဆီကို ကစ်တီပို့တဲ့ ခရစ္စမတ်ကတ် ထပ်ရောက်လာတယ်။ ကျွန်တော်က အရင်အိမ်မှာ မဟုတ်တော့ဘဲ အိမ်ပြောင်းသွားတော့.. တစ်ဆင့် လိပ်စာနဲ့ စာတိုက်က ထပ်ပို့ပေးတဲ့ တံဆိပ်ခေါင်းနဲ့။ အဲဒီမှာလည်း ကျွန်တော် စဉ်းစားမိတယ်။ ကစ်တီ့ကို ပြောဦးမှပဲ.. ငါ အိမ်ပြောင်းသွားတာ သူ မသိသေးဘူး..ပေါ့။ ဒါပေမယ့် မဆက်သွယ်ဖြစ်ခဲ့ပြန်ဘူး။
+++
ဒါတွေက ပြောနေပေမယ့် အချည်းနှီးပါပဲ။ ဒီအချက်အလက်တွေကို ဘာလုပ်ရမလဲ။ ဘာမှ လုပ်လို့ မရဘူး။ တကယ် အရေးပါတဲ့ အချက်က တစ်ခုတည်း။ ကျွန်တော့် ညီမ.. တိုက်ပေါ်ကနေ ခုန်ချသွားတယ်။ ပြီးတော့ ကစ်တီက.. အောက်မှာ ကောက်ရိုးပုံရှိနေတယ်ဆိုတာကို အမြဲ ယုံကြည်ခဲ့တဲ့သူ။ “ကိုကြီး အောက်မှာ ရှိနေတာပဲ.. ဘာ စိတ်ပူစရာလိုသလဲ”..ဆိုပြီး စိတ်ချတဲ့သူ။ ဒါကသာ အရေးကြီးတဲ့ အချက်ပါ။ ပြီးတော့ ကစ်တီ့ဆီက နောက်ဆုံး စာ…။
အခုခေတ်မှာ.. လူတွေ နေရာ ခဏခဏ ပြောင်းကြတယ်။ စာအိတ်ပေါ်မှာ အထပ်ထပ် ထပ်ကပ်ထားတဲ့ လိပ်စာပြောင်း တံဆိပ်တုံးတွေ၊ စတစ်ကာတွေက အတည်တကျမရှိ၊ အပြောင်းအလဲများတဲ့ လူတွေကို အပြစ်တင် စွပ်စွဲနေသလို..။.. ကစ်တီက စာအိတ်မှာ သူ့လိပ်စာကို ထည့်ရေးထားတယ်။ သူခုန်ချသွားခဲ့တဲ့ တိုက်ခန်းရဲ့ လိပ်စာပါ။ ဗန်နွေးမှာရှိတဲ့ တိုက် သန့်သန့်လေး။ အဖေနဲ့ ကျွန်တော်နဲ့ အဲဒီတိုက်ခန်းကိုသွားပြီး ကစ်တီ ချန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို သွားသိမ်းဖြစ်တယ်။ အိမ်ရှင် အန်တီကြီးကလည်း သဘောကောင်းပါတယ်။ ကစ်တီ့ကို သူလည်း ချစ်တယ်တဲ့။
စာအိတ်မှာပါတဲ့ နေ့စွဲအရဆိုရင် ကစ်တီ ခုန်မချခင် နှစ်ပတ်လောက် အလိုကတည်းက ကျွန်တော့်ဆီကို ပို့ထားတာ။ တစ်ဆင့် လိပ်စာတွေနဲ့ ရှုပ်ထွေးမနေခဲ့ရင် ကျွန်တော် ဒီစာကို အစောကြီး ရခဲ့မှာ။
စာထဲမှာ ရေးထားတယ်။
“ကိုကြီး..
အခုနောက်ပိုင်းမှာ စဉ်းစားမိနေတာ တစ်ခုက .. ကိုကြီး ကောက်ရိုး မပုံပေးခင်မှာကတည်းက အဲဒီ.. နောက်ဆုံး လှေကား တစ်ဆင့် ပြုတ်ထွက်သွားခဲ့ရင် ညီမအတွက် ပိုကောင်းခဲ့လိမ့်မယ်.. ဆိုတာပဲ။
ချစ်သော
ကစ်တီ..”
–
ကစ်တီ.. ကျွန်တော့်ကို မစောင့်နိုင်တော့လို့ ဖြစ်မယ်..။ ကျွန်တော့် စာအပြန်ကို သူ မစောင့်နိုင်တော့တာ ဖြစ်မယ်။ ကျွန်တော် မေ့သွားတာလို့တော့ သူ မထင်လောက်ပါဘူး။ မထင်ပါစေနဲ့။ ဘာလို့လဲ ဆိုတော့ အဲဒီစာကိုသာ ကျွန်တော် အရင် ရခဲ့ရင်.. အဲဒီ စာတစ်ကြောင်းဟာ.. ကျွန်တော့်ကို သူ့ဆီ ချက်ခြင်း ပြေးသွားစေမယ့် တစ်ခုတည်းသော အရာပါပဲ။
ဒါဟာလည်း.. အခု ကျွန်တော် အိပ်မပျော်ဖြစ်နေရတဲ့ အကြောင်းရင်း မဟုတ်ပြန်ဘူး..။
ကျွန်တော် မျက်လုံးတွေကို မှိတ်လိုက်ရင် မြင်နေတဲ့ မြင်ကွင်း…။ ထုတ်တန်း အစွန်းကနေ ခုန်ဆင်းနေတဲ့ ကစ်တီ..။ သူ့မျက်လုံး ပြာပြာနက်နက်တွေ။ .. လေထဲမှာ လေးညှို့လို ကိုင်းနေတဲ့ ကိုယ်လုံးနဲ့.. နောက်ကို လှမ်းပစ်ထားတဲ့ လက်တွေ..။
အောက်မှာ ကောက်ရိုးပုံ ရှိနေလိမ့်မယ်လို့ အမြဲယုံကြည်ခဲ့တဲ့ ကစ်တီ..။
+++
(The last rung on the ladder by Stephen King)
- ချမ်းမြေ့ဝင်း ဘာသာပြန်သည်။