(၃)
မမမေ…တဲ့။
ဒီနာမည်မျိုး ဒီခေတ်မှာ ရှိသေးသလား။ ပြီးတော့ ဒီအမျိုးသမီးရဲ့ အပေါ်အောက် ဂျင်းဝတ်စုံ၊ ဝတ်စားထားပုံနဲ့ သူ့နာမည် ဘယ်လိုမှ မအပ်စပ်။
မမမေ ဆိုတဲ့ အမျိုးသမီးကို ခြေဆုံးခေါင်းဆုံး ကြည့်ရင်း သီရိ ဘာပြန်ပြောရမှန်း မသိဘူး ဖြစ်နေတယ်။
“စကားပြောလို့ ရမလား”.. မမမေက မေးတယ်။
“ရှင်”
မမမေက စိတ်ပျက်သွားသလို ကျွတ်ခနဲ စုပ်သပ်တယ်။
“ငါနင်နဲ့ စကားပြောစရာတွေ ရှိတယ်။ ဒီမှာတော့ မတ်တပ်ကြီး ပြောလို့ အဆင်မပြေဘူး။ အိမ်ထဲမှာ ပြောမယ်။ လိုက်ခဲ့”.. မမမေက ပြောရင်း လှည့်ထွက်တယ်။ သီရိရဲ့ အိမ်ဆီကို လျှောက်သွားတယ်။
“အစ်မ.. ဘာပြောမလို့လဲ.. ကျွန်မ.. ”.. သီရိ ကပျာကယာနဲ့ နောက်ကနေ ပြေးလိုက်သွားတယ်။
မမမေက လျှောက်နေရာကနေ ခြေလှမ်းကို ရပ်တယ်။ သီရိဘက်ကို ပြန်လှည့်ကြည့်တယ်။
“ဘာလို့လဲ။ နင်မအားဘူးလား”
သူ့ကို တရင်းတနှီးလေသံ.. မဟုတ်ဘူး .. ပိုင်စိုးပိုင်နင်း လေသံနဲ့ ပြောနေတဲ့ မမမေကို ကြည့်ရင်း သီရိ ကြောင်အအ ဖြစ်နေတယ်။ နကိုတကည်းက ချာချာလည် မူးနေတဲ့ ဦးနှောက်က ပိုလို့တောင် ထူချင် ထုံချင်လာတယ်။
“မဟုတ်ပါဘူး။ ဟို.. ဟိုဘက်အိမ်မှာ မသက်သက်မျိုး.. တစ်ယောက်တည်း..”
“မသက်သက်မျိုးဆိုတာ ပျောက်သွားတဲ့ ကလေးရဲ့ အမေလား”.. မမမေက ဟိုဘက်အိမ်ကို တစ်ချက်လှမ်းကြည့်ရင်း မေးတယ်။
“ဟုတ်..”
“အဲဒါ ဘာဖြစ်လဲ။ နင်နဲ့ ဆိုင်လို့လား”
“ရှင်”
မမမေက စိတ်ပျက်သလို သက်ပြင်းချတယ်။
“နင်နဲ့ ဆိုင်သလားလို့။ နင် ဘာလုပ်ပေးလို့ ရလို့လဲ”
“မသက်သက်မျိုး ငိုနေလို့.. ကျွန်မ.. နှစ်သိမ့်ပေးနေတာပါ။ သူတစ်ယောက်တည်း.. ”
“နင် နှစ်သိမ့်ပေးနေတော့ သူ့ကလေး အိမ်ပြန်ရောက်လာမှာလား”
“ရှင်”
“ငါမေးတာ ရှင်းရှင်းလေး။ နင် နှစ်သိမ့်ပေးနေတော့ သူ့ကလေး အိမ်ပြန်ရောက်လာမှာလား..။ ဖြေလေ”
သီရိ စိတ်နည်းနည်း တိုသွားတယ်။ ဘုမသိဘမသိ အဆူခံနေရတာကို မကျေမနပ် ဖြစ်ချင်လာတယ်။ ပုံမှန်ဆိုရင် သီရိက စိတ်တိုတတ်တဲ့ မိန်းကလေး မဟုတ်ပါဘူး။ ဘယ်သူ ဘာပြောပြော အူတူတူ အတတပုံစံနဲ့ ငြိမ်ခံနေလိုက်တာပဲ။ ဒါပေမယ့် ဒီမိန်းမက နည်းနည်းတော့ လွန်လာပြီ။ ဘယ်ကမှန်းမသိ.. ဘယ်သူမှန်းမသိ.. သူများအိမ်ရှေ့ထိလာပြီး ဆရာမကြီး လေသံနဲ့..
“အစ်မ ဘာလို့ ကျွန်မကို မချေမငံတွေ လာပြောနေတာလဲ။ အစ်မကို ကျွန်မ သိလည်း မသိဘူး။ မြင်လည်း မမြင်ဖူးဘူး။ အစ်မ ပြောစရာရှိရင် ဒီမှာပဲ ပြောပါ။ ဘာလဲ.. အစ်မကို ဒေါ်မြသီတို့ လွှတ်လိုက်တာလား။ အကြွေးတောင်းမလို့ ရောက်လာတာလား”
မမမေက ပြန်မဖြေဘဲ သီရိကို မျက်မှောင်ကြုတ်ပြီး တော်တော်ကြာကြာ စိုက်ကြည့်နေတယ်။ စိတ်ပျက်သလို ခေါင်းခါတယ်။ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်တယ်။ ပြီးမှ..
“နင့်မောင် အောင်မော် ဘယ်လို အသတ်ခံရသလဲဆိုတာ ငါသိတယ်။ နင်ရော သိချင်သလား”.. မမမေက ခပ်ပြတ်ပြတ်လေသံနဲ့ မေးတယ်။
သီရိ ဘာပြန်ပြောရမှန်း မသိ ကြောင်ကြည့်နေမိတယ်။ ပါးစပ်က ရှင်.. ဆိုတဲ့ အာမေဋိတ်သံ ထပ်ထွက်မလာခင်.. မမမေက ဆက်ပြောတယ်။
“ငါ မအိပ်ရတာ ၂ ရက် ရှိပြီ။ ခရီးလည်း ပန်းနေတယ်။ မောလည်း မောတယ်။ စိတ် သိပ်မရှည်တော့ဘူး။ ဒီတော့.. နင် အိမ်ထဲကို လိုက်လာရင် လိုက်လာ။ မလိုက်လာဘဲ ဟို ကလေးအမေနားမှာ အလဟဿ ဆက်ထိုင်နေချင်ရင်လည်း သဘောပဲ”
သူ့ရှေ့က လှည့်ထွက်၊ ခြေလှမ်းကျဲကျဲတွေနဲ့ သူ့အိမ်ပေါ်ကို လှမ်းတက်သွားတဲ့ မမမေ ဆိုတဲ့ အမျိုးသမီးကို ငေးကြည့်ရင်း သီရိ မတ်တပ်ရပ်လျက်သား ကျန်ခဲ့တယ်။
(၄)
သီရိ.. မသက်သက်မျိုးဆီကို အမြန်ပြေးပြီး သတင်းပို့ရတယ်။ ဘယ်ကမှန်းမသိတဲ့ မိန်းမတစ်ယောက်က သူနဲ့ စကားပြောချင်လို့ သူ့အိမ်ထဲကို ရောက်နေပါတယ်.. လို့တော့ အမှန်အတိုင်း မပြောဖြစ်လိုက်ဘူး။ နကိုကတည်းက ပူပင်နေတဲ့ မသက်သက်မျိုးကို ထပ်ပြီး ခေါင်းမနောက်စေချင်ဘူး။ ဆိုင်လေး အမြန်သိမ်းလိုက်မလို့.. ခဏ ခွင့်ပြုပါ အစ်မ.. ဆိုပြီး ညာပြောလိုက်တယ်။ တဒိတ်ဒိတ် ခုန်နေတဲ့ ရင်ဘတ်ကို လက်နဲ့ဖိ၊ မူးဝေနေတဲ့ နားထင်ကို လက်မနဲ့ ထောက်ရင်း သီရိ သူ့အိမ်ဘက်ကို ပြန်လျှောက်လာတယ်။
အောင်မော် ဘယ်လို အသတ်ခံရတယ်ဆိုတာ ဒီအမျိုးသမီးက သိသတဲ့။ မဖြစ်နိုင်တာတွေ..။ သူက ဘယ်သူလဲ။ ဘယ်ကလဲ။
အတွေးပေါင်း သောင်းခြောက်ထောင်နဲ့.. သီရိ.. အိမ်ခန်းထဲကို လှမ်းဝင်လိုက်တယ်။
(၅)
အိမ်ခန်းရဲ့ ကြမ်းပြင်ပေါ်မှာ တင်ပလ္လင်ခွေ ထိုင်နေတဲ့ မမမေ။
လက်နှစ်ဖက်ကို ဒူးတစ်ဖက်တစ်ချက်စီပေါ်မှာ အသာ တင်ထားတယ်။ သူ့မျက်နှာက စောစောကလိုပဲ တင်းမာ ခက်ထန်နေတယ်။ သီရိ ဝင်လာတာကို တွေ့တော့ မမမေက သူ့ရှေ့ ကြမ်းပြင်ကို မေးဆတ်ပြတယ်။
“အစ်မ.. ထိုင်ခုံပေါ်မှာ ထိုင်လေ..”.. သီရိပြောလိုက်တယ်။
“ရတယ်။ မလိုဘူး။ တံခါးကို အရင်ပိတ်လိုက်။ ပြီးရင် ဒီမှာ လာထိုင်”
သီရိ ကြောင်တောင်တောင်နဲ့ ခဏ ရပ်နေပြီးမှ.. အိမ်ရှေ့တံခါးကို ပိတ်တယ်။ မမမေဆီကို လျှောက်သွားတယ်။ သူ့ရှေ့မှာ ဘေးတစ်စောင်း ထိုင်ချလိုက်တယ်။ ကိုယ့်အဒေါ်လောက်နီးနီး အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက်က ကြမ်းပြင်မှာ ထိုင်နေတော့ သီရိ တစ်ယောက်တည်း ခုံပေါ်တက်ထိုင်လို့ ဘယ်ကောင်းမလဲ။ ပြီးတော့.. မမမေ စကား တစ်ခွန်းပြောလိုက်တိုင်း အလိုလို နားထောင်ချင်နေမိတဲ့ သူ့ကိုယ်သူလည်း အံ့ဩမိသလိုလို..။
“အစ်မက အောင်မော့်ကို သိလို့လားဟင်.. အောင်မော့် အသိလား”
မမမေက ခေါင်းခါတယ်။
“ဒါဆို.. အစ်မက ရဲဌာနကလား။ ထောက်လှမ်းရေးကလား”
မမမေက ခေါင်းခါပြန်တယ်။
“’ဒါဆို.. အောင်မော် သေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစ်မက ဘယ်လို သိတာလဲ” .. သီရိ မေးလိုက်တယ်။
မမမေက ပြန်မဖြေသေးဘဲ သူ့ရဲ့ ဂျင်းအင်္ကျီ အိတ်ကပ်ထဲကနေ စာရွက်တစ်ရွက်ကို ထုတ်တယ်။ သီရိဆီကို ကမ်းပေးတယ်။
လက်ထဲက စာရွက်ကို သီရိဖြန့်ကြည့်လိုက်တယ်။ ဂျာနယ်ထဲကနေ ဆွဲဖြုတ်ထားတဲ့ စာရွက်အပိုင်းအစ တစ်ခု။
“မုယောကို တုန်လှုပ်သွားစေခဲ့သော ၅ လောင်းပြိုင် လူသေမှု”..ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့အတူ.. နိုင်မျိုးကျော်၊ မြတ်မင်း၊ ထက်မင်း၊ သန့်စင်…နဲ့ ဦးကြင်ငွေတို့ သေတဲ့ အဖြစ်အပျက်အကြောင်း အကြမ်းဖျင်းရေးထားတဲ့ သတင်းဆောင်းပါး။ ဂျာနယ်နာမည်က စက်ရပ် သတင်းဂျာနယ်..တဲ့။ အော်မော့်အကြောင်းကိုလည်း စာတစ်ကြောင်းထည့်ရေးထားတာ တွေ့ရတယ်။
သတင်းကို ဖတ်အပြီးမှာ မမမေကို သီရိ နားမလည်သလို ကြည့်လိုက်တယ်။
“ဒီသတင်းနဲ့.. အစ်မနဲ့.. ဘယ်လို..”
“ငါ ဒီသတင်းကို တွေ့လိုက်ကတည်းက နင်တို့ ရွာမှာ ဘာဖြစ်နေပြီလဲဆိုတာ ခန့်မှန်းလို့ ရသွားတယ်။ နင့်မောင် အောင်မော်က.. ဒီရွာမှာ ဒီလိုမျိုး..အဖြစ်နဲ့ ပထမဆုံး သေတဲ့သူ မဟုတ်လား။ နောက်ထပ် ၅ ယောက် ထပ်သေတယ်။ အခု ကလေးပျောက်မှုတွေပါ ဖြစ်နေပြီဆိုတော့ ငါထင်တာ သေချာသွားပြီ။ ဒီပြဿနာကို ငါ ခြေရာခံလိုက်နေတာ နှစ်တော်တော် ကြာနေပြီ”
“ဘယ်လို..”
မမမေက လက်ကာပြတယ်။
“ငါတစ်ခွန်းပြောတိုင်း နင်တစ်ခွန်း ပြန်မေးနေရင် ဒီတစ်သက် ပြီးမှာ မဟုတ်ဘူး။ ငါမေးတာတွေကိုပဲ ဖြေ။ ငါပြောတာကိုပဲ နားထောင်”
“ဒါပေမယ့်..”
“နန်းထိုက်သီရိ”.. မမမေက လေသံ မာမာနဲ့ ငေါက်လိုက်တယ်။
သီရိ ကြက်သေသေသွားတယ်။ သူ့နာမည် အပြည့်အစံကို ပိုင်ပိုင်နိုင်နိုင် ခေါ်တာ ကြားလိုက်ရတဲ့အတွက် မယုံနိုင်သလို ဖြစ်သွားတယ်။ နန်းထိုက်သီရိ..ဆိုတဲ့ နာမည်ကို ဘယ်သူမှ ခေါ်လေ့ခေါ်ထ မရှိဘူး။ သီရိရဲ့ အဖွားဘက်က ရှမ်းသွေးပါတဲ့အတွက်.. နန်း..ဆိုတဲ့ နာမည်ကို ထည့်မှည့်ထားပေမယ့် သီရိ အဖေက မြန်မာ စစ်စစ်။ သီရိနဲ့ အောင်မော့် မျက်နှာတွေကလည်း ရှမ်းရုပ် တစ်စက်မှ မပေါက်။ နာမည်ကလည်း ရှည်လျား ထွေပြားပြီး ခေါ်ရခက်နေတော့.. သီရိ ငယ်ငယ်ကတည်းက နန်းထိုက်ဆိုတဲ့ ရှေ့နာမည် နှစ်လုံးကို ဘယ်သူမှ ထည့်မခေါ်ကြတော့ဘူး။ သီရိ ကိုယ်တိုင်တောင် သူ့နာမည် အရင်းသူ မေ့ချင်ချင် ဖြစ်နေပြီ။ အခု.. ဒီအမျိုးသမီးက ဘာလို့ သူ့နာမည်အရင်းကို ပိုင်ပိုင်နိုင်နိုင် သိနေရတာလဲ။
“ကျွန်မ နာမည်ကို အစ်မ..ဘယ်လို”
“နင့်မှာ မေးစရာတွေ အများကြီးရှိနေမှာ ငါသိတယ်။ အခု ငါပြောတာတွေကို နားထောင်ရင်လည်း နောက်ထပ် မေးခွန်းတွေ ထပ်ပေါ်လာဦးမယ်။ ဒါပေမယ့်.. အဲဒါတွေ အကုန်ဖြေနေဖို့ အချိန်မရှိဘူး။ အဲဒီအဖြေတွေ သိလိုက်ရလို့လည်း နင့်အတွက်ရော ငါ့အတွက်ရော.. ဘာမှ ထူးမလာဘူး။ ဒီတော့ ငါမေးတာကိုပဲ ဖြေ။ ငါပြောတာကိုပဲ သေချာနားထောင်။ ဟုတ်ပြီလား”
သီရိကို တည့်တည့်ကြီး စိုက်ကြည့်နေတဲ့ မမမေရဲ့ မျက်လုံးတွေက သူ့အသက်အရွယ်နဲ့မလိုက်အောင် ခွန်အားအပြည့်၊ တလက်လက် တောက်နေတယ်။ မမမေ ပါးစပ်က တစ်လုံးချင်း ထွက်လာတဲ့ စကားလုံးတွေက သီရိရဲ့ အာရုံထဲကို စွပ်ခနဲ စွပ်ခနဲ နစ်ဝင်သွားတယ်။ တစ်ခါမှ မမြင်ဖူး၊ မတွေ့ဖူးတဲ့ သူတစ်ယောက်ဖြစ်နေပေမယ့် အခု မိနစ်ပိုင်းအတွင်းမှာတင် သီရိရဲ့ စိတ်တွေက မမမေဆီ တိမ်းညွတ်ချင်နေပြီ။ စိတ်ညှို့တယ်ဆိုတာ ဒါမျိုးလား မသိ.. သီရိ တွေးမိတယ်။ ငါ့ကို တို့ဆေးတွေဘာတွေနဲ့များ ပြုစားလိုက်ပြီလား.. သီရိ သံသယ ဖြစ်ချင်လာတယ်။
“ဟုတ်”.. သီရိ ပါးစပ်က သူ့ဦးနှောက်ကို သစ္စာဖောက်လိုက်သလို.. ဟုတ် ဆိုတဲ့ စကားတစ်ခွန်းပဲ ပြန်ထွက်လာတယ်။
မမမေက ကျေနပ်သွားသလို ခေါင်းညိတ်တယ်။ သူ့အိတ်ထဲကနေ သားရေဖုံးနဲ့ စာအုပ်တစ်အုပ်ကို ဆွဲထုတ်တယ်။ စာရွက်တွေကို တဖျတ်ဖျတ် လှန်တယ်။
“အောင်မော်.. အောင်မော်.. ဒီမှာ တွေ့ပြီ။ နင့်မောင် သေသွားတော့ အသက် ၂၃ နှစ်။ ဟုတ်တယ်နော်”
သီရိ ခေါင်းညိတ်လိုက်တယ်။
“နင့်မောင်မှာ သမီးရည်းစားတွေ ဘာတွေ ရှိသလား။ သူအိမ်က ထွက်မသွားခင်မှာ နင့်ကို ဘာပြောသွားသလဲ”
“ဟင့်အင်း။ မရှိပါဘူး။ ရှိခဲ့ရင်လည်း ကျွန်မ မသိဘူး။ သူ အိမ်က ထွက်သွားတော့လည်း ကျွန်မကို ဘာမှ ပြောမသွားဘူး။ နောက်တစ်နေ့မှ.. သူ့အလောင်းကို တွေ့တော့မှ..”.. သီရိ ပြောရင်းနဲ့ အသံတွေ တုန်ချင်လာသလိုလို ဖြစ်ပြီး ဆက်မပြောနိုင်တော့ဘူး။ အခုထိ ဖြေမဆည်နိုင်သေးတဲ့ သူ့ကိုယ်သူ အားမရသလိုလို ၊ စိတ်တိုသလိုလို ဖြစ်သွားတယ်။ စိတ်ကိုတင်းပြီး ဆက်ပြောတယ်။ “..သူ ထွက်သွားတဲ့ ညနေတုန်းက.. ကျွန်မ ဘာမှ သတိမထားမိလိုက်ဘူး။ အလုပ်မှာ အချိန်ပို ခေါ်လို့ ထွက်သွားတာ နေမှာပါ.. ဆိုပြီး.. ပြီးတော့.. ညဉ့်နည်းနည်းနက်လာတော့.. ကျွန်မ ပင်ပန်းတာနဲ့ ခဏလှဲရင်း အိပ်ပျော်သွားတယ်။ မနက်မှ .. နိုးလာတော့မှ.. ”
“အင်း။ ထားလိုက်တော့”.. မမမေက သီရိ စကားကို ဖြတ်ပြောလိုက်တယ်။ “.. အဲဒီနေ့မတိုင်ခင် တစ်လလောက်အတွင်းမှာ.. နင့်မောင် အောင်မော် ညဘက်ဖုန်းပြောတာတွေ၊ အပြင်ထွက်သွားတာတွေ ရှိသလား”
“ဖုန်းပြောတာတော့ တစ်ခါလားပဲ ကြားမိတယ်။ ခဏပါပဲ။ ဒါပေမယ့် အခုခေတ်က ဖုန်းနဲ့ပြောတာထက် မက်ဆေ့ချ်နဲ့ပဲ အသွားအပြန်ပြောနေကြတာ ဆိုတော့.. သူ တစ်ယောက်တည်း မက်ဆင်ဂျာထဲမှာ ဘယ်သူနဲ့ ပြောနေသလဲတော့ ကျွန်မ မသိဘူး။ အဲဒီည မတိုင်ခင်က.. သူ ညဘက် အပြင်ထွက်သွားတာမျိုးတော့ မရှိဘူး”
“မက်ဆင်ဂျာဆိုတာ ဘာလဲ”.. မမမေက မေးတယ်။
သီရိ ကြောင်တောင်တောင်နဲ့ ပြန်ကြည့်နေမိတယ်။ မမမေက ခေါင်းခါတယ်။
“ထားပါတော့ အရေးမကြီးဘူး။ ခြုံပြောရရင်.. နင် ဘာမှ မသိဘူး ဆိုပါတော့”
သီရိ ဝမ်းနည်းစွာနဲ့ပဲ ခေါင်းညိတ်ပြလိုက်တယ်။ ဟုတ်တယ်။ သူဘာမှ မသိပါဘူး။
“အောင်မော့် ပစ္စည်းတွေ ဘာကျန်သေးသလဲ”.. မမမေက မေးတယ်။
“သူ အဲဒီညက လွယ်သွားတဲ့ ကျောပိုးအိတ်တော့ ရှိတယ်။ ခဏလေး..”
အောင်မော့် စားပွဲအောက်က ကျောပိုးအိတ်ကို သီရိ သွားယူတယ်။ မမမေရဲ့ လက်ထဲကို ထည့်ပေးတယ်။
မမမေက ကျောပိုးအိတ်ကို ဘယ်ပြန်ညာပြန် လှန်ကြည့်တယ်။ စွန်းနေတဲ့ သွေးကွက်တွေကို လက်နဲ့ ပွတ်ကြည့်တယ်။ နှာခေါင်းနဲ့ တေ့ပြီး ရှူတယ်။ ခေါင်းခါတယ်။
“ဒါက သူ့သွေးတွေပဲ ဖြစ်မယ်။ သုံးမရဘူး”
“ရှင်..”
မမမေက သီရိကို စိတ်မရှည်တဲ့ အကြည့်နဲ့ မျက်လုံး လှန်ကြည့်တယ်။ သီရိ နာခံစွာနဲ့ပဲ ခေါင်းကို ငုံ့ထားလိုက်တယ်။ သိမ်ငယ်စိတ်တွေနဲ့ မွန်းကြပ်နေတဲ့ အတွက် အသက်ကို မနည်းရှူနေရတယ်။
“တစ်ခုခုတော့ ရှိကို ရှိရမယ်..”.. မမမေက ခပ်တိုးတိုး ရေရွတ်ရင်း ကျောပိုးအိတ်ကို မွှေနှောက်ပြီးရှာနေတယ်။
သီရိ တစ်စုံတစ်ရာကို သတိရသွားသလို ဆတ်ခနဲ ဖြစ်သွားတယ်။
“ခဏလေး.. ခဏလေး..”.. သီရိပြောရင်းနဲ့ အောင်မော့်စားပွဲပေါ်က ဇော်ဟိတ်စာအုပ်ကို ပြေးယူတယ်။ သူပြန်ညှပ်ထားခဲ့တဲ့ ဖုန်းနံ့ပါတ်ပါတဲ့ စာရွက်ကို ဆွဲထုတ်တယ်။
“ဒီစာရွက်တစ်ရွက်တော့တွေ့တယ်။ ဒါပေမယ့်.. ရေးထားတဲ့ ဖုန်းနံပါတ်က သူ့အလုပ်ရှင် သမီးရဲ့ ဖုန်းနံပါတ်။ ကျွန်မ.. အဲဒီ ကောင်မလေးကို ဖုန်းဆက်မေးပြီးပြီ။ ဘာမှ မဟုတ်..”
မမမေက သီရိလက်ထဲက စာရွက်ကို ဖတ်ခနဲ လှမ်းဆွဲယူတယ်။
“ကြမ်းပြင်မှာ ပြန်ထိုင်”
မမမေရဲ့ အမိန့်ကို မလွန်ဆန်နိုင်သလို.. သီရိ ကြမ်းပြင်မှာ ပြန်ထိုင်လိုက်တယ်။
မမမေက လက်ထဲက စာရွက်ကို သေချာ ဖြန့်ကြည့်တယ်။ ရေးထားတဲ့ ဖုန်းနံပါတ်ကို လက်နဲ့ ပွတ်သပ်ကြည့်တယ်။ အခန်းထဲကို ဖြန့်ဝင်နေတဲ့ နေရောင်အောက်မှာ စာရွက်ကို ထောင်ကြည့်တယ်။ ကျေနပ်သွားသလို ခေါင်းညိတ်တယ်။
“ရပြီ”.. မမမေက ပြောတယ်။
သီရိ ထပ်မေးမလို့ လုပ်ပြီးမှ ပါးစပ်ကို ဘရိတ်အုပ်လိုက်တယ်။
“ငါ လုပ်စရာ တစ်ခုရှိတယ်။ နင် လန့်မသွားနဲ့။ ကြောက်မသွားနဲ့။ အော်ချင်ရင် ပါးစပ်ကို လက်နဲ့ ခပ်တင်းတင်း ပိတ်ထား။ ကြားလား”.. မမမေက ပြောတယ်။ သူ့ကို မျက်လုံးပြူးနဲ့ ပြန်ကြည့်နေတဲ့ သီရိကို တွေ့တော့ သက်ပြင်းချတယ်။ “ငါနဲ့.. ဒီ..လူတွေနဲ့.. မဖြစ်ပါဘူး..”.. မမမေက သူ့ကိုယ်သူ ပြန်ပြောနေသလို တတွတ်တွတ် ရွတ်တယ်။
“အစ်မ.. ဘာလုပ်မလို့လဲဟင်”.. သီရိ မေးလိုက်တယ်။
မမမေက ပြန်မဖြေဘူး။
သူ့အိတ်ထဲကနေ ပစ္စည်းတစ်ခုကို ထုတ်တယ်။ ရွှပ်ခနဲ အသံနဲ့အတူ မမမေရဲ့ လက်ထဲမှာ ခေါက်ဓားခပ်သေးသေးလေးတစ်ခု ပြန့်ထွက်သွားတယ်။ ချွန်မြနေတဲ့ ဓားသွားက နေရောင်အောက်မှာ တလက်လက် လင်းနေတယ်။
“ငြိမ်ငြိမ်လေး ထိုင်နေ။ မလှုပ်နဲ့”.. မမမေက ပြောတယ်။
သီရိ လန့်ပြီး နောက်ကို တစ်လှမ်း ဆုတ်မလို့ အလုပ်မှာ.. မမမေက သူ့လက်ဖဝါးသူ ဓားသွားနဲ့ ခပ်ဆတ်ဆတ်ကလေး လှီးချလိုက်တယ်။
(၆)
မမမေရဲ့ လက်ဖဝါးကြားကနေ စိမ့်ထွက်လာတဲ့ သွေးစက်တွေ.. စာရွက်ပေါ်ကို တစ်စက်စီ ကျတယ်။ သွေးကွက်တွေက ဖုန်းနံပါတ် ရေးထားတဲ့ လက်ရေးဝိုင်းဝိုင်းတွေကို ဖုံးအုပ်သွားတယ်။ မမမေရဲ့ ပါးစပ်က တလှုပ်လှုပ်နဲ့ သီရိ နားမလည်တဲ့ ဘာသာစကားတစ်ခုကို ခပ်တိုးတိုး ရွတ်နေတယ်။
“အစ်မ..ဘာလုပ်တာလဲ..။ ဘာတွေလဲ”.. သီရိ အသံတွေ တုန်နေတယ်။ ရင်ဘတ်ထဲက နှလုံး ၀ရုန်းသုန်းကား ခုန်နေတယ်။ ထိုင်နေရာကနေ ထပြေးချင်ပေမယ့် ခြေထောက်တွေက တစ်ခုခုနဲ့ ချုပ်ထားသလို လှုပ်လို့ မရဘူး။ အားမရှိဘူး။
“မကြောက်နဲ့”
မမမေက ပြောရင်းနဲ့ သွေးတွေစီးကျနေတဲ့ သူ့လက်ဖဝါးနဲ့ သီရိရဲ့ လက်တစ်ဖက်ကို လှမ်းဆွဲတယ်။ မမမေရဲ့ သွေးတွေ သီရိလက်ခုပ်ထဲကို စိမ့်ဝင်လာတယ်။
“မလုပ်ပါနဲ့.. မလုပ်”.. သီရိ ရုန်းဖို့ ကြိုးစားတယ်။ မလွတ်ဘူး။ မမမေရဲ့ လက်က ပြုတ်တူတစ်ချောင်းလို မြဲမြံနေတယ်။
“မကြောက်နဲ့”.. မမမေက ထပ်ပြောရင်း သီရိရဲ့ လက်ဖဝါးကို စာရွက်အပေါ်မှာ ဖိချလိုက်တယ်။
(၇)
သီရိရဲ့.. အာရုံထဲကို ၀ုန်းခနဲ ဆောင့်ဝင်လာတဲ့ ပုံရိပ်တွေ။
ကြောက်အားလန့်အားနဲ့ မျက်လုံးတွေကို မှိတ်ထားပေမယ့်.. သီရိ မြင်နေရတယ်။
ပတ်ဝန်းကျင်က မှောင်မည်းနေတယ်။
လရောင် တစ်စက်မှ မရှိတဲ့ ည..။
တဝေ့ဝေ့တိုးနေတဲ့ လေပြေ။
ရေတွင်းဘောင်ပေါ်မှာ ထိုင်နေတဲ့ လူရိပ် တစ်ရိပ်။
မိန်းကလေး တစ်ယောက်။
အပြာရောင် မိုးကာနဲ့..။
မိန်းကလေး ခေါင်းမော့လာတယ်။ ဘယ်သူလဲဆိုတာ မြင်ရပြီ။
မြတ်သော်တာထွန်း။
သီရိ မျက်စိတွေကို မှိတ်ထားတုန်းပဲ။
ဒါပေမယ့်.. သူ့ဆီကို တစ်လှမ်းချင်း လျှောက်လာတဲ့ မြတ်သော်တာထွန်းကို မြင်နေရတုန်းပဲ။
မသဲမကွဲ စကားသံတွေကြားရတယ်။ အောင်မော်.. အောင်မော့် အသံလား..။ “သော်တာ..ဘာဖြစ်လို့လဲ.. နေမကောင်းဘူးလား.. ဘာလို့..မိုးကာကြီးဝတ်ထား….”
မြတ်သော်တာထွန်းမျက်နှာ.. နီးသထက် နီးလာတယ်။
ဟက်ခနဲ ဟ သွားတဲ့ မြတ်သော်တာထွန်းရဲ့ ပါးစပ်။ အထဲက ဖွေးဖွေးလှုပ် ချွန်ထက်နေတဲ့ သွားတွေ..
“သော်တာ.. မလုပ်ပါနဲ့.. သော်တာ..” အောင်မော့်ရဲ့အသံ..။
သီရိ အသံကုန် ဟစ်ပြီး အော်လိုက်တယ်။
(၈)
အသံက အပြင်ကို ထွက်မလာဘူး။ သူ့ပါးစပ်ကို လက်တစ်ဖက်က တင်းတင်း ပိတ်ထားတယ်။
သီရိ မျက်လုံးတွေကို ပြန်ဖွင့်တယ်။
သူ့ကို စိုက်ကြည့်နေတဲ့ မမမေ။
“မကြောက်နဲ့..”.. မမမေက ပြောတယ်။ သီရိ ပါးစပ်ကို ဖိပိတ်ထားတဲ့ သူ့လက်တွေကို ဖြည်းဖြည်းချင်း ပြန်ဖြည်ပေးတယ်။
ဖုန်းနံပါတ်ရေးထားတဲ့ စာရွက်နေရာမှာ တငွေ့ငွေ့လောင်နေတဲ့ ပြာပုံတစ်ပုံ။ သီရိ သူ့လက်ဖဝါးကိုသူ ပြန်ကြည့်လိုက်တယ်။ မမမေ ညှစ်ထားလို့ နည်းနည်း နီရဲနေတာကလွဲရင် လက်ဖဝါးက အကောင်းပကတိ အတိုင်းပဲ။
မမမေက သူ့လက်က စီးကျနေတဲ့ သွေးတွေကို အင်္ကျီအတွင်းသားနဲ့ သုတ်တယ်။ ဓားကို ခေါက်ပြီး အိတ်ထဲ ပြန်ထည့်တယ်။ နေရာမှာ တင်ပလ္လင်ခွေ ပြန်ထိုင်တယ်။
“ဘာဖြစ်.. ဘာဖြစ်သွားတာလဲ။ ကျွန်မ.. ဘာတွေ မြင်လိုက်တာလဲ။ အစ်မ.. ဘာလုပ်လိုက်တာလဲ”.. သီရိ ဆက်တိုက် မေးမိသွားတယ်။ လည်မျိုအထိ ခုန်တက်ချင်လာတဲ့ နှလုံးကို အတင်း ပြန်မျိုချနေရတယ်။
“နင့်မောင်ကို ဘယ်သူ သတ်သလဲဆိုတာ သိပြီမဟုတ်လား”
မမမေက လေသံအေးအေးနဲ့ မေးတယ်။
+++
အခန်း (၁၂)
– (ရန်နိုင်) –
(၁)
ရန်နိုင် အရမ်းတွေ ပျော်နေတယ်။ သူ့တစ်ကိုယ်လုံး တိမ်စီးနေရသလို တလွင့်လွင့် ဖြစ်နေတယ်။ ဘယ်တော့မှ အဆုံးသတ်မသွားတဲ့ ရိုလာကိုစတာ တစ်ခုပေါ်မှာ ရောက်နေသလို.. ရင်တွေ ထိတ်ခနဲ ဖြစ်သွားလိုက်၊ စိတ်လှုပ်ရှားမှုတွေ မြင့်လိုက်.. နိမ့်လိုက်..။
သဘောကောင်းတဲ့ ဆံပင်ရှည်ရှည်နဲ့ အန်တီက သူ့ကို အချိုရည် နီနီအေးအေးတွေ အဆက်မပြတ် တိုက်တယ်။ ရန်နိုင့် ကိုယ်ထဲမှာ စီးဆင်းနေတဲ့ ခွန်အားတွေ တစ်ဆထက်တစ်ဆ ပိုပြီး ကောင်းလာတယ်။ ခေါင်းထဲမှာ ကြည်ပြီး အရာရာက ရှင်းလင်း ပြတ်သားနေတယ်။ အသက်တောင် ရှူစရာ မလိုဘဲ လူက လန်းဆန်းနေတယ်။ အဲဒီ နီနီအရည်တွေ သောက်ပြီးကတည်းက နေရောင်ကို ရန်နိုင် မကြောက်တော့ဘူး။ အလင်းရောင်ကို မမှုတော့ဘူး။
ဒါဒါကလည်း တက်ကြွနေတဲ့ ရန်နိုင့်ကို ကြည့်ရင်း သဘောတွေ ကျနေတယ်။ ပုံမှန်ဆိုရင် မျက်နှာထား တင်းတင်းနဲ့ အဖက်မလုပ်ကြတဲ့ အမေနဲ့ မသော်တာတောင် ရန်နိုင့်ကို ဖက်လှဲတကင်းတွေ လုပ်လာကြတယ်။
ဟိုအန်တီကြီး အိမ်ကို ဘယ်လိုရောက်လာသလဲ ရန်နိုင် မမှတ်မိဘူး။ အရင်နေ့တွေက ဘာတွေဖြစ်သွားသလဲ ရန်နိုင် သတိမရဘူး။ အဖေ..ဆိုတဲ့ လူတစ်ယောက် သူ့ဘ၀မှာ ရှိခဲ့ဖူးတာကိုလည်း ရန်နိုင် မေ့နေတယ်။
ရန်နိုင့်ရဲ့ နေ့ရက်အသစ်တွေက ရင်တလှပ်လှပ် ခုန်မောနေရင်း၊ အတွေ့အကြုံအသစ်တွေ၊ အနံ့အသစ်၊ အရသာအသစ်.. အထိအတွေ့အသစ်တွေထဲမှာ ငေးမောပျော်ဝင်နေရင်း ရွှေရောင်အတိပြီး၊ ပျော်စရာကြီး ဖြစ်နေတယ်။
အိမ်ထဲကနေ အိမ်ပြင်ကို ထွက်ခွင့် မရသေးပေမယ့် ကိစ္စမရှိပါဘူး။ အမေနဲ့ မသော်တာ သူ့ကို ကြင်ကြင် နာနာ ဆက်ဆံနေကြတာနဲ့တင် ရန်နိုင့်ဘ၀က တော်တော်လေး လုံလောက်နေပြီ။ ဟို.. ဆံပင်ရှည်နဲ့ အန်တီကလည်း အရမ်း သဘောကောင်းတယ်။ ရန်နိုင့်ကို ကလေးရေ.. သားရေနဲ့ ပါးစပ်က မချဘူး။
(၂)
အခုလည်း ထမင်းစားပွဲမှာ မိသားစု အပြည့်အစုံပဲ။
ဆံပင်ရှည်ရှည်နဲ့ အန်တီက စားပွဲထိပ်မှာ ထိုင်တယ်။ ရန်နိုင်က သူ့ဘေးမှာ။
ဒါဒါက ရန်နိုင်နဲ့ မျက်စောင်းထိုး ထိုင်ခုံမှာ။
အမေနဲ့ မသော်တာကတော့ နေ့လယ်စာ အတွက် စီစဉ်ရင်း အလုပ်ရှုပ်နေကြတယ်။
စားပွဲ ဟိုဘက် ထိုင်ခုံမှာ ကြိုးတုပ်ထားတဲ့ အဒေါ်ကြီးတစ်ယောက်။
အဒေါ်ကြီးရဲ့ ပါးစပ်ကို တိတ်အပြားကြီးနဲ့ ပိတ်ထားတယ်။ မျက်လုံးတွေကို အဝတ်နဲ့ စည်းထားတယ်။ အဲဒီ အဒေါ်ကြီးကို ရန်နိုင် မြင်ဖူးသလိုလို ရှိပေမယ့် ဘယ်သူလဲဆိုတာ စဉ်းစားလို့ မရဘူးဖြစ်နေတယ်။
အမေက အဒေါ်ကြီးရဲ့ လည်ပင်း အပေါက်ထဲကနေ သွေးတွေကို စုပ်ထုတ်တယ်။ မသော်တာ ကိုင်ထားတဲ့ ဖန်ခွက်ထဲကို ပြန်ထွေးထည့်ပေးတယ်။ တစ်ဝက်လောက်ပြည့်သွားတဲ့အခါ မသော်တာက ခွက်ကို ယူလာပြီး ဆံပင်ရှည်ရှည်နဲ့ အန်တီ့ကို လာပေးတယ်။
အမေ တဂွတ်ဂွတ် စုပ်လိုက်တိုင်း တဆတ်ဆတ် တုန်သွားတဲ့ အဒေါ်ကြီးရဲ့ လက်ချောင်းတွေကို ကြည့်ရင်း.. ရန်နိုင့်စိတ်ထဲမှာ စိတ်မကောင်းသလိုလို .. ဝမ်းနည်းသလိုလို ခံစားချက် ဖြတ်ပြေးသွားတယ်။ ဒါပေမယ့် အပျော်ကြီးပျော်နေတဲ့ ခံစားချက်က.. ဝမ်းနည်းမှုတွေကို ဖုံးအုပ်သွားတယ်။
“ကိုကြီး ဘာဖြစ်နေတာလဲ”.. ဒါဒါက မေးတယ်။
“ဘာမှ မဖြစ်ပါဘူး”.. ရန်နိုင် ပြန်ဖြေလိုက်တယ်။ အဒေါ်ကြီးကို စိုက်ကြည့်နေမိတဲ့ သူ့အကြည့်တွေကို စန္ဒာ့ဆီကို ပြန်ပို့လိုက်တယ်။ အရင်ကတည်းက သိပ်ချစ်ဖို့ ကောင်းတဲ့ စန္ဒာ့မျက်နှာက အခု.. ဖြူဖျော့သွေးဆုတ်ပြီး ပိုလို့တောင် လှနေတယ်။ အပြစ် ကင်းနေတယ်။
“သား.. ရန်နိုင် ဆာနေပြီလား။ ခဏလေးနော်။ ပြီးတော့မယ်”.. အမေက ရန်နိုင့်ကို လှမ်းပြောတယ်။
ရန်နိုင် ခေါင်းညိတ်ပြလိုက်တယ်။ သားလို့ တစ်ခါ ခေါ်လိုက်တိုင်း ရင်ထဲမှာ လှိုက်ခနဲ ပျော်ပျော်သွားတာ အခုထိ အရှိန် မကျသေး။
“အန်တီ။ ကျွန်တော် ဘယ်တော့ အပြင်ထွက်လို့ ရမှာလဲဟင်”.. ဆံပင်ရှည်ရှည်နဲ့ အန်တီဆီကို လှည့်ပြီး ရန်နိုင် မေးလိုက်တယ်။
“အန်တီထား.. အန်တီထားလို့ ခေါ်လေ”.. ဆံပင်ရှည်ရှည်နဲ့ အန်တီက ရန်နိုင့်ကို ပြုံးပြီး ပြောတယ်။
ဟုတ်သားပဲ။ အန်တီထားလို့ ခေါ်ခိုင်းထားတာ ရန်နိုင်မေ့နေတယ်။ တကယ်က အန်တီလို့ ခေါ်ရမှာတောင် အားနာစရာပါ။ အန်တီထားက အမေ့ထက် အသက်ငယ်တဲ့ ပုံပဲ။ မသော်တာထက် ဆယ်နှစ်လောက်ပဲ ကြီးမယ်ထင်တယ်။ အန်တီထားက ဆံပင်ရှည်ကြီးနဲ့ သိပ်ချောတာ။ ရန်နိုင့်ကို ကြည့်တဲ့ သူ့အကြည့်တွေကလည်း အမြဲတမ်း ကြင်နာ ငြင်သာနေတယ်။
“ဟုတ် အန်တီထား”
“မကြာခင် အပြင်ထွက်ရမှာပေါ့။ အခုတော့ အိမ်ထဲမှာပဲ ခဏနေဦးနော်။ ပြီးတော့ သားနဲ့ ဒါဒါ လုပ်စရာတွေ အများကြီး ရှိသေးတယ်လေ။ ကလေးထိန်းဖို့လည်း ရှိသေးတယ် မဟုတ်လား။ ကျောင်းပြန်တက်လို့ မရသေးဘူးနော်။ ခဏစောင့်ဦး”.. အန်တီထားက ပြောတယ်။
ရန်နိုင် ခေါင်းညိတ်လိုက်တယ်။ ဟုတ်တယ်။ ရန်နိုင့် ညီလေး ၃ ယောက်ကို စောင့်ပေးရ၊ ထိန်းပေးရဦးမယ်။ ကလေးတွေက ဘာလို့လဲ မသိ ထစ်ခနဲဆို အော်ငိုချင်နေတယ်။ အန်တီထားကိုယ်တိုင် နို့တိုက်မှ.. ကလေးတွေ ငြိမ်သွားတာ။ အန်တီထား အခန်းပြင် ပြန်ထွက်သွားပြီ ဆိုတာနဲ့ တန်းငိုကြတော့တာပဲ။ အခုတော့ အိပ်နေကြလို့ တော်ပါသေးတယ်။ မဟုတ်ရင် ရန်နိုင်နဲ့ ဒါဒါ တစ်လှည့်စီ ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ အဲဒီကလေးတွေ မအိပ်မချင်း ပင်ပန်းဦးမှာ။
သူ့အိပ်ခန်းရဲ့ ကုတင်ပေါ်မှာ အနှီးကိုယ်စီနဲ့ ပတ်ထုပ်ထားတဲ့.. ကလေးတွေအကြောင်း စဉ်းစားနေရင်း ရန်နိုင် ရုတ်တရက် ခေါင်းထဲမှာ မူးသလိုလို ဖြစ်လာတယ်။ သူ့ဦးနှောက် တစ်ထောင့်တစ်နေရာမှာ ပိတ်လှောင်ခံထားရတဲ့ သိစိတ်က အပြင်ကို ခုန်ထွက်ဖို့ ခေါင်းပြူလာတယ်။ ကြောက်စိတ်နဲ့ နောင်တတွေ စိတ်တံခါးကို တဝုန်းဝုန်း ထုတယ်။ လူပီသတဲ့ ဝိဉာဉ်က အမှောင်ထဲကနေ အတင်း ရုန်းထွက်တယ်..။
“သား.. ရော့ ဒါလေး အရင်သောက်ထားလိုက်။ အန်တီထား ပြီးမှ သောက်မယ်”
ပါးစပ်အ၀မှာ လာတေ့ပေးတဲ့ ဖန်ခွက်။
ရန်နိုင် တဂွပ်ဂွပ် သောက်ချလိုက်တယ်။
ကြောက်စိတ်၊ စိုးရိမ်စိတ်တွေ ပြန်ပျောက်သွားတယ်။ ရီဝေထုံထိုင်းနေတဲ့ သာယာမှု ပြန်ရောက်လာတယ်။ ရန်နိုင့်မျက်နှာ တဖြည်းဖြည်း ပြုံးလာတယ်။ ဒါဒါက ရန်နိုင့်ကို ကြည့်ပြီး ပျော်သွားသလို၊ အားပေးသလို တခစ်ခစ် ရယ်တယ်။ သူ့လက်သေးသေးလေးတွေနဲ့ လက်ခုပ် တဖျပ်ဖျပ် တီးတယ်။
“အောင်မလေး.. ဒီမောင်နှမ သိပ်ချစ်နေကြတယ်ပေါ့”.. မသော်တာက ရန်နိုင့် အနားကို ရောက်လာပြီး ရန်နိုင့် ပခုံးကို ခပ်ဖွဖွ တစ်ချက်ထုတယ်။ ရန်နိုင့် ဆံပင်တွေကို နမ်းတယ်။
“မဟုတ်ပါဘူး။ မသော်တာကိုလည်း ချစ်ပါတယ်”.. ရန်နိုင်ပြန်ပြောလိုက်တယ်။ အဲဒီလို ပြောလိုက်ရတဲ့အတွက် သူ့စိတ်ထဲမှာ နွေးသွားတယ်။ ဒီလို မိသားစု အစုံအလင် ခင်ခင်မင်မင် ခံစားချက်မျိုး ဘယ်အရာနဲ့ အစားထိုးမလဲနော်။
“ဟိုကောင်မ ဖုန်းထပ်ဆက်သေးလား”.. အမေက မသော်တာကို မေးတယ်။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဖန်ခွက်ကို ရန်နိုင့်ရှေ့မှာ ချပေးတယ်။ ရန်နိုင် အငမ်းမရ သောက်ချလိုက်တယ်။ ဟိုဘက် စားပွဲထိပ်မှာ တဆတ်ဆတ်တုန်ရင်း ငြိမ်ကျသွားတဲ့ အဒေါ်ကြီးဆီကို သူ့အကြည့် ရောက်မသွားအောင် ထိန်းထားလိုက်တယ်။
“မဆက်ပါဘူး။ ကျွန်မ သေချာ ရှင်းပြလိုက်တော့ သူက ယုံပါတယ်”.. မသော်တာက ပြန်ပြောရင်း ထိုင်ခုံမှာ ဝင်ထိုင်တယ်။
“နင်ကိုက ရှည်တယ်။ ဘာကိစ္စ ဖုန်းနံပါတ်ကို လက်နဲ့ ရေးပေးရတာလဲ။ အန္တရာယ် များလိုက်တာ”.. အမေက ပြောတယ်။
“အာ.. ကျွန်မ လုပ်ပေးလို့.. ဒီအခြေအနေအထိ ရောက်လာတာ။ ရှင့်ကို အားကိုးနေရင် ဒီတစ်သက် ပြီးမှာ မဟုတ်ဘူး။ ဘာမှ လာအပြစ်တင်မနေနဲ့။ ကျွန်မ လက်ရေးနဲ့ ရေးပေးလိုက်တော့ ဘာဖြစ်လဲ။ ဒီရွာမှာ ကျွန်မ ကြောက်ရမယ့်သူ မရှိဘူး”.. မသော်တာက လေသံ မာမာနဲ့ ပြန်ပြောတယ်။
အမေနဲ့ မသော်တာ အဲဒီလို ရှင်တွေ ကျွန်မတွေနဲ့ ပြောတာကို ရန်နိုင် နားမလည်ဘူး။ ဒါပေမယ့် စဉ်းစားဆင်ခြင် နိုင်တဲ့ အသိဉာဏ်က ရန်နိုင့် သိစိတ်ရဲ့ ဟိုးအောက်ခြေမှာ ပြားဝပ်နေပြီ။
“အေး ငါ့မှာ နင့်လို ရုပ်ရည်နဲ့ ကိုယ်လုံးရှိရင်တော့ ပြောမနေတော့ဘူး။ နင် ကျေးဇူးကန်းစကား မပြောနဲ့.. ငါ စီမံပေးထားလို့ နင့်ရုပ်က ဒီလောက် ထွက်လာတာ။ မာန်တက်မနေနဲ့။ ပြီးတော့ ဟိုတစ်ခေါက်တုန်းကလည်း နင် အဲဒီလို ပေါ့ဆလို့ ငါတို့ ခွေးပြေးဝက်ပြေး ပြေးရပြီးပြီ။ မေ့နေပြီလား”.. အမေက ပြန်အော်တယ်။
အန်တီထားက စားပွဲကို လက်ဖဝါးနဲ့ ၀ုန်းခနဲ ဆောင့်ရိုက်လိုက်တယ်။ ဖန်ခွက်တချို့ တုန်ခါပြီး လဲကျကုန်တယ်။ ဒါဒါက လန့်ပြီး အိခနဲ အော်တယ်။ ပြီးမှ ဘာမှ မဖြစ်သလို တခစ်ခစ် ရယ်တယ်။ ရန်နိုင် ခေါင်းတွေ မူးလာပြန်တယ်။ လက်ထဲက ခွက်ကို ကြည့်လိုက်တော့ သွေးတစ်စက်မှ မရှိတော့။
“နင်တို့ ပါးစပ်တွေ ပိတ်ထားစမ်း”.. အန်တီထားက လေသံပြတ်ပြတ်နဲ့ ပြောတယ်။
မသော်တာနဲ့ အမေ ရုတ်ခနဲ ငြိမ်ကျသွားတယ်။
“ကလေးတွေရှေ့မှာ နင်တို့ ဘာဖြစ်နေကြတာလဲ။ ငါတို့ လုပ်စရာ ရှိတာ ဆက်လုပ် ရမယ်။ နင်တို့ ကိုက်နေဖို့ အချိန် မရှိဘူး”.. အန်တီထားက ပြောရင်း မသော်တာရှေ့က ခွက်ကို လှမ်းယူတယ်။ ရန်နိုင့်ခွက်ထဲကို နည်းနည်း လောင်းထည့်ပေးတယ်။ မသော်တာက စိတ်ဆိုးသွားသလို ဟီးခနဲ အသံ တစ်ချက် ထွက်လာတယ်။ ပြီးတော့မှ ဟန်ကိုယ်ဖို့ လုပ်ပြီး မျက်နှာပိုးကို သပ်တယ်။
ခွက်ထဲ ရောက်လာတာတွေကို ရန်နိုင် အငမ်းမရ သောက်ချလိုက်ပြန်တယ်။
“ငါတို့အတွက် အချိန် သိပ်မရတော့ဘူး။ နောက် ၂ ရက် ၃ ရက်ဆို ဒီအိမ်ဘက်ကို လူတွေ အာရုံရောက်လာတော့မယ်။ ဖုန်း ဆက်ဆက်နေတဲ့ သက်ဦး ဆိုတဲ့ ကောင်ကိုရော နင် ရှင်းပြပြီးပြီလား”.. အန်တီထားက အမေ့ဘက်ကို လှည့်ပြီး မေးတယ်။
အမေက ခေါင်းခါတယ်။
“မျိုးလွင်ထွန်း ခရီးသွားနေလို့ ဘယ်သူမှ မရှိဘူး။ အုတ်စက်လည်း ပိတ်ထားတယ်လို့ ပြောလိုက်တယ်။ နောက်တစ်ခေါက်တော့ ထပ်လာမေးဦးမယ်ထင်တယ်။ အဲဒီကျမှ ကျွန်မ ကြည့်လုပ်”
မျိုးလွင်ထွန်း..တဲ့။ ဒီနာမည်ကို ရန်နိုင် ကြားဖူးနေသလိုလို..။ ခေါင်းထဲမှာ ရစ်ထွေးနေတဲ့ အတွေးစတွေ ဖြေမရအောင် ရှုပ်ယှက်ခတ်နေပြီ။
အန်တီထားက အမေ့ကို လက်ကာပြတယ်။
“ဟင့်အင်း။ မလုပ်နဲ့။ ငါတို့အတွက် အရေးအကြီးဆုံးက ဟို ကလေး ၃ ယောက်ပဲ။ ကျန်တဲ့သူတွေကို ထပ်မလုပ်နဲ့တော့။ ရဲတွေပါ သေကုန်ရင် ပြဿနာတွေ ပိုကြီးလာမယ်။ အနှောင့်အယှက်တွေ ဖြစ်ကုန်မယ်။ အခုလောလောဆယ်..”
အန်တီထား စကားမဆုံးခင်မှာ.. မသော်တာ.. ဟီး..ခနဲ အသံဆိုးကြီးနဲ့ အော်ပြီး သူ့ခေါင်းက နောက်ကို ဆတ်ခနဲ လန်ကျသွားတယ်။ လက်သည်းတွေနဲ့ စားပွဲကို စိတ်ဆိုးတကြီး တဂျစ်ဂျစ် ကုတ်တယ်။
“ဘာဖြစ်တာလဲ”.. အမေက ပြောရင်း ထိုင်ခုံကနေ ဝုန်းခနဲ ခုန်ထတယ်။ မသော်တာဆီကို ပြေးသွားတယ်။
မသော်တာ ရှေ့ကို ပြန်ငိုက်ကျလာတယ်။ သူ့မျက်နှာတစ်ခုလုံး ကြောက်စိတ်နဲ့ တွန့်လိမ်ကောက်ကွေးနေတယ်။
“ကျွန်မ.. ကျွန်မကို.. ”
အန်တီထားက မသော်တာရဲ့ ဆံပင်ကို လက်နဲ့ လှမ်းဆွဲတယ်။ ငိုက်ပါလာတဲ့ မသော်တာရဲ့ မျက်နှာနဲ့ သူ့မျက်နှာ ဆွဲကပ်တယ်။
“နင်ဘာဖြစ်တာလဲ ပြောစမ်း”.. အန်တီထားက မေးတယ်။
မသော်တာ.. တစ်ကိုယ်လုံး တုန်လာတယ်။
“တွေ့သွားပြီ.. ကျွန်မကို တွေ့သွားပြီ..။ မုယောကို.. သူရောက်နေပြီ”
မသော်တာဘေးမှာ ရပ်နေတဲ့ အမေ့မျက်နှာ ကွက်ခနဲ ပျက်သွားတယ်။
“ဘယ်သူလဲ ဘယ်သူရောက်လာတာလဲ”.. အန်တီထားက မသော်တာရဲ့ ဆံပင်တွေကို ကျစ်ကျစ်ဆုပ်ထားရင်း စားတော့ဝါးတော့မလို အသံနဲ့ မေးတယ်။
မသော်တာ.. ပြန်မဖြေဘဲ.. အန်တီထားမျက်နှာကိုပဲ စိုးရိမ်တကြီးမျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်။
သူ့ရှေ့မှာ ဖြစ်ပျက်နေတာတွေကို ရန်နိုင် စိတ်မဝင်စားဘူး။ မသိချင်ဘူး။
ခွက်ထဲမှာ အရည် အစအနလေးများ ကျန်ဦးမလား မျှော်လ့င်ပြီး ရန်နိုင် မော့သောက်လိုက်တယ်။
+++
(ဆက်ရန်)