အခန်း (၁၀)
– (သီရီ) –
(၁)
ဖုန်းမျက်နှာပြင်ပေါ်က ဂဏန်း ၁၀ လုံးကို စိုက်ကြည့်နေမိတာ ဘယ်လောက်ကြာသွားပြီလဲ မသိဘူး။ ဖုန်းခေါ်တဲ့ ခလုတ်ပေါ်ကို သီရိလက်က မကြာခဏ ရောက်သွားလိုက်.. ပြန်ရုတ်လိုက်..။ ဖုန်းဆက်လိုက်ရင် သိလာရမယ့် အချက်အလက်အသစ်တွေကို သူ ခံနိုင်ရည် ရှိပါ့မလား.. သီရိ စဉ်းစားတယ်။ အောင်မော့် ကောင်မလေးရဲ့ ဖုန်းနံပါတ်ပဲ.. သေချာတယ်။ ဒါကြောင့်မို့ ဒီလို တယုတယ သိမ်းထားတာပေါ့..။ ပြီးတော့ လက်ရေးကလည်း မိန်းကလေး လက်ရေးပါ။ ဝိုင်းဝိုင်း အိအိ ညီညီညာညာ ..
သူ့ကောင်မလေး ဖုန်းနံပါတ် ဆိုတော့လည်း.. နင်က ဘာလုပ်မလို့လဲ..။ ဖုန်းဆက်ပြီး ဘာပြောမလို့လဲ.. ဘာမေးမှာလဲ..။ သီရိ သူ့ကိုယ်သူ ပြန်မေး ကြည့်တယ်။ အဖြေရေရေရာရာ ထွက်မလာဘူး။ ဒါပေမယ့်.. သီရိ မှာ ဆက်ရှာစရာ တခြား သဲလွန်စလည်း တစ်ခုမှ မရှိဘူးလေ။ ပြီးတော့ ရဲအရာရှိ ကိုသက်ဦးကလည်း သေချာမှာသွားတယ်။ တစ်ခုခု ထူးရင် သူ့ကို ဖုန်းဆက်ပါတဲ့။ ဒီဖုန်းနံပါတ်သာ အောင်မော့် ကောင်မလေး ဖုန်းနံပါတ် အမှန်ဖြစ်နေမယ်ဆိုရင်.. ရဲတွေအတွက် သဲလွန်စ အသစ်တစ်ခု အဖြစ် သုံးလို့ ရမယ် မဟုတ်လား။ အောင်မော်က မူးယစ်ဆေးနဲ့ ပတ်သက်နေခဲ့တာပဲ ဖြစ်ဖြစ်၊ တခြား ..ဇာတ်လမ်းရှုပ်တစ်ခုခုထဲမှာ ယှက်နွယ်နေခဲ့တာပဲ ဖြစ်ဖြစ်.. အဖြေ တစ်ခုခုတော့ သိချင်မိတယ်။ သူ့မောင်လေးက မူးယစ်ဆေးနဲ့ ဘာမှ မပတ်သက်ဘူးလို့တော့ သီရိ ယုံပါတယ်။ သို့သော် ယုံကြည်ချက်ဆိုတာ.. အမှန်တရားမှ မဟုတ်ပဲ။
အပြင်က နေရောင်ခြည်.. အရောင်ပြောင်းစ ပြုနေပြီ။ နီစွေးစွေး ညနေခင်းအောက်မှာ မုယောရွာဟာ သက်ပြင်းအကြိမ်ကြိမ်ချနေတဲ့ လူအိုကြီးတစ်ယောက်လို မောပန်း နွမ်းနွယ်နေတယ်။ လူသေမှုတွေ ဖြစ်ပြီးသွားကတည်းက ရွာကလူတွေရဲ့ မျက်လုံးထဲမှာ သွားသတိ၊ လာသတိ အပြည့်နဲ့ ကျီးလန့်စာစားတွေ ဖြစ်ချင်နေကြတယ်။ ညနေဘက်တွေမှာ တွေ့ရတတ်တဲ့ ခြင်းဝိုင်းတွေ၊ ဇယ်ဝိုင်းတွေတောင်မှ ခါတိုင်းလောက် လူမစည်တော့ဘဲ ကွက်ကြဲ ကွက်ကြဲ ဖြစ်နေတယ်။ ခါတိုင်းဆို တဝီဝီနဲ့ သွားလာနေကြတဲ့ ဆိုင်ကယ် ကယ်ရီတွေလည်း ရှားပါးတိတ်ဆိတ်နေတယ်။ လမ်းမမှာ ဖြတ်သွားတဲ့ ကားတစ်စီးတစ်လေရှိမယ်၊ အရက်ဆိုင်ဘက်က တစ်ချက်တစ်ချက် ထွက်လာတဲ့ အသံတိုးတိုးအုပ်အုပ်တွေ ရှိမယ်။ အိပ်တန်းတက်ဖို့ ပျံရင်း ပြန်သွားကြတဲ့ ငှက်အုပ်မည်းမည်းတွေ တစ်စွန်းတစ်စ တွေ့ရမယ်။ ဒါတွေကလွဲရင်.. မုယောရဲ့ ပတ်ဝန်းကျင်က အရင်ထက် အသက်လျော့နေတာတော့ အမှန်ပဲ။
အိမ်ရှေ့လှေကားထိပ်မှာ ထိုင်နေရင်း.. သီရိ ချမ်းစိမ့်စိမ့် ဖြစ်လာတယ်။ ဝတ်ထားတဲ့ ဖလန်ထည် အဟောင်းလေးကို ရင်လုံသွားအောင် တင်းတင်း ဆွဲစေ့လိုက်တယ်။ နဂိုကတည်းက ပိန်လှီနေတဲ့ သီရိရဲ့ ကိုယ်လုံးက အခုဆို အရိုးသာသာ။
“သီရိရေ.. ဒီည ညစာ လာစားလေ။ အရင်ရက်တွေတုန်းကလည်း နင် မလာဘူးနော်။ အားနာမနေပါနဲ့ဆို”.. ဆိုင်သိမ်းနေတဲ့ မသက်သက်မျိုးက သီရိကို လှမ်းပြောတယ်။ မသက်သက်မျိုးရဲ့ ယောကျ်ားက လက်ထဲမှာ ကလေးကို ပွေ့ထားရင်း ဆော့မြှူနေတယ်။
“ဟုတ် အစ်မ..”.. သီရိ ခပ်ယဲ့ယဲ့ ပြုံးပြရင်း ပြန်ပြောလိုက်တယ်။ ဒီညလည်း သွားစားဖြစ်မှာ မဟုတ်ပါဘူး။ ခေါက်ဆွဲထုတ်နဲ့ပဲ နှစ်ပါးသွားရဦးမှာပါပဲ။
အိမ်ရောင်းပြီး တခြားနေရာကို ထွက်သွားတော့မယ်လို့ ဆုံးဖြတ်ထားပေမယ့် တကယ်တန်းကျတော့ သီရိမှာ အဲဒီလို လုပ်တတ်ကိုင်တတ်တဲ့ စွမ်းရည်ကလည်း မရှိဘူး။ အိမ်ရောင်းတယ်ဆိုတာ ဘယ်က ဘယ်လို စလုပ်ရမှာလဲ သီရိ မသိဘူး။ နားလည် ကျွမ်းကျင်တဲ့ သူတွေကို မေးကြည့်ဖို့ကလည်း စိတ်မပါ..။ သူများတွေနဲ့ စကား မပြောချင်..။ အိမ်ကိစ္စတွေကို အောင်မော်ကပဲ ကိုင်တွယ် ဖြေရှင်းပေးနေကျ။ လစဉ် အကြွေးဆပ်စရာ ရှိရင်လည်း အောင်မော့်လက်ထဲ ပိုက်ဆံ ထည့်ပေးလိုက်တာပဲ။ သူ့ဘာသာသူ စီစဉ်တာပဲ။
သီရိ ထိုင်နေရာက ထတယ်။ အိမ်ရှေ့တံခါးကို ပိတ်တယ်။ အပြင်က ခပ်ပြေပြေ တိုးဝင်နေတဲ့ လေအေး လျော့သွားအောင် ပြတင်းပေါက်တွေကို လိုက်ပိတ်တယ်။
အိမ်ခန်းမီးလုံးကို ဖွင့်၊ ထိုင်ခုံပေါ်မှာ ထိုင်ချလိုက်ရင်း.. လက်ထဲက ဖုန်းကို စိုက်ကြည့်နေမိပြန်တယ်။
ဒီဖုန်းနံပါတ် ပိုင်ရှင်က အောင်မော့် ကောင်မလေး ဖြစ်နေခဲ့တယ်ပဲ..ထားလိုက်ပါတော့.. အောင်မော့် အသုဘတုန်းက .. ဘာလို့ မလာတာလဲ။ အောင်မော့် အသုဘမှာ သူ့အလုပ်က သူဌေးမိသားစုလာတယ်။ ဝန်ထမ်း တချို့ရယ်.. သီရိရဲ့ အသိမိတ်ဆွေတချို့ရယ် လာတယ်။ ဒါပဲ။ မိန်းကလေးတွေဘာတွေ သီရိ မတွေ့မိပါဘူး။
သီရိ အသက်ကို ပြင်းပြင်း ရှူလိုက်တယ်။
ဖုန်းခေါ်တဲ့ ခလုတ်ကို နှိပ်လိုက်တယ်။
ဖုန်းမြည်သံ နှစ်ခါ မြည်ပြီးသွားတဲ့အခါ ဟိုဘက်က ဖုန်းကိုင်တယ်။
“ဟုတ်ကဲ့ ပြောပါ..”
မိန်းကလေးအသံ။
“ဟဲလို.. ဘယ်သူလဲ”.. ဟိုဘက်က ထပ်မေးတယ်။
သီရိ အထစ်ထစ် အငေါ့ငေါ့နဲ့ ဘာပြန်ပြောရမှန်း မသိဘူး ဖြစ်နေတယ်။ အသက်ကို ဆက်တိုက် ရှူနေမိတယ်။ တော်တော်လေးကြာသွားတော့မှ..
“ဟုတ်.. အခုပြောနေတာ ဘယ်သူလဲ မသိဘူးရှင့်”.. သီရိ မေးလိုက်တယ်။
“ဘာလို့လဲ.. အဲဒီဘက်က အရင် ဆက်တာမဟုတ်ဘူးလား။ ဘယ်သူလဲ”.. ဟိုဘက်က အသံ နည်းနည်း မာလာတယ်။
သီရိ တံတွေး မျိုချလိုက်တယ်။ ခြောက်နေတဲ့ လည်ချောင်းကို ချောင်းတစ်ချက် ဟန့်ပြီး ရှင်းတယ်။
“ဪ.. ဟုတ်.. ကျွန်မက.. အောင်မော့် အစ်မပါ..။ ဟိုလေ.. အောင်မော့် ပစ္စည်းတွေ ရှင်းရင်းနဲ့.. ဒီဖုန်းနံပါတ်လေး တွေ့လို့ ဆက်ကြည့်တာ..။ ညီမနဲ့ သူနဲ့ သိတာလားရှင့်”
ဟိုဘက်က တော်တော်ကြာကြာ အသံတိတ်သွားတယ်။ ဖုန်းကို လက်နဲ့ အုပ်လိုက်သလို.. ဘေးကလေသံတွေပါ ငြိမ်ကျသွားတယ်။ ခဏနေတော့မှ..
“ဪ.. ကိုအောင်မော်.. ဟိုတလောက ဆုံးသွားတဲ့ ကိုအောင်မော်လား.. အစ်မက သူ့အစ်မလား”.. မိန်းကလေးအသံက ချက်ခြင်း ပြောင်းသွားတယ်။ စောစောကလို မာထန်နေတာ မဟုတ်တော့ဘဲ ဖော်ရွေလာတယ်။ ရင်းနှီးသံတွေ ပါလာတယ်။
“ဟုတ်ပါတယ်.. ညီမက အောင်မော်နဲ့ သိတာလားဟင်” .. သီရိ ထပ်မေးလိုက်တယ်။
“အစ်မ.. ညီမက မြတ်သော်တာထွန်းပါ။ ကိုအောင်မော့် အသုဘတုန်းကတောင် လာသေးတယ်လေ။ မှတ်မိလား”..
မြတ်သော်တာထွန်း.. မြတ်သော်တာထွန်း.. ဒီနာမည်ကို သီရိ ကြားဖူးနေသလိုလို.. သိနေသလိုလို..။
“အသုဘတုန်းက လာသွားတယ်.. ဟုတ်လား။ ညီမကို သတိမထားမိပါဘူး.. ညီမက အောင်မော်နဲ့ သိတာလား”.. သီရိ တတိယအကြိမ်မြောက် ထပ်မေးလိုက်တယ်။
“ညီမ အဖေက မဟာထွန်း အုတ်စက်ပိုင်ရှင်လေ အစ်မ။ အသုဘလာတော့ အဖေနဲ့ အမေနဲ့ ညီမနဲ့ သုံးယောက် အတူတူလာတာလေ။ မှတ်မိပြီလား အစ်မ”
သီရိ တိတ်ဆိတ်သွားတယ်။ မြတ်သော်တာထွန်းဆိုတာ ဟို သူဌေးသမီး ကောင်မလေးပေါ့။ အသုဘမှာတုန်းက သူတို့မိသားစုနဲ့ တွေ့လိုက်တာကို သီရိ ပြန်အမှတ်ရသွားတယ်။ စိတ်မကောင်းဖြစ်နေတဲ့ မျက်နှာနဲ့ အောင်မော့်ရဲ့ သူဌေး။ သူ့ဘေးမှာ မျက်နှာသေတွေနဲ့ ရပ်နေကြတဲ့ သားအမိ နှစ်ယောက်..။
“ဪ…”
“ပြောလေ အစ်မ။ ညီမ ဘာကူညီ ပေးရမလဲ”.. မြတ်သော်တာထွန်းက မေးတယ်။
“မဟုတ်.. မဟုတ်ပါဘူး။ အကူအညီ မလိုပါဘူး..။ အောင်မော့်ပစ္စည်းတွေ ရှင်းရင်းနဲ့.. ဒီဖုန်းနံပါတ်ကို ရေးထားတဲ့ စာရွက်တစ်ရွက် ထွက်လာလို့.. အဲဒါ.. အစ်မ ဖုန်းဆက်ကြည့်တာ။ အောင်မော့် ကောင်မလေး များလားလို့..”
“ဟင်..။ ညီမတော့ သူ့ကို ဖုန်းနံပါတ် မပေးမိပါဘူး အစ်မ။ သူ့ဆီမှာ ညီမ ဖုန်းနံပါတ် ရှိနေမှန်းတောင် မသိဘူး။ ကိုအောင်မော်က ညီမကို တစ်ခါမှလည်း ဖုန်းမဆက်ဖူးပါဘူး”
“ဟုတ်လား.. ဒါပေမယ့်..”
“ပြီးတော့.. ကိုအောင်မော့်ကို ညီမက သေချာတောင် မသိဘူး အစ်မရယ်။ မသိဘူးဆိုလို့ တစ်မျိုးတော့ မထင်ပါနဲ့။ အဖေ့အုတ်စက်ထဲမှာ ဝန်ထမ်းတွေက အများကြီးလေ။ အဲဒါပြောတာပါ”
“ဪ..”
“အလုပ်ကိစ္စအတွက် မှတ်ထားတာတော့ ဖြစ်နိုင်ပါတယ်။ ညီမက အဖေ့အုတ်စက်မှာ စာရင်းကိုင် လုပ်တယ်လေ။ အဲဒီတော့ တချို့ ဝန်ထမ်းတွေက ငွေအသွင်းအထုတ် ကိစ္စတွေ ပြောဖို့ ညီမကို ဖုန်းဆက်တတ်တယ်။ အဲဒီလို နေမှာပါ”
သီရိ အချိန်တော်တော်ကြာ တွေဝေသွားတယ်။ ဟိုဘက်က ရှင်းပြတာလည်း ဟုတ်နေတာပဲ။ ဒါပေမယ့် ဖုန်းနံပါတ်ကို ရေးထားတဲ့ လက်ရေးက မိန်းကလေး လက်ရေး ဝိုင်းဝိုင်းလေးတွေ..။ အောင်မော့် လက်ရေးမှ မဟုတ်ပဲ..။ ဒါကို ထုတ်မေးရအောင်လည်း သီရိ ပါးစပ်က မထွက်ဘူး။
“ဪ.. ဟုတ်။ ဒါနဲ့.. ညီမတို့ အိမ်ကို ရဲတွေ ရောက်လာသေးလားဟင်”.. တစ်ခုခုများ သိရလေမလား.. သီရိ အရဲစွန့်ပြီး မေးလိုက်တယ်။
“ရှင်”
“တစ်နေ့က အစ်မဆီကို ရဲတွေ ရောက်လာပြီး မေးလို့လေ။ အောင်မော်.. အောင်မော့်လို့ပဲ သေသွားကြတဲ့ လူငယ်အဖွဲ့လေ.. သူတို့ထဲက တစ်ယောက်ကလည်း ညီမတို့ အုတ်စက်မှာ အလုပ်လုပ်နေတာဆို.. အစ်မကို လာမေးတဲ့ ရဲအရာရှိက အဲဒီလို ပြောလို့”
“ဪ.. ဟုတ်တယ်။ ကိုနိုင်မျိုးကျော်ဆိုတဲ့ တစ်ယောက်လေ။ သူ့အိမ်ကိုတောင် ညီမတို့ သွားပြီး သတင်းမေးပြီးပြီ”.. မြတ်သော်တာထွန်းက ခပ်သွက်သွက် ပြန်ဖြေတယ်။
“အဲဒါ ညီမ ဘယ်လို ထင်သလဲဟင်”
“ရှင်..။ ဘာကို ဘယ်လို ထင်ရမှာလဲ အစ်မ”
“ဟို.. အောင်မော့်လို.. ထပ်ဖြစ်ကြတာဆိုတော့.. ထူးဆန်းမနေဘူးလားလို့.. ပြီးတော့ သေတဲ့သူတွေထဲမှာ အောင်မော်နဲ့ နိုင်မျိုးက ညီမတို့ အုတ်စက်က လူတွေချည်းပဲ ဖြစ်နေတာလေ..။ အဲဒါကို သိချင်လို့ပါ..”
“တိုက်ဆိုင်တာနေမှာပါ အစ်မရယ်။ ရွာထဲက လူငယ် တော်တော်များများက အဖေ့အုတ်စက်မှာ အလုပ်လုပ်နေကြတာ မဟုတ်လား။ ပြီးတော့ .. အစ်မပြောတဲ့ ရဲတွေ ဆိုတာလည်း အိမ်ကို ရောက်မလာပါဘူး။ အဖေကလည်း ခရီးသွားနေ၊ အုတ်စက်ကိုလည်း ခဏပိတ်ထားတာဆိုတော့.. အဲဒါကြောင့် နေမှာပေါ့”
“ဪ..”
“ဟုတ်..။ ညီမ ဘာကူညီပေးရမလဲ အစ်မ”.. မြတ်သော်တာထွန်းက မေးတယ်။ သူ့လေသံထဲမှာ ရက်ရက်ရောရော ပါနေတဲ့ ရင်းနှီးမှုတွေကြောင့် ဖုန်းကို ကိုင်ထားရင်း.. သီရိ မနေတတ် မထိုင်တတ်ဖြစ်လာတယ်။
“ရတယ်..ညီမ..ရတယ်။ ဘာမှ မလိုပါဘူး။ အခုလို ရှင်းပြတာ ကျေးဇူးပါ”
“အကူအညီလိုရင် ပြောနော် အစ်မ။ အချိန်မရွေး ညီမဆီ ဖုန်းဆက်လို့ရတယ်။ ဒါပဲနော်”
“ဟုတ်..”
(၂)
အိပ်ယာပေါ်မှာ ပက်လက်လှန်လှဲရင်း… အကြိမ်ပေါင်းများစွာ ဖြန့်လိုက် ခေါက်လိုက် လုပ်ထားလို့ နွမ်းရိနေတဲ့ စာရွက်ကလေးကို လက်ထဲမှာ ထောင်ကြည့်ရင်း သီရိ ခေါင်းတွေ မူးလာတယ်။ ဖုန်းနံပါတ် ပိုင်ရှင်က မြတ်သော်တာထွန်းလို့ သိလိုက်ရတဲ့ အချိန်ကစပြီး.. ဒီဖုန်းနံပါတ် ပိုင်ရှင်ဟာ အောင်မော့် ကောင်မလေးဖြစ်လိမ့်မယ်.. ဆိုတဲ့ သီရိရဲ့ ထင်မြင်ချက်က တက်တက်စင်အောင် လွဲသွားခဲ့ပြီ။ မြတ်သော်တာထွန်းတို့ မိသားစုနဲ့ သီရိတို့ မောင်နှမ.. အခြေအနေက မိုးနဲ့မြေလို ကွာပါတယ်။ မဟာထွန်း အုတ်စက်..ဆိုတာ မုယောရဲ့ အကြီးဆုံး စီးပွားရေး လုပ်ငန်း တစ်ခုလို့ ပြောလို့ရတယ်။ သီရိတို့ လူမှန်းသိတတ်စ အရွယ်ကတည်းက ဦးမျိုးလွင်ထွန်းတို့ လင်မယားက ရွာမျက်နှာဖုံးတွေ ဖြစ်နေပြီ။ သီရိ အလယ်တန်းအထိ တက်ခဲ့ရတဲ့ ရွာကျောင်းရဲ့ အဝင်၀ မုခ်ဦးမှာလည်း မဟာထွန်း အုတ်စက် ကောင်းမှု ဆိုတဲ့ မော်ကွန်းကို နေ့တိုင်း မြင်ခဲ့၊ ဖတ်ခဲ့ရတာ။
ဒါပေမယ့်.. ဖုန်းနံပါတ်က မိန်းကလေး လက်ရေးနဲ့ ရေးထားတာလေ….။ သီရိရဲ့ ဦးနှောက် ထောင့်တစ်နေရာက သီရိကို အသိပေးပြန်တယ်။ မိန်းကလေး လက်ရေးနဲ့ ရေးထားတိုင်း မြတ်သော်တာထွန်း ရေးတဲ့ စာလို့ ပြောလို့မှ မရပဲ..။ တခြား ဝန်ထမ်းတစ်ယောက်က မြတ်သော်တာထွန်းရဲ့ ဖုန်းနံပါတ်ကို ရေးပေးလိုက်တာ မဖြစ်နိုင်ဘူးလား။
ဒါပေမယ့်.. အခေါက်ခေါက် အခါခါ ဖြန့်ကြည့်ထားတဲ့ စာရွက်ထောင့်စွန်းတွေကရော..။
အလုပ်ရှင် ဖုန်းနံပါတ်ကို ဒီလို တသသ ကြည့်နေတတ်တာမျိုး ကြားဖူးလို့လား..။
အောင်မော့် ဟန်းဖုန်းကရော ဘယ်ရောက်သွားသလဲ..။
ဟိုကောင်လေး ၄ ယောက် သေတုန်းကရော.. သူတို့ ဟန်းဖုန်းတွေ ပျောက်နေသလား..။ နောက်တစ်ခါ ကိုသက်ဦးနဲ့ တွေ့မှ မေးကြည့်ရဦးမယ်..။
မြတ်သော်တာထွန်း ဆိုတဲ့ ကောင်မလေးက သဘောတော့ တော်တော်ကောင်းပုံပဲ။ အသုဘမှာ တွေ့တုန်းက မျက်နှာမာနေသလောက်.. ဖုန်းထဲမှာကျတော့.. အသံက ချိုနေတာပဲ..။
ဒါပေမယ့်..
ဒါပေမယ့်..ပေါင်း အကြိမ်ပေါင်းများစွာ အတွေးထဲ ရိုက်ခတ်နေရင်း သီရိ အိပ်မောကျသွားတယ်။
(၃)
စီခနဲ အော်ငိုလိုက်တဲ့ အသံကျယ်ကြီး တစ်သံကြောင့် သီရိ အိပ်ရာနိုးလာတယ်။
နာရီကိုကြည့်လိုက်တော့ မနက် ၆ နာရီ..။
ပုံမှန်ဆို မနက် ၅ နာရီခွဲဆို သီရိ အိပ်ရာနိုးပြီ။ အေးစိမ့်နေတဲ့ ရေကို ခပ်သွက်သွက်လောင်းချိုး၊ မနက်စာပြင်၊ ၆ နာရီဆို ဆိုင်ထွက်ဖို့ အသင့်။
မနေ့ညကတော့ အောင်မော်နဲ့ မြတ်သော်တာထွန်းတို့အကြောင်း စဉ်းစားနေရင်း ညဉ့်နက်သွားတယ်။
အခု.. ငိုသံကြီးကို ကြားလိုက်မှ လန့်နိုးလာတာ။
လှိုက်လှိုက်လှဲလှဲ အော်ငိုလိုက်တဲ့ ငိုသံက သီရိနဲ့ ရင်းနှီးနေတယ်။
ဒီအသံကို အရမ်းကို ကြားဖူးနေတယ်။
ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားပြီး သီရိ အိပ်ရာကနေ ကမန်းကတန်း ထတယ်။
အိမ်အပြင်ကို အမြန်ပြေးထွက်တယ်။
(၄)
မသက်သက်မျိုးရဲ့ အိမ်ရှေ့မှာ လူတချို့ ဝိုင်းအုံနေကြတယ်။
အုံတိုးနေကြတဲ့ သူတွေထဲမှာ ရဲဝတ်စုံနဲ့ ကိုသက်ဦးကို တွေ့လိုက်တော့ သီရိ ရင်ထဲမှာ အင့်ခနဲ ဖြစ်သွားတယ်။ ဘာ ထပ်ဖြစ်ပြန်ပြီလဲ..။
မသက်သက်မျိုးက သူ့အိမ်ရဲ့ လှေကားခြေရင်းမှာ ဆောင့်ကြောင့်ကြီးထိုင်ရင်း အော်ငိုနေတယ်။ ပါးစပ်ကလည်း ဘာတွေလဲမသိ.. ဗလုံးဗထွေးတွေ ပြောနေတယ်။ ဘေးမှာ မတ်တပ်ရပ်နေတဲ့ သူ့ယောကျ်ားက မသက်သက်မျိုးရဲ့ ပခုံးကို လက်နဲ့ တင်းတင်းကိုင်ထားရင်း ကြံရာမရ မျက်နှာနဲ့ မျက်လုံး ကလယ်ကလယ် ဖြစ်နေတယ်။
“ဘာဖြစ်တာလဲဟင်.. ဘာဖြစ်တာလဲ..”.. သီရိ အမြန်ပြေးသွားရင်း.. အုံတိုးနေတဲ့ သူတွေထဲက တစ်ယောက်ရဲ့ လက်ကိုဆွဲ.. ကပျာကယာ မေးလိုက်တယ်။
“ကလေးပျောက်သွားလို့လို့ ပြောတာပဲ.. ကျွန်တော်လည်း သေချာမသိဘူး”.. သီရိမေးလိုက်တဲ့ သူက ပြန်ဖြေတယ်။
“သီရိ.. သီရိရေ.. ငါ့ကို ကယ်ပါဦး.. ငါ့ကို ကယ်ပါဦး..”.. မသက်သက်မျိုးက သီရိကို တွေ့တော့ ငိုသံကြားကနေ လှမ်းအော်တယ်။
“အစ်မ.. ဘာဖြစ်လို့လဲဟင်”.. မသက်သက်မျိုးရဲ့ရှေ့မှာ သီရိ ဒူးထောက်ထိုင်ချလိုက်တယ်။ မသက်သက်မျိုးရဲ့ ဒူးခေါင်းကို လက်နဲ့ လှမ်းကိုင်ပြီး မေးလိုက်တယ်။
“ငါ့သားလေး.. ငါ့သားလေး.. မရှိတော့ဘူး.. ဟီး..”.. မသက်သက်မျိုးက ပြောတယ်။ ပြောနေရင်းနဲ့ မျက်လုံးတွေ အပေါ်ကို လန်တက်သွားတယ်။ ဘေးကို ခွေခနဲ လဲကျသွားတယ်။
“တက်သွားတာထင်တယ်.. ရေသွားယူ..ရေသွားယူ”.. “သတိလစ်သွားတာ.. သတိလစ်သွားတာဖြစ်မယ်.. လုပ်ကြပါဦး”.. “ခေါင်းကို ကိုင်ထားပေးလိုက်လေ”.. စတဲ့ အသံတွေ ဆူညံသွားတယ်။ မသက်သက်မျိုးဘေးမှာ လူတွေ ဝိုင်းအုံသွားတယ်။ သီရိကို လူတစ်ယောက်က အသာဆွဲဖယ်တယ်။ နောက်ကို တစ်လှမ်းချင်း ပြန်ဆုတ်သွားရင်း သီရိ ခေါင်းတွေ မူးဝေလာတယ်။ မြင်ကွင်းတစ်ခုလုံး ရမ်းခါလာတယ်။
သီရိလည်း ယိုင်လဲကျချင်လာတယ်။
“မသီရိ..”
သီရိရဲ့ ပခုံးကို အသာလှမ်းထိန်းလိုက်တဲ့ လက်တစ်ဖက်။
“မသီရိ။ အိမ်ထဲပြန်ဝင်ပြီး နားလိုက်ဗျ။ ဒီနားမှာ မနေနဲ့။ ခဏနေကျရင် လူတွေ ပိုများလာလိမ့်မယ်”.. ကိုသက်ဦးက သီရိကို အသာဆွဲခေါ်သွားရင်း ပြောတယ်။
“ဘာဖြစ်တာလဲဟင်။ မသက်သက်မျိုး ကလေး ဘာဖြစ်လို့လဲ”.. သီရိ မေးလိုက်တယ်။
“ကျွန်တော်လည်း သေချာတော့ မသိသေးဘူး။ မသက်သက်မျိုးက ငိုပဲငိုနေတာ။ စကားမေးမရဘူး ဖြစ်နေတယ်။ သူ့ယောကျ်ားကလည်း ညက သောက်ထားတာ များသွားတယ်ထင်တယ်။ အမူးမပြေချင်သေးဘူး။ ကျွန်တော် သိသလောက်ကတော့.. ညက ကလေးကို သူတို့နဲ့ အတူတူ သိပ်တယ်။ မနက်လင်းလာတော့ သူတို့ဘေးမှာ ကလေး မရှိတော့ဘူး။ အဲဒါပဲ”
“ဘယ်လို.. မဖြစ်နိုင်တာ။ မဖြစ်နိုင်တာကြီးကို”.. သီရိ ခေါင်းကို သွင်သွင် ခါပြီး ပြန်ပြောလိုက်တယ်။
ကိုသက်ဦးက ခေါင်းကုတ်တယ်။
“အေးဗျ။ ကျွန်တော်လည်း မတွေးတတ်တော့ဘူး။ ကျွန်တော် ရောက်တာတောင် မကြာသေးဘူး။ မိနစ်ပိုင်းပဲ ရှိသေးတယ်။ သေချာ မေးမြန်းကြည့်မှပဲ သိမှာပဲ။ မသီရိ အိမ်ထဲ ပြန်ဝင်ပြီး နားနေလိုက်ဗျ။ ခင်ဗျား ကြည့်ရတာလဲ ဒယိမ်းဒယိုင်နဲ့ နေမကောင်းဘူး မဟုတ်လား”
“အို.. ကျွန်မ ဘာမှ မဖြစ်ပါဘူးရှင်။ မသက်သက်မျိုး တစ်ခုခု လိုမှာစိုးလို့ သူ့အနားမှာ နေပါရစေ”.. သီရိပြောရင်းနဲ့ မသက်သက်မျိုးကို လှမ်းကြည့်လိုက်တယ်။ မသက်သက်မျိုးက လှေကားထစ်ကို ကျောမှီ၊ ပက်လက်ကြီးလန်ပြီး ငိုနေတယ်။ ဘေးကလူတွေက သူ့ကို တဖွဖွ ဖြောင်းဖျနေကြတယ်။ သူ့ယောကျ်ားက လှေကားရင်းမှာ ငူငူကြီး ဆောင့်ကြောင့်ထိုင်နေတယ်။
“သဘောဗျာ။ ကလေးအမေကို ကျွန်တော် မေးစရာရှိရာ မေးလိုက်ဦးမယ်”.. ကိုသက်ဦးက ပြောရင်းနဲ့ သူ့အိတ်ကပ်ထဲက မှတ်စုစာအုပ်ကို ထုတ်မလို့ ပြင်တယ်။ တတီတီ မြည်လာတဲ့ ဖုန်းသံကြောင့် စာအုပ်ကို မထုတ်သေးဘဲ ဖုန်းကို ကိုင်တယ်။
ဟိုဘက်က ပြောတဲ့ အသံ ခပ်တိုးတိုး ကြားရတယ်။
ကိုသက်ဦးရဲ့ မျက်နှာက သိသိသာသာ ပျက်သွားတယ်။
ဖုန်းကို ပြန်ပိတ်တယ်။
သူ့မျက်နှာကို ဆက်တိုက် စိုက်ကြည့်နေတဲ့ သီရိ.. ရင်ထဲမှာ တဒိတ်ဒိတ် ဖြစ်လာပြန်တယ်။ တစ်ခုခု.. မှားနေပြီ.. ဆိုတဲ့ အသိက.. သီရိရဲ့ ဦးနှောက် အနှောင့်တစ်နေရာကို ဆက်တိုက် ထိုးနှက်နေတယ်။
“ဘာဖြစ်လို့လဲ.. ဘာဖြစ်ပြန်ပြီလဲဟင်”.. သီရိမေးလိုက်တယ်။
ရဲအရာရှိ ကိုသက်ဦးက သက်ပြင်းအရှည်ကြီး ဟူးခနဲ ချတယ်။ သီရိကို ပြောပြသင့် မပြောပြသင့် စဉ်းစားနေသလို ခေါင်းကို ကုတ်တယ်။
“ဘာဖြစ်လို့လဲ ဆရာ။ ကျွန်မကို ပြောပြပါ”.. သီရိ ထပ်မေးလိုက်တယ်။
“ကလေးပျောက်တာ ဒီအိမ် တစ်အိမ်တည်း မဟုတ်ဘူးဗျ”… ကိုသက်ဦးက ပြန်ဖြေတယ်။
+++
အခန်း (၁၁)
– (ရန်နိုင်) –
(၁)
သိစိတ်က ရန်နိုင့် ကိုယ်ခန္ဒာထဲကို ဖြည်းဖြည်းချင်း စိမ့်ဝင်လာတယ်။
နောင်ဘ၀ဆိုတဲ့ နေရာကိုများ ရောက်နေပြီလား.. ရန်နိုင် မျှော်လင့်တကြီးနဲ့ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။
မြင်ကွင်းထဲကို ဝင်လာတဲ့ မြင်နေကျ မျက်နှာကြက်..
ရန်နိုင့် စိတ်ဓာတ်တွေ အောက်ကို ပြုတ်ကျသွားတယ်။ မသေနိုင်သေးတဲ့အတွက်.. သူ့ကိုယ်သူ ဒေါသ ထွက်လာတယ်။
လက်သီးနှစ်ဖက်ကို လေထဲမှာမြှောက် အိပ်ရာခင်းကို ထုချလိုက်တယ်။
ခပ်ပါးပါး အိပ်ရာခင်းအောက်က ပျဉ်ပြားကနေ.. ဒုန်းဆိုပြီး ထွက်လာတဲ့ အသံကြောင့် သူ့ဘာသာသူ ပြန်လန့်သွားတယ်။
လှုပ်လို့ ရနေပြီ ဖြစ်တဲ့ .. သူ့လက်နှစ်ဖက်ကို သူပြန်ကြည့်တယ်။ ပိန်လှီသေးကွေးနေတဲ့ လက်ချောင်းလေးတွေကို ကွေးကြည့်ဆန့်ကြည့်တယ်။ မလှုပ်တာကြာလို့ ခိုင်နေပြီဖြစ်တဲ့ လက်ဆစ်လေးတွေက တဂျွတ်ဂျွတ် အသံတွေ ထွက်လာတယ်။
ခြေထောက်တွေကို လှုပ်ကြည့်တယ်။ ဒူးထောင်ကြည့်တယ်။
တော်တော်လေးကြိုးစားပြီးတော့မှ ရန်နိုင် ကုတင်ပေါ်မှာ ထိုင်လို့ ရသွားတယ်။
ကိုက်ခဲအေးစက်နေတဲ့ အကြောအချဉ်တွေ တဖြည်းဖြည်း ပြန်အသက်ဝင်လာတယ်။
ဗိုက်ထဲက လှိုက်လှိုက်လှဲလှဲကို ဆာလောင်နေတယ်။ တဂွီဂွီ ထွက်လာတဲ့ အသံတွေကို ကြားနေရတယ်။ အစာမစားရတာ ဘယ်နှရက် ရှိသွားပြီလဲ။ သေးမပေါက်၊ အီးမပါရတာ ဘယ်နှရက်ရှိပြီလဲ..။ ရန်နိုင် မမှတ်မိတော့ဘူး။ ခေါင်းထဲမှာလည်း တစီစီနဲ့ အသံတွေ အူနေတယ်။
အိပ်ခန်းပတ်ဝန်းကျင်ကို ရန်နိုင်.. ဘယ်ပြန်ညာပြန် လှည့်ကြည့်တယ်။ သူ့အိပ်ခန်းကိုသူ မမှတ်မိချင်သလို ဖြစ်နေတယ်။ နှစ်ပေါင်းများစွာ ခရီးရှည်တစ်ခု ထွက်သွားခဲ့ပြီး အခုမှ အိပ်ပြန်ရောက်လာတဲ့ သူလို.. မြင်ကွင်းက သူနဲ့ စိမ်းနေတယ်။ အချိန်ကို ခန့်မှန်းလို့ မရပေမယ့်.. ပြတင်းတံခါးကြားက စိမ့်ဝင်လာနေတဲ့ နေရောင်ကို ကြည့်ရသလောက်ကတော့.. နေ့ခင်းပိုင်း ဖြစ်ဖို့ များတယ်။ နေရောင်က ပြင်းတယ်။ လင်းတယ်။ ပြတင်းပေါက် ပျဉ်ပြားတွေရဲ့ အရိပ်တွေက ကြမ်းပြင်မှာ ထင်ထင်ရှားရှား ပေါ်နေတယ်။
ပူထူနေတဲ့ လည်ပင်းတစ်ဝိုက်ကို သူလက်နဲ့ စမ်းကြည့်တယ်..။ ဘယ်ညာ မေးရိုးတွေ အောက်ကနေ ရင်ညွှန့်နား အထိ.. ခပ်သေးသေး အပေါက်လေးတွေ ပွစာတက်နေတယ်။
ရန်နိုင် ကုတင်ပေါ်ကနေ ခုန်ဆင်းတယ်။
အခန်းတံခါးဆီကို ခပ်သွက်သွက် လျှောက်သွားတယ်။ လမ်းမလျှောက်တာ ကြာပြီဖြစ်တဲ့အတွက် ဒူးခေါင်းတွေ.. ခြေချောင်းတွေက တဂျစ်ဂျစ်မြည်သံတွေ ထွက်နေတယ်။
တံခါးကို ဆွဲဖွင့်ကြည့်တယ်။
ထင်တဲ့အတိုင်းပဲ.. အပြင်ကနေ သော့ခတ်ထားတဲ့အတွက် တံခါးက တုပ်တုပ်မျှ မလှုပ်။
ရန်နိုင် စိတ်တိုတိုနဲ့ တံခါးကို ခြေထောက်နဲ့ ဆောင့်ကန်လိုက်တယ်။
ဒုန်းဆိုတဲ့ အသံကျယ်ကြီးကြောင့်.. တစ်ယောက်ယောက်များ ရောက်လာမလား.. သူစောင့်ကြည့်တယ်။
ဘာသံမှ မကြားရဘူး။
ဘယ်သူမှ မရှိကြဘူးလား။
အမေနဲ့ မသော်တာ.. ပြီးတော့ စန္ဒာ။ ပြီးတော့.. ဟိုမိန်းမကြီး..
ညပေါင်းများစွာ.. သူ့ဘေးနားကို ရောက်ရောက်လာကြတဲ့.. မကောင်းဆိုးဝါးတွေ..။
ကြောက်စိတ်ကြောင့် ရန်နိုင့် တစ်ကိုယ်လုံး တောင့်တင်းသွားပြန်တယ်။
ဒီည.. ဒီညတော့.. ငါ့ဆီကို ထပ်ပြီး မလာကြပါနဲ့တော့..
အခန်းပတ်ပတ်လည်ကို ရန်နိုင် လျှောက်ကြည့်တယ်။ သူ့ရဲ့ ဟန်းဖုန်းကိုများ ရှာတွေ့လေမလား.. ပစ္စည်းတွေကို မွှေနှောက်ကြည့်တယ်။ အစအန မတွေ့ရ။ သူ့ ကွန်ပြူတာလည်း အခန်းထဲမှာ မရှိတော့။
ရန်နိုင့်မျက်လုံးတွေက ပြတင်းတံခါးဆီကို ရောက်သွားတယ်။
ရန်နိုင်တို့ အခန်း ပြတင်းပေါက်ကို အပြင်ကနေ သံတိုင်တွေနဲ့ ပိတ်ကာထားတယ်။ ဒါပေမယ့် အဲဒီ သံတိုင်တွေက ခပ်သေးသေးလေးတွေ။ စိတ်ရှည်ရှည် တွန်းထုတ်လိုက်ရင် ပြုတ်သွားမလား။ သံတိုင်မှာ တပ်ထားတဲ့ မူလီတွေကို တစ်ခုခုနဲ့ လှည့်ဖြုတ်လို့ ရမလား။ ဒါမှမဟုတ်.. အပြင်ကလူတွေ ကြားသွားအောင်.. ပြတင်းပေါက်ကို ဖွင့်ပြီး အသံကုန် အော်လိုက်ရင်ရော..။
မျှော်လင့်ချက် အရောင်လက်လာတဲ့အတွက် ရန်နိုင့်ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာတယ်။
ရန်နိုင် ပြတင်းပေါက်နားကို လျှောက်သွားတယ်။
သံတိုင်ကြားကနေ လက်လျှို၊ ပြတင်းတံခါးရဲ့ သစ်သားပြားတွေကို တွန်းကြည့်တယ်။
ရန်နိုင့်တွန်းအားကြောင့် သစ်သားပြားက အိခနဲ လှုပ်သွားတယ်။
ရန်နိုင် အားတက်သွားတယ်။
ရှိသမျှ အင်အားကို လက်ဖဝါးထဲ အကုန်ထည့်.. ပြတင်းပေါက်ကို တွန်းဖွင့်လိုက်တယ်။
အပြင်ကနေ လှိမ့်ဝင်လာတဲ့ နေရောင်..
ရန်နိုင့် မျက်လုံးတွေ ပြာခနဲ ဖြစ်သွားတယ်။
အလင်းတန်းက သူ့ကို ဆောင့်တွန်းလိုက်သလို..
ရန်နိုင့် တစ်ကိုယ်လုံး နောက်ကို အရှိန်နဲ့ လွင့်ထွက်သွားတယ်။
နံရံနဲ့ ကျောပြင်နဲ့ ပြေးဆောင့်တယ်။
ရုတ်တရက် ခံစားလိုက်ရတဲ့ ဝေဒနာကြောင့် ရန်နိုင် သံကုန်ဟစ် အော်မိသွားတယ်။ ပူထူလောင်ကျွမ်းသွားတဲ့ သူ့မျက်နှာသူ လက်နဲ့ ဖိတယ်။ အဆင်မပြေဘူး.. ။ လက်ဖဝါးတွေကလည်း ပူကျစ်နေတယ်။ အင်္ကျီအောက်ကနေလည်း.. ညှော်နံ့တွေထွက်လာတယ်။ ရန်နိုင် လန့်ဖြန့်ပြီး သူ့ရဲ့ ရှပ်အင်္ကျီကို ဆွဲဖြဲတယ်။ အင်္ကျီနဲ့အတူ.. သူ့ရင်ဘတ် အသားစတွေ ကပ်ပြီး ပါလာတယ်။ ရန်နိုင် ကြောက်အားလန့်အားနဲ့ ထပ်အော်မိတယ်။ မျက်လုံးတွေကို မှိတ်လိုက်တယ်။
(၂)
အခန်းတံခါး ပွင့်သွားတယ်။
အခန်းထဲကို လျှောက်ဝင်လာတဲ့ ခြေသံ..။
တစ်ယောက်ယောက်က ပြတင်းပေါက်ကို ပိတ်လိုက်တယ်။
အခန်းထဲကို မညှာမတာ စီးဝင်နေတဲ့ နေရောင်ပြင်းပြင်း.. ရုတ်ခနဲ ပြန်ပျောက်သွားတယ်။
နံရံကိုမှီပြီး ခွေလဲနေတဲ့ ရန်နိုင်.. မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်တယ်။ ဘေးမှာရပ်နေတဲ့ လူကို အသနားခံတဲ့ အကြည့်နဲ့.. မော့ကြည့်တယ်။
သူ့ကို စိုက်ကြည့်နေတဲ့ ဆံပင်ရှည်ရှည်နဲ့ မိန်းမ။ လက်ထဲမှာ ဖန်ခွက်တစ်ခွက်နဲ့။
“ကျွန်တော်.. အန်တီ. ကျွန်တော့်ကို ဘာလုပ်လိုက်တာလဲ.. ကျွန်တော် ဘာဖြစ်သွားတာလဲ..။ ကျွန်တော့် မျက်နှာတွေ။ လက်တွေ.. ပူတယ်.. ပူတယ်..” .. ရန်နိုင့် ပါးစပ်က စကားလုံးတွေ တရစပ် ထွက်လာတယ်။
ဆံပင်ရှည်ရှည်နဲ့ မိန်းမက ပြုံးတယ်။ သူ့လက်ထဲက ခွက်ကို ရန်နိုင့်ဆီ ထိုးပေးတယ်။
“ရော့။ ဒါသောက်လိုက်.. သက်သာသွားလိမ့်မယ်”
သူကမ်းပေးတဲ့ ဖန်ခွက်ကို ရန်နိုင် ကြောင်တောင်တောင်နဲ့ လှမ်းယူလိုက်တယ်။
ခွက်ထဲက နီရဲရဲ အရည်တွေက သွေးရောင် တဖိတ်ဖိတ် တောက်နေတယ်။
+++
အခန်း (၁၂)
– (သီရိ) –
ဒီနေ့တစ်ရက်လုံး သီရိ ဘာအလုပ်မှ မလုပ်ဖြစ်ဘူး။
ငိုလိုက်၊ တက်သွားလိုက်၊ သတိပြန်ရလာလိုက်၊ ထပ်ငိုလိုက် ဖြစ်နေတဲ့ မသက်သက်မျိုး အနားမှာ သီရိ တစ်နေကုန် နေပေးနေခဲ့တယ်။ မသက်သက်မျိုးရဲ့ အမေနဲ့ ယောကျ်ားကတော့ ရဲစခန်းကို လိုက်သွားကြတာ အခုထိ ပြန်ရောက်မလာသေးဘူး။
ဒီမနက်ကတည်းက မုယော ရွာတစ်ခုလုံး စက်ရပ်သွားသလို ရပ်တန့်သွားတာ။ မသက်သက်မျိုးတို့ တစ်အိမ်တည်း မဟုတ်၊ တခြား အိမ်နှစ်အိမ်မှာလည်း မွေးကင်းစ ကလေးတွေ ပျောက်သွားတယ်တဲ့..။ တစ်ညတည်းနဲ့ ကလေး ၃ ယောက်.. အစအန ပျောက်သွားတာ..။ ပြီးတော့ ညအိပ်ရာဝင်တုန်းက အဖေအမေတွေနဲ့ အတူတူ သိပ်ထားခဲ့တဲ့ ကလေးတွေ..။ မနက်လင်းလာတော့ မရှိကြတော့ဘူး။ မျက်လှည့်ပြလိုက်သလို.. ။
ရွာသားတစ်သိုက်က ဒီကလေးတွေကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်ရှာကြမယ်..ဆိုပြီး တုတ်ဆွဲ ဓားဆွဲနဲ့ ထွက်သွားကြတယ်။ ရဲမှူးကိုသက်ဦးနဲ့ အဖွဲ့ဝင်တွေလည်း ဆိုင်ကယ်အသီးသီးနဲ့ ရွာဟိုဘက် ဒီဘက်ကို တဝီဝီ ခေါက်တုံ့ခေါက်ပြန်သွား၊ အလုပ်တွေ ရှုပ်နေကြတယ်။ ရွာရဲ့ ဓမ္မာရုံမှာ ဝတ်ပြုအဖွဲ့တွေ ရှောင်တခင် စုဝေး၊ အန္တရာယ်ကင်း ပရိတ်ကို အဆက်မပြတ် ရွတ်နေကြတယ်။ ပုံမှန် ဖွင့်နေကျ အရက်ဆိုင်တွေ၊ ဇယ်ခုံတွေတောင် ဒီနေ့ တိတ်ဆိတ်လို့။
“သီရိ.. နင် ဆိုင်ထိုင်စရာရှိရင် သွားထိုင်လေ.. ငါ နေလို့ရပါတယ်”.. မသက်သက်မျိုးက ပြောတယ်။ မသက်သက်မျိုး မျက်နှာက ငိုရလွန်းလို့ နီရဲ ဖောင်းအစ်နေပြီ။ “ငါ့ဘာသာငါ..နေပါ့မယ်.. ရပါတယ်.. ပြီးမှပြန်လာလေ.. ဟီး.. အီး..”
“မထိုင်တော့ပါဘူး အစ်မရယ်။ ဒီနေ့ ကျွန်မ ဆိုင်မထွက်တော့ဘူး”.. သီရိ ပြန်ပြောလိုက်တယ်။ မသက်သက်မျိုးရဲ့ ခြေထောက်တွေကို လက်နှစ်ဖက်နဲ့ အသာလေး ဖိပြီး နှိပ်ပေးတယ်။
“ငါ့သားလေး.. ငါ့သားလေး.. နာမည်တောင် မပေးရသေးဘူး.. ငါဘယ်လို ဖြေရမှာလဲ”.. မသက်သက်မျိုးက ငိုရင်း ပြောတယ်။ ဟက်ခနဲ ရှိုက်လိုက်တိုင်း သတိလစ်တော့မလို ခေါင်းက လန်လန်တက်သွားတယ်။
“ပြန်တွေ့မှာပါ အစ်မရယ်။ တစ်ခုခု မှားတာနေမှာပါ..။ တစ်ခုခု.. ”.. ပြောသာပြောရတယ်.. သီရိမှာ သူ့ကို ဖြေသိမ့်စရာ စကားမရှိဘူး။ အိမ် ၃ အိမ်က ကလေး ၃ ယောက် တစ်ညတည်းမှာ ပြိုင်တူ ပျောက်သွားတယ်ဆိုတာ.. ဘယ်သူမှ မကြားဖူးဘူး။
အပြင်မှာ တတီတီ တီးနေတဲ့ ဆိုင်ကယ် ဟွန်းသံကြောင့် သီရိ အတွေးစ ပြတ်သွားတယ်။
“ခဏလေးနော်..အစ်မ။ အရှေ့မှာ ဘယ်သူလဲ မသိဘူး။ ရဲတွေလားမသိဘူး”.. သီရိ ပြောရင်းနဲ့ မသက်သက်မျိုးရဲ့ ခြေထောက်တွေကို တစ်ချက်နှစ်ချက် ခပ်နာနာလေး နှိပ်ပေး၊ ပခုံးကို တစ်ချက်ပုတ်ပေးပြီး အိမ်အပြင်ကို ထွက်လာလိုက်တယ်။
(၂)
ဟွန်းတတီတီ တီးနေတဲ့ ဆိုင်ကယ်က.. မသက်သက်မျိုးအိမ်ရှေ့မှာ မဟုတ်ဘူး၊ ဘေးချင်းကပ်လျက်က.. သီရိရဲ့ အိမ်ရှေ့မှာ..။
သီရိ မျက်လုံးတွေက ဆိုင်ကယ်ဆီကို အရင်ရောက်သွားတယ်။
ဒီရွာမှာ မြင်နေကျ စူပါကပ် ဆိုင်ကယ် ပိစိလေးတွေ မဟုတ်ဘူး။ အခု ဆိုင်ကယ်က ထွားတယ်။ ခန့်တယ်။ ဆိုင်ကယ် အင်ဂျင်အိုးက သာမန် ဆိုင်ကယ်အသေးတွေထက် နှစ်ဆလောက် ကြီးလိမ့်မယ်။ ဒေါက်ထောက်ထားတဲ့ ဆိုင်ကယ်ရဲ့ အမြင့်က သီရိရဲ့ ခါးထက်တောင် မြင့်မလား မသိဘူး။ ဆိုင်ကယ်ရဲ့ အိတ်ဇောပိုက်ဘေးမှာ ကပ်ထိုးထားတဲ့ ၄ ပေလောက်ရှည်မယ့် ခပ်ရှည်ရှည် အချောင်းတစ်ချောင်း။ အဝတ်ပတ်ထားတဲ့အတွက် ဘာလဲတော့ သေချာ မပြောတတ်ဘူး။
သီရိ မျက်လုံးတွေ.. ဆိုင်ကယ်ပေါ်မှာ ထိုင်နေတဲ့ သူဆီကို ရောက်သွားတယ်။
သီရိ မျက်လုံးကို ပြန်မလွှဲမိဘဲ ဆက်ပြီး စိုက်ကြည့်နေမိတယ်။
ဆိုင်ကယ်ပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်။
အမျိုးသမီးက မတိုမရှည်ဆံပင်ကို နောက်မှာလှန်ချပြီး စည်းထားတယ်။ ခပ်လှမ်းလှမ်းကနေ သီရိကို လှမ်းကြည့်နေတဲ့ သူ့မျက်လုံးတွေက နေရောင်အောက်မှာတောင် သိသိသာသာ စူးရှနေတယ်။
သီရိကိုတွေ့တော့ အမျိုးသမီးက ဆိုင်ကယ်ကို ဒေါက်ချတယ်။ ဆိုင်ကယ်ပေါ်ကနေ ဆင်းပြီး သီရိဆီကို တစ်လှမ်းခြင်း လျှောက်လာတယ်။
အနားရောက်လာတော့ အမျိုးသမီးရဲ့ မျက်နှာပေါ်က အရေးအကြောင်း ခပ်ပါးပါးတွေကို သီရိ တွေ့ရတယ်။ အမျိုးသမီးက သီရိထက် အသက်အများကြီး ကြီးပါလိမ့်မယ်။ မသက်သက်မျိုးထက်တောင် ကြီးဦးမယ် ထင်တယ်။ ဒါပေမယ့် သူ့ပုံစံက လူငယ်တစ်ယောက်လို ကျစ်လစ် သပ်ရပ်နေတယ်။ ဝတ်ထားတဲ့ ဂျင်းဘောင်းဘီနဲ့ ဂျင်းဂျက်ကတ်က သူ့ရဲ့ ခပ်ရှည်ရှည် ကိုယ်ခန္ဒာနဲ့ တိုင်းချုပ်ထားသလို အပိုအလိုမရှိ။
“သီရိဆိုတာ နင်လား”.. အမျိုးသမီးက သီရိကို တည့်တည့် စိုက်ကြည့်ပြီး မေးတယ်။
“ရှင်”… သီရိ ပါးစပ်က ဒီတစ်လုံးပဲ ထွက်သွားတယ်။ စူးရှလွန်းတဲ့ သူ့အကြည့်တွေကို မခံနိုင်သလို.. သီရိ အာခေါင်တွေ ခြောက်ချင်လာတယ်။
“သီရိဆိုတာ နင်လားလို့ မေးနေတာ။ အောင်မော့်အစ်မဆိုတဲ့ တစ်ယောက်လား”.. အမျိုးသမီးက လေသံ ခပ်မာမာနဲ့ ထပ်မေးတယ်။
“ဟုတ်.. ဟုတ်ပါတယ်။ အန်တီ.. အဲ.. အစ်မက ဘယ်သူလဲ”
အမျိုးသမီးက အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေတဲ့ သီရိကို ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်တယ်။ သီရိရဲ့ ခနော်နီခနော်နဲ့ ဓာတ်ဆီဆိုင်လေးကို တစ်ချက်ကြည့်တယ်။ ငိုသံ တအိအိထွက်နေတဲ့ မသက်သက်မျိုးရဲ့ အိမ်ဘက်ကို တစ်ချက်လှမ်းကြည့်တယ်။
ပြီးမှ သီရိဘက်ကို ပြန်လှည့်လာတယ်။
“ငါ့နာမည် မမမေ”.. သူက ပြောတယ်။
+++
(ဆက်ရန်)