++++++++++++
***
“မုယောကို တုန်လှုပ်သွားစေသော ၅ လောင်းပြိုင် လူသေမှု”
ရှမ်းပြည် တောင်ပိုင်းတွင် တည်ရှိသော မုယော ဟုခေါ်တွင်သည့် ကျေးရွာငယ်တစ်ခုတွင် ၅ လောင်းပြိုင် လူသေမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ မုယောရွာသည် အိမ်ခြေ ၈၀ ခန့်သာရှိသော ရွာငယ်တစ်ခုဖြစ်ပြီး ယခုလို လူအမြောက်အမြား တစ်ပြိုင်တည်း သေဆုံးမှုမျိုး မကြုံဖူးသေးသော နေရာတစ်ခုလည်း ဖြစ်သည်။
သေဆုံးသူများမှာ မောင်နိုင်မျိုးကျော် (၂၃ နှစ်)၊ မောင်မြတ်မင်း (၂၄ နှစ်)၊ မောင်ထက်မင်း (၂၄ နှစ်)၊ မောင်သန့်စင်ဦး (၂၅ နှစ်) နှင့် ဦးကြင်ငွေ (၅၃ နှစ်) တို့ ဖြစ်ကြသည်။ သေဆုံးသူများအနက် နိုင်မျိုးကျော်၊ မြတ်မင်း၊ ထက်မင်း နှင့် သန့်စင်ဦးတို့မှာ အချင်းချင်း ခင်မင်ကြသည့် သူငယ်ချင်းများ ဖြစ်ကြပြီး ဦးကြင်ငွေမှာ စိုက်ခင်း၏ ညစောင့်တာဝန်ကို ယူထားသူ ဖြစ်ကြောင်း သိရသည်။
စိုက်ခင်းနှင့် မလှမ်းမကမ်း ပတ်ဝန်းကျင် တစ်ဝိုက်တွင်.. ပေါက်ပြဲ ဒဏ်ရာများစွာဖြင့် သေဆုံးနေကြသော အဆိုပါ လူ ၅ ဦး၏ အလောင်းများကို စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ခင်းတွင် စိုက်ခင်းအလုပ်သမားများမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ စိုက်ခင်း အနီးတစ်ဝိုက်တွင် လွန်ခဲ့သော တစ်လခန့်ကလည်း လူသေမှု တစ်ခု ဖြစ်ခဲ့သေးသည်ဟု သိရသည် အောင်မော် ဆိုသည့် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ယောက် သေဆုံးခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်ရပ်နှင့် အလားတူ ဒဏ်ရာများကို အောင်မော်၏ ကိုယ်ခန္ဒာတွင် တွေ့ရှိခဲ့ရကြောင်း သိရသည်။
ယခုသတင်း တင်ပြသူကိုယ်တိုင် မုယော ရွာသား အချို့ကို မေးမြန်းစုံစမ်းကြည့်ခဲ့ရာ တောကောင်များ၏ လက်ချက်ဖြစ်မည်ဟု ထင်မြင်ချက်ပေးသူများ ရှိသော်လည်း မသမာသူများ၏ လုပ်ရပ်ဖြစ်နိုင်သည်ဟု ထင်ကြေးပေးသူများက ပိုမိုများပြားလျက်ရှိသည်။ ရွာခံ အချို့၏ အဖြေများအရဆိုလျှင်.. မုယောရွာအနီးအနား တစ်ဝိုက်တွင် သားရဲတိရိစ္ဆာန် အကောင်ကြီးများ မတွေ့ဖူးကြောင်း၊ တောအုပ်အတွင်းတွင်လည်း လူကို အန္တာရယ်မပေးနိုင်သည့် တောကောင်ငယ်များသာ တွေ့ရလေ့ရှိကြောင်း သိရသည်။
ရွာတွင် နေထိုင်ကြနေကြသော သူများအနေဖြင့် ယခုလို ဖြစ်ရပ်မျိုးကို မကြုံဖူး၊ မမြင်ဖူးသဖြင့် အထူးပင် ထိတ်လန့်တုန်လှုပ်လျက်ရှိပြီး ရွာအနီးအနားတစ်ဝိုက် အသွားအလာများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကန့်သတ်နေထိုင်နေကြသူများ ရှိသလို လူငယ်အချို့က ကိုယ်ထူကိုယ်ထ စီမံဖွဲ့စည်းထားသည့် တောခြောက်သည့် အဖွဲ့များ ဖွဲ့ကာ တောအုပ်ထဲကို သွားရန် ပြင်ဆင်နေကြကြောင်း သိရှိရသည်။
ဖြစ်စဉ် အသေးစိတ်အား မြို့နယ် ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။
-စက်ရပ်သတင်း ဂျာနယ်။ အောက်တိုဘာ ၂၉ ရက်။ ၂၀၁၈ ခုနှစ်။
(အောင်ထွန်းသော် ရေးသားတင်ပြသည်)
***
အခန်း (၈)
-(သီရိ)-
(၁)
“ကျွန်တော်တို့လည်း တာဝန်အရမို့ ထပ်ကာထပ်ကာ မေးနေရတာပါ။ စိတ်မရှိပါနဲ့”
သီရိ မျက်လုံးတွေက ရှေ့မှာ ထိုင်နေတဲ့ အသက်ခပ်လတ်လတ် ရဲအရာရှိရဲ့ ပခုံးကိုကျော်ပြီး.. သူ့နောက်က ပြတင်းပေါက်ခန်းဆီးတွေဆီကို ရောက်နေတယ်။ ခန်းဆီးစတွေက မနက်ခင်းလေထဲမှာ တလွင့်လွင့်လူးလို့။ အပြင်က ဝင်လာတဲ့ နေရောင်ခြည်ကိုတော့ ကျေးဇူးတင်မိတယ်။ မနက်ခင်းအချိန်တွေကလွဲရင် သီရိရဲ့ အိမ်ခန်းလေးက နေချင်စရာ မကောင်းလောက်အောင်ကို မှုန်ကုပ် မှောင်မည်းနေတတ်တယ်။
“မသီရိ ကျွန်တော် မေးတာလေး တစ်ဆိတ်လောက် ပြန်ဖြေပါဦး။ ကျွန်တော့် မေးခွန်းကိုရော ကြားလိုက်ရဲ့လား”.. ရဲအရာရှိက ထပ်မေးတယ်။
“ဟုတ်.. ကြားပါတယ်”.. အာရုံတွေကို ပြန်စုပြီး သီရိ ဖြေလိုက်တယ်။ “အောင်မော့်မှာ သူငယ်ချင်းဆိုလို့ မည်မည်ရရ သိပ်မရှိပါဘူး။ အခု သေသွားတဲ့ ကောင်လေးတွေကလည်း သူနဲ့ ခင်တဲ့သူတွေ မဟုတ်ဘူး။ ကျွန်မ သိသလောက်ကို ပြောပြတာပါ။ အဲဒါထက်ပိုပြီး မပြောပြတတ်တော့လို့ပါ”
ရဲအရာရှိက ခေါင်းတညိတ်ညိတ် လုပ်တယ်။ သူ့လက်ထဲက စာရွက်စာတမ်းတွေကို တစ်ရွက်ပြီး တစ်ရွက် ဖတ်တယ်။ ဓာတ်ပုံနဲ့ ကိုယ်ရေးအကျဉ်း တွဲထားတဲ့ စာရွက်တွေ..။ စာရွက်တွေကို အပေါ်အောက် ပြန်စီနေရင်း ဖျတ်ခနဲ ပေါ်လာတဲ့ အောင်မော့်ဓာတ်ပုံ..။ သီရိ တွေခနဲ တစ်ချက်ဖြစ်သွားပြီး မျက်လုံးကို လွှဲလိုက်တယ်။
“ဒီထဲမှာ ပြထားတဲ့ အချက်တွေအရဆိုရင်.. နိုင်မျိုးကျော်ဆိုတဲ့ ကောင်လေးနဲ့ ခင်ဗျားရဲ့ မောင် အောင်မော်နဲ့က အလုပ်တစ်ခုတည်းဗျ။ နှစ်ယောက်စလုံးက မဟာထွန်း အုတ်စက်မှာ အလုပ်လုပ်တယ်။ ဟုတ်တယ်မဟုတ်လား”.. ရဲအရာရှိက စာရွက်တွေကို စားပွဲပေါ်မှာ ပြန်ချရင်း သီရိကို မေးတယ်။
တောစပ်.. စိုက်ခင်းနားမှာ၊ ရေတွင်းပျက်နားမှာ.. လူ ၅ ယောက် ထပ်သေပြန်ပြီ ဆိုတဲ့ သတင်းကို ကြားရတဲ့ နေ့တုန်းက သီရိ စိတ်ထဲမှာ အိပ်မက်လိုလို တကယ်လိုလို ဖြစ်နေခဲ့တာ။ အဲဒီနေ့ နေ့လယ်လောက်ကပေါ့။ သီရိ ဆီဆိုင်ကို အစောကြီး သိမ်း၊ အိပ်ခန်းထဲကိုဝင်၊ အိပ်ယာပေါ်မှာလှဲ.. နေ့ခင်းကြောင်တောင်ကြီးကို အိပ်ပစ်ပြီး ကုန်ဆုံးဖို့ ကြိုးစားနေတဲ့အချိန်။ တစ်ယောက်ယောက်က အိမ်တံခါးကို တ၀ုန်း၀ုန်းနဲ့ လာထုတယ်။ တံခါးဖွင့်ကြည့်လိုက်တော့ လက်တစ်ဖက်က ကလေးကိုချီ၊ နောက်တစ်ဖက်က လေထဲမှာတရမ်းရမ်းနဲ့.. ပါးစပ်တပြင်ပြင် ဖြစ်နေတဲ့ မသက်သက်မျိုး။ မသက်သက်မျိုးက အာပေါင်အာရင်း သန်သန်နဲ့ ပြောတယ်။ ကောင်လေး ၄ ယောက်နဲ့ ဦးလေးကြီး တစ်ယောက်.. ရေတွင်းပျက်နားမှာ သေနေကြတာ တွေ့သတဲ့.. အောင်မော့်လိုပဲ တစ်ကိုယ်လုံး ဒဏ်ရာတွေ အပြည့်ဖြစ်နေတယ်တဲ့။ အခုပဲ သူ ဆယ်အိမ်မှူးရဲ့ အိမ်ရှေ့ကနေ ပြန်လာတာ.. အိမ်ရှေ့ကွက်လပ်မှာ ချထားတဲ့.. အလောင်းတွေနားမှာ လူတွေ ပြုံတိုးနေလို့ မနည်းတိုးကြည့်ခဲ့ရတာ.. ဆိုပဲ။ မသက်သက်မျိုးတရစပ် ပြောနေတာတွေကို နားထောင်ရင်း သီရိ ခေါင်းတွေ ချာချာလည်သွားတယ်။ ဝေဝါးစပြုနေပြီ ဖြစ်တဲ့ ပုံရိပ်ဆိုးတွေ မျက်လုံးထဲကို ပြန်ဝင်လာတယ်။ အဲဒီကောင်လေးတွေက ဘယ်သူတွေလဲလို့ မေးကြည့်တော့ မသက်သက်မျိုးက သူလည်း မသိဘူးတဲ့။ အလောင်းတွေက ရုပ်ပျက်ဆင်းပျက် ဖြစ်နေတော့ ဘယ်သူဘယ်ဝါ သေချာ မကွဲသေးဘူးလို့ ပြောတယ်။
ညနေစောင်းလောက်ရောက်တော့မှ သေတဲ့သူတွေက ဘယ်သူဘယ်ဝါတွေပါ..ဆိုတဲ့ သတင်းတွေ သေချာလာတယ်။ ဟိုဦးလေးကြီးကလွဲရင် .. အကုန်လုံးက အောင်မော်နဲ့ မတိမ်းမယိမ်း လူငယ်တွေ၊ အောင်မော်နဲ့ အလုပ်တူတူ လုပ်ဖူးတဲ့ ကောင်လေး တစ်ယောက်တောင် ပါသတဲ့။ အောင်မော် သေတုန်းက.. ဒီကောင်လေး ကျားဆွဲခံရတာ နေမှာပါ..ဆိုပြီး တစ်ထစ်ချဆုံးဖြတ်လိုက်ကြတဲ့ ရွာသားတွေ.. အခုကျမှ သေမှုသေခင်း သီအိုရီအသစ်တွေဖွင့်၊ အကုန်လုံး အလွတ်စုံထောက်တွေ ဖြစ်ကုန်ကြတယ်။
နောက်ရက်တွေမှာ မုယောတစ်ရွာလုံး တီးတိုးစကားသံတွေ၊ သို့လော သို့လော သံသယ စွပ်စွဲချက်တွေ၊ ဟိုယောင်ယောင် ဒီယောင်ယောင် ထင်မြင်ချက်တွေ၊ ပါးစပ်ဖျားပေါင်းများစွာက ကောလာဟလ သောင်းခြောက်ထောင်တွေ…နဲ့ အဆက်မပြတ် ဆူညံသွားတယ်။ ပုံမှန်ဆိုရင် အိပ်ငိုက် ငြိမ်သက်နေတတ်တဲ့ မုယောာရဲ့ အငွေ့အသက်တွေက အပူပေးထားတဲ့ ရေနွေးအိုးလို တပွက်ပွက် ဆူသွားတယ်။ ဆီဆိုင်မှာ ဆီလာထည့်ကြတဲ့ လူတွေ၊ ကွမ်းယာဆိုင်မှာ ကွမ်းလာဝယ်ကြတဲ့ သူတွေ.. အားလုံးရဲ့ ပါးစပ်ဖျားမှာ ဒီအကြောင်းကိုပဲ တဖွဖွ ပြောနေကြတယ်။ သီရိက အောင်မော့် အစ်မမှန်း သိတဲ့သူတွေကတော့ သီရိ ရှေ့ရောက်ရင် အားနာသလိုလိုနဲ့ စကားသံတွေ တိုးသွားကြတယ်။ သီရိကို ဘယ်သူမှန်း မသိတဲ့သူတွေကတော့ ကရားရေလွှတ် တတွတ်တွတ်နဲ့ သူတို့ အထင်အမြင်တွေကို ထုတ်ပြောကြတယ်။ လူသတ်မှုပဲ ဖြစ်ရမယ်..ဆိုပြီး သတ်မှတ်တဲ့သူတွေ ရှိသလို၊ တောထဲမှာ တောကောင်ကြီးကြီး တစ်ကောင်တော့ ရောက်နေပြီ..ဆိုပြီး ထင်ကြေးပေးကြတဲ့သူတွေလည်း ရှိတယ်။ မကောင်းဆိုးဝါးတွေ၊ နာနာဘာ၀တွေရဲ့ လက်ချက်ပဲ ဖြစ်ရမယ် ဆိုပြီး ယုံကြည်တဲ့သူတွေလည်း မနည်းဘူး။
ရေရေရာရာ အဖြေမသိရလို့ မူးဝေနေတဲ့ သီရိရဲ့ ဦးနှောက်က ပိုလို့တောင် ထူပိန်းလေးလံသွားတယ်။ အောင်မော်နဲ့ အလုပ်တူတူ လုပ်တဲ့ ကောင်လေးတဲ့..။ ဒါ.. တိုက်ဆိုင်မှု ဖြစ်နိုင်ပါ့မလား။
“မသီရိ”
ရဲအရာရှိရဲ့ စကားသံကို ကြားမှ သီရိ သတိပြန်ဝင်လာတယ်။
“ဟုတ်”
“ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောမယ်ဗျာ”.. ရဲအရာရှိက ပြောတယ်။ “ကျွန်တော်က ပုံမှန်ဆိုရင် မြို့ဘက်မှာ ဖြစ်တဲ့ အမှုတွေကိုပဲ ကိုင်တွယ်ဖူးတာ။ ဒီဘက်ပိုင်းလို.. အင်း.. ဘယ်လို ပြောရမလဲ.. ဒီလို တောရွာ အမှုမျိုးနဲ့ ကျွန်တော်နဲ့ နည်းနည်း စိမ်းတယ်။ ဒီတော့ ခင်ဗျားတို့ ရွာသူရွာသားတွေရဲ့ အယူအဆတွေ၊ ယုံကြည်မှုတွေကို ကျွန်တော် သိပ်နားမလည်ဘူး။ အခု ပြောပြောနေကြတဲ့ ကျားကိုက်တာ၊ ဝက်ဝံကုတ်တာ.. စတာတွေကို ကျွန်တော် မယုံဘူး။ မှုခင်းဆရာဝန်ရဲ့ စစ်ချက်တွေအရလည်း.. တိရိစ္ဆာန်တစ်ကောင်ကောင် လုပ်သွားတယ် ဆိုတဲ့ အဖြေ အတိအကျ ထွက်မလာဘူး။ အခု ဖြစ်သွားတဲ့ အခြေအနေကို ကြည့်ရတာ.. ခင်ဗျားရဲ့ မောင်နဲ့ နိုင်မျိုးကျော်တို့နဲ့ တစ်ခုခုတော့ ပတ်သက်နေမယ်လို့ ကျွန်တော် ထင်တယ်”
“ဟုတ်”.. သီရိ မျက်လုံးတွေက ခန်းဆီးစတွေဆီကို ပြန်ရောက်သွားပြန်တယ်။ အတောင်ပံတွေ ပေါက်လာပြီး.. ပြတင်းပေါက်ကနေ.. ပျံထွက်သွားလို့ ရရင် ကောင်းမယ်။ ဟိုးအမြင့်ကြီးကို ရုန်းထွက်သွားတဲ့အခါ ကမ္ဘာမြေပြင်ပေါ်က ဝေဒနာတွေဆီကနေ သက်သာရာ ရသွားမလား။
“ဒီဘက်ပိုင်းမှာ.. ဒီလို အမှုမျိုး ဖြစ်ပြီဆိုရင်.. မူးယစ်ဆေးကိစ္စနဲ့ တစ်ခုမဟုတ် တစ်ခု နွယ်နေတာ ဖြစ်ဖို့ များတယ်ဗျ”
သူ့ စကားက သီရိ ခေါင်းထဲကို ရုတ်တရက် ဝင်မသွားသေးဘဲ လေထဲမှာ ဝဲနေတယ်။ တော်တော်လေးကြာသွားမှ..
“ဟင်.. ဘယ်လို”
“ဒီလို လူလေးငါးယောက် တစ်ပြိုင်တည်း အသတ်ခံရတာ.. ဆောရီး.. သေတာ..မျိုးက မူးယစ်ဆေး အမှုတွေမှာ တွေ့ရများတယ်လို့ ပြောတာပါ။ မသီရိရဲ့ မောင်.. အောင်မော်က မူးယစ်ဆေး ရာဇဝင်ရှိဖူးသလား”
သီရိ ခေါင်းခါလိုက်တယ်။ ဘာပြန်ဖြေရမှန်း မသိ။
“ဆေးသုံးတာ တစ်ခုတည်းကို ပြောတာမဟုတ်ဘူးနော်။ တချို့ကျတော့ မူးယစ်ဆေးကို ကိုယ်တိုင် မသုံးပေမယ့် ရောင်းဝယ်ဖောက်ကားတာမျိုးတော့ ရှိတတ်တယ်။ အောင်မော့်လက်ထဲမှာ ပိုက်ဆံတွေ အများကြီး ကိုင်ထားတာမျိုး.. ခင်ဗျား အိမ်ကို လူတွေ အဝင်အထွက် များလာတာမျိုး.. အဲဒါမျိုးတွေ ရှိဖူးသလားဗျ”
သီရိ ဟက်..ခနဲ ရယ်လိုက်မိတယ်။ ရယ်သံက ရယ်သံလို လွင်ပြီး ထွက်မလာဘဲ ငိုသံစွက်ပြီး တုန်နေတယ်။
“ဆရာကြီးရယ်.. ဘာတွေ မေးနေတာလဲဟင်။ ကျွန်မရဲ့ အိမ်ကို ကြည့်ပါဦး”.. အိမ်ခန်း ပတ်ပတ်လည်ကို သီရိ လက်နဲ့ ဝေ့ပြလိုက်တယ်။ “ပိုက်ဆံရှိတဲ့ အိမ်ပုံစံ ပေါက်နေလို့လားဟင်။ အောင်မော့် လက်ထဲမှာ ပိုက်ဆံရှိတာ ကျွန်မ မမြင်ဖူးဘူး။ ကျွန်မဆီမှာလည်း တစ်ပြားမှ မရှိဘူး။ အခု အိမ်ကို ဧည့်သည်လာရင် ဖျော်တိုက်ဖို့ ကော်ဖီမစ်ထုပ်တောင် မရှိဘူး။ အိမ်အကြွေးလည်း မဆပ်နိုင်တော့လို့ မကြာခင် ရတဲ့စျေးနဲ့ ထိုးရောင်းရတော့မယ်..။ ကျွန်မ မောင်လေးနဲ့ မူးယစ်ဆေးနဲ့ ဘာမှ မပတ်သက်ပါဘူး။ ထပ်မမေးပါနဲ့တော့”
ငိုတော့ မလို ဖြစ်နေတဲ့ သီရိမျက်နှာကို ကြည့်ပြီး ရဲအရာရှိက ခေါင်းကို ဖြည်းဖြည်း ခါတယ်။ စိတ်ရှုပ်သွားသလို သူ့ဆံပင်တွေသူ လက်နဲ့ ထိုးဖွတယ်။
“တခြား.. ဟိုကောင်လေးတွေရဲ့ မိဘတွေကိုရော ဆရာတို့ မေးကြည့်ပြီးပြီလားဟင်။ သူတို့ဘက်က ဘာပြောလဲ”.. သီရိ မေးလိုက်တယ်။
“မေးပြီးပြီ။ မိဘတွေကတော့ ထုံးစံအတိုင်း.. သူတို့သားတွေ ဘာမှ မလုပ်ဘူးလို့ ပြောတာပေါ့ဗျာ။ ဒါပေမယ့် အခင်းဖြစ်တဲ့နေရာမှာ ဆေးခြောက်အစအနတွေ တွေ့တယ်။ ဆေးခြောက်ထည့်ချက်ထားတဲ့ ကြက်သားဟင်း အကျန်တွေလည်း တွေ့တယ်။ ဆေးခြောက်ဆိုတာလည်း မူးယစ်ဆေးပဲလေ။ ဒီကောင်လေးတွေက အပျော်သဘောလောက်ပဲ သုံးတာလား၊ ရောင်းဝယ်ဖောက်ကားနေတာလား ဆိုတာတော့ ကျွန်တော်တို့ ဆက်ပြီး စုံစမ်းနေတုန်းပဲ”
“ဒါပေမယ့် ကျွန်မ မောင်လေး သေတုန်းက အဲဒါတွေ ဘာမှ တွေ့တာမှ မဟုတ်ပဲ။ အခု ဘာလို့ ကျွန်မကို ဒါတွေ လာမေးနေတာလဲ..။ ဖြစ်ဖြစ်ချင်းတုန်းကတော့ ကျားကိုက်လို့ သေတာ ဘာပရောဂမှ မပါဘူးဆိုပြီး.. အမှုတောင် မဖွင့်လိုက်ရဘူး.. အခုမှ..”
“မသီရိ အခုလို စိတ်ဆိုးမယ်ဆိုရင်လည်း ဆိုးချင်စရာပါပဲ။ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် အခြေအနေက မတူတော့ဘူးလေ။ ရွာသားတစ်ယောက် ကျားဆွဲခံရတာနဲ့.. လူ ၅ ယောက်.. အခုလို တစ်နေရာတည်းမှာ သေတာနဲ့.. မတူဘူးဗျ။ တိုက်ဆိုင်မှုတွေ အရမ်းများသွားပြီ”.. ရဲအရာရှိက သီရိကို ပြောနေသလိုလို.. သူ့ကိုယ်သူ ပြန်ပြီး ရှင်းပြနေသလိုလို.. တတွတ်တွတ် ပြောနေတယ်။ သူ့လက်ထဲက စာရွက်တွေကို တဖျတ်ဖျတ် ထပ်လှန်တယ်။ ..“နိုင်မျိုးကျော်နဲ့ အောင်မော် အလုပ်လုပ်နေခဲ့တဲ့ အုတ်စက်ကလည်း အခု ပိတ်ထားတယ်လို့ သတင်းရတယ်။ ပိုင်ရှင်သူဌေး.. ခရီးထွက်သွားတယ်ဆိုလား.. အဲဒီလို ပြောတာပဲ။ သူ့မိန်းမနဲ့ သမီးတော့ ကျန်ခဲ့တယ်ဗျ။ သူတို့ဆီလည်း ကျွန်တော် ဆက်လိုက်ရဦးမယ်။ အဲဒီ အလုပ်တစ်ခုတည်းက လူ ၂ ယောက် သေသွားတယ်ဆိုတော့..”
“ဆရာ မေးစရာ ကုန်ပြီလားရှင့်”.. သီရိမေးလိုက်တယ်။ ထိုင်ခုံမှာ ထိုင်နေရာကနေ မတ်တပ် ထရပ်တယ်။
ရဲအရာရှိက သီရိကို မော့ကြည့်တယ်။
“ကျွန်မ ခဏနေ ဆိုင်ထွက်ရတော့မှာ.. ပြင်စရာဆင်စရာလေးတွေ ရှိလို့ ခွင့်ပြုပါ”
ရဲအရာရှိက အားနာသွားသလို ထိုင်နေရာကနေ ထတယ်။ သီရိရဲ့ အိမ်ခန်းကျဉ်းကျဉ်းကို မျက်လုံးနဲ့ တစ်ချက် ဝေ့ကြည့်တယ်။ လက်ထဲက ဟန်းဖုန်းကို ဖွင့်တယ်။
“ကျွန်တော့် ဖုန်းနံပါတ် မသိရီကို ပေးထားမယ်။ တကယ်လို့ တစ်ခုခု ထူးရင် ကျွန်တော့်ကို အချိန်မရွေး ဖုန်းဆက်ပါ။ ကျွန်တော့် နာမည်က သက်ဦး။ မသီရိရဲ့ ဖုန်းနံပါတ်လေး.. တစ်ဆိတ်လောက်”
(၂)
သီရိ.. ခုံတန်းလျားမှာ ထိုင်၊ လမ်းမဘက်ကို ငေး၊ တွေးချင်ရာတွေးနေရင်း.. မသက်သက်မျိုးရဲ့ စပ်စုတဲ့ မေးခွန်းတွေကို မကြားချင်ယောင် ဆောင်နေမိတယ်။ လမ်းမမှာ သွားလာနေကြတဲ့ ကားတွေ ဆိုင်ကယ်တွေကို ကြည့်လိုက်ရင်.. ပုံမှန် နေ့တစ်နေ့လိုပဲ.. အရာရာက သာမန်ပဲ။ ဒါပေမယ့် ဒီရွာလေးရဲ့ အိမ်ခြေ ၈၀ ထဲက မိသားစု တချို့.. အပူမီး ဟုန်းဟုန်းတောက်နေကြပြီ။ အမေတွေ.. အဖေတွေ.. အစ်ကို..အစ်မ.. မောင်နှမတွေ..။ အဆင်သင့်မဖြစ်သေးဘဲ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေ။ အဖေနဲ့ အမေ သေသွားကတည်းက သီရိရဲ့ ရင်ဘတ်တစ်ခြမ်းက ဟောင်းလောင်းပေါက်ကြီး ဖြစ်ကျန်ခဲ့တာ။ အခု အောင်မော်ပါ မရှိတော့တဲ့အခါ.. လှစ်ဟာသွားတဲ့ တွင်းပေါက်တစ်ခုလို ဘယ်လိုပဲ အသက်ရှူရှူ မ၀ချင်တော့သလို.. စက္ကန့်တိုင်း မိနစ်တိုင်းက လေဟာနယ်ထဲကို ဆက်တိုက်ပြုတ်ကျနေသလို တလှပ်လှပ်နဲ့.. မောလှပြီ။
“ဘယ်လိုဖြစ်လို့ ငါ့ဆီကပဲ လာတောင်းနေတာလဲ”
နောက်ကထွက်လာတဲ့ စီခနဲ အသံကြောင့် သီရိ လှည့်ကြည့်လိုက်တယ်။
မသက်သက်မျိုးက သူ့ဘေးမှာ ကလေးတစ်ဖက်နဲ့ မတ်တပ်ရပ်နေတဲ့ သူ့ယောက်ျားကို အော်နေတယ်။
“ဟ.. ငါလည်း ဒီမှာ ဆိုက်ကားထွက်မရလို့.. ပြဿနာတက်နေလို့ဟာ”..မသက်သက်မျိုးရဲ့ ယောကျ်ားက ပြန်ပြောတယ်။
“ဆိုက်ကားက ဘယ်ထွက်လို့ ရမှာလဲ။ နင့်ဘာသာနင် အပျင်းတစ်ပြီး ဆိုက်ကားကို ပြင်စရာရှိတာ မပြင်တာလေ။ ဂရုတစိုက် ကိုင်လေ။ မပျက်ခင်ကတည်းက ပြင်လေ။ အကြောင်းပြချက်တွေက အမျိုးမျိုး။ ခုံကျိုးရတာနဲ့။ ချိန်းပြုတ်ရတာနဲ့။ ဘဲလ် အလုပ်မလုပ်ရတာနဲ့”
“အာ.. ပွစိပွစိနဲ့ဟာ။ နင် မပေးချင်လည်းနေ။ ငါ့ဘာသာငါ အကြွေးသွားဝယ်မယ်”.. မသက်သက်မျိုးရဲ့ ယောကျ်ားက ပြန်အော်တယ်။ သူ့လက်ထဲမှာ ချီထားတဲ့ လသား ကလေးက အိခနဲ အော်တယ်။ “အေးအေး.. မငိုနဲ့ သမီး။ နင့်အမေ မပေးလည်း ဖေကြီး ဝယ်တိုက်မယ် ဟုတ်ပြီလား”
“အောင်မလေး.. ကလေးရှေ့မှာ သူရဲကောင်းကြီး လာလုပ်နေတယ်။ ရော့ ယူသွား”.. မသက်သက်မျိုးက ကွမ်းယာဗန်းအောက်မှာ ညှပ်ထားတဲ့ ပိုက်ဆံတချို့ကို ထုတ်ပြီး သူ့ယောကျ်ားလက်ထဲကို ဆောင့်ကြီးအောင့်ကြီးနဲ့ ထည့်ပေးတယ်။ “နို့မှုန့်ပဲ ဝယ်နော်။ မလိုတာတွေ လျှောက်ဝယ်မလာနဲ့။ ဒီမှာ စျေးရောင်းကောင်းတာမဟုတ်ဘူး”
ကလေးချီပြီး လှည့်ထွက်သွားတဲ့ သူ့ယောက်ျားရဲ့ နောက်ကျောကို ကြည့်နေရာကနေ.. မသက်သက်မျိုး ဒီဘက်ကို ပြန်လှည့်လာတယ်။
“နင်ရော ရောင်းကောင်းရဲ့လား သီရိ”
သီရိ ခေါင်းခါပြလိုက်တယ်။ ရောင်းမကောင်းပါဘူး။ ဘယ်တုန်းကမှလည်း ရောင်းမကောင်းခဲ့ဘူး။ ဘာမှ မလုပ်တတ်လို့သာ ဆီဆိုင်ပိစိလေး ကောက်ဖွင့်ထားတာ။ လကုန်လို့ အမြတ်တွက်လိုက်ရင် စာရင်းက.. အပေါင်းဘက်ကို ရောက်ဖို့ ဘုရားတနေရတယ်။ အကြွေးဆပ်လိုက်တဲ့အခါ စားဖို့သောက်ဖို့တောင် အနိုင်နိုင်ရယ်။ အခုတော့.. စာရင်းလည်း မတွက်ဖြစ်တော့ဘူး။ မြတ်သလား ရှုံးသလား စိတ်ထဲမှာ မထားနိုင်တော့ဘူး။ အောင်မော့် အလုပ်ရှင်က ပေးလိုက်တဲ့ ကူငွေဆိုတာလည်း ဘယ်ရောက်သွားမှန်းတောင် မသိ.. အကြွေးဆပ်တဲ့အထဲ ပါသွားသလား..။ အသုဘ စားရိတ်တွေ ရှင်းတော့ ပေးလိုက်သလား.. မမှတ်မိတော့။ ဒီအိမ်ကိုလည်း.. ရတဲ့စျေးနဲ့ ထိုးပေးလိုက်ဖို့ ဆုံးဖြတ်ထားပြီးပြီ။ အပေါင်ကြွေးတွေ၊ အတိုးတွေ.. နှုတ်လိုက်ရင် ပိုက်ဆံ နည်းနည်းပါးပါးတော့ ကျန်မှာပါ..။ အဲဒီ ကျန်တဲ့ ပိုက်ဆံလေးနဲ့.. အဝေးတစ်နေရာကို ထွက်သွား.. ဘ၀အသစ်တစ်ခု ပြန်စ..။ တွေးရင်းနဲ့ သီရိ ရယ်ချင်သလို ငိုချင်သလို ဖြစ်သွားတယ်။ စိတ်ကူးယဉ်ဆန်လိုက်တာ။ ဘာဘ၀အသစ်ကို စမလို့လဲ။ နင်က ဘာလုပ်တတ်လို့လဲ..။ ဘာသိလို့လဲ..။ အဲဒီ ပိုက်ဆံလည်း လက်ထဲမှာ လုံးပါးပါးသွားမှာပဲ။
“ပိုက်ဆံတွေဘာတွေ လိုရင် ငါ့ကိုပြောနော် သီရိ။ အားမနာနဲ့။ ငါလည်း ရှိလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် နင်လိုရင် ခဏယူထားလို့ ရပါတယ်။ ကလေးမွေးတုန်းက ယောက္ခမကြီး ထုတ်ပေးထားတဲ့ ပိုက်ဆံလေးတွေ ကျန်သေးတယ်ဟဲ့.. သိလား။ နည်းနည်းပါးပါးပေါ့”.. မသက်သက်မျိုးက ပြောတယ်။
“အာ.. ရပါတယ် အစ်မ။ မလိုပါဘူး”
“အေးဟယ်။ ငါတို့သာ ရုန်းကန်နေရတာ။ ရှိတဲ့သူကျတော့လည်း ရှိလွန်းလို့ ပိုလျှံနေတာပဲ။ ဟဲ့.. ဟိုအုတ်စက်ပိုင်ရှင် သူဌေးလေ..အဲဒါ.. သေသွားတဲ့ ဟိုကောင်လေးရဲ့ အိမ်ကို သူ့မိန်းမ လာသွားတယ်တဲ့။ ဟိုကောင်လေးလေ.. နာမည်ဘယ်သူ.. အာ.. ပါးစပ်ဖျားမှာတင် မေ့နေတယ်။ ထားပါတော့.. သူ့အုတ်စက်မှာ အလုပ်လုပ်နေတဲ့ ကောင်လေးလေ။ နင့်မောင်နဲ့တောင် သိသလား မသိဘူးနော်။ အဲဒါ.. အဲဒီကောင်လေးရဲ့ မိဘတွေကို သူဌေးကတော်က ပိုက်ဆံ တစ်သိန်း လာပေးသွားတယ်တဲ့။ သူဌေးသမီးပါ လိုက်လာတယ်တဲ့။ နင်သိလား”
“ဪ.. ဟုတ်တယ်။ အောင်မော့် အသုဘတုန်းကလည်း သူဌေးက ကျွန်မကို ပိုက်ဆံတစ်သိန်း ကူငွေ ထည့်သွားတယ်”
“အင်း.. အေးပေါ့လေ။ အဲဒီလို ရက်ရောလို့လည်း သူဌေးဖြစ်နေတာ နေမှာပေါ့။ သူတို့ သမီးလေးကလည်း ချောချောလေးဟယ်။ အမြွှာကလေးနှစ်ယောက်ကလည်း ချစ်စရာလေးတွေ။ နင်သိတယ်မဟုတ်လား။ ဒီရှေ့ကပဲ ကျောင်းသွားကျောင်းပြန် ဖြတ်သွားနေကျလေ”
သီရိ တွေ့တွေ့နေကျ ဟို မောင်နှမကို ပြောတာထင်တယ်။ ဟုတ်မယ်။ အဲဒီကလေးနှစ်ယောက်က သက်တူရွယ်တူ မျက်နှာ ဆင်တူလေးတွေ။ သူတို့ကိုတောင် မတွေ့တာ သုံးလေးရက်ရှိပေါ့။ ဟို..ရဲအရာရှိ ကိုသက်ဦး ပြောသလို.. သူတို့လည်း ခရီးထွက်သွားကြတာလား မသိ။ ဒါပေမယ့် သူ့အမေနဲ့ အစ်မကတော့ ခရီးထွက်တာ ပါမသွားဘူးထင်တယ်။ အလှူငွေ လာပေးသွားတယ်ဆိုတော့..
“ဟဲ့.. ဪ.. နင်ဆိုတာလည်း.. စကားတစ်ခွန်းကို ပြည့်အောင် ပြောလို့မရဘူး။ အာရုံက ဟိုရောက်ဒီရောက်နဲ့။ ညကျရင် ငါတို့အိမ်ဘက်လာပြီး ထမင်းလာစားလေ။ နင်တစ်ယောက်တည်း ချက်မနေနဲ့”.. မသက်သက်မျိုးက ပြောတယ်။
“ရတယ်အစ်မ။ မစားတော့ပါဘူး”
“ရှည်လိုက်တာ။ လာဆို လာခဲ့။ နင့်တစ်ယောက်စာနဲ့ ငါတို့ ငတ်မသွားဘူး။ လာခဲ့နော်။ ငါစျေးရောင်းလိုက်ဦးမယ်”.. မသက်သက်မျိုးက ပြောပြီးတာနဲ့ ဟိုဘက် ပြန်လှည့်သွားတယ်။ ကွမ်းလာ၀ယ်တဲ့ အန်တီကြီးတစ်ယောက်နဲ့ ချက်ခြင်းပဲ စကားလက်ဆုံကျ၊ တတွတ်တွတ် ဆက်ပြောနေတယ်။
(၃)
သီရိရဲ့ အိမ်ထဲမှာ သိမ်းစရာ ပစ္စည်း မည်မည်ရရ မရှိပေမယ့် တစ်ယောက်တည်း လုပ်နေရတာဆိုတော့ အလုပ်က မတွင်။ စောင်တွေ၊ ခြင်ထောင်တွေကလွဲရင် ပစ္စည်းတော်တော်များများကို အခန်းထောင့်တွေမှာ အပုံလေးတွေ စုပြီး ပုံထားပြီပြီ။
ဘယ်နေ့ ဘယ်အချိန်မှာ ဒီအိမ်ပေါ်ကနေ ဆင်းရမလဲ.. သီရိ မသေချာသေးဘူး။ လကုန်ခါနီးတိုင်း ပူပင်နေရတဲ့ အကြွေးပြဿနာကို ဆက်ရင်မဆိုင်ချင်တော့တာပဲ သူ သိတယ်။ အိမ်ရောင်းပြီးသွားရင် တစ်နေနေရာမှာ အခန်းလေးငှားပြီး နေမယ်။ ရတဲ့အလုပ် ဝင်လုပ်မယ်။ လမ်းဘေး စားသောက်ဆိုင် တစ်ခုခုမှာ စားပွဲထိုးဖြစ်ဖြစ်.. ပန်းကန်ဆေးဖြစ်ဖြစ်.. အလုပ်တစ်နေရာတော့ ရမှာပါ။ အမြတ်မထွက်တဲ့ ဆီဆိုင်ကိုလည်း ဖြုတ်လိုက်တော့မယ်။
နာရီကို ကြည့်လိုက်တော့ ည ၇ နာရီ ထိုးခါနီးပြီ။
မသက်သက်မျိုးက ထမင်းလာစားခိုင်းထားပေမယ့် သီရိ မသွားချင်ဘူး။ တခြားကြောင့်တော့ မဟုတ်ပါဘူး။ အားနာလို့။ မသက်သက်မျိုးတို့ကလည်း ပိုက်ဆံ ရှိတဲ့ သူမှ မဟုတ်တာ။ အခုဆို ကလေးတစ်ယောက်နဲ့ ပိုလို့တောင် အကုန်အကျ များနေရောပေါ့။ သီရိ တစ်ယောက်စာနဲ့ ဘာမှ မဖြစ်ဘူးလို့ ပြောပေမယ့်.. ဒီနေ့ သွားစားပြီး နောက်နေ့ကျရင် ထပ်သွားရမှာလား.. သူကလည်း ထပ်ခေါ်ဖို့ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေ၊ ကိုယ်ကလည်း အားတွေနာ.. အာ.. တော်ပါပြီ။
အောင်မော့် အိပ်ရာဘေး စားပွဲအောက်မှာ ထိုးထည့်ထားတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေထဲက တစ်ထုပ်ကို သီရိ လှမ်းယူလိုက်တယ်။ စားပွဲအောက်ကနေ အစွန်းထွက်နေတဲ့ အောင်မော့် ကျောပိုးအိတ်ကို မြင်တော့ သီရိ စိတ်ထဲ အောင့်ခနဲ ဖြစ်သွားပြန်တယ်။ ဒီခံစားချက်က ဒီတစ်သက် ပျောက်တော့မယ် မထင်ဘူး။
ခေါက်ဆွဲခြောက်ထုပ်ကို ဘေးမှာ ချ၊ ကျောပိုးအိတ်ကို ဆွဲထုတ်ပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆွဲဖြန့်လိုက်တယ်။ ဟိုနေ့က ဒီကျောပိုးအိတ်ကို ထိုင်လျှော်တာ.. သွေးကွက်တွေ ပျောက်သွားဖို့ တစ်နာရီလောက် ပွတ်တိုက်လိုက်ရတယ်။ ဒါတောင် အစအနတွေက မပျောက်သေး။ ပစ္စည်းတွေ သိမ်းတဲ့အထဲ.. အောင်မော့် ပစ္စည်းတွေ မပါသေးဘူး။ အောင်မော့် အိပ်ရာခင်းနဲ့ စောင်တွေကိုတော့ ခေါက်သိမ်းပြီးပြီ။ သူ့ရဲ့ တခြား ဘုစုခရု အတိုအစတွေကတော့ စားပွဲပေါ်မှာ ဒီအတိုင်း။
သီရိက စာဖတ်ဝါသနာ ပါသလောက် အောင်မော်ကတော့ စာအုပ်ဆို ဘာစာအုပ်မှ မဖတ်ဘူး။ သူ့ကို သီရိ အတင်းဖတ်ခိုင်းထားတဲ့ စာအုပ်တစ်အုပ်တော့ ရှိတယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ ဇော်ဟိတ် ၀တ္ထုတို ပေါင်းချုပ် စာအုပ်ပါ။ အဲဒီလို စွန့်စားခန်းတွေ ဘာတွေ ဆိုရင်တော့ အောင်မော်များ ဖတ်လေမလား ဆိုပြီး အတင်း ထိုးပေးထားတာ။ စာအုပ်က စားပွဲပေါ်မှာ ဒီအတိုင်း။ လှန်တောင် ကြည့်ပုံ မပေါ်ဘူး။
စာအုပ်ကို လှမ်းယူလိုက်တယ်။ အဖုံးကို ဖွင့်ကြည့်တယ်။ ပထမဆုံး စာမျက်နှာ အလွတ်မှာ ဘောပင်နဲ့ ရေးထားတဲ့ “အောင်မော် ဖတ်ရန်။ အမှတ်တရ.. မသီရိ”..ဆိုတဲ့ စာကြောင်းလေးကို လက်ညှိုးနဲ့ ပွတ်ကြည့်တယ်။ ပထမစာမျက်နှာနောက်မှာတင် ထိုးထည့်ထားတဲ့ စာမှတ်ကတ်ကလေးက အောင်မော်နဲ့ သီရိ တွဲရိုက်ထားတဲ့ တစ်ခုတည်းသော.. ဓာတ်ပုံလေး။ နှစ်တွေကြာခဲ့ပါပြီ။ အင်းလေးဘက်ကို သွားလည်တုန်းက ရိုက်လာတဲ့ ဓာတ်ပုံလေးပါ။ အခုခေတ်လို ဒစ်ဂျစ်တယ် နည်းပညာတွေကြားမှာ.. အမှတ်တရ ဓာတ်ပုံဆိုတာလည်း ရှားသွားပြီ။ ဟန်းဖုန်း မျက်နှာပြင်ပေါ်က ပုံရိပ်အတုအယောင်တွေကလွဲရင် ပြန်ကြည့်စရာ ဘာမှ မရှိ။
ဓာတ်ပုံက ဝါကျင့်ကျင့် ဖြစ်နေပြီ။ ဖောင်တော်ဦး ဘုရားရှေ့မှာ မတ်တပ်ရပ်နေတဲ့ မောင်နှမ နှစ်ယောက်။ ဆယ်ကျော်သက်အရွယ်လေးတွေ။ မိဘတွေ ဆုံးပြီး သိပ်မကြာသေးခင်က ဖြစ်မယ်။ သီရိရဲ့ ပိန်သွယ်သွယ် ကိုယ်လုံး၊ နောက်လှန် စည်းထားတဲ့ ဆံပင်တွေ၊ ဓာတ်ပုံရိုက်နေမကျသေးတော့ မနေတတ် မထိုင်တတ်ဖြစ်နေတဲ့ မျက်လုံးတွေ။ အောင်မော်ကတော့ လက်နှစ်ဖက်ကို အားရပါးရ ပိုက်ပြီး ဆရာကြီးပုံစံနဲ့ ခပ်ပြုံးပြုံး လုပ်နေတယ်။
သီရိ အလိုလို ပြုံးမိသွားတယ်။ ဓာတ်ပုံကို စာအုပ်ကြားထဲ ပြန်ထည့်တယ်။ စာမျက်နှာတွေကို လက်မနဲ့ ဖိပြီး တဖတ်ဖတ် လှန်ကြည့်တယ်။ အောင်မော်များ နည်းနည်းပါးပါး ဖတ်ထားသလား။ စာရွက်ခေါ်မှတ်ထားတာ တွေများ ရှိမလား။
စာမျက်နှာတွေကြားကနေ အောက်ကို ဖတ်ခနဲ ပြုတ်ကျလာတဲ့ စာရွက်တစ်ရွက်။
စာရွက်ကို သပ်သပ်ရပ်ရပ် ခေါက်ထားပေမယ့် အခေါက်ခေါက်အခါခါ ဖြန့်ကြည့်ထားသလို .. ထောင့်ချိုးတွေက နွမ်းဖတ်နေပြီ။
သီရိ စာရွက်ခေါက်ကို လှန်လိုက်တယ်။
အထဲမှာ မိန်းကလေး လက်ရေး ဝိုင်းဝိုင်းလေးတွေနဲ့.. ရေးထားတဲ့ ဖုန်းနံပါတ် တစ်ခု။
+++
အခန်း (၈)
-(ရန်နိုင်)-
(၁)
မျက်နှာကြက်ကို ရန်နိုင် စိုက်ကြည့်နေတယ်။
သူ့အိပ်ခန်း မျက်နှာကြက် အုတ်သားမှာ အကွက် ဘယ်နှကွက် ရှိသလဲ။ အက်ကွဲနေတဲ့ အကွဲကြောင်း သေးသေးလေးတစ်ခု.. ဘယ်ကလာပြီး ဘယ်ကို သွားသလဲ။ ဘယ်နေရာတွေမှာ ဘယ်လို ကွေ့ကောက်သွားသလဲ.. တစ်ခါတလေ ထွက်လာတတ်တဲ့ အိမ်မြောင် နှစ်ကောင်ရဲ့ ကိုယ်လုံးမှာ ဘယ်လို အစက်အပြောက်တွေ ရှိနေသလဲ..
ဒါတွေကို ရန်နိုင် အလွတ်ရနေပြီ။
ဒီမြင်ကွင်းကိုပဲ ဆက်တိုက် မြင်နေရတာ အခုဆို ဘယ်နှရက် ရှိသွားပြီလဲ။
ပိတ်ထားတဲ့ ပြတင်းပေါက်တွေကြားက စိမ့်ဝင်လာတဲ့ အလင်း အပေါ်အပျောက်တွေကို ရန်နိုင် မှတ်ထားတယ်။ အပြင်က ကြားရတဲ့ ကားသံတွေ၊ လူသံတွေ..၊ မနက်ခင်း ငှက်တေးသံတွေ ညဉ့်ပိုးသံတွေကို ရန်နိုင် မှတ်ထားတယ်။
ညဉ့်နက်ပြီဆိုရင် ကုတင်ပေါ်ကို တက်တက်လာတဲ့ အရာတွေကို ရန်နိုင် မှတ်ထားတယ်။
ဒါပေမယ့် သူ့ဦးနှောက်က ပုံမှန်အတိုင်း အလုပ်မလုပ်တော့ဘူး။ အချိန်ကို အချိန်လို မမှန်းတတ်တော့ဘူး။ သုံးရက်လား.. လေးရက်လား.. ဆယ်ရက်လား.. မသေချာဘူး။ ဒီကုတင်ပေါ်မှာ.. ဒီအတိုင်း ပက်လက်.. လှုပ်မရ အော်မရနဲ့.. ဘယ်လောက် ကြာသွားပြီလဲ။
ငရဲပြည်အကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ်ကို ရန်နိုင် ဖတ်ဖူးတယ်။ ငရဲကြီး ရှစ်ထပ်ဆိုလား.. ကိုးထပ်ဆိုလား.. အဲဒီ.. နေရာတွေမှာ ငရဲခံနေရတဲ့ သူတွေ အကြောင်း။ ဖတ်ပြီးပြီးချင်း သုံးလေးရက်လောက် ရန်နိုင် အိပ်မပျော်ဘူး။ သံဆူးတွေနဲ့ တံစို့ထိုးခံထားရပြီး အော်ဟစ်နေကြတဲ့ သူတွေ။ မီးဟုန်းဟုန်းတောက်နေတဲ့ ယူဇနာတစ်သောင်းရှိတဲ့ လွင်ပြင်ကြီးကို ဖိနပ်မပါဘဲ ဖြတ်လျှောက်ရတဲ့ သူတွေ..။ ဒါပေမယ့် ရန်နိုင် အခုခံစားနေရတဲ့ ဒုက္ခကျတော့ အဲဒီ စာအုပ်ထဲမှာ မပါဘူးလား။
လည်ပင်းက တဆစ်ဆစ်နာနေတဲ့ ဝေဒနာက ရက်တွေကြာတော့ အသားကျသလိုလိုတောင် ဖြစ်နေပြီ။ တဒုတ်ဒုတ် မြည်နေတဲ့ နှလုံးခုန်သံကို လည်ပင်းသွေးကြောတွေကတစ်ဆင့်.. ပြန်ကြားနေရတယ်။
အဲဒီညက.. ဘာဖြစ်သွားတာလဲ ရန်နိုင် မသေချာဘူး။ “ဒီကောင်လေးက ဘယ်သူလဲ”..တဲ့။ အဲဒီစကားသံက ရန်နိုင် နောက်ဆုံး ကြားလိုက်ရတဲ့ အသံပဲ။ သူ့ကို လွှားခနဲ ခုန်အုပ်လိုက်တဲ့ အဲဒီ မိန်းမရဲ့ မျက်နှာကြီးကို အနီးကပ် မြင်လိုက်ရတာကိုတော့ ရန်နိုင် မှတ်မိတယ်။ ပြီးတော့ ဘာမှ မသိတော့ဘူး။
ရန်နိုင် သတိပြန်ရလာတော့ ဒီကုတင်ပေါ် ရောက်နေပြီ။
သူ့တစ်ကိုယ်လုံးက အင်္ဂတေကိုင်ထားသလို တောင့်တောင့်ကြီး ဖြစ်နေတယ်။ လက်တွေ ခြေတွေကို လှုပ်ကြည့်တယ်။ မရဘူး။ ပါးစပ်ကို ဟကြည့်တယ်။ မရဘူး။ ပင့်ကူအိမ်မှာ မိနေတဲ့ ယင်ကောင်တစ်ကောင်လို.. ရန်နိုင့် တစ်ကိုယ်လုံး လှုပ်မရတော့တာ။ မျက်လုံး နှစ်လုံးကလွဲရင် ကျန်တဲ့ ကိုယ်ခန္ဒာ အစိတ်အပိုင်း မှန်သမျှ တောင့်ခဲနေတယ်။
ဒီငရဲမှာ ဘယ်နှရက် ခံရမှာလဲ။ ဘယ်နှနှစ် ခံရမှာလဲ။ ရန်နိုင် ဘာတွေများ မကောင်းတာ လုပ်ခဲ့မိသလဲ.. ပြန်စဉ်းစားမိတယ်။ လိမ်ပြောမိခဲ့သလား.. အကောင်ပလောင်တွေကို သတ်ခဲ့မိသလား.. သူများပစ္စည်း ခိုးခဲ့မိသလား..။ ဟင့်အင်း.. သူ ဘာမှ မဟုတ်တာ မလုပ်ခဲ့ပါဘူး။
လူကြီးတွေ ပြောပြောတတ်တဲ့ ဝဋ်လည်တယ်ဆိုတာ ဒါမျိုးဖြစ်မယ်..။ အရင်ဘ၀က ငါ မကောင်းတာတွေ လုပ်ခဲ့လို့ နေမှာပေါ့.. ရန်နိုင် တွေးကြည့်တယ်။ ဒါပေမယ့်..စန္ဒာကျတော့ရော.. စန္ဒာက သိပ်ရိုးတဲ့ ကလေး။ သိပ်ဖြူစင်တဲ့ ကောင်မလေး။ အရင်ဘ၀ဆိုတာ ရှိခဲ့ရင်လည်း စန္ဒာက ဘ၀ဆက်တိုင်း ရိုးသားအပြစ်ကင်းနေမယ့် သူမျိုး။
အဖေ.. ။ အဖေ့ အကြောင်း တွေးလိုက်တော့ ရန်နိုင် ငိုချင်သွားပြန်တယ်။ သူ့ကို သား.. လို့ ပထမဆုံး ခေါ်လိုက်တဲ့ ညမှာတင် အသက်ထွက်သွားတဲ့ အဖေ။ အဖေနဲ့.. အဲဒီ ဆံပင်ရှည်ရှည် မိန်းမကြီးနဲ့ ဘာတွေ ပတ်သက်ခဲ့သလဲ။ အမေနဲ့.. အမေနဲ့.. ပတ်သက်တာလား။ အမေတဲ့.. အခုထိ အမေလို့ ခေါ်နေတုန်းပဲလား ထက်ရန်နိုင်ထွန်း။ ဘယ်လို အမေမျိုးက ကိုယ့်သားကို ဒီလို လုပ်မလဲ..။ ဘယ်လို အမေမျိုးက ကိုယ့်သမီးကို..
ရန်နိုင့် အတွေးစတွေက ပြတ်တောင်း ပြတ်တောင်း ဖြစ်နေတယ်။ သူ့ရဲ့ သိစိတ်က ပိတ်သွားလိုက် ပြန်ပွင့်လာလိုက်နဲ့.. မုန်တိုင်းထဲက ပြတင်းတံခါးတွေလို မတည်မငြိမ်.. ယမ်းခါနေတယ်။
ည..ဆိုတဲ့အချိန်.. ရောက်မလာတော့ရင် ကောင်းမယ်..။
(၂)
ညဉ့်ပိုးသံတွေ ကြားရပြီ..။
ရန်နိုင့် မျက်လုံးတွေ ကြောက်စိတ်ကြောင့် တဆတ်ဆတ် ခါလာတယ်။ မရမှန်းသိပေမယ့်.. လက်တွေကို မြှောက်ကြည့်တယ်။ ခြေထောက်တွေကို ကွေးကြည့်တယ်။ ပါးစပ်ကို ဟကြည့်တယ်။
ဘာမှ ထူးမလာဘူး။
အိပ်ခန်း တံခါး ပွင့်သွားတဲ့ အသံ ကြားရတယ်။
ရင်းနှီးနေပြီဖြစ်တဲ့ အပုပ်နံ့.. နှာခေါင်းထဲ ဝင်လာတယ်။
ရန်နိုင် မျက်လုံးတွေကို ထောင့်ကပ်ပြီး တံခါးဆီကို လှမ်းကြည့်တယ်။
တံခါး၀မှာ ရပ်နေတဲ့ လူရိပ်တွေ။
မီးရောင်ကို ကျောပေးထားကြတဲ့အတွက် မျက်နှာတွေကို မမြင်ရဘူး..။ ဒါပေမယ့် တစ်သက်လုံးရင်းနှီးလာတဲ့ သူတွေမို့ ဘယ်အရိပ်က ဘယ်သူဆိုတာကို ရန်နိုင် သိနေတယ်။
အရှေ့ဆုံးမှာ ရပ်နေတဲ့ ခပ်သေးသေး..ပုံသဏ္ဍာန်ကို ကြည့်ရင်း.. ရန်နိုင် ငိုချင်လာပြန်တယ်။
ဒါဒါ..
ရန်နိုင်မျက်လုံးတွေကို မှိတ်လိုက်တယ်။ မျက်ရည်ပူတွေ ပါးပေါ်ကို စီးကျလာတယ်။
နောင်ဘ၀ဆိုတဲ့နေရာကို သွားပါရစေတော့..။ သူဆုတောင်းတယ်။
ခြေသံတွေ နီးသထက် နီးလာတယ်။ ကုတင်ဘေးကိုရောက်တော့ ခြေသံတွေ ရပ်သွားတယ်။ အသက်ရှူသံ ပြင်းပြင်းတွေကို ကြားရပြီ။ တအေ့အေ့..လေတက်တဲ့ အသံကြီးတွေ ကြားရပြီ။
ရန်နိုင် မျက်လုံးတွေကို အတင်းမှိတ်ထားတယ်။
ဟိုတစ်ရက်တုန်းက.. ဟို တစ်ညတုန်းက.. ရန်နိုင်.. နာလွန်းလို့.. မျက်လုံးတွေ ဖွင့်ကြည့်မိလိုက်တယ်။ အဲဒီ မြင်ကွင်းမျိုး သူ ထပ်ပြီး.. မမြင်ချင်တော့ဘူး။ လူသားဆန်မှု တစ်စက်မှ မရှိတော့တဲ့ အသေကောင် မျက်နှာတွေ။ ပြူးကျယ် မာခဲနေတဲ့ မျက်လုံး ဖြူဖြူတွေ။ ပုပ်ဟောင်ပြီး အစွယ်တဖွေးဖွေးလက်နေတဲ့ ပါးစပ်ဟောင်းလောင်းတွေ..။
ရန်နိုင် မျက်လုံးတွေကို တင်းတင်းစေ့ထားတယ်။
နာချင်သလောက် နာပါစေ။ သွေးတွေ အကုန် ကုန်ခမ်းသွားပါစေ။ သေသွားပါစေ။ သူ မမြင်ချင်ဘူး။ မကြည့်ချင်ဘူး။ သူ့ညီမလေး ဒါဒါကို သူ မကြည့်ရက်ဘူး။
ဒါဒါ..
ဟီးခနဲ မာန်ဖီလိုက်တဲ့ အသံဆိုးတွေနဲ့အတူ..
ဒီညလည်း.. ရန်နိုင့် လည်ပင်းပေါ်ကို သွားချွန်ချွန်တွေ တစ်စုံပြီး တစ်စုံ ကျလာတယ်။
အငမ်းမရဖြစ်နေတဲ့ လက်ဖဝါးတွေ.. ရန်နိုင့် တစ်ကိုယ်လုံးကို ချုပ်ကိုင်ထားကြတယ်။ အစာခွက်ထဲ ပြိုင်တူ ခေါင်းတိုးဝင်ကြတဲ့ ခွေးတွေလို အလုအယက်.. တဂွတ်ဂွတ် မျိုချတဲ့ အသံတွေ ထွက်လာတယ်။ တစ်ယောက်နဲ့ တစ်ယောက် တဂွီးဂွီးနဲ့ ရန်လုပ်ကြတယ်။
ရန်နိုင် မျက်လုံးတွေကို မှိတ်ထားတယ်။ ပျော်စရာကောင်းတဲ့ အမှတ်တရ တစ်ခုခုကို အတင်း ပြန်တွေးကြည့်တယ်။
ပုံရိပ်တွေက ပေါ်လာလိုက် ပျောက်သွားလိုက်။
တဖြည်းဖြည်း ဝေဝါးလာတဲ့ သိစိတ်နဲ့အတူ ထက်ရန်နိုင်ထွန်း.. ဘယ်နှကြိမ်မြောက်မှန်းမသိ.. သတိလစ်သွားပြန်တယ်။
+++
(ဆက်ရန်)