အခန်း (၇)
-(ရန်နိုင်)-
(၁)
အဖေက ရန်နိုင့်ကို လက်တစ်ဖက်နဲ့ ပွေ့ထိန်းထားရင်း သူ့အိပ်ခန်းတံခါးကို ပိတ်လိုက်တယ်။
ရန်နိုင် အော်ဖို့ ကြိုးစားပေမယ့် သူ့ပါးစပ်ပေါ်မှာ ဖိထားတဲ့ အဖေ့ လက်ဖဝါးကြောင့် တအိအိ အသံတွေပဲ ထွက်နေတယ်။ ဆောင့်ကန်၊ ဆောင့်ရုန်းတော့လည်း ရန်နိုင့်ရဲ့ သေးကွေးနေတဲ့ ကိုယ်လုံးက အဖေ့ လက်ထဲမှာ ကစားစရာ အရုပ်တစ်ရုပ်လို လှုပ်ရမ်းနေရုံမှတပါး ဘာမှ ထူးမလာဘူး။
“ရှူး..တိုးတိုး”
အဖေက ရန်နိုင့်ဘက်ကို လှည့်ပြီး အံကြိတ် သတိပေးတယ်။ တံခါးရွက်ကို နားနဲ့ကပ်ပြီး အပြင်က အသံတွေကို နားစွင့်တယ်။
ဟိုဘက်ခန်းက ခပ်အုပ်အုပ် ထွက်နေတဲ့ အသံတွေ တဖြည်းဖြည်း တိုးသွားတယ်။ တချွတ်ချွတ် အသံတွေတော့ တစ်ချက်တစ်ချက် ထွက်လာနေသေးတယ်။ စောစောကလို တတွတ်တွတ် ရွတ်နေတဲ့ စကားသံတွေ မကြားရတော့ဘူး။ ညဉ့်လယ်ကောင်ရဲ့ ပိုးတွန်သံတွေ သဲ့သဲ့ ပြန်ကြားရပြီ။
ရန်နိုင့်ကို ပွေ့ထားတဲ့ အဖေ့လက်တွေ ပြေလျော့သွားတယ်။ ရန်နိုင့်ကို ကြမ်းပြင်ပေါ်မှာ ပြန်ချပေးတယ်။
အဖေက ရန်နိုင့်ရှေ့မှာ ဒူးထောက်ထိုင်ချတယ်။ ရန်နိုင့် ပခုံးနှစ်ဖက်ကို သူ့လက်ဖဝါးတွေနဲ့ ဆုပ်ကိုင်တယ်။
ရန်နိုင့်တစ်ကိုယ်လုံး ကြောက်စိတ်ကြောင့် ထိန်းမရအောင် တုန်နေတယ်။ စန္ဒာ့ ကိုယ်ပေါ်မှာ တက်ခွထားတဲ့ သူ့အမေနဲ့ အစ်မရဲ့ မျက်နှာတွေ အာရုံထဲကို ဖြတ်ခနဲ ပြန်ဝင်လာတယ်။ အဖြူသက်သက် ဖြစ်နေတဲ့ စန္ဒာ့ မျက်လုံးတွေ..
“ညီမလေးကို ဘာလုပ်နေကြတာလဲ။ ဘာလို့.. ဘာလို့…”.. ပြောနေရင်းနဲ့ ရန်နိုင့် အသံထဲမှာ ရှိုက်သံတွေ ပါလာတယ်။
“သား.. ရန်နိုင်.. အဖေပြောတာကို နားထောင်..”
အဖေ့ပါးစပ်က ထွက်လာတဲ့ “သား”..ဆိုတဲ့ အခေါ်အဝေါ်ကြောင့် ရန်နိုင် တွေသွားတယ်။ သူ့ကို သား..လို့ တစ်ခါမှ မခေါ်ဖူးတဲ့ အဖေ။ အမေနဲ့ မသော်တာကတော့ လူရှေ့သူရှေ့မှာ သားရေ မောင်လေးရေနဲ့ ဟန်ဆောင်ပြီး ခေါ်တတ်တယ်။ အဖေကတော့ ခပ်ဆိတ်ဆိတ်ပဲ။ မောင်ရန်နိုင်လို့ တစ်ခါတစ်လေ ခေါ်တယ်။ များသောအားဖြင့်တော့ .. ရန်နိုင့်ကို ဘာနာမ်စားမှ သုံးပြီး ခေါ်လေ့မရှိဘူး။ ပြီးတော့ အခု.. အဖေ့ လေသံက ရန်နိုင် တခါမှ မကြားဖူးတဲ့ လေသံ။ ကြင်နာမှုတွေပါတယ်။ စိုးရိမ်မှုတွေ အဖျားခတ်နေတယ်။
ရန်နိုင့် မျက်ရည်တွေကြားကနေ မြင်နေရတဲ့ အဖေ့မျက်နှာက နူးညံ့ညင်သာနေတယ်။ အမြဲတမ်း မာကြောနေတတ်တဲ့၊ အရက်ရှိန်နဲ့ နီရဲနေတတ်တဲ့ အဖေ့ မျက်လုံးတွေက ထူးထူးခြားခြား ကြည်လင်နေတယ်။ မျက်ရည်ဝဲနေတဲ့ အဖေ့ မျက်လုံးတွေထဲမှာ ရန်နိုင် မမြင်ဖူးတဲ့ အရိပ်အယောင်တွေ တလက်လက်တောက်နေတယ်။
“အဖေ ပြောတာကို သေချာနားထောင်နော်”.. အဖေက ထပ်ပြောတယ်။
ရန်နိုင် မျက်ရည်တွေကို သုတ်လိုက်တယ်။ ရင်ဘတ်ထဲမှာ ဆို့ပြီး ပိတ်နေတဲ့ ကြောက်စိတ်တွေ ၊တဒိတ်ဒိတ် ခုန်နေတဲ့ ရင်ခုန်သံ ၊ ခေါင်းထဲမှာ ထူသလိုလို မူးသလိုလိုနဲ့ ရီဝေလာတယ်။ သူ အိပ်မက်မက်နေတာများလား။ အိပ်မက်မက်နေတာ ဖြစ်မှာပါ။
အဖေက ရန်နိုင့် လက်ဖဝါးလေးတွေကို သူ့လက်နဲ့ ဆုပ်ပြီး ကိုင်တယ်။
“ဘာတွေ ဖြစ်နေတာလဲ အဖေ။ ညီမလေးကို သူတို့ ဘာလုပ်နေကြတာလဲ။ အမေက.. ဘာလို့.. မသော်တာနဲ့.. အမေ့ မျက်လုံးတွေက.. ဘာဖြစ်..”.. ရန်နိုင်.. စကားစုတွေကို ဆက်စပ်သီကုံးလို့ မရဘူး ဖြစ်နေတယ်။ မြင်ခဲ့ရတဲ့ မြင်ကွင်းနဲ့ ရန်နိုင့် ဦးနှောက်နဲ့ အစပ်အဟပ် မတည့်သေးဘူး။ အဓိပ္ပာယ်ပေါ်အောင် ဖော်ဆောင်ကြည့်လို့ မရသေးဘူး။ “ဒါဒါ့ကို သူတို့ ဘာလုပ်မလို့လဲ..ဟီး..”.. ပြောရင်းနဲ့ ရန်နိုင် ငိုသံတွေ ပါလာပြန်တယ်။
အဖေက သူ့လက်တွေကို ပိုပြီး တင်းတင်း ဆုပ်ကိုင်လိုက်တယ်။
“အဖေ သားကို ရှင်းပြချင်တယ်။ ရှင်းပြဖို့လည်း အချိန်တွေ အများကြီး ရှိခဲ့တယ်။ ဒါပေမယ့် အဖေ ပြောမထွက်ဘူး။ ငါ့သား.. ငါ့သားက အရမ်း ငယ်သေးတယ်လေ..။ တကယ်က စန္ဒာ..တစ်ယောက်တည်း ဖြစ်ရမှာ.. တစ်ယောက်တည်း ..ဖြစ်ရမှာ”
ရန်နိုင် ခေါင်းတွေ မူးလာတယ်။ အဖေပြောတာတွေကို သူ တစ်ခုမှ နားမလည်ဘူး။ ပြန်မေးစရာ မေးခွန်းကိုလည်း စဉ်းစားလို့ မရဘူး။
“အဖေ ဘာတွေ ပြောနေတာလဲဟင်”
အဖေက ဟူးခနဲ သက်ပြင်းချတယ်။ ရန်နိုင့်လက်တွေကို အသာအယာ လွှတ်ချတယ်။ သူ့မျက်နှာသူ လက်နဲ့ ပြန်အုပ်တယ်။ ခေါင်းက ဆံပင်တွေကို ထိုးဆွတယ်။
ဟိုဘက်ခန်းက ထွက်လာတဲ့ ခပ်တိုးတိုး ခြေသံတွေ ကြားရတယ်..။ ခြေသံတွေက အဖေ့ အိပ်ခန်းတံခါးနဲ့ နီးသထက် နီးလာတယ်။
အဖေ့ တစ်ကိုယ်လုံး သတိအနေအထား.. တောင့်ခနဲ ဖြစ်သွားတယ်။
“ရန်နိုင်.. အဖေ အခု ရှင်းပြဖို့ အချိန် မရှိဘူး။ အဖေ ပြောတာကို နားထောင်”..အဖေ့လက်နှစ်ဖက်က ရန်နိုင့်ပခုံးပေါ်ကို ပြန်ရောက်လာတယ်။ အဖေ့လက်တွေရဲ့ ညှစ်အားအောက်မှာ ရန်နိုင့် ပခုံးသားတွေ ပူထူလာတယ်။
“ကျွန်တော်..”
“ဟိုမှာ.. အဖေ့ရဲ့ စားပွဲနောက်မှာ.. နေရာလွတ်ရှိတယ်။ အဲဒီမှာ သွားပုန်းနေ။ ဘာပဲ ဖြစ်ဖြစ်.. ဘာသံပဲကြားကြား အပြင်ကို လုံး၀ ထွက်မလာနဲ့။ မနက်.. မနက်လင်းတဲ့အထိ အဲဒီနေရာမှာ ပုန်းနေ။ နေထွက်လာရင်.. နေထွက်လာတော့မှ .. ပြန်ထွက်လာခဲ့။ နားလည်လား”
ရန်နိုင် နောက်ကို လှည့်ကြည့်လိုက်တယ်။ အခန်းထောင့်မှာ ချထားတဲ့ အဖေ့ စာကြည့်စားပွဲနဲ့ နံရံကြားမှာ လူတစ်ကိုယ်စာ လွတ်နေတယ်။ အခန်းထဲမှာ ဖွင့်ထားတဲ့ မီးရောင်က စားပွဲနားအထိ မရောက်တော့ အခန်းထောင့်က ခပ်မှောင်မှောင် ဖြစ်နေတယ်။
“အဖေ ဘာတွေ ပြောနေတာလဲ။ ကျွန်တော် ကြောက်လာပြီ။ ကျွန်တော့်ကို မခြောက်ပါနဲ့.. မလုပ်..”
“ထက်ရန်နိုင်ထွန်း”..အံကြိတ်ရင်း ပြောလိုက်တဲ့ အဖေ့ လေသံက မာထန်နေတယ်။…“အချိန်မရှိဘူး။ ငါပြောတဲ့အတိုင်း လုပ်။ မင်းညီမလေးကို မင်း ပြန်တွေ့ချင်တယ် မဟုတ်လား။ ဒါဒါ့ကို ချစ်တယ် မဟုတ်လား”
ရန်နိုင် ခေါင်းညိတ်လိုက်တယ်။ ရင်ဘတ်ထဲက ဆို့တက်လာတဲ့ အလုံးတွေကို ပြန်မျိုချတယ်။ ဆက်တိုက် စီးကျနေတဲ့ မျက်ရည်တွေကိုတော့ မသုတ်နိုင်တော့ဘူး။
“ဒါဆိုရင် သွား.. စားပွဲနောက်ကိုသွား။ အခု သွားတော့”
ရန်နိုင် သူ့အဖေကို ကြောင်ကြည့်နေမိတယ်။ ဘာတွေ ဖြစ်နေတာလဲ။ ဘာတွေ ဖြစ်ကုန်ပြီလဲ။ အမေက အမေနဲ့ မတူ.. အစ်မက အစ်မနဲ့ မတူတော့သလို.. သူ့အဖေကိုယ်တိုင်ကလည်း ဘာတွေ..
တံခါးခေါက်သံ တဒေါက်ဒေါက် ထွက်လာတယ်။
အဖေ.. ရန်နိုင့်ကို ဆောင့်တွန်းလိုက်တယ်။ ရန်နိုင် ယိုင်ထိုးပြီး နောက်ကို သုံးလေးလှမ်း ဆုတ်သွားတယ်။
အဖေက မတ်တပ်ထရပ်တယ်။ တံခါးကို သူ့ကျောနဲ့ ကပ်တယ်။ ရန်နိုင့်ကို မေးဆတ်ပြတယ်။
တံခါးခေါက်သံက ပြင်းသထက် ပြင်းလာတယ်။ တဒေါက်ဒေါက်ကနေ တဒုန်းဒုန်း ဖြစ်လာတယ်။
ရန်နိုင့်ကို ကြည့်နေတဲ့ အဖေ့မျက်လုံးတွေက တောင်းပန်ခယနေတဲ့ မျက်လုံးတွေ..။
ရန်နိုင် နောက်ကို အမြန်လှည့်တယ်။ စားပွဲနောက်ကို ပြေးဝင်တယ်။ နံရံနဲ့ စားပွဲကြားမှာ..ဒူးထောက်ထိုင်ချလိုက်တယ်။ ပြတင်းပေါက် ခန်းဆီးရှည်ကို သူ့ကိုယ်ပေါ်မှာ ပတ်ပြီး ခြုံတယ်။ တအိအိ ငိုချင်နေတဲ့ ပါးစပ်ကို လက်နဲ့ ပိတ်တယ်။ ပြင်းထန်နေတဲ့ အသက်ရှူသံကို တတ်နိုင်သလောက် နှေးကျသွားအောင် ထိန်းတယ်။
တံခါး ဖွင့်သံ..။
အထဲကို လှမ်းဝင်လာတဲ့ ခြေသံ။
“ဟိုကောင် ဘယ်မှာလဲ”.. အမေ့ရဲ့ အသံ။
အဖေ့ဆီက ပြန်ဖြေသံ မကြားရဘူး။
“ငါမေးနေတယ်လေ။ ဟိုကောင် ဘယ်မှာလဲ။ အောက်ထပ်မှာလည်း မရှိဘူး”..အမေ့အသံက ရေခဲရိုက်ထားသလို အေးစက်နေတယ်။
“မသိဘူး”..အဖေ့ဆီက ပြန်ဖြေသံ ထွက်လာတယ်။
ရန်နိုင် မအော်မိအောင် သူ့လျှာသူ ပြန်ကိုက်ထားမိတယ်။
“မျိုးလွင်ထွန်း.. နင်ငါ့ကို ဝေ့လည်ကြောင်ပတ် မလုပ်နဲ့နော်။ ထက်ရန်နိုင်ထွန်း ဘယ်မှာလဲ”
အဖေ့ဆီက ပြန်ဖြေသံ ထွက်မလာဘူး။
အခန်းထဲကို လှမ်းဝင်လာတဲ့ နောက်ထပ်ခြေသံတစ်သံ..။
“အောက်ထပ်မှာ မတွေ့ဘူး။ မီးဖိုထဲမှာလည်း မရှိဘူး။ ဧည့်ခန်းထဲလည်း ရှာပြီးပြီ”.. မသော်တာရဲ့ အသံ။
“မျိုးလွင်ထွန်း”.. အမေ့ရဲ့ လေသံက ပိုကျယ်လာတယ်။ “ဒီညက ဘယ်လောက် အရေးကြီးသလဲ နင်သိတယ်နော်။ ငါတို့ စီစဉ်ထားတာတွေ အကုန် ပျက်ကုန်မယ်။ ဟိုကောင် ဘယ်မှာလဲ”
“သူနဲ့ ဘာဆိုင်သလဲ။ သူ့ကို လိုမှ မလိုပဲ။ မင်း လိုချင်တာ.. ရပြီ မဟုတ်လား”.. အဖေ့အသံက ကြောက်စိတ်တစ်ဝက် ပါနေသလို မဝံ့မရဲ ဖြစ်နေတယ်။
“ဆိုင်တယ် မဆိုင်ဘူး။ လိုတယ် မလိုဘူး ဆိုတာ နင် ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး။ ငါ့ကိစ္စ”.. အမေက ပြန်ပြောတယ်။ “၁၃ နှစ်နော်.. ၁၃ နှစ်လုံးလုံး စောင့်လာတာ။ ဒီည ဘာမှ အမှားအယွင်း ရှိလို့ မရဘူးဆိုတာ နင် နားမလည်ဘူးလား..”
“ဒါပေမယ့်.. ငါ့သား… ရန်နိုင်က..”
“ဟားဟား.. ဘာ ငါ့သားလဲ။ စောက်အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့”
အမေ့ပါးစပ်က ထွက်လာတဲ့ ဆဲသံကြောင့် ရန်နိုင် တွန့်ခနဲ ဖြစ်သွားတယ်။
“နင် သဘောတူတုန်းက တူခဲ့ပြီးမှ.. အခုမှ ဘာအရူးထတာလဲ။ ဒီကလေးနှစ်ယောက်ကို နင်လည်း မပိုင်ဘူး။ ငါလည်း မပိုင်ဘူး.. အခု ပိုင်ရှင် လာတော့မယ်။ ထက်ရန်နိုင်ထွန်း ဘယ်မှာလဲ”
“ရန်နိုင့်ကို ဘာလုပ်မလို့လဲ။ သူနဲ့ မဆိုင်ဘူးလေ.. သူ့ကို.. သူ့ကို..”
“အာ.. လျှာရှည်လိုက်တာ.. ဒီလူကြီးကို သတ်ရင်လည်း သတ်လိုက်တော့ အမေ။ ဟိုမသာလေး ဒီအိမ်ထဲမှာပဲ ရှိမှာပဲ။ ကျွန်မ ရအောင် ရှာမယ်”.. မသော်တာက ဝင်ပြောတယ်။
ရန်နိုင့်ပါးစပ်ထဲက အိ..ခနဲ ငိုသံ တိုးတိုး ထွက်လာတယ်။ ပါးစပ်၀ကို လက်နဲ့ အမြန် လှမ်းပိတ်လိုက်ရတယ်။
“နင် ဝင်မပါနဲ့။ သွား.. ဟိုကောင်မဆီကို ပြန်သွားကြည့်ဦး။ အဆင်သင့် ဖြစ်နေပြီလား.. သေချာအောင် သွားစစ်”.. အမေက ပြောတယ်။
အခန်းပြင်ကို ပြန်ထွက်သွားတဲ့ မသော်တာရဲ့ ခြေသံကို ကြားရတယ်။
အခန်းထဲမှာ ခဏ တိတ်ဆိတ်သွားတယ်။ အဖေ့ရဲ့ အသက်ရှူသံ ပြင်းပြင်းကိုတော့ ကြားနေရတယ်။
“နင် သေချင်နေပြီလား မျိုးလွင်ထွန်း။ တကယ် သေချင်နေတာလား။ ငါ မေးနေတာကို ဖြေ။ ထက်ရန်နိုင်ထွန်း ဘယ်ရောက်သွားသလဲ”.. အမေ့လေသံက အချိန်မရွေး ခုတ်ချလိုက်တော့မယ့် ဓားသွားတစ်ခုလို ထက်ရှနေတယ်။
“ရန်နိုင် မရှိတော့ဘူး”
“ဘယ်ရောက်သွားတာလဲ”
“ညဦးပိုင်းကတည်းက ငါ သူ့ကို အိမ်ထဲကနေ ခေါ်ထုတ်သွားပြီး အသိတစ်ယောက်အိမ်ကို ပို့လိုက်ပြီ”..အဖေက ပြန်ဖြေတယ်။
“နင်လိမ်နေတာ”
“မလိမ်ဘူး။ ငါ တကယ်ပြောတာ။ သူ တကယ် ဒီမှာ မရှိတော့ဘူး.. တကယ်..”
အဖေ့ဆီကနေ ထွက်လာတဲ့ အွတ်..ဆိုတဲ့ အသံကြီး ကြားရတယ်။ နံရံနဲ့ ကိုယ်လုံးနဲ့ ပြေးရိုက်တဲ့ ၀ုန်းဆိုတဲ့ အသံ ထွက်လာတယ်။ အော်မိမှာစိုးလို့ လျှာကို တင်းတင်းကိုက်ထားရင်း.. ရန်နိုင့် လျှာဖျားက သွေးတွေ စိမ့်ထွက်လာတယ်။ သွေးထဲက သံချေးအရသာ..ပါးစပ်ထဲမှာ ပြန့်သွားတယ်။
“သတ်ချင်လည်း သတ်လိုက်.. ငါ့ကို သတ်လိုက်.. အခု သတ်လိုက်..”.. အဖေ့စကားသံက မပီတော့ဘူး ဗလုံးဗထွေးတွေ ဖြစ်နေတယ်။
“သတ္တိတွေ အရမ်းပြည့်နေတယ်ပေါ့.. ဟုတ်လား..”..အမေ့ လေသံထဲမှာ လှောင်သံ တစ်ဝက်ပါနေတယ်။ ..“နင့်ဦးနှောက်ထဲမှာ ချေးပဲ ရှိသလား မျိုးလွင်ထွန်း။ ကိုယ်မပိုင်တဲ့ ပစ္စည်းကို ဘာလို့ ဖက်တွယ်နေတာလဲ။ ဒီမှာ.. ငါကိုယ်တိုင်တောင်.. ဘာမှ မဖြစ်ဘူး။ နင်က ဘာဖြစ်နေတာလဲ”
“ငါက.. မင်းတို့လို လူစိတ် မရှိတော့တဲ့ သတ္တဝါတွေ မဟုတ်ဘူး။ မင်းတို့.. မင်းတို့လို မကောင်းဆိုးဝါးတွေ မဟုတ်ဘူး”
“ဟီးဟီး..မကောင်းဆိုးဝါး.. ဟုတ်လား..”.. အမေ့ရဲ့ စကားသံ ရုတ်တရက် ပြောင်းသွားတယ်။ လေသံက ဩဩကြီး ဖြစ်သွားတယ်။ လိုဏ်ခေါင်းထဲက တိုးထွက်လာတဲ့ အသံလို .. စကားလုံးတွေက မကျယ်ဘဲ မြည်ဟိန်းနေတယ်။ ပဲ့တင်သံလို နှစ်ထပ် သုံးထပ်တွေ ဖြစ်နေတယ်။ .. “ဘယ်လို မကောင်းဆိုးဝါးလဲ.. ဘယ်လို သတ္တဝါလဲ.. ဒီလို..ပုံစံကို ပြောတာလား..”
အန်ဖတ်ဆို့နေတဲ့ ခွေးတစ်ကောင်လို..ဂတ်ခနဲ အသံကြီးတစ်ခု ထွက်လာတယ်။ အခန်းထဲမှာ အပုပ်နံ့တွေ ရုတ်တရက် လွှမ်းခြုံသွားတယ်။ စောစောက.. ဒါဒါ့ အခန်းရှေ့မှာ ရလိုက်တဲ့ အနံ့မျိုး။ ရန်နိုင် မျက်လုံးတွေ ကျိန်းစပ်လာတယ်။ တစ်ကိုယ်လုံးကို တက်ဖိထားတဲ့ ကြောက်စိတ်ကြောင့် အသက်ရှူကြပ်လာတယ်။
စားပွဲတစ်ခုလုံး ခံနေတဲ့အတွက် ရန်နိုင့်နေရာကနေ ဘာမှ မမြင်ရပေမယ့် ရန်နိုင် မျက်လုံးတွေကို အတင်း မှိတ်ထားလိုက်တယ်။ အိပ်မက်ဆိုရင်လည်း မြန်မြန် နိုးပါတော့.. ဆုတောင်းနေမိတယ်။
“ဒီအိမ်ထဲမှာ မရှိလည်း.. သူ ရှိတဲ့နေရာကို ငါရအောင် လိုက်ရှာမှာ.. နင် နားလည်လား။ ငါ့ လက်ထဲကနေ မလွတ်စေရဘူး။ ဒီကောင့်ကို အရသာခံဖို့ ၁၃ နှစ် လုံးလုံး ခွေးမျှော်သလို မျှော်နေရတာ။ ဒီည.. ဒီည.. ငါတို့ရဲ့ ဆုကို.. နင် ဘာလုပ်လိုက်တာလဲ။ နင် ဘယ်ကို ပို့လိုက်တာလဲ”
အဖေ့ဆီကနေ ရယ်သံလိုလို.. ငိုသံလိုလို ဟက်..ဟက်..ဆိုတဲ့ အသံ ထွက်လာတယ်။
“ဘာဆုလဲ။ ဘယ်ဆုကို မျှော်ကိုးနေတာလဲ။ မင်းတို့ကိုယ် မင်းတို့ ဘာထင်နေတာလဲ။ အောက်တန်းစားတွေ။ ကြွက်စုတ်၊ ခွေးယုတ်လောက်ပဲ အဆင့်ရှိတဲ့ မကောင်းဆိုးဝါးတွေ။ ပြိတ္တာ အစုတ်အပြတ်တွေ။ မင်းကိုယ်မင်း ကျွန်ပီသလှပြီ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သိပ် အထင်ကြီးနေတာလား။ သတ်လိုက်။ ငါ့ကို အခု သတ်လိုက်။ ငါ သေရင် ရောက်မယ့်နေရာက.. မင်း အခု နေနေရတဲ့ နေရာထက် သာတယ်။ နားလည်လား”
အဖေ့ဆီကနေ ထွီခနဲ တံတွေးထွေးထုတ်လိုက်တဲ့ အသံ ကြားရတယ်။
အမေ့ဆီက.. စိတ်ဆိုးမာန်ဆိုး မာန်ဖီလိုက်တဲ့ ဟီး..ဆိုတဲ့ အသံကြီး ကြားရတယ်။
ဂျွတ်ဆိုတဲ့.. တစ်ခုခု ကျိုးကြေ စုတ်ပြတ်သွားတဲ့ အသံ။
အဖေ့ပါးစပ်က တခွီခွီနဲ့.. အသက်ငင်တဲ့ အသံတွေထွက်လာတယ်။
အမေ့ပါးစပ်က.. တဂွပ်ဂွပ် မျိုချလိုက်တဲ့ အသံတွေ ကြားရတယ်။
သွေးညှီနံ့က အပုပ်နံ့နဲ့ ရောပြီး အခန်းထဲမှာ ဟောင်လာတယ်။
ရန်နိုင် မျက်လုံးတွေကို မှိတ်ထားတယ်။ နားတွေကို ပိတ်ထားတယ်။
အိပ်မက်ဆိုးကနေ နိုးလာနိုင်ဖို့ တတွတ်တွတ် ဆုတောင်းတယ်။
(၂)
အချိန်ဘယ်လောက် ကြာသွားပြီလဲ.. ရန်နိုင် မသိဘူး။
မိုးလင်းပါတော့.. လို့ ဆုတောင်းပြီး သူ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။
ဆုတောင်း မပြည့်ဘူး။
သူပုန်းနေတဲ့ အခန်းထောင့် စားပွဲနောက်နေရာက မှောင်မြဲ မှောင်ဆဲပဲ။
အိပ်မက်က နိုးပါတော့..လို့ ဆုတောင်းပြီး သူ့ပါးသူ ပြန်ရိုက်ကြည့်တယ်။
ဆုတောင်း မပြည့်ဘူး။
ပါးတစ်ခုလုံး ကျင်ပြီး နာသွားတာကလွဲလို့.. ဘာမှ ထူးမလာဘူး။
တောင့်တင်းနေတဲ့ ဒူးခေါင်းတွေကို လှုပ်ကြည့်တယ်။ ကျင်တက်လာတဲ့ ဝေဒနာကြောင့် ရန်နိုင့် မျက်နှာ ရှုံ့မဲ့သွားတယ်။
ဒူးထောက်ထိုင်နေရာကနေ သူ ကြိုးစားပြီး ထတယ်။ စားပွဲခုံကို ခေါင်းတစ်ဝက်..ကျော်ပြီး အခန်းပတ်ဝန်းကျင်ကို လှမ်းကြည့်တယ်။
မီးရောင်ဖျော့ဖျော့အောက်မှာ .. ကြမ်းပြင်မှာ ပက်လက် လဲနေတဲ့ အဖေ။
အဖေ့လည်ပင်းနေရာမှာ ဟောက်ပက်ကြီးဖြစ်နေတဲ့ အပေါက်တစ်ပေါက်။ သွေးတွေက မြင်မကောင်းဘူး။
ကြောက်စိတ်က အထွတ်အထိပ်ကို ရောက်ပြီးသားမို့.. ရန်နိုင့် တစ်ကိုယ်လုံး ထုံပေပေ ဖြစ်နေတယ်။ အာမေဋိတ်သံတွေ ထွက်မလာတော့ဘူး။ ကျစရာ မျက်ရည်လည်း ကုန်ပြီထင်တယ်။
အဖေ့အလောင်းကို ငေးကြည့်နေရင်း .. ဟိုတလောက တွေ့ခဲ့ရတဲ့ ..ဆီဆိုင်ရှေ့က မြင်ကွင်းကို ရန်နိုင် သတိရသွားတယ်။ ပဟေဠိ အပိုင်းအစတွေ ရန်နိုင့် ခေါင်းထဲမှာ တစ်ခုချင်း ဆက်မိသွားတယ်။ ယွန်းအုပ်ထဲက လွင့်ထွက်လာတဲ့ ဟန်းဖုန်းတွေ..။ မသော်တာနဲ့.. ကိုအောင်မော်..။
စန္ဒာ..
စန္ဒာ.. ညီမလေး ဘာဖြစ်သွားပြီလဲ။
ရန်နိုင် စားပွဲခုံနောက်မှာ ပြန်ထိုင်ချလိုက်တယ်။ ငိုချင်လာတယ်။ ကုန်သွားလောက်ပြီလို့ ထင်ထားတဲ့ မျက်ရည်တွေက.. ဘယ်ကဘယ်လို.. ပြန်ထွက်လာသလဲ..။
ရန်နိုင့် ရင်တစ်ခုလုံး အောက်ကို ကျွံကျသွားသလို လှိုက်ခနဲ ဝမ်းနည်းသွားတယ်။ ၁၃ နှစ်ပဲ ရှိသေးတဲ့ သူ့ အသက်အရွယ်ကို သူ စိတ်နာမိသွားတယ်။ ဘာမှ မလုပ်နိုင် မကယ်နိုင်ဘဲ ချောင်ထဲမှာ ပုန်းနေရတဲ့ သူ့သတ္တိသူ မုန်းမိသွားတယ်။ ဘာမှ မတတ်နိုင်တဲ့ ဝေဒနာဆိုးက.. သူ့ကို အရွယ်နဲ့ မလိုက်အောင် ဖိစီးလာတယ်။
သူဘာဆက်လုပ်ရမလဲ။
ရန်နိုင့် မျက်လုံးတွေက ပြတင်းပေါက် ခန်းဆီးနောက်က.. ချက်ဆီကို ရောက်သွားတယ်။
ပြတင်းပေါက်ကနေ ခုန်ချ ပြေးရမလား။
အောက်ကို ခုန်ချရင် ခြေကျိုးမလား.. လက်ကျိုးမလား.. ဇက်ကျိုးမလား..။
သူများအိမ်တွေ ကြားလောက်အောင် အသံကုန်ဟစ်ပြီး အော်လိုက်ရမလား..။
အော်သံကိုတော့ ဘေးအိမ်တွေ ကြားဖို့ မဖြစ်နိုင်။ ရန်နိုင်တို့ရဲ့ အိမ်ခြံဝင်းဘေးမှာ အိမ်နီးခြင်း ခြံတွေ မရှိ။ ဟိုဘက် တစ်လမ်းကျော်မှာတော့ ပျဉ်ထောင်အိမ် သုံးလေးလုံး ရှိတယ်။ ဒါပေမယ့် ရန်နိုင့်အိမ်နဲ့ လှမ်းလွန်းတယ်။
ဖုန်း.. ဖုန်းဆက်ရင်ရော..။
အခန်းထဲမှာ ကျန်ခဲ့တဲ့ ဟန်းဖုန်းကို ရန်နိုင် အခုမှ သတိရသွားတယ်။
အခန်းထဲအထိ ပြန်သွားလို့ ဖြစ်ပါ့မလား။
အဖေ့ဟန်းဖုန်း..ရော.. ဘယ်ရောက်နေသလဲ။ အခန်းထဲမှာပဲ ရှိမှာပေါ့.. ရန်နိုင့်ရဲ့ ထူပူနေတဲ့ ဦးနှောက်က အသိပေးတယ်။ အိပ်ရာဘေးက စားပွဲပေါ်မှာ.. ရှိလောက်မယ်။
စားပွဲခုံ နောက်ကနေ.. အိပ်ရာဘေးကို တွားသွားရမယ့် ခရီးလမ်းကို ရန်နိုင် စိတ်တွက်တွက်တယ်။ ဖုန်းကို လှမ်းယူပြီး နိုင်းဝမ်းဝမ်းကို ဆက်ဖို့.. အချိန် ဘယ်လောက် ကြာမလဲ။
အမေတို့..ဘယ်ရောက်နေကြသလဲ။
ဘာသံမှ မကြားရဘူး။
တစ်အိမ်လုံး တိတ်ဆိတ်နေတယ်။
ရန်နိုင် အသက်ကို အောင့်လိုက်တယ်။
လေးဘက်ထောက်တယ်။
ကုတင်ဘက်ကို ဦးတည်တယ်။
ပထမတစ်လှမ်း .. အလှမ်းမှာ..
စားပွဲတစ်ခုလုံး ကျွီခနဲ ဘေးကို ရွေ့သွားတယ်။
ရန်နိုင့်ကို ကာကွယ်ပေးထားတဲ့ အကာအကွယ်.. ရုတ်ခနဲ ပျောက်သွားတယ်။
ဟာလာဟင်းလင်း ဖြစ်သွားတဲ့ ခံစားချက်နဲ့ အတူ.. ရန်နိုင်.. လေးဘက်ထောက်နေရာကနေ မရှိတော့တဲ့ စားပွဲနေရာကို လှမ်းကြည့်လိုက်တယ်။
စားပွဲကို လက်နဲ့ ကိုင်ထားရင်း.. မတ်တပ်ရပ်ပြီး ရန်နိုင့်ကို မိုးကြည့်နေတဲ့ အမေ။
ဘေးမှာ.. သူ့ကို လက်ပိုက်ပြီး ကြည့်နေတဲ့ မသော်တာ။
(၃)
ရန်နိုင့် ပါးစပ်ထဲကို ထိုးထည့်ထားတဲ့ အဝတ်စက ရေမွေးနံ့ တထောင်းထောင်း ထွက်နေတယ်။ မသော်တာရဲ့ လက်ကိုင်ပုဝါ ဖြစ်မယ်ထင်တယ်။ သူ့လက်တွေကို နောက်ပြန်ချည်ထားတဲ့ ကျွတ်ကျွတ်ကြိုးက တင်းလွန်းလို့ အသားထဲကို နစ်ဝင်နေတယ်။
အောက်ထပ် ဧည့်ခန်းထဲက မီးလုံးတွေ.. အကုန် ပိတ်ထားတယ်။
ကြမ်းပြင်မှာ စီရီထွန်းထားတဲ့ ဖယောင်းတိုင်တွေရဲ့ အလင်းရောင်ဝါဝါတွေပဲ ရှိတယ်။
အိမ်ရှေ့တံခါးနဲ့ မလှမ်းမကမ်း ကြမ်းပြင်မှာ ရန်နိုင့်ကို ဒူးထောက် ထိုင်ခိုင်းထားတယ်။
အမေနဲ့ မသော်တာက ဖယောင်းတိုင်ထုပ်ထဲက ဖယောင်းတိုင်တွေကို တစ်တိုင်ပြီး တစ်တိုင်ထုတ်တယ်။ ထိုင်ခုံ လက်ရမ်းတွေပေါ်မှာ၊ လှေကား လက်ရမ်းတွေပေါ်မှာ..၊ ပြတင်းဘောင်တွေပေါ်မှာ.. ဖယောင်းတိုင်တွေကို လိုက်စိုက်တယ်။ မီးညှိတယ်။ မသော်တာက ပါးစပ်ကနေ သီချင်း တအေးအေး ညည်းနေတယ်။ အမေကတော့ မျက်နှာ တင်းတင်းနဲ့ အလုပ်ကို အာရုံစိုက်နေတယ်။
အမေ့ ပါးစပ်အစွန်းမှာ အခုထိပေနေသေးတဲ့ အဖေ့ရဲ့ သွေးစက် အစအနတွေ။
ရန်နိုင် မျက်လုံးတွေကို ပုတ်ခတ် ပုတ်ခတ် လုပ်ကြည့်တယ်။ မျက်စိရှေ့က မယုံနိုင်စရာ မြင်ကွင်းတွေ.. ပြောင်းများ ပြောင်းသွားမလား..။
ဧည့်ခန်းရဲ့ နံရံကပ်နာရီကို လှမ်းကြည့်တော့ မနက် ၂ နာရီခွဲ။
(၄)
အခန်းထဲက အအေးရှိန်က တက်သထက် တက်လာတယ်။ ညဝတ်အင်္ကျီနဲ့ ဘောင်းဘီခပ်ပါးပါးပဲ ဝတ်ထားတဲ့အတွက် ရန်နိုင့် ကိုယ်လုံးက ချမ်းစိမ့်ပြီး တုန်ရင်နေတယ်။
မသော်တာ.. ရန်နိုင့်အနားကို ရောက်လာတယ်။
ရန်နိုင့်ရဲ့ ပွထနေတဲ့ ဆံပင်တွေကို သူ့လက်နဲ့ သပ်တင်ပေးတယ်။
ရန်နိုင် ခေါင်းကို ဆောင့်ပြီး ရုန်းလိုက်တော့ မသော်တာက ခပ်တိုးတိုးရယ်တယ်။
ဘာစကားမှတော့ မပြောဘူး။ ရန်နိုင့်ပါးကို လက်ဖဝါးနဲ့ ခပ်ဆတ်ဆတ်လေး တစ်ချက် ရိုက်ပြီး ပြန်ထွက်သွားတယ်။
လှေကားပေါ်ကို တက်သွားကြတဲ့ ခြေသံတွေ ကြားရတယ်။
ရန်နိုင်… ဒူးထောက်နေရာကနေ ထပြေးဖို့ ပြင်သေးတယ်။ ဒါပေမယ့် သူ့ရဲ့ ခွန်အားက အကုန်ခပ်ထုတ် ခံလိုက်ရသလို .. ခမ်းခြောက်နေပြီ။ စောစောက မသော်တာ ဆောင့်ကန်ထားတဲ့ ဒဏ်ကြောင့် သူ့ကျောပြင်တစ်ခုလုံး အောင့်သက်သက် ဖြစ်နေတယ်။ အမေ့ လက်ဖဝါးနဲ့ ဖြတ်ရိုက်ထားတဲ့ အတွက်.. ရန်နိုင့် မေးရိုးက အခုထိ ထူပူနေတယ်။ အမေ.. ဘာလို့ အမေလို့ ဆက်ခေါ်နေမိတာလဲ..။ ဒီမိန်းမကြီးက သူ့အမေ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. မသော်တာကရော.. သူ့အစ်မ ဟုတ်ပါ့မလား..။ ရန်နိုင် တွေးနေမိတယ်။ သူနဲ့ စိတ်ချင်းဆက်သွယ်.. သွေးရင်းသားရင်းလို ခံစားလို့ရတာဆိုလို့.. စန္ဒာ တစ်ယောက်ပဲ ရှိတော့တယ်။
စန္ဒာ..
လှေကားပေါ်က ပြန်ဆင်းလာတဲ့ ခြေသံတွေ ကြားရတယ်။
ရန်နိုင် နောက်ကို လှည့်ကြည့်လိုက်တယ်။
(၅)
အမေနဲ့ မသော်တာ.. လှေကားပေါ်ကနေ ပြန်ဆင်းလာကြတယ်။
သူတို့ရဲ့ ရှေ့ကနေ ဖြည်းဖြည်းချင်း ဆင်းလာတာက စန္ဒာ။
စန္ဒာက စောစောက ညအိပ်ဝတ်စုံနဲ့ပဲ..။
စန္ဒာ့ မျက်လုံးတွေက အပေါ်ကို လန်တက်နေတယ်။ မျက်ဆံမပါတဲ့ အဖြူသား သက်သက်တွေ။
အိပ်မက်မက်နေသလို.. စန္ဒာ့ ကိုယ်ခန္ဒာက တောင့်တောင့်ကြီးဖြစ်ပြီး စက်ရုပ်တစ်ရုပ်လို တစ်လှမ်းချင်း လှေကားထစ်တွေ.. တစ်ထစ်ချင်း။ စန္ဒာ့လက်ထဲမှာ ပိုက်ပြီး ယူလာတဲ့ အဝတ်အစား တချို့။ မိန်းမ အဝတ်အစားတွေ။
ဒါဒါ.. ညီမလေး…လို့ လှမ်းအော်လိုက်ပေမယ့် ရန်နိုင့် ပါးစပ်က ၀ူး၀ူးဝါးဝါး အသံတွေပဲ ထွက်လာတယ်။ ပါးစပ်ထဲမှာ ဆို့ထည့်ထားတဲ့ အဝတ်စက လည်မျိုထဲအထိ နစ်ဝင်နေတယ်။
စန္ဒာ .. ဧည့်ခန်းအလယ်မှာ ဒူးထောက်နေတဲ့ ရန်နိုင့်ကို ကျော်ပြီး အိမ်ရှေ့တံခါး၀ဆီကို လျှောက်သွားတယ်။
သူ့မျက်လုံးတွေက ဘာကိုမှ မြင်ပုံမပေါ်ဘူး။
တံခါးနဲ့ ခြေလှမ်း ၅ လှမ်းလောက်အလိုမှာ စန္ဒာ ရပ်လိုက်တယ်။
မသော်တာ.. ရန်နိုင့်ဘေးကို ရောက်လာပြန်တယ်။ ရန်နိုင့်ကို လက်တစ်ဖက်တည်းနဲ့ ချိုင်းကနေ ဆွဲမတယ်။ ရုန်းဖို့ မတတ်နိုင်တော့တဲ့ ရန်နိုင် .. မသော်တာ ဆွဲခေါ်ရာကို တရွတ်တိုက် ပါသွားတယ်။
စန္ဒာ့ အနားကိုရောက်တော့.. မသော်တာက ရန်နိုင့်ကို ကြမ်းပေါ်ကို ပစ်ချလိုက်တယ်။ စန္ဒာ့ခြေထောက်ဘေးမှာ ရန်နိုင် လဲကျသွားတယ်။ လက်ပြန်ကြိုးတုပ်ထားတဲ့အတွက် ပြန်ထလို့ မရဘူး။ လည်ပြန်မော့ကြည့်လိုက်တော့.. အိမ်ရှေ့တံခါး၀ကို တွေတွေကြီး စိုက်ကြည့်နေတဲ့ စန္ဒာ့ရဲ့ မျက်လုံးတွေကို မြင်ရတယ်။ သူ့ကိုများ သူ့ညီမလေး ငုံ့ကြည့်လေမလား.. ရန်နိုင် မျှော်လင့်သေးတယ်။
ဖြစ်မလာဘူး။
အမေနဲ့ မသော်တာ.. စန္ဒာ့ဘေးမှာ ဘယ်ညာ ဝန်းရံတယ်။ အမေက စန္ဒာ့ အင်္ကျီတွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ဆွဲဆန့်ပေးတယ်။ မသော်တာက စန္ဒာ့ နှုတ်ခမ်းမှာ ပေနေတဲ့ သွားရေ အကြွင်းအကျန်တွေကို သုတ်ပေးတယ်။
ပြီးတာနဲ့ နှစ်ယောက်သား.. တစ်ခုခုကို စောင့်နေသလို.. လက်နှစ်ဖက်ကို နောက်ပစ်၊ ပိတ်ထားတဲ့ အိမ်ရှေ့တံခါး၀ကို ကြည့်နေကြတယ်။
(၆)
နံရံကပ်နာရီဆီကနေ မြည်သံ သုံးချက်.. ခပ်အုပ်အုပ် ထွက်လာတယ်။
ကြမ်းပြင်မှာ လက်နောက်ပြန်ပစ်၊ လဲကျနေတဲ့..ရန်နိုင့် အမြင်အာရုံတွေက ဝေဝါးနေပြီ။ သူ့ရဲ့ သိစိတ်က သူ့ကိုယ်ထဲကနေ အပြင်ကို စိမ့်ထွက်.. ပျောက်ပြယ် ချင်နေပြီ။ ဒီည.. သူ သေတော့မယ်..ထင်တယ်.. ဆိုတဲ့ အတွေးက အခုအချိန်မှာ ဘာမှ မထူးဆန်းတော့သလို။
မသေခင်မှာ .. ပြန်တွေးချင်စရာ အမှတ်တရလေးများ ရှိနေမလား.. ရန်နိုင်.. စဉ်းစားကြည့်တယ်။ သူ့ရဲ့ တိုတောင်းသေးတဲ့ ဘ၀လမ်းမှာ ပျော်ရွှင်စရာ ဘာတွေ ရှိခဲ့သလဲ။ လွမ်းစရာ ဘာတွေရှိခဲ့သလဲ။
ဘာဆို ဘာမှ ခေါင်းထဲ ပေါ်မလာဘူး။
သူ့ညီမလေး ဒါဒါနဲ့ သူနဲ့ နှစ်ယောက်တည်း ရှိနေခွင့်ရတဲ့ အချိန် တချို့ကတော့ ပျော်စရာ ကောင်းခဲ့ပါတယ်။ သူသဘောကျတဲ့ စာအုပ်တွေ ဖတ်ရတဲ့အခါ.. ရန်နိုင် ပျော်ခဲ့မိတယ်။ သူ့အမေက.. လူလယ်ကောင်မှာ သူ့ကို.. သား..ဆိုပြီး ဟန်ဆောင်ခေါ်တဲ့အခါတွေမှာလည်း.. ရန်နိုင်တစ်ယောက် သတိလက်လွတ်ဖြစ်ပြီး ပျော်ခဲ့မိသေးတာပဲ။ ဒါပေမယ့်.. ဒီ အမှတ်တရတွေက အရမ်းကို နည်းလွန်းသေးတယ်။ ၁၃ နှစ်ဆိုတဲ့ သက်တမ်းဟာ တစ်ခုခုကို မြဲမြဲမြံမြံ ဆုပ်ကိုင်လို့ ရအောင်လောင် မရှည်လျားဘူး။ မလုံလောက်ဘူး။
ဒီနေ့.. ညဦးပိုင်းကနေ.. အခု အချိန်အထိ ဖြစ်ပျက်ခဲ့တာတွေကို ရန်နိုင် ပြန်မတွေးချင်ဘူး။ ဒီအိပ်မက်ဆိုးရဲ့ အဖြေကိုလည်း သူမသိချင်ဘူး။ အဖြေကိုသိရလည်း ဘာမှ မထူးတော့ဘူး။ ရန်နိုင့်ဘ၀က ဒီတစ်ညတည်းနဲ့ အစိတ်စိတ်ကျိုးကြေ ပျက်သုဉ်းသွားပြီ။ စာအုပ်တွေထဲမှာ ဖတ်ဖူးတဲ့.. နောင်ဘ၀..ဆိုတဲ့ အရာ.. တကယ်များ ရှိသလား။ နောင်ဘ၀ ရောက်တဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲ။ အဖေရော.. အဲဒီနေရာကို ရောက်နှင့်နေပြီလား။ သူ့ညီမလေး.. စန္ဒာရော.. သူနဲ့တွေ့ဖို့ လိုက်လာမှာလား။
ရန်နိုင့် အတွေးတွေက အဆက်အစပ် မရှိတော့ဘဲ ယောက်ယက်ခတ်စပြုလာတယ်။
ငါရူးတော့မှာလား မသိဘူး.. ရန်နိုင် တွေးမိတယ်။ ဆိုက်ကားဂိတ်မှာ ထိုင်ထိုင်နေတတ်တဲ့ ဟို..အရူးဦးလေးကြီးလို သူလည်း ဖြစ်သွားတော့မှာလား။ ပြဿနာတော့ မရှိပါဘူး။ ရူးသွားပေမယ့်လည်း ဒီည.. သူသေတော့မှာဆိုတော့.. အရူးဘ၀နဲ့တော့ သက်ဆိုးမရှည်လောက်ပါဘူး.. ရန်နိုင် တွေးမိတယ်။
ဟို..ဆီဆိုင်က အစ်မကြီးရဲ့ မောင်.. ဆိုတာကရော.. နောင်ဘ၀ ဆိုတဲ့ နေရာကို ရောက်နေပြီလား..မသိ..။
“လာတော့မယ်”
အမေ့ဆီက ထွက်လာတဲ့ အသံတိုးတိုးကြောင့် ရန်နိုင် အတွေးစတွေ ပြတ်သွားတယ်။
မသော်တာက ရန်နိုင့်ကို ကုတ်ကနေ ဆွဲမတယ်။ ရန်နိုင့်ကို ဒူးထောက် ထိုင်ခိုင်းတယ်။
ရန်နိုင် ဒယိမ်းဒယိုင်နဲ့ ညွတ်ခနဲ ခွေကျသွားတော့ မသော်တာက ပက်ပက်စက်စက် တစ်ချက် ဆဲတယ်။ ရန်နိုင့်ကို ပြန်ထူတယ်။ အတင်း ဒူးထောက်ခိုင်းတယ်။
အခန်းထဲကလေထု.. အရင်ကထက် ပိုသိပ်သည်းလာသလို.. လေထဲမှာ အီလေးလေး အငွေ့အသက် တစ်ခုခု ပါလာသလိုလို.. ရန်နိုင် အသက်ရှူကြပ်လာတယ်။ ခေါင်းကို မထောင်နိုင်တော့သလို.. အောက်ကို ငိုက်စိုက် ကျသွားတယ်။
အမေနဲ့ မသော်တာရဲ့ အသက်ရှူသံတွေ ပြင်းထန်လာတယ်။ စန္ဒာကတော့ အသက်မပါတဲ့ မျက်ဝန်းဖြူတွေနဲ့.. အရှေ့ကို တွေတွေကြီး ကြည့်ရင်း မတ်တပ်ရပ်လျက်သား။ မလှုပ်မယှက်။
အိမ်ရှေ့တံခါး ဖြည်းဖြည်းချင်း ပွင့်သွားတဲ့ အသံ..။
ရန်နိုင် ခေါင်းထောင် ကြည့်လိုက်တယ်။
(၇)
တံခါး၀မှာ ရပ်နေတဲ့ မိန်းမတစ်ယောက်။
မသော်တာထက် အသက်ကြီးလိမ့်မယ်။ အမေ့ထက်တော့ ငယ်မယ်။
အဲဒီမိန်းမရဲ့ ဆံပင်တွေက ခါးနားအထိ ဖားလျား ကျနေတယ်။
အဝတ်အစား တစ်ခုမှ မပါတဲ့ သူ့ကိုယ်ခန္ဒာမှာ.. သွေးအလူးလူးနဲ့။ ဖယောင်းတိုင် မီးဝါဝါတွေကြောင့် သွေးရောင်က နီရုံတင်မက.. မည်းနက်ပြောင်လက်နေတယ်။
အခန်းထဲက လေထု..လေးသထက် လေးလာတယ်။ အီလေးနေတဲ့ အပုပ်နံ့က လေထဲမှာ ဝဲနေတယ်။
မသော်တာနဲ့ အမေ.. တိုင်ပင်ထားသလို ကြမ်းပြင်ပေါ်ကို ပြိုင်တူ ဒူးထောက် ကျသွားတယ်။ လက်တွေကို ဖြန့်ထုတ်ပြီး နောက်ကို ပစ်တယ်။ နှဖူးတွေ ကြမ်းနဲ့ ထိလုမတတ်.. ခေါင်းကို ညွတ်တယ်။
ဆံပင်ရှည်နဲ့မိန်းမ.. အိမ်ထဲကို တစ်လှမ်းချင်း ဝင်လာတယ်။
စန္ဒာ့ရှေ့မှာ မတ်တပ်ရပ်တယ်။
စန္ဒာ့လက်ထဲက အဝတ်အစားတွေကို လှမ်းယူတယ်။
ဒူးထောက်နေတဲ့ ရန်နိုင့်ကို ငုံ့ကြည့်ပြီး မေးတယ်။
“ဒီကောင်လေးက ဘယ်သူလဲ”
+++
(ဆက်ရန်)