အခန်း (၆)
***
(၁)
အိုးထဲက ကြက်သားတုံးတွေ နူးအိနေပြီ။ ဘူးသီးဖတ်တွေဆိုရင် အရည်ပျော်လုနီးနီး။ ဟင်းအိုးကို ဇွန်းရှည်နဲ့ မွှေရင်း နိုင်မျိုးကျော် ဗိုက်ထဲမှာ တဂွီဂွီ မြည်ချင်လာတယ်။ ဘေးမှာ ချထားတဲ့ ဘီယာဘူးကို ယူပြီး သုံးလေးငုံ ကျိုက်ချလိုက်တယ်။
“မင်း ကြက်သားဟင်းက ဒီတစ်သက် စားရဦးမှာလား”.. ကွပ်ပျစ်ပေါ်မှာ ထိုင်ရင်း ဆေးလိပ်သောက်နေတဲ့ သန့်စင်အောင်က ဟင်းအိုးနားမှာ အလုပ်ရှုပ်နေတဲ့ နိုင်မျိုးကို လှမ်းမေးတယ်။ သန့်စင်ရဲ့ ဘေးမှာ မြတ်မင်းနဲ့ ထက်မင်း ညီအစ်ကို နှစ်ယောက်.. ဆေးပေါ့လိပ်တွေကို အခွံချွတ် ဆေးသားတွေကို သွန်ချနေကြတယ်။
တကယ်က ညဦးပိုင်းကတည်းက ကြက်သားဟင်း ချက်စားမယ်ဆိုပြီး ၄ ယောက်သား ပြင်ဆင်နေကြတာ။ ရောက်ကတည်းက အရက်သောက်နေတာနဲ့.. ဆေးခြောက်ရှူနေတာနဲ့…ဟင်းချက်ဖို့ကို သတိမရ၊ အခု ညတစ်နာရီလောက်ကြီး.. ဗိုက်တွေ တဂွီဂွီ ဆာလာကြတော့မှ နိုင်မျိုးဝယ်လာတဲ့ ကြက်သားနဲ့ ဘူးသီးကို သတိရကြတာ။
“ကျက်တော့မယ်။ နောက် သုံးမိနစ်လောက်ဆို ရပြီ။ နူးနေပြီ”.. နိုင်မျိုး ပြောရင်းနဲ့ ကြက်ဘူးဟင်းရည် တစ်ဇွန်းကို ခပ်သောက်လိုက်တယ်။ ချိုခါးခါး အရသာကို ပါးစပ်ထဲမှာ တပျပ်ပျပ်လုပ်ရင်း အရသာခံတယ်။
မီးဖိုနားမှာ ထိုင်နေတဲ့အတွက် နွေးသလိုလို ရှိပေမယ့် တကယ်က ဒီည တော်တော့်ကို အေးတာ။ တောစပ် စိုက်ခင်းဘက်ကနေ ဖြတ်ဝင်လာတဲ့ လေအရှိန်က ညဦးကတည်းကနေ အခုထိ လျော့မသွားသေးဘူး။
လက်ဖဝါးနှစ်ဖက်ကို ထင်းမီးဖိုအနားမှာ ကပ်ထားရင်း နိုင်မျိုးကျော်ရဲ့ မျက်နှာက ပြုံးချင်သလိုလို ဖြစ်လာတယ်။ ညနေခင်းကတည်းက အခုထိ ဆက်တိုက် ရှူသွင်းထားတဲ့ ဆေးခြောက်တန်ခိုးတွေကြောင့်လည်း ပါမယ်။ မထင်မှတ်ဘဲ တရှိန်ထိုး တိုးတက်သွားတဲ့ သူ့ရဲ့ ကံကြမ္မာအကြောင်း စဉ်းစားရင်း ကျေနပ်နေမိတာကလည်း တစ်ပိုင်း။
ခပ်ဝေးဝေး တောအုပ်ထဲက သတ္တဝါတွေရဲ့ အော်သံတိုးတိုးတွေ လေထဲမှာ ဝဲလာတယ်။ နိုင်မျိုးနေရာကနေ လှမ်းကြည့်ရင် တောစပ်က ရေတွင်းပျက်ကို မသဲမကွဲ လှမ်းမြင်နေရတယ်။ ဒီည လရောင်လေး မရှိတရှိ သာချင်နေတော့ ပတ်ဝန်းကျင်က အပြာနက်ရောင် သမ်းပြီး ငြိမ်းအေးနေတယ်။
ဟိုတလောက ဒီနားမှာ ကျားကိုက်ခံရပြီး သေသွားတဲ့ အောင်မော့်ကို နိုင်မျိုး သတိရသွားတယ်။ အောင်မော့် အကြောင်း စဉ်းစားလိုက်မိတော့မှ ပြုံးနေတဲ့ သူ့မျက်နှာက ပိုပြီး ဖြဲတဲတဲ ဖြစ်သွားတယ်။ သူတစ်ပါး အသက်သေတာကို ကျေနပ်နေမိလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အောင်မော် မရှိတော့လို့ နိုင်မျိုးအတွက် ကံကောင်းခြင်းတွေ ရောက်လာတာ မဟုတ်လား။
ကြက်သားအိုးထဲက တဖျစ်ဖျစ် အသံတွေ ထွက်လာတော့မှ နိုင်မျိုး သတိပြန်ဝင်လာတယ်။ အိုးထဲကို ဇွန်းထည့်ပြီး အမြန် မွှေတယ်။ ကပ်သွားတဲ့ ဂျိုးတွေကို ဇွန်းထိပ်နဲ့ ကပျာကယာ ခြစ်တယ်။ ကြက်သားအိုးကို လက်သုတ်ဝတ်နဲ့ ညှပ်ကိုင်ပြီး မီးဖိုပေါ်က ချတယ်။ ဒန်ပန်းကန်လုံးထဲကို ကြက်သားနဲ့ ဘူးသီးတွေ လောင်းထည့်တယ်။ ဟင်းရည်ပူပူက အငွေ့တထောင်းထောင်း ထလို့။
(၂)
“မင်းကြက်ကလည်း ကြက်အိုကြီးပါကွာ။ မာခဲနေတာပဲ။ ဝါးလို့တောင် မရဘူး”.. သန့်စင်က ပါးစပ်ထဲက ကြက်သားတုံးကို ကြိတ်မှိတ်ဝါး၊ မျက်နှာကို ရှုံ့မဲ့ထားရင်း ပြောတယ်။
“အေးကွာ။ ငါလည်း ဒေါ်ဖွေးအကြောင်း သိသိကြီးနဲ့ အလိမ်ခံလိုက်ရပြန်ပြီ”.. နိုင်မျိုးက ပြန်ပြောရင်း ညည်းတယ်။
ဒေါ်ဖွေးက မုယောရဲ့ ကြက်သားဒိုင်။ သူ့ဆီမှာ သွားဝယ်ရင် ကြက်တစ်ကောင်လုံး စုံစုံလင်လင် ရတတ်ပေမယ့် တစ်ခါတလေကျရင် ကြက်အို ကြက်ရင့်ကြီးတွေကို အဝယ်ထဲမှာ ရောထည့်ပေးတတ်တယ်။ လည်လည်ဝယ်ဝယ် ရှိတဲ့ အိမ်ရှင်မတွေကတော့ ဒေါ်ဖွေးဆီမှာ ဝယ်ရင် သေချာစစ်ဆေးပြီးမှ ဝယ်ကြတယ်။ နိုင်မျိုးကတော့ စျေးဝယ်တတ်တဲ့ကောင်မဟုတ်၊ ဒေါ်ဖွေး ထည့်ပေးတာ ယူလာတာပဲလေ။ ပြီးတော့ ကြက်ကို တစ်ကောင်လုံး တစ်ခါမှ မဝယ်ဖူးဘူး။ ဝယ်လည်း မဝယ်နိုင်ဘူး။ ဒီနေ့ ငွေလေး ရွှင်နေလို့ သွားဝယ်မိတာ.. မှားပြီ။
“ပိုက်ဆံ ရှိနေရင်လည်း ဆိုင်က ဝယ်စားလိုက်ရင် ပြီးတာကို။ မင်းကိုက ရှည်ကိုရှည်တယ်”.. မြတ်မင်းက ဝင်ပြောတယ်။ သူ့လက်ထဲက ဆေးခြောက်ရိုက်ပြီးသား ဆေးပေါ့လိပ်ကို မီးညှိတယ်။ ခပ်မှိန်မှိန် အလင်းရောင်အောက်မှာ ဆေးပေါလိပ်မီးက ရဲခနဲ လင်းလာတယ်။
“ငါလည်း မင်းတို့ကို တစ်ခါတလေ ပြုစုမယ်ဆိုပြီး စီစဉ်လိုက်တာလေ။ မစားချင်လည်း မစားနဲ့ကွာ။ အပြစ်ပဲ တင်မနေနဲ့”.. နိုင်မျိုး ပြန်ပြောလိုက်တယ်။ ပါးစပ်ထဲက ကြက်သားကို ဝါးကြည့်တယ်။ အရွတ်နေရာကို ဝါးမိတော့ သွားက ကျင်ခနဲ ဖြစ်သွားတယ်။ ကြက်သားတုံးကို ပြန်ထွေးထုတ်၊ အရိုးပန်းကန်ထဲကို ပစ်ထည့်လိုက်တယ်။ အရိုးပန်းကန်ထဲမှာ အရိုးတွေထက် ဝါးမရတဲ့ အရွတ်တွေက ပိုများနေတယ်။
ထက်မင်းကတော့ ဘာမှမပြောဘဲ ကြက်ဘူး ဟင်းရည်ကို တဂွပ်ဂွပ်နဲ့ သောက်ချတယ်။ ပါးစပ်အောက်ကို စီးကျလာတဲ့ ဟင်းရည်တွေကို လက်နဲ့ သုတ်တယ်။ မြတ်မင်းဆီက ဆေးပေါ့လိပ်ကို ယူပြီး တစ်ဖွာ ရှိုက်တယ်။ ပြီးမှ-
“ဘီယာနဲ့ ဆေးခြောက် ဝယ်တိုက်တာနဲ့တင် ကျေးဇူးကြီးနေပါပြီ။ မင်းကလည်း အပြစ်တင်မနေနဲ့တော့လေ။ ကြက်သားစားလို့မရရင် ဘူးသီးပဲ ရွေးစား။ နားငြီးတယ်”
ထက်မင်း ဝင်ပြောလိုက်မှ သန့်စင်တို့ ပါးစပ်ပိတ်သွားတယ်။ ကြက်သားမာခဲခဲကို ကြိတ်မှိတ်ပြီး ဝါးတယ်။ ဘီယာဘူးအသစ်တွေ ကိုယ်စီ ထပ်ဖောက်ကြတယ်။ နိုင်မျိုးဝယ်လာပေးတဲ့ ဘီယာနှစ်ဒါဇင်က ကုန်လုနီးနီး ဖြစ်နေပြီ။ ဒါကုန်ရင် တစ်ပိုင်းချန်ထားတဲ့ အရက်ပုလင်း ဘက်ကို ပြန်လှည့်ကြမယ်။
“အေးလေ။ မင်းတို့ဘာသာ မင်းတို့ဆိုရင် ဘီယာတောင် မှန်မှန် သောက်နိုင်လို့လား။ ငါဝယ်လာပေးလို့ မျိုရဆို့ရတာကို..”
သန့်စင်က နိုင်မျိုးစကားကို ထောက်ခံသလို ခေါင်းတညိတ်ညိတ် လုပ်တယ်။
“အေးပါကွာ အေးပါ။ ဟုတ်ပါပြီ”
“နေရာစီစဉ်ပေးတဲ့ ငါ့ကိုလည်း မမေ့နဲ့ဦးလေ။ ငါပြောပေးလို့ မင်းတို့ ဒီမှာ လာခိုနေလို့ ရတာမဟုတ်လား။ ရွာထဲက ဆိုင်တွေမှာဆိုရင် ဆယ်နာရီထိုးတာနဲ့ အိမ်ပြန်ရမှာ”.. မြတ်မင်းက ဝင်ပြောတယ်။
အဲဒါလည်း ဟုတ်တယ်။ ၄ ယောက်ထဲမှာ နိုင်မျိုးကလွဲရင် ကျန်တဲ့ ၃ ယောက်က အိမ်ထောင်ရှိပြီးသားတွေ။ ဒီလိုမျိုး ညကြီးသန်းခေါင်အထိ အပြင်ထွက်ရဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ သူ့ဦးလေးရဲ့ စိုက်ခင်းဘက်မှာ ညဘက် စောင့်ပေးဖို့ လူလိုတယ်ဆိုပြီး မြတ်မင်းက ညာပေးထားလို့.. အပိုဝင်ငွေလေး ရရင်လည်း မဆိုးဘူး ဆိုပြီး အိမ်က မိန်းမတွေက ခွင့်ပြုလိုက်တာ။
မြတ်မင်းတို့ ဦးလေးရဲ့ စိုက်ခင်းက အထဲဘက်ကို တိုင်းရင် ၃ ဧကလောက် ကျယ်မယ်။ အခု ကြားရာသီမှာဆိုတော့ စိုက်ခင်း အလုပ်သမားတွေ မရှိ၊ ခြံစောင့်တစ်ယောက်ပဲ ရှိတာ။ ခြံစောင့်ဦးလေးကြီးက ည ၉ နာရီလောက်ကတည်းက မြတ်မင်းတို့ အရက် ဝိုင်းတိုက်လိုက်ကြတာ မူးပြီး အိပ်ပျော်သွားပြီ။ ဒါလည်း ဖြစ်နေကျ ဖြစ်စဉ်တွေထဲက တစ်ခုပဲ။ နိုင်မျိုးပဲဖြစ်ဖြစ်.. သန့်စင်ပဲဖြစ်ဖြစ်.. ဒါမှမဟုတ် မြတ်မင်းတို့ ညီအစ်ကိုပဲဖြစ်ဖြစ်.. တစ်ယောက်ယောက် ပိုက်ဆံလေး ရွှင်လာပြီဆိုတာနဲ့ ဒီစိုက်ခင်းကို လာမယ်။ ညစောင့် ဦးလေးကြီးကို အရက်တိုက်မယ်။ ပြီးရင် ညစောင့်ဦးလေးကြီး မူးပြီး အိပ်ပျော်သွားရင် သူတို့ ၄ ယောက်သား တစ်ညလုံး .. ဆက်သောက်မယ်။ မနက်လင်းမှ အိမ်ပြန်ကြမယ်။ ခါတိုင်းဆိုရင်တော့ တစ်လတစ်ခါ၊ နှစ်လ တစ်ခါလောက် တွေ့ဖြစ်ကြတယ်။ အခုနောက်ပိုင်းတော့ ဝင်ငွေသိပ်မကောင်းတာက တစ်ကြောင်း၊ မိန်းမရတဲ့သူတွေ ရကုန်ကြတာက တစ်ကြောင်းကြောင့် ၄ယောက် မဆုံဖြစ်တာ ကြာပြီ။
ညစောင့်ဦးလေးကြီးရဲ့ တဲအိမ်က စိုက်ခင်းခြံစည်းရိုးနဲ့ ဘေးချင်းကပ်လျက်။ တဲအပြင်မှာ ကွပ်ပျစ်တစ်ခုရှိတယ်။ အဲဒီကွပ်ပျစ်ပေါ်မှာ သူတို့ ၄ ယောက် .. ညနေစောင်းကတည်းက သောက်လိုက် စားလိုက်၊ ရှူလိုက်နဲ့ အချိန်ဖြုန်းနေတာ။
ကွပ်ပျစ်ဘေးမှာ စီပြီး ရပ်ထားတဲ့ ဆိုင်ကယ် ၃ စီး။ မြတ်မင်းတို့ ညီအစ်ကိုက တစ်စီး။ နိုင်မျိုးနဲ့ သန့်စင်က တစ်စီးစီ။ ဒီဘက်ခြမ်းအထိ ဆိုင်ကယ်မောင်းလာဖို့ဆိုတာ လွယ်တော့မလွယ်ဘူး။ ဒါပေမယ့် အကုန်လုံးက ဆိုင်ကယ်နဲ့ ဖက်ပြီး မွေးလာသလို ကျွမ်းကျင်နေတဲ့သူတွေမို့လို့ ဒီအထိ မောင်းလာရဲတာ။ ဒါတောင် လမ်းမှာ မြတ်မင်းတို့ ဆိုင်ကယ် ချိုင့်ထဲ ပြုတ်ကျပြီး လဲသွားသေးတယ်။ တော်သေးတယ် ဘာမှ မဖြစ်လို့။
“ချမ်းလိုက်တာကွာ”.. သန့်စင်က ပြောရင်းနဲ့ သူဝတ်ထားတဲ့ ပုဆိုးကို ခါးပုံစဖြည်၊ ပုခုံးအထိ ဆွဲပြီး ခြုံလိုက်တယ်။
“အေးလေ။ မနေ့ညကတောင် ဒီလောက်မအေးသေးဘူး။ အခုမှ စွတ်အေးနေတယ်”.. နိုင်မျိုးကတော့ ဂျင်းဘောင်းဘီဝတ်ထားတဲ့ အတွက် ခြုံစရာ ပုဆိုးမရှိ။ အေးခဲချင်နေတဲ့ လက်ဖဝါးနှစ်ဖက်ကိုပဲ ထိုင်ပွတ်နေရတယ်။
ညဉ့်က နက်သထက် နက်လာတယ်။ တောဘက်က လာနေတဲ့ သတ္တဝါသံတွေက အရောင်အသွေး ပိုစုံလာတယ်။
“အေးဟေ့ကောင်.. ဒါနဲ့ မေးရဦးမယ်”.. သန့်စင်က မြတ်မင်းတို့ ညီအစ်ကိုဘက်ကို မေးငေါ့ရင်း ပြောတယ်။ ..“ဟိုတလောက ဒီနားမှာ ကျားကိုက်ခံရပြီး လူတစ်ယောက် သေတယ်မဟုတ်လား။ ဟို..ဆီဆိုင်က ကောင်မလေးရဲ့ မောင်လေ”
“ကောင်မလေး မဟုတ်ပါဘူ။ အစ်မကြီးပါ။ မသီရိက မင်းထက် အသက်အများကြီး ကြီးတယ်”.. မြတ်မင်းက ပြောတယ်။ “သူ့မောင် အောင်မော် ဆိုတဲ့ကောင် သေသွားတာ။ ဟုတ်တယ် ဟိုးမှာ.. မြင်နေရတဲ့ ရေတွင်းပျက်နားမှာ အလောင်းတွေ့တာပဲ”
“အေး.. အဲဒီရေတွင်းပျက်ကြီးကလည်း အခုထိ မဖြိုသေးဘူးပဲ။ ဘယ်သူ ပိုင်တာလဲ။ မင်းဦးလေး အပိုင်ကွက်ထဲမှာ ပါလား”
“ဟင့်အင်း သူက ဒီဘက် စိုက်ခင်းဘက်ခြမ်းကိုပဲ ပိုင်တာ။ အဲဒီ ရေတွင်းက ရှိနေတာ ကြာလှပြီတဲ့.. ပြောကြတာပဲ။ ရေမထွက်တော့တာလည်း နှစ် ၂၀ လောက် ရှိပြီတဲ့။ ဘာလို့ မဖြိုသေးတာလဲဆိုတာတော့ ငါလည်း မသိဘူး။ မြို့နယ်မှုးနဲ့ စည်ပင်သာယာက မသိသေးလို့ နေမှာပေါ့”
“ထားပါတော့။ အဲဒီတော့ .. ကျားကိုက်ခံရတဲ့ ကိစ္စတုန်းက မင်းဦးလေး အမှုပတ်သွားသေးလား။ သူ့စိုက်ခင်းနားမှာ ဖြစ်တာဆိုတော့”
“အာ.. ဘာဆိုင်လို့လဲ။ အဲဒီညက စိုက်ခင်းမှာ ဘယ်သူမှ မရှိဘူး။ ညစောင့် ဦးလေးကြီးတောင် မရှိဘူး။ သူ့မိန်းမ နေမကောင်းလို့ဆိုလား.. ရွာဘက်မှာ ပြန်အိပ်တာ။ မနက်ခင်း ပြန်လာတော့မှ ရေတွင်းနားမှာ သေနေတဲ့ အောင်မော့်ကို တွေ့တာ”.. မြတ်မင်းက ပြောရင်းနဲ့ နိုင်မျိုးဘက်ကို လှည့်ကြည့်တယ်။..“နိုင်မျိုး။ အောင်မော်ဆိုတဲ့ကောင်က မင်းတို့ အုတ်စက်ကပဲ မဟုတ်လား။ မင်းနဲ့ သိမှာပေါ့”
နိုင်မျိုး ခေါင်းညိတ်တယ်။
“သိတယ်လေ။ ငါနဲ့တော့ မခင်ပါဘူး။ ဒီလိုပဲ မျက်မှန်းတန်းမိတာ”
“မင်းမျက်နှာက ဘာလို့ ပြုံးစိစိ ဖြစ်နေတာလဲ”.. သန့်စင်က နိုင်မျိုးကို ကြည့်ရင်း မေးတယ်။
နိုင်မျိုး မျက်နှာကို အမြန်ပြန်တည်လိုက်တယ်။ သူပြုံးလိုက်မိတာလား။ ပြဿနာပဲ။
“အေးလေ။ သူများတကာ သေတာကို ဘာလို့ ပြုံးဖြဲဖြဲလုပ်နေတာတုန်း”.. မြတ်မင်းက မေးတယ်။
“တော်ပါပြီကွာ။ ငါပြောရင် မင်းတို့က ငါ့ကို လူယုတ်မာ ဆိုပြီး ထင်နေဦးမယ်”.. နိုင်မျိုး ပြန်ဖြေရင်း မျက်နှာကို လွှဲလိုက်တယ်။ ကြမ်းပြင်မှာ ပြန့်ကျဲနေတဲ့ ဆေးပေါ့လိပ်တွေကို တစ်လိပ်ချင်းကောက်ပြီး စီတယ်။
“အောင်မာ။ တစ်သက်လုံး ပေါင်းလာတဲ့ ကောင်အချင်းချင်း စောက်ပိုတွေ လာလုပ်နေတယ်။ ပြောစရာ ရှိတာ ပြော။ စကားတွေ ချီမနေနဲ့။ ဘာလို့လဲ .. အဲဒီကောင်နဲ့ မင်းနဲ့ မတည့်ဘူးလား”.. ဆေးလိပ်ကို ဆက်တိုက်ဖွာနေတဲ့ ထက်မင်းက အခုမှ စိတ်ဝင်စားသွားသလို စကားဝိုင်းထဲကို ဝင်လာတယ်။
“မဟုတ်ပါဘူး”.. ပြောရင်းနဲ့ နိုင်မျိုး သက်ပြင်းချဟန် ဆောင်လိုက်တယ်။ တကယ်ကတော့ သူ အရမ်း ပြောပြချင်နေပြီ။ ဘယ်ကဘယ်လို စကားစရမှန်း မသိသေးလို့ ပြောမပြရသေးတာ။
“အေးအေး။ မဟုတ်ရင်လည်း မပြောနဲ့တော့။ ဖဲထုပ် ဖြည်ဟေ့ ဟေ့ကောင်တွေ၊ ဖဲရိုက်ကြမယ်”.. သန့်စင်က ပြောတယ်။
“အေး ရိုက်မယ်။ ဖဲထုပ် ဘယ်နားမှာပါလိမ့်”.. မြတ်မင်းက ပြောတယ်။
“ဟေ့ကောင်တွေ စောက်ကျင့် မယုတ်နဲ့။ ငါ ပြောပြတော့မလို့။ နားထောင်ဦး”.. နိုင်မျိုး အမြန် ဝင်ပြောလိုက်တယ်။ လက်ထဲက ဆေးပေါ့လိပ်နဲ့ သန့်စင်ကို ပစ်ပေါက်တယ်။ သန့်စင်က ဆေးပေါ့လိပ်ကို ပုတ်ထုတ်ရင်း ရယ်တယ်။
“အေးလေ။ အပိုတွေ လာလုပ်နေတယ်။ ဒီတစ်ညနေလုံး မင်း ပါးစပ် တပြင်ပြင်ဖြစ်နေတာ.. ငါတို့ သိသားပဲ။ မင်းဒီလောက် ငွေရွှင်နေကတည်းက တစ်ခုခုတော့ တစ်ခုခုပဲ ဆိုတာ ငါသိတယ်။ ဘာလဲ ပြော”
“စကား မစပ်မိသေးလို့ပါကွ။ မင်းတို့ မြတ်သော်တာထွန်းကို သိတယ်မဟုတ်လား”.. နိုင်မျိုး မေးလိုက်တယ်။
မြတ်သော်တာထွန်း နာမည်ကို ထုတ်ပြောလိုက်ရတာကိုက ပါးစပ်ထဲမှာ ချိုနေသလိုလို ဆိမ့်နေသလိုလို။ ဘီယာတန်ခိုးနဲ့ အီလေးလေး ဖြစ်နေတဲ့ လျှာဖျားပေါ်မှာ အရမ်း အရသာ ရှိနေတယ်။
“ဟင့်အင်း။ ငါတော့ မသိဘူး။ မင်းတို့ သိလား”.. သန့်စင်က ပြန်ဖြေရင်း မြတ်မင်းတို့ဘက်ကို လှည့်မေးတယ်။
“သိတယ်လေ။ နိုင်မျိုးတို့ အုတ်စက် သူဌေးရဲ့ သမီးကြီး မဟုတ်လား။ သူ့အောက်မှာ အမြွှာမောင်နှမ နှစ်ယောက် ရှိတယ်လေ”.. မြတ်မင်းက ပြန်ဖြေတယ်။ “ထက်မင်း မင်းလည်း သိတယ်မဟုတ်လား။ ဟိုတလောက ဦးလေး အလှူမှာ သူတို့ မိသားစု လာသွားသေးတယ်လေ”
ထက်မင်းက ခေါင်းညိတ်တယ်။ “အင်း ခပ်ချောချော ကောင်မလေးလေ။ သိတယ်။ မျက်နှာ ချိုချိုနဲ့ မဟုတ်လား”
နိုင်မျိုးက ကျေနပ်သွားသလို ခေါင်းတညိတ်ညိတ် လုပ်တယ်။
“ဟုတ်တယ်..။ မင်းတို့ မသိသေးတာ တစ်ခု ရှိတယ်။ အဲဒီ မြတ်သော်တာထွန်းနဲ့ သေသွားတဲ့ အောင်မော်နဲ့က ကြိုက်နေတာ”.. နိုင်မျိုး ပြောလိုက်တယ်။
“ဟုတ်လား။ ဟာ.. နှမြောစရာကြီးကွာ။ ဒီကောင် အသေစောသွားတာပေါ့”.. ထက်မင်းက ပြောတယ်။ ..“နေပါဦး။ အောင်မော့်လိုကောင်နဲ့ အဲဒီကောင်မလေးနဲ့ ဘယ်လိုများ ကြိုက်သွားတာတုန်း”
နိုင်မျိုးက ပခုံးတွန့်တယ်။ “အဲဒါတော့ ငါလည်း မသိဘူး။ သူတို့ နှစ်ယောက် ကြိုက်နေတယ်ဆိုတာကိုတောင် အုတ်စက်ထဲက လူတွေက တော်တော်နဲ့ သိကြသေးတာ မဟုတ်ဘူး။ တလောတုန်းကမှ သူတို့နှစ်ယောက် ရုံးခန်းထဲမှာ လက်ကိုင်နေကြတာကို တွေ့လိုက်တဲ့သူရှိလို့ သိရတာ..”
“ထားပါတော့။ အဲဒီတော့ ဘာဖြစ်သလဲ။ မင်းက ဘာလို့ အဲဒါကို ပြုံးဖြီးဖြီး ဖြစ်နေရတာလဲ”.. သန့်စင်က မေးတယ်။
“ဒီလိုကွာ။ မြတ်သော်တာထွန်းကို အုတ်စက်မှာ အလုပ်လုပ်တဲ့ ယောကျ်ားလေးမှန်သမျှက ဝိုင်း ကြိုက်နေကြတာလေ..။ ငါလည်း ပါတယ်။ အဲဒီမှာ.. မြတ်သော်တာထွန်းနဲ့ အောင်မော်နဲ့ ကြိုက်သွားပြီ ဆိုတဲ့ သတင်းလည်း ထွက်လာရော အကုန်လုံး အသည်းကွဲကြလေသတည်းပေါ့”
“မင်းကပါ ရောယောင်ပြီး အသည်းကွဲလိုက်သေးတာလား။ ပေါတောတောနဲ့ကွာ”.. သန့်စင်က ပြောရင်းနဲ့ နှာခေါင်းရှုံ့တယ်။
“မင်းတို့လို မိန်းမ ရပြီးသား အိုဆွေးတွေ မဟုတ်ဘူးကွ။ ငါ့ဘာသာငါ အသည်းကွဲကွဲ မကွဲကွဲ ဘာဖြစ်သလဲ။ ပြောနေတာတောင် ဘယ်ရောက်သွားလဲ မသိဘူး.. ဪ..အေး.. မြတ်သော်တာထွန်းနဲ့ အောင်မော်နဲ့ ကြိုက်တယ်ဆိုတဲ့ သတင်းထွက်လာတယ်။ ငါတို့တွေ ကြိတ်မနိုင်ခဲမရတွေ ဖြစ်ကြတယ်။ အောင်မယ်.. သူတို့နှစ်ယောက်ကလည်း တော်တော် ပိရိတာ။ လူရှေ့သူရှေ့ဆို မသိသလိုပဲ နေကြတာ။ ကွယ်ရာမှာတော့ ဘာတွေလုပ်ကြသလဲ သူတို့ပဲ သိမယ်။ ဒီလိုနဲ့.. သိပ်မကြာဘူး။ အောင်မော် သေသွားတာပဲ”
“အဲဒီတော့ ဘာဆက်ဖြစ်သလဲ”.. မြတ်မင်းက စိတ်မရှည်သလို မေးတယ်။
နိုင်မျိုးမျက်နှာက ပြုံးချင်သလိုလို ဖြစ်လာပြန်တယ်။ စကားတွေ ပိုသွက်လာတယ်။
“လွန်ခဲ့တဲ့ တစ်ပတ်လောက်က စပြီး.. မြတ်သော်တာထွန်းနဲ့.. မင်းတို့ရဲ့ ဆရာ.. ငါနဲ့ ဇာတ်လမ်းလေးတွေ ရှိလာတယ်။ ဟဲဟဲ..”
“ဟမ်.. တကယ်ကြီးလား။ တယ်ဟုတ်ပါလား ငါ့ကောင်”.. ထက်မင်းက လက်ထဲက ဆေးလိပ်တိုကို ထိုးခြေရင်း အားရတဲ့ အသံကြီးနဲ့ ပြောတယ်။ “သွက်လှချည်လား။ ဘယ်လို ဇာတ်လမ်းတွေလဲ”
“တစ်ရက်တုန်းကကွာ.. မြတ်သော်တာထွန်းက သူ့ဆိုင်ကယ် စက်နှိုးလို့ မရဘူးဆိုပြီး ငါ့ကို လာကြည့်ခိုင်းတယ်”.. နိုင်မျိုးက ဂုဏ်ယူတဲ့ လေသံနဲ့ ပြောလိုက်တယ်။
“အာ..လက်တိုလက်တောင်း ခေါ်ခိုင်းတာကိုများ ကြံဖန်ပြီး ပနာယူနေသေးတယ်။ ငါက ဘာများလဲလို့”.. မြတ်မင်းက ပြောတယ်။ ထက်မင်းက ဟက်ခနဲ ရယ်တယ်။
“ဟေ့ကောင်တွေ။ ငါ့စကား မဆုံးသေးဘူး။ သူ့ဆိုင်ကယ်က ဘာမှ မဖြစ်ဘူးကွ။ ငါ စက်နှိုးလိုက်တော့ တစ်ချက်တည်း နိုးသွားတာ။ ဘာမှတောင် မလုပ်လိုက်ရဘူး”
“အဲဒီတော့..”.. သန့်စင်က စကားဝင်ထောက်ပေးတယ်။
“အဲဒီတော့ သူဘာလို့ ငါ့ကို ခေါ်ခိုင်းသလဲ ရှင်းနေတာပဲ။ စစချင်းတော့ ငါလည်း မသိဘူးလေ။ ဒီလိုပဲ အကူအညီတောင်းတယ် ထင်နေတာ။ နောက်ရက်တွေကျတော့မှ သူ့ဘက်က ဇာတ်လမ်းတွေ စလာတာ“
“ဟုတ်ရော ဟုတ်ရဲ့လားကွာ။ ဟိုက သူ့ဘာသာသူ နေနေတာကို မင်းဘာသာမင်း ကြံဖန် သာယာနေတာ ဖြစ်နေပါဦးမယ်”.. မြတ်မင်းက ပြောတယ်။
“သူ့ဘာသာသူ နေနေတဲ့သူက ငါ့ကို ဒါပေးလိုက်မလား။ ဒီမှာ ကြည့်”.. နိုင်မျိုး ပြောရင်းနဲ့ အိတ်ကပ်ထဲမှာ သေချာ ခေါက်သိမ်းထားတဲ့ စာရွက်တစ်ရွက်ကို ထုတ်ပြီး မြတ်မင်းတို့ရှေ့ကို ပစ်ချပေးလိုက်တယ်။
မြတ်မင်းက စာရွက်ခေါက်ကို ဖြန့်ကြည့်တယ်။
“ဒါက ဘာလဲ။ သူ့ဖုန်းနံပါတ်လား”.. မြတ်မင်းက စာရွက်ကို ကြည့်ရင်းမေးတယ်။
“အမှန်ပဲ”.. နိုင်မျိုးက ပြုံးရင်း ပြန်ဖြေတယ်။ အိတ်ထဲက ဟန်းဖုန်းကို ဆွဲထုတ်တယ်။ အားလုံးမြင်အောင် ဖုန်းမျက်နှာပြင်ကို သူတို့ဘက် လှည့်ပြတယ်။ “ဒီမှာ ကြည့်။ သူနဲ့ ငါနဲ့ မက်ဆင်ဂျာထဲမှာ ပြောထားတာတွေ”
သန့်စင်က နိုင်မျိုးလက်ထဲက ဖုန်းကို ဆတ်ခနဲ ဆွဲယူတယ်။ မက်ဆေ့ချ်တွေကို တစ်ခုပြီး တစ်ခု ပွတ်ကြည့်တယ်။ မြတ်မင်းတို့ ညီအစ်ကိုကလည်း သန့်စင်နားကို ပူးကပ်ပြီး မက်ဆေ့ချ်တွေကို အသံထွက် ဖတ်တယ်။
“ဒီနေ့ သော်တာ နေသိပ်မကောင်းချင်ဘူး.. ကိုနိုင်မျိုး ဘာတွေ လုပ်နေလဲ.. ကိုနိုင်မျိုး မနက်ဖြန် အလုပ်ဆင်းမှာလား.. ကိုနိုင်မျိုး သော်တာ့ကို ဒီသီချင်းလေး စာသား ရှာပေးပါ.. အောင်မယ်.. တယ်ဟုတ်ပါလား။ ဒါ မက်ဆေ့ချ် အစစ်တွေပါနော်။ မင်းဘာသာမင်း ဖုန်းနှစ်လုံးနဲ့ ပြန်ပြောနေတာတော့ မဟုတ်ပါဘူးနော်”.. သန့်စင်က ရယ်သံတစ်ဝက်နဲ့ မေးတယ်။
“လဲသေလိုက်လေ။ မင်းတို့ မယုံလည်း နေကွာ။ တော်ပြီ။ ငါ့ကို ဖုန်းပြန်ပေးတော့”.. နိုင်မျိုး အောင့်သက်သက်နဲ့ ပြန်ပြောရင်း ဖုန်းကို လှမ်းလုတယ်။
“ဟားဟား ယုံပါတယ်ကွာ ယုံပါတယ်။ ငါ့ကောင်ကြီး ဘယ်ဆိုးလို့လဲ။ တယ်သွက်ပါလား”.. သန့်စင်က ဖုန်းကို ပြန်ပေးရင်း ပြောတယ်။ “ပြောစမ်းပါဦး မင်းနဲ့ အဲဒီစော်လေးနဲ့ ဘယ်အဆင့် ရောက်နေပြီလဲ။ တော်တော် အိုကေနေပြီလား”
“အေးလေ။ လက်တွေဘာတွေ ကိုင်ပြီးပြီလား။ တခြားရော ဘယ်နေရာ.. ” ထက်မင်းက ပြောရင်းနဲ့ စကားကို တမင်မဆက်ဘဲ မျက်ခုံးပင့်ပြတယ်။
“ဘာမှ မကိုင်ရသေးဘူး။ မထိရသေးဘူး။ ရည်းစားစကားတောင် မပြောရသေးဘူး”..နိုင်မျိုး ပြန်ဖြေရင်း ဖုန်းကို အိတ်ထဲ ပြန်ထည့်တယ်။ ထက်မင်းဆီက စာရွက်ခေါက်ကို ပြန်ယူတယ်။ တယုတယ ခေါက်သိမ်းတယ်။
“အဲဒါကြောင့် မင်းက အောင်မော် သေသွားတာကို ပြုံးဖြဲဖြဲ လုပ်နေတာကိုး။ တော်တော် ယုတ်မာတဲ့ကောင်”.. သန့်စင်က ခေါင်းကို ဖြည်းဖြည်းချင်း ခါရင်း ပြောတယ်။
“ငါလုပ်လို့ သေတာမှ မဟုတ်တာ။ သူ့ဘာသာသူ ဖင်ရှည်ပြီး တောထဲကို တစ်ယောက်တည်း လာလို့ ကျားကိုက်ခံရတာ။ ငါနဲ့ ဘာဆိုင်လဲ”..နိုင်မျိုး လက်ကို ကာရင်း ပြောတယ်။
“ဒါပေမယ့် မင်းဟာမက မရိုးဘူးနော် ဟေ့ကောင်။ သူ့ဘဲ သေတာ တစ်လတောင် မပြည့်သေးဘူး မင်းနဲ့ အီစီကလီတွေ လုပ်နေတယ်ဆိုတော့.. တစ်ခုခုတော့ တစ်ခုခုပဲ”.. မြတ်မင်းက ပြောတယ်။
“အေးလေ။ တွေးချင်စရာပဲနော့် ဟေ့ကောင်။ ပြီးတော့မင်းမျက်ခွက်လည်း မင်းပြန်ကြည့်ဦး။ ကောင်မလေးဘက်က စကြိုက်ချင်စရာ တစ်စက်မှ မရှိဘူး”.. သန့်စင်ကလည်း ဝင်တွယ်တယ်။
“မင်းတို့ဘာသာမင်းတို့ ထင်ချင်သလိုထင်။ ငါ့ဘက်က နာစရာ မရှိဘူးဟေ့ကောင်။ မြတ်သော်တာထွန်း ဘာလုပ်လုပ် ငါက ခံဖို့ အသင့်ပဲ”.. နိုင်မျိုး အားရပါးရပြုံးရင်း ရင်ကို ကော့ပြီး ပြောလိုက်တယ်။ ဘီယာရှိန်လေး တဝီဝီနဲ့ဆိုတော့ ပြောသမျှ အရသာတွေ့နေတယ်။
“ရွံဖို့ ကောင်းလိုက်တာကွာ”.. သန့်စင်က ပြောတယ်။ “ဒါနဲ့ မင်း အခု ငွေရွှင်နေတဲ့ ကိစ္စကရော ဘယ်က ပိုက်ဆံတွေ ရလာတာလဲ”
“ဒေါ်မိုးမိုးခိုင်က ငါ့ကို ဒီနေ့ ဆုချလိုက်တာ”
“ဘယ်သူလဲ အဲဒါက”
“မြတ်သော်တာထွန်းရဲ့ အမေလေ။ ဒီနေ့ ဒေါ်မိုးမိုးခိုင် အုတ်စက်ထဲကို လာတော့ ငါ့ကို ခေါ်ပြီး ရုံးခန်းထဲက ပစ္စည်းတချို့ ရှင်းခိုင်းတယ်။ ဘာမှ မဟုတ်ပါဘူး။ ငွေအဝင်အထွက် စာရင်းစာအုပ်တွေ ပွထနေလို့ သိမ်းဆည်းပြီး ဘီရိုထဲ ထည့်သိမ်းခိုင်းတာပါ။ ပြီးလည်း ပြီးရော ငါ့ကို တော်လို့..ဆိုပြီး ဆုငွေ ၅ သောင်း ပေးလိုက်တာပဲ”
“စာအုပ် သိမ်းပေးတာ ပိုက်ဆံ ၅ သောင်းပေးလိုက်တယ်။ ဟုတ်လား”.. သန့်စင်က မျက်မှောင်ကြုတ်ရင်း မယုံသလို မေးတယ်။
“အေး။ ငါလည်း စစချင်းတော့ ကြောင်သွားတာ။ ဒါပေမယ့် သူစိတ်ကောင်းဝင်နေလို့ ပေးတဲ့ ပိုက်ဆံကို ငြင်းလို့မှ မရတာ။ ၅ သောင်းတောင်ကွာ.. နည်းလား။ ပြီးတော့ ပြောလိုက်သေးတယ်။ ဒီည သောက်ချင် စားချင်ရင်လည်း သွားလို့ရတယ်နော်..တဲ့။ မနက်ဖြန် အလုပ်မဆင်းနဲ့.. ရတယ်တဲ့။ ဒီလောက် သဘောကောင်းတဲ့ အလုပ်ရှင်မျိုး မင်းတို့ တွေ့ဖူးသလား။ အမေရော သမီးရော သဘောတွေကောင်းချက်..”
“နိုင်မျိုး.. နိုင်မျိုး.. မင်းတော်တော် ကံတက်နေတာပဲ။ ထီလေးဘာလေး ထိုးကွာ။ ထီပေါက်ရင်လည်း ငါတို့ကို ဒီလိုပဲ ပြုစုဦး ဟားဟား..”.. ထက်မင်းက သဘောကျသလို ခေါင်းကို တညိတ်ညိတ်လုပ်ရင်း အရက်ပုလင်းတစ်ပိုင်းကို ဖြိုမလို့ ပုလင်းဖုံးဖွင့်တယ်။ ခွက်ထဲ ငှဲ့မထည့်ခင် သူ့ပါးစပ်ထဲကို နှစ်ငုံသုံးငုံ လောင်းထည့်တယ်။
“ခွေးသောက် ဝက်သောက် သောက်ပြန်ပြီ။ မင်းညီကတော့ ပြောလို့ကို မရဘူး။ ခဏနေ မှောက်တော့မယ် ကြည့်နေ”.. သန့်စင်က မြတ်မင်းကို လှမ်းပြောတယ်။ မြတ်မင်းက စိတ်ပျက်လက်ပျက် ခေါင်းခါတယ်။
နိုင်မျိုးကတော့ သူပြောချင်တာတွေ ပြောလိုက်ရလို့ အားရသွားသလို.. လက်နှစ်ဘက်ကို လေထဲမှာတန်း.. အကြောဆန့်တယ်။ မြတ်သော်တာထွန်းရဲ့ မျက်နှာနဲ့ ကိုယ်လုံးကို အာရုံထဲမှာ မြင်ယောင်ကြည့်ရင်း .. မနက်ဖြန် ဘာဆက်ဖြစ်မလဲ.. တွေးပျော်နေတယ်။
(၂)
“နိုင်မျိုး.. ဟေ့ကောင်.. နိုင်မျိုး.. ထစမ်း..ထစမ်း”
စကားသံနဲ့အတူ.. ပခုံးကို လှုပ်နှိုးနေတဲ့ လက်တစ်စုံကြောင့် နိုင်မျိုး မျက်လုံးတွေ ပွင့်လာတယ်။ ကွပ်ပျစ်ရဲ့ အစွန်းမှာ ခွေခွေကလေးလှဲနေရင်း အိပ်ပျော်သွားတာ..။ ဘေးဘီဝဲယာကို ကြည့်လိုက်တော့ အမှောင်ထုက တော်တော်လေး အားကောင်းနေတုန်းပဲ။ မိုးလင်းဖို့ လိုဦးမယ်။ ဝါးလုံးနဲ့ ထိုးသီပြီး ထွန်းထားတဲ့ တစ်လုံးတည်းသော မီးလုံးဝါဝါရဲ့ အလင်းက ကွပ်ပျစ်ပတ်ပတ်လည် ဆယ်ပေလောက်အထိပဲ ဖြာကျပေးနိုင်တယ်။ အဲဒီဧရိယာ အပြင်ဘက်တွေကို သေချာ မမြင်ရဘူး။ အမှောင်ကြောင့် မှုန်ဝါးနေတယ်။
မျက်နှာဘေးမှာ တဝီဝီဝဲနေတဲ့ ခြင်တွေ မှက်တွေကို လက်နဲ့ ခါထုတ်လိုက်ရင်း နိုင်မျိုး ကုန်းရုန်းပြီး ထလိုက်တယ်။ ပါးစပ်ဘေးမှာ စီးကျနေတဲ့ သွားရည်တွေက ခြောက်ကပ်ကပ် ဖြစ်နေပြီ။
“ဘာလဲဟ”.. သူ့ကို အတင်းလှုပ်နှိုးတဲ့ သန့်စင်ကို ကြည့်ရင်း နိုင်မျိုး မေးလိုက်တယ်။ မြတ်မင်းနဲ့ ထက်မင်းက ဟိုဘက် အစွန်မှာ ပိုးလိုးပက်လက် အိပ်ပျော်နေကြတုန်းပဲ။
သန့်စင်ရဲ့ မျက်နှာက သတိအပြည့်ဝင်နေသလို တင်းရင်းနေတယ်။ သူ့မျက်လုံးတွေက နိုင်မျိုးကို ကျော်ပြီး ဟိုးအနောက်ဘက်ကို လှမ်းကြည့်နေတယ်။
“ဟိုမှာ.. ကြည့်စမ်း။ မင်း မြင်ရလား”.. သန့်စင်က နိုင်မျိုးရဲ့ နောက်ဘက်ကို လက်ညှိုး ထိုးပြတယ်။
အိပ်ချင်စိတ်ကြောင့် တင်းကြပ်နေတဲ့ မျက်လုံးတွေကို ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း နိုင်မျိုး နောက်ကို လှည့်ကြည့်လိုက်တယ်။
သူ့ရဲ့ သူငယ်အိမ်တွေက အမှောင်ထုထဲကို တိုးမပေါက်သေးဘူး။
“ဘာကို မြင်ရမှာလဲ။ ဘာလဲကွာ.. လန့်လိုက်တာ။ မင်း မအိပ်သေးဘူးလား”
“သေချာကြည့်.. သေချာကြည့်”
နိုင်မျိုး မျက်လုံးနှစ်လုံးကို အစွမ်းကုန် အားစိုက်ပြီး အမှောင်ထုထဲကို ကြည့်ကြည့်တယ်။ ဘာမှ မမြင်ရသေးဘူး။ တော်တော်လေးကြာတော့မှ..
“တွေ့လား.. တွေ့ပြီလား”.. သန့်စင်က လေသံတိုးတိုးနဲ့ မေးတယ်။
ကျင့်သားရလာတဲ့ နိုင်မျိုးရဲ့ မျက်လုံးတွေက သန့်စင် ပြနေတဲ့ အရာကို အခုမှ မသဲမကွဲ မြင်လာရတယ်။
တောအုပ် ဟိုဘက် အစပ်က ရေတွင်းပျက်..။ အဲဒီရေတွင်းဘောင်ပေါ်မှာ မြင်နေရတဲ့ အရိပ်တစ်ခု။
“ဟေ့ကောင်..တွေ့လားလို့ ငါမေးနေတယ်”.. သန့်စင်က ထပ်မေးပြန်တယ်။
“တွေ့တယ်။ လူရိပ်လိုလို.. ဟုတ်တယ်မဟုတ်လား။ ရေတွင်းပေါ်မှာ”.. နိုင်မျိုး ပြန်ဖြေလိုက်တယ်။
ကျောအောက်ဘက်ကနေ စိမ့်တက်လာတဲ့ ခံစားချက်..။ လက်မောင်းက ကြက်သီးမွေညှင်းတွေ ဖြုန်းခနဲ ထောင်ထကုန်တယ်။
“ငါ အဲဒီဟာကို ကြည့်နေတာ ကြာပြီ။ ငါ တစ်ယောက်တည်း မူးရူးပြီး မြင်နေတာလားလို့.. မင်းကို နှိုးပြီး မေးတာ”.. သန့်စင်က ပြောတယ်။ သန့်စင်ရဲ့ အသံက အဖျားမှာ မေးခတ်သွားသလို တုန်နေတယ်။
နိုင်မျိုး ဘာပြန်ပြောရမှန်း မသိဘူး။ ရေတွင်းပေါ်မှာ ဆောင့်ကြောင့်ကြီး ထိုင်နေတဲ့ လူရိပ်ကို စိုက်ကြည့်ရင်း မျက်လုံးတွေ လွှဲလို့ မရဘူး ဖြစ်နေတယ်။ ပေ ၄၀ -၅၀ လောက်ဝေးသေးတဲ့အတွက် ရေတွင်းပေါ်က လူရိပ်ရဲ့ ပုံပန်းသဏ္ဍာန်ကို မှန်းလို့ မရပေမယ့်.. သူ့ကို ပြန်စိုက်ကြည့်နေတဲ့ အကြည့်ကို နိုင်မျိုး ကိုယ်ထဲက အလိုလို ခံစားလို့ ရနေတယ်။ ကိုယ်ထဲ စိတ်ဝိညာဉ်ထဲကိုပါ ဖောက်ဝင်သွားတဲ့ အကြည့်မျိုး..။
“မြတ်မင်း။ ထက်မင်း ဟေ့ကောင်တွေ.. ထစမ်း ထစမ်း”.. သန့်စင်က အလန့်တကြားအသံနဲ့ မြတ်မင်းရဲ့ ခြေထောက်ကို ဆောင့်ကန်နှိုးတယ်။
အင်း..အဲ..အသံတွေနဲ့ အတူ.. မြတ်မင်းတို့နှစ်ယောက် အိပ်မှုန်စုံမွားနဲ့ ထလာကြတယ်။
“ဘာဖြစ်တာလဲ.. ဘာဖြစ်လဲ”.. မြတ်မင်းဆီကအသံ။
“လန့်လိုက်တာကွာ။ သေတော့မှာပဲ။ ဘာတွေ ဖြစ်နေကြတာလဲ”… ထက်မင်းရဲ့ အသံ။
သူတို့ဘက်ကို နိုင်မျိုး လှည့်မကြည့် အားသေးဘူး။
ရေတွင်းဘောင်ပေါ်ကနေ ဖြည်းဖြည်းချင်း ဆင်း.. သူတို့ဆီကို တစ်လှမ်းချင်း လျှောက်လာနေတဲ့ လူရိပ်ဆီမှာပဲ သူ့အကြည့်တွေက ရောက်နေတယ်။ နိုင်မျိုးရဲ့ အာခေါင်ထဲမှာ အလိုလို ခြောက်ကပ်လာတယ်။ ကြောက်စိတ်က သူ့တစ်ကိုယ်လုံးရဲ့ သွေးကြောတွေထဲကို အရှိန်နဲ့ စီးဝင်လာတယ်။
“ဟိုမှာ.. ဟိုမှာ ကြည့်.. ဘာလဲ မသိဘူး.. ဘာကြီးလဲ”.. သန့်စင်ရဲ့ အသံက သွေးပျက်ချင်သလိုလို ပျာယာခတ်နေတယ်။ မြတ်မင်းတို့ဆီက အာမေဋိတ်သံ သဲ့သဲ့ ကြားရတယ်။
လူရိပ်က နီးသထက် နီးလာတယ်။ တစ်လှမ်းချင်း လျှောက်လာတဲ့ ခြေလှမ်းတွေ..။
နှာခေါင်းထဲ တိုးဝင်လာတဲ့ ပုပ်အဲ့အဲ့ အနံ့ကြောင့် နိုင်မျိုး ခဏ အသက်ရှူရပ်သွားတယ်။
(၃)
အလင်းရောင်ပြပြရဲ့ ဧရိယာအစပ်ကို လှမ်းဝင်လာတဲ့ ခြေထောက်နှစ်ဖက်။
ကွပ်ပျစ်နဲ့ ၁၀ ပေ အကျော်လောက်ရောက်တော့ လူရိပ်က ရပ်သွားတယ်။
အလင်းရောင်ပြပြအောက်မှာ သူ့ရဲ့ အကောင်အထည်ကို မသဲမကွဲ မြင်ရပြီ။
မီးရောင်မှိန်မှိန်အောက်မှာ မတ်တပ်ရပ်ရင်း သူတို့ကို စိုက်ကြည့်နေတဲ့ အဖွားကြီး တစ်ယောက်။
အဖွားကြီးရဲ့ တစ်ကိုယ်လုံးမှာ ဘာအဝတ်အစားမှ မပါဘူး။
အဖွားကြီးရဲ့ မျက်နှာက အသက်အရွယ် ခန့်မှန်းလို့ မရအောင်ကို အိုစာနေတယ်။ မျက်လုံးတွေက အသက်မပါသလို၊ အရည်ကြည်တွေ မရှိတော့သလို.. ခန်းခြောက်နေတယ်။
ပြီးတော့ သူ့ ခေါင်းပေါ်က ဖွာလန်ထွက်နေတဲ့ ဆံပင်ကျဲကျဲတွေ။ ချက်နားလောက်အထိ တွဲလောင်းကျနေတဲ့ ရင်သားတွဲတွဲတွေ။ ရိတွဲနေတဲ့ ပေါင်နဲ့.. လက်မောင်းသားတွေ။ ပြီးတော့ သူ့ကိုယ်ခန္ဒာကနေ လှိုင်လှိုင်ကြီး ထွက်နေတဲ့ အနံ့ဆိုးတွေ။ အဖွားကြီးကို ကြည့်ရင်း.. ကားလမ်းမပေါ်မှာ မကြာခဏ တွေ့ရတတ်တဲ့.. ကားကြိတ်ခံထားရတဲ့ ခွေးသေကောင်၊ ကြွက်သေကောင်ပုပ်တွေကို နိုင်မျိုး မြင်ယောင်မိသွားတယ်။
ဝေါ့..ဆိုတဲ့ အသံနဲ့အတူ သန့်စင် .. ကွပ်ပျစ်ပေါ်ကို အန်ချလိုက်တယ်။ မြတ်မင်းဆီက ခပ်တိုးတိုး ဆဲတဲ့ အသံထွက်လာတယ်။
ထက်မင်းဆီကနေ ပထမဆုံး စကားသံ ထွက်လာတယ်။
“အရူးမကြီးလား မသိဘူး ဟေ့ကောင် ။.. ကိုယ်တုံးလုံးကြီးနဲ့..”
နိုင်မျိုး ဘာမှ ပြန်မပြောနိုင်သေးဘူး။ ပါးစပ်က အပ်နဲ့ ချုပ်ခံထားရသလို ဟလို့ မရဘူးဖြစ်နေတယ်။
“နံလိုက်တာကွာ။ မင်းအန်ဖတ်တွေ ငါ့ဆီ ပေကုန်ပြီ။ လုပ်လိုက်ရင် စောက်တလွဲချည်းပဲ”.. မြတ်မင်းက သူ့လက်မှာ ပေနေတဲ့ အန်ဖတ်တွေကို ခါချရင်း သန့်စင်ကို ဆဲတယ်။
“အဒေါ်ကြီး။ ခင်ဗျား ဘယ်သူလဲ။ ဘာဖြစ်လို့လဲ။ ဒီကို ဘာလာလုပ်တာလဲ”.. ထက်မင်းက မေးရင်းနဲ့ ကွပ်ပျစ်ပေါ်ကနေ ဆင်းတယ်။ သန့်စင်က ထက်မင်းကို လှမ်းဆွဲမလို့ လုပ်တယ်။ မမီလိုက်ဘူး။
နိုင်မျိုး တောင့်တင်းနေတဲ့ ခြေထောက်တွေကို ဆွဲမရင်း.. ကွပ်ပျစ်အောက်ကို ခြေနှစ်ချောင်း ချလိုက်တယ်။
ထက်မင်းက အဖွားကြီးဆီကို လမ်းလျှောက်သွားနေပြီ။ အမူးမပြေသေးတဲ့အတွက် သူ့ခြေလှမ်းတွေက မညီမညာ ဘယ်ညာ ယိမ်းထိုးနေတယ်။
“အဒေါ့်အဝတ်အစားတွေ ဘယ်မှာလဲ။ မရှက်ဘူးလား။ မအေးဘူးလား။ ညကြီးမင်းကြီး”.. ထက်မင်းက ပြောရင်းနဲ့ ဒီဘက်ကို ပြန်လှည့်ပြီး နိုင်မျိုးကို မျက်ခုံးပင့်ပြတယ်။ ဒီအဖွားကြီးတော့ ရူးနေပြီ ဆိုတဲ့ ပုံစံနဲ့ လက်ညှိုးကို နားထင်မှာတော့ စက်ဝိုင်းပုံစံ ဝိုင်းပြတယ်။
သွက်သွက်ခါ မူးနေတဲ့ ထက်မင်းရဲ့ မျက်လုံးတွေက အခုထိ အပြည့်အ၀ မပွင့်သေး။
အဖွားကြီးရဲ့ ကိုယ်လုံး လှစ်ခနဲ လှုပ်သွားတာကို နိုင်မျိုး မြင်လိုက်တယ်။
“ထက်မင်း။ မင်းနောက်မှာ..”
နိုင်မျိုးရဲ့ အော်သံ မဆုံးခင်မှာ ထက်မင်းရဲ့ လည်ပင်းနေရာ.. ဟက်တက် ပွင့်သွားတယ်။ ဗျိခနဲ ပြဲပါသွားတဲ့ အသားစတွေနဲ့အတူ လည်ပင်းပေါက်ထဲကနေ သွေးတွေ ပန်းထွက်လာတယ်။ ပျော့ခွေကျသွားတဲ့ ထက်မင်းရဲ့ ကိုယ်လုံးကို အဖွားကြီးရဲ့ ပျော့တွဲတွဲလက်တွေက ဖမ်းထိန်းလိုက်တယ်။ တရဟော ထွက်နေတဲ့ သွေးတွေကို သူ့ပါးစပ်နဲ့ ဟပြီး ခံတယ်။ ပါးစပ်ထဲမှာ ပြည့်လျှံပြီး ထွက်ကျလာတဲ့ သွေးတွေ အဖွားကြီးရဲ့ မေးစေ့ဆီကို စီးကျလာတယ်။ ခဏလေးအတွင်းမှာ အဖွားကြီးရဲ့ တစ်ကိုယ်လုံး သွေးချင်းချင်း နီသွားတယ်။
တဂွပ်ဂွပ် မျိုချသံတွေနဲ့အတူ နိမ့်ချည် မြင့်ချည် ဖြစ်နေတဲ့ အဖွားကြီးရဲ့ လည်ဇလုပ်ကို နိုင်မျိုး စိုက်ကြည့်နေမိတယ်။ တောင့်ခဲနေတဲ့ ကိုယ်လုံးကို အခုထိ လှုပ်လို့ မရသေးဘူး။ စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်မို့.. သူ့ဦးနှောက်က အချက်အလက်အပြည့်အစုံကို လက်မခံနိုင်သေးဘူး။
ရင်ခေါင်းသံကြီးနဲ့ အော်လိုက်တဲ့ အသံတစ်ခု။
နိုင်မျိုးရဲ့ ဘေးကနေ ၀ုန်းခနဲ ခုန်ထွက်သွားတဲ့ မြတ်မင်း။
ထက်မင်းရဲ့ လည်ပင်းကို သားရဲတစ်ကောင်လို ကိုက်ခဲထားတဲ့ အဖွားကြီးကို မြတ်မင်း အတင်း ဝင်လုံးတယ်။ ဆွဲခွာဖို့ ကြိုးစားတယ်။ ပါးစပ်ကလည်း မျိုးစုံ ဆဲတယ်။ အော်တယ်။ အဖွားကြီးရဲ့ လက်တစ်ဖက် မြောက်တက်လာပြီး မြတ်မင်းရဲ့ လည်ဇလုတ်ဆီကို ရောက်သွားတယ်။ အရိုးပြိုင်းပြိုင်းနဲ့ လက်ချောင်းတွေ.. မြတ်မင်းရဲ့ အသားထဲကို နစ်ဝင်သွားတယ်။
ဂျွတ်.. ဆိုတဲ့ အသံ အကျယ်ကြီး ထွက်လာတယ်။ မြတ်မင်း တစ်ကိုယ်လုံး မြေကြီးပေါ်ကို ခွေကျသွားတယ်။ မြတ်မင်းရဲ့ လည်ပင်းနေရာမှာ ခပ်ဖြူဖြူ အချောင်း တစ်ခု ပေါက်ထွက်နေတယ်။ သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာတယ်။ ခဏကြာတော့ ငြိမ်ကျသွားတယ်။
နိုင်မျိုး..အခု အချိန်အထိ ထိုင်ရာကနေ မထရသေးဘူး။
သတိဝင်လာပြီး သန့်စင်ကို လှည့်ကြည့်လိုက်တော့ သန့်စင်က ကွပ်ပျစ်ပေါ်ကနေ ဆင်းပြေးသွားတာ တော်တော်ဝေးဝေးကို ရောက်နေပြီ။ ကျွတ်ကျကျန်ခဲ့တဲ့ သူ့ပုဆိုးက မြေကြီးပေါ်မှာ အပုံလိုက်။
ဒီဘက်ကို ပြန်လှည့်ကြည့်လိုက်တော့.. မြေကြီးပေါ်မှာ လဲနေကြတဲ့ မြတ်မင်းနဲ့ ထက်မင်း ညီအစ်ကို နှစ်ယောက်။ နှစ်ယောက်စလုံး အသက်ပျောက်နေပြီ။ အဖွားကြီး မရှိတော့ဘူး။
နိုင်မျိုး အားယူပြီး ကွပ်ပျစ်ပေါ်ကနေ ဆင်းလိုက်တယ်။ ခြေထောက်တွေက သူပိုင်တဲ့ အရာတွေ မဟုတ်သလို လေးလံ ချိနဲ့နေတယ်။ တစ်ကိုယ်လုံးက ရေခဲရိုက်ထားသလို တင်းပြီး အေးခဲနေတယ်။ ခြေတစ်လှမ်း လှမ်းဖို့ကို မနည်း ကြိုးစားနေရတယ်။
အဝေးကနေ.. လာတဲ့.. နာနာကျင်ကျင် အော်လိုက်တဲ့ အော်သံတစ်ခု။.. သန့်စင်ရဲ့ အော်သံ။
“မလုပ်နဲ့.. မလုပ်နဲ့..”.. သန့်စင်ရဲ့ အသံ.. တစ်ချက်နှစ်ချက် ထွက်လာပြီး တိုးဝင်သွားတယ်။
ညစောင့်တဲထဲက မီးလုံးတွေ လင်းလာတယ်။
“ဟေး.. ဘာတွေ ဖြစ်နေကြတာလဲ”.. ညစောင့်ဦးလေးကြီးရဲ့ အသံ။
နိုင်မျိုး ဘာမှ ပြန်မဖြေဘူး။ ဖြေဖို့ အင်အားလည်း သူ့မှာ မရှိဘူး။ ဆိုင်ကယ်ဆီကို တစ်လှမ်းချင်း လျှောက်သွားနေတဲ့ ခြေထောက်တွေကိုတောင် မနည်း သယ်နေရတယ်။
ဆိုင်ကယ်ပေါ်ကို တက်တယ်။ သော့ကိုလှည့်တယ်။ စက်နှိုးတဲ့ ခလုတ်ကို နှိပ်တယ်။
နောက်မှာ.. ၀ုန်းဒိုင်းကြဲနေတဲ့ အသံတွေ ကြားရတယ်။ တဲတံခါးကို ရိုက်ချိုးလိုက်တဲ့ အသံ ဒုန်းခနဲ ကြားရတယ်။ စကားသံ ဗလုံးဗထွေးတွေ ကြားရတယ်။ ညစောင့် ဦးလေးကြီးဆီကနေ ဆက်တိုက် ထွက်လာတဲ့ အော်သံတွေ ကြားရတယ်။
နိုင်မျိုး လှည့်မကြည့်ဘူး။
ဆိုင်ကယ်ကို ဂီယာထိုးပြီး မောင်းထွက်လိုက်တယ်။
(၃)
တဆတ်ဆတ်တုန်နေတဲ့ လက်တွေကြောင့် ဆိုင်ကယ်က ဘယ်ညာ ယိမ်းယိုင်နေတယ်။ လမ်းပေါ်က ခဲလုံးတွေ ချိုင့်ခွက်တွေကို ဘီးနဲ့ တက်နင်းမိတိုင်း ဆိုင်ကယ်တစ်ခုလုံး လဲတော့ မလို ဖြစ်သွားတယ်။
မျက်နှာမှာ စီးကျနေတဲ့ မျက်ရည်တွေကို သုတ်ရင်း နိုင်မျိုး ရှေ့ကို အာရုံစိုက်ပြီး ကြည့်ဖို့ ကြိုးစားတယ်။ ဝေဝါးမှောင်မည်းနေတဲ့ မြင်ကွင်းထဲမှာ ဘာမှ သေသေချာချာ မမြင်ရဘူး။ လမ်းလို့ထင်ရတဲ့ နေရာတွေကို ခန့်မှန်းပြီး..ဆိုင်ကယ်လီဗာကို အစွမ်းကုန်ဆွဲ.. တောစပ်နဲ့ ဝေးသထက်ဝေးအောင် ကြိုးစားတယ်။
ဘာတွေဖြစ်ကုန်ပြီလဲ..။ ဘာတွေလဲ..။
သူမသိဘူး။
သူသိတာက .. သူ မသေချင်ဘူး။ အိမ်ကို ပြန်ရောက်ချင်တယ်။ အဖေနဲ့ အမေ့ကို တွေ့ချင်တယ်။ သူ့ညီမကို တွေ့ချင်တယ်။ သူ့ရဲ့ မွေးကင်းစ တူတော်မောင်လေးကို တွေ့ချင်တယ်။ မြတ်သော်တာထွန်းကို တွေ့ချင်သေးတယ်။
နောက်ကနေ တဖုတ်ဖုတ်ပြေးလိုက်လာတဲ့ အသံတစ်သံကြောင့် နိုင်မျိုး ခေါင်းတွေ ထူပူသွားတယ်။
ဆိုင်ကယ်လီဗာကို နောက်ကို ထပ်ဆွဲကြည့်တယ်။ ဒီထက် ပိုမမြန်နိုင်တော့ဘူး။
ဆိုင်ကယ်ရဲ့ နောက်ကြည့်မှန်ထဲကို ကြည့်လိုက်တော့.. သူ့နောက် ခပ်လှမ်းလှမ်း.. မြေကြီးပေါ်မှာ လေးဘက်ထောက် ပြေးလိုက်လာတဲ့ အရိပ်တစ်ရိပ်။
ဆိုင်ကယ်ရဲ့ နောက်ခုံကို တစ်ခုခုက လှမ်းဆွဲလိုက်သလို တုံ့ခနဲ ဖြစ်သွားတယ်။ ဆိုင်ကယ်တစ်ခုလုံး ဘေးကို ယိမ်းပြီး ၀ုန်းခနဲ လဲသွားတယ်။
အေးစက်နေတဲ့ မြေကြီးနဲ့ မြက်ပင်တွေ နိုင်မျိုးကို အရှိန်နဲ့ ဝင်ဆောင့်တယ်။ လေးငါးပတ် လိမ့်ထွက်သွားတဲ့ အတွက် တစ်ကိုယ်လုံး ထူပူနေတယ်။
ခပ်လှမ်းလှမ်းမှာ လဲကျနေတဲ့.. ဘီးတွေလည်နေသေးတဲ့ သူ့ရဲ့ ဆိုင်ကယ်။
နောက်ဆုံးကျန်တဲ့ ခွန်အားကို ထုတ်သုံးရင်း နိုင်မျိုး ဆိုင်ကယ်ဆီကို မှောက်လျက် တွားသွားတယ်။
မြက်ပင်တွေကို တရှပ်ရှပ်တိုက်ပြီး လျှောက်လာတဲ့ ခြေသံ..။
နိုင်မျိုးရဲ့ ကျောပေါ်ကို ဖိချလိုက်တဲ့ ခြေဖဝါး တစ်ခု။
အိခနဲ အသံနဲ့အတူ နိုင်မျိုး မျက်နှာ မြေကြီးနဲ့ ကပ်သွားတယ်။ အသက်ရှူလို့ မရတော့ဘူး။
နိုင်မျိုးရဲ့ ပခုံးပေါ်ကို လက်တစ်ဖက်ရောက်လာပြီး သူ့ကို ဆွဲလှည့်လိုက်တယ်။
ပက်လက်ဖြစ်သွားတော့မှ.. သူ့ကို အပေါ်ကနေ မိုးပြီး ကြည့်နေတဲ့သူကို နိုင်မျိုး သေချာမြင်ရတယ်။
စောစောက အဖွားကြီး..။
နေဦး..။
အဖွားကြီး မဟုတ်တော့ဘူး။
အသက် ၃၀ ကျော်ကျော် လောက်ရှိမယ့် မိန်းမတစ်ယောက်။
ဒီမိန်းမရဲ့ ဆံပင်တွေက မည်းနက်ပြီး ခါးအထိ ဝဲကျနေတယ်။ ရင်သားတွေက တွဲကျမနေဘဲ တင်းရင်းနေတယ်။ ကျစ်လစ်နေတဲ့ လက်မောင်းသားတွေ ပေါင်သားတွေက လရောင်ပြပြအောက်မှာ သွေးရောင်လူးပြီး တောက်ပြောင်နေတယ်။
သူ့ရဲ့ အဝတ်ဗလာနဲ့ ကိုယ်ပေါ်မှာ အလူးလူးပေနေတဲ့ သွေးတွေ.. နိုင်မျိုးရဲ့ မျက်နှာပေါ်ကို တတောက်တောက် ကျနေတယ်။
“ခင်ဗျား.. ဘယ်သူလဲ”.. နိုင်မျိုး မေးလိုက်တယ်။ အခုမှ ထွက်လာတဲ့ သူ့ရဲ့ စကားသံက သူ့ကိုယ်သူတောင် မမှတ်မိချင်လောက်အောင် ခြောက်ကပ်တုန်ယင်နေတယ်။
ဆံပင်နက်နက်နဲ့ မိန်းမက နိုင်မျိုးရဲ့ မေးခွန်းကို ပြန်မဖြေဘဲ ပြုံးပဲ ပြုံးပြတယ်။
“ခင်ဗျား..ဘယ်..”
လည်ပင်းပေါ်ကို ဆောင့်နင်းချလိုက်တဲ့ ခြေဖနောင့်ကြောင့် နိုင်မျိုးရဲ့ စကား .. တစ်ဝက်မှာတင် ရပ်သွားတယ်။ အထဲကို ကျွံဝင်ကျသွားတဲ့ လေပြွန်နဲ့အတူ နိုင်မျိုးရဲ့ မြင်ကွင်းတွေ ရုတ်ခနဲ မှောင်ကျသွားတယ်။
အသက်သာ ထွက်သွားတယ်.. ဘာကြောင့် ဘာတွေ ဘယ်လို ဖြစ်သွားသလဲ.. ဆိုတာ နိုင်မျိုး အဖြေရှာတွေ့မသွားဘူး။
+++
(ဆက်ရန်)