+++++++++++
အခန်း (၄)
-(သီရိ)-
(၁)
“သီရီရယ်.. နင်မို့လို့ အဲဒီနေရာကို တစ်ခေါက်သွားပြန်ကြည့်ရဲတယ်။ မကြောက်မရွံ့ဟာ”.. မသက်သက်မျိုးက လက်ထဲက ကွမ်းယာကို ပါးစပ်အ၀မှာ တေ့ထားရင်းနဲ့ ပြောတယ်။ “အဲဒီ တောအုပ်ဘက်က အမြဲလိုလို လူပြတ်နေတာကြီးကို။ ငါ့ကိုပြောရောပေါ့။ ငါလိုက်ခဲ့မှာပေါ့”
သီရီ ဘာမှ ပြန်မပြောသေးဘဲ လမ်းမဘက်ကိုပဲ ငေးနေမိတယ်။
မနက်စောစော အချိန်ဆိုတော့ လမ်းပေါ်မှာ ကားအသွားအလာ သိပ်မရှိသေး။ သီရိရဲ့ ဓာတ်ဆီဆိုင်ရယ်၊ မသက်သက်မျိုးရဲ့ ကွမ်းယာဆိုင်ရယ်၊ ဟိုဘက် လေးအိမ်ကျော်က လက်ဘက်ရည်ဆိုင်ရယ်.. ကလွဲရင် ကျန်တဲ့ဆိုင်တွေ အိပ်မောကျနေတုန်း။
ပုံမှန်ဆို ဒီလို မနက်ခင်းတွေမှာ အောင်မော်ကို့ အိပ်ရာနှိုးပေးနေကျ။ မနက်စာရယ်လို့ ဖြစ်ဖြစ်မြောက်မြောက် ပြင်ထားတာ မရှိပေမယ့် သူ့အစ်မ ဘာကျွေးကျွေး အောင်မော်က မညည်းမငြူ စားတတ်တယ်။ ညကကျန်တဲ့ ထမင်းနဲ့ ပဲပြုတ်တစ်ထုပ်.. ဒါက ပုံမှန် မနက်စာ။ တစ်ခါတလေကျရင်တော့ မုန့်ဟင်းခါးလေး ဘာလေး ဝယ်ပေးထားပါတယ်။ အလုပ်ပိတ်ရက်တွေဆိုရင်တော့ အောင်မော်က နေနည်းနည်း မြင့်မှ အိပ်ရာထတတ်တယ်။ အဲဒီလို နေ့တွေကျတော့ နေ့လယ်စာနဲ့ မနက်စာ ပေါင်းစားပေါ့။
အခုရက်ပိုင်းတွေ သီရိ မနက်စာ မစားဖြစ်တာ ကြာပြီ။ နေ့လယ်စာ စားဖို့ သတိမရလိုက်တဲ့ ရက်တွေလည်း ရှိတယ်။ ဗိုက်ထဲက အရမ်းတွေ ဆာလာပြီး ရင်တလှပ်လှပ် ဖြစ်လာတော့မှ မီးဖိုချောင်ထဲ စိတ်မပါ လက်မပါနဲ့ဝင်၊ ထမင်းတစ်အိုးတည်၊ ကြက်ဥလေးကြော်ပြီး ငိုင်တိုင်တိုင်နဲ့ ထိုင်စား..။ တစ်ရက်တစ်ရက် အချိန်တွေ ဘယ်လို ကုန်မှန်းမသိ ကုန်ရင်း ပူဆွေးတဲ့ ဝေဒနာက နည်းနည်းတော့ အနည်ထိုင်စ ပြုလာပြီ။ ပူဆွေးဝမ်းနည်းတဲ့ ခံစားချက်နေရာမှာ.. ယူကြုံးမရ နှမြောမိတဲ့ စိတ်က အစားဝင်လာတယ်။
အောင်မော်က ပညာတတ်၊ ရုပ်ချော.. အညွန့်တလူလူနဲ့ လူငယ်တစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် သီရိရဲ့ ဘ၀မှာ တစ်ဦးတည်း ကျန်တော့တဲ့ မိသားစုဝင်လေ။ အချိန်တန်ရင် ငါ့မောင်လေး မိန်းမတွေ ဘာတွေရ၊ ငါလည်း တူတွေ တူမတွေ ချီရချည်းသေးရဲ့.. ဆိုပြီး စခဲ့ နောက်ခဲ့တာတွေက တကယ်တော့ စရုံနောက်ရုံ သက်သက် မဟုတ်ဘဲ မျှော်လင့်ချက် ခပ်ပါးပါးလေးတွေပါ။ သီရိက ရည်းစားသညာလည်း မထားဖူးဘူး။ စိတ်လည်း မဝင်စားအားဘူး။ အိမ်ထောင်တွေဘာတွေကျ၊ မိသားစုတွေဘာတွေ တည်ထောင်ဖို့လည်း အိပ်မက်တောင် မမက်ဖူးဘူး။ ဒါပေမယ့် အောင်မော့်ကိုတော့ အဲဒီလို ဖြစ်စေချင်ခဲ့တယ်။ အချိန်ရှိသရွေ့ ငူငူငေါင်ငေါင်နဲ့… ဝင်ငွေမည်မည်ရရ မရှိတဲ့ အလုပ်တစ်ခုကို အသက်ပေးဖက်တွယ်ထားတဲ့ သူ့လို .. အောင်မော့်ကို မဖြစ်စေချင်ဘူးလေ။
ဒါပေမယ့် အခု ဒါတွေ အလကား ဖြစ်သွားပါပြီ။ ဘာအကြောင်းပြချက်မှ မည်မည်ရရ မရှိဘဲ လောကထဲကနေ ဆတ်ခနဲ ထွက်သွားတဲ့ အောင်မော်။ သီရိတစ်ယောက်တည်း မေးခွန်းတွေတစ်ပြုံကြီးနဲ့ ကျန်ခဲ့ပြီ။
လွန်ခဲ့တဲ့ တစ်ပတ်လောက်က အောင်မော် သေတဲ့ နေရာကို သီရိ သွားကြည့်ဖြစ်တယ်။ ဆိုင်ကို ခပ်စောစောပိတ်၊ ညနေမစောင်းခင် ထွက်သွားပေမယ့် ကိုယ်နဲ့ မရင်းနှီးတဲ့ နေရာဖြစ်နေတာကြောင့် တော်တော်လေး ရှာလိုက်ရတော့ ရေတွင်းပျက်နား ရောက်တဲ့အချိန်မှာ မိုးချုပ်လုနီးနေပြီ။
ရေတွင်းပတ်ပတ်လည်ကို ဓာတ်မီးနဲ့ ထိုးပြီး သီရိ သေချာ လိုက်ကြည့်တယ်။ တောအုပ်ဘက်ကို ဆက်သွားတဲ့ လမ်းတလျှောက်ကိုလည်း စူးစမ်းကြည့်တယ်။ စိုက်ခင်းအစပ်နားကိုတောင် သွားပြီး ကြည့်လိုက်သေးတယ်။ ဘာမှ ထူးထူးခြားခြား မတွေ့ရဘူး။ မိုးရွာထားတဲ့ ရက်တွေရဲ့ လက်ကျန် ရွှံ့ဗွက်တွေနဲ့ ခြေရာတချို့ကလွဲရင် ရေတွင်းတစ်၀ိုက် နေရာမှာ လူသူ လက္ခဏာ ဘာမှ မရှိ။ အိမ်ကထွက်လာကတည်းကလည်း “ငါကတော့ ဒါကို တွေ့အောင် ရှာမယ်ဟေ့..” ဆိုပြီး ဆုံးဖြတ်လာတာ မရှိတော့ ဘာကို လိုက်ရှာရမှန်း မသိတာလည်း ပါတယ်။
နောက်ဆုံးမှာ စိတ်လျှော့ပြီး အိမ်ဘက်ကို ပြန်လာတော့ မိုးစုန်းစုန်းချုပ်နေပြီ။
“ဟဲ့.. သီရီ။ ငါမေးနေတာလည်း ဖြေဦးလေ။ ဘာတွေ ငူငေါင်နေတာလဲ..”.. မသက်သက်မျိုးက ကွမ်းငုံထားတဲ့ လေသံ ပလုပ်ပလောင်းနဲ့ သီရိကို လှမ်းသတိပေးတယ်။
“ဘာမှ မဟုတ်ပါဘူး”.. သီရိ ပြန်ဖြေရင်း သက်ပြင်းချလိုက်တယ်။ မသက်သက်မျိုးရဲ့ ကွမ်းယာဆိုင်နဲ့ သီရိရဲ့ ဆီဆိုင်လေးကြားမှာ ခုံတန်းလျားတစ်ခု ရှိတယ်။ ကွမ်းယာဆိုင်လာတဲ့သူတွေ ထိုင်ဖို့။ ဒါပေမယ့် မသက်သက်မျိုးရဲ့ ဆိုင်က သီရိတွေ့ဖူးသမျှ ကွမ်းယာဆိုင်ထဲမှာ မရောင်းရဆုံး ဆိုင်ဖြစ်လိမ့်မယ်။ တစ်ရက်ကို လူ လေးငါးဆယ်ယောက်ထက် ပိုမလာဘူး။ အမြဲတစေ ခြောက်ကပ်နေတာ။ ဒီတော့ အဲဒီထိုင်ခုံမှာ သီရိပဲ အမြဲလိုလို ထိုင်ဖြစ်တယ်။
မသက်သက်မျိုးရဲ့ ဆိုင်က မရောင်းရဘူးဆိုတော့ သီရိရဲ့ ဆီဆိုင်ကရော ရောင်းရသလား ဆိုတော့လည်း သူမသာ ကိုယ်မသာပါပဲ။ ဒီလမ်းမ တကြောမှာတင် ဆီဆိုင်ပေါင်း တစ်ဒါဇင်လောက် ရှိလိမ့်မယ်။ အကုန်လုံးက သီရိထက် လက်ကြီးတဲ့၊ အရင်းများတဲ့ ဆိုင်တွေချည်းပဲ။ သီရိဆီမှာ ပုံမှန် ဆီလာထည့်တတ်တဲ့ ဖောက်သည်လေး လက်တစ်ဆုပ်စာလောက်ရှိလို့သာ အသက်ဆက်လို့ ရနေတာ။
“ငါတော့ အသက်ထွက်တော့မယ်။ နင့်ကိုခေါ်နေရတာ။ ဘာတွေ တွေးနေတုန်း”.. မသက်သက်မျိုးရဲ့ အသံကျယ်ကျယ်ကို ထပ်ကြားလိုက်မှ သီရိ အတွေးစ ပြတ်သွားတယ်။
“ဪ။ ဒီလိုပဲ ရောက်တတ်ရာရာ တွေးနေတာပါ”
“ရေတွင်းပျက်နားသွားကြည့်တော့ ဘာတွေ့တုန်းလို့”
“ဘာမှ မတွေ့ပါဘူး”
“ကျားခြေရာတွေ ဘာတွေ တွေ့သေးသလား”
“အာ.. အဓိပ္ပာယ်မရှိတာ။ ဘာမှ ကျားကိုက်တာ မဖြစ်နိုင်ဘူး။ ဒီရွာမှာ ကျားဆွဲတဲ့သတင်း အစ်မ ကြားဖူးလို့လား”.. သီရိ စိတ်တိုတိုနဲ့ ပြန်အော်လိုက်တယ်။ ပြီးတော့မှ အားနာသလိုလို ဖြစ်သွားတယ်။ မသက်သက်မျိုးက အသက် ၄၀ ကျော်ပြီ။ သီရိထက် အများကြီး ကြီးတယ်။ မသက်သက်မျိုးကတော့ သီရိပြန်အော်တာကို သတိတောင် မထားမိသလို.. ကွမ်းတံတွေးကို ပျစ်ခနဲ ထွေးလိုက်တယ်။
“ကြားတော့ မကြားဖူးဘူးပေါ့ဟယ်။ ဒါပေမယ့် နင့်မောင် ဒီလောက် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာ.. တောကောင် တစ်ကောင်ကောင် လုပ်လို့ပဲပေါ့။ လူလုပ်တဲ့ ဒဏ်ရာမှ မဟုတ်တာကြီးကို”
“အစ်မပဲ စဉ်းစားကြည့်လေ။ ကျားကိုက်တယ်ဆိုရင် တစ်ကိုယ်လုံးကို ကိုက်စားသွားမှာပေါ့။ အခုဟာက လည်ပင်းတစ်နေရာတည်း..”.. အောင်မော့်ရဲ့ ဟောက်ပက် ဖြစ်နေတဲ့ ဒဏ်ရာကြီးကို သီရိ မျက်လုံးထဲ ပြန်မြင်လာပြီး အသက်ရှူရပ်ချင်သလိုလို ဖြစ်သွားတယ်။ “လည်ပင်း တစ်နေရာတည်း.. ဖြစ်နေစရာ အကြောင်းမှ မရှိတာ”.. သီရိအသံက တိုးဝင်သွားတယ်။
မသက်သက်မျိုးက သီရိမျက်နှာပျက်သွားတာကိုကြည့်ပြီး လေသံကို ချိုလိုက်တယ်။
“အေးပါဟယ်။ ဘယ်လိုပဲပြောပြော အောင်မော်က လူကောင်းပါ။ တခြားလူတွေ ပြောသလို ဆေးသမား၊ ဘိန်းစားတော့ မဟုတ်ပါဘူး။ ငါကတော့ ဒီကောင် မိန်းမခိုးပြေးမလို့ လုပ်ရင်း .. တစ်ခုခု ဖြစ်သွားတာလို့ ထင်တာပဲ”
သီရိ ဘာမှ ပြန်မပြောဘဲ ငြိမ်နေလိုက်တယ်။ ဒါလည်း အဓိပ္ပာယ်မရှိတဲ့ အဖြေတစ်ခုပဲ။ ဒါပေမယ့် သီရိရဲ့ ပိုက်ဆံတွေကိုပါ ယူသွားတာကိုတော့ မေ့လို့မရဘူး။ အောင်မော်က ဘယ်တုန်းကမှ သူ့အစ်မဆီကနေ တိုတတ်ဖြောင်တတ်တဲ့ သူမဟုတ်ဘူး။ သူ့ရှိတဲ့ နှစ်ပဲတစ်ပြား လခကိုတောင် အစ်မကို မရမက အပ်တတ်တဲ့သူ။ အိမ်စရိတ်ဆိုပြီး ပေးပေးနေတဲ့ အောင်မော့် ပိုက်ဆံတွေက မများပါဘူး။ ဒါပေမယ့် နည်းလည်း မနည်းဘူး။ အခု သူမရှိတော့ဘူးဆိုတော့ သီရိတစ်ယောက်တည်း ဒီအိမ်ကြွေးကို ဘယ်လို ဆပ်ရမလဲ။ အိမ်မရှိတော့ရင်.. အသိမ်းခံလိုက်ရရင်.. ဟိုအိမ်ကပ်နေ..ဒီအိမ်ကပ်နေ.. နောက်ဆုံးမှာ အကုန်လုံးက နှင်ချလိုက်တော့မှ.. အခြေမဲ့အနေမဲ့နဲ့ ညောင်ပင်အောက်မှာ သောင်တင်နေမလား။ ဒေါ်စုတို့ မိသားစုလိုလေ။ သီရိအလှည့်ကျရင်တော့ မိသားစုမရှိတော့ တစ်ယောက်တည်း အိမ်မဲ့ယာမဲ့ ဖြစ်နေမှာပေါ့။ ဒါမှမဟုတ် ဒီထက်ဆိုးပြီး..
အတွေးတွေက ထွက်မရတဲ့ ၀င်္ကပါထဲ ပြန်ဝင်သွားပြန်ပြီ။
မသက်သက်မျိုးက ခေါ်မကြား အော်မကြား ထပ်ဖြစ်သွားပြန်တဲ့ သီရိကို လက်လျှော့သွားသလို.. စကားဆက်မပြောတော့ဘဲ ကွမ်းရွက်တွေကို ဆက်ညှပ်နေတယ်။
(၂)
တပြပြလင်းလာတဲ့ မနက်ခင်း အလင်းရောင်နဲ့အတူ မုယောရွာရဲ့ တစ်ခုတည်းသော ကားလမ်းမတစ်ဝိုက်မှာ စည်ကားစပြုလာတယ်။
ကားသံတွေ၊ ဟွန်းသံတွေ ဆူညံစ ပြုလာတယ်။
အခုမှ ဖွင့်ကြတဲ့ ဆိုင်တွေ.. ဆိုင်ရှင်အခြင်းခြင်း နှုတ်ဆက်သံတွေ စပြီး ကြားရပြီ။
ကျောင်းတက်ဖို့ လမ်းလျှောက်လာကြတဲ့ ကလေးတွေရဲ့ အသံတွေကိုလည်း ကြားရပြီ။
ကျောင်းသူကျောင်းသားတွေကို တွေ့ရင်တော့ ရီဝေနေတဲ့ သီရိရဲ့ ခေါင်းထဲမှာ နည်းနည်းလေး ကြည်လင်သွားတတ်တယ်။
အပူအပင်မရှိသေးဘဲ .. ငါကတော့ ဒီနေ့ အိမ်ကနေ ကျောင်းကို သွားမယ်.. ပြီးရင် အိမ်ပြန်မယ်.. ညစာစားမယ်.. အိပ်ရာဝင်မယ်.. စတဲ့ စတဲ့ တသတ်မှတ်မှတ် ရည်ရွယ်ချက်လေးတွေနဲ့ အေးငြိမ်းနေကြတဲ့ ကလေးတွေ။
သီရိလို လမ်းပျောက်နေတဲ့သူတွေ သူတို့ထဲမှာ မပါဘူး။
ကလေးတွေကို ကျောင်းလိုက်ပို့ကြတဲ့ မိဘတွေရဲ့ မျက်နှာတွေကလည်း အားကျချင်စရာ။ ရည်ရွယ်ချက်တစ်ခုနဲ့ အသက်ရှင်နေကြတဲ့ သူတွေပီပီ.. သူတို့ မျက်လုံးတွေ၊ မျက်နှာ အမူအရာတွေက အသက်ဝင်နေတယ်။ သီရိရဲ့ ရည်မှန်းချက်မဲ့ မျက်လုံးတွေလို ဝေဝါးပြီး သေမနေဘူး။
ကျောင်းသားမိဘ တချို့.. သီရိရဲ့ ဆိုင်ရှေ့ကနေ ဖြတ်လျှောက်တော့ ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြတယ်။ ဟိုတလောက ကျားဆွဲခံရတဲ့ ကောင်လေးရဲ့ အစ်မပေါ့… ဆိုပြီး တီးတိုး တီးတိုးများ ပြောနေကြမလား..။
ဆိုင်ရှေ့က ဖြတ်လျှောက်သွားကြတဲ့ ကျောင်းသူကျောင်းသားတွေထဲမှာ ရုပ်ရည် သန့်သန့်ပြန့်ပြန့်လေးနဲ့ မောင်နှမ နှစ်ယောက်ကို တွေ့တော့ .. အောင်မော့်ကို အရမ်းသတိရသွားပြီး သီရိ ရင်ထဲ နင့်ခနဲ ဖြစ်သွားတယ်။
မောင်နှမနှစ်ယောက်က ချောလိုက် သန့်လိုက်တာ..။ ကောင်လေးက ပိုပြီး ရုပ်ချောတယ်။ ကောင်မလေးကလည်း မျက်နှာပြားပြားလေးနဲ့ ချစ်စရာလေးပါ။ ညီမလုပ်တဲ့သူက သူ့အစ်ကိုရဲ့ လက်မောင်းကို ကိုင်ထားတယ်။ ပါးစပ်ကလည်း တိုးတိုးတိုးတိုးနဲ့ သူ့အစ်ကိုကို ကပ်ချွဲနေသေးတယ်။
ဆီဆိုင်ရှေ့ကိုရောက်တော့ ကောင်မလေးရဲ့ မျက်နှာက ပျက်ချင်သလိုလိုဖြစ်ပြီး ဟိုဘက်ကို လှည့်သွားရော။ သူ့အစ်ကိုလက်မောင်းကို ကိုင်ထားတဲ့ လက်တွေက ပိုပြီး တင်းသွားတယ်။
အစ်ကိုဖြစ်တဲ့ ကောင်လေးက လွန်ရောကျွန်ရော အသက် ၁၃-၁၄ နှစ်ပေါ့။ မျက်နှာက အစ်ကိုကြီး တစ်ယောက်လို တည်ကြည်နေလိုက်တာ။ ခုံတန်းလျားမှာ ထိုင်ရင်း သူတို့ဘက်ကို ငေးနေတဲ့ သီရိကို.. ကောင်လေးက လှမ်းကြည့်တယ်။ သီရိလည်း ရုတ်တရက်မို့ မျက်လုံး မလွှဲဖြစ်ဘဲ ပြန်စိုက်ကြည့်နေမိတယ်။
တော်တော်ကြာတော့မှ ကောင်လေးက အားနာသွားသလို ယဲ့ယဲ့လေး ပြုံးပြပြီး အကြည့်ပြန်လွှဲ၊ ကျောင်းဘက်ကို ဆက်လျှောက်သွားတယ်။
+++
အခန်း (၅)
-(ရန်နိုင်)-
(၁)
“ဟင့်အင်း ဟင့်အင်း.. မအိပ်ချင်ဘူး။ မအိပ်ဘူး”
စန္ဒာ့ရဲ့ အသံက စီခနဲ ထွက်လာတယ်။ အော်သံထဲမှာ ငိုသံတွေလည်း ပါနေပြီ။ စန္ဒာက ခေါင်းကို ပြုတ်ထွက်လုမတတ် ရမ်းတယ်။
“ဒါဒါ။ အဲဒီလို မဆိုးနဲ့လေ။ မေမေပြောတာကို နားထောင်လေ”.. အမေက အသံချိုချိုနဲ့ နှစ်သိမ့်တယ်။ မျက်နှာကတော့ မသိမသာ မာထန်နေတယ်။ မသော်တာက အမေ့ဘေးမှာ စိတ်မပါလက်မပါ မျက်နှာပေးနဲ့ မတ်တပ်ရပ်နေတယ်။ စန္ဒာ့ကို ကြည့်နေတဲ့ မသော်တာရဲ့ အကြည့်တွေက လမ်းဘေးခွေးတစ်ကောင်ကို ကြည့်တဲ့ အကြည့်မျိုး။ မတူသလို မတန်သလို.. သနားသလိုလို.. ဆောင့်ကန်ချင်သလိုလို။
“မသိဘူး။ မသော်တာနဲ့တော့ မအိပ်ဘူး။ မသိဘူး။ ဧည့်ခန်းထဲမှာ တစ်ယောက်တည်း သွားအိပ်မယ်”.. စန္ဒာက ပြောရင်းနဲ့ ဆက်တီခုံပေါ်ကို ၀ုန်းခနဲ ထိုင်ချလိုက်တယ်။ ဘေးမှာ ထိုင်နေတဲ့ သူ့အစ်ကိုကို စားတော့ဝါးတော့မလို မျက်လုံးတွေနဲ့ ကြည့်တယ်။ “ကိုကြီး ဘာမှ ဝင်မပြောတော့ဘူးလား။ ဒီမှာ ဒါဒါ့ကို အနိုင်ကျင့်နေတာကို”
ရန်နိုင် ခေါင်းကို မသိမသာ ကုတ်လိုက်တယ်။ သက်ပြင်းချတယ်။ သူလည်း ဘာပြန်ပြောရမှန်း မသိဘူးလေ။
“ငါလည်း နင်နဲ့ အိပ်ချင်လွန်းလို့ ပြောနေတာ မဟုတ်ဘူး။ မသင့်တော်တော့လို့ ပြောနေတာ။ နားလည်လား”.. မသော်တာက ဝင်ပြောတယ်။ သူ့မျက်လုံးတွေက ရန်နိုင့်ဆီကို လှစ်ခနဲ ရောက်လာတယ်။ “နင်တို့ မောင်နှမ အသက်ကပဲ ၁၄ နှစ်ပြည့်တော့မယ်။ အခုထိ တစ်ခန်းတည်း တူတူ အိပ်နေလို့ ရမလား”
“၁၃ ပြည့်မှာပါ။ ၁၄ မဟုတ်ဘူး။ မှားနေပြီ”.. ရန်နိုင် မသော်တာကို မော့ကြည့်ရင်း ပြောလိုက်တယ်။
“၁၃ ဖြစ်ဖြစ် ၁၄ ဖြစ်ဖြစ်။ တစ်ခန်းတည်း တူတူ အိပ်လို့ မရတော့ဘူး”.. မသော်တာက ပြောတယ်။
“အေးလေ.. ဒါဒါကလည်းကွယ်။ ကိုယ့်အစ်မနဲ့ တူတူ အိပ်တာပဲ။ ဘာဖြစ်သလဲ.. ပြီးတော့ သမီး ဘာဖြစ်လို့ မေမေတို့က ဒီလို လုပ်ရသလဲ သိတယ်မဟုတ်လား”.. အမေက မျက်မှောင်ကို မသိမသာကြုတ်ရင်း ပြောတယ်။
“ဘာဖြစ်လဲ။ အဲဒါက တစ်ခါတည်း ဖြစ်တာပဲ။ နောက်ထပ်ဖြစ်ဦးမှာ မို့လို့လား။ မသိဘူး။ ကိုကြီးနဲ့ပဲ အိပ်မယ်”.. စန္ဒာက ခေါင်းကို မော်မကြည့်တော့ဘဲ အောက်ကို ငိုက်စိုက်ချထားတယ်။ လက်ကို တင်းတင်းပိုက်ထားတယ်။
မသော်တာက ဟက်ခနဲ ရယ်တယ်။ “နောက်ထပ်ဖြစ်ဦးမှာလား သိချင်ရင် နင့်အစ်ကိုကို မေးလေ။ နင့်အစ်ကိုက ဆရာကြီးပဲ။ စာတွေဖတ်နေတာပဲ။ သူသိမှာပေါ့”
ရန်နိုင် မျက်နှာတွေ ပူလာပြီး ထိုင်နေရာကနေ ထလိုက်တယ်။
“ဟဲ့။ ရန်နိုင်။ နင့်ညီမကို ကူပြောပေးဦးလေ။ ဟိုမှာ ဂျစ်ကန်ကန်နဲ့”.. အမေက ရန်နိုင့်ကို ပြောတယ်။
ရန်နိုင် သက်ပြင်းချလိုက်တယ်။ ခေါင်းငုံ့ထားတဲ့ စန္ဒာ့ကို ကြည့်တယ်။ စန္ဒာ့ပခုံးကို လက်နဲ့ အသာကိုင်တယ်။
“ညီမလေး။ ဒါဒါ”
စန္ဒာက ခေါင်းကို ငုံ့မြဲငုံ့ထားတယ်။ တအိအိရှိုက်သံတွေလည်း ထွက်လို့။
“ညဘက်ပဲ သွားအိပ်ရုံပဲလေ။ ကျန်တဲ့ အချိန်တွေ အခန်းထဲလာနေပေါ့။ တီဗွီကြည့်ချင်လည်း လာကြည့်။ ဂိမ်းဆော့ချင်လည်း လာခဲ့လို့ ရတာပဲ.. ဟုတ်တယ်..မဟုတ်..”
စန္ဒာ ရန်နိုင့်လက်ကို ပုတ်ထုတ်ပြီး ၀ုန်းခနဲ ထရပ်တယ်။
“ဒါဒါ…စိတ်မဆိုး..”
“ရတယ်။ အဲဒီလောက် သွားစေချင်နေလည်း သွားမယ်။ တီဗွီလည်း လာမကြည့်ဘူး။ ဂိမ်းလည်း လာမဆော့ဘူး။ ကိုကြီးအခန်းထဲကို တစ်သက်လုံးမလာဘူး”.. ပြောပြီးတာနဲ့ စန္ဒာ ချာခနဲ လှည့်ထွက်ပြီး ရန်နိုင်တို့ အိပ်ခန်းထဲကို ပြေးဝင်သွားတယ်။
ခဏကြာတော့ ပစ္စည်းတွေ တ၀ုန်း၀ုန်းပစ်ချတဲ့ အသံတွေ၊ အဝတ်ဘီရိုဖွင့်တဲ့ အသံတွေ အခန်းထဲကနေ ဆူညံပြီး ထွက်လာတယ်။
ရန်နိုင် ဘာလုပ်ရမှန်း မသိတာနဲ့ ယောင်နနနဲ့ မတ်တပ်ရပ်နေမိတယ်။
“ဘယ်လို သန္ဒေလေးမှန်းကို မသိဘူး။ ကျက်သရေယုတ်တာ”.. မသော်တာက ပြောတယ်။
“အစ်မ အဲဒီလို မပြောပါနဲ့။ အစ်မနဲ့ သူနဲ့ တစ်ဗိုက်တည်း ထွက်တာ မဟုတ်ဘူးလား။ စန္ဒာက သန္ဒေယုတ်တယ်ဆိုရင် အစ်မလည်း အတူတူပဲ ဖြစ်သွားမှာပေါ့”
ရန်နိုင့်ဆီက ထွက်လာတဲ့ စကားကြောင့် မသော်တာ မျက်နှာ ဆတ်ခနဲ တင်းသွားတယ်။ ပျက်သွားတဲ့ သူ့အစ်မ မျက်နှာကို ကြည့်ပြီး ရန်နိုင် ကျေနပ်သလိုလို ဖြစ်သွားတယ်။ နောက်ထပ် ထပ်ပြောရဲပြောကြည့်.. ဟိုတစ်နေ့က တွေ့တဲ့ ဟန်းဖုန်းတွေအကြောင်း အမေ့ကို တိုင်လိုက်မယ်။ အဲဒီအကြောင်း ရန်နိုင် ဘယ်သူ့ကိုမှ ပြောမပြရသေးဘူး။ စန္ဒာတောင် မသိသေးဘူး။ ဟန်းဖုန်းတွေ လေးငါးလုံး တစ်ပြိုင်တည်း ပြိုင်သုံးနေတယ် ဆိုကတည်းကိုက မသော်တာမှာ ရည်းစားတွေ အများကြီး ရှိလို့ပဲ ဖြစ်ရမယ်လို့ ရန်နိုင်ကတော့ တွေးတယ်။ ဒါကြောင့် ဟိုအစ်ကိုကြီး သေသွားတော့ မသော်တာ ဘာမှ မဖြစ်တာ။ သူ့မှာ တခြား ကောင်လေးတွေ ရှိနေလို့ပေါ့။ အဖေသာသိသွားရင် မသော်တာ ပြဿနာ တက်ပြီ..။ ငါ့ကို ပြဿနာရှာလို့ကတော့ တိုင်ပြော..
“ဘာဖြစ်နေကြတာလဲ”
အိမ်ရှေ့တံခါး၀ဆီကနေ ဟိန်းထွက်လာတဲ့ အသံကြောင့် ရန်နိုင် ပါးစပ်ပိတ်သွားတယ်။
တံခါး၀မှာ ရပ်နေတဲ့ အဖေ။
“ဘာမှမဖြစ်ပါဘူး”.. ရန်နိုင် ပြန်ဖြေပြီး ဆက်တီပေါ်မှာ ပြန်ထိုင်လိုက်တယ်။ သူ့ကို စားတော့ဝါးတော့မလို ကြည့်နေတဲ့ မသော်တာကို မမြင်ချင်ယောင်ဆောင်နေလိုက်တယ်။
“ပြန်လာတာ စောသားပဲ။ ဒီနေ့ ဘီယာဆိုင် မသွားဘူးလား ကိုမျိုး”.. အမေက အဖေ့ကို လှမ်းမေးတယ်။
“မသွားဘူး။ အိမ်မှာပဲ သောက်မယ်”.. အဖေက ပြန်ဖြေတယ်။ လက်ထဲမှာ ကိုင်ထားတဲ့ ကားသော့ကို စားပွဲပေါ် ပစ်တင်တယ်။ ထိုင်နေတဲ့ ရန်နိုင့်ကို တစ်ချက် ကြည့်တယ်။
“ဪ..ပြီးရော။ မနေ့ကတောင် အရက်ပုလင်းတွေ နည်းနေတာတွေ့လို့ ကျွန်မ ထပ်ဝယ်ထားပေးသေးတယ်”.. အမေက ပြောတယ်။
အဖေက ခေါင်းပဲ တစ်ချက် ဆတ်ပြပြီး အပေါ်ထပ်ကို တက်သွားတယ်။ ဘာဖြစ်နေကြတာလဲ…လို့ မေးပေမယ့် တကယ်တန်းက ဘာပဲဖြစ်ဖြစ် သူစိတ်ဝင်စားမှာမှ မဟုတ်ပဲ။
(၂)
ရန်နိုင် အိပ်ခန်းထဲ ဝင်လာတော့ စန္ဒာက ပစ္စည်းတွေ အကုန် သိမ်းပြီးနေပြီ။ ပစ္စည်းတွေဆိုတာကလည်း အဝတ်အစားတွေ သိပ်မပါပါဘူး။ စန္ဒာ့ အဝတ်အစားတွေကို အန်တီငြိမ်းက အပေါ်ထပ်ကို သယ်သွားနှင့်ပြီ။ စန္ဒာ့လက်ထဲမှာ ကိုင်ထားတဲ့ စက္ကူပုံးထဲမှာ စာအုပ်တွေ၊ စာရေးကိရိယာတွေ၊ ဖုန်းအားသွင်းကြိုးတွေ၊ အရုပ်ပိစိပွစိတွေပဲ ရှိတယ်။
“’ညီမလေး စိတ်မဆိုးနဲ့လေ။ အမေတို့ပြောတာလည်း ဟုတ်နေ”
ရန်နိုင့် စကားမဆုံးခင်မှာ စန္ဒာက ရန်နိုင့်ပခုံးကို ဝင်တိုက်ပြီး အခန်းပြင်ကို ပြေးထွက်သွားတယ်။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ စက္ကူပုံးထဲကနေ ပစ္စည်းတချို့ ပြုတ်ကျကျန်ခဲ့တယ်။
အပေါ်ထပ်ကို ဆောင့်အောင့်ပြီး ပြေးတက်သွားတဲ့ သူ့ညီမရဲ့ ခြေသံ တဒုန်းဒုန်းကို နားထောင်ရင်း ရန်နိုင် နားထင်နှစ်ဖက်ကို လက်ညှိုးလက်မနဲ့ ညှပ်ပြီး ဖိလိုက်တယ်။ ဘာရယ်တော့ မဟုတ်ဘူး၊ ရုပ်ရှင်တွေထဲမှာ သရုပ်ဆောင်တွေ ခေါင်းကိုက်ခေါင်းစားပြီဆိုရင် အဲဒီလို လုပ်တာတွေ့လို့ လုပ်ကြည့်တာ။ ခေါင်းထဲမှာ မူးနေတာများ သက်သာသွားမလားလို့။
ခေါင်းမူးနေတာ နည်းနည်းပြေသွားတော့ ကြမ်းပြင်မှာ ပြန့်ကျဲနေတဲ့ စန္ဒာ့ရဲ့ ပစ္စည်းတွေကို လိုက်သိမ်းတယ်။ စားပွဲပေါ်မှာ ပြန်စီတယ်။ ပြီးမှ သွားပေးတော့မယ်။ အခု သွားစကားပြောရင် စိတ်ကောက်နေတာနဲ့ ဘယ်လိုမှ စကားပြောလို့ရမှာ မဟုတ်ဘူး။
အရွယ်ရောက်ကာစ မိန်းကလေးနဲ့ ယောက်ျားလေး တစ်ခန်းတည်း တူတူ မအိပ်ရတော့ဘူးဆိုတာ ရန်နိုင် နားလည်ပါတယ်။ ဒါပေမယ့် မသော်တာ မြို့မှာ ကျောင်းသွားတက်နေတော့ အမေကလည်း အဖော်လိုက်သွားတယ်။ အိမ်မှာ သူတို့ သားအဖ ၃ ယောက်တည်း ကျန်ခဲ့တာ။ အန်တီငြိမ်းကလည်း အိမ်မှာ လာမအိပ်ပေးနိုင်။ ဒီတော့ စန္ဒာနဲ့ ရန်နိုင် လေးငါးနှစ်လောက် တစ်ခန်းတည်း အိပ်လိုက်ရတယ်။
ငယ်တုန်းကတော့ မသိသာသေးပေမယ့် အခု ၁၃ နှစ် အရွယ်ရောက်လာတော့ နေရထိုင်ရ ကျဉ်းကြပ်လာတာ အမှန်ပဲ။ သူ့ညီမကို သူ ဘယ်လောက်ပဲ ချစ်ပေမယ့် တစ်ခါတစ်လေကျရင် လူငယ် ယောကျ်ားလေးပီပီ တစ်ယောက်တည်းလည်း နေချင်မိတယ်။ ပြီးတော့ မနက်အိပ်ရာနိုးလို့ ဟိုဘက်ကုတင်မှာ စန္ဒာ ဖင်ပေါ်ခေါင်းပေါ်ဖြစ်နေတာကိုလည်း ရန်နိုင် မကြည့်ချင်တော့ဘူး။ မျက်နှာ ပူလှပြီ။
မနေ့ကတော့ အဲဒီ ပြဿနာတွေ အကုန်ရှင်းသွားဖို့ အကြောင်းဖန်လာတယ်။
ကျောင်းမှာ စာသင်နေရင်းနဲ့ စန္ဒာက ဆရာမကို တိုးတိုး လှမ်းခေါ်တယ်။ ဆရာမ အနားရောက်လာတော့ ငိုမဲ့မဲ့ မျက်နှာနဲ့ ဘာလဲမသိဘူး ပြောတယ်။ ဆရာမက အမေ့ကို ဖုန်းဆက်ခေါ်တယ်။ အတန်းထဲက ကလေးတွေကတော့ ဘာသိမှာလဲ.. ဇဝေဇဝါနဲ့ ကြည့်နေကြတာပေါ့။
ရန်နိုင်ကတော့ စန္ဒာ ဘာဖြစ်သလဲဆိုတာ သိနေပြီ။ စာအုပ်တွေထဲမှာ ခဏခဏ ဖတ်ဖူးတယ်။ ဇာတ်ကားတွေထဲမှာလည်း တွေ့ဖူးတယ်။ မိန်းကလေးသဘာ၀ ဖြစ်တဲ့ဟာ..။
အဲဒါနဲ့ပဲ..စန္ဒာ့ကို မသော်တာအခန်းထဲ ပြောင်းအိပ်ဖို့ အမေက ပြောရင်း ၀ုန်းဒိုင်းတွေ ကြဲကုန်ကြတော့တာပဲ။
စန္ဒာ့ကို ရန်နိုင် သနားတော့ သနားမိတယ်။ မသော်တာနဲ့ ဘယ်သူက အိပ်ချင်မလဲ။ ဒီလောက် မာရေကြောရေနဲ့ အကျင့်မကောင်းတဲ့ မိန်းမကြီး။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ စန္ဒာက တစ်ယောက်တည်းလည်း အိပ်ရဲမှာ မဟုတ်ဘူး။ ကြာရင်တော့ အဆင်ပြေသွားမှာပါ..။
ရန်နိုင် စာကြည့်စားပွဲမှာ ဝင်ထိုင်လိုက်တယ်။ ကျောင်းစာအုပ်တွေ စီပြီး ထပ်ထားတဲ့ စားပွဲက စန္ဒာ့ ပစ္စည်းတွေ မရှိတော့တဲ့အခါ တော်တော် နေရာရှင်းသွားတယ်။ ဒါတောင်မှ စောစောက ပြုတ်ကျကျန်ခဲ့တဲ့ အရုပ်သုံးလေးရုပ် စားပွဲပေါ်မှာ ကျန်နေသေးတယ်။ ဘာဘီရုပ်လေးတွေပါ။ စန္ဒာက ပြောစမှတ်ပြုရလောက်အောင် မိန်းကလေးဆန်တဲ့ ကောင်မလေး။ ပန်းရောင် ကြိုက်တယ်။ မွေးပွရုပ်တွေ ကြိုက်တယ်။ ဘာဘီရုပ်တွေကို ရရင်ရသလို စုထားတယ်။ မုယောမှာ ဒီလို အရုပ်တွေ ရှာလို့ မရတော့ အန်တီငြိမ်းကို အပူကပ်တယ်။ အန်တီငြိမ်းရဲ့ ယောကျ်ားက ရန်ကုန်ဘက်ကို မကြာခဏသွားရတဲ့ ကားဆရာဆိုတော့ စန္ဒာ မှာသမျှကို မညည်းမညူ ဝယ်လာပေးတတ်တယ်။ အရုပ်တစ်ရုပ်ကို ၃ သောင်းကျော်လောက် ပေးရသတဲ့။ ရန်နိုင်ကတော့ နားမလည်ဘူး။ ပလက်စတစ်နဲ့ လုပ်ထားတဲ့ အရုပ်ကို ၃ သောင်းပေးရတာ ဘာလို့များလဲ။ ပြီးတော့ ဘာဘီအရုပ်တွေက ကြည့်လိုက်ရင် ကြောင်သေသေနဲ့ ကြောက်ဖို့ ကောင်းလို့ ရန်နိုင် သိပ်သဘောမကျဘူး။ စန္ဒာကတော့ သူ့ အရုပ်တွေကို တသသနဲ့ အမြဲ ပြုစုနေတတ်တယ်။ အခုနောက်ပိုင်းမှာတော့ အရုပ်တွေ မဆော့ဖြစ်တော့တာ ကြာပြီ။ အိမ်ရောက်တာနဲ့ ဖုန်းထဲကနေ ကိုရီးယားသီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ဖွင့်နေတာနဲ့ မအားဘူးလေ။
ရန်နိုင် စာအုပ်လှန်ပြီး အိမ်စာတွေလုပ်ဖို့ ကြိုးစားကြည့်သေးတယ်။ ဆယ်မိနစ်လောက် လုပ်ပြီးတာနဲ့ လူက ငြီးစီစီဖြစ်လာတယ်။ စန္ဒာနဲ့ ဒီလိုမျိုး တစ်ခါမှ ရန်မဖြစ်ဘူးတော့ ရန်နိုင် နေမထိထိုင်မသာ ဖြစ်ချင်နေတယ်။
နာရီကိုကြည့်လိုက်တော့ ညနေ ၆ နာရီ။
(၃)
ဒီနေ့ ညစာစားတော့ စန္ဒာ အပေါ်ကနေ ဆင်းမလာဘူး။
အန်တီငြိမ်း ပြင်ပေးတဲ့ ထမင်းပွဲကို တစ်ယောက်တည်း ဆိတ်ဆိတ် စားနေရင်း ၆ ပေလောက် ရှည်တဲ့ ထမင်းစားပွဲကို ရန်နိုင် ငေးကြည့်နေမိတယ်။
ဒီအိမ်က မိသားစုဝင်တွေ တစ်ယောက်နဲ့ တစ်ယောက် တမင် မတွေ့အောင် ရှောင်နေကြသလား အောက်မေ့ရတယ်။ ပုံမှန်ဆိုရင် စန္ဒာနဲ့ ရန်နိုင်က ထမင်းတူတူ စားတယ်။ အမေနဲ့ မသော်တာက ညဉ့်နက်မှ တစ်သုတ် စားတယ်။ အဖေကတော့ သူ့အခန်းထဲမှာပဲ စားသလား.. ထမင်းမစားဘဲ အရက်ကိုပဲ အစာလုပ်ပြီး သွင်းနေသလား မသေချာဘူး။
အခု စန္ဒာလည်း ထမင်းလာမစားတော့ ရန်နိုင်တစ်ယောက်တည်း။
အပေါ်မှာ သူ့အစ်မနဲ့ အဆင်မှ ပြေရဲ့လား။ ဘာသံမှတော့ မကြားရသေးဘူး။ စန္ဒာက တစ်ခုခုဆို ဗြဲခနဲ အော်ပြီး ပြဿနာရှာတတ်တဲ့သူဆိုတော့ အခုလို တိတ်ဆိတ်နေပုံထောက်ရင် အသံတိတ် ဆန္ဒဆက်ပြနေသလား၊ စိတ်ဆိုးဆိုးနဲ့ စောင်ခေါင်းမြီးခြုံပြီး အိပ်နေပြီလား။ ဒါမှမဟုတ်.. သူ့အစ်မနဲ့ တည့်များတည့်သွားပြီလား။
တည့်သွားတာတော့ မဖြစ်နိုင်ဘူး။ နေသာ အရှေ့ဘက်ကို ဝင်ရင် ဝင်သွားမယ် စန္ဒာနဲ့ မသော်တာ တည့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခန်းထဲမှာ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ဘဲ ဘယ်လိုနေနေကြပါလိမ့်။
ရန်နိုင် ခေါင်းကို ခါလိုက်တယ်။ အတွေးတွေကို ရှင်းထုတ်လိုက်တယ်။ ညီအစ်မ အရင်းတွေပဲ.. အရမ်းတော့ အခြေအနေ မဆိုးလောက်ပါဘူး။
(၄)
ခပ်တိုးတိုး ကြားနေရတဲ့ အသံတွေကြောင့် ရန်နိုင် အိပ်ရာ နိုးလာတယ်။
တကယ်က အပီအပြင်ကို အိပ်မပျော်သေးတာ။
ပုံမှန်ဆိုရင် စန္ဒာနဲ့ ရန်နိုင် ရုပ်ရှင်တစ်ကားလောက်တော့ ညတိုင်း ကြည့်ဖြစ်တယ်။ စန္ဒာကြိုက်တဲ့ ကိုရီးယား ဇာတ်ကားပဲ ဖြစ်ဖြစ်၊ ရန်နိုင်ကြိုက်တဲ့ စုံထောက်ကားပဲဖြစ်ဖြစ် တစ်ခုခုတော့ ကြည့်ပြီးမှ မောင်နှမ နှစ်ယောက် အိပ်ရာဝင်ကြတယ်။
ဒီညတော့ စန္ဒာ မရှိတဲ့ အတွက် ရန်နိုင်တစ်ယောက်တည်း ဘူပြီး ဂိမ်းထိုင်ဆော့နေတာ ညဉ့်တော်တော် နက်သွားတယ်။ ည တစ်နာရီ ထိုးကာနီးလောက်မှ ကုတင်ပေါ်ကို တက်ဖြစ်တယ်။
ကုတင်ပေါ်ရောက်တော့လည်း ချက်ခြင်း အိပ်မပျော်သေး။ ဖုန်းကို ထိုင်ပွတ်နေရင်း ဟိုတွေး ဒီတွေး တွေးနေသေးတယ်။ မက်ဆင်ဂျာထဲမှာ စန္ဒာ့ကို မက်ဆေ့ချ် ပို့ကြည့်လိုက်သေးတယ်။ စိတ်မဆိုးပါနဲ့ ဘာညာပေါ့။ စန္ဒာက စာမပြန်ဘူး။ ရန်နိုင့် မက်ဆေ့ချ်တွေကို မြင်သွားတဲ့ သင်္ကေတလေးတောင် ပေါ်မလာဘူး။ ငါ့ညီမ တကယ် စိတ်ဆိုးသွားပါလား.. ဆိုပြီး ရန်နိုင် အောင့်သက်သက် ဖြစ်သွားတယ်။
ပြောလို့ ပြောတာ မဟုတ်၊ စန္ဒာက ရန်နိုင့်ကို သည်းသည်းလှုပ်ချစ်တာ။ ရန်နိုင်လည်း သူ့ညီမကို ချစ်ပါတယ်။ ဒါပေမယ့် စန္ဒာက သူ့ကို မျက်စေ့အောက်ကတောင် အပျောက်မခံဘူး။ ကျောင်းမှာဆိုရင်လည်း အမြဲတမ်း ဘေးကနေ တန်းလန်း တန်းလန်း။ စန္ဒာနဲ့ သူနဲ့ တတွဲတွဲ လုပ်လွန်းလို့ နှစ်ယောက်စလုံးမှာ တခြား သူငယ်ချင်းဆိုတာ မရှိသလောက်ကို ဖြစ်သွားတယ်။
အမြွှာမောင်နှမတွေဆိုတာ စိတ်ခြင်း ဆက်နေကြသတဲ့.. အဲဒီလို ပြောကြတာပဲ။ ရန်နိုင်ကတော့ အဲဒါတွေ မယုံပါဘူး။ ဒါပေမယ့် သာမန် မောင်နှမတွေထက် သူတို့နှစ်ယောက်က ပိုနီးကပ်တာတော့ အမှန်ပဲ။ မသော်တာနဲ့ အသက်အရမ်းကွာသွားတာလည်း ပါမယ်။ အဖေနဲ့ အမေက သူတို့ မောင်နှမ နှစ်ယောက်ကို သိပ်ဂရုမစိုက်ကြတာလည်း တစ်ကြောင်းပေါ့။
မိဘတိုင်းက သားသမီးတိုင်းကို ဂရုစိုက်နေကြတာတော့ မဟုတ်ဘူး..ဆိုတာ ရန်နိုင် နားလည်ပါတယ်။ ကျောင်းမှာတွေ့ရတဲ့ အတန်းဖော်တွေထဲမှာလည်း အဖေအမေ ဂရုစိုက်မခံရတဲ့သူတွေ အများကြီးပါ။ လက်လုပ်လက်စား သားသမီးတွေ ဖြစ်တဲ့ အတွက် မိဘတွေ ဖူးဖူးမှုတ်ခံနေရတဲ့ သူတွေချည်းပဲတော့ မဟုတ်ဘူး။ ဒါပေမယ့် ရန်နိုင့် အဖေနဲ့ အမေက တစ်မျိုးတစ်ဖုံ ကွဲထွက်နေတယ်။
ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး.. ဆိုတဲ့ စကားစုရဲ့ အဓိပ္ပာယ်ကို ရန်နိုင် ငယ်ငယ်လေးကတည်းက နားလည် သဘောပေါက်နေခဲ့တာကိုပဲ ကြည့်။ ကိုယ့်သားသမီးကို မချစ်ရင်လည်း ဘာလို့ လူလယ်ကောင်မှာ ဟန်ဆောင်ချင်ကြသလဲ ရန်နိုင် နားမလည်ဘူး။ ရန်နိုင်တို့ ငယ်ငယ်လေး.. သူငယ်တန်းဘ၀ လောက်ကတည်းက အမေက လူရှေ့သူရှေ့ဆိုရင် ရန်နိုင့်ကို ပလီပလာ ကြင်ကြင်နာနာ ဆက်ဆံတယ်။ စန္ဒာ့ကို တဖွဖွနဲ့ လက်ကနေ မချ ချီထားတတ်တယ်။ အိမ်ပြန်ရောက်ပြီ ဆိုတာနဲ့ သူ့အခန်းထဲ သူဝင်၊ ရန်နိုင်တို့ မောင်နှမ နှစ်ယောက်ကို အန်တီငြိမ်းလက်ထဲ ၀ကွက် အပ်ထားခဲ့တာပဲ။
မသော်တာလည်း ဘာထူးသလဲ။ အပြင်မှာများ တွေ့ပြီဆိုရင် မောင်လေး..လို့တောင် ထူးထူးခြားခြား ခေါ်လိုက်သေးတယ်။ မုန့်ဖိုးလိုသေးလား..တဲ့ မေးမေးပြီး ပိုက်ဆံတွေ ထုတ်ပေးတတ်တာကိုလည်း ရန်နိုင် နားမလည်ဘူး။ ဘာမုန့်ဖိုး လိုစရာရှိသလဲ။ ရန်နိုင်နဲ့ စန္ဒာ့ကို အဖေ တစ်လတစ်လ ပေးပေးနေတဲ့ ပိုက်ဆံတွေက သာမန် အလုပ်သမားတစ်ယောက် လခနီနီး ဖြစ်နေပြီ။
အတွေးတွေ အဆက်မပြတ် ဝဲဝဲလည်နေရင်း.. ရန်နိုင် ဖုန်းကို ဘေးမှာချ.. မျက်လုံးတွေကို မှိတ်ထားရင်း မှေးခနဲ အိပ်ပျော်သွားတာ။
အခု.. အသံသဲ့သဲ့ ကြားရတော့မှ လန့်နိုးလာတာ။
ဘယ်သူက ဒီအချိန်ကြီး တရားခွေတွေ လာဖွင့်နေတာလဲ..။
(၅)
ရန်နိုင် အိပ်ယာပေါ်ကနေ ထလိုက်တယ်။ အခန်းမီးကို ဖွင့်တယ်။
ကြားနေရတဲ့ အသံကို အာရုံစိုက်ပြီး နားထောင်ကြည့်တယ်။
တရားခွေ..ဖွင့်ထားတဲ့ အသံပဲ။
ဒါပေမယ့် ဘုန်းကြီး တရားဟောသံတော့ မဟုတ်ဘူး။ အုပ်အုပ်အုပ်အုပ်နဲ့ တစ်ခုခုကို တစ်တန်းတည်း ရွတ်ဖတ်နေတဲ့ အသံ။ ပြီးတော့ ယောကျ်ားသံ မဟုတ်။ မိန်းမသံ။
ရန်နိုင် မျက်မှောင်ကြုတ်ပြီး ကုတင်ပေါ်ကနေ ဆင်းတယ်။ အခန်းတံခါးနားမှာ သွားရပ်တယ်။
အပြင်က ဝင်လာတဲ့ အသံက မပီဝိုးတဝါးနဲ့ လုံးထွေးနေတယ်။ ဟိုးအဝေးကြီးကနေ လာတဲ့ ခပ်အုပ်အုပ် အသံမျိုး။
ဒီအိမ်မှာ တရားခွေဖွင့်တဲ့အသံ.. တစ်ခါမှ မကြားဖူးဘူး။
ဟုတ်တယ်။ ရန်နိုင်တို့ မိသားစုက ဗုဒ္ဓဘာသာဝင် မဟုတ်ဘူး။ အိမ်မှာ ဘုရားခန်းလည်းမရှိဘူး။ ဘုရားစင်လည်း မရှိဘူး။ ကျောင်းမှာ ဝတ်ပြုသင်တန်း တက်ရတော့ ဆရာမက မေးတယ်။ သားတို့ မောင်နှမက ဘာဘာသာဝင်လဲ..တဲ့။ ရန်နိုင် ဘာပြန်ဖြေရမှန်း မသိတာနဲ့ ဗုဒ္ဓဘာသာဝင်ပါ..လို့ပဲ ညာပြောလိုက်ရတယ်။ တခြားဖြေစရာ အဖြေလည်း မရှိဘူးလေ။ အမေ့ကို မေးကြည့်တော့လည်း အမေက မသိလိုက် မသိဘာသာနဲ့ စကားလမ်းကြောင်း လွှဲသွားတတ်တယ်။ အလှူတွေ ဘာတွေ သွားတဲ့အခါ ဘုန်းကြီးတွေကို ကန်တော့ရတဲ့အခါ အဖေနဲ့ အမေက ကန်တော့နေတာပဲ။ မသော်တာလည်း အတူတူပဲ။ အိမ်ရောက်တော့မှ ဘာသာမဲ့တွေ ဖြစ်သွားကြတာ ရန်နိုင် နားမလည်..
အပြင်က အသံက ပိုကျယ်လာတယ်။
ရန်နိုင် အခန်းတံခါးကို အသာ ဖွင့်ပြီး အပြင်ကို ထွက်လိုက်တယ်။
တစ်အိမ်လုံးက မှောင်မည်းနေတယ်။ လှေကားတက်တက်ခြင်းနေရာမှာ တပ်ထားတဲ့ မီးလုံအနီးလေးတစ်ခုပဲ ခပ်ပြပြ လင်းနေတယ်။
အသံလာရာကို ရန်နိုင် လိုက်ရှာကြည့်တယ်။ စကားသံတွေက တိုးလာလိုက် ကျယ်သွားလိုက်..။ ပီသလိုလို မပီသလိုလို။ ဟုမ်… ဆိုတဲ့ အသံ တစ်ချက် နှစ်ချက် ကြားရတယ်။ တတွတ်တွတ် အသံတွေ ခပ်ဝါးဝါးထွက်လာပြီး.. ပြန်ပျောက်သွားတယ်။
အပေါ်ထပ်က လာတဲ့ အသံလား။
ရန်နိုင် အပေါ်ထပ် တက်တဲ့ လှေကားနားကို လျှောက်သွားကြည့်တယ်။ နားကို စွင့်ထားတယ်။
ပျောက်သွားတဲ့ အသံ ပြန်ပေါ်လာတယ်။ ဒီတစ်ခါ ကြားရတဲ့ စကားသံတွေက စောစောကထက် ပိုပြီး အလုံးအထည် ကြီးတယ်။ ပိုဩတယ်။ ဒေါသသံတွေလည်း တစ်စွန်းတစ်စ ပါနေတယ်။
သေချာတယ်။ အသံတွေက အပေါ်ထပ်က လာနေတာ။
စန္ဒာနဲ့ မသော်တာ ရန်ဖြစ်နေပြန်ပြီလား မသိဘူး။
ရန်နိုင် လှေကားပေါ်ကို ပြေးတက်လိုက်တယ်။
(၆)
အပေါ်ထပ် ဧည့်ခန်းလည်း မှောင်မည်းနေတယ်။ မသော်တာရဲ့ အိပ်ခန်းတံခါးကြားက လျှံထွက်နေတဲ့ အလင်းရောင်သဲ့သဲ့ကိုတော့ လှမ်းမြင်နေရတယ်။
ခပ်အုပ်အုပ်အသံတွေ ပိုကျယ်လာတယ်။
မသော်တာရဲ့ အခန်းဆီကို လျှောက်အသွား.. နှာခေါင်းထဲ တိုးဝင်လာတဲ့ အနံ့တစ်ခုကြောင့် ရန်နိုင် တုန့်ခနဲ ရပ်သွားတယ်။ နှာခေါင်းကို လက်နဲ့ အမြန်ပိတ်လိုက်တယ်။
ဒါတောင်မှ ပုပ်ဟောင်နေတဲ့ အနံ့ဆိုးက ရန်နိုင့် လက်ကြားထဲကနေ နှာခေါင်းပေါက်ထဲကို တိုးဝင်လာတယ်။
မြောင်းပုပ်နံ့လိုလို၊ ကြွက်သေကောင်နံ့လိုလို စူးပြီး ပုပ်အဲ့နေတဲ့ အနံ့။
“’ဒါဒါ”.. ရန်နိုင် အော်ခေါ်လိုက်တယ်။
ပြန်ထူးသံ မကြားရဘူး။ စကားသံ ဗလုံးဗထွေးတွေကိုပဲ ကြားရတယ်။
“မသော်တာ”.. ရန်နိုင် အော်ကြည့်တယ်။ ပြန်မထူးဘူး။
အခန်းတံခါးနဲ့ နီးလာတာနဲ့ အမျှ အသံတွေပိုကျယ်လာသလို အနံ့ကလည်း ပိုပြီး ဆိုးလာတယ်။
ပျို့တက်လာတဲ့ အစာတွေကို ပြန်မျိုချရင်း ရန်နိုင် အခန်းတံခါးကို တဒေါက်ဒေါက် ခေါက်တယ်။
အထဲက ဘာတုံ့ပြန်မှုမှ ပြန်မလာဘူး။ ဘာတွေ ဖြစ်နေကြတာလဲ..။ ဘယ်သူတွေ ရောက်နေတာလဲ။ ဘယ်က စကားသံတွေလဲ။ အသံတွေက လူတစ်ယောက်၊ နှစ်ယောက်က ပြောတဲ့ စကားသံတွေနဲ့ မတူတော့ဘဲ လူအုပ်လိုက်ကြီး စုပြီး ညည်းတွားနေသလို.. တဟီးဟီး အသံတွေပါ ပါလာတယ်။
“’ဒါဒါရေ.. မသော်တာ..” ရန်နိုင် အသံကုန် ဟစ်ပြီး အော်လိုက်တယ်။
အသံတွေ ပိုဆူညံလာတယ်။
တစ်စက္ကန့်.. နှစ်စက္ကန့်..။
အပုပ်နံ့က ပိုပိုဆိုးလာတယ်။ ရန်နိုင် အသက်အောင့်ထားရင်း မျက်ရည်တွေပါ ဝဲလာတယ်။
တံခါးကို နောက်တစ်ခါ ထပ်ခေါက်မယ်အလုပ်မှာ.. အထဲကနေ ထွက်လာတဲ့ စူးစူးရှရှ အော်သံတစ်သံကြောင့် ရန်နိုင့် နှလုံးခုန်နေတာ ခဏ ရပ်သွားတယ်။
စန္ဒာ့ရဲ့ အော်သံ။
ရန်နိုင် ခေါင်းတွေ ထူပူသွားတယ်။ ဒေါသစိတ်က အလိပ်လိုက် ဆောင့်တက်လာတယ်။ မသော်တာ.. ငါ့ညီမကို ဘာလုပ်တာလဲ။
နောက်ကို တစ်လှမ်း အရှိန်ယူပြီး တံခါးကို ကိုယ်နဲ့ ပြေးဆောင့်လိုက်တယ်။
ချက်ထိုးမထားတဲ့ တံခါး.. အထဲကို ၀ုန်းခနဲ ပွင့်ဝင်သွားတယ်။
အရှိန်လွန်သွားတဲ့ ရန်နိုင် ကြမ်းပေါ်ကို တလိမ့်ခေါက်ကွေး ပြုတ်ကျသွားတယ်။
ခေါင်းကို ပြန်မော့ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရန်နိုင့်ရဲ့ ဦးနှောက်တစ်ခုလုံး အေးခဲသွားတယ်။
(၇)
အခန်းတစ်ခုလုံး အဝါရောင်ရင့်ရင့် လင်းထိန်နေတယ်။
စားပွဲတွေပေါ်မှာ၊ မှန်တင်ခုံတွေပေါ်မှာ၊ ခုတင် ခေါင်းရင်းတန်းပေါ်မှာ၊ ပြတင်းပေါင်တွေပေါ်မှာ စီရီပြီး ထွန်းထားတဲ့ ဖယောင်းတိုင်တွေ။
ဖယောင်းတိုင်ပေါင်းများစွာဆီကနေ ဖြာထွက်နေတဲ့ မီးရောင်ဝါဝါက တစ်ခန်းလုံကို လွှမ်းခြုံပြီး ဘယ်ညာ ယိမ်းထိုးနေတယ်။
ခုတင်ပေါ်မှာ ပက်လက်ဖြစ်နေတဲ့ စန္ဒာ။ ညဝတ်အင်္ကျီအဖြူရောင်နဲ့။
စန္ဒာ့ ရင်ဘတ် အပေါ်မှာ ခွထိုင်ထားတဲ့ မသော်တာ။
စန္ဒာ့ ခြေထောက်တွေကို ပေါင်နှစ်ချောင်းနဲ့ ညှပ်ပြီး တက်ချုပ်ထားတဲ့ အမေ။
မသော်တာရဲ့ ဆံပင်ရှည်ရှည် မည်းမည်းတွေက အောက်ကို ဖားလျားကျနေတယ်။ ပါးစပ်က တလှုပ်လှုပ်နဲ့ တဟီးဟီး အသံတွေ ထွက်နေတယ်။ သူ့ပါးစပ်ထဲက စီးကျနေတဲ့ သွားရည်တွေက စန္ဒာ့မျက်နှာပေါ်ကို တစ်စက်ခြင်းစီ ကျနေတယ်။ အမေက ခေါင်းကို အစွမ်းကုန် မော့ထားတယ်။ အမေ့ပါးစပ်က ဟုမ်… ဟုမ်… ဆိုတဲ့ အသံဩဩကြီးတွေ အဆက်မပြတ် ထွက်နေတယ်။ လန်ထွက်ပြီး အပေါ်ကို တက်နေတဲ့ အမေ့မျက်လုံးတွေက ဖယောင်းတိုင်မီးအောက်မှာ ဖွေးဆွတ်နေတယ်။
“ဒါဒါ.. ညီမလေး”.. ရန်နိုင် အော်လိုက်တယ်။ ကြမ်းပြင်မှာ လဲကျနေရာကနေ ကုန်းရုန်းထဖို့ ကြိုးစားတယ်။
စန္ဒာက ရန်နိုင့်ဘက်ကို လှည့်ကြည့်တယ်။ ဒါပေမယ့် သူ့ရဲ့ ဆွတ်ဆွတ်ဖြူနေတဲ့ မျက်လုံးတွေက ရန်နိုင့်ကို မြင်ပုံ မပေါ်ဘူး။
မသော်တာနဲ့ အမေကလည်း ရန်နိုင့်ကို မမြင်ဘူး။ ရန်နိုင့်အော်သံကို မကြားဘူး။
သူတို့ဆီကို ရန်နိုင် ပြေးသွားဖို့ ပြင်တယ်။
ဒါပေမယ့် နောက်ကနေ လှမ်းချုပ်လိုက်တဲ့ လက်ကြီး နှစ်ဖက်ကြောင့် ရန်နိုင် တုန့်ခနဲ ရပ်သွားတယ်။
လက်တစ်ဖက်က ရန်နိုင့် ရင်ဘတ်နေရာကို သိုင်းပြီး ချုပ်ထားတယ်။
နောက်လက်တစ်ဖက်က ရန်နိုင့် ပါးစပ်ကို တင်းနေအောင် အုပ်ပြီး ကိုင်ထားတယ်။
ရန်နိုင့် တစ်ကိုယ်လုံး လေပေါ်ကို စွေ့ခနဲ မြောက်တက်သွားတယ်။
အော်ဖို့ ကြိုးစားပေမယ့် အသံထွက်မလာဘူး။ ရုန်းဖို့ ကြိုးစားပေမယ့် လှုပ်လို့ မရဘူး။
ခြေကားယား လက်ကားယားနဲ့ ရန်နိုင်.. အခန်းအပြင်ဘက်ကို ပါသွားတယ်။
+++
(ဆက်ရန်)