အခန်း (၁)
(၁)
အပြင်က ခပ်အုပ်အုပ် အော်သံတွေကြောင့် ထက်ရန်နိုင်ထွန်း လန့်နိုးလာတယ်။
အသံတွေက အခန်းအပြင်ဘက်၊ ဧည့်ခန်းဘက်ကနေ လာတာ..။ လူနှစ်ယောက် ရန်ဖြစ်နေတဲ့ စကားသံတွေ။ လေသံကို ထိန်းပြီး ပြောနေကြပေမယ့် ညဉ့်သန်းခေါင်အချိန်ကြီးဆိုတော့ စကားသံရှပ်ရှပ်တွေက ရန်နိုင့် အိပ်ခန်းထဲအထိ ဖောက်ဝင်လာတာပဲ။
ဘေးကုတင်မှာ အိပ်ပျော်နေတဲ့ မြတ်စန္ဒာထွန်းလည်း နိုးနေပြီ။ စန္ဒာက အိပ်မှုန်စုံမွှားနဲ့ မျက်လုံးနှစ်ဖက်ကို ပွတ်ရင်း သူ့အစ်ကိုကို ကြည့်နေတယ်။
“ကိုကြီး.. ဘာဖြစ်တာလဲဟင်”
“အပြင်မှာ ရန်ဖြစ်နေကြတာထင်တယ်။ မသော်တာအသံလား မသိဘူး”.. ရန်နိုင် ပြန်ဖြေရင်း ကုတင်ပေါ်ကနေ အောက်ကို ဆင်းလိုက်တယ်။
စန္ဒာကလည်း ကုတင်ပေါ်ကနေ ဆင်းဖို့ ပြင်တယ်။
”ဘာလုပ်မလို့လဲ။ မဆင်းနဲ့။ ပြန်အိပ်တော့”
“မအိပ်ပါဘူး။ ကိုကြီး အပြင်ထွက်ကြည့်မလို့ မဟုတ်လား။ ဒါဒါလည်း လိုက်ခဲ့မယ်”
ရန်နိုင် ဘာမှ ပြန်မပြောနိုင်ခင်မှာ စန္ဒာက ကုတင်ပေါ်ကနေဆင်းပြီး သူ့အနားကို ရောက်နေပြီ။
စန္ဒာနဲ့ ရန်နိုင်က မိနစ်ပိုင်းပဲ ခြားတဲ့ အမြွှာမောင်နှမတွေ။ ဒါပေမယ့် တခြား အမြွှာတွေလို သူငယ်ချင်းပေါင်း မပေါင်းဖြစ်။ စန္ဒာက ရန်နိုင့်ကို အစ်ကိုကြီးတစ်ယောက်လိုပဲ ဆက်ဆံတယ်။ ရန်နိုင် ကိုယ်တိုင်ကလည်း အသက်သာ ၁၃ နှစ် မပြည့်သေးတာ.. လူကြီးတစ်ယောက်လို ခပ်ငြိမ်ငြိမ်နေရတာကို ပိုသဘောကျတယ်။ စန္ဒာ့ကို သူ့ထက် ၅ နှစ်လောက်ငယ်တယ်လို့ စိတ်ထဲမှာ သတ်မှတ်ထားတာ။ သို့သော်.. ရန်နိုင် ဘာပြောပြော စန္ဒာက နားထောင်လှတယ်တော့ မဟုတ်။ ကိုကြီး ကိုကြီးနဲ့ ချွဲပြီး သူလုပ်ချင်တာ လုပ်နေတာ ပိုများပါတယ်။
အခုလည်း ရန်နိုင့်စကားကို နားမထောင်၊ ပြန်အိပ်ဆိုတာကို မအိပ်ဘဲ မျက်လုံးလေး ပြူးလို့.. အခန်းပြင်ကို လိုက်ထွက်ဖို့ အသင့်။
အပြင်က စကားသံတွေက ပိုကျယ်လာတယ်။ လုံးထွေးနေတယ်။ သဲသဲကွဲကွဲ မပီပြင်ဘူး။
ရန်နိုင် ခြေထောက်ကို ဖွပြီး တစ်လှမ်းခြင်း နင်းရင်း အိပ်ခန်းတံခါး၀ဆီကို လျှောက်သွားတယ်။ စန္ဒာက ရန်နိုင့် အင်္ကျီစကို ဆွဲပြီး နောက်ကနေ ကပ်ပါလာတယ်။
အိပ်ခန်းတံခါးကို အသာလေး တွန်းဖွင့်လိုက်တော့ အပြင်က အသံတွေ နည်းနည်းလေး ပိုပီပြင်လာတယ်။ စကား တစ်ခွန်းစ နှစ်ခွန်းစ သဲ့သဲ့ ကြားရပြီ။
အမေနဲ့ မသော်တာရဲ့ အသံတွေ။
“အချိန်မတန်သေးဘူးလို့ ငါ ပြောထား.. — – – နင့်ကိုယ်နင် ဘာထင်.. —”
”ရှင် နေနိုင်ပေမယ့် ကျွန်မ.. မနေ—”
တံခါးကြားကနေ ကြားရတဲ့ စကားတွေက ပြတ်တောင်း ပြတ်တောင်း ဖြစ်နေတယ်။ အမေနဲ့ အစ်မ ဘာဖြစ်နေကြပါလိမ့်။ စန္ဒာက ရန်နိုင့်လက်မောင်းအောက်ကနေ လျှိုဝင်ပြီး တံခါးကြားထဲကို မရမက ခေါင်းထိုး၊ အပြင်ကို ချောင်းကြည့်တယ်။
“ဘာမှ စိတ်ပူစရာ မရှိဘူး။ ရှင် စိတ်အေးအေးထားပါ.. ကျွန်မ.. လုပ်စရာ..”
ရန်နိုင် အရဲစွန့်ပြီး တံခါးကို နည်းနည်း ပိုဟသွားအောင် အတွန်းမှာ.. တံခါးနဲ့ ကြမ်းပြင် ခြစ်မိပြီး ကျွီဆိုတဲ့ အသံတိုးတိုး ထွက်သွားတယ်။
စကားသံတွေ ရပ်သွားတယ်။
“ဘယ်သူလဲ”.. မသော်တာက လှမ်းအော်တယ်။
ရန်နိုင် တံခါးကို အမြန်ပြန်စေ့လိုက်တယ်။
စန္ဒာက ချာခနဲ လှည့်ထွက်ပြီး ကုတင်ပေါ်ကို ပြေးတက်တယ်။ စောင်ကိုယူပြီး ခေါင်းမြီးခြုံတယ်။
ရန်နိုင် တံခါးနားမှာ ရပ်နေရင်း အပြင်ကအသံတွေကို ဆက်နားစွင့်နေတယ်။
ခြေသံ ရှပ်ရှပ် ကြားရတယ်။ တံခါး၀နားမှာ ခြေသံတွေ ရပ်သွားတယ်။
ရန်နိုင် အသက်အောင့်ထားလိုက်တယ်။
ခိုးနားထောင်နေတာ မိသွားရင် မသော်တာက ၀ုန်းဒိုင်းကြဲတော့မှာ။
ရန်နိုင် ညကြီးမင်းကြီး ပြဿနာ မတက်ချင်ဘူး။
ဟိုးတစ်ခါတုန်းကလည်း သူနဲ့ သူ့ရည်းစားလား..ဘယ်သူလား.. ဖုန်းပြောနေတာကို စန္ဒာက မသော်တာရဲ့ အခန်းတံခါးမှာ ရစ်သီရစ်သီလုပ်ရင်း ခိုးပြီး နားထောင်တယ်။ မိလည်း မိသွားရော မသော်တာက စန္ဒာ့ကို ရိုက်မလို လုပ်သေးတယ်။ ရန်နိုင် ဘေးမှာ ရှိနေလို့ ဘာမှဆက်မလုပ်ဘဲ လှည့်ထွက်သွားတာ။
ဘယ်ဘ၀က ရေစက်လဲ မသိဘူး။ မသော်တာကို ရန်နိုင် လုံး၀ ကြည့်မရဘူး။ မသော်တာကလည်း ရန်နိုင့်ကို ခပ်ချဉ်ချဉ်။ စန္ဒာကတော့ သူ့အစ်မကြီးမို့လို့ ကပ်ဖားပြီး ပေါင်းရှာပါတယ်။ ဒါပေမယ့် မသော်တာက စိမ်းကို စိမ်းလွန်းတယ်။ တစ်အိမ်လုံးမှာ သူနဲ့ နွေးနွေးထွေးထွေး နေတဲ့သူ တစ်ယောက်မှ မရှိ။
အခုလည်း မသော်တာ အိပ်ခန်း တံခါး၀မှာ ရပ်ပြီး ဘာလုပ်နေလဲ မသိ။
တံခါးခေါက်တော့မှာလား။ တံခါးကို ၀ုန်းခနဲ တွန်းဖွင့်ဝင်၊ ရန်နိုင့်ကို ပြဿနာ ရှာမလား။
အမေရှိနေတော့ သူ အဲဒီလိုတော့ မလုပ်ရဲလောက်ဘူး။
လုပ်လည်း ရန်နိုင်ကတော့ မကြောက်ပါဘူး။ သူ့ထက် ၇ နှစ်လောက် ကြီးပေမယ့် မသော်တာကို ရန်နိုင် မကြောက်ဘူး။ လေးလည်း မလေးစားဘူး။ ကိုယ့် မောင်နှမ အငယ်တွေကို နှိပ်စက်ချင်တဲ့ အစ်မမျိုးကို ဘာလို့ ကြောက်ရမှာလဲ။ ဘာလို့ လေးစားရမှာလဲ။
ရန်နိုင် လက်ကို ပိုက်၊ အံကို ကြိတ်ထားလိုက်တယ်။
ဝင်ရဲရင် ဝင်ခဲ့။ ပြန်ပြီး ပိတ်အော်ပစ်မယ်။
ခဏကြာတော့ ခြေသံ ခပ်တိုးတိုး ထပ်ကြားရတယ်။ တံခါးနားကနေ ခွာပြီး ဧည့်ခန်းဘက်ကို ပြန်လျှောက်သွားတဲ့ ခြေသံ..။
စကားသံ ခပ်တိုးတိုး တစ်ခွန်း နှစ်ခွန်း ထပ်ထွက်လာပြီး တစ်အိမ်လုံး တိတ်ဆိတ်သွားတယ်။
ရန်နိုင် သက်ပြင်းချလိုက်တယ်။
စောင်ကြားကနေ မျက်လုံးလေး ပြူးပြီး ကြည့်နေတဲ့ စန္ဒာ့ဆီကို လျှောက်သွားတယ်။
“အိပ်တော့ ဒါဒါ”.. ရန်နိုင် ပြောပြီးတော့ သူ့ညီမနှဖူးကို ခပ်ဖွဖွ နမ်းလိုက်တယ်။
(၂)
အိပ်ရာပေါ် ပြန်ရောက်တော့ ရန်နိုင် ချက်ခြင်း အိပ်မပျော်သေးဘူး။
သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ မိသားစုအကြောင်းကို စဉ်းစားခန်း ဖွင့်နေမိတယ်။
အမေနဲ့ အစ်မ ရန်ဖြစ်တာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ခဏခဏ တကျက်ကျက် ဖြစ်နေကျပဲလေ။ ဒါပေမယ့် ထူးဆန်းတာက သူတို့ နှစ်ယောက်စလုံးက လူများရှေ့ရောက်ပြီဆိုရင် မျက်နှာတွေ ချိုသွားကြတာ..။ မေမေရေ..သမီးရေ..နဲ့ အားကျအတုယူချင်စရာ သားအမိ ဖြစ်သွားရော။
ဒီမိသားစုမှာ အမေနဲ့ မသော်တာနဲ့က သက်သက်၊ ရန်နိုင်နဲ့ စန္ဒာနဲ့က သက်သက်.. နှစ်စု ကွဲနေတယ်။
အပြင်သွားတဲ့အခါ၊ လူတွေရှေ့ရောက်တဲ့အခါ ဆိုရင် အမေက သားရေ.. သမီးရေ.. ဒါဒါရေ..နဲ့ တီတီတာတာ ဆက်ဆံတယ်။ အိမ်လည်းရောက်ရော သူစိမ်းတွေလို ခပ်တန်းတန်းပဲ။ မသော်တာလည်း အတူတူပဲ။ လူရှေ့သူရှေ့ကျရင် ရန်နိုင့်ကို မောင်လေး..ဆိုပြီးတော့တောင် ခေါ်တတ်သေးတယ်။
အဲဒါကို ရန်နိုင် နားမလည်ဘူး။ ရန်နိုင့်အသက်က ငယ်သေးလို့များ.. ဒါတွေကို သဘောမပေါက်သေးတာလား။ မဟုတ်သေးပါဘူး။ ရန်နိုင်က အသက်ငယ်ပေမယ့် လူတွေအကြောင်း တော်တော်သိနေပါပြီ။ စာဖတ်အားလည်း ကောင်းတော့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီး အတော်အသင့် နားလည်နေပြီ။ ကျောင်းမှာဆို..ဆရာမတွေကတောင် ရန်နိုင့်ကို လူကြီးတစ်ယောက်လို ပြောဆိုဆက်ဆံကြတယ်။ အတန်းခေါင်းဆောင်ဆိုလည်း သူပဲ။ ဆရာမတွေ မအားတဲ့အချိန်ဆို ရန်နိုင်က အတန်းသားတွေကိုတောင် ပြန်ထိန်းရတယ်။
ထားပါတော့..
အိမ်ရောက်တာနဲ့ မျက်နှာဖုံးအသစ်တွေ ကောက်တပ်လိုက်သလို ပြောင်းလဲသွားတတ်တဲ့ အမေနဲ့ အစ်မ..။
ရန်နိုင်ကတော့ ဒါတွေကို ခေါင်းထဲ သိပ်မထည့်ပါဘူး။ စန္ဒာ့ကိုတော့ သနားမိတယ်။ သူကတော့ ကလေးစိတ်နဲ့ မဟုတ်လား။ အမေနဲ့ အစ်မက အပြင်ရောက်လို့ ချော့တဲ့အခါ ပျော်သွားလိုက်။ အိမ်ရောက်လို့ စိမ်းသွားတဲ့အခါ မျက်နှာငယ်သွားလိုက်..။ အပြောင်းအလဲ မရှိဘဲ သူ့ကို နွေးနွေးထွေးထွေး ဆက်ဆံတာဆိုလို့ ရန်နိုင် တစ်ယောက်ပဲ ရှိတာ။ ဒါကြောင့်လည်း စန္ဒာက ရန်နိုင့်ကို အသေကပ်တာ။
ပြီးတော့.. အဖေ။
အဖေ့ကိုတော့ ရန်နိုင် ခေါင်းထဲမှာ ထည့်ကို ထည့်မထားတော့ဘူး။
ဒီအိမ်မှာ လူ ၄ ယောက် နေတယ်ဆိုတာကိုတောင် ရန်နိုင် တစ်ခါတလေကျရင် မေ့နေတယ်။
မနက်စာစားရင် အဖေ့ကို တွေ့ရတယ်။
ညစာစားရင် အဖေ့မျက်နှာကို မြင်ရတယ်။
ကျန်တဲ့ အချိန်တွေမှာ အဖေ့ကို မတွေ့ရဘူး။ အလုပ်ထဲရောက်နေတာနဲ့..။ အိမ်ရောက်တော့လည်း ၀ရံတာကိုထွက်ပြီး အရက်ထိုင်သောက်နေတာနဲ့..။
ရန်နိုင်နဲ့ အဖေ တွေ့လိုက်တိုင်း အဖေ့မျက်နှာက ကျောက်ရုပ်လို မာခဲနေတယ်။ တစ်ခုတော့ ကောင်းတယ်လို့ ပြောရမယ်။ အဖေကတော့ အပြင်မှာရော၊ အိမ်ထဲမှာပါ ဒီရုပ်ပဲ။ ဒီပုံစံပဲ။ သူ့အစ်မနဲ့ အမေလို အခုတစ်မျိုး တော်ကြာတစ်မျိုး မဟုတ်ဘူး။ တသမတ်တည်း။ အဆိုးထဲက အကောင်းပေါ့လေ။
ရန်နိုင် ငယ်ငယ်တုန်းက ရခဲ့တဲ့.. အမှတ်တရတွေထဲမှာ အဖေနဲ့ အတူ ဆော့ကစားခဲ့ဖူးတာတွေ၊ အဖေ့ပခုံးပေါ် ခွစီးခဲ့ဖူးတာတွေ.. ရှိနေတယ်။ ဒါပေမယ့် အခုတော့ ဒီအမှတ်တရတွေက ဝေဝါးပြီး အိပ်မက်လို ဖြစ်နေပြီ။
သူတို့ မောင်နှမ နှစ်ယောက်ကို အဖေ စကားစမြည် မပြောဖြစ်တာ ဘယ်လောက် ကြာသွားပြီလဲ..။
အတိအကျတော့ ရန်နိုင် မမှတ်မိတော့ဘူး။
အဖေ သူတို့ကို အခုလို ပစ်ထားတာ ၅ နှစ်လောက်တောင် ရှိပြီထင်တယ်..။
မသော်တာကိုတော့ အဖေက ချစ်ပုံပဲ။ ဘာလို့လဲဆိုတော့.. မသော်တာနဲ့ ပတ်သက်ပြီး အဖေ ခဏခဏ ပြဿနာ တက်တယ်တဲ့.. လူပြောသူပြော ပြောကြတာ ရန်နိုင် ကြားဖူးတယ်။ ပြဿနာ အတက်ခံတယ်ဆိုကတည်းက ဂရုစိုက်လို့ နေမှာပေါ့။ ဟုတ်တယ်မဟုတ်လား။ ရန်နိုင်တို့ မောင်နှမ အတွက် အဖေ့ဆီက ဘာခံစားချက်မှ ထွက်လာတာ မမြင်ဖူးဘူး။
ဝဲတက်ချင်လာတဲ့ မျက်ရည်တွေကို ရန်နိုင်.. မျက်တောင်ခတ်၊ ပုတ်ထုတ်လိုက်တယ်။
ဘယ်သူမှ မရှိလည်း သူ့ညီမလေး စန္ဒာတော့ ရှိနေသေးတာပဲ။ ရပါတယ်။
+++
အခန်း (၂)
(၁)
“ကိုကြီး.. ဒါဒါ ရေခဲခြစ် စားချင်တယ်”
စန္ဒာက ရန်နိုင့်လက်ကို အတင်းဆွဲပြီး ရေခဲခြစ်သည်ဆီကို ဆွဲခေါ်နေတယ်။
ကျောင်းဆင်းချိန်ဆိုတော့ မုယောရဲ့ တစ်ခုတည်းသော အလယ်တန်းကျောင်းဖြစ်တဲ့ အလက(၁) ရှေ့မှာ အဖြူအစိမ်းတွေ ပျားပန်းတောင်း ခတ်နေတယ်။ ကျောင်းသားတွေကို လာကြိုကြတဲ့ အဖေ အမေတွေ၊ အဒေါ်တွေ ဦးလေးတွေဆီက နာမည်အော်ခေါ်သံတွေ၊ ဆိုင်ကယ် ဟွန်းသံတွေ ဆူညံနေတယ်။
“နေ့တိုင်း ဒါပဲ စားနေတာပဲ။ နင်တော့ ရောဂါရတော့မယ်”
“မသိဘူး စားမှာပဲ။ ဝယ်ကျွေး”
“နင့်ဆီမှာလည်း ပိုက်ဆံ ရှိနေတာပဲ။ ဘာလို့ ဝယ်ကျွေးခိုင်းနေတာလဲ”… ရန်နိုင် ပြောလိုက်တယ်။
ဟုတ်တယ်။ ရန်နိုင့် ကျောပိုးအိတ်ထဲက ပိုက်ဆံအိတ်ထဲမှာ ငါးထောင်တန်တွေ အထပ်လိုက်ရှိနေသလို စန္ဒာ့ အိတ်ထဲက ခဲတံဘူးထဲမှာလည်း ပိုက်ဆံတွေ အပြည့်ပဲ။
သူတို့မောင်နှမ နှစ်ယောက်မှာ မလိုတာကတော့ ပိုက်ဆံ..လို့ပဲ ပြောရမယ်။
အဖေက လကုန်ပြီဆိုတာနဲ့ သူတို့နှစ်ယောက်ကို ပိုက်ဆံ အုပ်လိုက် ထုတ်ပေးတယ်။ တစ်လလုံး သုံးချင်တာသုံး၊ ငါ့ကို အပူလာမကပ်နဲ့.. စကားလာမပြောနဲ့ ဆိုတဲ့ သဘော။ ကျောင်းမှာ လာတက်နေတဲ့ ရွာက ကလေးတွေရဲ့ မုန့်ဖိုး အကုန်ပေါင်းလိုက်ရင်တောင် သူတို့ မောင်နှမ နှစ်ယောက်အိတ်ထဲမှာ ပါတဲ့ ပိုက်ဆံလောက် များမယ် မထင်ဘူး။
“ဟင့်အင်း ဝယ်ကျွေးတာပဲ စားချင်တာ”
“အေးအေး။ ပြီးရော။ မြန်မြန်လုပ်.. မကြာနဲ့”
ဒီနေ့တစ်နေ့လုံး ရန်နိုင့် အာရုံတွေက ဟိုရောက်ဒီရောက် ဖြစ်နေတယ်။ ခါတိုင်းလို.. ကျောင်းစာထဲမှာ အာရုံစိုက်လို့ မရဘူး။ မနေ့ညက ကြားလိုက်ရတဲ့ အမေနဲ့ မသော်တာရဲ့ စကားသံတစ်စွန်းတစ်စတွေကို ခေါင်းထဲမှာ ပြန်ဆက်ကြည့်လို့ မရဘူးဖြစ်နေတယ်။ မသော်တာနဲ့ အမေနဲ့ စကားများတာ ခဏခဏ ကြားဖူးတယ်။ ဒါပေမယ့် မသော်တာက အမေ့ကို ရှင်နဲ့..ကျွန်မနဲ့ ပြောတာကိုတော့ စဉ်းစားလို့ မရဘူး။ ပြီးတော့ “အချိန်မတန်သေးဘူး” ဆိုတဲ့ စကားက ဘာသဘောလဲ။
“ငါးရာတဲ့။ ကိုကြီး ငါးရာပေး”.. စန္ဒာ့အသံကြောင့် ရန်နိုင် အတွေးစ ပြတ်သွားတယ်။
(၂)
ကျောင်းကနေ အိမ်ကို လမ်းလျှောက်ပြန်ရတဲ့ ၁၅ မိနစ်တာ လမ်းခရီးဟာ ရန်နိုင့်ရဲ့ သဘောအကျဆုံး အချိန်တွေထဲက တစ်ခု။
မုယောရွာဟာ အရမ်း လှပသာယာနေတဲ့ နေရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကားလမ်းမတစ်လျှောက်မှာ ဘယ်ညာ အစီအရီ ဆောက်ထားကြတဲ့ လူနေအိမ်တွေ၊ အိမ်တိုင်းလိုလိုရဲ့ ရှေ့နေရာတွေမှာ အုပ်မိုးနေတဲ့ သစ်ပင်စိမ်းတွေ၊ မြင်ကွင်းထဲကို ဖြတ်ခနဲ ဝင်လာပြီး ခဏလေးနဲ့ ပျောက်ပျောက်သွားတတ်တဲ့ လမ်းဘေး စိုက်ခင်းတွေ.. ဒါတွေ အကုန်လုံးကို ညနေခင်း ကျနေရောင်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ အတော်လေး စိတ်ကျေနပ်စရာကောင်းတဲ့ ရှုခင်းတစ်ခု ဖြစ်လာတယ်။
ပြီးတော့ ရန်နိုင့်လို စူးစမ်းလေ့လာချင်စိတ်များတဲ့ ကလေးတစ်ယောက်အတွက် ရွာကလူတွေရဲ့ နေ့တဓူ၀ ကိစ္စတွေကို မြင်ခွင့်တွေ့ခွင့်ရတာ နည်းတဲ့ အခွင့်အရေး မဟုတ်ဘူး။ ရန်နိုင်တို့ နေတဲ့ နှစ်ထပ်တိုက်လေးက စိတ်ပျက်ဖို့ကောင်းလောက်အောင် ရိုးရှင်းတယ်။ အိမ် ပတ်ဝန်းကျင်မှာလည်း ဘာမှ ကြည့်စရာ မရှိ။ အိမ်ကိုလာတဲ့ ဧည့်သည်ဆိုတာ တစ်လမှ တစ်ယောက်တောင် အနိုင်နိုင်ရယ်။
ဒီတော့ ကျောင်းအသွားအပြန် လမ်းမှာ မြင်ရသမျှကို ရန်နိုင် မှတ်ထားတယ်။ လေ့လာတယ်။ သူဖတ်ဖူးတဲ့ စာအုပ်တွေ၊ ဇာတ်လမ်းတွေထဲက ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေနဲ့ ယှဉ်ကြည့်တယ်။ သူ့ရဲ့ ဖွံ့ဖြိုးခါစ ဦးနှောက်ထဲမှာ ထည့်မှတ်စရာတွေ မကုန်မခမ်းနိုင်အောင် နေရာကျန်သေးတယ်။
ကျောင်းနဲ့ အိမ် လမ်းတလျှောက်မှာရှိတဲ့ အိမ်တွေ၊ ဆိုင်တွေ၊ စိုက်ခင်းတွေကို ထက်ရန်နိုင်ထွန်း အလွတ်ရနေပြီ။
ကျောင်းကနေ ထွက်ထွက်ခြင်း ညာဘက်ကို ကွေ့လိုက်တာနဲ့ လမ်းမကြီးပေါ်ကို တန်းရောက်သွားတယ်။ မုယောရွာကို အလယ်တည့်တည့်ကနေ ဖြတ်ဖောက်သွားတဲ့ မိန်းလမ်းမကြီးဟာ ဒီရွာရဲ့ အသက်သွေးကြောလို့ ပြောရင် မမှားဘူး။ တောင်သူတွေကလွဲရင် ရွာမှာရှိသမျှ လူအကုန်လုံးနီးနီးမှာ အိမ်ဆိုင်လေးတွေ ကိုယ်စီ ရှိကြတယ်။ စက်ဘီးပြင်ဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်တွေ၊ ကွမ်းယာဆိုင်တွေ၊ ဇယ်ခုံတွေ၊ ဘိလိယက်ရုံခပ်သေးသေးတွေ၊ စားပွဲ ဖရိုဖရဲနဲ့ အရက်ဆိုင် ပိစိကွေးတွေ၊ ဆုံလည်ထိုင်ခုံစုတ် တစ်ခုနှစ်ခုနဲ့ ဆံပင်ညှပ်ဆိုင်တွေ၊ ဖုန်အလိမ်းလိမ်းတက်နေတဲ့ စတိုးဆိုင်တွေ..။
ဆိုင်တိုင်းမှာ ထိုင်စောင့်နေကြတဲ့ ပိုင်ရှင် ကိုယ်စီ.. အားလုံးက မပြုံးမရယ် မျက်နှာသေတွေနဲ့။ သူတို့မှာလည်း ငါတို့လိုပဲ ပြဿနာကိုယ်စီ ရှိကြမှာပေါ့လေ.. လို့ ရန်နိုင်ကတော့ တွေးတယ်။ လူကြီးတွေရဲ့ ပြဿနာအကြီးတွေကို သူနားမလည်သေးပေမယ့် လူဆိုတာ အမြဲတမ်း ပျော်မနေဘူး..ဆိုတဲ့ အခြေခံ ဒဿနကိုတော့ ရန်နိုင် သဘောပေါက်စပြုနေပြီ။
အိမ်ကို ကိုယ်စီကိုယ်စီ လမ်းလျှောက်ပြန်နေကြတဲ့ ကျောင်းသူကျောင်းသားတွေလည်း လမ်းဘေးမှာ မနည်းဘူး။ အုပ်စုတောင့်တဲ့ ကလေးတွေကတော့ ဖိနပ်တွေကို ပစ်လိုက် ကောက်လိုက်နဲ့ ဆော့ရင်း အလုပ်ရှုပ်နေတယ်။ အသက်ကလေး နည်းနည်းရစ ပြုလာတဲ့ ကျောင်းသူတချို့က နှစ်ယောက်တွဲ၊ သုံးယောက်တွဲ အဖွဲ့လေးတွေနဲ့ စကားတွတ်တိုးရင်း ခရီးဆက်နေကြတယ်။
ကျောင်းကနေ ပြန်တိုင်း ရန်နိုင် အမြဲ သတိတရ ကြည့်တတ်တဲ့ နေရာလေးတွေ ရှိတယ်။
လမ်းဘေး ညောင်ပင်ကြီးအောက်မှာ ခနော်ခနဲ့ ဆောက်ထားတဲ့ ရေအိုးစင်တစ်ခုရှိတယ်။ အဲဒီရေအိုးစင်ဘေးမှာ ဖျာစုတ်တစ်ချပ်ခင်း၊ အားရပါးရ ဇိမ်ယူနေတတ်တဲ့ မိသားစုတစ်စု ရှိတယ်။ သူတို့တွေ ဘာအလုပ်လုပ်သလဲ.. ရန်နိုင် စဉ်းစားလို့ မရဘူး။ အခု မြင်ရတဲ့ အတိုင်းကတော့ အဖေလုပ်တဲ့သူက ဆံပင် မွဲမွဲ၊ အင်္ကျီစုတ်စုတ်၊ ပုဆိုးကို ပေါင်ရင်းအထိ လှန်ပြီး ပက်လက်။ အမေလို့ ထင်ရတဲ့ မိန်းမက ဘေးမှာ ဆောင့်ကြောင့်ကြီးထိုင်၊ လက်ထဲက ဇကောထဲမှာ ဘာအစေ့တွေကိုလည်းမသိ အခွံနွာနေတယ်။ အသက် ၃-၄ နှစ်လောက်ပဲ ရှိဦးမယ့် ကလေးပေါက်စနက သူ့အမေပေါင်ကို ခေါင်းအုံးလို့။ တွဲလောင်းကျနေတဲ့ နှပ်ချေးကို လျှာဖျားနဲ့ တို့တို့နေတယ်။ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်းမဟုတ်.. ဘယ်နေ့ကြည့်လိုက်ကြည့်လိုက် ဒီအတိုင်းပဲ။ မနက်ခင်း ကျောင်းအလာ လမ်းမှာတော့ သူတို့ကို မတွေ့ရဘူး။ ဖျာလည်းမရှိဘူး။ ညနေ ကျောင်းပြန်ချိန်ဆိုရင် ပြန်ရောက်လာကြပြီ။ သူတို့ရဲ့ ဇာတ်လမ်းကို ရန်နိုင် တော်တော်လေး စိတ်ဝင်စားတယ်။ ဘယ်သူ့ကို မေးကြည့်ရင် ကောင်းမလဲ။ ကျောင်းက ဆရာမတွေကလည်း ပြောပြမှာ မဟုတ်ဘူး။ ရန်နိုင့်မှာ တခြား သူငယ်ချင်းလည်း မရှိ။
အရက်ဆိုင်တွေရှေ့က ဖြတ်လျှောက်တဲ့အခါလည်း ရန်နိုင့် မျက်လုံးတွေက ဆိုင်ရဲ့ အမှောင်ထောင့်ထဲမှာ ထိုင်နေကြတဲ့ လူကြီးတွေဆီကို အလိုလို ရောက်သွားတယ်။ အထဲက မျက်လုံးတွေက အမြဲတစေ မှုန်ရီဝေဝါးနေကြတော့ ရန်နိုင့်ကို ပြန်ကြည့်နေသလား.. မမြင်ကြဘူးလား မသေချာဘူး။ သူတို့ရှေ့မှာ ချထားတဲ့ အရက်ပုလင်း မှိန်မှိန်တွေနဲ့ .. ပဲစေ့နှစ်စေ့သုံးစေ့လောက်ပဲ ပါတဲ့ အမြည်းပန်းကန်တွေကို လှမ်းမြင်ရတယ်။ ဆိုင်ရှေ့မှာ မညီမညာ ထိုးရပ်ထားတဲ့ ဆိုင်ကယ်သုံးလေးစီး တွေ့ရတယ်။
မုယောရဲ့ အဓိက စီးပွားရေးက ဘာများပါလိမ့်။ ရန်နိုင် သင်ရ၊ ဖတ်ရတဲ့ စာအုပ်တွေထဲမှာ စီးပွားရေးနဲ့ ပတ်သက်တာ များများစားစား မပါသေးဘူး။ သူ့အဖေရဲ့ အုတ်စက်ကလွဲရင် ဒီရွာမှာ စီးပွားရေး ကြီးကြီးမားမားရယ်လို့ မရှိသလောက်ပဲ။ နွားမွေး၊ ဝက်မွေးတဲ့ သူတွေရှိပေမယ့် အကုန်လုံးက တစ်ပိုင် တစ်နိုင်လောက်ပဲ လုပ်ကြတာ။ စိုက်ခင်းတွေကလည်း ခပ်သေးသေးတွေ။
ဓာတ်ဆီဆိုင်တွေတော့ တော်တော်များတယ်။ ခြေလှမ်း အလှမ်း ၂၀ လောက်မှာ တစ်ဆိုင်လောက် တွေ့နေရတယ်။ သစ်သားစင်ပေါ်မှာ ပုလင်းတွေ တင်ထားတဲ့ ဆိုင်ခပ်သေးသေးတွေ ရှိသလို ဆီဆိုင်အကြီးကြီးတွေလည်း ရှိတယ်။
ဆီဆိုင်တွေထဲမှာ ရန်နိုင် စိတ်ဝင်စားတဲ့ ဆိုင်တစ်ဆိုင် ရှိတယ်။ နေ့တိုင်း အဲဒီဆိုင်ရှေ့က ဖြတ်သွားတိုင်း .. ဆိုင်ရှေ့မှာ ခုံပုလေးနဲ့ ထိုင်နေတတ်တဲ့ အစ်မကြီးတစ်ယောက် ရှိတယ်။ အဲဒီအစ်မကြီးက ဘယ်အချိန် ကြည့်ကြည့် လက်ထဲမှာ စာအုပ် တစ်အုပ်နဲ့။ သူ ဘာစာအုပ် ဖတ်နေသလဲ ဆိုတာကို ရန်နိုင် အမြဲ သတိထားပြီး ကြည့်ဖြစ်တယ်။ တစ်ခါတလေကျရင် ၀တ္ထုစာအုပ်၊ တစ်ခါတလေကျရင်တော့ မဂ္ဂဇင်း..။ တစ်ခုမဟုတ် တစ်ခုတော့ အမြဲ ဖတ်နေတာပဲ။
စာဖတ်ဝါသနာပါတဲ့ ရန်နိုင့်အတွက် ဒီလို မြင်ကွင်းမျိုးက ခပ်ရှားရှားရယ်။ ဆိုင်ထိုင်နေကြတဲ့ လူတော်တော်များများက ကြည့်လိုက်ရင် လက်ထဲက ဟန်းဖုန်းကိုပဲ တသသ လုပ်နေကြတာ များတယ်လေ။ စာအုပ်ထိုင်ဖတ်နေတယ်ဆိုတာ မမြင်ရသလောက်ပဲ။
ဒီနေ့လည်း အဲဒီ ဆီဆိုင်ရှေ့ရောက်ရင် ဟို အစ်မကြီး ဘာစာအုပ်ဖတ်နေသလဲ ကြည့်ရဦးမယ်။
လမ်းမကြီးကနေ အထဲဘက်တွေကို ချိုးဝင်သွားတဲ့ လမ်းသွယ်လေးတွေ သုံးလေးခု ရှိတယ်။ ရွာနောက်ဘက် စိုက်ခင်းတွေဆီကို သွားတဲ့ မြေနီလမ်းလေးတစ်ခုလည်း ရှိတယ်။ အဲဒီလမ်းရှေ့ရောက်ရင် ဟိုးအထဲဘက်ကို အမြဲ လှမ်းကြည့်ဖြစ်တယ်။ မသဲမကွဲ လှမ်းမြင်နေရတဲ့ တောအုပ်ထဲမှာ ဘာများ ရှိမလဲ..။ နောက် ၃-၄ နှစ်ဆိုရင်တော့ ရန်နိုင် အရွယ်ရောက်ပြီ။ ဆိုင်ကယ်တွေဘာတွေ စီးလို့ရပြီ.. အဲဒီအချိန်ကျမှ အဲဒီဘက်ကို သွားကြည့်ဦးမယ်။
ဘေးကနေ ဝေါခနဲ ဖြတ်သွားတဲ့ ကုန်တင်ကားတစ်စီးကြောင့် ရန်နိုင့် အတွေးတွေ ပြန်စုသွားတယ်။ သူ့ညီမလက်မောင်းကို အသာလှမ်းကိုင် ထားလိုက်တယ်။ စန္ဒာက ဘေးဘီဝဲယာကို အာရုံစိုက်တတ်တဲ့ မိန်းကလေး မဟုတ်ဘူး။ အခုလည်း လက်ထဲက ရေခဲခြစ် နီနီရဲရဲကို တပြွတ်ပြွတ်စုပ်ရင်း ငိုက်တိုက် ငိုက်တိုက်နဲ့ ဘေးက ပါလာတယ်။ သူ့ရဲ့ လွယ်အိတ်ကို ရန်နိုင်က သယ်လာပေးရတယ်။
“ဒါဒါရာ.. အင်္ကျီတွေပါ အကုန် ပေနေပြီ။ ဘယ်လို စားနေတာလဲ”.. သူ့ညီမရဲ့ ကျောင်းအင်္ကျီ အဖြူပေါ်က အနီစက်တွေကို ကြည့်ရင်း ရန်နိုင် ပြောလိုက်တယ်။
စန္ဒာက ဘာမှပြန်မပြောဘဲ လျှာထုတ်ပြတယ်။ ပြီးမှ အဲဒီလျှာနဲ့ ရေခဲခြစ်ကို ပျက်ခနဲ လျက်တယ်။ ရန်နိုင့်ရှေ့ကို ရေခဲခြစ်ကို ထိုးပေးတယ်။
ရန်နိုင် နှာခေါင်းရှုံ့ပြီး ခေါင်းခါတော့..စန္ဒာက “ကိုကြီးကလည်း အဘိုးကြီးကျနေတာပဲ.. အချိုဆို ဘယ်တော့မှ မစားဘူး”..တဲ့ အပြစ်တင်တယ်။
“လမ်းလျှောက်တာ သတိထားဦး။ ဘေးက ကားဝင်တိုက်သွားဦးမယ်”.. ရန်နိုင် ပြောလိုက်တယ်။
ဒီလမ်းမပေါ်မှာ ကားတိုက်မှုတွေ မကြာခဏဖြစ်တယ်။ ဆိုင်ကယ်သမားတွေ ခဏခဏ သေတယ်။ လမ်းကူးတဲ့သူတွေ ကားကြိတ်ခံရတဲ့ သတင်းလည်း တစ်ချိန်လုံး ကြားနေရတယ်။
စန္ဒာကတော့ ရန်နိုင့်စကားကို အမှုမထားသလို ခပ်ဖြဲဖြဲပဲ။ လက်ထဲက ရေခဲခြစ်က အရည်တွေ ပျော်ပြီး အောက်ကို တစက်စက် ကျနေပြီ။
သူ့ညီမကို ထပ်ပြောမလို့ ပါးစပ်အဟမှာ ရန်နိုင့်မျက်လုံးတွေက မလှမ်းမကမ်းက မြင်ကွင်းဆီကို ရောက်သွားတယ်။ ခြေလှမ်းတွေ ရပ်သွားတယ်။
လူတွေ အုံနေတဲ့ နေရာတစ်ခု။
ဟို အစ်မကြီးရဲ့ ဆီဆိုင်..။
(၃)
ရန်နိုင် ဆွဲခေါ်တဲ့နောက်ကို စန္ဒာ ယက်ကန်ယက်ကန်နဲ့ ပါလာတယ်။
“ကိုကြီး ဘာသွားလုပ်မလို့လဲ။ ကားတိုက်တာလား မသိဘူး။ ဒါဒါ မကြည့်ရဲဘူးနော်”.. စန္ဒာက တတွတ်တွတ် အော်တယ်။
“မဟုတ်လောက်ပါဘူး။ လာပါ.. မကြောက်နဲ့”.. ရန်နိုင် ပြန်ပြောရင်း သူ့ညီမလက်ကို မြဲမြဲဆွဲ၊ အုံနေတဲ့ လူအုပ်နားကို ခပ်သွက်သွက် လျှောက်သွားတယ်။
လူတွေက တော်တော်ကို များတယ်။ လူကြီးတွေ၊ ယောကျ်ားတွေ၊ မိန်းမတွေ၊ ကလေးတစ်ဖက်နဲ့ အန်တီကြီးတွေ.. ပြုံတိုးပြီး ဆီဆိုင်ရှေ့မှာ ပွက်ပွက် ဆူနေကြတယ်။ ရန်နိုင့်လိုပဲ စပ်စုကြတဲ့ ကလေးတွေလည်း မနည်းဘူး။ လူအားလုံးရဲ့ အကြည့်တွေ ဦးတည်ရာက ဆိုင်ရှေ့ မြေကွက်လပ်မှာ ချထားတဲ့ ထမ်းစင်တစ်ခုဆီမှာ။
ရန်နိုင် လူအုပ်ထဲကို အတင်း တိုးတယ်။ သူ့ရဲ့ စူးစမ်းချင်စိတ်က နေရာယူသွားတဲ့အတွက် ခေါင်းထဲမှာ ဘာမှ မတွေးမိတော့ဘူး။ ကားတိုက်တာလား၊ ဆိုင်ကယ်မှောက်တာလား.. တစ်ခုခုပဲ။ ဟိုအစ်မကြီးများ တစ်ခုခု ဖြစ်သွားပြီလား။
လူသေဆိုတာကို ရန်နိုင် တစ်ခါမှ မမြင်ဖူးဘူး။ မြင်ဖူးချင်တယ်။ တွေ့ဖူးချင်တယ်။ စာအုပ်တွေထဲမှာ ဖတ်ရတဲ့ အတိုင်းပဲလား..။
တော်တော်လေး တိုးဝှေ့ပြီးမှ မြင်သာတဲ့ နေရာတစ်ခုကို ရောက်တော့တယ်။ ဘေးက လူကြီးတွေက ရန်နိုင်တို့ မောင်နှမကို မတားအားဘူး။ သူတို့ရဲ့ အာရုံတွေလည်း အဲဒီ ထမ်းစင်ဆီမှာပဲ ရောက်နေတယ်။
ထမ်းစင်ပေါ်မှာ လူတစ်ယောက်။ ပက်လက်။
အပေါ်ကနေ စောင်အုပ်ထားတယ်။ မျက်နှာကို မမြင်ရဘူး။
စောင်အောက်ကနေ ထွက်နေတဲ့ ဂျင်းဘောင်းဘီအစနဲ့ ရှူးဖိနပ်အောက်ခြေကိုပဲ မြင်ရတယ်။
ထမ်းစင်ဘေးမှာ အသက်ခပ်ကြီးကြီး လူနှစ်ယောက် မတ်တပ်ရပ်နေတယ်။ ဆီဆိုင်ပိုင်ရှင် အစ်မကြီးနဲ့ တိုးတိုးတိုးတိုးတွေ ပြောနေတယ်။
အစ်မကြီးက ခေါင်းကို သွင်သွင်ခါတယ်။
ပါးစပ်ကလည်း “မဟုတ်ဘူး.. မဖြစ်နိုင်တာ.. မဖြစ်နိုင်ဘူး”..ဆိုတာတွေကို တတွတ်တွတ် ရွတ်နေတယ်။
“ကိုကြီး.. ပြန်ရအောင်.. ပြန်မယ်… မကြည့်ရဲဘူး”.. စန္ဒာက လက်ကို အတင်းဆောင့်ရုန်းတယ်။ ရန်နိုင် လက်ကို မလွှတ်ပေးသေးဘဲ .. မြင်ကွင်းကို ဆက်ကြည့်နေမိတယ်။
“တောကောင် တစ်ကောင်ကောင် လုပ်သွားတာ ဖြစ်မယ် ညီမ.. ကျွန်တော်တို့လည်း ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး”
ရှပ်အင်္ကျီအကွက်ဝတ်ထားတဲ့ လူကြီးက ဆိုင်ပိုင်ရှင် အစ်မကို ပြောတယ်။
ဆိုင်ပိုင်ရှင်အစ်မက ပါးစပ်ကို လက်နဲ့ အုပ်တယ်။ ခေါင်းကို ထပ်ခါတယ်။
“မဟုတ်တာတွေ.. ဟင့်အင်း.. မဖြစ်နိုင်ဘူး”..
“ဪ.. ညီမကလဲ.. ကျွန်တော်တို့ မသေချာဘဲ ပြောပါ့မလား။ ဒီမှာ.. ကြည့်”
ပြောရင်းနဲ့ လူကြီးက အုပ်ထားတဲ့ စောင်ကို ဆွဲလှန်လိုက်တယ်။
လူအုပ်ထဲက ဟာခနဲ..ဟင်ခနဲ အသံတွေ ထွက်လာတယ်။
ရန်နိုင် မျက်လုံးပြူးသွားတယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းကို သူ့ဦးနှောက်ငယ်ငယ်က အဓိပ္ပာယ် အပြည့်မဖော်နိုင်ဘူး။ သူဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာ ဒါမျိုး မဖတ်ဖူးဘူး။
ထမ်းစင်ပေါ်က လူက အသက် သိပ်မကြီးသေးဘူး။ မသော်တာနဲ့ ရွယ်တူလောက်ပဲ။ သူ့မျက်လုံးတွေက ပွင့်လျက်သား။ ပါးစပ်က ဟနေတယ်။ ခေါင်းနဲ့ ပုခုံးကို ဆက်ထားတဲ့ လည်ပင်းသားတွေက ဖွာလန်ကြဲ စုတ်ပြတ်ပြီး ဟောင်းလောင်းကြီး ပွင့်နေတယ်။ အထဲက အကြောတွေ အပြင်ကို ပြုတ်ထွက်ပြုတ်ကျနေတယ်။
ဝိုင်းကြည့်နေတဲ့ လူတွေဆီက တကျွတ်ကျွတ် စုပ်သပ်သံတွေ ထွက်လာတယ်။ ခပ်တိုးတိုး စကားသံတွေ ပိုကျယ်လာတယ်။ ဖုန်းတွေထုတ်တဲ့ သူတွေ ထုတ်ကြတယ်။ ဖုန်းကင်မရာသံ တချပ်ချပ်တွေ ထွက်လာတယ်။
စန္ဒာက အားခနဲ အော်ပြီး ဆောင့်ရုန်းတယ်။ ရန်နိုင့်လက်ထဲမှာ စန္ဒာ့လက်တွေ မရှိတော့ဘူး။ လွှတ်ခနဲ လွတ်ထွက်သွားတယ်။ စန္ဒာကိုင်ထားတဲ့ ရေခဲခြစ် မြေကြီးပေါ်မှာ ပြုတ်ကျကျန်ခဲ့တယ်။ ဆိုးဆေးရည်တွေကြောင့် ဖုန်တွေသဲတွေ.. ရဲတွတ်သွားတယ်။
“အမယ်လေး.. အောင်မော်”.. ဆိုင်ရှင်အစ်မကြီးရဲ့ ရင်ခေါင်းထဲကထွက်လာတဲ့ အော်သံကြီး။
လှည့်ထွက်ပြေးသွားတဲ့ သူ့ညီမနောက်ကို ရန်နိုင် အမြန်ပြေးလိုက်ရင်း စဉ်းစားမိတယ်။
အောင်မော်..တဲ့။
ဒီနာမည်ကို ဘယ်မှာ ကြားဖူးတာလဲ..။ တစ်နေနေရာမှာ ကြားဖူးသလိုပဲ..။
(၃)
လမ်းဘေးမှာ ထိုင်ငိုနေတဲ့ စန္ဒာ့ကို.. အငိုတိတ်သွားအောင် ဆယ်မိနစ်လောက် ချော့ရတယ်။ ဒါတောင် စန္ဒာက အိမ်ရောက်တဲ့အထိ တရှုံ့ရှုံ့လုပ်နေတုန်း။
အိမ်ဝင်းထဲကို မဝင်ခင် .. စန္ဒာ့ကို ရန်နိုင် မေးကြည့်တယ်။
“ညီမလေး.. ဒါဒါ”
“ဘာလဲ”.. စန္ဒာက စိတ်ဆိုးမပြေသေးတဲ့ အသံနဲ့ ပြောတယ်။ “နောက်ကို အဲဒီလိုဟာမျိုးတွေ ကြည့်ချင်ရင် ကိုကြီးဘာသာကိုကြီး တစ်ယောက်တည်း သွားကြည့်။ ဒါဒါ့ကို မခေါ်နဲ့”
“အေးပါ.. ငါလည်း ဒီလိုပဲ စိတ်ဝင်စားသွားလို့ပါ။ မကြောက်နဲ့တော့”
“ပြီးရော။ အိမ်ထဲ ဝင်မယ်လေ။ ဒီမှာ ရပ်ပြီး ဘာလုပ်နေတာတုန်း”
“ခဏလေး။ ငါမေးစရာ တစ်ခုရှိလို့”
“အင်း”.. စန္ဒာက သူ့အင်္ကျီပေါ်က အနီစက်တွေကို တံတွေးဆွတ်ပြီး သုတ်ရင်း ခေါင်းညိတ်တယ်။
“ဟိုတလောက မသော်တာ ဖုန်းပြောနေတာကို နင်ခိုးနားထောင်သေးတယ်လေ။ မှတ်မိလား”
“မှတ်မိတယ်လေ။ အရိုက်ခံရတော့မလို့ ကံကောင်းလို့”
“အင်း.. အဲဒါ သူဘယ်သူနဲ့ ဖုန်းပြောနေတာလဲ.. နင်နာမည် ကြားလိုက်သလား”
စန္ဒာက နှုတ်ခမ်းကို စူရင်း စဉ်းစားတယ်။
“ဘာလုပ်မလို့လဲ။ မမှတ်မိတော့ဘူး”
“သေချာစဉ်းစားစမ်းပါ။ ဘာနာမည် ကြားလိုက်သလဲ..။ နင်တောင် ငါ့ကို ပြန်ပြောပြသေးတယ်လေ.. အဲဒီနာမည်ကို.. ငါ မမှတ်မိတော့လို့”
အိမ်အပေါ်ထပ် ၀ရံတာကို ရန်နိုင်လှမ်းကြည့်လိုက်တယ်။ ၀ရံတာမှာ အဖေတစ်ယောက်တည်း အရက်ထိုင်သောက်နေတယ်။ ရန်နိုင်တို့ဆီကို လှမ်းကြည့်နေတယ်။
“မြန်မြန် စဉ်းစားပါဟ”
“အာ.. မသိဘူး။ ကိုအောင်ဇော်ဆိုလား ကိုအောင်မော်ဆိုလား တစ်ခုခုပဲ။ ဗိုက်ဆာပြီ.. အိမ်ထဲဝင်ပြီ။ လိုက်ခဲ့တော့”.. စန္ဒာက ပြောပြီးတာနဲ့ အိမ်ထဲ ပြေးဝင်သွားတယ်။
ရန်နိုင်တစ်ယောက်တည်း အိမ်၀မှာ အတွေးတွေနဲ့ ကျန်ခဲ့တယ်။
+++
(ဆက်ရန်)