အခန်း (၅၄)
+++++++++
-(ပပဝေ)-
(၁)
ပြင်ပမြင်ကွင်းမှာ အလင်း သိပ်မရှိပေမယ့် သူ့ အမြင်ထဲမှာတော့ အရာအားလုံး လင်းကျင်းနေတယ်။ သူ့မျက်လုံးတွေက ညရဲ့ အမှောင်ဖျော့ဖျော့ကို ဖောက်ထွင်း၊ အားလုံးကို ပီပီပြင်ပြင် မြင်နေရတယ်။
ပပဝေ…တဲ့။
ဒီနာမည်နဲ့ သူ.. မရင်းနှီးခဲ့ဘူး။ သူ့စိတ်တံခါးကို အကြိမ်ကြိမ် လာခေါက်နေတဲ့ သူစိမ်းတစ်ယောက်လို..၊ အိမ်ရှင်က လက်မခံလို့ လှည့်ပြန်သွားခဲ့တဲ့ ဧည့်သည်တစ်ယောက်လို.. ပပဝေ..ဆိုတဲ့ နာမည်က သူနဲ့ အဝေးတစ်နေရာမှာ ဝေ့ဝဲ စောင့်မျှော်နေခဲ့တာ။ ဒါပေမယ့် အခု လက်ရှိအချိန်မှာ.. ဒီနာမည်နဲ့ သူ.. တစ်သားတည်း တစ်ထပ်တည်း ဖြစ်သွားပြီ။ သူဇာလွင်..ဆိုတဲ့ နာမည်ကိုတောင် မေ့ပျောက်ချင်သလိုလို..၊ သူဇာလွင် ဆိုတဲ့ မိန်းကလေးဟာ.. အရင် ဘ၀တစ်ခုရဲ့ တံလျှပ်ပုံရိပ်တစ်ခုလို..
သူ့လက်ထဲက ဓားရှည်က.. သခင်ဆီပြန်ရောက်လို့ ခွန်အားအပြည့် ပျော်မြူးနေသလို.. တဖိတ်ဖိတ်တောက်နေတယ်။ ဓားသွားတလျှောက်လုံးက သားကောင်ကို ခုန်အုပ်တော့မယ့် သားရဲစိတ်ဓာတ်နဲ့.. မသိမသာ တုန်ခါနေတယ်။
သူ့ အာရုံထဲမှာ အခန်း နှစ်ခန်း..။
မီးခိုးရောင်သဲ့သဲ့လင်းနေတဲ့ အခန်းထဲမှာ.. မတ်တပ်ရပ်နေတဲ့ သူဇာလွင်…ဆိုတဲ့ မိန်းကလေးတစ်ယောက်။ ဒီမိန်းကလေးမှာ လူသားဆန်ခြင်းတွေ ရှိတယ်။ သနားကြင်နာမှုတွေ ရှိတယ်။ ကိုယ်ချင်းစာစိတ်တွေ ရှိတယ်။ သံယောဇဉ်နဲ့ ချစ်ခြင်းတွေလည်း ရှိတယ်။
နောက်ထပ် အခန်းတစ်ခုကတော့ မီးညွန့်တလူလူနဲ့ နီရဲ တောက်လောင်နေတယ်။ အဲဒီအခန်းထဲမှာ တင်ပလ္လင်ခွေထိုင်နေတဲ့ မိန်းကလေးတစ်ယောက်။ သူ့နာမည်က ပပဝေ…။ ဒီမိန်းကလေးမှာတော့ ရဲရင့်စွန့်စားခြင်းတွေ ရှိတယ်၊ သာမန်မဟုတ်တဲ့ ခွန်အားအသစ်တွေရှိတယ်၊ အရာရာကို ဦးနှောက်နဲ့ ဆုံးဖြတ်တဲ့ ခံယူချက်တွေရှိတယ်။ ပြီးတော့.. သူ့သွေးထဲမှာ.. သူနဲ့အတူ.. ဆူပွက်လည်ပတ်နေတဲ့ မျိုးရိုးအစဉ်အဆက်.. အသိဉာဏ်တွေ၊ အမှတ်တရတွေ၊ သမိုင်းပုံပြင်တွေ ရှိတယ်။
သူဇာလွင့် တံခါးကို သူ ပိတ်လိုက်တယ်။ ပပဝေရဲ့ အခန်းထဲကို စုံပစ်ဝင်လိုက်တယ်။
“ငါ့နာမည် သူဇာလွင် မဟုတ်ဘူး”… သူ့ပါးစပ်က အလိုလို ထွက်သွားတဲ့ စကားသံ တစ်ခု။..
“ငါ့ နာမည် ပပဝေ..”
ဒီလိုနဲ့.. သူဇာလွင် ဆိုတဲ့ မိန်းကလေး.. အမှောင်ထဲကို တိုးဝင်ပျောက်ကွယ်..၊ ပပဝေဆိုတဲ့ လူသစ်တစ်ယောက်.. အလင်းထဲကို ခုန်ထွက်လာတယ်။
(၂)
သူ့ဆီကို အရှိန်နဲ့ ခုန်အုပ်လာနေတဲ့ မကောင်းဆိုးဝါးတစ်ကောင်..။ ဒီမကောင်းဆိုးဝါးရဲ့ နာမည်ကို.. ပပဝေ အလိုလို သိနေတယ်။
သက်ထားဆွေ…။ သက်ထားဆွေ ဆိုတဲ့.. မိန်းမ..။
ဒီမကောင်းဆိုးဝါးရဲ့ ကိုယ်က ဖြာထွက်နေတဲ့ အငွေ့အသက်တွေကို ပပဝေရဲ့ အာရုံက ချက်ချင်း ဖမ်းယူ၊ ပုံဖော် အဖြေထုတ်တယ်။
ပပဝေရဲ့ မြင်ကွင်းထဲမှာ အရာအားလုံးက ရေနက်ထဲမှာ ဖြစ်ပျက်နေသလို.. နှေးကွေးလေးလံနေတယ်။ မကောင်းဆိုးဝါးရဲ့ ဆံပင်အထွေးတွေ လေထဲမှာ ဝေ့ဝဲနေတာ၊ သူ့ပါးစပ်ထဲက အပုပ်ရည်တွေ အပြင်ကိုစင်ထွက်.. ပါးနှစ်ဖက်မှာ အကြောင်းလိုက်တွေ စီတန်းလာတာ.. ဒါတွေအားလုံးကို ပပဝေ မြင်နေရတယ်။ ဒီမကောင်းဆိုးဝါးရဲ့ လာရာ လမ်းကြောင်းကို အတိအကျ သိနေသလို.. ဘယ်နေရာကို ရောက်မလဲ၊ ဘာဆက်ဖြစ်မလဲ ဆိုတာတွေကိုလည်း သေချာ ခန့်မှန်းလို့ ရနေတယ်။
ဒီမိန်းမရဲ့ ရင်ဘတ်ထဲကို လက်ထဲက ဓားဦးနဲ့ ထိုးစိုက်လိုက်ရင် ကောင်းမလား.. ပပဝေ..တွေးတယ်။ ဒါပေမယ့်.. ဘေးမှာ ပတ်လည်ဝိုင်းနေတဲ့ သတ္တဝါတွေ..။ ဒီသတ္တဝါတွေက လူစိတ် မကုန်သေးတဲ့ မကောင်းဆိုးဝါးတွေ။ သူတို့ပါ သေဆုံး ပျောက်ကွယ်သွားရင် ဘယ်လို လုပ်မလဲ..။
ပပဝေ.. ခြေတစ်လှမ်း နောက်ဆုတ်၊ ကိုယ်ကို ဘယ်ဘက် လှည့်လိုက်တယ်။
အရှိန်နဲ့ တိုးဝင်လာတဲ့ သက်ထားဆွေရဲ့ လက်သည်းရှည်တွေ.. လေကိုပဲ ဖမ်းမိတယ်။ ပပဝေကို ကျော်ထွက်၊ ရှေ့ကို သုံးလေးကိုက်လောက် အရှိန်လွန်သွားပြီး မြေကြီးပေါ်ကို လေးဘက်ထောက်လျက်သား ပြုတ်ကျတယ်။ ဒါပေမယ့် ဟန်ချက်တော့ ပျက်မသွားဘူး။ သူ့ကိုယ်နေဟန်ထားက ကျားရဲ တစ်ကောင်လို နောက်တစ်ကြိမ် ပြန်ထဖို့ အဆင်သင့်။
သက်ထားဆွေ ဒီဘက်ကို ပြန်လှည့်လာတယ်။ သူ့မျက်နှာတစ်ခုလုံးမှာ သွေးကြောမည်းတွေ တင်းမာထောင်ထနေတယ်။ မျက်လုံးက အဖြူသား သက်သက်။ အဆမတန် ရှည်ထွက်နေတဲ့ ကျောရိုးကြောင့် သူ့ပုံစံက လူနဲ့ မတူ၊ ပုပ်ဆွေးနေတဲ့ ဝံပုလွေတစ်ကောင်နဲ့ ပိုတူနေတယ်။ သူ့လက်သည်းရှည်တွေက မြေကြီးထဲကို ဒေါသတကြီး စိုက်ဝင်ယက်ထုတ်နေတယ်။ သူပြောတဲ့ စကားတွေက လိုဏ်ခေါင်းထဲကနေ လှမ်းအော်နေသလို မပီပြင်ဘဲ ပဲ့တင်သံတွေ ဟိန်းနေတယ်။
“ဒီကောင်မ.. ဒီကောင်မကို တစ်စစီ ဆုတ်ပစ်.. သတ်ပစ်”
ပပဝေကို ဝန်းရံထားတဲ့ စက်ဝိုင်း ကျဉ်းသထက် ကျဉ်းလာတယ်။ ပတ်လည်ဝိုင်းထားတဲ့ သတ္တဝါတွေဆီက ညည်းသံတွေ.. ပိုပြီး မာထန်လာတယ်။
ပပဝေ.. လက်ထဲက ဓားကို ခပ်ဖွဖွကိုင်၊ မြေကြီးပေါ်မှာ ထောက်တယ်။ သူ့အာရုံတွေကို .. သက်ထားဆွေဆီ.. အပြည့်အ၀ ပို့တယ်။ ဒီမိန်းမနဲ့.. ဒီလူတွေကြား ဆက်နွယ်မှု တစ်ခုခုတော့ ရှိကို ရှိရမယ်..။
ပပဝေ.. အသက်ကို ပြင်းပြင်း ရှူသွင်းတယ်။ အပုပ်နံ့တွေ တထောင်းထောင်းထနေတဲ့ လေပူထဲကနေ.. လတ်ဆတ်တဲ့ လေညှင်းကို သူ့ အသက်ရှူလမ်းကြောင်းက စစ်ထုတ်ယူတယ်၊ အဆုတ်ထဲကို ပို့တယ်..၊ သွေးကြောထဲကို စိမ့်ဝင်စေတယ်။ သူ.. မျက်လုံးတွေကို ကျဉ်းလိုက်တယ်။ အမြင်ကို စုစည်းတယ်။ အကြားအာရုံကို တစ်ဆင့် ထပ်တင်တယ်..။
တွေ့ပြီ..။
ရုတ်တရက် ဆိုရင်…. ဘယ်လိုမှ မမြင်နိုင်တဲ့ အရာ..
သက်ထားဆွေရဲ့ ကိုယ်ကနေ ဖြာထွက် လှုပ်ခါနေတဲ့ ကြိုးအမျှင်တန်းတွေ..။ ပင့်ကူမျှင်ထက်တောင် သေးမယ်၊ ပါးမယ်..။ ဒါပေမယ့် ပပဝေရဲ့ အာရုံ အသစ်ထဲမှာတော့ ဒီအမျှင်တန်းတွေက မီးရောင်အောက်က ပိုးကြိုးတွေလို အလင်းထိလိုက်တိုင်း တလဲ့လဲ့ တောက်နေတယ်။ ကြိုးမျှင်တွေက.. သက်ထားဆွေရဲ့ ကိုယ်ကနေ အရပ်ရှစ်မျက်နှာကို ဖြာထွက်တယ်၊ ကြိုးစ တစ်ခုချင်းစီက.. ပတ်လည်ဝိုင်းနေတဲ့ သတ္တဝါတွေရဲ့ ရင်ဘတ်တွေနဲ့ သွယ်ဆက် ရစ်ပတ်နေတယ်..။ တချို့သော ကြိုးစတွေက ပါးတယ်၊ ပြတ်ထွတ်လုနီးနီး ဆွေးမြေ့နေတယ်။ တချို့ကြိုးတွေကျတော့ အထပ်ထပ်ယက်ထားသလို ခိုင်မာ မြဲမြံနေတယ်။
ကြိုးတွေအားလုံးကို ချုပ်ကိုင် ထိန်းချုပ်ထားတဲ့ .. ပင့်ကူအိမ် အလယ်က..သက်ထားဆွေ..။
သူ ဘာလုပ်ရမလဲဆိုတာ ပပဝေ သိလိုက်ပြီ။
ဒီအသိနဲ့အတူ.. သူ့တစ်ကိုယ်လုံး ချက်ချင်း အသက်ဝင်လာတယ်။ စောစောက ငြိမ်သက်အေးချမ်းနေတဲ့ အာရုံတွေ နေရာမှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်၊ ပီပြင်တဲ့ ရည်ရွယ်ချက်တွေ ထပ်ပိုး ဝင်ရောက်လာတယ်။
သတ္တဝါ အကောင် ၃၀ ကျော်ရဲ့ ပြိုင်တူ အော်ညည်းလိုက်သံတွေ..။ တရှပ်ရှပ် ပြေးလာတဲ့ ခြေသံတွေ။ ပွင့်အာသွားတဲ့ အာခေါင်တွေထဲက လွင့်စင်ထွက်လာတဲ့ အပုပ်နံ့တွေ..။
သူတို့အားလုံးရဲ့ ဦးတည်ရာက ပပဝေ ဆိုတဲ့ မိန်းကလေးဆီကို..။
ဒါပေမယ့် ဒီသတ္တဝါတွေရဲ့ လှုပ်ရှားမှုက နှေးတယ်။ လေးလံတယ်။ သူတို့ရဲ့ အသိဉာဏ်က သားရဲတိရိစ္ဆာန်သာသာ..။ ဒါကြောင့်လည်း သူတို့ရဲ့ အငမ်းမရ လက်ဖဝါးတွေ.. ပပဝေကို ဖမ်းမမိဘူး။
လေပြင်းထဲမှာ လွင့်သွားတဲ့ သစ်ရွက်တစ်ရွက်လို… ဖျတ်ခနဲ ပျောက်သွားတဲ့ ပပဝေ။
ဝန်းရံထားတဲ့ စက်ဝိုင်း ကျဉ်းသထက် ကျဉ်း.. မကောင်းဆိုးဝါးတွေ အချင်းချင်း ဝင်တိုက်မိတယ်။ ဒေါသတကြီး အော်လိုက်တဲ့ အသံတွေ ဆူညံသွားတယ်။ ပူးကပ်သွားတဲ့ ကိုယ်ခန္ဓာတွေကို ဒယိမ်းဒယိုင်နဲ့ ဆွဲခွာကြတယ်။ မျက်လုံးဖြူဖြူတွေနဲ့.. ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်.. ပပဝေကို လိုက်ရှာတယ်။
လင်းခနဲ..လက်သွားတဲ့ ဓားရောင်..။
သတ္တဝါတွေထဲက.. အသက်ခပ်ကြီးကြီး ယောကျ်ားတစ်ယောက်.. မြေကြီးပေါ်ကို ဗိုင်းခနဲ လဲကျတယ်။ သူ့ကိုယ်ခန္ဓာမှာ ဒဏ်ရာ မရှိဘူး။ ဒါပေမယ့် ပြတ်ထွက်သွားတဲ့ ကြိုးမျှင်က လေထဲမှာ တလွန့်လွန့်လူးတယ်။ လဲကျသွားတဲ့ ယောကျ်ား၊ ပြန်ထမလာတော့ဘဲ အတောင့်လိုက်ကြီး ငြိမ်သက်နေတယ်။
သက်ထားဆွေရဲ့ ဒေါသတကြီး အော်လိုက်သံ..။ သူ့လက်ထဲမှာ ပြတ်ပါလာတဲ့ ကြိုးမျှင်ကိုကြည့်ရင်း သူ့မျက်လုံးတွေက မယုံနိုင်သလို ပြူးကျယ်နေတယ်။ ကြိုးမျှင်က ချက်ချင်းလိုလို အငွေ့ပျံ ပျောက်ကွယ်သွားတယ်။
“ငါ့.. ငါ့.. ပစ္စည်းတွေ.. ငါ့..သားတွေ..သမီးတွေ.. နင်.. နင်”… ဗလုံးဗထွေး အော်ဟစ်နေရင်း.. သက်ထားဆွေ.. ပပဝေဆီကို ပြေးလာတယ်။ ဒါပေမယ့် ပပဝေက တစ်နေရာတည်းမှာ ရပ်မနေဘူး။ သူ့ကို စောင့်မနေဘူး။ ယက်ကန်းထဲက လွန်းသွားလို လှစ်ခနဲ.. လှစ်ခနဲ.. လှုပ်ရှားတယ်။ သူ့လက်ထဲက ဓားရှည်က မရပ်မနား အလုပ်လုပ်တယ်။ တလက်လက် ဓားရောင်အောက်မှာ ကြိုးမျှင်တွေ တစ်ခုပြီး တစ်ခု ပြတ်ထွက်ကုန်တယ်။
သက်ထားဆွေ ကြံရာမရ.. ပျာယာတွေ ခတ်ကုန်တယ်။ ကျန်နေသေးတဲ့ ကြိုးမျှင်တွေကို အရူးမီးဝိုင်း လှမ်းဆွဲတယ်။ ရသလောက်ကို ပြန်ခေါ်ဖို့ ကြိုးစားတယ်။ ပြွတ်သိပ်နေတဲ့ သတ္တဝါအုပ်ထဲက တချို့တလေ.. သူ့နောက်ကို ပြန်ပါလာတယ်။ သီရိ..ဆိုတဲ့ မိန်းကလေး..ရယ်.. မြတ်စန္ဒာထွန်းဆိုတဲ့ ကောင်မလေးရယ်.. စွေ့ခနဲ.. မြောက်တက်.. သက်ထားဆွေဘက်ကို လွင့်ထွက်သွားတယ်။
ပပဝေ.. သူတို့ကို ဂရုမစိုက်အားသေးဘူး။ စောစောက ရှူသွင်းထားတဲ့ လတ်ဆတ်တဲ့ လေကို ရင်ဘတ်ထဲမှာ သိမ်း၊ အသက်ကို အောင့်ရင်း.. ဆက်တိုက် လှုပ်ရှားတယ်။ သူ့ရဲ့ ခြေထောက်တွေ လက်တွေရဲ့ လှုပ်ရှားမှုက သာမန် မျက်စိနဲ့ မမြင်နိုင်လောက်အောင် မြန်တယ်။ သူ့ကို လှမ်းဖမ်း၊ ကိုက်ခဲဖို့ ကြိုးစားနေကြတဲ့ သတ္တဝါတွေကို ရှောင်ရှားရင်.. မြင်မြင်သမျှ ကြိုးမျှင်တွေကို ဓားသွားနဲ့ ဖြတ်ထုတ်နေတဲ့ ပပဝေရဲ့ ပုံသဏ္ဍာန်က အရှိန်နဲ့ ပျံနေတဲ့ ပိတုန်းတစ်ကောင်လို.. မြန်ဆန်.. ဝေဝါးနေတဲ့ အရိပ်တစ်ခုဖြစ်လာတယ်။
ကြိုးမျှင်တွေ တစ်ခုပြီး တစ်ခု ပြတ်ထွက်ကုန်တယ်။
သတ္တဝါတွေ တစ်ကောင်ပြီး တစ်ကောင်.. အရုပ်ကြိုးပြတ် လဲကျကြတယ်။
ကြိုးတစ်ချောင်း ပြတ်သွားတာနဲ့ သက်ထားဆွေရဲ့ ကိုယ်ခန္ဓာ အပိုင်းအစတစ်ခု ပျက်စီးသွားသလို.. သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်တယ်။ ဒေါသတကြီးနဲ့ အော်ဟစ်နေတဲ့ သူ့ လေသံက အားနည်းသထက် နည်းလာတယ်။ ပပဝေနောက်ကို ပြေးလိုက်နေတဲ့ သူ့ခြေလှမ်းတွေ အရှိန် ကျလာတယ်။ သူ..ဆက် မပြေးနိုင်တော့ဘူး။ ဆက်မလိုက်နိုင်တော့ဘူး။ ပြတ်ထွက်သွားတဲ့ နှောင်ကြိုးတွေနဲ့ အတူ.. သူ့ခွန်အားက တော်တော်လေး ဆုတ်ယုတ်နေပြီ..။ သူ့ဘေးမှာ.. သူနဲ့ အတူ.. ဒယိမ်းဒယိုင် လျှောက်လှမ်းနေကြတဲ့ သီရိနဲ့.. မြတ်စန္ဒာထွန်း..။
နောက်ဆုံး ကြိုးမျှင်ကို ဖြတ်ချပြီးတဲ့အခါ.. ပပဝေ .. ဓားကို အရှိန်သတ်လိုက်တယ်။ တဝီဝီလည်နေတဲ့ ပန်ကာဒလက်.. စက်ရပ်သွားသလို.. သူ့ ဓားက အရှိန်မသေသေး.. အဖျားခတ်ပြီး တုန်ခါနေတယ်။ ဓားပတ်ပတ်လည်မှာ ရစ်ထွေးနေတဲ့ ကြိုးမျှင်တွေ.. တဖြည်းဖြည်း အငွေ့ပျံ ပျောက်ကွယ်သွားတယ်။
သူ့ပတ်ပတ်လည်မှာ အတုံးအရုံးလဲကျနေကြတဲ့ လူတွေကို ပပဝေ တစ်ချက် ဝေ့ကြည့်တယ်။ လဲကျနေတဲ့ သူတွေထဲက တချို့က.. ဓားချက်မိပြီး လက်ချောင်းတွေ ပြတ်ထွက်ကုန်တယ်။ တချို့ရဲ့ ကိုယ်ခန္ဓာမှာ ဓားနဲ့ ခုတ်မိတဲ့ ပြတ်ရှရာ အနည်းငယ်။ သေလောက်တဲ့ ဒဏ်ရာမျိုးတော့ မတွေ့ရ..။ ခပ်လှမ်းလှမ်း..စက်ဝိုင်းရဲ့ အစွန်မှာ ဒူးထောက်လျက်သား ငုတ်တုတ်မေ့နေတဲ့ ဒေါ်ဥ..။ သူ့ကို ချည်နှောင်ထားတဲ့ နှောင်ကြိုးက ဖွာလန်ကြဲ တန်းလန်း..ကျနေတယ်။
“နင်.. နင်ဘယ်လို လုပ်လိုက်တာလဲ..”.. သက်ထားဆွေ ဒူးထောက်.. လက်နှစ်ဖက်ကို လေထဲမှာ မြှောက်ရင်း အော်တယ်။ သက်ထားဆွေရဲ့ ဘေးတစ်ဘက် တစ်ချက်ဆီမှာ.. မတ်တပ်ရပ်နေကြတဲ့ မြတ်စန္ဒာထွန်းနဲ့.. သီရိ။ သူတို့ရဲ့ မျက်လုံးဖြူဖြူတွေက လမ်းပျောက်နေတဲ့ တိရိစ္ဆာန်တစ်ကောင်လို.. ဖွင့်ချည် ပိတ်ချည် ကနာမငြိမ်ဘူး။.. “ငါ့..သားတွေ.. ငါ့သမီးတွေ.. ငါ အနှစ်နှစ် အလလ.. မွေးမြူထားခဲ့ရတာ.. နင်.. နင်..”.. သူ့အသံထဲမှာ ငိုသံအက်အက်ကြီး တွဲပါလာတယ်။
ပပဝေ.. ဘာမှ ပြန်မဖြေဘူး။ သူ့အာရုံထဲမှာ ခံစားချက်ဆိုတာ မရှိတော့သလို ရှင်းလင်းနေတယ်။ သနားကြင်နာခြင်းတွေ၊ လူသားဆန်တဲ့စိတ်တွေက.. သူဇာလွင်နဲ့အတူ.. အခန်းထဲမှာ တံခါးပိတ်ခံ၊ ထွက်ပေါက် မရှိဘူး။
သက်ထားဆွေရဲ့ ငိုသံ.. တဖြည်းဖြည်း ခြောက်ကပ်လာတယ်။ အတုံးအရုံးလဲကျနေတဲ့ လူအုပ်ကြီးကို ကြည့်ရင်း.. သူ့မျက်လုံးတွေ ပြူးသထက် ပြူးလာတယ်။ နကိုကတည်းက အဆမတန် ကျယ်နေတဲ့ ပါးစပ်ပေါက်ကို အဆုံးအထိ ဆွဲဖြဲ.. ဟက်တက် ဟ လိုက်တယ်။ အဲဒီ ဂလိုင်ပေါက်ထဲကနေ နောက်ထပ်ထွက်လာတဲ့ အသံက.. ရယ်သံ..။
“ဟားဟား.. နင်က.. ဒီလူတွေကို ကယ်တင်ချင်တာလား..။ နင့် နောက်ဆုံး အကြံက အဲဒါလား..။ ဟင်း..ဟင်း..”.. သက်ထားဆွေ.. မတ်တပ် ထရပ်တယ်။ ဘယ်လက်နဲ့.. သီရိရဲ့ လည်ကုပ်ကို ကိုင်တယ်။ ညာလက်က.. မြတ်စန္ဒာထွန်းရဲ့ ဆံပင်တွေကို ဆွဲဆုပ်တယ်။.. “အေး.. နင် သိပ်ကယ်တင်ချင်နေတဲ့ ကောင်မတွေကို ငါ နင့်ရှေ့မှာတင် အစိမ်းလိုက် ဝါးစားပြမယ်”.. သူ့လက်ထဲက မိန်းကလေး ၂ ယောက်စလုံးက.. သူတို့ သခင်မရဲ့ စကားကို ထောက်ခံသလို ခေါင်းညိတ်တယ်။ အသက်မဲ့နေတဲ့ မျက်နှာတွေက ပြုံးနေကြတယ်။
သက်ထားဆွေရဲ့ ပါးစပ်ထဲက ချွန်ထက်နေတဲ့ သွားတွေ.. ညဉ့်အလင်းရောင်အောက်မှာ တဖိတ်ဖိတ် တောက်လာတယ်။ သီရိက.. သူ့ဆံပင်တွေကို သပ်တင်.. နောက်ကို ပို့တယ်။ ဖြူဖျော့ ပိန်လှီနေတဲ့ လည်ပင်းကို.. အဆင်သင့်ပြင်.. သူ့သခင်မအတွက် ထိုးပေးတယ်..။
အဲဒီလည်ပင်းကို သက်ထားဆွေ.. လှမ်း ဟပ်..လိုက်တယ်။
ဒါပေမယ့်.. သူ့သွားချွန်ချွန်တွေ လည်ပင်းအသားဆီကို မရောက်ဘဲ.. လမ်းခုလတ်မှာတင် ရပ်သွားတယ်။
သူ့ဆီကို ကျည်ဆံတစ်တောင့်လို ၀ုန်းခနဲ ပစ်ဝင်လာတဲ့ ပပဝေ..။
ကုန်တင်ကားနဲ့ ဝင်တိုက်ခံလိုက်ရသလို.. သက်ထားဆွေ.. နောက်ကို ပေ ၂၀ လောက် လွင့်ထွက်သွားတယ်။ သွင်သွင်ကျိုးသွားတဲ့ သူ့နံရိုးတွေ.. အထဲကို ကွေးဝင်ကုန်တယ်။ သူ့ပါးစပ်အပေါက်ကျယ်ထဲက လွင့်ထွက်လာတဲ့ အပုပ်ရည်တွေ..။ သီရိနဲ့ မြတ်စန္ဒာထွန်းကို ချည်နှောင်ထားတဲ့ နှောင်ကြိုးတွေ လေထဲမှာ ဆန့်တန်းသွားတယ်။
မြေကြီးနဲ့ ကျောပြင် မဆောင့်မိခင်မှာ.. သက်ထားဆွေ.. နှောင်ကြိုးတွေကို ကမန်းကတန်း လှမ်းဆွဲတယ်။ ဒါပေမယ့် မမီတော့ဘူး။ ပပဝေရဲ့ ဓားချက်က.. သူ့ထက် မြန်တယ်။ ရွှပ်ခနဲ အသံနဲ့အတူ.. ကြိုးနှစ်ခုလုံး တုံးတိ ပြတ်ထွက်သွားတယ်။ သက်ထားဆွေရဲ့ ကျောပြင်နဲ့ မြေကြီး တည့်တည့်ကြီး ဆောင့်မိတယ်။ ရှည်ထုတ်ထားတဲ့ ကျောရိုးတွေ တစ်ဆစ်ချင်း ပြန်ဝင်တယ်။ သူ့ကိုယ်ထဲက ခွန်အားတွေ အပြင်ကို စိမ့်ထွက်ကုန်တယ်..။
အရုပ်ကြိုးပြတ်.. ခွေလဲကျသွားတဲ့ မြတ်စန္ဒာထွန်းနဲ့ သီရိကို.. ပပဝေ လှမ်းထိန်းတယ်။ ကလေးမလေးကို မြေကြီးပေါ်မှာ အသာချတယ်။ ခွေခွေလေး လဲသွားတဲ့ သီရိရဲ့ အဝတ်အစားတွေကို သပ်ရပ်အောင် ပြင်ဆင်ပေးတယ်။ သီရိ ဝတ်ထားတဲ့ ထမီနဲ့ အင်္ကျီက လက်နဲ့ထိလိုက်ရင်တောင် ကြွေကျသွားတော့မလို ဆွေးမြေ့နေပြီ..။
သူတို့ရဲ့ မျက်ခွံတွေကို ပပဝေ.. အသာ လှန်ကြည့်တယ်။ တဖြည်းဖြည်း ပြန်ပေါ်လာတဲ့ မျက်ဆံ နက်နက်တွေ..။ ဒါပေမယ့် အသက်ရှူသံ မကြားရဘူး။ အသားအရေတွေ အေးစက်နေတယ်။ ရှင်သန်ခြင်းရဲ့ အရိပ်အယောင် ဘာမှ မတွေ့ရ..။
ပတ်ပတ်လည်ကို .. သူ လှည့်ကြည့် အကဲခတ်တယ်။ စစ်ပွဲတစ်ခုရဲ့ အဆုံးသတ်လို.. အစုလိုက်အပြုံလိုက် လဲကျ ငြိမ်သက်နေတဲ့ သူတွေ..။ ရေတွင်းပျက်ဆီကို သူ လှမ်းကြည့်တယ်။ စောစောက အငွေ့တလူလူ ထိုးတက်နေတဲ့ မြူတံတိုင်း.. မရှိတော့။
“ဟီး..”
သက်ထားဆွေဆီက ထွက်လာတဲ့ ညည်းသံ..။
ပပဝေ သူ့ဆီကို လျှောက်သွားတယ်။ လက်ထဲက ဓားကို လေထဲမှာ တန်းနေအောင်ကိုင်.. သက်ထားဆွေရှိရာဆီကို ဦးတည် ချိန်ထားတယ်။
“ဟီး.. ဟီး.. ”.. ပက်လက်လန်လဲနေတဲ့ သက်ထားဆွေဆီကနေ ညည်းသံတွေ အဆက်မပြတ်ထွက်နေတယ်။
သူ့အပေါ်ကနေ မိုးပြီး ပပဝေ..ရပ်လိုက်တယ်။ မြေကြီးပေါ်မှာ လူးလွန့်နေတဲ့ သနားစရာ သတ္တဝါကို သူ..ငုံ့ကြည့်တယ်။
သက်ထားဆွေရဲ့ မျက်နှာပေါ်မှာ ရုတ်တရက် ပေါ်လာတဲ့ ရာနဲ့ ချီသော အရေးအကြောင်းတွေ..။ သူ့ဆံပင်နက်နက် ရှည်ရှည်တွေ.. မျက်စိရှေ့မှာတင် မီးခိုးရောင်သမ်း.. တွန့်လိမ်ကုန်တယ်။ သူ့မျက်လုံးတွေက အိုဟောင်းနေတဲ့ ဖန်ဂေါ်လီလုံးတစ်လုံးလို မှေးမှိန်အေးခဲလာတယ်။
“ဟီး..အီ…..အီ..အ..”.. သက်ထားဆွေ ပါးစပ်ကို ဟ.. စကားပြောဖို့ ကြိုးစားတယ်။ သူ့ရဲ့ သွားချွန်ချွန်တွေ မရှိတော့..။ ညိုမည်းခြောက်ကပ်နေတဲ့ သွားဖုံးနှစ်ခု.. အပေါ်အောက် တဖတ်ဖတ်ရိုက်တယ်။ ရွတ်တွနေတဲ့ လျှာဖျားက အပြင်ကို ပြူတစ်ပြူတစ်ထွက်ပြီး စကားလုံးတွေ ပုံဖော်ဖို့ ကြိုးစားတယ်။ တအီအီ အသံတွေကလွဲရင် ဘာမှ ထွက်မလာဘူး။
ပပဝေ.. လက်ဖဝါးဖြန့်တယ်။ ဓားသွားနဲ့ လက်ဖဝါးပြင်ကို ခပ်ဆတ်ဆတ်လေး လှီးလိုက်တယ်။ နီရဲစိမ့်ထွက်လာတဲ့ သွေးတွေနဲ့ ဓားသွားကို သုတ်တယ်..။ ဓားရိုးကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင် အပေါ်ကို မြှောက်တင်တယ်။
သက်ထားဆွေရဲ့ လက်တွေလည်း မြောက်တက်လာတယ်။ အိုမင်းရွတ်တွနေတဲ့ လက်ချောင်းတွေ.. လက်ဖဝါးတွေ..နဲ့.. လေထဲမှာကာ.. တောင်းပန်တယ်..။ သူ့မျက်လုံးမှိန်မှိန်တွေက.. ပပဝေကို အသနားခံတဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်..။
ပပဝေရဲ့ စိတ်တံခါး.. တစ်ချပ်.. ဖြည်းဖြည်းချင်း ပွင့်လာတယ်..။ တံခါးအဟထဲကနေ ချောင်းကြည့်နေတဲ့ သူဇာလွင့် မျက်လုံးတွေ..။ ကြင်နာသင့်သူကို ကြင်နာ.. သနားသင့်သူကို သနား.. ခွင့်လွှတ်သင့်သူကို ခွင့်လွှတ်ဖို့ တောင်းပန်နေတဲ့ အကြည့်တွေ..။
အဲဒီ စိတ်တံခါးကို ပပဝေ.. ခြေထောက်နဲ့ ဆောင့်ကန် ပိတ်လိုက်တယ်။ ဒုန်းခနဲ ပိတ်သွားတဲ့ တံခါးသံက သူ့အာရုံထဲမှာ ပဲ့တင်ခတ် မြည်ဟိန်းသွားတယ်။
သူဇာလွင် ဆိုတာ မရှိတော့ဘူး…။
ငါ့နာမည် ပပဝေ..။
သူ့လက်ထဲကဓား.. အောက်ကို အရှိန်နဲ့ ပိုင်းကျလာတယ်။
“ဟီး…”.. သက်ထားဆွေပါးစပ်က.. နောက်ဆုံး ထွက်သွားတဲ့ အသံ..။
ဓားရှည်က သက်ထားဆွေရဲ့ လက်ဖဝါးတွေကို ဖြတ်ဆင်းတယ်.. ဓားသွားက သူ့ရဲ့ ပိန်လှီရွတ်တွနေတဲ့ ကိုယ်ခန္ဓာကို ဖောက်ထွက်.. မြေကြီးထဲအထိ နစ်ဝင်သွားတယ်။ သက်ထားဆွေရဲ့ တစ်ကိုယ်လုံး မီးရှို့ခံလိုက်ရတဲ့ စက္ကူစုတ်လို ဝုတ်ခနဲ လောင်တယ်..။
စက္ကန့်ဝက်လောက်အတွင်းမှာ.. သက်ထားဆွေဆိုတာ.. မရှိတော့..။
+++
အခန်း (၅၅)
-(ရန်နိုင်)-
(၁)
မင်းခန့်ထူးရဲ့ ကိုယ်လုံးကို မနိုင်မနင်း ပွေ့ချီထားရင်း.. ရန်နိုင် အသက်ရှူကြပ်လာတယ်။ ပပဝေ.. ပပဝေ.. ဆိုတဲ့နာမည်ကို မင်းခန့်ထူးပါးစပ်က ကယောင်ကတမ်း ရွတ်နေတယ်။
ရန်နိုင့် အိပ်မက်တွေထဲမှာ ဆက်တိုက် ကြားနေခဲ့ရတဲ့ နာမည်..။ ဓားရဲ့ ပိုင်ရှင်..။ မင်းခန့်ထူး ရဲ့ ရင်၀က စိမ့်ထွက်နေတဲ့သွေးတွေက နီရာကနေ မည်း.. တစ်ကိုယ်လုံးကို ရွှဲနစ်နေပြီ..။
သက်ဦးဆိုတဲ့လူ.. အော်သံတွေ ဆက်မထွက်နိုင်တော့ဘဲ.. ငြိမ်သွားတာ တော်တော်ကြာပြီ။ မီးသွေးတုံးဖြစ်နေတဲ့ သက်ဦးရဲ့ ကိုယ်လုံးကို ကြည့်ရင်း ရန်နိုင် စိတ်မကောင်း မဖြစ်မိဘူး။ မကောင်းဆိုးဝါးနဲ့ ပေါင်းဖက်၊ အမြတ်ထုတ်ဖို့ ကြံနေတဲ့သူ။ သေတာနည်းသေးတယ်လို့ပဲ ရန်နိုင် ထင်တယ်။ မီးဟုန်းဟုန်းတောက်.. ပြေးထွက်သွားတဲ့ ဓားရှည်.. အခုဆို ပိုင်ရှင်ဆီ ရောက်နေပြီလား။ ဘာတွေ ဖြစ်နေပြီလဲ..။
“ကိုမင်းခန့်.. ကိုမင်းခန့်..”.. မင်းခန့်ထူးကို သူ လှုပ်နှိုးကြည့်တယ်။ မအောင်မြင်ဘူး။ မင်းခန့်ထူးရဲ့ မျက်တောင်တွေ တဖျတ်ဖျတ် လှုပ်နေတယ်။ ပါးစပ်က ပပဝေ..ဆိုတဲ့ နာမည်ကို တတွတ်တွတ်ရွတ်နေတယ်..။
“ကိုမင်းခန့်.. ကျွန်တော်.. ကျွန်တော့် ညီမလေးကို သွားကယ်ရမယ်.. အစ်ကို.. ကျွန်တော် ပြောတာ ကြားလား”
မင်းခန့်ထူးရဲ့ စကားသံတွေ တိုးကျသွားတယ်။ တလှုပ်လှုပ်ဖြစ်နေတဲ့ နှုတ်ခမ်း ငြိမ်ကျသွားတယ်။ သူ့လည်ပင်းကို ရန်နိုင် အမြန် စမ်းကြည့်တယ်။ သွေးခုန်သံ ဖျော့ဖျော့..။ သေတော့ မသေသေးဘူး။
မင်းခန့်ထူးရဲ့ ကိုယ်လုံးကို အားယူ.. ဆွဲမရင်း.. လမ်းဘေးသစ်ပင်တစ်ပင်အောက်မှာ ချတယ်။ ပျော့ခွေနေတဲ့ သူ့ကိုယ်ခန္ဓာကို သစ်ပင်ပင်စည်မှာ မီတယ်။
“ကျွန်တော် ပြန်လာခဲ့မယ်။ ခဏပဲ.. ခဏပဲ..”.. ရန်နိုင် ပြောရင်းနဲ့ စိတ်ထဲမှာ မလုံသလို ခံစားရတယ်။ တကယ်က.. သူ ဆေးရုံ.. ဆေးခန်း တစ်ခုခုကို အမြန်ပြေး၊ မင်းခန့်ထူးအတွက် ဆရာဝန် သွားခေါ်ပေးရမှာ မဟုတ်လား။ ဒါပေမယ့် .. ဒါဒါ..
“ကျွန်တော် တကယ် ပြန်လာခဲ့မယ်..”.. ရန်နိုင် ပြောပြီးတာနဲ့ ပြေးထွက်လာလိုက်တယ်။
(၂)
ဘယ်နှနာရီ ထိုးပြီလဲ.. ရန်နိုင် မသိဘူး။ တောစပ် သစ်ပင် ထိပ်ဖျားတွေကတော့ နေရောင်နည်းနည်းထိပြီး အနီရောင် သမ်းနေပြီ။ မကြာခင်နေထွက်တော့မယ်..။
ရေတွင်းပျက်နဲ့ နီးလာတာနဲ့ အမျှ ရန်နိုင့် ရင်ခုန်သံတွေ မြန်လာတယ်။ ပြေးနေတဲ့ ခြေလှမ်းတွေ ပိုသွက်လာတယ်။ ပိုင်ရှင်တွေ့သွားတဲ့ ဓား..။ ပပဝေ..ဆိုတဲ့သူ.. ဒါဒါ့ကို ကယ်တင်နိုင်ပြီလား..။
ခပ်လှမ်းလှမ်းမှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်.. ရန်နိုင် ပြေးနေရာကနေ အရှိန် ရပ်သွားတယ်။ သူ့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။
မြေကြီးပေါ်မှာ စုပြုံလဲကျနေတဲ့ လူတွေ.. လူတွေ..။ လူ ၂၀ – ၃၀ လောက်တောင် ရှိမလား။ မိန်းမတွေ ယောကျ်ားတွေ.. လူငယ်တွေ..ရဲ့ အရိပ်သဏ္ဍာန်တွေကို ခန့်မှန်းလို့ ရနေတယ်။ အဲဒီ လူတွေရဲ့ မလှမ်းမကမ်းမှာ မတ်တပ်ရပ်နေတဲ့ လူရိပ်တစ်ရိပ်..။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဓားရှည်..။
“ဒါဒါ..”.. ရန်နိုင် အသံထွက် အော်လိုက်တယ်။ ခြေလှမ်းကို အရှိန်ပြန်မြှင့်တယ်..။ ဒါဒါ.. ညီမလေး..။
ဓားကိုင်ထားတဲ့ လူရိပ်က ရန်နိုင့်ဘက်ကို လှည့်ကြည့်တယ်။
ထွက်ကာစ နေရောင်ကို ကျောပေးထားတဲ့ အတွက်.. သူ့မျက်နှာကို ချက်ချင်း မမြင်ရဘူး။ မိန်းကလေး ကိုယ်လုံးကိုတော့ ခန့်မှန်းလို့ ရနေတယ်။
လူရိပ်နဲ့ နီးလာတာနဲ့ အမျှ.. ရန်နိုင့် မျက်လုံးတွေ ပြူးသထက် ပြူးလာတယ်။ အံ့ဩတဲ့ အမူအရာကို သူ ဖုံးဖိလို့ မရဘူး။
ဓားကိုင်ထားတဲ့ အမျိုးသမီးရဲ့ မျက်နှာက .. ရေခဲရိုက်ထားသလို အေးစက် မာထန်နေတယ်။ ပြီးတော့.. သူ့မျက်လုံးတွေက အဖြူသား တစ်စက်မှ မရှိ.. မည်းနက်ပြောင်လက်နေတယ်။
ရန်နိုင့် မျက်လုံးတွေ.. အဲဒီ အမျိုးသမီးရဲ့ ဘေးမှာ လဲကျနေတဲ့ အရာတစ်ခုဆီကို ရောက်သွားတယ်။
“ဒါဒါ.. ညီမလေး”
စန္ဒာ့ဆီကို သူ ပြေးသွားတယ်။ စန္ဒာ့ဘေးမှာ ဒူးထောက်ထိုင်ချတယ်။ စန္ဒာ့ရဲ့ ပျော့ခွေနေတဲ့ ကိုယ်ခန္ဓာကို ပွေ့ချီတယ်..။ သူ့လက်ထဲမှာ ပါလာတဲ့ သူ့ညီမလေးရဲ့ မျက်နှာကို မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ သူ.. ငုံ့ကြည့်တယ်..။
“သူ…အသက်ရှူပြီလား”
ပပဝေ..ဆိုတဲ့.. အမျိုးသမီးရဲ့ မေးသံ..။
ရန်နိုင် မော့ကြည့်လိုက်တယ်..။ စောစောက မည်းနည်နေတဲ့ အမျိုးသမီးရဲ့.. မျက်လုံးတွေ.. တဖြည်းဖြည်း အရောင်အဆင်း ပြန်ဝင်လာတယ်။ သာမန်လူတစ်ယောက်ရဲ့ မျက်ဆံတွေ ပြန်ပေါ်လာတယ်။ ဒါပေမယ့် သူ့ အကြည့်ကတော့ အေးစက်မာခဲနေတုန်းပဲ။
စန္ဒာ့ နှာခေါင်းရှေ့မှာ .. ရန်နိုင်.. လက်ညှိုးကို ခဏထားကြည့်တယ်..။ စန္ဒာ ရှူထုတ်လိုက်တဲ့ လေက တော်တော်လေး အားနည်းတယ်။ ဒါပေမယ့် နွေးနေတယ်။
“ဟုတ်.. ဟုတ်… ”… ရန်နိုင့် ရင်ထဲက အပူလုံးကြီး ရုတ်တရက် ပျောက်ကွယ်သွားသလို.. သူ့ ရင်ဘတ်ထဲမှာ လှပ်ခနဲ ဖြစ်သွားတယ်။ စီးကျလာတဲ့ မျက်ရည်တွေကို သူ မသုတ်အားဘူး။ မျက်လုံးတွေကို မှိတ်.. အသက်မျှင်းမျှင်းရှူနေတဲ့ စန္ဒာ့မျက်နှာကို သူ အငမ်းမရ ကြည့်နေမိတယ်။ စန္ဒာက .. လွန်ခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်တုန်းက အတိုင်း.. လုံး၀ မပြောင်းလဲဘူး။ ရန်နိုင်က.. လူပျိုကြီးဖားဖား ဖြစ်နေပေမယ့် စန္ဒာကတော့ ကလေးအရွယ်မှာ ရပ်တန့်နေတယ်။ ဒါပေမယ့် ဒါတွေ.. ရန်နိုင့်အတွက် အရေးမကြီးဘူး။ ဆုံးရှုံးသွားပြီလို့ ယူဆထားခဲ့တဲ့ အရာတစ်ခု.. အခု ပြန်ရောက်လာတဲ့အခါ.. ဘာမေးခွန်းတွေ မေးနေဦးမှာလဲ။
“ခဏနေ နေထွက်တော့မယ်”.. ပပဝေက ပြောတယ်။.. “သူတို့တွေ အကုန်လုံး သတိရလာလိမ့်မယ်..။ အဲဒီအခါကျရင်.. ဘာတွေ ဖြစ်ခဲ့သလဲ.. မင်း ရှင်းပြလိုက်ပါ”
“ဗျာ..”
“ငါဒီမှာ ဆက်ရှိနေလို့ မဖြစ်ဘူး။ မေးလာကြမယ့် မေးခွန်းတွေ.. ငါနဲ့ အဆင်မပြေဘူး”.. ပပဝေက ပြောတယ်။
“ဒါပေမယ့်.. အစ်မ.. ကိုမင်းခန့်ထူး..”
“မင်းခန့်ထူးဆိုတာ ဘယ်သူလဲ”.. ပပဝေက မေးတယ်။
“ဗျာ.. အစ်မနဲ့ အတူတူ လာတဲ့ အစ်ကိုကြီးလေ.. ကိုမင်းခန့်ထူးလေ”.. ရန်နိုင် ပြန်ဖြေလိုက်တယ်။ ပပဝေ ဆိုတဲ့ အစ်မကြီးကို ကြည့်ရင်း ရန်နိုင် ကျောစိမ့်သလိုလို.. ကြောက်သလိုလို ဖြစ်လာတယ်။ ဒါပေမယ့် .. သူ့ကြောင့်.. သူကယ်တင်လိုက်လို့ ဒါဒါ.. ပြန်ကောင်းသွားတာ..။
ပပဝေက မျက်မှောင်ကြုတ်တယ်။ ခေါင်းမော့ပြီး စဉ်းစားတယ်။ တော်တော်ကြာမှ သတိရသွားသလို..
“ဪ.. အင်း။ သူဘာဖြစ်လို့လဲ”
“သူ.. ဓားနဲ့ အထိုးခံရလို့.. ကိုသက်ဦးဆိုတဲ့သူ လုပ်တာ.. အခု.. သေပြီ။ ကိုသက်ဦး သေသွားတာကို ပြောတာ..။ ကိုမင်းခန့်ကတော့ မသေသေးဘူးထင်တယ်.. ကျွန်တော်.. သူ့ကို ထားခဲ့တာ.. ဟိုနားမှာပဲ”.. ရန်နိုင် ရွာဘက်ကို မေးငေါ့ပြလိုက်တယ်။ .. “ကျွန်တော် လိုက်ပြမယ်”
ပပဝေက လက်ကာပြတယ်။
“ရတယ်။ ငါ့ဘာသာငါ သွားမယ်။ ကောင်လေး.. မင်း ဒီမှာပဲ စောင့်နေ။ ငါ ပြန်မလာရင်လည်း စိတ်မပူနဲ့။ မနက်လင်းပြီဆိုတာနဲ့.. ဒီလူတွေ”.. ပပဝေက ပတ်ပတ်လည်မှာ လဲကျနေတဲ့သူတွေကို မေးငေါ့ပြတယ်။ ..”သူတို့ကို သေချာရှင်းပြ။ ဆေးခန်းပို့ဖို့ လိုတဲ့သူတွေလည်း ရှိမယ်”
သူပြောလိုက်မှ.. ရန်နိုင်.. အဲဒီလူတွေကို သေချာကြည့်မိတယ်။ ဟုတ်တယ်.. တချို့သူတွေရဲ့ ကိုယ်မှာ ဒဏ်ရာတွေ တွေ့ရတယ်..။ ခပ်လှမ်းလှမ်းမှာ လဲနေတဲ့ မိန်းကလေး တစ်ယောက်ကိုလှမ်းတွေ့တော့ ရန်နိုင် မျက်လုံးပြူးသွားတယ်။ မသီရီ..ဆိုတဲ့ အစ်မကြီးပါလား..။ သူကတော့ ကိုယ်မှာ ဒဏ်ရာတွေဘာတွေ မတွေ့ရ။ နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ ရင်ဘတ်ကို ကြည့်ရတာတော့ အသက်ရှူနေသေးပုံပဲ..။
“ပြန်မထလာတော့ဘဲ သေသွားတဲ့ သူတွေလည်း ရှိနိုင်တယ်”.. ပပဝေက ဆက်ပြောတယ်။ .. “အကုန်လုံးတော့ ရှင်ဖို့ မဖြစ်နိုင်ဘူးထင်တယ်။ သက်ထားဆွေလက်ထဲမှာ နှစ်ရှည်လများ.. နေပြီး.. လူပြန်ဖြစ်ဖို့ မဖြစ်နိုင်တော့တဲ့သူတွေ”.. ပပဝေရဲ့ မျက်နှာက ရုတ်တရက် မည်းမှောင်သွားတယ်။ .. “ထားပါတော့။ အဓိကက.. မင်းနဲ့ ဒီကိစ္စနဲ့ ဘာမှ မဆိုင်ဘူးဆိုတာ သူတို့ နားလည်ဖို့ပဲ။ ရှင်းလား။ ဓားကိုင်ထားတဲ့ မိန်းမတစ်ယောက်.. လက်ချက်လို့.. အဲဒီလိုသာ ပြောလိုက်”
“ဒါပေမယ့်..”
ပပဝေက.. ရန်နိုင် ပြောမယ့်စကားကို ဆက်မကြားချင်တော့သလို ဟိုဘက်ကိုလှည့်၊ ရွာဘက်ကို ဦးတည် လျှောက်သွားနှင့်ပြီ။
+++
အခန်း (၅၆)
-(သူဇာလွင်)-
(၁)
သစ်ပင်ကို မီပြီး သတိလစ်နေတဲ့ မင်းခန့်ထူး..ဆိုတဲ့ သူကို ကြည့်ရင်း ပပဝေ.. အချိန်တော်တော်ကြာကြာ ဘာမှ မပြော၊ ဘာမှ မလုပ်ဘဲ မတ်တပ်ရပ်နေမိတယ်။
ဒီလူကို သူ.. သိတယ်။ သူ့ရဲ့ နှစ်ခြမ်းကွဲနေတဲ့ အာရုံထဲမှာ.. မင်းခန့်ထူးနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ အစိတ်အပိုင်းတွေ မနည်းမနော ရှင်သန်နေတယ်။
ဒါပေမယ့်.. သူဇာလွင်.. ဆိုတာ မရှိတော့ဘူးလေ..။ ငါက.. ပပဝေ..။ မမမေရဲ့ မျိုးဆက်..။ ဒီကမ္ဘာမှာ ရှင်သန် သောင်းကျန်းနေကြတဲ့ မကောင်းဆိုးဝါးတွေရဲ့ မုဆိုး..။ သူဇာလွင်က ဘာမှ မလုပ်နိုင်ဘူး။ ပပဝေက ပိုပြီး ခွန်အားကြီးတယ်။ ပိုပြီး သတ္တိကောင်းတယ်..။ ပိုပြီး..
မင်းခန့်ထူးရဲ့ မျက်လုံးတွေ ပွင့်လာတယ်။
သူ့ကိုမြင်တော့ မင်းခန့်ထူး မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာတယ်။ ဒီအပြုံးနဲ့ သူ.. ရင်းနှီးနေတယ်။ ဒီအပြုံးကို သူ.. အခေါက်ပေါင်းများစွာ.. ငေးကြည့် ပျော်ဝင်ခဲ့ဖူးတယ်..။
“ဒဏ်ရာက အခြေအနေမကောင်းဘူး”.. ပပဝေ ပြောလိုက်တယ်။ သူ့စကားသံ.. အဖျားမှာ ခတ်ပြီး တုန်သွားသလား..။ သူ မသေချာဘူး။
“လေသံက မာလှချည်လား.. မသူဇာ”.. မင်းခန့်ထူးရဲ့ အသံက ဖျော့တော့နေတယ်။ အားယူပြီးပြောလိုက်ရတဲ့အတွက်.. နာကျင်သွားသလို.. သူ့မျက်နှာ တွန့်လိမ်သွားတယ်။
“ကျွန်မ.. ကျွန်မ သူဇာလွင် မဟုတ်..”
မင်းခန့်ထူးက လက်ကာပြတယ်။
“အင်း.. ခင်ဗျားက ပပဝေ.. ကျွန်တော် သိတယ်။ မမမေရဲ့ မျက်နှာနဲ့ ခင်ဗျားနဲ့ အခုမှ ချွတ်စွပ်တူသွားတာပဲ။ ဟား..ဟား..”.. မင်းခန့်ထူးက ပြောရင်း.. ထိုင်နေရာကနေ ထဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။ နာနာကျင်ကျင် တစ်ချက်အော်ရင်း ပြန်ထိုင်ကျသွားတယ်။ သူ့မျက်နှာက သွေးဆုတ်ဖြူလျော်နေပြီ..။
ပပဝေ.. သူ့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တယ်။ ယိုင်လဲတော့မလို ဖြစ်နေတဲ့ မင်းခန့်ထူးရဲ့ ကိုယ်လုံးကို တည့်ပေးတယ်။ အပင်မှာ ပြန်မှီပေးတယ်။
“မမမေ.. ဘာကြောင့် အဲဒီလို မာထန်နေသလဲ ဆိုတာ ကျွန်တော် အခုမှ သဘောပေါက်သွားတာ..”.. မင်းခန့်ထူးက ပြောတယ်။ .. “ဒါကြောင့်.. မမမေက ပြောတာ.. သူတို့ မျိုးရိုးက ကျိန်စာသင့်နေတာ..တဲ့.. ကျွန်တော် အဲဒီတုန်းက သူပြောတာကို မယုံခဲ့ဘူး..”
“အမေ သေသွားပြီ”.. ပပဝေ ပြောလိုက်တယ်။ ဒီလိုပြောလိုက်တဲ့အတွက် ဝမ်းနည်းစိတ် ဝင်မလာတာကို သူ အံ့ဩသလိုလို ဖြစ်သွားတယ်။
မင်းခန့်ထူးက စိတ်မကောင်းသလို.. ခေါင်းကို ဖြည်းဖြည်း ညိတ်တယ်။
“ဒါကြောင့်.. မမမေက.. ခင်ဗျားကို မိဘမဲ့ဂေဟာကို ပို့လိုက်တာ.. ကျွန်တော် သဘောပေါက်ပြီ..”.. မင်းခန့်ထူးက ပြောရင်း သူ့လက်တစ်ဖက်ကို မြှောက်တယ်.. ပပဝေရဲ့ လက်ကို လှမ်းကိုင်တယ်။ ပပဝေ မရုန်းမိဘူး။ အေးစက်နေတဲ့ မင်းခန့်ထူးလက်ကို ကိုင်ရင်း သူ့ရင်ထဲမှာ နွေးသလိုလို ဖြစ်လာတယ်။ ပိတ်ထားတဲ့.. စိတ်တံခါး တစ်ချပ်… ပွင့်ချင်လာတယ်။
“မသူဇာ..”
“ကျွန်မနာမည်..”
“ခင်ဗျား နာမည် သူဇာလွင်.. အဲဒါကို မမေ့နဲ့..”.. မင်းခန့်ထူးက ပပဝေရဲ့ လက်တွေကို မြဲမြဲ ဆုပ်ကိုင်တယ်။ .. “သူဇာလွင် ဆိုတဲ့ မိန်းကလေးက.. အဲဒီ ဓား.. မရှိလည်း သတ္တိရှိတယ်။ အဲဒီ ဆေးမင်ရုပ်တွေ မပါလည်း ရဲရင့်တယ်..။ ဘယ်သူမှ တာဝန်ပေးမထားလည်း.. လူတွေကို ကယ်တင်ချင်စိတ်ရှိတယ်..”
ပပဝေ ဘာမှ ပြန်မပြောဘဲ တွေကြည့်နေတယ်။ သူ့ ရင်ထဲက စိတ်တံခါးကို တစ်ယောက်ယောက်က အထဲကနေ ကန်ဖွင့်နေတယ်။ တ၀ုန်း၀ုန်း မြည်နေတယ်..။
“ပပဝေ..ကို ကျွန်တော် ဘယ်လောက်ပဲ မျှော်လင့်နေခဲ့ပါစေ.. တကယ်တမ်းက..”.. မင်းခန့်ထူးက.. ပပဝေရဲ့ လက်ဖဝါးကို အသာ ဆွဲယူတယ်။ သူ့ရဲ့ သွေးစွန်းနေတဲ့ နှုတ်ခမ်းပါးပါးတွေနဲ့.. ပပဝေရဲ့ လက်ဖမိုးကို ခပ်ဖွဖွ နမ်းတယ်။ .. “ကျွန်တော် ချစ်ခဲ့တဲ့သူက သူဇာလွင်ပဲ.. .. မသူဇာ”
ပပဝေရဲ့ စိတ်တံခါး.. အစိတ်စိတ်အမြွှာမြွှာ ကျိုးပဲ့လွင့်ထွက်သွားတယ်။ အထဲကနေ အရှိန်နဲ့ ပြေးထွက်လာတဲ့ မိန်းကလေးတစ်ယောက်..။
သူဇာလွင်..။
“ကိုမင်းခန့်.. ကိုမင်းခန့်..”
အခုမှ သတိဝင်လာတဲ့ သူဇာလွင်.. မင်းခန့်ထူး နာမည်ကို အဆက်မပြတ်ခေါ်တယ်။ တဖြည်းဖြည်း မှိတ်ကျသွားတဲ့ မင်းခန့်ထူးရဲ့ မျက်လုံးတွေကို အငမ်းမရ… စိုက်ကြည့်တယ်။ သူ့လက်ကို ဆုပ်ကိုင်ထားတဲ့ မင်းခန့်ထူးရဲ့ လက်တွေကို ဆွဲယူတယ်။ နှုတ်ခမ်းမှာ ကပ်တယ်…။ ပါးမှာ ကပ်တယ်။ မင်းခန့်ထူးရဲ့ လက်ဖဝါးတွေမှာ.. ယဲ့ယဲ့လေးပဲ ကျန်တော့တဲ့ အနွေးဓာတ်က.. အခု လုံး၀မရှိတော့ဘဲ အေးစက်နေပြီ။
“ကိုမင်းခန့်။ ကျွန်မ.. ကျွန်မ သူဇာလွင်ပါ။ ကျွန်မပါ.. ပပဝေ.. ပပဝေ မဟုတ်တော့ဘူး..”.. သူဇာလွင် ပါးစပ်က တတွတ်တွတ်ပြောတယ်။ မင်းခန့်ထူးရဲ့ လက်ဖဝါးတွေကို တင်းနေအောင် ဆုပ်ကိုင်.. သူ့ကိုယ်ထဲက ရှိသမျှ ခွန်အားတွေကို လောင်းထည့်တယ်။ ဒါပေမယ့် လက်ဖဝါးတွေ ပြန်နွေးမလာဘူး။ ပိတ်သွားတဲ့ မျက်လုံးတွေ ပြန်ပွင့်မလာဘူး။
မင်းခန့်ထူးရဲ့ ပျော့ခွေငြိမ်သက်နေတဲ့ ကိုယ်လုံးကို သူဇာလွင် သိုင်းဖက်တယ်။ သွေးချင်းချင်းနီနေတဲ့ လည်ပင်းနဲ့ ပါးပြင်တွေကို အငမ်းမရ.. နမ်းတယ်။ ဆုံးရှုံးသွားတဲ့ အရာတစ်ခုကို အခုမှ သတိထားမိသွားသလို.. ဝမ်းနည်းခြင်းက သူဇာလွင့်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတယ်။ မမမေ.. ပပဝေ.. သဘာ၀လွန် ဖြစ်ရပ်တွေ၊ မကောင်းဆိုးဝါးတွေ.. ဒါတွေကို သူ သတိမရတော့ဘူး။
သာမန် မိန်းကလေးတစ်ယောက်လို.. သူ ရှိုက်ကြီးတငင် ငိုချလိုက်တယ်။
+++
(နိဂုံး)
မျက်စိတစ်ဆုံး မြင်နေရတဲ့ လမ်းမကြီးက.. အဆုံးမရှိသလို.. မိုးကုပ်စက်ဝိုင်းအောက်အထိ ဖြောင့်တန်းနေတယ်။
ဆိုင်ကယ်လီဗာကို သူဇာလွင် လျှော့ချလိုက်တယ်။
တရိပ်ရိပ်ပြေးနေတဲ့ ဆိုင်ကယ်.. အနေတော် အရှိန်နဲ့ ဆက်သွားတယ်။ လမ်းဘေးမှာ မှုန်ဝါးကျန်ခဲ့တဲ့ လယ်ကွင်းတွေ၊ သစ်ပင်တွေ၊ ဖျတ်ခနဲ ပေါ်လာပြီး ပြန်ပျောက်သွားတဲ့ စတိုးဆိုင်လေးတွေ၊ ထန်းရည်ဆိုင်တွေ၊ ဓနိရိုးနဲ့ ကာထားတဲ့ ခြံဝင်းတွေ…၊ အိမ်ရှေ့မှာ.. ဆော့ကစားနေကြတဲ့ ကလေးငယ်တွေ .. အားလုံးအားလုံးက နေရောင်အောက်မှာ ရှင်သန်ခြင်း ပြင်းပြင်းနဲ့ အသက်ဝင်နေတယ်။ အမှောင်ထဲကအရာတွေကို သတိမထားမိကြတဲ့ သူတွေအဖို့.. နေ့ရက်တိုင်းက ရှင်သန်ချင်စရာ ကောင်းနေတာ မဆန်းဘူး။
သူ ဘယ်ကို ဦးတည် သွားနေသလဲ.. သူဇာလွင် မသေချာဘူး။
သူဆက်တိုက်.. ကြားနေရတဲ့ အသံတွေက အမိန့်ပေးသံတွေလား၊ တောင်းပန် ခယသံတွေလား သူ မသိဘူး။ ဒါပေမယ့် အဲဒီ အသံတွေရဲ့ ခိုင်းစေမှုကို သူဇာလွင် မငြင်းနိုင်ဘူး။ မငြင်းချင်ဘူး။ သူတို့ စေလွှတ်တဲ့ နေရာကို သူဇာလွင် မသွားဘဲ မနေနိုင်ဘူး။
ကျိန်စာသင့်နေတဲ့ မျိုးရိုးတဲ့…
ကျိန်စာပဲဖြစ်ဖြစ်.. ဆုလာဘ်တစ်ခုပဲ ဖြစ်ဖြစ်.. သူဇာလွင့်ဘ၀ရဲ့ ရည်ရွယ်ချက်တွေက အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီ။ ဒီကမ္ဘာမြေမှာ ရှင်သန် ကျက်စား.. လူတွေရဲ့ ဘ၀ကို နုတ်ယူဖျက်စီးနေတဲ့ မကောင်းဆိုးဝါးတွေ။ ဒီမကောင်းဆိုးဝါးတွေကြောင့် သူ ဆုံးရှုံးလိုက်ရတဲ့ အရာတွေ..။
မမမေ… မင်းခန့်ထူး..။ ပြီးတော့ သူဇာလွင့်ရဲ့ ဘ၀တစ်ခုလုံး..။
ဒီလို အဖြစ်မျိုး.. တခြားသူတွေကို .. မကြုံစေချင်ဘူး။
ဒါကြောင့်.. သူဇာလွင်.. ဒီခရီးကို သွားမယ်။ ဒီအမှောင်ထဲကို တိုးမယ်။
သူ့မှာ အပေါင်းအဖော်တွေ မရှိဘူး။ လက်တွဲဖော်လည်း မရှိတော့ဘူး။
ဒါပေမယ့် သူ့မှာ ဓားရှည်တစ်လက်ရှိတယ်။
ပြီးတော့.. သူ့ရဲ့ စိတ်တံခါးထဲမှာ ပိတ်လှောင်ထားတဲ့.. ပပဝေ ဆိုတဲ့ သူရဲကောင်းတစ်ယောက်ရှိတယ်။
ဒါဆို လုံလောက်တယ်။
+++
+++
(မုယော ဒီမှာ ပြီးပါပြီ)
စာရေးသူ၏အမှာ..
စကားဝါနဲ့ မုယောကတော့ ဒီမှာ အဆုံးသတ်ပါပြီ။ တစိုက်မတ်မတ် အားပေးကြတဲ့ စာဖတ်သူတွေကို ကျေးဇူးအရမ်းတင်ပါတယ်။ စိတ်ကူးယဉ်ဇာတ်လမ်း သက်သက်ဆိုပေမယ့် ဒီဇာတ်ကောင်တွေက ကျွန်တော့်စိတ်ထဲမှာ အချိန်အတော်ကြာကြာ ရှင်သန် အသက်ဆက်နေဦးမှာပါ။ ပပဝေရဲ့ ဇာတ်လမ်းကိုလည်း ဆက်ချင်သလို.. မမမေရဲ့ ကနဦး ဇာတ်လမ်းတွေကိုလည်း ဆက်ရေးချင်သေးတယ်။
စာရေးသူ တစ်ယောက်ရဲ့ အသက်ဟာ စာဖတ်သူတွေပါ။ ဖတ်မယ့်သူ မရှိရင် ရေးစရာ အကြောင်းလည်းမရှိ၊ ဒီဇာတ်လမ်းတွေလည်း ဖြစ်လာမှာ မဟုတ်။ ဒါကြောင့် .. ကျွန်တော့် ဇာတ်ကောင်တွေရဲ့ ဘ၀ကို စာဖတ်သူတွေက ပိုင်တယ်။ စာဖတ်သူတွေရဲ့ တောင်းဆိုမှုတွေကို ဆက်လက်နားထောင်၊ နောက်ဇာတ်လမ်းတွေကိုလည်း ဆက်ရေးသွားပါဦးမယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။
အားလုံး ကျေးဇူးပါ။
(ချမ်းမြေ့ဝင်း) ၁၉-နိုဝင်ဘာ-၂၀၂၀