+++++++++++
အခန်း (၅၀)
-(သူဇာလွင်)-
(၁)
သူဇာလွင့် တစ်ကိုယ်လုံး မသေချာခြင်းတွေ၊ နောင်တတွေ၊ ကြောက်စိတ်တွေနဲ့ ဖုံးလွှမ်း ပြည့်နှက်လို့လာတယ်။ စကားဝါ ပြဿနာပြီးသွားကတည်းက ထုံထိုင်း မှုန်မှိုင်းနေခဲ့တဲ့ သူ့အာရုံတွေ အခုမှ အကုန် ပွင့်ထွက်၊ အမြင်မှန် ပြန်ရသွားသလို..။
ငါ.. ဘာတွေ.. လုပ်နေတာလဲ..။
မြက်ရိုင်းကွင်းပြင်ကို တစ်လှမ်းချင်း ဖြတ်ကျော်၊ ရွာဘက်ကို ဦးတည်သွားနေကြတဲ့ သတ္တဝါ အုပ်စုကြီးကို ကြည့်ရင်း သူဇာလွင့် ယုံကြည်ချက်တွေ တစ်လွှာချင်း ကွာကျကုန်တယ်။ မကောင်းဆိုးဝါး အုပ်စုထဲမှာ အရွယ်ပေါင်းစုံ၊ လူပေါင်းစုံ..။ အားလုံးက.. အလင်းမရှိတဲ့ မျက်လုံး ဖြူဖြူခဲခဲတွေနဲ့.. ကြိုးဆွဲရာ ပါသွားတဲ့ ခိုင်းနွားတွေလို ခြေလှမ်းတွေ ဒယိမ်းဒယိုင်..။ ပြိုင်တူ နင်းလိုက်တဲ့ တရှပ်ရှပ် ခြေသံတွေက တိတ်ဆိတ်နေတဲ့ ညလယ်ကောင်မှာ သိသိသာသာ ကျယ်လောင်နေတယ်။ ဒီလောက် သတ္တဝါ သုံးလေးဆယ် ပါမယ့် အုပ်စုကြီးကို သူဇာလွင် တစ်ယောက်တည်း ဘယ်လို ရင်ဆိုင်မလဲ။
အမေများ သူတို့ထဲမှာ ပါနေမလား.. သူဇာလွင် အာရုံစိုက်၊ လိုက်ရှာကြည့်တယ်။ မတွေ့ရဘူး။ ဒူးထောက်ထိုင်နေရာကနေ ထလိုက်ဖို့ကလည်း မဖြစ်နိုင်။ မြက်ရိုင်းရှည်တွေက သူဇာလွင့် ကိုယ်လုံးကို ဖုံးပေးနိုင်လောက်ရုံသာ..။
သူဇာလွင့် ဘေးမှာ.. လှုပ်ရှားမှု တစ်ခု..။
သူဇာလွင် အမြန်လှမ်းတားဖို့ ကြိုးစားပေမယ့် မမီတော့ဘူး။
ဆိုင်ကယ်ကို တွန်းလှဲချ၊ ရွာဘက်ကို ဦးတည်၊ ထွက်ပြေးသွားတဲ့ သက်ဦး။
ဒုန်းခနဲ လဲကျသွားတဲ့ ဆိုင်ကယ်၊ ခွမ်းခနဲ ကွဲသွားတဲ့ အချက်ပြမီးတွေ..။ ဆူညံကျယ်လောင်ထွက်လာတဲ့ အသံတွေကြောင့် သူဇာလွင် အသက်ရှူ မှားသွားတယ်။ သတ္တဝါအုပ်စုကြီးဆီက ခြေသံတွေ ခေတ္တ..ရပ်သွားတယ်။ ဒါပေမယ့် ခဏပဲ..။
တရှပ်ရှပ် ခြေသံတွေ ပြန်ကြားရပြီ။
ဒီတစ်ခါ ကြားရတဲ့ ခြေသံတွေက အရပ်ရှစ်မျက်နှာ.. ပတ်ပတ်လည်ဆီကနေ..လာနေတာ။ သူဇာလွင် ခေါင်းကို မဖော်၊ ဝပ်မြဲ ဝပ်နေတယ်။ မြေကြီးထဲကို ကျွံဝင်တော့မတတ် ကိုယ်ကို ကပ်ထားတယ်။ သူ့ကိုယ်ထဲက အချက်ပေးစနစ်တွေက အသံပေါင်းစုံမြည်ဟည်း.. သတိပေးနေတယ်။
ခြေသံတွေ ရပ်သွားပြီ..။
“နင် တကယ် လိုက်လာတာကိုး”
ကြားလိုက်ရတဲ့ အသံကြောင့် သူဇာလွင် ဆတ်ခနဲ ဖြစ်သွားတယ်။ ကြောက်စိတ်နဲ့ ပူပင်မှုတွေနေရာမှာ ဒေါသ အခိုးတွေ အစားဝင်လာတယ်။ ဒီအထိ ရောက်လာပြီးမှတော့.. နင် ဘာကို ကြောက်နေမှာလဲ သူဇာလွင်..။ ပြားပြားဝပ်နေရာကနေ.. ဒူးထောက်ထိုင်တယ်။
သူ့ကို ပတ်ပတ်လည် ဝိုင်းထားတဲ့ မကောင်းဆိုးဝါးတွေ..။
သူဇာလွင့်ရှေ့မှာ မတ်တပ်ရပ်နေတဲ့ ဆံပင်ရှည်နဲ့ မိန်းမ..။ သူ့ကိုယ်မှာ အဝတ်အစား မပါ။ ခါးအထိ စင်းကျနေတဲ့ ဆံပင်တွေက ညလေပြေကြောင့် တလွင့်လွင့် လူးနေတယ်။ သူ့မျက်လုံးတွေက သူဇာလွင့်ကို သနားတဲ့ အကြည့်တစ်မျိုးနဲ့ စိုက်ကြည့်နေတယ်။
သူဇာလွင် မတ်တပ်ရပ်လိုက်တယ်။ တုန်ယင်နေတဲ့ လက်ဖျားတွေကို မသိမသာ လက်သီးဆုပ်ထဲ ထိုးထည့်တယ်။ ပတ်ပတ်လည် ဝိုင်းထားတဲ့ မကောင်းဆိုးဝါးတွေဆီက သက်ပြင်းချသံလိုလို တဟီးဟီး အသံတွေ သဲ့သဲ့ကြားရတယ်။ သူဇာလွင် သူတို့ကို လှည့်မကြည့်ဘူး။ မမြင်ချင်ယောင်ဆောင်တယ်။ သူ့အကြည့်တွေကို ဆံပင်ရှည်နဲ့ မိန်းမဆီမှာပဲ ပို့ထားတယ်။
“ငါ့ အမေ ဘယ်မှာလဲ”.. သူဇာလွင် မေးလိုက်တယ်။
ဆံပင်ရှည်နဲ့ မိန်းမက.. ခပ်တိုးတိုး ရယ်တယ်။ နောက်ဘက် ခပ်လှမ်းလှမ်းက မြူတံတိုင်းဘက်ကို တစ်ချက် လှည့်ကြည့်တယ်။ ဒီဘက်ကို ပြန်လှည့်လာတယ်။ လရောင်အောက်မှာ သူ့မျက်နှာက သွေးဆုတ်ဖြူလျော်နေတယ်။ နှုတ်ခမ်းထူထူတွေကတော့ စွေးစွေးနီလို့..။
“မမမေနဲ့ တစ်လေသံတည်းပါလား။ နင့်အမေကတော့ နင့်ကို ဘာတွေ အထင်ကြီးနေသလဲ မသိ၊ ပြောလိုက်ရင် မိုးလားကဲလားနဲ့..။ တကယ်တမ်းက နင်တို့ သားအမိ နှစ်ယောက်စလုံး ဘာမှ အဖြစ်မရှိတဲ့ ဟာတွေ၊ သူရဲကောင်းဟန်ဆောင်ထားတဲ့ ပေါက်လွတ်ပဲစားတွေ”.. ဆံပင်ရှည်နဲ့ မိန်းမရဲ့ လေသံက မာသထက်မာလာတယ်။ ရုတ်တရက် ကြည့်လိုက်ရင် စူးရှပြီး လှပနေသလိုလို ထင်ရတဲ့ သူ့မျက်နှာက ကျက်သရေမဲ့ အေးစက်လာတယ်။.. “မုယောက ငါ့နေရာ၊ ငါ့အိမ်၊ ငါ ပိုင်တဲ့ နယ်မြေ။ နင်တို့တွေ တစ်ယောက်ပြီး တစ်ယောက် ငါ့နေရာကို ကျူးကျော်၊ ငါ့ကို စော်ကားချင်ကြတယ်”
“ငါ့အမေ ဘယ်မှာလဲလို့ မေးနေတယ်”.. သူဇာလွင် ထပ်မေးလိုက်တယ်။ အဖျားခတ်ပြီး တုန်ယင်သွားတဲ့ သူ့လေသံသူ အားမရ၊ အံကို ကြိတ်ထားမိတယ်။
ဆံပင်ရှည်နဲ့ မိန်းမက ဟီးခနဲ သွားကို ဖြီးတယ်။
“သိပ်တွေ့ချင်နေသလား.. တွေ့ရမယ်.. တွေ့ရမယ်”.. သူ ပြောပြီးတာနဲ့.. လက်တစ်ဖက်ကို ဆန့်တန်းလိုက်တယ်။ လေထဲ တစ်စုံတစ်ရာကို လှမ်းပြီး ဆုပ်ကိုင်တယ်။ အားယူ ဆောင့်ဆွဲလိုက်တယ်။
နာနာကျင်ကျင် အော်လိုက်တဲ့ အသံတစ်သံ..။
မြူတံတိုင်းထဲကနေ အရှိန်နဲ့ တိုးထွက်လာတဲ့ အရာတစ်ခု..။
အဲဒီအရာက ကိုက် ၃၀ လောက် အကွာအဝေးကို ဖြတ်ကျော်.. သူဇာလွင်တို့အနားကို ခဏအတွင်းမှာ ရောက်လာတယ်။ နီးသထက်နီးလာတဲ့ အခါ.. အဲဒီ အရာရဲ့ ပုံသဏ္ဍာန်ကို သေချာ မြင်ရစပြုပြီ..။ အင်္ကျီအနက်၊ ဘောင်းဘီအနက်.. ဆံပင်နက်နက်တွေနဲ့..
မမမေ..။
လွင့်ထွက်ပြေးဝင်လာတဲ့ မမမေရဲ့ ကိုယ်လုံး.. ဆံပင်ရှည်နဲ့ မိန်းမရဲ့ လက်ဖဝါးအောက်မှာ တန့်ခနဲ ဖြစ်သွားတယ်။ ဆံပင်ရှည်နဲ့ မိန်းမရဲ့ လက်တွေက မမမေရဲ့ လည်ပင်းကို အတိအကျ ဖမ်းဆုပ်မိတယ်။ သူဇာလွင့်ထက်တောင် အရပ်ရှည်ဦးမယ့် မမမေ.. လေထဲမှာ အရုပ်တစ်ရုပ်လို။
သူဇာလွင့် ပါးစပ်က အာမေဋိတ်သံ တစ်ခု ထွက်သွားတယ်။ ဆုပ်ထားတဲ့ လက်သီးဆုပ်တွေ ပြေကျကုန်တယ်။ တင်းထားတဲ့ စိတ်တွေ ပျက်စီးအရည်ပျော်သွားတယ်။ ဒူးတွေ ယိုင်လာတယ်။ အသက်ရှူသံတွေ မြန်လာတယ်။
“အမေ..”
ဆံပင်ရှည်နဲ့ မိန်းမ.. သူဇာလွင့် မျက်နှာဖြစ်ပျက်သွားတာကို ကြည့်တယ်။ သဘောကျသလို တဟက်ဟက် ရယ်တယ်။
“နင်.. သိပ်တွေ့ချင်နေတဲ့ နင့်အမေ.. ဒီမှာလေ။ ရော့”.. ဆံပင်ရှည်နဲ့ မိန်းမ.. မမမေကို အမှိုက်တစ်စလို လွှင့်ပစ်လိုက်တယ်။ မမမေရဲ့ ကိုယ်လုံး.. လေထဲမှာ ဝဲ.. သူဇာလွင့်ဆီကို လွင့်ထွက်လာတယ်။ သူဇာလွင် ပြေးဖမ်းတယ်။ မမီလိုက်ဘူး။ မမမေ.. မြေကြီးပေါ်ကို အရှိန်နဲ့.. ပြုတ်ကျတယ်။
“အမေ”.. သူဇာလွင် အော်လိုက်တယ်။ မမမေဆီကို ပြေးသွားတယ်။ မှောက်လျက်သား လဲနေတဲ့ သူ့အမေကို ဆွဲထူတယ်။ .. “အမေ..”.. သူဇာလွင် ထပ်ခေါ်တယ်။ ဒီစကားလုံးက သူနဲ့ အရမ်း စိမ်းနေတယ်။ ပါးစပ်က ထွက်လိုက်တိုင်း ခံစားချက် တစ်မျိုး ဝင်လာတယ်။ တကယ် မဟုတ်သလို။ အိပ်မက်တစ်ခု လိုလို..။
မမမေရဲ့ မျက်နှာပေါ်မှာ ဝဲနေတဲ့ ဆံပင်တွေကို သူဇာလွင် ဖယ်ထုတ်လိုက်တယ်။ ဆံပင်တွေ ရှင်းသွားတော့မှ မမမေရဲ့ မျက်နှာကို သေချာ မြင်ရတယ်။ သူဇာလွင့် ပါးစပ်က အာမေဋိတ်သံ တစ်ခု ထပ်ထွက်လာပြန်တယ်။ ရှိုက်သံတွေလည်း ရောပြီး ပါလာတယ်။
ညရဲ့ အလင်းရောင် ဖျော့ဖျော့အောက်မှာ.. မမမေရဲ့ မျက်နှာက ကြည့်ရက်စရာမရှိအောင် ပျက်ယွင်း နေတယ်။ အဖြူသက်သက်.. လန်တက်နေတဲ့ မျက်လုံးတွေ..။ ပါးပြင်တဝိုက်မှာ ရှုပ်ယှက်ခတ်၊ ထောင်ထွက်နေတဲ့ သွေးကြောမည်းမည်းတွေ..။ အရောင်အဆင်းမရှိ ခြောက်ကပ်နေတဲ့ နှုတ်ခမ်းတွေ။
“အမေ.. သမီး.. သမီးလေ။ ဒီမှာ.. ရောက်နေပြီ။ အမေ.. သမီးကို မြင်ရလား.. ။ တွေ့လား..”… သူဇာလွင် ဆက်တိုက် ပြောမိသွားတယ်။
ဆံပင်ရှည်နဲ့ မိန်းမက အတောမသတ် တဟားဟား ရယ်နေတယ်။ သူ တစ်ချက် ရယ်လိုက်တိုင်း.. ပတ်လည်၀ိုင်းနေတဲ့ မကောင်းဆိုးဝါးတွေဆီက ညည်းသံတွေ ပိုပြီး ကျယ်လာတယ်။
မမမေရဲ့ မျက်လုံးဖြူဖြူတွေ.. သူဇာလွင့်ကို မော့ကြည့်နေပေမယ့်. မြင်ပုံ မရဘူး။ ကြားပုံ မပေါ်ဘူး။
“အလွမ်းသယ်လို့ ပြီးပြီလား။ နင်တို့ကို ကြည့်ရင်း ငါတောင် အန်ချင်သလိုလို ဖြစ်လာပြီ”.. ဆံပင်ရှည်နဲ့ မိန်းမက ပြောရင်း.. သူဇာလွင်တို့ နှစ်ယောက်ဆီကို တစ်လှမ်းချင်း လျှောက်လာတယ်။
မမမေရဲ့ ပါးစပ်တွေ ပွင့်အာလာတယ်။ တစ်ခုခု ခပ်တိုးတိုး ပြောတယ်..။ သူဇာလွင် သေချာ မကြားရဘူး။ မမမေရဲ့ လက်တစ်ဖက် မြောက်တက်လာတယ်။ သူဇာလွင့်ကို ခေါင်းကနေ ကိုင်ပြီး ဆွဲချတယ်။ သူဇာလွင့် မျက်နှာနဲ့ မမမေရဲ့ မျက်နှာ.. လက်မအနည်းငယ်ပဲ ကွာတော့တဲ့အထိ နီးကပ်သွားတယ်။
“အမေ.. ဘာပြောတာလဲ.. သမီး မကြားရဘူး.. ”
မမမေက ထပ်ပြောတယ်။ သူပြောတာကို သူဇာလွင် နားမလည်ဘူး။ သူကြားဖူးတဲ့ ဘာသာစကား မဟုတ်ဘူး။ အမေ.. ကယောင်ကတမ်းတွေ ဖြစ်နေပြီလား။ လူစိတ် မရှိတော့ဘူးလား..။
“ကျွန်မ.. နားမလည်ဘူး အမေ..။ အမေ.. ကျွန်မကို ခွင့်လွှတ်ပါ..။ ကျွန်မ.. ကျွန်မ.. ဘာမှ မလုပ်နိုင်..”
မမမေရဲ့ လက်ဖဝါး.. သူဇာလွင့် နှုတ်ခမ်းပေါ်ကို ရောက်လာတယ်။ စကားတွေ ဆက်တိုက်ပြောနေတဲ့ သူဇာလွင့် ပါးစပ်ကို.. သူ့လက်ညှိုး လက်သူကြွယ်နှစ်ချောင်းနဲ့ ခပ်ဖွဖွ ထိပြီး ပိတ်တယ်။ သူ့ရဲ့ ဖြူဖွေးနေတဲ့ မျက်လုံးအိမ်တွေထဲမှာ.. မျက်ဆံနှစ်ခု ရေးတေးတေး ပေါ်လာတယ်။
“မျက်လုံးတွေ မှိတ်လိုက် .. သမီး”.. မမမေက ပြောတယ်။
“ရှင်.. ဘာကို.. ဘာကို ပြောတာလဲ.. ဘာလို့လဲ..”.. သူဇာလွင် မေးတယ်။
ဆံပင်ရှည်နဲ့ မိန်းမ.. သူဇာလွင်တို့ အနားကို ရောက်နေပြီ။ တီးတိုး ပြောနေကြတဲ့ သားအမိ နှစ်ယောက်ကို မသင်္ကာသလို.. သူ့မျက်နှာက တင်းခနဲ ဖြစ်သွားတယ်။ မကောင်းဆိုးဝါးတွေရဲ့ ညည်းသံတွေ ပိုကျယ်လာတယ်။ သူတို့တတွေ.. ခြေလှမ်းကိုစ.. သူဇာလွင့်အနားကို တိုးလာတယ်။ ဝန်းရံထားတဲ့ စက်ဝိုင်းက ကျဉ်းသထက် ကျဉ်းလာတယ်။
“မှိတ်လိုက်..”.. မမမေက ပြောပြီးတာနဲ့ သူ့မျက်လုံးတွေကို မှိတ်လိုက်တယ်။
သူဇာလွင် ကြောင်အမ်းအမ်းနဲ့ ဘာလုပ်ရမှန်း မသိ ဖြစ်နေတယ်။ သူ့လက်ထဲမှာ ပွေ့ပိုက်ထားတဲ့ အမေ့မျက်နှာကို ငုံ့ကြည့်လိုက်.. ပတ်ပတ်လည်က.. နီးသထက်နီးလာတဲ့ သတ္တဝါတွေကို ဝေ့ဝဲကြည့်လိုက်..နဲ့ ပျာယာ ခတ်နေတယ်။
ဘာလို့.. မျက်လုံး မှိတ်ခိုင်းတာလဲ။ ဘာအတွက်လဲ..။
မင်းခန့်ထူးရဲ့ ရုံးခန်းထဲမှာတုန်းက အဖြစ်အပျက်တွေကို သူဇာလွင် ရုတ်တရက် သတိရသွားတယ်။ လော့ကတ်သီးကို ဖွင့်လိုက်တာနဲ့.. ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်တွေ..။ အမေနဲ့ တွေ့ခဲ့၊ စကားပြောခဲ့ရတဲ့.. မျက်စိတစ်ဆုံး လွင်ပြင်ကျယ်ကြီး..။ စောစောက.. အမေ့ ပါးစပ်က တီးတိုး ရွတ်ဆိုနေတဲ့ ဘာမှန်းမသိတဲ့ ဘာသာစကားတွေ..။
သူဇာလွင် မျက်လုံးတွေကို မှိတ်လိုက်တယ်။
(၂)
မျက်လုံးတွေကို မှိတ်လိုက်ပေမယ့်.. အရာရာ မှောင်မကျသွားဘူး။
ပိုလို့တောင် လင်းကျင်းသွားတယ်။
အာရုံထဲကို ဆောင့်ဝင်လာတဲ့ အလင်းတန်းတွေ..။ အဲဒီ အလင်းတွေအောက်မှာ ဆေးနဲ့ ရေးချယ်လိုက်သလို ထင်ရှားလာတဲ့ နေရောင်အတိပြီးတဲ့ ပတ်ဝန်းကျင် အသစ်..။
သူဇာလွင် ဒူးထောက်ထိုင်နေတုန်းပဲ။
ဒါပေမယ့် သူ့လက်ထဲမှာ.. မမမေ မရှိတော့ဘူး။ စိမ်းစိုတောက်ပနေတဲ့ မြက်နုတွေပဲ ရှိတယ်။
စောစောက ပုပ်အဲ့နံစော်နေတဲ့ အနံ့အသက်တွေ ပျောက်ကွယ်သွားပြီ။ သူ အခု ရှူရှိုက်နေရတဲ့ လေညှင်းက လတ်ဆတ်တယ်၊ သန့်စင်တယ်၊ ခွန်အား အပြည့်ပါတယ်။
သူဇာလွင် မတ်တပ်ထရပ်တယ်။ သူ့တစ်ကိုယ်လုံးကို ဖြတ်သန်း တိုက်ခတ်နေတဲ့ လေပြေအောက်မှာ.. ညောင်းညာကိုက်ခဲနေတဲ့ အကျောအခြင်တွေ ချက်ချင်းပဲ ပြေလျော့သွားတယ်။
ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းလန်းသစ်လွင်နေတယ်။ သူအခု မတ်တပ်ရပ်နေတဲ့ တောင်ကုန်းနေရာကနေ.. ဟိုးအောက်ဘက် လွင်ပြင်ကြီးကို လှမ်းမြင်နေရတယ်။ မျက်စိတဆုံး ကျယ်ပြောလွင့်လူးနေတဲ့ မြက်ပင်စိမ်းတွေ..။
ဒီနေရာကို သူဇာလွင် မှတ်မိတယ်။ အမေနဲ့ ပထမဆုံး တွေ့ခဲ့.. စကားပြောခဲ့ရတဲ့ နေရာ..။ ဒါဆို.. ဒါ.. တကယ်မဟုတ်ဘူးပေါ့။ အိပ်မက်ပေါ့..။ သူ အခု အိပ်မက် မက်နေတာပေါ့..။
“ဒါ အိပ်မက်မဟုတ်ဘူး”
နောက်ကနေ ထွက်လာတဲ့ စကားသံကြောင့် သူဇာလွင် လန့်ပြီး အော်မိတယ်။ လှည့်ကြည့်လိုက်တော့.. သူ့နောက်မှာ လက်ပိုက်ရပ်နေတဲ့ မမမေ။
“အမေ..”
မမမေရဲ့ မျက်နှာက.. စောစောက..တွေ့ခဲ့ရသလို.. ဖြူလျော်မနေဘဲ သွေးရောင်အပြည့်နဲ့ လန်းဆန်းနေတယ်။ အဖြူသက်သက်နေရာမှာ မျက်လုံးတောက်တောက်တွေ ပြန်ရောက်နေပြီ။ နှဖူးနဲ့ မျက်လုံးအောက်တွေမှာ ခပ်ရေးရေးမြင်နေရတဲ့ အရေးအကြောင်းတွေကြောင့်သာ.. သူ့အသက်အရွယ် ၅၀ ကျော်ဆိုတာကို ယုံလို့ ရနေတာ..။ မမမေရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ဟန်နေဟန်ထားက သူဇာလွင့်ထက်တောင် လတ်ဆတ် ကျစ်လစ်နေတယ်။ လက်ပြတ်အင်္ကျီအမည်းအောက်ကနေ တိုးထွက်နေတဲ့ သူ့လက်မောင်းတွေက ညိုပြီး ကြွက်သားအပြည့်နဲ့.. တင်းရင်းနေတယ်။
“အိပ်မက် မဟုတ်ရင်.. ဒါ.. ဘယ်နေရာလဲ…။ သမီးတို့ ဘယ်ရောက်နေတာလဲ”.. သမီး..ဆိုပြီး သူ့ကိုယ်သူ တင်စားလိုက်ရတဲ့အတွက်.. သူဇာလွင့်ရင်ထဲမှာ နွေးသွားတယ်။ အိပ်မက်ဆိုရင်.. ဒီလို နွေးထွေးတဲ့ ခံစားချက်မျိုး ဘယ်ရှိပါ့မလဲ..။ ငါ အခု..ဘယ်ရောက်နေတာလဲ။
“နင်က.. ငါနဲ့ တော်တော် တူတယ်နော်..”.. မမမေက သူဇာလွင့်ကို ခြေဆုံးခေါင်းဆုံး ကြည့်ရင်း ပြောတယ်။
သူဇာလွင် အလိုလို ပြုံးမိသွားတယ်။ အရင်တစ်ခေါက်တုန်းကလည်း.. မမမေ.. ဒီစကားပဲ ပြောခဲ့တာကို သူ သတိရသွားတယ်။ အရင်တစ်ခါက မမမေနဲ့.. အခု မမမေ.. အတူတူ မဟုတ်ဘူး ဆိုတာကို သူဇာလွင် မနည်း ကြိုးစား လက်ခံနေရတယ်။ ဒီလောကရဲ့ ရှုပ်ထွေးပုံတွေကို သူ အခုထိ အပြည့်အ၀ နားမလည်သေး။
“အမေ့ သမီးပဲ.. အမေနဲ့ တူမှာပေ့ါ”.. သူဇာလွင် ပြောရင်း.. မမမေ ကို ပြေးဖက်လိုက်တယ်။ မမမေက ဒီအတိုင်း တောင့်တောင့်ကြီးပဲ ရပ်နေတယ်။ တော်တော်လေးကြာမှ.. သူ့လက်တစ်ဖက်.. သူဇာလွင့် ကျောပေါ်ကို ရောက်လာပြီး ခပ်ဖွဖွ ပုတ်တယ်။ သူဇာလွင့် ဆံပင်တွေကို အသာ သပ်ပေးတယ်။
အမေ့ရင်ခွင်မှာ မျက်နှာကို အပ်ထားမိတာ.. အချိန်ဘယ်လောက် ကြာသွားသလဲ.. သူဇာလွင် သတိမထားမိဘူး။ ဒီခံစားချက်ကို ဒီတစ်သက် ပြန်မရတော့ရင် ဘယ်လိုလုပ်မလဲ.. ဆိုတဲ့ စိုးရိမ်စိတ်နဲ့ .. သူ့လက်တွေကို တင်းသထက်တင်း၊ လွတ်ထွက်သွားမှာစိုးသလို ဖက်ထားမိတယ်။ နှစ်ပေါင်း ၃၀.. ၊ အဖေမဲ့ အမေမဲ့ ဘ၀နဲ့.. ရှင်သန်ခဲ့ရတာ..။ ဒီနေရာဟာ အိပ်မက်ပဲဖြစ်ဖြစ်၊ ဘယ်လိုနေရာပဲ ဖြစ်ဖြစ်.. ရသလောက်နဲ့ သူဇာလွင် တင်းတိမ်ရမယ်။ ကျေနပ်ရမယ်။
မမမေက သူဇာလွင့်ကို အသာအယာ ဆွဲခွာတယ်။
“ဒီနေရာက.. ငါတို့တတွေ အချင်းချင်း ဆက်သွယ်တွေ့ဆုံတဲ့ နေရာ..”.. သူကပြောတယ်။ .. “ငါ .. နင့်ကို ဆက်သွယ်ဖို့ ကြိုးစားနေခဲ့တာ ကြာပြီ။ ဒါပေမယ့် သက်ထားဆွေရဲ့ အစီအမံ အကာအရံတွေကြောင့်.. ဘယ်လိုမှ ဆက်သွယ်လို့ မရခဲ့ဘူး ။ အခု.. လူချင်းတွေ့လိုက်ရတော့မှ.. အဆင်ပြေသွားတာ”
နင်နဲ့ ငါနဲ့.. ပြောနေပေမယ့် မမမေရဲ့ လေသံက သိသိသာသာ နူးညံ့နေတယ်။ မျက်လုံးတောက်တောက်တွေထဲမှာ ကြင်နာသနားတဲ့ အရိပ်အယောင်တွေ သမ်းနေတယ်။
“ငါတို့တွေ..ဆိုတာက”
“ဒီလောကမှာ ဒီအလုပ်နဲ့ ကျင်လည်နေတာ.. ငါတို့ တွေချည်းပဲ ဘယ်ဟုတ်ပါ့မလဲ။ တခြားသူတွေ အများကြီး ရှိသေးတယ်။ နင်လည်း.. သမီးလည်း အချိန်တန်ရင် သူတို့ရဲ့ ဆက်သွယ်ရမှာပဲ”
“ဒါဆို.. အမေ စောစောက.. ခပ်တိုးတိုး ရွတ်နေတဲ့ ဂါထာလား ဘာလား.. အဲဒါက ဒီနေရာကို လာဖို့ ပေါ့နော်”.. သူဇာလွင် မေးလိုက်တယ်။ သူ့အမေရဲ့ မျက်နှာကို အခုထိ ကြည့်မ၀သေးသလို.. သူဇာလွင့် မျက်လုံးတွေ.. လွှဲမရဘူး။
မမမေက ခေါင်းညိတ်တယ်။
“အင်း။ ဒါပေမယ့်.. ငါတို့.. အချိန် မရှိဘူး။ ပပဝေ.. သမီး။ အမေ ပြောတာကို သေချာ နားထောင်”
သူဇာလွင် ထိတ်ခနဲ ဖြစ်သွားတယ်။ ပပဝေ ဆိုတဲ့ နာမည်ကို ကြားလိုက်ရလို့.. စိတ်ထဲမှာ တစ်မျိုး ဖြစ်သွားတယ်။ သူနဲ့ မဆိုင်တဲ့ နာမည်တစ်ခု..လို..။ အချိန်မရှိဘူး..တဲ့။ သူ.. ဒီစကားကို မကြားချင်ဘူး။
“ခဏလေး.. ဒီနေရာမှာ ခဏလေး ဆက်နေလို့ မရဘူးလား အမေ..။ သမီး.. အမေနဲ့ တွေ့ရတာ မ၀သေးလို့ပါ။ ဟိုတစ်ခါ.. လော့ကတ်သီးထဲမှာ တွေ့ရတော့လည်း.. အမေက သမီးကို နှင်လွှတ်တယ်။ အခုလည်း..”
“ဒါ ငါတို့ ရွေးခဲ့တဲ့ ဘ၀ပဲလေ..။ ငါတို့ ဆိုပေမယ့်.. ငါပါပဲ.. ငါ့ အပြစ်ပါ။ သမီး အပြစ် မပါပါဘူး”.. မမမေက သူဇာလွင့် မေးစေ့ကို လက်ညှိုးနဲ့ အသာ လှမ်းတို့တယ်။ .. “သမီး သေချာနားထောင်။ သက်ထားဆွေ.. ဆိုတဲ့ မိန်းမက သာမန် မကောင်းဆိုးဝါး မဟုတ်ဘူး”
သက်ထားဆွေ..တဲ့။ ဒါ ဟိုမိန်းမ နာမည်ပေါ့။ လူနာမည်တစ်ခုနဲ့ အဲဒီ မကောင်းဆိုးဝါးနဲ့ကို သူဇာလွင် ယှဉ်တွဲ ကြည့်လို့ မရဘူး ဖြစ်နေတယ်။
“သက်ထားဆွေက လူတွေကို သိပ် မုန်းနေတဲ့၊ လူ့လောကတစ်ခုလုံးကို အမှောင်တိုက် သွင်းချင်နေတဲ့၊ ရည်ရွယ်ချက် အပြည့်နဲ့ မကောင်းဆိုးဝါး တစ်ကောင်။ ဒီ ရည်ရွယ်ချက်တွန်းအားကြောင့်လည်း သူ့ရဲ့ ခွန်အားက တခြား သတ္တဝါတွေထက် ပိုပြီး ပြင်းထန်တယ်။ သူ.. လူ့ဘ၀တုန်းက ဘယ်လို အဖြစ်ဆိုးတွေကြုံခဲ့ရသလဲ ငါ မသိဘူး။ ဒါပေမယ့် သေချာတာ တစ်ခုက.. သူ မုယောကနေ ထွက်လို့ ရသွားလို့ မဖြစ်ဘူး။ သူ့ကို ဒီနေရာ.. ဒီရွာမှာပဲ အပြတ်ရှင်းမှ ရမယ်”
“ဒါပေမယ့်.. သမီးမှာ သူ့ကို တိုက်ထုတ်လို့ရတဲ့ ခွန်အား မရှိဘူး အမေ”.. သူဇာလွင် ငိုသံတစ်ဝက်နဲ့ ပြောလိုက်တယ်။ ကျောင်းမှာ အနိုင်ကျင့်ခံလာရလို့ အမေကို ပြန်တိုင်တဲ့ သမီးလေးတစ်ယောက်ရဲ့ လေသံမျိုး..။ သူ့ တစ်ကိုယ်လုံး ပျော့ခွေ.. အမေ့ရင်ထဲကို တိုးဝင်ငိုကြွေးချင်လာပြန်တယ်။
“ငါတို့ ကံကောင်းတယ် ပြောရမယ်”.. မမမေက သူဇာလွင့်ကို မကြည့်ဘဲ.. မြက်ခင်းတွေဘက်ကို ငေးကြည့်ရင်း ဆက်ပြောတယ်။ .. “သူ့ကို ဒီရွာထဲမှာ အစီအမံတစ်ခုနဲ့ ချုပ်နှောင်ထားတယ်။ ဘယ်သူ့ အစီအမံလည်းတော့ ငါ မသိဘူး။ ကျောင်းထိုင် ဆရာတော် ရှိစဉ်တုန်းက စီမံခဲ့တာလား။ ဟိုး ရှေး အစဉ်အဆက်က သူတွေ စီစဉ်ခဲ့တာလား။ ထားပါတော့.. သူ ဒီရွာကနေ ထွက်လို့ မရဘူး။ ဒါပေမယ့် သူ စုဆောင်းနေတဲ့ လူယုံ ၄ ယောက် ပြည့်သွားပြီ။ အဲဒီ အစီအမံကို သူ ပယ်ဖျက်လို့ ရတော့မယ်”
“၄ ယောက်ဆိုတာ.. ဘယ်သူတွေလဲ”
“နန်းထိုက် သီရိ ဆိုတဲ့ ကောင်မလေးရယ်၊ မြတ်စန္ဒာထွန်းဆိုတဲ့ ကလေးမလေးရယ်.. ဒေါ်ဥရယ်.. သက်ဦးဆိုတဲ့ လူရယ်”
“သက်ဦး.. ဟုတ်လား။ ကိုသက်ဦးက.. မကောင်းဆိုးဝါး မဟုတ်သေးဘူး မဟုတ်လား”.. သူဇာလွင် မေးလိုက်တယ်။ ရွာဘက်ကို ထွက်ပြေးသွားတဲ့ သက်ဦးရဲ့ ပုံစံကို မြင်ယောင်လာတယ်။
“အင်း။ သူ့ အစီအစဉ်ထဲမှာ လူတစ်ယောက်လည်း လိုတယ်လေ။ သူတို့တွေ သွားလို့၊ ဝင်လို့ မရတဲ့ နေရာတွေကို အဲဒီ သက်ဦးဆိုတဲ့ သူကို သွားခိုင်းတယ်။ ဘုန်းကြီးကျောင်းထဲက အစီအမံတွေကို သူ့ အကူအညီနဲ့ ဖျက်စီးပစ်တယ်။ ကျောင်းက ဘုန်းကြီးတွေကိုလည်း တခြားရွာကို ပြောင်းသွားအောင် သက်ဦးကိုပဲ သွေးဆောင် လှည့်ပတ်ခိုင်းတယ်”.. မမမေက ဆက်တိုက် ရှင်းပြတယ်။ .. “အခု ရွာရဲ့ လေးဘက် လေးတန် ကာရံထားတာတွေကို ပြိုင်တူ ပယ်ဖျက်ဖို့ ၄ ယောက်.. ပြည့်သွားပြီ”
“ကျန်တဲ့ မကောင်းဆိုးဝါးတွေကရော..”
“သူတို့က.. လူစိတ် လုံး၀ မရှိတော့တဲ့.. ဘာဆို ဘာမှ မသိတော့တဲ့ သတ္တဝါတွေဖြစ်သွားပြီ။ သူ့ရဲ့ လူယုံ တွေကလွဲရင်.. ကျန်တဲ့သူတွေ ဘာဖြစ်ဖြစ်.. သက်ထားဆွေက ဂရုစိုက်မှာ မဟုတ်ဘူး”
“သမီး ဘာလုပ်ရမလဲ။ အမေ ပြောပါ။ အမေ ခိုင်းတာ သမီး အကုန် လုပ်မယ်။ ဒီလူတွေကို ကယ်တင်လို့ ရပါ့ဦးမလား..။ သူတို့.. လူ ပြန်ဖြစ်ဖို့ ဖြစ်နိုင်ပါ့မလား”
မမမေက ခေါင်းညိတ်တယ်။
“ခေါင်းဆောင်က အဓိကပဲ..။ သက်ထားဆွေ မရှိတော့ရင် သူတို့လည်း ပုံမှန် ဘ၀ ပြန်ရောက်သွားမယ်လို့ ငါ ထင်တယ်။ ထင်တာပဲ ရှိတာ။ သေတော့ မသေချာဘူး”
သူဇာလွင့်မျက်နှာ မျှော်လင့်ချက်နဲ့ တောက်ပသွားတယ်။
“ဒါဆို.. အမေ.. အမေလည်း ပြန်ကောင်းသွားမှာပေါ့နော်..။ အမေနဲ့.. သမီးနဲ့.. အတူတူ နေလို့ ရတော့မှာပေါ့.. ဟုတ်လား အမေ”
မမမေ ဘာမှ ပြန်မဖြေဘူး။ ကွင်းပြင်ဘက်ကို လှည့်ငေးနေတဲ့ သူ့မျက်လုံးတွေ သူဇာလွင့်ဆီ ပြန်ရောက်လာတယ်။
“ငါ့ ဇာတ်လမ်းကတော့ ဒီမှာ အဆုံးသတ်ပြီ ထင်တယ်”.. မမမေက ပြောတယ်။
သူဇာလွင့် တစ်ကိုယ်လုံး တောင့်တင်းသွားတယ်။
“ဘယ်လို.. ဘာလို့ အဆုံးသတ်ရမှာလဲ။ မဟုတ်တာ..။ အမေ.. အမေ့ကို သမီး ရအောင် ကယ်မယ်။ အခု အပြင်ကို ပြန်ပို့ပေး။ ပြန်ထွက်မယ်။ အဲဒီ သက်ထားဆွေ ဆိုတဲ့ မိန်းမကို သမီး မရရအောင် သတ်မယ်”
မမမေက သူဇာလွင့်ကို ကြည့်ရင်း ခပ်ယဲ့ယဲ့ပြုံးတယ်။
“ငါ.. သူ့ရဲ့ လွှမ်းမိုးမှုအောက် လုံး၀ ရောက်မသွားအောင်.. ရက်ပေါင်းများစွာ၊ လပေါင်းများစွာ တောင့်ခံထားခဲ့တယ်။ လူသွေးကို သောက်မှ ရှင်သန်ရတဲ့ ဘ၀မှာ.. ငါ့ပါးစပ်ထဲ သွေးတစ်စက်.. မဝင်အောင် ထိန်းထားနိုင်ခဲ့တယ်။ ဒါပေမယ့်.. အခု ငါ့မှာ ဘာမှ မကျန်တော့ဘူး။ ခွန်အားတွေ မရှိတော့ဘူး။ ရှင်သန်ဖို့ အင်အား မရှိတော့ဘူး”
“ဒါပေမယ့်..”
“အခု.. အပြင်ကို ပြန်ရောက်တာနဲ့.. ငါ တင်းထားသမျှတွေ ဖြေလျော့လိုက်တော့မယ် သမီး”..မမမေက ပြောတယ်။.. “အဲဒီ အခါကျရင်.. မမမေ ဆိုတဲ့ သူ.. သေဆုံး ပျောက်ကွယ် သွားလိမ့်မယ်။ အဲဒါမှ.. ပပဝေ.. အပြည့်အ၀ ရှင်သန်ခွင့်ရမယ်”
“အမေ ဘာတွေ ပြောနေတာလဲ ။ သမီး နားမလည်ဘူး။ နားလည်း မလည်ချင်ဘူး။ သိလည်း မသိချင်ဘူး”.. သူဇာလွင် ပြောရင်း မျက်ရည်တွေ ကျလာတယ်။
“သမီးကို မိဘမဲ့ တစ်ယောက်အဖြစ် ကြီးပြင်းစေခဲ့မိတဲ့အတွက် အမေ့ကို ခွင့်လွှတ်”.. မမမေက ပြောရင်း သူဇာလွင့် ပါးပေါ်က မျက်ရည်တွေကို လက်ဖဝါးနဲ့ ခပ်ကြမ်းကြမ်း ဖိသုတ်တယ်။ .. “အမေတို့ တတွေ.. ကိုယ့်ဘ၀ကိုယ် မပိုင်ဘူး သမီး။ ဟိုး.. အပေါ်က”.. မမမေက မိုးပေါ်ကို လက်ညှိုးထိုးပြတယ်။ .. “သူတို့ချမှတ်ပေးတဲ့ လမ်းစဉ်တွေကို လိုက်နာ..၊ လူတွေကို ကယ်နိုင်သလောက် ကယ်တင်ရင်း.. တာဝန် ကျေအောင် နေရမယ်။ အမေလည်း.. ဘာပဲပြောပြော.. လူတစ်ယောက်ပါပဲ။ ကိုယ့်သမီးနဲ့ အတူတူ နေချင်တာပေါ့။ ဒါပေမယ့် အခု မဖြစ်နိုင်ဘူး။ မမမေ.. ရှင်သန်နေသရွေ့.. ပပဝေရဲ့ ခွန်အားက အပြည့်အ၀ ပေါ်ထွက်လာမှာ မဟုတ်ဘူး။ သူတို့က.. တစ်မိသားစုမှာ တစ်ယောက်ပဲ.. တာဝန်ပေးခဲ့တာ။ အမေ မရှိတော့မှ.. ငါ့ သမီး ဘ၀.. စလို့ ရမယ်။ ငါ့သမီးကို.. ငါ… ဘာမှ မပေးခဲ့နိုင်ရင်တောင်.. ငါ့ရဲ့ နောက်ဆုံး ခွန်အားတွေကိုတော့ ပေးခဲ့ပါရစေ..”
“ဟင့်အင်း.. မလုပ်ပါနဲ့။ ကျွန်မ.. ကျွန်မ မုယောကို ရောက်လာတာ အမေ့ကို ကယ်ဖို့လေ..။ အမေ့ကို ကယ်တင်ဖို့ ရောက်လာခဲ့တာလေ..။ အမေ သေသွားမှတော့.. ကျွန်မ လုပ်ခဲ့သမျှ ဘာထူးမှာလဲ..။ ဘာထူးသလဲ”
မမမေက.. သူဇာလွင့်ကို အတော်ကြာကြာ စိုက်ကြည့်နေတယ်။ ရှိုက်ကြီးတငင် ငိုနေတဲ့ သူ့သမီးကို.. သူ မချော့ဘူး။ မနှစ်သိမ့်ဘူး။ ဒါပေမယ့် သူ့မျက်လုံး တောက်တောက်တွေထဲမှာ အရည်ကြည်တချို့ ဝေ့ဝဲလာတယ်။ မျက်ရည်အဖြစ်.. အောက်ကို ကျမလာခင်.. မျက်တောင်ကိုခတ်၊ ပုတ်ထုတ်လိုက်တယ်။
“သမီး”.. မမမေက ခပ်တိုးတိုး ခေါ်တယ်။
သူဇာလွင် မျက်ရည်တွေကြားကနေ.. သူ့အမေကို မျှော်လင့်တကြီး ကြည့်တယ်။ ဆုံးဖြတ်ချက်များ ပြောင်းလဲသွားမလား..
“သမီး အမေ့ကို ကယ်တင်ပြီးသွားပြီ”.. မမမေက ပြောတယ်။ .. “ငါ့ သမီး အရွယ်ရောက်လာတာ။ ဒီလို ရဲရင့်လာတာကို မြင်ရတာနဲ့တင်.. အမေ့ကို အရာအားလုံးဆီကနေ ကယ်တင်ပြီးသွားပြီလို့ သတ်မှတ်လိုက်..။ ဟုတ်ပြီလား”
သူဇာလွင် ခေါင်းကို သွင်သွင် ခါတယ်။
“မလုပ်ပါနဲ့.. အမေ.. မသွားပါနဲ့..”.. သူဇာလွင် ပြောပြီး.. မမမေကို ပြေးဖက်လိုက်တယ်။
ဒါပေမယ့် လေကိုပဲ ဖမ်းမိရင်း.. သူဇာလွင် အမှောင်ထုထဲကို ပြုတ်ကျသွားပြန်တယ်။
+++
အခန်း (၅၁)
-(မင်းခန့်ထူး)-
(၁)
ရေတွင်း ရှိတဲ့ နေရာနဲ့ နီးလာတာနဲ့ အမျှ.. မင်းခန့်ထူး နှလုံးခုန်သံတွေ မြန်သထက် မြန်လာတယ်။ ဒီဘက်ပိုင်း ရောက်လာတဲ့အခါ.. ဆိုင်ကယ်က အမြန်မောင်းလို့ မရတော့ဘူး။ ချိုင့်ခွက်တွေ ပိုပြီး ကျယ်လာတယ်၊ မတ်စောက်လာတယ်။ မြေလမ်းပေါ်ကို ကျိုးကျနေတဲ့ သစ်ကိုင်းကြီးတွေကို ကွေ့ရှောင် ပတ်မောင်းနေရတဲ့ အတွက် အရှိန်တော်တော် ကျသွားတယ်။
“ညီလေး။ မြန်မြန် လုပ်.. မြန်မြန်”.. ရန်နိုင့်ကို သူ လောလိုက်တယ်။
ရန်နိုင်က ခေါင်းညိတ်တယ်။ ဆိုင်ကယ်လီဗာကို အဆုံးထိဆွဲ၊ အရှိန်မြှင့်တယ်။
မင်းခန့်ထူးရဲ့ မျက်လုံးတွေ.. ဟိုးအဝေး.. တောစပ်မှာ တလူလူ လွင့်တက်နေတဲ့ မြူခိုးတွေဆီကို ရောက်သွားတယ်။ မီးခိုးမျှင်တွေလို လွန့်လူး တွန့်လိမ်နေတဲ့ မြူအမျှင်တန်းတွေကို ကြည့်ရင်း.. ဒါ..ပုံမှန် မဟုတ်ဘူး..ဆိုတာ မင်းခန့်ထူး အလိုလို သိနေတယ်။ စကားဝါ မကောင်းဆိုးဝါးနဲ့ တုန်းက ကြုံခဲ့ရတဲ့၊ ခံစားခဲ့ရတဲ့ အငွေ့အသက်တွေ..။ အခုတစ်ခါ.. ခံစားချက်က.. အဲဒီတုန်းကထက် ပြင်းထန်တယ်။ ဟို.. ဆံပင်ရှည်နဲ့ မိန်းမ.. ဟာ.. ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ.. မင်းခန့်ထူး မသိဘူး။ ဒါပေမယ့် သူ့ရဲ့ အရှိန်အဝါက ဒီ တောအုပ် တစ်ခုလုံးကို လွှမ်းခြုံထားသလို.. မင်းခန့်ထူး စိတ်ထဲ မသိုးမသန့်ဖြစ်နေတယ်။ လေထုက ပုံမှန်ထက် ပိုသိပ်သည်းနေတယ်။ အအေးဓာတ်က သာမန် မဟုတ်၊ အရိုးထဲအထိ စိမ့်ဝင် ကိုက်ခဲနေတယ်။
ဆိုင်ကယ်မီးရောင်ရှေ့.. ခပ်လှမ်းလှမ်းမှာ လူရိပ်တစ်ရိပ်။
ဒီဘက်ကို ပြေးလာနေတယ်။
လူရိပ်က လက်နှစ်ဖက်ကို မြှောက်ယမ်းတယ်။ ဆိုင်ကယ်ကို ရပ်ဖို့ အချက်ပြနေတာ။
မင်းခန့်ထူး.. လက်ထဲက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တယ်။
လူရိပ်နဲ့ နီးသထက် နီးလာပြီ။ မျက်နှာ သွင်ပြင်ကို သေချာ မြင်ရပြီ။
“ဟာ.. ကိုသက်ဦး”.. မင်းခန့်ထူး ပါးစပ်က အာမေဋိတ်သံ ထွက်သွားတယ်။ ရန်နိုင့် ပခုံးကို လှမ်းပုတ်.. ဆိုင်ကယ်ကို အမြန်ရပ်ခိုင်းတယ်။
“ကိုသက်ဦး။ ဘယ်လိုဖြစ်တာလဲ။ ဒီအချိန်ကြီး.. ဒီမှာ ဘာလုပ်နေတာလဲ”.. ဆိုင်ကယ်ပေါ်က ဆင်းပြီးတာနဲ့.. မင်းခန့်ထူး အမြန်မေးလိုက်တယ်။
သက်ဦးက အသက်လုပြီး လေကို အသည်းအသန် ရှူတယ်။ နှဖူးက စီးကျနေတဲ့ ချွေးတွေကို သုတ်တယ်။ သူ့ပုံစံက မုန်တိုင်းထဲက လွတ်လာတဲ့သူတစ်ယောက်လို.. ကပိုကရိုနဲ့ ပျာယာခတ်နေတယ်။ မျက်လုံးတွေ ကျီးကြည့် ကြောင်ကြည့် ကနာမငြိမ်ချင်။
“ဟာ.. ရန်နိုင်။ မင်း.. ထက်ရန်နိုင်ထွန်း မဟုတ်လား”.. ဆိုင်ကယ်ပေါ်မှာ ထိုင်နေတဲ့ ရန်နိုင့်ကို လက်ညှိုးထိုးရင်း သက်ဦးက မေးတယ်။ ရန်နိုင်က ခေါင်းညိတ်ပြတယ်။ ဘာမှတော့ ပြန်မပြော၊ သက်ဦးကို မသင်္ကာသလို ကြည့်နေတယ်။
“ရန်နိုင်။ ညီလေး။ ဒါက ကိုသက်ဦးတဲ့။ သိတယ် မဟုတ်လား။ ရဲအရာရှိဟောင်းလေ။ သူက ငါတို့ဘက်က။ စိတ်ချရတယ်။ ဘာမှ မဖြစ်ဘူး”.. မင်းခန့်ထူး.. ရန်နိုင့်ဘက်ကိုလှည့်ပြီး ပြောလိုက်တယ်။ ရန်နိုင်က ခေါင်းပဲ ညိတ်ပြတယ်။
“ဆိုင်ကယ် မီးကို ပိတ်လိုက်။ ပိတ်လိုက်။ စက်ပါသတ်လိုက်”.. သက်ဦးက အလောတကြီးနဲ့ ပြောတယ်။ .. “ဟိုမှာ.. ဟိုနားမှာ.. မကောင်းဆိုးဝါးတွေ အများကြီးထွက်လာပြီ.. ”
ရန်နိုင်.. ဆိုင်ကယ်ကို စက်သတ်တယ်။ ဆိုင်ကယ်ပေါ်ကနေ ဆင်းတယ်။ သူ့မျက်နှာမှာ စိတ်ပူတဲ့ အရိပ်အယောင်တွေ..။
“ဒါဒါ.. ကျွန်တော့် ညီမလေးရော.. တွေ့လား”.. ရန်နိုင်က မေးတယ်။
သက်ဦးက ခေါင်းခါတယ်။
“မသိဘူး။ ငါလည်း အသက်လုပြီး ပြေးလာရတာ”
“သူဇာလွင်ရော.. ”.. မင်းခန့်ထူး မေးလိုက်တယ်။ ပူပင်စိုးရိမ်စိတ်ကြောင့် သူ့အသံက မပီချင်..။
“ခင်ဗျားလက်ထဲက ဘာလဲ”.. သက်ဦးက.. မင်းခန့်ထူးလက်ထဲက ဓားကို မေးငေါ့ပြပြီး မေးတယ်။
“ဟိုမိန်းမကို အပြတ်ရှင်းလို့ ရမယ့် လက်နက်..။ မသူဇာလက်ထဲ ဒီဓား အမြန်ရောက်မှ ဖြစ်မယ်။ သူ ဘယ်မှာလဲ”
သက်ဦး ခဏ ငြိမ်သွားတယ်။ သူ့မျက်လုံးက ဓားဆီကနေ မခွာ..။
“သူဇာလွင် အဲဒီ ရေတွင်းပျက်နားမှာ ကျန်ခဲ့တယ်။ ဘာဆက်ဖြစ်သလဲ ကျွန်တော် မသိဘူး။ သူ.. မနိုင်လောက်ဘူးထင်တယ်”.. သက်ဦးက အကြည့်ကိုလွှဲပြီး ပြောတယ်။
“မင်း သူ့ကို ဒီအတိုင်း ထားခဲ့တာလား။ မိန်းကလေး တစ်ယောက်တည်း ထားခဲ့ပြီး ထွက်ပြေးလာတာလား။ ဘယ်လိုကောင်လဲ”.. မင်းခန့်ထူး ဒေါသတကြီးနဲ့ အော်လိုက်တယ်။
“ထွက်ပြေး.. ထွက်ပြေးတာ မဟုတ်ဘူး.. ကျွန်တော်.. ဘုန်းကြီးကျောင်းဘက် ပြန်ပြီး.. အဆောင်အယောင်တွေ.. သွားယူ.. ကူညီပေးမလို့.. ” .. သက်ဦးက ပြန်ဖြေတယ်။ သူ့မျက်လုံးတွေက မင်းခန့်ထူး လက်ထဲမှာ ကိုင်ထားတဲ့ ဓားရှည်ဆီကို ရောက်သွားတယ်။ .. “ကျွန်တော့်ကိုပဲ မပြောနဲ့။ ခင်ဗျားကရော ဘာလို့ အခုမှ ရောက်လာတာလဲ”
“အဲဒါ မင်းနဲ့ မဆိုင်ဘူး။ ရန်နိုင်။ လာ.. သွားမယ်။ ဟိုမှာ မသူဇာ တစ်ယောက်တည်း”.. မင်းခန့်ထူး ပြောရင်းနဲ့.. သက်ဦးကို ကျော်တက်.. ရေတွင်းပျက်ဘက်ကို ဦးတည်၊ ခပ်သွက်သွက် လျှောက်တယ်။
မသူဇာ.. ခင်ဗျား ဘာတွေ ဖြစ်နေပြီလဲ။ ကျွန်တော် နောက်ကျ သွားပြီလား..။ ဒီမှာ.. ခင်ဗျားရဲ့ ဓား..
မင်းခန့်ထူး အာရုံတွေ အကုန်.. သူဇာလွင့် ဆီမှာပဲ ရောက်နေတယ်။ သူ့မျက်လုံးတွေက.. မြူခိုးငွေ့တန်းတွေဆီကနေ နေရာ မလွှဲဘူး။
ဒါကြောင့်.. သက်ဦးရဲ့ အမြန်လှုပ်ရှားလိုက်တဲ့ အပြုအမူတွေကို သူ.. မမြင်လိုက်ဘူး။ သတိမထားလိုက်မိဘူး။ ရန်နိုင် လှမ်းအော်လိုက်တဲ့ အသံကို သူ မကြားဘူး။
မင်းခန့်ထူး လက်ထဲကဓား.. တစ်ယောက်ယောက်က ဆွဲယူလိုက်သလို.. ရုတ်တရက် လွတ်ထွက်သွားတယ်။
မင်းခန့်ထူး ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်။ နောက်ကို ပြန်လှည့်ကြည့်တယ်။
ဓားကို ကိုင်ပြီး မတ်တပ်ရပ်နေတဲ့ သက်ဦး။
“ဟေ့ကောင် မင်း ဘာလုပ်တာလဲ”.. မင်းခန့်ထူး မေးလိုက်တယ်။
သက်ဦးက ပြန်မဖြေဘူး။ သူ့မျက်လုံးတွေ ကလယ်ကလယ်နဲ့ ဘယ်ညာ ယမ်းနေတယ်။ ဓားရိုးကို ကိုင်ထားတဲ့ လက်တွေ တဆတ်ဆတ် တုန်နေတယ်။
“ကျွန်တော်.. ကျွန်တော့်မှာ ရွေးစရာ မရှိဘူး”.. သက်ဦးရဲ့ အသံက ရေနက်ထဲက လာသလို ဝေဝါး တုန်ယင်နေတယ်။
သက်ဦးရဲ့ နောက်ကနေ ပြေးလာတဲ့ ရန်နိုင်..။
သူ့ဆီကို အမြန် လှမ်းဝင်လာတဲ့ သက်ဦး။
မင်းခန့်ထူးရဲ့ ဦးနှောက်.. အပြည့်အ၀ အလုပ်မလုပ်နိုင်သေးခင်၊ ဘာဖြစ်သွားသလဲ.. မသေချာသေးခင်… သက်ဦးရဲ့ လက်ထဲက ဓား.. မင်းခန့်ထူး ရင်၀ထဲကို စိုက်ဝင်သွားတယ်။
+++
အခန်း (၅၂)
-(သူဇာလွင်)-
သူဇာလွင် မျက်လုံးတွေကို ပြန်ဖွင့်လိုက်တယ်။
နေရောင်အောက်မှာ စိမ်းလန်းစိုပြည်နေတဲ့ လွင်ပြင်ကြီး မရှိတော့။
မုယောရဲ့ မနှစ်မြို့စရာ ပတ်ဝန်းကျင်ထဲ သူ ပြန်ရောက်နေပြီ။
လေထုက အေးစက် စိုစွတ်နေတယ်။ လေထဲက အငွေ့အသက်တွေက ပုပ်အဲ့ပြီး ညည်းစီစီ ဖြစ်နေတယ်။ မကောင်းဆိုးဝါးတွေရဲ့ ညည်းသံ၊ မာန်ဖီသံတွေ ဆူညံနေတယ်။
ကျဉ်းသထက် ကျဉ်းလာနေတဲ့ စက်ဝိုင်း..။
“ဟင်းဟင်း.. နင်တို့ နှစ်ယောက်ပေါင်း ဘာတွေ ကြံစည်နေကြတာလဲ.. ငါ့လည်း ပြောပါဦး”.. သက်ထားဆွေ.. ဆိုတဲ့ မိန်းမရဲ့အသံ။
သူဇာလွင် သူ့ကို မကြည့်အားဘူး။ ဘေးမှာ ဝန်းရံ၊ ခုန်အုပ်ဖို့ အသင့်ပြင်နေကြတဲ့ မကောင်းဆိုးဝါးတွေကိုလည်း သူ လှည့်မကြည့်ဘူး။
သူ့လက်မောင်းထဲမှာ လှဲနေတဲ့ သူ့ အမေရဲ့ မျက်နှာကိုပဲ သူဇာလွင် ကြည့်နေမိတယ်။
မမမေရဲ့ မျက်လုံးတွေ တဖြည်းဖြည်း ပွင့်လာတယ်။ အဖြူသားသက်သက် မျက်ဆံတွေ မဟုတ်တော့ဘဲ.. နွမ်းနယ် ဖျော့တော့နေတဲ့ လူသား မျက်လုံးတစ်စုံ ပြန်ပေါ်လာတယ်။
သူဇာလွင့်ကိုတွေ့တော့ မမမေက ပြုံးတယ်။
“အဆင်သင့်ပဲလား သမီး”.. မမမေက မေးတယ်။
သူဇာလွင် ခေါင်းညိတ်လိုက်တယ်။
မမမေရဲ့ မျက်နှာပေါ်က အသားအရေတွေ.. ကြွေပန်းကန်ကွဲသလို.. အစိတ်စိတ် အမြွှာမြွှာ အက်ကွဲသွားတယ်။ နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့တဲ့ မြေအိုးတစ်လုံး.. အခုမှ ပြင်ပလေနဲ့တွေ့.. ဆွေးမြေ့ပြိုကွဲသွားသလို..။ ပြုံးနေတဲ့ အမူအရာကတော့ မပျက်သေး…။
အက်ကွဲကြောင်းတွေက.. မမမေရဲ့ မျက်နှာကနေ.. လည်ပင်း.. လည်ပင်းကနေ.. ကိုယ်ခန္ဓာတစ်ခုလုံးဆီ..ကို ကူးစက်သွားတယ်။
သူဇာလွင် အင့်..ခနဲ တစ်ချက် ရှိုက်လိုက်မိတယ်။ တစ်စစီ ကျိုးပဲ့..ပျောက်ကွယ်နေတဲ့ သူ့အမေရဲက ကိုယ်လုံးကို မထိရက်သလို.. ဖွဖွလေး ဆက်ကိုင်ထားမိတယ်..။
ခဏလေးအတွင်းမှာ.. မမမေရဲ့ တစ်ကိုယ်လုံး.. အစက်အမှုန်ပေါင်း သန်းပေါင်းများစွာကြားမှာ ပျောက်ကွယ်သွားတယ်။ လေပွေဝင်မွှေတဲ့ ပြာပုံတစ်ခုလို.. မမမေရဲ့ အမြူတေ အမှုန်အမွားတွေ.. သူဇာလွင့်ကို ဝန်းရံ လွှမ်းခြုံတယ်..။
ရေကာတာကျိုးသွားသလို.. သူဇာလွင့် ကိုယ်ထဲကို.. အရှိန်နဲ့ လှိမ့်ဝင်လာတဲ့ ခွန်အားတွေ။
သူဇာလွင် မတ်တပ် ထရပ်လိုက်တယ်။
မမမေရဲ့ အငွေ့အသက်တွေ သူ့ကို ဝန်းရံ လည်ပတ်နေရင်း မှေးမှိတ် ပျောက်ကွယ်သွားတယ်။
သူ့ဆီကို လှမ်းလာနေတဲ့ သက်ထားဆွေရဲ့ ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားတယ်။ အန္တရာယ် အနံ့အသက်ကို အာရုံရသွားတဲ့ ခွေးတစ်ကောင်လို.. သက်ထားဆွေရဲ့ မျက်နှာ သတိအနေအထား ဖြစ်သွားတယ်။
သူဇာလွင့် ကိုယ်ထဲမှာ ကြောက်စိတ်တွေ မရှိတော့။
စိုးရိမ်စိတ်တွေ မရှိတော့။
သူ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့ မမမေရဲ့ သွေးတွေ ပွက်ပွက်ဆူနေတယ်။ မမမေရဲ့ အမှတ်တရတွေ၊ အသိဉာဏ်တွေ၊ သမိုင်းကြောင်းတွေ.. သူဇာလွင်နဲ့ တစ်သားတည်း ပေါင်းစည်းသွားတယ်။
သူဇာလွင့် အာရုံထဲမှာ ပေါ်လာတဲ့ အရာတစ်ခု..။ လက်နက်တစ်ခု..။
သူနဲ့ သိပ် အလှမ်း.. မဝေးဘူး။
သခင်ဆီ ပြန်လာချင်တဲ့ မြင်းတစ်ကောင်လို.. သူဇာလွင့် အခေါ်ကို စောင့်နေတယ်။
သူဇာလွင်.. ညာလက်ကို ဆန့်တန်းလိုက်တယ်..။ လမ်းပျောက်နေတဲ့ အဲဒီ လက်နက်ကို.. သခင်ဆီကို ပြန်လာဖို့ ဖိတ်ခေါ်လိုက်တယ်။
+++
အခန်း (၅၃)
-(မင်းခန့်ထူး)-
(၁)
ထင်မထားတဲ့ ဝေဒနာ.. မင်းခန့်ထူး တစ်ကိုယ်လုံးကို ပျံနှံ့သွားတယ်။ သူ့ကိုယ်ထဲက ခွန်အားတွေ.. စုပ်ထုတ်ယူလိုက်သလို.. ကုန်ခမ်းသွားတယ်။ မင်းခန့်ထူး.. မြေကြီးပေါ် ဒူးထောက်ကျသွားတယ်။
သူ့ဆီကို ပြေးလာတဲ့ ရန်နိုင်..၊ မင်းခန့်ထူးကို အမြန် လှမ်းပွေ့တယ်။ ဒါပေမယ့်.. မနိုင်ဘူး။ ရန်နိုင်လည်း တလိမ့်ခေါက်ကွေး လဲကျတယ်။ မင်းခန့်ထူး ရင်၀ကနေ ပွက်ခနဲ စိမ့်ထွက်လာတဲ့ သွေးနီနီတွေကို ကြည့်ရင်း ရန်နိုင် မျက်လုံးပြူးသွားတယ်။ သူ့လက်ဖဝါးနဲ့.. ဒဏ်ရာကို ဖိတယ်။
“ကျွန်တော်.. ခင်ဗျားကို သတ်ဖို့ မရည်ရွယ်ဘူး ကိုမင်းခန့်”.. သက်ဦးက မင်းခန့်ထူးကို ငုံ့ကြည့်ရင်း ပြောတယ်။ .. “ဒါပေမယ့်.. သက်ထားဆွေ.. သက်ထားဆွေ သေလို့ မဖြစ်ဘူး။ သူ.. သူရှိနေမှ.. မေ့ကို ကယ်နိုင်မှာ.. ခင်ဗျား နားလည်မှာပါ။ ကိုယ်ချစ်တဲ့ သူအတွက် ဘာမဆို စတေးဖို့ အသင့် ဖြစ်နေတဲ့ ခံစားချက်ကို ခင်ဗျား သိမှာပါ ကိုမင်းခန့်ထူး”
မင်းခန့်ထူးရဲ့ အမြင်အာရုံတွေ ဝေဝါးစ ပြုလာတယ်။ စူးစူးဝါးဝါး နာကျင်မှုက.. သူနဲ့ မဆိုင်တော့သလို..၊ သူ့ ဝေဒနာ မဟုတ်တော့သလို..။
“မသူဇာ..”.. မင်းခန့်ထူး တီးတိုး ရေရွတ်လိုက်တယ်။
သက်ဦးက စိတ်မကောင်းသလို.. ခေါင်းခါတယ်။
“ဆောရီးပါ။ သူ့ကိုလည်း ကျွန်တော် အနာတရ ဖြစ်ဖို့ မရည်ရွယ်ဘူး။ ဒါပေမယ့်.. သူ့လက်ထဲ ဒီဓား ရောက်သွားလို့ မဖြစ်ဘူး။ ဒီတစ်ည.. ဒီတစ်ည ပြီးရင် အားလုံး ပြီးပါပြီ။ အားလုံး ပြီးပြီ..”
“အစ်ကို ဘာလို့ အဲဒီလို လုပ်တာလဲ။ ကျွန်တော့် ညီမလေး.. ကျွန်တော့် ညီမလေးကို ဘယ်သူ ကယ်မှာလဲ”.. ထက်ရန်နိုင်ထွန်းက မင်းခန့်ထူးရဲ့ ခေါင်းကို ပွေ့ထားရင်း .. သက်ဦးကို လှမ်းအော်တယ်။
“သူတို့ကို ဘယ်သူမှ ကယ်လို့ မရတော့ဘူး”.. သက်ဦးက ပြောတယ်။ .. “ဒါပေမယ့်.. မေ..က မသေသေးဘူး။ သူ့ကို ကယ်လို့ ရသေးတယ်”.. သက်ဦးရဲ့ လက်ထဲက ဓားဦး.. ရန်နိုင့်ဘက်ကို လှည့်လာတယ်။
မင်းခန့်ထူး.. ရှိသမျှ ခွန်အားကို ညှစ်ထုတ်.. လက်ကို မြှောက်ပြီး တားဖို့ ကြိုးစားတယ်။ ရန်နိုင်.. ထက်ရန်နိုင်ထွန်း..။ သူက.. ကလေးပဲ ရှိသေးတယ်။ အခုမှ.. လူ့ဘ၀.. စမယ့်သူ..။ သူ့ကို မသတ်ပါနဲ့..။
သက်ဦး.. မျက်လုံးတွေကို စုံမှိတ်တယ်။ ဓားကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်.. လွှဲခုတ်ဖို့ အပေါ်ကို မြှောက်တင်တယ်။
“မလုပ်နဲ့”.. မင်းခန့်ထူး သံကုန်ဟစ်အော်လိုက်တယ်။ မင်းခန့်ထူး ရင်၀က သွေးတွေ ပွက်ခနဲ ထွက်လာပြန်တယ်။
သက်ဦးရဲ့ လက်တွေ.. လေထဲမှာ ရပ်သွားတယ်။ မြှောက်ထားတဲ့ ဓားသွား.. အောက်ကို ပြန်ကျမလာဘူး။
“ဘာဖြစ်တာလဲ.. ဘာလဲ”.. သက်ဦး မယုံနိုင်သလို.. အပေါ်ကို မော့ကြည့်တယ်။ ဓားကို ဆွဲချတယ်။ ဓားက တုပ်တုပ်မျှ မလှုပ်.. လေထဲမှာ တန့်နေတယ်။
သက်ဦး.. အာခေါင်ခြစ်ပြီး အော်တယ်။ စိတ်ဆိုးမာန်ဆိုးနဲ့.. ဓားကို အတင်း ဆွဲချတယ်။
“မလုပ်နဲ့..”.. မင်းခန့်ထူး.. ထပ်ပြောတယ်..။ သူ့ မြင်ကွင်းက တော်တော်လေး ဝေဝါးနေပြီ..။ သက်ဦးရဲ့ ပုံရိပ်ကိုတောင် သေချာ မမြင်ရချင်တော့။
အဲဒီအချိန်မှာ.. အရာရာ ပြောင်းလဲသွားတယ်။
သက်ဦးရဲ့ လက်ထဲက ဓားဆီကနေ.. မီးတောက်တွေ အရှိန်နဲ့ ပန်းထွက်လာတယ်။ သာမန်.. မီးတောက်မီးလျှံမျိုး မဟုတ်..၊ နဂါးတစ်ကောင် မှုတ်ထုတ်လိုက်သလို.. အလုံးအရင်းနဲ့ ခုန်ထွက်လာတဲ့ မီးလုံးကြီး..။
မီးလျှံတွေက စက္ကန့်ဝက်လောက်အတွင်းမှာ သက်ဦးရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတယ်။ သက်ဦး .. ငယ်သံပါအောင် အော်တယ်။ ကိုယ်ခန္ဓာအနှံ့ကို လောင်မြိုက်သွားတဲ့ မီးတောက်တွေကို သွေးရူးသွေးတန်း ခါချတယ်။ သူ့ကိုယ်မှာလောင်နေတဲ့ မီးကြောင့်.. ပတ်ဝန်းကျင်တစ်ခုလုံး ထူပူပြီး လင်းကျင်းသွားတယ်။
လေထဲမှာ တန့်နေတဲ့ ဓား.. မြေကြီးပေါ်ကို ပြုတ်ကျတယ်။
ဒါပေမယ့် မြေကြီးပေါ်မှာ ဆက်မနေဘူး..။
သံလိုက်အိမ်မြောင်ထဲက မြှားတစ်ခုလို.. ဓားက မြေကြီးပေါ်မှာ ချာချာလည်တယ်..။ ခဏကြာတော့ ဦးတည်ရာကို တွေ့သွားသလို.. လည်နေတာ ရပ်တန့်သွားတယ်။ အရှိန်ယူသလို.. ဓားတစ်ခုလုံး တဆတ်ဆတ်ခါပြီး.. ဦးတည်ထားရာ အရပ်ဆီကို ၀ုန်းခနဲ ပြေးထွက်သွားတယ်။ ဓားရဲ့ နောက်မှာ အတန်းလိုက် ကျန်ခဲ့တဲ့ မီးတောက်မီးလျှံတွေ…. ။ စိုစွတ်နေတဲ့ မြက်ပင်တွေတောင်.. အပူရှိန်ကို မခံနိုင်သလို.. မီးရဲရဲနီ.. ပြာကျကုန်တယ်။
မင်းခန့်ထူး ပြုံးလိုက်တယ်..။ နောက်ဆုံးတော့.. ခင်ဗျား.. ပပဝေ ဖြစ်သွားပြီပေါ့ မသူဇာ..။
မြေကြီးပေါ်မှာ လူးလိမ့်..အော်ဟစ်.. မချိမဆန့် အသက်ထွက်နေတဲ့ သက်ဦးရဲ့ အော်သံတွေကို မင်းခန့်ထူး မကြားတော့ဘူး။ သူ့ကို အတင်းလှုပ်နှိုး.. ပျာယာခတ်နေတဲ့ ရန်နိုင့် မျက်နှာကို မင်းခန့်ထူး မမြင်တော့ဘူး။
ဒီတစ်ခါ သူ့ကို လွှမ်းခြုံသွားတဲ့ အမှောင်ထုက.. အရင်အခေါက်တွေထက် ပိုသိပ်သည်းတယ်၊ ပိုရှည်ကြာတယ်၊ ပို အေးချမ်းတယ်..။
+++
အခန်း (၅၃)
-(သက်ထားဆွေ)-
(၁)
ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေကို သူ.. နားမလည်ဘူး။
မမမေ..ဆိုတဲ့ မိန်းမ.. အမှုန့်ဖြစ် ပျောက်ကွယ်သွားတော့.. သူ ဟက်ခနဲ တစ်ချက် ရယ်လိုက်မိသေးတယ်။ တစ်ရန်အေးသွားပြီ..ဆိုတဲ့ စိတ်သက်သာရာ ရမှုကို သူ သဘောကျသွားသေးတယ်..။
ဒါပေမယ့်.. သူ့ရှေ့မှာ မတ်တပ်ရပ်နေတဲ့ မိန်းကလေးကို ကြည့်ရင်း.. သူ့ တစ်ကိုယ်လုံး ကြောက်စိတ်နဲ့ အေးခဲလာတယ်။ အမှောင်ထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်၊ အသက်ပေါင်းများစွာကို နုတ်ယူခဲ့တဲ့ သူ့ ကိုယ်ခန္ဓာထဲမှာ ကြောက်စိတ်ဆိုတာ ရှိနေသေးတာ အံ့ဩစရာပဲ။
ကြောက်စိတ်ကို သူ မျိုချတယ်။ ပတ်ပတ်လည်မှာ ဝန်းရံနေတဲ့ သူ့ရဲ့ တပည့်တပန်းတွေ၊ နောက်လိုက်တွေကို သူ ဝေ့ကြည့်တယ်။ အကုန်လုံးက.. သူ ခိုင်းတာမှန်သမျှ လုပ်ဖို့ အသင့်အနေအထား..။
သူ ပြုံးလိုက်တယ်။
ဟင့်အင်း.. ဒီမိန်းကလေးကို သူက ဘာကိစ္စ ကြောက်ရမှာလဲ။ မမမေလို သူမျိုးကိုတောင် နှိမ်နှင်းနိုင်ခဲ့ပြီးပြီပဲ။ မုယော တစ်ရွာလုံးနီးပါးကိုတောင် သူ သိမ်းပိုက်နိုင်ခဲ့ပြီပဲ။
အဝေးကနေ.. ပြေးလာနေတဲ့ တစ်စုံတစ်ရာ..။
သူ့ကိုယ်ထဲက.. နှစ်ချို့ရင့်ကျက်နေပြီဖြစ်တဲ့ မသိစိတ်က.. သတိပေးတယ်။
ဟိုးအဝေး တောစပ်ထဲကနေ တိုးထွက်လာတဲ့ မီးတန်းတစ်ခု..။
သူ့ခြေထောက်တွေ.. နောက်ကို အလိုလို တစ်လှမ်း ဆုတ်သွားတယ်။
သူဇာလွင်..ဆိုတဲ့ ကောင်မလေးရဲ့ လက်ထဲကို.. အဲဒီ မီးတန်းက ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ဝင်တိုးတယ်။
သူ့ မျက်စိရှေ့မှာတင်.. သူဇာလွင့် တစ်ကိုယ်လုံး မီးဟုန်းဟုန်း တောက်သွားတယ်။ ပြင်းထန်လွန်းတဲ့ အပူရှိန်ကြောင့် သူ နောက်ကို ယိုင်ထွက်သွားတယ်။ ဝန်းရံထားတဲ့ သူ့ အပေါင်းအပါတွေဆီက ဟီးခနဲ အသံတွေ လျှံထွက်လာတယ်။ အားလုံး နောက်ကို ရှဲသွားကြတယ်။ ဝိုင်းထားတဲ့ စက်ဝိုင်း နည်နည်း ကျယ်သွားတယ်။
ဘာဖြစ်တာလဲ..။
မီးတောက်တွေအောက်မှာ.. သူဇာလွင့် အဝတ်အစားတွေ.. ဆံပင်တွေ..မီးတစ်စက်မကူးဘဲ လွန့်လူးနေတယ်။
သူဇာလွင်.. ဆန့်ထားတဲ့ လက်တစ်ဖက်ကို အောက်ကို ချလိုက်တယ်။
မီးတောက်တွေ ရုတ်ခနဲ ငြိမ်းသွားတယ်။
သူဇာလွင့် လက်ထဲမှာ ကိုင်ထားတဲ့ အရာကို သူ.. လှမ်းကြည့်လိုက်တယ်။
မီးငြိမ်းသွားတာတောင် နီရဲ တောက်ပြောင်နေတဲ့ ဓာ;ရှည်..။.. မမမေရဲ့ ဓား..။ သူ့ကို သေတော့မတတ် ဖြစ်အောင်.. ဒုက္ခပေးခဲ့ဖူးတဲ့ ဓား။
သူ ထိန်းထားသမျှ ကြောက်စိတ်တွေ.. ပြန်ပြီး လျှံတက်လာတယ်။ ဟန်ကိုယ်ဖို့.. တင်းထားတဲ့ သူ့မျက်နှာ ပျက်ယွင်းသွားတယ်။ ပြုံးချင်ယောင် ဆောင်ထားတဲ့ နှုတ်ခမ်းတွေ မဲ့ကျသွားတယ်။
“သက်ထားဆွေ။ အဲဒါ နင့်နာမည် မဟုတ်လား”.. သူဇာလွင်က ပြောတယ်။
ကြိမ်တို့ခံလိုက်ရတဲ့ နွားတစ်ကောင်လို.. သူ့တစ်ကိုယ်လုံး တွန့်ခနဲ.. ဖြစ်သွားတယ်။ ငါ့ကို.. ငါ့နာမည်ကို.. ခေါ်ရဲတဲ့ ကောင်မ..။ သေမယ်.. သေမယ်..။. သူ.. ဟီးခနဲ မာန်ဖီလိုက်တယ်။ မတ်ထားတဲ့ ကိုယ်ခန္ဓာ..အောက်ကို ညွတ်ကျသွားတယ်။ ကျောရိုးတွေကို တစ်ဆစ်ချင်း ဖြန့်ထုတ်တယ်။ ညဉ့်သန်းခေါင်ရဲ့ အမှောင်ထဲကနေ..အင်အားတွေကို စုပ်ယူတယ်။
“သူဇာလွင်.. သူဇာလွင်.. နင် သေမယ်။ သေမယ်..”.. သူ့ စကားတွေ မပီတော့ဘူး။ ဒေါသကြောင့်ရော.. ကြောက်စိတ်ကြောင့်ရော.. ဗလုံးဗထွေးတွေ ဖြစ်နေတယ်။ သူ စကားဆက်ပြောနေလို့ မဖြစ်ဘူး။ သူ ဒီလို ပျာယာခတ်နေတာကို .. သူ့ တပည့်တွေ မြင်သွားလို့ မရဘူး..။
သူဇာလွင်က.. ဓားဦးကို.. လေထဲမှာ တန်းနေအောင် မြှောက်တယ်..။ သူ့ဘက်ကို ဦးတည် ချိန်ထားတယ်။ သူဇာလွင့် မျက်နှာက ဘာအမူအရာမှ မရှိ..၊ ငြိမ်သက်နေတယ်။
“ငါ့နာမည် သူဇာလွင် မဟုတ်ဘူး”.. သူက ပြောတယ်။
“ငါ့နာမည် ပပဝေ”
သူ့ကိုယ်တွင်းမှာ.. ဟန်ဆောင် မျိုသိပ်ထားတဲ့ ဒေါသစိတ်တွေ ပေါက်ကွဲထွက်ကုန်တယ်။ သူ ဘာကိုမှ မမြင်တော့ဘူး။ မသိတော့ဘူး။ မစဉ်းစားနိုင်တော့ဘူး။
ဟီးခနဲ.. အသံကြီးနဲ့အတူ.. ပပဝေ ဆိုတဲ့ မိန်းမကို.. သူ ခုန်အုပ်လိုက်တယ်။
+++
(ဆက်ရန်)