+++++++++++
အခန်း (၄၇)
-(သူဇာလွင်)-
(၁)
သူဇာလွင် စာအုပ်တစ်အုပ်ကို ဖြည်းဖြည်းချင်း လှန်ဖတ်နေတယ်။
စာအုပ်ထဲက ပုံလေးတွေက ချစ်စရာ။ ဝက်ဝံ အမေကြီးနဲ့ ဝက်ဝံ သမီးလေးရဲ့ ဇာတ်လမ်း။ ဆောင်းတွင်းမှာ တွင်းအောင်းတဲ့အခါ.. ဘယ်လိုဘယ်ပုံ အိပ်စက်ရမလဲ.. အမေက သမီးကို သင်ပေးနေတယ်။ ဝက်ဝံမလေးက သူ့အမေကို ဖက်ထားရင်း .. အပြင်ထွက်ချင်တဲ့အကြောင်း ပူဆာတယ်..။ အပြင်မှာ အန္တရာယ်များတယ်..သမီးရဲ့.. အမေနဲ့နေနော်..တဲ့.. ဝက်ဝံမကြီးက ပြန်ပြောတယ်။
သူဇာလွင် စာအုပ်ကို ပိတ်လိုက်တယ်..။ အမေ..တဲ့။ အမေဆိုတာ ဘယ်လိုများပါလိမ့်..။ တီချယ်နှင်းတို့လို သဘောကောင်းတဲ့ အန်တီကြီးများလား။ တီချယ်နှင်းက.. ဒီဂေဟာမှာ လူချစ်လူခင် အများဆုံး ဆရာမ..။ အမြဲတမ်း ပြုံးနေတတ်တယ်။ တစ်ပတ်ကို တစ်ခါ.. ကျောင်းသားတွေအတွက် သကြားလုံးတွေ ယူလာပေးတတ်တယ်..။ တီချယ်နှင်းလို သဘောကောင်းတဲ့ အမေမျိုး ရရင်တော့ သူဇာလွင် လိုချင်တယ်။ အို.. ဘယ်လို အမေမျိုးပဲဖြစ်ဖြစ်.. သူဇာလွင်ကတော့ လိုချင်တာပါပဲ။ မွေးစား မိဘတွေ ရသွားတဲ့ ကလေးတွေကို တွေ့တဲ့အခါတိုင်း သူဇာလွင့် စိတ်ထဲမှာ မနာလိုစိတ်က တလိမ့်လိမ့် တက်လာတတ်တယ်။ ဒါမကောင်းဘူး.. အဲဒီလို မနာလို မဖြစ်ရဘူး..လို့ သူဇာလွင် သိပါတယ်။ ဒါပေမယ့်.. မတတ်နိုင်၊ စိတ်ထဲ မကောင်းတာတော့ အမှန်ပဲ။
“သမီး။ ကျောင်းစာသင်ချိန်မှာ ကာတွန်း မဖတ်ရဘူးလို့ ပြောထားတယ်လေ”.. တီချယ်နှင်းက သူဇာလွင့် စားပွဲနားကို ရောက်လာရင်း ပြောတယ်။ သူဇာလွင် စာအုပ်ကို ပိတ်လိုက်ပြီး အံဆွဲထဲကို ထည့်တယ်။ ဘေးက ကလေးတွေက သူဇာလွင့်ဘက်ကို ကွက်ကြည့်ကွက်ကြည့် လုပ်ရင်း တီးတိုး အတင်းတုတ်ကြတယ်။ သူဇာလွင်က အတန်း ခဏခဏ ကျတယ်။ ဒါကြောင့် အခု အတန်းထဲမှာ သူက အသက်အကြီးဆုံး ဖြစ်နေတယ်။ အရပ်ကလည်း ရှည်သေးတယ်..ဆိုတော့ ကလန်ကလားနဲ့ .. ကလေးတောထဲ ရောက်နေသလို..။ တကယ်ကတော့ သူဇာလွင် စာ မညံ့ပါ..။ ကျောင်းစာကို သူ နိုင်နိုင်နင်းနင်း နားလည်ပါတယ်။ ဒါပေမယ့် စာမေးပွဲတွေ မဖြေချင်ဘူး။ နောက်တစ်တန်း ထပ်မတက်ချင်ဘူး။ ဆယ်တန်းအောင်သွားတဲ့အခါ.. ဒီဂေဟာကနေ ထွက်သွားရမယ့် အဖြစ်ကို သူဇာလွင် ရင်မဆိုင်ရဲဘူး။ မိဘ မရှိပေမယ့် ဂေဟာရဲ့ အရိပ်အာဝါသအောက်မှာ သူ လုံခြုံတယ်။ ဒါ.. သူ့အိမ်..။ ဒီနေရာကထွက်၊ ကိုယ့်ဘာသာကိုယ် ရပ်တည်ရမယ့် အဖြစ်.. သူ မတွေးရဲဘူး။ ကြောက်တယ်..။
ဆရာမက.. စာဆက်သင်နေတယ်။ သင်ပုန်းပေါ်မှာ ပထဝီမြေကြောတွေရဲ့ ပုံတွေကို ဆွဲပြတယ်။ မြေဆီလွှာ အထပ်ထပ် ကာရံထားတဲ့ ကျောက်အစိုင်အခဲတွေအကြောင်း ရှင်းပြတယ်။ ဟိုးအောက်ဆုံးမှာ.. နှစ်ပေါင်းများစွာ.. ဖိနှိပ်ခံ.. တလက်လက်တောက်ရင်း စိန်တုံးစိန်ခဲဖြစ်သွားတဲ့ မီးသွေးခဲတွေအကြောင်း ရှင်းပြနေတယ်..။
သူဇာလွင့် အာရုံတွေ.. သင်ပုန်းဆီမှာ မရှိ..။
သူ.. အပြင်ကို ငေးနေတယ်။
စာသင်ခန်း ပြတင်းပေါက်ကနေ.. အပြင်ဘက်ကို လှမ်းမြင်ရတယ်။ လမ်းမမှာ သွားလာနေတဲ့ လူတွေ၊ ကားတွေ..။
ရုတ်တရက်.. ပြတင်းပေါက်မှာ ပေါ်လာတဲ့ လူရိပ်တစ်ရိပ်..။
နေရောင်ခြည်.. ပျောက်သွားတယ်။
အရာရာ မှောင်ကျသွားတယ်။
စောစောက လင်းချင်း နွေးထွေးနေတဲ့ စာသင်ခန်း.. အေးစက် မှောင်မည်းသွားတယ်..။ အပြာသဲ့သဲ့ အလင်းရောင်က တစ်ခန်းလုံးကို လွှမ်းနေတယ်..။
“သမီး.. စာသင်ချိန်မှာ ကာတွန်း မဖတ်ရဘူးလေ”.. ဆရာမက ပြောတယ်။
လက်ထဲက စာအုပ်ကို သူဇာလွင် ငုံ့ကြည့်လိုက်တယ်။ သူ့လက်ထဲမှာ.. မှတ်စုစာအုပ် တစ်အုပ် ရောက်နေတယ်။ စာအုပ်ထဲမှာ ခဲတံနဲ့ ရေးခြစ်ထားတဲ့ ရုပ်ပုံပေါင်းများစွာ..။ ရုပ်ပျက်ဆင်းပျက်.. လိမ်ကွေးခေါက်နေတဲ့ ကိုယ်ခန္ဓာတွေ..၊ အရည်တများများ သွားချွန်ချွန်နဲ့ အရိုးခေါင်းတွေ..၊ အမျိုးအမည်မသိ.. ဘာသာမသိတဲ့ သင်္ကေတတွေ..။
ကာတွန်းစာအုပ် မဟုတ်တဲ့အကြောင်း.. ရှင်းပြမလို့.. သူဇာလွင် ခေါင်းမော့လိုက်တယ်။
ဆရာမက သူဇာလွင့်ကို ကြည့်နေတယ်။ ဆရာမ မျက်နှာက အမှောင်ထဲမှာ တဖြည်းဖြည်း ပြောင်းလဲနေတယ်။ တစ်ဖတ်ချင်း ကွာကျသွားတဲ့ အရေပြားတွေအောက်မှာ အရိုးဖြူဖြူတွေ ပေါ်လာတယ်။ ပြုံးလိုက်တဲ့ သူ့ပါးစပ်က ထောင့်နှစ်ထောင့်မှာ ဟပြဲကြီး ဖြစ်နေတယ်..။
ပြတင်းပေါက်က.. တဒေါက်ဒေါက်အသံ..။
သူဇာလွင် လှည့်ကြည့်လိုက်တယ်..။
ပြတင်းမှန်က မြူတွေနဲ့ စိုစွတ် မှုန်ဝါးနေတယ်။ အပြင်က လူရိပ်.. မှန်ပေါ်မှာ တစ်ခုခု ရေးနေတယ်..။
ဖြည်းဖြည်းချင်း ပေါ်လာတဲ့ စာလုံးကို သူဇာလွင် လိုက်ဖတ်တယ်..။
ပပဝေ..
(၂)
“မသူဇာ.. မသူဇာ.. ”
သူဇာလွင် မျက်လုံးတွေကို ဖွင့်လိုက်တယ်။
“ကိုမင်းခန့်.. ဆောရီး.. ကျွန်မ အိပ်ပျော်သွား..” ..သူဇာလွင့် စကား တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားတယ်။ သူ့ကို စိုက်ကြည့်နေတဲ့သူက မင်းခန့်ထူးမှ မဟုတ်ဘဲ။.. “ကိုသက်ဦး။ ဆောရီးပါ..။ ကျွန်မ.. ခဏ မှေးခနဲ ဖြစ်သွားတယ်”
ဘုန်းကြီးကျောင်း ၀ရံတာလက်ရမ်းကို မှီပြီး အိပ်မောကျသွားခဲ့တဲ့ သူ့ကိုယ်သူ.. သူဇာလွင် ခပ်တိုးတိုး အပြစ်တင်တယ်။ ပွထနေတဲ့ ဆံပင်တွေကို ခပ်မြန်မြန် သိမ်းဆည်း၊ နောက်ကို ပို့တယ်။ လိမ်တွန့်ပြီး အပေါ်ကို တက်နေတဲ့ ရှပ်အင်္ကျီလက်ကို ပြန်ချတယ်။ သူဇာလွင့် လက်က အရုပ်တွေကို သက်ဦးက မမြင်ချင်ယောင်ဆောင်၊ ဟိုဘက်ကို လှည့်သွားတယ်။
“ရပါတယ်။ ခင်ဗျား ကြည့်ရတာ တော်တော် ပင်ပန်းနေပုံပဲ။ တစ်ညလုံး ဘယ်တွေ လျှောက်သွားနေတာလဲဗျ”… သက်ဦးက မေးတယ်။ သူ့လက်ထဲက ရေသန့်ဘူးကို သူဇာလွင့် လက်ထဲ ထည့်ပေးတယ်။
သူဇာလွင်.. သူ့ မေးခွန်းကို ပြန်မဖြေသေး၊ ရေသန့်ဘူးကို ဖွင့် အားရပါးရ မော့ချလိုက်တယ်။ ခြောက်သယောင်းနေတဲ့ လည်ချောင်းထဲကို ရေအေးအေးတွေ ဖြတ်ဆင်းသွားတော့ နည်းနည်းလေး လန်းလာတယ်။
“ခင်ဗျား ဆိုင်ကယ်လည်း ဆီကုန်နေလို့ ကျွန်တော် ဆီထည့်ပေးထားတယ်”.. ကျောင်းရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ဘက်ကို မေးငေါ့ပြရင်း သက်ဦးက ပြောတယ်။ .. “ဆိပ်ခုံကနေ ဒီအထိ ခင်ဗျားတစ်ယောက်တည်း ဆိုင်ကယ်နဲ့ လာတယ်ဆိုတာ ကျွန်တော်ဖြင့် မယုံနိုင်သေးဘူး။ ရန်ကုန်သူတွေ ဆိုင်ကယ် မစီးတတ်လောက်ဘူး ထင်နေတာဗျ။ ဟားဟား”
“ဟုတ်။ ကျေးဇူးပါ။ မနေ့ည တစ်ညလုံး.. ရွာထဲကို ပတ်ကြည့်နေတာ.. အဲဒါကြောင့် ဆီကုန်သွားတာ ဖြစ်မယ်။ ကျွန်မက ရန်ကုန်သူ ဆိုပေမယ့် နယ်မှာ အကြာကြီးနေခဲ့ဖူးတယ်..”.. သူဇာလွင် ပြောလိုက်တယ်။ အတိတ်က နေရာတစ်ခု.. သူ့အာရုံထဲ ဝင်လာတယ်။ ခေါင်းကို ခပ်နာနာ ခါ.. အတွေးတွေကို ရိုက်ထုတ်လိုက်တယ်။ .. “ဒီမှာ ခဏနားခွင့်ပေးတာ ကျေးဇူးပါ ကိုသက်ဦး”
“ရပါတယ်ဗျ။ ခင်ဗျားကလည်း မနေ့ကတည်းက ဒီမှာ လာနေရင် ရတာပဲ။ ဘာလို့ ရွာထဲ တစ်ယောက်တည်း လျှောက်သွားနေတာလဲ။ မတော်တဆ..”.. သက်ဦးက စကားကို မဆက်ချင်သလို တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတယ်။ ပြီးတော့မှ သက်ပြင်းကိုချ၊ စကားကို ဆက်တယ်။ ..“တစ်ခုခုနဲ့ တွေ့ရင် ဒုက္ခရောက်နေမယ်”
သူဇာလွင် ရယ်ချင်သလိုလို ဖြစ်သွားတယ်။
တစ်ခုခု.. အဲဒီ တစ်ခုခုနဲ့ တွေ့ချင်လို့ မနေ့ညနေကတည်းကနေ.. ဒီနေ့ မနက်လင်းတဲ့အထိ.. ရွာထဲက အိမ်တွေ တစ်အိမ်ပြီး တစ်အိမ်လိုက်ကြည့်ခဲ့တယ်။ ရွာနောက်ပိုင်းက ရေတွင်းပျက် ရှိတဲ့နေရာကိုလည်း သွားခဲ့တယ်။ မုယောရဲ့ ညဉ့်နက်ထဲကို မိုက်မိုက်ကန်းကန်း ဝင်တိုးခဲ့တယ်။
ဒါပေမယ့်.. ဘာမှ မတွေ့ခဲ့ဘူး။
ဟန်ဆောင်ကောင်းတဲ့ မိန်းကလေး တစ်ယောက်လို.. မုယောက သူ့ရဲ့ မျက်နှာအမှန်ကို လှစ်မပြ၊ ဖုံးကွယ်ထားတယ်။ ဖုံးကွယ်ထားမှန်းလည်း.. သိသာနေတယ်။ အနောက်မုယောရဲ့ အငွေ့အသက်က ပုံမှန် မဟုတ်ဘူး။ တံခါးတွေစေ့.. မီးတွေ ပိတ်ထားတဲ့ ပျဉ်ထောင်အိမ်တွေထဲမှာ.. ထုတ်မပြချင်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ်။ အပင်ရိုင်းတွေကြား ကွေ့ကောက်ဝင်သွားတဲ့ မြေနီလမ်းတွေပေါ်မှာ လူမမြင်တဲ့ ခြေရာတွေ ရှိနေတယ်..။
“..ရောက်ခဲ့လားဗျ”
သက်ဦးရဲ့ မေးသံကြောင့် သူဇာလွင် အတွေးရပ်သွားတယ်။
“ရှင်.. ။ ဘယ်ကို ရောက်ခဲ့ရမှာလဲ”
“ရေတွင်းပျက်ဘက်ကို ရောက်ခဲ့သေးသလားလို့ မေးတာ”
“ဟုတ်”.. သူဇာလွင် ခေါင်းညိတ်လိုက်တယ်။ .. “ဒါပေမယ့် ဘာမှ မတွေ့ပါဘူး။ ဘာမှ မရှိဘူး”
“ဪ..။ အင်း.. ကျွန်တော်လည်း ဒီနေ့ မြို့ပြန်မလို့ ပြင်ဆင်နေတာဗျ။ ခင်ဗျား ရောက်လာတာနဲ့ မပြန်ဖြစ်သေးတာ”.. သက်ဦးက ပြောတယ်။
“ဟုတ်.. အားနာပါတယ်။ ကျွန်မလည်း တစ်ညလုံး မအိပ်ရသေးတော့ မူးဝေဝေ ဖြစ်ချင်လာတာနဲ့.. ပြီးတော့ ဒီရွာမှာလည်း အသိဆိုလို့ တစ်ယောက်မှ မရှိဘူးလေ..။ အဲဒါကြောင့်.. ဒီဘုန်းကြီးကျောင်းဘက်ကို လာခဲ့တာ”.. သူဇာလွင် ပြောလိုက်တယ်။ တကယ်ကတော့ ဒီကျောင်းရဲ့ အရိပ်အာဝါသအောက်မှာ စိတ်ချလက်ချ ခဏအနားယူချင်လို့..။
“ခင်ဗျားနဲ့ အတူပါလာတဲ့ ဟို အစ်ကိုကြီးရောဗျ..။ ကိုမင်းခန့်ဆိုလား..။ သူမပါလာဘူးလား”
သူဇာလွင် ခေါင်းခါလိုက်တယ်။ တတီတီ တုန်ခါနေတဲ့ ဖုန်းကို ကောက်မကိုင်မိအောင်.. မနေ့တစ်နေ့လုံး၊ တစ်ညလုံး စိတ်တင်းထားရတယ်။ မျက်နှာသူငယ်နဲ့ ကျန်နေခဲ့တဲ့ မင်းခန့်ထူးကို မြင်ယောင်မိတော့ စိတ်မကောင်းဘူး။ ဒါပေမယ့်.. မတတ်နိုင်ဘူး။ မင်းခန့်ထူး.. ပင်ပန်းလှပြီ။ စကားဝါရဲ့ သားကောင်အဖြစ် နှစ်ပေါင်းများစွာ.. သူ.. ဒုက္ခခံခဲ့ပြီးပြီ။ အခု.. မုယော.. မုယောကိုတော့ သူဇာလွင် တစ်ယောက်တည်း ရင်ဆိုင်ပါရစေတော့။ မင်းခန့်ထူး ဘယ်လောက်ပဲ ဟန်ဆောင် ကောင်းပေမယ့်.. သူ့မျက်ဝန်းတွေထဲမှာ နွမ်းနယ်မှုက အထင်းသား ပေါ်နေတယ်။ အရွယ်နဲ့ မလိုက်အောင် ငယ်ရွယ်နုပျိုနေခဲ့တဲ့ မင်းခန့်ထူးရဲ့ မျက်နှာက.. အခု အသက်နဲ့ မလိုက်အောင် ပင်ပန်းအိုစာနေတယ်။ သူ ဘာတွေကို ဖွက်ထား၊ ထိန်ချန်ထားသလဲ သူဇာလွင် မသိဘူး။ ဒါပေမယ့်.. သူ အရမ်း ပင်ပန်းနေပြီ ဆိုတာကို သူဇာလွင် သိတယ်။ သေချာတယ်။..
“ဪ..။ လာ.. အထဲကို လာဗျ။ မနက်စာ စားရအောင်”.. သက်ဦးက ပြောပြီး ထထွက်၊ ကျောင်းဆောင်ထဲကို ဝင်သွားတယ်။
(၃)
ပြတင်းတံခါးတွေ အကုန်ဖွင့်ထားတဲ့ အတွက်.. ပြင်ပနေရောင်က ကျောင်းဆောင်ထဲကို အပြည့်အ၀ ဝင်၊ တစ်ခန်းလုံး လင်းထိန်နေတယ်။
အခန်းတစ်ခုလုံးက ရှင်းလင်းနေတယ်။ ဆွမ်းစားဆောင် ဖြစ်မယ်။
အခန်းအလယ်မှာ ချထားတဲ့ စားပွဲတစ်လုံး။ ထိုင်ခုံ တချို့။
စားပွဲပေါ်မှာ အစားအသောက်နဲ့ ရေခွက်တွေ။
“ဒီကျောင်းက ကပ္ပိယကြီးက ကျွန်တော်နဲ့ အမျိုးလိုတောင် ဖြစ်နေပြီဗျ”.. သက်ဦးက အစားအသောက်နည်းနည်း ပါးစပ်ထဲ ထည့်ရင်းပြောတယ်။.. “ကျွန်တော် လာနေတဲ့ ရက်တွေဆိုရင် သူက အကုန် ပြင်ဆင်ထားပေးတတ်တယ်။ ကျွန်တော်ကလည်း ကျောင်းရဲ့ ဝေယာ၀စ္စနည်းနည်း ကူလုပ်၊ အလှူငွေလေးဘာလေး ရှာပေး.. အဲဒီလို ပြန်ကူညီရတာပေါ့။ ကျောင်းထိုင်ဆရာတော် အသစ် ရောက်လာရင်တော့ ပိုပြီး အဆင်ပြေမယ်”
“ကိုသက်ဦး..။ အစ်ကို ဘာလို့ မုယောကို ဆက်ပြီး လာနေတာလဲ”
စကားမစပ် မေးလိုက်တဲ့ သူဇာလွင့် မေးခွန်းကြောင့် သက်ဦး ခဏတွေသွားတယ်။ ရေခွက်ကို လှမ်းယူ.. ရေသုံးလေးငုံ ကျိုက်ချတယ်။ ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ သစ်ပင်တွေဆီကို ငေးကြည့်တယ်။ တော်တော်လေးကြာမှ..
“ကျွန်တော် ခင်ဗျားတို့ကို ရှင်းပြပြီးပြီ မဟုတ်လား..။ မသင်္ကာစရာ ကောင်းတဲ့ သူတွေကို စောင့်ကြည့်ဖို့..”
“မဟုတ်သေးဘူး။ အစ်ကို ပြောတာ အဓိပ္ပာယ် မရှိဘူး။ မသင်္ကာစရာ ကောင်းတဲ့ မိသားစုတွေကို စောင့်ကြည့်ပြီး ဘာလုပ်မှာလဲ။ သူတို့က.. တစ်ခုခု လုပ်တယ်ဆိုရင်.. အစ်ကို့ဘက်က ဘာပြန်လုပ်လို့ ရမှာလဲ။ ဖြစ်လာမယ့် အဖြစ်အပျက်တွေကို အစ်ကို တားနိုင်လို့လား”
“တားနိုင်တယ် မတားနိုင်တယ်.. ကျွန်တော် မသိဘူး။ ကျွန်တော် သိတာ တစ်ခုတည်း ရှိတယ်။ အဲဒီ ဆံပင်ရှည်နဲ့ မိန်းမ.. သူ.. တစ်ခုခု ကြံစည်နေတယ်။ သူ့အကြံ အောင်သွားရင် လူတွေ အများကြီး ဒုက္ခရောက်မယ်..။ ဒီတော့.. ကျွန်တော်.. ဒါကို မသိချင်ယောင်ဆောင်.. မေ့ထားလို့ မဖြစ်နိုင်ဘူးဗျ”.. သက်ဦးရဲ့ လေသံက မာလာတယ်။ .. “ဒါနဲ့ ခင်ဗျားက အခု တစ်ယောက်တည်း ဘာလာလုပ်တာလဲ။ ကျွန်တော့်ကိုပဲ မေးခွန်းတွေ ထုတ်မနေနဲ့။ ခင်ဗျားလည်း ဖြေဦး။ ကိုမင်းခန့် ဆိုတဲ့သူ ဘယ်ရောက်သွားလဲ။ ပြီးတော့ ခင်ဗျားတို့ နှစ်ယောက် စီးလာတဲ့ ကားရော ဘယ်မှာလဲ..။ မနက်ကတည်းက မေးမလို့ပဲ.. ခင်ဗျား အိပ်ပျော်သွားတာနဲ့ မမေးလိုက်ရတာ”
ဆိပ်ခုံအဝင်.. အဖြစ်အပျက်တွေကို သူဇာလွင် အကျဉ်းချုံးပြောပြလိုက်တယ်။
စကားဆုံးသွားတော့ သက်ဦးက သူဇာလွင့်ကို ပါးစပ် အဟောင်းသားနဲ့ ကြည့်နေတယ်။ ပြီးမှ-
“ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရဖူးလို့သာ ခင်ဗျား ပြောတာကို ယုံတာ။ တခြားသူ သွားပြောရင်တော့ ခင်ဗျားကို အရူးလို့ထင်မှာပဲ။ ဒါနဲ့.. ကားတိုက်တယ်သာ ပြောတာ..ခင်ဗျား ကိုယ်မှာ ဒဏ်ရာ ဒဏ်ချက်လည်း တစ်ခုမှ မတွေ့ပါလား”.. သက်ဦးက ပြောရင်း သူဇာလွင့်ကို ခြေဆုံးခေါင်းဆုံး ကြည့်တယ်။ သူ့မျက်လုံးတွေက သူဇာလွင့် လက်ဖျံနား.. အစွန်းထွက်နေတဲ့ ဆေးမင်ရုပ်တွေဆီမှာ..။
“အစ်ကို မသင်္ကာဖြစ်နေတဲ့ မိသားစုတွေ ဆိုတာ ဘယ်သူတွေလဲ..။ ကျွန်မကို ပြောပြလို့ ရမလား”.. သူဇာလွင် သိသိသာသာပဲ.. စကားလွှဲလိုက်တယ်။
“သိတော့ ခင်ဗျားက ဘာလုပ်မလို့လဲဗျ”.. သက်ဦးက ပြန်မေးတယ်။
“ကျွန်မ.. အမေ.. ဘယ်ရောက်နေသလဲ ဆိုတာ.. သူတို့ကို မေးချင်တယ်။ သူတို့.. တစ်ခုခုတော့ သိမှာပဲ။ ဟို မိန်းမနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ မိသားစုတွေ မဟုတ်လား။ ဟိုမိန်းမ ပြုစားတာကို ခံထားရတဲ့ သူတွေလေ..။ သူတို့ သခင်အကြောင်း သူတို့ သိမှာပေါ့..”
“ကျွန်တော်လည်း ခင်ဗျားကို ဘယ်လို ပြောပြရမလဲ..”.. သက်ဦးက သက်ပြင်းအရှည်ကြီး ချတယ်။ .. “ပြောရရင်တော့ အနောက်မုယောမှာ နေနေကြတဲ့ မိသားစုတွေ အကုန်လုံးကို ကျွန်တော် မသင်္ကာဘူး။ သူတို့တွေအားလုံး ဟို မိန်းမ လက်အောက်ကို ရောက်နေကြပြီလို့ ကျွန်တော်ကတော့ ထင်တယ်။ ပြီးတော့.. မသူဇာလွင်.. ခင်ဗျား အမေက.. ဒီလောကမှာ မရှိတော့တာ သေချာသလောက် ဖြစ်နေပြီပဲ.. ဘာလို့ လိုက်ရှာနေဦးမှာလဲ”
သူ့စကားကြောင့် သူဇာလွင် ဆတ်ခနဲ ဖြစ်သွားတယ်။
“ရှင် အဲဒီလို မပြောပါနဲ့။ ရှင် သေချာ မသိတဲ့ ကိစ္စတစ်ခုကို အပိုင် ပြောလို့ ရသလား။ ရှင်ပြောတော့.. ကျွန်မ အမေကို တွေ့လိုက်တဲ့သူတွေ.. ရှိနေတယ်ဆို..”
“ဒါပေမယ့်.. လူ အဖြစ်နဲ့..တွေ့လိုက်တာမှ.. မဟုတ်..”
သူဇာလွင် စားပွဲကို ဒုန်းခနဲ ထုလိုက်တယ်။ စားပွဲပေါ်က ပန်းကန်တွေ ဇွန်းတွေ ချွမ်ခနဲ ထခုန်တယ်။ သက်ဦးက လန့်သွားသလို.. တစ်ချက် တွန့်သွားတယ်။
“ဆောရီး… ဆောရီး.. ကျွန်မ စိတ် နည်းနည်းတိုသွားတယ်”.. သူဇာလွင် ပြန်တောင်းပန်လိုက်တယ်။ တလိပ်လိပ် ထွက်လာတဲ့ ဒေါသကို မျိုချ၊ အသက်ကို ပြင်းပြင်း ရှူတယ်။ ခေါင်းထဲမှာ.. မူးသလိုလို.. အန်ချင်သလိုလို.. ရိပ်တိပ်တိပ် ဖြစ်လာတာနဲ့.. စားပွဲ အစွန်းကို လက်နဲ့ ကိုင်ထားရတယ်။
“ကျွန်တော်လည်း တောင်းပန်ပါတယ်”.. သက်ဦးက ပြောတယ်။ .. “ခင်ဗျား အနေနဲ့.. အဖြေတစ်ခု တိတိကျကျ သိချင်မှာပဲ ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့်.. ကျွန်တော် ပြောချင်တာက.. ခင်ဗျား အမေကို ပြန်တွေ့ခဲ့ရင်တောင်.. သူ့ကို လူကောင်းတစ်ယောက် ဖြစ်လာအောင် ဘယ်လို ပြန်လုပ်ပေးမှာလဲ..”
“ရှင့်မှာ မိဘတွေ မရှိဘူးလား ကိုသက်ဦး”.. သူဇာလွင် မေးလိုက်တယ်။
သက်ဦးရဲ့ မျက်နှာ ကွက်ခနဲ ပျက်သွားတယ်။ ဒေါသကို ထိန်းထားရတဲ့ ပုံစံနဲ့ သူ့ နှုတ်ခမ်းက တင်းနေတယ်။
“ကျွန်တော် ကိုယ်ချင်းမစာလို့ ပြောနေတာ မဟုတ်ဘူးဗျ။ ကျွန်တော့်မှာလည်း ကျွန်တော် ချစ်ရတဲ့ မိသားစုရှိတယ်။ ကျွန်တော်လည်း ကျွန်တော့် မိသားစုအတွက်ဆို ဘာမဆို လုပ်မှာပဲ…။ ဒါပေမယ့် ခင်ဗျား အမေက မကောင်းဆိုးဝါး..”
သူဇာလွင် ၀ုန်းခနဲ ထရပ်လိုက်တယ်။
“ရှင့် ပါးစပ်ကို ပိတ်လိုက် ကိုသက်ဦး။ အမေ့ကို အဲဒီလို မပြောနဲ့”..သူဇာလွင် ပိတ်အော်လိုက်တယ်။ အဲဒီလို အော်မိတဲ့အတွက်လည်း သူ့ကိုယ်သူ အံ့ဩတယ်..။ တစ်ခါမှ.. တစ်ကြိမ်မှ မမြင်ဖူး မတွေ့ဖူးတဲ့ အမေ.. ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို.. သူ ဘာလို့ ကာကွယ်ချင်နေတာလဲ။ ဘာလို့ ကယ်တင်ချင်နေတာလဲ..။ သွေးက စကားပြောတယ်..ဆိုတဲ့ ဆိုရိုးကို သူဇာလွင် အပြည့်အ၀ နားလည်လာတယ်။ သူ့ကိုယ်ထဲမှာ ပွက်ပွက်ဆူနေတဲ့ သွေးတွေက မမမေရဲ့ သွေးတွေ..။ ဒီခံစားချက်က.. သူဇာလွင့် ဘ၀ကို အရောင်စုံအောင် အသက်သွင်းပေးနေတယ်။ အဖေမရှိ.. အမေမရှိ.. မိသားစုမရှိ.. ဦးတည်ရာမဲ့ လေလွင့်နေခဲ့တဲ့ နှစ်ပေါင်းများစွာ..။ မိဘမဲ့ တစ်ယောက်အဖြစ်.. လောကဓံကို အမြဲတမ်း အံကြိတ် တောင့်ခံထားခဲ့ရတာတွေ.. သူတပါး မိဘတွေကို တွေ့တိုင်း မနာလိုစိတ်နဲ့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၊ ကြိတ်မှိတ်ငိုကြွေးခဲ့ရတာတွေ..။ အခု.. အမေ ဆိုတာ ရှိနေပါသေးသလား.. ဆိုတဲ့ အသိက သူဇာလွင့် နေ့ရက်တွေကို အဓိပ္ပာယ်ရှိစေတယ်။ သူ ရှူသွင်းနေတဲ့ ဝင်သက်ကို အသက်ဝင်စေတယ်။ မကောင်းဆိုးဝါး..တဲ့..။ အဓိပ္ပာယ်မရှိတဲ့ စကားတွေ..။
သက်ဦးက ထိုင်နေရာက မထ.. သူဇာလွင့်ကို လှမ်းကြည့်တယ်။ သူ့မျက်လုံးတွေက မှိန်ဖျော့နေတယ်။ သူ့ မျက်နှာပေါ်မှာ ပေါ်နေတဲ့ ဘာမှန်းမသိတဲ့ အရိပ်အယောင် .. တစ်ခု။
“ကျွန်မကို ဒီနေရာမှာ ခဏ နားခွင့်ပေးတာ..၊ မနက်စာ ကျွေးတာ ကျေးဇူးတင်တယ်။ ဒါပေမယ့် ကျွန်မ အမေကို ရှင် အဲဒီလို ပြောစရာ မလိုဘူး”
သက်ဦး.. ဘာမှ ပြန်မပြောဘူး။
“ကျွန်မ သွားမယ်”.. သူဇာလွင် ပြောပြီး လှည့်ထွက်လိုက်တယ်။ ခေါင်းထဲမှာ ရိပ်ခနဲ ဖြစ်သွားတယ်။ လူက ဘေးကို ယိုင်ထွက်သွားတယ်။ တစ်ညလုံး မအိပ်ဘဲ လျှောက်သွားထားတဲ့ ဒဏ်တွေ ဖြစ်မယ်..။ ထိုင်ခုံ နောက်မှီကို လှမ်းကိုင် ယိမ်းယိုင်သွားတဲ့ ကိုယ်ခန္ဓာကို ထိန်းလိုက်တယ်။ အလင်းရောင်က စူးလွန်းတယ်။ မျက်လုံးထဲမှာ ပြာချင်သလိုလို ဖြစ်လာတယ်။
“မသူဇာလွင်”.. သက်ဦးက လှမ်းခေါ်တယ်။
သူဇာလွင် လှည့်ကြည့်တယ်။
သက်ဦးက ထိုင်နေရာကနေ ထတယ်။ သူ့ဆီကို တစ်လှမ်းချင်း လျှောက်လာတယ်။
“ခင်ဗျား တော်တော် ထိန်းနိုင်တာပဲ။ အခုထိ မလဲသေးပါလား”.. သက်ဦးက ပြောရင်း.. သူဇာလွင် ထိန်းကိုင်ထားတဲ့ ထိုင်ခုံကို ဖတ်ခနဲ ဆွဲယူလိုက်တယ်။
သူဇာလွင့်လက်တွေ လေထဲမှာ လွတ်ထွက်သွားတယ်..။ အထိန်းမရှိတော့တဲ့ အတွက် ကိုယ်ခန္ဓာက ဘေးကို စောင်းသွားတယ်။ မူးဝေနေတဲ့ ဝေဒနာ .. ဆိုးသထက် ဆိုးလာတယ်။ မြင်ကွင်းတစ်ခုလုံး ချာချာလည်.. ရမ်းခါနေတယ်။ သူ..ဘာဖြစ်သွားသလဲ.. သူဇာလွင် သဘောပေါက်လာတယ်။ ဘာဆက်လုပ်ရမလဲ.. သူဇာလွင် ခေါင်းထဲမှာ ချက်ချင်း အစီအစဉ်တွေ ဆွဲတယ်။
သူဇာလွင်.. သက်ဦးကို လက်နဲ့ လှမ်းဆွဲတယ်..။ မမိဘူး။ လက်တွေက လေကိုပဲ ဖမ်းမိတယ်။
နောက်တစ်ကြိမ် လှမ်းအဖမ်းမှာ သူဇာလွင့် ကိုယ်လုံး ရှေ့ကို ယိုင်ထွက် ကြမ်းပြင်ပေါ်ကို ခွေကျသွားတယ်။
သူ့ဆီကို အရှိန်နဲ့ ပြေးကပ်လာတဲ့ ကြမ်းခင်းပျဉ်ပြားတွေ.. သူဇာလွင့် မျက်နှာကို တည့်တည့်ကြီး ရိုက်မိတယ်။ သူဇာလွင် မျက်လုံးတွေကို မှိတ်လိုက်တယ်။
(၄)
သူဇာလွင် မျက်လုံးတွေကို ပြန်ဖွင့်လိုက်တယ်..။
အခန်းထဲမှာ.. နေအလင်းရောင်သဲ့သဲ့.. ရှိနေတုန်းပဲ။
သူ..အခု ကြမ်းပြင်မှာ ထိုင်နေတယ်။ နံရံကို မှီထားတယ်။ ကျောနောက်မှာ ရောက်နေတဲ့ လက်တွေကို လှုပ်ကြည့်တယ်။ လှုပ်လို့ မရဘူး။ လက်ကောက်ဝတ်နှစ်ခုကို ပတ်ခတ်ထားတဲ့ လက်ထိပ်တစ်စုံ..။
သူဇာလွင် ခေါင်းမော့လိုက်တယ်။
သူ့ကို မတ်တပ်ရပ်ကြည့်နေတဲ့ သက်ဦး။ သူ့မျက်နှာမှာ ဘာအမူအရာမှ မရှိ..။
“ရှင်.. ဘာလုပ်တာလဲ”.. သူဇာလွင် မေးလိုက်တယ်။
သက်ဦးက ချက်ချင်း ပြန်မဖြေ..။ သူဇာလွင့်ကို စိုက်ကြည့်နေတယ်။ တော်တော်လေးကြာမှ.. မျက်နှာလွှဲသွားတယ်။ ပြတင်းပေါက်အပြင်ကို လှမ်းကြည့်တယ်။ တရိပ်ရိပ် ကျလာတဲ့ နေရောင်နဲ့ နီစွေးနေတဲ့ သစ်ကိုင်းသစ်ရွက်တွေကို လှမ်းမြင်ရတယ်။
“ကျွန်တော် ခင်ဗျားကို ကိုယ်ချင်းစာတယ် မသူဇာလွင်”.. သက်ဦးက ပြောတယ်။ .. “မိသားစုအတွက်ဆို ဘာမဆို လုပ်မှာပဲ။ ဟုတ်တယ် မဟုတ်လား”
“ကိုသက်ဦး။ ရှင် ဘာတွေ ပြောနေတာလဲ၊ ကျွန်မ နားမလည်ဘူး”.. သူဇာလွင် ပြန်မေးလိုက်တယ်။ သူဇာလွင့် စိတ်ထဲမှာ ကြောက်စိတ်တော့ ဝင်မလာသေး။ နားမလည်တဲ့ ခံစားချက်တစ်ခုပဲ ခေါင်းထဲမှာ ဟိုဟိုဒီဒီ ပြေးနေတယ်။
သက်ဦးက.. သူ့အိတ်ကပ်ထဲကနေ တစ်ခုခုကို ဆွဲထုတ်တယ်။ သူဇာလွင် မြင်အောင် သူဇာလွင့် မျက်နှာရှေ့မှာ ကပ်ပြတယ်။
ဓာတ်ပုံတစ်ပုံ။
ဓာတ်ပုံထဲမှာ.. ပွေ့ဖက်နေကြတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်။ ကောင်မလေးက အသက် ၂၀ ကျော်ကျော်..။ ကောင်လေးကလည်း သူနဲ့ ရွယ်တူ မတိမ်းမယိမ်း။ ကောင်လေးရဲ့ မျက်နှာက ငယ်သေးပေမယ့် .. သက်ဦးမှန်း သိသာတယ်။ မျက်ခုံးထူထူ၊ နှုတ်ခမ်းပါးပါး၊ မေးရိုးဝိုင်းဝိုင်း..။
“သူ့နာမည်က မေသစ္စာ..တဲ့”.. သက်ဦးက ပြောတယ်။ ဓာတ်ပုံကို အိတ်ထဲ ပြန်ထည့်တယ်။ .. “ကျွန်တော်ကတော့ သူ့ကို မေ..လို့ပဲ ခေါ်တယ်။ သူနဲ့ ကျွန်တော် စပြီး သိတော့.. နှစ်ယောက်စလုံး ကျောင်းပြီးခါစ အချိန်..။ သူက ဆေးတက္ကသိုလ်ဝင်ခွင့်ရတယ်.. ကျွန်တော်က ရဲတပ်ဖွဲ့ထဲ ဝင်ဖို့ ပြင်ဆင်နေတယ်..။ ငယ်ချစ်ဦးတွေ မဟုတ်ပေမယ့်.. သူနဲ့ ကျွန်တော်နဲ့ ဖူးစာပါတယ် ပြောရမယ်..။ မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့ စကား သိပ်မှန်တယ်..။ သူ့ကို ကျွန်တော် စတွေ့တော့..”
“ကျွန်မ စိတ်မဝင်စားဘူး”.. သူဇာလွင် ပြောလိုက်တယ်။
သက်ဦးရဲ့ မျက်နှာ မည်းခနဲ ဖြစ်သွားတယ်။
“ကျွန်မက သတင်းထောက် တစ်ယောက်.. ဆိုတာ ရှင်မေ့နေပြီလား ကိုသက်ဦး။ ရှင်.. ဘာဆက်ပြောမလဲဆိုတာ ကျွန်မ သိနေတယ်။ မဟုတ်တာ လုပ်ထားတဲ့.. မဟုတ်တာ လုပ်တော့မယ့် သူတစ်ယောက်.. သူ့ကိုယ်သူ ကာကွယ်ချင်တဲ့.. အကြောင်းပြချက်တွေ.. စတော့မယ်။ ရှင့်လို လူမျိုးတွေ မရေမတွက်နိုင်အောင် ကျွန်မ တွေ့ခဲ့ပြီးပြီ..။ ဘာကြောင့်.. ဘယ်လို.. ဒါကို လုပ်ရပါတယ်.. ဆိုပြီး အပြစ်ကင်းအောင် ရုန်းထွက်တော့မယ်..။ ဟုတ်တယ် မဟုတ်လား။ ဘာလဲ.. အဲဒီ ကောင်မလေးက ရှင့်ချစ်သူလား.. ရှင့်မိန်းမလား..”
သက်ဦးက..လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်တယ်..။ ဒေါသကြောင့် သူ့မေးရိုးတွေ တင်းနေတယ်။
“ခင်ဗျား သိပ်တော် သိပ်တတ်နေသလား။ ရတယ်လေ။ ညရောက်တဲ့အခါ.. ခင်ဗျား အခုလို တော်နိုင် တတ်နိုင်ဦးမလား စောင့်ကြည့်တာပေါ့”.. သက်ဦးရဲ့ လေသံက အဖျားခတ်ပြီး တုန်နေတယ်။
“ရှင့်ကောင်မလေး.. ဘာဖြစ်လို့လဲ”.. သူဇာလွင် မေးလိုက်တယ်။ သူဇာလွင့် လေသံထဲမှာ စိုးရိမ်စိတ် မပါဘူး။ တုန်မနေဘူး။ သူ အခု ရင်ဆိုင်နေရတဲ့ သက်ဦးဆိုတဲ့ သူက မကောင်းဆိုးဝါး တစ်ကောင် မဟုတ်မှန်း သူဇာလွင် သိတယ်..။ သူဇာလွင့် သတင်းထောက် သက်တမ်းမှာ အကြိမ်ကြိမ် တွေ့ခဲ့ရတဲ့.. ဒုစရိုက်သမားတွေရဲ့ အမူအရာ..။ သူတို့ရဲ့ ဟန်ပန် သွင်ပြင်တွေ.. သက်ဦးမျက်နှာမှာ ပေါ်နေတယ်။
“ကင်ဆာ”.. သက်ဦးက တစ်ခွန်းတည်း ပြန်ဖြေတယ်။
“ဘယ်လောက်ကြာပြီလဲ”
“သိတာတော့ မကြာသေးဘူး။ ဖြစ်နေတာ.. ကြာပြီ။ နောက်ဆုံးအဆင့်ရောက်နေပြီ”.. သက်ဦးက ပြန်ဖြေတယ်။ သူ့မျက်လုံးတွေက သူဇာလွင့်ကို ကြည့်မနေဘဲ.. အဝေးတစ်နေရာကို ငေးနေတယ်။
“အဲဒီတော့.. ရှင်က.. ဟိုမိန်းမ ခိုင်းတာကို လုပ်.. ။ အဲဒီမိန်းမက.. ရှင့် မိန်းမကို မသေအောင် လုပ်ပေးမယ်..။ ဒါပဲ။ ဟုတ်တယ် မဟုတ်လား”.. သူဇာလွင် မေးလိုက်တယ်။
သက်ဦး ဘာမှ ပြန်မဖြေဘူး။
“ကိုသက်ဦး။ ကျွန်မ မေးတာကို ဖြေ”
“ကင်ဆာ.. ကင်ဆာဆိုတာ မကောင်းဆိုးဝါးထက် ဆိုးတယ်။ ခင်ဗျားသိသလား။ ကျွန်တော်.. ကျွန်တော့်ရဲ့ မေ.. အခု ဆံပင်တွေလည်း မရှိတော့ဘူး။ အစာလည်း မဝင်..။ ဆေးရုံရဲ့ အိပ်ရာပေါ်မှာ.. ရက်ပေါင်းများစွာ ဖြစ်နေပြီ..။ သူ့ကို.. သူ့ကို ကျွန်တော်..မှတ်တောင် မမှတ်မိချင်တော့ဘူး..။ ကျွန်တော်.. သူ့အတွက်… ဘာမဆို လုပ်မယ်..။ ဘာဖြစ်ဖြစ်..”
“အဲဒီ မိန်းမလက်ထဲ ထိုးကျွေးလိုက်တာ.. ဘယ်နှယောက် ရှိပြီလဲ ကိုသက်ဦး”.. သူဇာလွင် မေးလိုက်တယ်။
သက်ဦး.. သူဇာလွင့်ဘက်ကို လှည့်လာတယ်။ သူဇာလွင့်ကို စိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေက အရောင်အဆင်းမဲ့.. မှေးမှိန်နေတယ်။
“ကျွန်တော့်မှာ ဘာရွေးစရာ ရှိလို့လဲ..။ ကျွန်တော် ဘာလုပ်ရမှာလဲ။ ခင်ဗျား… ကျွန်တော့်နေရာမှာဆိုရင် ကျွန်တော့်လိုပဲ လုပ်မိမှာပဲ”
သူဇာလွင် ခေါင်းခါလိုက်တယ်။
“လူဆိုတာ သေနေ့စေ့ရင် သေရတာပဲ ကိုသက်ဦး။ ကျွန်မ အမေ.. သေသွားတယ်..ဆိုရင် ကျွန်မ ဖြေသာတယ်။ ဖြေနိုင်တယ်။ သူ ဘ၀ကူး မကောင်းမှာစိုးလို့.. စိတ်ချရအောင်.. ကူညီပေးဖို့.. ဒီကို ကျွန်မ ရောက်လာတာ။ ကျွန်မ အမေသာ.. ရှင်ပြောသလို မကောင်းဆိုးဝါး တစ်ယောက်ဖြစ်နေပြီဆိုရင်.. အမေ့ကို ဝဋ်ချွတ်ပေးဖို့ ကျွန်မ အသင့်ပဲ။ ရှင်နဲ့ ကျွန်မ မတူဘူး ကိုသက်ဦး။ ရှင်ကတော့ ထင်မယ်.. ရှင်.. အခု လုပ်နေတာတွေဟာ ရှင့်မိန်းမကို ကယ်တင်ဖို့ လုပ်နေတာ..လို့..။ ဒါပေမယ့် တကယ်က ရှင်ဟာ တစ်ကိုယ်ကောင်း သမား..။ တစ်ယောက်တည်း ရှင်သန်..ကျန်ရစ်ရမယ့် ဒဏ်ကို မခံနိုင်လို့.. သေမယ့်သူ အသေမဖြောင့်အောင်.. လုပ်နေတာပဲ”
သူဇာလွင့်အနားကို သက်ဦး.. ၀ုန်းခနဲ ရောက်လာတယ်။ ဘယ်လက်နဲ့.. သူဇာလွင့် မျက်နှာကို လက်ပြန် ဖြတ်ရိုက်တယ်။ ဖြောင်းခနဲ အသံနဲ့..အတူ.. သက်ဦး.. စူးစူးဝါးဝါးအော်တယ်။ သွင်သွင်ကျိုးသွားတဲ့ သူ့လက်ချောင်းတွေကို မယုံနိုင်သလို ပြန်ကြည့်တယ်။
“ရှင် တော်တော် တုံးတဲ့သူ”.. သူဇာလွင် ပြောလိုက်တယ်။ .. “ဟိုမိန်းမတွက်.. ရှင် ဖမ်းပေး.. ဖျားယောင်းသွေးဆောင်ပေးနေတဲ့ ရွာသားတွေနဲ့ ကျွန်မနဲ့ မတူဘူး။ ကျွန်မက.. ဒီနေရာ.. ဒီရွာကို တမင်ရှာပြီး လာခဲ့တဲ့သူ။ ပြီးတော့ ကျွန်မက မမမေရဲ့ သမီး”
သူဇာလွင် လက်နှစ်ဖက်ကို ဆောင့်ရုန်းလိုက်တယ်။ ခတ်ထားတဲ့ လက်ထိပ်ရဲ့ သံကြိုးတွေ ပြုတ်ထွက်ကုန်တယ်။ သံကွင်း အစအနတွေ ကြမ်းပေါ်ကို တဒေါက်ဒေါက် ကျတယ်။
သူဇာလွင် မတ်တပ်ထရပ်တယ်။ လက်မှာ ခတ်ထားတဲ့ လက်ထိပ်တွေကို တစ်ခုချင်း ဆွဲခွာတယ်။ လက်ထိပ်အသွားတွေက သူဇာလွင့် ခွန်အားကို မခံနိုင်သလို.. ကွင်းဆက်နေရာတွေ ကျိုးပဲ့ ပြုတ်ထွက်ကုန်တယ်။
“ခင်ဗျား.. ခင်ဗျား..”.. သက်ဦး.. နောက်ကို တစ်လှမ်းချင်းစီ ဆုတ်သွားတယ်။ သူ့မျက်နှာက သွေးဆုတ် ဖြူလျော်နေတယ်။ သူ့နှဖူးမှာ ကြောက်စိတ်ကြောင့် ချွေးစက်တွေ သီးလာတယ်။
“ကျွန်မ ဒီရွာကို ရောက်ကတည်းက..ရှင့်ကိုတွေ့ကတည်းက.. စိတ်ထဲမှာ တစ်မျိုး ဖြစ်နေတာ”.. သူဇာလွင် ပြောရင်း.. သက်ဦးဆီကို တစ်လှမ်းချင်း လှမ်းတယ်။ .. “ရှင်နဲ့ တွေ့ပြီးတဲ့ ညနေမှာပဲ.. ဟိုမိန်းမ.. ကျွန်မတို့နောက်ကို လိုက်လာတာ။ ကျွန်မတို့ ဆိပ်ခုံကို သွားမယ်ဆိုတာ သူ ဘယ်လို သိသလဲ..။ ပြီးတော့ ရှင်ပြောတဲ့ စကားတချို့က အဓိပ္ပာယ် မရှိဘူး။ မုယောမှာ ဆက်နေ.. မုယောရဲ့ အခြေအနေကို အကဲခတ်နေတယ်..ဆိုတာရယ်..။ ပြီးတော့ ဘုန်းကြီးကျောင်းမှာ.. ဘယ်သူမှ မရှိဘဲ ရှင်တစ်ယောက်တည်း ရှိနေတာရယ်..။ ကပ္ပိယ ဆိုတဲ့ လူလည်း ဘယ်မှာလဲ..၊ ရှင် ထိုးကျွေးလိုက်ပြီလား”
သက်ဦး နောက်ကို ဆုတ်ရင်း ဆုတ်ရင်း.. သွားစရာနေရာမရှိတော့၊ နံရံနဲ့ ကျောနဲ့ ကပ်နေတယ်။
“မဟုတ်ဘူး.. မဟုတ်ဘူး။ ဒီကျောင်းမှာ ဘယ်သူမှ မရှိတော့တာ ကြာပြီ.. ကျွန်တော်.. ကျွန်တော် တစ်ယောက်တည်း..”
“ကျွန်မတို့ကို အယုံသွင်းတဲ့ အနေနဲ့ ပရိတ်ရည်တောင် ပေးလိုက်သေးတယ်နော်..။ ရှင်က မကောင်းဆိုးဝါးတော့ မဟုတ်ဘူး။ ဒါကို ကျွန်မ သိတယ်။ ရှင်က မကောင်းဆိုးဝါးထက် ဆိုးတယ်။ လူလိမ်။ လူယုတ်မာ။ လူသတ်သမား”
“ကျွန်တော့်မှာ ရွေးစရာ မရှိ..”
သက်ဦးစကားမဆုံးခင်မှာ သူဇာလွင့် လက်သီးတစ်ချက် အရှိန်နဲ့ ထွက်၊ သက်ဦးမျက်နှာဘေးကနေ ဖြတ်တယ်။ လက်သီးချက်မိသွားတဲ့ နံရံပျဉ်ပြား.. အထဲကို ကျွံဝင်သွားတယ်။ ဖွာထွက်လာတဲ့ သစ်သား အစအနတွေ.. သက်ဦး မျက်နှာကို စင်တယ်။ သက်ဦး.. သူ့မျက်နှာသူ လက်နှစ်ဖက်နဲ့ ကပျာကရာ ကာတယ်။
“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ ရွေးစရာ ရှိတယ်။ ရှင့်မှာ ရွေးချယ်ပိုင်ခွင့် ရှိတယ်။ ဒီလမ်းကို ရှင်.. တမင်ရွေးတာ။ လွယ်တယ်လေ.. ဟုတ်တယ် မဟုတ်လား။ ဒီလမ်းက လွယ်တယ်လေ..။ ဟိုမိန်းမ ခိုင်းတာတွေကို အကုန် လိုက်လုပ်ပေးရုံပဲ။ ရှင်လည်း အသတ်မခံရဘူး။ ရှင့်မိန်းမလည်း မသေတော့ဘူး။ အလွယ်ဆုံးမို့လို့ ရှင် .. ဒီလမ်းကို ရွေးလိုက်တာ။ အဲဒါကို ဝန်ခံ”
သက်ဦး.. မျက်ရည်တွေ ကျလာတယ်။ လက်နှဖက်ကို ဘေးတစ်ဖက်တစ်ချက်စီမှာ ချရင်း.. နံရံကို မှီ.. ထိုင်ချလိုက်တယ်။
“ကျွန်တော်.. ကျွန်တော် သတ္တိ မရှိဘူး။ .. အိပ်မက်ဆိုးတွေ.. အိမ်မက်ထဲမှာ တချိန်လုံး ကြားနေရတဲ့.. အဲဒီ မိန်းမရဲ့ အသံတွေ…. ပြီးတော့.. မေ.. မေ.. ခံစားနေရတာတွေ..”
“အဲဒါနဲ့ပဲ.. ဒီတစ်ရွာလုံးကို ရှင် ဒုက္ခပေးလိုက်ရောလား။ ဒါ တရားသလား”
သက်ဦးက ခေါင်းခါတယ်။
“ကျွန်တော် မသိဘူး။.. ကျွန်တော်.. သေချင်တယ်။ သေချင်တာပဲ သိတယ်။ ခင်ဗျား ကျွန်တော့်ကို သတ်မှာလား.. သတ်လိုက်ပါတော့လား”
သူဇာလွင် သက်ဦးကို ငုံ့ကြည့်တယ်။ သနားစရာ သတ္တဝါတစ်ကောင်ကိုပဲ.. သူ မြင်နေတယ်။
“ကျွန်မ လူသတ်သမား မဟုတ်ဘူး”.. သူဇာလွင် ပြောလိုက်တယ်။
သူဇာလွင့် လက်နှစ်ဖက်.. သက်ဦးရဲ့ လည်ပင်းဆီကို ရောက်သွားတယ်။ လက်နှစ်ဖက်နဲ့ ဆွဲမလိုက်တော့ သက်ဦးရဲ့ တစ်ကိုယ်လုံး ဖွဲအိတ်တစ်အိတ်လို မြောက်ပါလာတယ်။
“ရှင် အဲဒီ မိန်းမနဲ့ ဘယ်လို ဆက်သွယ်နေသလဲ။ ဘယ်လို ချိန်းတွေ့နေသလဲ။ ကျွန်မ သိချင်တယ်”
သက်ဦးရဲ့ မျက်နှာတစ်ခုလုံး နီရဲလာတယ်။ အသက်ရှူမရတော့တဲ့အတွက် ပါးစပ်က ငါးတစ်ကောင်လို တဟပ်ဟပ်ဖြစ်နေတယ်။ သူ့လက်တွေက သူဇာလွင့် လက်ချောင်းတွေကို ဆွဲဖယ်ဖို့ ကြိုးစားနေတယ်။ ခြေထောက်တွေ လေထဲမှာ ရုန်းရင်းဆန်ခတ်..။
လည်ပင်းညှစ်ထားတာကို နည်းနည်း လျှော့ပေးလိုက်တော့မှ.. သက်ဦးရဲ့ ပါးစပ်က စကားသံတချို့ ခုန်ထွက်လာတယ်။
“မြူ.. မြူ..တွေကြားမှာ..”
+++
အခန်း (၄၈)
-(မင်းခန့်ထူး)-
(၁)
ဒီည.. သာမန်ထက် ပိုအေးနေတယ်။
ရန်နိုင့်နောက်က ထိုင်လိုက်ရတဲ့အတွက်.. လေအေးက မင်းခန့်ထူးကို တိုက်ရိုက် မထိတာတောင်.. မင်းခန့်ထူး မျက်နှာတစ်ခုလုံး အေးစက်ပြီး ကျိန်းစပ်စပ်ဖြစ်နေတယ်။
ဆိုင်ကယ် မီးရောင်အောက်မှာ ထူထဲနေတဲ့ မြူခိုးတွေ..။
မုယောနဲ့ နီးလာတာနဲ့ အမျှ.. မြူတွေက ပိုပြီး သိပ်သည်းလာတယ်။ ရှေ့ကို တစ်ပြထက် ပိုမမြင်ရ..။ မင်းခန့်ထူး ဝတ်ထားတဲ့ အင်္ကျီတစ်ခုလုံး မြူတွေနဲ့ ရွှဲရွှဲစိုချင်နေတယ်။
ဆိုင်ကယ်က.. အနောက်မုယော လမ်းခွဲထဲကို ကွေ့ဝင်တယ်။
ရန်နိုင်ဆိုတဲ့ ကောင်လေး.. ဆိုင်ကယ်မောင်းတာ တော်တော် ကျွမ်းတယ် ပြောရမယ်။ မြေစိုင်ခဲတွေ၊ ချိုင့်ခွက်တွေကို အရှိန်မလျှော့ဘဲ ဝီးခနဲ ဝှေ့ခနဲ ကွေ့ရှောင်တယ်။ လမ်းဘေးက သစ်ပင်ရှည်တွေ တရိပ်ရိပ် ကျန်ခဲ့တယ်။ မင်းခန့်ထူးရဲ့ လက်တစ်ဖက်က ဆိုင်ကယ်နောက်က လက်ရမ်းကို ကိုင်၊ တစ်ဖက်က မမမေရဲ့ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတယ်။
ခင်ဗျား.. ဘာတွေ ဖြစ်နေပြီလဲ မသူဇာ..။
+++
အခန်း (၄၉)
-(သူဇာလွင်)-
(၁)
တောစပ်ကိုရောက်တော့ မိုးစုန်းစုန်း ချုပ်နေပြီ။
သက်ဦးက ဆိုင်ကယ်ဘေးမှာ ခေါင်းငိုက်စိုက်ချ.. မတ်တပ်ရပ်နေတယ်။
သူဇာလွင်.. ဆိုင်ကယ်ပေါ်က ဆင်းတယ်။ ရေတွင်းပျက်ဘက်ကို လှမ်းကြည့်တယ်။
မြင်လိုက်ရတဲ့ မြင်ကွင်းကို သူ.. မယုံနိုင်ဘူး။
ရေတွင်းပတ်ပတ်လည်ကို ဝန်းရံ.. ကောင်းကင်ဘက်ကိုဦးတည်.. ပြောင်းပြန်စီးနေတဲ့ ရေတံခွန်တစ်ခုလို.. အတန်းလိုက်..အတန်းလိုက် ထောင်တက်နေတဲ့ မြူခိုးငွေ့တွေ..။
မြူတွေက သိပ်သည်းလွန်းတယ်။ မြူတန်းတွေက ရင်ကြားဆက် မရှိ လုံးထွေးပြီး တံတိုင်းတစ်ခုလို ဖြစ်နေတယ်။ ..
“အဲဒါ.. ဘာလဲ..”.. သူဇာလွင် မေးလိုက်တယ်။
“သူ… နေတဲ့ နေရာ..။ အကုန်လုံး အဲဒီထဲက ထွက်လာတာ”…သက်ဦးက ခေါင်းငုံ့နေရင်း ပြန်ဖြေတယ်။
“အထဲက ထွက်လာတာ.. ဟုတ်လား။ အထဲမှာ ဘာရှိလို့လဲ။ ရှင် ရောက်ဖူးသလား”.. သူဇာလွင် မေးလိုက်တယ်။
သက်ဦးက အခုမှ မော့ကြည့်တယ်။ သူ့မျက်လုံးတွေက ကြောက်စိတ်ကြောင့် ပြူးကြောင်ကြောင် ဖြစ်နေတယ်။
“ဘာလို့.. ဘာလို့ ဝင်ရမှာလဲ..။ ဘာရှိသလဲ ကျွန်တော် မသိဘူး။ သူ အဲဒီ အထဲက ထွက်လာတာပဲ သိတယ်..။ သူ လာတော့မယ်ဆိုရင်.. အဲဒီ မြူတွေ ပေါ်လာတာပဲ.. ဒါပဲ.. ကျွန်တော် သိတာ ဒါ အကုန်ပဲ”
မနေ့ညက.. ဒီမြူခိုးတွေ မတွေ့မိဘူး..။ သူဇာလွင် တွေးတယ်။ မနေ့က ဒီနားမှာ သူ အကြာကြီး ထိုင်စောင့်နေခဲ့သေးတယ်။ ဘာမှ မရှိဘူး။ ပုံမှန် ညတစ်ညပဲ..။ ဒီညကတော့.. မနေ့နဲ့ လုံး၀မတူ.. ညရဲ့ အရသာကိုက ပြောင်းလဲနေတယ်။ လေထုက ပုံမှန်ထက် သိပ်သည်းနေတယ်။
“ရှင် ဘယ်မှ မသွားနဲ့။ ဒီမှာပဲနေ။ ရှင်နဲ့ ကျွန်မ ဇာတ်လမ်း မပြီးသေးဘူး”.. သူဇာလွင် ပြောလိုက်တယ်။
သက်ဦးက ငိုသံ တစ်ဝက်နဲ့ ရယ်တယ်..။
“ကျွန်တော့် ဇာတ်လမ်းကတော့ ပြီးပြီ.. ။ သူ.. ကျွန်တော့်ကို အရှင်ထားမှာ မဟုတ်ဘူး.. ခင်ဗျားကို ဒီနေရာကို ခေါ်လာပြလို့.. ကျွန်တော့်ကို သစ္စာဖောက်လို့ ထင်တော့မှာ.. ကျွန်တော့်ကို.. ”
သူ့စကားကို သူဇာလွင် အဆုံးထိ နားမထောင်တော့ဘဲ လှည့်ထွက်၊ မြူတံတိုင်းဘက်ကို တစ်လှမ်းချင်း လျှောက်တယ်။ သက်ဦးဆိုတဲ့သူအတွက် သူဇာလွင် ဘာခံစားချက်မှ မျှမပေးနိုင်ဘူး။ သူရဲဘောကြောင်တဲ့သူ၊ တစ်ကိုယ်ကောင်းဆန်တဲ့သူ..။ ရုတ်တရက်.. မင်းခန့်ထူးကို သူဇာလွင် အရမ်းသတိရသွားတယ်။ သူ့ကိုယ်ထဲမှာ မကောင်းဆိုးဝါးကို နှစ် ၂၀ ကျော် မျိုသိပ်.. ထိန်းထားနိုင်ခဲ့တဲ့သူ..။ ကိုမင်းခန့်.. ရှင်.. ရန်ကုန် ပြန်နေပြီလား။
မြူတွေထဲကနေ တိုးထွက်လာတဲ့ အရိပ်တစ်ရိပ်..။
သူဇာလွင် ခြေလှမ်းကို ရပ်လိုက်တယ်..။
မြူထဲက ထွက်လာတဲ့ လူရိပ်က.. ဇဝေဇဝါနဲ့ ခဏ မတ်တပ်ရပ်နေတယ်။ ဘေးဘီဝဲယာကို ငှက်တစ်ကောင်လို.. ဆတ်ခနဲ ဆတ်ခနဲ လှည့်ကြည့်တယ်..။ အဝေးကကြည့်တော့ သေချာမမြင်ရပေမယ့် လူရိပ်က.. မိန်းကလေးတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ပဲ။ လူရိပ်က.. မတ်တပ်ရပ်နေရာကနေ လေးဘက်ထောက်ချလိုက်တယ်။ သူ့ ကျောပြင်တစ်ခုလုံး.. အပေါ်ကို ခုံးတက်လာတယ်။
သူဇာလွင် ဒူးထောက် လိုက်တယ်..။ မြက်ပင် မတိုမရှည်တွေကြားမှာ.. အကာအကွယ် ယူလိုက်တယ်။
မြူတံတိုင်းထဲကနေ နောက်ထပ် လူရိပ်တစ်ရိပ် ထွက်လာပြန်တယ်..။
ဒီလူရိပ်က အကောင်သေးတယ်။
ဆံပင် ကုပ်ဝဲနဲ့.. ကလေးမလေး တစ်ယောက်..။
သူဇာလွင် အသက်ရှူသံ မြန်လာတယ်။ ရင်ထဲမှာ တဒိတ်ဒိတ် ဖြစ်လာတယ်။ ငါ..တစ်ယောက်တည်း..။ ငါ တစ်ယောက်တည်းနဲ့.. ဖြစ်ပါ့မလား..။ ဟိုမိန်းမကို ရင်ဆိုင်မယ်ဆိုပြီး ထွက်လာခဲ့ပေမယ့်.. တကယ်တမ်း နှဖူးတွေ့ ဒူးတွေ့ တွေ့တဲ့အခါ.. သူ့မှာ ခွန်အား ရှိမရှိ သူဇာလွင် မသေချာဘူး..။
မြူတွေထဲကနေ..နောက်ထပ် တစ်ယောက် ထွက်လာပြန်တယ်..။
ဒီလူရိပ်ကို ကြည့်ပြီး.. သူဇာလွင့် တစ်ကိုယ်လုံး တောင့်တင်းသွားတယ်။
ခါးအထိ စင်းကျနေတဲ့ ဆံပင်ရှည်ရှည်တွေ..။
ဟိုမိန်းမ..
သူဇာလွင် မတ်တပ်ထရပ်လိုက်တယ်။ သူ့ရဲ့ ဇဝေဇဝါ.. အတွေးတွေကို ဒေါသစိတ်က.. တိုက်ထုတ်သွားတယ်။
ဟေးခနဲ… စိန်ခေါ်မလို့ သူဇာလွင် ပါးစပ်ကို ဟတယ်..။
ဒါပေမယ့်.. သူဇာလွင် မျက်လုံးပြူးသွားတယ်။
ဟိုမိန်းမ နောက်ကနေ ဆက်တိုက် လိုက်ထွက်လာတဲ့ လူရိပ်တွေကို သူဇာလွင် မြင်သွားတယ်။
သူ့ပါးစပ် ပြန်ပိတ်သွားတယ်။ မတ်တပ်ရပ်နေရာကနေ ချက်ချင်းပြန် ထိုင်ချ၊ မြေကြီးမှာ မဝပ်ရုံတမည်.. ဒူးထောက်လိုက်ရတယ်။
ပုရွက်အုံ တစ်အုံကို တုတ်နဲ့ ထိုးလိုက်သလို.. မြူတံတိုင်းထဲကနေ စုပြုံ တိုးထွက်လာကြတဲ့ မကောင်းဆိုးဝါးတွေ..။
+++
(ဆက်ရန်)