+++++++++++
အခန်း (၄၅)
-(မင်းခန့်ထူး)-
(၁)
အချိန်တွေ နှေးကျသွားတယ်။
စက္ကန့်တိုင်း မိနစ်တိုင်းက ရက်လချီ ကြာရှည်သွားသလို..၊ ဦးနှောက်ထဲက အတွေးတွေကလည်း လေပြင်းထဲက ပင့်ကူမျှင်တွေလို ခိုင်မာမှု မရှိ၊ နေရာအတည်တကျ မရှိ.. လွင့်လူးနေတယ်။
မင်းခန့်ထူး သိပ်ကို ပင်ပန်းနေပြီ။
သူ ဘယ်လောက် မောပန်းချည့်နဲ့ နေတယ်ဆိုတာ.. အခုလို တစ်ယောက်တည်း တွေးချင်ရာတွေး နေတဲ့ အချိန်တွေမှာ ပို သိသာလာတယ်။ မမှတ်မိချင်တဲ့ အမှတ်တရတွေဆီ ပြေးထွက်သွားတဲ့ အတွေးတွေကို လှမ်းဆွဲဖို့ အားအင်တောင် မရှိတော့။ ဟိုး.. လွန်ခဲ့သော နှစ်ပေါင်းများစွာ.. စကားဝါ ဆိုတဲ့ ရွာလေးတစ်ခုဆီကို ခွန်အားအပြည့်၊ ရည်ရွယ်ချက် အပြည့်နဲ့ ခရီးနှင်နေခဲ့တဲ့ လူငယ်လေး..။ အခု အဲဒီ လူငယ်တစ်ယောက်ရဲ့ ခံယူချက်တွေ၊ အင်အားတွေ၊ ယုံကြည်မှုတွေ.. ဘာဆိုဘာမှ မကျန်တော့။ မုယောရဲ့ ပြဿနာ အသစ်အတွက် မင်းခန့်ထူး အဆင်သင့် မဖြစ်နိုင်တော့ဘူး ထင်တယ်။
“ကျွန်မ ဘေးမှာ ရှင် ရှိနေလို့ မဖြစ်ဘူး”.. တဲ့။ သူဇာလွင့်ရဲ့ စကား..။ မနက်ကတည်းကနေ.. အခု.. ညနေစောင်း နေဝင်ကာနီး အချိန်အထိ.. ဒီစကားတစ်ခွန်းက မင်းခန့်ထူးရဲ့ နားစည်ထဲမှာ ဘောင်ဘင်ခတ် ပဲ့တင်ရိုက်နေတယ်။
သူဇာလွင့်ကို သူ အပြစ် မတင်ဘူး။
သူ နားလည်တယ်။ တစ်သက်လုံး တစ်ယောက်တည်း ကျင်လည် ရှင်သန်လာရတဲ့ သူအချင်းချင်း.. သူ ကိုယ်ချင်းစာတယ်။ ဘယ်သူ့ကိုမှ တွယ်တာမှီခိုတာမျိုး မရှိ၊ ဘယ်သူ့ကိုမှ အားကိုးလို့မရ.. ကိုယ့်ပြဿနာ ကိုယ်သာရှင်း၊ ကိုယ့်ဒုက္ခကိုယ် လည်စဉ်းခံ.. ဘ၀ကို တစ်ကိုယ်တည်း ဖြတ်သန်းလာရတဲ့ သူတွေ..။
လက်ထဲက ဟန်းဖုန်းကို ဖွင့်လိုက်.. ပြန်ပိတ်လိုက် လုပ်နေရင်း မင်းခန့်ထူး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ.. ဆောက်တည်ရာမဲ့ ဖြစ်နေတယ်။ ဟိုတယ် အခန်းပြတင်းကနေ.. အပြင်ကို လှမ်းကြည့်လိုက်တော့.. ကျနေရောင်ရဲ့ အလင်းက ဖျော့တော့နေပြီ။
မကြာခင် နေဝင်တော့မယ်..။
မုယောရဲ့ အမှောင်ထဲကို တစ်ယောက်တည်း ဝင်တိုးဖို့ ထွက်သွားတဲ့ သူဇာလွင်။
ဘာကြောင့်.. သူ့ခေါင်းထဲမှာ.. ဒီမိန်းကလေးက ဒီလောက် နေရာယူထားသလဲ.. မင်းခန့်ထူး စဉ်းစားလို့ မရဘူး။ စကားဝါ ပြဿနာ..မတိုင်ခင်.. မင်းခန့်ထူးရဲ့ ငယ်ဘ၀ သက်တမ်း တလျှောက်လုံးမှာ မိန်းကလေးတွေ အများကြီးနဲ့ ပတ်သက်ခဲ့ဖူးတယ်။ သမီးရည်းစားတွေ ရှိခဲ့ဖူးသလို.. ချစ်သူဘ၀တွေကိုလည်း ဖြတ်သန်းခဲ့ဖူးတယ်။ အဲဒီ မိန်းကလေးတွေဆီက ရခဲ့တဲ့ ရင်မောစရာ စိတ်လှုပ်ရှားမှုတွေ၊ ပူလောင်ပြင်းပြတဲ့ ခံစားမှုတွေ..
ဒါပေမယ့် သူဇာလွင့် ဆီကနေ ပြန့်လွင့်လာတဲ့ ခံစားမှုက သူတို့နဲ့ မတူ.. ငြိမ်သက်အေးချမ်းနေတယ်။ အဲဒီ အေးစက်မှုကိုပဲ မင်းခန့်ထူး တစ်ယောက် စွဲတမက်မက်ဖြစ်နေသလား။ သူ မသေချာဘူး။ သူ့ရုံးခန်းထဲကို ဒီမိန်းကလေး.. ခြေချ.. ဝင်လာတဲ့ နေ့ကတည်းက ဒီခံစားချက်က မရပ်မနား.. မင်းခန့်ထူးရဲ့ ကိုယ်ထဲမှာ လှိုက်စား အနည်ထိုင်နေခဲ့တာ။
မင်းခန့်ထူး.. သက်ပြင်းအရှည်ကြီး ချလိုက်တယ်။ ဖုန်းကို ပြန်ပိတ်တယ်။ ဘာဆက်လုပ်ရမှန်းမသိ လမ်းပျောက်၊ ထိုင်ခုံမှာ ငုတ်တုတ်ထိုင်.. ဒီဖုန်းကို အကြိမ်ကြိမ်ဖွင့်.. သူဇာလွင့် ဖုန်းနံပါတ်ကို နှိပ်လိုက်၊ ပြန်ဖျက်လိုက် လုပ်နေခဲ့တာ မနေ့ကတည်းကပဲ။ မနေ့ည တစ်ညလုံး မင်းခန့်ထူး အိပ်မပျော်ဘူး။ သူဇာလွင် ဘာတွေ ဖြစ်နေပြီလဲ.. ဆိုတဲ့ အတွေးနဲ့ မိုးစင်စင်လင်းသွားတယ်။
ဒီနေ့ တစ်နေ့လုံးလည်း ချီတုံချတုံ..။ မုယောကို လိုက်သွားဖို့ ခြေလှမ်း အကြိမ်ကြိမ်ပြင်တယ်..။ သူ့ကို နှုတ်ဆက်..ထွက်ခွာသွားတဲ့ သူဇာလွင့် စကားတွေကို ပြန်ကြားယောင်.. ခြေလှမ်းက ရပ်သွားတယ်။
လိုက်သွားပြီး.. ဘာပြောရမှာလဲ။ ခင်ဗျားကို စိတ်မချလို့.. လိုက်လာတာပါ..လို့..တောင်းပန်ရမလား။ အဓိပ္ပာယ်မရှိလိုက်တာ။ စိတ်မချရအောင်.. သူဇာလွင် ဘယ်လို မိန်းကလေးမျိုးလဲဆိုတာ နှစ်ယောက်စလုံး သိနေတာပဲ။ ပပဝေ..တဲ့။ ပါးစပ်က အဲဒီ နာမည်ကို အသံထွက်ခေါ်ရင်း မင်းခန့်ထူး ပြုံးမိသွားတယ်။ သူဇာလွင်နဲ့ တစ်စက်မှ မလိုက်ဖက်တဲ့ နာမည်..။ မင်းခန့်ထူး ကိုယ်တိုင်လည်း သူဇာလွင့်ကို အဲဒီနာမည်နဲ့ တစ်ခါမှ တပ်မခေါ်ဖူးသလို.. သူဇာလွင်ကလည်း ဒီနာမည်ကို စကားမစ.. မေ့ချင်ယောင် ဆောင်ထားတယ်။
ဆိုင်ကယ်ပေါ်တက်.. မောင်းထွက်သွားတဲ့ သူဇာလွင့်ပုံစံကို ကြည့်ရင်း မမမေကို သတိရမိသွားတာတော့ အမှန်ပဲ။ မမမေအကြောင်း စဉ်းစားလိုက်တော့ မင်းခန့်ထူး ပိုပြီး အားငယ်သွားတယ်။ သုံးမရခဲ့တဲ့ သူ့ကိုယ်သူ ပိုလို့ စိတ်ဓာတ်ကျလာတယ်။ စကားဝါမှာတုန်းက သူ့အသက်ကိုကယ်.. သေတော့မလို ဖြစ်ခဲ့တဲ့ မမမေ..။ အခု မုယော ကျတော့လည်း သူ့သမီးကို ငါ ဆက်ပြီး ဒုက္ခပေးနေဦးမလား။
ရရာ ကားတစ်စီးကို လှမ်းငှား.. မုယောကို လိုက်ချသွားလိုက်ရင်..
ဒါပေမယ့် သူဇာလွင့်ကို သူ ဘယ်လို ကူညီနိုင်မလဲ.. မင်းခန့်ထူး စဉ်းစားကြည့်တယ်။ အဖြေ ထွက်မလာဘူး။ သူ့အတွက် စိတ်ပူနေရတာနဲ့ သူဇာလွင် ပို ဒုက္ခရောက်သွားတာပဲ ရှိမယ်။ ဒါပေမယ့်.. ဒီအတိုင်း ထားခဲ့ပြီး ရန်ကုန်ကို ပြန်သွားဖို့ ဆိုတာကလည်း.. မဖြစ်နိုင်။ ဘယ်လိုမှ မလုပ်နိုင်ဘူး။
အဲဒီတော့ ငါ ဘာဆက်လုပ်မလဲ..။ ဒီ ဟိုတယ်ခန်းထဲမှာ ငုတ်တုတ်ထိုင်၊ သူဇာလွင် ပြန်လာတဲ့အထိ ထိုင်စောင့်နေရမှာလား။ သူဇာလွင် ပြန်မလာတော့ရင်ရော..၊ ဟိုမိန်းမ လက်ချက်နဲ့ အသက်ထွက်သွားရင်ရော.. မင်း ဘာဆက်လုပ်မှာလဲ..
မင်းခန့်ထူး.. သူဇာလွင့် ဖုန်းနံပါတ်ကို နှိပ်တယ်။ ဖုန်းခေါ်ကြည့်တယ်။ ဖုန်းမြည်သံကို နားထောင်ရင်း အသက်ကို ပြင်းပြင်း ရှူတယ်။
ဟိုဘက်က.. ဖုန်းမကိုင်ဘူး။
စိတ်ပျက်လက်ပျက်နဲ့ ဖုန်းကို စားပွဲပေါ် ပစ်တင်တယ်။ ထိုင်နေရာကနေထ.. ဟိုတယ်ခန်း ကျဉ်းကျဉ်းလေးထဲမှာ ဟိုဘက်ဒီဘက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်တယ်။ ပွထနေတဲ့ ဆံပင်တွေကို ပိုပြီး ရှုပ်ထွေးသွားအောင် လက်ချောင်းတွေနဲ့ထည့်မွှေတယ်။ သက်ပြင်းကို အခေါက်ပေါင်းများစွာ ချတယ်။ နေရောင် ကျလာတာနဲ့ အမျှ မင်းခန့်ထူးရင်ထဲက စိုးရိပ်စိတ်က အကောင်အထည် ပိုကြီးလာတယ်။
ဖြစ်ချင်ရာဖြစ်..
မင်းခန့်ထူး စိတ်ကို ဒုန်းဒုန်း ချလိုက်တယ်။ အဝတ်အစား ခပ်သွက်သွက်လဲတယ်။ ဟန်းဖုန်းကို ဘောင်းဘီအိတ်ထဲ ထိုးထည့်တယ်။
“ခင်ဗျား ကျွန်တော့်ကို အပြစ်တင်ရင်လည်းတင်.. ကျွန်တော်တော့ ခင်ဗျားနောက် လိုက်လာပြီ မသူဇာ”.. တစ်ယောက်တည်း ပါးစပ်ကနေ တိုးတိုးရွတ်ရင်း အခန်းတံခါးဆီကို လျှောက်တယ်။
တံခါးလက်ကိုင်ကို လှမ်းဆွဲတော့မလို့ အလုပ်မှာ.. တံခါးခေါက်သံ ထွက်လာတယ်။
(၂)
ဒေါက် ဒေါက် ဒေါက်..ဆိုတဲ့ တံခါး ခေါက်သံ ၃ ချက်.. အပြီးမှာ မင်းခန့်ထူးရဲ့ ဦးနှောက်ထဲ အချက်ပေး ခေါင်းလောင်းသံတွေ ဆူညံကုန်တယ်။
အချိန်ကို ကြည့်လိုက်တော့ ညနေ ၆ နာရီခွဲ။
ဒီအချိန်.. ဒီနေရာမှာ ဒီအခန်းကို လာစရာလူ ဘယ်သူမှ မရှိ။ အထူးသဖြင့်.. ဒီလို ဟိုတယ် သေးသေးစုတ်စုတ်လေးမှာ အခန်းကို တကူးတက လာသတင်းမေးမယ့် ဝန်ထမ်းတွေ မရှိဘူး။ အစားအသောက်ပို့တဲ့ ဝန်ဆောင်မှုလည်း မရှိဘူး။ .. မင်း ဘာတွေ စိတ်ပူနေတာလဲ.. မင်းခန့်ထူး။ သူ့ကိုယ်သူ ပြန်အားပေးတယ်။ ထစ်ခနဲဆို တစ်ခုခုဖြစ်တော့မယ်လို့ ထင်နေတဲ့ စိတ်ကို ဖျောက်။ ဟိုတယ် အခန်းတံခါး ခေါက်သံ ကြားတာနဲ့ သတိအနေအထား ဖြစ်နေရအောင်.. သူက ကြေးစားလူသတ်သမားလည်း မဟုတ်၊ ၀ရမ်းပြေးလည်း မဟုတ်။
သူဇာလွင် ပြန်လာတာများလား..။ မျှော်လင့်ချက် တစ်စွန်းတစ်စကြောင့် မင်းခန့်ထူး ပြုံးမိ မလိုလိုတောင် ဖြစ်သွားတယ်။ မဖြစ်နိုင်ဘူး..။ သူ ဖုန်းဆက်တာတောင် မကိုင်တော့တာ.. ဒီကို ပြန်လာစရာ အကြောင်း ဘာမှ မရှိ။
မင်းခန့်ထူး.. အခန်းတံခါးကို ဆွဲဖွင့်လိုက်တယ်။
တံခါး၀မှာ ရပ်နေတဲ့ ကောင်လေးတစ်ယောက်။
အသက်တော်တော် ငယ်ဦးမယ်။ ၂၀ တောင် ပြည့်သေးပုံမပေါ်။
အသားညိုညို၊ မျက်နှာရှည်ရှည်..။ ဆံပင်တွေက လည်ကုတ်အထိ ဝဲကျနေတယ်။ တီရှပ်အပြာနဲ့ ဂျင်းဘောင်းဘီ အနက်.. ဝတ်ထားတဲ့ ကိုယ်ခန္ဓာက ပိန်သွယ်သွယ်။ အရပ်ကတော့ မင်းခန့်ထူးနဲ့ တူတူလောက်နီးနီး..မြင့်တယ်။ ထူးဆန်းတာက ကောင်လေးရဲ့ မျက်လုံး အရောင် တောက်တောက်တွေ..။ ပြီးတော့ သူ့လက်ထဲမှာ ကိုင်ထားတဲ့ စောင်လိုလို..ပုဝါလိုလို.. အဝတ်နဲ့ ပတ်ထုတ်ထားတဲ့ ခပ်ရှည်ရှည် အချောင်းတစ်ချောင်း။
သူ့ကို မျက်မှောင်ကြုတ်ပြီး ကြည့်နေတဲ့ မင်းခန့်ထူးကို.. ကောင်လေးက ပြန်ကြည့်နေတယ်။ နှစ်ယောက်စလုံး စကားမစဖြစ်.. တစ်ယောက်နဲ့ တစ်ယောက် အကဲခတ်နေကြတယ်။ ဒီကောင်လေးကို.. ငါ မြင်ဖူးသလိုလိုပဲ..။ မင်းခန့်ထူး တွေးမိတယ်။ ဒါပေမယ့် သေချာ မမှတ်မိ.. အစဖော်လို့ မရ။
“ဦးမင်းခန့်ထူးလားခင်ဗျ”.. ကောင်လေးက မေးတယ်။
မင်းခန့်ထူး ကြောင်တောင်တောင် ဖြစ်သွားတယ်။ သူ့နာမည်အရင်းကို ပိုင်ပိုင်နိုင်နိုင် ခေါ်လိုက်တဲ့အတွက်..။ ပြီးတော့ ကောင်လေးရဲ့ ပုံစံက.. မင်းခန့်ထူးကို မြင်ဖူးနေသလိုလို.. ရင်းနှီးနေသလိုလို..။
“မင်းက ဘယ်သူလဲ”.. မင်းခန့်ထူး ပြန်မေးလိုက်တယ်။ ဟိုတယ် အခန်းတံခါးကို နောက်မှာ အသာ ပြန်စေ့တယ်။ အခန်းပြင်ကို ခြေတစ်လှမ်းထွက်တယ်။ ကောင်လေးက နောက်ကို တစ်လှမ်း ဆုတ်သွားတယ်။ နှစ်ထပ်တိုက် ဟိုတယ်ရဲ့ အပေါ်ထပ် ၀ရန်တာမှာ သူတို့ နှစ်ယောက်ကလွဲရင် ဘယ်သူမှ မရှိ။ ညနေစောင်းပြီမို့.. ကော်ရစ်ဒါ ရဲ့ မီးဝါဝါတွေပတ်လည်မှာ.. ပိုးကောင်မွားကောင်တွေ ပလူပျံစပြုပြီ။
ကောင်လေးက မင်းခန့်ထူးကို အကြာကြီး စိုက်ကြည့်နေတယ်။ တစ်ခုခုကို ပြောချင်သလိုလို.. ပြောသင့် မပြောသင့် စဉ်းစားနေသလို.. သူ့ပုံစံက ဇဝေဇဝါ ဖြစ်နေတယ်။ တော်တော်လေး ကြာမှ..
“ကျွန်တော်.. ကျွန်တော် ရန်နိုင်ပါ”.. ကောင်လေးက ပြောတယ်။
ရုတ်တရက်.. ဒီနာမည်ကို မင်းခန့်ထူး မမှတ်မိဘူး။ အချောင်းတစ်ချောင်း လက်ထဲမှာ ကိုင်ပြီး တုန်တုန်ရင်ရင်နဲ့ ရပ်နေတဲ့ ကောင်လေးကို သူ မသင်္ကာဘူး။
“ဘယ်က ရန်နိုင်လဲ။ ငါ မသိဘူး”.. မင်းခန့်ထူး ပြန်ပြောလိုက်တယ်။ အခန်းတံခါးကို သော့ခတ်ဖို့ ပြင်တယ်။
“ဦးလေး ကျွန်တော့်ကို မမှတ်မိဘူးလား။.. မသီရိ.. မသီရိ အိမ်မှာတုန်းက..”
မင်းခန့်ထူး လက်ထဲက သော့တွဲ လွတ်ထွက်သွားတယ်။ ၁၀၂ လို့ ရေးထားတဲ့ နံပါတ်ပြားနဲ့ သော့တွဲ.. ကြမ်းပြင်မှာ ဒေါက်ခနဲ ပြုတ်ကျတယ်။ ဒီဘက်ကို ပြန်လှည့်လာတော့ မင်းခန့်ထူး ပါးစပ်က ဟောင်းလောင်း။
“ရန်နိုင်.. ရန်နိုင်..။ ဟိုကောင်မလေး.. စန္ဒာ့ရဲ့ အစ်ကို..။ ဟုတ်တယ် မဟုတ်လား။ ငါ မှတ်မိပြီ.. မှတ်မိပြီ”..ကြမ်းပြင်က သော့တွဲကို ကုန်းမကောက်အားသေး၊ မင်းခန့်ထူး မျက်လုံးပြူး မျက်ဆံပြူးနဲ့ မေးမိသွားတယ်။
ရန်နိုင်ဆိုတဲ့ ကောင်လေးက ခေါင်းကို ခပ်သွက်သွက်ညိတ်တယ်။ မှောင်စပြုနေတဲ့ ပတ်ဝန်းကျင်ကို မလုံမလဲ ဖြစ်နေတဲ့ မျက်နှာနဲ့.. လှည့်ကြည့် အကဲခတ်တယ်။
“ကျွန်တော်.. ကျွန်တော်တို့ အထဲမှာ စကားပြောလို့ရမလား”.. ရန်နိုင်က.. အခန်းတံခါးကို မေးငေါ့ပြတယ်။
(၃)
ကောင်လေးက အခန်းထဲရောက်တော့.. မထိုင်ဘူး။ မတ်တပ်ရပ်လျက်သားနဲ့.. လက်ထဲက အဝတ်ပတ်ထားတဲ့ အချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။
ပျာယာခတ်နေတဲ့ ခံစားချက်ကို ငြိမ်သွားအောင် မင်းခန့်ထူး .. အသက်ပြင်းပြင်း ရှူတယ်။ ရန်နိုင်..။ မဟာထွန်းအုတ်စက်..။ မြတ်သော်တာထွန်း.. မြတ်စန္ဒာထွန်း..တို့ရဲ့ မိသားစု။ မုယော ပြဿနာရဲ့ ကွင်းဆက်တစ်ခု..။ အခု သူ့ရှေ့မှာ ရောက်နေပြီ..။ သူဇာလွင်သာရှိရင်..
“ဦးလေး တစ်ယောက်တည်းလား”.. ကောင်လေးက မေးတယ်။ သူ့မျက်လုံးတွေက မင်းခန့်ထူးကို ကြည့်မနေဘူး။ အခန်းပတ်ပတ်လည်ကို စက္ကန့်မလတ် အကဲခတ်နေတယ်။ တစ်ခုခုကို ကြောက်နေသလိုလို.. အမူအရာမျိုး။
“ဦးလေး ဦးလေးနဲ့ မခေါ်ပါနဲ့ဟ။ ငါ အဲဒီလောက် မကြီးသေးဘူး”.. မင်းခန့်ထူး ပြောလိုက်တယ်။ အလိုလို အကဲဆတ်နေတဲ့ အခြေအနေ.. ခံစားချက်ကို ပေါ့ပါးသွားအောင်.. သူ့ထုံးစံအတိုင်း ရယ်သွမ်းသွေးကြည့်တယ်။ .. “အစ်ကိုလို့ ခေါ်ရင်ရပါပြီကွ။ မင်းကို ငါ ချက်ခြင်း မမှတ်မိဘူး။ မင်း အရပ်ကြီး ရှည်ထွက်လာတာကိုး။ ရုပ်လည်း နည်းနည်း ပြောင်းသွားတယ်။ အသားတွေလည်း ညိုသွားတယ်။ မသီရိ အိမ်မှာ..တွေ့တုန်းက မင်းက ကလေးလေး ရှိသေးတာကိုး..”
သူ ဆက်တိုက်ပြောနေတာတွေကို ရန်နိုင်က ကြားသလို.. မကြားသလို..။ အာရုံက တခြားတစ်နေရာမှာ ရောက်နေသလိုလို..။
“ဆိပ်ခုံမှာ ဘယ်လိုလုပ် ရောက်နေတာလဲ။ မင်း ပျောက်သွားပြီးကတည်းက မင်းသတင်းကို အစအန မကြားရတော့ဘူးဆို.. မုယောက လူတွေ ပြောတာ အရဆိုရင်..။ ပြီးတော့ မင်းလက်ထဲက ဘာအချောင်းကြီးလဲ”
“အစအဆုံး ရှင်းပြဖို့ အချိန်မရှိဘူး ထင်တယ်”.. ရန်နိုင်က ပြန်ဖြေတယ်။ .. “ဦးလေး.. အဲ.. အစ်ကိုနဲ့ ပါလာတဲ့ အစ်မကြီးရော.. ဘယ်မှာလဲ။ ကျွန်တော် သူ့ဆီကို လာတာ..”
မင်းခန့်ထူး မျက်မှောင်ကြုတ်လိုက်မိတယ်။ သူဇာလွင့် ဆီကို လာတာ..တဲ့..။ ဒီကောင်လေးက..။
သူဇာလွင့်ကို သူ ဘယ်လို သိသလဲ..။ မသင်္ကာစိတ်တွေ တဖွားဖွား ပြန်ပေါ်လာတယ်။ မျက်နှာချိုသွေး.. သူ့ကို အပင်းကျွေးလွှတ်လိုက်တဲ့ ဒေါ်ဥကို ရုတ်တရက် သတိရသွားတယ်။
“ခဏလေး”.. မင်းခန့်ထူး ပြောလိုက်တယ်။ စားပွဲနားကို လျှောက်သွားတယ်။ စားပွဲပေါ်မှာ တင်ထားတဲ့ သောက်ရေသန့်ဘူး နှစ်ဘူးထဲက.. ဖွင့်ပြီးသား တစ်ဘူးကို လှမ်းယူတယ်။ ရန်နိုင့်နားကို ပြန်လျှောက်လာတယ်။
“ရော့.. သောက်လိုက်”
ကောင်လေးက မင်းခန့်ထူး လှမ်းပေးတဲ့ သောက်ရေသန့်ဘူးကို မယူ.. ကြောင်ပြီး ပြန်ကြည့်နေတယ်။
“ကျွန်တော် ရေမဆာဘူးခင်ဗျ။ ရတယ်”
မင်းခန့်ထူး ရေသန့်ဘူး အဖုံးကို လှည့်ဖွင့်တယ်။ ရေသန့်ဘူးကို အောက်ခြေကနေကိုင်ညှစ်.. ကောင်လေးရဲ့ မျက်နှာကို ရေနဲ့ လှမ်းပက်လိုက်တယ်။
“အား.. ဘာလုပ်တာလဲဗျ”… ရန်နိုင် လန့်ပြီး အနောက်ကို ခုန်ဆုတ်တယ်။ မျက်နှာမှာ ရွှဲသွားတဲ့ ရေတွေကို လက်နဲ့ သုတ်တယ်။ သူ့လက်ထဲက အချောင်းကို ရေ့မှာ ဆန့်တန်း.. အကာအကွယ်ယူတယ်။
မင်းခန့်ထူး ပရိတ်ရည်ဘူးကို စားပွဲပေါ်မှာ ပြန်တင်တယ်။ ကျေနပ်သွားသလို ခေါင်းတညိတ်ညိတ် လုပ်တယ်။
“သေချာအောင် စစ်ရတာပါ။ ဘာမှ မဟုတ်ဘူး”
ကောင်လေး ခဏ တွေသွားတယ်။ ပြီးမှ.. သဘောပေါက်သွားသလို ခေါင်းညိတ်တယ်။
“ငါတို့ ဒီမှာ တည်းနေတယ်ဆိုတာ.. ဒီကို ရောက်နေတယ်ဆိုတာ မင်း ဘယ်လို သိသွားတာလဲ”.. မင်းခန့်ထူး.. အခုမှ သူ တကယ်သိချင်နေတဲ့ မေးခွန်းကို မေးလိုက်တယ်။ ဟုတ်တယ်။ ရန်နိုင် ဆိပ်ခုံမှာ ရောက်နေတဲ့ အကြောင်းရင်းကို မသိရရင်တောင်.. ဒီတစ်ခုကိုတော့ သိရဖို့ လိုတယ်။ သူ ဒီမှာ တည်းနေတယ်ဆိုတာ.. မင်းခန့်ထူး ကုမ္ပဏီက ဝန်ထမ်းတွေတောင် မသိဘူး။ ရန်နိုင်က ဘယ်လို သိသလဲ။
“ကျွန်တော်..”.. ရန်နိုင်က မျက်လုံးလွှဲသွားတယ်။ ..”ကျွန်တော် ပြောရင် အစ်ကို ယုံမှာ မဟုတ်ဘူး”
မင်းခန့်ထူး စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်တယ်။
“လာပြန်ပြီ.. ဒီစကား။ ယုံတယ်။ ယုံတယ်။ စိတ်ချ။ ဘာဖြစ်သလဲ.. ဘယ်လို သိသလဲ ပြော”
“ကျွန်တော် အိပ်မက် မက်လို့”.. ရန်နိုင်က မင်းခန့်ထူးကို မကြည့်ဘဲ ဖြေတယ်။ ကောင်လေးက အလွန်ဆုံးရှိမှ ၁၆ နှစ်ပေါ့။ ဒါပေမယ့် သူ့မျက်နှာက အရွယ်နဲ့ မလိုက်အောင် တည်ကြည်နေတယ်။ မျက်လုံးတွေကလည်း အသက်နဲ့ မလိုက်.. ရင့်ကျက်နေတယ်။ သူ..ငယ်ငယ်တုန်းက ပုံစံကို မင်းခန့်ထူး ပြန်သတိရသွားတယ်။ ငါ့တုန်းကလည်း ဒီကောင်လေးလိုပဲ.. အရွယ်နဲ့မလိုက်တဲ့ အတွေ့အကြုံတွေ တွေ့ခဲ့ရတာပဲ..။ ဒါပေမယ့် ဒီကောင်လေးက ငါ့ထက်တော့ ပိုကြည့်ကောင်းတယ်။ နည်းနည်း အသက်ရလာရင် မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေမယ့် ရုပ်မျိုး..။ တွေးရင်းနဲ့ မင်းခန့်ထူး ပြုံးစေ့စေ့ ဖြစ်ချင်သွားတယ်။
“ဘာရယ်တာလဲဗျ။ ကျွန်တော်ပြောတာ မယုံဘူး မဟုတ်လား”.. ရန်နိုင်က လေသံမာမာနဲ့ မေးတယ်။
“အာ.. မဟုတ်ဘူး.. မဟုတ်ဘူး.. ယုံတယ်”.. မင်းခန့်ထူး အမြန်ပြန်ပြောလိုက်တယ်။ .. “ဒီလိုပဲ အစ်ကို့ အတွေးက ဟိုရောက်ဒီရောက်နဲ့မို့လို့..။ ထားပါတော့.. ဘယ်လို အိပ်မက်မက်တာလဲ။ အိပ်မက်ထဲမှာ အစ်ကိုတို့ အကြောင်း ပါလို့လား”
ကောင်လေးက ခေါင်းခါတယ်။
“မဟုတ်ဘူး။ ဒါပေမယ့်.. ဆိပ်ခုံကို တစ်ယောက်ယောက် ရောက်လာလို့.. ဒီအိပ်မက်တွေ ပြောင်းလဲကုန်တယ်ဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော် ဒီအိပ်မက် တစ်ခုတည်းကိုပဲ နှစ်နှစ်ကျော်ကျော် လောက် ဆက်တိုက် မက်နေခဲ့တာ..။ မနေ့.. မနေ့ညကမှ.. အိပ်မက်က ပြောင်းသွားတာ..။ ပိုင်ရှင်.. ရောက်လာပြီတဲ့.. အဲဒီလိုပြောတယ်”
မင်းခန့်ထူး ခေါင်းကုတ်လိုက်တယ်။ ခင်ဗျား.. ရှိနေရင် ကောင်းမယ် မသူဇာ..။ ကျွန်တော် ခင်ဗျားကို ခေါင်းစားခဲ့သမျှ ပြန်ဝဋ်လည်နေပြီထင်တယ်။
ကောင်လေးက ခေါင်းကို ငုံ့ပြီး စကားဆက်ပြောနေတယ်။ လေသံက တိုးလွန်းလို့ မင်းခန့်ထူး မနည်း အာရုံစိုက် နားထောင်နေရတယ်။
“ဆိပ်ခုံမှာ ဟိုတယ် တစ်ခုတည်း ရှိတာ..။ ဒီတော့.. ဒီမြို့ကို ရောက်လာတဲ့သူ.. ဒီမှာပဲ တည်းမှာပဲ။ ပြီးတော့ ဟိုတနေ့ညက.. ဆိပ်ခုံ အဝင်၀မှာ ကားတိုက်တဲ့အကြောင်း ကျွန်တော် သတင်းကြားတယ်..။ ကားမောင်းလာတဲ့သူက အမျိုးသမီးတစ်ယောက်တဲ့။ သူနဲ့အတူ ယောကျ်ားတစ်ယောက်လည်း ပါတယ်။ မိန်းကလေးက ဆိုင်ကယ် တစ်စီးငှားတယ်..”
“အဲဒါနဲ့.. ငါမှန်း မင်းက ဘယ်လို သိသွားသလဲ”
“မသိဘူး။ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် မနက်ကတည်းက ကျွန်တော်.. ဆိပ်ခုံ တစ်မြို့လုံးကို ပတ်ပြီး စုံစမ်းနေတာ။ ဘာများ ထူးထူးခြားခြား ဖြစ်သလဲ..ပေါ့။ အစ်ကိုနဲ့ အတူတူပါလာတဲ့ အစ်မကြီး.. မုယောဘက်ကို ထွက်သွားတာ မြင်လိုက်တဲ့ သူတွေ ရှိတယ်..။ အဲဒီမှာ နည်းနည်း မသင်္ကာဖြစ်သွားတယ်။ ဆိပ်ခုံမှာ ကားတိုက်တာ.. ကားကို ဝပ်ရှော့မှာထားခဲ့၊ မုယောဘက်ကို ဆိုင်ကယ်နဲ့ ထွက်သွားတယ်ဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ..။ ကျွန်တော့် အိပ်မက်.. ပြောင်းလဲသွားတဲ့ ရက်နဲ့.. ဒီအဖြစ်အပျက်တွေနဲ့ တည့်တည့်ကြီး တိုက်ဆိုင်နေတာ .. ထူးဆန်းလွန်းတယ်။ အဲဒါနဲ့ ကျွန်တော် ဒီဟိုတယ်ကို ရောက်လာပြီး မေးကြည့်တော့.. အစ်ကို့နာမည်နဲ့.. တည်းနေတယ်ဆိုတာ သိလိုက်တာ.. အဲဒီမှာ”
“အင်း.. ရပြီ။ သဘောပေါက်ပြီ”.. ရန်နိုင်ဆိုတဲ့ ကောင်လေးကို မင်းခန့်ထူး အလိုလို သဘောကျမိသွားတယ်။ ကောင်လေး မဆိုးဘူး။ ဒီအထိ လိုက်ရှာ.. ရောက်လာတယ်ဆိုကတည်းက.. သူ တော်တော် ကြိုးစားစုံစမ်းထားပုံပဲ။ .. “အခု.. ဒီကို ရောက်လာတဲ့ တကယ့်အကြောင်းရင်းက ဘာလဲ”
ကောင်လေးက ပြန်မဖြေဘူး။ အတော်ကြာကြာ တွေဝေနေတယ်။
မင်းခန့်ထူး စိတ်မရှည်ဖြစ်လာတယ်။ အပြင်မှာ မှောင်နေပြီ..။ သူဇာလွင့်ဆီကို အပြေး လိုက်သွားချင်နေပြီ။ မနေ့တစ်ညလုံး.. ဒီနေ့တစ်နေ့လုံး.. ဒီအခန်းထဲမှာ ထိုင်ဘူနေခဲ့မိတဲ့ သူ့ကိုယ်သူ တော်တော် မုန်းမိနေပြီ။
“ညီလေး။ ရန်နိုင်။ မင်းဆီမှာ ငါ သိချင်တဲ့ အဖြေတွေ အများကြီး ဖြစ်နေပြီ။ ငါ မေးတာတွေကိုလည်း တစ်ခုမှ တည့်တည့်မဖြေဘူး။ ငါ အခု.. သွားစရာ ရှိတယ်။ အရေးကြီးတယ်။ ပြောစရာရှိတာ မြန်မြန်ပြော”
ရန်နိုင် ဘာမှ ပြန်မပြောဘူး။ ခေါင်းငုံ့နေရာကနေ မော့ကြည့်တယ်။ နှုတ်ခမ်းအတွင်းသားတွေကို ကိုက်ထားသလို.. သူ့ပါးစပ်က တင်းနေတယ်။ တစ်ခုခုကို ဆုံးဖြတ်ချက်ချလိုက်သလို.. ခေါင်းကို ဆတ်ခနဲ ညိတ်တယ်။
“ဒီမှာ.. ”.. ကောင်လေးက သူ့လက်ထဲက အဝတ်ပတ်ထားတဲ့ အချောင်းကို မင်းခန့်ထူးဆီ လှမ်းပေးတယ်။
မင်းခန့်ထူး ကြောင်တောင်တောင်နဲ့ လှမ်းယူလိုက်တယ်။
“ဖြည်ကြည့်လိုက်”
ဒီကောင်လေး.. ဒီမြို့ကို ဘယ်လို ရောက်နေတာလဲ။ အိပ်မက်ဆိုတာက ဘာလဲ..။ သူကိုယ်တိုင်လည်း အိပ်မက်ဆိုးတွေကြား ရှင်သန်လာရတဲ့သူမို့.. ရန်နိုင့်ကို မင်းခန့်ထူး ကိုယ်ချင်းစာတယ်။ ဒါပေမယ့် အိပ်မက်ထဲမှာ အခုလို အတိအကျကြီး သတင်းပေးတာမျိုးတော့ မင်းခန့်ထူး တစ်ခါမှ မကြုံဖူးဘူး။ အထပ်ထပ်ပတ်ထားတဲ့ အဝတ်စကို ဖြည်ရင်း.. မင်းခန့်ထူး တွေးနေမိတယ်။
“ပြီးရင်တော့.. မင်း ဆိပ်ခုံကို ဘယ်လို ရောက်နေသလဲ.. မုယောကနေ ဘယ်လို ထွက်ပြေးလာသလဲ.. ငါ..ဆက်မေး..”
မင်းခန့်ထူး စကား.. တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားတယ်။ အသက်ရှူဖို့ မေ့သွားတယ်။
အဝတ်တွေကြားကနေ.. တစ်ဖြည်းဖြည်းပေါ်လာတဲ့ အရာကို စိုက်ကြည့်ရင်း.. နှလုံးခုန်သံပါ တိတ်သွားတယ်။
ဟိုး..လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပုံရိပ်တွေ.. မနေ့တစ်နေ့ကလိုပဲ.. ကြည်လင်နေတုန်းပဲ။
စကားဝါရဲ့.. အမှောင်ထဲမှာ လက်ခနဲ လက်သွားတဲ့ အလင်းရောင်တစ်ခု.. ကချေသည်တစ်ယောက်လို.. လှုပ်ရှား.. မကောင်းဆိုးဝါးတွေကို တစ်ကောင်ပြီး တစ်ကောင် ခုတ်ဖြတ် သုတ်သင်နေတဲ့ မမမေရဲ့ ကိုယ်ဟန် အမူအရာတွေ..။
မမမေရဲ့.. ဓား။
(၄)
“ကျွန်တော်.. ကျွန်တော်.. အခု နားထဲမှာ ဆက်တိုက်ကြားနေတဲ့ အသံတစ်သံ ရှိတယ်..။ မနေ့ညကတည်းက.. အဲဒီဓား.. ပြန်ဆက်သွားပြီး ကတည်းက.. ဒီစကားသံကို ဆက်တိုက် ကြားနေတာ.. ”.. ရန်နိုင်က ဆက်ပြောနေတယ်။.. “ပိုင်ရှင်ဆီ ပြန်မရောက်မချင်း.. အဲဒီ အသံ ဆက်ကြားနေဦးမလား မသိဘူး။ ကျွန်တော်.. ”
မင်းခန့်ထူး သူပြောတာတွေကို ကြားတစ်ချက် မကြားတစ်ချက်။
လက်ထဲက ဓားကို မီးရောင်အောက်မှာ ထောင်ကြည့်.. အသက်ရှူဖို့ မေ့နေတုန်းပဲ။
မမမေရဲ့ ဓား..။
ဒီဓားရဲ့ အရိုးနဲ့.. အသွားပေါ်မှာ ရှုပ်ပွနေအောင် ထွင်းထုထားတဲ့ ကနုတ်တွေကို မင်းခန့်ထူး မှတ်မိနေတယ်။ ဒီဓားအောက်မှာ အသက်ပျောက်သွားတဲ့ မကောင်းဆိုးဝါးတွေရဲ့ ပုံရိပ်တွေကို မင်းခန့်ထူး မမေ့သေးဘူး။ ဒီကောင်လေးဆီမှာ.. မမမေရဲ့ ဓား.. ဘယ်လိုလုပ်ပြီး ရောက်နေသလဲ..။
“အစ်ကို.. အစ်ကို မင်းခန့်ထူး..။ ကျွန်တော်ပြောနေတာ ကြားလား”.. ရန်နိုင့် အသံကျယ်လာတော့မှ မင်းခန့်ထူး ပြန်သတိဝင်လာတယ်။
“ဒီဓား.. မမမေရဲ့ ဓား.. မင်းဆီ ဘယ်လို ရောက်နေသလဲ”.. မင်းခန့်ထူး အသံထဲမှာ ဒေါသအငွေ့အသက်တွေ ပါလာတယ်။ .. “မင်းသူ့ကို ဘာလုပ်လိုက်တာလဲ”
ရန်နိုင်က မျက်လုံးအကြောင်သားနဲ့ ကြည့်နေတယ်။
မေးပြီးမှ.. သူ့စကား အဓိပ္ပာယ်မရှိမှန်း မင်းခန့်ထူး သဘောပေါက်သွားတယ်။ မမမေ.. ပျောက်သွားတုန်းက ရန်နိုင်က ၁၃ နှစ်လောက်ပဲရှိဦးမယ်။ ၁၃ နှစ်ကလေး လုပ်လိုက်လို့ မမမေ သေသွားတာတော့ မဖြစ်နိုင်။ ဒါပေမယ့်.. ဒီဓားက..။
“ဟို.. မမမေ..ဆိုတဲ့ အန်တီကြီး.. သူ.. သူ ကျွန်တော်တို့ကို ကယ်..”.. ရန်နိုင်က ပြောရင်းနဲ့ ဆို့တက်လာသလို.. ရှိုက်တယ်။ မျက်ရည်တော့ ကျမလာဘူး။ ချက်ခြင်း ဆိုသလိုပဲ သူ့ရဲ့ ငိုမဲ့သွားတဲ့ မျက်နှာကို ပြန်တင်းတယ်။.. “သူ့ဓားက ကျိုးသွားတာ.. ကျွန်တော် ကောက်ပြီး သိမ်းထားတာ”
မင်းခန့်ထူး သက်ပြင်းချလိုက်တယ်။ ဇာတ်လမ်း အစုံကို တစ်ထိုင်တည်း သိဖို့ မဖြစ်နိုင်ဘူး။ သူ့လက်ထဲက ဓားက သူနဲ့ မဆိုင်တဲ့ ပစ္စည်းတစ်ခုလို.. အေးစက် လေးလံနေတယ်။ ကြမ်းပြင်ပေါ်ကျနေတဲ့ အဝတ်စကို ပြန်ကောက်.. ဓားကို ပြန်ပတ်တယ်။
“ထားလိုက်တော့။ နောက်မှ ပြောတော့။ အခု.. အရေးကြီးတယ်။ ဒီဓားကို..ယူ.. မုယောကို အမြန်သွားမှ ဖြစ်မယ်”
“အစ်ကို.. အစ်ကိုနဲ့ ပါလာတဲ့ အစ်မကြီး နာမည်က ဘယ်သူလဲ”.. ရန်နိုင်က မေးတယ်။
“သူဇာလွင်။ ဘာဖြစ်လို့လဲ”
“ဟမ်.. ဒါဆို… မဟုတ်သေးဘူး။ မဟုတ်ဘူး.. မှားနေပြီ”.. ရန်နိုင်က ခေါင်းခါရင်း ပြောတယ်။ မင်းခန့်ထူးလက်ထဲက ဓားကို ကြောက်စရာ သတ္တဝါတစ်ကောင်ကို ကြည့်သလို.. လှမ်းကြည့်တယ်။
“ဘာမှားလို့လဲ။ မမှားဘူး။ သူဇာလွင်က မမမေရဲ့ သမီးအရင်း။ ဒီဓားရဲ့ ပိုင်ရှင်”.. မင်းခန့်ထူး ခပ်သွက်သွက် ပြန်ပြောလိုက်တယ်။ ဓားကို လက်ထဲမှာ ဆုပ်ကိုင်.. တံခါးကို ဖွင့်မလို့ ပြင်တယ်။
“ကျွန်တော့်နားထဲ ဆက်တိုက် ကြားနေတဲ့ နာမည်က.. အဲဒီ.. သူဇာလွင် ဆိုတဲ့ နာမည် မဟုတ်ဘူး”.. ရန်နိုင်က ပြောတယ်။
“ဘာလဲ.. ပပဝေ ဆိုတဲ့ နာမည်လား”.. မင်းခန့်ထူး ပြန်မေးလိုက်တယ်။
ရန်နိုင် မျက်လုံးပြူးသွားတယ်။ ခေါင်းကို အမြန်ညိတ်တယ်။
မင်းခန့်ထူး ဟားခနဲ.. ရယ်လိုက်တယ်။
“တော်တော်လည်း ပြဇာတ်ဆန်တဲ့ စူပါဟီးရိုးတွေ”.. မင်းခန့်ထူး ပြောရင်း တံခါးကို ဖွင့်တယ်။ အပြင်ကို ထွက်တယ်။ ရန်နိုင်က နောက်ကနေ ကုပ်ကုပ်ကလေး လိုက်ထွက်လာတယ်။ .. “ပပဝေ.. ပပဝေ..။ အင်း.. အခုရော မင်းခေါင်းထဲမှာ အသံတွေ ကြားနေတုန်းပဲလား”
ရန်နိုင်က ခေါင်းညိတ်တယ်။
“ဆက်တိုက်ပဲ။ မနေ့ညကတည်းက.. အဲဒီနာမည်ကို ဆက်တိုက် ကြားနေတာ။ အခုထိ မရပ်သေးဘူး။ ကျွန်တော် ရူးတောင် ရူးချင်လာပြီ”
အပြင်မှာ တော်တော် မှောင်နေပြီ။ ဒီနေ့.. ထူးထူးခြားခြား.. အေးနေတယ်။ လွန်ခဲ့တဲ့ ရက်တွေတုန်းက အိုက်စပ်စပ် ဖြစ်နေတဲ့ ရာသီဥတုက အခုတော့ သူမဟုတ်သလို..၊ ၀ရန်တာ လက်ရမ်းတွေမှာ မြူတွေနဲ့ စိုစွတ်စွတ်တောင် ဖြစ်နေတယ်။
“ရူးချင်တာကတော့ မင်းတစ်ယောက်တည်း မဟုတ်ဘူး ရန်နိုင်ရေ”.. မင်းခန့်ထူး ညည်းလိုက်တယ်။ ..”ဒါပေမယ့် ရူးလို့ မဖြစ်သေးဘူး။ အဲဒီ ပပဝေ ဆိုတဲ့ မမဆီကို ဒီဓား အမြန်ရောက်ဖို့ အရေးကြီးတယ်။ မင်းဆီမှာ ကားငှားတဲ့ အသိလေးဘာလေး ရှိသလား.. အခု ချက်ခြင်း လိုတာ”
ရန်နိုင်က ခေါင်းခါတယ်။
“အာ.. ဒုက္ခပဲ။ အေးအေး ပြီးရော.. ငါ့ဘာသာငါ ကောင်တာမှာ စုံစမ်းလိုက်မယ်။ ရှိမှာပါ.. တစ်စီးစီးတော့ ရှိမှာပါ”.. မင်းခန့်ထူး ပြောရင်းနဲ့ အောက်ထပ်ကို ခပ်သွက်သွက်ဆင်းတယ်။ ရန်နိုင်က နောက်ကနေ တောက်လျှောက်လိုက်လာတယ်။
“ကျွန်တော့်မှာ ဆိုင်ကယ်ပါတယ်”.. ရန်နိုင်က နောက်ကနေ လှမ်းပြောတယ်။
မင်းခန့်ထူး လှည့်ကြည့်လိုက်တယ်။
“ငါ ဆိုင်ကယ် မစီးတတ်ဘူး”
“ကျွန်တော်.. ကျွန်တော်စီးတတ်တယ်”.. ရန်နိုင်က ပြောတယ်။
“ညီလေး။ မမမေရဲ့ ဓားကို ယူလာပေးတာ ကျေးဇူးပဲ။ မေးစရာရှိတာတွေလည်း နောက်မှ မေးတော့မယ်။ ရတယ်။ ဒါပေမယ့် မင်းကို မုယောကို ခေါ်သွားလို့တော့ မပြောနဲ့။ မဖြစ်နိုင်ဘူး။ ငါ တစ်ယောက်တည်းနဲ့တောင် သူဇာလွင်က ကန်ထုတ်ချင်နေတာ.. နောက်ထပ် ကလေးတစ်ယောက်ပါ ခေါ်လာမယ်ဆိုရင် .. ငါ့ကို မသူဇာက ရိုက်သတ်လိမ့်မယ်”
“ကျွန်တော် လိုက်ခဲ့မယ်။ ကျွန်တော့် ညီမလေး စန္ဒာ.. အခုထိ ပျောက်နေတာ.. ပြန်မတွေ့သေးဘူး။ သူသေသလား ရှင်သလား ဘယ်သူမှ မသိဘူး.. ကျွန်တော်.. ကျွန်တော် သိရမှ ဖြစ်မယ်။ သေချာမှ ဖြစ်မယ်”.. ရန်နိုင်က ပြောတယ်။
“ဒါပေမယ့်..”
ရန်နိုင်က စကားကို ဆုံးအောင် နားမထာင်၊ မင်းခန့်ထူးကို ကျော်.. လှေကားအောက်ကို ပြေးဆင်းတယ်။ အောက်ရောက်သွားတော့မှ အပေါ်ကို ပြန်မော့ကြည့်တယ်။ သူ့မျက်နှာက လူကြီးတစ်ယောက်လို တည်ငြိမ် ပြတ်သားနေတယ်။ မသိမသာ ဆုပ်ထားတဲ့ လက်သီးဆုပ်တွေကို မင်းခန့်ထူး လှမ်းမြင်နေရတယ်။
“အာ.. ပြဿနာပဲ”
“အစ်ကို့ဘာသာ အစ်ကို ကားငှားချင်ရင်လည်း သွားငှား။ ဒီမြို့မှာ ကားစင်းလုံး ငှားတဲ့သူလည်း မရှိဘူး။ ဆိုင်ကယ် ကယ်ရီနဲ့ သွားချင်တယ်ဆိုလည်း သဘောပဲ။ ကျွန်တော်ကတော့ သွားမှာပဲ။ အစ်ကို မခေါ်လည်း ကိုယ့်ဘာသာကိုယ် မောင်းသွားလို့ရတယ် ဘာမှ မဖြစ်ဘူး”
မင်းခန့်ထူး လက်လျှော့လိုက်တယ်။
ဆက်ငြင်းနေလည်း ထူးမယ့် သဘောမှာ မရှိဘူး။
မလာပါနဲ့ လို့ ပြောနေတဲ့သူဆီ သူကိုယ်တိုင်တောင် .. အပြေးသွားချင်နေတာပဲ မဟုတ်လား..။
+++
အခန်း (၄၆)
+++++++++
-(သက်ထားဆွေ)-
(၁)
တဖြည်းဖြည်း မှောင်ကျလာတဲ့ တောအုပ်..။
ရှည်ထွက်လာတဲ့ သစ်ပင်ရိပ်တွေ..။
သူ့ခြေလှမ်းတွေက အပူအပင်မရှိ..အလောတကြီးမရှိ.. ငြင်သာတယ်။ နူးညံ့တယ်။ အချိန်ဆိုတာ.. သူ့အတွက် သုံးမကုန်တဲ့ အရာတစ်ခု။
ဒီတောအုပ်ဟာ သူနဲ့ အင်မတန် ရင်းနှီးနေတဲ့ နေရာ။ ရက်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာ.. ဒီနေရာ.. ဒီတစ်နေရာတည်းမှာ.. ဒီလမ်းကို အခေါက်ခေါက် အခါခါ..။
ဒီလို.. နေဝင်ရီတရော အချိန်တွေမှာ တောအုပ်ထဲ လမ်းလျှောက်ရတာကို သူ သိပ်သဘောကျတယ်။ သူ့ခြေလှမ်းတွေအောက်မှာ ညှိုးငယ်သေဆုံးသွားကြတဲ့ မြက်ပင်တွေကို မြင်လိုက်ရင် သူ အလိုလို ပြုံးမိတယ်။ တောကောင်ငယ်တွေက သူလာပြီဆိုတိုင်း ကြောက်လန့်တကြား ထွက်ပြေးကြတယ်။ သူ့အငွေ့အသက်တွေနဲ့ အရမ်းနီးကပ်သွားတဲ့ အပင်ဖျားတွေ.. ရွက်နုတွေ.. ရင့်ရော်ကြွေကျကုန်တယ်။ စိမ်းစို လန်းဆန်းနေတဲ့ တောအုပ်ဟာ သူ့ရဲ့ မကောင်းတဲ့ လွှမ်းမိုးမှုကို လက်မခံချင်သလို အသံစုံထွက် ညည်းတယ်။
သက်ထားဆွေ..
သူ အနှစ်နှစ်အလလ မေ့ပျောက်ထားခဲ့တဲ့ နာမည်တစ်ခု..။
ဒီနာမည်ကို ပါးစပ်က ထုတ်ရွတ်ရဲတဲ့ ဟို.. မိန်းမ..။
သူ.. စိတ်တိုတိုနဲ့ ဟက်ခနဲ ရယ်လိုက်တယ်။ ရယ်သံက ရယ်သံလို ကြည်လင်ရွှင်ပြမနေဘဲ သစ်ခေါင်းထဲက ထွက်လာတဲ့ အသံတစ်ခုလို အိုဆွေးကွဲအက်နေတယ်။ မမမေ.. မမမေ ဆိုတဲ့ မိန်းမ..။ အခုတော့ ငါ ကြိုးဆွဲရာ က, ရတဲ့ အရုပ်တစ်ရုပ် ဖြစ်နေပြီ..။
သစ်ပင်တွေနောက်မှာ နီရဲဝါနေသေးတဲ့ နေလုံးကို သက်ထားဆွေ လှမ်းကြည့်တယ်။ သူ့အကြည့်ထဲမှာ မုန်းတီးစက်ဆုပ်ခြင်းတွေ အပြည့်ပါနေတယ်။ အလင်းရောင်ကို သူ .. မုန်းတယ်။ ရွံတယ်။ အမှောင်ကို ချစ်တယ်။ အမှောင်ထဲမှာ သူပျော်တယ်။ အမှောင် အတိပြီးတဲ့ ကမ္ဘာထဲမှာ ပိုပြီး နေသားကျတယ်။ ဘယ်တော့မှ နေမထွက်တဲ့ နေရာ.. အလင်းမရှိတဲ့ နေရာ..
ဟိုတစ်နေ့ညက.. အဖြစ်အပျက်တွေကို ပြန်တွေး.. သက်ထားဆွေရဲ့ မေးရိုးတွေ တင်းသွားတယ်။ ငြင်ငြင်သာသာ လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေ .. မနူးညံ့တော့ဘဲ အရှိန်ပြင်းလာတယ်။ မြေကြီးကို ဆောင့်နင်းချလိုက်တိုင်း သူ့ ခြေဖဝါး ပတ်လည်က မြက်ပင်တွေ အတုံးအရုံးသေတယ်။ သူ့ကိုယ်က စိမ့်ထွက်နေတဲ့ ဒေါသကို မခံနိုင်သလို.. သစ်ကိုင်းတွေ ဟိုဘက်ကို ယိမ်းနွဲ့သွားကြတယ်။
မုယော..
မုယောဆိုတဲ့ အကျဉ်းထောင်..။
ပုံမှန်ဆိုရင် သူက သိပ်ပြီး သတိရှိတဲ့သူ။ မုယောရဲ့ နယ်နိမိတ်ကို မကျော်မိအောင် အမြဲတစေ ထိန်းထားနိုင်ခဲ့တဲ့သူ..။ မမမေရဲ့.. သမီး..ဆိုတဲ့ ကောင်မ..။ ဒီကောင်မကို.. ဒေါသတကြီး လိုက်ဖမ်းချင်စိတ်နဲ့.. ငါ သတိလွတ်သွားတယ်။ ရတယ်.. ပြဿနာ မရှိဘူး။ ဒီည.. ပြီးရင်.. ငါ.. သွားချင်တဲ့နေရာကို သွားလို့ ရပြီ။
တောစပ်ကို ရောက်တော့.. သူ.. လမ်းလျှောက်နေတာကို ရပ်လိုက်တယ်..။
နေ လုံး၀ ဝင်သွားပြီ။
မရှိတော့တဲ့ နေရောင်.. အေးစိမ့်လာတဲ့ အမှောင်ထုနဲ့ အတူ… သူ့ရဲ့ ဟန်ဆောင် မျက်နှာဖုံးတွေ တဖြည်းဖြည်း ကွာကျသွားတယ်။ တစ်ဆစ်ပြီး တစ်ဆစ် ရှည်ထွက်လာတဲ့ ကျောရိုးမကြီးကြောင့်.. သူ့ကိုယ်လုံး အရှေ့ကို ငိုက်၊ လေးဘက်ထောက်.. စိုက်ကျ သွားတယ်။ လေးထောင့်စပ်စပ်.. ခပ်တုံးတုံး.. သုံးမရတဲ့ လူသွားတွေ..အထဲကို တိုဝင်တယ်။ ချွန်ထက် သန်မာနေတဲ့ သွားချွန်ချွန်တွေ.. အစားဝင်.. တိုးထွက်လာတယ်။ နုနယ် ဖြူဆွတ်နေတဲ့ အရေပြားတွေ.. ခြောက်ကပ်သွားပြီး.. ခွန်အားအပြည့်နဲ့ ကြွက်သားဆိုင်တွေ အမြှောင်းလိုက် ပေါ်လာတယ်။
မကောင်းဆိုးဝါး..တဲ့။ ဟားဟား..
ဟိန်းထွက်လာတဲ့ သူ့ရယ်သံကြောင့်.. ပင်မြင့်မှာ နားနေတဲ့ ငှက်တစ်သိုက်.. လန့်ပြီး ပျံထွက်ကုန်တယ်။
ဆုလာဘ်တစ်ခုကို ကျိန်စာအဖြစ် အမြင်မှား.. အထင်သေးကြတဲ့ ဟာတွေ..။ သူ.. ယူဆောင်လာပေးတဲ့ ခွန်အားနဲ့ ရှင်သန်ခြင်းကို နားမလည်တဲ့ လူတွေ..။ နှစ် ၁၀၀ တောင် ပြည့်အောင် မနေရ.. ရောဂါပေါင်းစုံနဲ့ တဖြုတ်ဖြုတ် သေနေရတဲ့ ဘ၀ကိုမှ ဖက်တွယ်ထားချင်သူတွေ..။
ဝေးလံခေါင်သီလွန်းတဲ့ အတိတ်တစ်ခုမှာ.. သူကိုယ်တိုင်လည်း လူ.. ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် လူသား..ဆိုတဲ့ သတ္တဝါဟာ အင်မတန် ပျော့ညံ့တယ်။ ကိုယ့်ထက် ခွန်အားကြီး.. ကိုယ့်ထက် ရက်စက်တဲ့ အရာနဲ့ တွေ့တဲ့အခါ အညံ့ခံ အရှုံးပးလိုက်ရတာပဲ။ သူကိုယ်တိုင်လည်း.. ဒီလိုပဲ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးပြီးပြီ။ အဲဒီ ဘ၀ကို သူ ဘယ်တော့မှ ပြန်မသွားဘူး။ အခု.. ဒီဘ၀မှာ သူ ပျော်တယ်။ ဒီ ဘ၀ ကို သူ.. မက်မောတယ်။ ဒီ..နေရာဟာ.. သူ့နေရာ..
သူ့ရဲ့ အဆမတန် ကျယ်နေတဲ့ ပါးစပ်.. ပွင့်သွားတယ်။ သူ့အာခေါင်ထဲကနေ.. တဂတ်ဂတ်နဲ့ ဆက်တိုက်ထွက်လာတဲ့ .. နားဝင်ဆိုးလွန်းတဲ့ ဘာသာစကားတစ်ခု..
သူ့ရှေ့က.. မြေကြီး.. ပွက်ပွက်ဆူလာတယ်။ မြေကြီးထဲကနေ တိုးထွက်လာတဲ့ အငွေ့ဖြူဖြူတွေ.. တစ်ခဏအတွင်း ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားတယ်။
မြူငွေ့တွေက.. သခင်ကို တွေ့တဲ့ ခွေးလို.. သူ့ကို အပြေးအလွှား ပွေ့ဖက် ကြိုဆိုတယ်..။ လေးဘက်ထောက်နေတဲ့ သူ့ကိုယ်ခန္ဓာကို လွှမ်းခြုံပွေ့ပိုက်တယ်။
တံခါးကိုဆွဲဖွင့်.. အခန်းတစ်ခုထဲ ဝင်လိုက်သလို.. မြင်ကွင်းက တဖြည်းဖြည်း ပြောင်းလဲသွားတယ်။ ဒီမြင်ကွင်း အသစ်မှာ တောအုပ် မရှိဘူး။ သစ်ပင်တွေ မရှိဘူး။
ကောင်းကင်လည်း မရှိ၊ မြေကြီးလည်း မရှိ။
ပတ်ပတ်လည် ကာရံထားတဲ့ စက်ဝိုင်းသဏ္ဍန်.. မြူခိုး တံတိုင်းကြီး ရှိတယ်။ မြင်ရရုံ.. လင်းနေတဲ့.. အလင်းရောင်ပျပျ ရှိတယ်..။
ခပ်မှောင်မှောင်.. ပတ်ဝန်းကျင်ထဲမှာ.. ဘေးချင်းကပ်လျက် တန်းစီ.. လက်ကိုဘေးချ.. မတ်တပ်ရပ်နေကြတဲ့.. လူတွေ..။
အားလုံးရဲ့ မျက်နှာတွေက သွေးမရှိသလို ဖြူဆွတ်နေတယ်။ အားလုံးရဲ့ မျက်လုံးတွေက.. ဟောင်းလောင်းပွင့် အဝေးတစ်နေရာကို ငေးနေတယ်။
အရွယ်ပေါင်းစုံ.. ပုံစံပေါင်းစုံ..။
သူ..လေးဘက်ထောက်နေရာကနေ.. ပြန်ထတယ်။ တစ်ဆစ်ချင်း ပြန်ကျုံ့ဝင်သွားတဲ့ ကျောရိုးတွေနဲ့အတူ.. သူ့ကိုယ်ခန္ဓာ.. ပြန်မတ်လာတယ်။ ဒီပုံစံကို သူ မကြိုက်ဘူး။ လူသား.. တစ်ယောက် ဟန်ဆောင်နေရတာကို သူ.. မုန်းတယ်။ ဒါပေမယ့်.. သူတို့နဲ့ ဆက်ဆံ ပြောဆိုဖို့အရေး.. ခွန်အားတွေကို ခဏ ဘေးဖယ်ရမယ်။ သူ မတပ်ချင်တဲ့ မျက်နှာဖုံးကို ကောက်တပ်ရမယ်။
ခါးနေရာအထိ.. ပြန်လည် ရှည်ထွက်..စင်းကျလာတဲ့ ဆံပင်တွေကို သူ ကောက်သိမ်း..ပခုံးနောက်ကို ပို့လိုက်တယ်။ အဝတ်အစားမပါတဲ့ သူ့ကိုယ်ခန္ဓာမှာ.. မိန်းမတစ်ယောက်ရဲ့ ရုပ်ဆင်း အင်္ဂါရပ်တွေ အပြည့်..။ ဒီ ခွန်အားမရှိတဲ့.. ပုံသဏ္ဍာန်ကို လှတယ်.. ကြည့်ကောင်းတယ်လို့.. လူတွေက ထင်ကြသတဲ့..။ သူ မဲ့ပြုံးပြုံးမိတယ်။
သူ.. ပါးစပ်ကနေ တစ်စုံတစ်ခုကို ခပ်တိုးတိုး ရွတ်လိုက်တယ်။
သူ့ကိုယ်ထဲကနေ ကြိုးတွေ အရှိန်နဲ့ ဖြာထွက်လာတယ်။
အိမ်ဖွဲ့နေတဲ့ ပင့်ကူတစ်ကောင်လို.. ပန်းထွက်လာတဲ့ အမျှင်တန်းတွေ..။
မတ်တပ်ရပ်နေတဲ့ လူတွေဆီကို ကြိုးတွေက ဦးတည် ပြေးတယ်..။ တစ်ယောက်ချင်းစီရဲ့ ရင်ညွန့်နေရာတွေကို ဒီဘက်ကနေ ဖောက်ဝင်တယ်။ ဟိုဘက်ကနေ ပြန်ထွက်.. တစ်ကိုယ်လုံးကို သိမ်းခြုံ ရစ်ပတ်တယ်။
ငြိမ်နေတဲ့သူတွေ အသက်ဝင်လာတယ်။
အသက်မရှိတဲ့ မျက်လုံးတွေ.. သူတို့ သခင်ဆီကို ဝိုင်းအုံ လှည့်ကြည့်တယ်။
ဟီး..ခနဲ သက်ပြင်းချသံတွေ ဆူညံထွက်လာတယ်။
ကြိုးတစ်ချောင်းကို .. သူ.. ဆွဲခေါ်လိုက်တယ်။
ကြိုးထိပ်မှာ မိနေတဲ့ လိပ်ပြာတစ်ကောင်လို စွေ့ခနဲ ပါလာတဲ့ မိန်းကလေးတစ်ယောက်။
မိန်းကလေးက သူ့ရှေ့ကိုရောက်တော့.. ဒူးထောက်၊ လက်နှစ်ဖက်နဲ့ သူ့ခြေဖျားတွေကို ထိရင်း ဦးညွှတ်တယ်။ သူ့ကိုမော့ကြည့်လိုက်တဲ့ အဲဒီ မိန်းကလေးရဲ့ မျက်လုံးတွေထဲမှာ ရိုသေမြတ်နိုးခြင်းတွေ တဖျပ်ဖျပ်လဲ့နေတယ်။
မိန်းကလေးရဲ့ မေးစေ့ကို လက်ညှိုးထိပ်ကလေးနဲ့ ချိတ်.. အသာဆွဲ မလိုက်တယ်။
“သီရိ..”
သူ့ အသံကို ကြားလိုက်တော့.. မိန်းကလေး.. ကိုယ်လုံး ဆတ်ခနဲ တုန်သွားတယ်။
“ငါတို့.. အားလုံး စောင့်နေတဲ့ အချိန်ရောက်ပြီ..”.. သူပြောတယ်။
သီရိ..ဆိုတဲ့ မိန်းကလေးက ခေါင်းကို ခပ်သွက်သွက်ညိတ်တယ်။ ပြောသမျှ နာခံမယ့် မျက်နှာမျိုးနဲ့.. သူ့ကို မျှော်လင့်တကြီး မော့ကြည့်တယ်။
“နင်.. အပြင်မှာ စောင့်နေ”.. သူ ပြောရင်း.. သီရိကို ဆွဲခေါ်.. မြူတံတိုင်းဘက်ဆီ.. တွန်းထုတ်လိုက်တယ်။ သီရိရဲ့ တစ်ကိုယ်လုံး မြူတွေထဲကို နစ်ဝင်.. ပျောက်ကွယ်သွားတယ်။
သူ.. နောက်ထပ် ကြိုးတစ်ချောင်းကို ဆွဲခေါ်တယ်။
ဒီတစ်ခါ ပါလာတဲ့သူက ခပ်ငယ်ငယ် ကလေးမလေး တစ်ယောက်။
ကလေးမလေးရဲ့ အရပ်က.. သူ့ ရင်ညွှန့်လောက်ပဲ ရှိမယ်။ ကလေးမလေးက သူ့အနား ရောက်လာတာနဲ့.. သူ့ကို အားရပါးရ ဖက်တယ်။ သူ့ဗိုက်သားနေရာမှာ မျက်နှာကို.. အပ်တယ်။
“စန္ဒာ.. စန္ဒာ.. ”.. ကလေးမလေးရဲ့ ခေါင်းကို သူ.. အသာ ပွတ်ပေးတယ်။ .. “သမီး.. သမီးလည်း အပြင်ထွက်မယ်.. ။ ဟုတ်တယ်နော်.. ထွက်ချင်တယ် မဟုတ်လား..”
ကလေးမလေးက ခေါင်းကို ခပ်မြန်မြန် ညိတ်တယ်။
“သွား.. အပြင်မှာ စောင့်နေ..။ အန်တီ ပြီးရင် လိုက်ခဲ့မယ်..”
ကလေးမလေး.. မြူတံတိုင်းဆီကို ခုန်ပေါက်.. ပြေးလွှားသွားတယ်။ အပြင်ကို တိုးထွက်.. ပျောက်ကွယ်သွားတယ်။
သူ.. နောက်ထပ် ကြိုးတစ်ချောင်းကို ဆွဲခေါ်တယ်။
ဒီတစ်ခေါက်.. ကြိုးက.. အလွယ်တကူ.. ပြန်ရောက်မလာဘူး။ တင်းခံနေတယ်။ ပြတ်ထွက်တော့မလို.. တကျွီကျွီ အသံတွေ ထွက်လာတယ်။ သူ.. ဟီးခနဲ မာန်ဖီတယ်။ ကြိုးကို ဆောင့်ဆွဲလိုက်တယ်။
“နင် အခုထိ အရှုံးမပေးသေးဘူးလား”.. ကြိုးထိပ်မှာ ရုန်းကန်ပြီး ပါလာတဲ့ အမျိုးသမီးကို.. မေးလိုက်တယ်။.. “ဘယ် နှနှစ်ကြာအောင်.. အငတ်ခံမလဲ။ ဘယ်လောက်အထိ.. တောင့်ခံမလဲ..။ နင်ပဲ ရုန်းနိုင်မလား.. ငါပဲ ဆွဲနိုင်မလား ကြည့်ကြသေးတာပေါ့”
ဒီအမျိုးသမီးရဲ့ မျက်လုံးတွေက.. အဖြူသက်သက် မဟုတ်.. အရောင်အဆင်း ကျန်နေတယ်။ မှိန်ဖျော့နေတဲ့ မျက်ဆံနှစ်ခုက.. အလင်းသဲ့သဲ့ ထွက်ချင်နေသေးတယ်။
အဲဒီ အမျိုးသမီးရဲ့ မျက်နှာကို.. သူ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်.. အနားကို ဆွဲခေါ်တယ်။
“နင့်ကို ငါ ပိုင်တယ်။ နင်… ငါ ခိုင်းတာ လုပ်ရမယ်။ နင် နားလည်လား။ နားလည်လား”.. သူ့လေသံက ထိန်းထားရဲ့သားနဲ့ တင်းမာချင်နေတယ်။ ဒီမိန်းမမျက်နှာကို ကြည့်မိ လိုက်တိုင်း လိမ့်တက်လာတဲ့ ဒေါသအခိုးတွေကို ထိန်းမရသေးဘူး။
“တစ်ရက်ရက်.. တစ်ရက်ရက် ကျရင်တော့ နင်.. ထိန်းလို့ မရတဲ့ အချိန် ရောက်လာမှာပဲ..မမမေ”.. သူက ပြောတယ်။ .. “နင်ဟာ လူ မဟုတ်တော့ဘူး။ အဲဒါကို မေ့နေတာလား။ နင် သိပ် မုန်းတဲ့ မကောင်းဆိုးဝါးလေ.. အခု နင်ကိုယ်တိုင် ဖြစ်နေပြီလေ..။ ကိုယ့်ကိုယ်ကိုယ် လက်မခံ.. ဘယ်လောက်အထိ ဟန်ဆောင်နေဦးမလဲ”
မမမေ ဆိုတဲ့ မိန်းမ.. မျက်နှာ တစ်ချက် ပျက်မသွားဘူး။ သူတစ်ပါးနေရာကို ရောက်နေတဲ့ ပုံစံနဲ့ မတူ.. သူ့အိမ်သူ့ယာမှာ.. သူ့ကိုယ်သူ ပိုင်နေတဲ့ ပုံစံမျိုးနဲ့.. မျက်နှာထားက တင်းနေတယ်။ သူ.. စိတ်ထဲမှာ ဒေါသတွေ အလိပ်လိပ် တက်လာပြန်တယ်။ ဒါပေမယ့် ဒေါသကို မျိုချတယ်။ စိတ်တိုစရာ မလိုဘူး..။ ဒီမိန်းမ.. မမမေ ဆိုတဲ့ မိန်းမကို ငါ ပိုင်တယ်..။ ငါ့နှောင်ကြိုးတွေ.. သူ့ကိုယ်ကို ရစ်ပတ်ထားတာပဲ..။ သက်ထားဆွေ.. နင် ဘာတွေ မလုံမလဲ ဖြစ်နေသလဲ..။ နင်.. ဘာကို ကြောက်နေတာလဲ..။ ဒီမိန်းမကို နိုင်မယ့် နောက်တစ်ကွက်.. နင့်လက်ထဲ ရောက်နေပြီလေ..။ ပြောလိုက်လေ..။
“ဪ.. ဒါနဲ့.. ငါ ပြောဖို့ မေ့နေတယ်။ နင့် သမီး.. မုယောမှာ ရောက်နေတယ်။ နင် သိပြီး ပြီလား”.. သူပြောလိုက်တယ်။
မမမေရဲ့ တစ်ကိုယ်လုံး ဆတ်ခနဲ.. တောင့်တင်းသွားတယ်။ မှိန်ဖျော့နေတဲ့ မျက်ဝန်းတွေ ချက်ခြင်း အလင်းဝင် တောက်ပလာတယ်။
မမမေ.. မျက်နှာ အမူအရာ ပြောင်းသွားတာကို ကြည့်ရင်း.. သူ သဘောကျသလို တဟားဟား ရယ်တယ်..။
“အောင်မယ်.. မျက်နှာက.. ဖြစ်ပျက်သွားလိုက်တာ..။ နင့် သမီး.. နဲ့ နင်.. မကြာခင် တွေ့ရမယ်.. စိတ်မပူနဲ့။ ဒီ အထဲမှာ တစ်သက်လုံး နင်တို့ သားအမိ နေကြ။ အတူတူ နေကြ။ ငါတို့တွေ အကုန် လွတ်မြောက်သွားတဲ့အခါ.. နင်တို့ပဲ ဆက်ပြီး ပိတ်လှောင်ခံ၊ ရာသက်ပန် အကျဉ်းကျနေရမယ်။ နားလည်လား”.. သူ.. ပြောရင်း စိတ်မထိန်းနိုင်တော့သလို.. လက်က မြောက်တက်သွားတယ်.. ။ မမမေရဲ့ မျက်နှာဆီကို အရှိန်နဲ့ ပြန်ကျလာတယ်။
ဖုန်းခနဲ အသံနဲ့အတူ.. လည်ထွက်သွားတဲ့ ခေါင်းကို ဖြည်းဖြည်းချင်း ပြန်တည့်.. မမမေရဲ့ မျက်လုံးတွေ သူ့ဆီကို ပြန်ရောက်လာတယ်။
အဲဒီ မျက်လုံးတွေထဲမှာ အကြောက်တရား တစ်စက်မှ မရှိဘူး။
မျက်နှာမှာလည်း စိုးရိမ်ပူပန်ခြင်း အလျှင်းမရှိ..။
နှုတ်ခမ်းတွေက အပေါ်ကို ကွေးတက်.. သိသိသာသာ ပြုံးနေတယ်။
“ဘာကို ပြုံးနေတာလဲ။ ဘာသဘောလဲ။ နင်.. ဘာဖြစ်နေတာလဲ”.. ဒီမိန်းမရှေ့ရောက်ရင်.. သူ့ရဲ့ အမူအရာတွေ ဒီလို ဖြစ်ဖြစ်သွားတာကို သူ မုန်းတယ်။ ဒီမိန်းမကို နိုင်အောင် မထိန်းနိုင်သေးတဲ့အတွက် သူ့ကိုယ်သူ အပြစ်တင်ချင်တယ်။ ဒီမိန်းမရဲ့.. တင်းမာနေတဲ့ မျက်လုံးတွေကို နှိုက်ထုတ် ဝါးစားပစ်ချင်တယ်။ နှစ်ခါပြန် သတ်လို့ရရင် သတ်ပစ်ချင်တယ်..။
“နင်.. နင်.. အေး.. နင် အဲဒီလို ပြုံးနေ..။ နင့် သမီး အလောင်းကို ငါ ဆွဲခေါ်လာတဲ့အခါ.. ဒီလို ဆက်ပြုံးနိုင်ဦးမလား.. ငါကြည့်မယ်”
မမမေက ပခုံးတွန့်တယ်။
ဒီနေရာမှာ.. ဒီမိန်းမနဲ့ ဆက်ပြီး စကားပြောနေလို့ မဖြစ်ဘူး..။ သူ့စိတ်တွေ ယောက်ယက်ခတ်လာတယ်။ အောင်နိုင်သူတစ်ယောက်ရဲ့ ခံစားချက်.. တဖြည်းဖြည်း ပျောက်ကွယ်ချင်လာတယ်။ မမမေရဲ့ မျက်နှာပေါ်က အပြုံးက သူ့ရဲ့ မာန်ကို တစ်လွှာချင်း ဆွဲခွာနေသလို..။
မမမေကို ဆောင့်တွန်းလိုက်တယ်။ မြူတံတိုင်းဘက်ဆီကို ဦးတည် သူ လှည့်ထွက်လိုက်တယ်။
ဟေး..ဆိုတဲ့ အော်သံ..။
ကြာပွတ်နဲ့ ရိုက်ခံလိုက်ရတဲ့ မြင်းတစ်ကောင်လို သူ့တစ်ကိုယ်လုံး တွန့်ခနဲ ဖြစ်သွားတယ်။ လှည့်မကြည့်နဲ့.. လှည့်မကြည့်နဲ့.. ဒီမိန်းမကို နင် မကြောက်ဘူး သက်ထားဆွေ..။ ကြောက်စရာ မလိုဘူး..။
ဒါပေမယ့် သူ့ခေါင်းက အလိုလို လှည့်ကြည့်မိပြီးသား ဖြစ်နေပြီ။
အမှောင်ထဲကနေ.. မမမေက.. သူ့ကို လှမ်းကြည့်နေတယ်။
မျက်နှာက ပြုံးမြဲ.. ပြုံးဆဲ..။
“နင် သေနေ့ စေ့တော့မယ် သက်ထားဆွေ”.. မမမေက ပြောတယ်။
+++
(ဆက်ရန်)