++++++++++++
အခန်း (၄၄)
-(ရန်နိုင်)-
(၁)
အိပ်မက်ဟာ သူ့ရဲ့ အကောင်းဆုံး သူငယ်ချင်း ဖြစ်လာတယ်။
ဒါ မထူးဆန်းဘူး။
ရန်နိုင့်ရဲ့ တကယ့် လက်တွေ့ဘ၀က နေချင်စရာမရှိ၊ မျှော်လင့်စရာ မရှိ၊ ဘယ်ကိုပဲ လှမ်းမျှော်ကြည့်ကြည့် မသေချာ မရေရာခြင်းတွေ၊ နောင်တတွေ၊ ဆုံးရှုံးမှုတွေနဲ့ ပြည့်နေတယ်။
ဒါကြောင့် သူ.. အိပ်မက်တွေကိုပဲ လက်ကမ်း ကြိုဆိုတယ်။ အိပ်မက်ထဲမှာ အမြဲလိုလို လာလည်..နှုတ်ဆက်တတ်တဲ့ သူ့ညီမလေးကို တွေ့ချင်တယ်။ တကယ်မဟုတ်မှန်း သိနေပေမယ့် မသိစိတ် အာရုံထဲ ခဏ ဝင်လာတဲ့ စန္ဒာ့ပုံရိပ်က သူ့အတွက် နောက်တစ်ရက် အသက်ဆက်ဖို့ အားဖြစ်စေတယ်။
အခုလည်း ရန်နိုင် အိပ်မက် မက်နေတယ်။
သူနဲ့..သူ့ညီမလေး၊ ကျောင်းဝတ်စုံ ဆင်တူနဲ့ မုယောရဲ့ လမ်းမပေါ်မှာ.. အိမ်ကို ပြန်နေကြတယ်။ စန္ဒာ့လက်ထဲမှာ ကိုင်ထားတဲ့ ရေခဲချောင်းက အရည်တွေပျော်.. လမ်းမပေါ်ကို တပေါက်ပေါက်ကျတယ်။ စန္ဒာက .. ရန်နိုင့်ပါးကို ရေခဲချောင်းနဲ့ လှမ်းတို့ပြီး စတယ်။ တဟားဟား ရယ်တယ်။ ရန်နိုင် စိတ်မဆိုးဘူး။ ဟုတ်တယ်.. သူ့ညီမလေးကို သူ ဘယ်တုန်းကမှ စိတ်ဆိုးလို့ မရခဲ့ဘူး။ စန္ဒာ့လက်ကို အသာလှမ်းဖမ်း၊ ခေါင်းကို ခပ်ဖွဖွ တစ်ချက်ပုတ်ရင်း ရန်နိုင်လည်း ရောယောင် ရယ်မိတယ်။
လမ်းမပေါ်မှာ သူတို့ မောင်နှမ နှစ်ယောက်ကလွဲရင် ဘယ်သူမှ မရှိ။ ကားတွေ၊ ဆိုင်ကယ်တွေလည်း မရှိ၊ ဆူညံသံ တစ်စိုးတစ်စမရှိ.. တိတ်ဆိတ်လို့။ အေးမြမြ သာယာနေတဲ့ ညနေခင်း အလင်းဖျော့ဖျော့ရယ်.. လူကို လတ်ဆတ်လန်းဆန်းစေတဲ့ လေပြေသော့သော့ရယ်.. သူတို့နှစ်ယောက်ရဲ့ ရယ်သံတွေရယ်.. ဒါပဲ ရှိတယ်။ နတ်ပြည်ဆိုတာ ဒါကို ပြောတာများလား.. ရန်နိုင် တွေးမိတယ်။ ဟုတ်မယ်.. ။ နောင်ဘ၀ရောက်တဲ့အခါ.. ကောင်းရာမွန်ရာကို ရောက်တဲ့အခါ.. ဒီလို ပျော်ရွှင်မှုမျိုးကို စက္ကန့်မလပ် ခံစားရမှာလား။ ဒါပေမယ့်.. ဒါပေမယ့်… စန္ဒာက.. ဒီဘ၀မှာ ရှိသေးသလား..။
ဝမ်းနည်းစိတ်က ရန်နိုင့် ရင်ဘတ်ထဲကို အရှိန်နဲ့ လှိမ့်ဝင်လာတယ်။ သာယာနေတဲ့ ပတ်ဝန်းကျင် ရုတ်ချည်း ပြောင်းလဲသွားတယ်။ ခပ်ပြေပြေတိုက်နေတဲ့ လေနုအေး.. ရပ်တန့်သွားတယ်။ ရုတ်တရက်.. လှောင်ပိတ်ပြီး ပူထူလာတဲ့ လေထု။ တရှိန်ထိုး ဆင်းကျသွားတဲ့ နေရောင်ခြည်။ တရိပ်ရိပ် စိုးမိုးလာတဲ့ အမှောင်ထု..။ မုယောရဲ့ လမ်းမဟာ စောစောကလို မသာယာ မလှပတော့..။
လမ်းပေါ်မှာ မည်းမည်း အရိပ်တွေ.. တန်းစီ.. ရန်နိုင့်ဆီကို လျှောက်လာနေကြတယ်။
“ထက်.. ထက်… ထက်……”.. အရိပ်တွေဆီက.. ထွက်လာတဲ့ စကားသံတွေ။
အဝေးကြီးက လှမ်းမြင်နေရတဲ့အတွက်.. လူရိပ်တွေက မသဲကွဲဘူး။ ဒါပေမယ့်.. အားလုံးက ရန်နိုင့်ကို စိုက်ကြည့်နေကြတာ သေချာတယ်။ သူတို့ရဲ့ မျက်လုံးတွေ ရန်နိုင့်ကိုယ်ထဲကို ထွင်းဖောက်ဝင်နေတယ်။ သူတို့ရဲ့ စကားသံ တိုးတိုးတွေက အနားကပ်ပြောနေသလို ကျယ်လောင် မြည်ဟိန်းနေတယ်..။
“ထက်.. ရန်နိုင်..ထွန်း”..
ရန်နိုင့်တစ်ကိုယ်လုံး တောင့်ခနဲ ဖြစ်သွားတယ်။ သူတို့.. ရောက်လာကြပြန်ပြီ..။ ဘယ်သူတွေလဲ.. ဘာတွေလဲ..။
“မင်း.. နဲ့ .. မဆိုင်..ဘူး။ မင်း.. ပစ္စည်း.. မဟုတ်.. မဟုတ်..ဘူး..”.. လူရိပ်တွေဆီက ပြိုင်တူထွက်လာတဲ့ အသံက ညည်းသံလိုလို.. ငိုသံလိုလို..။
“စန္ဒာ.. ညီမလေး.. ကိုကြီးနားမှာနေ”.. ရန်နိုင် ပါးစပ်က အလိုလို သတိပေးမိတယ်။ စန္ဒာ့လက်ကို လှမ်းဆွဲတယ်။ ဒါပေမယ့် လက်ထဲကို ပါလာတဲ့.. စန္ဒာ့ လက်ဖဝါးတွေက ရေခဲရိုက်ထားသလို.. အေးစက်စိုရွှဲနေတယ်။ ရန်နိုင် သူ့ညီမဘက်ကို လှည့်ကြည့်တယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရန်နိုင့် တစ်ကိုယ်လုံး တွင်းနက်ထဲကို ပြုတ်ကျသလို ဟာခနဲ ဖြစ်သွားတယ်။
“ကိုကြီး.. ဒါဒါ ဗိုက်ဆာတယ်”.. စန္ဒာက ပြောတယ်။ သူ့ရဲ့ ပါးစပ်လေးကို ဟ တယ်။ ဖြူဖွေးချွန်ထက်နေတဲ့ သွားချွန်ချွန်တွေ.. စန္ဒာ့ပါးစပ်ထဲမှာ ပြည့်ကျပ်နေတယ်။ သွားတွေက အသက်ရှိသတ္တဝါတွေလို.. ကွေ့ကောက် တွန့်လိမ်တယ်။
ရန်နိုင် အော်တယ်။ ပါးစပ်က အသံထွက်မလာဘူး။ ပါးစပ်ကို အတင်းဟ လိုက်တော့ အပ်နဲ့ချုပ်ထားတဲ့ သူ့နှုတ်ခမ်းတွေ.. ပြဲထွက်စုတ်ပြတ်ကုန်တယ်။ စိမ့်ထွက်လာတဲ့ သွေးတွေက သံချေးနံ့နဲ့ ညှီစို့နေတယ်။
“အယ်.. ကိုကြီး.. ပါးစပ်မှာ သွေးတွေ”.. စန္ဒာက သူ့ရဲ့ လက်ကလေးနဲ့ ရန်နိုင့် ပါးစပ်က သွေးတွေကို သုတ်ပေးတယ်။ ပြီးတဲ့အခါ.. သူ့ လက်ချောင်းတွေကို ပါးစပ်ထဲပြန်ထည့်.. တပြွတ်ပြွတ် စုပ်တယ်။
“ထက်မြတ် ဟေ့ကောင်.. ထက်မြတ်”
ရန်နိုင့် ပခုံးကို တစ်ယောက်ယောက်က လှုပ်ပြီး နှိုးနေတယ်။ ရန်နိုင် အိပ်ရာက မနိုးချင်သေး။ အိပ်မက်ထဲက မထွက်ချင်သေး။ သူ့ညီမလေးကို ကယ်ရမယ်.. ဒါဒါ့ကို ထားခဲ့လို့ မဖြစ်..
“အာ.. ဒီကောင်။ ဘာဖြစ်နေတာလဲ။ ထတော့ဟ”… ပါးကို ခပ်ဆတ်ဆတ် လေးရိုက်ခံလိုက်ရတော့မှ ရန်နိုင် လန့်နိုးလာတယ်။ မျက်လုံးကို ဖွင့်လိုက်တော့.. အလင်းရောင်ကြောင့် ကျိန်းစပ်.. ခဏ ပြန်မှိတ်လိုက်ရတယ်။
ရန်နိုင့် တစ်ကိုယ်လုံး ချွေးတွေ ရွှဲရွဲစို၊ စီးကပ်နေတယ်။ လည်ပင်းအထိ ခြုံထားတဲ့ စောင်ကြမ်း တစ်ခုလုံးလည်း ချွေးတွေကွက်ပြီး စိုစိစိဖြစ်နေတယ်။ စောင်ကို ဘေးဖယ်၊ အသက်ကို အားရပါးရ ရှူပြီး ရန်နိုင် ထထိုင်လိုက်တယ်။
“မင်းတော့ ဘယ်နေ့ အလုပ်ပြုတ်မလဲ မသိဘူး။ မင်းကို သေတော့ မတတ်နှိုးရတာ ဘယ်နှခါ ရှိပြီလဲ”
ပွစိပွစိတွေ ဆက်ပြောနေတဲ့ လွင်ထူးကို ရန်နိုင် တောင်းပန်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ လွင်ထူးက ရန်နိုင့်ထက် ၂ နှစ်လောက်ကြီးမယ်။ လူကောင်ထွားထွား၊ အပြောအဆို ကြမ်းပေမယ့် လွင်ထူးက သဘောကောင်းပါတယ်။ ဒီလက်ဘက်ရည်ဆိုင်မှာ ဝင်လုပ်နေကြတဲ့ စားပွဲထိုးတွေထဲမှာ လွင်ထူးက သက်တမ်း အရင့်ဆုံးလို့ ပြောရမယ်။ ၁၃ နှစ်သား လောက်ကတည်းက စားပွဲထိုး လုပ်နေတာလို့ ပြောတာပဲ။ ရန်နိုင်တို့လို လုပ်သက်နုသေးတဲ့ စားပွဲထိုးတွေအတွက် လွင်ထူးက ခေါင်းဆောင်လို ဖြစ်နေတယ်။
“အင်း.. ဆောရီး။ ကျွန်တော် အိပ်မက်တွေ မက်နေလို့ ”.. ရန်နိုင် ပြန်ဖြေလိုက်တယ်။ နာရီကို ကြည့်လိုက်တော့ မနက် ၄ နာရီ။
“မင်းတို့ကို စောစောအိပ်ပါလို့ ငါ ဒီလောက် မှာထားတာ။ လစ်တာနဲ့ ဖုန်းခိုးသုံးနေတာပဲ နေမှာ။ ဟုတ်တယ် မဟုတ်လား။ ဒါကြောင့် မနိုးတာပေါ့”.. လွင်ထူးက ပြောရင်း ဆေးပေါ့လိပ်တစ်လိပ်ကို ထုတ်ပြီး မီးညှိတယ်။ အားရပါးရ တစ်ဖွာနှစ်ဖွာ ဖွာတယ်။ မီးခိုးငွေ့တွေက အလုပ်သမား အိပ်ခန်းရဲ့ ဧရိယာ ကျဉ်းကျဉ်းလေးထဲမှာ အပြည့်.. ပျံ့နှံ့လို့သွားတယ်။
“မဟုတ်ပါဘူး။ ကျွန်တော့်မှာ ဖုန်းမှ မရှိဘဲ။ ကိုလွင်ထူး ဘာတွေ ပြောနေတာတုန်း”.. ရန်နိုင် ပြန်ပြောလိုက်တယ်။ စောင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ခေါက်ပြီး အိပ်ရာခြေရင်းမှာ ချတယ်။ ရန်နိုင်တို့ အိပ်ခန်းမှာ ကုတင်ရယ်လို့ မရှိ၊ ခပ်ပါးပါး မွေ့ရာတွေကို ကြမ်းပြင်မှာချ၊ ခြင်ထောင်ထောင် အိပ်ရတာပဲ။
“အေး ဟုတ်သား။ ဒါဆို ညဘက်ညဘက်တွေ မင်း ဘာလုပ်နေတာလဲ။ ငါ အိပ်သွားတိုင်း မင်း မအိပ်သေးဘဲ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတာ။ ဘာလဲ အပြာစာအုပ် ခိုးဖတ်နေတာလား ထက်မြတ်”.. လွင်ထူးက မေးတယ်။
“မဟုတ်ပါဘူး။ ဒီလိုပဲ..”.. ရန်နိုင် ဘာမှ ဆက်မပြောတော့ဘဲ မျက်နှာသစ်ဖို့ .. မီးဖိုချောင်ဘက်ကို ထွက်လာလိုက်တယ်။
(၂)
မနက် ၄ နာရီ ကျော်ကျော်ပဲ ရှိသေးပေမယ့် ဆိုင်ရဲ့ မီးဖိုချောင်ထဲမှာ ဝန်ထမ်းတွေ အလုပ်ရှုပ်နေကြပြီ။ အကြော်ဖိုဘက်မှာ လူတစ်စု ခွေးခြေခုံလေးတွေနဲ့ စုထိုင်နေကြတယ်။ အဖျော်ဆရာနဲ့ သူ့တပည့်တစ်သိုက်က ရေနွေးအိုးကြီးရဲ့ အောက်က ထင်းပုံကို မီးမပြတ်အောင် ပြောင်းကိုယ်စီနဲ့ တဖူးဖူး မှုတ်နေကြတယ်။ ရန်နိုင်တို့ စားပွဲထိုးကောင်လေးတွေကတော့ တောက်တိုမယ်ရ သန့်ရှင်းရေး လုပ်တဲ့သူက လုပ်၊ နံပြားဖိုဘက်မှာ ကူတဲ့သူက ကူ..။
အခန်းထောင့်မှာ ထပ်ထားတဲ့ သစ်သားထိုင်ခုံတွေထဲက နှစ်ခုကို ရန်နိုင် မ,ပြီး ဆိုင်ရှေ့ဧရိယာကို သယ်လာတယ်။ စီတန်းထားတဲ့ စားပွဲခုံတွေရဲ့ ဘေးမှာ ထိုင်ခုံတွေကို ချတယ်။ စားပွဲတွေကို နေရာတကျဖြစ်အောင် ပြင်တယ်။
“ပင်ရိပ်”.. လက်ဘက်ရည်ဆိုင်က ဆိပ်ခုံမှာ ဆိုရင် အကြီးဆုံး ဆိုင်တွေထဲက တစ်ခုလို့ ပြောလို့ရလောက်တယ်။ လူကျတဲ့ အချိန်တွေဆိုရင် ဆိုင်ထဲမှာ စားသုံးသူ ၅၀-၆၀ လောက် အသာလေး ဆန့်တယ်။ တခြားလက်ဘက်ရည်ဆိုင် တော်တော်များများက ၂၄ နာရီ ဖွင့်တဲ့ အစုံစား ဆိုင်တွေအဖြစ် ပြောင်းလဲသွားကြပြီ ဖြစ်ပေမယ့် ပင်ရိပ်ကတော့ မူလလက်ဟောင်း လက်ဘက်ရည်ဆိုင် စစ်စစ် အဖြစ် ဆက်ပြီး ရုန်းကန်နေတုန်းပဲ။
ထိုင်ခုံနဲ့ စားပွဲတွေကို နေရာတကျ စီနေရင်း ရန်နိုင်.. ကားလမ်းမဘက်ကို လှမ်းကြည့်မိတယ်။ ဆိုင်က မိန်းလမ်းမကြီးပေါ်မှာ ရှိတာ မဟုတ်ဘဲ လမ်းသွယ်တစ်ခုထဲမှာ ဆိုတော့.. ဆိုင်ရှေ့လမ်းက သိပ်ပြီး ဆူဆူညံညံ မရှိ၊ တိတ်ဆိတ်အေးချမ်းတယ်။ စောလည်း စောသေးတော့ ဖြတ်သွားတဲ့ စက်ဘီးတစ်စီးတစ်လေကလွဲရင် လမ်းပေါ်မှာ လူသူ မရှိသေးဘူး။ ဆိပ်ခုံက.. မုယောလိုတော့ အပင်တရုန်းရုန်းနဲ့ စိမ်းစို မနေဘူး။ ဖွံ့ဖြိုးကာစ မြို့တစ်ခုဖြစ်တဲ့အတွက်.. လမ်းတိုင်းလိုလိုမှာ… စတိုးဆိုင် ပိစိကွေးတွေ၊ အရက်ဆိုင်တွေ၊ ဆောက်လက်စ တိုက်အိမ်တွေနဲ့ ပွထနေတယ်။
မနက်ခင်းရဲ့ လေညှင်းကို အားရပါးရ ရှူရှိုက်လိုက်ပေမယ့် ရန်နိုင့် ရင်ထဲမှာ အေးမသွားဘူး။ မွန်းကြပ်နေတုန်းပဲ။ အမြဲတစေ အသက်ရှူမ၀.. တစ်ခုခု လိုနေသလို.. ခံစားနေရတဲ့အတွက်.. ဒီဝေဒနာက သူနဲ့ ရင်းနှီးနေပြီ။ မနက်ကနေ ညနေအထိ အလုပ်နဲ့ လက်နဲ့ မပြတ်အောင် ဆက်တိုက် လုပ်နေပေမယ့်.. သတိလွတ်သွားတဲ့ အခါတိုင်း မဝေးသေးတဲ့ အတိတ်ရဲ့ ပုံရိပ်တွေ သူ့ခေါင်းထဲကို ဝင်လာတယ်။ မပြီးပြတ်သေးတဲ့ တာဝန်တစ်ခုကို ထမ်းပိုးထားရသလို.. ရန်နိုင့် စိတ်က စက္ကန့်တိုင်းမှာ လေးလံနေတယ်။
အလုပ်ကို ဆက်တိုက် လုပ်နေရင်း.. ရန်နိုင့် လက်တွေ၊ ခါးတွေ၊ ကျောပြင်တွေ၊ နားထင်တွေမှာ ချွေးဥတွေ သီးလာတယ်။ နှစ်နှစ်ကျော်လုံးလုံး ဒီလို အလုပ်ကြမ်းတွေကို မနားမနေ အလုပ်လုပ်ခဲ့လို့ ဖြစ်မယ်.. ရန်နိုင့် ကိုယ်လုံးက ၁၆ နှစ်သား အရွယ်နဲ့ မလိုက်အောင် ကျစ်လစ် သန်မာနေတယ်။ သူ့ရဲ့ ဖြူဖျော့ဖျော့ အသားအရည်က မှတ်မိချင်စရာ မရှိတော့အောင် ညိုပြီးတင်းနေတယ်။ ပုံမှန်ဆိုရင် ခပ်တိုတို သန့်သန့် ညှပ်ထားတတ်တဲ့ သူ့ ဆံပင်တွေက နားထင်ကိုကျော်၊ ပခုံးနားအထိ ဝဲကျနေတယ်။
“ထက်မြတ်၊ လာလေ ငါတို့နဲ့ မနက်စာ လာစားလေ”.. သင်းနွယ်ရဲ့ အသံ။
ထက်မြတ်..ဆိုတဲ့ နာမည်ကို ရန်နိုင် အခုထိ နေသား မကျသေးဘူး။ ပင်ရိပ်မှာ စလုပ်ကတည်းက ဒီနာမည်နဲ့ပဲ.. အလုပ်ဝင်ခဲ့တာပဲ။ ဒါပေမယ့် ထက်မြတ်လို့ ခေါ်လိုက်တိုင်း သူ့ကို ခေါ်နေတယ်..ဆိုတာ ရန်နိုင် မနည်း အာရုံစိုက် နားထောင်ရတယ်။
နောက်ဆုံး စားပွဲနဲ့ ထိုင်ခုံတွေကို နေရာချလိုက်ပြီး ရန်နိုင် ဒီဘက်ကို လှည့်တယ်။ သင်းနွယ်က မီးဖိုခန်း အ၀မှာ မတ်တပ်ရပ်၊ ရန်နိုင့်ကို လက်ယပ်ခေါ်တယ်။ မနက် ၅ နာရီစွန်းစွန်းပဲ ရှိသေးပေမယ့် သင်းနွယ်ရဲ့ မျက်နှာမှာ သနပ်ခါး အပြည့်၊ နှုတ်ခမ်းနီ ပါးပါး ဆိုးထားတဲ့ နှုတ်ခမ်းက အလိုလိုနေရင်း ပြုံးနေသယောင်။
သင်းနွယ်ကို ကြည့်နေရင်း.. မသော်တာကို ရန်နိုင် သတိရမိသွားတယ်။ သင်းနွယ်က မသော်တာထက်တော့ ငယ်မယ် ထင်တယ်။ ၂၀ ကျော်ကျော်ပေါ့။ အခု အချိန်ဆို.. မသော်တာ တစ်ယောက် ဘယ်နေရာ ဘယ်ဘ၀မှာ ဘာတွေ ဖြစ်နေပြီလဲ.. သူ မတွေးတတ်ဘူး။ ကောင်းတဲ့နေရာတော့ ရောက်မယ် မထင်ဘူး..။
“ဟဲ့.. လာလေ။ ဪ.. ဒီကောင်လေး.. ဘာတွေ တွေကြည့်နေပြန်ပြီလဲ။ နင့်ကြည့်လိုက်ရင် အမြဲ တမှိုင်မှိုင်နဲ့။ လာ လာ.. ဟိုမှာ အီကြာကွေးတွေ ပျော့ကုန်မယ်။ အခုမှ လတ်လတ်ဆတ်ဆတ် ဆယ်ထားတာ”.. သင်းနွယ်က ပြောရင်း အထဲကိုဝင်သွားတယ်။
သင်းနွယ်ရဲ့ အဓိက အလုပ်က အကြော်ကြော်တဲ့ အလုပ်။ ဒါပေမယ့် သူ့ကိုယ်မှာ ဆီပေ တစ်စက် မစွန်းအောင် ဘယ်လိုများ ထိန်းသိမ်း အလှပြင်ထားသလဲ ရန်နိုင် စဉ်းစားလို့ မရဘူး။
(၃)
“ကောင်လေးက ဗလတွေဘာတွေ ထွက်နေပြီဟဲ့။ သင်းနွယ်တို့ ဘာတွေများ ကျွေးထားသလဲ မသိဘူး”.. အီကြာကွေးကို လက်ဘက်ရည်နဲ့ တို့စားနေတဲ့ ရန်နိုင့်ကို မတင်မေက မျက်စပစ်ပြရင်း နောက်တယ်။ အကြော်မှုန့်တွေကို ရေနဲ့ဖျော်၊ လက်နဲ့ အားရပါးရ နယ်တယ်။ မတင်မေ လက်မှာ စေးကပ်နေတဲ့ မုန့်နှစ်တွေကို ငေးကြည့်နေရင်း ရန်နိုင် ဘာမှ ပြန်မပြော ခေါင်းကို ငုံ့ထားလိုက်တယ်။
“မတင်မေ လျှောက်နောက်မနေနဲ့ ဟိုမှာ ကလေး ရှက်သွားဦးမယ်”.. သင်းနွယ်က ရယ်သံ တစ်ဝက်နဲ့ ပြောတယ်။ .. “ထက်မြတ်။ ဒီမှာ မလိုင်နည်းနည်း ဖယ်ထားပေးတာ စားလိုက်ဦး”
“ရတယ်။ မစားတော့ဘူး အစ်မ”.. ရန်နိုင် ငြင်းလိုက်တယ်။
“မင်း မစားရင်လည်း ငါ့ပေး။ ပဲများနေသေးတယ်”.. လွင်ထူးက .. သင်းနွယ်ချပေးတဲ့ မလိုင်ပန်းကန်ကို ဆွဲယူ၊ နှုတ်ခမ်းမှာတေ့.. မလိုင်ဖတ်တွေကို တစ်ခါတည်း မော့ချလိုက်တယ်။ သင်းနွယ်က မကျေမနပ် အော်ပြောရင်း ပန်းကန်ကို လှမ်းဆွဲတယ်။ လွင်ထူးက တဟားဟား ရယ်ရင်း ထွက်ပြေးတယ်။ မတင်မေကလည်း တဟီးဟီး ရယ်တယ်။ အနီးအနားက စားပွဲထိုးတွေ၊ ဝန်ထမ်းတွေကဆီကလည်း ရယ်သံ တချို့ ထွက်လာတယ်။ မရယ်ဘဲ ခေါင်းငိုက်စိုက်နေတာက ရန်နိုင် တစ်ယောက်တည်း။
ဒီလူတွေရဲ့ ခံစားချက်တွေဟာ ရန်နိုင်နဲ့ မသက်ဆိုင်သလို သက်သက်ကြီး ကွဲထွက်နေတယ်။ သူ.. မရယ်မပြုံးမိတာ ဘယ်လောက်တောင် ကြာသွားပြီလဲ။ နှစ်နှစ်ခွဲ ဆိုတဲ့ အချိန်ကလာက တစ်ဘ၀စာလောက် ကြာသွားသလိုပဲ။ ရက်ပေါင်း ၉၀၀ ကျော်။ နာရီပေါင်း နှစ်သောင်းကျော်..။ စက္ကန့်ပေါင်း.. ကုဋေကုဋာ..။ မုယောက ထွက်လာပြီးကတည်းက.. ရန်နိုင့်ကို တက်ဖိထားတဲ့ အပူလုံးက ပိုအားကောင်းလာတယ်။ ဒီဖိအားရဲ့ အောက်မှာ ရန်နိုင့်ရဲ့ စိတ်ဓာတ်တွေ ပိုပြီး မာကျောလာတာတော့ အမှန်ပဲ။ မရယ်မိတာ ကြာခဲ့ပြီ ဖြစ်သလို.. မငိုမိတာလည်း ကြာပြီ။ မျက်ရည်ဆိုတာကို မသိတော့တာ ကြာပြီ..။
“ထက်မြတ်ရယ်။ နင့်မလည်း ငယ်ငယ်လေးနဲ့ ဘာလို့ ဒီလောက် မှိုင်တွေနေတာလဲ”.. မတင်မေက မုန့်နှစ်နယ်ထားတဲ့ ဘူးသီးဖတ်တွေကို ဒယ်အိုးထဲပစ်ထည့်ရင်း မေးတယ်။ .. “ဘာဖြစ်လို့လဲ။ အိမ်လွမ်းလို့လား”
“မဟုတ်ပါဘူး အစ်မ။ ဒီလိုပါပဲ”
“နားရက်ရတဲ့အခါ အိမ်လေးဘာလေး ပြန်လေ။ နင်က အိမ်မပြန်ဘဲ ဒီမှာပဲ ပေကပ် နေနေတာကိုး။ ကြာလာတေ့ စိတ်ညစ်လာတော့မှာပေါ့။ နင့်အိမ်က လွိုင်လင်ဘက်မှာ မဟုတ်လား။ ကားတစ်ရက်စီးလိုက်ရင် ရောက်နေတဲ့ဟာကို”
“ဟုတ်။ ပိုက်ဆံ ချွေတာချင်လို့ မပြန်တာပါ”.. ရန်နိုင် ညာလိုက်တယ်။ တကယ်တမ်းက.. သူ့ရဲ့ အိမ်က.. ကားတစ်ရက်စီးစရာမလို.. ။ ဆိပ်ခုံကနေ တောင်ဘက်ကို တည့်တည့်ဆင်း.. တစ်နာရီလောက် မောင်းလိုက်ရင်.. မုယောကို ရောက်ပြီ။ ဒါပေမယ့်.. အဲဒီနေရာ.. အဲဒီအိမ်ဟာ သူနဲ့ မသက်ဆိုင်တော့ပါဘူး။
“အဲဒီကောင်ကို ပြောမနေနဲ့ မတင်မေ။ သစ်တုံးနဲ့ စကားပြောတာကမှ အဖြေပြန်ရရင် ရဦးမယ်။ ဒီကောင်က ပြန်မပြော နားမထောင် အူတူတူနဲ့။ ကျွန်တော်ဖြင့် လက်လျှော့ထားတာ ကြာပြီ”.. လွင်ထူးက ထိုင်ခုံမှာ ပြန်ဝင်ထိုင်ရင်း ပြောတယ်။ သင်းနွယ်ကလည်း နေရာမှာ ပြန်ထိုင်တယ်။ လွင်ထူးကို မျက်စောင်း တစ်ချက် ထိုးတယ်။ ရန်နိုင့် ရှေ့က ကုန်နေပြီဖြစ်တဲ့ လက်ဘက်ရည်ခွက်ကို ဆွဲယူတယ်။ ကရားထဲကနေ နောက်တစ်ခွက် ထပ်ငှဲ့ပေးတယ်။
“သင်းနွယ်။ ငါတို့ သောက်ဖို့လည်း ချန်ထားဦးလေ။ ဘယ်လိုဖြစ်လို့ ထက်မြက်ကိုချည်း စွတ်တိုက်နေတာလဲ။ နည်းနည်းပါးပါး ဟန်လေးဘာလေး ဆောင်ဦးဟ”.. လွင်ထူးက ပြောတယ်။ သင်းနွယ်က မကြားသလို ဟန်ဆောင်၊ လက်ဘက်ရည်ခွက်ကို ရန်နိုင့်ရှေ့ ချပေးတယ်။
ဆိုင်ရှင် ဦးသန်းဝင်း ရောက်လာတော့ ဆိုင်အလုပ်သမားတွေ စကားစမြည် ပြောနေကြတာတွေ နည်းနည်း တိတ်သွားတယ်။ အခုမှ နိုးလာတဲ့ အလုပ်သမား တချို့က အိပ်မှုံစုံမွှားနဲ့ ကပျာကယာ မျက်နှာတွေ သစ်ကြတယ်။ ဦးသန်းဝင်းက သဘောကောင်းတဲ့ ဆိုင်ရှင်တစ်ယောက်ပါ။ သူ့ကို ကြောက်ကြတာထက်.. လေးစားသမှုနဲ့ ရိုသေကြတာ ပိုများပါတယ်။
တဖြည်းဖြည်း လင်းလာတဲ့ နေရောင်နဲ့အတူ ဆိုင်ထဲမှာ လူတွေ ပြည့်လာတယ်။ အစားအသောက် မှာတဲ့ အသံတွေ၊ ပန်းကန်သံ ခွက်သံတွေ.. ဆူညံသွားတယ်။ လက်ဘက်ရည် ခွက်တွေကို သုံးလေးခွက် ဆင့်သယ်၊ မှာသူတွေဆီကို သွားချပေး၊ စားပြီးသား ပန်းကန်တွေကို ပြန်ယူ၊ ပန်းကန်ဆေးတဲ့နေရာကိုပို့.. ရန်နိုင် ဇယ်ဆက်သလို အလုပ်လုပ်တယ်။ ဒီလို အလုပ်လုပ်နေရတာကို သူ သဘောကျတယ်။ မရပ်မနား လုပ်ကိုင်နေရတဲ့အခါ..
မုယောကို သတိရဖို့ အချိန်မရှိဘူး။
(၄)
ညနေ ၃ နာရီနဲ့ ၅ နာရီကြား အချိန်ဟာ ရန်နိုင့် အတွက် အဆင်အပြေဆုံး အချိန်..။
၃ နာရီ ထိုးပြီဆိုတာနဲ့ ဆိုင်ရဲ့ အလုပ်သမားတွေ အလုပ်နားကြတယ်။ တစ်ရေးတစ်မော အိပ်တဲ့သူတွေ ရှိသလို မြို့ထဲဘက်ကိုသွား ဟိုလည်ဒီလည် လျှောက်ကြည့်ကြတဲ့ သူတွေလည်း ရှိတယ်။ ကျန်တဲ့သူတွေကတော့ ဆိုင်ဘေး ကွက်လပ်က ပိုက်ကျော်ခြင်းပွဲဆီမှာ။ လွင်ထူးရဲ့ ပိုက်ကျော်ခြင်း အသင်းက ဆိပ်ခုံမြို့မှာ နာမည်ကြီး။ နေ့တိုင်းလိုလို ချိန်းပွဲ တစ်ပွဲတော့ အနည်းဆုံး ရှိတယ်။ ခြင်းပွဲ စပြီဆိုရင် ဆိုင်က လူတွေကလည်း (ဆိုင်ရှင်အပါအဝင်) သူ့ဘက် ကိုယ့်ဘက် သွားအားပေးကြတော့ ပင်ရိပ် တစ်ဆိုင်လုံး အဲဒီအချိန်ဆိုရင် တိတ်ဆိတ် ရှင်းလင်းနေတယ်။
ဒီအချိန်ရောက်ပြီ ဆိုရင် ရန်နိုင့်အတွက် အင်မတန် တန်ဖိုးရှိတဲ့ လွတ်လပ်ခြင်းကို ရတယ်။
သူ အိပ်ခန်းထဲကို ပြန်တယ်။
လွင်ထူးနဲ့ ရန်နိုင် နှစ်ယောက်ပဲ အိပ်တဲ့ အိပ်ခန်း ဆိုပေမယ့် အခန်းက တော်တော်လေး ကျယ်ဝန်းပါတယ်။ မြေပေါတဲ့ နေရာဖြစ်တဲ့ အလျှောက်၊ ဆိုင်ရဲ့ ဝင်းက ကျယ်တယ်။ အလုပ်သမား တန်းလျားကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သပ်သပ်ရပ်ရပ် ဆောက်ထားပေးတယ်။
တခြား အချိန်တွေဆိုရင် လွင်ထူးနဲ့ တစ်ခန်းတည်း နေနေရတော့ ရန်နိုင့်အတွက် အဆင်မပြေဘူး။ ညနေ ၃ နာရီ နဲ့ ၅ နာရီကြား.. အချိန် ၂ နာရီအတွင်းမှာတော့ ရန်နိုင့်ကို ကြည့်နေမယ့် လွင်ထူးရဲ့ မျက်လုံးတွေ မရှိဘူး။ ရန်နိုင့် အနား တကောက်ကောက် လိုက်ကပ်နေတဲ့ သင်းနွယ်လည်း မရှိဘူး။
အခန်းထဲရောက်တာနဲ့ ရန်နိုင်.. တံခါးကို ပိတ်တယ်။ အထဲကနေ ချက်ထိုးတယ်။
မွေ့ရာကို ဆွဲလှန်၊ အောက်မှာ ညှပ်သိမ်းထားတဲ့ ပစ္စည်းတွေကို ထုတ်တယ်။
မွေ့ရာအောက်မှာ.. သားရေကွင်းပတ်စည်းထားတဲ့ ပိုက်ဆံ တချို့နဲ့ မှတ်စု စာအုပ်တစ်အုပ်။ ပြီးတော့ နှစ်ပိုင်းပြတ်နေတဲ့ ဓားရှည် တစ်လက်။
ဒီ ဓားကျိုးကို ဘယ်သူမှ မမြင်အောင် ဖွက်ထား၊ သိမ်းထားခဲ့တာ။ လွင်ထူးက စပ်စပ်စုစု နိုင်ပေမယ့် ရန်နိုင့် ပစ္စည်းတွေကိုတော့ တစ်ခါမှ သူမသိဘဲ ကိုင်မကြည့်ဘူး..ဆိုတာ ရန်နိုင် သိတယ်။ ဒါကြောင့်လည်း မွေ့ရာအောက်မှာ စိတ်ချလက်ချ သိမ်းထားရဲတာ။
ဓားအပိုင်း ၂ ခုကို တစ်ချက် ကြည့်ပြီး.. ရန်နိုင် မှတ်စု စာအုပ်ကို လှန်တယ်။ မနက်က.. မက်ခဲ့တဲ့ အိပ်မက်ကို အသေးစိတ် ချရေးတယ်။
စာမျက်နှာ ၃၀၀ ကျော်ပါတဲ့ မှတ်စုစာအုပ်က ရန်နိုင့် အိပ်မက်မှတ်တမ်းတွေ အပြည့်နဲ့ ကုန်လုနီးနီး ဖြစ်နေပြီ။
သုံးလေးရက်ခြားတိုင်း တစ်ခါ မက်တတ်တဲ့ အိပ်မက်တွေကို ရန်နိုင် မသင်္ကာဘူး။ ဒီအိပ်မက်တွေရဲ့ နောက်ကွယ်မှာ ဆိုလိုရင်း အဓိပ္ပာယ်..တစ်ခုခုတော့ ရှိကို ရှိနေတယ်။
အိပ်မက်ထဲက.. သူ့ဆီကို ဦးတည် လျှောက်လာနေတဲ့ မည်းမည်း အရိပ်တွေ..
မက်သမျှ အိပ်မက်တိုင်းမှာ ဒီ အရိပ်ရှည်တွေ တစ်နေရာမဟုတ် တစ်နေရာ .. ပါနေတယ်။ အိပ်မက်ထဲကို ရောက်လာတိုင်းလည်း.. အဲဒီ လူရိပ်တွေက.. ဒီစကားကိုပဲ ထပ်ခါ တလဲလဲ ပြောနေကြတယ်။ “မင်းနဲ့ မဆိုင်ဘူး။ မင်းပစ္စည်း မဟုတ်ဘူး..”
ရန်နိုင့်မျက်လုံးတွေ.. ဓားပိုင်း နှစ်ခုဆီကို ပြန်ရောက်သွားတယ်။
မုယော ရေတွင်းပျက်နားက.. ကောက်လာခဲ့တဲ့ မမမေရဲ့ ဓား။
နှစ်ပိုင်း ပြတ်နေတဲ့ ဓားသွားနှစ်ဖက်က မီးရောင်အောက်မှာ တလက်လက် တောက်နေတယ်။
ဒီဓားအောက်မှာ အငွေ့ပျံ ပျောက်ကွယ်သွားခဲ့တဲ့ မသော်တာ..။ ဖြောင်းခနဲ ကျိုးထွက်သွားတဲ့ ဓားသွားထဲက ဖြာထွက်လာခဲ့တဲ့ အလင်းစူးစူးတွေ။ ဒီဓားဟာ သာမန် မဟုတ်ဘူး ဆိုတာ ရန်နိုင် သိတယ်။ စန္ဒာ.. စန္ဒာ့ကို ကယ်တင်ဖို့ နောက်ဆုံး အခွင့်အရေးက ဒီဓားတစ်လက်နဲ့ လုံး၀သက်ဆိုင်နေတယ်ဆိုတာ ရန်နိုင် သဘောပေါက်တယ်။ ဟုတ်တယ်.. သူ့ပစ္စည်း မဟုတ်ဘူး။ ဒါပေမယ့် ဘယ်သူ့ကို ပြန်ပေးရမှာလဲ။ ဒီဓားရဲ့ ပိုင်ရှင်က သေပြီ။ မရှိတော့ဘူး။ မပေးနိုင်ဘူး။
ဓားရိုးပါတဲ့ အပိုင်းကို ရန်နိုင် ကောက်ကိုင်လိုက်တယ်။ လွန်ခဲ့တဲ့ ၂ နှစ်.. တုန်းက ဒီဓားက ရန်နိုင့် လက်ထဲမှာ အဆမတန် ကြီးနေတယ်။ လက်ကိုင်ရိုးက လက်ဖဝါးနဲ့ မဆန့်ချင်..။ အခုတော့ ရန်နိုင့် လက်ဖဝါးတွေက လေဒဏ် မိုးဒဏ်.. အလုပ်ဒဏ်ကြောင့် ခိုင်မြဲ ကျစ်လစ်နေပြီ။ ဓားရိုးက လက်ဖဝါးထဲမှာ အလျဉ်းသင့် ကွက်တိ ဖြစ်နေပြီ။ ဓားရိုးပေါ်မှာ ထွင်းထုထားတဲ့ ကနုတ်ပန်းတွေကို ရန်နိုင် အလွတ်ရနေပြီ။ အခွင့်ရတိုင်း ဒီဓားကျိုးကို လက်ထဲမှာ ကိုင်.. မုယောရဲ့ မကောင်းဆိုးဝါးကို စိတ်နဲ့မှန်း.. လေထဲကို တစွတ်စွတ်ထိုး.. လေ့ကျင့်နေခဲ့တာတွေ..။
ရန်နိုင့် အာရုံတွေ.. မဝေးသေးတဲ့ အတိတ်ဆီကို ပြန်ရောက်သွားတယ်။
(၅)
အဲဒီနေ့..
အဲဒီနေ့ မနက်.. မုယောရဲ့ ရေတွင်းပျက်ကနေ လှည့်ထွက်လာတဲ့ ရန်နိုင့်ရဲ့ ခြေလှမ်းတွေ.. အိမ်ဘက်ကို အလိုလို ဦးတည် လျှောက်လှမ်းနေခဲ့တယ်။
မြူခိုးတွေကြားထဲ ပျောက်ကွယ်သွားခဲ့တဲ့ စန္ဒာ..။
မသီရိ..။ မမမေ..။
သက်ထားဆွေ။
ညဉ့်သန်းခေါင်ရဲ့ အဖြစ်အပျက် ပုံရိပ်တွေက သူ့မျက်ဝန်းထဲမှာ ဆေးနဲ့ အပြီးသတ် ထိုးဆွဲလိုက်သလို ထင်ကျန်နေတယ်။ အိမ်ဘက်ကို လျှောက်နေပေမယ့် ရန်နိုင် အရှေ့ကို မမြင်ဘူး။ စန္ဒာ့ မျက်နှာကိုပဲ မြင်နေတယ်။ မင်းအပြစ်မဟုတ်ဘူး.. တဲ့.. မမမေ ပြောသွားတဲ့ စကားကိုပဲ ကြားနေတယ်။ သူ့ကို တွန်းထုတ် ကယ်ဆယ်လိုက်တဲ့ မသီရိရဲ့ နောက်ဆုံးအကြည့်တစ်ချက်..။
အိမ်နားကိုရောက်တော့ ရန်နိုင့် ခြေထောက်တွေ ထုံကျင်ကိုက်ခဲ နေပြီ။ နေထွက်ကာစ အာရုဏ်ဦးအချိန်မို့ လမ်းမှာ လူသွားလူလာ သိပ်မရှိသေး။ ဒါပေမယ့် ရန်နိုင့် အိမ်ရှေ့မှာ ဆေးရုံကား တစ်စီး ရပ်ထားတာတွေ့တယ်။ ရန်နိုင် အိမ်နဲ့ မလှမ်းမကမ်း.. သစ်ပင်တစ်ပင်အောက်ကို ခဏ ဝင်ခိုတယ်။ မြင်ကွင်းကို စောင့်ကြည့်တယ်။
အိမ်ထဲကနေ လူတစ်ယောက်ကို သယ်ထုတ်လာတယ်။ အဲဒီလူကို ဆေးရုံကားပေါ်ကို တင်တယ်။ ဥဩသံတွေနဲ့အတူ ဆေးရုံကား မောင်းထွက်သွားတယ်။
ရန်နိုင် အမြန် လှုပ်ရှားတယ်။
အချိန် မရှိဘူး။
မဟာထွန်း အိမ်ထဲကို.. မကြာခင် ရဲတွေ ရောက်လာတော့မယ် ဆိုတာ ရန်နိုင် သိနေတယ်။
ကိုသက်ဦးဆိုတဲ့သူကို လာခေါ်သွားတာဖြစ်မယ်..လို့ ရန်နိုင် တွေးတယ်။ ဒါပေမယ့်.. ပြဿနာက ဒီမှြ ပြီးမှာ မဟုတ်ဘူး။ မီးဖိုချောင်ထဲမှာ အန်တီငြိမ်းရဲ့ အလောင်း ရှိမယ်..။ အဖေ့အလောင်းကတော့ ဘယ်မှာလဲ.. ရန်နိုင် မသိဘူး။ ဘာလုပ်ပစ်လိုက်ကြသလဲ.. မြေမြှုပ်လိုက်သလား.. ဝါးစားလိုက်သလား သူ မသိဘူး။ ဘယ်လိုပဲ ပြောပြော.. မကြာခင် ရဲတွေနဲ့ တစ်အိမ်လုံး ခြေရှုပ်တော့မှာ သေချာတယ်။ အဲဒီအခါကျရင် ရန်နိုင်.. ရှိနေသေးရင်.. မေးခွန်းတွေအကုန် သူ့အပေါ်ကို စုပြုံကျလာတော့မယ်။ သူပြောသမျှကိုလည်း ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ အမှတ်မထင်ရင် စိတ္တဇဆေးရုံတောင် အပို့ခံရမယ်။ ဒီထက်..ဆိုးရင်.. သေသွားတဲ့သူတွေကို ရန်နိုင်.. သတ်လိုက်တာလို့ ထင်သွားရင် ဘယ်လို လုပ်မလဲ။ ကိုသက်ဦးဆိုတဲ့သူကတော့.. သက်သေ ထွက်ပေးမှာပေ့ါ။ ဒါပေမယ့် ကိုသက်ဦးက ဆေးရုံရောက်မှ သေသွားရင်ရော..။ ဒီအတွေးတွေက ရန်နိုင့်ရဲ့ နောက်ဆုံးဖြတ်ချက်တွေကို ပုံဖော်ပေးနေတယ်။
သွေးအလူးလူးနဲ့ ပေပွေနေတဲ့ ဧည့်ခန်းကြမ်းပြင်ကို ကွေ့ရှောင်.. အိမ်အပေါ်ထပ်ကို ပြေးတက်တယ်။ အဖေ့အခန်းထဲကို ဝင်တယ်။ အံဆွဲထဲကို ဖွင့်ရှာတယ်။ ဗီရိုတွေထဲကို နှိုက်ရှာတယ်။ တော်တော်လေးရှာလိုက်တော့မှ အဖေ့ရဲ့ ပိုက်ဆံအိတ်ကို တွေ့တယ်။ အိတ်ထဲမှာ ငွေ သုံးလေးသိန်းလောက်တော့ ရှိလိမ့်မယ်။ မီးခံသေတ္တာကို ဖွင့်ရှာချင်ပေမယ့် လျှို့ဝှက် နံပါတ်ကို ရန်နိုင် မသိဘူး။ အချိန်လည်း မရှိဘူး။
အောက်ထပ်ကို ပြန်ဆင်း၊ သူ့အိပ်ခန်းထဲကို ဝင်တယ်။ စန္ဒာ့ရဲ့ ဘာဘီရုပ်လေးတွေ တန်းစီထားတဲ့ စင်ဘက်ကို တစ်ချက်လှမ်းကြည့်တယ်။ စီးကျလာတဲ့ မျက်ရည်တွေကို သုတ်တယ်။ အဝတ်အစား အမြန်လဲတယ်။ ကျောပိုးအိတ်ကို ယူတယ်။ ပိုက်ဆံအိတ်နဲ့ အဝတ်စားတချို့ ပစ်ထည့်တယ်။ ဓားကျိုး နှစ်ပိုင်းကိုလည်း အိတ်ထဲ ထိုးထည့်တယ်။ ဦးထုပ်တစ်လုံး ကောက်ဆောင်းတယ်။
လိုင်းကားဂိတ်ကို ရောက်တော့ မိုးစင်စင်လင်းနေပြီ။ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်း.. ကျောပိုးအိတ်ကို ဘေးတစ်စောင်းလွယ်..ထားတဲ့ ရန်နိုင့်ကို လူတွေက ကွက်ကြည့် ကွက်ကြည့် လုပ်ကြတယ်။ ရန်နိုင် အားလုံးကို မမြင်ချင်ယောင်ဆောင်တယ်။ တုန်နေတဲ့ လက်တွေ ငြိမ်သွားအောင် တင်းတင်းဆုပ်ထားတယ်။
ဆိပ်ခုံ ကားလာတော့ စိတ်ထဲကနေ.. မုယောကို နှုတ်ဆက်.. လိုင်းကားပေါ်ကို တက်တယ်။
(၆)
၁၄ နှစ်မပြည့်သေးတဲ့ ကောင်လေးတစ်ယောက်အဖို့ ဆိပ်ခုံလို မြို့ငယ်တစ်ခုမှာ ပုန်းခိုစရာ နေရာ တော်တော် ရှားတယ်။ တည်းခိုခန်းမှာ ငှားနေလို့လည်း အဆင်မပြေ..။ ငှားနေလို့ ရရင်တောင် ရန်နိုင့် အိတ်ထဲမှာပါလာတဲ့ ပိုက်ဆံ ၄ သိန်းကျော်နဲ့ ဘယ်လောက် ကြာကြာ ခံမလဲ။
ဆိပ်ခုံကိုရောက်တာနဲ့၊ လိုင်းကားပေါ်က ဆင်းပြီးတာနဲ့.. ရန်နိုင် ယတိပြတ် ဆုံးဖြတ်လိုက်တယ်။ သူ.. ဒီမြို့မှာ နေမယ်။ ဒီမြို့မှာ.. စောင့်မယ်။ သူအခု.. ငယ်သေးတယ်။ သူ့မှာ ခွန်အားတွေ မရှိဘူး။ ဗဟုသုတ မရှိဘူး။ အသိပညာ မရှိဘူး။ အတတ်ပညာ မရှိဘူး။ မုယောရဲ့ မကောင်းဆိုးဝါး.. သက်ထားဆွေ.. ဆိုတဲ့ မိန်းမကို သူဘာမှ တုံ့ပြန်လို့ မရဘူး။ ရတယ်.. သူ့ကျောပိုးအိတ်ထဲမှာ ဒီမိန်းမ ကြောက်တဲ့ လက်နက်.. ရှိနေတယ်။ နှစ်ပိုင်း ပြတ်နေပေမယ့်.. ဒီဓားကို သူ.. မရရအောင် ပြန်ပြင်မယ်။ ပြန်ဆက်မယ်။ အဆင်သင့် ဖြစ်လာတဲ့ တစ်နေ့.. မုယောကို သူပြန်သွားမယ်။ မုယောရဲ့ ရေတွင်းပျက်ဆီကို.. သူ ပြန်မယ်..။
ရန်နိုင့် အတွေးက ကလေးဆန်တယ်။ ယုတ္တိ မရှိဘူး။ ဒါပေမယ့် သူ့မှာ တခြား ဘာရွေးချယ်စရာ ရှိသေးသလဲ။ အားလုံးကို အရှုံးပေး မေ့ဖျောက်၊ ဘ၀အသစ်တစ်ခု စရမလား။ ကိုကြီး ကတိမတည်ဘူး.. ဆိုတဲ့.. စန္ဒာ့ရဲ့ စကား..။ ဟုတ်တယ်.. သူ ကတိမတည်ဘူး။ သူ့ ညီမလေးကို သူ မကယ်နိုင်ခဲ့ဘူး။ ဘ၀ အသစ် မစနိုင်ဘူး။ ဆုံးရှုံးသွားတဲ့ သူ့ ဘ၀ဟောင်းကို သူ မမေ့နိုင်ဘူး။ သက်ထားဆွေ ဆိုတဲ့ သတ္တဝါ လက်ထဲ.. အကုန် ၀ကွက် မအပ်နိုင်ဘူး။
ရန်နိုင့်ကို မောင်းနှင်ပေးနေတဲ့ ဒေါသစိတ်က တစ်ရက်ထက် တစ်ရက် ပိုကြီးထွားလာတယ်။
ဆိပ်ခုံကို ရောက်ရောက်ချင်း ရက်ပိုင်းတွေဟာ.. ရန်နိုင့်အတွက် အဆိုးဆုံးသော အခြေအနေ။ လောလောလတ်လတ် ကွဲအက်ထားတဲ့ စိတ်နှလုံးနဲ့ .. သူ တစ်လမ်းဝင် တစ်လမ်းထွက် ဦးတည်ရာမရှိ လျှောက်သွားတယ်။ ဗိုက်ဆာလာတဲ့ အခါ.. တွေ့တဲ့ဆိုင်မှာ ဝင်စားတယ်။ မိုးချုပ်လာတဲ့ အခါ.. တွေ့တဲ့ သစ်ပင်အောက်မှာ ဝင်အိပ်တယ်။ သူ့ရဲ့ ကျောပိုးအိတ်ကို အသက်တမျှ ကာကွယ်၊ လက်နဲ့ ကျစ်ကျစ်ပါအောင်ပိုက်၊ ခေါင်မိုးမရှိတဲ့ ကောင်းကင်က ကြယ်တွေကို မော့ကြည့်၊ ဆုံးရှုံးသွားတဲ့ အရာတွေကို တသသပြန်စဉ်းစား..
အိပ်ပျော်သွားတဲ့ အခါတိုင်းမှာ ရောက်ရောက်လာတဲ့ အိပ်မက်တွေ..
“မင်းနဲ့ မဆိုင်ဘူး.. မင်းပစ္စည်း မဟုတ်ဘူး”..
အဲဒီ လူရိပ်တွေကို မြင်လိုက်တိုင်း.. ရန်နိုင် လန့်နိုးလာတယ်။ မေးခွန်းတွေ မေးဖို့ စဉ်းစားထားပေမယ့် အိပ်မက်တိုင်းက သူတို့ပေါ်လာတဲ့ အခါတိုင်း အဆုံးသတ်သွားတယ်။ ဒီ လူရိပ်တွေဟာ.. မမမေရဲ့ ဓားနဲ့ တစ်နည်း တစ်ဖုံပတ်သက်နေတယ်ဆိုတာ ရန်နိုင် သိတယ်။ ဒါပေမယ့် ဘယ်တော့များမှ သူတို့ဆီက တိကျတဲ့ အဖြေစကားတွေ ကြားရမလဲ..။ ဝိုးတဝါး အရိပ်တွေအဖြစ်နဲ့ပဲ အိပ်မက်ထဲ လာနှောင့်ယှက်နေတော့မှာလား။
ဆိပ်ခုံကို ရောက်ပြီး တစ်ပတ်လောက်ကြာတော့.. ရန်နိုင့် တစ်ကိုယ်လုံးက သူတောင်းစားသာသာ၊ စုတ်ပြတ် ပေကျံနေပြီ။ ထမင်းဆိုင်တွေ့ရင် ဝင်မစားရဲလောက်အောင်ကို နံဟောင်နေပြီ။ ရန်နိုင် ကိုယ်တိုင်လည်း စားချင် သောက်ချင်စိတ်မရှိ၊ လမ်းဘေးမှာ ထိုးအိပ်.. ဘ၀ကို အရှုံးပေးချင်နေပြီ။ သူ့စိတ်ကူးထဲက အကြံအစည်တွေဟာ အလဟဿ အရာမထင်တဲ့ ဆုံးဖြတ်ချက်တွေပါလား..ဆိုပြီး လက်မှိုင်ချပစ်လိုက်ချင်ပြီ။
ဒါပေမယ့် ကံတရားက ရန်နိုင့်ကို ဒီတစ်ခါတော့ မျက်နှာသာ ပေးတယ်။
အဲဒီညက.. ရန်နိုင် ခြေဦးတည်ရာ လမ်းလျှောက် ဆိပ်ခုံရဲ့ လမ်းသွယ်တွေတစ်ခုပြီး တစ်ခုကို ရောက်တယ်။ လုံး၀ လမ်းဆက်လျှောက်လို့ မရတော့တဲ့အထိ နာကျင် ကိုက်ခဲလာတဲ့အခါ.. လမ်းဘေး သစ်ပင်တစ်ပင်အောက်မှာ ရန်နိုင် ဝင်ထိုင်တယ်။ ကျောပိုးအိတ်ကို ရင်ဘတ်မှာပွေ့.. ကျစ်ကျစ်ပါအောင် ဖက်ထားတယ်။ တဝီးဝီး တိုက်နေတဲ့ ညလေအေးကြောင့် ရန်နိုင့် တစ်ကိုယ်လုံး တုန်လာတယ်။ တုန်ခါလာတဲ့ ကိုယ်ခန္ဓာနဲ့အတူ မျက်ရည်တွေလည်း ကျလာတယ်။ ကလေးစိတ် မကုန်သေးတဲ့ သူ့ကိုယ်သူ ရန်နိုင် စိတ်နာတယ်။ ဝမ်းနည်းတယ်။ အခုလို စကောစက အသက် အရွယ်မှာ ဘာမှ ဆက်လုပ်လို့ မရတာကို သူ မုန်းတယ်။
ဘယ်လောက်ကြာကြာ ငိုနေမိသလဲ ရန်နိုင် မသိဘူး။ သူ့ပခုံးကို ခပ်သာသာ လာပုတ်တဲ့ လက်တစ်စုံကြောင့် ရန်နိုင် ခေါင်းမော့ကြည့်မိတယ်။
သူ့ကို ငုံ့ကြည့်နေတဲ့ အသက်ကြီးကြီး လူကြီးတစ်ယောက်။
“ငါ့တူ။ ဘာဖြစ်တာတုန်း။ ဘာလို့ ငိုနေတာတုန်း”.. သူက မေးတယ်။
ရန်နိုင် ဘာမှ ပြန်မဖြေဘူး။ ကျောပိုးအိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့လက်တွေကို ပိုပြီး တင်းလိုက်တယ်။
“အိမ်ပေါ်ကဆင်းလာတာလား။ ဘာဖြစ်တာလဲ”.. သူက ထပ်မေးတယ်။ .. “အပြင်မှာ အေးက အေးသနဲ့ကွာ။ ဟိုမှာ.. အဲဒါ ငါ့ လက်ဘက်ရည်ဆိုင်။ လာလာ.. အထဲလာ”.. သူက ပြောတယ်။
ရန်နိုင် ခေါင်းခါလိုက်တယ်။ မတ်တပ်ထရပ်တယ်။
“မင်း တစ်ကိုယ်လုံးလည် နံဟောင်နေတာပဲ။ အိမ်ပေါ်က ဆင်းလာတာ ဘယ်နှရက် ရှိပြီလဲ။ လမ်းဘေးမှာ အိပ်နေတာလား။ ဟုတ်လား”
ရန်နိုင် ဘာပြန်ဖြေရမှန်းမသိ ခေါင်းညိတ်လိုက်တယ်။ ဒီလူကြီးရဲ့ လေသံက အတော် ငြင်သာတယ်။ ရန်နိုင့်ရဲ့ ပူပင်နေတဲ့ စိတ်တောင် နည်းနည်းလေး ငြိမ်းအေးသွားတယ်။
“အင်း.. ဒုက္ခပဲ။ မင်းတို့ လူငယ်တွေတော့။ မင်းကြည့်ရတာ ၁၅ နှစ်တောင် ပြည့်သေးပုံ မပေါ်ဘူး။ ဘယ်လိုဖြစ်လို့ လမ်းဘေးမှာ အိပ်နေရတာလဲ။ မင်းနာမည် ဘယ်သူလဲ”
ရန်နိုင် တွေသွားတယ်။ နာမည်ရင်းကို ထုတ်ပြောမိတော့မလို့ ပါးစပ်ကို အမြန် ပိတ်လိုက်ရတယ်။ တော်တော်လေးကြာမှ..
“ထက်မြတ်။ ကျွန်တော့်နာမည် ထက်မြတ်ပါ”.. ရန်နိုင် ပြန်ဖြေလိုက်တယ်။
“အင်း ဟုတ်ပြီ။ မောင်ထက်မြတ်။ အေး..။ လာလာ အထဲကိုလာ။ ဒီည ငါ့ဆိုင်ထဲမှာ အိပ်လိုက်။ အပြင်မှာ ဒီလောက်အေးနေတာ မင်း ဘယ်လို နေမတုန်း။ သေသွားမှာပေါ့”.. အဲဒီ လူကြီးက ရန်နိုင့်ပခုံးတစ်ဖက်ကို လက်နဲ့ ဆွဲခေါ်တယ်။
စောစောက သူထိုင်နေခဲ့တဲ့ သစ်ပင်ကြီးကို ရန်နိုင် အခုမှ သေချာ ကြည့်မိတယ်။ ဘာအမျိုးအစားမှန်း မသိတဲ့ သစ်ပင်ကြီးက အကိုင်းအခက်တွေ ထူထဲနေတယ်။ အဲဒီအကိုင်းအခက် တချို့က “ပင်ရိပ်” ဆိုတဲ့ ဆိုင်းဘုတ်ပေါ်ကို ကွေးပြီး ကျနေတယ်။
ဆိုင်းဘုတ်နောက်မှာ မီးမှိန်မှိန်ထွန်းထားတဲ့ လက်ဘက်ရည်ဆိုင်တစ်ခု။
(၇)
ရန်နိုင့်ရဲ့ အသက်ကို ပထမဆုံး ကယ်တင်ခဲ့တဲ့သူက မမမေ..ဆိုရင်.. ဒုတိယ ကယ်တင်ခဲ့တဲ့သူက ဆိုင်ရှင် ဦးသန်းဝင်း။
ဦးသန်းဝင်းက အေးတယ်။ ရိုးတယ်။ သဘောကောင်းတယ်။ ဒါပေမယ့် အလုပ်ကို အင်မတန် ကြိုးစားတယ်။ အလုပ်ကြိုးစားတဲ့ သူတွေကိုလည်း သိပ်ချစ်တယ်။ ဒါကြောင့် သူ့လက်ဘက်ရည်ဆိုင်မှာ လုပ်နေတဲ့ အလုပ်သမားတွေကလည်း ဦးသန်းဝင်းကို အဖေလို ချစ်ကြ ရိုသေကြတယ်။
သူ့ဆိုင်မှာ အလုပ်လုပ်နေတဲ့ စားပွဲထိုးတွေထဲမှာ ရန်နိုင့်လို .. မိဘမဲ့တွေ မနည်းဘူး။ လွင်ထူးဆိုရင်လည်း ၁၃ နှစ်သားကတည်းက ဒီဆိုင်မှာ ရောက်နေတာ။ သူ့ အဖေက မူးရူးပြီး သူ့အမေကို ဓားနဲ့ခုတ်သတ်၊ ထောင်ထဲဝင်သွားတော့ လွင်ထူးတစ်ယောက်တည်း ကျန်ခဲ့တာတဲ့။ သူတောင်းစားဖြစ်လုနီးနီး ဘ၀ပျက်နေတဲ့ လွင်ထူးကို ဦးသန်းဝင်းက တွေ့ပြီး ဆိုင်မှာ ခေါ်ထားတာ။
ဒီတော့ မမမေလို သူရဲကောင်းတွေ ရှိသလို.. ဦးသန်းဝင်းလို လူတွေကလည်း သူရဲကောင်း တစ်မျိုးပဲ မဟုတ်လား။
အတွေးစကို ဖြတ်၊ လက်ထဲက ဓားကျိုးကို ကြမ်းပြင်မှာ ပြန်ချရင်း ရန်နိုင် သက်ပြင်း ချလိုက်တယ်။ အခု သူ့အသက် ၁၆ နှစ်။ လူပျိုဖော်ဝင်စကတည်းက ရှည်ထွက်လာတဲ့ ရန်နိုင့် အရပ်က ၅ ပေ ၁၁ ဖြစ်နေပြီ။ ပင်ရိပ်ကို ရောက်ကာစတုန်းက ချိနဲ့ ဖြူဖျော့နေတဲ့ ရန်နိုင်.. အခု ကျစ်လစ် မာကျောတဲ့ လူငယ်တစ်ယောက် အသွင်ရောက်နေပြီ။ ဒါပေမယ့် သူ့ရဲ့ နေ့ရက်တွေက ဘာမှ ပြောင်းလဲ မသွားဘူး။
အရှုံးက အရှုံးပဲ။
မမမေရဲ့ ဓားရှည်နှစ်ပိုင်းကို ပြန်ဆက်ဖို့ ရန်နိုင် အကြိမ်ကြိမ် ကြိုးစားတယ်။ ဆိပ်ခုံမှာ ရှိတဲ့ ပန်းပဲဖိုတွေကိုတော့ ရန်နိုင် မသွားရဲဘူး။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ဦးသန်းဝင်း ပြန်ကြားသွားရင် မကောင်းဘူးလေ။ အခွင့်ရတိုင်း အနီးအနား မြို့တွေကို ရန်နိုင် ခရီးထွက်တယ်။ ပန်းပဲဆရာတွေ၊ ပန်းထိမ်ဆရာတွေ၊ တွင်ခုံတွေ.. အကုန်လုံး တစ်ခုပြီး တစ်ခု ဝင်မေးတယ်။ အားလုံးရဲ့ အဖြေက တစ်သံတည်း။ “ဒီဓားကို ပြန်ဆက်လို့ မရဘူး”..ဆိုတဲ့ အဖြေ။
ဖြစ်ကတတ်ဆန်း ပြောလိုက်တာတော့ မဟုတ်ဘူး။ နည်းပေါင်းစုံနဲ့ သူတို့ ကြိုးစားပါတယ်။ အပူချိန် ဘယ်လောက်ပြင်းပြင်း ပေးပေး ဓားသွားက ပျော့မသွားဘူး။ နည်းနည်းလေးတောင် မီးရောင်.. နီမလာဘူး။ အားလုံးက လက်လျှော့.. ရန်နိုင့်လက်ထဲ ဓားကျိုးနှစ်ခုကို ပြန်ထည့်ပေးရင်း.. မင်း ဒီဓားကို ဘယ်ကရတာလဲ.. ဆိုတဲ့ မေးခွန်းတွေပဲ ဆက်တိုက်မေးလာကြတယ်။ နေရာ လေးငါးခြောက်ခုလောက် ပြပြီးသွားတဲ့အခါ ရန်နိုင် လက်လျှော့လိုက်တယ်။
တွေးကြည့်ရင်တော့ ရယ်စရာပဲ.. ဒီဓားကို ပြန်ဆက်ပြီး ရန်နိုင် ဘာဆက်လုပ်မှာလဲ..ဆိုတဲ့ မေးခွန်း။
ဒီအဖြေကို ရန်နိုင် မသိဘူး။ ဒါပေမယ့် သူ့မှာ တခြား ရွေးစရာလည်း မရှိဘူး။ မုယောရဲ့ မကောင်းဆိုးဝါး.. ဘယ်လို ဘယ်ပုံ သောင်းကျန်းနေတယ်ဆိုတာတွေ.. ရန်နိုင် ကြားနေရတယ်။ သတင်းတွေထဲမှာ ဖတ်နေရတယ်။ အားလုံးကတော့.. မုယောရဲ့ တောနက်ထဲက တောကောင်တွေ သောင်းကျန်းနေကြတယ်လို့ပဲ ယုံကြမှာပေါ့။ ဒါပေမယ့် မုယောရဲ့ လျှို့ဝှက်ချက်ကို ရန်နိုင်ပဲ သိတယ်။
မုယောကို ပြန်သွားတော့မယ်ဟေ့.. လို့ ဆုံးဖြတ်လိုက်တိုင်း.. ရန်နိုင့် တစ်ကိုယ်လုံး ကြောက်စိတ်နဲ့ မွန်းကြပ်လာတယ်။ ဇောချွေးတွေ ပျံလာတယ်။ ခြေထောက်တွေ ယိုင်နဲ့လာတယ်။ ရင်ထဲမှာ တဟုန်းဟုန်း တောက်လောင်နေခဲ့တဲ့ ဒေါသမီးက ဖွဲမီးအဖြစ် အသွင်ပြောင်းသွားပြီလား။ ၂ နှစ်.. ၃ နှစ်.. ၄ နှစ်.. ဘယ်နှနှစ် ကြာအောင် မင်း စောင့်မှာလဲ..။ ဘယ်တော့မှ အဆင်သင့် ဖြစ်မှာလဲ..။
(၈)
“မြို့အဝင်မှာ ကားတိုက်တာဟေ့။ တော်သေးလို့ ဘယ်သူမှ မသေသွားဘူး”.. လွင်ထူးက ပြောတယ်။ .. “ကားက ရန်ကုန်နံပါတ်ကြီးနဲ့ကွ။ ပိုင်ရှင်တော့ တော်တော် ဒုက္ခရောက်သွားမှာပဲ။ ဘယ်ကဘယ်လို ဆိပ်ခုံအထိ လာပြီး တိုက်သလဲ မသိပါဘူး”
ည ၉ နာရီ ထိုးပြီ။
ဆိုင်သိမ်းပြီးကာစ အချိန်။
ဦးသန်းဝင်းက ဆိုင်ရဲ့ ဟိုဘက် တစ်ခြံကျော်မှာ နေတာဆိုတော့ ဆိုင်မှာ အမြဲ မထိုင်ဘူး။ ငွေကိုင် တစ်ယောက်ထားခဲ့ပြီး သူ့အိမ်သူ ပြန်နေတာ များတယ်။ အခုလည်း ဆိုင်ထဲမှာ ဦးသန်းဝင်း မရှိ။ စားပွဲထိုး ၄ ယောက်နဲ့ လွင်ထူးရယ်၊ ရန်နိုင်ရယ်။ ဒါပဲ။
“ဪ”.. ရန်နိုင် ပြန်ဖြေတတ်တဲ့ တစ်ခွန်းတည်းသော စကား။
“ကားပိုင်ရှင်က ကောင်မလေးတဲ့ကွ။ သိလား ထက်မြတ်”.. လွင်ထူးက အာပေါင်အာရင်း သန်သန်နဲ့ ဆက်ပြောနေတယ်။ ရန်နိုင် စိတ်ဝင်စားသည် စိတ်မဝင်စားသည်ဖြစ်စေ.. ဂရုမစိုက်ဘဲ ပြောချင်တာပြောတဲ့ သူ့အကျင့်။ ရန်နိုင့် အတွက်တော့ အဆင်ပြေပါတယ်။ သူလည်း ပြောချင်ရာပြော၊ ရန်နိုင်လည်း တွေးချင်ရာတွေး။ အေးတာပဲ။
“အင်း”
“ငါ သွားကြည့်လို့ သိတာ မဟုတ်ပါဘူး။ လှိုင်ဝင်းသိန်းပြောပြလို့ သိတာ။ ကောင်မလေးက ကားကို ဝပ်ရှော့ပို့။ သူ့ဆိုင်ကယ်ကို ငှားစီးသွားသတဲ့။ ရုပ်လေးကလည်း မင်းသမီးလို ချောချောလေးတဲ့။ မထူးဆန်းဘူးလား”
“ဆိုင်ကယ်နဲ့ ဘယ်သွားမလို့လဲ သူက”.. ရန်နိုင် စားပွဲတွေကို သုတ်ရင်း ဝတ်ကျေတန်းကျေ ပြန်မေးလိုက်တယ်။
“အာ.. အဲဒါတော့ ငါလည်း ဘယ်သိမှာလဲ။ ဒီလိုပဲ စိတ်ဝင်စားလို့ ပြောပြတာ”
“ဪ”
“တော်ပြီ။ မင်းနဲ့ စကားပြောရတာ လေကုန်တယ်။ တဪသြော်နဲ့။ ငါ စံပယ်ဖြူ ခဏသွားလိုက်ဦးမယ်။ ဦးလေးသန်းကို မင်းပြန်မတိုင်နဲ့နော် ဟေ့ကောင်”.. လွင်ထူးက ပြောတယ်။
စံပယ်ဖြူဆိုတာက အရက်ဆိုင်။ ည ဆယ့်တစ်နာရီလောက်ထိ ဖွင့်တော့.. ဆိုင်က ဝန်ထမ်းတွေ လစ်ရင်လစ်သလို.. အဲဒီကို သွား၊ အရက်ခိုးသောက်ကြတယ်။
“ဟုတ်”
“အေး။ မင်းလည်း စကားကို တစ်ခွန်းမေး တစ်ခွန်းဖြေ ဆက်လုပ်နေ။ တိုးတက်မယ်။ ကြီးပွားမယ်။ မိန်းမ ချောချော ရလိမ့်မယ်။ ကြားလား။ သူတောင်းစားလေး”.. လွင်ထူးက ရန်နိုင့် နားထင်ကို ဖတ်ခနဲ တစ်ချက် ခပ်သာသာ ရိုက်ရင်း ရယ်ပြီး အပြင်ကို ထွက်သွားတယ်။
ရန်နိုင် သက်ပြင်း ချလိုက်တယ်။
(၉)
ရန်နိုင် အိပ်ယာပေါ်မှာ ပက်လက်လန်လှဲ.. မျက်နှာကြက်ကို မော့ကြည့်နေတယ်။ လွင်ထူး အခုထိ ပြန်မလာသေး။
တောင်စဉ်ရေမရ.. အတွေးတွေက ပေါ်လာလိုက် ပျောက်သွားလိုက်။
ငါ.. တစ်နေ့နေ့..တော့.. မုယောကို ပြန်ရမှာပဲ….။ သူတွေးမိတယ်။
စန္ဒာ..
မသီရိကိုယ်ပေါ်ကို တက်ခွ.. မသီရိရဲ့ အသားဆိုင်တွေကို ကိုက်ဖြဲ .. ပန်းထွက်လာတဲ့ သွေးတွေကို အားရပါးရ ဝါးမျိုနေတဲ့ စန္ဒာ့ မျက်နှာကို ပြန်မြင်.. ရန်နိုင် နင့်ခနဲ ဖြစ်သွားတယ်။ မျက်ရည်တော့ မဝဲတော့ဘူး။ မျက်ရည် ခန်းသွားတယ်ဆိုတာ တကယ်ဖြစ်နိုင်တယ်..။
စန္ဒာ.. မရှိတော့ဘူး။ စန္ဒာ သေသွားပြီ။
ဟုတ်တယ်။ အမှန်ကို လက်ခံနိုင်ဖို့ အရေးကြီးတယ်။ စန္ဒာ.. မသေသေးဘူးဆိုတာကို ရန်နိုင် တစ်ကိုယ်ကောင်းဆန်စွာ.. ယုံကြည် ဖက်တွယ်ခဲ့မိလို့.. မသီရိ.. အသက်ပေးလိုက်ရပြီ။ ငါ့ညီမလေး.. မရှိတော့ဘူး.. ဒါကို ငါ လက်ခံတယ်..
“ဒါဒါ.. နင် မရှိတော့ဘူး။ နင်က သေပြီ”.. ရန်နိုင် ခပ်တိုးတိုး ရေရွတ်လိုက်တယ်။
“ငါလည်း.. သေမှာပဲ။ နင့်နောက်ကို လိုက်လာမှာပဲ။ နင်.. စိတ်မပူနဲ့ ဒါဒါ..”
မျက်နှာကြက် မီးလုံးက ရန်နိုင်ပြောတာကို နားလည်သလို.. ခပ်ဝါဝါ လင်းလဲ့.. ငြိမ်သက်နေတယ်။
“ဒါပေမယ့် ငါမသေခင်.. အဲဒီ မိန်းမကိုတော့.. လက်စားချေသွားချင်တယ်။ နင့်အတွက်.. ။ အဖေ့အတွက်..။ အန်တီ.. အန်တီ မမမေ အတွက်..။ ပြီးတော့ မသီရိ အတွက်..”
ဒီလို နှုတ်က ထုတ်ပြောတာမျိုး ရန်နိုင် တစ်ခါမှ မလုပ်ဖူးဘူး။ ဒါပေမယ့် အခု.. ပြောချင်နေတယ်။ ဘယ်သူမှ မကြားလည်း ရင်ထဲကနေ ဖွင့်အန်ချ ချင်နေတယ်။ ပါးစပ်က ထုတ်ပြောလိုက်မှ.. သူ့ ဆုံးဖြတ်ချက်တွေ.. ပိုပြီး ပီပြင် တိကျလာတယ်လို့ ခံစားရတယ်။
“ဒါပေမယ့်.. ငါ ဘာမှ မတတ်ဘူး ဒါဒါ။ ငါ.. ဘာမှ မသိဘူး။ လွန်ခဲ့တဲ့ ၂ နှစ်ခွဲက ရန်နိုင်.. အခု ရန်နိုင်.. ဘာမှ ထူးခြားမလာဘူး”
မငိုပေမယ့် ရန်နိုင့်စကားလုံးတွေက တဖြည်းဖြည်း တုန်ခါလာတယ်။
“ဘာပဲဖြစ်ဖြစ်.. ငါ.. နင့်ကို မထားခဲ့ဘူး။ ငါ နင့်နောက်ကို လိုက်လာခဲ့မယ်…။ စိတ်ချ.. ဒါဒါ”
ရန်နိုင် မျက်လုံးတွေကို မှိတ်လိုက်တယ်။
သူ မောလှပြီ။
(၁၀)
ဒီတစ်ခါ အိပ်မက်က ပုံမှန် မဟုတ်ဘူး။
ရန်နိုင့် သိစိတ်တစ်ဝက်.. အိပ်မက်ထဲ ရောပါနေတယ်။
ငါ.. အခု.. ပင်ရိပ်.. လက်ဘက်ရည်ဆိုင်ရဲ့.. အိပ်ခန်းထဲမှာ.. အိပ်ပျော်နေတယ်..။
ဒါကို ရန်နိုင် သိနေတယ်။
အိပ်မက်ကို အိပ်မက်မှန်းသိနေတာကိုက ထူးဆန်းနေတယ်။
သူ.. အခု.. ကွင်းပြင် တစ်ခုထဲမှာ မတ်တပ် ရပ်နေတယ်။
မျက်စေ့တစ်ဆုံး ကျယ်ပြော ပွင့်ထွက်နေတဲ့ လွင်ပြင်ကြီး။
လွင်ပြင်တစ်ခုလုံး.. မြက်ပင်ရှည်တွေ အပြည့်.. ယိမ်းထိုး လှုပ်ခတ်နေတယ်။ လေတိုက်လိုက်တိုင်း.. မြက်ရိုင်းတွေက ရေလှိုင်းလို လူးတယ်။ လွန့်တယ်။
ရန်နိုင့်ရှေ့မှာ တန်းစီရပ်နေတဲ့ လူရိပ်တွေ..။
ဒီတစ်ခါ.. သူတို့ ရန်နိုင်နဲ့ မဝေးဘူး။
ခြေလှမ်း အနည်းငယ် အကွာ..။ လက်နဲ့ လှမ်းထိရင်တောင် ထိလို့ရမယ့် အကွာအဝေးမျိုး။
ဒါပေမယ့် သူတို့ရဲ့ မျက်နှာတွေက မပီပြင်ဘူး။ ပုံသဏ္ဍာန်တွေက မှန်းဆမရဘူး။ အရိပ်က အရိပ်ပဲ ဖြစ်နေတယ်။ အသွင်အပြင်တွေ ဝေဝါးနေတယ်။
သူ.. ပါးစပ်ဟလိုက်တာနဲ့.. လန့်နိုးသွားမှာကို ရန်နိုင် စိုးရိမ်တယ်။ မေးခွန်း မမေးရသေးခင်.. အိပ်မက်.. ပျက်စီးသွားမှာကို ကြောက်တယ်။
“ထက်.. ထက်….. ”.. လူရိပ်တွေဆီက စုပေါင်း ညည်းတွားလိုက်တဲ့ စကားသံ..ထစ်ထစ်အအ..။
“ဟုတ်တယ်။ ကျွန်တော် ထက်ရန်နိုင်ထွန်း”.. ရန်နိုင် ပြောလိုက်တယ်။
အိပ်မက်က လန့်နိုးသွားတော့မလား.. သူ အသင့် ပြင်တယ်။
လန့်နိုးမသွားဘူး။ လူရိပ်တွေ ပျောက်မသွားဘူး။ ရပ်မြဲ ရပ်နေဆဲ။
“ဒီဓားက ကျွန်တော့် ပစ္စည်း မဟုတ်ဘူး။ ကျွန်တော် သိတယ်”.. ရန်နိုင် လက်ထဲက ဓားကို မြှောက်ပြီး ပြောလိုက်တယ်။ ပြီးမှ သူ့လက်ထဲမှာ ရောက်နေတဲ့ ဓားရှည်ကို ပြန်ကြည့်မိတယ်။
ဓားက အကောင်းအတိုင်း။
အိပ်မက်ပဲလေ..။ ဒီ အိပ်မက်ထဲမှာ.. ဒီဓားက အကောင်းအတိုင်းဖြစ်နေတယ်။ ဒါ ဘာထူးဆန်းသလဲ..။ ရန်နိုင် သူ့ကိုယ်သူ ပြန်မေးခွန်းထုတ်တယ်။ အဖြေထုတ်တယ်။ ခေါင်းညိတ်တယ်။
“ဒီဓားကို ကျွန်တော် မပိုင်ဘူး။ ဒါပေမယ့် ပိုင်ရှင်က သေပြီ”.. ရန်နိုင် ပြောလိုက်တယ်။
လူရိပ်တွေ.. တိတ်ဆိတ်နေတယ်။ စကားပြန်မလာဘူး။
“ကျွန်တော်… ကျွန်တော် မုယောကို ပြန်မယ်။ အဲဒီ မကောင်းဆိုးဝါးကို သတ်မယ်။ ကျွန်တော့်ကို ကူညီပါ”.. တည်ငြိမ် ပြတ်သားနေတဲ့ သူ့လေသံသူ နားထောင်ရင်း ရန်နိုင် အံ့ဩသလိုလို ဖြစ်သွားတယ်။
“မင်း..ပစ္စည်း.. မဟုတ်ဘူး..။ မင်းနဲ့.. ”
“ဟုတ်တယ်။ ကျွန်တော့် ပစ္စည်း မဟုတ်ဘူး။ အဲဒါ ဘာဖြစ်သလဲ။ ခင်ဗျားတို့ ဒီစကားကိုပဲ အခေါက်ပေါင်း ဘယ်နှရာ ပြည့်အောင် ပြောမှာလဲ။ ဘာထူးလာမှာလဲ”
“ပိုင်ရှင်… ပိုင်…”
“ပိုင်ရှင် သေသွားပြီလို့ ကျွန်တော် ပြောနေတယ်။ ခင်ဗျားတို့ မသိဘူးလား”.. ရန်နိုင် ပိတ်အော်လိုက်တယ်။ အခေါက်ပေါင်း ရာထောင်ချီ.. ကြားနေရတဲ့ ဒီစကားကို သူ ဆက်နားမထောင်နိုင်တော့ဘူး။
လူရိပ်တွေ.. ခဏ တိတ်ဆိတ်သွားပြန်တယ်။ တဝေါဝေါ တိုက်နေတဲ့ လေပြင်း..ရပ်သွားတယ်။ ယိမ်းထိုး လှုပ်ခါနေတဲ့ မြက်ရိုင်းတွေ ငြိမ်သက်သွားတယ်။
“ပိုင်ရှင်.. ရောက်လာပြီ”
လူရိပ်တွေဆီက တစ်ပြိုင်တည်း ပြောလိုက်တဲ့ အသံ..
(၁၁)
“ထက်မြတ်.. ထက်မြတ်.. ဟေ့ကောင်..မီး.. မီးလောင်နေပြီ.. ”
ကြောက်လန့်တကြား အော်လိုက်တဲ့ လွင်ထူးရဲ့ အသံကြောင့် ရန်နိုင် လန့်နိုးလာတယ်။
သူ့ကျောတစ်ခုလုံး ပူလောင်နေတယ်။
ရန်နိုင် အလန့်တကြားနဲ့ ခုန်ထတယ်။
အငွေ့တလူလူ ထွက်နေတဲ့ မွေ့ရာခင်း။
“မီးလောင်ပြီ မီးလောင်ပြီ.. စောက်ပြဿနာပဲ။ မင်း ဆေးလိပ်သောက်ထားတာလား”.. လွင်ထူးက အခုမှ အခန်းထဲကို ရောက်လာတာဖြစ်မယ်။ သူ့လက်ထဲမှာ သောက်လက်စ ဘီယာဘူးကို ကိုင်ထားတယ်။ တံခါးက ပွင့်နေတယ်။
မီးခိုးတထောင်းထောင်း ထွက်နေတဲ့ မွေ့ရာခင်းကို ကြောင်ကြည့်နေရင်း ရန်နိုင် ခေါင်းခါလိုက်တယ်။
“လုပ်လေ။ မွေ့ရာခင်းကို လှန်လေ။ အကုန် သေကုန်တော့မှာပဲ”.. လွင်ထူးက လက်ထဲက ဘီယာဘူးကို ပစ်ချ.. ခြေမကိုင်မိ လက်မကိုင်မိနဲ့ ပျာယာခတ်နေတယ်။ သူ့ခေါင်းအုံးကို ပြေးလှန်တယ်။ အောက်မှာထိုးထည့်ထားတဲ့ ပိုက်ဆံတွေကို ကောက်သိမ်းတယ်။
ရန်နိုင် မွေ့ရာခင်းကို ဆွဲလှန်လိုက်တယ်။
မွေ့ရာခင်း အောက်ခြေတစ်ခုလုံး မီးကျွမ်းပြီး မည်းနက်.. ညှော်နံ့တွေ ထွက်နေပြီ။ မီးတောက်မီးလျှံတွေတော့ ထွက်မလာသေး။
ရန်နိုင် မျက်လုံး ပြူးသွားတယ်။
လွင်ထူးဆီက အာမေဋိတ်သံ တစ်ခု ထွက်လာတယ်။
မွေ့ရာခင်းအောက်က ကြမ်းပြင်မှာ ..
နှစ်ပိုင်း မဟုတ်တော့၊ တစ်ခုတည်း၊ တစ်သားတည်း ပြန်ဆက်..နေတဲ့ မမမေရဲ့ ဓား။
အခုမှ ဖိုထဲက ဆွဲထုတ်လာသလို..
ဓားတစ်ချောင်းလုံး အသက်ဝင်.. ရဲရဲ နီနေတယ်။
+++
(ဆက်ရန်)