++++++++++++
အခန်း (၄၂)
(၁)
-(သူဇာလွင်)-
သူ့လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ထားတဲ့ မင်းခန့်ထူးရဲ့ လက်သွယ်သွယ်တွေကို ငုံ့ကြည့်ရင်း သူဇာလွင့် ကိုယ်အတွင်းပိုင်းတစ်နေရာမှာ ခံစားချက်တချို့ လွှမ်းခြုံလှုပ်ခတ်သွားတယ်။ ဆက်ငိုနေမိသေးပေမယ့် ဝေဒနာက စောစောကလောက် မပြင်းထန်တော့။ ကတ္တရာလမ်းက ကားအောက်ထဲကို တဝှစ်ဝှစ် ပြေးဝင်တယ်။ ကားမီးရောင်ပြပြထဲမှာ မုယောရဲ့ လမ်းမ.. ဘယ်ဘက်ကို ခပ်ပြေပြေ ကွေ့သွားတယ်။ ညာဘက်ကို ပြန်ဝေ့ပြီးတဲ့အခါ လမ်းမကြီးက ဖြောင့်ဖြူးသွားတယ်။ ရှေ့နည်းနည်းဆက်သွားရင် မုယောရဲ့ နယ်နိမိတ်ကို ကျော်၊ ဆိပ်ခုံ မြို့နယ်ထဲ ရောက်တော့မယ်..။
“ဟုတ်တယ်ဗျ။ တကယ်ပြောတာ။ မမမေ.. သတ္တိရှိတယ်ဆိုတာ.. “..
မင်းခန့်ထူး ဆက်ပြောနေတဲ့ စကားတွေကို သူဇာလွင် မကြားတစ်ချက် ကြားတစ်ချက်..။ မုယောရဲ့ တစ္ဆေ..တဲ့။ မဖြစ်နိုင်ဘူး။ အမေဟာ ဒီလို ပျော့ညံ့တဲ့သူ မဟုတ်ဘူး..။ ဒါပေမယ့်.. သူဇာလွင် ကိုယ်တိုင်တောင်မှ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်လို့လား။ သူ့ လက်သီးချက်တွေအောက်မှာ စုတ်ပြတ် ခွက်ဝင်သွားတဲ့ ဒေါ်ဥရဲ့ မျက်နှာကို သူဇာလွင် ပြန်မြင်ယောင်မိတယ်။ အို.. မဆိုင်ပါဘူး။ ဒေါ်ဥက လူမှ မဟုတ်ပဲ..။ သူက မကောင်းဆိုး..
အမှောင်ကို ထိုးခွဲ ရှေ့ဆက်နေတဲ့ ကားမီးရောင်သဲ့သဲ့က ရုတ်တရက်.. အလယ်မှာ နှစ်ပိုင်းကွဲသွားတယ်။ လမ်းမ အလယ်တည့်တည့်မှာ ရပ်နေတဲ့ လူရိပ်တစ်ရိပ်။
စောစောက စိတ်ဓာတ်ကျ ပျော့ခွေနေတဲ့ သူဇာလွင့် တစ်ကိုယ်လုံး ကြိုးဆွဲခံလိုက်ရတဲ့ ရုပ်သေးတစ်ရုပ်လို ဆတ်ခနဲ တောင့်သွားတယ်။ ကိုယ်ခန္ဓာက သတိအနေထားနဲ့ မတ်သွားတယ်။
“ကိုမင်းခန့်..”
မင်းခန့်ထူးက သူဇာလွင်ပြောတာကို မကြားဘူး။ ကား အရှိန် လျော့မသွားဘူး။ ဘာတွေလဲမသိ တတွတ်တွတ် ဆက်ပြောနေတယ်။
လူရိပ်ကို သေချာ မြင်ရပြီ။ ဝင်မတိုက်ခင် စက္ကန့်ဝက်လောက်အတွင်းမှာ.. သူ့ရဲ့ ပုံပန်းသဏ္ဍန်ကို သူဇာလွင့် မျက်လုံးနဲ့ ဦးနှောက်က အလိုလို စစ်ဆေးတယ်၊ အဖြေထုတ်တယ်၊ မှတ်ချက်ချတယ်။ အာရုံထဲက အကန့်တစ်ကန့်ထဲမှာ ချက်ခြင်း သိမ်းတယ်။ ကိုသက်ဦး ပြောပြတဲ့ စကားတွေ သူဇာလွင့် နားထဲမှာ ကြားလာတယ်။ ခါးလယ်လောက်ထိ ဖြောင့်စင်းကျနေတဲ့ ဆံပင်နက်နက်တွေ၊ ဘလောက်စ်အကျီနဲ့ ထမီ ခရမ်းဝမ်းဆက်။ မီးရောင်ထဲကို စိုက်ကြည့်နေတဲ့ အဲဒီမိန်းမရဲ့ မျက်လုံးတွေက.. ကားမှန်ကိုဖောက်ဝင်၊ သူဇာလွင့်မျက်လုံးတွေထဲကို တည့်တည့် ရောက်နေတယ်။
“ကိုမင်းခန့်”.. သူဇာလွင် အော်လိုက်တယ်။
မင်းခန့်ထူး အရှေ့ကို လှည့်ကြည့်တယ်။ ဘရိတ်အုပ်တယ်။
မမီတော့ဘူး။
သူဇာလွင့် လက်က ကားတံခါး လက်ကိုင်ဆီ အလိုလိုရောက်သွားတယ်။
ဒုန်းခနဲ အသံကျယ်ကြီးနဲ့အတူ ကားတစ်စီးလုံး တုန်ခါသွားတယ်။ ကတ္တရာလမ်းနဲ့ တာယာ ပွတ်တိုက်သံတွေ စီခနဲ ထွက်လာတယ်။
ပွင့်ထွက်သွားတဲ့ တံခါးကနေ သူဇာလွင် အောက်ကို လှိမ့်ချလိုက်တယ်။ နေရှိန်နဲ့ ပူနွေးနေသေးတဲ့ ကတ္တရာလမ်းပေါ်မှာ သုံးလေးပတ်လောက် လိမ့်ထွက်သွားတယ်။ လမ်းနဲ့ မျက်နှာနဲ့ ရိုက်တယ်။ တံတောင်ဆစ်နဲ့ ပွတ်တယ်။ ဒါပေမယ့် နာကျင်မှုက ရောက်မလာဘူး။ သူဇာလွင့် မျက်လုံးတွေ တစ်ချက် မှိတ်မသွားဘူး။ အရာရာကို သိနေ၊ မြင်နေတယ်။ ကားထဲက လေအိတ် ဖောင်းခနဲ ပွင့်သွားတာကို သူ လှမ်းမြင်တယ်။ ကားရဲ့ ကိုယ်ထည် လမ်းဘေး အုတ်ခုံနဲ့ ဆောင့်မိပြီး ရပ်သွားတာကို သူတွေ့လိုက်တယ်။
လမ်းမပေါ်မှာ မှောက်လျက် လဲကျနေရာကနေ.. သူဇာလွင် အားယူပြီး ထတယ်။ အခုထိ ငြိမ်သက်နေသေးတဲ့ နှလုံးခုန်သံကို မယုံနိုင်သလို.. သူ့ရင်ဘတ်သူ လက်နဲ့ စမ်းတယ်။ နာကျင်မှု.. အခုမှ ဆောင့်ဝင်လာမလား.. သူဇာလွင် တစ်စက္ကန့်လောက် စောင့်ကြည့်သေးတယ်။ ဘာမှ မခံစားရဘူး။ လက်ဖဝါးတွေကို ထောင်ကြည့်တယ်။ ပွန်းရာ မရှိဘူး။ ခြေထောက်တွေကို ငုံ့ကြည့်တယ်..။ ဂျင်းဘောင်းဘီက ညာဒူးနေရာမှာ အဖတ်လိုက် လန်ထွက်နေတယ်။ အထဲက ဒူးခေါင်းက အကောင်းအတိုင်း။ ပွန်းရာ တစ်ချက် မရှိ။
လမ်းအလယ်မှာ မတ်တပ်ရပ်နေတဲ့ မိန်းမဆီ.. သူဇာလွင် လှည့်ကြည့်တယ်။
အဲဒီ မိန်းမကလည်း သူဇာလွင့်ကို စိုက်ကြည့်နေတယ်။
သူဇာလွင်နဲ့ သူ..နဲ့ ခြေလှမ်း ၃၀ လောက် ဝေးဦးမယ်။
ညဉ့်အမှောင်ကြောင့် လမ်းမတစ်ခုလုံးက လရောင်ပါးပါး လွှမ်းပြီး အပြာဖျော့ရောင် သမ်းနေတယ်။ လမ်းဘေး မီးတိုင် ခပ်စုတ်စုတ်တွေဆီက ဖြာကျလာတဲ့ အလင်းဝါဝါ.. လမ်းမအလယ်ထိ မရောက်။ လမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ အသက်မရှိ၊ ငြိမ်သက်နေကြတဲ့ လူမနေတဲ့ အိမ်အိုဟောင်းတွေ။
သူဇာလွင့် ပါးစပ်က ဘာသံမှ မထွက်ဘူး။ ပြောစရာ စကားလည်း မရှိဘူး။ ဒီမိန်းမ ဘယ်သူလဲဆိုတာ သူ အလိုလို သိနေတယ်။ ဒီမိန်းမရဲ့ ကိုယ်က ဖြာထွက်နေတဲ့ မကောင်းတဲ့ အငွေ့အသက်တွေကို သူဇာလွင့် အာရုံက မလွတ်တမ်း ဖမ်းမိနေတယ်။ သူဇာလွင့် ရင်ခုန်သံက ငြိမ်နေတယ်။ ဒါပေမယ့် တလိပ်လိပ် တက်လာတဲ့ ဒေါသစိတ်ကတော့ မီးတောက်မီးလျှံလို ၀ုန်းခနဲ။
သူဇာလွင့် ခြေထောက်တွေ.. အလိုလို လှုပ်ရှားသွားတယ်။ လေကို ထိုးခွဲပြီး ပြေးလိုက်တဲ့အတွက် သူဇာလွင့် ဆံပင်တွေ လေထဲမှာ တန်းသွားတယ်။ ရင်ခုန်သံ ၃ ချက်လောက်အတွင်းမှာ.. ခြေလှမ်း ၃၀ စာ အကွာအဝေးက ရုတ်ခနဲ ပျောက်သွားတယ်။
သူ့ဆီကို ပြေးဝင်လာတဲ့ သူဇာလွင်ကို.. ဆံပင်ရှည်နဲ့ မိန်းမက မတုန်မလှုပ် ရပ်ကြည့်နေတယ်။
ခြေလှမ်း ၂ လှမ်း အလို..။
သူဇာလွင့် ညာလက် .. နောက်ကိုလွှဲပြီး အရှိန်ယူတယ်။ ရှေ့ကို ပြန်မရောက်ခင်..
ဆံပင်ရှည်နဲ့ မိန်းမရဲ့ လက်တစ်ဖက် လှုပ်သွားတယ်။ မြန်လွန်းလို့.. သူဇာလွင် သေချာ မတွေ့လိုက်ဘူး။
သူ့လည်ပင်းပေါ် ရောက်လာတဲ့ လက်ဖဝါး..။ သူဇာလွင့် တစ်ကိုယ်လုံး လေထဲကို နှစ်ပေလောက် မြောက်တက်၊ လက်တွေ ခြေတွေ တန်းလန်း ဖြစ်သွားတယ်။ လေမရတော့တဲ့အတွက် သူဇာလွင့် ပါးစပ်တွေ ဟသွားတယ်။ အသက်ရှူဖို့ ကြိုးစားတယ်။ မရဘူး။ လည်ပင်းကို တင်းတင်းညှစ်ထားတဲ့ အင်အားက ပြင်းလွန်းတယ်။ ကြောက်စိတ်လို့..ထင်ရတဲ့ ခံစားချက်.. အခုမှ သူ့ကိုယ်ထဲကို တိုးဝင်လာတယ်။ ဒေါသမီးတောက်က ချက်ခြင်း အရှိန်ကျသွားတယ်။ လည်မျိုကို ညှစ်ထားတဲ့ လက်ကို ဆွဲဖယ်ဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။
“ဟင်း..ဟင်း..”
ဆံပင်ရှည်နဲ့ မိန်းမဆီက ထွက်လာတဲ့ ရယ်သံ သဲ့သဲ့..။ လေထဲမှာ တန်းလန်းဖြစ်နေတဲ့ သူဇာလွင့်ကို သူ မော့ကြည့်တယ်။ ဖြူဖွေး ပြေပြစ်နေတဲ့ အဲဒီမိန်းမရဲ့ မျက်နှာမှာ လူသားဆန်မှု တစ်စက်မှ မရှိ၊ အေးစက်နေတယ်။ အငွေ့တလူလူထွက်နေတဲ့ ရေခဲတုံး တစ်တုံးလို မာခဲနေတယ်။
သူဇာလွင့် အဆုတ်က လေမရတော့တဲ့အတွက် ပေါက်ထွက်တော့မလို.. ထူပူလာတယ်။
“ဘာလဲ.. အသက်ရှူလို့ မရတော့ဘူးလား”.. အဲဒီမိန်းမက မေးတယ်။ သူဇာလွင် ပြန်မဖြေနိုင်ဘူး။ ငါ..သတိလစ်တော့မယ်.. ဆိုတဲ့ အသိစိတ်ပဲ သူဇာလွင့် ခေါင်းထဲမှာ ရှိတယ်။ မျက်လုံးတွေ ပြာစ ပြုလာပြီ။ အသက်ကိုကြိုးစားရှူမလို့.. ဟထားတဲ့ ပါးစပ်ထဲကို ညလေပြေက တဟူးဟူးတိုးဝင်.. အာခေါင်တွေ ခြောက်ကပ်နေပြီ..။
ဆံပင်ရှည်နဲ့ မိန်းမ.. ကျွတ်ခနဲ စုပ်တစ်ချက်သတ်တယ်။
“စိတ်ပျက်စရာပဲ”.. သူက ပြောတယ်။ လက်တစ်ဖက်တည်းနဲ့ သူဇာလွင့် တစ်ကိုယ်လုံးကို မြှောက်ကိုင်ထားပေမယ့် သူ့ပုံစံက အားစိုက်နေရတဲ့ပုံ မပေါ်ဘူး။ စာကလေးတစ်ကောင်ကို ချုပ်ထားသလို ခပ်ပေါ့ပေါ့ပဲ။
ရုန်းခါနေတဲ့ သူဇာလွင့် ခြေတွေ လက်တွေ အားပျော့လာတယ်။ သိစိတ်က ကိုယ်ထဲကနေ အပြင်ကို စိမ့်ထွက်ပျောက်ကွယ်ချင်နေပြီ။
ဆံပင်ရှည်နဲ့ မိန်းမ သူဇာလွင့်ကို အရုပ်တစ်ရုပ်လို ပစ်ထုတ်လိုက်တယ်။
သူဇာလွင် နောက်ကို လန်ထွက်.. လေထဲမှာ လွင့်သွားတယ်..။ လမ်းမနဲ့ ကျောပြင် တည့်တည့်ကြီး ဆောင့်မိတယ်။ အဆုတ်ထဲက ရှိစုမဲ့စု လေတွေ.. အပြင်ကို ဟူး..ခနဲ ခုန်ထွက်ကုန်တယ်။ သူဇာလွင် ချက်ခြင်း ပြန်မထနိုင်ဘူး။ ပက်လက်လန် လဲနေရင်း လေကို အငမ်းမရ ရှူတယ်။ ပြာဝေနေတဲ့ မျက်လုံးတွေ အခုမှ အရောင်အသွေး ပြန်မြင်ရတယ်။
သူ့ဆီကို တစ်လှမ်းချင်း လျှောက်လာတဲ့ ခြေသံ။
ဆံပင်ရှည်နဲ့ မိန်းမ.. သူဇာလွင့် ဘေးမှာ မတ်တပ်ရပ်တယ်။ သူဇာလွင့်ကို ငုံ့ကြည့်တယ်။
“မအေတူလေးပဲ”.. သူက ပြောတယ်။
သူဇာလွင် လက်သီးကို တင်းတင်းဆုပ်၊ ကုန်းရုန်းထဖို့ ကြိုးစားတယ်။ အဲဒီမိန်းမရဲ့ ဖိနပ်မပါတဲ့ ခြေဖဝါးတစ်ဖက် သူဇာလွင့် ရင်ဘတ်ပေါ်ကို ရောက်လာတယ်။ သူဇာလွင် ထလို့ မရ.. လမ်းမနဲ့ ကျောပြင် ပြန်ကပ်သွားတယ်။
“နင့်အမေ.. သိပ်ခေါင်းမာတယ်”.. သူက ပြောတယ်။ .. “နင်လည်း သူ့လိုပဲလား။ သူ့လိုပဲ ဆိုရင်တော့ .. နင်တို့ နှစ်ယောက်စလုံး.. ငါ ဘယ်လို ထိန်းရမလဲ.. ဟင်းဟင်း။ အောင်မယ်.. လက်မောင်းမှာ အကာအကွယ်တွေ အပြည့်နဲ့ပါလား”.. သူ့ခြေထောက်ကို ဆွဲဖယ်ဖို့ ကြိုးစားနေတဲ့ သူဇာလွင့်ရဲ့ လက်တွေကို အဲဒီမိန်းမက ငုံ့ကြည့်တယ်။ သူ့ကိုယ်က စိမ့်ထွက်နေတဲ့ မွှေးအီအီ အနံ့တစ်ခု..။ အဲဒီ အမွှေးနံ့ အောက်မှာ တစ်ချက်တစ်ချက် လျှံထွက်လာတဲ့ ပုပ်အဲ့အဲ့ အငွေ့အသက်..။
“ကျွန်မ အမေ ဘယ်မှာလဲ။ ရှင် ဘာလုပ်လိုက်တာလဲ”.. သူဇာလွင့် ပါးစပ်က ပထမဆုံးထွက်လာတဲ့ စကားလုံးတွေ။
ဆံပင်ရှည်နဲ့ မိန်းမက.. ခြေထောက်ကို ဖယ်ပေးတယ်။ သူဇာလွင် ကုန်းရုန်းထနေတာကို လက်ပိုက်ကြည့်ပြီး ပြုံးစေ့စေ့နဲ့ ခေါင်းတဆတ်ဆတ် ညိတ်တယ်။
“လေသံကလည်း တစ်ပုံစံတည်းပဲ။ အေးပေါ့။ မမမေရဲ့ သမီးဆိုတော့ မမမေ လေသံပဲ ထွက်မှာပေါ့..။ ဒါနဲ့ နင့်နာမည်က.. သူဇာ..”
သူ့စကားဆုံးအောင် သူဇာလွင် မစောင့်ဘူး။ ဘယ်ခြေနဲ့ ဟန်ချက်ကိုထိန်း၊ ရှိသမျှ ခွန်အားအကုန်.. ညာဘက်ခြေထောက်ထဲကိုပို့တယ်။ စက်ဝန်းတစ်ခုလို ဝေ့ပြီး လေကို ထိုးခွဲသွားတဲ့ သူဇာလွင့် ညာခြေဦးက ဆံပင်ရှည်နဲ့ မိန်းမရဲ့ လည်ပင်းနေရာကို တည့်တည့်ကြီး ပြေးဝင်တယ်။
သူဇာလွင့် ခြေထောက်တစ်ခုလုံး ကျင်ခနဲ ဖြစ်သွားတယ်။ သံတိုင်ကို ကန်မိသလို ခြေကျင်းဝတ်ကနေ စလို့.. ပေါင်ရင်းအထိ ထူပူသွားတယ်။
ဆံပင်ရှည်နဲ့မိန်းမ.. သူ့လည်ပင်းကို ထိပြီး ရပ်သွားတဲ့.. သူဇာလွင့် ခြေထောက်ကို လက်တစ်ဖက်နဲ့ ဆွဲဖယ်၊ တွန်းထုတ်တယ်။ ပါးစပ်က တဟင်းဟင်း ရယ်တယ်။ ကြွက်ကို မသတ်ခင် ဆော့ကစားချင်သေးတဲ့ ကြောင်အိုတစ်ကောင်ရဲ့ မျက်နှာမျိုးနဲ့ သူဇာလွင့်ကို ကြည့်တယ်။
“ရိုင်းလှချည်လား။ နာမည်မေးတာကို မဖြေဘဲ အရိုင်းအစိုင်းလို လုပ်နေပါလား..။ အိမ်ရှင်ကို ဧည့်သည်က စော်ကားနေပါလား..။ ငါ့တပည့်ကိုလည်း နင် စော်ကားတယ်။ သူ့အိမ်ပေါ်တက်၊ သူကျွေးတာကို စားပြီး….။ အေး.. ငါက သူ မဟုတ်ဘူး။ သူ့ကို နိုင်လိုက်တိုင်း.. ငါ့ကိုပါ အထင်သေးနေတယ်ပေါ့။ နင့်အဆင့်နဲ့..။ နင့်ပုံစံနဲ့။ မလောက်လေး မလောက်စားလေး.. ပြီးမှပဲ ယဉ်ကျေးအောင် သင်ပေးရတော့မှာပဲ”
သူက ပြောရင်းနဲ့ သူဇာလွင့် အနားကို တစ်လှမ်းချင်း တိုးလာတယ်။ ဖြူဖျော့နေတဲ့ သူ့မျက်နှာ လှလှပေါ်မှာ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ အရိပ်အငွေ့တွေ ပိုထင်ရှားလာတယ်။
သူဇာလွင့် အာရုံတွေ ထူပူနေတယ်။ ဘာဆက်လုပ်ရမလဲ သူ မသိဘူး။ ဒီမိန်းမကို သူ ဘယ်လိုမှ မနိုင်တော့ဘူးဆိုတဲ့ အသိကြောင့် သူ့ခြေထောက်တွေ ယိုင်နဲ့နဲ့ ဖြစ်ချင်လာတယ်။ ကိုယ်ထဲမှာ တောက်လောင်နေခဲ့တဲ့ ဒေါသမီးက ရေစိုထင်းလို အငွေ့ယဲ့ယဲ့ပဲ ကျန်တော့တယ်။
အုတ်ခုံဘေးမှာ ထိုးရပ်နေတဲ့ကားဆီ သူဇာလွင် လှမ်းကြည့်လိုက်တယ်။ မင်းခန့်ထူး..။ ကိုမင်းခန့်.. ကျွန်မ ဆောရီးပါ…။ သူဇာလွင် စိတ်ထဲကနေ လှမ်းတောင်းပန်လိုက်တယ်။ သူ့ကို သတ်ပြီးသွားရင်.. ဒီမကောင်းဆိုးဝါးက မင်းခန့်ထူးကိုလည်း အရှင်ထားမယ် မထင်ဘူး။ အခုမှ.. သူများအတွက် စိတ်ပူမနေနဲ့တော့ သူဇာလွင်။ နင့်ကိုယ်နင်တောင် မကယ်နိုင်ဘဲ.. အမေ့ကို ကယ်ဖို့ ကြိုးစားတယ်။ မင်းခန့်ထူးအတွက် စိုးရိမ်နေတယ်။
ဘောနက်ဖုံး တစ်ခုလုံး မရှိတော့တဲ့ ကားရှေ့ခေါင်းက အငွေ့တလူလူ ထွက်နေတယ်။ စက်ကတော့ မရပ်သေး..။ အသက်ငင်နေတဲ့ သတ္တဝါတစ်ကောင်လို အင်ဂျင်သံ သဲ့သဲ့ကို ကြားနေရတယ်။ ကားဘီး..နောက်ကို တစ်လိမ့် လိမ့်သွားတာ သူဇာလွင် လှမ်းတွေ့လိုက်တယ်။ မင်းခန့်ထူး.. သတိရလာပြီလား။ သတိရလာပြီဆိုရင်.. ကားကို နောက်ဆုတ်.. ဒီနေရာကနေ ထွက်သွားတော့လေ။ ဘာရပ်လုပ်နေတာလဲ..။
ကားက.. နောက်ကို တစ်လှိမ့် ဆုတ်တယ်။ ရှေ့ကို ဖြည်းဖြည်းချင်း လိမ့်လာတယ်။ သူဇာလွင် ခေါင်းခါလိုက်တယ်။ သူ ခေါင်းခါပြနေတာကို မင်းခန့်ထူး မြင်ပါစေ…။ မလာနဲ့.. ဒီကို မလာနဲ့။
ဆံပင်ရှည်နဲ့ မိန်းမက.. သူဇာလွင် ကြည့်နေတဲ့ ဘက်ကို လှမ်းကြည့်တယ်။ သဘောကျသွားသလို ဟက်ခနဲ ရယ်ပြန်တယ်။
“ဘာလဲ.. နင့် အကောင်အတွက် စိတ်ပူနေတာလား။ မပူနဲ့”.. သူက ရယ်သံ တစ်ဝက်နဲ့ ပြောတယ်။ .. “မပူနဲ့။ ငါ့ လက်အောက်မှာ ယောကျ်ားတွေ မထားဘူး။ ယောကျ်ားလေးတွေက.. အင်း.. ဘယ်လို ပြောရမလဲ.. ထိန်းရသိမ်းရ ခက်တယ်။ လက်ပေါက်ကပ်တယ်ဆိုပါတော့..။ မိန်းကလေးတွေပဲ အဆင်ပြေတယ်..။ မိန်းကလေးတွေပဲ..”.. သူ့မျက်နှာက တစ်ခုခုကို သတိရသွားသလို.. ခပ်ပြုံးပြုံးဖြစ်သွားတယ်။ .. “ဪ.. ဒါနဲ့.. နင်နဲ့ သီရိတို့.. ဒါဒါတို့နဲ့ တွေ့တဲ့အခါ.. ကောင်းကောင်းမွန်မွန် ဆက်ဆံနော်။ ငါ့ သမီးတွေက အလိမ္မာလေးတွေ။ နင့်လို အရိုင်းအစိုင်း မဟုတ်ဘူး။ နင်တို့ သားအမိကိုတော့ တော်တော်လေး ပြင်ယူရဦးမယ်။ ဒီကနေ.. ငါ.. ထွက်လို့ ရတဲ့အခါ..။ လေးယောက်.. အဆင်သင့် ဖြစ်တဲ့အခါ.. မကြာတော့ပါဘူး.. မကြာတော့ဘူး.. ”
ဒီကနေ..ထွက်လို့ရတဲ့ အခါ..တဲ့။ ဘာကို ဆိုလိုချင်တာလဲ။ ဘာသဘောလဲ။.. ဂျာနယ်လစ်သွေးက အခုထိ အလုပ်လုပ်နေသေးတယ်။ အသက်အန္တရာယ် ကြုံနေတဲ့ အချိန်မှာတောင် သူဇာလွင့် ဦးနှောက်က.. အဲဒီမိန်းမရဲ့ စကားတွေကို အနက်အဓိပ္ပာယ်ဖွင့်၊ သဲလွန်စ ကောက်နေမိသေးတယ်။
သူဇာလွင့် မျက်လုံးတွေက ဆံပင်ရှည်နဲ့ မိန်းမကို ကြည့်လိုက်.. သူတို့ဆီကို လိမ့်လာနေတဲ့ ကားဆီကို လှမ်းကြည့်လိုက်.. ပျာယာခတ်နေတယ်။ မင်းခန့်ထူး.. ဘာလုပ်နေတာလဲ.. သူစဉ်းစားလို့ မရဘူး။ ဘာလို့ ထွက်မပြေးသေးတာလဲ။ သူရဲကောင်း မလုပ်ပါနဲ့.. ကိုမင်းခန့်။ ရှင် သွားတော့..။
“အဆင်သင့်ဖြစ်ပြီလား”.. ဆံပင်ရှည်နဲ့ မိန်းမက မေးတယ်။
ကားက.. သူတို့နဲ့ တဖြည်းဖြည်း နီးလာပြီ။ ကားမီးလုံးရဲ့ အလင်းရောင်.. သူတို့နားကို ရောက်လာပြီ။ အရှိန်မြှင့်လိုက်တဲ့ အင်ဂျင်စက်သံကို သူဇာလွင် ကြားရတယ်။ ဆံပင်ရှည်နဲ့ မိန်းမက ကားဘက်ကို လှည့်မကြည့် အဖက်မလုပ်ဘူး။ သူဇာလွင့် လည်ပင်းနေရာကို စိုက်ကြည့်နေတဲ့ သူ့မျက်လုံးထဲက မျက်ဆံ နက်နက်တွေ.. ကျဉ်းလာလိုက် ကျယ်သွားလိုက်.။
သူဇာလွင် နောက်ကို တစ်လှမ်း ဆုတ်လိုက်တယ်။
“မကြောက်ပါနဲ့..”.. သူက ပြောတယ်။ .. “မနာဘူး။ ဘာမှ မဖြစ်ဘူး။ ခဏပဲ..”.. သူ့နှုတ်ခမ်းထူထူတွေ ဟသွားတယ်။ ပွင့်အာသွားတဲ့ အာခေါင်က တွင်းနက်တစ်ခုလို.. အဆုံးမမြင်ရ။ ပုံမှန် လေးထောင့်စပ်စပ် သွားတွေအထဲကို တိုဝင်.. သွားဖုံးပေါက် ဟောင်းလောင်းတွေ..။ ပြန်ထွက်လာတဲ့ သွားချွန်ချွန်တွေက ပါးစပ်နဲ့ မဆန့်လောက်အောင် အထပ်အထပ်တွေ ပြွတ်သိပ်လို့။
ဝေါခနဲ အင်ဂျင်သံနဲ့အတူ.. အရှိန်နဲ့ ပြေးဝင်လာတဲ့ ကား။
ဆံပင်ရှည်နဲ့မိန်းမ.. ကားဆီကို လှည့်မကြည့်သေးဘူး။ လက်တစ်ဖက်နဲ့ပဲ အသာ လှမ်းတားတယ်။ သူ့အာရုံက သူဇာလွင့် လည်ပင်းဆီမှာ..။ သူ.. ရှေ့ကို တစ်လှမ်း ထပ်လှမ်းတယ်။ သူ့အာခေါင်တွင်းနက်ထဲက လှိုင်လှိုင်ကြီး လျှံထွက်လာတဲ့ အနံ့ဆိုးတွေ သူဇာလွင့် မျက်နှာကို ဟပ်တယ်။
သူဇာလွင် နောက်ကို တစ်လှမ်း ထပ်ဆုတ်မယ် အလုပ်မှာ… အရှိန်နဲ့ အနားရောက်လာတဲ့ကား.. တစ်ပတ်လည်ပြီး ကျွီခနဲ ရပ်သွားတယ်။ မောင်းသူနေရာမှာ ထိုင်နေတဲ့ မင်းခန့်ထူး..။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ပစ္စည်းတစ်ခု..။ သွေးအလူးလူး ဖြစ်နေတဲ့ မင်းခန့်ထူးရဲ့ မျက်နှာကို သူဇာလွင် လှမ်းမြင်တယ်။ ကိုမင်းခန့်.. မလာပါနဲ့.. လို့ ပြောမလို့ ပါးစပ်ကို အဟမှာ..
“မသူဇာ”.. မင်းခန့်ထူးက အော်ရင်း သူ့လက်ထဲက ပစ္စည်းကို လှမ်းပစ်ပေးတယ်။
လေထဲမှာ တဝစ်ဝစ်လည်ပြီး လွင့်လာတဲ့ ပစ္စည်းတစ်ခု..။
ဆံပင်ရှည်နဲ့ မိန်းမ.. အခုမှ.. ဟိုဘက်ကို လှည့်ကြည့်တယ်။ သူ့ရဲ့ ပွင့်အာနေတဲ့ ပါးစပ်ထောင့်စွန်းတွေ ဒေါသတကြီး ကွေးကျရှုံ့မဲ့သွားတယ်။ ဟီး.. ဆိုတဲ့ မာန်ဖီသံ..။
သူဇာလွင့်လက်တစ်ဖက်.. အလိုလို မြောက်တက်.. သူ့အနား ရောက်လာတဲ့ ပစ္စည်းကို လှမ်းဖမ်းတယ်။
သူဇာလွင့် လက်ထဲရောက်သွားတဲ့ ရေသန့်ဘူးကို.. ဆံပင်ရှည်နဲ့မိန်းမ လှည့်ကြည့်တယ်။ နားမလည်သလို.. အမူအရာ သူ့မျက်နှာပေါ်မှာ ဖြတ်ပြေးသွားတယ်။ ပွင့်နေတဲ့ ပါးစပ်.. ခဏ ပြန်ပိတ်သွားတယ်။ မေးစေ့မှာ စီးကျနေတဲ့ သွားရည်တွေ.. လမ်းမပေါ်ကို တပေါက်ပေါက် ကျတယ်။
သူဇာလွင် ရေသန့်ဘူးကို ဘယ်လက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်တယ်။ ပုလင်းအဖုံးရှိတဲ့ဘက်ကို ဟိုမိန်းမရဲ့ မျက်နှာနဲ့ ချိန်တယ်။ ပြီးတဲ့အခါ ရေသန့်ဘူးရဲ့ ခါးလယ်ကို ညာလက်နဲ့ ရိုက်ထည့်လိုက်တယ်။
ကန်ထွက်လာတဲ့ ရေအားကြောင့် ပုလင်းအဖုံး လွင့်ထွက်သွားတယ်။ ပန်းထွက်လာတဲ့ ရေတွေ.. ဆံပင်ရှည်နဲ့ မိန်းမ မျက်နှာတစ်ခုလုံးကို အပြင်လိုက် လွှမ်းသွားတယ်။
အီး..ခနဲ အော်သံနက်ကြီးနဲ့အတူ.. ဆံပင်ရှည်နဲ့ မိန်းမ.. နောက်ကို ယိုင်ထွက်သွားတယ်။ အငွေ့တထောင်းထောင်းထ.. လောင်ကျွမ်းသွားတဲ့ မျက်နှာက အသားကွက်တွေကို လက်နဲ့ ကာတယ်။ ပါးစပ်က တဝေါ့ဝေါ့နဲ့ လေတွေ၊ အပုပ်ရည်တွေ၊ ခတ်ထုတ်တယ်။
“မသူဇာ.. လာ.. လာ..တော့”.. မင်းခန့်ထူးက လှမ်းအော်တယ်။
လမ်းမမှာ ဒူးထောက်ကျ.. အော်ဟစ်နေတဲ့ အဲဒီ မိန်းမကို သူဇာလွင် ခဏ တွေကြည့်နေမိသေးတယ်။
“မြန်မြန်”.. မင်းခန့်ထူး ထပ်အော်တယ်။ ကလပ်ကိုနင်း.. လီဗာကို အဆုံးဖိထားတဲ့အတွက် ကားစက်သံက ၀ုန်းဒိုင်းကြဲ ဆူညံနေတယ်။
ဆံပင်ရှည်နဲ့ မိန်းမ.. အော်သံတွေ ရပ်သွားတယ်။ မျက်နှာကို ကုတ်ခြစ်နေတဲ့ လက်တွေ.. ငြိမ်ကျသွားတယ်။ ဒူးထောက်နေတဲ့ သူ့ကိုယ်လုံး တဆတ်ဆတ် တုန်တယ်။ ပြန်မော့လာတဲ့ မျက်နှာ.. က လူမျက်နှာ မဟုတ်တော့..။
ဆွတ်ဆွတ်ဖြူနေတဲ့ မျက်လုံးတွေ..။
တဂျွတ်ဂျွတ် အသံတွေနဲ့အတူ.. သူ့ကျောရိုးက အဆမတန် ရှည်လာတယ်။ လေးဘက်ထောက်ကျသွားတဲ့ သူ့ကိုယ်ခန္ဓာက အားယူသလို.. ဆတ်ခနဲ ဇတ်ခနဲ ခါတယ်။ ပါးစပ်ထဲက ဆက်တိုက်ထွက်ကျနေတဲ့ အပုပ်ရည်တွေ.. လမ်းမပေါ်မှာ အိုင်ထွန်းနေပြီ။
သူဇာလွင် ဆက်မကြည့်တော့ဘူး။
ကားဆီကို လှည့်ပြေးတယ်။
အသင့် ဖွင့်ထားပေးတဲ့ တံခါးကနေ.. အထဲကို ခုန်ဝင်တယ်။ ကားတံခါးကို ဆွဲပိတ်တယ်။ ပျက်သွားတဲ့ တံခါးချက်ကြောင့်.. တံခါးက ပိတ်မရဘဲ လက်နဲ့ ဆွဲထားရတယ်။
သူဇာလွင် ကားပေါ်ကို ရောက်တာနဲ့ မင်းခန့်ထူး ကလပ်ကို လွှတ်လိုက်တယ်။ ဖုန်းခနဲ ဆောင့်ဝင်လာတဲ့ ဂီယာကြောင့် ကားတစ်စီးလုံး အရှေ့ကို ဆောင့်ထွက်တယ်။ ပြုတ်ထွက် စုတ်ပြတ်နေတဲ့ ကားရဲ့ အစိတ်အပိုင်းတွေဆီက ထွက်လာတဲ့ ဂလုံဂလွမ် အသံတွေ.. ပြုတ်ကျတရွတ်တိုက်နေတဲ့ နောက်ဘန်ပါရဲ့ လမ်းမနဲ့ တိုက်၊ တဂျစ်ဂျစ်အော်သံတွေ..။
ဘောနက်တစ်ခုလုံး ချိုင့်ဝင်နေတဲ့ ကားရှေ့ခေါင်းပိုင်းက ခြေကုန်လက်ပန်းကျ၊ ဆက်မသွားချင်တော့တဲ့ မြင်းတစ်ကောင်လို ရုန်းခါနေတယ်။
သူဇာလွင် နောက်ကို လှည့်ကြည့်တယ်။
ကားနောက်ကနေ လေးဘက်ထောက်.. ပြေးလိုက်လာတဲ့ အရာတစ်ခု။
ဒီနှုန်းအတိုင်းဆို လွတ်မယ်မထင်ဘူး.. ။
မင်းခန့်ထူးက အရှေ့ကိုတည့်တည့်ကြည့်.. လီဗာကို ခြေကုန်နင်း.. နေတယ်။ သူ့ရဲ့ ဘယ်လက်က ဘေးမှာ တွဲလောင်းကျ.. ညာလက်နဲ့ စတီယာရင်ကို ထိန်းထားတယ်။
ငါ..ဒီကနေ..ထွက်လို့ရတဲ့အခါ..တဲ့..။ ဟိုမိန်းမရဲ့ စကား.. သူဇာလွင် ပြန်ကြားယောင်လာတယ်။ ဒီက.. ဒီကဆိုတာ.. ဘာလဲ။ မုယော.. မုယောကနေ ထွက်လို့ရတဲ့အခါ..လို့ ပြောချင်တာလား..။
“ကိုမင်းခန့်.. ကိုမင်းခန့်.. ရှေ့မှာ.. ဆိုင်းဘုတ်.. ရောက်တော့မယ်”.. သူဇာလွင် ရှေ့ကို လက်ညှိုးထိုးပြလိုက်တယ်။ ဆိပ်ခုံမြို့.. ဆိုတဲ့ အုတ်ခုံဆိုင်းဘုတ်ကို ခပ်ပြပြ မြင်နေရပြီ..။
မင်းခန့်ထူးက နားမလည်သလို လှည့်ကြည့်တယ်။
“မြန်မြန်.. လီဗာကို မလျှော့နဲ့.. အကုန်နင်း…”
“နင်းနေတာပဲဗျ။ ခြေထောက်တောင် ကျွံဝင်တော့မယ်”.. မင်းခန့်ထူးက ပြန်ပြောတယ်။ ကားတစ်စီးလုံးက တစ်စစီ ပြုတ်ထွက်ချင်နေသလို.. အသံပေါင်းစုံထွက်တယ်၊ ဘယ်ကိုပါသွားလိုက်.. ညာဘက် ပြန်ယိမ်းလာလိုက်နဲ့ ရှေ့ဦးက ထိန်းမရ ရမ်းခါနေတယ်။
ကားခေါင်မိုးပေါ်ကို တစ်ခုခု ပြုတ်ကျလာတဲ့ အသံ.. ဒုန်းခနဲ။
မင်းခန့်ထူး..အလန့်တကြားနဲ့ အပေါ်ကို မော့ကြည့်တယ်။ ယောင်ပြီး ခြေထောက်ကို လီဗာကနေ ကြွလိုက်မိတဲ့ အတွက် ကားက ရုတ်ခနဲ နှေးကျသွားတယ်။
“အရှိန်မလျှော့နဲ့။ ဆက်မောင်း”.. သူဇာလွင် အော်လိုက်တယ်။
ကားမှန်ရှေ့ကို လျှောတိုက်ဝင်လာတဲ့ အရာတစ်ခု..။ ဆံပင်ရှည်တွေ.. ကားမှန်မှာ ပြန့်ကျဲသွားတယ်။ လေကို ဆန်ပြီး မှန်မှာ ကပ်နေတဲ့ ဆံပင် အထွေးလိုက်တွေနဲ့.. မျက်နှာတစ်ခု။
မှန်ကိုဖောက်ထွက်.. သူတို့ကို ဇောက်ထိုး စိုက်ကြည့်နေတဲ့ မျက်လုံးနှစ်လုံး..။
ဆံပင်ရှည်နဲ့ မိန်းမ.. ကားမှန်ကို နှဖူးနဲ့ တဒုန်းဒုန်း ဆောင့်တယ်။ အက်ကွဲသွားတဲ့
မင်းခန့်ထူးပါးစပ်က အော်သံတစ်ခု ထွက်လာတယ်။ လီဗာကို ဆောင့်နင်းတယ်။
ကားရှေ့ ဆယ်ပေလောက်မှာ.. ဆိပ်ခုံမြို့ရဲ့ ဆိုင်းဘုတ်..။
ကားရဲ့ ရှေ့ဦးပိုင်း.. ဆိုင်းဘုတ်ကို ကျော်လိုက်တာနဲ့..
မမြင်ရတဲ့ လက်တစ်ခုနဲ့ ဆွဲဖယ်လိုက်သလို.. ကားမှန်မှာ ကပ်နေတဲ့ ဆံပင်ရှည်နဲ့မိန်းမ.. လွင့်ထွက်သွားတယ်။
သူဇာလွင် နောက်ကို လှည့်ကြည့်တယ်။
ကားရဲ့နောက်.. လမ်းမပေါ်မှာ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားတဲ့ ဟိုမိန်းမ..။
ဆိုင်းဘုတ်ကို ကျော်ပြီး.. သိပ်မကြာခင်မှာ.. ကားက ထိုးရပ်သွားတယ်။
မင်းခန့်ထူး.. လီဗာကို ထပ်နင်းတယ်။
ကားက မသွားတော့။ တဂီးဂီးအသံတွေပဲ ထွက်လာတယ်။ ဖုန်းဆိုတဲ့ အသံခပ်အုပ်အုပ်နဲ့အတူ.. ရှေ့အင်ဂျင်ခန်းထဲကနေ မီးခိုးလုံးတွေ လှိမ့်ထွက်လာတယ်။
သူဇာလွင်… နောက်ဘက်ကို လှည့်ကြည့်နေတုန်းပဲ..။ လဲကျနေရာကနေ.. ကုန်းရုံးထ.. လမ်းဘေး အမှောင်ထဲကို တိုးဝင် ပျောက်ကွယ်သွားတဲ့.. ဆံပင်ရှည်နဲ့ မိန်းမ..။
“တော်သေးတာပေါ့.. တော်သေးတာပေါ့ဗျာ..”.. မင်းခန့်ထူးက ခပ်ယဲ့ယဲ့ပြောတယ်။
“ကိုမင်းခန့်.. ရှင့်မျက်နှာ.. ဘယ်နားထိသွားတာလဲ.. ပါးစပ်မှာလည်း..သွေးတွေ”.. သူဇာလွင်.. အခုမှ မင်းခန့်ထူးဘက်ကို လှည့်ကြည့်နိုင်တယ်။
“ရတယ်.. ဘာမှမဖြစ်ဘူး..”.. မင်းခန့်ထူးက ပြောတယ်။ .. “ကျွန်တော် သတိလစ်လို့ ရပြီလားဗျ.. ရပြီဆိုရင်.. ”.. သူ့ရဲ့ခေါင်း.. ကားစတီရာရင်ပေါ်ကို စိုက်ကျ၊ ငြိမ်သွားတယ်။
+++
အခန်း (၄၃)
-(မင်းခန့်ထူး)-
(၁)
သူ သတိရလာတော့.. သူ့နားထဲကို ဝင်လာတဲ့.. စကားသံ တိုးတိုးတိုးတိုးတွေ။
မျက်လုံးကို ဖွင့်လိုက်တော့.. မျက်နှာကြက်မှာ ပျင်းရိစွာလည်နေတဲ့ ပန်ကာဒလက် တစ်စုံ..။ ပိတ်ထားတဲ့ မျက်နှာကြက် မီးလုံးက ဟောင်းနွမ်းပြီး ဝါကျင့်ကျင့်။ အခန်းထဲကို တိုးဝင်နေတဲ့ နေအလင်းရောင်က တော်တော် ပြင်းတယ်။ မင်းခန့်ထူး မျက်လုံးတွေ အလင်းကို ကျင့်သားမရသေးသလို ကျိန်းစပ်စပ် ဖြစ်သွားတယ်။
သူ့လက်ကို ကိုင်၊ ကုတင်ဘေးမှာ ထိုင်နေတဲ့ သူဇာလွင်။ မင်းခန့်ထူးရဲ့ ရှပ်အင်္ကျီ အရှည်ကို ယူဝတ်ထားတယ်။
သူဇာလွင်က ဘေးက ဆရာဝန်ဝတ်စုံနဲ့ အမျိုးသမီးနဲ့ စကားပြောနေရာကနေ.. မင်းခန့်ထူးဘက်ကို လှည့်ကြည့်တယ်။ သူ သတိရလာတာကိုတွေ့တော့ တစ်ချက်လှည့်..ပြုံးပြတယ်။ ဟိုအမျိုးသမီးဘက်ကို ပြန်လှည့်တယ်။
“သူ ဆေးရုံက ဆင်းလို့ရပြီ မဟုတ်လား ဆရာမ..”..တဲ့ သူဇာလွင်က ပြောတယ်။
ဆရာဝန်မက သူဇာလွင့်ကို မသင်္ကာသလို မျက်လုံးနဲ့ ကြည့်တယ်။ မင်းခန့်ထူးအနားကို လျှောက်လာတယ်။ မျက်လုံးကို ဖြဲကြည့်တယ်။ ပါးစပ် ဟခိုင်းတယ်။ လျှာကို လက်နဲ့ဖိတယ်။ အာခေါင်ကို ဓာတ်မီး သေးသေးလေးနဲ့ ထိုးကြည့်တယ်။
“ကျွန်မတော့ သေချာ နားမလည်တော့ဘူး”.. ဆရာဝန်မက ပြောရင်း ခေါင်းခါတယ်။ .. “ညက ရောက်လာတုန်းက မျက်နှာတစ်ခုလုံး ဖူးရောင်နေတာ။ Fracture wound တွေလည်း မနည်းမနောပဲတဲ့.. နာ့စ်ကပြောတယ်။ အခု ဘာမှ မဖြစ်သလို အကောင်းအတိုင်းပါလား”.. ဆရာမက နောက်ကိုလှည့်.. သူ့တပည့်မကို လှမ်းခေါ်တယ်။
ခပ်ငယ်ငယ် ဆရာဝန်မတစ်ယောက် အခန်းထဲကို ပြေးဝင်လာတယ်။ ဆရာမနဲ့ သူ.. ခပ်တိုးတိုးတွေ ဆွေးနွေးတယ်။ ဆရာဝန်မအကြီးက.. လက်ထဲမှာ ကိုင်ထားတဲ့ လူနာမှတ်တမ်းကို သုံးလေးခေါက် စစ်တယ်။ ဆရာဝန်မ အငယ်က မင်းခန့်ထူးကို ကြည့်လိုက်၊ သူဇာလွင့်ကိုကြည့်လိုက်.. ဇဝေဇဝါ မျက်နှာနဲ့။
“ခင်ဗျားရဲ့ ကားရော”.. မင်းခန့်ထူးမေးလိုက်တယ်။
“ဝပ်ရှော့က လာဆွဲသွားပြီ”.. သူဇာလွင်က ပြန်ဖြေတယ်။ မင်းခန့်ထူးလက်ကိုတော့ မလွှတ်သေးဘဲ ဆက်ကိုင်ထားတယ်။ ရှိုးတိုးရှန့်တန့် ဖြစ်နေတဲ့ပုံစံ သူဇာလွင့်မှာ မတွေ့ရ။.. “ရှင့်မျက်နှာက ဘာဖြစ်နေတာလဲ။ မချိုမချဉ်နဲ့”.. သူဇာလွင်ကမေးတယ်။ .. ”မြန်မြန်ပြန်ကောင်းလာအောင် လုပ်ပေးနေတာ။ မဟုတ်တာတွေ တွေးမနေနဲ့”
မင်းခန့်ထူး ရယ်လိုက်တယ်။ ဒါပေမယ့် ရယ်သံ ထွက်မလာ.. ရင်ဘတ်ထဲ အောင့်သလိုလို ဖြစ်သွားပြီး ခွီးခနဲ သီးသွားတယ်။ ကားစတီရီယာရင်နဲ့ ရင်ရိုးနဲ့ ဆောင့်မိထားတော့ အသက်ရှူရတာ ကြပ်သလိုလို.. နာသလိုလို..။
”ဆောရီးဗျာ။ ကျွန်တော့်ကြောင့် ခင်ဗျားကား ပစ်လိုက်ရပြီထင်တယ်”
“အာ.. အရေးမကြီးပါဘူး။ ရှင် ဘယ်လို နေသေးသလဲ”.. သူဇာလွင်က လေသံကို နှိမ့်လိုက်တယ်။ .. “ရှင့်သွားတွေ ကျိုးသွားတာကိုတော့ အကောင်းအတိုင်း ဖြစ်အောင် ပြန်လုပ်လို့ မရဘူး။ ဆောရီး..”
မင်းခန့်ထူး.. အခုမှ သတိရသွားပြီး.. လျှာကို ပါးစပ်ထဲမှာ အပေါ်အောက်လှုပ်စမ်းကြည့်တယ်။ ရှေ့သွားက တစ်ဝက် ပဲ့ထွက်သွားသလို ချွန်ထက်ထက် ဖြစ်နေတယ်..။ ညာဘက် အပေါ်အံသွားနေရာမှာ အပေါက်တစ်ပေါက်။
“ရပါတယ်”
သူ ထထိုင်ဖို့ ကြိုးစားတော့ ဆရာဝန်မက ကုတင်နားကို အမြန်ပြေးလာတယ်။
“မထနဲ့ဦးလေ။ အတွင်းဒဏ်ရာတွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ.. ဪ.. ဒုက္ခပဲ”.. ဆရာမက ပါးစပ်က ပြောနေပေမယ့် မင်းခန့်ထူးရဲ့ လက်မောင်းကိုတော့ ကိုင်ပြီး ဆွဲထူးပေးရှာတယ်။ .. “ခေါင်းထဲမှာ ရီဝေဝေ ဖြစ်နေသလား။ Double vision ရှိသလား။ နှစ်ထပ်ဖြစ်နေတာမျိုး.. ရှိလားလို့ မေးတာ”
“ရတယ် ဆရာမ။ ကျွန်တော် ဘာမှ မဖြစ်ဘူး။ ကောင်းသွားပြီ။ သွားကျိုးသွားတာ တစ်ခုပဲ ရှိတာပါ။ ကျန်တာ အကုန်ကောင်းတယ်”.. မင်းခန့်ထူး ပြောရင်းနဲ့ ကုတင်ပေါ်ကနေ ဆင်းလိုက်တယ်။ သူဇာလွင်က မင်းခန့်ထူးကို ဘေးကနေ ဝင်တွဲတယ်။
“ကျွန်မက စိုးရိမ်လို့ ပြောတာ။ နေလို့ကောင်းလို့ ဆေးရုံဆင်းချင်တယ်ဆိုလည်း ဆင်း။ ဒါပေမယ့် အရမ်းတော့ လှုပ်လှုပ်ရှားရှား မလုပ်နဲ့ဦး။ တော်သေးတာပေါ့.. လူတွေဘာတွေ ဝင်မတိုက်မိလို့။ ဘယ်လို ဖြစ်ပြီး ဘာကိုဝင်တိုက်မိလို့ ကားတစ်စီးလုံး ညက်ညက်ကြေသွားရတာလဲ မသိပါဘူး”.. ဆရာဝန်မက တီးခေါက်ချင်တဲ့ လေသံနဲ့ မေးတယ်။
မင်းခန့်ထူး သူ့မေးခွန်းကို မကြားချင်ယောင် ဆောင်နေလိုက်တယ်။ ရဲတွေဘာတွေ ရောက်လာတာမျိုး မရှိဘူးဆိုတော့ သူဇာလွင် ဘယ်လို ရှင်းလိုက်သလဲ သူမသိဘူး။ သာမန် ယာဉ်မတော်တဆ ဖြစ်မှုလို့ပဲ ထင်ကြပါစေ။
“အခု.. ဒီဆေးခန်း.. အဲ.. ဒီဆေးရုံက ဘယ်မှာလဲဗျ”.. မင်းခန့်ထူး သူဇာလွင့်ဘက်လှည့် မေးလိုက်တယ်။ ဆေးခန်းလို့ပြောရမှာတောင် အားနာချင်စရာ.. အခန်းက ကျဉ်းကျဉ်းလေး။ သပ်သပ်ရပ်ရပ်တော့ ရှိပါတယ်။ ကုတင်တွေ အိပ်ရာခင်းတွေ သန့်ပြန့်နေတယ်။ နံရံတွေကတော့ ဆေးတွေကွာ အိုဟောင်းနေပြီ။
“ဆိပ်ခုံမှာပဲလေ။ ဒီမှာ ဒီဆေးရုံတစ်ခုပဲ ရှိတာ”.. ဆရာဝန်မက ဝင်ဖြေတယ်။ .. “တိုက်နယ် ဆေးရုံဘက်ကို ပို့မလို့ စီစဉ်သေးတယ်။ အစ်ကို့ အခြေအနေက ညတွင်းချင်း တော်တော် ကောင်းလာတော့ ဒီမှာပဲ ထားလိုက်တာ”
“ဪ.. ဟုတ်။ ကျေးဇူးပါ ဆရာမ..။ ကျွန်တော်တို့ကို ခွင့်ပြုပါဦး”.. မင်းခန့်ထူး ပြောလိုက်တယ်။
မေးခွန်းတွေ ဆက်မေးချင်နေသေးတဲ့ ဆရာဝန် နှစ်ယောက်ကို မမြင်ချင်ယောင်ဆောင်.. လှည့်ထွက်လာလိုက်တယ်။
(၂)
“ခင်ဗျား ဘယ်လို ရှင်းလိုက်သလဲဗျ”.. ဆေးရုံဝင်းအ၀မှာ ယောင်လည်လည်နဲ့ မတ်တပ်ရပ်နေရင်း မင်းခန့်ထူး မေးလိုက်တယ်။
ဆိပ်ခုံမြို့ဆေးရုံက မင်းခန့်ထူးတို့ တည်းနေတဲ့ တည်းခိုခန်းထက်တောင် သေးဦးမယ်ထင်တယ်။ တိုက်ပုပုလေး တစ်လုံးရယ်၊ တိုက်ရှေ့မှာ ထိုးရပ်ထားတဲ့ ဆိုင်ကယ် သုံးလေးစီးရယ်..၊ ဆေးဝါသုတ်ထားတဲ့ အုတ်တံတိုင်း ပါးပါးတစ်ခုရယ်.. ဒါပဲ။ ဆိပ်ခုံ မြို့နယ် ဆေးရုံ.. ဆိုတဲ့ သစ်သားဆိုင်းဘုတ်က ဆေးတွေအဖတ်လိုက် ကွာလို့..။
သူဇာလွင်က မင်းခန့်ထူးအမေးကို ချက်ခြင်း မဖြေသေး.. လမ်းမဘက်ကို လှမ်းကြည့်နေတယ်။ တစ်ခုခုကို စောင့်နေတဲ့ ပုံစံမျိုး။ ပုံမှန်ဆို ဒီအတိုင်း ချထားတတ်တဲ့ ဆံပင်မတိုမရှည်ကို အခု နောက်လှန်စည်းထားတော့ သူဇာလွင့် မျက်နှာက ရှင်းပြီး လင်းနေတယ်။ တော်တော်လေးကြာမှ..
“ဘာပြောလိုက်တာလဲ.. ကိုမင်းခန့်။ ဆောရီး.. ကျွန်မ တခြားတွေးနေလို့”
“ဪ.. ညက ကားတိုက်တဲ့ ပြဿနာကို ဘယ်လို ရှင်းလိုက်သလဲလို့ မေးတာ”
“ဘာခက်လို့လဲ။ ရဲကို ဖုန်းဆက်လိုက်တာပေါ့။ အမြန်လမ်းမှာ ဒီလို ဖြစ်နေကျပဲ။ မထူးဆန်းပါဘူး”… သူဇာလွင်က ခပ်အေးအေး ပြန်ဖြေတယ်။ ..”အိပ်ငိုက်ပြီး ဓာတ်တိုင်တစ်တိုင်ကို ဝင်တိုက်မိတာလို့ ပြောလိုက်တယ်။ တစ်နာရီလောက်ကြာတော့ ရဲဆိုင်ကယ် ၂ စီး ရောက်လာတယ်။ ပြီးတော့မှ ရဲကားတစ်စီး ရောက်လာတယ်။ ရှင့်ကို ဆေးရုံပို့တယ်။ ဒါပဲလေ”
မင်းခန့်ထူး ခေါင်းကုတ်လိုက်တယ်။ သူဇာလွင် ပြောလိုက်တော့လည်း ဘာမှ မဟုတ်သလို။ တကယ်ကလည်း.. ယာဉ်တိုက်မှု တစ်ခုအနေနဲ့ စဉ်းစားလိုက်ရင် အဲဒီလောက် မရှုပ်ထွေးပါဘူး။ လူကိုတိုက်မိတာ မဟုတ်သလို.. ကားချင်း တိုက်မိတာလည်း မဟုတ်။ ဒါပေမယ့် သဘာ၀မဟုတ်တဲ့ အဖြစ်အပျက်တွေနဲ့ နှစ်ပေါင်းများစွာ ရောထွေးလာတဲ့ မင်းခန့်ထူးအဖို့.. ဘာအခက်အခဲပဲတွေ့တွေ့.. ပုံမှန်ထက် ပိုခက်တယ်လို့ ထင်နေမိတယ်။ ပြဿနာတွေရဲ့ နောက်ကွယ်မှာ အဖြစ်ဆိုးတွေ ဆက်တိုက်လိုက်လာတတ်တယ်လို့ ယုံနေမိတယ်။
မင်းခန့်ထူး.. မျက်နှာပေါ် အားရပါးရ ဖြာကျနေတဲ့ နေရောင်ကို အားယူ.. လက်နှစ်ဖက်ကို ဆန့်.. အသက်ကို ရှူသွင်းလိုက်တယ်။ အမြဲတမ်း မနက်ခင်း ဖြစ်နေရင် ဘယ်လောက်ကောင်းမလဲ.. သူတွေးမိတယ်။ အမှောင်ဆိုတာ ရောက်မလာရင် တော်တော်လေး အဆင်ပြေမယ်။ အမှောင်ထဲမှာ ကျဉ်လည်ကြတဲ့ သတ္တဝါတွေအတွက်.. မိုးမလင်းတဲ့ ကမ္ဘာတစ်ခုလောက် သက်သက် ဖန်တီးပေးလိုက်ပါလား..။
ဘယ်တော့မှ နေမထွက်တဲ့ နေ့ရက်တွေများ ရှိနေခဲ့ရင်..
တွေးရင်းနဲ့ ကျောထဲမှာ စိမ့်သလိုလို ဖြစ်လာတယ်။ ကားရှေ့မှန်ပေါ်ကို ဖုန်းခနဲ ပြုတ်ကျလာတဲ့ ဟိုမိန်းမရဲ့ မျက်နှာကို ပြန်မြင်ယောင်မိသွားတယ်။ ညက အဖြစ်အပျက်တွေ မှတ်ဉာဏ်ထဲကနေ ပြန်နိုးထလာတယ်။
“ခင်ဗျား ဘောင်းဘီ အသစ်ဝယ်ရတော့မယ် ထင်တယ်”.. သူဇာလွင့် ဒူးခေါင်းက ပြဲနေတဲ့ ဘောင်းဘီစကို လက်ညှိုးထိုးပြရင်း မင်းခန့်ထူး ပြောလိုက်တယ်။ .. “ဘောင်းဘီ အပိုတော့ ပါတယ်မဟုတ်လား”.. မင်းခန့်ထူး နောက်လိုက်တယ်။
သူဇာလွင်က ခပ်ယဲ့ယဲ့ပြုံးတယ်။ ဒါပေမယ့် သူ့အပြုံးက နွမ်းနယ် မောပန်းနေသလို.. ခပ်မှိန်မှိန်။
“မသူဇာ။ ခင်ဗျား အဆင်ပြေရဲ့လား..။ မျက်နှာကြည့်ရတာ တစ်မျိုးပဲ”..မင်းခန့်ထူး မေးလိုက်တယ်။ .. “အဆင်ပြေရဲ့လားလို့ မေးရတာကိုက ကိုးလိုးကန့်လန့်ဗျာ။ ကျွန်တော်တို့ အဖြစ်ကလည်း ဘယ်လို ပြောရမှန်းကို မသိ ဖြစ်နေတယ်။ ဘယ်လို သတ္တဝါတွေနဲ့ လာတွေ့နေသလဲ မသိပါဘူး ဟားဟား..။ ဒါနဲ့ .. ခင်ဗျားနဲ့ အဲဒီ မိန်းမနဲ့ စကားတွေ အကြာကြီး ပြောနေတာ.. ဘာတွေ ပြောနေတာလဲဗျ။ ကျွန်တော် ကားထဲကနေ လှမ်းတွေ့လိုက်တယ်။ ကျွန်တော်လည်း သတိလစ်မသွားအောင် မနည်း တင်းထားရတာ..။ တော်သေးတယ်.. ကိုသက်ဦး ပေးလိုက်တဲ့ ပရိတ်ရည် ပုလင်းကို သတိရသွားလို့.. ပရိတ်ရည်နဲ့ ဖြန်းလိုက်တော့လည်း ရှဲခနဲပဲဗျ နော်..။ နောက်ကို အမြဲ ဆောင်ထားရမလို ဖြစ်နေပြီ..။ ပရိတ်ရည် ကြိုသောက်ထားရင်ရော ရသလားဗျ.. ဘယ်လိုထင်သလဲ..။ ကျွန်တော်လည်း.. တောင်စဉ်ရေမရတွေ လျှောက်ပြောနေမိ..”
သူဇာလွင့် ပါးပေါ် စီးကျလာတဲ့ မျက်ရည်တွေကို တွေ့လိုက်တော့ မင်းခန့်ထူး တတွတ်တွတ်ပြောနေရာကနေ ရပ်သွားတယ်။
“ဘာဖြစ်လို့လဲ မသူဇာ”.. သူဇာလွင့် ပခုံးကို အသာလှမ်းကိုင်ရင်း မေးလိုက်တယ်။ သူဇာလွင်က မင်းခန့်ထူးလက်ကို ဖယ်ချတယ်။ မျက်ရည်တွေကို ခပ်သွက်သွက် သုတ်တယ်။
“ဘာမှ မဟုတ်ပါဘူး။ ကျွန်မဟာ.. ဘာမှ မဟုတ်သေးဘူးဆိုတာ သိလိုက်ရလို့။ ဟိုမိန်းမ.. အဲဒီ.. မကောင်းဆိုးဝါးမ.. ကျွန်မကို အရုပ်တစ်ရုပ်လို ဆော့သွားတာကို သတိရလိုက်လို့..”
“အာ.. ခင်ဗျားက အခုမှ.. ဒီအလုပ်ကို.. ဒီလောကထဲ စဝင်ကာစ မို့လို့ပါ..”.. မင်းခန့်ထူး ဖြောင်းဖျဖို့ ကြိုးစားတယ်။ စကားကို ဘယ်လို ဆက်ရမလဲ စဉ်းစားလို့ မရဘူး။ မင်းဘာတွေ လျှောက်ပြောနေတာလဲ..။ သူဇာလွင်က ကုမ္ပဏီ အသစ်မှာ အလုပ်ဝင်လုပ်ဖို့ ကြိုးစားနေတဲ့သူ မဟုတ်ဘူး။ ဘာရှိမှန်းမသိတဲ့ အမှောင်ထဲကို မျက်ကန်းတောတိုး.. ပြေးဝင်နေတဲ့သူ..။
“မဟုတ်ဘူး။ ကျွန်မ.. သူနဲ့.. သူ့ရှေ့ကိုရောက်တော့.. သတ္တိတွေ အကုန်ပျောက်ကုန်တယ်။ ဒီမိန်းမ.. သာမန် မကောင်းဆိုးဝါး တစ်ကောင် မဟုတ်ဘူး။ စကားဝါ..”.. စကားဝါ..ဆိုတဲ့ စကားကို ပြောလိုက်မိလို့ အသက်ရှူကြပ်သွားသလို.. သူဇာလွင် သက်ပြင်းအရှည်ကြီး ဟင်းခနဲ ချတယ်။ လေပူတွေကို မှုတ်ထုတ်တယ်။ .. “စကားဝါ မကောင်းဆိုးဝါး..ဆိုတာ.. ဒီမိန်းမနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ဘူး။ စကားဝါ သတ္တဝါက ဉာဏ်မရှိဘူး၊ သူလိုချင်တာက ရှင်းတယ်။ ပြတ်သားတယ်။ ဒီမိန်းမ.. ဒီမိန်းမက.. အကြံအစည်တွေနဲ့.. အင်မတန် ယုတ်မာမယ့် ပုံစံမျိုး”
“သူခင်ဗျားကို ဘာတွေ ပြောသွားလို့လဲ။ မမမေ အကြောင်း ပြောသွားသေးသလား..”
“ကျွန်မ သေချာ သိသွားတာ နှစ်ခုရှိတယ်”.. သူဇာလွင်က ဆုံးဖြတ်ချက် ချလိုက်တဲ့ လေသံနဲ့ ပြောတယ်။
“ဘာလဲ”
“ပထမအချက်..။ ဒီမိန်းမ မုယောမှာ ပိတ်မိနေတာ။ ဒါ သေချာတယ်။ မုယောရဲ့ နယ်နိမိတ်ကို သူ ကျော်လို့ မရဘူး”
မင်းခန့်ထူး စဉ်းစားလိုက်တယ်။ ဆိပ်ခုံ အဝင်မှာ .. အဲဒီမိန်းမ.. လွင့်ထွက် ပြုတ်ကျကျန်ခဲ့တာကို ပြန်သတိရတယ်။
“ဒါပေမယ့်.. မြတ်သော်တာထွန်းတို့.. မိသားစုကျတော့ရော.. သူတို့က မြို့တွေဘာတွေ သွားမှာပေါ့။ ရွာမှာပဲ နေနေတာ ဟုတ်ပါ့မလား”
“မြတ်သော်တာထွန်း၊ သီရိ.. ၊ ဒေါ်ဥ.. စတဲ့ စတဲ့ သူတွေက.. သူ့ရဲ့ လက်အောက်ခံတွေ..။ လူတစ်ပိုင်း ပြိတ္တာ တစ်ပိုင်း.. ဟိုမရောက် ဒီမရောက်တွေ။ ဒီမိန်းမကမှ.. တကယ့် မုယောရဲ့ မကောင်းဆိုးဝါး အစစ်”
မင်းခန့်ထူး ခေါင်းကုတ်လိုက်တယ်။
“အေးဗျာ ခင်ဗျား ပြောသလိုပဲ ထားပါတော့။ မုယောက ထွက်လို့မရတော့ ဘာဖြစ်သလဲ။ အဲဒါ ပိုကောင်းတာပေါ့။ တခြားရွာတွေ မြို့တွေကို ဆက်ဒုက္ခပေးလို့ မရတော့ဘူးပေါ့”
သူဇာလွင်က ခေါင်းခါတယ်။ သူ့ရဲ့ ခါးကြားမှာ ထိုးထားတဲ့ သားရေဖုံး စာအုပ်လေးကို ဆွဲထုတ်တယ်။ စာရွက်တွေကို တဖျပ်ဖျပ် လှန်တယ်။
“မနေ့က.. တစ်ညလုံး .. ရှင့်ဘေးမှာ ထိုင်စောင့်နေရင်း ကျွန်မ အမေ့ရဲ့ စာအုပ်ကို ဖင်ပြန်ခေါင်းပြန် ဖတ်တယ်။ ရှာတယ်။ ဒီရွာနဲ့ ပတ်သက်တာ ဘာများရေးထားသလဲ သိချင်လို့”.. သူရှာနေတဲ့ စာမျက်နှာကို ရောက်တော့ သူဇာလွင်က စာအုပ်ကို မင်းခန့်ထူးဆီ ထိုးပေးတယ်။
မင်းခန့်ထူး .. စာအုပ်ကို ယူကြည့်လိုက်တယ်။ စာမျက်နှာပေါ်မှာ ခပ်သော့သော့ ရေးထားတဲ့ မမမေရဲ့ လက်ရေးတချို့။ လေးထောင့်ကြယ် ပုံစံ တစ်ခု..။
“လေးယောက်။ လေးယောက်ပြည့်အောင် စုနေတာ”.. သူဇာလွင်က ပြောတယ်။
“ဘာလေးယောက်လဲဗျ”
“ကိုသက်ဦး ပြောပြတဲ့ ဇာတ်လမ်းကို ရှင်သေချာ ပြန်စဉ်းစား။ နောက်ဆုံးမှာ.. ဒီမိန်းမနဲ့အတူ.. ဘယ်နှယောက် ပါသွားသလဲ.. အမေရယ်၊ သီရိဆိုတဲ့ ကောင်မလေးရယ်၊ စန္ဒာဆိုတဲ့ ကလေးမလေးရယ်”
မင်းခန့်ထူး မျက်မှောင်ကြုတ်တယ်။ သူ့ခေါင်းက ရီဝေဝေနဲ့ ပုံမှန် အလုပ်မလုပ်ချင်သေး။
“ဟုတ်ပြီ။ သူပါပါရင် လေးယောက်။ အဲဒီတော့.. ခင်ဗျား ပြောချင်တာက”
“အခု.. သူနဲ့.. သူ့လက်အောက်ရောက်နေတဲ့ သူ.. သုံးယောက်နဲ့..”.. သူဇာလွင် ပြောနေရင်း အံကို ကြိတ်တယ်။ တံတွေးတစ်ချက် မျိုချတယ်။ .. “သူတို့တွေ ဒီရွာမှာ ဘာဆက်လုပ်နေသလဲ.. ရွာသားတွေကို ဘာလို့ သိမ်းသွင်း စည်းရုံးနေသလဲ..။ ဒေါ်ဥတို့လို မိသားစုတွေ ဘယ်နှခုတောင် ရှိမလဲ။ နောက်ဆုံးမှာ.. သူ့ အကြံအစည် အောင်သွားတဲ့အခါ.. လေးယောက်စလုံး အဆင်သင့် ဖြစ်လာတဲ့အခါ.. သူတို့.. မုယောကနေ ထွက်ဖို့..။ ဒါပဲ။ သူ့အကြံအစည်က ဒါပဲ.. ကျွန်မ သေချာတယ်”
“ဟုတ်ပါ့မလားဗျာ.. ။ ဒီမိန်းမက.. ပြိတ္တာ.. ဒါမှမဟုတ် သရဲသဘက် သက်သက်ပါပဲ..။ ခင်ဗျား ပြောသလောက်ကြီး အကြံအစည်ကြီးနဲ့ ဖြစ်နိုင်ပါ့မလား”
“သူနဲ့ အနီးကပ် စကားပြောလိုက်ရတာ.. ကျွန်မ။ ရှင် မဟုတ်ဘူး။ ကျွန်မ ပြောတာကို ယုံပါ ကိုမင်းခန့်”.. သူဇာလွင်က ဒေါသသံ တစ်ဝက်နဲ့ ပြောတယ်။ မင်းခန့်ထူး လက်မြှောက်ပြလိုက်တော့ သူဇာလွင့် လေသံ ပျော့သွားတယ်။
“ကျွန်မ သေချာသွားတဲ့ နောက်တစ်ချက် ရှိသေးတယ်”.. သူဇာလွင်က ပြောတယ်။
လမ်းမရဲ့ ဟိုးဘက်ထိပ် ခပ်လှမ်းလှမ်းမှာ.. သူတို့ဆီကို လာနေတဲ့ ဆိုင်ကယ်တစ်စီး။ ဆိုင်ကယ်ပေါ်ကလူက သူဇာလွင့်ဘက်ကို လှမ်းကြည့်တယ်..။ ဆေးရုံဝင်းဘက်ကို ကွေ့လာတယ်။
“ဟုတ်လား။ ဘာအချက်လဲ။ အဲဒီ ဆိုင်ကယ်က ဘယ်သူလဲဗျ။ ခင်ဗျား အသိလား”
“အင်း။ ဆိုင်ကယ် တစ်စီး ခေါ်ထားတာ။ ရက်ပိုင်းနဲ့ ငှားလိုက်တာ”.. သူဇာလွင်က ပြောတယ်။
ဆိုင်ကယ်က မင်းခန့်ထူးတို့နားမှာ ထိုးရပ်တယ်။ ဆိုင်ကယ်ပေါ်ကလူ ဆင်းလာတယ်။ သူဇာလွင့်လက်ထဲကို ဆိုင်ကယ်သော့ ထည့်ပေးတယ်။
“တစ်ရက် ၂ သောင်းနော်”.. သူကပြောတယ်။
“ဟုတ်။ ဒီမှာ ၃ ရက်စာ”.. သူဇာလွင်က ပြန်ဖြေရင်း အိတ်ထဲက ပိုက်ဆံကို ထုတ်ပေးတယ်။ .. “ဒါက ကျွန်မ မှတ်ပုံတင်”
ဟိုလူက မှတ်ပုံတင်ကို လှမ်းယူတယ်။ ပိုက်ဆံကို ရေတယ်။ ခေါင်းညိတ်တယ်။ ဆိုင်ကယ်ဦးထုပ်ကို သူဇာလွင့် ဆီလှမ်းပေးပြီး လှည့်ထွက်သွားတယ်။
“ကျွန်တော် ဆိုင်ကယ် မစီးတတ်ဘူးနော်။ ခင်ဗျားက ဆိုင်ကယ် စီးတတ်လို့လား”.. မင်းခန့်ထူး အံ့ဩသလို မေးလိုက်တယ်။
“ကျွန်မ ပြောတာ နားထောင် ကိုမင်းခန့်”.. သူဇာလွင့် လေသံက တစ်မျိုးဖြစ်နေတယ်။
“မသူဇာ.. ခင်ဗျား ဘာတွေ မဟုတ်မဟတ် ကြံနေတာလဲ”.. မင်းခန့်ထူး ရင်ထဲ မသိုးမသန့် ဖြစ်လာတယ်။ သူဇာလွင့် အကြည့်က တစ်မျိုးပဲ။
“ဒုတိယအချက်.. ကျွန်မ သေချာသိသွားတဲ့ အချက်တစ်ချက်”.. သူဇာလွင်.. ရုတ်တရက် မင်းခန့်ထူးရဲ့ လက်တစ်ဖက်ကို လှမ်းဆွဲ၊ သူ့လက်ဖဝါး နှစ်ဖက်နဲ့ အုပ်ကိုင်တယ်။
“မသူဇာ”
“ကျွန်မဘေးမှာ ရှင်ရှိနေလို့ မဖြစ်ဘူး ကိုမင်းခန့်”.. သူဇာလွင်က ပြောတယ်။ .. “မနေ့ညကလို.. စိုးရိမ်မှုမျိုး ကျွန်မ ထပ်ပြီး မခံစားနိုင်ဘူး။ ရှင်.. ရှိနေရင်.. ကျွန်မ.. မုယောကို ထားခဲ့.. ရန်ကုန်ကို ပြန်မိတော့မယ်။ သာမန်ဘ၀ထဲကို ပြန်ဝင်.. သာမန် မိန်းကလေးတစ်ယောက်လို.. သာမန်.. ”
သူဇာလွင့် လက်ဖဝါး.. မင်းခန့်ထူး ပါးပေါ်ကို ရောက်လာတယ်။
“ရှင် ရန်ကုန်ကို ပြန်တော့”.. သူဇာလွင် လှည့်ထွက်သွားတယ်။
မင်းခန့်ထူး ကြောင်အမ်းအမ်းနဲ့ ခဏ.. ရပ်နေမိတယ်။
သူဇာလွင်က ဆိုင်ကယ်ပေါ် ရောက်နှင့်နေပြီ။ ဆိုင်ကယ်ဦးထုပ်ကို ဆောင်း.. မေးသိုင်းကြိုးကို တပ်နှင့်နေပြီ..။
“ဟာ.. မသူဇာ။ အဲဒီလို မလုပ်နဲ့”.. မင်းခန့်ထူး ပြေးလိုက်သွားတယ်။
ဆိုင်ကယ်ရဲ့ လက်ကိုင်ကို သူ.. လှမ်းချုပ်တယ်။ သူဇာလွင်က မင်းခန့်ထူးရဲ့ လက်ကို လှမ်းယူ၊ ဖယ်ထုတ်လိုက်တယ်။
“မုယောဟာ ကျွန်မရဲ့ ပြဿနာ ဖြစ်သွားပြီ။ ကျွန်မနဲ့ပဲ ဆိုင်တယ်။ ရှင်.. ရှင့်တာဝန်က ကျေပြီ။ ကျွန်မကို တောင်းပန်ရအောင် မလုပ်ပါနဲ့ ကိုမင်းခန့်”
“ဒါပေမယ့်.. မမမေ”
“အမေ.. အမေ ဘာဖြစ်သလဲ။ ပြောလေ။ ရှင်က.. ဘာလုပ်ပေးနိုင်လို့လဲ။ ကျွန်မ ကိုယ်တိုင်တောင် ဒူးထောက် အညံ့ခံလိုက်ရတဲ့ မကောင်းဆိုးဝါးကို ရှင်က ဘာအစွမ်းအစနဲ့ .. ဘယ်လို ကူညီမလို့လဲ”.. သူဇာလွင့် လေသံက မာထန်နေတယ်။ ဒါပေမယ့် မျက်လုံးထဲမှာ ဝေ့ဝဲနေတဲ့ မျက်ရည်တွေကို မင်းခန့်ထူး လှမ်းမြင်နေရတယ်။.. “ရှင် ဘေးမှာ အဲဒီလို ကူကယ်ရာမဲ့ မျက်လုံး ကလယ်ကလယ်နဲ့ လိုက်ကြည့်နေရင် ကျွန်မ အမေ့ကို ဘယ်လို ကယ်ရမလဲ။ ရှင့်အတွက် စိတ်ပူနေရရင်.. ကျွန်မ..”
ဆိုင်ကယ် စက်သံ.. ၀ူးခနဲ ထွက်လာတယ်။
“ကျွန်မ သွားမယ်..”
အရှိန်နဲ့ လှည့်ထွက်သွားတဲ့ ဆိုင်ကယ်..၊ ဝေ့ဝဲ ကျန်ခဲ့တဲ့ ဖုန်မှုန့်တွေကြားမှာ မင်းခန့်ထူး ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့တယ်။
+++
(ဆက်ရန်)