မုယော
++++
အဖွင့်
(၁)
နေဝင်တော့မယ်။
တောလမ်းရဲ့ ဘေးတစ်ဘက်တစ်ချက်စီမှာ အစီအစဉ်မကျ ပြွတ်သိပ်နေတဲ့ သစ်ပင်တွေ..
အဲဒီသစ်ပင်တွေရဲ့ နောက်မှာ တဖြည်းဖြည်း လိမ့်ဆင်းလာတဲ့ နေလုံးနီနီရဲရဲ။
တစိမ့်စိမ့် လျော့သွားတဲ့ အလင်းရောင်နဲ့အတူ အအေးဓာတ်က မသိမသာ တိုးလာသလို တောအုပ်ရဲ့ အသက်ရှူသံလည်း ပြောင်းလာတယ်။ ငှက်သံ ကျေးသံတွေရဲ့ နေရာမှာ ညဉ့်သတ္တဝါတွေရဲ့ စူးစူးရှရှ အသံတွေ နေရာယူလာတယ်။
အောင်မော် ခြေလှမ်းတွေကို သွက်လိုက်တယ်။
ပခုံးမှာ လွယ်ထားတဲ့ ခရီးဆောင်အိတ်ကို နေသားကျအောင် ပြန်တင်တယ်။ နောက်ကို လှည့်မကြည့်မိအောင် စိတ်ကို တင်းထားတယ်။
နောက်မှာ တစ်ယောက်ယောက်ပါလာခဲ့ရင်.. သူထွက်လာတာကို တစ်ယောက်ယောက် မြင်သွားခဲ့ရင်..။
အတွေးတွေကို ခါထုတ်လိုက်တယ်။ ဘယ်သူမှ ပါမလာဘူး၊ ဘယ်သူမှ မတွေ့ဘူး..။ ဘာတွေ ကြောက်နေတာလဲ..။
ရွာနဲ့ဝေးလာတာနဲ့ အမျှ တောလမ်းကလည်း ကျဉ်းသထက်ကျဉ်း၊ ရိုင်းသထက် ရိုင်းလာတယ်။ လမ်းပေါ်က အမှိုက်သရိုက်တွေက ပိုပြီး သဘာ၀ ဆန်လာတယ်။ လူပစ်ထားတဲ့ ကျွတ်ကျွတ်အိတ်တွေ၊ ပလက်စတစ်ဘူးခွံတွေ သိပ်မတွေ့ရတော့ဘူး..။ စိုပြဲနေတဲ့ သစ်ရွက်ပုံတွေ၊ ပြုတ်ကျထားတဲ့ သစ်ကိုင်းရှည်တွေ..။ မလှမ်းမကမ်းမှာ လှစ်ခနဲ ဝှစ်ခနဲ ဖြတ်ဖြတ်ပြေးသွားတဲ့ ရှဉ့်လိုလို ယုန်လိုလို သတ္တဝါတွေ..။
နေရောင်လက်ကျန်က သစ်ပင်အုပ်တွေကို မတိုးနိုင်တော့ဘူး။ အရိပ်တွေ ပိုရှည်လာတယ်.. မြင်ကွင်းက အပြာပုပ်ရောင်ဘက်ကို သမ်းလာတယ်။ လကွယ်ညဖြစ်တဲ့ အတွက်.. ပတ်ဝန်းကျင်ကို ထပ်ဖြည့်ပေးစရာ အလင်းရောင် လုံး၀မရှိ။
အောင်မော့် ခေါင်းထဲမှာ အတွေးတွေ မှုန်ရီမှိုင်းနေတယ်။ ..သော်တာတော့ ကြောက်နေပြီလား မသိဘူး.. ငါ ဒီထက် နည်းနည်း စောထွက်လာခဲ့ရမှာ.. ဒါပေမယ့် အရမ်းစောစောထွက်လာလို့မှ မရဘဲ.. ဒါပေမယ့်..
ခြေထောက်အောက်မှာ တဂျွတ်ဂျွတ် ကျိုးကြေနေတဲ့ သစ်ကိုင်း သစ်ရွက်တွေရဲ့ အသံက အောင်မော့် အတွေးစတွေကို ကစဉ်ကလျားဖြစ်အောင် နှောင့်ယှက်နေတယ်။ သူ့ရဲ့ တဒိတ်ဒိတ် ခုန်နေတဲ့ နှလုံးကို အမောဖောက်အောင် ခြိမ်းခြောက်နေတယ်။
ရုတ်တရက် မြည်လာတဲ့ ဖုန်းသံကြောင့် အောင်မော် ခြေလှမ်း ပျက်သွားပြီး ချော်လဲတော့မလို ဖြစ်သွားတယ်။
ဖုန်းကို အမြန် ကိုင်လိုက်တယ်။
“သော်တာလား.. ရောက်နေပြီလား”.. အောင်မော် မေးလိုက်တယ်။
ဟိုဘက်က ပြန်ထူးသံ မကြားရဘူး။ ဖုန်းစပီကာထဲက တဂျစ်ဂျစ် အသံတွေပဲ ထွက်နေတယ်။
“ဟဲလို.. သော်တာ.. ဟဲလို.. ကြားရလား.. ရောက်နေပြီလား.. ကျွန်တော် လာနေပြီ”..
တီဆိုတဲ့ အသံပြတ်နဲ့ ဖုန်းလိုင်းက ပြတ်ကျသွားတယ်။
“အာ.. ”
သော်တာ့နံပါတ်ကို ချက်ခြင်း ပြန်ခေါ်တယ်။ ဟိုဘက်က မကိုင်ဘူး။ တူ… တူ.. ဆိုတဲ့ ဖုန်းခေါ်သံကို နားထောင်ရင်း အောင်မော့် နားထင်မှာ ချွေးတွေ သီးစပြုလာတယ်။ အေးစိမ့်နေတဲ့ ရာသီဥတုကြားမှာ ချွေးပြန်ချင်လာပြီ။
ဖုန်းကို ဘောင်းဘီအိတ်ထဲ ထိုးထည့်ပြီးတာနဲ့ အောင်မော် ခြေလှမ်းကို မပြေးရုံတစ်မည်အရှိပ် ထပ်မြှင့်လိုက်တယ်။
(၂)
တကယ်က ဒါ.. အောင်မော့် အကြံအစည် မဟုတ်ဘူး။
ဒါပေမယ့် ကိုယ့်ချစ်သူက ကိုယ့်ကို အားကိုးတကြီးနဲ့ အကူအညီတောင်းတဲ့အခါ.. ဘယ်ယောကျ်ားက ငြင်းရက်မလဲ။
မြတ်သော်တာထွန်း.. ဆိုတဲ့ မိန်းကလေးဟာ အောင်မော့် ဘ၀ရဲ့ တစ်ခုတည်းသော ပိုင်ဆိုင်မှု၊ နောက်တစ်ကြိမ် ထပ်မရနိုင်တော့တဲ့ ဆုလာဘ်တစ်ခု လို့ ပြောရင် လွန်မယ်မထင်ဘူး။
ဟုတ်တယ်လေ.. အောင်မော့်လို ရုပ်ရည်မရှိ၊ ဥစ္စာမရှိ၊ ပညာလည်း နည်းတဲ့ လူတစ်ယောက်ကို သော်တာ့လို မိန်းကလေးမျိုးက ချစ်သူအဖြစ် ရွေးခဲ့တယ်ဆိုတာ.. ဘယ်သူက ယုံနိုင်မလဲ။ တခြားလူတွေ မပြောနဲ့ အောင်မော် ကိုယ်တိုင်တောင် မယုံနိုင်ဘူး။
မုယောရွာရဲ့ ရွာမျက်နှာဖုံးလို့ ပြောရမယ့် ဦးမျိုးလွင်ထွန်း၊ ဒေါ်မိုးမိုးခိုင်တို့ရဲ့ အကြီးဆုံး သမီးဖြစ်တဲ့ မြတ်သော်တာထွန်း။ ဦးမျိုးလွင်ထွန်းက အုတ်ဖုတ်တဲ့ စက်ရုံ ထောင်ထားတယ်။ ရွာက လူငယ်တော်တော်များများ သူ့အုတ်စက်မှာ အလုပ်လုပ်ကြတယ်။
သော်တာ့ရဲ့အောက်မှာ အမြွှာမောင်နှမ နှစ်ယောက် ရှိတယ်။ သူတို့ကတော့ ငယ်ပါသေးတယ်။ ဒါပေမယ့် အပြောအဆို အနေအထိုင်က အရွယ်နဲ့မလိုက်အောင် တော်တော်လေး သိမ်မွေ့ကြတာ။
သော်တာက ပညာတတ်။ မြို့မှာ ကျောင်းသွားတက်၊ ဘွဲ့ယူပြီး ပြန်လာတဲ့သူ။ နိုင်ငံခြားတောင် သွားဖူးတယ်ဆိုလား..မသိ.. ရွာကလူတွေက ပြောကြတယ်။
အဲဒီအုတ်စက်မှာ အောင်မော် အလုပ်ရသွားတော့ အောင်မော့်အစ်မက သေချာ သတိပေးလိုက်တယ်။ နင်အဲဒီကောင်မလေးကို စေ့စေ့တောင် မကြည့်နဲ့၊ ပြဿနာ တက်မယ်နော်.. သူ့အဖေက ဒေါသအိုးကြီး..တဲ့။
အောင်မော်က သူ့အစ်မ စကားကို မြေဝယ်မကျ နားထောင်တတ်တဲ့သူ။ မိဘတွေ မရှိတော့ကတည်းက အစ်မဖြစ်သူရဲ့ ဆုံးမမှုအောက်မှာ ကြီးပြင်းလာတာကိုး။ အောင်မော်တို့ မောင်နှမ နှစ်ယောက်က ငွေရယ် ကြေးရယ်လို့ မည်မည်ရမရ မရှိသော်လည်း.. အလုပ်ကိုတော့ သေချာ ကြိုးစားလုပ်တဲ့ သူတွေ။
အောင်မော့်အစ်မက အိမ်ရှေ့မှာ ဆီဆိုင်လေး ဖွင့်ထားတယ်။ ကြီးကြီးမားမားမဟုတ်ပါဘူး။ ဓာတ်ဆီကို ပုံးနဲ့ဝယ်၊ ပုလင်းနဲ့ထည့်ပြီး ပြန်ရောင်းရုံလောက်ပဲ။ အမြတ်အစွန်း သိပ်မရ။ သူ့အစ်မ တစ်ယောက်စာ စားဖို့ လုံလောက်ရုံပဲ။ အောင်မော်ကတော့ ရွာနားနီးစပ် ရရာအလုပ် ဝင်လုပ်ပေါ့လေ။
ဦးမျိုးအုတ်စက်မှာ အလုပ်ဆင်းရတဲ့ ပထမနေ့ကတည်းက အောင်မော့် မျက်လုံးတွေက မြတ်သော်တာထွန်းဆီကို အလိုလို ရောက်သွားတယ်။ မရောက်ပဲ နေနိုင်ရောလား.. သော်တာက သူ့အဖေရဲ့ အလုပ်မှာ စာရင်းကိုင်လိုလို မန်နေဂျာ လိုလို ဝင်လုပ်နေတော့ အုတ်စက်တစ်ခွင် လျှောက်သွားနေတာကိုး။
စေ့စေ့တောင် မကြည့်နဲ့.. ဆိုပြီး မှာလိုက်တဲ့ သူ့အစ်မရဲ့ စကားကို ပထမနေ့မှာတင် အောင်မော် မေ့သွားတယ်။ သူ့မျက်လုံးတွေက သော်တာ့ဆီကနေ ခွာမရဘူး။
အုတ်စက်မှာ အလုပ်ဝင်ပြီး လေးငါးရက်လောက်အတွင်းမှာတင် အော်မော့် ရောဂါက ရင့်နေပြီ။
မြတ်သော်တာထွန်း ဘယ်နေ့မှာ ဘာဝတ်သလဲ၊ ဘယ်အင်္ကျီလေး ဝတ်ရင်တော့ ဘာထမီနဲ့ တွဲဝတ်တတ်သလဲ၊ လမ်းလျှောက်တဲ့အခါ လက်ကို ဘယ်လို လွှဲသလဲ၊ စာအုပ်ကို ရင်ဘတ်မှာ ဘယ်လို ပိုက်ထားတတ်သလဲ.. စတဲ့စတဲ့.. အသေးစိတ်တွေကို အလွတ်ရနေပြီ။
သော်တာ့ကို ဒီလို ငမ်းကြတဲ့ လူတွေက အုတ်စက်ထဲမှာ ရိုက်သတ်လို့ မကုန်နိုင်ဘူး။ ဒါပေမယ့် ဘယ်သူမှ သူ့အနားမကပ်ရဲဘူး။ သော်တာက မာနကြီးလို့လား၊ မျက်နှာထန်လို့လား ဆိုတော့.. မဟုတ်ဘူး။ သော်တာက အလကားနေရင်း မျက်နှာချို၊ ပြုံးပျော်နေတဲ့ ကောင်မလေး။ သူဌေးသမီးလို့တောင် မထင်ရအောင် အသံတလွင်လွင်နဲ့ အမြဲသဘောကောင်းနေတတ်တာ။ အဓိက ပြဿနာက သူ့အဖေ။
သော်တာ့ အဖေ ဦးမျိုးလွင်ထွန်းက လက်ရဲဇက်ရဲ၊ ဒေါသကြီးတယ်လို့ နာမည်ကြီးတယ်။
တွေ့တဲ့ အုတ်ခဲနဲ့ ကောက်ပစ်လို့ ခေါင်းကွဲသွားတဲ့သူ ရှိဖူးသလို၊ မပြောမဆိုနဲ့ နားရင်းအုပ်ထည့်လိုက်လို့ နားစည်ပေါက်သွားတဲ့ သူလည်း ရှိဖူးတယ်။
အပိုဆောင်းပြောကြတဲ့ ကောလာဟလတွေလည်း မနည်းဘူး။ ဦးမျိုး လက်ချက်ကြောင့် အသက်ထွက်သွားတဲ့ သူတောင် ရှိဖူးတယ်တဲ့..။ ပိုက်ဆံပေးပြီး အမှုကို ဖျောက်ပစ်လိုက်လို့ လူမသိကြတာတဲ့..။ ဒါပေမယ့် အဲဒီလောက်ကြီးတော့ မဖြစ်နိုင်ပါဘူး..။ မင်းမဲ့တိုင်းပြည်မှ မဟုတ်တာ..လို့ အောင်မော်ကတော့ တွေးတယ်။
ဘယ်လိုပဲ ပြောပြော အောင်မော့်လိုကောင်က သူ့သမီးကို ကွက်ကြည့်ကွက်ကြည့် လုပ်နေတယ်ဆိုတဲ့ သတင်းကြားသွားရင် ဦးမျိုးက ဘာမှ မလုပ်ရင်တောင် အလုပ်ထုတ်ပစ်မှာ သေချာတယ်။ အုတ်စက်မှာ လုပ်ရတဲ့ အလုပ်က အောင်မော့်အတွက် သက်သာတယ်လို့ ပြောရမယ်။ ဟိုဘက်မြို့အထိ သွားပြီး ကုန်ထမ်းနေရတာထက်တော့ အများကြီး တော်သေးတယ်လေ။ လခလည်း မဆိုးဘူး။
ဒီတော့ အောင်မော့်လို သတ္တိနည်းတဲ့သူအဖို့ မြတ်သော်တာထွန်းကို ခပ်ဝေးဝေးကနေ လှမ်းငေးနေရုံ၊ ကိုယ့်ဝေဒနာကိုယ် ကြိတ်ကုနေရုံမှတစ်ပါး တခြားလုပ်စရာ မရှိ။
ဒါပေမယ့်..
အောင်မော့်အတွက် ဘယ်လိုမှ ထင်မထားတဲ့ နေ့တစ်နေ့.. ရောက်လာတယ်။
(၃)
အဲဒီနေ့က တနင်္ဂနွေနေ့။
အုတ်စက်မှာ လူရှင်းတယ်။ ငွေရှင်းတဲ့သူ တချို့နဲ့ အချိန်ပို လာဆင်းတဲ့ အလုပ်သမား တစ်ယောက်တစ်လေကလွဲရင် တိတ်ဆိတ်နေတယ်။
အလုပ်သိမ်းချိန်ရောက်တော့ အောင်မော်.. ထုံးစံအတိုင်း အချိန်ဇယားကတ်မှာ လက်မှတ်ထိုးဖို့ စာရေးစားပွဲဆီကို သွားတယ်။
ကတ်ထဲက သူ့နာမည်ကိုရှာ၊ ဘေးမှာ အချိန်နဲ့ လက်မှတ်ကို ငုံ့ပြီး ရေးနေတုန်း သူ့နာမည်ကို ခေါ်လိုက်တဲ့ အသံကြောင့် အောင်မော် ခေါင်းကို ဆတ်ခနဲ ထောင်ကြည့်လိုက်တယ်။
သူ့ဘေးမှာ မတ်တပ်ရပ်နေတဲ့ သော်တာ။
အောင်မော့် ရင်ဘတ်ထဲက ဟတ်ခနဲ..အသံတောင် ထွက်သွားတယ်။ လက်ထဲက ဘောပင် စားပွဲပေါ်ကို လွတ်ကျသွားတယ်။ လူက အသင့်အနေအထား ဖြစ်သွားတယ်။ ကိုယ်ကို မတ်လိုက်ပြီး လက်နှစ်ဘက်ကို အလိုလို နောက်ပစ်လိုက်မိတယ်။
“ဗျာ”
“အဲဒါက ဘာဖြစ်တာတုန်း။ စစ်တပ်ထဲရောက်နေတာမှ မဟုတ်တာ.. လက်ကြီးကို နောက်ပစ်ပြီး ဘာလုပ်တာလဲ”.. သော်တာက ပါးစပ်ကို လက်နဲ့ အသာကာရင်း ရယ်ချင်စိတ်ကို ထိန်းထားရတဲ့ လေသံနဲ့ ပြောတယ်။
“ဗျာ”
ဗျာ..ဆိုတဲ့ စကားကို နှစ်ခါတိတိပြောပြီး ချိန်အထိ အောင်မော့် ဦးနှောက်က ပုံမှန် ပြန်အလုပ်မလုပ်သေးဘူး။ ရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းကို မယုံနိုင်သလို မျက်လုံး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဆန်းစစ်နေမိတယ်။
သော်တာနဲ့ ဒီလောက် အနီးကပ်ကပ် တစ်ခါမှ မဆုံဖူးတဲ့အတွက်.. အသစ်ရလာတဲ့ အချက်အလက်တွေကို အောင်မော့်ခေါင်းထဲ အလိုလို ထပ်ထည့်နေမိတယ်။ သော်တာ့ပါးမှာ ခပ်ပါးပါး လိမ်းထားတဲ့ သနပ်ခါးဖျော့ဖျော့။ နှုတ်ခမ်းနီ ဆိုးမထားတဲ့ အပေါ်အောက် နှုတ်ခမ်းအိအိတွေ။ နှဖူးပေါ်ကို ဝဲကျနေတဲ့ ဆံပင် သုံးလေးမျှင်..။ အောင်မော့်ကို စိုက်ကြည့်နေတဲ့ မျက်လုံး ညိုညိုလက်လက်တွေ..။ မျက်လုံးတွေထဲမှာ လည်နေတဲ့ အလင်းရောင် သဲ့သဲ့..။
မြတ်သော်တာထွန်းက အောင်မော် လက်မှတ်ထိုးထားတဲ့ ကတ်ပြားကို ယူကြည့်တယ်။
“ကိုအောင်မော်.. ဟုတ်တယ် မဟုတ်လား။ နာမည်က”
“ဟုတ်”
အခုထိ စကားလုံးတစ်လုံးထက် ပိုပြီး ပြန်မပြောနိုင်သေးတဲ့ အတွက် အောင်မော် သူ့ကိုယ်သူ စိတ်တိုသွားတယ်။ ဘာဖြစ်နေတာလဲ.. မိန်းမ မမြင်ဖူးဘူးလား။ ဒီလောက်ဖြစ်စရာလား..။
“ဟုတ်။ ကျွန်တော့်နာမည် အောင်မော်ပါ”.. အောင်မော် အသက်ကို ပြင်းပြင်းရှူရင်း ပြန်ဖြေလိုက်တယ်။ တဆတ်ဆတ်တုန်နေတဲ့ ရင်ဘတ်ကို လှမ်းမဖိမိအောင် မနည်းထိန်းထားရတယ်။
သော်တာက ကတ်ပြားကို လက်ထဲမှာ ဆက်ကိုင်ထားနေရင်း အောင်မော့်ကို လှမ်းကြည့်တယ်။
“ကိုအောင်မော်.. သော်တာ တစ်ခု အကူအညီတောင်းချင်လို့”
အောင်မော် ခေါင်းကို မသိမသာ ငုံ့လိုက်တယ်။ ဆက်တိုက်ကြီး စိုက်ကြည့်မိနေတာကို အားနာမိသွားတာလည်း ပါတယ်။ ဪ.. သူက အလုပ်ရှင်ရဲ့ သမီးပဲ..ဆိုတဲ့ အသိ ပြန်ဝင်လာတာကြောင့်လည်း ပါတယ်။
“ဟုတ် အစ်မ ဘာခိုင်းစရာ ရှိလို့လဲ”..အောင်မော် ပြောလိုက်တယ်။
“အာ.. ဘာခိုင်းရမှာလဲ။ ခိုင်းချင်လို့မှ မဟုတ်တာ။ အကူအညီတောင်းစရာ ရှိလို့ပါဆို”..သော်တာက အောင်မော့်လက်မောင်းကို ဖတ်ခနဲ လှမ်းပုတ်ရင်း ပြောတယ်။
လွတ်ထွက်သွားတဲ့ လိပ်ပြာကို အမြန်လှမ်းဖမ်းရင်း အောင်မော် သူ့လက်မောင်းသူ မယုံနိုင်သလို ပြန်ကြည့်တယ်။ ပြီးမှ သော်တာ့ဘက်ကို လှည့်ပြီး..
“ဗျာ”
“တဗျာဗျာနဲ့ ဘာဖြစ်နေတာလဲ။ ကိုအောင်မော် ဆိုင်ကယ် စီးတတ်တယ်မဟုတ်လား”.. သော်တာက ပြောရင်း ရှေ့ကို မသိမသာ တိုးလာတယ်။
“ဟုတ်။ စီးတတ်တယ်။ ကျွန်တော် ဒီကို ဆိုင်ကယ်နဲ့ လာတာ”.. အောင်မော် ပြန်ဖြေရင်း တံတွေးကို မသိမသာ မျိုချတယ်။ နောက်ကို တစ်လှမ်း ဆုတ်လိုက်ရင် ကောင်းမလား.. ဒီအတိုင်း ဆက်ရပ်နေရမလား.. ဘေးဘီဝဲယာကို အကဲခတ်ရမလား.. သူ့အဖေ ရောက်နေရင်.. ငါ့ဆီကို ပစ်လိုက်တဲ့ အုတ်ခဲကို လှမ်းရှောင်ရမလား.. အတွေးတွေ ခေါင်းထဲကို ဆောင့်ဝင်လာတယ်။ ဘာလုပ်ရမှန်း မသိခင်မှာ သော်တာက ဆက်ပြောတယ်။
“သော်တာ ဆိုင်ကယ် အသစ်ဝယ်လာတာ။ အဲဒါ.. စက်နှိုးလို့ မရလို့။ လာကြည့်ပေးပါဦး”
ဘာကြောင့်မှန်းမသိ.. အောင်မော် သက်ပြင်းချမိသွားတယ်။ ဆိုင်ကယ် စက်နှိုးခိုင်းမလို့ပဲ.. ဘာမှ မဟုတ်ပါဘူး.. ဆိုတဲ့ အတွေးကြောင့် စိတ်သက်သာရာ ရသွားတာလား..။ မင်းက ဘာတွေ ထင်ထားလို့လဲ..။
“ဪ.. ဟုတ်ကဲ့။ ကြည့်ပေးမယ်လေ။ ဆိုင်ကယ်က ဘယ်နားမှာလဲ”
“တံခါး၀နားမှာ ရပ်ထားတာ.. လာလေ.. လိုက်ခဲ့”
သော်တာက ပြောရင်းနဲ့ လှည့်ထွက်ပြီး ဝင်းရှေ့ဘက်ကို လျှောက်သွားတယ်။ ဒူးခေါင်းနားလောက်ထိ ရှည်တဲ့ သော်တာ့ ဂါဝန်က လေထဲမှာ ဝဲခနဲ ဖြစ်သွားတယ်။ အောင်မော် မျက်လုံးကို အမြန် လွှဲပြီး သော်တာ့နောက်ကနေ လိုက်သွားလိုက်တယ်။
(၄)
အောင်မော်က ဆိုင်ကယ် ပြင်တဲ့သူ မဟုတ်ဘူး။ စီးပဲ စီးတတ်တာ။
ဒါပေမယ့် သော်တာ့ ဆိုင်ကယ်က အသစ်ကြီး။ စက်နှိုးလိုက်တော့လည်း တစ်ချက်တည်းနဲ့ နိုးသွားတာပဲ။
ဆိုင်ကယ် စက်နှိုးလို့ ရသွားတော့ သော်တာက ဝမ်းသာသွားသလို လက်ခုပ်တောင် တီးလိုက်သေးတယ်။ ကြောင်တောင်တောင်နဲ့ ဆိုင်ကယ်ပေါ်မှာ ဆက်ထိုင်နေမိတဲ့ အောင်မော့်ရဲ့ ပခုံးကို သော်တာက လှမ်းကိုင်တယ်။ ကျေးဇူးနော်.. ဆိုတဲ့ စကားကို အလှပဆုံး လေသံနုနုနဲ့ ပြောတယ်။
အိမ်အပြန်လမ်းမှာ အောင်မော့် ခြေထောက်တွေ မြေကြီးနဲ့ မထိ။
(၅)
အဲဒီနေ့ကတည်းက စပြီး သော်တာနဲ့ အောင်မော်ရဲ့ ကြားမှာ ရင်းနှီးမှုတွေ တရိပ်ရိပ် တိုးလာတယ်။
ပတ်ဝန်းကျင်ရဲ့ ကွက်ကြည့်ကွက်ကြည့် မျက်လုံးတွေကြားမှာ သော်တာ့ကို ခိုးပြီး ပြုံးပြရတာ၊ လက်ပြရတာ. အောင်မော့်အတွက် အရသာ အသစ်တစ်ခု ဖြစ်လာတယ်။ အလုပ်ခွင်ထဲမှာ သွားလာနေရင်း ဘေးချင်းကပ် ဖြတ်လျှောက်ရတဲ့အခါ သော်တာက အောင်မော့် လက်မောင်းကို မသိမသာ ဆွဲဆိတ်သွားတတ်တယ်။
အောင်မော့် ရင်ဘတ်ထဲက ဝေဒနာက အဆိပ်ပြင်းသထက် ပြင်းလာတယ်။
(၆)
သော်တာနဲ့ ပထမဆုံး စကားစပြောဖူးပြီး ၁၄ ရက်အကြာမှာ.. အောင်မော့်လက်ထဲကို သော်တာက စာရွက်တစ်ရွက် ထည့်ပေးသွားတယ်။
အလုပ်သမားတွေ ပျားပန်းခတ် သွားလာနေတဲ့ ကြားထဲကနေ မရမက လာပေးသွားတဲ့ စာရွက်လေး။
စာရွက်ထဲမှာ ရေးထားတာက သော်တာ့ရဲ့ ဖုန်းနံပါတ်။
(၇)
ညတိုင်းလိုလို အောင်မော် သော်တာနဲ့ မက်ဆေ့ချ်တွေ ပို့ဖြစ်တယ်။
သူ့ဘ၀ရဲ့ ဇာတ်ကြောင်းတွေကို အောင်မော် အိတ်သွန်ဖာမှောက် ပြောပြဖြစ်တယ်။ အစ်မနဲ့ နှစ်ယောက်တည်း နေတဲ့ အကြောင်း။ ရည်းစားဆိုလို့ တစ်သက်မှာ တစ်ယောက်တောင် မထားဖူးတဲ့ အကြောင်း။
အောင်မော် ပြောသမျှတွေကို သော်တာက အရေးတယူနဲ့ ဖတ်ပြီး စာပြန်တယ်။ သော်တာကိုယ်တိုင်လည်း ချစ်သူဆိုတာ မရှိဖူးပါဘူး၊ သူ့အဖေက ဘယ်လိုတင်းကြပ်တဲ့အတွက် သူ့မှာ အိမ်ထဲက အိမ်ပြင်တောင် မထွက်ဖြစ်တဲ့ အကြောင်းတွေ..
သူ့အစ်မ မသိအောင် ဖုန်းကို အသံတိတ်သုံး၊ ညဘက်တွေ မအိပ်ဖြစ်တဲ့အတွက် မနက်ဆို မျက်လုံးဟောက်ပက်နဲ့ အလုပ်ကိုသွား..၊ အလုပ်ခွင်ရောက်တော့လည်း သော်တာနဲ့ မျက်လုံးခြင်း ဆုံတိုင်း နှစ်ယောာက်တည်း သိတဲ့ အမူအရာတွေ၊ သင်္ကေတတွေနဲ့ အချက်ပြ..
ဘယ်ကို သွားနေမှန်းမသိတဲ့ လမ်းကွေ့လမ်းကောက်ပေါ်မှာ အောင်မော်တစ်ယောက် အိပ်မွေ့ချခံရသလို အပျော်ပိုးတွေ ဝင်နေလိုက်တာ..
သော်တာက သူ့ချစ်သူလား.. သူ့သူငယ်ချင်းလား.. အောင်မော် မသိဘူး။
ဘာကြောင့်များ သော်တာက သူ့ကို စိတ်ဝင်တစားနဲ့ ဒီလို ဆက်ဆံနေသလဲ အောင်မော် စိတ်မဝင်စားဘူး..။
ဆိုင်ကယ် အသစ်စက်စက်ကြီးကို စက်နှိုးလို့ မရဘူးလို့ ဘာလို့ အကြောင်းပြခဲ့သလဲ အောင်မော် မတွေးဘူး။
(၈)
သော်တာ့ကို ချစ်ပါတယ်လို့ ဖွင့်ပြောလိုက်တော့ သော်တာ့ဘက်က ၁၀ စက္ကန့်လောက် တိတ်ဆိတ်သွားတယ်။ ပြီးမှ မက်ဆေ့ချ် ပြန်ပို့တယ်။ မက်ဆေ့ချ်ထဲမှာ ဘာမှ ထူးထူးခြားခြား မပါ။ အသည်းပုံလေး တစ်ပုံတည်း။
သော်တာနဲ့ စကားစပြောဖြစ်ပြီး ၂၅ ရက်တိတိအကြာမှာ သော်တာနဲ့ အောင်မော် ချစ်သူတွေ ဖြစ်သွားကြတယ်။
(၉)
သူတို့ရဲ့ အချစ်ဇာတ်လမ်းက ရုပ်ရှင်ထဲကလိုပဲ လှပ ပါတယ်။ ရင်ခုန်စရာလည်း ကောင်းတယ်။
လူမသိသူမသိ ချစ်ကြိုက်ကြရတဲ့ စုံတွဲဖြစ်တဲ့အတွက်.. စိတ်လှုပ်ရှားစရာတွေကလည်း အပြည့်။ အခုထိ သော်တာ့ လက်ကလေးကို အောင်မော် မကိုင်ရသေးဘူး။ ပခုံးလေးကို မဖက်ရသေးဘူး။ ဒါပေမယ့် အလုပ်ထဲမှာ တွေ့နေရတဲ့ သော်တာ့ မျက်နှာက ပိုပြီး နွေးထွေးလာတယ်။ သော်တာ့ အကြည့်တွေထဲမှာ ချစ်ခြင်းရဲ့ အရိပ်အမြွက်တွေ မသိမသာ မြင်လာရတယ်။
ရုပ်ရှင်ထဲက အချစ်ဇာတ်လမ်းတွေလိုပဲ အောင်မော်တို့ရဲ့ ဇာတ်လမ်းမှာ အခက်အခဲတွေလည်း တွေ့လာရတယ်။
(၁၀)
၂၈ ရက်မြောက်နေ့မှာ သော်တာ့ဆီက မက်ဆေ့ချ် ဝင်လာတယ်။
“အဖေသိသွားပြီ”..တဲ့။ စာတစ်ကြောင်းတည်း။
အောင်မော် အိပ်ရာပေါ်ကနေ ငေါက်ခနဲ ထထိုင်တယ်။ အိမ်အပြင်ကို ပြေးထွက်တယ်။ အိမ်ရှေ့ လမ်းမပေါ်မှာ ဟိုပြန်ဒီပြန် လျှောက်နေရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ..ဖြစ်နေတယ်။ သူ့အစ်မရဲ့ ဆီဆိုင်က ဆီပုလင်းအခွံတွေကို ကိုင်ကြည့်လိုက်၊ ပြန်ထားလိုက်၊ ပြန်စီလိုက်၊ ပြန်ယူလိုက်နဲ့ ပျာယာခတ်နေတယ်။
အဲဒီအချိန်မှာ သော်တာ့ဆီက ဖုန်းဝင်လာတယ်။
ပထမဆုံး ဖုန်းဆက်တာပဲ။
အရင်တုန်းက မက်ဆေ့ချ်ပဲ ပို့တာ။
“ကိုအောင်မော်.. သော်တာ့ကို ကယ်ပါဦး”..တဲ့။ ဖုန်းထဲက ထွက်လာတဲ့ သော်တာ့ရဲ့ အသံကြောင့် အောင်မော် အံကြိတ် လက်သီးဆုပ်ပြီးသား ဖြစ်သွားတယ်။ ဘာကို ဒေါသထွက်လို့ ထွက်ရမှန်းမသိ.. စိတ်တွေ တိုလာတယ်။
သော်တာက ပြောတယ်။ သူ့အဖေက သူ့ဖုန်းကို ယူကြည့်တယ်။ မက်ဆေ့ချ်တွေကို ယူဖတ်တယ်။ သူ့ကို ပါးတွေနားတွေ ပိတ်ရိုက်ထားတယ်။ အခန်းတံခါးကို ပိတ်ထားတယ်..တဲ့။
အောင်မော်က ပြောတယ်။ သူအခုချက်ခြင်း လာခေါ်မယ်။ သူ..အခု.. လာကယ်မယ်ပေါ့။
သော်တာက ပြန်ပြောတယ်။ ဟင့်အင်း.. မလုပ်ပါနဲ့။ အဖေက တွေ့တာနဲ့ သတ်မှာ..။ သူစီစဉ်ပါ့မယ်။ ကို.. အခုရက်ပိုင်း အလုပ်မလာပါနဲ့ဦး။ ခဏရှောင်နေပါတဲ့။
သော်တာ့ဘက်က ဖုန်းချသွားတယ်။
အဲဒီညက အောင်မော် အိပ်မပျော်ဘူး။
(၁၁)
နောက်ရက်တွေက အောင်မော့်အတွက် ငရဲပဲ။
နေမကောင်းဘူးလို့ အကြောင်းပြပြီး အိပ်ခန်းထဲမှာပဲ ခွေနေမိတယ်။ သူ့အစ်မကလည်း တစ်သက်လုံး လိမ်မပြောဖူးတဲ့ အောင်မော့်ကို မေးခွန်း ထပ်မထုတ်တော့ဘူးလေ။ သူ့မောင်ကို ရေနွေးတည်ပေး၊ ဆေးဝယ်ပေး.. ပြီးတာနဲ့ အိမ်ရှေ့ထွက်ပြီး ဆီဆိုင်မှာ ထိုင်နေတာပေါ့။
အောင်မော် လက်ထဲက ဖုန်းကို လုံး၀ မချ၊ ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သော်တာ့ဆီက ဆက်သွယ်လာမှာကို စောင့်နေတယ်။
တစ်ရက်လုံး ဘာအဆက်အသွယ်မှ မရဘူး။
ညရောက်လာတယ်။
တစ်ညလုံးလည်း ဘာအဆက်အသွယ်မှ မရဘူး။
နောက်တစ်နေ့ မနက်.. အောင်မော် အိပ်ပျော်တော့မလို မှေးခနဲ ဖြစ်သွားတော့မှ သော်တာ့ဆီက မက်ဆေ့ချ် ဝင်လာတယ်။
ဒီနေ့ည ၁၀ နာရီ သူဖုန်းဆက်မယ်..တဲ့။
(၁၂)
သော်တာ့ဆီက ဖုန်းဝင်လာတော့ ည ၁၁ နာရီ။
သော်တာကပြောတယ်။
“ကို.. သော်တာ့ကို အထင်သေးမှာလားဟင်”
သော်တာက သူ့ကို “ကို” လို့ ခေါ်လိုက်တဲ့ အချိန်မှာ အောင်မော့် နှလုံးက ဘယ်နှကြိမ်မြောက်မှန်းမသိ ရပ်သွားပြန်တယ်။
“ဘာလို့ အထင်သေးရမှာလဲ။ ဘာကို အထင်သေးရမှာလဲ။ သော်တာ အခု သက်သာရဲ့လား။ မျက်နှာတွေ ယောင်နေသေးလား။ နာနေလား။ သော်တာ့အဖေ ဘာပြောလဲ..။ ကျွန်တော် အခု ဘာလုပ်ပေးရမလဲ”
“ဟင့်အင်း.. ဘာမှ မလုပ်ပါနဲ့”
“ဟာ.. ဒါဆို ကျွန်တော် ဘာဆက်လုပ်ရမှာလဲ။ ဒီအတိုင်းတော့ ဆက်မနေနိုင်တော့ဘူး။ ရူးတော့မယ်ဗျ”
“ဪ.. သော်တာ ပြောတာကို ဆုံးအောင် နားထောင်ဦးလေ။ အခုတော့ ဘာမှ မလုပ်နဲ့ဦး။ ဒါပေမယ့် မနက်ဖြန်.. မနက်ဖြန်ညကျရင်..”
သော်တာ့ဘက်က အသံတိတ်သွားတယ်။ အောင်မော် အသက်ကို မနည်းရှူနေရတယ်။ အိမ်အပြင်မှာ ထွက်ပြောနေရတဲ့အတွက် ညလေအေးအေးက အောင်မော့် မျက်နှာကို တရစပ် ဝင်ဟပ်နေတယ်။ မျက်လုံးတွေ စပ်လာလို့ မျက်ရည်တွေကို ခပ်ထုတ်လိုက်ရတယ်။
“မနက်ဖြန်ည..ဘာဖြစ်လဲ ဆက်ပြောလေ သော်တာ”
“ကို.. သော်တာ့ကို အထင်မသေးနဲ့နော်.. တကယ်ပြောနေတာ”
“ဘာတွေ ပြောနေတာလဲ သော်တာ။ ဘာကို အထင်သေးရမှာလဲ.. အဓိပ္ပာယ်မရှိတာ”
သော်တာ့ဘက်က ထပ်ပြီး တိတ်သွားပြန်တယ်။ စက္ကန့်တိုင်းက နာရီနဲ့ ချီပြီး ကြာနေသလို.. အောင်မော် မွန်းကြပ်လာတယ်။ တော်တော်လေးကြာသွားမှ..
“မနက်ဖြန်ည.. သော်တာ.. ကိုနဲ့ လိုက်ခဲ့မယ်”
“ဗျာ”
“ဘာ ဗျာလဲ.. လာပြန်ပြီ..။ အဲဒါကြောင့်ပြောတာ။ အခု ကိုအောင်မော် သော်တာ့ကို အထင်သေးသွားပြီ မဟုတ်လား။ တော်ပြီ ဖုန်းချလိုက်တော့မယ်။ တော်ပြီ..”.. ပြောရင်းနဲ့ သော်တာ့ဘက်က ရှိုက်သံ တစ်ချက်ထွက်လာတယ်။
“မဟုတ်..မဟုတ်ပါဘူး။ အံ့ဩသွားလို့ပါ.. ကျွန်တော်.. ကျွန်တော်”
အောင်မော့် ခေါင်းထဲမှာ အလုပ်ရှုပ်သွားတယ်။ အချစ်ဆိပ်တက်နေတဲ့ သူ့ဦးနှောက်က သဘာ၀ကျကျ မတွေးခေါ်နိုင်တော့ဘူး။ သော်တာက ဘယ်ကို လိုက်ခဲ့မှာလဲ.. သူက သော်တာ့ကို ဘယ်ကို ခေါ်သွားမှာလဲ.. ပြီးရင် ဘာဆက်လုပ်ကြမှာလဲ.. ဒီမေးခွန်းတွေကို အောင်မော့် ဦးနှောက်က မဖြေနိုင်ဘူး။
“ကို.. သော်တာ့ကို ခေါ်သွားမှာလား.. မခေါ်သွားဘူးလား။ အဲဒါပဲဖြေ”.. သော်တာက ငိုသံတစ်ဝက်နဲ့ ပြောတယ်။
အောင်မော် ဖုန်းကို ပါးထဲကို နစ်ဝင်သွားမတတ် ကပ်လိုက်တယ်။ ပူထူနေတဲ့ ခေါင်းကို လက်နဲ့ တစ်ချက်နှစ်ချက် ရိုက်တယ်။
“ခေါ်မှာပေါ့..ခေါ်မှာပေါ့။ ဘယ်ကို လာခေါ်ရမလဲဆိုတာသာ ပြော”.. အောင်မော် ယတိပြတ် ပြောလိုက်တယ်။
(၁၃)
သော်တာ ချိန်းတဲ့ နေရာကို ကြားလိုက်ရတော့ အောင်မော် တွေခနဲ တစ်ချက် ဖြစ်သွားသေးတယ်။
မုယောရွာရဲ့ တောင်ဘက်ခြမ်းမှာ တောအုပ်ကြီးတစ်ခု ရှိတယ်။ အဲဒီတောထဲကို တစ်ဝက်သာသာလောက်အထိ ဖောက်ထားတဲ့ လူသွားလမ်းလေး ရှိတယ်။ လူသွားလမ်း အဆုံးမှာ ၂ ဧကလောက် ကျယ်တဲ့ စိုက်ခင်း တစ်ခု။ အဲဒါပြီးရင် လမ်း ဆက်မရှိတော့။
ဒီတော့ စိုက်ခင်းမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေလောက်ပဲ ဒီလမ်းကို အသွားအလာရှိကြတယ်။
အခုရာသီမှာ စိုက်ခင်းလည်း သိမ်းထားတော့ လူအသွားအလာ မရှိသလောက် ဖြစ်နေပြီ။
သော်တာက အဲဒီစိုက်ခင်းနားက ရေတွင်းပျက်နားမှာ စောင့်နေမယ်တဲ့။
(၁၄)
ဒီတစ်မနက်လုံး .. အဝတ်တွေထည့်နေရင်း၊ ရှိစုမဲ့စု ပိုက်ဆံတွေကို ဘောင်းဘီအိတ်ထဲ ထိုးထည့်နေရင်း.. သူ့အစ်မ ဖွက်ထားတဲ့ စုငွေ တချို့ကို စိတ်မကောင်းစွာနဲ့ အဝတ်အိတ်ထဲ ခိုးထည့်ရင်း.. အောင်မော့် ခေါင်းက ဆက်တိုက် တွေးနေတယ်။
ဘာလို့ အဲဒီနေရာမှာ ချိန်းတာလဲ။ အဲဒီနေရာအထိ .. သော်တာက ဘယ်လို လမ်းလျှောက်သွားမှာလဲ..။ အဲဒီနေရာမှာ.. သော်တာ့ကို သွားခေါ်ပြီးရင် .. ဘယ်ကို ဆက်သွားရမှာလဲ။
မနေ့ညက ဖုန်းထဲမှာ သော်တာကတော့ ရှင်းပြရှာပါတယ်။ ဒီနေ့ဟာ လမိုက်ည ဖြစ်တဲ့အတွက် သူ့အနေနဲ့ ခိုးထွက်လို့ အဆင်ပြေတဲ့ အကြောင်း..။ အဲဒီနေရာမှာဆိုရင် သူ့အဖေ ဘယ်လိုမှ လိုက်ရှာလို့ တွေ့မှာ မဟုတ်တဲ့အကြောင်း။ ပြီးတော့ အဲဒီ စိုက်ခင်းဘက်ကို ဖြတ်ပြီး ဆက်သွားရင် လမ်းမကြီးဆီကို ပေါက်တဲ့ လမ်းတစ်လမ်း ရှိတဲ့အကြောင်း..။
ခိုးရာလိုက်မလို့ တောင်းပန်နေတဲ့ မိန်းကလေးတစ်ယောက်ကို အောင်မော် ဘယ်လို ဆက်မေးခွန်းထုတ်မလဲ။ တရားခံစစ်သလို စစ်နေလို့မှမရပဲ။ ပြီးတော့ ဒီနေ့ တစ်ရက်လုံး သော်တာ့ဆီကို ဆက်သွယ်လို့ မရဘူး။ ဖုန်းလည်း မဆက်ရဲတော့ မက်ဆေ့ချ်တွေပဲ ဆက်တိုက် ပို့ထားရတယ်။ စာလည်း မပြန်။
နောက်ဆုံးမှာ အောင်မော် စိတ်ဒုံးဒုံး ချလိုက်တယ်။ သူ့လိုကောင်ကို သော်တာက လိမ်ညာနေစရာအကြောင်း ဘာမှ မရှိဘူး။ နစ်နာစရာရှိရင် မိန်းကလေးဘက်ကပဲ နစ်နာမှာ မဟုတ်လား။ ပြီးတော့ သူ အခု ခံစားနေရတဲ့ ချစ်ခြင်းက တော်တော့်ကို ပြင်းထန်နေပြီ။ သော်တာ့ကို ခိုးမပြေးမိလို့ ရလာမယ့် နောင်တကို သူဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူး။
သူ့အစ်မ အပြင်သွားနေတဲ့ အချိန်ကို ချိန်ပြီး အောင်မော် အိမ်ကနေ ထွက်လာလိုက်တယ်။
ရင်ထဲမှာ ပျော်ရွှင်မှုက တစ်ဝက်၊ စနိုးစနှောင့် စိုးရိမ်စိတ်ကတစ်ဝက်။
(၁၅)
တောစပ်အလွန် စိုက်ခင်းတွေနားကို ရောက်တော့ မိုးစုန်းစုန်းချုပ်နေပြီ။ အမှောင်ထုက အင်နဲ့အားနဲ့ လေးလံလာတယ်။ အမြင်အာရုံက ရှေ့ အနီးတစ်ဝိုက်ထက် ပို မရောက်တော့ဘူး။
ခပ်သွက်သွက် လျှောက်နေရာကနေ.. လမ်းတစ်ဝက်မှာ စိတ်မထိန်းနိုင်တော့ဘဲ ခြေကုန်သုတ်ပြေးလာမိတဲ့အတွက် အောင်မော် အသက်ကို မနည်းရှူနေရတယ်။
ပြေးနေရာကနေ ခဏရပ်ရင်း သော်တာ့ကို ဖုန်းထပ်ဆက်ကြည့်တယ်။ ဖုန်းမကိုင်ဘူး။
ဘေးဘီဝဲယာကို ကြည့်တယ်။
အမှောင်ထုက တော်တော်အားကောင်းနေပြီ။ စိုက်ခင်းထဲက ထိုးထိုးထောင်ထောင် ထွက်နေတဲ့ ကိုင်းပင်ရိုးတွေကို မွဲတဲတဲ မြင်နေရတယ်။
ရေတွင်းပျက်ဆိုတာ ဘယ်နားမှာလဲ။
စိုက်ခင်းရှေ့ ကွင်းပြင်ထဲမှာ ဆယ်မိနစ်လောက် ဘယ်ပြန်ညာပြန် လျှောက်ရင်း အောင်မော် ချွေးပြန်ချင်လာတယ်။ တောစပ်ကနေလာတဲ့ ချွတ်ခနဲ ရှပ်ခနဲ အသံတွေကြားလိုက်ရင်လည်း ရင်ထဲမှာ ထိတ်သွားတယ်။ သော်တာ.. မလာဘူးလား။ အောင်မော့်ကို ညာသွားတာလား..။ ဒါမှမဟုတ် အောင်မော် တစ်ယောက်တည်း ကယောင်ခြောက်ခြား အိပ်မက်တွေ မက်ခဲ့တာလား။ မြင်ချင်ရာတွေမြင်.. ကြားချင်ရာတွေ ကြားခဲ့တာလား။
ဘာမှ မသဲကွဲတော့တဲ့ ပတ်ဝန်းကျင်ကလည်း အောင်မော့် သံသယစိတ်တွေကို အားပိုကောင်းလာအောင် မီးမြှိုက်ပေးနေသလို..။
မိနစ် ၂၀ လောက် ကြာသွားတယ်..။ ဖုန်းထဲက ဖလက်ရှက်မီးကို ဖွင့်ရင်း ကွင်းပြင်တစ်ဝိုက်ကို မီးနဲ့ ထိုးကြည့်တယ်။ ခပ်စုတ်စုတ် ဟန်းဖုန်းရဲ့ မီးရောင်က ရှေ့ကို သုံးလေးပေထက် ပိုမရောက်ဘူး။ မျက်လုံးတွေကို အစွမ်းကုန်ကျဉ်း၊ မျက်မှောင်ကြုတ်ပြီး ရှာရင်း.. နောက်ဆုံးမှာ ရေတွင်းပျက်လို့ ယူဆရတဲ့ မည်းမည်းအရိပ်တစ်ခုကို အောင်မော် တွေ့သွားတယ်။
ရေတွင်းပျက်နဲ့ ခြေလှမ်း ၃၀ လောက် ဝေးဦးမယ်။ ရေတွင်းက တောစပ်ရဲ့ ဟိုဘက်ထိပ်မှာ။ အပေါ်က သစ်ပင်တွေ မိုးနေလို့ တော်တော်နဲ့ ရှာမတွေ့တာ။
…
ရေတွင်းဘောင်ပေါ်မှာ ထိုင်နေတဲ့ လူရိပ်တစ်ရိပ်။
လူရိပ်ရဲ့ ဆံပင်ရှည်ရှည်တွေ ညလေထဲမှာ လွင့်နေတယ်။
ဖတ်ဖတ်မောနေတဲ့ အောင်မော် အားလေး နည်းနည်း ပြန်ပြည့်သွားတယ်။
“သော်တာ”
နာမည်ကို အသံထွက် ခေါ်ရင်း အောင်မော် ရေတွင်းပျက်ဆီကို ပြေးသွားတယ်။
(၁၆)
ရေတွင်းနဲ့ နီးလာတာနဲ့ အမျှ အောင်မော့် မျက်လုံးတွေ ပိုပြီး ကျင့်သားရလာတယ်။ မျက်လုံးသူငယ်အိမ်က ပိုပြီး ကျယ်လာတယ်။ အမှောင်ထဲက အရိပ်တွေကို ပိုပြီး မြင်လာရတယ်။
အောင်မော် ပထမဆုံး သတိထားမိတာက ရေတွင်းပေါ်က လူရိပ်ရဲ့ အဝတ်အစားတွေ..။
အောင်မော် ခြေလှမ်းတွေကို နှေးချလိုက်တယ်။
သော်တာ့ကိုယ်မှာ ဝတ်ထားတဲ့ မိုးကာအင်္ကျီကြီးကို အောင်မော် ကြောင်တောင်တောင်နဲ့ စိုက်ကြည့်နေမိတယ်။
“သော်တာ.. ဘာလို့ မိုးကာ..”
အောင်မော် ပြောရင်းနဲ့ အပေါ်ကို မော့ကြည့်မိသွားတယ်။ မိုးများ ရွာနေသလား။
လမိုက်ညမို့လို့ မှောင်မည်းနေတာပဲရှိတာ။ ကောင်းကင်ကနေ ဘာမှ ကျမလာဘူး။ မိုးတစ်စက်တောင် မရှိဘူး။
သော်တာက ဘာမှ ပြန်မဖြေဘဲ အောင်မော့်ကို စိုက်ကြည့်နေတယ်။ အမှောင်ထဲမှာ သူ့မျက်နှာ အမူအရာကို သေသေချာချာ မမြင်ရဘူး။ ရေတွင်းဘောင်ပေါ်မှာ တင်ထားတဲ့ သော်တာ့ရဲ့ ဟန်းဖုန်းက ထွက်နေတဲ့ အလင်းရောင် ခပ်မှိန်မှိန်ကြောင့်သာ မသဲမကွဲ မြင်နေရတာ။
“ဘာလို့ မိုးကာကြီး ဝတ်ထားတာလဲ..” အောင်မော် မေးရင်းနဲ့ ခြေတစ်လှမ်း ထပ်တိုးလိုက်တယ်။
သော်တာက ရေတွင်းဘောင်ပေါ်မှာ ထိုင်နေရာကနေ အောက်ကို ခုန်ဆင်းလိုက်တယ်။
သော်တာ ၀တ်ထားတဲ့ မိုးကာအင်္ကျီရဲ့ ပလက်စတစ်အသားအရှည်က သူ့ရဲ့ ခြေသလုံးနားလောက်အထိ ရောက်နေတယ်။ အိတ်ရဲ့ အောက်မှာ ခံဝတ်ထားတဲ့ ဘလောက်စ် အင်္ကျီအနီရဲရဲနဲ့ ဂျင်းဘောင်းဘီ အနက်ကို မထင်မရှား မြင်နေရတယ်။ အင်္ကျီလက်ရှည်နှစ်ဖက်က မိုးကာအောက်ကနေ ဖောက်ထွက်နေတယ်။
“သော်တာ. ကျွန်တော်..မေးနေတယ်လေ”
သော်တာ့ ပုံစံက မူမမှန်ဘူး။ သူ့မျက်နှာက ကားကြက်ထားတဲ့ သားရေစလို တင်းတင်းကြီး ဖြစ်နေတယ်။ အမှောင်ထဲမှာ တလက်လက် တောက်နေတဲ့ သူ့မျက်လုံးတွေက အညို မဟုတ်တော့ဘဲ အနီဘက်ကို သမ်းနေတယ်။
အောင်မော့် ခြေလှမ်းတွေ လုံး၀ ရပ်သွားပြီ။ နောက်ကို တစ်လှမ်း ဆုတ်ဖို့တောင် ပြင်နေပြီ။
တစ်ခုခုတော့..မှားနေပြီ..။
အဓိပ္ပာယ်မရှိတဲ့ အဖြစ်အပျက်တွေ.. အဖြေ မသေချာတဲ့ မေးခွန်းတွေ.. အခုမှ အောင်မော့် ခေါင်းထဲကို စိမ့်ဝင်လာတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ ကြက်သီးမွေးညှင်းတွေ တန်းစီပြီး ထောင်လာတယ်။ လေထဲက ချမ်းစိမ့်မှုကို အခုမှ သတိထားမိသွားသလို အောင်မော့် တစ်ကိုယ်လုံး တုန်လာတယ်။ တစ်လလုံးလုံး မှိုင်းမိနေခဲ့တဲ့ အောင်မော့်ရဲ့ ဦးနှောက်က အခုမှ ပြန်ပြီး ကြည်လင်လာသလိုလို..။ ဒီအချစ်ဇာတ်လမ်းရဲ့ ဟာကွက်တွေကို အခုမှ သတိထားမိသွားသလိုလို..။
(၁၇)
သော်တာ ရှေ့ကို တစ်လှမ်းတိုးလာတယ်။
မိုးကာရဲ့ ပလက်စတစ် အသားတွေက သော်တာ့ လှုပ်ရှားမှုတွေကြောင့် တဂျွတ်ဂျွတ် မြည်နေတယ်။
“ဘာလို့.. ဘာ..”
အောင်မော် စကားမဆုံးလိုက်ဘူး။
သော်တာ့ ပါးစပ် ဟက်ခနဲ ဟသွားတယ်။ ဟီး..ဆိုတဲ့ အသံနဲ့အတူ သော်တာ့ပါးစပ်ထဲက လေပူတွေ အောင်မော့်မျက်နှာကို လာဟပ်တယ်။
ပုပ်ဟောင်နေတဲ့ အနံ့ကြောင့် အောင်မော် လန့်ဖျန့်ပြီး နောက်ကို လန်သွားတယ်။ လက်ထဲက ဟန်းဖုန်း မြေကြီးပေါ်ကို ပြုတ်ကျသွားတယ်။
ပခုံးမှာ လွယ်ထားတဲ့ အဝတ်အိတ်က ဆွဲချလိုက်သလို ဖြစ်သွားပြီး အောင်မော် ပက်လက်လန် လဲသွားတယ်။
သော်တာ့ ကိုယ်လုံးက အောင်မော့် ကိုယ်ပေါ်ကို ၀ုန်းခနဲ ကျလာတယ်။ အောင်မော့်ရဲ့ ခါးနေရာကို ခြေနှစ်ချောင်းနဲ့ ညှပ်လိုက်တယ်။ အောင်မော့် မျက်နှာကို လက်နှစ်ဖက်နဲ့ ဆွဲမော့တယ်။
မှောင်မည်းနေတဲ့အတွက် တလက်လက်တောက်နေတဲ့ သော်တာ့ရဲ့ မျက်လုံးနီနီတွေကလွဲရင်ဘာမှ သေချာ မမြင်ရဘူး။ အပုပ်နံ့က အရမ်းကို ပြင်းထန်နေပြီ။ အောင်မော့် ရင်ခေါင်းထဲက အစာတွေ လည်ချောင်း၀ကို အလိပ်ိလိုက် ဆောင့်တက်လာတယ်။
သော်တာ့ဆီကနေ ရယ်သံလိုလို ငိုသံလိုလို အသံနက်နက်ဩဩတွေ အဆက်မပြတ် ထွက်နေတယ်။
ကြောက်အားလန့်အားနဲ့ ဆောင့်တွန်းရင်း အောင်မော့် လက်ဖဝါးက သော်တာ့ရဲ့ ဟနေတဲ့ ပါးစပ်နေရာကို ပိတ်မိတယ်။ သော်တာ့မျက်နှာက ရာဘာသားလို မာပြီး တောင့်နေတယ်။ အေးစက်နေတယ်။
သော်တာ့သွားတွေ အမှောင်အောက်မှာ အရောင်လက်သွားတယ်။
အောင်မော့် လက်ဖဝါး ပူခနဲ ဖြစ်သွားတယ်။ လက်မနဲ့ လက်ညှိုးကြားမှာ ထင်းထင်းကြီး ဖြစ်နေတဲ့ သွားရာ အတန်းလိုက်။
“သော်တာ.. သော်တာ.. မလုပ်နဲ့လေ.. ဘာလုပ်တာလဲ”.. အောင်မော့် အသံတွေ တုန်လာတယ်။
ရုန်းထွက်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘူး။ သူ့ကို တက်ခွထားတဲ့ ခြေနှစ်ချောင်းက ပြုတ်တူနဲ့ ညှပ်ထားသလို တုတ်တုတ်မျှမလှုပ်။ လူဆယ်ယောက်လောက် တက်ဖိထားသလို.. လေးလံနေတယ်။ အောင်မော် အသက်ရှူကြပ်လာတယ်။
သော်တာ့ မျက်လုံးတွေက သွေး၀နေတဲ့ သတ္တဝါတစ်ကောင်လို နီရဲ ဖောင်းကားလာတယ်။
သော်တာ့ လက်နှစ်ဖက်..အောင်မော့် ပခုံးတွေပေါ်ကို ဖိချလိုက်တယ်။
ဂျွတ်ခနဲ အသံနဲ့အတူ.. အောင်မော့် ပခုံးနှစ်ဖက်စလုံး အဆစ်ပြုတ်ပြီး အောက်ကို ကျွံကျသွားတယ်။
ပူပြီးဆောင့်တက်လာတဲ့ နာကျင်မှုကို သံကုန်ဟစ်အော်ပြီး ထုတ်ပစ်ဖို့ .. အောင်မော် ပါးစပ်အဟမှာ.. သော်တာ့ မျက်နှာက သူ့လည်ပင်းဆီ ပြေးကပ်လာတယ်။
သူရက်ပေါင်းများ မျှော်လင့်ထားခဲ့သလို… သူ့ချစ်သူရဲ့ အနမ်းတွေက နွေးထွေးမနေဘူး။ ငြင်သာ ကြင်နာမနေဘူး။
သော်တာ့ ပါးစပ်ထဲမှာ အဖတ်လိုက် ပဲ့ပါသွားတဲ့ သူ့လည်ပင်းသားတွေကို ကြောင်ကြည့်နေရင်း..
အောင်မော် အသံကုန်ဟစ်ပြီး အော်လိုက်တယ်။
မြတ်သော်တာထွန်းက အောင်မော့်ကို တက်ခွထားရင်း သူ့ရဲ့ သွားထက်ထက်တွေနဲ့ အောင်မော့် လည်ပင်းကို ကိုက်ဆွဲတယ်၊ ပေါက်ထွက်သွားတဲ့ သွေးကြောမကြီးကနေ တရဟော ပန်းထွက်လာတဲ့ သွေးတွေကို တဂွတ်ဂွတ်နဲ့ မျိုချတယ်၊ အသားစတွေကို ထွေးထုတ်တယ်။
သော်တာ့ ကိုယ်မှာ ခြုံထားတဲ့ မိုးကာအင်္ကျီကို သွေးတွေ အတန်းလိုက် စင်တယ်။ တချို့တဝက်က သူ့မျက်နှာ ဖွေးဖွေးပေါ်မှာ အထင်းသား..။ တချို့ကတော့ မြေကြီးပေါ်ကို စီးကျကုန်တယ်။
ဖြည်းဖြည်းခြင်း စိမ့်ထွက်သွားတဲ့ အသက်နဲ့အတူ အောင်မော်ရဲ့ အော်သံလည်း တိုးသထက် တိုးဝင်သွားတယ်။
မသေခင် သူနောက်ဆုံး မြင်သွားရတဲ့ မြင်ကွင်းက.. သူ့ကို ခွစီးပြီး သွေးသံတရဲရဲနဲ့ ပြုံးပျော် ရယ်မော နေတဲ့ မြတ်သော်တာထွန်းရဲ့ မျက်နှာ။
အောင်မော့်မျက်လုံးတွေ နောက်ဆုံးမှာ မှိတ်သွားတယ်။ တဆတ်ဆတ် ခါနေတဲ့ ကိုယ်ခန္ဓာလည်း ငြိမ်ကျသွားတယ်။
ညဟာ ညအတိုင်း ပြန်လည် တိတ်ဆိတ်သွားတယ်။
+++
(ဆက်ရန်)