မုယော – အပိုင်း (၁၉)
++++++++++++
အခန်း (၃၈)
-(သူဇာလွင်)-
(၁)
သက်ဦးဆိုတဲ့ သူရဲ့ အမူအရာက ရင်းနှီးပျူငှာမှု တစ်စက်မှ မရှိ။ ရန်လိုနေတဲ့ ပုံစံတောင် ပေါက်နေတယ်။ ခြံထဲ ခိုးဝင်လာတဲ့ သူခိုးတွေကို ငေါက်လွှတ်ချင်နေတဲ့ ပိုင်ရှင် မျက်နှာမျိုး။ မင်းခန့်ထူးမျက်နှာ နည်းနည်း တင်းသွားတာကို သူဇာလွင် တွေ့လိုက်တယ်။ သူဇာလွင့် အတွက်ကတော့ ဒီလို အပြောအဆိုမျိုးတွေက ရိုးနေပြီ။ သတင်းထောက် သက်တမ်း တလျှောက်မှာ အခါပေါင်းများစွာ မောင်းထုတ် ခံခဲ့ရပြီးပြီ။ ဘယ်လိုလူကို ဘယ်လို ကိုင်တွယ်ရမလဲ.. သူဇာလွင် အကြောနပ်နေပြီ။
“ကိုသက်ဦး.. ညီမနာမည်က သူဇာလွင်ပါ”.. သူဇာလွင် ပြောရင်းနဲ့ လက်ကို ကမ်းပေးလိုက်တယ်။ သက်ဦးဆိုတဲ့သူက သူဇာလွင့်ကို လက်ဆွဲ နှုတ်မဆက်ဘဲ လက်ကိုပိုက်၊ ခပ်တင်းတင်း ပြန်စိုက်ကြည့်နေတယ်။
“ခင်ဗျားတို့ ဒီကို ဘာလာလုပ်တာလဲ”.. သူက ထပ်မေးတယ်။
“ညီလေး။ ဘာဖြစ်လို့လဲ။ ဒီနေရာက ပြည်သူပိုင် လမ်း မဟုတ်ဘူးလား။ အစ်ကိုတို့ ကိစ္စနဲ့ ညီလေးနဲ့ ဘာဆိုင်သလဲ”.. မင်းခန့်ထူးက မနေနိုင်တော့ဘဲ ဝင်ပြောတယ်။
ရှေ့ကနေ ကာဆီးကာဆီးနဲ့ ရန်လိုချင်နေတဲ့ မင်းခန့်ထူးကို သူဇာလွင် အသာ တွန်းဖယ်လိုက်တယ်။
“ညီမက သတင်းထောက် တစ်ယောက်ပါ။ Ruby Herald သတင်းစာကပါ။ အစ်ကို ကြားဖူးလားတော့ မသိ”.. သူဇာလွင် မျက်နှာကို အတတ်နိုင်ဆုံး ပြုံးထားလိုက်တယ်။ ဘာကြောင့်လဲတော့မသိ.. ဒီ သက်ဦးဆိုတဲ့ လူရဲ့ မျက်နှာမှာ.. တစ်ခုခုကို သိနေတဲ့ အရိပ်အယောင်တွေ တွေ့နေရတယ်။
“ကြားဖူးတယ်။ ခင်ဗျားက ဒီရွာမှာ ဘာသတင်း လာယူတာလဲ။ ဘယ် သတင်းထောက်မှ ဒီကို မလာကြဘူး။ ခင်ဗျား မေးစရာ လူလည်း တစ်ယောက်မှ မရှိဘူး”
“ဟို.. လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်တုန်းက အဖြစ်အပျက်တွေလေ.. အဲဒါနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းလေးများ သိရမလား လာစုံစမ်းတာပါ။ ညီမက ရန်ကုန်မှာ နေတာ။ အဝေးကြီးလာရတာ”.. သူဇာလွင် မျက်ခုံးနှစ်ဖက်ကို အောက်ကို နှိမ့်ချလိုက်တယ်။ .. “အစ်ကိုကရော ဒီရွာကပဲလား။ ကိုမင်းခန့်.. ကျွန်မတို့ ဒီအစ်ကို့ကိုပဲ အကူအညီ တောင်းကြည့်ရင် ကောင်းမလား မသိဘူးနော်”
မင်းခန့်ထူးက ပခုံးတွန့်ပြတယ်။ မျက်မှောင်ကြုတ်ထားတဲ့ ရုပ်ကိုတော့ မပြင်သေးဘူး။
“ဘာမှ မကူညီနိုင်ဘူးဗျ။ ခင်ဗျားတို့ ဒီကနေ မြန်မြန် ထွက်သွားကြ”.. သက်ဦးက ပြောရင်းနဲ့ ပိုက်ထားတဲ့ လက်ကို ဖြည်တယ်။ ခါးထောက်တယ်။ .. “သူများ အိမ်ရှေ့မှာ ယောင်လည်လည်နဲ့ လုပ်နေတာ ခင်ဗျားတို့ မရိုးသားဘူး။ ခင်ဗျား သတင်းထောက်ဆိုတာလည်း ကျွန်တော် မယုံဘူး”
တစ်ခုခု ပြန်ပြောမလို့ ပါးစပ်ဟလိုက်တဲ့ မင်းခန့်ထူးကို သူဇာလွင် မျက်လုံးနဲ့ လှမ်းတားလိုက်တယ်။ မင်းခန့်ထူးက သက်ပြင်းချပြီး အရှုံးပေးသလို လက်မြှောက်တယ်။
“ဒီအိမ်ပိုင်ရှင်နဲ့ အစ်ကိုနဲ့ ရင်းနှီးလို့လား။ မသီရိနဲ့လေ”.. သူဇာလွင် မေးလိုက်တယ်။
သီရိ ဆိုတဲ့ နာမည်ကို ကြားလိုက်တော့ သက်ဦးရဲ့ မျက်နှာ တော်တော် ပျက်သွားတယ်။ ဒေါသလိုလို အရိပ်အငွေ့တွေ ဖြတ်ပြေးတယ်။ တစ်ခုခု ပြောတော့မလို့ ဟန်ပြင်တယ်။ ပြီးမှ စိတ်ထိန်းလိုက်သလို ပါးစပ်ကို တင်းတင်းစေ့တယ်။ ဟိုဘက်ကို လှည့်ထွက်မလို့ ပြင်တယ်။
သက်ဦးရဲ့ လည်ကုတ်နားမှာ ထင်ကျန်နေတဲ့ အမာရွတ်တစ်ခုဆီကို သူဇာလွင့် မျက်လုံးတွေ..ရောက်သွားတယ်။ အပေါက်သေးသေးလေးတွေ စီတန်းနေတဲ့ ဒဏ်ရာ..။ အနာက ခြောက်နေပြီဖြစ်ပေမယ့်.. အသားကျက်သွားတဲ့ အဖြူကွက်တွေကို ကြည့်လိုက်တာနဲ့ သွားရာတွေမှန်း သိသာနေတယ်။ လူသွားရာ မဟုတ်ဘူး။ သေချာတယ်။ ဘာလဲ..။ ဒါဆို.. ဘာလဲ..။
သူဇာလွင့်ကိုယ်ထဲက အလိုလျောက် သတိပေးစနစ်က အသက်ဝင်လာတယ်။ ရင်ထဲမှာ နွေးပြီးတက်လာတဲ့ မီးတောက်မီးလျှံတစ်ခု..။ ဒီလူ.. ဒီလူ.. မဟုတ်သေးဘူး။ တစ်ခုခုတော့ မှားနေပြီ..။
“ကိုသက်ဦး။ ခဏလေး”.. သက်ဦးရဲ့ လက်ကို သူဇာလွင် ဖမ်းဆွဲလိုက်တယ်။ သက်ဦး ဆတ်ခနဲ ဖြစ်သွားတယ်။ လက်ကို ဆောင့်ရုန်းတယ်။ သူဇာလွင်သာ မိန်းကလေး မဟုတ်ခဲ့ဘူးဆိုရင် သူ့ပုံစံက.. ဆွဲထိုးမယ့် အနေအထားမှာ ရှိတယ်။
“အစ်ကို့ လည်ကုတ်နားက.. ဒဏ်ရာ.. အဲဒါ ဘယ်က ရတာလဲ”.. သူဇာလွင် တည့်တည့်ပဲ မေးလိုက်တယ်။
သက်ဦး မျက်လုံးထဲမှာ အရိပ်တစ်ခု ဖြတ်ခနဲ ပေါ်လာတယ်။ ဒီအကြည့်ကို သူဇာလွင် ကောင်းကောင်းသိတယ်။ ရင်းနှီးနေတယ်။ တစ်စုံတစ်ခုကို ဖုံးကွယ်တော့မယ့်.. အမှန်ကို ချောင်ထိုး၊ လိမ်ညာတော့မယ့် အကြည့်..။ ရှောင်ထွက်တော့မယ့် မျက်နှာ..။
“အဲဒါ ခင်ဗျားနဲ့ ဘာဆိုင်လဲ”.. သက်ဦးက ပြောရင်းနဲ့ လက်ကို ပြန်ဆွဲယူတယ်။ လည်ပင်းက ဒဏ်ရာကို ကော်လာထောင်ပြီး ဖုံးတယ်။
မင်းခန့်ထူးကလည်း သက်ဦးရဲ့ ဒဏ်ရာကို သတိထားမိသွားတယ် ထင်တယ်၊ သူ့ရဲ့ စိတ်တိုချင်နေတဲ့ မျက်နှာ.. စိတ်ဝင်စားတဲ့အသွင်ဆီကို ချက်ခြင်း ပြောင်းလဲသွားတယ်။
“ကိုသက်ဦး။ စိတ်မရှိနဲ့နော်။ ညီမ တစ်ခု မေးမလို့..”.. သူဇာလွင် စကား စလိုက်တယ်။ .. “အစ်ကိုက အစိုးရဝန်ထမ်းလား။ စစ်တပ်ကလား ရဲဘက်ကလား တစ်ခုခုပဲ။ ဟုတ်တယ်မဟုတ်လား”
သက်ဦးရဲ့ မျက်ခုံးနှစ်ဖက် မသိမသာ မြင့်တက်သွားတယ်။
“ညီမက သတင်းထောက် လုပ်လာတာ ကြာပြီဆိုတော့ ရဲအရာရှိတွေရဲ့ ပုံစံကို အလိုလို မှတ်မိနေတာ”.. သူဇာလွင် သူ့ရဲ့ လက်စွဲတော် အပြုံးနဲ့ ပြုံးပြလိုက်တယ်။ နင့်ဘာသာနင် ပပဝေပဲ ဖြစ်ဖြစ်.. ဘယ်သူပဲ ဖြစ်နေနေ.. ဂျာနယ်လစ် အရည်အချင်းတွေကိုတော့.. မေ့မသွားသေးဘူး မဟုတ်လား.. သူဇာလွင်..။ သူဇာလွင် မျှော်လင့်ထားတဲ့ အတိုင်းပဲ သက်ဦးရဲ့ မျက်နှာ နည်းနည်း ပျော့သွားတယ်။ မှုန်ကုပ်နေတဲ့ သူ့မျက်ခုံးတွေ ပြေစပြုလာတယ်။.. “အစ်ကို မတ်တပ်ရပ်နေတဲ့ ပုံစံ၊ လမ်းလျှောက်တဲ့ ပုံစံ.. ဒါတွေကို ကြည့်လိုက်ရင် သိသာနေလို့ပါ။ တစ်မျိုး မထင်နဲ့နော်”
သက်ဦးက မျက်နှာတည်တည်နဲ့ ခေါင်းညိတ်တယ်။
“ဟုတ်တယ်။ အခုတော့ ရဲအရာရှိ မဟုတ်တော့ဘူး”.. သူကဖြေတယ်။ လေသံထဲမှာ ဒေါသသံလိုလို ခပ်သဲ့သဲ့။
“ဪ.. ဟို.. ကိုအောင်မော် ဟုတ်လား။ သူတို့ ကိစ္စတွေ ဖြစ်တုန်းက အစ်ကို ဒီရွာမှာပဲလား။ အဲဒီတုန်းကရော တာဝန်နဲ့လား။ အရပ်သား ဖြစ်နေပြီလား”
“အဲဒီတုန်းက တာဝန်နဲ့”.. သူဇာလွင့် မေးခွန်းတွေကို မရှောင်နိုင်တော့သလို သက်ဦးက လွှတ်ခနဲ ပြောတယ်။ ပြီးတော့မှ သူ့ကိုယ်သူ သတိထားမိသွားသလို အရှိန်သတ်တယ်။.. “ခင်ဗျားတို့ကို ကျွန်တော် အတည် ပြောနေတာ။ ဒီမှာ ကြာကြာ ဆက်မနေနဲ့။ သွားတော့ဗျ။ ခင်ဗျားတို့အတွက် ပြောနေရတာ”
သိသိသာသာ ပျော့ပျောင်းလာတဲ့ သက်ဦးရဲ့ လေသံကို နားထောင်ရင် သူဇာလွင် စိတ်ထဲမှာ တိတ်တခိုး အောင်ပွဲခံလိုက်တယ်။ မင်းခန့်ထူးက သူဇာလွင့်ကို အထင်ကြီးသလို ခေါင်းတညိတ်ညိတ် လုပ်ပြတယ်။
“ဟုတ်..။ ညီမတို့ သွားမှာပါ။ ညီမကလေ.. ညီမရဲ့ အမေကို လာရှာတာ”.. နောက်ဆုံး ဝှက်ဖဲကို သူဇာလွင် ထုတ်သုံးတယ်။ သိသိသာသာ အံ့ဩသွားတဲ့ သက်ဦးရဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်း ဆက်ပြောတယ်။ .. “အဲဒီ အချိန်အတောအတွင်းတုန်းက.. ဒီရွာမှာ ညီမရဲ့ အမေလည်း ရောက်နေတယ်။ သူ.. ပျောက်နေလို့”
“ဘယ်လို..။ ခင်ဗျားရဲ့ အမေဆိုတာ ဘယ်သူလဲ။ နာမည်ကရော”.. သက်ဦးရဲ့ ရဲဝန်ထမ်း ပီပီ.. စိတ်ဝင်စားမှုက ခေါင်းထောင်လာပုံပဲ။ သူဇာလွင်တို့ဘက်ကို သူ ခြေတစ်လှမ်း ပြန်လျှောက်လာတယ်။
“အစ်ကိုတို့ သတိထားမိမှာပါ။ အမေက.. အမြဲတမ်း ဂျင်းဂျက်ကတ်နဲ့၊ ဂျင်းဘောင်းဘီနဲ့၊ ဆိုင်ကယ်တစ်စီးနဲ့.. အသက်က ၅၀ စွန်းစွန်း.. ဒါပေမယ့် မထင်ရ..”
သက်ဦးရဲ့ ပြူးကျယ်သွားတဲ့ မျက်လုံးအစုံကြောင့် သူဇာလွင် စကားကို တစ်ဝက်မှာတင် ရပ်လိုက်တယ်။ မမမေကို သိသလားလို့.. ဆက်မေးနေစရာမလိုတော့အောင်.. သိသာနေတဲ့ သက်ဦးရဲ့ မျက်နှာ..။
“အစ်ကို.. သူ့ကို သိတယ်မဟုတ်လား”.. သူဇာလွင် မေးလိုက်တယ်။
သက်ဦးက ချက်ခြင်း ပြန်မဖြေဘူး။ ဘေးဘီဝဲယာကို အကဲခတ်တယ်။ လူသူမရှိတဲ့ လမ်းမတန်းက အိမ်တွေဘက်ကို ခေါင်းလှည့်ကြည့်တယ်။ ဝီးခနဲ ဖြတ်သွားတဲ့ ကုန်တင်ကားတစ်စီးကိုတောင် မသင်္ကာသလို လှမ်းကြည့်လိုက်သေးတယ်။ ပြီးမှ-
“ဒီမှာ ပြောလို့ မဖြစ်ဘူး။ ဒီနေရာမှာ အဆင်မပြေဘူး”
“ဘာလို့လဲဗျ”.. မင်းခန့်ထူးက ဝင်မေးတယ်။
“မဖြစ်ဘူး။ သူတို့တွေ သိကုန်လိမ့်မယ်။ ကြားကုန်လိမ့်မယ်”.. သက်ဦးရဲ့ လေသံထဲမှာ ကြောက်စိတ်တွေ ရောပါလာတယ်။ စကားလုံးတွေ မြန်လာတယ်။
“အစ်ကိုပြောတဲ့.. သူတို့တွေ ဆိုတာက.. ”
“ကားပေါ်တက်”.. သက်ဦးက တစ်ခွန်းတည်း ပြောပြီး သူဇာလွင့် ကားဆီကို ခပ်သွက်သွက် လျှောက်သွားတယ်။ နောက်ခန်းတံခါးဘေးမှာ ရပ်စောင့်နေတယ်။ သူဇာလွင်နဲ့ မင်းခန့်ထူး ကြောင်တောင်တောင်နဲ့ ကားပေါ်ကို တက်ထိုင်တယ်။ သက်ဦးကလည်း နောက်ခန်းမှာ ဝင်ထိုင်တယ်။
“ဘယ်ကို မောင်းရမှာလဲ”.. မင်းခန့်ထူးက နောက်ကို လှည့်ပြီး မေးတယ်။
(၂)
ဂျင်းဘောင်းဘီ ဝတ်လာမိတာကို သူဇာလွင် တော်တော် နောင်တရနေတယ်။
ဘုန်းကြီးကျောင်းဝင်းက ခပ်သေးသေး ကျဉ်းကျဉ်းလေးပါ။ ဒါပေမယ့် သစ်ရွက်ခြောက် တစတလေက လွဲရင် ဝင်းတစ်ခုလုံး ပြောင်ရှင်း သန့်ပြန့်နေတယ်။ ရေနံချေး အပြည့်သုတ်ထားတဲ့ ဆွမ်းစားဆောင်ကလည်း ဖုန်တစ်စ မရှိ သန့်ရှင်းနေတယ်။
ကျောင်းဆောင်ရဲ့ ၀ရန်တာမှာ ထုတ်ထားတဲ့ ကွပ်ပျစ်သေးသေးလေးပေါ်မှာ သူဇာလွင်တို့ ၃ ယောက် ထိုင်လိုက်တော့ တော်တော်လေး ကြပ်ပြည့်သွားတယ်။ မင်းခန့်ထူးနဲ့ သက်ဦးက တင်ပလ္လင်ခွေ ထိုင်တယ်။ သူဇာလွင်ကတော့ ဂျင်းဘောင်းဘီ ကျပ်ကျပ်နဲ့ ဘယ်လိုထိုင်ထိုင် အဆင်မပြေ..။ နောက်ဆုံးမှာ ခြေနှစ်ချောင်းကို ဘေးမှာချ၊ ဘေးတစ်စောင်းပဲ ထိုင်လိုက်ရတယ်။
“ဘုန်းကြီးတွေလည်း မတွေ့ပါလား”.. မင်းခန့်ထူးက ကျောင်းဝင်း ပတ်ပတ်လည်ကို ကြည့်ရင်း မေးတယ်။
“ဆရာတော်က မနှစ်ကပဲ ပျံလွန်သွားတာ”.. သက်ဦးက ပြန်ဖြေတယ်။ ရေနွေးကြမ်းခွက်ထဲကို အခါးရည် နည်းနည်းစီ ငှဲ့ထည့်တယ်။ .. “အခု ကျောင်းစောင့် ကပ္ပိယကြီးတစ်ယောက်ပဲ ရှိတယ်”
“ကျန်တဲ့ ဦးဇင်းတွေရော.. မရှိဘူးလားရှင့်”.. သူဇာလွင် မေးလိုက်တယ်။ ကျောင်းဆောင်က အရမ်းမကြီးပေမယ့် သံဃာ အပါး ၂၀ လောက်တော့ ကောင်းကောင်း သီတင်းသုံးလို့ရအောင် ကျယ်ပါတယ်။
“အရင်ကတော့ ဦးဇင်း ၂ ပါးရှိတယ်။ နှစ်ပါးစလုံးက ဟိုဘက်ရွာတွေမှာ ကျောင်းထိုင်အဖြစ် သီတင်းသုံးဖို့ ထွက်သွားကြပြီ။ ၆ လလောက်တောင် ရှိရောပေါ့။ သူတို့လည်း ဆရာတော် မရှိတဲ့နောက်ပိုင်း ဒီကျောင်းမှာ ဆက်ပြီး တာဝန်ယူပါသေးတယ်။ ဒါပေမယ့် အနောက်မုယောနဲ့ ဒီနဲ့က ခြေကျင်ဆိုရင် အတော်လှမ်းတာကလား..။ ဒီတော့ ကြာလာတဲ့အခါ ဦးဇင်းတွေလည်း အဆင်မပြေတော့ဘူးလေ။ ပြီးတော့.. အနောက်မုယောက လူတွေက .. ဘုန်းကြီးကျောင်းဘက်ကို မလာဘူးဗျ။ ဘာလို့လဲ လို့တော့ မမေးနဲ့။ ကျွန်တော် မပြောချင်သေးဘူး”.. သက်ဦးက ပြန်ဖြေတယ်။
“အစ်ကိုက.. ဒါဆို.. ဒီကျောင်းမှာ..”
“ခဏလေး။ ကျွန်တော် မေးမယ့် အလှည့်ရောက်ပြီ။ ခင်ဗျားတို့ ဒီကို ဘာလာလုပ်တာလဲ”.. သက်ဦးက လေသံပြတ်ပြတ်နဲ့ မေးတယ်။ .. “သတင်းလိုက်မလို့ လာတာလို့တော့ မပြောနဲ့တော့။ ကျွန်တော် မယုံဘူး။ ခင်ဗျားရဲ့ ကားနောက်ခန်းထဲကို ကျွန်တော် လှမ်းကြည့်ပြီးပြီ။ မီဒီယာ ပစ္စည်း ဘာမှ မတွေ့ဘူး”
ရဲအရာရှိဟောင်းပီပီ.. နှံ့စပ်သားပဲ.. ဆိုပြီး သူဇာလွင် .. သက်ဦးကို နည်းနည်း သဘောကျသွားတယ်။ အခုအချိန်မှ ထပ်ညာနေလို့လည်း မထူးတော့ဘူးဆိုတာ သူ သဘောပေါက်တယ်။
“ကျွန်မ.. အမေ့ကို လာရှာတာ”.. သူဇာလွင် ဖြေလိုက်တယ်။
သက်ဦးက ကျေနပ်သွားသလို ခေါင်းညိတ်တယ်။
“ဟုတ်ပြီ။ ခင်ဗျား အမေ နာမည်..”
“မမမေ”.. မင်းခန့်ထူးက ဝင်ဖြေတယ်။
“အင်း။ ဟုတ်တယ်။ သူပဲ။ သေချာတယ်”.. သက်ဦးက ပြောတယ်။ စဉ်းစားရ ခက်နေတဲ့ ပုံစံနဲ့ နားထင်နှစ်ဖက်ကို လက်မ၊ လက်ခလယ်နဲ့ ထောက်တယ်။ .. “ဟုတ်တယ်။ သေချာကြည့်မိမှ ခင်ဗျားနဲ့ သူနဲ့ တော်တော်လေး ဆင်တယ်ဗျ”
သူဇာလွင် ရင်တွေ တဒိတ်ဒိတ် ခုန်လာတယ်။ မင်းခန့်ထူးကလွဲရင်.. အမေ့ကို တိုက်ရိုက်တွေ့ဖူးတဲ့သူ.. သူဇာလွင် မကြုံဖူးသေးဘူး။ အမေ့အကြောင်း တစွန်းတစတော့ သိရပြီ..ဆိုတဲ့ မျှော်လင့်ချက်လေး တဖျပ်ဖျပ် အသက်ဝင်လာတယ်။
“ကိုသက်ဦး.. အစ်ကို.. အမေနဲ့ တွေ့လိုက်တာလား..။ ဘယ်တုန်းကလဲ..။ အဲဒီ အဖြစ်အပျက်တွေ ဖြစ်ပြီးတော့ရော.. နောက်ပိုင်းမှာရော တွေ့ဖြစ်သေးလား..”.. သူဇာလွင် ဆက်တိုက် မေးလိုက်တယ်။
သက်ဦးက ခေါင်းခါတယ်။
“မဟုတ်ဘူးဗျ။ ကျွန်တော်လည်း ဘယ်လို ရှင်းပြရမလဲ မသိဘူး။ ခင်ဗျား..နဲ့ အဲဒီ အမျိုးသမီးနဲ့ ဒီလို ပတ်သက်နေတယ်ဆိုတာ သိလိုက်လို့.. အရမ်းအံ့ဩသွားလို့သာ.. ခင်ဗျားတို့ကို ဒီကို ခေါ်လာတာ။ တကယ်တမ်းက ကျွန်တော် ပြောပြရင် ခင်ဗျားတို့ ယုံမယ်မထင်ဘူး။ ဟင်းဟင်း.. ယုံမှာ မဟုတ်ပါဘူး။ မယုံကြလို့လည်း.. ကျွန်တော်.. အလုပ်ပါ ထွက်လိုက်ရတာလေ.. ”.. သူ့လေသံထဲမှာ ဒေါသသံတွေ ပါလာပြန်တယ်။
မင်းခန့်ထူးနဲ့ သူဇာလွင် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ပြုံးမိသွားတယ်။
“ကျွန်တော်ပြောတဲ့ အထဲမှာ ဘာရယ်စရာ ပါလို့လဲဗျ”.. သက်ဦးက စိတ်တိုတိုနဲ့ မေးတယ်။
“ညီမတို့ နှစ်ယောက်စလုံးက.. အစ်ကို့ နေရာမှာ ရောက်ခဲ့ပြီးသား လူတွေချည်းပဲ။ အစ်ကို စိတ်အေးလက်အေး ရှင်းပြ။ ညီမတို့ ယုံတယ်။ နားထောင်မယ်”.. သူဇာလွင် ပြောလိုက်တယ်။
သက်ဦးက သူတို့နှစ်ယောက်ကို မသင်္ကာသလို တစ်ချက်ကြည့်တယ်။ နှစ်ယောက်စလုံးရဲ့ မျက်နှာမှာ လှောင်ပြောင်တဲ့ အရိပ်တွေ မတွေ့ရတာ သေချာမှ.. စကားကို စတယ်။
×××
အခန်း (၃၉)
-(သက်ဦး)-
“အောင်မော် သေတုန်းက သေမှုသေခင်းရယ်လို့ ထူးထူးခြားခြား မရှိခဲ့ဘူးဗျ။ တောကောင်လက်ချက်ပဲ ဖြစ်မယ်..ဆိုပြီး အားလုံးက သတ်မှတ်လိုက်တာ။ ရွာက လူတွေပဲ သူတို့ဘာသာသူတို့ ဆုံးဖြတ်ချက်ချ၊ ရွာလူကြီးက.. မတော်တဆမှုအဖြစ် ကျွန်တော်တို့ဆီ လှမ်းသတင်းပို့။ ဒီလောက်ပဲ။ ဒါပေမယ့် အောင်မော် သေပြီး မကြာခင်မှာ လူ ၅ ယောက် ထပ် သေသွားတယ်.. ဆိုတဲ့ သတင်း.. ကျွန်တော်တို့ဆီကို ရောက်လာတယ်။ ဒီအမှုကို လိုက်ဖို့ ကျွန်တော်နဲ့ အတူ တွဲဘက် ဝန်ထမ်း နှစ်ယောက်လည်း မုယောကို ရောက်လာကြတယ်။ သူတို့လည်း သူတို့ဘာသာ သူတို့ စုံစမ်းစရာ ရှိတာ စုံစမ်း။ မေးမြန်း စစ်ချက်ယူ ပေါ့လေ။ အောင်မော့် အစ်မ ဖြစ်တဲ့ သီရိကို မေးဖို့ ကျွန်တော် တာဝန်ကျတယ်..
မသီရိနဲ့ ကျွန်တော် တစ်ခါပဲ စကားပြောဖြစ်လိုက်တယ်။ ဘာမှ ထွေထွေထူးထူး အဖြေ မထွက်ပါဘူး။ သူကိုယ်တိုင်ကလည်း သူ့မောင်အကြောင်း သိပ်မသိဘူး ထင်တယ်။ အဲဒီတုန်းက အကုန်လုံး ထင်ထားတဲ့ ထင်မြင်ချက်ကတော့.. ဒီလူငယ်တွေ.. မူးယစ်ဆေးလုပ်ငန်းနဲ့ ပတ်သက်နေတယ်..။ ဂိုဏ်း တစ်ခုခုက သူတို့ကို ပြစ်ဒဏ်ပေးတဲ့ အနေနဲ့ သတ်သွားတာ ဖြစ်မယ်.. ဆိုတဲ့ ကောက်ချက်။ နေရာဒေသ အခြေအနေကလည်း ဘိန်းခင်းတွေ ဘာတွေ ခိုးစိုက်လို့ ရတဲ့ အနေအထားမျိုး ရှိတယ်လေ။ မသီရိကတော့ သူ့မောင်နဲ့ မူးယစ်ဆေးနဲ့ ဘာမှ မပတ်သတ်ဘူးလို့ ဘူးခံ ငြင်းတာပေ့ါ။
ကျွန်တော်က မူးယစ်နဲ့ ပတ်သက်ပြီး ဒီလောက်ကြီး အတွေ့အကြုံ မရှိဘူး။ ဒါပေမယ့် ဒီရွာမှာသာ မူးယစ်ဆေး ဖြန့်ချိတဲ့ လုပ်ငန်းတွေဘာတွေ ရှိနေခဲ့မယ်ဆိုရင်.. ပဲ့ကိုင်တဲ့သူ တစ်ယောက် ရှိကို ရှိရမယ်လို့ ကျွန်တော် ဆုံးဖြတ်တယ်။ မုယောမှာ အချမ်းသာဆုံး၊ ရွာမျက်နှာဖုံး မိသားစု.. ဖြစ်တဲ့ မဟာထွန်း အုတ်စက်ပိုင်ရှင်တွေ။
ဒီတော့ ကျွန်တော့် ဦးတည်ချက်က အုတ်စက်ပိုင်ရှင် ဦးမျိုးလွင်ထွန်း ဖြစ်လာတယ်။ သေသွားတဲ့ လူတွေထဲမှာ သူ့အုတ်စက်မှာ အလုပ်လုပ်နေတဲ့ သူ ၂ ယောက်တောင် ပါနေတယ်ဆိုတော့ .. သွေးရိုးသားရိုး တိုက်ဆိုင်မှု မဖြစ်နိုင်ဘူး။
ဒါပေမယ့်.. ဦးမျိုးလွင်ထွန်းဆီ သွားမမေးခင်မှာ.. နောက်တစ်ရက်မှာပဲ.. မုယောမှာ ကလေး ပျောက်မှုတွေ ဖြစ်တယ်။ ဒီသတင်း ကြားတာနဲ့ ဆိပ်ခုံက ကျွန်တော်တို့ကို ချက်ခြင်း ပြန်ခေါ်တယ်။ အထူးတပ်ဖွဲ့ လွှတ်ပြီး စုံစမ်းမလို့ ဆိုပါတော့။ ကျွန်တော်တို့က အငယ်တန်း ရဲအရာရှိတွေ မဟုတ်လား။ ကလေးပျောက်မှုတွေပါ ပါလာပြီဆိုတော့ အမှုက ကြီးသထက် ကြီးလာပြီ။ ဒါနဲ့.. ကျွန်တော့် တွဲဘက် နှစ်ယောက် ဆိပ်ခုံကို ပြန်သွားတယ်။ ကျွန်တော်ကတော့ စောင့်ကြည့် ပေါ့။ အဖွဲ့မလာခင် စနည်းနာထား။ မေးစရာရှိတာ မေးထား။ စစ်စရာရှိတာ စစ်ထား အစ်ထား ဆိုပါတော့။
နောက်တစ်နေ့ကျတော့ ကလေးပျောက်မှုကို လိုက်တဲ့ အဖွဲ့ တစ်ဖွဲ့..။ လူသေမှုအတွက်ကတော့ ကျွန်တော် တစ်ယောက်တည်း။ ဌာနရဲ့ အာရုံက.. သေပြီးသား လူ ၆ ယောက်ရဲ့ အမှုထက်.. မသေသေးတဲ့ ကလေး ၃ ယောက် အပေါ်မှာ စုပြုံကျသွားပြီ။ ဒီတော့ အောင်မော်တို့ သေတဲ့ အဖြစ်ကို မကြာခင် ချောင်ထိုးပစ်လိုက်ကြတော့မယ်.. ဆိုတာ ကျွန်တော် သိနေတယ်။ ကလေးတွေ ပျောက်နေတာကို ကျွန်တော် စိတ်မဝင်စားလို့ မဟုတ်ဘူးနော်။ ဒါပေမယ့် ဒီအမှုတွေဟာ ဆက်စပ်နေတယ်လို့ ကျွန်တော် ထင်တယ်။ မူးယစ်ဆေးနဲ့ ပတ်သက်တယ်..လို့ ထင်နေတဲ့ ကျွန်တော့်ရဲ့ ထင်မြင်ချက်ကလည်း တဖြည်းဖြည်း အားကောင်းလာတယ်။
ဒီလိုနဲ့ မဟာထွန်း အုတ်စက်ကို ကျွန်တော် ရောက်သွားတယ်။ အုတ်စက်က ပိတ်ထားတာ တစ်ရက် နှစ်ရက် ရှိပြီတဲ့။ ဒါနဲ့.. အိမ်ကို ဆက်လိုက်သွားတော့လည်း အတွေ့မခံ၊ ပြန်လွှတ်ခံရတယ်။ ဖမ်း၀ရမ်းလည်း မပါ၊ ဌာနရဲ့ ကျောထောက်နောက်ခံလည်း မရှိတော့တဲ့ အခါ.. ကျွန်တော့်အနေနဲ့ လှည့်ပြန်လာရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူး။
ရွာထဲက ကိုထွန်းငွေရဲ့ အိမ်မှာ ကျွန်တော် တည်းတယ်။ ကိုထွန်းငွေက လူပျိုကြီး။ သဘောကောင်းတယ်။ ကျွန်တော်နဲ့ အဲဒီတော့မှ သိပေမယ့် မုယောကို ကူညီဖို့ ရောက်လာတဲ့ အရာရှိပဲလေ.. ဆိုပြီး သူက ကျွန်တော့်ကို သေသေချာချာ ဧည့်ခံတယ်။ အချိန်အကန့်အသတ်မရှိ နေချင်သလောက် နေပါလို့လည်း တဖွဖွ ပြောတယ်။ အောင်မော်တို့ အလောင်းတွေကို ပထမဆုံးတွေ့ခဲ့တဲ့ သူကလည်း သူပဲ။ ရပ်ထဲရွာထဲမှာ လိုသမျှ အကုန် ကူညီတတ်တဲ့သူလို့ နာမည်ကြီးတယ်။ ကာလသား ခေါင်းဆောင်လို့ ပြောရင်လည်း မမှားဘူး။
ထားပါတော့..။
ကလေးတွေပျောက်သွားပြီး ၂ ရက်လောက် အကြာမှာ ထင်တယ်။ ကျွန်တော် တစ်ရက်လုံး .. တစ်ရွာလုံး ပတ်ပြီး စုံစမ်းမေးမြန်းပေမယ့် မဟာထွန်း မိသားစုနဲ့ ပတ်သက်ပြီး ဘာမှ ရေရေရာရာ မသိရဘူး။ သဘောကောင်းတဲ့၊ ရက်ရောတဲ့ မိသားစုအဖြစ်ပဲ အားလုံးက ချီးကျူးကြတယ်။ သားသမီး ၃ ယောက်စလုံးကလည်း လိမ္မာတဲ့ ထက်မြက်တဲ့ ကလေးတွေတဲ့။ ဒီမိသားစုရဲ့ နောက်ကွယ်မှာ တစ်ခုခုတော့ တစ်ခုခုပဲ.. ဆိုတဲ့ သံသယစိတ်က ကျွန်တော့်ကိုယ်ထဲမှာ အကောင်အထည် ခိုင်လာတယ်။ ခြောက်ပြစ်ကင်း သဲလဲစင် ဆိုတာ အပြင်မှာ မရှိဘူးဗျ။ တစ်ရွာလုံးက ဒီလောက် တဖွဖွ ချီးကျူးနေရအောင်.. ဒါ ပုံမှန် မဟုတ်ဘူး။ ပြီးတော့ အုတ်စက်ကို ဒီလို အချိန်မှာမှ ပိတ်ပစ်လိုက်တာကိုလည်း ကျွန်တော် မသင်္ကာဘူး။ ဦးမျိုးလွင်ထွန်းကို အပြင်မှာ မတွေ့တာလည်း ၃-၄ ရက်ရှိပြီတဲ့.. ဒီသတင်းတွေကလည်း မရိုးဘူး။
ကျွန်တော် ကိုထွန်းငွေရဲ့ အိမ်ကို ပြန်ရောက်တော့ ညမိုးချုပ်နေပြီ။ ကိုထွန်းငွေက ကလေးရှာတဲ့ ရွာသား အဖွဲ့တွေနဲ့ လိုက်သွားတာ ပြန်ရောက်မလာသေး။
ကျွန်တော် စိတ်ရှုပ်ရှုပ်နဲ့ ယူနီဖောင်းကို ချွတ်၊ ရေချိုးဖို့ ပြင်တယ်။ အိမ်နောက်ဖေးက အုတ်ကန်ဆီကို သွားတယ်။ ရေတစ်ခွက် နှစ်ခွက် ခပ်လောင်းချိုးတယ်။ မုယောက.. အဲဒီတုန်းက အင်မတန် အေးတာ။ ရေ လေးငါးခွက်ထက် ပိုမလောင်းနိုင်လောက်အောင်ကို အေးခဲနေတာ။ အဲဒီလို..ရေချိုးနေတဲ့ အချိန်ကတည်းက ကျွန်တော့်စိတ်ထဲ မသိုးမသန့် ဖြစ်နေတယ်။ ရဲအဖြစ်နဲ့ ၅ နှစ်ကျော်လောက် တာဝန်ထမ်းဆောင်ပြီးတဲ့အခါ မသိစိတ်က အလိုလို လေ့ကျင့်ပြီးသား ဖြစ်နေသလားပဲ။ ကျွန်တော့်ကို တစ်ခုခုက စောင့်ကြည့် အကဲခတ်နေတယ် ဆိုတဲ့ စိတ်..ခံစားချက်.. ခေါင်းထဲမှာ တဒုတ်ဒုတ် ထိုးနေတယ်။ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်တော့လည်း ဘာမှ မတွေ့ရဘူး။ အိမ်နောက်ဘက် စိုက်ခင်းအပျက်တွေကလည်း ရိတ်သိမ်းထားတော့ ဟာလာဟင်းလင်း..။ ပုန်းနေခိုနေလို့ရတဲ့ နေရာ မရှိဘူး။ ပတ်ဝန်းကျင်က မှောင်နေပေမယ့် လရောင်နည်းနည်းရှိတော့ အကုန်လုံးကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။
ကျွန်တော် ရေကို မြန်မြန် ချိုးတယ်။ အိမ်ထဲဝင်၊ အဝတ်အစား ပြန်ဝတ်တယ်။ အဲဒီအချိန်မှာ ဧည့်ခန်းထဲမှာ ထားခဲ့တဲ့ ကျွန်တော့်ရဲ့ ဟန်းဖုန်း မြည်လာတယ်။
ဖုန်းကို ကောက်ကိုင်၊ ကျွန်တော့် အထက်လူကြီးနဲ့ စကားပြောနေတဲ့အထိ.. ကျွန်တော့် စိတ်ထဲက မသိုးသမန့် ခံစားချက် ပျောက်မသွားဘူး။ နောက်ကျောကို တစ်ယောက်ယောက်က စိုက်ကြည့်နေတဲ့ ခံစားမှုမျိုး။ အင်မတန် နေရထိုင်ရ ခက်တာလား။ မဟာထွန်း အုတ်စက်ကို ကျွန်တော် ထောက်လှမ်းနေတဲ့အကြောင်း တင်ပြတော့ အထက်လူကြီးက သဘောတူတယ်။ သူကိုယ်တိုင်လည်း ဒီလိုပဲ ဆုံးဖြတ်မိမှာပဲတဲ့။ ဒါပေမယ့် ဒီကိစ္စမျိုးကို တစ်ယောက်တည်း မကိုင်တွယ်ဖို့။ ကလေးတွေ ပျောက်နေတဲ့ ကိစ္စကို အရင်ဆုံး အာရုံထားဖို့။ နောက်ပိုင်းမှ.. တခြား လုပ်ဖော်ကိုင်ဖက်တွေနဲ့ တစ်ခေါက် ပြန်လာဖို့.. သူက အမိန့်ပေးတယ်။
ဖုန်းပြောပြီးသွားတော့ ကျွန်တော် အိမ်ရှေ့ကို ထွက်တယ်။ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို ဘာရယ်မဟုတ်.. ငေးကြည့်ရင်း ဆေးလိပ်တစ်လိပ်ထုတ်၊ မီးညှိရင်း ဖွာတယ်။ စောစောက မသိုးမသန့် ခံစားချက်.. ပျောက်မသွားသေးဘူး။ ကျွန်တော် နောက်ကို လှည့်ကြည့်တယ်။ ဖွင့်ထားတဲ့ အိမ်ရှေ့တံခါးကနေ အထဲကို တိုးလျိုပေါက်မြင်နေရတယ်။ ဘယ်သူမှ မရှိဘူး။ အိမ်ထဲကို ပြန်လှည့်ဝင်လာတော့လည်း နောက်ကနေ တစ်ယောက်ယောက် လိုက်ကြည့်နေတဲ့ ခံစားချက်က တဒုတ်ဒုတ်ထိုးနေတယ်။
အိမ်ရှေ့တံခါးကို ပိတ်၊ ချက်ချ၊ ဧည့်ခန်းထဲက ထိုင်ခုံမှာ ထိုင်၊ မျက်လုံးတွေကို မှိတ်ထားလိုက်တော့မှ အဲဒီခံစားချက် နည်းနည်း ပြေလျော့သွားတယ်။ ငါ.. အိပ်ရေးပျက်တာ များသွားလို့ ဖြစ်မှာပါ..ဆိုပြီး ကျွန်တော် တွေးတယ်။ ဟုတ်တယ်။ မုယောကို ရောက်ပြီးကတည်းက သေသေချာချာ မအိပ်ရ မစားရ သေးဘူး။ ကလေး ပျောက်နေတဲ့ မိခင်တွေ.. သေသွားတဲ့ ကောင်လေးတွေရဲ့ မိဘတွေတော့ ဘယ်လိုများ ခံစားနေရမလဲ.. ကျွန်တော် မြင်ယောင်ကြည့်တယ်။
နှာခေါင်းထဲကို တိုးဝင်လာတဲ့ အနံ့တစ်ခု။ ဘယ်လိုပြောရမလဲ.. ခင်ဗျားတို့ကို ဘယ်လို ရှင်းပြရမလဲ။ ကျွန်တော်က ရဲဝန်ထမ်း တစ်ယောက်ဖြစ်တဲ့အတိုင်း လူသေအလောင်းတွေနဲ့ မစိမ်းဘူး။ ပုံစံမျိုးစုံနဲ့ သေနေကြတဲ့ အလောင်းပေါင်းများစွာ တွေ့ဖူးတယ်။ ပုပ်ပွနေတဲ့ အလောင်းတွေကို အနီးကပ်ကြည့်ခဲ့ရတယ်။ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော့် နှာခေါင်းထဲ ဝင်လာတဲ့ အနံ့က ဘာနဲ့မှ မတူဘူး။ နှစ်ပေါင်းများစွာ.. ပျက်စီး ပုပ်သိုးနေပေမယ့်.. အမှုန့်ဖြစ် ပျောက်ကွယ်မသွားသေးတဲ့.. သတ္တဝါ တစ်ကောင်ရဲ့ အနံ့မျိုး။ စူးရှပြီး ပုပ်ဟောင်နေတာ။
ကျွန်တော် မျက်လုံးဖွင့်လိုက်တော့ ကျွန်တော့်ရှေ့ ခြေ ၂ လမ်း အကွာမှာ ရပ်နေတဲ့ မိန်းမတစ်ယောက်။ အသက် ခပ်လတ်လတ်ပဲ။ သေချာတော့ မှန်းမရဘူး။ ၃၅-၄၀ လောက်များ ရှိမလား။ ထမီနဲ့ ဘလောက်စ်အင်္ကျီနဲ့ ခပ်ရိုးရိုးပဲ ဝတ်ထားတယ်။ ဒါပေမယ့် သူ့ရဲ့ ဆံပင်တွေက တော်တော်ရှည်တယ်။ ခါးလယ်လောက်အထိကို ရောက်နေတယ်။
အထူးဆန်းဆုံးက ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေပဲ။
စပါးအုန်းတစ်ကောင်လို တဝီဝီ လည်နေတဲ့ မျက်ဆံတွေ။
ကျွန်တော် အာခေါင်တွေ ခြောက်လာတယ်။ ပါးစပ်ကို ဟ မရဘူး။ ထိုင်နေရာက ထ မရဘူး။ နှစ်ပေါင်းများစွာ လေ့ကျင့်သင်ယူလာခဲ့တဲ့ ကိုယ်ခံပညာတွေ၊ ဗဟုသုတတွေ အဲဒီ အချိန်မှာ ဘာမှ သုံးမရတော့ဘူး။ တစ်ခုခု မှားနေပြီဆိုတာ ကျွန်တော် ချက်ခြင်းသိတယ်။ ဒီမိန်းမ.. လူမဟုတ်ဘူးဆိုတာ ကျွန်တော် ချက်ခြင်း ယုံသွားတယ်။ ဒါပေမယ့် လှုပ်လို့မရ၊ အော်လို့မရ.. အာစေးထည့်ထားသလို ကျွန်တော့် မေးရိုးက ခိုင်နေတယ်။ ကျွန်တော် ကြိုးစားပြီး ထိုင်နေရာကနေ ထတယ်။ ဒါပေမယ့် မမီတော့ဘူး။
အဲဒီမိန်းမ ရုတ်တရက် ကျွန်တော့်နားကို ရောက်လာတယ်။ ပွင့်အာသွားတဲ့ သူ့ပါးစပ်ထဲက အငွေ့ဆိုးတွေ ကျွန်တော့်မျက်နှာကို လာဟပ်တယ်။ သူ့နှုတ်ခမ်း ထူထူအိအိတွေ ကျွန်တော့် နှုတ်ခမ်းတွေပေါ်ကို ရောက်လာတယ်။ ကျွန်တော့် အာခေါင်ထဲကို စွပ်ခနဲ ထိုးဝင်လာတဲ့ ရှည်မျောမျော အရာတစ်ခု..။ အဲဒီ အရာက အာခေါင်ထဲကနေ လည်မျို ဟိုးအောက်အထိ.. အစာအိမ်ထဲအထိ တိုးဝင်သွားတယ်။
အသည်းတွေ အူတွေကို နှိုက်ယူလိုက်သလို.. ကျွန်တော့် တစ်ကိုယ်လုံး လှိုက်ခနဲ ဖြစ်သွားတယ်။ ဟိုးအမြင့်ကြီးကနေ အထိန်းအကွပ် မရှိပြုတ်ကျလာတဲ့ သူတစ်ယောက်လိုမျိုး။ သူ့မျက်နှာ.. ပြန်ခွာသွားတဲ့ အချိန်မှာ ကျွန်တော် သတိလစ်နေပြီ။
ကျွန်တော်.. သတိပြန်ရလာတော့.. ကိုထွန်းငွေရဲ့ အိမ်ထဲမှာ မဟုတ်တော့ဘူး။ ဒီအိမ်က အများကြီး ပိုကြီးတယ်။ ပိုခမ်းနားတယ်။ ဒီရွာမှာ.. ဒီလောက် ကြီးတဲ့ အိမ်.. တစ်အိမ်ပဲ ရှိတယ်။ မဟာထွန်း အိမ်။
ကျွန်တော် ကြမ်းပြင်မှာ လဲနေတယ်။ တစ်ကိုယ်လုံး လှုပ်လို့ မရဘူး။ ကြိုးတုပ်မထားဘူးနော်။ ဒီအတိုင်း လှုပ်မရတာ။ မြင်နေရတယ်။ ကြားနေရတယ်။ တဆစ်ဆစ် ကိုက်ခဲ နာကျင်နေတဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို ခံစားလို့ ရနေတယ်။ မေ့ဆေး မအောင်လို့ သတိလစ်မသွားဘဲ အကုန်သိနေသေးတဲ့ လူနာတစ်ယောက်လိုမျိုး ဆိုပါတော့။ ခင်ဗျားတို့ ကြားဖူးမှာပေါ့။ တချို့ လူနာတွေ.. ခွဲခန်းထဲမှာ မေ့ဆေး မထိဘဲ အကုန် သိနေတာမျိုးတွေ။ ထားပါတော့။
ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ မောင်နှမ ၃ ယောက်။ မြတ်သော်တာထွန်း ဆိုတဲ့ အကြီးမ။ သူက အပျိုဖြစ်နေပြီ။ ၂၀ ကျော်ပြီ။ ပြီးတော့ သူ့အောက်က အမြွှာမောင်နှမ နှစ်ယောက်။ စကားသံတွေ မပီမသ ကြားရတယ်။ အမြင်အာရုံက ရှင်းတယ်။ လင်းတယ်။ ဒါပေမယ့် ဗီဒီယိုခွေ ထစ်နေသလို ရုပ်တွေက ကျော်ကျော်သွားတယ်။ ဖျပ်ခနဲ ဇတ်ခနဲ ရွေ့ရွေ့သွားတယ်။
မြတ်သော်တာထွန်းဆိုတဲ့ မိန်းကလေး ကျွန်တော့်ပါးစပ်ထဲကို ဘာမှန်းမသိတဲ့ အသားတုံးတစ်တုံး ထိုးထည့်တယ်။ နကိုကတည်းက လှုပ်မရတဲ့ ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာ .. အဲဒီမှာ ပိုဆိုးသွားတယ်။ ကျောက်ရုပ်တစ်ရုပ်လို.. မျက်တောင်တောင် ခတ်မရတော့ဘူး။
မြတ်စန္ဒာထွန်းဆိုတဲ့ အမြွှာနှစ်ယောက်ထဲက အငယ်မလေး.. ကျွန်တော့်လည်ပင်းကို ပြေးကိုက်တယ်။ ခွေးဆွဲသလို၊ ကျားဆွဲသလို အားရပါးရ.. သွားချွန်ချွန်တွေနဲ့။ ကျွန်တော် မျက်လုံးတွေကို မှိတ်ပစ်ဖို့ ကြိုးစားပေမယ့် မရဘူး။ မမြင်ချင်ပေမယ့် မြင်နေရတယ်။ မသိချင်ပေမယ့် သိနေရတယ်။
ကလေးငိုသံတွေ ကြားရတယ်..။
ကျွန်တော် ထင်ထားတဲ့ အတိုင်းပဲ..။ မဟာထွန်း မိသားစုနဲ့ ဒီကလေးပျောက်မှုနဲ့ တိုက်ရိုက်ပတ်သက်နေတာ..။ ဒါပေမယ့် ကျွန်တော့် အဖြေမှန်သည် မမှန်သည်ထက်.. အဲဒီအချိန်မှာ.. ငါ ဒီည သေမှာလား.. သေတော့မှာလား ဆိုတဲ့ အသိပဲ ရှိနေတယ်။
ရန်နိုင် ဆိုတဲ့ ကောင်လေးက ကျွန်တော့်ကို ကြောင်အအနဲ့ ကြည့်နေတာ ကျွန်တော် မှတ်မိတယ်။ ကျွန်တော့်လည်ပင်းမှာ ကျွတ်တစ်ကောင်လို တွယ်ကပ် သွေးစုပ်နေတဲ့ သူ့ညီမကို ဝင်ဆွဲမလို့လား.. မသိဘူး။ ဒါပေမယ့် ဟို.. ဆံပင်ရှည်ရှည်နဲ့ မိန်းမက ရန်နိုင့်ကို လည်ပင်းကနေကိုင်မြှောက်တယ်။
အဲဒီအချိန်မှာ အိမ်ရှေ့တံခါး ၀ုန်းခနဲ ပွင့်သွားတယ်။ အိမ်ထဲကို ခင်ဗျားရဲ့ အမေ ဝင်လာတယ်။
+++
အခန်း (၄၀)
-(သူဇာလွင်)-
(၁)
သက်ဦးက စကားအရှည်ကြီး ပြောလိုက်ရလို့ မောသွားသလို ရေနွေးအေးအေးကို ဂွတ်ခနဲ မော့သောက်တယ်။ သက်ပြင်းချတယ်။ သူ့ကို မျက်တောင်မခတ် စိုက်ကြည့် နားထောင်နေတဲ့ သူဇာလွင့်ကို တစ်ချက် ကြည့်တယ်။ ခေါင်းညိတ်တယ်။
“ဟုတ်တယ်။ ကျွန်တော်က အဝင်၀ကို ကျောပေးထားတာ ထင်တယ်။ ချက်ခြင်းတော့ သူ့ကို မမြင်ရဘူး။ ဒါပေမယ့် တံခါးကို ၀ုန်းခနဲ ဆောင့်ကန်ဖွင့်လိုက်တာကို ကြားရတယ်။ ဟေး .. ဆိုတဲ့ အော်သံ ကြားလိုက်ရတယ်။ စိန်ခေါ်တဲ့ အသံမျိုးဗျ။ ကျွန်တော်တို့တွေ လေ့ကျင့်တဲ့အခါ.. မာန်နဲ့ ဌာန်နဲ့ အော်တဲ့ အသံမျိုး”
သူဇာလွင် ခေါင်းညိတ်လိုက်တယ်။ သူကိုယ်တိုင်လည်း.. အမေ့လိုပဲ.. ဟေးခနဲ.. အော်ခဲ့မိတာကို သတိရသွားတယ်။
“ပြီးတော့ ဘာဆက်ဖြစ်သလဲ”.. သူဇာလွင် မေးလိုက်တယ်။
“ကျွန်တော်က မြင်ရ ကြားရတယ်ဆိုပေမယ့်… ကိုယ်ခန္ဓာက လှုပ်မရတော့ အကုန်လုံး အတိအကျတော့ မမြင်လိုက်ဘူး။ ဒါပေမယ့် မမမေ ဆိုတဲ့ နာမည်.. မြတ်သော်တာထွန်း ပါးစပ်က ထွက်လာတာကို ကျွန်တော် ကြားတယ်။ ကြောက်လန့်တကြား အော်လိုက်တဲ့ အသံမျိုးဗျ။ ကျွန်တော်ထင်တာ .. ခင်ဗျားအမေနဲ့ မြတ်သော်တာထွန်းနဲ့ အရင်တုန်းက တွေ့ဖူးလိမ့်မယ်”
“ဘယ်လို”.. သူဇာလွင် နားမလည်သလို မျက်မှောင် ကြုတ်လိုက်တယ်။
“မြတ်သော်တာထွန်း အော်လိုက်တဲ့ အသံက.. သူ ရင်မဆိုင်ရဲတဲ့ အရာတစ်ခုခု၊ ဟို.. ကန်တော့ပါသေးရဲ့ သူ ဖင်တုန်အောင် ကြောက်နေတဲ့ .. သူတစ်ယောက်ကို မျက်ဝါးထင်ထင် တွေ့လိုက်လို့ ကြောက်ချေးထွက်သွားတဲ့ အသံဗျ”.. သက်ဦးက ပြောရင်း ကျေနပ်သလို ပြုံးတယ်။ .. “ထားပါတော့။ ခင်ဗျား အမေကို ကျွန်တော် စက္ကန့်ပိုင်းလောက်ပဲ မြင်လိုက်တာ။ သူဝတ်ထားတဲ့ ဂျင်းဝမ်းဆက်ကို ကျွန်တော် မှတ်မိတယ်။ ပြီးတော့ သူ့လက်ထဲမှာ ဓားရှည်တစ်ချောင်းပါတယ်”
“ဟုတ်တယ်။ ဟုတ်တယ်”.. မင်းခန့်ထူးက ပျာပျာသလဲလဲ ဝင်ထောက်ခံတယ်။ သက်ဦးဆိုတဲ့သူ အမှန်ကို ပြောနေတယ်ဆိုတာ ယုံသွားတဲ့ အမူအရာ.. မင်းခန့်ထူးမျက်နှာမှာ တွေ့ရတယ်။
“မမမေနဲ့အတူ သီရိလည်း ပါလာတယ်ဗျ”.. သက်ဦးက ဆက်ပြောတယ်။
“ဟင်..။ သီရိနဲ့.. အမေနဲ့.. တူတူ ရောက်လာတယ်”.. သူဇာလွင် ပါးစပ်က ရေရွတ်လိုက်တယ်။
“ဟုတ်တယ်။ မသီရိက ကလေးတွေကို ကောက်ချီပြီး ထွက်ပြေးသွားတာ။ ဟို ဆံပင်ရှည်နဲ့ မိန်းမရယ်၊ မြတ်စန္ဒာထွန်းဆိုတဲ့ ကလေးမရယ်.. သူတို့နှစ်ယောက်လည်း အပြင်ကို ပြေးလိုက်သွားတယ်ထင်တာပဲ။ ဘာလို့လဲဆိုတော့ မြတ်သော်တာထွန်း အမှုန့်ဖြစ်သွားတဲ့အချိန်မှာ သူတို့ မရှိတော့ဘူး”
“အမှုန့်ဖြစ်သွားတယ်။ ဟုတ်လား။ ဘာကိုပြောတာလဲ”.. သူဇာလွင် မေးလိုက်တယ်။
“ဟုတ်တယ်ဗျ အမှုန့်ဖြစ်သွားတာ။ ဟားဟား..”.. သက်ဦးက သူ့အသုံးအနှုန်းသူသဘောကျသလို ရယ်တယ်။ .. “ကျွန်တော် သေသေချာချာတော့ မမြင်လိုက်ဘူး။ ခင်ဗျားအမေက မြတ်သော်တာထွန်းကို မီးရှို့လိုက်တာလား မသိဘူး။ ၀ုတ်ခနဲ လောင်ပြီး ပြာဖြစ်သွားတာပဲ”
“ပြီးတော့.. ပြီးတော့ရော.. အမေ ဘယ်ရောက်သွားလဲ.. ဘာဆက်လုပ်သလဲ”.. သူဇာလွင် မေးတယ်။
“ခင်ဗျား အမေ.. ကျွန်တော့်ကို လာကြည့်သေးတယ်။ မသေသေးဘူးတဲ့.. အဲဒီလိုတောင် ပြောသွားသေးတယ်”.. သက်ဦးက ပြောတယ်။ .. “ပြီးတာနဲ့ ကျွန်တော် ဘာမှ မမှတ်မိတော့ဘူး။ ကျွန်တော် သတိရလာတော့ မိုးစင်စင်လင်းနေပြီ။ တစ်အိမ်လုံး ဘယ်သူမှ မရှိတော့ဘူး”
“မနက်ကျတော့ရော..”
“ကျွန်တော် သတိရတော့ သေကောင်ပေါင်းလဲ ဖြစ်နေပြီဗျ။ သွေးတော်တော် ခမ်းသွားတာကိုး။ မသေတာ ကံကောင်းတယ် ပြောရမယ်။ ရှိတဲ့ ခွန်အား ဖြစ်ညှစ်ထုတ်ပြီး ဧည့်ခန်းထဲမှာ ဒူးထောက်သွား။ တွေ့တဲ့ ဟန်းဖုန်းတစ်လုံးကို ကောက်ယူ။ အကူအညီတွေ ဖုန်းဆက်ခေါ်။ အဲဒါပဲဗျ”
“အစ်ကို အခုပြောပြတာတွေကို တခြားသူတွေကို ပြောပြလိုက်သေးသလား”.. သူဇာလွင် မေးလိုက်တယ်။
သက်ဦးရဲ့ မျက်နှာ မှောင်ကျသွားတယ်။
“ပြောတယ်။ ဆရာဝန်တွေကို ပြောပြတယ်။ အထက်အရာရှိကို ပြောပြတယ်။ လုပ်ဖော်ကိုင်ဖက်တွေကို ပြောပြတယ်။ ဒါပေမယ့်.. ”
“ဘယ်သူမှ မယုံကြဘူး ဆိုပါတော့”.. မင်းခန့်ထူးက ဝင်ပြောတယ်။
သက်ဦးက ခေါင်းညိတ်တယ်။
“မဟာထွန်း အိမ်ထဲမှာ လူသတ်မှုတွေ ဖြစ်ခဲ့တယ်။ လူသတ်သမား လွတ်သွားတယ် လို့ပဲ အကုန်လုံးက ကောက်ချက်ချတယ်။ ကျွန်တော့်ကိုတော့ သေလုမြောပါး အတွေ့အကြုံတစ်ခုကြောင့် စိတ်ကယောက်ကယက် ဖြစ်သွားတယ်လို့ ယူဆပြီး တာဝန်ကနေ ခေတ္တရပ်နားလိုက်တယ်”
“ဒါပေမယ့် .. အစ်ကို့ လည်ပင်းက ဒဏ်ရာ.. အဲဒါကို သူတို့ မတွေ့ဘူးလား..။ လူ သွားရာ မဟုတ်ဘူး ဆိုတာ သူတို့ မသိဘူးလား”
“တွေ့တာ။ သိတာနဲ့ လက်ခံတာက တခြားစီပဲဗျ”.. သက်ဦးက လေသံမာမာနဲ့ ပြောတယ်။ .. “အင်း.. သူတို့ အပြစ်ချည်းပဲတော့လည်း မဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း အဲဒီ ည ပြီးကတည်းက ပုံမှန် မဟုတ်ဘူး။ အမြဲတမ်း ကယောင်ချောက်ခြားတွေဖြစ်။ အိပ်မက်ဆိုးတွေမက်။ တစ်ခါတလေကျရင် နေ့ခင်းကြောင်တောင်.. လူရှေ့သူရှေ့မှာ.. အိပ်မပျော်ဘဲ.. လန့်နိုးတာမျိုး။ ဟားဟား.. ဘယ်လို ပြောရမလဲ.. ပြောရင်းနဲ့တောင် အရူးလေသံ ထွက်လာပြီ။ အလုပ်ပြန်ဝင်ဖို့လည်း အဆင်မပြေဘူး။ ကျွန်တော် ကိုယ်တိုင်ကိုက.. ဒီ အဖြစ်အပျက်တွေကို မေ့လို့ မရဘူး။ စိတ်ထဲမှာ စွဲနေတယ်။ ဒါကိုပဲ တွေးနေတယ်။ မုယောရဲ့ ပဟေဠိကို အတင်း အဖြေထုတ်ချင်နေတယ် ဆိုပါတော့။ အလုပ်က နားထားတဲ့ အချိန်မှာ မုယောကို ကျွန်တော် ခဏခဏ လာတယ်။ အထက်ရဲ့ အမိန့်မရဘဲ ဆက်ပြီး စုံစမ်းတယ်။ လိုက်မေးတယ်။ ဒီလိုနဲ့ ၆ လ လောက်ကြာသွားတယ်။ ပျောက်သွားတဲ့ သူတွေ တစ်ယောက်မှ ပြန်ပေါ်မလာတဲ့ အပြင်.. လူပျောက်မှုတွေက ပိုလို့တောင် များလာတယ်။ ထားပါတော့.. နောက်ဆုံးမှာ ကျွန်တော် ကြံရာမရ ဖြစ်လာပြီး ဒီ ဘုန်းကြီးကျောင်းရဲ့ ဆရာတော်ဆီကို ရောက်လာတာပဲ။ ကျွန်တော်က ဘာသာရေး ကိုင်းရှိုုင်းလှတဲ့ သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မုယောကို ရောက်တိုင်း.. ဒီကျောင်းကို ဝင်ဖြစ်တယ်။ ဆရာတော်ကို ဝင်ဖူးဖြစ်တယ်။ စိတ်ကြည်သွားအောင် ဆိုပါတော့။ ဒီနေရာကလည်း စိတ်နောက်စရာ နေရာပဲလေ..”
“ဆရာတော်ကရော.. ယုံသလား”.. သူဇာလွင် မေးလိုက်တယ်။
သက်ဦးက ခေါင်းညိတ်တယ်။
“ဆရာတော်က ချက်ခြင်း သိတယ်ဗျ။ သူ ကျွန်တော့်ကို တော်တော်လေး ကူညီပေးခဲ့တာ”.. သူ့လေသံထဲမှာ စိတ်မကောင်းတဲ့ အငွေ့အသက်တွေ ပါလာတယ်။ .. “ကျွန်တော်တင် မကပါဘူး.. တစ်ရွာလုံး နီးပါးကို သူ ကူညီခဲ့ပါတယ်။ မုယောရဲ့ မြေမှာ ဆက်မနေဖို့.. သူ့ရဲ့ ဒကာရင်း ဒကာမရင်းတွေကို ဆရာတော်က ဖြောင်းဖျတယ်။ တစ်ရွာလုံးနီးပါး ပြောင်းပြေးသွားတာ..ဆရာတော့် တိုက်တွန်းမှုတွေလည်း ပါတယ်”
“ဆရာတော်ကရော.. ဒီမကောင်းဆိုးဝါး..”.. မင်းခန့်ထူးစကားက တစ်ဝက်မှာ ရပ်သွားတယ်။ မကောင်းဆိုးဝါး ဆိုတဲ့ စကားလုံးကို အခုလို စကားဝိုင်းထဲမှာ ထုတ်ပြောနေရတာကို သဘောကျသွားသလို ခေါင်းတညိတ်ညိတ် လုပ်တယ်။ .. ”ဒီ မကောင်းဆိုးဝါးကို နှိမ်နှင်းပေးမယ်လို့ မပြောခဲ့ဘူးလား”
သက်ဦးက ခေါင်းခါတယ်။
“မဆိုင်ဘူးဗျ။ ဆရာတော်ကလည်း ပြောတယ်။ သူတို့အလုပ်က လူတွေကို ကယ်တင်စောင့်ရှောက်ဖို့သာ ဖြစ်တယ်။ သုတ်သင် သတ်ဖြတ်တဲ့ အလုပ် မလုပ်နိုင်ဘူးတဲ့။ ပြီးတော့ ဆရာတော်က သက်တော်လည်း ကြီးပြီ။ ကျန်းမာရေးလည်း အရင်ကတည်းက ကောင်းတာမဟုတ်ဘူး။ သူ ပျံလွန်တော်မမူခင် နှစ်ပတ်လောက်တုန်းက ကျွန်တော့်ကို ခေါ်တွေ့သေးတယ်။ ဘာပဲဖြစ်ဖြစ်.. အရေးရယ် အကြောင်းရယ် ဆိုရင်.. ဒီကျောင်းဝင်းက လုံခြုံတယ်။ စိတ်ချရတယ်တဲ့။ အဲဒီလို မိန့်သွားတယ်”
“အဲဒါကြောင့်.. အခု ဒီမှာ ခေါ်ပြီး စကားပြောတာလား”.. သူဇာလွင်က မေးတယ်။
“ဟုတ်တယ်”.. သက်ဦးက ပြန်ဖြေတယ်။ ကျောင်းဝင်း အပြင်ဘက် လမ်းမကို တစ်ချက် လှမ်းကြည့်တယ်။ ခေါင်းခါတယ်။ .. “ကျွန်တော် ဘယ်သူ့ကိုမှ မယုံဘူး။ မုယော တစ်ရွာလုံး.. အရှေ့ရော အနောက်ရော.. ဘယ်သူမှ စိတ်မချရဘူး”
ဒေါ်ဥတို့ မိသားစုအကြောင်း ပြောပြလိုက်ရင် ကောင်းမလား.. သူဇာလွင် စဉ်းစားသေးတယ်။ မဖြစ်သေးဘူး.. စောသေးတယ်.. လို့ သူ့ဘာသာသူ ဆုံးဖြတ်ချက်ချ.. အရှိန်သပ်လိုက်တယ်။
“အစ်ကို ဒီ ၂ နှစ် လုံးလုံး ဘာတွေ ဆက်လုပ်နေသလဲ။ ဒီကိစ္စကို ဆက်စုံစမ်းသေးလား”
သက်ဦးက ခေါင်းညိတ်တယ်။
“တစ်ခုခု ဖြစ်ခဲ့ရင်.. ဒီကျောင်းဝင်းထဲကို အချိန်မီ ပြေးလာ.. ပုန်းနေလို့ ရတယ်..ဆိုတာကို ကျွန်တော် လက်ခံလိုက်ပြီး ကတည်းက အရင်လောက် မကြောက်တော့ဘူး။ ကျွန်တော် အခု ဒီကို တစ်ပတ် ၂ ရက်လောက် ရောက်ဖြစ်တယ်။ နေ့ခင်းဘက်တွေမှာ အနောက်မုယောဘက်ကို ကျွန်တော် သွားတယ်။ မေးလို့ မြန်းလို့ ရသလောက် မေးတယ်။ မသင်္ကာစရာ မိသားစုတွေကို မျက်စေ့ဒေါက်ထောက် လိုက်ကြည့်တယ်။ ညဘက်ဆိုရင် ကျောင်းမှာ ပြန်အိပ်တယ်”
“အဲဒီတော့.. ဘာတွေ ထူးသလဲ..။ အမေ့ သတင်း.. အစအန လေးများ ကြားလိုက်မိသလား ကိုသက်ဦး”.. သူဇာလွင် မျှော်လင့်တကြီး မေးလိုက်တယ်။
“ကျွန်တော်.. အခု ခင်ဗျားကို ဒါတွေ ပြောပြဖို့ ဆုံးဖြတ်လိုက်တာလည်း.. ဒါကြောင့်ပဲ..”
“ဘာကိုပြောတာလဲ။ ညီမ နားမလည်ဘူး”
“ခင်ဗျားအမေ.. မမမေကို တွေ့လိုက်တဲ့သူတွေ တော်တော်များတယ်..။ လေးငါး ဆယ်ယောက်လောက်တောင် ရှိမယ်ထင်တယ်”
“ရှင်”.. သူဇာလွင့်ပါးစပ်က ထွက်သွားတဲ့ အာမေဋိတ်သံ..။ မင်းခန့်ထူးကလည်း စိတ်လှုပ်ရှားသွားသလို ဖင်တကြွကြွ ဖြစ်နေပြီ။ .. “ဘယ်မှာ.. ဘယ်မှာ တွေ့လိုက်တာလဲ။ မုယောမှာလား.. ဆိပ်ခုံမှာလား..”
သက်ဦးက.. ဟူးခနဲ သက်ပြင်းချတယ်။
“ကျွန်တော် ပြောတာကို အပြည့်အ၀ကြီးတော့လည်း မယုံနဲ့ဦး။ ကောလာဟလတွေလည်း ဖြစ်ရင် ဖြစ်နေမှာပါ။ ခင်ဗျား.. အရမ်း စိတ်ဆင်းရဲသွားဦးမယ်”..တဲ့ သူကပြောတယ်။
+++
အခန်း (၄၁)
-(မင်းခန့်ထူး)-
(၁)
ကားလေးက.. အမှောင်ထုကို ထိုးခွဲ.. ဆိပ်ခုံဘက်ကို ဦးတည်.. တရိပ်ရိပ် ပြေးနေတယ်။ ဘုန်းကြီးကျောင်းက ဟိုဘက်ထိပ်မှာ..။ ဆိပ်ခုံ လမ်းခွဲနဲ့ ပြောင်းပြန်..။ အရှေ့မုယောရဲ့ လူသူမရှိတဲ့ အိမ်အိုဟောင်းတွေ မီးရောင်အောက်မှာ အပြေးအလွှား.. ကျန်ခဲ့ကြတယ်။
တရှုံ့ရှုံ့ ငိုနေတဲ့ သူဇာလွင့်ဘက်ကို လှည့်မကြည့်မိအောင် မင်းခန့်ထူး စိတ်ထိန်းလိုက်တယ်။ ငိုပါစေ။ ၀အောင် ငိုပါစေတော့။
သက်ဦးရဲ့ စကားကို ကြားကြားချင်း.. မင်းခန့်ထူး မယုံနိုင်သေးဘူး။ အခုထိလည်း ယုံလို့ မရသေးဘူး။
မုယောရဲ့ တစ္ဆေ..တဲ့။
သက်ဦးပြောပြတဲ့.. လကွယ်ည.. ညဉ့်နက်ပိုင်းတွေမှာ တွေ့တွေ့ရတတ်တဲ့ မုယောရဲ့ အမှောင်ထုထဲက အမျိုးသမီးတွေ အကြောင်း..။
လူသူမရှိတဲ့ မြေနီလမ်းပေါ်မှာ.. တစ်ယောက်တည်း လမ်းလျှောက်နေတတ်တဲ့ ဆံပင်ကုပ်ဝဲနဲ့.. ခပ်ငယ်ငယ် မိန်းကလေးက တစ်ယောက်..။ သူ့ရဲ့ ညအိပ်ဝတ်စုံ ဝမ်းဆက်က လေထဲမှာ တလွင့်လွင့် လူးနေတတ်တယ်..။
ပြီးတော့.. သစ်ပင်အောက်တွေမှာ.. ငုတ်တုတ်ကလေးထိုင်.. တဟီးဟီး ငိုနေတတ်တဲ့ မိန်းမပျိုလေးက တစ်ယောက်..။ ခပ်နွမ်းနွမ်း အဝတ်အစားတွေဝတ်လို့…။
ပြီးတော့.. ခြံတွေရဲ့ အဝင်၀မှာ မတ်တပ်ရပ်၊ လက်ပိုက်.. ခြံထဲကအိမ်.. အိမ်ထဲကလူတွေဆီကို မျက်တောင်မခတ်.. စိုက်ကြည့်နေတတ်တဲ့ အသက်ခပ်လတ်လတ်.. အမျိုးသမီးက.. တစ်ယောက်။ သူ ဝတ်ထားတာက.. လက်ပြတ်အင်္ကျီနဲ့.. ဂျင်းဘောင်းဘီရှည်..။
ဒီအမျိုးသမီးတွေ.. ပေါ်လာတဲ့အခါတိုင်း.. အနောက်မုယောရဲ့ နကိုကတည်းက တိတ်ဆိတ်ငြိမ်သက်နေတဲ့ အိမ်တွေ.. ပိုလို့တောင် ခြောက်ခြားအေးစက်သွားတယ်။ ပြတင်းပေါက်တွေကို ပြေးပိတ်ကြတယ်။ တံခါးတွေကို ချက်ချကြတယ်။ ဒီအမျိုးသမီးတွေကို သူတို့တွေ.. သိပ်ကြောက်ကြတယ်…။ သူတို့ ပေါ်လာတဲ့ အခါတိုင်း.. မုယောရဲ့ လူဦးရေ.. တစ်ယောက်စ နှစ်ယောက်စ လျော့လျော့သွားတယ်။ ပျောက်သွားတာလိုလို.. သေသွားတာလိုလို.. ခရီးထွက်သွားတာလိုလို.. သတင်းမကြားရတော့တဲ့ သူတွေ ..။
မုယောရဲ့ တစ္ဆေ…တဲ့။
မဖြစ်နိုင်ဘူး။
မင်းခန့်ထူး ခေါင်းကို ခပ်နာနာ ခါလိုက်တယ်။ သူသိတဲ့.. မမမေဟာ ဒီလို ဘ၀မျိုး ရောက်မှာ မဟုတ်ဘူး။
“မဖြစ်နိုင်ဘူး”.. ခေါင်းထဲက အတွေး.. ပါးစပ်ဖျားကနေ ခုန်ထွက်သွားတယ်။
သူဇာလွင်က မင်းခန့်ထူးကို လှမ်းကြည့်တယ်။ မျက်ရည်တွေနဲ့ စိုလဲ့နေတဲ့ သူဇာလွင့် မျက်နှာ။
“ကျွန်မ ဘာဆက်လုပ်ရမလဲ ကိုမင်းခန့်..”.. သူဇာလွင်က မေးတယ်။ ငိုသံနဲ့ အဖျားခတ် တုန်နေတဲ့ သူ့လေသံကို နားထောင်ရင်း.. မင်းခန့်ထူး မျက်နှာတွေ ထူပူလာတယ်။
သူ ဘယ်လို အကြံပေးရမလဲ။ မင်းခန့်ထူးဆိုတဲ့ ကောင်က.. ဘယ်နေရာမှာ သုံးလို့ ရလို့လဲ။ သူဇာလွင်..ဆိုတဲ့.. ဘာအပြစ်မှ မရှိတဲ့ မိန်းကလေးတစ်ယောက်ကို.. သူ့ အသက်ရှင်လိုဇောနဲ့ အတင်းဆွဲခေါ်.. ဒီဘ၀ထဲ တွန်းထည့်ခဲ့မိတဲ့ .. သူရဲဘောကြောင်တဲ့ ကောင်။ မသေရဲတဲ့ကောင်။
“ကိုမင်းခန့်.. အရှိန် နည်းနည်းလျှော့”.. သူဇာလွင်က ခပ်တိုးတိုး ပြောတယ်။
“ကောလာဟလတွေ နေမှာပါ။ ခင်ဗျား ခေါင်းထဲ အရမ်းထည့်မနေနဲ့ မသူဇာ။ ကျွန်တော်ကတော့ မျက်လုံးနဲ့ တပ်အပ်မြင်မှ ယုံနိုင်မယ်”
“ဒါပေမယ့်.. ကျွန်မ.. ကျွန်မ စိတ်ထဲမှာလည်း အလိုလို သိနေတယ်။ အမေ..ဒီလောကမှာ မရှိတော့ဘူး ထင်တယ်။ သူ့ စကားသံတွေကို ကျွန်မ ကြားကြားနေတယ်..။ ကျွန်မ အမေ့ကို ဘယ်လို ကယ်တင်ရမလဲ။ ကျွန်မ ဘာမှ မသိဘူး။ ဘာမှ မလုပ်တတ်ဘူး”.. သူဇာလွင် ပြောရင်းနဲ့ စိတ်တိုလာသလို ဝတ်ထားတဲ့ ရှပ်အင်္ကျီကို ဆွဲချွတ်တယ်။ သူ့လက်ပေါ်က အရုပ်တွေကို စိုက်ကြည့်၊ တောက်ခေါက်တယ်။ .. “ဒါတွေ.. ဒါတွေ ရှိနေလည်း ကျွန်မ ဘာမှ မလုပ်နိုင်ဘူး။ ကျွန်မ.. ကျွန်မ..က အမေ မဟုတ်ဘူး။ သူ့လို သတ္တိမရှိဘူး”
“အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့ မသူဇာ။ ခင်ဗျား ကျွန်တော့် အသက်ကို ကယ်ခဲ့တာ ၂ ခါ ရှိပြီ။ ဘာလို့ ဘာမှ မလုပ်နိုင်ရမှာလဲ။ ခင်ဗျား.. က ကျွန်တော် တွေ့ခဲ့သမျှထဲမှာ သတ္တိအရှိဆုံး မိန်းကလေး”.. မင်းခန့်ထူး ပြောလိုက်တယ်။ သူဇာလွင့်ရဲ့ ဘယ်ဘက်လက်ဖဝါးကို လှမ်းဆွဲပြီး လက်ထဲမှာ ကိုင်ထားလိုက်တယ်။ သူဇာလွင်က မရုန်းဘူး။ ညာလက်နဲ့ ပါးပေါ်က မျက်ရည်တွေကို သုတ်ရင်း အရှေ့ကို ငေးနေတယ်။
“ဟုတ်တယ်ဗျ။ တကယ်ပြောတာ။ မမမေ.. သတ္တိရှိတယ်ဆိုတာ.. သူက တစ်သက်လုံး ဒီအလုပ်ကို လုပ်လာတာ။ ဒီသတ္တဝါတွေနဲ့ ထိပ်တိုက်ရင်ဆိုင်လာတာ။ ဒါ မထူးဆန်းဘူး။ ခင်ဗျားက.. ရုတ်တရက် ပြောင်းသွားတဲ့ ဘ၀..နဲ့ အခြေအနေမှာတောင်.. နောက်မဆုတ်ဘဲ ရှေ့ဆက်တိုးရဲတဲ့သူ။ အဲဒါကြောင့်..”
“ကိုမင်းခန့်..”
“ခဏလေး.. ကျွန်တော် ပြောနေတာ မပြီးသေးဘူး”.. မင်းခန့်ထူး.. သူဇာလွင့်ကို စိုက်ကြည့်ရင်း ဆက်ပြောတယ်။ “မမမေ.. မကောင်းဆိုးဝါး ဖြစ်သွားတယ်ဆိုတာ ကျွန်တော်ကတော့ လုံး၀ မယုံဘူး.. ခင်ဗျားလည်း..မယုံ..”
“ကိုမင်းခန့်..။ ရှေ့မှာ”.. သူဇာလွင့် အော်သံ။
မင်းခန့်ထူး ကားရှေ့ကို ပြန်ကြည့်လိုက်တယ်။
လမ်းမအလယ်မှာ မတ်တပ်ရပ်၊ ဒီဘက်ကို စိုက်ကြည့်နေတဲ့ လူရိပ်တစ်ရိပ်..။
ကားမီးရောင်အောက်မှာ ထင်းထင်းကြီး မြင်လိုက်ရတဲ့ မျက်နှာဖြူဖြူ..။ ခါးအထိ ရှည်လျား လွင့်ပါးနေတဲ့.. ဆံပင်ရှည်ရှည်တွေ။
မင်းခန့်ထူး ခြေထောက်နဲ့ လက်တွေ ပြိုင်တူ လှုပ်ရှားသွားတယ်။ ဂီယာကို ဖြုတ်တယ်၊ ဘရိတ်ကို ဖိပြီး အုပ်တယ်။ မမီတော့ဘူး။
ဒုန်းခနဲ အသံနဲ့အတူ.. ဓာတ်တိုင်ကို ဝင်တိုက်မိသလို.. ကားရှေ့ပိုင်းတစ်ခုလုံး ကျွံဝင်သွားတယ်။ အရှိန်နဲ့ ပွင့်ထွက်လာတဲ့ လေအိတ်ထဲကို မင်းခန့်ထူးရဲ့ ခေါင်း နစ်ဝင်သွားတယ်။ တကျွီကျွီအသံတွေနဲ့အတူ.. ကားတစ်စီးလုံး ညာဘက်ကို လည်ထွက်၊ လမ်းရဲ့ အစွန်းတစ်ဖက်ဆီကို လျှောတိုက် ပေ ၅၀ လောက်အထိ လွင့်ထွက်သွားတယ်။ လမ်းဘေး အုတ်ခုံနဲ့ ကားကိုယ်ထည်နဲ့ ဆောင့်မိတယ်။ တစ်ပေလောက် ခွက်ဝင်လာတဲ့ ဘေးတံခါးက မင်းခန့်ထူးရဲ့ ဘယ်ဘက် တံတောင်ထိပ်ညှပ်ချိုးပစ်လိုက်တယ်။ ထူပူသွားတဲ့ ဝေဒနာကြောင့် မင်းခန့်ထူး သံကုန်ဟစ် အော်လိုက်မိတယ်။ အော်သံက လေအိတ်ထဲမှာ ဗလုံးဗထွေး..။
ပေါက်ထွက်သွားတဲ့ ရေတိုင်ကီထဲက ရေပူတွေ ပန်းထွက်တဲ့အသံ တရှဲရှဲ..။
ကောင်းနေသေးတဲ့ ဒီဘက်လက်နဲ့.. သူဇာလွင့်ကို လှမ်းဆွဲမလို့ မင်းခန့်ထူး လက်လှမ်းတယ်..။ ဒါပေမယ့် လေအိတ်နဲ့ ဆောင့်မိပြီး မူးဝေသွားတဲ့ အရှိန်ကြောင့် သူ့လက်တွေက လေကိုပဲ ဖမ်းမိနေတယ်။
ကျိုးသွားတဲ့ ဘယ်လက်နဲ့ ကားတံခါးကို တွန်းဖွင့်ဖို့ ကြိုးစားတယ်။ မရဘူး။ ညာလက်နဲ့.. လေအိတ်ကို အတင်းဆွဲဖယ်တယ်။ တအိအိပျော့ကျလာတဲ့ လေအိတ်ကို နောက်ဆုံးမှာ ဆွဲဖယ်လို့ ရသွားတယ်။ ပါးစပ်ထဲမှာ.. လုံးထွေးနေတဲ့ သွားကျိုး.. အပိုင်းအစတွေ..။
“မသူဇာ.. မသူဇာ”.. ပါးစပ်က တတွတ်တွတ်ခေါ်ရင်း.. မင်းခန့်ထူး ဒီဘက်ကို လှည့်လိုက်တယ်။
ဟောင်းလောင်းပွင့်နေတဲ့ ညာဘက်တံခါး။
သူဇာလွင် ကားထဲမှာ မရှိတော့။
+++
(ဆက်ရန်)