++++++++++++
(၆)
လူတစ်ယောက်ဟာ.. ထိတ်လန့်စရာ၊ စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေနဲ့ ကြုံလာပြီဆိုရင် သူ့ကိုယ်ခန္ဓာထဲကနေ Adrenaline လို့ခေါ်တဲ့ ဟော်မုန်း ဓာတ်တစ်မျိုး ထွက်လာသတဲ့။ ဒီဓာတ်သတ္တိက လူရဲ့ အမြင်အာရုံတွေကို ပိုပြီး ကြည်လင်သွားစေတယ်၊ တုံ့ပြန်မှုတွေကို ပိုပြီး မြန်ဆန်လာစေတယ်.. ခံစားမှုတွေကို အဆင့်မြှင့်တင် ပိုမို စူးရှလာစေတယ်..လို့ စာအုပ်တချို့ထဲမှာ သူဇာလွင် ဖတ်ဖူးတယ်။ ဒါပေမယ့် အခု သူဇာလွင့်ကိုယ်ထဲမှာ အဲဒီ ဓာတ်ရဲ့ အရိပ်အယောင်တောင် မတွေ့ရဘူး။ သူ့နှလုံးခုန်နှုန်းက ပုံမှန်ထက် တစ်ချက် ပိုမြန်မလာသလို.. တည်ငြိမ်နေတယ်။ လက်ဖျားတွေက အေးစက်မသွားဘဲ လှုပ်ရှားဖို့အတွက် အဆင်သင့်အနေအထားနဲ့ နွေးနေတယ်။ ကြောက်စိတ်များ ပေါ်လာမလား.. သူ လိုက်ရှာကြည့်သေးတယ်။ အစအန မတွေ့ရဘူး။ ဒါ.. ပုံမှန်မဟုတ်ဘူး..ဆိုတဲ့ သိစိတ်တော့ ရှိနေတယ်။ သူနဲ့ ခြေလှမ်းအနည်းငယ်အကွာမှာ.. သူဇာလွင့် လက်မောင်းကို.. တွေတွေကြီးစိုက်ကြည့်နေတဲ့ အဒေါ်ကြီးရဲ့ မျက်လုံးဖြူဖြူတွေကို သူဇာလွင် တည့်တည့် ရင်ဆိုင်တယ်။
ခြောက်အက်ဖြူဆွတ်ပြီး အသက်မဲ့နေတဲ့ မျက်လုံးတွေ။ ကွာကျလုနီးနီး အဖတ်တွေ လန်နေတဲ့ မျက်ခွံ၊ နှုတ်ခမ်းစပ်နဲ့ ပါးပြင်တွေ။ ရက်ပေါင်းများစွာ မြှုပ်နှံခံထားရပြီး အခုမှ ပြန်ဖော်ထားတဲ့ အလောင်းတစ်လောင်းလို ဒေါ်ဥရဲ့ မျက်နှာတစ်ခုလုံး ဆွေးမြေ့ပျက်ယွင်းနေတယ်..။
ဒီမျက်နှာကြီးကို ဒီလောက်ကြာအောင် စိုက်ကြည့်နေပေမယ့် သူဇာလွင့် ဦးနှောက်ထဲမှာ စိုးရိမ်စိတ်၊ ကြောက်စိတ်တွေ မရှိသေးဘူး။ စူးစမ်းလေ့လာချင်တဲ့ အာရုံတစ်ခုပဲ အရှိန်ပြင်းပြင်း အသက်ဝင်နေတယ်။ စကားဝါ မကောင်းဆိုးဝါးနဲ့.. အခု မုယောရဲ့ သတ္တဝါနဲ့.. ဘယ်လို ပတ်သက်မှုရှိသလဲ သူဇာလွင် စဉ်းစားကြည့်တယ်။ မတူဘူး..။ အသွင်အပြင်ချင်း မတူသလို.. ခံစားချက်ချင်းလည်း ကွာတယ်။ စကားဝါ မကောင်းဆိုးဝါးရဲ့ သားရဲဆန်မှုတွေ.. ဒေါ်ဥမျက်နှာမှာ သိပ်မတွေ့ရဘူး။ ရက်စက်ကြမ်းကြုတ်တဲ့ လူသား တစ်ယောက်ရဲ့ အသွင်သဏ္ဍာန်က ပိုပြီး ပေါ်လွင်နေတယ်။
အဒေါ်ကြီးရဲ့ မျက်လုံးတွေက သူဇာလွင့် လက်က ဆေးမင်ရုပ်တွေဆီမှာပဲ တသမတ်တည်း၊ မပြောင်းလဲဘူး။ သူဇာလွင့် ကန်ချက်ကြောင့် ကျွံပြီး ခွက်ဝင်သွားတဲ့ သူ့ရင်ဘတ်နေရာမှာ အရည်မည်းမည်းတချို့ စိမ့်ထွက်နေတယ်။ သွေးလို့ ထင်ရပေမယ့် ဖယောင်းတိုင်မီးအောက်မှာ အရောင်အဆင်းကို သေချာ မမြင်ရ။
နှာခေါင်းထဲကို လှိမ့်ဝင်လာတဲ့ ပုပ်အဲ့အဲ့ အနံ့တစ်ခု..။
“ရှင် ဘယ်သူလဲ”.. သူဇာလွင် မေးလိုက်တယ်။
ဒေါ်ဥက ပြန်မဖြေဘူး။ ပွင့်သွားတဲ့ သူ့ပါးစပ်က တဂီဂီ အသံတချို့ထွက်လာတယ်။ စစချင်းတော့ ဘာလဲ.. သူဇာလွင် နားမလည်ဘူး။ ပြီးမှ သတိထားမိတယ်။ သူ ရယ်နေတာ..။ ငှက်ဆိုးသံနဲ့ တဂတ်ဂတ် ရယ်နေတာ။
ခြောက်အက်အက်အသံနဲ့ ဟားတိုက်ရယ်နေတဲ့ ဒေါ်ဥရဲ့ မျက်နှာပေါ်မှာ တွန့်လိမ် ရိရွဲနေတဲ့ အရေးအကြောင်းတွေ.. ဖယောင်းတိုင် မီးရောင် အောက်မှာ ရိပ်ခနဲ ရိပ်ခနဲ အရောင်ပြောင်းတယ်။ ဖြူဆွတ်နေတဲ့ မျက်လုံးအတွင်းသားတွေပေါ်မှာ သွေးကြောမဲမဲတွေက ပေါက်ထွက်တော့မလို ဖောင်းတင်းနေတယ်။
“ရှင် ဘယ်သူလဲ”..သူဇာလွင် နောက်တစ်ခါ ထပ်မေးတယ်။
“ဟီး.. မအေတူလေးပဲ.. ဟက်.. ဟက်..”
သူဇာလွင့် စိတ်ယမ်းပုံပေါ်ကို မီးပွင့်တစ်စ ပြုတ်ကျသွားတယ်။
“ဟီးဟီး.. တစ်ယောက်ပြီး တစ်ယောက်.. တစ်ယောက်ပြီးတော့ နောက်ထပ်တစ်ယောက်.. ဟီး..”
သူဘာကို ပြောနေမှန်း သူဇာလွင် နားမလည်ဘူး။ ဒါပေမယ့် တဟုန်းဟုန်းတောက်လာတဲ့ ဒေါသစိတ်က သူဇာလွင့် အာရုံတွေကို မောင်းနှင်တယ်။ သူဇာလွင် ရှေ့ကို တစ်လှမ်းတိုးတယ်။ မသူဇာ…ဆိုပြီး လှမ်းအော် သတိပေး တဲ့ မင်းခန့်ထူးရဲ့ အသံကို မကြားချင်ယောင်ဆောင်တယ်။
“တစ်ယောက်ပြီးတစ်ယောက်.. အကုန်လာ.. အကုန်ခေါ်..”.. ဒေါ်ဥရဲ့ ပါးစပ်က ဆက်တိုက် ထွက်နေတဲ့ အသံခြောက်ခြောက်ကြီးက ကျယ်သထက် ကျယ်လာတယ်။ .. “ငါတို့မြေ.. ငါတို့နဲ့နေ.. ငါတို့နဲ့သေ..ဟီးဟီး…”
သူဇာလွင့် ပါးစပ်ကနေ ဟေး.. ဆိုတဲ့ အသံ ခုန်ပျံထွက်လာတယ်။ ဘယ်က ဘယ်လို ထွက်လာတဲ့ စိန်ခေါ်သံလဲ.. သူ့ကိုယ်သူတောင် သတိမထားမိလိုက်ဘူး။ ကိုယ်ထဲမှာ အနှစ်နှစ်အလလ ကိန်းအောင်းနေတဲ့ ခွန်အားတစ်ခု.. ဒီအသံနဲ့အတူ အရှိန်နဲ့ တိုးထွက်လာသလို..။
တဟီးဟီး ရယ်နေတဲ့ ဒေါ်ဥ.. ဆတ်ခနဲ တည်သွားတယ်။ စကားသံတွေ ရပ်သွားတယ်။ မျက်လုံး ဖြူဖြူတွေထဲမှာ မုန်းတီးစက်ဆုပ်တဲ့ အငွေ့အသက်တွေ ပြန်ဝင်လာတယ်။
“ငါ့အမေ ဘယ်မှာလဲ”.. သူဇာလွင် နောက်ဆုံးအနေနဲ့ မေးလိုက်တယ်။
“သေပြီ”.. စကားအဆုံးမှာ ဒေါ်ဥ.. လက်နှစ်ဖက်ကို တန်းတန်းကြီးဆန့်.. သူဇာလွင့်ဆီကို ပြေးလာတယ်။ ဆံထုံးပေါ်က ပြေကျသွားတဲ့ ဆံပင်အတွန့်တွေ ဘယ်ညာ ရမ်းတယ်။ သူ့ရဲ့ ပွင့်အာနေတဲ့ ပါးစပ်ပေါက်ထဲကနေ အရည်တချို့ ဘေးကို လွင့်စင်ထွက်ကုန်တယ်။ မသူဇာ.. တဲ့.. မင်းခန့်ထူးက လှမ်းအော် သတိပေးတယ်။
သူဇာလွင် မလှုပ်ဘူး။ မရွေ့ဘူး။ နီးသထက် နီးလာတဲ့ သတ္တဝါရဲ့ မျက်နှာကို စေ့စေ့ စိုက်ကြည့်နေတယ်။ သတ္တဝါရဲ့ မျက်လုံးထဲမှာ ဖျတ်ခနဲ တစ်ချက် ပေါ်သွားတဲ့ ကြောက်စိတ်ကို သူဇာလွင် မြင်လိုက်တယ်။
သူဇာလွင့် လက်နှစ်ဖက် ရည်ရွယ်မထားဘဲ မြောက်တက်သွားတယ်။ ဘယ်လက်က ဒေါ်ဥရဲ့ ငယ်ထိပ်ပေါ်ကို ရောက်တယ်။ ညာလက်က မေးစေ့ကို ဖတ်ခနဲ လှမ်းကိုင်တယ်။ လက်နှစ်ဖက်စလုံး ပြိုင်တူ လှုပ်ရှားလိုက်တယ်။
ခေါင်းနဲ့ ကိုယ်ကို ဆက်ထားတဲ့ အရွတ်တွေ၊ အရိုးတွေ ကျိုးကြေပွတ်တိုက်ပြီး မီးပွင့်သွားတဲ့ ဂျွတ်ခနဲ အသံကြီး တစ်ခု ထွက်လာတယ်။ ဒေါ်ဥ ချက်ခြင်းပဲ အရုပ်ကြိုးပြတ် ပျော့ခွေသွားတယ်။ ကြမ်းပြင်ပေါ်ကို ဒုန်းခနဲ ပြုတ်ကျတယ်။ မင်းခန့်ထူးဆီက အာမေဋိတ်သံ တစ်ခု ကြားရတယ်။
သူ့ကိုယ်သူ.. ဘာလုပ်လို့ လုပ်လိုက်မှန်း မသိတဲ့ သူဇာလွင်.. ကြမ်းပြင်မှာ ပိုးဟပ်တစ်ကောင်လို ထွန့်ထွန့်လူးနေတဲ့ ဒေါ်ဥကို ကြောင်ကြည့်နေမိတယ်။ စာကလေးတစ်ကောင်ကို လည်လိမ်ချိုးလိုက်သလို.. လွယ်လွယ်လေးပါလား..။ ငါ အားတစ်ချက်တောင် မစိုက်လိုက်ရပါလား..။ ငါ.. ဘယ်သူလဲ.. ငါ.. ဘာလဲ.. ဆိုတဲ့ မေးခွန်းတွေ သူဇာလွင့်ဦးနှောက်ထဲကို ဆက်တိုက် ဝင်လာတယ်။ သူဇာလွင့်ကို ခပ်လှမ်းလှမ်းကနေ ပါးစပ်အဟောင်းသားနဲ့ ကြည့်နေတဲ့ မင်းခန့်ထူးရဲ့ မျက်လုံးတွေ..။
ကြမ်းပြင်မှာ မှောက်လျက်ကြီးလဲနေတဲ့ ဒေါ်ဥ။
သူ့ခေါင်းက တစ်ပတ်လည်ပြီး ဒီဘက်ကို မော်ကြည့်နေတယ်။ ဇက် သွင်သွင်ကျိုးသွားတဲ့ အတွက်.. လိမ်တွန့်နေတဲ့ လည်ပင်းအသားတွေထဲကနေ အရိုးဖြူဖြူတွေ ဖောက်ထွက်နေတယ်။ တဗျစ်ဗျစ်စိမ့်ထွက်နေတဲ့ အရည်ညစ်ညစ်တွေကလွဲရင် သွေးတော့ မတွေ့ရ..။
“ဟီး…ဟီး.. တစ်ယောက်… ပြီး.. တစ်”.. ဒေါ်ဥရဲ့ ပါးစပ်က ပိတ်မသွားသေးဘဲ တဂွပ်ဂွပ်အသံတွေကြားကနေ စကားတွေ ဆက်ပြောနေတယ်။
“ဘာလဲ။ ဘာတစ်ယောက်ပြီး တစ်ယောက်လဲ။ ဘာတွေ ပြောနေတာလဲ”.. သူဇာလွင် အော်လိုက်တယ်။ မီးဟုန်းဟုန်းတောက်နေတဲ့ ဒေါသိစိတ်ကို သူ ထိန်းဖို့ မကြိုးစားတော့ဘူး။ ကြမ်းပြင်ပေါ်ကို အလိုလို ထောက်ကျသွားတဲ့ ဒူးခေါင်းနှစ်ဖက်။ ဒေါ်ဥရဲ့ တွန့်လိမ်ကောက်ကွေးနေတဲ့ ကိုယ်ခန္ဓာကို တက်ခွလိုက်မိတဲ့ သူဇာလွင့် ကိုယ်လုံး။ ဒေါ်ဥ မျက်နှာပေါ်ကို ဆက်တိုက် ကျလာတဲ့ သူဇာလွင့် လက်သီးတွေ..။ အရာအားလုံးက စက်တပ်ထားတဲ့ အရုပ် တစ်ရုပ်လို.. အလိုအလျောက်..။
“ငါ့အမေ ဘယ်မှာလဲ။ နင်တို့ ဘာလုပ်လိုက်တာလဲ”.. အခွံနွာလွှာထားတဲ့ ဖရဲသီး တစ်လုံးကို ပိတ်ထိုးရသလို.. သူဇာလွင့် လက်သီးချက်တွေက သတ္တဝါရဲ့ ခေါင်းတစ်ခုလုံးကို တစွပ်စွပ် ထိုးခွဲတယ်။ ဒေါ်ဥရဲ့ မျက်နှာ ခဏအတွင်းမှာ စုတ်ပြတ်သတ်သွားတယ်။ စင်ထွက်လာတဲ့ အရည်ညစ်ညစ်တွေ အခန်းတစ်ခုလုံး ပွစာတက်ကုန်တယ်။
“သေပြီ.. သေပြီ.. ဟီး.. ဟီး.. သေတာ.. သေတာထက် ဆိုး.. ” .. ဒေါ်ဥရဲ့ စကားတွေ မပီပြင်တော့ဘူး။ လက်သီးချက်တွေကြောင့် ပဲ့ထွက် စုတ်ပြတ်သွားတဲ့ နှုတ်ခမ်းတွေ အလုပ်မလုပ်တော့ဘူး။ သူ့ညာဘက် မျက်လုံးနေရာမှာ အညိုအမည်း ဘုလုံးကြီးပဲ ရှိတော့တယ်။ ဘယ်ဘက် မျက်လုံးကတော့ သူဇာလွင့်ကို မော့ကြည့် စိန်ခေါ်နေသေးတယ်။
သူဇာလွင့် ပခုံးပေါ်ကို ကျလာတဲ့ လက်တစ်ဖက်..။
သူဇာလွင့် ဘယ်ဘက်တံတောင်က အလိုလို နောက်ဘက်ကို ဆောင့်ထွက်သွားတယ်။ အွတ်ခနဲ အသံနဲ့အတူ မင်းခန့်ထူး လွင့်ထွက်သွားတယ်။ မီးဖို အုတ်ခုံ အစွန်းနဲ့ တိုက်မိပြီး ခွေကျသွားတယ်။ မင်းခန့်ထူး.. ခပ်တိုးတိုး ဆဲပြီး ပြန်ထတယ်။ သူဇာလွင့်ဆီကို ထော့နဲ့ ထော့နဲ့နဲ့ လျှောက်လာတယ်။
“မသူဇာ.. တော်တော့။ တော်တော့လေ။ စိတ်ထိန်းဦး..”.. မင်းခန့်ထူးက ခပ်တိုးတိုးပြောတယ်။ သူဇာလွင့် ပခုံးကို လက်နဲ့ အသာကိုင်တယ်။ ဒေါ်ဥ အပေါ်ကို တက်ခွထားတဲ့ သူဇာလွင့်ကို ဖြည်းဖြည်းချင်း ဆွဲဖယ်တယ်။
မတ်တပ်ထရပ်.. တစ်ချက်နှစ်ချက် အသက်ကို ပြင်းပြင်း ရှူလိုက်တော့မှ.. သူဇာလွင့် ကိုယ်ထဲက မီးတောက် အရှိန်ကျသွားတယ်။ နီရဲတောက်လောင်နေတဲ့ မြင်ကွင်းတစ်ခုလုံး ပုံမှန် ပြန်ဖြစ်လာတယ်။ မင်းခန့်ထူးက သူဇာလွင့်လက်မောင်း တစ်ဖက်ကို လှမ်းကိုင်တယ်။
“မသူဇာ.. ခင်ဗျား အိုကေရဲ့လား။ စိတ်လျှော့.. စိတ်လျှော့..”.. သူဇာလွင့်လက်မောင်းကို သူက ခပ်ဖွဖွ ပွတ်ပေးတယ်။ သူ့မျက်လုံးထဲက စိုးရိမ်စိတ်တွေကို ကြည့်ရင်း သူဇာလွင် စိတ်တိုချင်သလိုလို.. ဝမ်းနည်းချင်သလိုလို ဖြစ်လာတယ်။
သူဇာလွင်.. သူ့လက်ဖဝါးတွေသူ ထောင်ကြည့်တယ်။ အသားဖတ်တွေ၊ အရည်အချွဲတွေနဲ့ ပေပွနေတဲ့ လက်နှစ်ဖက်က သူ့လက်တွေ မဟုတ်တော့သလို..။ လက်ဖျံမှာ တစွန်းတစ ပေါ်နေတဲ့ ဆေးမင်ရုပ်တွေက ဖယောင်းတိုင်မီးရောင်အောက်မှာ အသက်ဝင်နေသလို တလွန့်လွန့်နဲ့..။
“ကျွန်မ.. ကျွန်မ.. ဘာဖြစ်သွားတာလဲ”.. သူဇာလွင် မေးလိုက်တယ်။
မင်းခန့်ထူးက ခေါင်းခါတယ်။ .. “ဘာမှ မဖြစ်ပါဘူး.. ဘာမှ မဟုတ်ဘူး။ အတွေ့အကြုံမရှိသေးလို့ နေမှာပါ.. အစမို့လို့.. ဖြစ်ပါလိမ့်မယ်”.. သူ့လေသံထဲမှာ ဇဝေဇဝါ စိုးရိမ်သံက ဖျောက်မရဘဲ တွဲပါနေတယ်။
နောက်ကထွက်လာတဲ့ ရှပ်ခနဲ အသံကြောင့် သူဇာလွင် လှည့်ကြည့်လိုက်တယ်။
ကြမ်းပြင်မှာ.. ဒေါ်ဥ မရှိတော့ဘူး။
(၇)
ဖွင့်ထားတဲ့ မီးဖို ပြတင်းတံခါးဆီ သူဇာလွင် အမြန်ပြေးတယ်။ မင်းခန့်ထူးကလည်း နောက်ကနေ ခပ်သွက်သွက် ပြေးလိုက်လာတယ်။
ပြတင်းပေါက် အပြင်ဘက် အမှောင်ထဲကို သူဇာလွင် ခေါင်းတိုးကြည့်တယ်။ လှမ်းမြင်နေရတဲ့ နောက်ဖေး လမ်းကြားထဲမှာ.. ဟိုးဘက်ကို လေးဘက်ထောက် ပြေးသွားနေတဲ့ အရိပ်တစ်ရိပ်။
သူဇာလွင် တောက်ခေါက်လိုက်တယ်။ ပြတင်းဘောင်ကို ကျော်တက်မလို့ ပြင်တယ်။ နောက်ကလှမ်းဆွဲတဲ့ မင်းခန့်ထူးကြောင့် ယိုင်ခနဲ ဖြစ်သွားတယ်။
“ဘာလုပ်မလို့လဲဗျ”
မင်းခန့်ထူးကို ရန်တွေ့မလို့ ပါးစပ်ပြင်ပြီးတော့မှ.. သူဇာလွင် သူ့ကိုယ်သူ ပြန်စဉ်းစားမိတယ်။ ဟုတ်တယ်.. ငါ ဘာလုပ်မလို့လဲ..။ အဲဒီ အမှောင်ထဲ ပြေးလိုက်သွားပြီး.. ဘာဆက်လုပ်မှာလဲ။ သူ့ဆုံးဖြတ်ချက် မပါဘဲ အလိုလို လှုပ်ရှားနေတဲ့ ကိုယ်ခန္ဓာကို သူဇာလွင် မသင်္ကာဖြစ်ချင်လာတယ်။ စိတ်ပူလာတယ်။
ပြတင်းတံခါးကို ပြန်ပိတ်၊ သက်ပြင်းချရင်း.. မင်းခန့်ထူးက သူဇာလွင့်ကို လက်ပိုက်ကြည့်နေတယ်။ သူဇာလွင် ဘာပြန်ပြောရမှန်းမသိ.. လိပ်တက်နေတဲ့ အင်္ကျီလက်ကို ဆွဲချတယ်။ လက်မှာ ပေနေတဲ့ အကျိအချွဲတွေကို အုတ်ခုံနဲ့ သုတ်တယ်..။ တော်တော်လေးကြာမှ..
“ဆောရီး.. ကျွန်မ စိတ်လွတ်သွားတယ်။ အမေ့ အကြောင်း စဉ်းစားမိလို့ ဒေါသ ထွက်သွားတာ”
“ကျွန်တော် နားလည်တယ်။ ဒါပေမယ့်”.. မင်းခန့်ထူးက သူဇာလွင့်ကို အကြည့်တစ်မျိုးနဲ့ ကြည့်တယ်။ .. “ခင်ဗျားဟာ သာမန် မိန်းကလေး တစ်ယောက် မဟုတ်ဘူး မသူဇာ”
သူ့စကားကြောင့် သူဇာလွင် ဆတ်ခနဲ ဖြစ်သွားတယ်။ သာမန် မဟုတ်ဘူး ဆိုတဲ့ စကားကို သူဇာလွင် မကြားချင်ဘူး။ သိတယ်။ နားလည်တယ်။ ဒါပေမယ့် မကြားချင်ဘူး။
“စိတ်လိုက်မာန်ပါတွေ အရမ်းမလုပ်နဲ့ဗျ။ ဒီအဒေါ်ကြီးက မကောင်းဆိုးဝါး ဖြစ်နေလို့ပေါ့။ မဟုတ်ဘဲ ရိုးရိုးလူဆိုရင် ဘယ်လိုလုပ်မလဲ။ ခင်ဗျား ခြေထောက်နဲ့ ကန်လိုက်တာ.. သူ့ ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်သွားတာ ကျွန်တော် တွေ့လိုက်တယ်”
“အို.. သူ မကောင်းဆိုးဝါးဆိုတာ ကျွန်မ စိတ်ထဲ အလိုလိုသိနေလို့ ပိတ်ကန်လိုက်တာ။ ကျွန်မ ထင်တာ မှားလို့လား”.. သူဇာလွင် ပြန်ဖြေလိုက်တယ်။
“အခု တစ်ခေါက် မမှားဘူး။ ဟုတ်တယ်။ နောက်တစ်ခါကျရင်လည်း မမှားဘူးလို့ ပြောလို့ ရမလားဗျ။ စိတ်လေးဘာလေး ထိန်းမှပေါ့။ လူသတ်မှုတွေ ဖြစ်ကုန်မှ ဒုက္ခရောက်ကုန်မယ်”
သူဇာလွင် သက်ပြင်းချလိုက်တယ်။ သူပြောတာ မှန်ပါတယ်။ မသိစိတ်ထဲမှာ ထင့်ခနဲ ဖြစ်သွားလို့ လုပ်လိုက်မိတာ။ ဒေါ်ဥသာ လူစင်စစ်တစ်ယောက် ဖြစ်နေခဲ့ရင် ဘယ်လို ရှင်းရမလဲ.. သိမှာ မဟုတ်ဘူး။ နေဦး.. သူ့ကလေးနဲ့ သူ့ယောကျ်ား..ရော..
အိမ်ထဲဘက်ကနေ.. ထွက်လာတဲ့ တအီအီ ညည်းသံတစ်ခု..။
သူဇာလွင် ချက်ခြင်း လှည့်ထွက်၊ အိမ်ထဲကို ပြေးဝင်တယ်။ မင်းခန့်ထူးက နောက်ကနေ တကြော်ကြော် အော်ခေါ်ပြီး ပြေးလိုက်လာတယ်။
(၈)
ဟိုကလေးလေးရဲ့ အရိပ်အယောင် မတွေ့ရဘူး။
ဧည့်ခန်းထဲကို ဝင်ရှာတယ်။ ထမင်းစားခန်းထဲမှာ ဝင်ကြည့်တယ်။ တစ်ဝက်တစ်ပျက် လင်းနေတဲ့ ဘက်ထရီ မီးလုံးတွေအောက်မှာ အိမ်တစ်အိမ်လုံး မှောင်မည်း တိတ်ဆိတ်နေတယ်။ တအီအီ ညည်းသံကြီးကလွဲရင် ဘာသံမှ မကြားရ။
အသံလာရာ အခန်းဘက်ကို သူဇာလွင် ဦးတည်လိုက်တယ်။ မင်းခန့်ထူးက နောက်ကနေ တခုခုကို တိုးတိုးတိုးတိုး ရေရွတ်ရင်း လိုက်လာတယ်။ သူဇာလွင့်ကို တားနေတာလား၊ ဖြောင်းဖြနေတာလား.. သူ့ဘာသာသူ ညည်းနေတာလားတော့ မသေချာ..။
အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်တော့ အထဲက ဟောင်ထွက်လာတဲ့ ညှီစို့စို့ အနံ့တွေကြောင့် သူဇာလွင် နောက်ကို ယိုင်ထွက်သွားတယ်။ မင်းခန့်ထူးက ဟားခနဲ အသက်ရှူသွင်းပြီး သူ့နှာခေါင်းသူ အမြန်ပိတ်တယ်။
အလင်းရောင် မရှိတရှိ အိပ်ခန်း ခပ်ကျဉ်းကျဉ်း။ အိပ်ခန်းရဲ့ ထောင့်မှာ.. ခြင်ထောင်ထောင်ထားတဲ့ ကုတင်တစ်လုံး။ ခြင်ထောင်ဇာပါးကို ဖောက်ပြီးမြင်နေရတယ်..။ အိပ်ရာပေါ်မှာ ပက်လက်လဲနေတဲ့ ဦးတင်ငွေ။
သူဇာလွင့် မျက်လုံးတွေ အခန်းပတ်ပတ်လည်ကို အမြန် လိုက်ကြည့်တယ်။
အခန်းနံရံဘေးမှာ ကပ်ထားတဲ့ စားပွဲတစ်ခု။ စားပွဲပေါ်မှာ ယင်တလောင်းလောင်းနဲ့ ဒန်အိုးဒန်ခွက်တွေ..။ ပုပ်ညှီနေတဲ့ အနံ့တွေက အဲဒီကနေ ထွက်လာတာ။
မင်းခန့်ထူးက သူဇာလွင့်ကို ကျော်တက်၊ စားပွဲနားကို လျှောက်သွားတယ်။ ဒန်အိုးတွေထဲမှာ ဘာရှိသလဲ ငုံ့ကြည့်တယ်။ သူဇာလွင့်ဘက်ကို လှမ်းကြည့်တဲ့ သူ့မျက်လုံးတွေ ပြူးကျယ်နေတယ်။ စိတ်ကိုထိန်းသလို တံတွေးတစ်ချက် မျိုချတယ်။ ပြီးမှ မရတော့သလို.. ပါးစပ်ကို ကာထားတဲ့ လက်ကို ဖယ်၊ ဝေါ့ခနဲ အန်ချလိုက်တယ်။
“ဘာဖြစ်တာလဲ”..သူဇာလွင် မေးရင်း မင်းခန့်ထူးအနားကို လျှောက်သွားတယ်။ မင်းခန့်ထူးက ခဏ..ဆိုတဲ့ ပုံစံနဲ့ လက်ညှိုးတစ်ချောင်းထောင်ပြရင်း ခါးကို ကုန်းပြီး ဆက်အန်နေတယ်။
ဒန်အိုးထဲကို သူဇာလွင် ငုံ့ကြည့်လိုက်တယ်။
ဒန်အိုးထဲမှာ လောက်တွေ ဖွေးဖွေးလှုပ်နေတဲ့ ကြက်ရင်အုံတစ်ခု..။
ကြက်သွေးတွေက ဒီအတိုင်းပစ်ထားတာကြာလို့ ခြောက်ကပ် မဲနက်နေပြီ။ ရင်အုံထဲကနေ ထိုးထွက်လိုက် ပြန်ဝင်လိုက် လုပ်နေတဲ့ လောက်တွေက များလွန်းလို့ တရှပ်ရှပ် အသံတွေတောင် ထွက်နေတယ်။
စောစောက စားလိုက်မိတဲ့ ကြက်သားဟင်းကို သူဇာလွင် သတိရသွားတယ်။ ပျို့တက်လာတဲ့ အစာတွေကို ကြိတ်မှိတ်ပြီး ပြန်မျိုချလိုက်တယ်။
“စားချင်ဦးလေ.. အဲဒီမှာ”.. သူဇာလွင် ခပ်တိုးတိုးပြောလိုက်တယ်။
မင်းခန့်ထူး ဘာမှ ပြန်မပြော၊ လက်ပဲ ကာပြတယ်။ မရှိတော့တဲ့ အစာတွေကို ထပ်အန်ထုတ်ဖို့ ကြိုးစားနေတယ်။
“အီး… ဟီး… ဟီး… အီး…”
ခြင်ထောင်ထဲက ထွက်လာတဲ့ အသံ။
ဦးတင်ငွေက ခြင်ထောင်ဇာကို ဖောက်ပြီး သူဇာလွင့်ကို လှမ်းကြည့်နေတယ်။ မျက်ချေး အထပ်လိုက်ဖြစ်နေတဲ့ သူ့မျက်လုံးတွေက မြင်သလို.. မမြင်သလို.. မှုန်ဝါးနေတယ်။
သူဇာလွင် ခြင်ထောင်ကို မတင်လိုက်တယ်။
ဦးတင်ငွေရဲ့ မျက်နှာက.. စောစောက ထမင်းစားတုန်းက တွေ့ခဲ့ရတာထက်ကို ပိုပြီး ချိနဲ့ ဆုတ်ယုတ်နေတယ်။
“ဟီး..”.. ရွဲ့စောင်းနေတဲ့ နှုတ်ခမ်းထဲက ထွက်လာတဲ့ အသံ..။
“ဦးလေး။ ဦးလေး ကျွန်မ ပြောတာတွေကို နားလည်သလား။ ကြားရလား”.. သူဇာလွင် မေးလိုက်တယ်။
“ဟ..ဟာ…”.. ပါးစပ်ကို ဟဖို့ ကြိုးစားနေရင်း.. ဦးတင်ငွေ ခေါင်းညိတ်တယ်။
“ဦးလေးကို ဒီလိုဖြစ်အောင် ဒေါ်ဥ လုပ်ထားတာလား”
ခေါင်းညိတ်တယ်။
“ဒေါ်ဥက ဦးလေးရဲ့ ဇနီးလား”
ခေါင်းညိတ်တယ်..။ မျက်ရည်တွေ ကျလာတယ်..။ ခေါင်းခါတယ်။
သူဇာလွင် သက်ပြင်းချလိုက်တယ်။ ဒီပုံစံအတိုင်း ဘယ်လို ဆက်မေးရပါ့မလဲ။
“မသူဇာ”.. မင်းခန့်ထူးက နောက်ကနေ လှမ်းခေါ်တယ်။
“ဘာမှ စကားမေးမရဘူး။ တော်တော် အခြေအနေဆိုးနေပြီထင်တယ်။ သိစိတ်တောင် ရှိသေးရဲ့လားမသိဘူး”.. သူဇာလွင် ညည်းလိုက်တယ်။
“ဟို.. ခင်ဗျား.. ကျွန်တော် သတိလစ်နေတုန်းက.. ကျွန်တော့်ကို လုပ်ပေးသလို သူ့ကို လုပ်ပေးကြည့်ပါလား”.. မင်းခန့်ထူးက ပြောတယ်။
“အာ.. ဘာလုပ်ပေးရမှာလဲ”.. သူဇာလွင် မျက်နှာပူပူနဲ့ ပြန်ပြောလိုက်တယ်။ ဟုတ်တယ်လေ..။ မင်းခန့်ထူး ဆေးရုံမှာ သတိလစ် မြောနေတုန်းက သူဇာလွင် သူ့ဆီကို နေ့တိုင်းသွား.. သူ့လက်ကို ကိုင်.. မျက်စိမှိတ် ဆုတောင်းပေးခဲ့တာတွေ..။ အဲဒါနဲ့ အခုဟာနဲ့ ဘာဆိုင်သလဲ။ မင်းခန့်ထူးက မင်းခန့်ထူး.. ဦးတင်ငွေက ဦးတင်ငွေ။ ပြီးတော့ ဦးတင်ငွေက သူစိမ်းကြီး။ သူ့အတွက် စိတ်ပူနေတာမျိုးလည်း သူဇာလွင့်မှာ မရှိဘူး။
“လုပ်ကြည့်ပါဗျ။ သူ့ကို မေးစရာရှိတာ မေးပြီးမှ ကျွန်တော်တို့ လစ်လို့ ရမှာ။ မြန်မြန်”
သူဇာလွင် စိတ်ပျက်ပျက်နဲ့ ကျွတ်ခနဲ စုပ်သတ်လိုက်မိတယ်။ လက်ကတော့ အလိုလို.. ဦးတင်ငွေရဲ့ လက်ဖဝါးကို လှမ်းဆုပ်မိနေပြီ။
“အာ.. အာ.. အ..”
“ဦးလေး။ ဘာမှ မပြောနဲ့ဦး။ ခဏလေး တိတ်တိတ်နေ။ ခဏလေး”.. သူဇာလွင် မျက်လုံးတွေကို မှိတ်လိုက်တယ်။ မင်းခန့်ထူးနဲ့ တုန်းက ရခဲ့တဲ့ ခံစားချက်ကို ပြန်ဆွဲထုတ်ကြည့်တယ်။ ဟင့်အင်း.. ဘာမှ ထွက်မလာဘူး။ ဦးတင်ငွေရဲ့ အရိုးသာသာ လက်က သူဇာလွင့် လက်ဖဝါးထဲမှာ ကြွက်စုတ်တစ်ကောင်လို တတွန့်တွန့်နဲ့ တုန်နေတယ်။
ရုတ်တရက်.. သူဇာလွင့် အတွင်းစိတ်နံရံကို ပဲ့တင်လာရိုက်တဲ့ အသံတစ်သံ..။ ဖြည်းဖြည်း မှန်မှန်နဲ့ ပြောနေတဲ့ စကားသံက သူဇာလွင့် အာရုံထဲမှာ ခပ်သဲ့သဲ့ မြည်ဟိန်းနေတယ်။ အမေ..
“ ဒီလူဟာ.. လူကောင်းတစ်ယောက်။ သာမာန် လူသားတစ်ယောက်..။ သူ့ဘ၀သူ လျှောက်နေရင်း မကောင်းဆိုးဝါးတွေရဲ့ လက်ချက် မိသွားတဲ့ သားကောင် တစ်ကောင်..။ သူ့မှာ မိသားစု ရှိတယ်။ ချစ်ရတဲ့သူ ရှိတယ်။ သံယောဇဉ်တွေ ရှိမယ်။ ပျော်ခဲ့တဲ့ အမှတ်တရတွေ ရှိမယ်။ ဝမ်းနည်းခဲ့တာတွေလည်း ရှိမယ်။ အရှေ့ကို မျှော်ကြည့်လို့ရတဲ့ မျှော်လင့်ခြင်းတွေလည်း ရှိခဲ့မယ်။ ဒါပေမယ့် သူ့မှာ.. အခု အဲဒါတွေ ဘာမှ မရှိတော့ဘူး။ ယုတ်ညံ့ စုတ်ပဲ့တဲ့ သတ္တဝါတွေရဲ့ လက်ချက်ကြောင့် အကုန် ဆုံးရှုံးလိုက်ရပြီ..။ သူဇာလွင်.. ဒါတွေအတွက် နင့်မှာ.. တာဝန်ရှိတယ်။ ငါနဲ့ မဆိုင်ပေမယ့်.. ငါ တာဝန်ယူခဲ့တာတွေ ရှိသလို.. နင်နဲ့ မဆိုင်ပေမယ့်..ဒါဟာ နင့်တာဝန်ပဲ.. ပပဝေ”
သူဇာလွင် လက်ကို ကျစ်ကျစ် ပါအောင် ဆုပ်လိုက်တယ်။ အသက်ရှူနေတာကို ခဏ ရပ်လိုက်တယ်။ ရှိသမျှ ခွန်အားကို စုစည်း.. လက်ဖဝါးတွေထဲကို ပစ်ထည့်တယ်။ လက်ဖဝါးတွေကတဆင့်.. ခံစားလိုက်ရတဲ့ စိတ်ဝိညာဉ် အမျှင်တန်းတစ်ခု..။ အဲဒီ အမျှင်တန်းကို သူဇာလွင် လှမ်းဖမ်းတယ်။ သူ့ဘက် ပြန်ပါလာအောင် ဆွဲခေါ်တယ်။ အမှောင်ထဲ ကျမသွားအောင် လှမ်းတားတယ်..။
ဆယ်စက္ကန့်..။ စက္ကန့် နှစ်ဆယ်..။
ဦးတင်ငွေရဲ့ အသက်ရှူသံတွေ ပြင်းထန်လာတယ်။
“အာ.. အာ.. ဟီး… ငါ.. ငါ.. ငါ့သား.. ငါ့သားလေး…”
သူဇာလွင် မျက်လုံးဖွင့်လိုက်တယ်။ သူ့ကို စိုက်ကြည့်နေတဲ့ ဦးတင်ငွေရဲ့ မျက်လုံးတွေ.. စောစောကလို မှုန်ရီဝေဝါးမနေတော့ဘဲ အကြည်ဓာတ် နည်းနည်း ပြန်ဝင်လာပြီ။ ပါးစပ်က ရွဲ့စောင်းနေသေးပေမယ့်.. စကားသံတွေ သိသိသာသာ ပီပြင်လာပြီ။
“ဦးလေး။ ဦးလေး စကားပြောလို့ ရပြီလား။ သက်သာလာပြီလား..”.. မင်းခန့်ထူးက ကပျာကယာ ဖြတ်မေးတယ်။
ဦးတင်ငွေက မင်းခန့်ထူးကို မြင်ပုံမရဘူး။ သူဇာလွင့်ကို စိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေထဲမှာ မျက်ရည်တွေ ဝဲနေတယ်။
“ငါ့သားလေးကို ကယ်.. ကယ်…ပါ..”
“ဦးလေးရဲ့သားကို ကျွန်မ လိုက်ရှာသေးတယ်။ မတွေ့တော့ဘူး” .. သူဇာလွင် ပြန်ဖြေလိုက်တယ်။
ဦးတင်ငွေက အီးခနဲ အော်ငိုတယ်။ ပါးစောင်က ထွက်လာတဲ့ သွားရည်တွေ ခေါင်းအုံးညစ်ညစ်ပေါ်ကို ကျတယ်။ သူဇာလွင် ဘာလုပ်ပေးရမှန်း မသိတာနဲ့ လက်နှစ်ဖက်ကို ဘေးချ.. မတ်တပ်ရပ်နေမိတယ်။
“ဦးလေးရဲ့ မိန်းမ.. ဒေါ်ဥ ဘယ်ကဘယ်လို ဒီလို ဖြစ်သွားတာလဲဗျ”.. မင်းခန့်ထူးက ဝင်မေးတယ်။
“ငါ.. ငါ့အပြစ်ပါ။ ငါ မှားတာ.. အဲဒီ မိန်းမရဲ့ စကားကို ငါ.. နားယောင်မိတာ”.. ဦးတင်ငွေက ငိုသံတွေကြားကနေ ဖြေတယ်။ မျက်ရည်တွေကို သုတ်ဖို့ သူ့လက်တွေကို မဖို့ကြိုးစားတယ်။ လက်တွေက မြောက်တက်မလာဘဲ အိပ်ရာခင်းပေါ်ကို ပြန်ပြုတ်ကျတယ်။
“ဘယ်မိန်းမလဲ။ ဘယ်သူလဲ။ နာမည် သိသလား”.. သူဇာလွင် မေးလိုက်တယ်။ တဒိတ်ဒိတ် ခုန်လာတဲ့ ရင်ခုန်သံကို သူ သတိထားမိတယ်။ သဲလွန်စ တစ်ခုတော့ ရပြီ..
“ငါ.. ငါ့အပြစ်”.. ဦးတင်ငွေက ဆက်ပြောတယ်။ အခန်းမီးရောင် လဲ့လဲ့အောက်မှာ သူ့မျက်နှာက လူသေအလောင်းတစ်လောင်းလို ပိန်လှီမဲခြောက်၊ အရောင်အဆင်း မဲ့နေတယ်။ .. “ငါတို့.. ငါတို့.. တစ်သက်လုံး.. အိမ်မဲ့ ယာမဲ့.. ဖြစ်လာတာ..။ သူက.. သူက.. နေစရာ ပေး.. ဒီမှာ နေလို့ရ..အောင်.. လုပ်ပေး..”
ဦးတင်ငွေ အမောဖောက်သလို တဂွပ်ဂွပ် ချောင်းဆိုးတယ်။ ပါးစပ်ထဲက အခဲလိုက်ထွက်လာတဲ့ ပြည်ဖတ်တွေက နှုတ်ခမ်း၀မှာ အတုံးလိုက်။ ဖယ်ပေးဖို့ အဝတ်စုတ်တစ်ခုခုများ ရှိမလား သူဇာလွင် လိုက်ရှာကြည့်တယ်..။ မတွေ့ဘူး။ ဦးတင်ငွေရဲ့ လက်ကိုပဲ ပြန်ကိုင်ထားပေးလိုက်တယ်။ တွင်းနက်ထဲကို ပြန်ပြုတ်ကျနေတဲ့ ဦးတင်ငွေရဲ့.. ဝိညာဉ်အမျှင်တန်းကို သူဇာလွင် ခံစားလို့ရနေတယ်။ အချိန် သိပ်မရှိတော့ဘူး..။
“ဦးလေး.. ဦးလေး မှတ်မိသလောက် ပြောပါ။ ကျွန်မ.. ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ အမေ.. ကျွန်မ အမေလည်း.. ဒီရွာမှာပဲ ပျောက်သွားလို့ပါ..”
ဦးတင်ငွေ ဘာမှ မကြားတော့ဘူးထင်တယ်။ သူ့မျက်လုံးတွေ အပေါ်ကို လန်တက်သွားတယ်။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်တယ်။ အသက်ကို တဂတ်ဂတ်နဲ့ ဟပ်ပြီး ရှူတယ်။ သလိပ်ခဲတွေနဲ့ ပြန်သီးပြီး ချောင်းတဟွတ်ဟွတ် ဆိုးပြန်တယ်။
“ဦးလေး.. ဦးလေး”.. သူဇာလွင် အဆက်မပြတ်ခေါ်တယ်။
“သီ..သီ.. သူ.. သူ.. ”.. ဦးတင်ငွေရဲ့ လက်တွေ ခြေတွေ အကြောဆွဲပြီး တွန့်လိမ်တယ်။ ဘာဖြစ်သွားတာလဲ..။ သူဇာလွင် ဆွဲထုတ်ခေါ်ယူလိုက်တဲ့ ဝိညာဉ်အမျှင်တန်းက.. ပြတ်ထွက်သွားတာလား။ ငါလုပ်လိုက်မှ.. ပိုဆိုးသွားပြီလား.. လို့ သူဇာလွင် တွေးမိတယ်။
“နာမည် ပြောဖို့ ကြိုးစားနေတာထင်တယ်ဗျ”.. မင်းခန့်ထူးက ပြောတယ်။ ..”သီ.. ဘာဖြစ်သလဲ။ သီ..နောက်က ဘာလဲ”
“သီ.. ရိ”..
ဒီစကားနှစ်လုံး အပြီးမှာ.. ဦးတင်ငွေရဲ့ ရင်ဘတ်တစ်ခုလုံး အပေါ်ကို ကုန်းကြွလာတယ်။ ကိုင်းကန်သွားတဲ့ လေးတစ်ချောင်းလို.. အောက်ကို ဘုန်းခနဲ ပြန်ကျတယ်။ ပါးစပ်ထဲကနေ သွေးတွေ၊ အကျိအချွဲတွေ လျှံထွက်လာတယ်။ မျက်လုံးအစုံ.. အပေါ်ထောင့်ကို ပြေးကပ်တယ်။ တစ်ချက်နှစ်ချက် တုန်ပြီး.. တစ်ကိုယ်လုံး ငြိမ်ကျသွားတယ်။
ဦးတင်ငွေရဲ့ လက်ကို သူဇာလွင် အသာပြန်ချလိုက်တယ်။ အသက်မရှိတော့တဲ့ သူ့မျက်လုံးနှစ်လုံးကို လက်ဖဝါးနဲ့ သပ်ပြီး ပိတ်ပေးတယ်။ စုတ်ပြတ်နံစော်နေတဲ့ အခန်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်တယ်။ ငါ.. ဘယ်လိုနေရာမှာ.. ဘယ်လို အလုပ်တွေ.. လာလုပ်နေတာလဲ..။ သူဇာလွင်.. နင်.. ဘာတွေ လုပ်နေတာလဲ…။
မင်းခန့်ထူးကို ကြည့်လိုက်တော့.. သူက မျက်တောင်မခတ်.. တွေတွေကြီး ရပ်နေတယ်။ တော်တော်လေးကြာမှ.. သူဇာလွင့်ဘက်ကို လှည့်လာတယ်။ သူ့မျက်လုံးတွေက တစ်မျိုးပဲ။
“သီရိ..တဲ့။ ဒီနာမည်ကို ကျွန်တော် သိတယ် မသူဇာ”.. မင်းခန့်ထူးက ပြောတယ်။
+++
အခန်း (၃၇)
-(မင်းခန့်ထူး)-
(၁)
ကျော်ဇော၊ မျိုးမြတ်အောင်၊ ယမင်း၊ ခင်နှင်းဝေ၊ ဖြူမော်၊ နယ်လီ.. ကျော်ဇော..မျိုးမြတ်အောင်..ယမင်း..၊ ကျော်ဇော..
အတောမသတ် ပွက်လောရိုက်နေတဲ့ အော်သံတွေ။ နင့်နင့်သီးသီး အော်ညည်းလိုက်တဲ့ ဝေဒနာသံတွေ။ အမုန်းတကြီးနဲ့ စိုက်ကြည့်နေတဲ့ အပြစ်တင်..မျက်ဝန်းတွေ။ မင်းကြောင့်.. နင့်ကြောင့်.. ကိုမင်းခန့်ကြောင့်.. စတဲ့.. စတဲ့.. စွပ်စွဲသံတွေ..။ ဟိုးအဝေးကြီးကနေ.. သူ့ကို လှမ်းကြည့်နေတဲ့ အမျိုးသမီးတစ်ယောက်။ ဓားရှည်ကို လက်မှာ ကိုင်လို့..။ သူ့ဆီကို မင်းခန့်ထူး .. ပြေးသွားတယ်။ ပြေးရင်းနဲ့ ဝေးသထက်ဝေးလာတဲ့ ခရီး..။ မရောက်တော့တဲ့.. လက်တစ်စုံ..။
အား.. ခနဲ အော်သံနဲ့အတူ..
မင်းခန့်ထူး အိပ်ရာ နိုးလာတယ်။
နာရီကိုကြည့်လိုက်တော့ ည ၃ နာရီ။
ကုတင်ဘေးက စားပွဲပေါ်ကို လက်နဲ့စမ်း..မီးအိမ်ကို ဖွင့်တယ်။ လင်းသွားတဲ့ မီးရောင်အောက်မှာ ပေါ်လာတဲ့ ခပ်စုတ်စုတ် ဟိုတယ် အိပ်ခန်း။
ရေခဲသေတ္တာပိစိလေးထဲက ရေသန့်ဘူးတစ်ဘူးကို ကမန်းကတန်းယူ၊ အကုန်လုံးနီးပါး ကုန်အောင် မော့ချ၊ အေးခဲသွားတဲ့ နားထင်နှစ်ဖက်ကို လက်မနဲ့ဖိ.. မျက်လုံးတွေကို စုံမှိတ်ရင်း မင်းခန့်ထူး သက်ပြင်း အရှည်ကြီး ချမိတယ်။
ဟိုဘက်ခန်းက သူဇာလွင်..ဆိုတဲ့ မိန်းကလေး.. သူရော ငါ့လိုပဲ အိပ်မက်ဆိုးတွေ မက်နေသလား..။
ဒီအိပ်မက်တွေ မမက်တော့ဘူးလို့ မင်းခန့်ထူး.. သူဇာလွင့်ကို ညာခဲ့တယ်။ သဘောရိုးနဲ့ လိမ်ခဲ့တာပါ။ အရွယ်နဲ့မမျှတဲ့ တာဝန်တွေ ထမ်းနေရတဲ့ သူဇာလွင့်ကို .. သူ စိတ်ထပ်မပူစေချင်ဘူး။ စကားဝါ မကောင်းဆိုးဝါး.. မင်းခန့်ထူးကိုယ်ထဲက ထွက်သွားတော့.. သူနဲ့အတူ.. ဘာတွေကို ဆွဲထုတ်ယူသွားခဲ့သလဲ.. မင်းခန့်ထူး မသိဘူး။ တစ်ခုခု ပြုတ်ထွက်ပဲ့ပါသွားတာတော့ သေချာတယ်။
အမြဲဟာလာဟင်းလင်း ဖြစ်နေတဲ့ ခံစားချက်က သက်သေပဲ။
ဟန်ဆောင်နေရတာ မောလှပြီ..။
ကုတင်အစွန်းမှာ ထိုင်ချရင်း.. မင်းခန့်ထူး..ခေါင်းငိုက်စိုက်ချ.. လက်ဖဝါးထဲကို မျက်နှာ အပ်တယ်။ အသက်ကို ပြင်းပြင်း ရှူသွင်းတယ်။ ဘယ်လိုပဲ ကြိုးစားပြီး အသက်ရှူနေသည်ဖြစ်စေ.. ရှင်သန်မှုကို သူ.. မခံစားရတော့တာ ကြာပြီ။
သူဇာလွင်..
သူဇာလွင့် နာမည်ကို ခပ်တိုးတိုး ရွတ်လိုက်ရင်တော့.. ရင်ဘတ်ထဲမှာ မီးတောက်တစ်ခု လင်းလာသလို ခေတ္တခဏ နွေးသွားတတ်တယ်။ သူ့မျက်နှာကို မြင်ယောင်ကြည့်နေရင် ရှင်သန်မှုက ခဏလေး အားကောင်းလာတတ်တယ်။ ဒါပေမယ့် ကောက်ရိုးမီးလို တဒင်္ဂလောင်ကျွမ်းပြီး ပြန်ငြိမ်းသွားတာပဲ။ သူဇာလွင် ပေးခဲ့တဲ့ ရှင်သန်မှုတွေနဲ့ ဆက်အသက်ရှင်နေမိလို့.. သူ့ကို ငါ ဒီလောက် တွယ်ကပ်နေတာလား.. မင်းခန့်ထူး သူ့ကိုယ်သူ ပြန်မေးကြည့်တယ်။ အဖြေ ရှာမတွေ့ဘူး။
သူဇာလွင် အနားမှာ ရှိနေရင် ဟန်ဆောင်ရတာ လွယ်တယ်။ ရယ်ရတာ ပြုံးရတာ.. အဆင်ပြေတယ်။ ဒါပေမယ့် တစ်ယောက်တည်း ဖြစ်သွားတဲ့အခါတိုင်း အမှောင်ထုက မင်းခန့်ထူးကို ထွေးပွေ့ကြိုဆိုဖို့ လက်ကမ်းစောင့်နေတယ်။ အဆုံးအစ မရှိတဲ့ ကမ်းပါးနက်ကြီးက ခံတွင်းကိုဖွင့်.. ဝါးမျိုဖို့ စောင့်နေတယ်။ စကားဝါရဲ့ သတ္တဝါ.. ငါ့ စိတ်ဝိညာဉ်တွေကိုပါ ခိုးယူ သွားတာလား။
ဒေါ်ဥရဲ့ မျက်နှာကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် ပိတ်ထိုးနေတဲ့ သူဇာလွင့် ပုံစံကို ပြန်မြင်ယောင်ကြည့်တော့ မင်းခန့်ထူး ကျောထဲမှာ စိမ့်သွားတယ်။ မမမေ.. မမမေတုန်းက ဒီလို ဒေါသမျိုး.. ဒီလို ရက်စက်မှုမျိုး မတွေ့ခဲ့ရဘူး။ သူ့ရဲ့ သွေးဆက်ကျတော့မှ… ပိုပြီး သောင်းကျန်းလာတာလား။ ပိုပြီး အစွမ်းထက်သွားတာလား။ မင်းခန့်ထူး ခပ်တိုးတိုး ရယ်လိုက်တယ်။ ဘာတွေတွေးနေတာလဲ..။ ကာတွန်းစာအုပ်ဖတ်နေရသလို.. စူပါဟီးရိုး ဇာတ်ကား ကြည့်နေရသလို.. ရှုပ်ထွေးပွေလီလိုက်တဲ့ ဇာတ်လမ်းတွေ..။
စကားဝါ ပြဿနာထက်.. မုယောရဲ့ ဇာတ်လမ်းက ပိုရှုပ်တော့မလား။
သီရိ..တဲ့။ ဦးတင်ငွေရဲ့ ပါးစပ်က နောက်ဆုံးထွက်လာတဲ့ နာမည်တစ်ခု..။
နှစ်နှစ် သုံးနှစ်လောက် ကြာသွားပေမယ့်.. သီရိ ဆိုတဲ့ မိန်းကလေးကို မင်းခန့်ထူး ကောင်းကောင်း မှတ်မိနေတယ်။ မမှတ်မိဘဲ နေမလား.. သီရိကလည်း မင်းခန့်ထူးလိုပဲ.. ပျော့တော့တော့၊ အမြဲတစေ ကြောက်လန့်နေတဲ့ မျက်နှာလေးနဲ့။ ကူကယ်ရာမဲ့ ဖျော့တော့နေတဲ့ မျက်ဝန်းတွေ။ သီရိကို တွေ့တွေ့ချင်းကတည်းက မင်းခန့်ထူး.. ကိုယ်ချင်းစာမိတယ်။ ဘာမှန်းမသိတဲ့ ပြဿနာတစ်ခုအလယ်မှာ တဝဲလည်လည် မျောပါသွားတဲ့ သားကောင် မိန်းကလေး။
သီရိနဲ့ ဦးတင်ငွေတို့ မိသားစုနဲ့ ဘယ်လို ပတ်သက်နေသလဲ။
ပထမဆုံး မုယောကို ရောက်လာတဲ့ နေ့ကို မင်းခန့်ထူး ပြန်စဉ်းစားကြည့်တယ်။ သီရိနဲ့ တွေ့ခဲ့တာတွေ..။ သီရိ အိမ်မှာ ရောက်နေတဲ့ ကောင်လေးတစ်ယောက်..။ သူ့နာမည်တော့ မင်းခန့်ထူး မသိလိုက်ဘူး။ မမှတ်မိတာလည်း ဖြစ်နိုင်တယ်။ သီရိရဲ့ မောင်တော့ မဟုတ်ဘူး။ သေချာတယ်။
အဲဒီည.. အဲဒီနေ့ည..
မမမေ.. ဘာဖြစ်သွားသလဲ။ ရေတွင်းပျက်နားမှာ.. ဘာတွေ ဖြစ်ပျက်ခဲ့သလဲ။ မင်းခန့်ထူး .. နောက်တစ်နေ့မနက် အဲဒီကို ပြန်သွားကြည့်တယ်။ မမမေ မရှိတော့ဘူး။ သူ့ရဲ့ စုတ်ပြတ်နေတဲ့ ဂျင်းဂျတ်ကတ်က.. ပြိုကျနေတဲ့ ရေတွင်းရဲ့ အုတ်ခဲကျိုးတွေကြားမှာ။
သိသမျှ အသိတွေကို မင်းခန့်ထူး လှမ်းဆက်သွယ်တယ်။ ရေတွင်းကို ဘူဒိုဇာနဲ့ တူးတယ်။ အထဲမှာ ဘာမှ မရှိ။ နံဟောင်နေတဲ့ ရွှံ့ဗွက်တွေ.. အမှိုက်သရိုက်တွေကလွဲရင် ဘာမှ ထွက်မလာဘူး။ ငါဘာလို့.. သီရိ အိမ်ကို ထပ်သွားမကြည့်ခဲ့တာလဲ.. မင်းခန့်ထူး သူ့ကိုယ်သူ အပြစ်တင်မိတယ်။ စိတ်ပျက်လက်ပျက်နဲ့ မုယောကနေထွက်၊ မြို့ကို ချက်ခြင်းပြန်.. သူဇာလွင့်နောက်ကို ခြေရာခံလိုက်မိခဲ့တာ.. သူ အရမ်း လောသွားခဲ့ပြီလား။ မုယောရဲ့ ဇာတ်လမ်းကို အစကတည်းက သေချာ မလေ့လာဘဲ ထားခဲ့မိတာ မှားသွားပြီလား။
မနက်ကျမှ သီရိရဲ့ အိမ်နေရာကို သွားကြည့်ကြမယ်..လို့ ပြောလိုက်တော့ သူဇာလွင်က ခပ်ဆိတ်ဆိတ်ပဲ သဘောတူတယ်။ သူဇာလွင် ကိုယ်တိုင်လည်း သူ့ဘီလူးနဲ့သူ အတွေးတွေ များနေတယ် ထင်တယ်။
ဆိပ်ခုံဘက်ကို ပြန်မောင်းလာတဲ့ လမ်းတလျှောက်မှာ.. သူဇာလွင် တစ်ယောက် ဘေးခုံမှာ ထိုင်ရင်း.. သူ့ရဲ့ ပွန်းရာတစ်ချက်မရှိတဲ့ လက်သီးဆုပ်တွေကို အကြိမ်ကြိမ် ကြည့်နေတာကို မင်းခန့်ထူး တွေ့တယ်။ သူဇာလွင်များ စိတ်ပြေလက်ပျောက် ဖြစ်မလား.. မင်းခန့်ထူးဘက်ကနေ စနောက်ကြည့်သေးတယ်။ ဆိပ်ခုံ ရောက်တဲ့အထိ၊ တည်းခိုခန်း ရောက်တဲ့အထိ.. သူဇာလွင် စကား သိပ်မပြောတော့ဘူး။
မီးခလုတ်ကိုပိတ်၊ အိပ်ယာပေါ်မှာ ပြန်လှဲ၊ မျက်နှာကြက်ကို မော့ကြည့်…ရင်း.. မင်းခန့်ထူး အတွေးနွံထဲကနေ ပြန်ရုန်းထွက်ဖို့ ကြိုးစားတယ်။
မျက်နှာကြက်မှာ.. ဘာမှ မရှိဘူး။ ဘာမှ မရှိတော့ဘူး.. သူ့ကိုယ်သူ ပြန်နှစ်သိမ့်တယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀.. ။ စကားဝါမှာ ကျန်ခဲ့တဲ့ သူ့ရဲ့ ဘ၀ဟောင်းကို ပြန်အောက်မေ့ရင်း .. မင်းခန့်ထူး အိပ်ပျော်သွားတယ်။
(၂)
“ဒီအိမ်ဆိုတာ သေချာရဲ့လား”.. သူဇာလွင်က မေးတယ်။
မနက်ခင်းနေရောင်အောက်မှာ ဖွေးပြီးတင်းနေတဲ့ သူဇာလွင့် မျက်နှာကို မင်းခန့်ထူး ငေးကြည့်နေမိတယ်။ သူ့ရုံးခန်းမှာ.. သူ့ကို လာပြီး အင်တာဗျူးခဲ့တဲ့ သူဇာလွင်နဲ့ အခု.. သူဇာလွင်..။ သူဇာလွင့် မျက်နှာက ပိုးတုံးလုံးဘ၀ကနေ လိပ်ပြာအဖြစ် အသွင်ပြောင်းသွားသလို.. အဆပေါင်းများစွာ ပိုပြီး လန်းဆန်း လင်းချင်းနေတယ်။ ကိုယ်လုံးကိုယ်ပေါက်ကလည်း နှစ်ပေါင်းများစွာ လေ့ကျင့်ထားတဲ့ အားကစားသမား တစ်ယောက်လို အဆီတစ်စက်မရှိ ကျစ်လစ်နေတယ်။ ရှပ်အင်္ကျီအရှည် ဝတ်ထားပေမယ့် လက်ပိုက်ထားတဲ့ သူဇာလွင့် လက်မောင်းသားတွေက သိသိသာသာ တင်းရင်းနေတယ်။ အရပ်တောင် နည်းနည်းရှည်လာ..
“ကဲ ဘယ်လိုဖြစ်လို့ စကားမေးမရ ဖြစ်နေတာလဲ ကိုမင်းခန့်ထူး”
မင်းခန့်ထူး မျက်လုံးကို ဖတ်ခနဲ လွှဲလိုက်တယ်။ မျက်နှာကို ရယ်ကျဲကျဲဖြစ်အောင် ကြိုးစားပြီး ပြင်တယ်။
“ဟဲ..။ ခင်ဗျားက နကိုထက်ကို ပိုပြီး မိုက်နေတာကိုးဗျ။ အဲဒါကြောင့် ကြည့်မိတာ။ ကျွန်တော် သတိလစ်နေတုန်း ခိုးပြီးတော့များ အားကစားတွေဘာတွေ လုပ်ထားသလား”..မင်းခန့်ထူး မေးလိုက်တယ်။
“အာ.. ဘာတွေ ပြောနေတာလဲ။ သီရိဆိုတဲ့ ကောင်မလေးရဲ့အိမ်က.. ဒီအိမ်ဆိုတာ သေချာရဲ့လားလို့ ရှင့်ကို မေးနေတာ”.. သူဇာလွင်က စိတ်ဆိုးတဲ့ လေသံနဲ့ ပြောတယ်။ မျက်နှာကတော့ ပြုံးချင်ချင်။
“သေချာပါတယ်”.. ခပ်လှမ်းလှမ်းက ပျဉ်ထောင်အိမ်စုတ်လေးကို မင်းခန့်ထူး လက်ညှိုးထိုးပြလိုက်တယ်။ “ဟို.. ဘေးအိမ်ရှေ့မှာ အုတ်ခုံတစ်ခုံ ရှိတာ ကျွန်တော် မှတ်မိတယ်ဗျ”
အိမ်ရှေ့ကိုရောက်တော့ မင်းခန့်ထူး ကားပေါ်ကနေ ဆင်းတယ်။ ယိုင်နဲ့ ပြိုလဲနေတဲ့ ပျဉ်ထောင်အိမ်ရဲ့ နံရံတွေကို ကြည့်ရသလောက်.. အခြေအနေတော့ သိပ်မကောင်း။ သူဇာလွင်က မင်းခန့်ထူးနောက်ကနေ လိုက်လာတယ်။
တစ်ခြမ်းပွင့်ပြီး အပြင်ကို လန်ထွက်နေတဲ့ အိမ်ရှေ့တံခါးကို တွေ့လိုက်ရတော့ မင်းခန့်ထူး ထင်ထားတာတွေ ပိုသေချာသွားတယ်။
“လူမနေတော့ဘူးဗျ။ ဟိုမှာ.. အိမ်ဘေးမှာ ချုံတွေတောင် တောထနေပြီ”.. မင်းခန့်ထူး ပြောလိုက်တယ်။
“အင်း။ ဒီတစ်အိမ်တည်း မဟုတ်ဘူး။ ဘေးအိမ်တွေရောပဲ။ လူနေတဲ့အိမ် မရှိတော့ဘူးထင်တယ်”.. ဘေးခြံက.. တခြမ်းပြိုကျနေတဲ့ အိမ်တစ်လုံးဆီ.. သူဇာလွင်က မေးငေါ့ပြတယ်။ .. “လမ်းမတန်းမှာ ရှိသမျှ အိမ်တွေ အကုန် ဟာလာဟင်းလင်းပဲ”
“အနောက် မုယောမှာပဲ လူနေတော့တာ ဖြစ်မယ်ဗျ”.. မင်းခန့်ထူး ပြောရင်းနဲ့ သီရိရဲ့ အိမ်လေးနားကို ဆက်လျှောက်သွားတယ်။ အိမ်ရှေ့လှေကားက နှစ်ထစ် ကျိုးပြီး ပြုတ်ထွက်လုလု ဖြစ်နေပြီ။ အိမ်လေးဆီကနေ စိမ့်ထွက်နေတဲ့ လူသူမရှိတဲ့ ဟာလာဟင်းလင်း အငွေ့အသက်တွေ..။ ငါ့..ကိုယ်ခန္ဓာလိုပဲ.. ဟင်းလင်းပြင်..ဖြစ်နေပြီပေါ့..။ မင်းခန့်ထူး တွေးမိတယ်။
“ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ”..သူဇာလွင်က သက်ပြင်းချရင်း မေးတယ်။
“မဟာထွန်း အုတ်စက်ဘက်ကို သွားကြည့်တာပေါ့။ ကျွန်တော် သိထားသလောက်ဆိုရင် အဲဒီ အုတ်စက်ပိုင်ရှင်မိသားစုတွေလည်း ပျောက်ခြင်းမလှ ပျောက်နေတယ် ပြောတယ်။ ပိုင်ရှင်ကတော့ သေပြီဗျ။ အသတ်ခံရတာ”
“အင်း။ ဒါပဲ ရှိတော့တာပဲ”.. သူဇာလွင့်လေသံထဲမှာ လက်လျှော့ချင်တဲ့ လေသံတစ်ဝက် ပါနေတယ်။ သီရိ.. ဆိုတဲ့ နာမည်ကို သူဇာလွင်က တော်တော်လေး မျှော်လင့်ထားပုံပဲ။ ဒါပေမယ့် သီရိဆိုတဲ့ မိန်းကလေးနဲ့ ဦးတင်ငွေနဲ့ ဘယ်လို ပတ်သက်နေသလဲ မင်းခန့်ထူး စဉ်းစားလို့ မရဘူး။
ကားဆီကို ပြန်လျှောက်လာတော့ သူဇာလွင်က မင်းခန့်ထူးကို ကွက်ကြည့်ကွက်ကြည့် လုပ်နေတယ်။
“ဘာကြည့်နေတာလဲဗျ။ ကျွန်တော်ကတော့ ခင်ဗျားလို ပိုချောမလာဘဲ ပိုအိုသွားတာဆိုတော့.. ညှာညှာတာတာတော့ ကြည့်ဗျာ”.. မင်းခန့်ထူး ရယ်ရင်း ပြောလိုက်တယ်။
“မဟုတ်ပါဘူး။ ရှင်များ ကျွန်မကို ကြောက်နေသလားလို့”.. သူဇာလွင်က ရုပ်တည်နဲ့ ပြန်ဖြေတယ်။ .. “မနေ့ညက.. ကျွန်မ သောင်းကျန်းနေတာကို ရှင်.. ကြည့်နေတဲ့ပုံက..”.. သူဇာလွင် စကားတစ်ဝက်နဲ့ ရပ်သွားတယ်။
“ဘာဖြစ်လို့လဲ”
“ကျွန်မ.. ကျွန်မကိုလည်း မကောင်းဆိုးဝါး တစ်ကောင်လို့ ထင်နေပြီလား..လို့”
“အာ.. မဟုတ်တာဗျာ”…မင်းခန့်ထူး အမြန်ပြန်ဖြေလိုက်တယ်။ ..“မမမေတို့.. ခင်ဗျားတို့ ဆိုတာ.. မကောင်းဆိုးဝါးတွေရဲ့ ဆန့်ကျင်ဘက်။ သူတို့က အယုတ်အညံ့တွေ။ ခင်ဗျားတို့က အလင်းရောင်တွေ။ မတူဘူး။ ဘာမှ မဆိုင်ဘူး”
“ဒါပေမယ့် ရှင်ပြောတော့.. ကျွန်မက.. လူတွေကို အန္တရာယ် ပေးနိုင်တယ်ဆို.”.. သူဇာလွင်က စွပ်စွဲချင်တဲ့ လေသံနဲ့ မေးတယ်။
“အဲဒီလို သဘော မဟုတ်ပါဘူး။ ခင်ဗျား ကိုယ့် ခွန်အားကိုယ် မသိသေးဘဲ.. လက်လွန်သွားမှာ စိုးလို့ ကျွန်တော်က တားတာပါ..။ ခင်ဗျား အမေ.. မမမေ တုန်းကလည်း ဒီလို အချိန်မျိုး ဖြတ်သန်းခဲ့ရမှာပဲလေ.. ဟုတ်တယ် မဟုတ်လား။ အချိန်တန်လာတော့ သူလည်း သူ့အချိန်အဆသူ နားလည်သွားတာပဲ။ ခင်ဗျားလည်း အဲဒီလို ဖြစ်လာမှာပါ။ အဆင်ပြေသွားမှာပါ စိတ်မပူနဲ့”.. မင်းခန့်ထူး ပြောလိုက်တယ်။
သူဇာလွင့် မျက်နှာ နည်းနည်း ပြန်ကြည်လာတယ်။
“ဒါပေမယ့် နောက်တစ်ခါတော့ ကျွန်တော့်ကို မနေ့ညကို ဆောင့်မတွန်းနဲ့တော့ဗျာ။ လူက နကိုကတည်းကမှ နေကောင်းတာ မဟုတ်ဘူး။ အသက်ပါ ထွက်သွားဦးမယ် ဟားဟား..”
“တွေ့လား။ ရှင်က စကားကို အတည်ပြောလို့ကို မရဘူး။ ဘာဖြစ်နေတာလဲ။ ရှင့်ရုံးမှာ အင်တာဗျူးတုန်းက အခုလို မဟုတ်ပါဘူး။ အခု အမြဲတမ်း ပြောင်စပ်စပ်နဲ့”
ပြုံးနေတဲ့မျက်နှာ ပြန်တည်မသွားအောင် မင်းခန့်ထူး ကြိုးစားပြီး ထိန်းလိုက်တယ်။ အသက်မပါတဲ့ ရယ်သံတွေကြားမှာ သူ တော်တော် မွန်းကျပ်နေပြီ။ ဒါ.. ခဏပါ..။ ခဏပါ.. ပြီးရင် အကုန် အဆင်ပြေသွားမှာပါ..။ စကားဝါ.. စကားဝါရဲ့ အကျိုးဆက်တွေ.. ခေတ္တခဏ ကျန်နေတာ..
“ဦးတင်ငွေ.. ဆိုတဲ့ သူလည်း.. ကျွန်မ ကူညီလိုက်မှ တန်းပြီး အသက်ထွက်သွားတာပဲ။ ရှင် အကြံပေးကောင်းလို့လေ.. အဲဒီလို ဖြစ်တာ”
“မဟုတ်လောက်ပါဘူး။ ကျွန်တော် ထင်တာကတော့.. အဲဒီလူ သေချင်နေတာ ကြာပြီနေမယ်။ သူ့ကို တစ်ရက်တစ်ရက် ကျွေးနေတဲ့ ဟာတွေကိုလည်း ကြည့်ဦး။ ခင်ဗျား ကူညီလိုက်မှ သူ သိစိတ်ပြန်ဝင်လာတာ။ လူ့ဘ၀ဘက် ခဏပြန်ရောက်လာတာ။ ဒါပေမယ့် အတွင်းမှာ သေနေတာကြာပြီနေမှာပေါ့။ အဲဒီလို ဖြစ်မှာပါ”
“တော်သေးတာပေါ့။ အပင်းဆို့ပြီး ရှင်ပါ သေမသွားလို့”.. သူဇာလွင်က ပြောရင်းနဲ့ မျက်နှာက ပြုံးသွားတယ်။ ပြီးမှ မထိန်းနိုင်တော့သလို ဟက်ခနဲ တစ်ချက်ရယ်တယ်။
သူဇာလွင့် ရယ်သံကို နားထောင်ရင်း.. မင်းခန့်ထူးရဲ့ ကိုယ်ထဲမှာ လက်ခနဲ တောက်လာတဲ့ ရှင်သန်မှု အပိုင်းအစတစ်ခု..။ လိုက်ဖမ်းမလို့ ကြိုးစားနေတုန်းမှာ… ပြန်ပျောက်သွားတယ်။
“တော်ပါပြီဗျာ။ နောက်ဆို ဘယ်သူ ဘာကျွေးကျွေး မစားတော့ဘူး.. စိတ်ချ။ ဒါနဲ့.. အဲဒီ ဦးတင်ငွေရဲ့ အလောင်းကို ဘယ်သူမှ မတွေ့ရင် ဘယ်လို လုပ်မလဲ။ ကျွန်တော်တို့ ရဲတွေကို ဖုန်းတော့ ဆက်ထားမှ အဆင်ပြေမယ်ဗျ..နော်။ ဆိပ်ခုံဘက် ပြန်ရောက်ရင် ဖုန်းကတ်တစ်ကတ် ဝယ်ပြီး ဆက်လိုက်မယ်လေ။ သတင်းပေးတဲ့သဘောပေါ့.. အနောက်မုယောမှာ.. လူတစ်ယောက်.. အိမ်ထဲမှာ သေနေပါတယ်ပေါ့.. အဲဒီ..”
မင်းခန့်ထူးနဲ့ သူဇာလွင် ခြေလှမ်းတွေ ပြိုင်တူ ရပ်သွားတယ်။
ကားနားမှာ ရပ်ပြီး သူတို့ကို လှမ်းကြည့်နေတဲ့ လူတစ်ယောက်။
အဲဒီလူက.. သူတို့ဆီကို လျှောက်လာတယ်။
သူဇာလွင်နဲ့ ရွယ်တူလောက်ရှိမယ့် ယောကျ်ားတစ်ယောက်ပဲ။ ပုဆိုးကွက်စိပ်နဲ့ ရှပ်အင်္ကျီအဖြူနဲ့။ ဆံပင်တိုတို၊ အသားညိုညို။
“ခင်ဗျားတို့ ဒီအိမ်ကို ဘာလာလုပ်တာလဲ”.. သူက မေးတယ်။
သူဇာလွင်.. မင်းခန့်ထူးကို လှမ်းကြည့်တယ်။ မင်းခန့်ထူးက သူဇာလွင့်ကို ပြန်ကြည့်တယ်။ နှစ်ယောက်စလုံးရဲ့ အကြည့်တွေထဲမှာ အဖြေမရှိဘူး။
“ကျွန်တော် မေးနေတယ်လေ”.. ဟိုလူရဲ့ လေသံက မာလာတယ်။
“ညီလေးက ဘယ်သူလဲ”.. မင်းခန့်ထူး မေးလိုက်တယ်။
“ကျွန်တော့်နာမည် သက်ဦး။ ခင်ဗျားတို့ ဒီကို ဘာလာလုပ်တာလဲ”.. သူက ပြန်ဖြေတယ်။
+++
(ဆက်ရန်)