++++++++++++
အခန်း (၃၆)
-(သူဇာလွင်)-
(၁)
နက်ပြာရောင် သမ်းနေတဲ့ ရွာပတ်ဝန်းကျင်ကို သူဇာလွင် ငေးကြည့်နေမိတယ်။
ဘာဆက်လုပ်ကြမလဲဗျ.. ဆိုတဲ့ မင်းခန့်ထူးရဲ့ မေးခွန်းကို သူ မဖြေနိုင်သေး။
မုယောရွာရဲ့ ဆိုင်းဘုတ်ကို မြင်လိုက်ကတည်းက သူဇာလွင့် အတွေးတွေ.. ဖမ်းမရတဲ့ ပုဇဉ်းတစ်ကောင်လို ဟိုပြေးဒီပျံ ရှုပ်ယှက်ခတ်ကုန်တယ်။ လမ်းသွယ်တစ်လျှောက်ကနေ.. ရွာထဲကို ကားမောင်းဝင်လာတဲ့အထိ.. သူဇာလွင့် အာရုံက ပြင်ပကမ္ဘာဆီမှာ မရှိ၊ အတိတ်နဲ့ အနာဂတ်ရဲ့ မရေရာတဲ့ ပုံကားချပ်တွေထဲမှာ တဝဲလည်လည်။ ငါ.. ဘယ်ကနေ.. ဘယ်လို… ဒီအခြေအနေကို ရောက်လာတာလဲ..ဆိုတဲ့ မေးခွန်းကို ထပ်ကာထပ်ကာမေးနေမိတယ်။
သူဇာလွင့် အသက်က မငယ်တော့ပါဘူး။ ငါ့ဘ၀..ဘာဖြစ်မလဲ.. ဆိုပြီး မြီးကောင်ပေါက် ကောင်မလေး တစ်ယောက်လို ဇဝေဇဝါ မရေရာဖြစ်နေစရာလည်း မရှိဘူး။ ဒါပေမယ့် သူဇာလွင် ရှင်သန်ခဲ့တဲ့ နှစ် ၃၀ ကျော် အချိန်ကာလဟာ.. ဒီတစ်နှစ်တည်းနဲ့ ပြောင်းပြန်လန် ကမောက်ကမတွေဖြစ်၊ သူ ထင်မထားခဲ့တဲ့ ဘ၀ အသစ်တစ်ခုထဲကို ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ဘဲ ခြေစုံပစ်ဝင်ပြီးသား..။
မင်းခန့်ထူးနဲ့ ပထမဆုံး စတွေ့တဲ့ နေ့ကို သူဇာလွင် ပြန်မြင်ယောင်မိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ခဲ့တဲ့… စကားဝါရွာ လူသတ်မှု။ အဲဒီ လူသတ်မှုနဲ့ တိုက်ရိုက်ပတ်သက်နေခဲ့တဲ့ မင်းခန့်ထူး..။ ဒီသတင်းကို အသေရရ အရှင်ရရ လိုက်စုံစမ်းချင်ခဲ့တဲ့ ဂျာနယ်လစ် သူဇာလွင်..။ မင်းခန့်ထူးရဲ့ ရုံးခန်းထဲမှာ.. အင်တာဗျူးခဲ့တာတွေ။ မင်းခန့်ထူးရဲ့ စကားတွေထဲကနေ.. တစ်စထက်တစ်စ ရှုပ်ပွေ ထွေလီလာတဲ့ စကားဝါ ဇာတ်လမ်း..။ မင်းခန့်ထူးကို အရူးတစ်ယောက်လို သတ်မှတ်ပြီး.. သူပြောသမျှ ငြင်းပယ် ဖယ်ထုတ်ခဲ့တာတွေ..။ နောက်ဆုံးမှာ.. မင်းခန့်ထူး ပါးစပ်က ထုတ်ပြောလိုက်တဲ့ သူဇာလွင့်ရဲ့ လျှို့ဝှက်ချက်တစ်ခု..။
သူဇာလွင့်မှာ အမေ.. ရှိတယ်တဲ့.. မင်းခန့်ထူးက ပြောတယ်။ သူဇာလွင့်ကို ခေါ်တွေ့ခဲ့ရတဲ့ အကြောင်းရင်းကလည်း.. ဒီအချက်ကို ပြောပြချင်လို့တဲ့.. သူက ရှင်းပြတယ်။ မမမေ ဆိုတဲ့ နာမည်ကို ကြားလိုက်ရကတည်းက သူဇာလွင့် ကိုယ်ထဲက အချက်ပေးစနစ်တွေ.. ဆူညံပွက်လောရိုက်ကုန်တယ်။ ကိုယ်မကြားဖူးတဲ့ နာမည်တစ်ခု ဖြစ်နေပေမယ့်.. ဒီစာလုံးသုံးလုံးက သူဇာလွင့် အသွေးထဲ အသားထဲမှာ နစ်ဝင် ရေးထွင်းထားသလို..၊ သူဇာလွင့် တစ်ကိုယ်လုံးကို ခြုံလွှာတစ်ခုလို လွှမ်းခြုံထားသလို..။
ဒီ..အဖြစ်အပျက်တွေက သိပ်မကြာသေးပေမယ့် သူဇာလွင့် ဦးနှောက်ထဲမှာတော့ အရင်ဘ၀က ဖြစ်ခဲ့တဲ့ အမှတ်တရ အဟောင်းတွေလို.. ဝေဝါးစပြုနေပြီ..။ သူဇာလွင် သေချာပေါက် မှတ်မိနေတာကတော့.. မင်းခန့်ထူး ကိုယ်ထဲက ခုန်ထွက်လာတဲ့ သတ္တဝါ..၊ ပပဝေ…ဆိုတဲ့.. နာမည်တစ်ခု.. ပြီးတော့.. ပြီးတော့.. သူ့အမေ..ဆိုတဲ့ အမျိုးသမီးတစ်ယောက်..။ မမမေ..တဲ့။
ဘာကိုမှ မယုံချင်ပေမယ့်.. အခု သူဇာလွင့် လက်မောင်းနှစ်ဖက်မှာ အပြည့်ပေါ်နေတဲ့ ဆေးမင်ရုပ်တွေက ငြင်းမရတဲ့ .. သက်သေတစ်ခု ဖြစ်နေတယ်။ မျက်စိစုံမှိတ်.. အိပ်ရာဝင်လိုက်တိုင်း အာရုံထဲကို ဖောက်ဝင်လာတဲ့ မမမေရဲ့ မျက်နှာကလည်း .. သူဇာလွင့် သံသယတွေကို ရိုက်ချိုးပစ်နေတယ်။
ပပဝေ..တဲ့။ ငါ့နာမည် ပပဝေ..တဲ့လား။ စကားလုံးသုံးလုံးကို သူဇာလွင် နှုတ်ခမ်းဖျားကနေ အသံမထွက်ဘဲ ရွတ်ဆိုကြည့်တယ်။ ကျောရိုးကနေ ဆောင့်တက်လာတဲ့ ချမ်းစိမ့်စိမ့် ခံစားမှု တစ်ခု.. တစ်ကိုယ်လုံးကို နေရာအနှံ့ ဖြာထွက်သွားတယ်..။ ဟင့်အင်း.. ဒီနာမည်ကို လက်မခံနိုင်သေးဘူး။ သူက.. သူဇာလွင် ဆိုတဲ့ သတင်းထောက် မိန်းကလေးတစ်ယောက်..။ ပပဝေ ဖြစ်သွားတာနဲ့ သူဇာလွင့်ကို မေ့ပစ်လိုက်လို့ ဘယ်လို ရပါ့မလဲ..။ အနှစ် ၃၀ လုံးလုံး ဖြတ်သန်းခဲ့ရတဲ့ သာမန်လူတစ်ယောက်ရဲ့ ဘ၀တွေ.. အောင်မြင်မှုတွေ.. ကျရှုံးမှုတွေ.. ဒါတွေကို ထားခဲ့ လွှင့်ပစ်လိုက်လို့ ဘယ်ရပါ့မလဲ..။ မင်းခန့်ထူး.. ဆိုတဲ့ သူတစ်ယောက် သူ့ဘ၀ထဲ ဝင်လာတဲ့အတွက် သူဇာလွင် .. နောင်တတော့ မရပါဘူး။ ဒီလူဟာ လူကောင်းတစ်ယောက်..။ အမြဲတစေ အထီးကျန်စိတ်နဲ့ တိတ်ဆိတ်နေတဲ့ သူဇာလွင့်အတွက်.. ဒီလို အဖော်တစ်ယောက် ရလာတာ.. အဆိုးထဲက အကောင်းလို့ပဲ ပြောရမလား။
ကားဟိုဘက်မှာ မတ်တပ်ရပ်ရင်း သမ်းနေတဲ့ မင်းခန့်ထူးဆီကို သူဇာလွင့်မျက်လုံးတွေ..ရောက်သွားတယ်။ သူဇာလွင်နဲ့ စတွေ့တုန်းက ဆယ်ကျော်သက် တစ်ယောက်လို နုပျိုနေခဲ့တဲ့ မင်းခန့်ထူးရဲ့ မျက်နှာ.. အခုတော့ နေ့ချင်းညချင်းပေါ်လာတဲ့ အရေးအကြောင်းတချို့..။ ဒါပေမယ့်.. ထင်သလောက်တော့ မဆိုးပါ။ အသက် ၄၀ ကျော်ဆိုပေမယ့် မင်းခန့်ထူးရဲ့ မျက်နှာက အခုတလော အပြုံးရိပ် အမြဲသမ်းနေတယ်။ ရှိရင်းစွဲ အသက်ထက် နည်းနည်းလေး ပိုနုနေသလို.. သူဇာလွင်နဲ့ သိပ်မကွာသလို ထင်ရတယ်..။
“ဘာတွေ ကြည့်နေတာလဲဗျ။ ကျွန်တော် တော်တော် အိုစာသွားလို့လား”.. မင်းခန့်ထူးက ပြုံးပြီး မေးတယ်။ သူ့ခေါင်းပေါ်က ဆံပင်အုပ်အုပ်ကို လက်နဲ့ ထိုးဖွ၊ ဘေးကိုခွဲပြီး သပ်တင်တယ်။
သူဇာလွင် မျက်နှာ နွေးခနဲ ဖြစ်သွားတယ်။ အကြည့်ကို ချက်ခြင်း လွှဲလိုက်တယ်။ ဘာကြောင့်လဲမသိ.. အခုထိ မင်းခန့်ထူးနဲ့ မျက်လုံးချင်း တေ့တေ့ဆိုင်ဆိုင် ကြည့်လို့ အဆင်မပြေသေးဘူး။ ဘာမှန်းမသိတဲ့ အရိပ်အယောင်တွေ အမြဲဝေ့ဝဲနေတဲ့ မင်းခန့်ထူး မျက်လုံးတွေကို ကြည့်လိုက်ရင် သူဇာလွင် စကားတွေ အဆီအငေါ်မတည့် ဖြစ်ကုန်တယ်။ ပြောရမယ့် အကြောင်းအရာကို မေ့သွားတတ်တယ်။
“အာ… မဟုတ်ပါဘူး”.. သူဇာလွင် ပြန်ဖြေလိုက်တယ်။ .. “အခု..မိုးလည်းတော်တော် ချုပ်နေပြီ။ ရွာသူရွာသားတွေလည်း တစ်ယောက်မှ မတွေ့ဘူး။ ဘယ်သူ့ကို စပြီး မေးရမလဲ.. စဉ်းစားနေတာ။ ပြီးတော့ ကျွန်မ.. ကားကလည်း ဒီအတိုင်းကြီး ပိတ်ရပ်ထားလို့ အဆင်ပြေပါ့မလား”
မင်းခန့်ထူးက ပခုံးတွန့်တယ်။
“မနက်ကျမှ ပြန်လာရင်လည်း လာတာပေါ့။ လမ်းမှာ ဖြတ်ခဲ့တဲ့ မြို့တစ်မြို့ရှိတယ်လေ။ ဆိပ်ခုံမြို့ဆိုလား။ အဲဒီမှာ တည်းခိုခန်းတွေ ရှိမှာပေ့ါ..။ ခင်ဗျား သဘောလေ”
“ဟင့်အင်း။ မနက်ထိတော့ မစောင့်နိုင်ဘူး”.. သူဇာလွင် ပြောလိုက်တယ်။ ဟုတ်တယ်.. ဒီနေရာ.. ဒီအထိ ရောက်လာပြီးမှ.. ဘာမှ မသိရဘဲ ဒီည အိပ်ပျော်မယ် မထင်ဘူး။ .. “ဟိုရှေ့နားက အိမ်တစ်အိမ်အိမ်ထဲကို ဝင်မေးကြည့်မယ်လေ”.. ခပ်လှမ်းလှမ်းက ပျဉ်ထောင်အိမ် သုံးလေးအိမ်ရှိတဲ့ အကွက်ဘက်ကို သူဇာလွင် မေးငေါ့ပြလိုက်တယ်။
“အင်း ရပါတယ်။ ဒါပေမယ့် ကျွန်တော် တစ်ခုတော့ ကြိုပြောမယ်နော် မသူဇာ”.. မင်းခန့်ထူးက ကားရှေ့ကနေဖြတ်၊ သူဇာလွင့်ဘက်ကို လျှောက်လာတယ်။.. “မျှော်လင့်ချက်တွေတော့ အရမ်းမထားနဲ့ဗျ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကတည်းကနေ အခုထိ အစအန ပေါ်မလာတော့ဘူး ဆိုတော့.. ခင်ဗျား အမေ..”.. ဆက်မပြောချင်တော့သလို.. သူ့စကားက တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားတယ်။
“ကျွန်မ သေချာချင်တယ် ကိုမင်းခန့်ထူး။ ရှင်နားလည်မှာပါ”
မင်းခန့်ထူးက ခေါင်းညိတ်တယ်။ သူ့နှဖူးမှာ သီးနေတဲ့ ချွေးစတွေကို လက်နဲ့ သုတ်တယ်။ ညနေခင်းတုန်းက ချမ်းစိမ့်စိမ့်ဖြစ်ချင်သလိုလို ရှိနေခဲ့တဲ့ ရာသီဥတု..အခုမှ သူမဟုတ်သလို တငွေ့ငွေ့ ပူနေတယ်။ မင်းခန့်ထူးက အောက်ခံတီရှပ်ပေါ်မှာ ရှပ်အင်္ကျီလက်ရှည်ကို ထပ်ဝတ်ထားတော့ ပိုဆိုးတယ်။ သူဇာလွင်ကတော့ တီရှပ် လက်တို ဝတ်ထားတဲ့အတွက်.. ခပ်တိုးတိုးတိုက်နေတဲ့ လေပြေအောက်မှာ သိပ်မပူ၊ သက်သာရာ ရနေတယ်။
“ကျွန်တော့် အပြစ်ပါပဲ”.. မင်းခန့်ထူးက ပြောတယ်။ “အဲဒီနေ့.. အဲဒီညက.. ကျွန်တော်သာ မမမေ အနားမှာ ရှိနေခဲ့ရင်.. အခုလို ဖြစ်ချင်မှ ဖြစ်မှာ..။ သူက ပြန်တော့..လို့ ပြောတာနဲ့ လှည့်ပြန်လာမိတာကိုက ကျွန်တော် သွေးကြောင်လွန်းခဲ့တာ”
“ရှင့်အပြစ် မဟုတ်ပါဘူး ကိုမင်းခန့်။ အဲဒီလို မတွေးပါနဲ့”
“ကျွန်တော်ကတော့ ကျွန်တော့် အပြစ်လို့ပဲ ထင်တယ်။ အဲဒီလိုပဲ ခံယူတယ်။ နောက်တစ်နေ့မနက်.. အဲဒီရေတွင်းပျက်နားကိုသွားတော့.. မမမေရဲ့ ဂျက်ကတ်ကိုပဲတွေ့တော့.. ကျွန်တော် တော်တော် နောင်တရသွားတာ။ ငါ ဒီလောက် ပျော့ညံ့ရသလား..ဆိုပြီး မကျေမချမ်းဖြစ်သွားတာ။ တော်သေးတယ်.. ခင်ဗျားကို လိုက်ရှာတာ တွေ့သွားလို့.. အနည်းဆုံးတော့ သူမှာခဲ့တာတစ်ခုကို လုပ်ပေးနိုင်ခဲ့ပြီပဲလေ ဆိုပြီး စိတ်ဖြေရတယ်”.. ပြောနေရင်း မင်းခန့်ထူး မျက်နှာ နည်းနည်း ညှိုးသွားတယ်။
“ရှင့်ခေါင်းက ဒဏ်ရာ ဘယ်လို နေသေးလဲ။ ခေါင်းမူးတာတွေဘာတွေ ဖြစ်သေးလား”.. သူဇာလွင် စကားလွှဲရင်းနဲ့ မေးလိုက်တယ်။ သူမျက်နှာညှိုးသွားတော့လည်း သူဇာလွင် မနေနိုင်ပြန်..။
“ဘာမှ မဖြစ်တော့ဘူးဗျ။ ကောင်းတယ်”.. မင်းခန့်ထူးက ခပ်သွက်သွက် ပြန်ဖြေတယ်။ သူဝတ်ထားတဲ့ အပေါ်ရှပ်အင်္ကျီကို ချွတ်တယ်။ သူဇာလွင့်ကို လှမ်းပစ်ပေးတယ်။ .. “ဒါ ဝတ်ထားလိုက် မသူဇာ”
လက်ထဲက ရှပ်အင်္ကျီကို ကိုင်ကြည့်ရင်း သူဇာလွင် နားမလည်သလို ပြန်ကြည့်လိုက်တယ်။
“ခင်ဗျား လက်မောင်းက.. ”.. မင်းခန့်ထူးက သူဇာလွင့်လက်မှာ ပြည့်နှက်နေတဲ့ ဆေးမင်ရုပ်တွေကို မေးငေါ့ပြတယ်။ .. “အဲဒီ အရုပ်တွေနဲ့ဆို ရွာကလူတွေ ဟိုမေး ဒီမေး ဖြစ်နေဦးမယ်။ အင်္ကျီထပ်ဝတ်ထားလိုက်ဗျ နော်”
သူဇာလွင် သူ့ကိုယ်သူ ပြန်ကြည့်တယ်။ ဂျင်းဘောင်းဘီအနက်၊ တီရှပ် အနက်နဲ့.. လက်မောင်းနှစ်ဖက်စလုံး တက်တူးအပြည့်နဲ့.. သူ့ပုံစံက ဒီနေရာနဲ့ ဘာမှ မဆိုင်..။ သူဇာလွင် သက်ပြင်းချတယ်။ စိတ်ညစ်ညစ်နဲ့ ရှပ်အင်္ကျီကို မြန်မြန် ဝတ်တယ်။
ဒီ ဆေးမင်ရုပ်တွေ စပေါ်လာကာစ အချိန်ကို ပြန်သတိရချင်သွားတယ်။ အမေပေးခဲ့တဲ့ လော့ကတ်သီးထဲက.. ဓာတ်ပုံနဲ့ .. ပပဝေ ဆိုတဲ့ နာမည်..။ သူဇာလွင့်ကို အရှိန်နဲ့ ခုန်အုပ်လိုက်တဲ့ မကောင်းဆိုးဝါး..။ မီးတောက်မီးလျှံထဲ ထိုးထည့်လိုက်သလို ပူကျစ်သွားတဲ့ လက်မောင်းနှစ်ဖက်..။ လက်မောင်းအရင်းကိုကျော်.. သူဇာလွင့် ရင်ညွန့်နားအထိ ကွေးဆက်သွားတဲ့ ဆေးမင်ရုပ်တွေကို မှန်ထဲမှာ ပြန်ကြည့်မိတိုင်း ငါဘယ်သူလဲ.. ဆိုတဲ့ ခံယူချက်က ဇဝေဇဝါ ဖြစ်ချင်လာတယ်။ ဆေးမင်ရုပ်တွေက အပ်နဲ့ထိုးထားသလို ဖောင်းနေ၊ ပြန့်နေတာမျိုးမရှိ..၊ သူဇာလွင့် အရေပြားနဲ့ တသားတည်း တွဲပါလာသလို ပိရိ ချပ်ရပ်နေတယ်။ နဂါးနဲ့ ဂဠုန် စစ်ခင်းနေတဲ့ စစ်တလင်းရဲ့ ပုံရိပ်။ ကမ္ဘာ့ရန်သူ နှစ်ဦးကို ပတ်ပတ်လည် သွယ်ရက်ထားတဲ့ အမျိုးအမည်မသိတဲ့ ဘာသာစကားနဲ့ စာလုံးတွေ..။ ပွထရှုပ်ယှက်ခက်နေတဲ့ ဘာမှန်းမသိတဲ့ သင်္ကေတတွေ..။
စစချင်းမှာတော့ အရုပ်တွေကို ပြန်ကြည့်မိတိုင်း မယုံနိုင်တဲ့ စိတ်နဲ့ ..သူဇာလွင် အသက်ရှူကြပ်လာတတ်တယ်။ အိပ်မက်လိုလို တကယ်လိုလို ထင်ယောင်ထင်မှားတွေ ဖြစ်တယ်။ ဒါပေမယ့် တဖြည်းဖြည်း နေသားကျလာတယ်။ အခုတော့.. ဒီအရုပ်တွေ ရှိနေမှန်းတောင် သူဇာလွင် မေ့တေ့တေ့ ဖြစ်ချင်နေပြီ။ သူ့လက်မောင်းတွေကို မြင်လိုက်တိုင်း သို့လော သို့လော အကြည့်တွေနဲ့ ကြည့်တတ်ကြတဲ့ သူတွေကိုလည်း မသိချင်ယောင် ဆောင်တတ်နေပြီ။ မင်းခန့်ထူး ဆေးရုံရောက်၊ သူဇာလွင် ရုံးပြန်တက်ကာစ အချိန်.. သူဇာလွင့် လက်က အရုပ်တွေကိုမြင်ပြီး မူးမေ့လဲတော့မလို အမူအရာတွေနဲ့ ရှုံ့မဲ့သွားတဲ့ ကေသီမောင့် မျက်နှာ..။ တွေးလိုက်တော့ သူဇာလွင် ရယ်ချင်သွားပြန်တယ်။ ပပဝေရဲ့ ဇာတ်လမ်းကိုများ သိရင် အဲဒီ ကေသီမောင်ဆိုတဲ့ မိန်းမ.. တအံ့တဩနဲ့ ရင်ဘတ်ကိုဖိ အသက်ထွက်သွားမလား မသိ..။
လည်ပင်းမှာ ချည်ကြိုးနဲ့ ဆွဲထားတဲ့ လော့ကတ်သီးလေးကို သူဇာလွင် လက်နဲ့ အသာပွတ်ကြည့်တယ်။ မမမေ..ဆိုတာ ဘယ်သူလဲ.. တကယ်လား.. စိတ်ကူးယဉ်လား..လို့ သံသယဖြစ်လာတဲ့ အခါတိုင်း.. အမေ့ရဲ့ လော့ကတ်သီးကို လက်ဖျားနဲ့ ထိကြည့်မိတယ်။ အဲဒါဆိုရင် သံသယစိတ်တွေ အခိုးအငွေ့ဖြစ်ပြီး ပျောက်ကွယ်သွားတာပဲ။ အမေနဲ့ စကားပြောခဲ့ရတဲ့.. အိပ်မက် ကမ္ဘာကို သူဇာလွင် ညတိုင်းလိုလို မြင်ယောင်တယ်။ အမေ့စကားတွေကို ပြန်ကြားတယ်။ နောက်တစ်ခါများ အဲဒီ ကမ္ဘာဆီ ထပ်သွားခွင့်ရဦးမလား.. သူဇာလွင် ကြိုးစားကြည့်သေးတယ်။ လော့ကတ်သီးကို ဖွင့်ချည်ပိတ်ချည် အကြိမ်ပေါင်းများစွာ လုပ်ကြည့်သေးတယ်။ ဘာမှ ဖြစ်မလာဘူး။
“ခင်ဗျားလည်း တော်တော် တွေးနိုင် ငေးနိုင်တာပဲဗျ..နော်”.. သူ့လက်မောင်းကို ခပ်ဖွဖွ ထိုးလိုက်တဲ့ မင်းခန့်ထူးရဲ့ လက်သီးချက်ကြောင့် သူဇာလွင် သတိပြန်ဝင်လာတယ်။
“ဆောရီး။ ဖြစ်ခဲ့တာတွေကို အခုထိ မယုံနိုင်သေးဘူး ဖြစ်နေတယ်။ စဉ်းစားလိုက်တိုင်း အတွေးတွေနောက် ဆက်တိုက်လိုက်ရင်း အဲဒီလို မျောပြီး ပါပါ သွားတတ်တယ်”
“အင်း။ ကျွန်တော်လည်း အဲဒီလိုပဲ ဖြစ်ခဲ့ပါတယ်။ အတွေးတွေများပြီး လူက ကြောင်တောင်တောင် ဖြစ်သွားတာ..။ အခုတော့ ဒီလို မဖြစ်တော့တာ နှစ်တွေ ကြာပြီဗျ”
“ဟုတ်လား”.. ကားသော့ကို ဘောင်းဘီအိတ်ထဲထည့်ရင်း သူဇာလွင် ပြောလိုက်တယ်။ .. “ရှင် ဘယ်လို လုပ်လိုက်တာလဲ။ နည်းလမ်းလေးဘာလေး ရှိရင် ပြောပါဦး”
“လွယ်လွယ်လေးဗျ။ အကုန်မေ့ထားလိုက်”… မင်းခန့်ထူးက ရယ်ကျဲကျဲနဲ့ ပြန်ဖြေတယ်။ အိမ်တွေဘက်ကို သွားမလို့ ခြေလှမ်းကို ဦးတည်တယ်။ .. “ဖြစ်ခဲ့တာတွေက အရေးမကြီးတော့ဘူးဗျ။ ဖြစ်နေတာတွေကိုပဲ အာရုံစိုက်”
ပြောပြီးတာနဲ့ မင်းခန့်ထူး ဟိုဘက်ကို လှည့်.. အိမ်တွေဘက်ကို လျှောက်သွားတယ်။
သူဇာလွင် နှာခေါင်းကို ရှုံ့တယ်။ ဒီလူ.. အခုထိ ဆရာကြီးလေသံ မပျောက်သေးပါလား.. လို့တွေးရင်း မင်းခန့်ထူးနောက်ကို လိုက်သွားလိုက်တယ်။
(၂)
ရွာထဲက အိမ် ၃-၄ အိမ်လောက်ကို မေးမြန်းဖို့ ကြိုးစားပြီးတဲ့ နောက်မှာ သူဇာလွင် စိတ်ဓာတ် ကျချင်ချင် ဖြစ်လာတယ်။ လူရိပ်မြင်တာနဲ့ ၀ုန်းခနဲ ပိတ်သွားကြတဲ့ အိမ်တံခါးတွေ၊ ပြတင်းပေါက်တွေ..။ သူဇာလွင်တို့ ပါးစပ်မဟခင်မှာ.. “ဘယ်သူလဲ။ မသိဘူး။ မရှိဘူး။ သွားကြ”..ဆိုပြီး အိမ်ထဲကနေ လှမ်းအော်တဲ့ မနှစ်မြို့ခြင်း အပြည့်နဲ့ စကားလုံးတွေ။ ဘယ်လို လူတွေလဲ..။ ဘယ်လို နေရာလဲ။ သူဇာလွင့် သတင်းထောက် သက်တမ်းတလျှောက်မှာ ကျေးရွာပေါင်းများစွာကို ခရီးတွေထွက်ခဲ့ရဖူးတယ်။ ရွာသူရွာသားတွေ အများကြီးကို မေးခွန်းတွေ မေးခဲ့ရဖူးတယ်။ များသောအားဖြင့်.. ရွာနေ လူထုဟာ မြို့ကလူတွေထက် ပိုပြီး သဘောကောင်းတယ်။ ဖော်ရွှေတယ်။ မေးခွန်းတွေကို စိတ်ဝင်တစား ဖြေတတ်ကြတယ်။ အခု.. မုယောကိုရောက်တော့မှ ခါးခါးသီးသီး ဖြစ်နေတာ ဘာလို့လဲ။
နာရီကိုကြည့်လိုက်တော့ ည ၇ နာရီ။
လမ်းမီးမရှိ ဘာမရှိနဲ့မို့ ပတ်ဝန်းကျင်က မှောင်နဲ့ မည်းမည်းဖြစ်နေတယ်။ အိမ်တွေထဲက ဖြာထွက်လာတဲ့ အလင်းဝါဝါတွေက မြေနီလမ်းအထိ မရောက်၊ တစ်ဝက်တစ်ပျက်မှာ ပျောက်ကွယ်သွားတယ်။ ခြံတွေထဲကနေ တအိအိ အော်နေတဲ့ ဝက်သံ တချို့ကြားရတယ်။ လူခြေသံလိုလို တရှပ်ရှပ်တွေလည်း မကြာခဏ ကြားရတယ်။ ဒါပေမယ့် ဘယ်ကိုကြည့်လိုက် ကြည့်လိုက် တံခါးပိတ်ထားတဲ့ အိမ်တွေပဲ တွေ့ရတယ်။ လူသူ တစ်ဦးတစ်ယောက်မှ မမြင်ရသေး။
“ဒီတစ်အိမ်မှ အဆင်မပြေရင်တော့ .. မနက်မှ ပြန်လာတာ ကောင်းလိမ့်မယ် မသူဇာ”.. မင်းခန့်ထူးက ပြောတယ်။ သူ့မျက်နှာမှာ စိတ်ပူသလိုလို စနိုးစနောင့်ဖြစ်နေသလိုလို အရိပ်တချို့တွေ့ရတယ်။ .. “တော်ကြာ တစ်ရွာလုံး ထွက်ရိုက်နေဦးမယ်”
“အင်းပါ။ ဒီတစ်အိမ်မေးပြီးရင် ကျွန်မတို့ ပြန်ကြမယ်လေ”.. သူဇာလွင် ပြန်ပြောလိုက်တယ်။ စိတ်ထဲမှာတော့ တော်တော်လေးကို မတင်မကျ ဖြစ်နေပြီ။.. “ရှင် အရင်တစ်ခေါက် လာတုန်းကတော့ ဒီရွာကလူတွေက ဒီလိုပဲလား”
“မဟုတ်ဘူးဗျ။ ဒါပေမယ့် အရင်တစ်ခေါက်တုန်းက လမ်းမတန်းဘက်က အိမ်တွေကိုပဲ ရောက်ခဲ့တာ။ ဒီဘက်ခြမ်းက အိမ်တွေနဲ့တော့ မမေးဖြစ်ခဲ့ဘူး”
ယိုင်နဲ့နဲ့ ဆောက်ထားတဲ့ ပျဉ်ထောင်အိမ်တစ်လုံးရှေ့ကိုရောက်တော့ သူဇာလွင်တို့ ခဏ ရပ်တယ်။ အိမ်အခြေအနေကို အပြင်ကနေ အကဲခတ်တယ်။ စောစောက အိမ်တွေလိုတော့ ခြံတံခါး ပိတ်ထားတာမျိုး မတွေ့ရ။ သစ်ဟောင်းတွေနဲ့ ဖြစ်သလိုဆောက်ထားတဲ့ ခြံစည်းရိုးက ယိုင်လဲတော့မလို တစ်ခြမ်း စောင်းနေတယ်။ ခြံထဲမှာ ကြက်ခြံလား ဘဲခြံလားမသိ.. တဂွပ်ဂွပ် အသံတွေ ကြားရတယ်။ အိမ်ရဲ့ ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ မီးရောင်လဲ့လဲ့ ဖြာထွက်နေတယ်။ ဘက်ထရီနဲ့ ထွန်းထားတဲ့ မီးသီး ဖြစ်မယ်။ အလင်းရောင်က ဖယောင်းတိုင်မီး သာသာ။
“အိမ်ရှင်တို့ အိမ်ရှင်တို့”.. မင်းခန့်ထူးက ခြံ၀ကနေ ခပ်ကျယ်ကျယ် လှမ်းအော်တယ်။ သူဇာလွင့်ဘက်ကို လှည့်ပြီး ပြုံးပြတယ်။ .. “အိမ်ရှင်တို့ ဆိုတာကြီးက ပါးစပ်က ထွက်ခေါ်ရတာ ဘယ်လိုကြီးမှန်းကို မသိဘူးဗျ။ အခုထိကို အသားမကျသေးဘူး”..တဲ့ ရယ်ကျဲကျဲနဲ့ ပြောတယ်။
“အရေးထဲမှာ နောက်မနေစမ်းပါနဲ့”.. သူဇာလွင် အံကြိတ်ပြီးပြောလိုက်တယ်။
“ဘယ်သူလဲ”.. ပြတင်းတံခါးမှာ ပေါ်လာတဲ့ လူရိပ်တစ်ရိပ်ဆီက အသံ။
“ကျွန်တော်တို့ မြို့က လာတဲ့ သူတွေပါ။ ဒီမှာ မေးစရာလေး တစ်ခုရှိလို့ ခင်ဗျ”.. မင်းခန့်ထူးက ပြောတယ်။
လူရိပ်က စကားပြန်မပြောသေးဘဲ ပြတင်း၀ကနေ အတော်ကြာကြာ လှမ်းကြည့်နေတယ်။ ပြတင်းတံခါးကို ပြန်ပိတ်တော့မလို.. သူ့လက်တွေက တံခါးဘောင်ဆီကို ရောက်သွားတယ်။
“ကျွန်မတို့ စုံစမ်းစရာလေး တစ်ခုရှိလို့ပါရှင့်။ ကျွန်မက သတင်းထောက်ပါ”.. သူဇာလွင် ခပ်သွက်သွက် ဝင်ပြောလိုက်တယ်။
သူဇာလွင့် စကားအဆုံးမှာ .. လူရိပ်က ပြတင်းတံခါးကို ဆွဲပိတ်လိုက်တယ်။ သူဇာလွင် သက်ပြင်းချလိုက်မိတယ်။ အဝေးကြီးပြေးလာခဲ့ပြီး အနားရောက်မှ အလဟဿဖြစ်တော့မလား။ မနက်မှ ပြန်လာရင် ရတယ်ဆိုတာ သူသိပေမယ့်.. ဒီရွာ.. ဒီနေရာက သူဇာလွင့်ရဲ့ သိချင်စိတ်တွေကို တနုံ့နုံ့ ထိုးဆွ ပေးနေတယ်။
သူဇာလွင်နဲ့ မင်းခန့်ထူး.. ခြံရှေ့က လှည့်ထွက်မလို့ အလုပ်မှာ.. အိမ်ရှေ့တံခါး ပွင့်သွားတယ်။ တံခါး၀မှာ ရပ်နေတဲ့ အသက်ကြီးကြီး အမျိုးသမီး တစ်ယောက်။
“အေးအေး.. လာလေ။ အထဲဝင်”.. သူက ပြောတယ်။
(၃)
အခန်းပတ်ပတ်လည်ကို ဝေ့ကြည့် အကဲခတ်ရင်း သူဇာလွင်.. မေးရမယ့် မေးခွန်းတွေကို စိတ်ထဲမှာ စီနေမိတယ်။ မင်းခန့်ထူးကတော့ ထိုင်ခုံမှာ အားရပါးရ ထိုင်နေတာ သူ့အိမ်သူ့ယာလိုပဲ.. ဒူးတနန့်နန့်နဲ့။
အိမ်ခန်းလေးက အတော်ကျဉ်းတယ်။ သူဇာလွင့် ရုံးခန်းထက် နည်းနည်းပဲ ကြီးမယ်ထင်တယ်။ နံရံမှာ ကပ်ထားတဲ့ ပြက္ခဒိန်အဟောင်းတွေကို သူဇာလွင် စိတ်ဝင်တစား ကြည့်မိတယ်။ သူဇာလွင်တို့ ငယ်ငယ်တုန်းက နာမည်ကြီးခဲ့တဲ့ မင်းသား မင်းသမီးတွေရဲ့ ဓာတ်ပုံတွေနဲ့.. ဝန်ကြီးဌာန ပြက္ခဒိန်တွေ။ တချို့ မင်းသမီးတွေရဲ့ နာမည်ကို သူဇာလွင် မှတ်တောင် မမှတ်မိတော့လောက်အောင် ပြက္ခဒိန်တွေက အိုအောင်းနေပြီ။ ဒီရွာရဲ့ ဒီအိမ်ထဲမှာတော့ ဒီပြက္ခဒိန်တွေက အတိတ်ရဲ့ နေ့ရက်တွေကို ပြန်အမှတ်ရစေဖို့လားမသိ.. ဆက်လက် ရှင်သန်နေသေးတယ်။
အိမ်ရှင် အဒေါ်ကြီးက.. သူဇာလွင်တို့ကို အိမ်ထဲကို ခေါ်ပြီးတာနဲ့ မီးဖိုချောင်ဘက်ကို ပျာယီးပျာယာ ပြေးထွက်သွားတာ အခုထိ ပြန်မရောက်လာသေး။ ဟင်းအိုး ကပ်တော့မယ်..လို့ ပြောသွားတာတော့ ကြားလိုက်တယ်။ မီးဖိုချောင်ဘက်ကနေ သင်းပျံ့လာတဲ့ ငါးပိချက်အနံ့က ဧည့်ခန်းထဲကို တိုးဝင်လာတယ်။ သူဇာလွင် ဗိုက်ဆာသလိုလိုတောင် ဖြစ်လာတယ်။
အခန်းထောင့်က ခုံပုလေးမှာ ထိုင်နေတဲ့ ကောင်လေးတစ်ယောက်။ အသက် ၆ နှစ်လောက် ရှိရောပေ့ါ။ အဝတ်နွမ်းနွမ်းကို အပေါ်အောက် ဆင်တူဝတ်ထားတဲ့ ကောင်လေးက သူဇာလွင်တို့နှစ်ယောက်ကို စိတ်ဝင်တစား ကြည့်နေတယ်။ ဘာမှတော့ မပြောဘူး။ သူ့နှာခေါင်းက တွဲလဲကျနေတဲ့ နှာရည်ကို တရှုံ့ရှုံ့နဲ့ ပြန်ရှူသွင်းလိုက်၊ လက်နဲ့ သုတ်လိုက်.. ထပ်ကျလာတဲ့ အရည်ကို လျှာဖျားနဲ့သပ်လိုက်..။ မင်းခန့်ထူးက ကောင်လေးကိုကြည့်ရင်း သဘောကျသလို ခေါင်းတညိတ်ညိတ် လုပ်တယ်။ သူဇာလွင့်ဘက်ကို လှည့်ပြီး မျက်စပစ်တယ်။ “ခင်ဗျား ငယ်ငယ်တုန်းကရော အဲဒီလို နှပ်ချေးတွဲလောင်းပဲလားဗျ”..တဲ့။ နောက်တယ်။
သူဇာလွင် ဘာမှပြန်မပြောဘဲ မျက်စောင်းတစ်ချက် ပစ်ထိုးလိုက်တယ်။
“တော်သေးတာပေါ့ ဒီရွာမှာ သဘောကောင်းတဲ့ အိမ်တစ်အိမ်တော့ ရှိနေလို့”… မင်းခန့်ထူးက ပြောတယ်။
သူဇာလွင် ခေါင်းညိတ်လိုက်တယ်။ အိမ်ရှင် အဒေါ်ကြီးက သဘောကောင်းတဲ့ မျက်နှာမျိုးရှိတယ်။ သူဇာလွင်တို့ကို အိမ်ထဲကို ခေါ်တော့လည်း ဖော်ဖော်ရွေရွေပဲ။
“သမီးတို့ ဗိုက်ဆာနေကြပြီလား။ ထမင်းစားသွားလေ”.. အိမ်ရှင်အဒေါ်ကြီး.. ဧည့်ခန်းထဲကို ပြန်ဝင်လာတယ်။ သူ့လက်ထဲမှာ အငွေ့တလူလူနဲ့ ဒယ်အိုးတစ်ခုကို လက်နှီးစုတ်နဲ့ ထိန်းပြီး ကိုင်ထားတယ်။
အဒေါ်ကြီးက ခပ်ပိန်ပန် ပုပု။ အဒေါ်ကြီးလို့ ခေါ်ရပေမယ့် တကယ်တန်းက အလွန်ဆုံးရှိလှမှ ၄၅- ၅၀ ပေါ့။ ဒါပေမယ့် ခပ်ညိုညို သူ့အသားအရည်က ခြောက်သယောင်းနေတယ်။ လက်ချောင်းတွေက ပိန်လှီနေတယ်။ သူဝတ်ထားတဲ့ နွမ်းဖတ်ဖတ် ထမီနဲ့ အင်္ကျီကြောင့်လည်း အသက်က ပိုရင့်သလို ထင်ရတာဖြစ်မယ်။
“ဟာ.. ရတယ် အန်တီ။ ကျွန်မတို့ မစားတော့ဘူး။ မေးစရာလေး မေးပြီးရင် ပြန်မှာပါ”.. သူဇာလွင် ကမန်းကတန်း ပြန်ပြောလိုက်တယ်။
အိမ်ရှင်အဒေါ်ကြီးက ခေါင်းခါတယ်။
“အို.. မဟုတ်တာ။ လာပါ။ တစ်ခါတည်း စားသွားလိုက်။ အဒေါ်က အိမ်ကို လာသမျှ ဧည့်သည်ကို တစ်ခုခု ကျွေးလွှတ်ရမှ ကျေနပ်တာ။ ခုနောက်ပိုင်း ဧည့်သည်မလာတာ ကြာလှပြီဆိုတော့ ကျွေးချင်နေတာ”
သူဇာလွင် ထပ်ငြင်းမလို့ အလုပ်မှာ..
“ဟုတ် ကျေးဇူးပါ အစ်မ။ ကျွန်တော်လည်း ဗိုက်ဆာနေတာ အတော်ပဲ”..တဲ့ မင်းခန့်ထူးက ဝင်ပြောတယ်။ သူဇာလွင် လှမ်းကြည့်တဲ့ အကြည့်စူးစူးကို သူက မသိချင်ယောင်ဆောင်နေတယ်။ ဘယ်လိုလူလဲ.. အခုထိ ဗိုက်ဆာလို့ မပြီးသေးဘူးလား။ တစ်လမ်းလုံးလည်း အာလူးကြော်ထုပ်တွေ တစ်ထုပ်ပြီး တစ်ထုပ် ဖောက်စားလာတာ။ ပြီးတော့.. ဒီအဒေါ်ကြီးကိုများ .. အစ်မတဲ့.. အေးလေ..သူနဲ့က ဆယ်နှစ်လောက်ပဲ ကွာမှာကိုး။ နင်နဲ့.. မင်းခန့်ထူးနဲ့လည်း ဆယ်နှစ်ကျော် ကွာတယ်ဆိုတာကို မေ့မနေနဲ့.. သူဇာလွင်။ .
“ကဲ မသူဇာ။ လာပါ။ ဟိုမှာ ဧည့်ခံနေတာကို အားနာစရာကြီး။ ခင်ဗျားလည်း ဆာနေပြီ မဟုတ်လား။ ဗိုက်ထဲက အသံတောင်ထွက်နေပြီ.. ကျွန်တော် ကြားလိုက်တယ် ဟဲဟဲ..”.. မင်းခန့်ထူးက ပြောတယ်။
သူဇာလွင် မျက်စောင်းလည်း ထပ်မထိုးနိုင်တော့။ ဗိုက်ဆာနေတာတော့ အမှန်ပဲ။
“ကဲ.. ငါ့မောင်တို့ နောက်ကို လိုက်ခဲ့လေ။ ထမင်းပြင်ထားပြီးသား။ အဒေါ့်ယောကျ်ားလည်း ရှိတယ်။ သူကလည်း ဧည့်သည်တွေကို တွေ့ချင်နေတာ”.. အိမ်ရှင်အဒေါ်ကြီးက သူဇာလွင်တို့ကို ခပ်ပြုံးပြုံးနဲ့ ကြည့်ရင်း နောက်ဖေးကို ပြန်လှည့်ထွက်သွားတယ်။ သူ့သားလို့ ထင်ရတဲ့ ကလေးလေးက နှပ်ချေးစုပ်နေရာကနေ ထပြီး သူ့အမေနောက်ကို လိုက်သွားတယ်။
သူဇာလွင် မင်းခန့်ထူးကို တံတောင်နဲ့ လှမ်းတွတ်လိုက်တယ်။
“ရှင်ဘယ်လို ဖြစ်နေတာလဲ။ အဲဒီလောက် ငတ်နေသလား”
မင်းခန့်ထူးက ရယ်တယ်။
“ခင်ဗျားကလည်း။ စားရင်းသောက်ရင်း မေးတော့ ပိုမကောင်းဘူးလား။ မဟုတ်ရင် သူတို့ ထမင်းစားပြီးတဲ့အထိ ကျွန်တော်တို့ ထိုင်စောင့်နေရမှာ။ အခုနေ အတင်းမေးရင် သူတို့ ညစာစားချိန်ကို ဝင်နှောင့်ယှက်သလို ဖြစ်သွားမှာပေါ့။ မဟုတ်ဘူးလား”
“ဘယ်သူမှန်းလည်း သိတာမဟုတ်ဘဲ တွေ့ကရာနေရာမှာ ထမင်းဝင်စားနေတယ်။ ရှင် မကြောက်တတ်ဘူးလား”
“မကြောက်ပါဘူးဗျ။ ခင်ဗျား ရှိနေတာပဲ”
မင်းခန့်ထူးက ပြောပြီးတာနဲ့ ထိုင်နေရာက ထတယ်။ ပွစိပွစိ ဆက်လုပ်နေသေးတဲ့ သူဇာလွင့်ကို ငုံ့ကြည့်တယ်။
“လာပါ။ ခင်ဗျား ဗိုက်ဆာနေတာ အသိသာကြီး။ အပြန်လမ်းကျရင်လည်း စားဖို့ ဆိုင်တွေ့ဖို့ မသေချာဘူး”
(၄)
“အဒေါ့်နာမည်က ဒေါ်ဥတဲ့”..
အိမ်ရှင်အဒေါ်ကြီးက သူဇာလွင့် ပန်းကန်ထဲကို ထမင်းတွေ အားရပါးရ ခပ်ထည့်ပေးရင်း ပြောတယ်။
ဒေါ်ဥ ဆိုတဲ့ နာမည်ကို ကြားလိုက်လို့လားမသိ မင်းခန့်ထူးရဲ့ နှုတ်ခမ်းတစ်ဖက်က အပေါ်ကို ဆတ်ခနဲ ထောင်တက်သွားတယ်။ ရယ်မိတော့မလို ဖြစ်သွားတဲ့ မျက်နှာကို မျက်နှာပိုး သတ်တယ်။ ဟိုဘက် ထိုင်ခုံမှာ ထိုင်နေတဲ့ ဒေါ်ဥရဲ့ ယောကျ်ားဆိုတဲ့ လူကို လှမ်းကြည့်တယ်။ ပြုံးမိတာ အားနာသလိုလို မင်းခန့်ထူး.. ခေါင်းငုံ့သွားတယ်။
“ဟုတ်။ ကျွန်မက သူဇာလွင်ပါ။ Ruby Herald သတင်းစာက သတင်းထောက်ပါ”.. သူဇာလွင် မျက်နှာ မပျက်မိအောင် ထိန်းပြီး ပြောလိုက်တယ်။ သူ့မျက်လုံးတွေ ဒေါ်ဥရဲ့ ယောကျ်ားဆီမှာ..။ ပြဿနာပဲ။ ဒီ.. မင်းခန့်ထူး ဆိုတဲ့လူ လုပ်တာနဲ့.. သူများအိမ်မှာ အားနာစရာတွေ ဖြစ်ကုန်ပြီ..။
“အဒေါ်တို့ကတော့ အဲဒီ သတင်းစာ မကြားဖူးပါဘူး။ အင်္ဂလိပ် နာမည်ကြီးနဲ့ ဆိုတော့ ဖတ်လည်း မဖတ်တတ်လောက်ဘူး”.. ဒေါ်ဥက ပြန်ဖြေတယ်။
“သတင်းစာကတော့ မြန်မာ သတင်းစာပါပဲ။ နာမည်ကသာ အင်္ဂလိပ်လို ဖြစ်နေတာ”
“ဪ”.. ဒေါ်ဥက မင်းခန့်ထူး ပန်းကန်ထဲကို ထမင်း သုံးလေးဇွန်း ခပ်ထည့်တယ်။ သူ့ယောကျ်ားဘက်ကို မေးဆတ်ပြတယ်။ “ဒါက အဒေါ့် ယောကျ်ားလေ။ ဦးတင်ငွေ..တဲ့။ သူက နေမကောင်းဖြစ်နေတာ ကြာပြီ။ နှစ်နှစ်လောက်တောင် ရှိရောပေါ့”
ထိုင်ခုံမှာ ခပ်ယဲ့ယဲ့ထိုင်နေတဲ့ ဦးတင်ငွေဆိုတဲ့ လူက သူဇာလွင်တို့ကို ကြည့်နေသလို.. မမြင်သလို မြင်သလို။ သူ့ရဲ့ တစ်ခြမ်းရွဲ့နေတဲ့ ပါးစပ်ထဲကနေ သွားရည်တချို့ စီးကျနေတယ်။ စားပွဲပေါ်မှာ တင်ထားတဲ့ သူ့လက်နှစ်ဖက်က ဆတ်ခနဲ ဆတ်ခနဲ အကြောဆွဲနေတယ်။ ဒေါ်ဥရဲ့ သား..လို့ ထင်ရတဲ့ ဟိုကောင်လေးက ဦးတင်ငွေရဲ့ သွားရည်တွေကို ကြည့်ရင်း တဟက်ဟက် ရယ်တယ်။
“ဪ.. ဒုက္ခပါပဲ..။ ရှင့်မလည်း.. ဝဋ်ပဲ”.. ဒေါ်ဥက ခပ်တိုးတိုးပြောရင်း ဦးတင်ငွေရဲ့ ပါးစောင်ကို လက်သုတ်ဝတ်နဲ့ သုတ်ပေးတယ်။ စောင်းနေတဲ့ ခေါင်းကို ပြန်တည့်ပေးတယ်။ .. “စိတ်မရှိနဲ့ သမီးတို့ရေ။ သူကလေ တကယ်တမ်းကျတော့ လူအရမ်းခင်တတ်တာ။ နေကောင်းတုန်းကဆိုရင် သူ့ဆီကို ဧည့်သည်တွေ တစ်ချိန်လုံး လာနေကြတာ။ ချောင်းပေါက်မတတ်ပဲ”
“ဦးလေးက ဘာဖြစ်တာလဲ ခင်ဗျ။ လေဖြတ်သွားတာလား”.. မင်းခန့်ထူးက ထမင်း တစ်ဇွန်းကို ပါးစပ်ထဲ ကောက်ထည့်ဝါးရင်း မေးတယ်။
“အင်း။ အဲဒီလိုပဲ ပြောတာပဲ.. ဆေးဆရာကတော့။ အဒေါ်တို့ကလည်း ချောင်လည်တဲ့သူတွေ မဟုတ်တော့ မြို့ဆေးရုံအထိ သွားမပြနိုင်ဘူးလေ။ ရွာမှာပဲ ကြိတ်ကုနေရင်း ပိုဆိုးသွားတာ။ အခုဆို စကားတောင် မပြောနိုင်တော့ဘူး”
ချဉ်ပေါင်ဟင်း ဆမ်းထားတဲ့ ထမင်းကို တို့တိ တို့တိ စားနေရင်း သူဇာလွင့် မျက်လုံးတွေက ဦးတင်ငွေဆီကနေ ခွာမရဘူး ဖြစ်နေတယ်။ ဦးတင်ငွေရဲ့ မှေးတေးတေးဖြစ်နေတဲ့ မျက်စိနှစ်လုံးက သူဇာလွင့်ကို ကြည့်နေတာလား သူဇာလွင့်ကို ကျော်ပြီး နံရံဘက်ကို ငေးနေတာလား မကွဲပြားဘူး။
“သမီးတို့ ထည့်စားလေ။ ဒီမှာ ကြက်သားဟင်း။ လတ်လတ်ဆတ်ဆတ် ခြံကြက်လေး။ ကောင်းတယ်။ မြို့မှာဆို ဒါမျိုး ဘယ်ရမလဲ”.. ဒေါ်ဥက အငွေ့တထောင်းထောင်းထနေတဲ့ ကြက်သားဟင်းပန်းကန်ကို သူဇာလွင့်ရှေ့ ထိုးပေးတယ်။ သူဇာလွင် အားနာနာနဲ့ ကြက်သားတစ်တုံးကို လှမ်းယူ၊ ပန်းကန်ထဲ ထည့်လိုက်တယ်။ ဟင်းအနှစ် နီဝါရဲရဲက ထမင်းလုံးတွေကြားကို စိမ့်ဝင်သွားတယ်။
မင်းခန့်ထူးက ကြက်သားဟင်းကို လှမ်းခပ်တယ်။ ကြက်သားတုံးကို ဇွန်းနဲ့ ဖဲ့ကြည့်တယ်။ အဆင်မပြေတော့ ဇွန်းကို ချပြီး လက်နဲ့ ဆက်ဖဲ့တယ်။ ထမင်းနဲ့ အားရပါးရ နယ်ပြီး ပါးစပ်ထဲ သွတ်ထည့်တယ်။ ကျေနပ်သွားသလို ခေါင်းတညိတ်ညိတ် လုပ်တယ်။
လက်တောင်မဆေးဘဲ အားမနာ ပါးမနာ မျိုဆို့နေတဲ့ မင်းခန့်ထူးကို သူဇာလွင် မျက်လုံးပြူးပြီး ကြည့်လိုက်တယ်။ မင်းခန့်ထူးက မသိချင်ယောင်ဆောင်၊ ပလုပ်ပလောင်း ဆက်ဝါးနေတယ်။
“ဟဲ့.. စားလေ။ နင့်ကိုပါ ခွံ့ရဦးမှာလား။ ငါ လက်မအားဘူး”.. ဒေါ်ဥက သူ့သားလို့ ထင်ရတဲ့ ကောင်လေးကို လှမ်းငေါက်တယ်။ ဦးတင်ငွေရဲ့ ပါးစပ်ထဲကို ထမင်းနဲ့ ကြက်သားရောလုံးထားတဲ့ ထမင်းလုံးကို ခွံ့တယ်။ .. “သမီးတို့က ဘာမေးချင်တာလဲ”.. သူဇာလွင့်ဘက်ကို လှည့်ပြီး မေးတယ်။
ခေါင်းထဲမှာ စီထားတဲ့ မေးခွန်းတွေကို သူဇာလွင် အရှေ့အနောက် အမြန် ပြန်စဉ်းစားတယ်။ ဘယ်က စမေးရမလဲ။ အမေ့အကြောင်း တန်းမေးလို့လည်း အဆင်မပြေဘူး။
“အရင်တုန်းက ဒီရွာက ဒီထက် ပိုကြီးတယ် မဟုတ်လား အန်တီ”.. သူဇာလွင် နောက်ဆုံးမှာ အဖွင့်မေးခွန်းနဲ့ပဲ စလိုက်တယ်။
ဒေါ်ဥက ခေါင်းညိတ်တယ်။
“ဟုတ်တယ်။ အရင်တုန်းက မုယောက အင်မတန် စည်တာ။ စည်တယ်ဆိုတာကလေ.. ရွာတွေထဲမှာ တော်တော်လေး အလုပ်ဖြစ်တဲ့ ရွာတစ်ခုလို့ ပြောရမလားပေါ့။ ဟိုင်းဝေးလမ်းမဘေးမှာ ဆိုတော့ အလုပ်အကိုင် ကောင်းတယ်လေ။ ဆီဆိုင်တွေပေါ့ အဓိကကတော့”
“အခု ဘယ်လို ဖြစ်သွားတာလဲဗျ။ ကျွန်တော်လည်း လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကျော်တုန်းက ဒီရွာကို ရောက်သေးတယ်။ အဲဒီတုန်းက လမ်းမတန်းဘက်မှာ ဆိုင်တွေ အများကြီးပဲလေ”.. မင်းခန့်ထူးက ချဉ်ပေါင်ဟင်းရည်ကို ခပ်သောက်ရင်း မေးတယ်။
“အဒေါ်လည်း မသိပါဘူးကွယ်။ ဒီရွာက တောစပ်နဲ့ နီးတယ် မဟုတ်လား။ အဲဒီမှာ တောကောင်ကိုက်ခံရလို့ လူတွေ ခဏခဏ သေလို့ ဆိုပြီး.. ပြောင်းပြေးကုန်ကြတာ”.. ဒေါ်ဥက ပြန်ဖြေတယ်။ သူ့ယောက်ျား ပါးစပ်မှာ ပေနေတဲ့ ဆီတွေကို အဝတ်နဲ့ သုတ်ပေးတယ်။ သူကိုယ်တိုင်ကတော့ ထမင်းပန်းကန်ကို လက်နဲ့ မထိသေး။
သူဇာလွင် ခဏ တွေသွားတယ်။ မမမေ.. အမေ ရောက်လာခဲ့တဲ့ နေရာဆိုတော့.. ဒီလို ဇာတ်လမ်းမျိုးကို ကြားရမယ်ဆိုတာ သူကြိုသိပြီးသား။ မင်းခန့်ထူး ပြောပြတဲ့ ကလေးပျောက်မှုတွေ ဘာတွေကိုလည်း သူဇာလွင် နားထောင်ပြီးပြီ။ တောကောင် ဆွဲခံရတဲ့ ကိစ္စကိုတော့ သူ အခုမှ သိတယ်။ မင်းခန့်ထူးကို လှမ်းကြည့်တော့ သူလည်း သူဇာလွင့်လိုပဲ စိတ်ဝင်စားတဲ့ မျက်နှာနဲ့ ဒေါ်ဥ စကားကို နားထောင်နေတယ်။
“တောရွာတွေဆိုတော့ သိတဲ့ အတိုင်းပဲ အယူကလည်း သည်းကြတယ်လေ”.. ဒေါ်ဥက ဆက်ပြောတယ်။ .. “လူတွေ အသေအပျောက် များလာတော့ ဟိုထင် ဒီထင် ထင်လာကြတာပေါ့။ မကောင်းတဲ့ မြေလိုလို ဘာလိုလို ကောလာဟလတွေ ထွက်လာတာပေါ့ကွယ်။ သူတို့ ထင်တာလည်း မှားတော့ မမှားပါဘူး။ အဒေါ်တို့လည်း ဖြစ်နိုင်ရင် ပြောင်းချင်တာပေါ့နော်။ ဒီလို နေရာကြီးမှာ ဘယ်ဆက်နေချင်ပါ့မလဲ။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ နောက်တစ်နေရာကို ပြောင်းဖို့ဆိုတာ လွယ်တာမှ မဟုတ်ပဲ။ နေစရာမရှိ ဆွေမရှိ မျိုးမရှိ ဘယ်လို ဖြစ်ပါ့မလဲ”
“အဲဒါကြောင့် ဒီရွာက လူတွေက သူစိမ်းဆို အတွေ့မခံချင်ကြတာလား”.. သူဇာလွင် မေးလိုက်တယ်။.. “ကျွန်မတို့ အန်တီ့အိမ်ကို မရောက်ခင် တခြား အိမ် ၃-၄ အိမ်ကို ဝင်မေးဖို့ ကြိုးစားသေးတယ်။ ဘယ်သူမှ အတွေ့မခံကြဘူး။ ကျွန်မတို့ကို တွေ့မှ တံခါးဆောင့်ပိတ်သွားတဲ့ သူတွေတောင် ရှိတယ်”
ဒေါ်ဥက သူဇာလွင့်ကို ကြောင်တောင်တောင် အကြည့်တစ်မျိုးနဲ့ ပြန်ကြည့်တယ်။
“ဟယ်.. မဟုတ်ပါဘူး သမီးရယ်။ အဒေါ်တို့ ရွာသားတွေက ဖော်ရွေပါတယ်။ ညကြီး အချိန်မတော် ဖြစ်နေလို့နေမှာပါ။ မဟုတ်တာ”
သူဇာလွင် စိတ်ထဲမှာ မတင်မကျ ဖြစ်နေသေးပေမယ့် ဆက်မေးလို့ မကောင်းတော့တာကြောင့် ပါးစပ်ကို ဘရိတ်အုပ်လိုက်တယ်။ အမေ့အကြောင်း.. ဘယ်လို စကားစရမလဲ။
“ဟိုးတစ်ခါက ဖြစ်တဲ့ ကလေးပျောက်မှုတွေလေ။ အဲဒါ ဘယ်လို ဆက်ဖြစ်သွားသလဲဗျ”.. မင်းခန့်ထူးက သူဇာလွင့် အတွေးကို ဖတ်မိသလို.. ဝင်မေးတယ်။
ဒေါ်ဥက ခဏ မျက်မှောင်ကြုတ်ပြီး စဉ်းစားတယ်။ .. “ကလေးပျောက်တာ.. ဪ.. အင်း.. မှတ်မိပြီ။ ကြာပြီပဲ။ သူတို့ မိသားစုတွေလည်း ဒီရွာမှာ မရှိတော့ဘူးရော။ ပြောင်းကုန်ကြပြီလေ”
“ကလေးတွေ ပြန်တွေ့သွားလားဗျ”
“တွေ့တယ် တွေ့တယ်။ တစ်ယောက်ယောက်က စနောက်ပြီး လုပ်တာနေမှာပါ။ ကာလသားတွေ နေမှာပေါ့ကွယ်။ မူးမူးရူးရူးနဲ့ ဘာတွေ လုပ်မှန်း မသိပါဘူး။ တော်သေးတာပေါ့ ကလေးတွေကို နောက်နေ့မနက်ကျတော့ ဘုန်းကြီးကျောင်းမှာ ပြန်လာထားသွားတယ်လေ”
မင်းခန့်ထူးက သူဇာလွင့်ကို လှမ်းကြည့်တယ်။ မျက်ခုံးပင့်ပြတယ်။ အမေ.. အမေနဲ့ တိုက်ရိုက် ပတ်သက်နေခဲ့တာ သေချာတယ်။
“ဟိုတစ်ခေါက် ကျွန်တော်လာတုန်းက .. မနန်းထိုက်သီရိ ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့တယ်ဗျ။ အခု သူ့ ဆီဆိုင်ရှိတဲ့ နေရာမှာ ဘာမှ မတွေ့တော့ဘူးရော။ သူလည်း ပြောင်းသွားတာလား”
“နန်းထိုက်သီရိ.. နန်းထိုက်သီရိ.. အင်း အဲဒီနာမည် အဒေါ် မမှတ်မိဘူး။ အဒေါ့်ဦးနှောက်ကလည်း ခပ်မေ့မေ့ရယ်။ ဆီဆိုင်ဖွင့်တဲ့သူတွေကလည်း အဲဒီတုန်းက အများသား။ အင်းလေ ပြောင်းသွားတာ နေမှာပေါ့။ အဲဒီနာမည်နဲ့ မိန်းကလေးတော့ ဒီဘက်ခြမ်းမှာ မရှိဘူး။ အရှေ့မုယောနဲ့ အနောက်မုယော ကွဲသွားတယ် မဟုတ်လား။ အရှေ့မုယောမှာတော့ ရှိရင်ရှိမယ်။ ဒါပေမယ့် အဲဒီမှာလည်း ဆိုင်တစ်ဆိုင် နှစ်ဆိုင်လောက် ရှိတော့တာဆိုတော့ မသေချာဘူးလေ”.. ဒေါ်ဥက ပြန်ဖြေတယ်။ သူ့ရှေ့က ထမင်းပန်းကန်ကို တို့ကနန်း ဆိတ်ကနန်း တစ်ချက်နှစ်ချက် နယ်တယ်။ ထမင်းနဲ့ ကြက်သားကို လုံးတယ်။ သူ့ယောကျ်ားကို ခွံ့တယ်။ ဦးတင်ငွေ ပါးစပ်ထဲကို ရောက်သွားတဲ့ အစာတွေထက် အပြင်ကို ပြန်ထွက်လာတာတွေက ပိုများနေတယ်။ သူဇာလွင် အားနာပြီး ခေါင်းကို ခဏ ငုံ့လိုက်မိတယ်။ တွေ့တဲ့ အိမ်မှာ ထမင်းဝင်စားချင်ဦး.. ဆိုပြီး မင်းခန့်ထူးကို စိတ်ထဲကနေ အပြစ်တင်နေမိတယ်။
မင်းခန့်ထူးကတော့ ထမင်းစားပြီးသွားလို့ ဗိုက်၀သွားတဲ့ ပုံစံနဲ့ ဟင်းရည်ကို တဖြည်းဖြည်း မျှင်းသောက်နေတယ်။ ဘယ်လို ဘယ်ပုံ စားလို့ကောင်းပါတယ် ဆိုတာကို တဖွဲ့တနွဲ့ ချီးကျူးနေသေးတယ်။ ဒေါ်ဥက သဘောကျသလို ပြုံးပြုံးပြုံးပြုံးနဲ့ ခေါင်းညိတ်တယ်။
“သမီး။ စားလေ။ အစားနည်းတာရော။ ကြက်သားတွေလည်း မထိသေးဘူး”.. ဒေါ်ဥက သူဇာလွင့်ကို ပြောတယ်။
သူဇာလွင် ခပ်ယဲ့ယဲ့ ပြန်ပြုံးပြပြီး ကြက်သားကို ဇွန်းနဲ့ ထိုးနွှာကြည့်တယ်။ အိမ်ကြက်မို့လို့ထင်တယ်.. အသားသိပ်မပါ၊ အရိုးတွေချည်း။ ကပ်နေတဲ့ အသားကို ခွာမရ ဖြစ်နေတယ်။ သူဇာလွင် လက်လျှော့ပြီး လက်နဲ့ပဲ ကြက်သားကို ဖဲ့ကြည့်တယ်။ ပဲ့ပါလာတဲ့ အသားစကို ပါးစပ်ထဲ ထည့်လိုက်တယ်။
“ကျွန်မက.. အဲဒီ ကလေးပျောက်တဲ့ သတင်းနဲ့၊ တောထဲက တောကောင်တွေ သောင်းကျန်းနေတယ် ဆိုတဲ့ သတင်းနှစ်ခုကို Follow up လုပ်ချင်လို့.. ဆောရီး.. သတင်းဆက် လိုက်ချင်လို့ ရောက်လာတာပါ အန်တီ”… သူဇာလွင် ပြောလိုက်တယ်။ ..“၂ နှစ်လောက် ကြာသွားပြီဆိုပေမယ့် အဖြေ အတိအကျ မထွက်သေးဘူး မဟုတ်လား။ အဲဒါကြောင့် ဒီရွာကို ကိုယ်တိုင်လာ စုံစမ်းတာပါ။ ဟို.. ရွာနောက်က ရေတွင်းပျက်ကြီး ဆိုတာရော အခု ရှိသေးလားရှင့်”
ဦးတင်ငွေဆီက ခွီးခနဲ အသံထွက်လာတယ်။
သီးသွားတဲ့ ထမင်းလုံးတွေ သူ့ပါးစပ်ထဲက ခုန်ပျံထွက်လာတယ်။
ဒေါ်ဥက စုပ်တသပ်သပ်လုပ်ပြီး စားပွဲပေါ် ပြုတ်ကျကုန်တဲ့ ထမင်းလုံးတွေကို လက်နဲ့ သပ်ချတယ်။ .. “ဖြည်းဖြည်း.. ဖြည်းဖြည်းစားလေ အဖေကြီး။ ဘယ်လိုဖြစ်တာလဲ။ သီးကုန်ပြီ။ ဪ.. ဒုက္ခ.. ဒုက္ခ”
ဒေါ်ဥရဲ့ သားက တဟားဟား ထရယ်တယ်။
သူ့လက်ထဲက ကြက်ပေါင်တုံးကို လေထဲမှာ ယမ်းတယ်။ ကြက်သားက စင်ထွက်လာတဲ့ ဆီစက်တွေ စားပွဲပေါ်ကို ကျတယ်။ ဒီတစ်ခါကျတော့ မင်းခန့်ထူး ကိုယ်တိုင်လည်း နေရထိုင်ရ ခက်လာသလို ထိုင်ခုံမှာ ဟိုရွှေ့ဒီရွှေ့လုပ်တယ်။
နည်းသေးတယ်.. ဆိုတဲ့အကြည့်နဲ့ သူဇာလွင်.. သူ့ကို ကြည့်ပေးလိုက်တယ်။ မင်းခန့်ထူးက ပခုံးတွန့်ပြတယ်။ ဆောရီး…တဲ့။ ပါးစပ်ကနေ အမူအရာ လုပ်ပြတယ်။
“ရေတွင်းပျက်ကြီးက မရှိတော့ဘူးလေ။ ကြာလှပြီ။ အဒေါ်တို့တော့ သေချာ မသိလိုက်ပါဘူး။ မြို့ကလူတစ်ယောက် ရောက်လာပြီး ရေတွင်းပျက်ကို ဖော်ကြည့်သေးတယ်လို့ ပြောတယ်။ ဘာမှ မတွေ့ပါဘူး။ ရွာကလူတွေက တစ်ခုခုဆို အဲဒီ ရေတွင်းပျက်ကိုပဲ အပြစ်ဖို့နေတာ။ ရေတွင်းက သူ့ဘာသာသူနေတာ။ ဘာလုပ်တတ်တာမှတ်လို့။ အခုတော့ ရေတွင်းပျက်လည်း မရှိတော့ဘူး။ အဲဒီနားက စိုက်ခင်းတွေတောင် ဖျက်လိုက်တာ ကြာပြီ။ တောထနေရောပေ့ါ”
“ဪ..”.. မေးသမျှ မေးခွန်းတိုင်းက အဆုံးသတ် အဖြေတွေချည်း ထွက်နေတဲ့အတွက် သူဇာလွင် နည်းနည်း စိတ်ညစ်သွားတယ်။ .. “’ဒါနဲ့.. အဲဒီတုန်းကလေ… ကလေးတွေ ပျောက်တဲ့ အချိန်တုန်းကပေါ့.. ။ အဲဒီအချိန် တုန်းက ဒီရွာကို.. လူစိမ်းတွေ ရောက်လာသေးလားရှင့်”
“အယ်.. သမီးကလည်း ဒီကလေးပျောက်တာကိုပဲ ထပ်ကာထပ်ကာ မေးနေတော့တာပဲ။ နောက်တစ်နေ့ ပြန်တွေ့သွားတာပဲ မဟုတ်လား။ ဘာမှ သတင်း ဆက်ရေးစရာ မရှိတော့တဲ့ ဟာကို။ လူစိမ်းတွေဘာတွေ အဒေါ် သတိမထားမိပါဘူး။ အဲဒီတုန်းက မုယောက လူအဝင်အထွက် များသေးတယ်။ မြို့ကနေ ပစ္စည်းလာယူတဲ့သူတွေ လာပို့တဲ့သူတွေ တစ်ချိန်လုံး ရောက်နေတာ။ ဘယ်သိပါ့မလဲ”
လမ်းစက ဒီမှာတင် ပျောက်နေပြီ။ အမေ့အကြောင်း သိတဲ့သူဆိုလို့ မင်းခန့်ထူးနဲ့ တွေ့ခဲ့တဲ့ ဆီဆိုင်က ကောင်မလေး တစ်ယောက်ပဲ ရှိတာ။ သူကလည်း ဘယ်ရောက်နေမှန်း မသိ။ ဘာမှ မပြင်ဆင်၊ မလေ့လာဘဲ ဒီရွာကို အမြန်လိုက်လာမိတဲ့ သူ့ကိုယ်သူပဲ အပြစ်တင်ရမလား။ မုယောအကြောင်း.. မင်းခန့်ထူးကိုတောင် သေသေချာချာ မမေးရသေးဘူး။
“မဟာထွန်း အုတ်စက်နဲ့ ပတ်သက်ပြီးတော့ရော ဘာထပ်ထူးသေးလဲရှင့်”.. သူဇာလွင် မေးလိုက်တယ်။ မင်းခန့်ထူးဆီက သိရတဲ့ အချက်တွေထဲက တချို့။
ဒေါ်ဥက သက်ပြင်းချတယ်။ “အေးကွယ်.. အဲဒီ မိသားစုကတော့ တကယ် သနားစရာပါ။ အုတ်စက် ပိုင်ရှင်က တကယ့်ကို တစ်ရွာလုံးရဲ့ ထမင်းရှင်လို ဖြစ်နေခဲ့တာလေ။ သူ အသတ်ခံရတော့ အကုန်လုံး စိတ်မကောင်းကြဘူးပေါ့။ သူ့မိန်းမ လက်ချက်ပဲလို့ ပြောကြတယ်။ သူ့မိန်းမကလည်း ကလေးတွေပါခေါ်ပြီး ထွက်ပြေးသွားတယ်လေ။ အခုထိ အစအန မတွေ့ရသေးဘူးတဲ့။ ကလေးတွေတော့ သနားပါတယ်။ ဒီလို အမေမျိုးနဲ့ ဆက်နေရမှာ..”
ဒေါ်ဥရဲ့ စကားထဲမှာ အချက်အလက် အသစ် ဘာမှ မပါတဲ့ အတွက် သူဇာလွင် စိတ်ဓာတ်ကျသွားတယ်။ သတင်းစာထဲက သတင်းတွေမှာလည်း ဒီအတိုင်းပဲ၊ ခန့်မှန်းချက်တွေနဲ့ပဲ ပြည့်နေတာ။ သေချာရေရာတဲ့ အချက်အလက် ဘာမှ မရှိ။
“ဒါဆို.. ကျွန်မတို့ ဆက်မေးစရာ မရှိတော့ပါဘူး။ ကျေးဇူးပါ အန်တီ.. ထမင်းကျွေးတာ”.. သူဇာလွင် ပြောလိုက်တယ်။ ထမင်းဆက်စားချင်စိတ်လည်း မရှိတော့။
“ရပါတယ်။ ဧည့်ခံရတာ ဝမ်းသာနေတာ အဒေါ်က..”.. ဒေါ်ဥက သူ့ယောကျ်ားရဲ့ တစ်ကိုယ်လုံးမှာ ပေကျံနေတဲ့ ဟင်းတွေ ထမင်းတွေကို သန့်ရှင်းနေရင်း ပြောတယ်။ .. “သမီးတို့ ဘယ်မှာ တည်းကြမလဲ။ ဒီရွာမှာတော့ တည်းစရာ နေရာ မရှိဘူးရယ်”
“ကျွန်တော်တို့ ဆိပ်ခုံမှာ ခဏတည်းမလားလို့။ သိပ်မဝေးဘူးလေ”.. မင်းခန့်ထူးက ပြောတယ်။
“ဪ.. အေး။ ဟုတ်တယ်။ ဒီကနေဆို တစ်နာရီလောက်ပဲ မောင်းရတာ။ အဆင်ပြေတာပေါ့။ သားတို့ လက်ဆေးဖို့ နောက် မီးဖိုချောင်မှာ ရေရော ဆပ်ပြာရောရှိတယ်”.. ဒေါ်ဥက ပြောတယ်။
(၅)
မီးဖိုထဲမှာတော့ လျှပ်စစ်မီး မရှိ။
အုတ်မီးဖိုပေါ်မှာ စိုက်ထားတဲ့ ဖယောင်းတိုင်ခပ်ကြီးကြီး တစ်တိုင်က ထွက်နေတဲ့ အလင်းရောင်တော့ ရှိတယ်။
ရေပုံးထဲက ရေကိုခပ်၊ လက်ကို လောင်းဆေးရင်း မင်းခန့်ထူး မျက်နှာက မချိုမချဉ် ဖြစ်နေတယ်။
“ရှင်ဘာဖြစ်နေတာလဲ။ စပ်ဖြဲဖြဲနဲ့”.. သူဇာလွင် မေးလိုက်တယ်။
“ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကံကို သဘောကျလို့ပါ။ ဖြစ်လိုက်ရင် အဆန်းတွေချည်းပဲ”.. မင်းခန့်ထူးက ပြောရင်း ခပ်တိုးတိုးရယ်တယ်။ ထမင်းစားခန်းဘက်ကို မသိမသာလှမ်းကြည့်တယ်။ လေသံကို နှိမ့်တယ်။ .. “ဒီလောက် ဝေးလံခေါင်သီတဲ့ ရွာထဲမှာတောင်.. ဒီလို အိမ်မျိုးနဲ့မှ တည့်တည့်တိုးတာ အံ့ဩစရာမကောင်းဘူးလား”
“အို.. သူများ မိသားစုကို လျှောက်ပြောမနေနဲ့”.. သူဇာလွင် ခပ်တိုးတိုး ငေါက်လိုက်တယ်။
“ဟိုကောင်လေးကလည်း ကျပ်မပြည့်တာလား မသိဘူး။ ထမင်းစားတာထက် နှပ်ချေးစားတာက ပိုများနေတယ်ဗျ။ ခင်ဗျားတွေ့လိုက်လား”
“ပေါက်ကရတွေ ပြောမနေနဲ့လို့ ပြောနေတယ်။ တော်တော့”
မင်းခန့်ထူးက အရှုံးပေးသလို လက်မြှောက်တယ်။
သူဇာလွင် သက်ပြင်းတစ်ချက်ချပြီး ရေပုံးထဲက ရေတစ်ခွက် ခပ်တယ်။
လက်ဆေးဖို့အတွက် ရှပ်အင်္ကျီလက်ကို ပင့်တင်တယ်။
ဒီလူနဲ့တော့ ဒုက္ခပဲ..။ ဘယ်ကဘယ်လို ဒီလောက်အထိ ပြောင်စပ်စပ် ဖြစ်သွားတာလဲ မသိဘူး။ ကိုယ်ထဲက မကောင်းဆိုးဝါး မရှိတော့လို့များ အပျော်လွန်ပြီး ရူးသွားတာလား။ ကန်တော့ပါသေးရဲ့.. ဟို မကောင်းဆိုးဝါး ဝင်နေတဲ့ အချိန်တုန်းကတောင် မင်းခန့်ထူးက တည်တည်တံ့တံ့ ရှိသေးတယ်။ အခုလို စပ်ဖြဲဖြဲ မဟုတ်ဘူး။ သူအဲဒီလို ပြုံးစိစိ ဖြစ်နေတာကို ကြည့်ရင်း သူဇာလွင့် စိတ်က မင်းခန့်ထူးကို ပိုရင်းနှီးချင်လာတာကိုလည်း သူဇာလွင် မကြိုက်ဘူး။ မနက်ဖြန် ဘာဖြစ်မယ်မှန်းမသိတဲ့ အခြေအနေမျိုးမှာ သူဇာလွင့်စိတ်တွေ.. အာရုံတွေကို.. အမေ့ကို လိုက်ရှာဖို့ပဲ သီးသန့်ဖယ်ထားချင်တယ်။ မင်းခန့်ထူးအတွက် နေရာမပေးချင်..
ခွမ်းခနဲ ကျကွဲသွားတဲ့ အသံတစ်ခု။
သူဇာလွင် လှည့်ကြည့်လိုက်တယ်။
မီးဖိုချောင် တံခါး၀မှာ ရပ်နေတဲ့ ဒေါ်ဥ။
ကြမ်းပြင်မှာ အစိတ်စိတ်အမြွာမြွာ ကွဲနေတဲ့ ကြွေပန်းကန်ပြားတွေ။
ဒေါ်ဥရဲ့ မျက်လုံးတွေက သူဇာလွင့်ရဲ့ လက်တွေဆီမှာ။
သူဇာလွင် သူ့လက်တွေကိုသူ ပြန်ငုံ့ကြည့်လိုက်တယ်။ ရှပ်အင်္ကျီလက်ရှည်ကို ပင့်တင်လိုက်တဲ့အတွက် ဖယောင်းတိုင်မီးအောက်မှာ.. ဆေးမင်ရုပ်တွေ အထင်းသား ပေါ်နေတယ်။
“ဟာ.. အစ်မ… ဆောရီးဗျာ..ဆောရီး” .. ဘာမှန်း ညာမှန်းမသိဘဲ ဝင်တောင်းပန်နေတဲ့ မင်းခန့်ထူးဆီက အသံ။ မင်းခန့်ထူး .. ဒေါ်ဥဆီကို ခပ်သွက်သွက် လျှောက်သွားတယ်။ အောက်မှာ ပြန့်ကျဲနေတဲ့ ပန်းကန်အကွဲစတွေကို ကုန်းကောက်တယ်။
သူဇာလွင် မလှုပ်သေးဘူး။
အဒေါ်ကြီးရဲ့ မျက်လုံးတွေ.. သူဇာလွင့် မျက်နှာဆီကို ရောက်လာတယ်။
သူဇာလွင့် ကိုယ်ထဲက နိုးထလာတဲ့ အာရုံတစ်ခု။
“ကိုမင်းခန့်”.. သူဇာလွင် အော်လိုက်တယ်။
ပန်းကန်အကွဲတွေကို ကောက်ပေးနေတဲ့ မင်းခန့်ထူး.. ဒီဘက်ကို လှည့်တယ်။ ဘာဖြစ်တာလဲ.. ဆိုတဲ့ အကြည့်မျိုးနဲ့ သူဇာလွင့်ကို ကြည့်တယ်။
သူဇာလွင့် တစ်ကိုယ်လုံး.. စဉ်းစားမထား၊ ပြင်ဆင်မထားဘဲ လှုပ်ရှားသွားတယ်။
မင်းခန့်ထူးဆီကို ခြေလှမ်း ၂ လှမ်းလောက်နဲ့ ရောက်သွားတယ်။
“မသူဇာ… ဘာဖြစ်..”
မင်းခန့်ထူး စကားမဆုံးခင်မှာ.. သူဇာလွင့် ခြေထောက်တစ်ဖက် မြောက်တက်သွားတယ်။ အဒေါ်ကြီးရဲ့ ရင်ဘတ်နဲ့ သူဇာလွင့် ခြေဖဝါး.. တည့်တည့်ကြီး ထိတယ်။
ဆယ်ပေါင်တူနဲ့ ထုလိုက်သလို.. ဒေါ်ဥရဲ့ ရင်ဘတ် အထဲကို ခွက်ဝင်သွားတယ်။ ဖြောင်းခနဲ ကျိုးသွားတဲ့ နံရိုးတွေရဲ့ အသံနဲ့အတူ ဒေါ်ဥ နောက်ကို သုံးလေးလှမ်း ယိုင်ထွက်သွားတယ်။ ပါးစပ်က အွတ်ဆိုတဲ့ အသံကြီး ဟိန်းထွက်လာတယ်။
“မလုပ်နဲ့လေ.. မသူဇာ.. ခင်ဗျား ဘာလုပ်တာလဲ”.. မင်းခန့်ထူး လဲကျနေရာကနေ ကမန်းကတန်း ထတယ်။ သူဇာလွင့်ကို နောက်ကနေ လှမ်းဆွဲတယ်။ .. “အာ.. ပြဿနာပဲ.. အစ်မ.. အစ်မ..ဆောရီး..”
ငိုက်စိုက်ကျပြီး ယိုင်ထိုးနေတဲ့ ဒေါ်ဥ.. ခေါင်းမော့လာတယ်။
ဖယောင်းတိုင်မီးရောင်အောက်မှာ ဒေါ်ဥရဲ့.. ဖြစ်ပျက်နေတဲ့ မျက်နှာကိုတွေ့တော့.. မင်းခန့်ထူး ပါးစပ်က တတွတ်တွတ် တောင်းပန်နေတဲ့ အသံတွေ ရပ်သွားတယ်။
အခန်းထဲမှာ ရုတ်တရက် လွှမ်းခြုံလာတဲ့ အငွေ့အသက်တစ်ခု။
ဒီအငွေ့အသက်ကို သူဇာလွင်နဲ့ မင်းခန့်ထူး.. နှစ်ယောက်စလုံး ကောင်းကောင်း ရင်းနှီးနေတယ်။
မကောင်းတဲ့.. ယုတ်ညံ့တဲ့.. အရာတွေရဲ့ ရှေ့ပြေး လက္ခဏာ..။
+++
(ဆက်ရန်)