++++++++++++
အခန်း (၂၉)
-(ရန်နိုင်)-
(၁)
“ကိုကြီး..။ ဒါဒါလေ.. လူကြီးဖြစ်တဲ့အခါ ကျောင်းဆရာမ ဖြစ်ချင်တယ်”
ဗလာစာအုပ်ကို ရင်ဘတ်မှာ ပိုက်၊ ခေါင်းတမော့မော့နဲ့ ပြောနေတဲ့ စန္ဒာ့ စကားကို ကြားတော့ ရန်နိုင် ပြုံးတယ်။
“စာကျတော့ မှန်မှန် မလုပ်ချင်ဘဲ၊ ဘယ်လို ဆရာမ ဖြစ်မှာလဲ”
“အာ.. မသိဘူး။ ကျောင်းဆရာမ ဖြစ်ကို ဖြစ်ရမယ်။ တီချယ်နှင်းလိုလေ.. ဆွဲခြင်းလေးဆွဲပြီး ကျောင်းသွားချင်တာ။ ဆရာမ ဖြစ်အောင် ဘာတွေ လုပ်ရသလဲ မသိဘူးနော်”
“နင့်ရင်ဘတ်မှာ ပိုက်ထားတဲ့ စာအုပ်ကိုဖွင့်၊ အိမ်စာ ပြီးအောင် အရင်လုပ်”.. ရန်နိုင် ပြောရင်းနဲ့ သူ့ရဲ့ သင်္ချာ ပုစ္ဆာပေါ်မှာ အာရုံပြန်စိုက်ဖို့ ကြိုးစားတယ်။ မအောင်မြင်ပါဘူး။ စန္ဒာက စကားစလိုက်မိပြီဆိုတာနဲ့.. ဖွင့်ချလိုက်တဲ့ ရေဘုံဘိုင်လို.. အတော မသတ်တော့ဘူး။
“ကိုကြီးရော ကြီးလာရင် ဘာလုပ်ချင်တာလဲ။ ဘာဖြစ်ချင်လဲ။ အဖေ့လို သူဌေးကြီး လုပ်မှာလား.. အမေ့လို..အမေ.. အလုပ်လုပ်တာ ဒါဒါတော့ တစ်ခါမှ မတွေ့ဖူးပါဘူး။ မသော်တာကလည်း အလကား ယောင်စိန်”.. စန္ဒာက ပြောရင်းနဲ့ စေ့ထားတဲ့ အခန်းတံခါးဘက်ကို မျက်စောင်းတစ်ချက်ပစ်.. အကဲခတ်တယ်။..”မသော်တာကလည်း ဘာမှ လုပ်တာ မဟုတ်ဘူးနော်။ အုတ်စက်မှာ အလှပြ၊ ဟိုဘက် ဒီဘက် လမ်းလျှောက်ပြနေတာ”
သူ့ညီမ စကားကို ရန်နိုင် သဘောကျသလို တဟက်ဟက် ရယ်လိုက်မိတယ်။
“အမေက စာရင်းဇယားတွေ လုပ်တယ်လေ။ မသော်တာက မန်နေဂျာလေ။ နင် နားလည်း မလည်ဘဲနဲ့ လျှောက်ပြောမနေနဲ့”
“မသိဘူး။ ပြောမှာပဲ။ မသော်တာရော အမေရော အဖေရော အကုန်လုံး တစ်ယောက်မှ ဒါဒါ့ကို မချစ်ဘူး။ ဒါဒါလည်း သူတို့ကို မချစ်ဘူး”
“ငါ့ကျတော့ရော ချစ်သလား”
“နည်းနည်းတော့ ချစ်တယ်။ ဟီးဟီး”..စန္ဒာက လျှာကို ပြွတ်ခနဲ ထုတ်ပြတယ်။ .. “’ဒါပေမယ့် ကိုကြီးလည်း ရည်းစားတွေ ဘာတွေ ရသွားရင် ဒါဒါ့ကို ချစ်တော့မှာ မဟုတ်ပါဘူး။ ဟုတ်တယ် မဟုတ်လား။ အခုတောင် အတန်းထဲက သဇင်ထွန်းတို့ တစ်သိုက် ကိုကြီးကို အီစီကလီ လုပ်ချင်နေကြပြီလေ။ ဒါဒါ့ကိုလည်း ယောင်းမ ယောင်းမနဲ့ လိုက်ခေါ်တာ.. မုန်းစရာကြီး”
“ကဲ.. မြတ်စန္ဒာထွန်း.. ဒီတစ်သက် အိမ်စာ လုပ်ဦးမှာလား”
“မလုပ်ချင်ဘူး”..ဒါဒါက သူ့လက်ထဲက ဗလာစာအုပ်ကို စားပွဲပေါ် ပစ်ချတယ်။..“ကိုကြီးပဲ လုပ်ပေးလိုက်တော့”
“အာ.. ငါ့ဘာသာငါတောင် မပြီးရတဲ့ အထဲ။ ဒါဒါ နင်အဲဒီလောက် အပျင်းမကြီးနဲ့”
စန္ဒာက ရန်နိုင့် စကားကို မကြားတော့သလို.. အိပ်ရာပေါ်မှာ ပက်လက်လှန် လှဲချလိုက်တယ်။ စောင်ကို လှမ်းဆွဲပြီး လည်ပင်းနားအထိ ခြုံတယ်။
“အိပ်တော့မယ်။ အိမ်စာ လုပ်ပေးပြီးရင် နှိုး”..စန္ဒာ ပြောရင်းနဲ့.. ဟိုဘက်ကိုလှည့်သွားတယ်။
“၇ နာရီတောင် မထိုးသေးဘူး။ ဘယ်လို အိပ်မှာလဲ။ နင်နော် အပိုတွေ လုပ်မနေနဲ့.. အိမ်စာ မလုပ်ချင်တိုင်း။ ငါ အဖေနဲ့ တိုင်လိုက်မယ်နော်”
“တိုင်လေ။ အဖေက ဂရုစိုက်မှာ ကျနေတာပဲ”.. စန္ဒာက လှည့်မကြည့်ဘဲ ပြန်ဖြေတယ်။ ခဏကြာတော့.. ဒီဘက်ကို မျက်နှာ လှည့်လာတယ်။ မျက်ရည် ဝဲတဲတဲ ဖြစ်နေတဲ့ မျက်လုံးတွေကို ပုတ်ခတ် ပုတ်ခတ် လုပ်တယ်။
“အဖေကလည်း ဒါဒါတို့ကို မချစ်ဘူးနော်။ ဘယ်သူမှ ဒါဒါတို့ကို အဖက်မလုပ်ကြဘူး။ အဲဒါ ဘာလို့လဲဟင်..။ သူများ မိဘတွေဆို.. အဲဒီလို မဟုတ်ပါဘူး”.. ဒီတစ်ခါ စန္ဒာ့အသံက စောစောကလို နောက်ပြောင်နေတဲ့ အသံမဟုတ်တော့ဘဲ.. ဝမ်းနည်းသံ စွက်နေတယ်။
ရန်နိုင် သက်ပြင်းချလိုက်တယ်။ ဗလာစာအုပ်ကို ပိတ်တယ်။ စန္ဒာ့ဘေးမှာ ဝင်ထိုင်တယ်။
“မချစ်တာ မဟုတ်ပါဘူး။ ဒီလိုပဲ..”.. ရန်နိုင် ဆက်ပြောစရာ စကား မရှိဘူး။ သူ့ညီမကို သူ အကြိမ်ပေါင်းများစွာ နှစ်သိမ့်ပြီးပြီ..။ အကြောင်းပြချက်တွေလည်း ကုန်လုနီးနီး ဖြစ်နေပြီ..။ ..”အဖေက အရက်စွဲသွားလို့.. အရက်ပဲ သောက်နေလို့.. ငါတို့ကို ဂရုမစိုက်နိုင်တာပါ”
“ငယ်ငယ်တုန်းကရော ဒါဒါတို့ကို အဖေ ချစ်ခဲ့လို့လား။ ဒါဒါတော့ မမှတ်မိဘူး။ ကိုကြီး မှတ်မိလား”
“ကဲ.. မဟုတ်တာတွေ လျှောက်မေးမနေနဲ့။ အိပ်တာလည်း မဟုတ်ဘဲနဲ့.. ထတော့။ စာမလုပ်ချင်ရင်လည်း မလုပ်နဲ့။ ငါလုပ်ပေးမယ်။ တီဗွီကြည့်မလား.. ကာတွန်းကား အသစ်တွေ လာနေတယ်”.. ရန်နိုင် စကားလမ်းကြောင်း လွှဲလိုက်တယ်။
“ဟိုတစ်နေ့က အမေက.. မသော်တာနဲ့ စကားပြောနေရင်း.. ဒါဒါ့ကို ဟိုကောင်မလို့ ခေါ်တာ ကြားလိုက်တယ်”.. စန္ဒာက ခပ်တိုးတိုးပြောတယ်။ လှဲနေရာကနေ ထထိုင်တယ်..။ မျက်လုံးကို လက်နဲ့ ပွတ်တယ်။.. “အမေ..ဘာလို့ ကိုယ့်သမီးကိုယ် ကောင်မ လို့ ခေါ်တာလဲ မသိဘူးနော်.. ဒါဒါ့ကို သူ မချစ်မှန်း သိပါတယ်။ ဒါပေမယ့် အဲဒီလိုကြီး ခေါ်စရာ လိုလို့လား”.. စန္ဒာ ပြောရင်းနဲ့ မျက်ရည်တွေ အများကြီး ထွက်လာတယ်။ ငိုသံမထွက်သေးပေမယ့် ရှိုက်သံ တအင့်အင့် အစပြုနေပြီ။
“ဪ.. ဒါဒါ့ကို ပြောတာ မဟုတ်လောက်ပါဘူး။ နင် နားကြားလွဲတာ နေမှာပါ”.. ရန်နိုင် ပြောရင်း သက်ပြင်းချလိုက်တယ်။ မဖြစ်နိုင်ဘူး..လို့ ပြောချင်ပေမယ့် အမေ့ရဲ့ အမြဲတစေ ကြမ်းတမ်းခက်မာနေတဲ့ မျက်နှာကို ပြန်မြင်ယောင်လိုက်တော့.. ရန်နိုင် ပါးစပ်ပိတ်သွားတယ်။..”ကဲ.. တော်တော့.. မငိုနဲ့တော့။ မဟုတ်တာတွေ တွေးမနေနဲ့”
“ကိုကြီး”
“အင်း..”
“ဒါဒါ့ကို ဘယ်တော့မှ မထားခဲ့နဲ့နော်။ ဒါဒါ့ကို ချစ်တာဆိုလို့ ကိုကြီး တစ်ယောက်ပဲ ရှိတာ..”
“ဘာလို့ ထားခဲ့ရမှာတုန်း”
“မသိဘူး… ကတိပေး။ ဘယ်တော့မှ မထားခဲ့ဘူးလို့”
“အေးပါ။ မထားခဲ့ပါဘူး။ နင်ပဲ ငါ့ကို အရင်ထားသွားမှာ။ နင်တို့ မိန်းကလေးတွေက အရင်ဆုံး ရည်းစားရပြီး ကောက်ကောက်ပါအောင် လိုက်သွားမှာ..။ ဟုတ်တယ်မဟုတ်လား”.. ရန်နိုင် .. စန္ဒာ့ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်တယ်။
“ဘာရည်းစား ထားရမှာလဲ။ ကလေးပဲ ရှိသေးတယ်”.. စန္ဒာ ပြောရင်းနဲ့ အငို ရပ်သွားတယ်။ မျက်နှာက ပြုံးချင်ချင် ပြန်ဖြစ်လာတယ်။
“အေးပါ။ ဟုတ်ပါပြီ။ ခဏနေ ထမင်းစားမယ်။ နင် ခြုံထားတဲ့ စောင်ကြီးကိုလည်း ခွာလိုက်တော့။ ကြောင်တောင်တောင်နဲ့..”ရန်နိုင် ထိုင်နေရာကနေ ထတယ်။ စားပွဲပေါ်မှာ ပြန့်ကျဲနေတဲ့ ကျောင်းစာအုပ်တွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်စီတယ်။
“သွား.. မျက်နှာသွားသစ်လေ.. ဘာလုပ်..”
ရန်နိုင့် စကား တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားတယ်။
ကုတင်ပေါ်မှာ ထိုင်နေတဲ့ စန္ဒာ.. ရန်နိုင့်ကို ကြောင်ကြည့်နေတယ်။ စောစောက မျက်ရည်လည်ရွဲနဲ့ စန္ဒာ့ မျက်နှာက အခုကျတော့ အသက်မရှိတဲ့ သတ္တဝါတစ်ကောင်လို တွေတွေကြီး ဖြစ်နေတယ်။ စန္ဒာ့ နှုတ်ခမ်းထောင့်မှာ အကြောင်းလိုက် စီးကျနေတဲ့ နီနီရဲရဲ သွေးစီးကြောင်းတစ်ခု..။
“ဒါဒါ.. ဘာဖြစ်တာလဲ..”
“ကိုကြီး ကတိ မတည်ဘူး”.. စန္ဒာ့ အသံက ဟိုးအဝေးကြီးက လာသလို.. မပီဝိုးတဝါး။ ရေနက်ထဲက အော်သံလို.. ဗလုံးဗထွေး..။
“ဒါဒါ..”
“ကိုကြီး ကတိ မတည်ဘူး။ ဒါဒါ့ကို ထားခဲ့တယ်။ ဒါဒါ့ကို လာမကယ်ဘူး”.. ပြောနေရင်းနဲ့ စန္ဒာ့ မျက်နှာ.. တဖြည်းဖြည်း မှုန်ဝါးလာတယ်။ ခဲဖျက်နဲ့ တိုက်ဖျက်လိုက်တဲ့ လက်ရေးတစ်ခုလို.. တစ်ဆင့်ချင်း ပျောက်ကွယ်စ ပြုလာတယ်။
“ဒါဒါ.. စန္ဒာ.. နင်..ဘာဖြစ်တာလဲ.. ဘာဖြစ်..”
စန္ဒာ့ရဲ့ နောက်..အမှောင်ထဲကနေ ထွက်လာတဲ့ လက်နှစ်ဖက်..။ စန္ဒာ့ ပခုံးပေါ်ကို ဘယ်ညာ..ကျလာတဲ့ လက်ဖဝါး နှစ်ခု..။ စန္ဒာ့ ဆံပင်ဘေးမှာ.. ပေါ်လာတဲ့ မျက်နှာတစ်ခု..။ အဲဒီ မျက်နှာကို ရန်နိုင် သိတယ်..။
“အန်တီထား.. ဒါဒါ့ကို ဘယ်ခေါ်သွားမလို့လဲ”
သွေးဆုတ်ဖြူလျော်နေတဲ့ အန်တီထားရဲ့ မျက်နှာက ညဉ့် သတ္တဝါတစ်ကောင်လို အသက်မဲ့ မာခဲနေတယ်။ အန်တီထားရဲ့ နှုတ်ခမ်းထောင့်စွန်းနှစ်ခု.. အပေါ်ကို ကွေးတက်ပြီး ပြုံးဖြီးဖြီး ဖြစ်နေတယ်။
“ကိုကြီး ကတိမတည်ဘူး”.. စန္ဒာက ထပ်ပြောတယ်။ သူ့အသံက လှိုဏ်ခေါင်းထဲက လာသလို.. ပဲ့တင်အထပ်ထပ်နဲ့..။
“ဒါဒါ”.. စန္ဒာ့ကို နှစ်သိမ့်ဖို့၊ တောင်းပန်ဖို့၊ ရှင်းပြဖို့.. ရန်နိုင်.. လက်လှမ်းလိုက်တယ်။
စန္ဒာနဲ့ အန်တီထား.. တွင်းနက်တစ်ခုထဲကို ဆွဲစုပ်ယူ ခံလိုက်ရသလို.. ရုတ်ခနဲ ပျောက်ကွယ်သွားတယ်။
“ဒါဒါ”.. ရန်နိုင် သံကုန် ဟစ်ပြီး အော်လိုက်ရင်း.. အိပ်မက်ဆိုးကနေ လန့်နိုးလာတယ်။
(၂)
“မောင်လေး ဘာဖြစ်တာလဲ။ အိပ်မက်ဆိုးတွေ မက်နေတာလား”
ခြုံထားတဲ့ စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ရန်နိုင်.. ပတ်ဝန်းကျင်ကို အလန့်တကြား အကဲခတ်လိုက်တယ်။ တဒုတ်ဒုတ်ခုန်နေတဲ့ နှလုံးခုန်သံကို ပြန်ကြားနေရတယ်။ နှဖူးက စီးကျလာတဲ့ ချွေးတွေ.. မျက်တောင်ဖျားမှာ သီးနေတယ်။ အလင်းရောင်ကို ကျင့်သားမရသေးသလို.. ရန်နိုင့် မျက်လုံးတွေ ကျဉ်းလိုက် ကျယ်လိုက်ဖြစ်နေတယ်။
“ရေသောက်မလား..ရေသွားယူပေးရမလား”
သူ့ကို စိုးရိမ်တကြီးနဲ့ မေးနေတဲ့ မသီရိ ..ဆိုတဲ့ အစ်မကြီးကို ရန်နိုင် မော့ကြည့်လိုက်တယ်။ သီရိရဲ့ မျက်နှာကို မြင်မှ ရန်နိုင် နည်းနည်း စိတ်အေးသွားတယ်။ ဒါပေမယ့်.. ဒါဒါ.. ။ ဒါဒါ ဘယ်ရောက်နေပြီလဲ..။
“သူက.. ခင်ဗျားရဲ့ မောင်လေးလား”
မကြားဖူးတဲ့ ယောကျ်ားသံတစ်သံ။
ရန်နိုင့် မျက်စောင်းထိုး ထိုင်ခုံမှာ ထိုင်နေတဲ့ ယောကျ်ားတစ်ယောက်။ အသက် ခပ်ငယ်ငယ်ပဲ။ မသီရိထက်တောင် ငယ်မလား မသိ။ သူက ရန်နိုင့်ကို စိတ်ဝင်တစားနဲ့ ကြည့်နေတယ်။
“မဟုတ်ပါဘူး။ ဒီလိုပဲ.. အသိတစ်ယောက်ရဲ့ ကလေးပါ။ အိမ်မှာ ခဏရောက်နေတာ”.. သီရိက မလုံမလဲ မျက်နှာနဲ့ ပြန်ဖြေတယ်။
“ညီလေး။ မင်း ဖျားနေတာလား။ မျက်နှာက ဖြူဖတ်ဖြူလျော်နဲ့”.. ဟိုလူက ရန်နိုင့်ကို အကဲခတ်ရင်း မေးတယ်။
“မဖျားပါဘူး။ မောင်လေး။ နောက်ဖေး မီးဖိုချောင်ထဲမှာ ရေအိုးရှိတယ်။ ရေသွားသောက်လိုက်ဦး။ အစ်မတို့ စကားပြောမလို့”.. သီရိက ရန်နိုင့်ကို မသိမသာ နှင်လွှတ်တယ်။ ရန်နိုင်.. ခြုံထားတဲ့ စောင်ကို ဖယ်တယ်။ ပွရှုပ်နေတဲ့ ဆံပင်တိုတိုတွေကို သပ်ရပ်အောင် လက်နဲ့ ဖိတယ်။ နှဖူးက ချွေးတွေကို လက်ဖမိုးနဲ့ သုတ်တယ်။
“ရတယ် အစ်မ။ မသောက်တော့ဘူး။ ဒီ အစ်ကိုက ဘယ်သူလဲဟင်”
“အစ်ကို့ နာမည်က မင်းခန့်ထူးပါ”.. သူက ရန်နိုင့်ကို လက်ကမ်းပေးတယ်။ ရန်နိုင် ကြောင်တောင်တောင်နဲ့ လက်ဆွဲ နှုတ်ဆက်လိုက်တယ်။
“အစ်ကိုက ဒီက အစ်မ မသီရိကို မေးနေတာ။ မမမေ ဆိုတဲ့ အစ်မကြီးတစ်ယောက်၊ ဒီအိမ်မှာ ရောက်နေတယ်လို့ ကြားလို့ အစ်ကို လာစုံစမ်းတာ”.. မင်းခန့်ထူးက ပြောတယ်။ မမမေနာမည်ကို ကြားတော့ ရန်နိုင့် မျက်နှာပေါ်မှာ အရိပ်တစ်ခု ဖြတ်ပြေးသွားတာကို မင်းခန့်ထူး စိုက်ကြည့်နေတယ်။
“ညီလေး.. မမမေကို သိသလား”
“ဗျာ.. ကျွန်တော်.. ”
“ကဲ.. မသီရိ..။ ကောင်လေး မျက်နှာကို ကြည့်လိုက်တာနဲ့ အဖြေက ပေါ်နေပြီ။ မမမေ ဘယ်မှာလဲ ကျွန်တော့်ကို ပြောပါ။ သေရေးရှင်ရေး မို့လို့ပါ”.. မင်းခန့်ထူးက သူ့လည်ပင်မှာ ဆွဲထားတဲ့ ငွေဆွဲကြိုး မျှင်မျှင်ကို လက်နဲ့ မသိမသာ စမ်းရင်း မေးတယ်။ သူ့မျက်လုံးတွေကလည်း တစ်စုံတစ်ရာကို အရမ်းမျှော်လင့်နေသလို တလက်လက်နဲ့..။
သီရိက ခေါင်းကို သွင်သွင်ခါတယ်။
“ကျွန်မ မသိဘူး။ သူ့ကို တွေ့လည်း မတွေ့ဖူးဘူး။ နာမည်လည်း မကြားဖူးဘူး။ ဘယ်ရောက်နေလဲ ကျွန်မ.. ကျွန်မ ဘယ်သိမှာလဲ”.. သီရိ မျက်လုံးတွေက မင်းခန့်ထူးအကြည့်တွေနဲ့ မဆုံချင်သလို ဟိုဟိုဒီဒီ ပျာယာခတ်နေတယ်။
မင်းခန့်ထူးက သက်ပြင်းအရှည်ကြီး တစ်ချက် ချတယ်။ မျက်နှာက သူ့အသက်အရွယ်နဲ့ မလိုက်အောင် အုံ့မှိုင်းသွားတယ်။
“မမမေ..ဆိုတာ ဘယ်သူလဲ ခင်ဗျား သိပါတယ်။ ခင်ဗျား မျက်နှာကို ကြည့်လိုက်ရင် သိသာနေတာပဲ။ ပြီးတော့ ဒီကောင်လေး.. ဒီကောင်လေးကလည်း ပုံမှန် မဟုတ်ဘူး။ သူ့လည်ပင်းမှာ..”.. မင်းခန့်ထူးက ရန်နိုင့် လည်ပင်းနေရာကို လက်ညှိုးထိုးပြတယ်။ ..”ရှပ်အင်္ကျီကော်လာနဲ့ အတင်း ဖုံးထားပေမယ့် .. အဲဒီ သွားရာတွေကို ကျွန်တော် မြင်နေရတယ်ဗျ။ မသီရိ.. ခင်ဗျားက လူလိမ် မဟုတ်ဘူး။ ခင်ဗျား လိမ်နေ ညာနေတာ လုံး၀ မပိရိဘူး”
“ရှင်နဲ့ အဲဒီ မမမေ ဆိုတဲ့ အမျိုးသမီးနဲ့ ဘယ်လို ပတ်သက်လို့လဲ။ အို.. ဘယ်လို ပတ်သက်ပတ်သက် ကျွန်မ အလုပ် မဟုတ်ဘူး။ ရှင် ဘာလို့ ကျွန်မကို လာမေးနေတာလဲ။ ကျွန်မ မသိဘူး”
“ကျွန်တော် ဒီရွာကို ရောက်ကတည်းက တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်မေးပြီးပြီဗျ။ ဟိုဘက်အိမ်”.. မင်းခန့်ထူးက မသက်သက်မျိုးတို့ အိမ်တည်နေရာဘက်ကို မေးငေါ့ပြတယ်။ ..”အဲဒီမိသားစုကိုလည်း ကျွန်တော် မေးပြီးပြီ။ ခင်ဗျား အိမ်ရှေ့မှာ ဆိုင်ကယ်ခပ်ကြီးကြီး တစ်စင်း ရပ်ထားတာကို တွေ့လိုက်တဲ့ သူတွေ အများကြီး။ ပြီးတော့ ဂျင်းဂျက်ကတ်နဲ့ အမျိုးသမီး တစ်ယောက် ခင်ဗျား အိမ်ထဲကနေ ထွက်သွားတာကို မြင်လိုက်တဲ့သူတွေ ရှိတယ်”
“ဒါပေမယ့်..”
“ခဏလေး။ ကျွန်တော် ဆက်ပြောပါရစေဦး”.. မင်းခန့်ထူးက လက်ကာပြတယ်။ ..“ခင်ဗျားနဲ့ မမမေနဲ့ ဘယ်လို ပတ်သက်သလဲ ကျွန်တော် သေချာ မသိဘူး။ ဒါပေမယ့် ဒီရွာက ကလေးတွေ ပျောက်သွားတာ..။ ဘယ်သူ ပြန်လာပေးမှန်းမသိဘဲ ကလေးတွေ ပြန်ရောက်လာတာ..။ ဒါတွေကို တစ်ချက် သုံးသပ်လိုက်တာနဲ့.. မမမေ လက်ချက်ဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော်..”.. မင်းခန့်ထူးက တီရှပ်အောက်မှာ အထင်းသားပေါ်နေတဲ့ သူ့လည်ပင်းက အမာရွတ်ကို လှန်ပြတယ်။ ..”ကျွန်တော့် အသက်ကိုလည်း မမမေပဲ ကယ်ခဲ့တာ။ ကျွန်တော် သူ့ကို လိုက်ရှာနေတာ နှစ်ပေါင်း မနည်းတော့ဘူး”
“ရှင့်အသက်က ငယ်ငယ်လေး ရှိသေးတယ်။ မမမေကို လိုက်ရှာနေတာ နှစ်ပေါင်းမနည်းတော့ဘူး ဆိုတာက.. ဘာသဘောလဲ”.. သီရိက မင်းခန့်ထူးကို ခြေဆုံးခေါင်းဆုံး ကြည့်ရင်း မေးတယ်။
“အဲဒါတွေ ထိုင်ရှင်းပြနေရင် ၀တ္ထုတစ်အုပ်စာလောက် အချိန်ကုန်သွားလိမ့်မယ်။ မမမေ.. ဘယ်ကို ထွက်သွားသလဲ ကျွန်တော့်ကို ပြောပြပါ။ တကယ် သေရေးရှင်ရေး မို့လို့ပါ”
“ရှင်က လူကောင်း ဟုတ်မဟုတ် ကျွန်မ ဘယ်လို သိနိုင်မလဲ။ မကောင်း.. မကောင်းတဲ့ သူတစ်ယောက် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
မင်းခန့်ထူးက အသံလွင်လွင်နဲ့ ရယ်တယ်။ မင်းခန့်ထူးရဲ့ နုပျိုပြေပြစ်နေတဲ့ မျက်နှာကို ငေးကြည့်ရင်း ရန်နိုင် တွေးမိတယ်..။ ဒါဒါသာ ရှိရင် ဒီအစ်ကိုကြီးကို မျက်တောင်မခတ် ထိုင်ငေးနေတော့မှာ သေချာတယ်..။ ဒါဒါ..
“ကျွန်တော်သာ မကောင်းဆိုးဝါး တစ်ကောင် ဖြစ်နေခဲ့ရင်.. မမမေကို လာရှာပါ့မလားဗျ။ မကောင်းဆိုးဝါး မှန်သမျှ.. မမမေရဲ့ စက်ကွင်းထဲကနေ ထွက်ပြေးနေကြတဲ့ သူတွေချည်းပဲ။ ဟုတ်တယ် မဟုတ်လား။ သူ ဘယ်လို မိန်းမလဲ ဆိုတာ ခင်ဗျား သိပါတယ်။ ခင်ဗျား မျက်လုံးထဲမှာ ပေါ်နေတယ်”.. မင်းခန့်ထူးက ပြောရင်းနဲ့ လက်ထဲက နာရီကို တစ်ချက် ကြည့်တယ်။ .. ”ကဲ.. ညနေစောင်းတော့မယ်ဗျာ။ မမမေ ဘယ်ကို ထွက်သွားတာလဲ ပြောပါ။ ခင်ဗျား.. အဖြေတစ်ခုက.. ကျွန်တော့်အသက်ကို ကယ်နိုင်တယ်လို့ သဘောထားပါ”
သီရိ.. အတော်ကြာကြာ တွေဝေသွားတယ်။ သူတို့ နှစ်ယောက်ကို မျက်တောင် မခတ် စိုက်ကြည့်နေတဲ့ ရန်နိုင့်ဘက်ကို တစ်ချက် လှမ်းကြည့်တယ်။ စိတ်လျှော့လိုက်သလို သက်ပြင်းချတယ်။
“ရွာနောက်ဘက်က.. ရေတွင်းပျက်ဘက်ကို ထွက်သွားတာ..။ ဒီထက် ပိုပြီးတော့ ကျွန်မလည်း မပြောတတ်တော့ဘူး”
မင်းခန့်ထူးက ခေါင်းတညိတ်ညိတ် လုပ်တယ်။ ရေတွင်းဘက်ကို ဘယ်လို သွားရသလဲ အသေးစိတ် ဆက်မေးတယ်။ အတိအကျ လမ်းညွှန်ပေးနေတဲ့ မသီရိကို ကြည့်ရင်း ရန်နိုင့်ခေါင်းထဲမှာ အတွေးတွေ ဖြတ်ပြေးသွားတယ်။ ရွာနောက်ဘက်..။ ရေတွင်းပျက်..။ မမမေ..။ ဒါဒါ..။
+++
အခန်း (၃၀)
-(သီရိ)-
(၁)
မင်းခန့်ထူး ဆိုတဲ့သူ ပြန်သွားပြီးကတည်းက သီရိ စိတ်ထဲမှာ မတင်မကျ ဖြစ်နေတယ်။ မမမေကို လိုက်ရှာနေတာ နှစ်ပေါင်း မနည်းတော့ဘူး..တဲ့။ ရုပ်ကိုကြည့်တော့.. အောင်မော်နဲ့ သက်တူရွယ်တူ..။ ဘယ်လို လူလဲ။ ကြည့်ရတာတော့ လူဆိုးသူခိုး ရုပ် မဟုတ်ပါဘူး။ ဒါပေမယ့် မြတ်သော်တာထွန်းတို့ ဆိုရင်လည်း ရုတ်တရက် ကြည့်လိုက်ရင် သန့်သန့်ပြန့်ပြန့် သနားကမား ရုပ်လေးပဲလေ။ အစွယ်တငေါငေါနဲ့ ပြိတ္တာဖြစ်နေမှန်း ဘယ်သူက ရိပ်မိမလဲ။ ဟင့်အင်း.. မင်းခန့်ထူးကတော့ အဲဒီလို မဟုတ်လောက်ပါဘူး။ နေရောင်အောက်မှာ အတိုင်းသားမြင်နေရတဲ့ သူ့မျက်နှာက လူ့ အသွေးအသား အပြည့်နဲ့ပါ..။
နောက်ကနေ ထွက်လာတဲ့ တဒေါက်ဒေါက် အသံကြောင့်.. သီရိ.. ကြော်နေတဲ့ ကြက်ဥမွှေကြော်ကို အပြီးသတ်၊ ဒယ်အိုးကို မီးဖိုပေါ်ကနေ ချ၊ နောက်လှည့်ကြည့်လိုက်တယ်။
မီးဖိုခန်း အ၀မှာ ရပ်နေတဲ့ ထက်ရန်နိုင်ထွန်း။
“မောင်လေး နေလို့ ထိုင်လို့ သက်သာသွားပြီလား”.. သီရိ မေးလိုက်တယ်။ မောင်လေးလို့ ခေါ်လိုက်တိုင်း သီရိ စိတ်ထဲမှာ မကောင်းသလိုလို.. အောင်မော့်ကို သတိရသလိုလို..။ ဒီကောင်လေးက အောင်မော့်ထက် အများကြီး ငယ်ပေမယ့်.. သူ့မျက်နှာက လူကြီးတစ်ယောက်လို ရင့်ကျက် တည်ငြိမ်နေတယ်။ စကားပြောပုံ ဆိုပုံကလည်း အင်မတန် ယဉ်ကျေး သပ်ရပ်တယ်။ သူနဲ့ စကားပြောနေရင်း.. ငါ.. ကလေးတစ်ယောက်နဲ့ ပြောဆိုနေတာပါလား.. ဆိုတာကို မေ့ချင်ချင် ဖြစ်သွားတတ်တယ်။
“ဟုတ်ကဲ့။ သက်သာပါတယ်”.. ထက်ရန်နိုင်ထွန်းက ပြန်ဖြေတယ်။ သူ့ကိုယ်မှာ ဝတ်ထားတဲ့ အောင်မော့် ရှပ်အင်္ကျီက သူနဲ့ မတော်၊ ပွယောင်းယောင်း။ အောင်မော့် ပုဆိုးကတော့ သူနဲ့ အနေတော်၊ လိုက်ဖက်ပါတယ်။ ကောင်လေးက အသက်သာ ငယ်တာ.. အဝတ်အစား ဝတ်တာ တော်တော် သေသပ်တယ်။
“ခဏလေးနော်။ ထမင်းကျက်တော့မယ်”..သီရိ ပြောရင်းနဲ့ ထမင်းအိုးကို လှန်ကြည့်တယ်။ ရေခမ်း မခမ်း သေချာ စစ်တယ်။ အောင်မော်ရှိတုန်းကတော့ ထမင်းပေါင်းအိုး တစ်လုံး ထပ်ဝယ်မလို့ စဉ်းစားသေးတယ်။ ဟိုတွက် ဒီကပ် လုပ်နေတာနဲ့ အခုထိ မဝယ်ဖြစ်သေး..
“အစ်မရဲ့ မောင် အတွက် ကျွန်တော် စိတ်မကောင်းပါဘူး”.. ထက်ရန်နိုင်ထွန်းဆီက ထွက်လာတဲ့ စကားသံကြောင့် သီရိ ကြောင်အမ်းအမ်းနဲ့ လှည့်ကြည့်မိတယ်။ ထက်ရန်နိုင်ထွန်းက လက်နှစ်ဖက်ကို ပိုက်၊ ကြမ်းပြင်ကို ငုံ့ကြည့်နေတယ်။
“မသော်တာ လုပ်လိုက်လို့.. ဆိုတာ ကျွန်တော် သိပါတယ်”..သူ့ကို ပြူးကြောင်ပြီး ကြည့်နေတဲ့ သီရိကို ထက်ရန်နိုင်ထွန်း မော့ကြည့်တယ်။ မျက်လံးချင်းဆုံသွားတော့ ထက်ရန်နိုင်ထွန်း ခေါင်းပြန်ငုံ့သွားတယ်။ ..”အိမ်မှာ.. မသော်တာ ဖွက်ထားတဲ့ ဟန်းဖုန်းတွေ အများကြီး ရှိတယ်..။ စတွေ့တွေ့ချင်းတော့ ကျွန်တော်လည်း မစဉ်းစားမိဘူး။ အခုမှ.. တဖြည်းဖြည်း ဆက်စပ်ကြည့်ရင်း သဘောပေါက်လာတာ..။ သူ.. သူ.. သတ်လိုက်တာ ကိုအောင်မော် တစ်ယောက်တည်း မဟုတ်ဘူးထင်တယ်။ မြို့မှာတုန်းကလည်း.. ဒီလိုပဲ.. လုပ်ခဲ့တာဖြစ်မယ်”
သီရိ ဘာဆက်ပြောရမှန်း မသိ။
လေသံတိုးတိုးနဲ့ ရှင်းပြနေတဲ့ ထက်ရန်နိုင်ထွန်းကို ကြည့်ရင်း သီရိ.. သူ့ကိုယ်သူ အားငယ်ချင်လာတယ်။ အသက် ၁၅ နှစ်တောင် ပြည့်ပုံ မပေါ်သေးတဲ့ ကလေးတစ်ယောက်က.. သီရိထက် ခေါင်းအေးအေးထား.. သီရိထက် ပိုစဉ်းစားဆင်ခြင်နိုင်နေတာ အားငယ်စရာ မကောင်းဘူးလား။
“မောင်လေး.. အဲဒါတွေ မစဉ်းစားနဲ့ဦးလေ..။ နောက်မှ.. နောက်မှ…။ အခု ခဏမေ့ထားလိုက်..။ နော်..”..သူ့စကားသူ ပြန်နားထောင်ရင်း သီရိ နှုတ်ခမ်းကို ကိုက်လိုက်မိတယ်။ အားပေးတဲ့နေရာမှာတောင် အသုံးမကျပါလား..သီရိ.။ မေ့ထားလို့ ရတဲ့ အရာမှ မဟုတ်ပဲ..။
“အခု.. ကျွန်တော်တို့ ဘာဆက်လုပ်ကြမှာလဲ.. အစ်မ..သီရိ”
ထက်ရန်နိုင်ထွန်းရဲ့ ဒီစကားတစ်ခွန်းက သီရိ ပါးစပ်ကို သစ်စေး ကိုင်လိုက်သလို စေ့ပိတ်သွားစေတယ်။ ဘာဆက်လုပ်ကြမလဲ..တဲ့။ သီရီ.. ဒီမေးခွန်းကို မမမေကို အကြိမ်ကြိမ် မေးခဲ့ဖူးသလို.. သူ့ကိုယ်သူလည်း အခေါက်ပေါင်း မရေမတွက်နိုင်အောင် ပြန်မေးပြီးပြီ။ တိကျရေရာတဲ့ အဖြေ တစ်ခုမှ ထွက်မလာ။ သဘာ၀မဟုတ်တဲ့ ဖြစ်ရပ်တွေကို.. သဘာ၀ကျကျ ဘယ်လို ဖြေရှင်းရပါ့မလဲ..။ အခုလည်း.. ထက်ရန်နိုင်ထွန်းကို အိမ်မှာသာ ခေါ်ထားရတာ.. မနက်ဖြန် ဘာဆက်ဖြစ်မလဲ သီရိ မသိဘူး။ ရဲတွေ ရောက်လာခဲ့ရင်.. ရောက်လာမှာပါပဲ.. မင်းခန့်ထူးဆိုတဲ့ သူတောင်.. သီရိနဲ့ ဒီဇာတ်လမ်းနဲ့ နွယ်နေမှန်း ရိပ်မိသေးတာ.. ရွာကလူတွေက မသိဘဲ နေမလား..။ ဒီညရောက်လာမလား.. မနက်ဖြန်ရောက်လာမလား.. အဲဒီအခါ ကျရင်.. ထက်ရန်နိုင်ထွန်း.. ဘာဆက်လုပ်မှာလဲ..။ သီရိရော.. ဘာလုပ်မှာလဲ..။
နှစ်မိနစ်လောက် ငြိမ်ပြီး တွေဝေနေတဲ့ သီရိကို .. ထက်ရန်နိုင်ထွန်း မော့ကြည့်တယ်။ သီရိရဲ့ မျက်လုံးတွေက မသိခြင်းအပြည့်နဲ့ ဝေဝါးနေပေမယ့် ထက်ရန်နိုင်ထွန်းရဲ့ အကြည့်ကတော့ တစ်စုံတစ်ရာကို ယတိပြတ် ဆုံးဖြတ်ပြီးသလို ကြည်လင်နေတယ်။
“အစ်မ.. အစ်မလည်း မပြောတတ်သေးဘူး။ မမမေ.. မနက်ကျရင် ပြန်လာတော့မှ.. အဲဒီအခါကျမှ..”
“အဲဒီအချိန်လောက်ဆို ကျွန်တော့် ညီမလေး သေနေလောက်ပြီ”.. ထက်ရန်နိုင်ထွန်းက သီရိကို တည့်တည့်ကြီး စိုက်ကြည့်ရင်း လေသံမာမာနဲ့ အော်တယ်။ သီရိ လန့်ပြီး နောက်ကို တစ်လှမ်း ဆုတ်လိုက်မိတယ်။
“မသေပါဘူး.. မသေပါဘူး မောင်လေးရယ်။ မမမေ.. မမမေ.. ”
“အဲဒီ မမမေဆိုတဲ့ အန်တီကြီးက မကောင်းဆိုးဝါးတွေကို သတ်တဲ့သူ မဟုတ်လား”.. ထက်ရန်နိုင်ထွန်းက မေးတယ်။ သီရိ ဘာလုပ်ရမှန်းမသိ ယောင်တောင်တောင်နဲ့ ခေါင်းညိတ်လိုက်မိတယ်။ ..”ဒါဒါကလည်း မကောင်းဆိုးဝါးတစ်ပိုင်းဖြစ်နေပြီ”.. သူ့လေသံက ဝမ်းနည်းမှု စွက်ပြီး အဖျားခတ် တုန်ခါသွားတယ်။ “ဒီတော့.. ဒီတော့.. သူ.. ဒါဒါ့ကိုပါ.. သတ်မှာပဲ..။ ကျွန်တော် သိတယ်။ မနေ့ည.. မနေ့ညကတည်းက သူ.. ဒါဒါ့ကို သတ်ပစ်မလို့.. လုပ်နေတာ..။ အန်တီထား ဒါဒါ့ကို ခေါ်သွားလို့.. မဟုတ်ရင်.. ဒါဒါ့ကိုပါ သတ်မှာ”
“အန်တီထား.. အန်တီထား ဟုတ်လား။ သက်ထားဆွေကို ပြောတာလား။ အဲဒီ သက်ထားဆွေ ဆိုတဲ့ မိစ္ဆာမကို ဘာလို့ အန်တီထားလို့ ခေါ်နေတာလဲ မောင်လေး”..ဘယ်ကဘယ်လို ထွက်လာမှန်းမသိတဲ့ ဒေါသစိတ်ကြောင့် သီရိ လေသံ နည်းနည်း မာသွားတယ်။ အန်တီထား..ဆိုပဲ..။ ဒီ လူသတ်ကောင်..မကောင်းဆိုးဝါးကို ဘာမှ လူတစ်ယောက်လို ခေါ်ဝေါ် ဆက်ဆံနေစရာမလိုဘူး..။ သီရိ.. စိတ်ကို ထိန်း.. လေသံကို ဖျော့လိုက်တယ်။ .. ”စန္ဒာ.. ဟုတ်တယ်နော်.. သူ့နာမည် မြတ်စန္ဒာထွန်း မဟုတ်လား.. မောင်လေးရဲ့ ညီမ နာမည်က..”
ထက်ရန်နိုင်ထွန်းက ခေါင်းညိတ်တယ်။ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ သူ့လက်သီးဆုပ်လေးတွေကို မသိမသာ ပြန်ဖြည်တယ်..။
“စန္ဒာ့ကို မမမေ.. ကယ်နိုင်မှာပါ။ မောင်လေး ဘာမှ စိတ်မပူနဲ့..။ အခု.. အခု.. အစ်မနဲ့ ဒီအိမ်ထဲမှာ နေနေတာ မောင်လေးအတွက် စိတ်အချရဆုံးပဲ..။ မနက်ကျမှ..”
“အစ်မ ကတိပေးသလား။ အန်တီမမမေက ဒါဒါ့ကို မသတ်ပါဘူးဆိုတာ အစ်မ ကတိပေးနိုင်သလား”
သူ့ကို စိုက်ကြည့် ၊ ကတိတောင်းနေတဲ့ ထက်ရန်နိုင်ထွန်းရဲ့ မျက်လုံးတွေထဲမှာ ကလေးနဲ့တူတဲ့ အရိပ်အယောင် တစ်စက်မှ မရှိ..။ ခုံရုံးမှာ စစ်ဆေးခံနေရတဲ့ တရားခံ တစ်ယောက်လို သီရိ တစ်ကိုယ်လုံး ကျုံ့ဝင် ပျောက်ကွယ် ချင်လာတယ်။
“အစ်မ.. အစ်မ.. အဲဒါကိုတော့”
ထက်ရန်နိုင်ထွန်းက သီရိ စကားဆုံးအောင် မစောင့်ဘဲ.. လှည့်ထွက်၊ အိမ်ရှေ့ခန်းဆီကို ပြန်လျှောက်သွားတယ်။
သီရိ သက်ပြင်း အရှည်ကြီး ချလိုက်မိတယ်။ မိုင်တစ်ရာ ပြေးထားတဲ့ သူတစ်ယောက်လို သီရိ တစ်ကိုယ်လုံး နွမ်းနယ်နေတယ်။ စောစောက ပြန်ကျသွားတဲ့ အဖျားရှိန်.. တရိပ်ရိပ် ပြန်တက်လာသလို.. သီရိ ခေါင်းတွေ ပူထူလာတယ်။
ဝေကျလာတဲ့ ထမင်းရည်တွေက မီးဖိုမီးနဲ့ တည့်တည့်ထိပြီး ရှဲခနဲ..မြည်တယ်။
ထမင်းအိုး အဖုံးကို အမြန်လှန်လိုက်ရင်း.. အပူလောင်သွားတဲ့ လက်ထိပ်ကို သီရိ ပါးစပ်ထဲ ထည့်ငုံရင်း.. ငိုချင်သလိုလို ဖြစ်လာပြန်တယ်။
(၂)
ပန်းကန်ထဲက ထမင်းပူပူပေါ်ကို ကြက်ဥမွှေကြော်ကို အုပ်၊ ငပိရည်ခွက်ကို လက်တစ်ဖက်က ကိုင်ရင်း.. သီရိ အိမ်ရှေ့ခန်းကို ထွက်လာတယ်။ ခြေလှမ်းကို ခပ်နှေးနှေး လှမ်းရင်း..ထက်ရန်နိုင်ထွန်းကို ဘယ်လို ချော့မော့ ပြောဆိုရမလဲ စဉ်းစားတယ်။ ထက်ရန်နိုင်ထွန်းကို ထမင်းကျွေးပြီးမှ.. ဟိုဘက် အိမ်ကို တစ်ချက်တော့ သွားရဦးမယ်။ မသက်သက်မျိုးကို သတင်းမေးရမယ်။ မဟုတ်ရင်.. အကုန်လုံးက သီရိကို မသင်္ကာဖြစ်တော့မှာပဲ..။ နေမကောင်းလို့ အိမ်တွင်းအောင်းနေတယ်ဆိုတာ ဘယ်သူက ယုံမလဲ..။ ဒီလောက် ဖြစ်ပျက်နေတဲ့ အချိန်ကြီးမှာ.. အိမ်နီးနားချင်း ဖြစ်တဲ့ သီရိ.. တစ်ခေါက်တောင် သတင်းလာမမေးဘူးဆိုရင်.. ဘယ်လို ထင်ကြမလဲ..။
အိမ်ရှေ့ခန်းကိုရောက်တော့.. သီရိ ရင်ဘတ်ကို တစ်ခုခုနဲ့ တက်ဖိလိုက်သလို.. လန့်ဖြန့် မွန်းကြပ်သွားတယ်။
ညနေခင်း အလင်းဖျော့ဖျော့အောက်မှာ.. လူသူမရှိ.. တိတ်ဆိတ် ငြိမ်သက်နေတဲ့ ဧည့်ခန်း။ ဟင်းလင်းပွင့်နေတဲ့ အိမ်ရှေ့တံခါး။
“ထက်ရန်နိုင်ထွန်း.. ။ မောင်လေး”.. သီရိ အော်ခေါ်ကြည့်တယ်။
ထူးသံ မကြားရဘူး။ သီရိတို့ရဲ့ အိမ်ကျဉ်းကျဉ်းလေးထဲမှာ.. ပုန်းခိုစရာ နေရာ မရှိဘူး။
သီရိ.. လက်ထဲက ထမင်းပန်းကန်ကို စားပွဲပေါ်ကို ပစ်ချတယ်။ ကြက်ဥမွှေကြော်က အရှိန်နဲ့ လွင့်ထွက်ပြီး စားပွဲပေါ်ကို ဘတ်ခနဲ ပြုတ်ကျတယ်။ ငပိရည်ခွက် မှောက်သွားတယ်..။ ခဏလေးအတွင်းမှာ တစ်ခန်းလုံး ငပိစော်တွေ နံဟောင်သွားတယ်။
“ရန်နိုင်.. ရန်နိုင်”
ပါးစပ်က ဆက်တိုက်အော်ရင်း.. သီရိ .. အိပ်ခန်းထဲကို ပြေးဝင်ကြည့်တယ်။ ဘယ်သူမှ မရှိ။ အိမ်နောက်ဖေးကို ပြေးကြည့်တယ်။ ဘာမှ မတွေ့..။
အိမ်ရှေ့တံခါး၀ဆီ သီရိ ပြန်ပြေးလာပြီး.. အပြင်ကို လှမ်းကြည့်တယ်။ မှောင်စပျိုးနေတဲ့ ပတ်ဝန်းကျင်။ လမ်းမမှာ ဖြတ်သွားတဲ့ ကားတစ်စီးတစ်လေ..။ ဖုန်အလိမ်းလိမ်းနဲ့ ငြိမ်သက်နေတဲ့ သီရိရဲ့ ဓာတ်ဆီဆိုင်..။
သီရိ ခေါင်းတွေ မူးလာတယ်။ ရင်ထဲမှာ တထိတ်ထိတ်နဲ့ မောလာတယ်။ ရန်နိုင်.. ရန်နိုင်.. ဘယ်ကို ထွက်သွားတာလဲ..။ မင်းခန့်ထူးကို.. မမမေ ဘယ်သွားသလဲ.. ရှင်းပြနေတုန်းက မျက်တောင်မခတ် စိုက်ကြည့်နားထောင်နေတဲ့ ရန်နိုင့် မျက်နှာကို သီရိ မြင်ယောင်လာတယ်။ တင်းတင်းဆုပ်ထားတဲ့ ရန်နိုင့် လက်သီးဆုပ်တွေကို ပြန်မြင်မိတယ်။
ဒေါသတွေ၊ သောကတွေ၊ ပူပင်မှုတွေ စုပေါင်းပြီး.. ဘ၀မှာ.. မဆဲစဖူး.. ပထမဆုံးအကြိမ်အဖြစ်.. သီရိ အသံထွက် ဆဲလိုက်မိတယ်။
+++
အခန်း (၃၁)
-(ရန်နိုင်)-
(၁)
ရွာနဲ့ ဝေးလာတာနဲ့ အမျှ.. ပတ်ဝန်းကျင်က ပိုပြီး တိတ်ဆိတ်လာတယ်။ ခပ်အုပ်အုပ် မှောင်ကျလာတဲ့ အလင်းရောင်အောက်မှာ.. မြေနီလမ်းလေး ကျဉ်းသထက် ကျဉ်းလာတယ်။ အလေ့ကျ ပေါက်နေတဲ့ မြက်ရိုင်းတွေ.. လမ်းပေါ်ကို ကျူးကျော်ရှင်သန်လာတယ်။
“ကိုကြီး ကတိမတည်ဘူး”
နားထဲမှာ ပဲ့တင်ရိုက်နေတဲ့ စန္ဒာ့ရဲ့ အသံ..။
ရန်နိုင် ပြေးနေတဲ့ အရှိန်ကို မြှင့်လိုက်တယ်။
တောက နက်သထက် နက်လာတယ်..။
အပင်တွေ ပိုရှည်လာတယ်။
အရိပ်တွေ ပိုမည်းလာတယ်။
ဖတ်ဖတ်မောနေတဲ့ ရင်ဘတ်ထဲက ဝေဒနာကို အမှုမထား.. ရန်နိုင် ဆက်ပြေးတယ်။
+++
အခန်း (၃၂)
-(သီရိ)-
(၁)
တဆစ်ဆစ် ကိုက်နေတဲ့ နားထင်ကို လက်မနဲ့ ဖိထားရင်း.. သီရိ ခြေလှမ်းတွေကို သွက်လိုက်တယ်။ လက်ထဲက ဟန်းဖုန်းကို ဖွင့်လိုက်.. ကြည့်လိုက်.. ပြန်ပိတ်လိုက်.. လုပ်နေရင်း.. ဘယ်သူ့ကို ဆက်သွယ်ရမလဲ မသိဘူး ဖြစ်နေတယ်။ သီရိရဲ့ ဖုန်းထဲမှာ.. ကိုသက်ဦးရဲ့ ဖုန်းနံပါတ် ရှိနေတယ်။ ဒါပေမယ့် သူလည်း သေသလား ရှင်သလား မသိဘူး။ အခုအချိန်မှ ဖုန်းဆက်ပြီး သီရိ ဘာပြောရမလဲ..။ ရှင့်ကို ဖမ်းပြီး သွေးစုပ်ကြတဲ့ မိသားစုထဲက.. ကောင်လေးလေ.. အခု ရေတွင်းပျက်ဘက်ကို တစ်ယောက်တည်း ထွက်သွားလို့.. လာကယ်ပါဦး လို့ ပြောရမှာလား..။ ဒုက္ခပဲ။
ငါ့နောက်ကို လုံး၀ လိုက်မလာနဲ့နော်..တဲ့။ မမမေက ကတိတောင်းထားတာကို သီရိ သတိရသွားတယ်။ ဒါပေမယ့်.. ဒါပေမယ့်.. ထက်ရန်နိုင်ထွန်း..။ တစ်ယောက်တည်း..။ ဒီတောလမ်းပေါ်မှာ..။
အောင်မော်.. အောင်မော် ထွက်သွားခဲ့တာလည်း ဒီအချိန်ပဲ..။ အဲဒီနေရာကိုပဲ..။
ငါဟာ.. ဘယ်သူ့ကိုမှ မထိန်းသိမ်း.. မစောင့်ရှောက်နိုင်တဲ့.. အသုံးမကျတဲ့ မိန်းမတစ်ယောက် ဖြစ်နေပြီလား။
သီရိ အံကိုကြိတ်၊ စိတ်ကိုတင်းရင်း အမှောင်ထုထဲကို ဆက်တိုးဝင်တယ်..။
(၂)
ကိုက် ၁၀၀ လောက်အကွာမှာ.. ပျပျမြင်နေရတဲ့ စိုက်ခင်းဟောင်းရဲ့ အပင်ရိုင်းတွေ။
တောစပ်က ရေတွင်းပျက်နားမှာ လဲ့လဲ့လေး လင်းနေတဲ့ မီးရောင်တစ်ခု..။
သီရိ မီးရောင်ဆီကို ပြေးသွားလိုက်တယ်။
(၃)
ရေတွင်းပျက်နဲ့ ခြေလှမ်း ၁၀ လှမ်းလောက်အကွာမှာ တဖျစ်ဖျစ် တောက်လောင်နေတဲ့ မီးပုံတစ်ခု။
မီးပုံထဲက သစ်ကိုင်းခြောက်တွေ နီဝါရဲပြီး ရွှေရောင်သမ်းနေတယ်။
မီးပုံရှေ့မှာ တင်ပလ္လင်ခွေထိုင်၊ မျက်လုံ စုံမှိတ်ထားတဲ့ မမမေ..။ သူ့ပေါင်ပေါ်မှာ ကန့်လန့်ဖြတ် တင်ထားတဲ့ ဓားရှည်။ မြေကြီးပေါ်မှာ ပြန့်ကျဲနေတဲ့ ပုလင်းသေးသေးလေးတွေ။ အဖုံးပွင့်နေတဲ့ ပုလင်းတွေထဲမှာ ဘာမှမရှိ၊ ဟာလာဟင်းလင်း။
မမမေရဲ့ ရှေ့တည့်တည့်မှာ မတ်တပ်ရပ်နေတဲ့ ထက်ရန်နိုင်ထွန်း။
(၄)
“မောင်လေး.. ရန်နိုင်။ ရန်နိုင်.. ဘာလို့ အဲဒီလို ထွက်သွားတာလဲ.. ဘာလုပ်တာလဲ”.. သီရိ ပါးစပ်က တတွတ်တွတ် ပြောရင်း ရန်နိုင့်ပခုံးကို လှမ်းကိုင်လိုက်တယ်။ အမော မပြေသေးတဲ့ သီရိရဲ့ အဆုတ်က လေအပြည့်မရသလို မွန်းကြပ်နေတယ်။.. ”လာ.. လာ.. ပြန်မယ်.. ပြန်ရအောင်နော်”.. ရန်နိုင့် ပခုံးကို ခပ်တင်းတင်းကိုင်ရင်း ဆွဲခေါ်ဖို့ ကြိုးစားတယ်။ ထက်ရန်နိုင်ထွန်းက သီရိရဲ့ လက်တွေကို ပုတ်ထုတ်လိုက်တယ်။
“အန်တီ.. အန်တီ.. ကျွန်တော့် ညီမကို ကယ်ပါ။ စန္ဒာ့ကို .. စန္ဒာကို လူကောင်းဖြစ်အောင် ပြန်လုပ်ပေးပါ”.. ထက်ရန်နိုင်ထွန်း.. သီရိကို လှည့်မကြည့်ဘဲ.. မမမေကို အော်ပြောတယ်။
မမမေရဲ့ မျက်လုံးတွေ ပွင့်မလာသေး။
“ရန်နိုင်။ တော်တော့.. လာပါ.. သွားရအောင်။ ပြန်မယ်”.. သီရိ.. ရန်နိုင့်ကို အတင်းဆွဲခေါ်တယ်။ ရန်နိုင်က လက်မခံ။ ဆောင့်ရုန်းတယ်။
“စန္ဒာ့ကို မသတ်ပါနဲ့။ ကျွန်တော် တောင်းပန်ပါတယ်။ ဒါဒါ..ဒါဒါက လူကောင်းပါ.. သူ.. ဘာမှ မသိဘူး”.. ရန်နိုင် ပြောရင်းနဲ့ ငိုသံတွေ ပါလာတယ်။ သူ့ကိုယ်လုံး မြေကြီးပေါ်ကို ဒူးထောက်ကျသွားတယ်။
အခုထိ တုပ်တုပ်မျှ မလှုပ်သေးတဲ့ မမမေကို ကြည့်လိုက်… အော်ဟစ် ငိုယိုနေတဲ့ ရန်နိုင့်ကို ကြည့်လိုက်.. သီရိ တစ်ယောက် ပျာယာခတ်နေတယ်။ ရန်နိုင့်ရဲ့ တအိအိ ငိုသံတွေကလွဲရင်.. အနီးအနား တစ်ဝိုက်မှာ.. တိတ်ဆိတ်နေတယ်။ လူသူ အရိပ်အယောင် စိုးစဉ်းမျှ မရှိ။ လေအေးအေး တစ်ချက် တိုက်သွားတော့.. တောထဲက သစ်ကိုင်းသစ်ရွက်တွေ တဖျပ်ဖျပ်ခါတယ်။ လေထဲမှာ ဝေ့ဝဲပါလာတဲ့ တောအုပ်ရဲ့ ညည်းသံတိုးတိုး။
လုံး၀ မှောင်ကျသွားပြီဖြစ်တဲ့ ပတ်ဝန်းကျင်။
“မိုး.. မိုးချုပ်နေပြီ..။ မှောင်ပြီ..။ မောင်လေး.. လာပါ.. ထတော့.. ထတော့နော်။ အစ်မတို့ ပြန်ရအောင်.. အိမ်ပြန်..”
သီရိ စကားမဆုံးခင်မှာ.. မမမေရဲ့ မျက်လုံးတွေ ဖျတ်ခနဲ ပွင့်လာတယ်။
မီးရောင်ဝါဝါထဲမှာ.. ဒေါသအခိုးအငွေ့တွေနဲ့ လောင်ကျွမ်းနေတဲ့ မမမေရဲ့ မျက်လုံးတွေ။
သီရိ လန့်ပြီး အိခနဲ အသံထွက်သွားတယ်။
ရန်နိုင် ငိုနေတာ ရပ်သွားတယ်။
“ကျွန်မ.. ကျွန်မ.. မသိလိုက်ခင်.. သူ အိမ်ကထွက်သွားလို့.. အဲဒါ.. လိုက်ခေါ်..”
မမမေရဲ့ မျက်လုံးထဲက ဒေါသအခိုးတွေ ရုတ်ခနဲ ပြန်ပျောက်သွားတယ်။ အဲဒီနေရာမှာ အစားဝင်လာတာက ဝမ်းနည်းတဲ့ အရိပ်အယောင်တွေ။ နောင်တ အငွေ့အသက်တွေ..။
“နင့်အပြစ် မဟုတ်ပါဘူး နန်းထိုက်သီရိ”.. မမမေက ပြောတယ်။ သက်ပြင်းတစ်ချက် ချတယ်။ တင်ပလ္လင်ခွေ ထိုင်နေရာကနေ မတ်တပ်ထရပ်တယ်။ လက်ထဲက ဓားကို မြေကြီးပေါ်မှာ စိုက်တယ်။ သူ့ကို မော့ကြည့်နေတဲ့ ရန်နိုင့်ကို ခေါင်းတစ်ချက် ဆတ်ပြတယ်။
“ကံ.. ကံတရားဆိုတာ.. ဒီလိုပဲ”.. မမမေက ဘယ်သူ့ကိုမှ ရည်ရွယ်ပြောမနေတဲ့ လေသံနဲ့.. ကြယ်မရှိတဲ့ ကောင်းကင်ဆီ.. မော့ကြည့်ရင်း ပြောတယ်။.. “ဘာဆက်ဖြစ်မလဲ.. ကြိုတင်ပြီးတော့မှ မမြင်နိုင်ပဲ..”
“အစ်မ.. ဘာတွေ ပြောနေတာလဲဟင်.. ။ သူ့ကို ကျွန်မ ပြန်ခေါ်သွားတော့မယ်..နော်”.. သီရိ ပြောရင်းနဲ့ ရန်နိုင့်ကို ဆွဲထူဖို့ ကြိုးစားတယ်။ ထက်ရန်နိုင်ထွန်း.. ဒူးထောက်နေရာက မထဘဲ.. မမမေကို တောင်းပန်တဲ့ အကြည့်နဲ့ ကြည့်နေတယ်။
“မမီတော့ဘူး။ ထားလိုက်တော့”.. မမမေက ပြောတယ်။.. “မင်းခန့်ထူးကို ဒီနေရာကို လွှတ်လိုက်တဲ့အတွက်.. ငါနင့်ကို အပြစ်တင်ရမလား.. ကျေးဇူးတင်ရမလား .. ငါမသိဘူး နန်းထိုက်သီရိ”
“ရှင်..”
“မျှော်လင့်စရာ မရှိတဲ့ ဘ၀မှာ ငါ..နေသားကျနေပြီ။ အခု.. ကံတရားကြောင့်.. အင်း.. ကံတရားကြောင့်လို့ပဲ ပြောရမယ်။ မနက်ဖြန်ဆိုတာကြီးကို ငါ မျှော်လင့်ချင်နေပြီ။ ဒါ မကောင်းဘူး။ ဒါ.. အားနည်းချက်တစ်ခု။ ငါ့လို လူအတွက်.. မျှော်လင့်ချက်ဆိုတာ မကောင်းဘူး”.. မမမေ.. ကောင်းကင်ကို မော့ကြည့်နေတုန်းပဲ။ တစ်ယောက်တည်း စကားတွေ ဆက်ပြောနေတုန်းပဲ။ ..”ဒါပေမယ့် ဒီနေ့.. ဒီညနေ.. ဒီည.. မင်းခန့်ထူးနဲ့ တွေ့ပြီးကတည်းက.. ဒီအချိန် တိုတိုလေး တစ်ခုအတွင်းမှာ.. ငါ တကယ် အသက်ရှင်နေသလို ခံစားရတယ်။ ရှင်သန်မှုဆိုတာကို အခုမှ သိလိုက်ရသလို”.. မမမေက ပြောရင်းနဲ့ ဟက်ခနဲ တစ်ချက် ရယ်တယ်။ မော့ထားတဲ့ခေါင်းကို ပြန်ချ.. သီရိကို ကြည့်တယ်။ ရန်နိုင့်ကို ကြည့်တယ်။ .. “ရယ်ဖို့တော့ အကောင်းသား။ လူဆိုတာ နောက်ဆုံး အချိန်ရောက်တော့မှ.. တစ်ဘ၀လုံးကို ပြန်သုံးသပ်မိတတ်သတဲ့..။ ငါလည်း.. နောက်ဆုံးမှာတော့ သာမန်လူ တစ်ယောက်ပါပဲလား။ သာမန် အတွေးအခေါ်.. သာမန် ခံစားချက်တွေ.. သာမန် မျှော်လင့်ချက်တွေနဲ့..”
သီရိ ဘာပြန်ပြောရမှန်းမသိ..။
ရန်နိုင့် ပခုံးကို တင်းတင်းဆုပ်ရင်း.. မမမေကို ကြောင်ကြည့်နေမိတယ်။ မမမေရဲ့ တလဲ့လဲ့ တောက်နေတဲ့ မျက်လုံးတွေထဲမှာ.. အရည်ကြည်ကြည်တွေ ဝဲလို့။ မျက်ရည်တွေများလား..။
“ကျွန်တော့် ညီမလေးကို ကယ်ပါ..”.. ရန်နိုင့်ဆီက အခုမှ ထွက်လာတဲ့ စကားသံ။ .. “ကျွန်တော် တောင်းပန်ပါတယ် အန်တီ။ ဒါဒါ့ကို မသတ်ပါနဲ့”
“ထက်ရန်နိုင်ထွန်း”.. မမမေက ရန်နိုင့်ကို လက်တစ်ဖက်တည်းနဲ့ ဆွဲထူတယ်။ မမမေရဲ့ လက်ထဲမှာ ရန်နိုင် စွေ့ခနဲ ပါလာတယ်။ ဒယိမ်းဒယိုင်ဖြစ်နေတဲ့ ကိုယ်ခန္ဓာကို မမမေက ထိန်းပေးတယ်။ .. “ငါဟာ.. လူတွေကို ကယ်တင်တဲ့ သူ မဟုတ်ဘူး ကောင်လေး။ နင်ထင်တာ မှားနေပြီ။ မမမေဆိုတဲ့ မိန်းမက.. လူတွေကို ကယ်တင်နိုင်တဲ့ သူ မဟုတ်ဘူး။ ငါ့ အလုပ်က.. မကောင်းတဲ့ အလုပ်..။ ကြမ်းတမ်းတဲ့.. ရက်စက်တဲ့ အလုပ်..”
“ဒါဒါ.. ဒါဒါက လူကောင်းပါ.. သူ ဘာမှ မသိဘူး”.. ထက်ရန်နိုင်ထွန်းက ရှိုက်သံတစ်ဝက်နဲ့ ပြောတယ်။
“သူ့ကို ကယ်တင်နိုင်တာ.. သူကိုယ်တိုင်ပဲ ရှိတယ်။ ငါ ဘာမှ လုပ်မပေးနိုင်ဘူး”..မမမေက လေသံ ပြတ်ပြတ်နဲ့ ပြန်ဖြေတယ်။
“အစ်မ.. အစ်မရယ်.. ဖြစ်နိုင်ရင်.. အစ်မလည်း.. ကျွန်မတို့နဲ့ ပြန်လိုက်ခဲ့ပါ..။ ဒီနားမှာ.. ဒီနေရာကြီးမှာ.. ဆက်မနေပါနဲ့..။ ဘုန်းကြီးကျောင်း.. ဘုန်းကြီးကျောင်းထဲမှာ.. သွားပုန်းနေမယ်လေ.. အဲဒါဆို မရဘူးလား”.. သီရိ အယောင်ယောင်အမှားမှားနဲ့ တရစပ်ပြောလိုက်တယ်။.. “ဘုန်းကြီးတွေကို အကူအညီတောင်းလို့ မရဘူးလားဟင်။ သူတို့လည်း..”
“ငါ အခုလုပ်နေတာတွေက မြင့်မြတ်တဲ့ အလုပ် မဟုတ်ဘူး နန်းထိုက်သီရိ။ ငါ့ အပြုအမူတွေရဲ့ နောက်မှာ သန့်စင်တဲ့ ရည်ရွယ်ချက် မရှိဘူး။ နင်တို့ ထင်နေကြသလို ငါက သူရဲကောင်းမကြီး မဟုတ်ဘူး။ ငါ့လက်နဲ့ အသက်ထွက်သွားတဲ့သူတွေ များလွန်းပြီ..။ ငါကိုယ်တိုင်လည်း သေရင် ကောင်းရာမွန်ရာ ရောက်မယ် မထင်ဘူး”..မမမေက သူ့စကားသူ သဘောကျသွားသလို ခပ်တိုးတိုးရယ်တယ်။.. “နောင်ဘ၀ကျရင်တော့ မိတ်ဟောင်းဆွေဟောင်းတွေ ငါ့ကို ဆီးကြို စောင့်နေကြတော့မှာပဲ ဟင်းဟင်း..”
မမမေရဲ့ စကားတွေကို နားထောင်ရင်း သီရိ ကြက်သီးထချင်လာတယ်။ ကြောက်စိတ်က ကျောရိုးတလျှောက် စိမ့်တက်လာတယ်။ မမမေရဲ့ မျက်လုံးတွေ အကြည့်တွေ.. စကားတွေက.. သေမင်းတံခါးကို ခေါက်နေတဲ့ လူတစ်ယောက်ရဲ့ ပုံစံမျိုး..။
“အစ်မ.. ကျွန်မ တကယ်ကြောက်လာပြီ။ ဒီမှာ.. ကောင်လေးလည်း ကြောက်ပြီး တုန်နေပြီ..။ ကျွန်မတို့.. ကျွန်မတို့ ပြန်ရအောင်နော်.. ပြန်ကြရ..”
နှာခေါင်းထဲကို အရှိန်နဲ့ တိုးဝင်လာတဲ့ အနံ့တစ်ခု။
သီရိနဲ့ ရင်းနှီးနေတဲ့.. သီရိ မမှတ်မိချင်တဲ့.. အနံ့။
မမမေရဲ့ နောက်ဘက်က ရေတွင်းပျက်ဆီကို သီရိ မျက်လုံးတွေ ရောက်သွားတယ်။
ရေတွင်းထဲကနေ အရှိန်နဲ့ စိမ့်ထွက်လာတဲ့ အဖြူရောင် မီးခိုးငွေ့တွေ။
မီးခိုးငွေ့တွေက လေထက် အဆပေါင်းများစွာ လေးလံနေသလို.. ရေတွင်း နှုတ်ခမ်းပေါ်ကနေ အောက်ခြေ မြေကြီးအထိ.. တလိမ့်လိမ့်.. စုပြုံ ကျလာတယ်။
မမမေ.. နောက်ကို တစ်ချက် လှည့်ကြည့်တယ်။.. ဒီဘက်ကို ပြန်လှည့်လာတော့ သူ့မျက်နှာက ပြုံးနေတယ်။
“ငါ့ဘက်ကတော့ အဆင်သင့်ဖြစ်ပြီ..”.. မမမေက မြေကြီးမှာ စိုက်ထားတဲ့ ဓားရှည်ကို စွပ်ခနဲ ဆွဲနှုတ်တယ်။ .. “နန်းထိုက်သီရိ။ နင်ရော.. အဆင်သင့်ပဲလား”
“ရှင်.. ဘာကို အဆင်သင့်..။ အစ်မ.. ဟိုမှာ.. ဟိုမှာ..”.. ကြောက်စိတ်ကြောင့် သီရိ.. တစ်ကိုယ်လုံး တောင့်တင်းနေတယ်။
ရေတွင်းထဲက တလူလူ စိမ့်ထွက်လာတဲ့ အခိုးအငွေ့တွေ.. သီရိ ခြေဖျားနားအထိ ရောက်လာတယ်။ ခဏလေး အတွင်းမှာ.. ပတ်ဝန်းကျင်တစ်ခုလုံး မြူဖုံးသွားသလို.. ဝေဝါးသွားတယ်။
ရေတွင်းအစပ်.. အခိုးအငွေ့တွေကြားမှာ မတ်တပ်ရပ်နေတဲ့ လူရိပ် နှစ်ရိပ်။
ခါးအထိ ရှည်ကျနေတဲ့ ဆံပင်ဖားလျားနဲ့ သက်ထားဆွေ..ရဲ့ ပုံသဏ္ဍန်ကို မှန်းလို့ရနေတယ်။ သူ့ဘေးမှာ.. သူ့လက်ကိုကိုင်ရင်း.. ဒီဘက်ကို လှမ်းကြည့်နေတဲ့ ကလေးမလေး တစ်ယောက်။
မြတ်စန္ဒာထွန်း။
“ဒါဒါ.. ညီမလေး”.. ရန်နိုင့်ဆီက အသံ..။
“ငါပြောတာကို မမေ့နဲ့”.. မမမေက သီရိကို ပြောတယ်။ သီရိရဲ့ ပါးတစ်ဖက်ကို သူ့လက်ညှိုးနဲ့ ခပ်ဖွဖွ တို့တယ်။
”သေတယ်ဆိုတာ ဘာမှ မဟုတ်ဘူး။ မကြောက်နဲ့”
စကားအဆုံးမှာ.. မမမေ.. လက်ထဲက ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်တယ်။ ဟိုဘက်ကိုလှည့်..၊ မြူခိုးတွေထဲကို တိုးဝင်သွားတယ်။
+++
(ဆက်ရန်)