++++++++++++
အခန်း (၂၇)
-(သီရိ)-
(၁)
သီရိဟာ.. ကျန်းမာ သန်စွမ်းတဲ့ မိန်းကလေးတစ်ယောက် မဟုတ်..။
သူ့ရဲ့ ကိုယ်လုံးပါးလှပ်လှပ်က လေတိုးရင် လွင့်ပါသွားတော့မလို ယိုင်နဲ့နဲ့၊ သေးကွေးပိန်လှီတဲ့ လက်တွေ ခြေတွေကလည်း ဘာကိုမှ လက်ဆုပ်လက်ကိုင် မမြဲချင်..။ အမြဲတစေ အားငယ်ဝမ်းနည်းနေတတ်တဲ့ စိတ်ဝိညာဉ်က ဒါတွေကို ပိုပြီး ချည့်နဲ့သွားအောင် တွန်အားပေးနေသလို..။
အဖေနဲ့ အမေက သီရိရဲ့ ပိန်ညောင်ညောင် ကိုယ်လုံးကို တစ်ချိန်လုံး အားမလိုအားမရ ဖြစ်နေခဲ့တာ။ အစားအသောက်ကို ဟက်ဟက်ပက်ပက် စားစမ်းပါ…ဆိုတာက တစ်မျိုး..၊ နင်ဒီလောက် ချူချာနေရင် ဘယ်လို သက်ဆိုးရှည်ပါ့မလဲ..ဆိုတာက တစ်ဖုံ.. အမျိုးမျိုး အဖုံဖုံ အပြစ်တင်ခံရတယ်။ အပြစ်တင်တာကို သီရိ စိတ်မဆိုးပါဘူး။ သီရိ ကိုယ်တိုင်ကလည်း အားနေရင် တွေးနေ၊ ငေးနေ တာကလွဲလို့ အားကစားလည်း မည်မည်ရရ မလုပ်၊ အစားအသောက်ကိုလည်း စိတ်မဝင်စားလှ..။ “နင့်မောင် အောင်မော်ကို ကြည့်..၊ ဘယ်လောက် ကျန်းမာသလဲ..” တဲ့.. အမေက တဖွဖွ ပြောတတ်တယ်။ အခုတော့ အမေလည်း မရှိတော့၊ အဖေလည်း သေ..။ အောင်မော်လည်း ဘယ်ဘ၀ ရောက်နေပြီလဲ..။
သီရိ ဘ၀မှာ ခွန်အားစိုက်ထုတ်ပြီး လုပ်ရတဲ့အလုပ်.. ဘာမှ မလုပ်ခဲ့ဖူးဘူး။ ငူတူတူ ငေါင်တောင်တောင်နဲ့ ဖြတ်သန်းခဲ့တဲ့ နေ့ရက်တွေက ပိုများတယ်။ တစ်နေကုန်တစ်နေခန်း.. ဆီဆိုင်ရှေ့မှာ ငုတ်တုတ်ထိုင်..၊ ဖြတ်သွားဖြတ်လာ ကားတွေ လူတွေကို ငေးကြည့်..၊ သူတို့ရဲ့ ဘ၀တွေ ဘယ်လိုများ နေမလဲ စိတ်ကူးယဉ်..။
အခု.. သီရိရဲ့ ရှိစုမဲ့စု ခွန်အားတွေကို ထုတ်သုံးဖို့ အချိန် ရောက်လာပြီ..။
ဒါပေမယ့် သီရိ ခြေလှမ်းတွေက လေးလွန်းတယ်။ သူပြေးနေတဲ့ အရှိန်က နှေးလွန်းတယ်။
လက်နှစ်ဖက်နဲ့ မနိုင်မနင်း ပွေ့ထားတဲ့ အနှီးထုပ်တွေ..။ အနှီးထုပ်တွေထဲက ဆက်တိုက် ထွက်နေတဲ့.. တအိအိ အော်ငိုသံတွေ..။
စီးထားတဲ့ ဖိနပ်.. ဘယ်နား ကျွတ်ကျန်ခဲ့သလဲ သီရိ မသိဘူး။ ခြေဖဝါးကို လာစူးတဲ့ ခဲတွေ..၊ ဖနောင့်ထဲကို နစ်ဝင်ကုန်တဲ့ ဆူးခလုတ်တွေ.. ဒါတွေကို သီရိ.. အမှုမထားနိုင်ဘူး။
မိုးမလင်းခင်စပ်ကြား.. အပြာရင့်ရင့် ညရောင်အောက်မှာ မြင်နေရတဲ့ ကားလမ်း..။ အဲဒီကို ဦးတည်ပြီး သီရိ ပြေးတယ်..။
သူ့ရဲ့ မခိုင်ခံ့တဲ့ အဆုတ်သေးသေးလေးက သူ လိုနေတဲ့ လေကို အပြည့်အ၀ ရှူသွင်း မပေးနိုင်..။ ကားလမ်းမပေါ်ရောက်တော့ သီရိ အမောဖောက်ချင်နေပြီ။ မျက်လုံးတွေ ပြာနေပြီ..။
နှေးကျလာတဲ့ ခြေလှမ်းတွေကို အရှိန်ပြန်မြှင့်ဖို့ ကြိုးစားတယ်။ သီရိရဲ့ ခြေထောက်တစ်ဖက်.. လမ်းပေါ်က ချိုင့်ခွက်ထဲကို ကျသွားတယ်။ လူက ယိုင်သွားတယ်။ မှောက်လျက် လဲမကျခင် အမြန် ပြန်ထိန်းလိုက်နိုင်တယ်။
သီရိ ကုန်းရုန်းပြီး ပြန်ထတယ်။
ဦးတည်ရာကို ပြန်ရှာတယ်။ ဟိုဘက်.. လေးလမ်းကျော်.. လေးလမ်းကျော်မှာတဲ့..။ လေးလမ်းလား.. ငါးလမ်းလား.. သီရိ မမှတ်မိတော့ဘူး။ အနှီးထုပ်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်တယ်။ ပြေးတဲ့ အရှိန်ကို တတ်နိုင်သလောက် ထပ်မြှင့်လိုက်တယ်။ မောလွန်းလို့ ရင်ဘတ်က အထဲကို ချိုင့်ဝင်ချင်နေပြီ..။
ဘေးမှာ ရိပ်ခနဲ ကျန်ခဲ့တဲ့ လမ်းသွယ်တွေကို သီရိ စိတ်တွက်တွက်လိုက်တယ်။
တစ်လမ်း..။
နှစ်လမ်း..
သုံး..
နောက်ကနေ လိုက်လာတဲ့ တဖတ်ဖတ်.. အသံတစ်ခု..။
သီရိ လှည့်မကြည့်ဘူး။ လှည့် မကြည့်ရဲဘူး။ ခြေလှမ်းတွေ မှားကုန်မှာ စိုးတယ်။ ချော်လဲသွားလို့ မဖြစ်ဘူး..။
နောက်က အသံ..ပိုကျယ်လာတယ်။
ပြေးနေရင်းနဲ့ သီရိ ပါးစပ်က အသံထွက် အော်ငိုမိတယ်။ ကလေးတွေရဲ့ တအိအိ ငိုသံနဲ့ သီရိရဲ့ ငိုသံ လုံးထွေးသွားတယ်။
လမ်းဘေးအိမ်တွေက မီးလုံး တချို့ ပွင့်လာတယ်..။
သုံးလမ်း..။
ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ ဘုန်းကြီးကျောင်း မုခ်ဦး..။ မုခ်ဦးဆိုင်းဘုတ်ကနေ တွဲလောင်းကျနေတဲ့ မီးလုံးဝါဝါ..။
သတ္တဝါတစ်ကောင် မာန်ဖီလိုက်တဲ့ အသံမျိုး.. တဟဲဟဲ အသံတွေ.. သီရိနောက်ကို ဆက်တိုက် လိုက်လာတယ်။
ခြေထောက်တွေ ထုံကျင်နေပြီ။ ခေါင်းထဲမှာ တရိပ်ရိပ် မူးဝေနေပြီ..။ အသက်ကို ဆက်ရှူနေသလား.. ရပ်လိုက်မိပြီလား သီရိ မသိဘူး။
မုခ်ဦးနဲ့ ခြေလှမ်း ၂၀..။
ကိုယ်ထဲမှာ ကျန်နေသေးတဲ့.. အင်အား.. တစ်စက်မှ မကျန်တော့တဲ့အထိ.. သီရိ ထုတ်သုံးလိုက်တယ်။ သူ့ရဲ့ ကျိုးကြေပျော့ခွေချင်နေတဲ့ ခြေထောက်တွေကို မညှာမတာ.. သီရိ.. ဆက်ပြေးတယ်။
သီရိရဲ့ ကျောကို ဘုတ်ခနဲ.. လာပုတ်တဲ့ လက်တစ်စုံ..။ သီရိ ဝတ်ထားတဲ့ ဘလောက်စ်အင်္ကျီ.. တင်းခနဲ ဖြစ်သွားတယ်။ သီရိ ဆောင့်ရုန်းလိုက်တယ်။ သူ.. နောက်ကို လှည့်မကြည့်ဘူး..။ ဗျိခနဲ ပါသွားတဲ့ အင်္ကျီအစအနတွေ..။
မုခ်ဦးနဲ့ ခြေလှမ်း ၅ လှမ်းလောက် အကွာ..
သီရိရဲ့ ဆံပင်တွေကို ဆောင့်ဆွဲလိုက်တဲ့ လက်တစ်စုံ..။
လူက နောက်ကို လန်သွားပေမယ့်.. သီရိ ပြန်ရုန်းတယ်။ ပြုတ်ထွက် ပါသွားတဲ့ ဆံပင်တွေကို အမှုမထားနိုင်ဘူး။ ထူပူ နာကျင်သွားတဲ့ ဦးရေပြားကို ဂရုမစိုက်နိုင်ဘူး။
မုခ်ဦးအောက်ထဲကို သီရိ ခုန်ဝင်လိုက်တယ်..။
ရှဲခနဲ လောင်ကျွမ်းသွားတဲ့ အသံနဲ့အတူ.. ဆိုးဆိုးဝါးဝါး အော်သံတစ်သံ..။
ကျောင်းဝင်းထဲကို ခြေချပြီးတာနဲ့ သီရိ အရှိန်မထိန်းနိုင်ဘဲ.. ပက်လက်လန် လဲကျသွားတယ်။ ဒါပေမယ့်.. အနှီးထုပ်တွေကို လက်ထဲမှာ တင်းတင်း ပိုက်ထားသေးတယ်။ ကျောနဲ့ မြေကြီးနဲ့ ပြေးဆောင့်လို့ အောင့်သွားတဲ့ ဝေဒနာကို သူတစ်ယောက်တည်းပဲ ကြိတ်ခံစားလိုက်တယ်။
ကျောင်းဝင်းရဲ့ အပြင်.. မုခ်ဦးနဲ့ ခြေလှမ်း အနည်းငယ်အကွာမှာ…. တဖြည်းဖြည်း ဖြာကျလာတဲ့ နေရောင်ဖျော့ဖျော့နောက်ခံနဲ့.. မတ်တပ်ရပ်နေတဲ့.. အရိပ်နှစ်ရိပ်..။
အလင်းကို ကျောပေးထားတဲ့အတွက် သက်ထားဆွေရဲ့ မျက်နှာကို သီရိ မမြင်ရပါဘူး။ ဒါပေမယ့် မှောင်မည်းနေတဲ့ သူ့မျက်နှာတစ်ဝိုက်မှာ မုန်းတီးစက်ဆုပ်ခြင်း အငွေ့အသက်တွေ ဖုံးလွှမ်းနေတာကို သီရိ ခံစားလို့ ရနေတယ်။ သက်ထားဆွေဘေးမှာ မတ်တပ်ရပ်နေတဲ့ မြတ်စန္ဒာထွန်း..။ ကလေးမလေးရဲ့ ကိုယ်ခန္ဓာ အနေအထားက သားရဲ တိရိစ္ဆာန်တစ်ကောင်လို.. မြင်မြင်ရာကို.. ခုန်အုပ်ဖို့ အသင့်..။
လက်ထဲက အနှီးထုပ်တွေကို ကျစ်ကျစ်ပါအောင် ပိုက်ထားရင်း.. သီရိ သူတို့နှစ်ယောက်ကို စိုက်ကြည့်နေမိတယ်။
သက်ထားဆွေရဲ့ မျက်လုံးတွေက.. သီရိ လက်ထဲမှာ ပိုက်ထားတဲ့ အနှီးထုပ်တွေဆီမှာ.. တဝဲလည်လည်..။
မြတ်စန္ဒာထွန်းဆီက ခီးခနဲ..အသံတစ်သံ ထွက်လာတယ်။ လက်သေးသေးလေးတွေကို ဆန့်တန်းပြီး.. ကျောင်းဝင်းထဲကို ပြေးဝင်လာတယ်။ မုခ်ဦးအစပ်ကိုရောက်တော့.. ရင်၀ကို ဆောင့်ကန်ခံလိုက်ရသလို.. သူ့ကိုယ်လုံးလေး နောက်ကို လွင့်ထွက်သွားတယ်။ ခပ်လှမ်းလှမ်းမှာ ဘုတ်ခနဲ ပြုတ်ကျတယ်။
အမှောင်ထုကို ခွဲဝင်လာတဲ့ အာရုဏ်ဦး နေရောင်ခြည်..။
တရှဲရှဲအသံတွေ.. နဲ့အတူ.. မြတ်စန္ဒာထွန်းရဲ့ ကိုယ်က ပျံထွက်လာတဲ့ အငွေ့ဖြူဖြူတွေ..။
သက်ထားဆွေ.. သီရိကို စိုက်ကြည့်နေရာကနေ.. အကြည့်လွှဲသွားတယ်။ မြတ်စန္ဒာထွန်းဆီကို ချာခနဲ လှည့်ထွက်တယ်။ မြေကြီးမှာ လူးလိမ့်နေတဲ့ မြတ်စန္ဒာထွန်းကို ဆွဲထူ ပွေ့ချီတယ်..။ မြတ်စန္ဒာထွန်းရဲ့ ကိုယ်လုံးကို ဘာမှမဟုတ်သလို.. လက်နှစ်ဖက်နဲ့ အသာပွေ့တယ်။ မုခ်ဦးကို ကျောခိုင်း.. အဝေးကို တစ်လှမ်းချင်း လျှောက်တယ်။
သီရိ.. လဲကျနေရာကနေ ကုန်းရုန်းပြီး ထလိုက်တယ်..။
သူ ပြန်မော့ကြည့်လိုက်တော့.. သက်ထားဆွေတို့ နှစ်ယောက်.. အရိပ်အယောင်တောင် မရှိတော့။
(၂)
ဖြာကျလာတဲ့ နေရောင်ခြည်နဲ့အတူ.. ဘုန်းကြီးကျောင်းဝင်း.. အသက်ဝင်လာတယ်။ ကျောင်းတံခါး ဖွင့်သံတွေ..။ တတောက်တောက် အုန်းမောင်း ခေါက်သံတွေ..။
မေ့မျောသတိလစ်ချင်နေတဲ့ စိတ်ကို အတတ်နိုင်ဆုံး ထိန်းပြီး.. သီရိ.. ကလေးတွေကို မုခ်ဦးအတွင်းဘက်.. အုတ်ရေအိုးစင်လေးနားမှာ အစီအရီ ချလိုက်တယ်။ ကလေးတွေရဲ့ တအီအီ ငိုသံတွေ ပိုကျယ်လာတယ်။ “မငိုနဲ့.. မငိုနဲ့တော့.. တိတ်..တိတ်..”.. သီရိ ခပ်ဖွဖွ ပြောလိုက်တယ်။ “ဘာမှ.. ဘာမှ မဖြစ်တော့ဘူး.. တိတ်တော့နော်”.. ကလေးတွေထဲက.. မသက်သက်မျိုးရဲ့ ကလေးလို့ ထင်ရတဲ့ တစ်ယောက်ရဲ့ ပါးကို သီရိ လက်ကလေးနဲ့ တို့ကြည့်တယ်။ ..”ပြီးရင်.. ဘုန်းဘုန်းတို့ လာခေါ်လိမ့်မယ်နော်.. မငိုနဲ့တော့”.. ပြောရင်းနဲ့ သီရိ ငိုချင်လာတယ်။ လင်းလက်နေတဲ့ နေရောင်ခြည်သာ မရှိရင် သီရိ..ဒီနေရာမှာတင် ခေါက်ခနဲ သတိလစ်သွားမလားပဲ..။
ကျောင်းဝင်းထဲကနေ အပြင်ကို ပြန်ထွက်.. ခြေလှမ်း ၁၅ လှမ်းလောက် ရောက်တဲ့အထိ.. သီရိ.. နောက်ကျောမတင်းသလို.. လှည့်ကြည့်လှည့်ကြည့် လုပ်နေမိတုန်းပဲ။ သူတို့..ဘာမှ မဖြစ်တော့ပါဘူး.. အန္တာရယ် မရှိတော့ပါဘူးလို့.. ကိုယ့်ကိုယ်ကိုယ် အထပ်ထပ် သတိပေးတယ်။ မနက်ခင်း အလင်းရောင် အောက်မှာ.. ဘယ်မကောင်းဆိုးဝါးမှ မရှင်သန်နိုင်ပါဘူးလို့.. သူ့ကိုယ်သူ နားချတယ်။
သီရိ.. သက်ပြင်းချ.. သူ့ရဲ့ အိမ်လေးရှိရာဘက်ကို.. ခြေလှမ်းတွေ ဦးတည်လိုက်တယ်။ ခြေထောက်တွေက ထောက်မရအောင် နာကျင်နေပြီ..။ ခြေဖဝါးကို မကြည့်တော့.. ဖဝါးတစ်ခုလုံး ကွဲရာ ပြတ်ရာတွေနဲ့ သွေးချင်းချင်းနီနေတယ်။ ဒဏ်ရာကြားကို လှိမ့်ဝင်ထားတဲ့ ဖုန်တွေ သဲတွေ.. ထောက်လိုက်တိုင်း စူးအောင့်နေတယ်။
ဘေးနားက ဝေါခနဲ ဖြတ်သွားတဲ့ ကုန်ကား တစ်စီး..။
သီရိ.. လဲကျတော့မလို ဖြစ်သွားတယ်။ အမြင်အာရုံက မကောင်းတော့ဘူး။ သူ့မျက်လုံးထဲမှာ.. မြေကြီးက လှိုင်းတွန့်သလို ယိမ်းခါနေတယ်။ ငါဒီမှာ.. သတိလစ်သွားရင်တော့ ဒုက္ခပဲ.. တစ်ကိုယ်လုံး ပေကျံ စုတ်ပြတ်နေတာ.. အင်္ကျီမှာလည်း အပေါက်အပြဲ ဗရဗွနဲ့…
သီရိရဲ့ နောက်ဘက်ကနေ ရောက်လာတဲ့ တဖုန်းဖုန်း ဆိုင်ကယ်သံ..။ တိတ်ဆိတ်နေသေးတဲ့ မနက်ခင်းမှာ ဆိုင်ကယ်သံက ကျယ်လောင်လွန်းနေတယ်။
သီရိ လှည့်ကြည့်လိုက်တယ်..။ ဆိုင်ကယ်ပေါ်က လူကိုမြင်တော့.. သူ့မျက်နှာက အလိုလို ပြုံးမိသွားတယ်။
မမမေ..
+++
အခန်း (၂၈)
-(ရန်နိုင်)-
(၁)
ရန်နိုင့် မျက်လုံးတွေက အလင်းရောင်ကို သိပ် မခံနိုင်သေး..။
ပျဉ်ကြားတွေကနေ ထိုးဝင်နေတဲ့ အလင်းတန်းတွေ..။ နေရောင်နဲ့ ထိလိုက်တိုင်း သူ့အသားတွေ မီးဟုန်းဟုန်းတောက်သွားတော့မလား.. စိုးရိမ်နေမိတယ်။ ဒါပေမယ့် ဘာမှ မဖြစ်တော့ဘူး။ အလင်းရောင်က ခပ်နွေးနွေး.. နှစ်လို စရာ ကောင်းနေတယ်။ ဒီအလင်းကို သူဘာကြောင့် ကြောက်နေခဲ့မိသလဲ ရန်နိုင် သေချာ မသိဘူး။ အမှောင်ထဲက နေ့ရက်တွေရဲ့ မြင်ကွင်းတွေ.. ရန်နိုင့် အာရုံထဲမှာ ပေါ်လာလိုက် ပျောက်သွားလိုက်။
မမမေဆိုတဲ့ အန်တီကြီးကတော့.. ရန်နိုင် ခံသာအောင်လို့ အိမ်ပြတင်းပေါက်တွေကို ပိတ်ထားပေးတယ်။
ပြတင်းပေါက်တွေ..ဆိုပေမယ့်.. ရန်နိုင် အခုရောက်နေတဲ့ အိမ်လေးမှာ ပြတင်းပေါက် နှစ်ခုတည်း ရှိတာ..။ ရန်နိုင့် အိမ်လို အကြီးကြီး မဟုတ်..။ အိမ်ခန်းတစ်ခုလုံးက ရန်နိုင်တို့ ရေချိုးခန်းလောက်ပဲ ကျယ်မယ် ထင်တယ်။ ပစ္စည်းတွေဘာတွေလည်း များများစားစား မရှိဘူးရယ်။ ပျဉ်ပြား ကြမ်းခင်း၊ ပျဉ်ပြား နံရံ.. ပြီးတော့.. ခပ်နိမ့်နိမ့် မျက်နှာကြက်၊ ဆွေးမြေ့နေတဲ့ ထုပ်တန်းတွေ..။
အိမ်လေးက ကျဉ်းပေမယ့် သန့်ရှင်းသပ်ရပ်နေတာကိုတော့ ရန်နိုင် သဘောကျတယ်။ ဖုန်တစ်စက် မရှိအောင် တိုက်ချွတ် လှဲကျင်းထားတဲ့ ကြမ်းပြင်၊ ဖြူဖွေးသန့်ပြန့်နေတဲ့ ပြတင်း ခန်းဆီးတွေ။ ပြီးတော့ အိမ်ထဲမှာ ခပ်သင်းသင်း မွှေးပျံ့နေတဲ့ ပန်းနံ့။
“ကောင်လေး။ နင်ဘယ်လို နေသေးလဲ”
ထိုင်ခုံမှာ ငုတ်တုတ်ကလေး ထိုင်ရင်း ကြမ်းပြင်ကို စိုက်ကြည့်နေတဲ့ ရန်နိုင်.. မမမေရဲ့ မေးခွန်းကြောင့် ခေါင်းထောင်လာတယ်။
“ဟုတ်.. ကောင်းပါတယ်”.. ရန်နိုင် ပြန်ဖြေလိုက်တယ်။
မမမေက သူ့လက်ထဲက ရေစိုအဝတ်ကို စားပွဲပေါ် ပစ်တင်တယ်။
“အင်း။ ဟိုတစ်ယောက်တော့ ဖျားနေပြီ”..မမမေက အိပ်ခန်းဘက်ကို မေးငေါ့ပြရင်း ပြောတယ်။ ရန်နိုင့်ကို ခြေဆုံခေါင်းဆုံး တစ်ချက်ကြည့်တယ်။ “နင်က သတ္တိတော့ ရှိသားပဲ။ ဘယ်ဆိုးလို့လဲ”
“ဗျာ”
“ဪ။ သက်ထားဆွေတို့ရဲ့ လက်ထဲကနေ ရုန်းထွက်နိုင်လို့ နင့်ကို သတ္တိရှိတယ်လို့ ပြောနေတာ။ ဒါ.. လွယ်တာ မဟုတ်ဘူး” .. မမမေက ရန်နိုင့် မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ဝင်ထိုင်တယ်။ သူ့ပုံစံက သိသိသာသာ နွမ်းနယ်နေတယ်။ မမမေ.. နောက်လှန် စည်းထားတဲ့ ဆံပင်တွေကို ဖြည်ချတယ်။ ခေါင်းကို လက်နဲ့ ထိုးဖွတယ်။ သက်ပြင်း အရှည်ကြီး ချတယ်။
“ကျွန်တော်.. ကျွန်တော်.. သေသေချာချာ မမှတ်မိဘူး”.. ရန်နိုင် ပြန်ပြောလိုက်တယ်။ ဟုတ်တယ်.. သူ့အာရုံထဲမှာ တဖျပ်ဖျပ် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတဲ့ ပုံရိပ်တွေက.. သူပိုင်ဆိုင်တဲ့ အရာတွေ မဟုတ်သလို.. တခြားတစ်ယောက်ရဲ့ မြင်ကွင်းကို ဝင်ကြည့်နေရသလို.. မသေချာ မရေရာ။ အသက်မဲ့နေတဲ့ ကိုယ်ခန္ဓာတွေ.. ချင်းချင်းနီနေတဲ့ သွေးကွက်တွေ..။ မီးတောက်ထဲမှာ လောင်ကျွမ်းပျောက်ကွယ်သွားတဲ့ မသော်တာကိုတော့ သူ သေချာ မှတ်မိတယ်။ ပြီးတော့.. အန်တီထား.. အန်တီထားနဲ့အတူ ပါသွားတဲ့ ဒါဒါ..။
“အင်း။ ပြီးရင် တဖြည်းဖြည်း ပြန်မှတ်မိလာပါလိမ့်မယ်”.. မမမေက ပြောတယ်။
“စန္ဒာ.. ကျွန်တော့် ညီမလေး .. သူ.. သူ့ကို”..ရန်နိုင် ပြောရင်းနဲ့ ငိုချင်လာတယ်။ သတ္တိရှိတယ်တဲ့..။ ဟင့်အင်း.. ရန်နိုင့်မှာ ဘာသတ္တိမှ မရှိဘူး။ သူရဲဘောကြောင်တဲ့.. သုံးမရတဲ့ ကောင်လေး။ ကိုယ့် ညီမလေး ဒီလို ဖြစ်သွားတာကို ဘာမှ မလုပ်နိုင်ဘဲ ထိုင်ကြည့်နေခဲ့တဲ့သူ..။ ဒါဒါဒါဒါ..ဒါ..ဒါ.ဒါ… ဆိုပြီး တတွတ်တွတ် ရွတ်နေရင်း.. သွေးတွေကို အငမ်းမရ သောက်ချနေတဲ့ စန္ဒာ..။ ရန်နိုင့် ရင်ထဲ အောင့်ခနဲ ဖြစ်သွားတယ်။ နာကျည်းမှုတွေ၊ ဝမ်းနည်းခြင်းတွေကို ရန်နိုင့်ရဲ့ ၁၃ နှစ်သား ဦးနှောက်က အပြည့်အ၀ နားမလည်သေးပါဘူး။ ဒါပေမယ့် ဝေဒနာဆိုတာ အသက် အရွယ်မရွေး ဖိစီးတတ်တာပဲ။
“ကျွန်တော့် ညီမလေးကို ကယ်ပါဦး အန်တီ”.. ရန်နိုင် နောက်ဆုံးမှာ အားယူပြီး ပြောလိုက်တယ်။
မမမေက ဘာမှ ပြန်မပြောဘဲ ရန်နိုင့်ကို စိုက်ကြည့်နေတယ်။.. တော်တော်လေးကြာမှ..
“ကောင်လေး။ နင် အိပ်လိုက်ဦး။ တစ်ညလုံး မအိပ်ရသေးဘူး မဟုတ်လား။ မူးလဲသွားဦးမယ်”
“ကျွန်တော် မအိပ်ချင်ဘူး။ စန္ဒာ့ကို လိုက်ရှာချင်တယ်”.. ရန်နိုင် အံကြိတ်ပြီး ပြောလိုက်တယ်။ ဘာလို့ အိပ်ရမှာလဲ။ အဓိပ္ပာယ်မရှိတာ..။ အခုအချိန်ဆို ဒါဒါ တစ်ယောက် ဘယ်ရောက်နေပြီလဲ..။ ဘာတွေ ဖြစ်နေပြီလဲ..။
မမမေက သူ့ဘေးမှာ ချထားတဲ့ အိတ်အမည်းလေးကို လှမ်းယူတယ်။ ဇစ်ကို ဖွင့်တယ်။ အထဲကနေ ဖန်ပုလင်းလေး တစ်လုံးကို ထုတ်တယ်။ အဖုံးကို ဖွင့်တယ်။
“ရော့”..မမမေက ပုလင်းကို ရန်နိုင့်ကို လှမ်းပေးတယ်။
ဖန်ပုလင်းထဲက ပြာလဲ့လဲ့ အရည်ကြည်တွေ..။ ရန်နိုင် နားမလည်သလို.. မမမေကို ကြည့်လိုက်တော့ မမမေက ခေါင်းဆတ်ပြတယ်။
“သောက်လိုက်လေ။ ဘာကြည့်နေတာလဲ”
ရန်နိုင် ခေါင်းခါပြီး ပုလင်းကို ပုတ်ထုတ်လိုက်တယ်။ ဖန်ပုလင်းလေး.. မမမေရဲ့ လက်ထဲကနေ လွင့်ထွက်သွားပြီး စားပွဲပေါ်ကို ပြုတ်ကျတယ်။ ဆက်လိမ့်တယ်။ ကြမ်းပြင်ပေါ်ကို ပြုတ်ကျတယ်။ အရည်ပြာပြာတွေ အပြင်ကို သွန်ထွက်ကုန်တယ်။
“မသောက်ဘူး။ မသောက်ရဲဘူး။ ကျွန်တော့်ကို ဘာတွေ လာတိုက်နေတာလဲ”.. ရန်နိုင် ပိတ်အော်လိုက်တယ်။ အန်တီထားလက်ထဲက သွေးခွက်ကို ရုတ်တရက် သတိရသွားတယ်။ ကြောက်စိတ်က ရန်နိုင့်ကိုယ်ထဲကို ဆောင့်ဝင်လာတယ်။ ဒီအန်တီလည်း.. အန်တီထားနဲ့ တူတူပဲလား..။
မမမေက ကျွတ်ခနဲ စုတ်သပ်တယ်။ ပုလင်းကို ကုန်းကောက်တယ်။ ရန်နိုင့်ကို ကြည့်တဲ့ သူ့အကြည့်ထဲမှာ ဒေါသအရိပ်တွေတော့ မပါပါဘူး။ စိတ်မရှည်တဲ့ မျက်နှာထားပဲ တွေ့ရတယ်။
“ကျွန်တော်.. ကျွန်တော့် ညီမလေးကို သွားရှာ..”
ရန်နိုင့် စကားမဆုံးလိုက်ဘူး။ မမမေရဲ့ လက်တွေ လှစ်ခနဲ လှုပ်ရှားသွားတယ်။ ရန်နိုင့်ရဲ့ ပါးစပ်နားကို ရောက်လာတဲ့ လက်တစ်ဖက်..။ ရှောင်ဖို့ အချိန်မရ။ ဘာဖြစ်လို့ ဖြစ်လိုက်မှန်း မသိခင်မှာ ရန်နိုင့်ပါးစပ် ဟပြီးသား ဖြစ်နေပြီ။ ပုလင်းထဲက အရည်အေးအေးတွေ လည်ချောင်းထဲကို ရောက်လာနေပြီ။
ရန်နိုင် ရုန်းဖို့ ကြိုးစားတယ်။ မရဘူး။
အရည်တွေကို ထွေးထုတ်ဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။
လည်ပင်းထဲ စီးကျသွားတဲ့ အရည်အေးအေးတွေနဲ့ အတူ.. ရန်နိုင့် မျက်လုံးတွေ မှေးလာတယ်။ လက်တွေ ခြေတွေ ပျော့ခွေသွားတယ်။
“အိပ်တော့”
သူ့ကို မိုးကြည့်နေတဲ့ မမမေရဲ့ မျက်နှာ တဖြည်းဖြည်း ဝါးလာတယ်။
မှိတ်ချလိုက်တဲ့ မျက်တောင်တွေနဲ့အတူ.. ရန်နိုင် အမှောင်ထုထဲကို ညင်သာစွာ ကျဆင်းသွားတယ်။
+++
အခန်း (၂၉)
-(သီရိ)-
(၁)
အိပ်မက်ဆိုးတွေထဲကနေ ထွက်ပြေးနေရင်း.. သီရိ နိုးလာတယ်။
အာခေါင်ထဲမှာ ပူခြစ်နေတယ်။ တစ်ကိုယ်လုံးက ရေနစ်ထားတဲ့သူလို မွန်းကြပ် ပျော့ခွေနေတယ်။ လန့်ပြီး ထထိုင်တော့မလို့ အလုပ်မှာ.. မျက်နှာကြက်က မြင်နေကျ မီးလုံးလေးကိုတွေ့တော့ သီရိ သက်ပြင်းချလိုက်တယ်။ ကြောက်စိတ်တွေ ပြေသွားတယ်။ ငါ့အခန်းထဲ.. ပြန်ရောက်နေပါလား.. ဆိုတဲ့ သိစိတ်ကြောင့် မွန်းနေတာတွေ နည်းနည်း သက်သာသွားတယ်။
ပြတင်းပေါက်က ဝင်လာနေတဲ့ နေရောင်ခြည်ကိုတွေ့တော့ သီရိ ပိုပြီး စိတ်သက်သာရာ ရသွားတယ်။ မမှောင်သေးဘူး။ ညမရောက်သေးဘူး။ အလင်းရောင် ရှိသေးတယ်..။
သီရိ အားယူပြီး အိပ်ရာထဲကနေ ထတယ်။ မမမေ ခြုံပေးထားတဲ့ စောင်ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ခေါက်ပြီး အိပ်ရာခြေရင်းမှာ ချတယ်။ တရိပ်ရိပ် မူးနေသေးတဲ့ နားထင်ကို လက်မနဲ့ အသာဖိရင်း အိမ်ရှေ့ခန်းဘက်ကို ထွက်လာလိုက်တယ်။
(၂)
ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ မမမေ..။
ထက်ရန်နိုင်ထွန်းက မမမေ ဘေးက ကြမ်းပြင်မှာ ခွေခွေကလေး လှဲအိပ်နေတယ်။ မမမေရဲ့ ဂျင်းဂျက်ကတ်က ထက်ရန်နိုင်ထွန်းရဲ့ ကိုယ်ပေါ်မှာ။ ကောင်လေးက ဘာမှ မသိတော့သလို.. ဂျက်ကတ်ကို လက်တစ်ဖက်နဲ့ တင်းတင်းဆွဲရင်း အိပ်ပျော်နေတယ်။ ဟောက်သံ တိုးတိုးလေးတွေတောင် ထွက်နေသေးတယ်။
မမမေရှေ့က စားပွဲပေါ်မှာ စီတန်းထားတဲ့ အရောင်မျိုးစုံနဲ့ ပုလင်းသေးသေးလေးတွေ။
လက်သည်းဆိုးဆေး ပုလင်းလေးတွေလား..လို့ သီရိ တွေးမိသွားတယ်။ ပြီးမှ အလိုလို ရယ်ချင်သွားတယ်။ မမမေနဲ့ လက်သည်းဆိုးဆေးနဲ့ ဘာဆိုင်လို့လဲ..။
“နိုးလာပြီလား”.. မမမေက သီရိကို မော့မကြည့်ဘဲ မေးတယ်။
“ဟုတ်..”
“နင် တော်တော်ဖျားနေတယ်။ ပြန်အိပ်နေလေ”.. မမမေက ပြောတယ်။
“ရပါတယ်။ မအိပ်ချင်တော့ဘူး။ နေတောင် အတော်စောင်းနေပြီ။ အစ်မ ဘာလုပ်နေတာလဲဟင်”.. သီရိ မေးလိုက်တယ်။ မမမေနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်တယ်။ စားပွဲပေါ်မှာ စီထားတဲ့ ပုလင်းလေးတွေကို တစ်ခုစီ လိုက်ကိုင်ကြည့်တယ်။ ဖန်ပုလင်းလေးတွေက အခုခေတ် ပုလင်းတွေလို သပ်သပ်ရပ်ရပ် စက်ရုံထုတ် ပစ္စည်းတွေ ဟုတ်ပုံ မပေါ်ဘူး။ လက်လုပ် ဖန်ပုလင်းတွေ။ အဖုအပိန့် ပေါင်းစုံနဲ့။ ပိန်ပိန်သွယ်သွယ် ပုလင်းတွေ ပါသလို ပုပု၀၀ ပုလင်းတွေလည်း ပါတယ်။ အထဲက အရည်တွေက အရောင်မျိုးစုံနဲ့ တလက်လက်တောက်နေတယ်။
“ဒါ ဘာပုလင်းလေးတွေလဲ”
“ဘာမှ မဟုတ်ဘူး”..မမမေက သီရိလက်ထဲက ပုလင်းကို ဆွဲယူတယ်။ အိတ်ထဲကို ထည့်တယ်။ စားပွဲပေါ်က ပုလင်းတွေကိုလည်း စုပြုံသိမ်းကျုံးယူပြီး အိတ်ထဲကို သွတ်ထည့်တယ်။
မမမေရဲ့ လက်မောင်းနဲ့ လက်ဖျံတွေကို သီရိ အခုမှ သတိထားကြည့်မိတယ်။ ခပ်မှိန်မှိန် ဖြစ်နေခဲ့တဲ့ ဆေးမင်ရုပ်တွေ.. ဆွဲခွာလိုက်သလို.. လုံး၀ မရှိတော့ဘူး။ သူ့ရဲ့ ကျစ်လစ် တင်းရင်းနေတဲ့ အသားကိုပဲ အထင်းသား မြင်နေရတယ်။
“အစ်မ..လက်က.. တက်တူးတွေ.. မရှိတော့ဘူးရော”.. သီရိ မေးလိုက်တယ်။
မမမေက သီရိ ပြောတာကို မကြားသလိုနဲ့.. အိတ်ထဲက ပစ္စည်းတွေကို မွှေနှောက်နေတယ်။
“အစ်မ.. ကျွန်မ မေးနေတယ်လေ”.. သီရိ ထပ်မေးတယ်။
“ဒါတွေ မလိုပါဘူး။ ငါ ပိုင်တဲ့ အရာတွေ မဟုတ်ဘူး။ အချိန်တန်ရင် ပြန်ပေးရတာပဲ..”
“ရှင်”
“နင့်ကို ငါ ကျေးဇူးတင်တယ်”..မမမေက သီရိကို မျက်လုံးလှန်ကြည့်ပြီး ပြောတယ်။..”နင့်ပုံစံနဲ့ ဖြစ်မှ ဖြစ်ပါ့မလားလို့ ထင်နေတာ.. နင့်ကြောင့် ဟို ကလေး ၃ ယောက် အသက်ရှင်သွားတာ”
“ဪ.. ဟုတ်.. ရပါတယ်။ ဒါနဲ့.. အဲဒီ ကလေးတွေ.. အဆင်ရော ပြေရဲ့လား မသိဘူး။ ပြီးတော့ ကိုသက်ဦး.. ကိုသက်ဦးဆိုတဲ့ ရဲ အရာရှိ.. အိမ်ထဲမှာ ကျန်ခဲ့တာလား”
“အကုန် အဆင်ပြေပါတယ်။ နင် အိပ်ပျော်နေတုန်း ငါ ရွာကို တစ်ပတ်ပတ်ကြည့်ပြီးပြီ။ ဘေးအိမ်က ကလေးအမေတောင် သူ့ကလေးသူ ပြန်ရလို့ ပျော်မြူးနေပြီ။ စောစောကတောင် နင့်ကို လာမေးကြသေးတယ်။ တံခါးပိတ်ထားလို့ ပြန်ထွက်သွားကြတာ။ ဟို.. သက်ဦး ဆိုတဲ့သူလည်း အဆင်ပြေမှာပါ။ မဟာထွန်း ခြံရှေ့မှာ လူတွေ အုပ်အုပ်အုပ်အုပ် ဖြစ်နေတာ တွေ့ခဲ့တယ်။ ဆေးရုံကားလည်း ရောက်နေတယ်။ အခုဆို မြို့ဆေးရုံကိုရောက်နေလောက်ရောပေါ့”
“ကောင်လေး.. ရဲ့ အဖေ.. ရော.. ဘယ်ရောက်နေလဲ မသိဘူးနော်”.. အိပ်ပျော်နေတဲ့ ထက်ရန်နိုင်ထွန်းကို ကြည့်ရင်း သီရိ.. မေးလိုက်တယ်။
“သေပြီနေမှာပါ။ သေချာတယ်”.. မမမေက ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေတယ်။
“အခု.. ကျွန်မတို့ ဘာဆက်လုပ်ရမှာလဲ”
“နင့်တာဝန်က ပြီးပြီ”..မမမေ.. ပြောရင်းနဲ့ ထိုင်ရာကနေ မတ်တပ်ထရပ်တယ်။ ထက်ရန်နိုင်ထွန်း ကိုယ်မှာ ခြုံပေးထားတဲ့ သူ့ရဲ့ ဂျတ်ကတ်ကို ပြန်ယူဝတ်တယ်။ ပွနေတဲ့ဆံပင်တွေကို နောက်ကို လှန်သိမ်းပြီး စည်းတယ်။
“ဘယ်လို.. ကျွန်မ.. ဘာလုပ်ရမှာလဲ။ ဒီကလေးတစ်ယောက်နဲ့.. ဒီဇာတ်ရှုပ်ကို ဘယ်လို ဆက်ရှင်းရမှာလဲ”.. သီရိ မယုံနိုင်တဲ့ လေသံနဲ့.. မေးလိုက်တယ်။
“ဘာမှ မရှုပ်ပါဘူး။ ဒီကောင်လေးကို ဒီအိမ်မှာ ဒီတစ်ည ခေါ်ထားလိုက်။ မနက်ဖြန်ကျရင် ရဲစခန်းကို သွားပို့လိုက်။ ကျွန်မ အိမ်ရှေ့မှာ ယောင်လည်လည် လုပ်နေလို့ ခေါ်ထားလိုက်တာလို့ ပြောလိုက်”
“ဟမ်.. အဓိပ္ပာယ် မရှိတာ.. ။ သူ့ တစ်အိမ်လုံး သေတဲ့သူကသေ.. ပျောက်တဲ့သူက ပျောက် .. ကိုသက်ဦးကလည်း အဲဒီအိမ်ထဲမှာ သတိလစ်နေတာ.။ ကလေးပျောက်တာတွေရော.. အကုန်ပေါင်းလိုက်ရင် ဇာတ်လမ်းက ဘယ်လိုမှ ရှင်းလို့ ရမှာ မဟုတ်ဘူး။ ကျွန်မ.. ကျွန်မကို အကုန်လုံးက မယုံသင်္ကာ ဖြစ်ကြတော့မှာ”
“နန်းထိုက်သီရိ”..မမမေက ဆတ်ခနဲ ငေါက်တယ်။ သီရိ ..လန့်ပြီး တုန်သွားတယ်။..”နင် ရှင်းရမယ့် ကိစ္စတွေက ငါ လုပ်ရမယ့် အရာတွေနဲ့ ယှဉ်လိုက်ရင် ဘာမှ မခက်ဘူး။ ရဲတွေ၊ လူတွေ၊ ပတ်ဝန်းကျင်က စွပ်စွဲကြမှာတွေ.. အဲဒါတွေကို နင် ကြောက်နေသေးတာလား။ နင့်မျက်လုံးနဲ့ မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့ အရာတွေထက်.. ကြောက်ဖို့ကောင်းတဲ့အရာ ရှိသေးလို့လား”
“မဟုတ်.. အဲဒီလိုလည်း မဟုတ်ပါဘူး..”
“နင့်ကိုယ်နင် အဲဒီလောက် လျှော့မတွက်စမ်းနဲ့။ နင်ဟာ ပျော့ညံ့တဲ့ မိန်းမတစ်ယောက် မဟုတ်ဘူး။ မနေ့ညက အဖြစ်အပျက်တွေက သက်သေပဲ။ ကြောက်စိတ်ကြောင့် နှစ်ခါ မသေစေနဲ့”
“အခု.. အစ်မက ဘယ်သွားမလို့လဲ.. ဘယ်ထွက်သွားဦးမလို့လဲ”.. သီရိ မေးလိုက်တယ်။ ငိုချင်ချင် ဖြစ်လာပြန်တဲ့ သူ့ကိုယ်သူ တိတ်တခိုး အပြစ်တင်တယ်။
“သက်ထားဆွေ ဇာတ်လမ်းက မပြီးသေးဘူး။ ဟို ကောင်မလေးကို ခေါ်သွားပြီး.. နောက်ထပ် ကြံစည်နေဦးမှာ။ လစ်ရင် လစ်သလို.. ပြန်ထွက်လာဦးမှာ။ ဒီဇာတ်လမ်းကို ဒီည အပြတ်ရှင်းပစ်မှ ရမယ်။ သူ့နေရာသူ ပြန်ဝင်သွားရင်.. အပေါက်ပြန်ပိတ်သွားရင်.. ရှုပ်ကုန်မယ်”
“ဘယ်နေရာကို ပြန်ဝင်မှာလဲ။ ဘာအပေါက်လဲ။ ကျွန်မ ဘာမှ နားမလည်တော့ဘူး”
မမမေက စိတ်မရှည်တော့သလို ခေါင်းခါတယ်။ အိတ်အမည်းကို ပခုံးမှာ သိုင်းလွယ်တယ်။ အဝတ်ပတ်ထားတဲ့ ဓားရှည်ကို ကောက်ယူတယ်။ တံခါး၀ဆီကို လျှောက်သွားတယ်။ သီရိ ..နောက်ကနေ အပြေးကလေး ပြေးလိုက်သွားတယ်။
“ငါ လုပ်စရာတွေ အများကြီး ရှိတယ်။ နင့်ကို ရှင်းပြနေဖို့ အချိန်မရှိဘူး။ နန်းထိုက်သီရိ.. နင်ငါ့ကို ကတိတစ်ခုတော့ ပေးရမယ်”
“ဘာကတိလဲ.. အစ်မ ဘယ်သွားမလို့လဲ။ ဟို ရေတွင်းဆီ ပြန်သွားဦးမလို့လား..”
“မေးချင်တာတွေ စွတ်မေးမနေနဲ့။ ငါပြောတာကို နားထောင်”.. မမမေက သီရိရဲ့ လက်မောင်းတစ်ဖက်ကို သူ့လက်နဲ့ တင်းတင်း ဆုပ်ကိုင်တယ်။ သီရိရဲ့ မျက်လုံးတွေကို သူ့မျက်လုံး နက်နက်တွေနဲ့ ထိုးဖောက် စိုက်ကြည့်တယ်။
“ဟုတ်..”
“ဘယ်လို အကြောင်းနဲ့မှ.. ဘာအကြောင်းပြချက်နဲ့မှ.. နင် ငါ့နောက်ကို လိုက်မလာနဲ့။ အဲဒီကတိ ငါ့ကို ပေး။ အရေးကြီးတယ်။ သေရေးရှင်ရေးမို့လို့ ငါပြောနေတာ”
“ဘာလို့.. ”
“ငါ့ကို ကတိပေးသလား”
“ဒါပေမယ့်”
“နန်းထိုက်သီရိ”
“ဟုတ်.. ဟုတ်ကဲ့.. ကတိပေးပါတယ်”
မမမေက ရုတ်တရက်.. သီရိကို စွေ့ခနဲ ဆွဲခေါ်တယ်။ ခပ်တင်းတင်း ဖက်လိုက်တဲ့ မမမေရဲ့ လက်တွေထဲမှာ သီရိ ပျောဝင် ပျော့ခွေ သွားတယ်။ တလှိမ့်လှိမ့်တက်လာတဲ့ ငိုချင်စိတ်ကို ထိန်းမရတော့သလို.. သီရိ အိခနဲ ရှိုက်လိုက်မိတယ်။
“ငါသွားမယ်”.. မမမေက ပြောပြီးတာနဲ့ သီရိကို လွှတ်ပေးတယ်။
တစ်လှမ်းချင်း ထွက်သွားတဲ့ မမမေရဲ့ ကျောပြင်ကို ကြည့်ရင်း သီရိ ငိုချလိုက်မိတယ်။
(၃)
တအင့်အင့် ယောင်ယမ်း ရွတ်ဆိုနေတဲ့ ထက်ရန်နိုင်ထွန်းကို ကြည့်ရင်း .. သီရိ ဘာလုပ်ရမှန်း မသိ.. ငူငေါင်စွာနဲ့ပဲ ထိုင်နေမိတယ်။ သီရိ ခြုံထားပေးတဲ့ စောင်ပါးပါးရဲ့ အစွန်းတစ်စကို ထက်ရန်နိုင်ထွန်းက ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ တလှုပ်လှုပ်ဖြစ်နေတဲ့ သူ့မျက်ခွံတွေကို ကြည့်တာနဲ့.. သူ အိပ်မက်ဆိုးတွေ မက်နေတယ်ဆိုတာ သိသာနေတယ်။ သူ့ပါးစပ်ကလည်း ဒါဒါ..ဒါဒါ..ဆိုပြီး တတွတ်တွတ် ရွတ်နေတယ်။ သူ့ညီမလေးနာမည် ထင်တယ်။ မြတ်စန္ဒာထွန်း..။ ကလေးမလေး.. အခု.. ဘာတွေ ဖြစ်နေပြီလဲ။ မမမေက.. ဒီကလေးမလေးကို ကယ်နိုင်ပါ့မလား။ မကယ်နိုင်ရင်.. ကယ်လို့မရတော့ဘူးဆိုရင်.. မမမေ.. သူ့ကို.. သတ်ပစ်မှာလား။
သီရိ ခေါင်းကို သွင်သွင် ခါလိုက်တယ်။ ဟင့်အင်း.. ကလေးမလေးကိုတော့ မမမေက မလုပ်ရက်လောက်ပါဘူး။ ၁၃ နှစ် သမီးလေးလေ။ ဘာအပြစ်မှ မရှိတဲ့ ကောင်မလေး..။
ဒါပေမယ့်.. ဘုန်းကြီးကျောင်းအ၀မှာတုန်းက.. သူ့ကို စိုက်ကြည့်နေတဲ့.. မြတ်စန္ဒာထွန်းရဲ့ ပုံသဏ္ဍာန်က လူစိတ် မရှိတော့တာ သေချာသလောက်..။
တဒေါက်ဒေါက် မြည်လာတဲ့ တံခါး ခေါက်သံကြောင့် သီရိ အတွေးစ ပြတ်သွားတယ်။
စိုးရိမ်စိတ်နဲ့ သီရိ ရင်တလှပ်လှပ် ဖြစ်လာတယ်။
ဘယ်သူလဲ.. ရဲတွေလား..။ ရဲတွေ ရောက်လာကြပြီလား။ ဘုန်းကြီးကျောင်းထဲမှာ ကလေးတွေကို လာပစ်သွားတဲ့..မိန်းမ..ဆိုပြီး သီရိကို လာဖမ်းကြပြီလား..။
သီရိ ထိုင်နေရာက မထ… အံကြိတ်ပြီး နားစွင့်နေလိုက်တယ်..။ ထူးသံမကြားရင် ပြန်ထွက်သွားကြမလား..။
တံခါးခေါက်သံက ရပ်မသွားဘဲ ပိုကျယ်လာတယ်။
“မသီရိ.. မသီရိ ရှိလားခင်ဗျ”.. ယောက်ျားလေး အသံတစ်သံ။
သီရိ အသက်ကို ပြင်းပြင်း ရှူလိုက်တယ်။ လာမယ့်ဘေး ပြေးတွေ့ဖို့ပဲ ရှိတော့တယ်။ ဒီအိမ်ထဲမှာ ဘယ်လောက်ကြာကြာ ပုန်းနေရမှာလဲ။ အချိန်တန်ရင်တော့.. အဖြစ်မှန်ကို ရင်ဆိုင်ရတော့မှာပဲ..။ အဖြစ်မှန်.. အဖြစ်မှန်တဲ့..။ ဘယ်လို အဖြစ်မျိုးလဲဟင်..။ ဒီအဖြစ်အပျက်တွေကို ဘယ်သူတွေကို ဘယ်လို ရှင်းပြရမှာလဲ..။
သီရိ ထိုင်နေရာကနေ ထလိုက်တယ်။
တံခါးဆီကို လျှောက်သွားတဲ့ ခြေလှမ်းတွေက တစ်ခုခုနဲ့ ချည်တုပ်ထားသလို တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေတယ်။
မေးလာမယ့် မေးခွန်းတွေအတွက်.. အဖြေတွေ သီရိ မစဉ်းစားရသေးဘူး။
အမှန်အတိုင်း ပြောလိုက်ရမှာလား။
အမှန်တရားကိုရော ဘယ်သူတွေက ယုံမလဲ။
သီရိ တံခါးကို ဆွဲဖွင့်လိုက်တယ်။
တံခါး၀မှာ ရပ်နေတဲ့ သူက သီရိ တစ်ခါမှ မမြင်ဖူးတဲ့သူ။
ရဲအရာရှိလည်း မဟုတ်ဘူး။ ဒီရွာကလည်း ဟုတ်ပုံ မပေါ်ဘူး။
သူဝတ်ထားတဲ့ တီရှပ်နဲ့ ဂျင်းဘောင်းဘီပြာပြာက သပ်ရပ် သေသပ်လွန်းနေတယ်။
မျက်နှာရှေ့ကို အုပ်မိုးကျနေတဲ့ ဆံပင်နက်နက်တွေ… အဲဒီဆံပင်တွေအောက်က စူးရှ တောက်ပနေတဲ့ မျက်လုံးတွေ။ နှုတ်ခမ်းတွေကလည်း ယောကျ်ားလေး နှုတ်ခမ်းလို့ မထင်ရအောင် နုဖတ်နေတယ်။ နုပျိုလတ်ဆတ်နေတဲ့ သူ့မျက်နှာက.. သီရိထက်တောင် အသက်ငယ်ဦးမလား မသိ။
သူက သီရိကို ခဏ စိုက်ကြည့်တယ်။ ပြီးမှ အားနာသွားသလို..
“ဆောရီး.. ကျွန်တော်လည်း စိတ်လောနေတော့ တံခါးကို ဆက်တိုက် ခေါက်လိုက်မိတာ။ အနှောင့်အယှက် ဖြစ်သွားသလား ခင်ဗျ”.. သူက မေးတယ်။
“ရ.. ရပါတယ်”
“မသီရိဆိုတာ အစ်မ လားခင်ဗျ”
“ဟုတ်”
“ဟာ.. တော်သေးတာပေါ့။ ကျွန်တော် အိမ်မှားနေပြီလားလို့။ ညနေတောင် မစောင်းသေးဘူး တံခါးကြီး ပိတ်ထားတော့လေ။ ဆီဆိုင်ကလည်း ပိတ်ထားတယ်ထင်တယ်နော်”.. သူက သီရိရဲ့ ဆီဆိုင် ဘက်ကို လှည့်ကြည့်ရင်း မေးတယ်.။ ဆီဆိုင်ရှေ့မှာ ပိတ်ရပ်ထားတာ သူ့ရဲ့ ကား ဖြစ်မယ်ထင်တယ်။ ဒီရွာမှာ ဒီလို ကားအကောင်းစား စီးနိုင်တဲ့သူ ဘယ်နှယောက် ရှိလို့လဲ..။ ဆီလာထည့်ဖို့ ကားရပ်ထားတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သီရိရဲ့ ဆီဆိုင်မှာ ကားမပြောနဲ့.. ဆိုင်ကယ်တောင် ဆီထည့်ဖို့ အနိုင်နိုင်။
“ဟုတ်.. ကျွန်မ နေသိပ်မကောင်းလို့။ ဒါနဲ့.. ရှင်က ဘယ်သူလဲ.. ကျွန်မနဲ့ ဘာလို့ တွေ့ချင်တာလဲ”.. သီရိ မေးလိုက်တယ်။ ရင်ထဲမှာ တလှပ်လှပ် ဖြစ်နေတဲ့ ကြောက်စိတ်ကတော့ တော်တော်လေး လျော့သွားပြီ။ ရဲတွေ မဟုတ်ပါဘူး။ တော်ပါသေးတယ်…။
သီရိ ဟိုဘက် အိမ်ကို လှမ်းကြည့်လိုက်မိတယ်။ မသက်သက်မျိုးတို့ရဲ့ ကွမ်းယာဆိုင်လေးလည်း ပိတ်ထားတယ်။ ဒါပေမယ့် အိမ်ရှေ့မှာတော့ ဆိုင်ကယ်တွေ တန်းစီလို့။ ကလေး ပြန်ရောက်လာလို့ သတင်းလာမေးကြတာ ထင်တယ်..။
“ဟို.. ကျွန်တော်လည်း ဘယ်က စပြောရမှန်း မသိဖြစ်နေတယ်”.. သူက ပြောတယ်။ ..”အိမ်ထဲ ဝင်ပြောလို့ ရမလားဗျ။ အပြင်ကြီးမှာဆိုတော့ မတ်တပ်ကြီး..”
ဘယ်လိုလူလဲ။ အပြင်မှာ မတ်တပ်မပြောလို့ ထိုင်ပြောချင်တာလား။ သီရိ မျက်မှောင် ကြုတ်လိုက်မိတယ်။ ဒီလူရဲ့ စကားပြောပုံ ဆိုပုံတွေက တစ်မျိုးပဲ။
“ဟင်.. ရှင် ဘယ်သူမှန်း မသိဘဲ ကျွန်မက ဘာလို့ အိမ်ထဲ ပေးဝင်ရမှာလဲ။ ရှင့်နာမည် ဘယ်သူလဲ”.. သီရိ မေးလိုက်တယ်။
“ကျွန်တော့်နာမည် မင်းခန့်ထူးပါ”.. သူက ပြောတယ်။
+++
(ဆက်ရန်)