++++++++++++
အခန်း (၂၂)
-(ရန်နိုင်)-
ပါးစပ်က တတွတ်တွတ် ဆဲရေးရင်း မီးဖိုချောင်ကို ရှင်းလင်းနေတဲ့ မသော်တာကို ရန်နိုင် တွေကြည့်နေမိတယ်။ သူ့ခေါင်းထဲကို တဖြည်းဖြည်း ပြန်ဝင်လာတဲ့ မှတ်ဉာဏ် အပိုင်းအစတွေ..။ ပုံရိပ်အဖြစ် ပေါ်လာလိုက်။ အခိုးအငွေ့တွေလို ပျောက်ကွယ်သွားလိုက်..။ အန်တီငြိမ်း.. အန်တီငြိမ်း.. ဒီနာမည်ကို သူ ရင်းရင်းနှီးနှီး သိနေတယ်။ အဲဒီ အန်တီကြီးရဲ့ အလောင်းကို မသော်တာက ရေခဲသေတ္တာထဲကို ပြန်သွတ်ထည့်တယ်။ တံခါးကို ဆောင့်ပိတ်တယ်။ ကြမ်းပြင်မှာ ပြန့်ကြဲနေတဲ့ အသားနဲ့ သွေး အစအနတွေကို အဝတ်စုတ်တစ်ခုနဲ့ ဖြစ်သလို သုတ်တယ်။ ပါးစပ်က ပွစိပွစိ ပြောနေတာကိုတော့ အခုထိ မရပ်သေး။ “နင့်ကြောင့် အကုန် မလောက်မငှတွေ ဖြစ်ကုန်တာ..”..တဲ့။ မသော်တာက ပြောတယ်။ ..“နင် ပါလာလို့ ငါတို့ အစီအစဉ်တွေ ရှုပ်ကုန်တာ”..တဲ့.. မသော်တာက အပြစ်တင်တယ်။ “နင်လည်း နင့်အဖေနောက် တစ်ခါတည်း ပါသွားရမှာ”..တဲ့…။ အဖေ.. အဖေဆိုတာ ဘယ်သူလဲ။ ရန်နိုင်က ဘယ်ကို ပါသွားရမှာလဲ..။
ရန်နိုင့် ကိုယ်ထဲမှာ လှည့်ပတ် သောင်းကျန်းနေတဲ့ ဆာလောင်မှုက တော်တော်ကို အခြေအနေ ဆိုးနေပြီ။ မျက်လုံးထဲမှာ မြင်မြင်သမျှ နီစွေးစွေး အရောင် သမ်းနေတယ်။ လျှာဖျားတွေ ခြောက်ကပ် မာခဲနေတယ်။ ရေလေးတစ်ခွက်လောက် သောက်လိုက်ရရင် ကောင်းမှာပဲ..ဆိုပြီး တွေးမိပေမယ့်.. ရေဆိုတဲ့ အရာကို မြင်ယောင်လိုက်တော့ စောစောကလို ထိုးအန်ချင်လာပြန်တယ်။
“ကိုကြီးတို့ ဘာတွေ လုပ်နေကြတာလဲဟင်.. ။ ဒါဒါလည်း ပါမယ်လေ”
နောက်က ထွက်လာတဲ့ အသံကြောင့် ရန်နိုင် လှည့်ကြည့်လိုက်တယ်။
မီးဖိုခန်း တံခါး၀မှာ မတ်တပ်ရပ်နေတဲ့ စန္ဒာ။ ညအိပ်ဝတ်စုံ အပေါ်အောက် အပြာရောင် ဖျော့ဖျော့နဲ့။ ဖြူလျ သွေးဆုတ်နေတဲ့ စန္ဒာ့မျက်နှာက အခုပဲ ပြိုလဲကျသွားတော့မလို ချိနဲ့နေတယ်။ မျက်လုံးတွေကလည်း အရောင်အဆင်းမရှိ၊ ခန်းခြောက် အေးစက်လို့..။
“ဘာမှ မဖြစ်ပါဘူး.. မသော်တာ.. မသော်တာ သန့်ရှင်းရေး လုပ်နေတာပါ”.. ရန်နိုင် ပြန်ဖြေလိုက်တယ်။
ရေခဲသေတ္တာတံခါးက အထဲက အလောင်းရဲ့ အလေးချိန်ကို မခံနိုင်သလို ကျွီခနဲ ပွင့်လာပြန်တယ်။ ပြူထွက်လာတဲ့ ခေါင်းက အောက်ကို ငိုက်စိုက်ကြီး ကျတယ်။ ပိတ်မရတဲ့ မျက်လုံးသေတွေက ဟောင်းလောင်း ပွင့်လျက်သား..။ မသော်တာက ခပ်ကြမ်းကြမ်း တစ်ချက် ဆဲပြီး တံခါးကို ခြေထောက်နဲ့ ဆောင့်ကန်.. တွန်းပိတ်လိုက်တယ်။
“အခန်းထဲမှာပဲ နေကြလို့ ပြောနေတာကို ဘာလို့ နားမထောင်ကြတာလဲ။ နင်တို့တွေ.. နင်တို့နော်”.. မသော်တာက ပြောရင်း ရန်နိုင်တို့ မောင်နှမဘက်ကို ဦးလှည့်လာတယ်။ ပြီးမှ ရုတ်တရက် သတိရသွားသလို.. မသော်တာရဲ့ လေသံ ချက်ခြင်း ပြောင်းသွားတယ်။.. “ဒါဒါ.. ညီမလေး.. ဘာလို့ အပြင်ထွက်လာတာလဲ..။ ဆာနေပြီလား..။ ခဏလေးပဲ စောင့်နော်..။ ပြန်လာတော့မယ်..။ ရန်နိုင်.. မောင်လေး.. ။ သွား .. ညီမလေးကို ခေါ်သွားလိုက်။ အခန်းထဲ ပြန်သွားနေနော်..။ အချိန်တန်ရင် ခေါ်လိုက်မယ်”
“အဲဒီ.. ရေခဲသေတ္တာထဲက..အန်တီ့နာမည်က.. အန်တီငြိမ်း .. ဟုတ်တယ် မဟုတ်လား.. အစ်မ”.. ရန်နိုင် မေးလိုက်တယ်။
မသော်တာရဲ့ မေးရိုးတွေ ဆတ်ခနဲ တင်းသွားတယ်။ မျက်လုံးတွေ ကျဉ်းသွားတယ်။ ထင်မထားတဲ့ လျှင်မြန်မှုမျိုးနဲ့ မသော်တာရဲ့ ကိုယ်လုံး… ရန်နိုင့်ရှေ့ကို ရောက်လာတယ်။ မသော်တာရဲ့ မျက်နှာနဲ့ ရန်နိုင့် မျက်နှာ လက်မ အနည်းငယ်ပဲ ကွာတော့တယ်။
“ရေခဲသေတ္တာထဲမှာ ဘာရှိလို့လဲဟင်..။ ဒါဒါ ဗိုက်ဆာနေတာ.. အရမ်းဆာနေပြီ”.. ဒါဒါက နားမလည်သလို မျက်လုံး ပေကလပ် ပေကလပ် လုပ်ရင်း မသော်တာကို မေးတယ်။
“ဘာမှ မရှိဘူး။ ဘာမှ မဟုတ်ဘူး။ ရန်နိုင်။ ထက်ရန်နိုင်ထွန်း။ နင်ဘာပြောလိုက်တာလဲ။ ပြန်ပြောစမ်း..”.. မသော်တာက ရန်နိုင့် မေးစေ့ကို လက်နဲ့ ဆွဲမရင်း မေးတယ်။
သူဘာပြောလိုက်မိသလဲ.. ရန်နိုင် ပြန်စဉ်းစားတယ်။ စဉ်းစားလို့ မရ.. အတွေးတွေ အစီအစဉ်မကျ..။ ငါ ဘာပြောလိုက်မိလို့လဲ..။
“ငါ မေးနေတယ်လေ။ ရေခဲသေတ္တာထဲမှာ ဘာရှိသလဲ။ ဘာလဲ…။ နင် ဘာပြောလိုက်တာလဲ”.. မသော်တာက ထပ်မေးတယ်။ သူ့လက်ဖဝါးတစ်ဖက်က ရန်နိုင့် လည်မျိုပေါ်ကို ခပ်ဖွဖွ.. ကျလာတယ်။
“ဘာမှ မရှိပါဘူး”.. ရန်နိုင် ပြန်ဖြေလိုက်တယ်။
မသော်တာက မယုံသလို ခေါင်းခါတယ်။ ရန်နိုင့် လည်ပင်းနဲ့ ပါးနေရာတွေကို သူ့ နှာခေါင်းနဲ့တေ့.. အနံ့ခံသလို တစ်ချက်နှစ်ချက်..ရှူကြည့်တယ်။
“မဟုတ်သေးဘူး.. မဟုတ်သေးဘူး။ လာစမ်း”.. မသော်တာ ပြောရင်းနဲ့ ရန်နိုင့် ပါးစပ်ကို သူ့လက်ချောင်းတွေနဲ့ ဆွဲဟတယ်။ ပွင့်သွားတဲ့ ရန်နိုင့် ပါးစပ်ပေါက်ကို အပေါ်ကနေ မိုးကြည့်တယ်။
မသော်တာရဲ့ ပါးစပ် တဖြည်းဖြည်း ပွင့်လာတယ်။ ညီညာစီတန်းနေတဲ့ သွားဖြူဖြူတွေ … အထဲကို ကျုံ့ဝင်သွားတယ်။ ချွန်ထက် ကွေးကောက်နေတဲ့ အစွယ်ဖွေးဖွေးတွေ အပြင်ကို ပြူထွက်လာတယ်။ သွားဖုံးပေါက်တွေထဲက တစ်စက်ချင်း စီးကျလာတဲ့ အနံ့ဆိုး အရည်တွေ..။
ရန်နိုင့် မျက်လုံးတွေ ရီဝေနေတယ်..။ သူ့နှုတ်ခမ်းဖျားပေါ် ကျလာတဲ့ အပုပ်ရည်စက်တွေကို အလိုလို လျှာနဲ့ လျက်လိုက်မိတယ်။ သူ့တစ်ကိုယ်လုံး ထုံကျင်သွားတယ်။ ခေါင်းထဲမှာ ထူပူလာတယ်။ မသော်တာက တဂတ်ဂတ် အသံတွေနဲ့.. လည်မျိုထဲက တစ်စုံတစ်ရာကို အေ့ခနဲ.. အေ့ခနဲ ခတ်ထုတ်တယ်..။ ပြောင်လက် ချောကျိနေတဲ့ အသားစိုင်တစ်ခု.. အပြင်ကို ပြူထွက်လာ…
ဧည့်ခန်းဘက်က ထွက်လာတဲ့ ခြေသံတချို့…။
မသော်တာရဲ့ ပါးစပ် ဖတ်ခနဲ ပြန်ပိတ်သွားတယ်။ မျက်လုံးတွေ ပြန်ကျယ်သွားတယ်။ သူ့လက်တွေနဲ့.. ရန်နိုင့်ကို ဆောင့်တွန်းထုတ်တယ်။
“ဘယ်သူလဲ”.. ခပ်ပြတ်ပြတ် မေးသံနဲ့အတူ မသော်တာ အခန်းပြင်ကို ထွက်သွားတယ်။
(၂)
ဧည့်ခန်းထဲမှာ မီးတွေ ဖွင့်မထား..။
ဟိုးဘက် လှေကားရင်းက မီးလုံးနီနီတစ်ခုရယ်.. မီးဖိုချောင်ထဲက ဖြာထွက်နေတဲ့ အလင်း ဝါဝါရယ်.. ပြတင်းမှန်တွေကနေ ဖောက်ဝင်လာတဲ့ လရောင် ဖြူလျလျရယ်.. ပေါင်းစပ်ပြီး အခန်းက မှုန်ဝါးဝါး.. လင်းနေတယ်။
ဧည့်ခန်း အလယ်မှာ လေးဘက်ထောက်နေတဲ့ အန်တီထား..။ အန်တီထားဝတ်ထားတဲ့ ထမီနဲ့ အင်္ကျီတွေက ဓားနဲ့ ခုတ်ထားသလို ဖွာလန်ကြဲနေတယ်။ ပေါက်ပြဲနေရာကနေ တဖြည်းဖြည်း ပြန်လည် တေ့ဆက်နေတဲ့ အသား အက်ကွဲရာတွေ..။ အလုံးအခဲဖြစ်နေတဲ့ ဆံပင်ထွေးတွေက ရေလှိုင်းတွေလို လွန့်လူးပြီး ရှည်ထွက်လာနေတယ်။ ဆန့်ထွက်နေတဲ့ သူ့ကျောရိုးက တစ်ဆစ်ချင်း တစ်ထစ်ချင်း စေ့ကပ်သွားတယ်..။ ငေါနေတဲ့ အရိုးတွေ ပြေပြစ်သွားတယ်။ အထွတ်အထစ်တွေနဲ့ ရိရွဲနေတဲ့ မျက်နှာ .. တစ်လွှာချင်း တင်းရင်းလာနေတယ်..။
အန်တီထားရဲ့ရှေ့ ကြမ်းပြင်မှာ ပက်လက်လန် လဲနေတဲ့ လူတစ်ယောက်။
အဲဒီလူရဲ့ ရှပ်အင်္ကျီအဖြူမှာ သွေးတွေ ရဲရဲစိုနေတယ်..။ မြင်နေရတဲ့ အသားနေရာတွေမှာ.. ခြစ်ရာ ပြတ်ရှရာတွေ ပရဗွနဲ့..။ ရန်နိုင်.. ဂလုခနဲ တံတွေး မျိုချလိုက်မိတယ်။ ဒါဒါ့ဆီက ဟင်း..ဆိုတဲ့ သက်ပြင်းချသံ ထွက်လာတယ်။
“ဒါ.. ဟိုတစ်နေ့က.. အိမ်ကို လာမေးသွားတဲ့ ရဲအရာရှိ မဟုတ်လား”.. မသော်တာက အဲဒီလူရဲ့ ဘေးမှာ မတ်တပ်ရပ်.. ငုံ့ကြည့်ရင်း မေးတယ်။ ..”သက်ဦးဆိုတဲ့သူ။ ဟုတ်တယ်”
အန်တီထားက မတ်တပ်ထရပ်တယ်။ ကွေးကောက်နေတဲ့ သူ့ကျောရိုးကို ဆန့်လိုက်တော့ တဂျွတ်ဂျွတ်အသံတွေ ဆူညံသွားတယ်။ ခါးလောက်ထိ ပြန်ကျနေပြီ ဖြစ်တဲ့ ဆံပင်တွေကို စုသိမ်းပြီး ကျောနောက်ကို ပို့တယ်..။ လက်မောင်းရင်းနားက ပြဲနေတဲ့ အင်္ကျီစကို ဆွဲဆုတ် လွှင့်ပစ်တယ်။ ထမီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဝတ်တယ်။
“အင်း။ နင် လုပ်စရာ ရှိတာ လုပ်ထား”.. အန်တီထားက ပြောတယ်။ ခပ်လှမ်းလှမ်းကနေ မတ်တပ် ရပ်ကြည့်နေကြတဲ့ ရန်နိုင်တို့ မောင်နှမ ဆီကို သူ့မျက်လုံးတွေ ဖျတ်ခနဲ ရောက်လာတယ်။ အန်တီထားက ရန်နိုင့်ကို အတော်ကြာကြာ စိုက်ကြည့်တယ်။.. “ဒီတစ်ယောက်က ဘာဖြစ်နေတာလဲ”.. မသော်တာဘက်ကို လှည့်ပြီး မေးတယ်။
မသော်တာက အန်တီထားအမေးကို ပြန်မဖြေသေးဘဲ သက်ဦးဆိုတဲ့ လူကို ခပ်ကြမ်းကြမ်း ဆွဲထူပြီး ထိုင်ခိုင်းတယ်။ သက်ဦးရဲ့ ပါးစပ်က တအင်းအင်း ညည်းသံတွေ ထွက်လာတယ်။ မသော်တာ..ပါးစပ် ဟတယ်။ အေ့ခနဲ အသံနဲ့အတူ.. မသော်တာရဲ့ ပါးစပ်ထဲက ခပ်မည်းမည် ချွဲချွဲ အတုံးတစ်ခု ထွက်လာတယ်။ ထွက်လာတဲ့ အတုံးကို မသော်တာက သက်ဦးရဲ့ ပါးစပ်ထဲ ဖြဲပြီး ထိုးထည့်တယ်။ သက်ဦးရဲ့ ခြေထောက်တွေ ကြမ်းပြင်မှာ တဝုန်းဝုန်း ခါတယ်။ လက်တွေနဲ့ မသော်တာကို ဆွဲဖယ်ဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။ မသော်တာက သက်ဦးရဲ့ ပါးစပ်ကို လက်ဖဝါးနဲ့ အတင်းဖိပိတ်ထားတယ်။ ၅ စက္ကန့်လောက် အကြာမှာ.. သက်ဦး ငြိမ်ကျသွားတယ်။ ခြေတွေလက်တွေ မလှုပ်တော့..။ အသက်တောင် မရှူတော့သလို.. ကျောက်ရုပ်တစ်ရုပ်လို.. အင်္ဂတေကိုင်ခံလိုက်ရသလို.. အတောင့်လိုက်..။ သူ့ရဲ့ ကြောင်တောင်ကန်း မျက်လုံးတွေနဲ့ ရှေ့ကို တွေတွေကြီး စိုက်ကြည့်နေတယ်။
“ရပြီ”.. မသော်တာက အန်တီထားကို ကြည့်ရင်း ပြောတယ်။
“သွား။ အပေါ်ထပ်က ကလေးတွေ သွားယူခဲ့”.. အန်တီထားက ပြောတယ်။
မသော်တာရဲ့ မျက်လုံးတွေ ဝမ်းသာစိတ်နဲ့ အရောင်လက်သွားတယ်။
“တကယ်.. တကယ်လား။ အခု လုပ်တော့မှာလား”.. မသော်တာက ပြုံးဖြီးဖြီး မျက်နှာနဲ့ အန်တီထားကို မေးတယ်။.. “ကျွန်မ အတွက်ရော.. ကျွန်မရော.. ပါလား”
“နင်ဘာဖြစ်နေတာလဲ။ အဲဒီလောက် ငတ်နေသလား။ အချိန်တန်ရင် ရမှာပေါ့။ အခု မြန်မြန် သွားယူ။ နေမထွက်ခင် အကုန် အပြီးလုပ်ရမှာ”.. အန်တီထားက လေသံ ပြတ်ပြတ်နဲ့ ငေါက်လိုက်တယ်။
မသော်တာ လှေကားဆီကို အပြေးကလေး ထွက်သွားတယ်။ ပါးစပ်က သီချင်းတအေးအေး ညည်းလိုက်သေးတယ်။
“ဒါဒါ။ သမီး.. ဒီနားကိုလာ”.. အန်တီထားက စန္ဒာ့ကို လှမ်းခေါ်တယ်။ စန္ဒာ.. အန်တီထားဆီကို တစ်လှမ်းချင်း လျှောက်သွားတယ်။ စန္ဒာ့ မျက်လုံးတွေက ကျောက်ရုပ်လို တောင့်တောင့်ကြီးဖြစ်နေတဲ့ သက်ဦးဆီမှာ..။
“သမီးလေး.. ပါးစပ် ဟကြည့်စမ်း”.. အန်တီထားက ပြောတယ်။
စန္ဒာ့ရဲ့ ပါးစပ်လေး ဖြည်းဖြည်း ချင်း ပွင့်လာတယ်။
ရန်နိုင့် ခေါင်းထဲက သိစိတ်တံခါးတွေလည်း တစ်ထစ်ချင်း.. လှစ်ဟ လာတယ်။
ဒါဒါ..
“အင်း.. ငါ့သမီးလေးက အချောလေး.. အလှလေး..။ ကြည့်ပါဦး သွားလေးတွေကို ညီညာပြီး စီတန်းနေတာပဲ”.. အန်တီထားက ပြောရင်းနဲ့ စန္ဒာ့ရဲ့ နှုတ်ခမ်းတွေကို လက်မနဲ့ အသာပွတ်ပေးတယ်။ ..”ငါ့ သမီး.. ဆာနေပြီ မဟုတ်လား..။ ဟိုမှာ.. ဟိုမှာ ကြည့်စမ်း..”.. အန်တီထားက ကိုသက်ဦးရဲ့ လည်ပင်းနေရာကို လက်ညှိုးနဲ့ ထိုးပြတယ်။ လည်ပင်းအရင်းမှာ တဆတ်ဆတ် ခုန်နေတဲ့ သွေးကြောကို လက်မနဲ့ ဖိပြတယ်။
စန္ဒာ့ မျက်လုံးလေးတွေ ပြူးကျယ်လာတယ်။ နှုတ်ခမ်းစွန်းကနေ သွားရည်တွေ တစက်စက် ယိုလာတယ်။
“လာ.. အန်တီ သေချာ ကိုင်ထားပေးမယ်”.. အန်တီထားက ပြောရင်းနဲ့ သက်ဦးရဲ့ လည်ပင်းနေရာကို လက်သည်းနဲ့ ခပ်ဆတ်ဆတ်ကလေး ထိုးဖောက်လိုက်တယ်။ ဖောက်ခနဲ ပေါက်သွားတဲ့ သွေးကြောမကြီး..။ တပျစ်ပျစ် စိမ့်ထွက်လာတဲ့ သွေးနီနီတွေ..။
ရန်နိုင့် နှလုံးသား ဟိုး..အောက်ကို ထိုးကျသွားတယ်။ လေးလံပိကျလာတဲ့ နောင်တနဲ့ အသိတရားတွေ.. ။ အာရုံထဲကို တဖျတ်ဖျတ် ပြေးဝင်လာတဲ့ ပုံရိပ်တွေ..။ အန်တီငြိမ်း..။ အန်တီငြိမ်း…။ အဖေ…။ အဖေ့ကို တက်ခွပြီး တဂွပ်ဂွပ် သွေးသောက်နေတဲ့ အမေ..။
“ဒါဒါ.. ”.. ရန်နိုင့် ပါးစပ်က လှစ်ခနဲ ထွက်သွားတဲ့ စကားသံ..။
စန္ဒာက ရန်နိုင့်ကို တစ်ချက် လှည့်ကြည့်တယ်။ မှုန်ရီဝေဝါးနေတဲ့ စန္ဒာ့ မျက်လုံးတွေ ရန်နိုင့်ကို မြင်ပုံ မပေါ်..။
“ဒါ…ဒါ…. ဒါဒါ..”.. စန္ဒာက ပါးစပ်ကနေ တတွတ်တွတ် ရွတ်တယ်..။ သူ့နာမည်သူ မမှတ်မိတော့သလို.. မသေချာတော့သလို..။ ဒီစကားလုံးက သူနဲ့ စိမ်းနေသလို…။
“ဒါဒါ…ဒါ..ဒါ.ဒါ…. ဒါဒါဒါ..ဒါဒါ…” စန္ဒာ့ ပါးစပ်က ဆက်တိုက် ထွက်လာတဲ့ အသံတွေ..။
ဟီးခနဲ..အသံတစ်ချက်နဲ့အတူ.. စန္ဒာ .. သက်ဦးဆီကို ပြေးသွားတယ်။ စန္ဒာ့ရဲ့ ဟထားတဲ့ ပါးစပ်.. သက်ဦးရဲ့ လည်ပင်းနေရာကို အံဝင်ခွင်ကျ ပြေးကပ်တယ်။
“ဒါဒါ.. မလုပ်နဲ့”.. ရန်နိုင် သံကုန်ဟစ် အော်လိုက်တယ်။
မမီတော့ဘူး။
စန္ဒာ့ရဲ့ သွားချွန်ချွန်တွေ.. သက်ဦးရဲ့ လည်ပင်းထဲကို နစ်ဝင်သွားတယ်။ ပန်းထွက်လာတဲ့ သွေးတွေကို စန္ဒာ.. အငမ်းမရ.. မျိုချတယ်။ စန္ဒာ့ရဲ့ ကျောပြင်သေးသေးလေး.. အငမ်းမရ လောဘတွေနဲ့ ခုံးတက်လာလိုက်.. နိမ့်ကျသွားလိုက်..။ ဘာကိုမှ မြင်ပုံမရတဲ့ သက်ဦးရဲ့ မျက်လုံးတွေက အရှေ့ကို ငေးလျက်သလား..။
တဂွပ်ဂွပ် မျိုချနေတဲ့ စန္ဒာ့ရဲ့ ကျောပြင်ကို အန်တီထားက လက်နဲ့ အသာ သပ်ပေးတယ်။ အန်တီထား မျက်နှာက ကျေနပ်တဲ့ အရိပ်အယောင်တွေနဲ့ ပြုံးပျော်နေတယ်။
“ဒါဒါ..”
စန္ဒာ .. ရန်နိုင့်ကို ဇတ်ခနဲ လှည့်ကြည့်တယ်။ ပြူးကျယ်နေတဲ့ စန္ဒာ့ မျက်လုံးတွေထဲမှာ လူတစ်ယောက်ရဲ့ အငွေ့အသက်တွေ မရှိတော့ဘူး။ သေးဝင်နေတဲ့ စန္ဒာ့ရဲ့ မျက်ဆံနက်နက်လေးက ကနာမငြိမ်.. တဆတ်ဆတ် ခါနေတယ်။
“ဒါဒါ..”.. သူ့ညီမ သူ့ကို မှတ်များ မှတ်မိလာလေမလား.. ရန်နိုင် ထပ်ခေါ်ကြည့်တယ်။
စန္ဒာ… ရန်နိုင့်ကို .. အစာလုချင်တဲ့ ခွေးတစ်ကောင်ကို ရန်လိုသလို.. ဟီးခနဲ သွားဖြီးပြတယ်။ သွေးအလူးလူးနဲ့.. ချွန်မြနေတဲ့ သွား သေးသေးလေးတွေ ညအမှောင်ရဲ့ အနက်ရောင်ဖျော့ဖျော့ ထဲမှာ တလက်လက်..။
ရန်နိုင် .. ဟင့်ခနဲ တစ်ချက် ရှိုက်လိုက်မိတယ်။ မျက်ရည်ပူတွေ သူ့ပါးပေါ်ကို စီးကျလာတယ်။
စန္ဒာ.. ဟိုဘက်ကို ပြန်လှည့်သွားတယ်..။ သူ့ရဲ့ ညလယ်စာကို အားရပါးရ.. ဆက်ပြီး သုံးဆောင်နေတယ်..။
“ဒါဒါ.. ညီမလေး”.. ရန်နိုင် ထပ်ခေါ်ကြည့်တယ်။
ဒီတစ်ခါ..လှည့်ကြည့်တာက စန္ဒာ မဟုတ်တော့..၊ အန်တီထား။
“ထက်ရန်နိုင်ထွန်း.. ထက်ရန်နိုင်ထွန်း.. နင့်ကို ငါ.. ဘာလုပ်ရမလဲ”.. အန်တီထားက တကျွတ်ကျွတ် စုပ်သပ်ရင်း.. စိတ်မကောင်းတဲ့ လေသံနဲ့ ပြောတယ်။..”အဲဒါကြောင့်. ငါ.. ယောကျ်ားလေးတွေကို မခေါ်ချင်တာ..။ နင်တို့ စိတ်ဓာတ်တွေ.. ပျော့လွန်းတယ်..”..အန်တီထား ရန်နိုင့်ဆီကို တစ်လှမ်းချင်း လျှောက်လာတယ်။
“လေးယောက် လိုတယ်နော်.. လေးယောက်”.. မသော်တာရဲ့ သတိပေးသံ။
ကလေးသုံးယောက်ကို လက်ထဲ ပွေ့ချီရင်း လှေကားရင်းမှာ ရပ်နေတဲ့ မသော်တာ..။ ပြေလျော့ နေတဲ့ အနှီးထုပ်ထဲက.. ကလေးတွေက..ဘာမသိ ညာမသိ.. တအိအိ ငိုနေကြတယ်။
“နင်ငါ့ကို ဆရာမလုပ်နဲ့”.. အန်တီထားရဲ့ သွားကြားထဲက ထွက်လာတဲ့ စကားသံ စူးစူးရှရှ..။ “ဟိုမှာ.. ဒီကောင့်ကို သုံးလို့ ရသေးတယ်”..အန်တီထားက သက်ဦးဆီကို မေးငေါ့ပြတယ်။ သက်ဦးရဲ့ မျက်နှာတွေ ဖြူဖျော့နေပြီ။ သူ့လည်ပင်းမှာ မျှော့တစ်ကောင်လို တွယ်ကပ်နေတဲ့ စန္ဒာ..။
မသော်တာက ကလေးတွေကို ကြမ်းပြင်ပေါ်မှာ အသာ ချတယ်။ စန္ဒာ့အနားကို ခပ်သွက်သွက်.. လျှောက်သွားတယ်။ စန္ဒာ့ ပခုံးကို လက်နဲ့ ဆွဲဖယ်တယ်။ စန္ဒာက မကြိုက်သလို တဟီးဟီး မာန်ဖီရင်း မသော်တာကို လှည့်ပြီး ရန်လုပ်တယ်။
“ဘာဖြစ်နေတာလဲ”.. မသော်တာ.. စန္ဒာ့ ပါးကို လက်ဖမိုးနဲ့ ဖြတ်ရိုက်လိုက်တယ်။
“မလုပ်နဲ့”.. ရန်နိုင် အော်ပြီး မသော်တာဆီကို ပြေးသွားတယ်။
ခြေလှမ်းအစမှာတင် ရန်နိုင် အရှိန် တန့်သွားတယ်။ အန်တီထားရဲ့ လက်တစ်ဖက်.. ရန်နိုင့် လည်ပင်းပေါ် ရောက်လာတယ်။
စွေ့ခနဲ မြောက်တက်သွားတဲ့ ရန်နိုင့် ကိုယ်ခန္ဓာ..။
ရန်နိုင် မျက်လုံးတွေကို မှိတ်လိုက်တယ်။
+++
အခန်း (၂၃)
-(သီရိ)-
“မဟာထွန်း အုတ်စက်”..ဆိုတဲ့ ဆိုင်းဘုတ်ကို ငေးကြည့်ရင်း သီရိ ကြောက်စိတ်ကို ဂလုခနဲ မျိုချလိုက်တယ်။ သင်္ဘောဆေးနဲ့ ရေးထားတဲ့ သစ်သားဆိုင်းဘုတ်က ယိုင်နဲ့နဲ့ ဖြစ်ချင်နေပြီ။ အုတ်စက်ဝင်းဘက်မှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကတော့ ခန့်ခန့်ညားညား ရွှေစာလုံးတွေနဲ့ သပ်ရပ်ပါတယ်။ ဒါပေမယ့် ဒီအိမ်ခြံဝင်းရှေ့က ဆိုင်းဘုတ်က သိပ်ဂရုစိုက်ခံရပုံ မပေါ်။ အုတ်စက်ပိုင်ရှင် သူဌေးမိသားစု ဒီမှာနေကြသည်..လို့ ပြောချင်ရုံသက်သက် တပ်ထားတဲ့ သဘော။
နှစ်ထပ်တိုက်အိမ်က အပြင်ကကြည့်တော့ မှောင်မည်းနေတယ်။ ဆင်ဝင်မီးတစ်လုံးတစ်လေတောင် ထွန်းမထား။ ခြံထဲက မြက်ပင်တွေလည်း အတော်လေး ရှည်နေပြီ။ အိမ်ရှေ့မြေနီလမ်းက လူသွားလူလာ သိပ်မရှိသလို သစ်ရွက်ခြောက်တွေ၊ သစ်ကိုင်းစုတ်တွေနဲ့ ပွထနေတယ်။ ခြံအဝင် သံပန်းတံခါးက အထဲကို တစ်ပေလောက် ပွင့်နေတယ်။ ခြံထဲအထိ.. ဆင်ဝင်၀အထိ.. ခင်းထားတဲ့ အုတ်လမ်းကလေးကတော့ သပ်သပ်ရပ်ရပ်ပဲ။
ညဉ့် တော်တော် နက်နေပြီ။ ဘယ်နှနာရီလောက် ရှိမလဲ..။ ဖုန်းကို ထုတ်ကြည့်မလို့ စဉ်းစားမိပေမယ့် ဖုန်းမျက်နှာပြင်က အလင်းရောင် ထွက်လာမှာကိုလည်း သီရီ ကြောက်တယ်။ ဦးမျိုးလွင်ထွန်းတို့ ခြံက.. ဘေးခြံတွေနဲ့ တော်တော် လှမ်းပါတယ်။ ဒါပေမယ့် ဖုန်းမီး တလင်းလင်း လုပ်နေလို့.. အိမ်ထဲက တစ်ယောက်ယောက် မြင်သွားရင်.. ဘယ်လို လုပ်မလဲ။
အိမ်ထဲက တစ်ယောက်ယောက်..
သီရိ ကြက်သီးထချင်သလိုလို ဖြန်းခနဲ ဖြစ်သွားတယ်။
ခြံ၀နဲ့.. ခြေလှမ်း ၅၀ လောက် အကွာမှာ ရပ်ထားတဲ့ မမမေရဲ့ ဆိုင်ကယ်..။
တစ်ခုခုဆိုရင်.. ပြေးဖို့လိုရင်.. အဲဒီဆိုင်ကယ်ဆီ ပြန်ရောက်ဖို့ တော်တော် သွားယူရမယ်..။ ဒီလို တွေးလိုက်တော့မှ သီရိရဲ့ ကြောက်စိတ်က ပိုလို့တောင် တိုးလာတယ်။
“အစ်မရယ်.. ပြန်ရအောင်နော်..။ အိမ်ထဲတော့ ဝင်မကြည့်ပါနဲ့”.. သီရိ ခပ်တိုးတိုး ပြောလိုက်တယ်။
ဘေးမှာ ရပ်နေတဲ့ မမမေ..။ လက်ထဲက ဓားသွားကို လက်မနဲ့ စမ်းနေရင်း.. သူ့မျက်လုံးတွေက ခြံဝင်းထဲက နှစ်ထပ် တိုက်အိမ်ဆီမှာ..။
“အစ်မ..”
“ငါ ပြောမယ်။ သေချာနားထောင်”.. မမမေရဲ့ လေသံကတော့ ခပ်တိုးတိုး မဟုတ်။ ပုံမှန်..။ ဘယ်သူကြားကြား ဂရုမစိုက်တဲ့ လေသံ..။ ..“နင့်မှာ တာဝန် တစ်ခုပဲ ရှိတယ်”
“ရှင်”.. သီရိ အသံနည်းနည်း ကျယ်သွားတယ်။ ပါးစပ်ကို လက်နဲ့ အမြန် ပိတ်လိုက်တယ်။ အိမ်ဘက်ကို မျက်လုံးတွေ အလိုလို ရောက်သွားတယ်။ နှစ်ထပ်တိုက်အိမ်က ပုံမှန် တိုက်အိမ်တွေလို ခပ်ရိုးရိုးပါပဲ။ သရဲကားထဲက ရဲတိုက်ကြီးတွေလို.. စံအိမ်ကြီးတွေလို ကြောက်စရာ လန့်စရာ အသွင်အပြင်တွေ မပါပါဘူး။ ဒါပေမယ့် အမှောင်ထဲမှာ ထီးထီးကြီး ငြိမ်နေတဲ့ တိုက်အိမ်ထဲကနေ.. အငွေ့အသက်တွေ လျှံထွက်နေသလို..။ မကောင်းတဲ့ အရိပ်တွေ ဖြာထွက်နေသလို..။
“အထဲမှာ ဘာပဲ ဖြစ်ဖြစ်.. နင့်အလုပ်မဟုတ်ဘူး။ နင့်အလုပ်က.. ကလေး ၃ ယောက်ကို ယူပြီး ထွက်ပြေးဖို့”
“ဟင်”
“ကလေး ၃ ယောက်လေ။ မေ့နေပြီလား”
“မမေ့.. မမေ့ပါဘူး.. ဒါပေမယ့်”
“ဟိုးမှာ.. ဟိုဘက် ၄ လမ်းကျော်မှာ..”.. မမမေက သူ့ရဲ့ ညာဘက်.. သီရိရဲ့ နောက်ဘက်ဆီကို လက်ညှိုးထိုးပြတယ်။.. “ဘုန်းကြီးကျောင်း တစ်ခုရှိတယ်။ အဲဒီ ကျောင်းဝင်းထဲကို ဝင်ပြေး။ နောက်လှည့်မကြည့်နဲ့။ ကျောင်းဝင်းထဲရောက်ရင်.. ကလေးတွေကို မုခ်ဦးမှာ ချခဲ့။ နင့်ကို မမြင်စေနဲ့.. မေးခွန်းတွေမေးလာရင် ဖြေစရာ မရှိဘူး။ နားလည်လား”
“ကျွန်မ.. ကျွန်မ.. မလုပ်ရဲ..”
“ထွက်ပြေးတာတောင် မပြေးတတ်ဘူးလား။ ဘာခက်လို့လဲ”..မမမေက နားမလည်သလို လေသံနဲ့ မေးတယ်။
သီရိ ဘာပြန်ဖြေရမှန်း မသိ။ အရာရာက သူ့အတွက် ခက်ခဲလွန်းနေတာ.. ဟုတ်ပါတယ်..။ သီရိမှာ သတ္တိဆိုတာ မရှိပါဘူး။ ဒါပေမယ့်.. မမမေကလည်း ဘာကိုမှ မကြောက်တတ်သလို ရဲတင်းလွန်းနေရာ မကျဘူးလား။ ဒေါ်မိုးမိုးခိုင်.. ဒေါ်မိုးမိုးခိုင်ရဲ့ ကိုယ်ခန္ဓာကြီးကို သီရိ မြင်ယောင်မိပြီး အသက်ရှူကြပ်သလိုလို ဖြစ်သွားတယ်။
“နင့်ဘေးအိမ်က ကလေးအမေ.. သူ့ရဲ့ သားလည်း ဒီအိမ်ထဲမှာပဲ။ ဟုတ်တယ် မဟုတ်လား”..မမမေက မေးတယ်။
သီရိ ဘယ်လိုလုပ် သိမှာလဲ။ ဒီအိမ်ထဲမှာ ဘာရှိသလဲ.. ဘယ်သူက သိလို့လဲ..။ ဒါပေမယ့် ခေါင်းကတော့ အလိုလို ညိတ်မိနေပြန်တယ်။
“ဘာဖြစ်ဖြစ်.. ငါ့ကို ဝင်မကူနဲ့။ ကလေးတွေက အရေးအကြီးဆုံးပဲ။ ရှင်းတယ်နော်”..မမမေက ထပ်ပြောတယ်။
“ဟုတ်.. ဟုတ်..ကဲ့”
+++
အခန်း (၂၄)
– (ရန်နိုင်) –
(၁)
ရန်နိုင် အသက်ရှူ ကြပ်နေပြီ။
အခုမှ ပြန်အလုပ်လုပ်လာတဲ့ သူ့ကိုယ်တွင်းက အဆုတ်.. လေမရတဲ့အတွက် ပေါက်ကွဲထွက်တော့မတတ် ရုန်းကန်နေတယ်။ အမြင် အာရုံတွေ မှိန်ကျစ ပြုလာတယ်။ လည်ပင်းကို တင်းတင်းညှစ်ထားတဲ့ အန်တီထားရဲ့ လက်ချောင်းတွေ.. ရန်နိုင့် အသားထဲကို နစ်ဝင်တော့မတတ်..။
“သေ.. သေ..။ သေမှ အေးမယ်..။ နင်တို့ လူတွေ.. သေမျိုးတွေ..။ ဒီလောက် သေချင်နေတဲ့ ဟာတွေ..”.. အန်တီထားရဲ့ စကားသံကို ရန်နိုင် မကြားတစ်ချက် ကြားတစ်ချက်..။ လေထဲမှာ တန်းလန်းဖြစ်နေတဲ့ ရန်နိုင့် ခြေထောက်တွေ..။ ..”ထာ၀ရ ရှင်သန်ခြင်းကို နားမလည်တဲ့။ ကျေးဇူးမသိတတ်တဲ့ လူတွေ..”.. အန်တီထားရဲ့ လက်တွေ တင်းသထက် တင်းလာတယ်။
ရန်နိုင့် အာရုံထဲမှာ အခုမှ.. ကြည်ကြည် လင်လင် ပေါ်လာတဲ့ ပုံရိပ်တွေ..။ အဖေ.. အဖေ့ရဲ့ မျက်ရည် သွင်သွင် စီးကျနေတဲ့ မျက်နှာ..။ သား…လို့ သူ့ကို ပထမဆုံး ခေါ်လိုက်တဲ့ စကားသံ…။ မျက်ဖြူလန်နေတဲ့ အန်တီငြိမ်းရဲ့ အသက်မဲ့ မျက်လုံးတွေ..။ မသော်တာ.. ရန်နိုင့် ပါးစပ်ထဲကို.. ထိုးထည့်လိုက်တဲ့ မည်းမည်း အတုံးတစ်ခု..။ လင်းလွင်း ပြင်းလွန်းတဲ့ နေရောင် အပိုင်းအစတွေ..။ နေရောင်အောက်မှာ လောင်ကျွမ်းသွားခဲ့တဲ့ ရန်နိုင့် အရေပြားတွေ..။ ပျောက်ကွယ်သွားတဲ့ အသိစိတ်တွေ..။ တဖြည်းဖြည်း ပြန်ရောက်လာတဲ့.. ခံစားချက်တွေ..။ ရေနက်ထဲမှာ မွန်းကြပ်နေခဲ့တဲ့ ရန်နိုင့် ဦးနှောက်.. အခု ပြန် အလုပ်လုပ်နေပြီ။ ဒါပေမယ့် တဖြည်းဖြည်း ပါးလျလာတဲ့ ရန်နိုင့်ရဲ့ အသက်ဝိညာဉ်က.. ဒီ သိစိတ်တွေကို ဆက်ထိန်းထားနိုင်ပါ့မလား..
“သေ.. သေ.. သေ..”
အန်တီထားရဲ့ ပါးစပ်က ဆက်တိုက်ထွက်နေတဲ့ စကားတစ်ခွန်း..။
စန္ဒာက အန်တီထားရဲ့ လက်ထဲမှာ ယက်ကန်ယက်ကန်ဖြစ်နေတဲ့ ရန်နိုင့်ကို သူစိမ်းတစ်ယောက်လို တွေတွေကြီး စိုက်ကြည့်နေတယ်။ သူ့နှုတ်ခမ်းမှာ ပေနေတဲ့ သွေးအစအနတွေကို လက်နဲ့ သုတ်တယ်။ လက်ချောင်းတွေကို ပါးစပ်ထဲထည့်.. တပျပ်ပျပ် စုပ်တယ်။ မသော်တာကတော့.. ကျေနပ်အားရတဲ့ အကြည့်နဲ့.. ရန်နိုင့်ကို ကြည့်နေတယ်။ နှုတ်ဆက်သလို.. လက်ဖဝါးကို ထောင်ပြီး တာ့တာ.. လုပ်ပြတယ်..။
ရန်နိုင် မျက်လုံးတွေကို ပြန်မှိတ်လိုက်တယ်။ နောင်ဘ၀ဆိုတဲ့ နေရာကို သွားဖို့ အသင့်ပြင်လိုက်တယ်..။
ဝုန်းခနဲ ပွင့်ထွက်သွားတဲ့ အိမ်ရှေ့တံခါး..။
ဟေး..ခနဲ အော်လိုက်တဲ့ မိန်းမ အသံတစ်သံ။
(၂)
အန်တီထားရဲ့ မျက်နှာ ကွက်ခနဲ ပျက်သွားတယ်။ ကြောက်စိတ်လို့.. ထင်ရတဲ့ အရိပ်အငွေ့တစ်ခု သူ့မျက်လုံးတွေထဲမှာ ပေါ်လာတယ်။ ပြန်ပျောက်သွားတယ်။ ဒေါသ အခိုးတွေ တထောင်းထောင်း ထွက်လာတယ်။ အန်တီထား.. တံခါး၀ကို လှည့်ကြည့်တယ်။
လေကို တလှစ်လှစ် ထိုးခွဲပြီး ပြေးဝင်လာတဲ့ အရာတစ်ခု..။
အသားထဲကို တစ်ခုခု နစ်ဝင်သွားတဲ့ အသံ..။
အန်တီထား တစ်ကိုယ်လုံး တွန့်ခနဲ ဖြစ်သွားတယ်။ ရန်နိုင့်လည်ပင်းကို ညှစ်ထားတဲ့ လက်တွေ ပြေကျသွားတယ်။
ရန်နိုင် အောက်ကို ခွေခွေကလေး ပြုတ်ကျတယ်။ ချက်ခြင်း ပြန်မထနိုင်သေး..။ အဆုတ်ထဲကို ဝင်လာတဲ့ လေတွေကို အငမ်းမရ ရှူသွင်းတယ်။ ဝါးနေတဲ့ အမြင်အာရုံတွေ ခဏအတွင်းမှာ ကြည်လင်လာတယ်။
(၃)
ထောက်ခနဲ.. အသံနဲ့အတူ.. တစ်အိမ်လုံး မီးတွေ ထိန်ထိန် လင်းသွားတယ်။
တံခါး၀.. မီးခလုတ်ခုံရှေ့မှာ ရပ်နေတဲ့ အမျိုးသမီး နှစ်ယောက်..။
ဂျင်းအင်္ကျီ၊ ဘောင်းဘီ ဝမ်းဆက်နဲ့ အန်တီ.. တစ်ယောက်..။ သူ့နောက်မှာ ရပ်နေတာက ခပ်ငယ်ငယ်.. မသော်တာတို့နဲ့ သက်တူရွယ်တူ.. အစ်မတစ်ယောက်..။ အဲဒီ အစ်မရဲ့ မျက်နှာက ကြောက်စိတ်ကြောင့် ဖြူဖတ်ဖြူလျော် ဖြစ်နေတယ်။
မသော်တာဆီက.. ငိုသံလိုလို..ညည်းသံလိုလို အသံတစ်ခု ထွက်လာတယ်။ ဆောင့်ကန်ခံလိုက်ရတဲ့ ခွေးတစ်ကောင်ရဲ့ အသံမျိုး..။
“သူ..သူ.. အဲဒါ.. မမ..မမမေ”.. မသော်တာက ဂျင်းဘောင်းဘီနဲ့ အန်တီကို လက်ညှိုးထိုးပြရင်း အသံ တုန်တုန်နဲ့..အော်တယ်။
(၄)
အန်တီထားဆီက ရယ်သံ သဲ့သဲ့ ထွက်လာတယ်။
သူ့နံကြားမှာ စိုက်ဝင်နေတဲ့ ဓားရှည်တစ်ချောင်း..။
အန်တီထားက.. ဓားရှည်ကို အရိုးကနေ ကိုင်ပြီး ဖြည်းဖြည်းချင်း..ဆွဲထုတ်တယ်။ ဓားရိုးကို ကိုင်လိုက်တဲ့ အန်တီထားရဲ့ လက်တွေ.. မီးရှို့လိုက်သလို မည်းညစ်သွားတယ်..။ လောင်သွားတဲ့ အရေပြားကနေ အခိုးအငွေ့တွေ ထွက်လာတယ်။ အန်တီထားက..နာတဲ့ ပုံစံ တစ်ချက်မပြ..။ တဟက်ဟက် ရယ်နေရင်း.. ဓားကို ဆွဲထုတ်ပြီး ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်တယ်။
“ဒါ..အကုန်ပဲလား”.. အန်တီထားက.. မမမေ ဆိုတဲ့ အန်တီကြီးကို ကြည့်ရင်း မေးတယ်။
+++
အခန်း (၂၅)
– (သီရိ) –
(၁)
သီရိ တစ်ကိုယ်လုံး တောင့်တင်းနေတယ်..။ လင်းချင်းသွားတဲ့ အိမ်ရဲ့ ဧည့်ခန်းထဲမှာ မြင်လိုက်ရတဲ့ မြင်ကွင်းတွေကို.. သီရိရဲ့ ဦးနှောက် .. အပြည့်အ၀ လက်မခံနိုင်သေး။
ဧည့်ခန်း အလယ်မှာ ဒူးထောက်ထိုင်နေတဲ့ လူတစ်ယောက်..။ သူ့ကို.. သီရိ သိတယ်..။ သက်ဦး.. ကိုသက်ဦး ဆိုတဲ့ ရဲ အရာရှိ..။ ကိုသက်ဦးရဲ့ လည်ပင်းမှာ သွေးတွေ ရဲပတောင်းခတ်.. ပေကျံနေတယ်..။ ဘယ်ကို စိုက်ကြည့်လို့ ကြည့်မှန်းမသိ.. တွေဝေနေတဲ့ ကိုသက်ဦးရဲ့ မျက်လုံးတွေ..။ သူ့ဘေးမှာ မတ်တပ်ရပ်နေတဲ့ ခပ်ငယ်ငယ် ကလေးမလေး တစ်ယောက်..။ သူ့ကိုလည်း သီရိ သိတာပဲ..။ မြတ်စန္ဒာထွန်းဆိုတဲ့ ကောင်မလေး..။ ကျောင်းသွားကျောင်းပြန်.. သီရိ အမြဲ သတိထားကြည့်မိတဲ့ မောင်နှမနှစ်ယောက်ထဲက .. ကလေးမလေး..။ သူ့ပါးစပ်မှာ သွေးတွေ ချင်းချင်းနီလို့..။
ထက်ရန်နိုင်ထွန်း..ဆိုတဲ့ ကောင်လေးက ကြမ်းပြင်မှာ ခွေခွေလေး လဲကျနေတယ်။
စောစောက.. သူ့ကို လည်ပင်းညှစ်ထားတဲ့ မိန်းမ..။ ခါးလယ်အထိ စင်းကျနေတဲ့ ဆံပင်ရှည်ရှည်..။ မှုန်နေအောင် ချောတဲ့ အဲဒီမိန်းမရဲ့ မျက်နှာက.. မယုံနိုင်လောက်အောင် ဒေါသအခိုးတွေနဲ့ ပြည့်နေတယ်။ အဲဒီမိန်းမက.. သူ့ခါးမှာ စိုက်ဝင်နေတဲ့ မမမေရဲ့ ဓားကို တစ်ထစ်ချင်း ဆွဲထုတ်တယ်..။ ပါးစပ်ကလည်း တဟက်ဟက်နဲ့ ရယ်နေတယ်။
ခပ်လှမ်းလှမ်း.. လှေကားရင်းမှာ.. မတ်တပ်ရပ်နေတဲ့ မြတ်သော်တာထွန်း..။ မမမေကို လှမ်းကြည့်နေတဲ့.. သူ့မျက်လုံးက ကြောက်စိတ် အပြည့်နဲ့ ကနာမငြိမ်.. ပျာယာခတ်နေတယ်။
သီရိ မျက်လုံးတွေ.. ကြမ်းပြင်မှာ စီရီထားတဲ့ အနှီးသုံးထုပ်ဆီကို ရောက်သွားတယ်..။
“ဒါ..အကုန်ပဲလား.. နင်တတ်တာ ဒါပဲလား”.. ဆံပင်ရှည်ရှည်နဲ့ မိန်းမ.. မမမေကို မျက်ခုံးပင့်ပြရင်း မေးတယ်။ ကြမ်းပြင်မှာ ကျနေတဲ့ ဓားကို ခြေထောက်နဲ့ ကန်ထုတ်လိုက်တယ်။ လျှောတိုက်.. လွင့်ထွက်သွားတဲ့ ဓားရှည်.. နံရံနဲ့ ရိုက်မိပြီး ရပ်သွားတယ်။
မမမေ.. ဘာမှ ပြန်မပြောဘူး။ လက်နှစ်ဖက်ကို ပိုက်ပြီး ဆံပင်ရှည်ရှည်နဲ့ မိန်းမကို စိုက်ကြည့်နေတယ်။
“နင့်ကို တစ်ချက်ကြည့်လိုက်တာနဲ့.. နင့်ဆီမှာ ဘာစွမ်းအားမှ မရှိတော့ဘူးဆိုတာ ငါ သိနေတယ်”.. ဆံပင်ရှည်နဲ့ မိန်းမက မမမေကို ခြေဆုံးခေါင်းဆုံး ကြည့်ရင်း ပြောတယ်။…“ဟိုတစ်ကောင်ကို နိုင်လိုက်တာနဲ့ နင့်ကိုယ်နင် ဘာထင်နေသလဲ”.. ဆံပင်ရှည်နဲ့မိန်းမ.. မြတ်သော်တာထွန်းဘက်ကို လက်ညှိုးထိုးပြတယ်။ “ဒါ.. ငါ့ အခိုင်းအစေ အဆင့်ပဲရှိတယ်.. နားလည်လား.. ငါ့လို.. ငါ့အဆင့်”
“သက်ထားဆွေ”
မမမေရဲ့ ပါးစပ်က ထွက်လာတဲ့ တစ်ခွန်းတည်းသော စကားလုံး..။
ဆံပင်ရှည်နဲ့ မိန်းမ.. မျက်နှာတစ်ခုလုံး ရှုံ့မဲ့ တွန့်လိမ်သွားတယ်။ မုန်းတီးစိတ်အပြည့်နဲ့ သူ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။ ရေနွေးပူနဲ့ ပက်ခံလိုက်ရတဲ့ သတ္တဝါတစ်ကောင်လို သူ့တစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားတယ်။
“ဘာ”
“သက်ထားဆွေ… သက်ထားဆွေ.. အဲဒါ နင့်နာမည် မဟုတ်ဘူးလား”.. မမမေက လေသံ အေးအေးနဲ့ မေးတယ်။ ..“သက်ထားဆွေ.. အသက် ၃၅ နှစ်။ မွေးရက် .. အောက်တိုဘာလ.. ၁၁ ရက်.. ဗုဒ္ဓဟူးနေ..၁၉၅၀ ခုနှစ်။ သေရက်.. ဩဂုတ်လ.. ၁ ရက်..။ ၁၉၈၅ ခုနှစ်..”
သက်ထားဆွေဆိုတဲ့ မိန်းမ.. မျက်လုံးတွေ တဖျပ်ဖျပ်ခတ်သွားတယ်။ ရှုံ့မဲ့နေတဲ့ သူ့မျက်နှာ.. တွေခနဲ ဖြစ်သွားတယ်..။ ဇဝေဇဝါ အရိပ်အယောင်တွေ စက္ကန့်ပိုင်းလောက် ပေါ်လာတယ်.. ပြန်ပျောက်သွားတယ်..။ မမမေဘက်ကို အပြည့်အ၀ လှည့်လိုက်တဲ့ သူ့ကိုယ်ခန္ဓာက သားကောင်ကို ခုန်အုပ်တော့မယ့် ပုံစံ.. လက်တွေ ဘေးကို ကားထားတယ်.. ခြေထောက်တစ်ချောင်း.. အနောက်ကိုထောက်.. အရှိန်ယူထားတယ်။
“နင်.. နင်ဘယ်လို..”
“လွယ်လွယ်လေးပါ”.. မမမေက ပြောရင်း ပခုံးတွန့်တယ်။.. “ဒီတစ်ညနေလုံး.. ဒီ တစ်ညလုံး.. ငါ နင့် ရေတွင်းနားမှာ အချိန်ကုန်နေတာ”.. ပိုက်ထားတဲ့ လက်တွေကို မမမေ ဖြေချတယ်။ ခေါင်းကို ဘယ်ညာ ဆတ်ခနဲ ဆတ်ခနဲ လှည့်ပြီး ဇက်ချိုးတယ်..။ ဂျွတ်ဂျွတ် အသံတွေ ထွက်လာတယ်။..“ဟုတ်တယ်။ ငါ့မှာ ဘာ စွမ်းအားမှ မရှိတော့ဘူး။ ဒါပေမယ့် နင့်လို ပမွှား… အသေးစား မိစ္ဆာ တစ်ကောင်လောက်ကိုတော့.. ဘယ်ကလာသလဲ.. ဘယ်သူလဲ.. ငါစုံစမ်းတတ်သေးတယ်။ အာရုံခံလို့ ရသေးတယ်..”
သက်ထားဆွေ.. ပါးစပ်က တဟီးဟီး.. အသံတွေ လျှံထွက်လာတယ်။ ရယ်သံလား.. ငိုသံလား.. ဒေါသသံလား.. မကွဲပြားဘူး။
“သီရိ.. အသင့်ပြင်”.. မမမေက သီရိဘက်ကိုလှည့်ပြီး ခပ်တိုးတိုး ပြောတယ်။
လှေကားရင်းမှာ.. စီတန်းချထားတဲ့ ကလေးလေးတွေ..ဆီ သီရိ အာရုံ ပြန်ရောက်သွားတယ်။ တစ်ကိုယ်လုံးကို ဖိစီးထားတဲ့ ကြောက်စိတ်ကို သီရိ အတင်း ခါထုတ်တယ်..။ မူးဝေနေတဲ့ အာရုံကို ကြိုးစားပြီး ပြန်လည် စုစည်းတယ်။
“သက်ထားဆွေ..။ နင်ဘာ စောင့်နေတာလဲ။ လာလေ.. ”.. မမမေက စိန်ခေါ်တယ်။
(၂)
သက်ထားဆွေဆိုတဲ့ မိန်းမ.. သီရိ မျက်လုံးအောက်မှာတင်… ရုတ်ခနဲ ပြောင်းလဲသွားတယ်။
လေးဘက်ထောက်ချလိုက်တဲ့ သူ့ကိုယ်ခန္ဓာက..နကိုထက် တစ်ဆလောက် ရှည်ထွက်လာတယ်။ တဗြုတ်ဗြုတ် ပြုတ်ထွက်သွားတဲ့ ကျောရိုးအဆစ်တွေ.. လုံးထွေး တိုဝင်သွားတဲ့ ဆံပင်ချည်မျှင်တွေ..။ ကြမ်းပြင် ကြွေပြားကို တဂျစ်ဂျစ် ကုတ်ခြစ်နေတဲ့ လက်သည်းရှည်တွေ။ ခေါင်းမော့လိုက်တော့.. သက်ထားဆွေရဲ့ မျက်နှာက လူမျက်နှာ မဟုတ်တော့..။ သူ့ လည်ဇလုပ်ထဲက တအေ့အေ့အသံတွေ ဆက်တိုက် ထွက်နေတယ်။
ကြမ်းပြင်ကို ခြေကန်ထားတဲ့ သက်ထားဆွေရဲ့ ခြေတံရှည်တွေ.. တင်းသွားတယ်။ သူ့တစ်ကိုယ်လုံး အရှေ့ကို ပျံထွက်လာတယ်။
သီရိ ဘေးမှာ ရပ်နေတဲ့ မမမေ.. လှစ်ခနဲ လှုပ်ရှားတယ်။
အရှိန်နဲ့ ခုန်အုပ်လာတဲ့ သက်ထားဆွေ.. မမမေကို ကျော်ပြီး တံခါးအထိရောက်သွားတယ်။ ပွင့်နေတဲ့ တံခါးရွက်နဲ့ သူ့ကိုယ်လုံးနဲ့ ဒုန်းခနဲ တိုက်မိပြီး အိမ်ပြင်ဘက်ကို လျှံထွက်ကျသွားတယ်။ ကမူးရှူးထိုးဖြစ်နေတဲ့ ကျွဲရိုင်းတစ်ကောင်လို.. သက်ထားဆွေ ခေါင်းတွေကို ဘယ်ညာ ရမ်းခါတယ်။ ဒီဘက်ကို ပြန်လှည့်တယ်။
မမမေ..အိမ်ရှေ့တံခါးကို ပြေးပိတ်တယ်။ တံခါးကို တ၀ုန်း၀ုန်း ထုသံတွေ ဆူညံသွားတယ်။ တံခါးချက်က.. ပြုတ်ထွက်လုနီးနီး ဖြစ်နေပြီ။
မမမေ..ဓားကို ပြေးကောက်တယ်..။
“ကလေးတွေ”.. သီရိကို လှမ်းအော်တယ်။
သီရိ.. အခုမှ သတိဝင်လာတယ်။
လှေကားဆီကို.. သူ ပြေးတယ်။
ကြမ်းပြင်မှာ တန်းစီထားတဲ့ အနှီးထုပ်တွေထဲက ငိုသံတွေ ဆူညံပြီး ထွက်လာတယ်။
အနှီးထုပ်တွေဆီကို သီရိ လက်အလှမ်းမှာ.. ဩခနဲ.. အော်သံကြီးနဲ့အတူ.. သူ့ကို တွန်းထုတ်လိုက်တဲ့ မြတ်သော်တာထွန်း..။
သီရိ လွင့်ထွက်သွားတယ်။ လှေကားစောင့်နဲ့ ခါးနဲ့ ပြေးဆောင့်တယ်။ သီရိရဲ့ ပိန်လှီနေတဲ့ ကိုယ်ခန္ဓာလေး.. ထူပူသွားတယ်။
မြတ်သော်တာထွန်းရဲ့ မျက်နှာကြီး.. သီရိမျက်နှာရှေ့ကို ပြေးကပ်လာတယ်။ သွားရည်တများများထွက်နေတဲ့ မြတ်သော်တာထွန်းရဲ့ ပါးစပ်.. ပုပ်ဟောင်နံစော်နေတယ်။
သီရိ အားယူပြီး.. မြတ်သော်တာထွန်းရဲ့ ကိုယ်လုံးကို ခြေထောက်နဲ့ တွန်းထုတ်တယ်။ မရဘူး..။ သူ့ကို တက်ခွထားတဲ့ မြတ်သော်တာထွန်းရဲ့ အလေးချိန်က အဆမတန် လေးလံနေတယ်။
မြတ်သော်တာထွန်းရဲ့ ပါးစပ်ထဲက သွားချွန်ချွန်တွေ.. သီရိနဲ့ နီးသထက် နီးလာတယ်။
သီရိ သူ့ပါးစပ်ကို လက်နဲ့ တွန်းထုတ်တယ်။ အကျိအချွဲတွေကြောင့် သီရိရဲ့ လက်တွေက ဘာကိုမှ မြဲမြဲ ကိုင်လို့ မရဘူး။
မြတ်သော်တာထွန်းရဲ့ အာခေါင်ထဲကနေ စွပ်ခနဲ.. ဖောက်ထွက်လာတဲ့ ချွန်မြနေတဲ့ ဓားသွား.. သီရိနဲ့ လက်တစ်ဆစ် အလိုမှာ ရပ်သွားတယ်။
ငါးမြှားချိတ်မှာ တန်းလန်းဖြစ်နေတဲ့ ငါးတစ်ကောင်လို.. မြတ်သော်တာထွန်း.. ထွန့်ထွန့်လူးသွားတယ်။ အာခေါင်ထဲက ပန်းထွက်လာတဲ့ မည်းမည်းအရည်တွေ.. သီရိ မျက်နှာကို လာစင်တယ်..။ သီရိ ပါးစပ်ထဲကို ဝင်ကုန်တယ်။
“ကလေးတွေကိုယူ.. နင် ပြေးတော့”.. မမမေက.. မြတ်သော်တာထွန်းရဲ့ ဆံပင်ကို ကိုင်ဆွဲထားရင်း ပြောတယ်။ မြတ်သော်တာထွန်း.. လန်တက်နေတဲ့ မျက်လုံးတွေနဲ့ မမမေကို နောက်ပြန် မော့ကြည့်တယ်..။ ကမူးရှူးထိုး ဖြစ်နေတဲ့ လက်တွေနဲ့ မမမေရဲ့ လက်မောင်းတွေကို မမီမကမ်း လှမ်းဆွဲတယ်..။ သူ့ကုတ်ပိုးကနေ စိုက်ထိုးထားတဲ့ ဓားကို မမမေ ဆွဲမနှုတ်သေးဘဲ.. ဓားကို ကလန့်လိုက်တယ်…။ မြတ်သော်တာထွန်း တစ်ကိုယ်လုံး တဆတ်ဆတ် တုန်တက်လာတယ်။ တခွီးခွီး အသံတွေ အဆက်မပြတ် ထွက်နေတယ်။
“ဘယ်ကို.. ဘယ်ကို.. ပြေးရမလဲ.. အိမ်ရှေ့တံခါး..”.. တဒုန်းဒုန်း ရမ်းခါနေတဲ့ အိမ်ရှေ့တံခါးကို သီရိ လှမ်းကြည့်ရင်း မေးလိုက်တယ်..။
“အိမ်နောက်ဖေးကနေ ထွက်ပြေး။ နင်သွားတော့.. အခုသွားတော့”
သီရိ ကလေးသုံးယောက်ကို ကောက်ချီမယ် အလုပ်မှာ.. ဟီး..ဆိုတဲ့ အသံတစ်သံ.. ကြားလိုက်ရပြန်တယ်..။
လှည့်ကြည့်လိုက်တော့.. သူ့ဆီကို ခြေကားယားလက်ကားယားနဲ့ ပြေးလာနေတဲ့ မြတ်စန္ဒာထွန်း..။
ကလေးမရဲ့ မျက်လုံးတွေက သားရဲစိတ်နဲ့ နီကျင်ကျင်ဖြစ်နေတယ်..။ ဟနေတဲ့ သူ့ပါးစပ်ထဲမှာလည်း သွားချွန်ချွန်လေးတွေ အပြည့်..။
သီရိ နားကို မရောက်ခင်မှာ.. မမမေရဲ့ ခြေထောက်တစ်ဖက် မြောက်တက်သွားပြီး ဖိနပ်ဦးက မြတ်စန္ဒာထွန်းရဲ့ ရင်၀ကို တည့်တည့်ကြီး ပစ်ဝင်သွားတယ်။ အွတ်ခနဲ အသံနဲ့အတူ.. မြတ်စန္ဒာထွန်း လွင့်ထွက်သွားတယ်။
သီရိ ကလေးတွေကို အမြန် ပွေ့ချီတယ်..။ အနှီးထုပ် သုံးထုပ်က သီရိလက်ထဲမှာ မဆန့်ချင်..။
“လှည့်မကြည့်နဲ့။ ပြေး။ ပြေးတော့”.. မမမေက အော်တယ်။ သူ့လက်ထဲမှာ ဆွဲထားတဲ့ မြတ်သော်တာထွန်းရဲ့ ဆံပင်တွေ.. ပြုတ်ထွက်ကုန်တယ်။ မြတ်သော်တာထွန်း ကြမ်းပေါ်ကို ဘုတ်ခနဲ ပြုတ်ကျတယ်။ အတောမသတ် ဆက်တိုက်ထွက်နေတဲ့ အကျိအချွဲတွေကြားမှာ ငါးတစ်ကောင်လို လူးလိမ့်နေတယ်..။
သီရိ..ဒါတွေကို ဆက်မကြည့်တောဘူး..။ အနှီးထုပ်တွေကို မြဲမြဲ ကိုင်ရင်း.. အိမ်နောက်ဖေးကို ပြေးထွက်လာလိုက်တယ်။
+++
အခန်း (၂၆)
-(ရန်နိုင်)-
(၁)
ရန်နိုင် အခုထိ ပြန်မထနိုင်သေး..။ ကြပ်ခဲနေသေးတဲ့ လည်ပင်းကို တင်းတင်းကိုင်ရင်.. မြင်လိုက်ရတဲ့ အဖြစ်အပျက်တွေကို မျက်တောင်မခတ် ကြည့်နေမိတယ်..။
မမမေဆိုတဲ့.. အန်တီကြီး ဆောင့်ကန်လိုက်လို့ လွင့်ထွက်သွားတဲ့.. စန္ဒာ..။
ကလေးတွေကို ချီပြီး ထွက်ပြေးသွားတဲ့.. ဟို အစ်မကြီး..။
ကြမ်းပြင်မှာ လူးလိမ့် အော်ဟစ်နေတဲ့ မသော်တာ..။ သူ့ပါးစပ်ထဲက.. တဗျစ်ဗျစ် ပန်းထွက်နေတဲ့ အရည်တွေ..
အိမ်ရှေ့ တံခါး..ဒုန်းခနဲ ပွင့်သွားတယ်..။
တံခါး၀ကနေ လေးဘက်ထောက်.. ပြေးဝင်လာတဲ့ အန်တီထား..။
မမမေဆိုတဲ့ အန်တီကြီးက.. ဓားကို လက်မှာ ကိုင်ရင်း မတ်တပ်ရပ်ပြီး စောင့်နေတယ်..။
အန်တီထားရဲ့ မျက်လုံးတွေ.. လှေကားရင်းကို ရောက်သွားတယ်..။ မမမေဆီကို ပြန်ရောက်လာတယ်။
“ကလေးတွေလား။ ဟင့်အင်း.. ။ မရှိတော့ဘူး။ နင့် အကြံအစည် ဒီမှာတင် ပျက်ပြီ..”.. မမမေက ပြောတယ်။
အန်တီထားရဲ့ ပါးစပ်ထဲကနေ.. တော်လဲသံကြီးတစ်ခု ဟိန်းထွက်လာတယ်..။
“လာလေ.. လာခဲ့လေ.. နင် ငါ့ကို သတ်ချင်နေတာ မဟုတ်လား..။ လာလေ”.. မမမေက ဓားကို လေထဲမှာ ဆ,ရင်း စိန်ခေါ်တယ်..။
အန်တီထားရဲ့ အာရုံ.. မမမေဆီမှာ မရှိတော့ဘူး..။ အခန်းပတ်ပတ်လည်ကို ခေါင်းဝေ့ပြီး ရှာတယ်..။ ကြမ်းပြင်မှာ လဲကျနေတဲ့ စန္ဒာ့ကိုတွေ့တော့.. လေးဘက်ထောက်ပြီး ပြေးလာတယ်။ စန္ဒာ့ရဲ့ ပျော့ခွေနေတဲ့ ကိုယ်လုံးကို သူ့ပခုံးပေါ် ထမ်းတင်တယ်..။
“သက်ထားဆွေ။ ဒီကို ပြန်လာခဲ့စမ်း”.. မမမေက လှမ်းအော်တယ်။
အန်တီထား.. မမမေကို လှည့်မကြည့်ဘူး..။ အခန်းရဲ့ ပြတင်းပေါက်ဆီကို ပြေးသွားတယ်..။ ပြတင်းပေါက်ကို ဆောင့်တွန်းဖွင့်.. အမှောင်ထဲကို ခုန်ထွက် ပျောက်ကွယ်သွားတယ်…။
“ဒါဒါ..”.. ရန်နိုင်.. လေသံသဲ့သဲ့နဲ့.. လှမ်းအော်တယ်..။
မမမေ.. ပြတင်းပေါက်နားကို အမြန်ပြေးလိုက်သွားတယ်..။ ပြတင်းပေါက်ဘောင်ကို လက်ထောက်ပြီး အပြင်ကို လှမ်းကြည့်တယ်..။ သက်ပြင်းချတယ်..။
“သီရိ.. နန်းထိုက်သီရိ.. ဒီကလေးတွေ အသက်.. နင့်လက်ထဲမှာပဲ ရှိတော့တယ်”..မမမေက သူ့ဘာသာသူ တစ်ယောက်တည်း တီးတိုး ရေရွတ်တယ်..။ ဒီဘက်ကို ပြန်လှည့်လာတယ်..။
ကြမ်းပြင်မှာ တောင့်တောင့်ကြီး ဒူးထောက်နေသေးတဲ့ ကိုသက်ဦး ဆိုတဲ့ လူဆီကို မမမေ လျှောက်သွားတယ်..။ သက်ဦးရဲ့ လည်ပင်းက ဒဏ်ရာကို သေချာကြည့်တယ်..။ အသေကောင်လို တွေကြည့်နေတဲ့ မျက်လုံးတွေကို ဖြဲကြည့်တယ်။ လည်ပင်း သွေးကြောကို စမ်းတယ်။ ခေါင်းညိတ်တယ်။ “အင်း.. မသေသေးဘူး”..တဲ့.. သူ့ဘာသာသူ မှတ်ချက်ချတယ်။
နောက်ဆုံးမှာ.. မမမေ ရန်နိုင့်ဘက်ကို လှည့်လာတယ်..။ အခုမှ ကုန်းရုန်းထလာတဲ့.. ရန်နိုင့်ကို မြင်တော့ ခေါင်းတစ်ချက် ဆတ်ပြတယ်..။
“နင့်နာမည် ဘယ်သူလဲ”
“ဗျာ..”
“နာမည်”.. မမမေ.. မေးရင်းနဲ့ လက်ထဲက ဓားကို ရွယ်တယ်..။
“ထက်.. ထက်ရန်နိုင်ထွန်းပါ..”.. ရန်နိုင် ပြန်ဖြေလိုက်တယ်..။ မမမေက ရန်နိုင့်လည်ပင်းက အညိုအမည်းစွဲနေတဲ့ ဒဏ်ရာကို တစ်ချက် ငုံ့ကြည့်တယ်။ ရန်နိုင့် မျက်လုံးတွေကို သူ့လက်မနဲ့ ဖြဲကြည့်တယ်။ ရန်နိုင့် ပါးစပ်ကို ဟခိုင်းတယ်။ သွားတွေကို လက်ညှိုးနဲ့ ထိုးကြည့်တယ်။ ကျေနပ်သွားသလို ခေါင်းညိတ်တယ်။ ဓားကို ပြန်ရုတ်တယ်။
“သေမယ်.. နင်တို့.. အကုန်လုံး သေမယ်..”.. ရေငုံပြီး ပြောလိုက်သလို..ဗလုံးဗထွေးနဲ့.. ထွက်လာတဲ့ အသံတစ်ခု..။
ကြမ်းပေါ်မှာ လေးဘက်ထောက်ရင်း.. တဂတ်ဂတ် ဖြစ်နေတဲ့ မသော်တာဘက်ကို မမမေ..ဆိုတဲ့ အန်တီကြီးက လှည့်ကြည့်တယ်။
“အကုန်သေမှာ”..မသော်တာက.. မမမေကို လက်ညှိုးထိုးရင်း ကြိမ်းဝါးတယ်..။ သူ့ပါးစပ်က ဆက်တိုက် ထွက်နေတဲ့ အပုပ်ရည်တွေ..။
မမမေ.. ဘာမှ ပြန်မပြောဘူး..။ သူ့လက်ထဲက ဓားနဲ့ သူ့လက်ဖဝါးသူ.. ဆတ်ခနဲ လှီးလိုက်တယ်..။ စိမ့်ထွက်လာတဲ့ သွေးတွေနဲ့ ဓားသွားကို အပေါ်အောက် နှံ့အောင် သုတ်တယ်..။
“ကောင်လေး။ နင်မကြည့်ရဲရင် မျက်လုံးမှိတ်ထား”.. မမမေက ရန်နိုင့်ဘက်ကိုလှည့်ပြီး ပြောတယ်။
ဟင့်အင်း.. ရန်နိုင် မျက်လုံး မမှိတ်ပါဘူး။ ဒီလောက်အကြာကြီး.. အမှောင်ထဲမှာ ပိတ်မိနေခဲ့တာ.. မျက်လုံးတွေကို မမှိတ်နိုင်ဘူး။
သူ့ကို ပြူးကြည့်နေတဲ့ ရန်နိုင့်ကို မမမေက အံ့ဩသလို ပြန်ကြည့်တယ်..။ ပြီးမှ-
“ဒါ နင့်အစ်မ မဟုတ်ဘူးဆိုတာ နင်သိတယ်မဟုတ်လား”.. မြတ်သော်တာထွန်းဘက်ကို မေးငေါ့ပြရင်း မမမေက မေးတယ်။
ရန်နိုင် ခေါင်းညိတ်ပြလိုက်တယ်။
မမမေက သူ့ရဲ့ အိတ်ကပ်ထဲက သတ္တုရောင် မီးခြစ်လေးကို ထုတ်တယ်။ ထောက်ခနဲ ဖွင့်တယ်။ မီးစာရဲ့ မီးတောက်သေးသေးလေးနဲ့ ဓားအဖျားကို တို့လိုက်တယ်။
မမမေရဲ့ … ဓားရှည်.. ချက်ခြင်း မီးဟုန်းဟုန်း တောက်သွားတယ်။
အပူရှိန်ကြောင့်.. ရန်နိုင် မျက်လုံးတွေကို မှေးလိုက်ရတယ်..။ ဓားရဲ့ မီးရောင်ကြောင့် အခန်းတစ်ခုလုံး နေ့လယ်နေ့ခင်းလို လင်းထိန်သွားတယ်။
မသော်တာဆီက ထွက်လာတဲ့ စူးစူးရှရှ အော်သံ..။
“မြတ်သော်တာထွန်း..”..မမမေ.. ပါးစပ်က ပြောရင်းနဲ့ မသော်တာအနားကို တစ်လှမ်းချင်း လျှောက်သွားတယ်။ မသော်တာ.. မီးရောင်ကို မခံနိုင်သလို.. လက်နှစ်ဖက်နဲ့ ကာတယ်.. သူ့ကိုယ်က ထွက်လာတဲ့ တငွေ့ငွေ့ မီးခိုးတွေ..။
“ကောင်းရာမွန်ရာကို သွားတော့”.. မမမေ.. လက်ထဲက ဓားနဲ့ မသော်တာကို လည်ကုတ်က ဖြတ်ပြီး ပိုင်းချလိုက်တယ်။
ဝုတ်ခနဲ.. အသံနဲ့အတူ..ညှော်နံ့..တူးနံ့တွေနဲ့ တစ်ခန်းလုံး ပြည့်လျှံသွားတယ်။ မသော်တာရဲ့ တစ်ကိုယ်လုံး သူ့အော်သံ..နဲ့အတူ.. မီးလျှံတွေ ဖုံးလွှမ်းသွားတယ်။
အရှိန်အဟုန်နဲ့ လှုပ်ခါနေတဲ့ မီးတောက်တွေ…. ခဏလေးအတွင်းမှာ ပြန်ငြိမ်သွားတယ်။ မသော်တာရဲ့ နေရာမှာ.. ဘာဆိုဘာမှ မရှိတော့..။ ပြာပုံ..အစအနလေးတောင် မကျန်ခဲ့..။ အငွေ့တလူလူ ထွက်နေတဲ့ မည်းမည်း အရည်ကွက် တစ်ကွက်နှစ်ကွက်ကလွဲရင်.. မြတ်သော်တာထွန်းရဲ့ အရိပ်လက္ခဏာ ရှာမရတော့ဘူး။
မမမေက လက်ထဲက ဓားကို ဆတ်ခနဲ ခါချတယ်။ မီးတောက် အစအနတွေ ကြမ်းပေါ်ကို တပေါက်ပေါက် ကျတယ်။ ရန်နိုင့်ဘက်ကို လှည့်လာတယ်။
“ကောင်လေး။ လာ.. သွားမယ်”.. မမမေက ရန်နိုင့်ကို လက်ကမ်းပေးတယ်။
+++
(ဆက်ရန်)