မုယော အပိုင်း (၁၂)
+++++++++++
အခန်း (၁၈)
-(ရန်နိုင်)-
(၁)
ညနေစောင်းပြီ။
အမေ အခုထိ ပြန်မလာသေးဘူး။
ရန်နိုင့်ရဲ့ အတွေးတွေက ဆက်စပ်မရတဲ့ အပိုင်းအစတွေလို လေလွင့်ပြန့်ကြဲနေတယ်။ မျက်လုံးထဲမှာ မြင်နေရတဲ့ ပုံရိပ်တွေကလည်း အလွှာပါး တစ်ခု ခြားထားသလို ဝေဝါးလို့။ စားပွဲထိပ် ထိုင်ခုံမှာ အခန့်သား ထိုင်နေတဲ့ အန်တီထား..။ သူ့ဘေးမှာ ကျိုးနွံစွာ ခေါင်းငုံ့ထားတဲ့ စန္ဒာ..။ စန္ဒာ့ ပခုံးပေါ် လက်တင်၊ စန္ဒာ့ ဆံပင်တွေကို သပ်ရင်း မျက်နှာသေနဲ့ တွေဝေနေတဲ့ မသော်တာ..။
ရန်နိုင့် ကိုယ် အတွင်းပိုင်းထဲအထိ လှိုက်စားနေတဲ့ ဆာလောင်ငတ်မွတ်မှု..။
“ကျွန်မတို့ ဘာဆက်လုပ်ကြမှာလဲ”.. မသော်တာက ပြောတယ်။ “ကျွန်မက ပြဿနာ မရှိပေမယ့် ရန်နိုင်နဲ့ ဒါဒါ ရှိသေးတယ်။ ဟိုမှာ.. ရန်နိုင့်ကို ကြည့်ဦး..။ မျက်လုံးတွေတောင် လည်နေပြီ..။ ဒါဒါလည်း ဆာနေပြီ။ ဟုတ်တယ်မဟုတ်လား ဒါဒါ”.. မသော်တာက ပြောရင်းနဲ့ စန္ဒာ့ ခေါင်းကို ခပ်ဖွဖွ နမ်းတယ်။ စန္ဒာက အင်း.. လို့ တစ်ခွန်းတည်း ပြန်ဖြေပြီး ခေါင်းပြန်ငုံ့.. ကြမ်းပြင်ကို စိုက်ကြည့်နေတယ်။ သူ့လက်ချောင်း သေးသေးလေးတွေနဲ့ စားပွဲကို တဒေါက်ဒေါက် ခေါက်တယ်။
“အဲဒါ ဘယ်သူ့ အပြစ်လဲ”.. အန်တီထားရဲ့ လေသံက မာထန်နေတယ်။
မသော်တာက စိတ်ညစ်သွားသလို ခေါင်းကို ကုတ်တယ်။
“ကျွန်မ အပြစ်ပါ။ ဟုတ်ပါတယ်။ ကျွန်မ ပေါ့ဆလို့ ဖြစ်တာ။ ဒါပေမယ့်.. သူ ဒီရွာအထိ လိုက်လာမယ်လို့ ကျွန်မ ဘယ်လို.. ဘယ်လိုလုပ် သိမှာလဲ”.. မသော်တာက အန်တီထားကို မကြည့်ဘဲ မျက်နှာလွှဲရင်း ပြောတယ်။
“အခု ဒီရွာမှာ သူ ရောက်နေရင် ငါတို့ ဘယ်လို အစာရှာမလဲ။ ရှိတဲ့ တစ်ယောက်ကလည်း ခန်းသွားပြီ။ သေပြီလားတောင် မသိဘူး”.. အန်တီထားက မီးဖိုချောင်ဘက်ကို လှည့်ကြည့်ရင်း ပြောတယ်။ ရန်နိုင့် အကြည့်တွေလည်း မီးဖိုချောင်းဘက်ကို ရောက်သွားတယ်။ မီးပိတ်ထားတဲ့အတွက် မှောင်မည်း အေးခဲနေတဲ့ မီးဖိုချောင် အခန်း..။ အဲဒီထဲကနေ တသင်းသင်း ပျံ့ထွက်နေတဲ့ သွေးညှီနံ့..။ ရန်နိုင် နှုတ်ခမ်းကို မသိမသာ လျှာနဲ့ သပ်လိုက်မိတယ်..။
“အဲဒါတော့ ကျွန်မ အပြစ် မဟုတ်ဘူး။ ရန်နိုင်.. ရန်နိုင့်ကိုပါ ပေးနေရတာဆိုတော့ မလောက်တော့ဘူးလေ”.. မသော်တာရဲ့ လေသံထဲမှာ အန်တီထားကို အပြစ်တင်ချင်တဲ့ အငွေ့အသက်တွေ ပါနေတယ်။ သူ့ကို မျက်လုံးလှန်ပြီး ကြည့်လိုက်တဲ့ အန်တီထား မျက်နှာကို မြင်တော့ မသော်တာ ပါးစပ်ပိတ်သွားတယ်။
“ထက်ရန်နိုင်ထွန်းကို ဆွဲခေါ်ထားလို့ ငါတို့ အစီအစဉ် မပျက်သေးတာ.. နင်မေ့နေပြီလား။ အခု ဒီအခန်းထဲမှာ.. ရှိတဲ့သူက ဒါ နောက်ဆုံးပဲ။ ထပ်ပြီး ဖန်တီးဖို့လည်း အချိန်မရှိတော့ဘူး”.. အန်တီထားက ပြောတယ်။
“ဟုတ်ပါတယ်.. ကျွန်မ.. ကျွန်မ အပြင်ထွက်ရှာလို့ ရပါတယ်။ ခဏပဲ.. ဒီအနီးအနားတစ်ဝိုက်..”
“တော်စမ်း”.. အန်တီထားရဲ့ ဟိန်းထွက်လာတဲ့ အသံကြီးကြောင့် မသော်တာ ဆတ်ခနဲ တုန်သွားတယ်။ စန္ဒာရဲ့ ငုံ့ထားတဲ့ ခေါင်းက အောက်ကို ပိုလို့တောင် ထိုးစိုက်သွားတယ်။ ရန်နိုင် ခေါင်းတွေ မူးဝေလာတယ်။ ရင်ထဲမှာ တလှပ်လှပ်နဲ့.. သူ သေတော့မှာလား..။ ဆာလွန်းလို့ သေတယ်ဆိုတာ ရှိသလား..။ ..“နင် စောက်သုံးမကျလို့ ငါ့ လက်ရုံးတစ်ယောက် ကိစ္စတုံးသွားပြီ။ နင်တို့တွေ ဒီလောက် ညံ့ဖျင်းနေကြတာ.. ဘယ်လိုများ အခုအချိန်ထိ ဆက်ပြီး အသက်ရှင်နေကြသလဲ ငါ စဉ်းစားလို့ကို မရဘူး။ မျိုးလွင်ထွန်း ဆိုတဲ့ ကောင်ကိုလည်း ငါလိုရင် ဆက်သုံးပါမယ်လို့ ပြောထားတာ.. နင်တို့ စိတ်မထိန်းနိုင်ဘဲ လုပ်ပစ်လိုက်ပြီ။ ဒီယောက်ျားတစ်ယောက်ကိုတောင် နင်တို့ နိုင်အောင် မထိန်းနိုင်ဘူးလား”
“သူက.. သူက.. အဲဒီညကျမှ စိတ်ပြောင်းသွားတာ..။ ကျွန်မတို့လည်း.. တတ်နိုင်သလောက်တော့ ထိန်းထားတာပဲ။ ဒါပေမယ့်.. စီမံထားတာတွေ.. ဘယ်က ဘယ်လို ပြယ်သွားတာလဲ မသိဘူး”.. မသော်တာက ပြောရင်းနဲ့ ရန်နိုင့်ဘက်ကို လှမ်းကြည့်တယ်။ .. “အဲဒါကတော့ ကျွန်မ အပြစ် မဟုတ်ပါဘူး။ ကျွန်မ မသိလိုက်ဘူး”
“အခု ဒီရွာမှာ ရောက်နေတဲ့ မိန်းမ.. သူ့နာမည် ဘယ်သူလဲ”
မသော်တာက ပြန်ဖြေမလို့ ပါးစပ်ကို ဟတယ်။ သူ့ရဲ့ တုန်ယင်နေတဲ့ နှုတ်ခမ်းတွေက နာမည်ကို ရွတ်ပြဖို့ ကြောက်နေသလို.. စေးကပ်နေတယ်။
အန်တီထားက သဘောကျသလို တဟင်းဟင်းနဲ့ ရယ်တယ်..။
“နာမည်တောင် မခေါ်ရဲဘဲ .. နင်က အပြင်ထွက်ဦးမယ်.. ဟုတ်လား။ ငါ.. ဘယ်လို ဟာတွေနဲ့ လာတွေ့နေတာလဲ။ နင်တို့ကို သုံးလို့ ရမယ်ထင်လို့.. ငါ အပြင်ကို ထွက်လာတာ။ ဘာ အသုံးကျသလဲ။ ဘာမှ သုံးစားမရတဲ့ အလကားဟာတွေ။ ပြောလေ.. သူ့နာမည် ဘယ်သူလဲ”
“မမ.. မမမေ…”.. မသော်တာက ခပ်တိုးတိုး ပြန်ဖြေတယ်။
အန်တီထားက မျက်လုံးကို မှိတ်ပြီး ခဏ စဉ်စားတယ်။ ခေါင်းခါတယ်။
“ငါ မသိဘူး။ မကြားဖူးဘူး။ သူနဲ့ နင်တို့နဲ့ ဘယ်တုန်းက စပြီး တွေ့တာလဲ”
“လွန်ခဲ့တဲ့ ၅ နှစ်လောက်က..။ ကျွန်မ မြို့မှာ.. ကျောင်းတက်နေတုန်း..”
“အဲဒီတုန်းကလည်း နင်တို့ ဖြစ်ကတတ်ဆန်းတွေ လုပ်လို့၊ ပေါ့ပျက်ပျက်နိုင်လို့.. သူနဲ့ တိုးတယ် ဆိုပါတော့”
မသော်တာက ခေါင်းညိတ်တယ်။ အန်တီထားကို မကြည့်ရဲသေးသလို မျက်နှာလွှဲလိုက်ပြန်တယ်။
“ဟုတ်.. အဲဒီတစ်ခေါက်တုန်းက.. ကျွန်မတို့ အသက်လုပြီး ထွက်ပြေးလာရတာ..။ ဒီအထိ လိုက်လာမယ်လို့ ကျွန်မလည်း ဘယ်ထင်ပါ့မလဲ..ကျွန်မ ခြေရာလက်ရာ မကျန်အောင် သေချာ..”
“တော်တော့။ ဆက်ရှင်းပြမနေနဲ့တော့”.. အန်တီထားက ဖြတ်ပြောလိုက်တယ်။..“ငါ အခု အပြင်သွားမယ်။ နင်တို့တတွေ မျိုဖို့ ဆို့ဖို့ ငါပဲ စီစဉ်ရတော့မယ်။ နင်.. အပေါ်ထပ်က ကလေး သုံးယောက်ကို သေချာ ကြည့်ထား။ ဘာမှ မဖြစ်စေနဲ့။ နင် ပါးစပ် သရမ်းဖို့လည်း မကြိုးစားနဲ့။ ရှင်းတယ်နော်.. ငါပြောတာ ကြားတယ်နော်။ အဲဒီ ကလေးတွေ သွေးတစ်စက် လျော့နေတာနဲ့ နင်နဲ့ ငါနဲ့ တွေ့မယ်။ ကြားလား”
မသော်တာက နှုတ်ခမ်းကို ကိုက်ပြီး ခေါင်းညိတ်တယ်။ မကျေနပ်တဲ့ အရိပ်အယောင်တွေ သူ့ မျက်နှာပေါ်ကို လှစ်ခနဲ ဖြတ်ပြေးတယ်။ ခဏပဲ ထင်ဟပ်ပြီး ပြန်ပျောက်ကွယ်သွားတယ်။
အန်တီထားက ထိုင်နေရာကနေ ထတယ်။ ရန်နိုင့်ဘက်ကို လှည့်ကြည့်တယ်။
“ဒီတစ်ယောက်ကိုလည်း သေချာကြည့်ထား။ ငါ သူ့ကို အားမရဘူး။ မျိုးလွင်ထွန်းလို ထပ်ဖြစ်ဦးမယ်”
“ဟုတ်”
ဧည့်ခန်းထဲကနေ အိမ်ရှေ့တံခါးဘက်ကို တစ်လှမ်းချင်း လျှောက်သွားတဲ့ အန်တီထားကို ရန်နိုင် ကြည့်နေမိတယ်။ တဖြည်းဖြည်း ကိုင်းကျသွားတဲ့ အန်တီထားရဲ့ ကိုယ်ခန္ဓာ..။ တဂျွတ်ဂျွတ် အသံတွေနဲ့အတူ.. အဆမတန် ရှည်ထွက်လာတဲ့ ကျောရိုးမကြီး..။ လိမ်တွန့်တိုဝင်သွားတဲ့ ဆံပင်အထွေးလိုက်တွေ..။
သူမြင်နေရတဲ့ မြင်ကွင်းရဲ့ သဘာ၀မဟုတ်ပုံတွေ.. ကျက်သရေမဲ့နေခြင်းတွေကို ရန်နိုင် နားမလည်ဘူး။ ထုံဝေနေတဲ့ စိတ်ထဲမှာ.. အတွေးမျှင်တွေ လုံးထွေးနေတာပဲ သိတယ်။
အမေ ဘယ်ရောက်နေပါလိမ့်..။
အမေ..ဆိုမှ သူ့မှာ အမေရော ရှိလို့လား.. ရန်နိုင် မသေမချာ ဖြစ်လာတယ်။ အဖေ ဆိုတာရော ရှိဖူးသလား..။ ဒါလည်း သူ မသိဘူး။
ညီမလေး ဒါဒါတော့ ရှိသေးတယ်…။ ရန်နိုင် စိတ်နည်းနည်း အေးသွားတယ်။ မှောင်ရီဝေဝါးနေတဲ့ သူ့အာရုံထဲမှာ တစ်ခုတည်းသော အလင်းတန်းလေး ..။ ချစ်ခြင်းမေတ္တာနဲ့ နွယ်ထားတဲ့ နောက်ဆုံး ကောက်ရိုးတစ်မျှင်..။
အပြင်မှာ မှောင်သထက် မှောင်လာတယ်။
“ရန်နိုင် ဘာကြည့်နေတာလဲ။ လာ.. အခန်းထဲ သွားမယ်”.. မသော်တာက ပြောတယ်။
+++
အခန်း (၁၉)
-(သီရိ)-
(၁)
“ရှင်”.. သီရိ ပါးစပ်က ထွက်လာတဲ့ အာမေဋိတ်အသံ..။
မမမေက သီရိကို စိုက်ကြည့်နေရင်း ခေါင်းညိတ်ပြတယ်။ ဝတ်စုံပြည့် ပြန်ဖြစ်သွားတဲ့ မမမေ.. တံခါး၀မှာ မတ်တပ်ရပ်လို့။ သူ့လက်တစ်ဖက်က .. လာလေ.. ဆိုတဲ့ ပုံစံနဲ့ သီရိကို လက်ယပ်ခေါ်နေတယ်။ ဟိုဘက်လက်ထဲမှာကျတော့ အဝတ်နဲ့ ပတ်ထုပ်ထားတဲ့ ဓားရှည်။
“လာလေ။ သွားမယ်။ မှောင်တော့မယ်”.. မမမေက စိတ်မရှည်သလို ပြောတယ်။
“ကျွန်မ.. ကျွန်မက ဘာလိုက်လုပ်ရမှာလဲ.. အစ်မ”.. သီရိပြန်မေးလိုက်တယ်။
“နင့်ကို မထားခဲ့ချင်လို့ ခေါ်နေတာပေါ့။ ကဲ.. လာစမ်းပါ။ ဘာကြောက်နေတာလဲ”
သီရိ.. အခန်းပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်တယ်။ တစ်ရက်လုံး ရှင်းလင်း တိုက်ချွတ်ထားလို့.. သီရိရဲ့ အိမ်ခန်းလေးက မနေ့ညက ဘာဖြစ်ခဲ့သလဲ မသိရလောက်အောင် သန့်ရှင်းနေပါတယ်။ ဒါပေမယ့် နံရံမှာ ကျိုးပဲ့နေတဲ့ ပျဉ်ပြား အစအနတွေ ရှိသေးတယ်။ ကြမ်းပြင်မှာ ပေါက်ဝင်နေတဲ့ ဓားရာက အကွင်းလိုက်..။ နေလောင်သွားတဲ့ အကွက် မည်းမည်းတွေကလည်း ဟိုနားတစ်ကွက် ဒီနားတစ်ကွက်..။
ဘာကြောက်နေတာလဲ..တဲ့။ ဘယ်လို မေးလိုက်တာလဲ။
“ဟင့်အင်း.. မလိုက်ရဲဘူး အစ်မ။ မလိုက်တော့ဘူး”
မမမေက အချိန်တော်တော်ကြာအောင် သီရိကို ကြည့်နေတယ်။ ပြီးမှ..
“နင်တစ်ယောက်တည်း နေခဲ့မလို့လား”
သီရိ ကြောင်တောင်တောင် ဖြစ်သွားတယ်။ ဒီအချက်ကို သူ မစဉ်းစားမိတာ အမှန်ပဲ။ ဒီအိမ်ထဲမှာ.. အပြင်က တရိပ်ရိပ် မှောင်လာတဲ့ အမှောင်ထုနဲ့..သူ တစ်ယောက်တည်း.. ။
“ဟိုဘက်အိမ်မှာ သွားနေမယ်။ ရတယ်..”.. သီရိ အားတင်းပြီး ပြောလိုက်တယ်။ ပြောသာပြောရတယ်.. ဒီနေ့တစ်ရက်လုံး မသက်သက်မျိုးဆီကို မရောက်ဖြစ်ဘူး။ အခုမှ .. တစ်ယောာက်တည်း မနေရဲလို့ သွားနေလို့ ကောင်းပါ့မလား။ ဟိုဘက်အိမ်က ဘယ်လိုထင်မလဲ..။ သူတို့လည်း ကလေးပျောက်လို့ အပူမီးတောက်နေရတဲ့ အထဲ.. သီရိကို ..
“ဟိုဘက်အိမ် သွားနေတော့ရော လွတ်မယ်ထင်လို့လား”.. မမမေက မေးတယ်။ သူ့လေသံထဲမှာ ခြိမ်းခြောက်တဲ့ အသံ တစ်စက်မှ မပါပါဘူး။ ရိုးရိုး အေးအေးပဲ ပြောနေတာပဲ။ ဒါပေမယ့် သူပြောလိုက်တိုင်း သီရိ ကိုယ်ထဲက ကြောက်စိတ်တွေ တစ်ဆ တိုးလာသလို..။
“ရေတွင်းပျက်ဆီ သွားပြီး ဘာသွားလုပ်မလို့လဲဟင်။ ဒီမှာပဲ.. နေလို့ မရဘူးလား အစ်မရယ်။ ဘာလို့.. ဘာလို့.. အဲဒီနေရာကြီးကို သွားမှာလဲ”.. ပြောရင်းနဲ့.. သူကိုယ်တိုင် အဲဒီ ရေတွင်းပျက်ဆီကို သွားကြည့်ခဲ့မိတာကို သီရိ သတိရသွားတယ်။ ဟင့်အင်း.. အဲဒီတုန်းက ဒီလို အဖြစ်အပျက်တွေမှ မဖြစ်သေးတာ။ မကောင်းဆိုးဝါးဆိုတာကို မျက်ဝါးထင်ထင် မြင်မှ မမြင်ဖူးသေးတာ..။
“ငါးဖမ်းချင်ရင် ကုန်းပေါ်ကနေ ဖမ်းလို့ရသလား”.. မမမေက မေးတယ်။
“ရှင်”
“ငါမေးတာ ရှင်းရှင်းလေး။ ဖြေလေ”
“မရ..”
“အေး။ ဒီလို မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်ချင်ရင်.. သူတို့ ပျော်မွေ့တဲ့ အမှောင်ထဲကို တိုးရမှာပဲ။ ကြောက်နေလို့ မရဘူး။ ထွက်ပြေးနေလို့ မရဘူး”
“ဒါပေမယ့်..”
“ဒါပေမယ့် မနေနဲ့။ လာ။ သွားမယ်”.. ဒီတစ်ခါ မမမေရဲ့ အသံထဲမှာ အမိန့်ပေးတဲ့ လေသံပါလာတယ်။
(၂)
မမမေရဲ့ ဆိုင်ကယ်ပေါ်ကို ခက်ခက်ခဲခဲ တက်နေရတဲ့ သီရိကို ဘေးအိမ်ကလူတွေ ကွက်ကြည့် ကွက်ကြည့် လုပ်ကြတယ်။ ခပ်တိုးတိုးကြားနေရတဲ့ စကားသံတွေကို မကြားချင်ယောင်ဆောင်ရင်း သီရိ ဆိုင်ကယ် နောက်ခုံပေါ်ကို ကြိုးစား တက်လိုက်တယ်။ မသက်သက်မျိုးတို့ အိမ်ဘက်ကိုတော့ လှည့်မကြည့်ရဲဘူး။ ဘယ်ကလာမှန်း မသိတဲ့ မိန်းမတစ်ယောက်ရဲ့ ဆိုင်ကယ်နောက်မှာ စွေ့ခနဲ ပါသွားတဲ့ သီရိကို စပ်စုမေးငေါ့နေမယ့် မျက်လုံးတွေကို မမြင်ချင်လို့။ တဖြည်းဖြည်း မှောင်ကျလာတဲ့ ပတ်ဝန်းကျင်ကိုပဲ ကျေးဇူးတင်ရမလား။
မမမေရဲ့ ဆိုင်ကယ်သံ တဝုန်းဝုန်းက တိတ်ဆိတ်စ ပြုနေပြီဖြစ်တဲ့ မုယောရဲ့ ညနေခင်းကို ထိုးခွဲထွက်လာတယ်။
သီရိ .. မမမေရဲ့ ခါးကို တင်းတင်းဖက်၊ မျက်လုံးကို စုံမှိတ်ထားလိုက်တယ်။
+++
အခန်း (၂၀)
-(ရန်နိုင်)-
(၁)
ရန်နိုင် ဘယ်လိုမှ မနေနိုင်တော့ဘူး။
ရင်ခေါင်းထဲမှာ အပေါက်ကြီးဖြစ်သလို လှစ်ဟာနေတယ်။ ဆာလောင်မှုက သူ့တစ်ကိုယ်လုံးကို နေရာမလပ် ထိုးနှက်နေတယ်။ မျက်လုံးကို မှိတ်ထားလည်း နီနီရဲရဲတွေကို ဆက်မြင်နေရတယ်။ နှုတ်ခမ်းတွေ ခြောက်တယ်။ လျှာက ကျောက်ခဲလို မာခလောက်ကြီး ဖြစ်နေတယ်။
ဟိုဘက် ကုတင်ပေါ်မှာ လှဲနေတဲ့ ဒါဒါ့ဆီက အဖျားတက်သလို တဟင်းဟင်း အသံတွေ ထွက်နေတယ်။
ရန်နိုင် ကုတင်ပေါ်ကနေ ဆင်းတယ်။ ပြတင်းတံခါးတွေကို ဖွင့်တယ်။ အပြင်က တဟူးဟူးတိုးဝင်လာတဲ့ လေပြေ..။
ညလေ အေးအေးက ရန်နိုင့်ရဲ့ မူးဝေနေတဲ့ ခေါင်းကို လန်းဆန်းလာအောင် မစွမ်းဆောင်နိုင်ဘူး။ လတ်ဆတ်နေတဲ့လေကို ရှူသွင်းကြည့်ဖို့ ရန်နိုင် ကြိုးစားသေးတယ်။ သူ့အဆုတ်က ပုံမှန် အလုပ်မလုပ်တော့သလို.. ဘယ်လိုမှ အသက်ရှူမ၀ဘူး။ အသက်မရှူတတ်တော့တာလည်း ဖြစ်နိုင်တယ်။ ငါ..အမြဲ ဒီလို မွန်းကြပ်ပူလောင်နေတော့မှာလား.. ရန်နိုင် တွေးမိတယ်။
အဲဒီအတွေးက ခဏပဲ ခံတယ်။ ဆာလောင်မှုက ပြန်ရောက်လာပြန်တယ်။
တစ်ခုခုတော့ ဗိုက်ထဲကို ထည့်မှ ရတော့မယ်..။ ညီမလေးလည်း ဆာနေပြီ။
ရန်နိုင် အခန်း အပြင်ကို ထွက်လိုက်တယ်။
“မသော်တာ”
ထူးသံ မကြားရဘူး။
အပေါ်ထပ် တက်သွားပြန်ပြီ ထင်တယ်။ မသော်တာက.. ကလေး ၃ ယောက်နားမှာပဲ အမြဲ တဝဲလည်လည်လုပ်နေတယ်။ အခုလည်း ကလေးတွေနားမှာ အလုပ်ရှုပ်နေပြန်ပြီလား မသိ..။
မီးဖိုချောင်ဘက်ကို ရန်နိုင် လျှောက်သွားတယ်။
မီးဖိုချောင်မီးကို အရဲစွန့်ပြီးဖွင့်လိုက်တော့ ဖြာကျလာတဲ့ မီးရောင်ဝါဝါ..အောက်မှာ ရန်နိုင့် သူငယ်အိမ်တွေ ကျုံ့ဝင် ကျိန်းစပ်သွားတယ်။
မီးဖိုဘေးမှာ အုပ်ဆောင်းတစ်ခု…။
ရန်နိုင် အုပ်ဆောင်းကို မကြည့်လိုက်တယ်။
အုပ်ဆောင်းအောက် ပန်းကန်ထဲမှာ.. မာခဲနေတဲ့ ထမင်းကြမ်းခဲ တချို့။ ဟင်းခွက်ထဲမှာ မှိုတဖွေးဖွေး တက်နေတဲ့ အစားအသောက်တွေ.. ပုပ်သိုးနေတဲ့ အသားတုံးတွေ..။
ထမင်းခဲကို နည်းနည်းဖဲ့ပြီး ပါးစပ်ထဲ ထည့်လိုက်တယ်။
လျှာနဲ့ ထမင်းနဲ့ ထိလုထိခင်မှာ.. ရန်နိုင့် အစာအိမ်ထဲကနေ လှိုဏ်သံကြီးတစ်ခု ထွက်လာတယ်။ ပါးစပ်ကို ပြန်မပိတ်ခင်.. အထဲကနေ တိုးထွက်လာတဲ့ အချဉ်ရည်တွေ..
ရန်နိုင် မီးဖိုချောင် ကြမ်းပြင်ပေါ်မှာ လေးဘက်ထောက် ကျသွားတယ်။ လည်မျိုထဲကနေ တဝေါဝေါထွက်လာတဲ့ အရည်တွေကို အန်ချတယ်။ အန်ဖတ်နဲ့အတူ.. အသက်ပါ ပါသွားတော့မလို ရန်နိုင် ကျောပြင်တစ်ခုလုံး စူးအောင့်သွားတယ်။
ရှိသမျှ အကုန် အန်ထုတ်နေလိုက်တာ.. ဘယ်လောက် ကြာသွားသလဲ.. ရန်နိုင် မသေချာဘူး။ အန်စရာ တစ်စက်မှ မကျန်တော့ဘဲ လေတွေပဲ တဂတ်ဂတ်ထွက်လာတော့မှ.. ရပ်သွားတယ်။
ကိုယ်ထဲကဟာတွေကို အန်ထုတ်လိုက်တော့… ဆာလောင်မှုက ဆိုးသထက် ဆိုးလာတယ်။
ရန်နိုင် ဒယိမ်း ဒယိုင်နဲ့ မတ်တပ်ရပ်တယ်။
ရေ.. ရေသောက်ချင်တယ်။
ရေခဲသေတ္တာဆီကို သွားတဲ့ ရန်နိုင့် ခြေလှမ်းတွေက မခိုင်.. မနိုင်တော့ဘူး။ ပစ်လဲတော့မလို သုံးလေးခေါက် ချော်ထွက်သွားပြီးမှ.. ရေခဲသေတ္တာရဲ့ တံခါးလက်ကိုင်ကို ကိုင်မိတယ်။
တံခါးကို ဆွဲဖွင့်လိုက်တယ်။
ရေခဲသေတ္တာထဲမှာ ရေမရှိဘူး။
အစားအသောက်တွေလည်း မရှိဘူး။
ပစ္စည်းထည့်တဲ့ အကန့်တွေတောင် မရှိတော့ဘူး။
ရေခဲသေတ္တာထဲမှာ.. အထပ်ထပ် ခွေခေါက် ကျိုးကြေနေတဲ့ ကိုယ်ခန္ဓာတစ်ခု..။
ရန်နိုင့် ဦးနှောက်ထဲမှာ.. သိစိတ် တချို့ ဖြတ်ပြေးသွားတယ်..။ ဒီတစ်ယောက်ကို သူ သိတယ်..။ သူမှတ်မိတယ်..။ ထိုင်ခုံမှာ ကြိုးတုပ်ထားတဲ့.. အဒေါ်ကြီး..။ သူ့နာမည်ကို.. ငါ သိပါတယ်..။ အန်တီ.. အန်တီငြိမ်း.. ဆိုလား..။
အန်တီငြိမ်းရဲ့ အလောင်း အပြင်ကို တဖြည်းဖြည်း.. လိမ့်ထွက်လာတယ်။
ပြုတ်ထွက်လုနီးနီး ဖြစ်နေတဲ့ ခေါင်း.. နောက်ကို လန်ကျသွားတယ်။
ဖြူခဲနေတဲ့ မျက်လုံးသေတွေ.. ရန်နိုင့်ကို မော့ကြည့်နေတယ်။
+++
အခန်း (၂၁)
-(သီရိ)-
(၁)
သီရိ ဆိုင်ကယ် မစီးတတ်ဘူး။ သူများမောင်းတဲ့နောက်ကတော့ ထိုင်လိုက်ဖူးပါတယ်။ ဆိုင်ကယ် ကယ်ရီတွေနဲ့လည်း စျေးကို သွားနေကျပါ။
ဒါပေမယ့် မမမေရဲ့ ဆိုင်ကယ်က သာမန် ဆိုင်ကယ်တွေထက် တစ်ပေလောက် ပိုမြင့်တယ်။ မြေကြီးကို ခြေလှမ်းထောက်လို့ မမှီ။ ဆိုင်ကယ်နဲ့ မတူဘဲ.. မြင်းစီးရသလို မြေကြီးနဲ့ အဝေးကြီး ဖြစ်နေတယ်။
ပြီးတော့.. မမမေ ဆိုင်ကယ် မောင်းတဲ့ ပုံစံက.. စစ်သူကြီးတစ်ယောက် တိုက်ပွဲဝင်သလို.. တုံ့ခြင်း ဆိုင်းခြင်း အလျှဉ်းမရှိ..။ အဆုံးအထိ ဆွဲလှည့်ထားတဲ့ လီဗာကို တစ်ချက်မလွှတ်။ အကွေ့အချိုးတွေမှာလည်း အရှိန်က လျော့မသွား။
ကြောက်ကြောက်နဲ့ မှိတ်ထားတဲ့ သီရိရဲ့ မျက်လုံးတွေ.. ပြန်ဖွင့်လိုက်တော့ ရွာပြင်ကို ရောက်နေပြီ။
မြေလမ်းပေါ် ရောက်တော့လည်း အရှိန်က လျော့မသွားတဲ့အပြင် ရှောင်စရာ ကားတွေ လူတွေ မရှိတော့တဲ့အတွက်.. ပိုလို့တောင် မြန်လာတယ်။
လမ်းဘေးက သစ်ပင် ဝါးပင်တွေ အမှောင်ထဲမှာ..တရိပ်ရိပ် ကျန်ခဲ့တယ်။ ချိုင့်ခွက်တွေ ရေအိုင်ခပ်သေးသေးတွေကို ဒုန်းခနဲ ဗွမ်းခနဲ ဖြတ်မောင်းတဲ့အခါ.. သီရိ ပြုတ်ကျတော့မလိုဖြစ်ပြီး မမမေရဲ့ ခါးကို အသက်လု ဖက်ထားရတယ်။
“ဖြည်းဖြည်း.. ဖြည်းဖြည်း..”.. သီရိရဲ့ အသံက လေတဟူးဟူးထဲမှာ ပျောက်သွားတယ်။
မမမေက သီရိကို လှည့်မကြည့်။ ရှေ့ကို ဝပ်ထားတဲ့ မမမေရဲ့ ခေါင်းက ဆံပင်တွေ သီရိမျက်နှာကို တဖတ်ဖတ် လာရိုက်တယ်။
မြန်မြန် ရောက်ပါတော့.. ရောက်ပါတော့..။
(၂)
ရေတွင်းပျက်နားကို ရောက်တော့.. နေဝင်လုနီးနီး..။
နီစွမ်းစွမ်း အရောင်ရင့်အောက်မှာ တောအုပ်အစွန်အဖျားတွေကို မသဲမကွဲ မြင်နေရတယ်။ ခပ်လှမ်းလှမ်းက.. စိုက်ခင်းထဲမှာ ထိုးထိုးထောင်ထောင် စာခြောက်ရုပ်တစ်ရုပ်။ အရုပ်မှာ စွပ်ထားတဲ့ စွပ်ကျယ်စုတ်က လေထဲမှာ တလွင့်လွင့် လူးနေတယ်။ မသဲမကွဲ မြင်နေရတာက စိုက်ခင်းစောင့်ရဲ့ တဲလေး ဖြစ်လိမ့်မယ်။ ကျနေရဲ့ အမှောင်အောက်ထဲမှာ အရာရာက ရှိရင်းထက် ပို အသက်မဲ့နေသလို..။
ကွင်းပြင်ထဲမှာ.. ထီးထီးကြီး မြင်နေရတဲ့ ရေတွင်းပျက်ကို မြင်တော့ သီရိ .. အလိုလို တံတွေး မျိုချလိုက်မိတယ်။
ဆိုင်ကယ်ပေါ်က ဆင်းဖို့ ခွန်အားကို မနည်းရှာယူရတယ်။
“မျက်နှာက ဖြူဖတ် ဖြူလျော်နဲ့ ဘာဖြစ်နေတာလဲ”.. မမမေက ဆိုင်ကယ်ကို စက်သတ်ရင်း မေးတယ်။
ပြန်ရှင်းပြနေလည်း အဖက်လုပ်မှာ မဟုတ်တဲ့အတူတူ.. သီရိ ခေါင်းပဲ ခါပြလိုက်တယ်။ ချမ်းစိမ့်စိမ့် ဖြစ်နေတဲ့ လက်မောင်းနှစ်ဖက်ကို လက်နဲ့ ပွတ်တယ်။ မမမေကတော့ အပူ အအေးတွေ သိပုံမပေါ်.. ဆိုင်ကယ်ဘေးမှာ ကပ်ထိုးထားတဲ့ ဓားရှည်ကို ယူပြီး အဝတ်ကို ဖြည်နေတယ်။
“အောင်မော်.. သေတဲ့နေရာက.. ဟိုနားမှာ”.. သီရိ.. ရေတွင်းပျက်ဆီကို မေးငေါ့ပြလိုက်တယ်။
“အင်း”.. မမမေက ခေါင်းညိတ်တယ်။ လက်ထဲက ဓားရှည်ကို သီရိဆီ ကမ်းပေးတယ်။ “ရော့။ ဒါ ခဏကိုင်ထား”
သီရိ ကြောင်တောင်တောင်နဲ့ ဓားကို လှမ်းယူလိုက်တယ်။ လက်ထဲရောက်လာတဲ့ ဓားရိုးက သီရိရဲ့ လက်ချောင်း သေးသေးပိန်ပိန်တွေနဲ့ မအပ်စပ်..။ ဓားတစ်ခုလုံးက ထင်ထားတာထက် အများကြီး ပေါ့ပါးနေတယ်။
မမမေက အိတ်ထဲက သားရေစာအုပ်ကို ထုတ်တယ်။ ဓာတ်မီး သေးသေးလေးကို ဖွင့်ပြီး ပါးစပ်မှာ ကိုက်တယ်။ စာအုပ်ကို ဖွင့်ဖတ်တယ်။ ပါးစပ်ကလည်း တလှုပ်လှုပ်နဲ့ သူ တစ်ကိုယ်တည်း ကြားလောက်တဲ့ လေသံနဲ့.. ပြောနေတယ်။ စာအုပ်ကို ပြန်ပိတ်တယ်။ အိတ်ထဲ ပြန်ထည့်တယ်။ ဓာတ်မီးကို သီရိ လက်ထဲ ထိုးထည့်တယ်။ ဓားကို ပြန်ယူတယ်။
သီရိ သူလုပ်သမျှတွေကို မျက်တောင်မခတ်.. မေးခွန်း တစ်ခုမှ မမေးဘဲ ကြည့်နေမိတယ်။
“လာ”
မမမေက တစ်ခွန်းတည်း ပြောပြီး ရေတွင်းပျက်ဆီကို လျှောက်သွားတယ်။
(၃)
မိုးချုပ်ပြီ။
ကောင်းကင်မှာ သာနေတဲ့ မျက်ဆံကွေး လရောင်က ညအမှောင်ကို ယဲ့ယဲ့လေးပဲ အလင်းပေးနိုင်တယ်။ ရှည်သထက် ရှည်လာတဲ့ အရိပ်မည်းတွေ။ တဖြည်းဖြည်း ဆူညံလာတဲ့ ညဉ့်သတ္တဝါ သံတွေ။
ရေတွင်းဘောင်ကို လက်ထောက်ပြီး အောက်ကို ငုံ့ကြည့်နေတဲ့ မမမေ။
သူနဲ့ ခပ်လှမ်းလှမ်းမှာ ကျီးကြည့်ကြောင်ကြည့်နဲ့ တုန်ယင်နေတဲ့ သီရိ။
လက်ထဲက သုံးလက်မလောက်ပဲရှိတဲ့ ဓာတ်မီးကို ဟိုထိုးလိုက် ဒီထိုးလိုက်နဲ့.. ပျာယာခတ်နေတယ်။
“အစ်မ မပြီးသေးဘူးလား။ ကျွန်မ.. ကျွန်မ ကြောက်လာပြီ”
မမမေက သီရိရဲ့ အမေးကို ပြန်မဖြေဘူး။ ရေတွင်းဘောင်ပေါ်ကို ခွတက်တယ်။ လက်တစ်ဖက်နဲ့ ရေတွင်းဘောင်ကို မြဲမြဲကိုင်တယ်။ ကျန်တဲ့ တစ်ဖက်နဲ့ အထဲကို လှမ်းနှိုက်တယ်။
သူ့လက်ထဲမှာ ပါလာတဲ့ မည်းမည်း အချွဲတွေကို သီရိဘက်ကို ထောင်ပြတယ်။
“သေချာတယ်။ ဒီတွင်းထဲက လာတာပဲ”
သီရိ ပါးစပ်က အိ..ခနဲ အသံထွက်သွားတယ်။ တဖျင်းဖျင်း ထလာတဲ့ ကြက်သီးမွေးညင်းတွေကို လက်နဲ့ ခပ်သွက်သွက် သပ်ချတယ်။
“တွင်းထဲက လာတော့ ဘာဖြစ်လဲ.. ဘာလုပ်ရမှာလဲ။ အစ်မရယ်.. ပြန်ရအောင်နော်..။ ကျွန်မ ကြောက်လို့ သေတော့မယ်”
မမမေက သူ့လက်က အကျိအချွဲတွေကို ဘောင်းဘီမှာ သုတ်တယ်။ သီရိဆီကို လျှောက်လာတယ်။ တုန်ခါနေတဲ့ သီရိရဲ့ ပခုံးတွေကို ခပ်တင်းတင်း ကိုင်တယ်။
“မကြောက်နဲ့”.. မမမေက ပြောတယ်။
“ဘယ်လို မကြောက်ဘဲ နေလို့ ရမှာလဲ။ မနေ့ညက.. မနေ့ညက.. နောက်တစ်ကောင် ထပ်ရောက်လာရင်.. ဘယ်လို လုပ်မလဲ.. ကျွန်မ.. ကျွန်မ..”
“ကြောက်ရမှာက ငါတို့ မဟုတ်ဘူး နန်းထိုက်သီရိ။ သူတို့က ကြောက်ရမှာ”
လရောင်အောက်မှာတောင် မမမေရဲ့ မျက်နှာက ဖြူဖျော့မသွားဘဲ သွေးရောင် လွှမ်းနေတယ်။ အားကိုးချင်စရာ မျက်နှာ..ဆိုတာ ဒါမျိုးကို ပြောတာနေမှာ.. ဆိုပြီး သီရိ တွေးမိတယ်။
“ဘာလို့လဲဟင်”
“ငါတို့မှာ ကြောက်စရာဆိုလို့ သေခြင်းတရား တစ်ခုပဲ ရှိတယ်။ ဟုတ်တယ် မဟုတ်လား”.. မမမေက မေးတယ်။
သီရိ ဘာမှ ပြန်မပြောနိုင်ဘူး။
“ဒီသတ္တဝါတွေ.. မကောင်းဆိုးဝါးတွေက.. သူတို့ရဲ့ မူလနေရာကို မပြန်ချင်လို့.. မပြန်ရဲလို့.. ငါတို့ လောကထဲကို အတင်းဝင်.. ခိုကပ်နေကြတဲ့ ကပ်ပါးကောင်တွေ။ အခု.. နင့်မောင် အောင်မော်.. သေသွားတယ်။ ဟုတ်တယ်။ ဒါပေမယ့် အောင်မော် အခုရောက်နေတဲ့ နေရာက.. ဒီမကောင်းဆိုးဝါးတွေ ပြန်ရမယ့် နေရာထက် အဆပေါင်း များစွာ သာတယ်။ ဒီတော့ .. နင်.. ဒီ သတ္တဝါတွေကို ကြောက်စရာ မလိုဘူး”
“ဒါပေမယ့်..”
“ဟုတ်တယ်။ သူတို့က သာမန်လူတွေထက် ပိုပြီး ခွန်အားကြီးတယ်။ သာမန်လူတွေကို ဒုက္ခပေးနိုင်တယ်။ ဒါပေမယ့် သူတို့ ကိုယ်တိုင်ကတော့ ဘယ်တော့မှ.. သာမန် လူသားတစ်ယောက် ပြန်မဖြစ်နိုင်တော့ဘူး။ မုန်းတီးစိတ်တွေနဲ့ ပြည့်နေတဲ့.. ငရဲထဲမှာ ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်ထားတဲ့ သတ္တဝါတွေ။ သူတို့ကို မကြောက်နဲ့။ သူတို့လို ဖြစ်သွားမှာကိုပဲ ကြောက်ရမယ်။ နားလည်လား”
သီရိ နားမလည်ပါဘူး။ ဒါပေမယ့် မမမေရဲ့ တည်ငြိမ်နေတဲ့ မျက်နှာနဲ့ ပြေပြစ်နေတဲ့ စကားသံတွေကို နားထောင်ရင်း ကြောက်စိတ်တချို့ ပျက်ပြယ်သွားတာတော့ အမှန်ပဲ။ အေးစက်နေတဲ့ ကိုယ်အတွင်းပိုင်းထဲမှာ မီးတောက်ကလေး တစ်ခု ထွန်းတောက်လာသလို အနည်းငယ် နွေးသွားတယ်။
“ဟုတ်..”
“အင်း။ မြတ်သော်တာထွန်း၊ ဒေါ်မိုးမိုးခိုင်… ပြီးတော့.. နောက်တစ်ယောက်.. နောက်တစ်ယောက်..”.. မမမေက ရေတွင်းဘက်ကို လှည့်ကြည့်ရင်း ပြောတယ်။.. “အဲဒီ နောက်ဆုံး တစ်ယောက်က အဓိကပဲ”
“ရေတွင်းထဲက .. အကောင်.. အကောင်ကို ပြောတာလား.. အစ်မ”.. သီရိ အားတင်းပြီး မေးလိုက်တယ်။
“အင်း”
“ရေတွင်းထဲမှာ ဘယ်လို နေတာလဲ..။ လူ မဟုတ်ဘူးပေါ့”
မမမေက သီရိရဲ့ မေးခွန်းကို သဘောကျသွားသလို ပြုံးတယ်။
“နေတာ မဟုတ်ပါဘူး။ ခဏ ခိုလှုံနေတာ နေမှာပါ။ တိရိစ္ဆာန်တွေထဲမှာတော့ ဒီလို တွင်းအောင်း သတ္တဝါတွေ အများကြီး ရှိပါတယ်။ အစာ ရှာမရတဲ့ ရာသီချိန်ဆိုရင် တွင်းတစ်ခုခု.. ဂူတစ်ခုခုထဲကို ဝင်..ကိုယ်ခန္ဓာ အပူချိန်ကို လျှော့ချ၊ လနဲ့ နှစ်နဲ့ ချီပြီး အိပ်စက်နေကြတာမျိုး။ ဒီ မကောင်းဆိုးဝါးကလည်း အတူတူပဲ..။ ဒီသဘောပဲ”
“အစာ ရှာမရဘူး ဆိုတာက..”.. သီရိ မေးရင်းနဲ့ ကျောချမ်းသွားတယ်။ ဒီလို မကောင်းဆိုးဝါးမျိုးရဲ့ အစာ.. ဆိုတာ.. ဘာဖြစ်နိုင်မလဲ သူသိနေတာပဲ။.. “အခုမှ.. ဘာလို့.. ဒီအကောင်က ထွက်လာတာလဲ.. ဒါဆို”
မမမေက သူ့အိတ်ထဲက စာအုပ်ကို ထုတ်ပြီး သီရိ မြင်အောင် လှန်ပြတယ်။ သီရိ လက်ထဲက ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တယ်။
စာမျက်နှာပေါ်မှာ ခဲတံနဲ့ ဆွဲထားတဲ့ ရုပ်ပုံတစ်ပုံ။ ရုတ်တရက် ကြည့်လိုက်ရင် ဝံပုလွေလိုလို မြေခွေးလိုလို..။ လေးဘက်ထောက်နေတဲ့ သတ္တဝါ..။ ဒါပေမယ့် ခေါင်းနေရာမှာတော့ လူမှန်း သိသာစေတဲ့ မျက်နှာသွင်ပြင်မျိုးနဲ့..။ ဟထားတဲ့ ပါးစပ်ထဲက ပြူထွက်နေတဲ့ သွားချွန်ချွန်တွေ..။ မြေပြင်ဆီကို တွဲကျနေတဲ့ ရင်သားတွေ..။ အရိုးအပြိုင်းပြိုင်း ငေါထွက်နေတဲ့ ကျောရိုးမကြီး..၊ စုတ်ဖွာပြဲလန်နေတဲ့ အရေပြားနဲ့.. ခြေချောင်း လက်ချောင်းတွေ..။ ဒေါ်မိုးမိုးခိုင်ရဲ့ နောက်ဆုံး ပုံစံကို မြင်ယောင်ပြီး သီရိ ဂလုခနဲ တံတွေး မျိုချလိုက်တယ်။
မမမေက နောက်တစ်မျက်နှာကို လှန်လိုက်တယ်။ ဒီစာမျက်နှာမှာတော့ လေးထောင့်ကြယ် ပုံစံတစ်ခု။ ခပ်သော့သော့ ရေးထားတဲ့ လက်ရေးတွေက ဖတ်မရဘူး။
“ဒါက ဘာလဲ အစ်မ”
“လေးထောင့်ကြယ်။ တွေ့လား”
“ဟုတ်”
“လေးယောက်။ လေးယောက် လိုတယ်”.. မမမေက ပြောတယ်။
(၄)
သီရိ အချိန်တော်တော်ကြာအောင် တွေဝေသွားတယ်။
လေးယောက်တဲ့။
ဘာလေးယောက်လဲ။
“အရမ်း စဉ်းစားမနေနဲ့။ ရူးသွားဦးမယ်”.. မမမေက ပြောတယ်။ “ရှင်းရှင်းလေး။ သူတို့ရဲ့ နောက်ဆုံး အစီအစဉ်အတွက် လေးယောက် လိုတယ်။ ဒီတော့ ဒီရေတွင်းထဲက ထွက်လာတဲ့ မကောင်းဆိုးဝါးရယ်၊ မြတ်သော်တာထွန်းရယ်၊ ဒေါ်မိုးမိုးခိုင်ရယ်.. ပြီးရင် ဘယ်သူ ဖြစ်နိုင်သလဲ ဟို အမြွှာ နှစ်ယောက်ထဲက တစ်ယောက်ယောက်.. ဒါမှ မဟုတ် နှစ်ယောက် စလုံး..”
“အစ်မ ဘာတွေ ပြောနေတာလဲဟင်”.. သီရိ မေးလိုက်တယ်။
“ငါ့လက်ချက်နဲ့ တစ်ယောက် သေသွားပြီဆိုတော့..”.. မမမေက သီရိ မေးတာကို မကြားသလို တစ်ယောက်တည်း ဆက်ပြောနေတယ်။ ..“လေးယောက်.. လေးယောက်ထက် လျော့သွားလို့ မရဘူး။ ဒါပေမယ့် မိန်းကလေးတွေချည်းပဲ လိုတာ မဟုတ်ဘူးလား.. ဒါမှ မဟုတ်”
“အစ်မ”.. သီရိ .. မမမေရဲ့ လက်မောင်းကို ဆွဲညှစ်လိုက်တယ်။ မမမေက အခုမှ သတိဝင်လာသလို သီရိကို ကြည့်တယ်။
“အင်း..”
“အစ်မ ပြောနေတာတွေ ကျွန်မ နားမလည်ဘူး။ လေးယောက်လိုတော့ ဘာဖြစ်သလဲ။ လေးယောက် ပြည့်သွားတော့ ဘာဆက်ဖြစ်မှာလဲ.. ကလေးတွေ ပျောက်နေတာကရော..”
“ကလေးတွေက သူတို့ရဲ့ နောက်ဆုံး အစီအစဉ်ပဲ”
“ရှင်”
“နင် တဖြည်းဖြည်း နားလည်လာပါလိမ့်မယ်။ အခု လောလောဆယ်.. ဒီရေတွင်းပျက်အတွက် လုပ်စရာ တစ်ခုရှိတယ်”.. မမမေက ပြောတယ်။
(၅)
ဖုန်းထဲက နာရီကို ကြည့်လိုက်တော့ ည တစ်နာရီ ဆယ့်ငါးမိနစ်။
မမမေ.. ရေတွင်းဘေးမှာ တင်ပလ္လင်ခွေ ထိုင်နေတာ ညဆယ်နာရီ ထိုးကတည်းက။
မမမေနဲ့ မလှမ်းမကမ်းမှာ ငုတ်တုတ်ကလေးထိုင်ရင်း.. တဝါးဝါး သမ်းဝေချင်နေတဲ့ သီရိ သူ့ကိုယ်သူ မကျေမနပ်တွေ ဖြစ်နေတယ်။ ဒီလောက် အထူးအဆန်းတွေဖြစ်၊ ကြောက်စရာတွေ တွေ့နေတာတောင် အိပ်ချင်စိတ်က မပျောက်သေးဘူး။
မမမေကို စကားပြောဖို့ ကြိုးစားတာ သုံးလေးခေါက်ရှိပြီ။ စကားမေး မရဘူး။ မျက်လုံးကို စုံမှိတ်၊ ဓားကို ပေါင်ပေါ်မှာ ကန့်လန့်ဖြတ်တင်.. ပါးစပ်က တလှုပ်လှုပ်နဲ့ ရွတ်နေတာ… အခုထိ မရပ်သေး။
သီရိ အိပ်ပျော်မသွားအောင် မနည်း တင်းထားရတယ်။ မနေ့ညကတည်းက အခုထိ တစ်မှေးမှ မအိပ်ရသေးတော့ သီရိ ခေါင်းထဲမှာ မူးဝေနေတယ်။ မျက်လုံးတွေတောင် ပြာချင်ချင် ဖြစ်နေပြီ။ တဝီဝီဝဲနေတဲ့ မှက်တွေ ခြင်တွေကို လက်နဲ့ ခတ်ထုတ်ကြည့်သေးတယ်။ ကြာလာတော့ သီရိ လက်လျှော့လိုက်တယ်။ ကိုက်ချင်သလောက်ကိုက်.. သွေးစုပ်ချင်သလောက် စုပ်ပါစေတော့။ လှူတယ်လို့ပဲ သဘောထား..
“ရပြီ”
မှေးခနဲ ဖြစ်သွားတဲ့ သီရိ.. မမမေရဲ့ စကားသံကြောင့် လန့်သွားတယ်။
“ဘာဖြစ်တာလဲ အစ်မ.. ဘာရတာလဲ”.. သီရိ ပျာပျာသလဲလဲ မေးလိုက်တယ်။ အိမ်ပြန်ရတော့မယ် ဆိုတဲ့ အသိကြောင့် ဝမ်းသာသွားတယ်။
“လာ.. သွားမယ်”.. မမမေက ပြောရင်းနဲ့ ထိုင်နေရာက ထတယ်။ ဓားကို လက်ထဲမှာ မြဲမြဲ ကိုင်တယ်။
“ပြန်မှာလား အစ်မ.. အိမ်ပြန်တော့မှာလား”.. သီရိ မျှော်လင့်တကြီးနဲ့ မေးလိုက်တယ်။
“မဟုတ်ဘူး”..
“ဟင်.. ဘယ်သွားမလို့လဲ.. ။ ဒီအချိန်ကြီး.. ဘယ်ဆက်သွားဦးမှာလဲ”.. သီရိ မေးလိုက်တယ်။ သူထင်ထားသလို ပြန်မဖြေပါစေနဲ့လို့ စိတ်ထဲမှာ အထပ်ထပ် ဆုတောင်းနေမိတယ်။
“မြတ်သော်တာထွန်းတို့ အိမ်ကို”.. မမမေက ပြန်ဖြေတယ်။
+++
(ဆက်ရန်)