++++++++++++
(၈)
ဒေါ်မိုးမိုးခိုင်..တဲ့။
မဖြစ်နိုင်တာ။
သတ္တဝါရဲ့ ပျက်ယွင်း ပုပ်အဲ့နေတဲ့ ကိုယ်ခန္ဓာ၊ ရိတွဲနေတဲ့ ဦးရေပြားနဲ့ ဆံပင် မျှင်မျှင်ခြောက်ခြောက်တွေ..၊ နှုတ်ခမ်းညိုညိုပြဲပြဲတွေကြားထဲက စီးကျနေတဲ့ အရည်မည်းမည်းတွေ..၊ သီရိကိုတစ်လှည့် မမမေကို တစ်လှည့် စိုက်ကြည့်နေတဲ့ အရိုင်းအစိုင်း မျက်လုံးတွေ..။
သီရိ.. အာခေါင်တွေ ခြောက်လာတယ်။ အိပ်မက်ဆိုရင်လည်း နိုးပါရစေတော့.. လို့ ဆုတောင်းမိပေမယ့် သီရိ အခု ခံစားရနေရတဲ့ အမြင်၊ အကြား.. အနံ့အရသာတွေက ပီပြင်လွန်းနေတယ်။
“နင် မယုံဘူးလား”.. မမမေက သီရိကို မေးတယ်။ သူ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ သတ္တဝါရဲ့ ဆံပင် အမျှင်တွေကို လွှတ်ချလိုက်တယ်။ သတ္တဝါရဲ့ ခေါင်းက အရှေ့ကို ပြန်ငိုက်ကျသွားတယ်။ ချည်ထားတဲ့ ကြိုးတွေကနေ ရုန်းဖို့ ကြိုးစားတော့ ထိုင်ခုံက မြောက်တက်သွားပြီး အောက်ကို ဒုန်းခနဲ ပြန်ကျတယ်။
သီရိ လန့်ပြီး အိခနဲ အော်လိုက်မိတယ်။ စောင်အပြင်ကို ထွက်ချင်နေတဲ့ ခြေဖျားတွေကို အထဲကို ပြန်ဆွဲထည့်.. တုန်ရင်နေတဲ့ လက်တွေနဲ့.. သူ့ကိုယ်သူ ပြန်ဖက်ထားမိတယ်။
“ငါ ပြမယ်။ ဒီမှာကြည့်”.. မမမေက ပြောရင်းနဲ့ သတ္တဝါရဲ့ ပါးစပ်ထဲမှာ ဆို့ထည့်ထားတဲ့ အဝတ်စကို ဆွဲထုတ်လိုက်တယ်။
အာခေါင်ထဲအထိ ထိုးထည့်ထားတဲ့ အဝတ်စ.. အပြင်ကို စွပ်ခနဲ ထွက်လာတယ်။ အဝတ်တစ်ခုလုံး အပုပ်ရည်တွေနဲ့ မည်းညစ်နေတယ်။ အနံ့က ဆိုးသထက် ဆိုးလာတယ်။ သီရိ မအော်မိအောင် သူ့ပါးစပ်သူ လက်နဲ့ ပိတ်ထားရတယ်။
မမမေက သတ္တဝါရဲ့ ရှေ့မှာ ဒူးတစ်ဖက်ထောက်တယ်။ မျက်နှာချင်း ဆိုင်တယ်။
“နင် ငါ့ကို မှတ်မိတယ်မဟုတ်လား”.. မမမေက မေးတယ်။
မမမေကို စိုက်ကြည့်နေတဲ့ သူ့ မျက်လုံးတွေက မုန်းတီးစိတ်တွေနဲ့ ပြူးကျယ်နေတယ်။ ဟသွားတဲ့ ပါးစပ်ထဲကနေ တဂတ်ဂတ် အသံတွေ ထွက်လာတယ်။
“ငါ့ကို မမှတ်မိဘူးဆိုရင်တောင် ဒါကိုတော့ နင်မှတ်မိမှာပါ”.. မမမေက သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဓားရှည်ကို သတ္တဝါရဲ့ မျက်နှာရှေ့ကို ကပ်ပြီး ပြလိုက်တယ်။ ဓားသွားပေါ်မှာ အထပ်ထပ် အလွှာလွှာ ထွင်းထုထားတဲ့ ကနုတ်ပန်းတွေ..။ အခုမှ ပန်းပဲဖိုထဲက ထုတ်လာတဲ့ ဓားတစ်ချောင်းလို.. အသွားက တလက်လက် မြပြီး ထက်ရှနေတယ်။
မမမေက ဓားပြားနဲ့ သတ္တဝါရဲ့ ရင်ဘတ်ကို ခပ်ဆတ်ဆတ်လေး ရိုက်လိုက်တယ်။
ဟီး..ဆိုတဲ့ အသံကြီးနဲ့အတူ သူ.. အနောက်ကို ခုန်ဆုတ်ဖို့ ကြိုးစားတယ်။ မြဲမြံနေအောင် တုပ်ချည်ထားတဲ့ ကြိုးတွေကြောင့် ထိုင်ခုံရဲ့ ရှေ့ခြေထောက်နှစ်ဖက် အပေါ်ကို နည်းနည်း မြောက်တက်သွားတယ်။ ဒုန်းခနဲ အောက်ကို ပြန်ကျတယ်။
သတ္တဝါရဲ့ ခေါင်းပေါ်က ဆံပင်တွေ တဖြည်းဖြည်း မည်းနက် ထူထဲလာတယ်။ ရိရွဲနေတဲ့ အသားဆိုင်တွေ တစ်ရစ်ချင်း တင်းရင်းလာတယ်။ ပေါက်ပြဲနေတဲ့ ဟောင်းလောင်းပေါက်နေရာတွေ တစ်ခုချင်းစီ ပြန်စေ့လာတယ်။ ရွတ်တွနေတဲ့ မျက်နှာနေရာမှာ.. သီရိ မြင်ဖူးတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာ တဖြည်းဖြည်း ပေါ်လာတယ်။
“မလုပ်ပါနဲ့.. မလုပ်ပါနဲ့..”.. ဒေါ်မိုးမိုးခိုင်က ပြောတယ်။
(၉)
ကြိုးအထပ်ထပ်နဲ့ တုပ်ချည်ခံထားရတဲ့ ဒေါ်မိုးမိုးခိုင်ရဲ့ ဝတ်လစ်စားလစ် ကိုယ်လုံးကို ကြည့်ရင်း သီရိ ပါးစပ်ဟောင်းလောင်းပွင့်သွားတယ်။ မျက်စိရှေ့မှာတင် ပြောင်းလဲသွားတဲ့ ပုံသဏ္ဍာန်။ အသနားခံ တောင်းပန်နေတဲ့ သူ့ရဲ့ လေသံ..။ ကြောက်ရွံ့မှုအပြည့်နဲ့ မမမေကို မျှော်ကိုးကြည့်နေတဲ့ သူ့မျက်လုံးတွေ။
သီရိ ထိုင်နေရာကနေ ထလိုက်မိတယ်။ ခြုံထားတဲ့စောင်ကို လက်ထဲမှာ ကိုင်လျက်သားနဲ့.. ဒေါ်မိုးမိုးခိုင်ကို ကြောင်ကြည့်နေမိတယ်။
ဘာတွေ ဖြစ်ကုန်ပြီလဲ..။
ဒေါ်မိုးမိုးခိုင်ရဲ့ အကြည့်တွေ သီရိဆီကို ရောက်လာတယ်။
“သမီး.. သမီး.. အန်တီ့ကို ကယ်ပါဦး။ အန်တီ ဘာမှ မသိဘူး”.. ဒေါ်မိုးမိုးခိုင်က သီရိကို လှမ်းပြောတယ်။
မမမေက သဘောကျသွားသလို အားရပါးရ ပြုံးတယ်။
“ဘာမှ မသိဘူး ဆိုပါလား။ နင်တို့ အခုလို သရုပ်ဆောင်ကောင်းအောင် ဘယ်နေရာမှာ သင်တန်း သွားတက်ထားတာလဲ။ နန်းထိုက်သီရိ”.. မမမေက သီရိဘက်ကို လှည့်ခေါ်တယ်။…“နင် ဒီမှာ သေချာ ကြည့်ထား။ မကောင်းဆိုးဝါးတွေ ဘယ်လောက်ထိ ဟန်ဆောင်ကောင်းသလဲ ဆိုတဲ့ သက်သေပဲ”
“ဒါပေမယ့်.. သူ့.. ပုံစံက..”.. သီရိ ပြောနေရင်းနဲ့ ဒေါ်မိုးမိုးခိုင်ဆီကို အလိုလို လျှောက်သွားနေမိတယ်။ သူ့လက်ထဲက စောင်ကို ဒေါ်မိုးမိုးခိုင်ရဲ့ ကိုယ်လုံးတီး ကိုယ်ခန္ဓာပေါ်ကို ရည်ရွယ်မထားဘဲ.. လွှားပေးလိုက်မိတယ်။
ဒေါ်မိုးမိုးခိုင်က သီရိကို ကျေးဇူးတင်တဲ့ မျက်လုံးတွေနဲ့ မော့ကြည့်တယ်။
“သမီးရယ်.. အန်တီ ဘာမှ မသိပါဘူး။ တကယ်ပြောတာပါ..။ အခု.. အခု.. အန်တီ.. ဒီအိမ်ထဲကို ဘယ်လို ရောက်နေတာလဲဟင်..။ ..ဒီ.. ဓားကိုင်ထားတဲ့ ညီမကရော ဘယ်သူလဲဟင်..။ အန်တီ့ကို ဘာလို့ ကြိုးတုပ်ထားကြတာလဲ..။ အန်တီ.. အန်တီ့ကို ကြိုးဖြည်ပေးပါ”.. ဒေါ်မိုးမိုးခိုင်က တောင်းပန်ရင်းနဲ့ ကြိုးတွေထဲကနေ ရုန်းထွက်ဖို့ ကြိုးစားတယ်။ အသားထဲ နစ်ဝင်နေတဲ့ ကြိုးစတွေကြောင့် ..အီး.. ခနဲ တစ်ချက် အော်တယ်။ နာလို့လားမသိ.. သူ့မျက်လုံးထဲမှာ.. မျက်ရည်တွေ ဝဲလာတယ်။
မမမေက ဘာမှ မပြောဘဲ လက်ပိုက်ကြည့်နေတယ်။
“အစ်မ.. သူ့ကို ဘာလုပ်မလို့လဲဟင်”.. သီရိ .. မမမေကို မေးလိုက်တယ်။
မမမေက ပခုံးတွန့်ပြတယ်။ ပြတင်းပေါက်ဘက်ကို လှမ်းကြည့်တယ်။
“ငါ ဘာမှ လုပ်စရာ မလိုပါဘူး။ နေထွက်လာရင် သူ့စားရိတ်နဲ့ သူသွားလိမ့်မယ်။ အလွန်ဆုံး နောက် ဆယ့်ငါးမိနစ်ပေါ့”
“နေထွက်လာတာနဲ့ ဘာဆိုင်လို့လဲ..”
“သူ့ကို မေးကြည့်လေ။ နေထွက်လာရင် ဘာဖြစ်သလဲတဲ့.. ဒီမှာ မေးနေတယ်။ ဖြေလိုက်ပါဦး”.. မမမေက ပြောရင်းနဲ့ ဒေါ်မိုးမိုးခိုင်ရဲ့ ခြေကျင်းဝတ်ကို ဖိနပ်ဦးနဲ့ ခပ်ဆတ်ဆတ် ကန်လိုက်တယ်။
“အောင်မယ်လေး… မလုပ်ပါနဲ့။ နာတယ်။ နာလိုက်တာ..။ သမီးရယ်.. အန်တီ တကယ် ဘာမှ မသိပါဘူး။ တကယ်ပါ..”.. ဒေါ်မိုးမိုးခိုင်က ပြောတယ်။ မျက်ရည်တွေလည်း တွေတွေကြီး ကျလာတယ်။
သီရိ တစ်ကိုယ်လုံး ထူပူလာတယ်။ သူ နားမလည်တဲ့.. နားလည်လို့မရတဲ့.. အဖြစ်အပျက်တွေကြား ပိတ်မိနေလို့.. အသက်ရှူ ကြပ်လာတယ်။ တစ်ညလုံး မအိပ်ရသေးတဲ့အတွက် ခေါင်းထဲမှာ မူးဝေနေတယ်။ နားထင်မှာ သွေးတဒုတ်ဒုတ် တိုးနေတယ်။
“အန်တီ့ကို ကယ်ပါ..။ အန်တီ့မှာ သားတွေ သမီးတွေ ရှိသေးတယ်…။ အန်တီ့ကို ကြိုးဖြည်ပေးပါ..”.. ဒေါ်မိုးမိုးခိုင်ရဲ့ အသံက ငိုသံ ရှိုက်သံတွေနဲ့ ရောထွေးပြီး ဗလုံးဗထွေး ဖြစ်လာတယ်။
“နင်ဘယ်လောက် ဆက် လိမ်နိုင်မလဲ ငါစောင့်ကြည့်မယ်”.. မမမေက လေသံ အေးအေးနဲ့ ပြောတယ်။..“နင့်မှာ အခု ရွေးစရာ နှစ်ခု ရှိတယ်။ ငါ့ ဓားအောက်မှာ အေးအေးဆေးဆေး မြန်မြန်ဆန်ဆန် နိဂုံးချုပ်မလား။ နေရောင်အောက်မှာ မချိမဆန့် ဘဝတုံးမလား..”
ဒေါ်မိုးမိုးခိုင်က သွေးပျက်နေတဲ့ မျက်လုံးတွေနဲ့ မမမေကို မော့ကြည့်တယ်။
“ညီမ ဘာတွေ ပြောနေတာလဲ..။ အစ်မ ဘာမှ မသိဘူး။ နေရောင်အောက်မှာ ဘာလို့.. ဘာဖြစ်ရမှာလဲ..”
မမမေက စိတ်မရှည်တော့သလို တောက်တစ်ချက် ခေါက်တယ်။ သူ့လက်တွေနဲ့ ဒေါ်မိုးမိုးခိုင်ရဲ့ ဆံပင်တွေကို အထွေးလိုက် ဆုပ်ကိုင်လိုက်ပြီး ခေါင်းကို ဆတ်ခနဲ ဆွဲမော့တယ်။
“နင်တို့ သားအမိ ဘာတွေ ကြံစည်နေတာလဲ။ ကလေးတွေ ဘယ်မှာလဲ”.. မမမေက မေးတယ်။
“ဘယ်က ကလေးတွေလဲ.. ဘာတွေလဲ.. မသိဘူး။ မသိဘူး။ ငါ့ကို လွှတ်ပေးပါ။ တောင်းပန်ပါတယ်။ ငါဘာမှ မသိဘူး”.. ဒေါ်မိုးမိုးခိုင်က ငိုကြီးချက်မနဲ့ တောင်းပန်တယ်။
မမမေရဲ့ လက်တစ်ဖက် လေထဲကို မြောက်တက်သွားတယ်။ အရှိန်နဲ့ အောက်ကို ပြန်ကျလာတယ်။
ဒေါ်မိုးမိုးခိုင်ရဲ့ မျက်နှာ ဘယ်ဘက်ကို လည်ထွက်သွားတယ်။ သူ့ပါးစပ်ထဲက လွင့်ထွက်လာတဲ့ သွားတစ်ချောင်း ကြမ်းပြင်ပေါ်ကို ထောက်ခနဲ ပြုတ်ကျတယ်။ သီရိ လန့်ပြီး တုန်သွားတယ်။ မျက်နှာကို လက်နဲ့ အလိုလို ကွယ်ထားမိတယ်။
“ကလေးတွေ ဘယ်မှာလဲ”.. မမမေက ထပ်မေးတယ်။
ဒေါ်မိုးမိုးခိုင်ရဲ့ ပါးစပ်ထဲက သွေးတွေ တရဟော စီးကျလာတယ်။ နှာရည်တွေ၊ မျက်ရည်တွေနဲ့ ရောပြီး နီနီရဲရဲ အရည်ကျဲကျဲတွေ.. လည်ပင်းအထိရောက်လာတယ်။
“မသိဘူး။ မသိဘူး… မလုပ်ပါနဲ့တော့.. တောင်းပန်ပါတယ်။ အစ်မ ဘာမှ မသိပါဘူး။ သမီးရေ အန်တီ့ကို ကယ်ပါဦး”
မမမေ.. သူ့ရဲ့ ဓားရှည်ကို လက်နှစ်ဖက်နဲ့ စုံကိုင်တယ်။ အပေါ်ကို မြှောက်တယ်..။ ဒေါ်မိုးမိုးခိုင်ရဲ့ ပေါင်သားနေရာကို ချိန်ပြီး စိုက်ချလိုက်တယ်။
ဓားသွားနဲ့ အသား.. မထိခင်မှာ မမမေကို သီရိ ဆောင့်တွန်းလိုက်တယ်။
ဓားရှည် ကြမ်းပေါ်ကို ပြုတ်ကျသွားတယ်။ ဟန်ချက်ပျက်သွားတဲ့ မမမေ.. ဘေးကို ယိုင်ထွက်သွားပြီး ထိုင်ခုံကို သူ့ဒူးခေါင်းနဲ့ ဝင်တိုက်မိတယ်။ ဒေါ်မိုးမိုးခိုင်ကို တုပ်ပြီး ချည်ထားတဲ့ ထိုင်ခုံ.. ဝုန်းခနဲ.. ဘေးစောင်း လဲကျသွားတယ်။ ဒေါ်မိုးမိုးခိုင်ဆီကနေ နာနာကျင်ကျင် ညည်းလိုက်တဲ့ အသံတစ်ခု ထွက်လာတယ်။
“အစ်မ.. မလုပ်ပါနဲ့။ လူမသတ်ပါနဲ့”.. သီရိ အော်လိုက်တယ်။ အော်သံက သူ ထင်ထားသလောက် မကျယ်ဘဲ လည်ချောင်း၀မှာ တစ်ဆို့ပြီး ခပ်အစ်အစ်အသံပဲ ထွက်လာတယ်။
မမမေက သီရိကို နားမလည်တဲ့ မျက်လုံးနဲ့ ပြန်ကြည့်နေတယ်။
“လူမသတ်ပါနဲ့.. ဟုတ်လား”… မမမေက မေးတယ်။
သီရိ ဘာပြန်ပြောရမှန်း မသိ.. ဒီအတိုင်းပဲ ကြောင်ကြည့်နေမိတယ်။
မမမေက သီရိရဲ့ နောက်ဘက်ဆီကို မေးဆတ်ပြတယ်။
“နင့်နောက်မှာ ရပ်နေတာ လူဟုတ်သလား.. မဟုတ်ဘူးလား လှည့်ကြည့်လိုက်”
သီရိ နောက်ကို လှည့်ကြည့်လိုက်တယ်။
(၁၀)
မတ်တပ်ရပ်နေပြီ ဖြစ်တဲ့ ဒေါ်မိုးမိုးခိုင်..။ သူ့ဘေးမှာ ပြုတ်ကျနေတဲ့ .. သီရိ လွှားပေးထားတဲ့ စောင်..။ ဒေါ်မိုးမိုးခိုင်ရဲ့ ကိုယ်ထည်မှာ.. ပြတ်ထွက်သွားတဲ့ ကြိုးစတွေ တွဲလျောင်းကျလျက်သား။ သူ့မျက်လုံးတွေက စောစောကလို အသနားခံနေတဲ့ မျက်လုံးတွေ မဟုတ်တော့ဘူး။ မာကျော အေးခဲနေတယ်။ သူ့ပါးစပ်ပတ်ပတ်လည်မှာတဲ့ သွေးတွေက အနီရောင် မဟုတ်တော့ဘဲ.. အမည်းနက်နက်တွေ ပြန်ဖြစ်နေပြီ။
အပုပ်နံ့ကလည်း တထောင်းထောင်း ပြန်ထွက်လာတယ်။
ဒေါ်မိုးမိုးခိုင်ရဲ့ မျက်လုံးတွေ.. ကြမ်းပြင်မှာ ကျနေတဲ့ ဓားရှည်ဆီကို ရောက်သွားတယ်။
သီရိ ဆီကို ပြန်ရောက်လာတယ်။
သူ့မျက်လုံးထဲမှာ လက်ခနဲ ဖြစ်သွားတဲ့ သွေးဆာနေတဲ့ အရိပ်အယောင်တစ်ခု..။
သီရိ.. သူ မှားသွားပြီ ဆိုတာကို သိလိုက်တယ်။ ဒါပေမယ့် ခြေထောက်တွေ လှုပ်လို့ မရဘူး။ နေရာမှာ ရပ်လျက်သား..။
ဒေါ်မိုးမိုးခိုင်.. လက်နှစ်ဖက်ကို ဆန့်တယ်။ ပါးစပ်ကို အစွမ်းကုန် ဟတယ်။ သီရိဆီကို အရှိန်နဲ့ ပြေးလာတယ်။
သူ့ဆီကို အားနဲ့မာန်နဲ့ ပြေးဝင်လာတဲ့ သတ္တဝါကို.. သီရိ မျက်လုံး အပြူးသားနဲ့ စိုက်ကြည့်နေမိတယ်။
သီရိရဲ့ ဘေးကို ရိပ်ခနဲ ဝင်လာတဲ့ မမမေ..။
လေထဲမှာ ဆန့်တန်းသွားတဲ့ မမမေရဲ့ ခြေထောက်။
သတ္တဝါရဲ့ ပါးစပ်ထဲကနေ ဟူး..ခနဲ အသံတစ်ချက် ထွက်လာတယ်။ သူ့တစ်ကိုယ်လုံး နောက်ကို လွင့်ထွက်သွားတယ်။ နံရံကို ပြေးဆောင့်တယ်။
နံရံကို တိုက်မိပြီး အောက်ကို ပြုတ်ကျ.. ကမူးရှူးထိုး ပြန်ထဖို့ ကြိုးစားနေတဲ့ ဒေါ်မိုးမိုးခိုင်..ဆီကို မမမေ ပြေးဝင်သွားတယ်။ ခဏလေးအတွင်းမှာ နှစ်ယောက်သား လုံးထွေးသွားတယ်။
ဒေါ်မိုးမိုးခိုင်က မမမေရဲ့ လည်ပင်းကို ဆွဲကိုက်ဖို့ ပြင်တယ်။ မမမေရဲ့ တံတောင်ဆစ်က ဒေါ်မိုးမိုးခိုင်ရဲ့ နားထင်ကို ဝုန်းခနဲ ပစ်ဆောင့်တယ်။ မမမေရဲ့ ခြေထောက်နှစ်ဖက်က ဒေါ်မိုးမိုးခိုင်ရဲ့ ခါးနေရာကို တင်းနေအောင် ချုပ်ထားတယ်။ အောက်ကနေ တဟက်ဟက်..ထိုးဟပ်ဖို့ ပြင်နေတဲ့ ဒေါ်မိုးမိုးခိုင်ရဲ့ ပါးစပ်နေရာကို လက်သီးနဲ့ တစ်ချက်ပြီး တစ်ချက် ထိုးတယ်။
“ဓား”
မမမေက တစ်ခွန်းတည်း လှမ်းအော်တယ်။
ကြက်သေသေနေတဲ့ သီရိ အခုမှ သတိဝင်လာတယ်။
ကြမ်းပြင်မှာ ကျနေတဲ့ ဓားကို ပြေးကောက်တယ်။
သီရိ ကတုန်ကယင်နဲ့.. သူတို့ဆီကို လျှောက်သွားတယ်။ ခြေလှမ်းတွေက ယိုင်နေတယ်။ ဒူးက ညွတ်ချင်နေတယ်။ သတ္တဝါ.. ဒေါ်မိုးမိုးခိုင်ရဲ့ ပါးစပ်က ဆက်တိုက်ထွက်နေတဲ့ တဟီးဟီး အသံတွေကို ကြားလိုက်တိုင်း သီရိရဲ့ ခြေလှမ်းတွေ မှားမှားသွားတယ်။ သတိလစ်မသွားအောင် မနည်းထိန်းထားရတယ်။ နောက်ဆုံးမှာ မမမေရဲ့ လက်ထဲကို ဓားကို ထည့်ပေးလိုက်နိုင်တယ်။
မမမေက လက်ထဲက ဓားနဲ့ ဒေါ်မိုးမိုးခိုင်ရဲ့ ရင်ဘတ်နေရာကို စိုက်ချလိုက်တယ်။ ရွှံ့ထဲကို တုတ်တံ ထိုးထည့်လိုက်သလို.. ဓားဦးက ဒေါ်မိုးမိုးခိုင်ရဲ့ ကိုယ်ထဲကို စွပ်ခနဲ ဝင်သွားတယ်။ အောက်က သစ်သားကြမ်းပြင်ကို ဖောက်တယ်။ ဓားရိုး အထိ နစ်ဝင်သွားတယ်။ ဒေါ်မိုးမိုးခိုင်ရဲ့ ခြေတွေလက်တွေ ၀ရုန်းသုန်းကားနဲ့ ရုန်းတယ်။ ကန်တယ်။ အပေါ်ကနေ ဒူးခေါင်းနဲ့ တက်ဖိထားတဲ့ မမမေ.. ယိုင်လဲကျမလို ဖြစ်လာတယ်။
“ပြတင်းပေါက်တွေ ဖွင့်လိုက်”.. မမမေဆီက အမိန့်ပေးသံ ထွက်လာတယ်။
သီရိ ပြတင်းပေါက်ဆီကို ပြေးတယ်။ တုန်ခါနေတဲ့ လက်ချောင်းတွေနဲ့ ပြတင်းတံခါး ချက်ကို ခက်ခက်ခဲခဲ တွန်းတင်တယ်။
ပြတင်းပေါက်ကို တွန်းဖွင့်လိုက်တယ်။
(၁၁)
အိမ်ထဲကို အရှိန်နဲ့ တိုးဝင်လာတဲ့ မနက်ခင်း အလင်းရောင်..။
သီရိ မျက်လုံးတွေ ကျိန်းစပ်သွားပေမယ့်.. ကြောက်စိတ်ကြောင့် အေးစက်နေတဲ့ သူ့ရင်ခွင်..လှိုက်ခနဲ နွေးသွားတယ်။
ငှက်ဆိုးသံလိုလို.. စီခနဲ အသံတစ်သံ။
သီရိ နောက်ကို လှည့်ကြည့်လိုက်တယ်။
နေအလင်းတန်းတွေက ဒေါ်မိုးမိုးခိုင်ရဲ့ ကိုယ်လုံးပေါ်ကို အပြည့်အ၀ လွှမ်းခြုံနေတယ်။
ဒေါ်မိုးမိုးခိုင်ရဲ့ အရေပြားတွေ.. ဆပ်ပြာမြှုပ်လို အမြှုပ်တစီစီ ထလာတယ်။ တရှဲရှဲအသံတွေ ကြားရတယ်။ အငွေ့ဖြူဖြူတွေ အတောမသတ် ထွက်လာတယ်။
မမမေက ဓားရိုးကို အားယူပြီး ဒေါ်မိုးမိုးခိုင်ရဲ့ ကိုယ်လုံးကို ဒူးနဲ့ ဆက်ဖိထားတယ်။ ဒေါ်မိုးမိုးခိုင်ရဲ့ လက်တွေ ကြမ်းပြင်ကို တဝုန်းဝုန်းရိုက်တယ်။ ခြေထောက်တွေနဲ့ လေထဲကို တစ်ချက်ပြီး တစ်ချက် ကန်တယ်။
သူ့ပါးစပ်က အဆက်မပြတ်ထွက်နေတဲ့ ငှက်ဆိုးထိုးသံတွေ..။ တဖြည်းဖြည်း ပါးလျ ပျော်ကျ..သွားတဲ့ ခြေချောင်းတွေ၊ လက်ချောင်းတွေ.. အရေပြားနဲ့ အသားစိုင်တွေ..။ မီးမြှိုက်လိုက်သလို ဝုတ်ခနဲ ကျွမ်းလောင်သွားတဲ့ ဆံပင်အထွေးထွေးတွေ..။
စက္ကန့်ပိုင်းအတွင်းမှာ ဒေါ်မိုးမိုးခိုင်ရဲ့ ကိုယ်ခန္ဓာ ပျောက်ကွယ်သွားတယ်။
အမြှုပ်တစီစီထနေတဲ့ အရည်ဖြူဖြူတွေကလွဲရင် အစအန မကျန်တော့ဘူး။
မမမေက ကြမ်းပြင်မှာ စိုက်ဝင်နေတဲ့ ဓားကို ဆွဲနှုတ်တယ်။ ဓားမှာ ပေကျံနေတဲ့ အရည်တွေကို ခါထုတ်တယ်။ အရည်တွေကလည်း နေရောင်အောက်မှာ တငွေ့ငွေ့ ပျံထွက် ပျောက်ကွယ်နေပြီ။
မမမေက သူ့ကိုယ်သူ ပြန်ငုံ့ကြည့်တယ်။ သူ့ဘောင်းဘီမှာ ပေနေတဲ့ မည်းမည်းအကွက်တွေကလည်း အငွေ့ပျံနေတယ်။
“နင့်မှာ အဝတ်အစား အပိုရှိသလား”..မမမေက သီရိကို မေးတယ်။
+++
အခန်း (၁၆)
-(ရန်နိုင်)-
(၁)
တလှပ်လှပ်ဆာနေတဲ့ ဝေဒနာကို ရန်နိုင် မခံနိုင်တော့ဘူး။
အန်တီထားကလည်း ညကတည်းက ပေါ်မလာ။ အမေနဲ့ မသော်တာလည်း ဘယ်ရောက်နေသလဲ မသိ။ ညတုန်းကတော့ မသော်တာ အခန်းထဲကို ဝင်လာတယ်။ ကလေး ၃ ယောက်ကို ပွေ့ချီပြီး အပေါ်ထပ်ကို ခေါ်သွားတယ်။ “မောင်လေး မနက်ကျမှာ မမပြန်လာခဲ့မယ်။ ဗိုက်ဆာနေပြီလား။ ခဏစောင့်ဦးနော်”..တဲ့ ရန်နိုင့်ကို မှာသွားတယ်။
ဒါဒါကတော့ အိပ်ရာပေါ်မှာ ပက်လက်ကလေး လှဲနေတာ အခုထိ မထသေး။ ဒါဒါက မသော်တာနဲ့ မအိပ်တော့ဘဲ သူ့အခန်းမှာ ပြန်လာအိပ်တဲ့အတွက်.. ရန်နိုင် ပျော်ပါတယ်။ အိပ်ပျော်နေတဲ့ သူ့ညီမလေးကို လှမ်းကြည့်ရင်း နွေးတေးတေး ခံစားချက်တစ်ခု ရန်နိုင့်ကိုယ်ထဲကို စီးဝင်လာတယ်။ ခံစားချက်က ကြာကြာမခံ.. ချက်ခြင်းပဲ ပြန်ပျောက်သွားတယ်။ အေးစက် ဆာလောင်နေတဲ့ ဝေဒနာ ပြန်ရောက်လာတယ်။
ပြတင်းပေါက်ကနေ ကျွံဝင်လာတဲ့ အလင်းတန်းတွေကို မထိမိအောင် သေချာရှောင်ရင်း ရန်နိုင် အိပ်ယာပေါ်ကနေ ဆင်းတယ်။ အလင်းဝင်နိုင်သမျှ အပေါက်တွေကို ပိတ်ဆို့ကာဆီးထားတော့ ရန်နိုင့် အိပ်ခန်းက နေ့မှန်း ညမှန်း မသဲကွဲလောက်အောင် မှောင်မည်းနေတယ်။ ဒါပေမယ့် ရန်နိုင် အမှောင်ကို ပိုသဘောကျတယ်။ အလင်းရောင်ကို မနှစ်မြို့ဘူး။ သူ ဘယ်တုန်းက စပြီး နေ့အလင်းကို ကြောက်သွားတာလဲ.. ရန်နိုင် မမှတ်မိဘူး။ ပြီးတော့.. ရန်နိုင်က အစားအသောက်ကို အဲဒီလောက်ခုံမင်တဲ့ ကလေး တစ်ယောက် မဟုတ်..။ အခုလို အမြဲတစေ ဆာလောင်နေတာကိုလည်း သူ နားမလည်ဘူး။
(၂)
ဧည့်ခန်း တစ်ခုလုံးကလည်း မှောင်မည်းနေတယ်။ ပြတင်းတံခါးတွေ အကုန် ပိတ်ထားတယ်။ တံခါးဘောင်ပေါ်က မှန်ကွက်တွေကို သတင်းစာတွေနဲ့ ပိတ်ကာထားတယ်။
ရန်နိုင် ဧည့်ခန်း မီးလုံးကို ဖွင့်လိုက်တယ်။
ခပ်ပြပြ မီးရောင်ကိုတောင် သူ့မျက်လုံးတွေက မခံနိုင်သလို.. ကျိန်းစပ်နေတယ်။
မသော်တာတို့.. အမေတို့.. အပြင်ကို ဘယ်လိုများ ထွက်ကြသလဲ.. နေရောင်ကို ဘယ်လို ခံနိုင်ကြသလဲ..ရန်နိုင် စဉ်းစားလို့ မရဘူး။
အပေါ်ထပ်က ထွက်လာတဲ့ ခပ်သဲ့သဲ့ စကားသံတွေ..။
ရန်နိုင် လှေကားပေါ်ကို တက်လိုက်တယ်။
(၃)
အပေါ်ထပ် ဧည့်ခန်းရဲ့ မှန်စားပွဲပေါ်မှာ တန်းစီတင်ထားတဲ့ အနှီးသုံးထုပ်။
စားပွဲရှေ့မှာ ရပ်နေတဲ့ မသော်တာ။
မသော်တာဘေးမှာ ရပ်နေတဲ့ အန်တီထား။
လှေကားအတက်နေရာကနေ.. ရပ်ကြည့်နေတဲ့ ရန်နိုင့်ကို သတိမထားမိကြဘူး။
“ကျွန်မကို တစ်ယောက် ပေးပါ”.. မသော်တာက ပြောတယ်။
“မရဘူး”..အန်တီထားက ခေါင်းခါရင်း ပြန်ပြောတယ်။
“ဟိုတစ်ယောက် အခုထိ ပြန်မလာဘူး။ သွားပြီထင်တယ်”.. မသော်တာက ပြောတယ်။
ဘယ်တစ်ယောက်ကို ပြောတာလဲ.. ရန်နိုင်တွေးမိတယ်။ ဒါနဲ့..အမေဘယ်ရောက်နေပါလိမ့်..။
“ဒီတစ်ခါ ကျွန်မ အလှည့်.. ကျွန်မကို တစ်ယောက်ပေးပါ။ ကျွန်မ ဒီပြဿနာကို ရှင်းမယ်။ ကျွန်မ တာဝန်ယူတယ်”.. မသော်တာက ပြောတယ်။ ကလေးတွေကို စိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေက ငတ်မွတ်ခြင်း အပြည့်နဲ့.. အရောင် တလက်လက်တောက်နေတယ်။
“မရဘူးလို့ ငါပြောနေတယ် မဟုတ်လား။ နင် ဘယ်လို ဖြစ်နေတာလဲ”
“ဒီကလေးတွေကို ကျွန်မတို့ သွားခေါ်လာပေးတာ။ ကျွန်မတို့နဲ့ တစ်ဝက်ဆိုင်တယ်”.. မသော်တာက ပက်ခနဲ အော်တယ်။
အန်တီထားရဲ့ လက်တွေ လေပေါ်ကို မြောက်တက်သွားတယ်။
ဖြန်းခနဲ အသံနဲ့အတူ မသော်တာ နှစ်ပတ်သုံးပတ် လည်ထွက်သွားတယ်။ ကြမ်းပြင်ပေါ်ကို ခွေခွေကလေး ပြုတ်ကျတယ်။ လဲကျသွားတဲ့.. မသော်တာ ဆီကနေ ဟီး…ဆိုတဲ့ အသံတစ်ခု ထွက်လာတယ်။ အန်တီထားကို မျက်လုံးပြူးကြီးတွေနဲ့.. ပြန်မော့ကြည့်တယ်။ အန်တီထားရဲ့ မျက်နှာကို မြင်တော့ မသော်တာ အမြီးကုပ်သွားတယ်။ တံတွေးတစ်ချက် မျိုချတယ်။ လဲကျနေရာကနေ ကုန်းရုန်းထတယ်။
“သား.. အပေါ်ထပ်ကို ဘာလာလုပ်တာလဲ။ ဆာနေပြီလား”.. အန်တီထားက ရန်နိုင့်ကို မျက်လုံးအေးအေးတွေနဲ့ ကြည့်ရင်း ပြောတယ်။
+++
အခန်း (၁၇)
-(သီရိ)-
(၁)
လက်ထဲက ဂျင်းဘောင်းဘီအသားကို သေသေချာချာ ပွတ်တိုက်ဆေးကြောနေရင်း သီရိရဲ့ အတွေးတွေ ထူပူထုံထိုင်းနေတယ်။ အခုလို.. အလုပ်လေးဘာလေး လုပ်လိုက်ရတော့ သူ့ရဲ့ ယောက်ယက်ခတ်နေတဲ့ ဝေဒနာ နည်းနည်း သက်သာသွားတာ အမှန်ပဲ။ အိပ်မက်လိုလို တကယ်လိုလို အဖြစ်အပျက်တွေကို ခေါင်းနောက်ထဲကို ပို့လိုက်..။ လျှော်နေတဲ့ အဝတ်အစားပေါ်မှာပဲ အာရုံကို အပြည့်စိုက်..။
“အိမ်တံခါးတွေကို ပိတ်ထား။ ဘယ်သူလာလာ ဖွင့်မပေးနဲ့။ နင်နေမကောင်းဘူးလို့ ညာပြောထားလိုက်”..တဲ့။ မမမေက မှာသွားတယ်။ သူဝတ်ထားတဲ့ ဂျင်းဘောင်းဘီနဲ့ ဂျင်းဂျတ်ကတ်ကို ချွတ်ပြီး သီရိလက်ထဲကို ထည့်တယ်။ “ဒါတွေ လျှော်ပြီး လှန်းထား”..တဲ့။
အခု..မမမေက သီရိရဲ့ အိပ်ယာပေါ်မှာ အိပ်ပျော်နေတယ်။
ဂျင်းဂျက်ကတ်ကို ရေညှစ်နေရင်း သီရိ ပြုံးချင်သလိုလို ဖြစ်သွားတယ်။ မမမေလို.. ပရောဂဆရာမလည်း.. အဝတ်တော့ လဲရသေးတာပါလား…ဆိုပြီး တွေးမိသွားလို့..။ ဒေါ်မိုးမိုးခိုင်ရဲ့ မျက်နှာကို ပြန်မြင်လိုက်မိတော့ သီရိမျက်နှာပေါ်က အပြုံး ပျောက်သွားတယ်။
ဂျက်ကတ်နဲ့ ဘောင်းဘီကို အိမ်နောက်ဖေး အဝတ်တန်းမှာ သေချာလှန်း..၊ အိမ်ထဲကို ပြန်ဝင်လာတော့ နေမွန်းတည့်လုနီးပြီ။
(၂)
“အိပ်လို့ ပျော်ရဲ့လား အစ်မ”.. သီရိ မေးလိုက်တယ်။
မီးဖိုချောင် နံရံကို မှီပြီး ရပ်နေတဲ့ မမမေ.. သီရိမေးခွန်းကို ခေါင်းတစ်ချက် ညိတ်ပြီး ပြန်ဖြေတယ်။
သီရိရဲ့ အဝတ်အစားတွေနဲ့ မမမေ.. ဘယ်လိုမှ အဆင်မပြေ။ သီရိမှာ ဘောင်းဘီရှည် ဆိုလို့ တစ်ထည်မှ မရှိ။ ဘလောက်စ်အင်္ကျီတွေကျတော့လည်း မမမေရဲ့ ကိုယ်လုံးနဲ့ စွပ်လို့တောင်မရ။ သီရိက သေးသေးညှက်ညှက် ပုပုလေးကိုး။ ထမီနဲ့ စကတ်တချို့ကို ထုတ်ပေးတော့လည်း မမမေက နှာခေါင်းရှုံ့ပြီး ခေါင်းခါတယ်။
နောက်ဆုံးမှာ မမမေ လက်လျှော့လိုက်တယ်။ သူဝတ်ထားတဲ့ ဘရာစီယာနဲ့ ဘောင်းဘီတိုနဲ့ ဒီအတိုင်းပဲ နေဖို့ ဆုံးဖြတ်လိုက်တယ်။ တော်ပါသေးတယ်.. မမမေ ဝတ်ထားတဲ့ ဘောင်းဘီတိုက အားကစား ဘောင်းဘီလို ခပ်ကြပ်ကြပ် တိုတို မို့လို့..။ မဟုတ်ရင် သီရိ မျက်နှာ ဘယ်နား ထားရမလဲ သိမှာ မဟုတ်ဘူး။
ဘောင်းဘီအမည်း.. ဘော်လီအမည်း..နဲ့ တင်းရင်းကျစ်လစ်နေတဲ့ မမမေရဲ့ ကိုယ်လုံးကို သီရိ မသိမသာ ခိုးခိုး ကြည့်ရင်း အားကျသလိုလို မျက်နှာပူသလိုလို ဖြစ်နေတယ်။ အောင်မော်သာ အသက်ရှင်လျက် ရှိနေရင်တော့ မျက်လုံးကြီးပြူးပြီး ပါးစပ်အဟောင်းသား ဖြစ်နေတော့မှာ..
မမမေက အသက် ၄၀ ကျော်ပြီလား။ ၅၀ လား။ သီရိ သေချာ မသိဘူး။ ဒါပေမယ့် သီရိ တစ်သက်လုံး အာဟာရပြည့်အောင်စား၊ အားကစားတွေနေ့တိုင်း လုပ်ရင်တောင် ဒီလို ကိုယ်လုံးမျိုး ရပါ့မလား..။ သီရိ သက်ပြင်းတစ်ချက် ခိုးချလိုက်တယ်။ အရာရာ ပျော့ညံ့ အားနွဲ့နေတဲ့ သူ့ကိုယ်သူ အားမလို အားမရ ဖြစ်သွားတယ်။
“ဘာတွေ တွေးနေတာလဲ”.. မမမေက မေးတယ်။
“ဘာမှ မဟုတ်ပါဘူး..အစ်မ.. ဒီလိုပါပဲ”.. သီရိ ပြန်ဖြေလိုက်တယ်။ ဒယ်အိုးထဲက ထမင်းကြမ်းခဲကို ယောက်မနဲ့ ထိုးခြေ..။ ဆီနည်းနည်း ဆားနည်းနည်းထည့်။ ကြက်ဥနှစ်လုံးကို ခေါက်ထည့်။ ခဏအတွင်းမှာ ထမင်းကြော်နံ့က မီးဖိုချောင်ထဲ သင်းပျံ့လာတယ်။
ပန်းကန်ထဲကို ထမင်းကြော်ကို ခူးခပ်ထည့်၊ မမမေကို ကမ်းပေးလိုက်တော့ မမမေက ခေါင်းတစ်ချက် ဆတ်ရင်း လှမ်းယူတယ်။
မမမေရဲ့ လက်မောင်းမှာ ခပ်ရေးရေး ထင်ကျန်နေတဲ့ ဆေးမင်ရုပ်တွေ..။ နဂါးရုပ်လိုလို ဂဠုန်လိုလို.. အတွန့်အတက်တွေ မထင်မရှား ခပ်ပါးပါးပဲ မြင်ရတယ်။
“ဒါတွေက ကြာပါပြီ။ အခု မရှိတော့ဘူး။ မှိန်သွားပြီ”..မမမေက ပြောတယ်။ ထမင်းကြော်ကို ဇွန်းနဲ့ ခပ်ပြီး ပါးစပ်ထဲကို ထည့်ဝါးတယ်။ ကောင်းတယ်..ဆိုတဲ့ ပုံစံနဲ့ လက်မထောင်ပြတယ်။
“ကျွန်မ.. ကျွန်မ မေးချင်တာက”.. သီရိ စကား စလိုက်တယ်။ တကယ်တမ်းကျတော့ မေးခွန်းတွေက သောင်းခြောက်ထောင်။ ဘယ်က ဘယ်လို စရမလဲ မသိ။..“ဒေါ်မိုးမိုးခိုင်.. အဲဒီ.. ဒေါ်မိုးမိုးခိုင်မျက်နှာနဲ့ မကောင်းဆိုးဝါးက ဘယ်လို အကောင်မျိုးလဲဟင်..။ ပြိတ္တာလား.. ဘီလူးလား.. ဘာကြီးလဲ”.. ကိုယ့်ပါးစပ်က ထွက်သွားတဲ့ စကားလုံးတွေကို ကိုယ့်ဘာသာကိုယ် မယုံနိုင်သလို သီရိရဲ့ လျှာဖျားမှာ ထူးဆန်းနေတယ်။ လေးလံနေတယ်။
မမမေကတော့ ဘာမှ မထူးဆန်းသလို.. အေးအေးဆေးဆေးပုံစံမျိုးနဲ့ ခေါင်းတညိတ်ညိတ်လုပ်ရင်း ထမင်းကြော်ကို ဆက်စားနေတယ်။ လေးငါးဇွန်းလောက်နဲ့တင် သူ့ပန်းကန်က ပြောင်သွားတယ်။
ထပ်ထည့်ပေးဦး..ဆိုတဲ့ အမူအရာနဲ့ မမမေက ပန်းကန်ကို ထိုးပေးတယ်။
“အခေါ်အဝေါ်တွေတော့ ငါ မသိဘူး။ သူတို့ နာမည် ဘာဖြစ်ဖြစ် ငါ့အတွက် အရေးမကြီးဘူး”.. မမမေက လက်နှစ်ဖက်ကို ပိုက်ရင်း ပြောတယ်။..“သူတို့ရဲ့ အလေ့အထနဲ့ အမူအကျင့်ကို သိရင် ပြီးတာပဲ။ အရင်တုန်းကတော့ ငါလည်း နာမည်တွေ အခေါ်အဝေါ်တွေ လေ့လာသေးတယ်။ စာအုပ်ထဲ မှတ်တယ်။ ပုံတွေဘာတွေဆွဲပြီး မှတ်တမ်းပြုစုထားတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ အရမ်းများလာတော့ မမှတ်နိုင်တော့ဘူး”
“ဘယ်လို.. အရမ်းများလာလို့ ဟုတ်လား”.. ထမင်းကြော်ပန်းကန်ကို ပြန်ကမ်းပေးရင်း သီရိမေးလိုက်တယ်။ လည်ချောင်း၀မှာ ဆို့လာတဲ့ ကြောက်စိတ်ကို ပြန်မျိုချလိုက်တယ်။ “ဘယ်နှကောင်တောင် ရှိလို့လဲဟင်။ မကောင်းဆိုးဝါးတွေ အဲဒီလောက် များသလား..”
“အင်း”… မမမေက ပြန်ဖြေတယ်။..“ငါ ဒီအသက်အရွယ်အထိ မနားရသေးတာကိုပဲ ကြည့်လေ..။ ထားပါတော့။ နင့်မေးခွန်းကို အရှင်းဆုံး ဖြေရရင်..။ ဒေါ်မိုးမိုးခိုင်တို့.. မြတ်သော်တာထွန်းတို့.. သားအမိက အပုပ်ကောင်ကို ရုပ်ဆောင်နေတယ် ဆိုတဲ့ စကားနဲ့ အတိအကျပဲ။ နှစ်ယောက်စလုံးက သေသွားတာ ကြာပြီ”
“ဪ..”.. အောင်မယ်.. ဪ.. ဆိုပါလား။ “ရှင်”..”ဘယ်လို”.. စတဲ့ အာမေဋိတ်သံတွေ ထွက်မလာတော့တာကိုပဲ သီရိကိုယ်သီရိ ဂုဏ်ယူရတော့မလို..။
“သူတို့ရဲ့ အသက်ဝိဉာဉ်ကို တစ်စုံတစ်ရာနဲ့ အစားထိုး လဲလှယ်ပစ်လိုက်တာ။ မသေဆေးဆိုတာ နင်ကြားဖူးတယ်မဟုတ်လား နန်းထိုက်သီရိ”
“ဟုတ်..”
“အင်း။ ကောင်းတဲ့ အရာမဟုတ်ဘူး။ လူဆိုတာ သေချိန်တန် သေရတာပဲ။ ဒါကို ကြောက်ပြီး ထာ၀ရ ရှင်သန်အောင် နည်းမျိုးစုံနဲ့ လျှောက်လုပ်ရာကနေ.. နင်မနေ့ညက တွေ့လိုက်တဲ့ မကောင်းဆိုးဝါး ဘ၀ကို ရောက်တော့တာပဲ။ ငါ ကြုံခဲ့တဲ့ မကောင်းဆိုးဝါး တော်တော်များများက ပုံစံမတူတာ ရှိမယ်၊ အလေ့အကျင့် မတူတာ ရှိမယ်၊ အပုပ်နံ့ နံတာ.. မနံတာ.. လူရုပ်ထွက်တာ မထွက်တာ.. ကွဲမယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အားလုံးက အတူတူပဲ။ မသေချင်လို့၊ သေရမှာကို ကြောက်လို့ ထွက်ပြေးရင်း.. ဒီတွင်းနက်ထဲ ထိုးကျကုန်တော့တာပဲ”
“ဒါဆို.. ဒေါ်မိုးမိုးခိုင်တို့က ဘယ်တော့မှ မသေတဲ့ သူတွေ ဖြစ်သွားတာပေါ့”.. သီရိ မေးလိုက်တယ်။
“အင်း။ ငါနဲ့ မတွေ့သေးခင်အထိ ဆိုပါတော့”.. မမမေက ရယ်သံ တစ်ဝက်နဲ့ ပြန်ဖြေတယ်။ ပြီးမှ မျက်နှာကို ပြန်တည်တယ်။ “သူတို့ လိုအပ်တဲ့ အရာ.. ရနေသရွေ့ ဘယ်တော့မှ မသေဘူး။ ဟုတ်တယ်”
“ဘယ်အရာကို ပြောတာလဲ”
“ဘာမဆို ဖြစ်နိုင်တယ်”.. မမမေက ပခုံးတွန့်ရင်း ပြန်ဖြေတယ်။ “တချို့က သွေးလိုတယ်။ တချို့ကျတော့ လူတွေရဲ့ ကြောက်စိတ်ကို အာဟာရအဖြစ် စားသုံးတယ်။ တချို့ကျတော့ လူ့ဦးနှောက်ကို ဖောက်စားတယ်။ တချို့ကျတော့.. မွေးကင်းစကလေးတွေကို စားတယ်။ တချို့ကျတော့ အပျိုစင်တွေကို ယဇ်ပူဇော်တယ်.. တချို့ကျတော့..”
သီရိရဲ့ ဖြူဖတ် ဖြူလျော်ဖြစ်သွားတဲ့ မျက်နှာကို ကြည့်ပြီး မမမေက စကားကို ရပ်လိုက်တယ်။
“ထားပါတော့။ အမျိုးစုံပဲ။ ပြောနေရင်း ပြီးမှာ မဟုတ်ဘူး။ အခု မကောင်းဆိုးဝါးကတော့ ရှင်းပါတယ်။ လူ့သွေးနဲ့ အသက်ဆက်နေတဲ့ သတ္တဝါတစ်မျိုးပဲ”
“နေ့တိုင်းကြီး သွေးသောက်နေရတာလား.. ဖြစ်နိုင်ပါ့မလား။ ဒီရွာမှာ သူတို့ ရောက်နေတာ ကြာလှပြီ..။ အဲဒီလို ဆက်တိုက် ဖြစ်နေတယ်ဆိုရင် ကျွန်မတို့ သိမှာပေါ့”
“အင်း.. ဒါကတော့ သက်တမ်းနဲ့လည်း ဆိုင်တယ်။ သက်တမ်းရင့်လာတဲ့အခါ.. သွေးထဲက ရတဲ့ အာဟာရကို သိုလှောင်နိုင်စွမ်းလည်း ကောင်းလာတယ်။ တစ်လတစ်ခါ.. တစ်နှစ်တစ်ခါ.. တစ်ခါတစ်လေကျရင် ငါးနှစ်တစ်ခါ လောက် ဆိုရင်ကို အဆင်ပြေနေတဲ့ အမျိုးအစားတွေလည်း ရှိတယ်။ မြတ်သော်တာထွန်းတို့ မိသားစုက ဘယ်အဆင့် ရောက်နေပြီလဲ ငါသေချာ မသိသေးဘူး။ စုံစမ်းရ ဦးမယ်”
“ဟို.. နေရောင် မခံနိုင်တာ ကျတော့ရော..” .. သီရိ ထပ်မေးလိုက်တယ်။
“အမှောင်ထဲက လာတဲ့ သတ္တဝါမှန်သမျှ အလင်းကို ကြောက်ကြတာပဲ”.. မမမေက ပြန်ဖြေတယ်။ “ဒါ မထူးဆန်းပါဘူး”
“ဒါပေမယ့်.. ဒေါ်မိုးမိုးခိုင်တို့.. မြတ်သော်တာထွန်းတို့က နေ့ခင်းဘက်တွေလည်း အပြင်ထွက်နေတာပဲ..။ မနက်က.. ဘာလို့.. အဲဒီလို ဖြစ်သွားတာလဲ”
“ဟိုမှာ”.. မမမေက အခန်းထောင့်မှာ ထောင်ထားတဲ့ ဓားရှည်ကို မေးငေါ့ပြတယ်။ ကနုတ်အထွေးသားနဲ့ ဓားရှည်ဆီက ရောင်ပြန်အလင်းတွေ.. သက်ရှိသတ္တဝါတစ်ကောင်လို နေရောင်အောက်မှာ တလက်လက် လူးလွန့်နေတယ်..။ ..”သူတို့ဘာသာသူတို့ ဘယ်လိုပဲ အကာအကွယ်တွေ.. အစီအမံတွေနဲ့ လုပ်ထားလုပ်ထား.. ဒီဓားနဲ့ တွေ့ရင် အကုန် ပျက်ပြယ်သွားတယ်။ ရှင်းပြီလား”… မမမေက ပြောရင်းနဲ့ ပျင်းလာသလို တစ်ချက် သမ်းတယ်။
“အစ်မ.. အခု ဘာဆက်လုပ်မှာလဲ.. ကျွန်မရော.. ဘာလုပ်ရမှာလဲ”.. သီရိ မေးလိုက်တယ်။ မမမေ ရှင်းပြတာတွေကို နားထောင်လိုက်တော့ ခေါင်းထဲမှာ ရှင်းသလိုလို ရှိသွားပေမယ့် ရင်ထဲမှာတော့ ပိုပြီး လေးလံလာတယ်။ ကြပ်ခဲလာတယ်။ ဒီကမ္ဘာမှာ မကောင်းဆိုးဝါးတွေ ဒီလောက်တောင် များသလား။ သီရိတို့လို သာမန်လူတွေ.. ဘယ်လို ရင်ဆိုင် ဖြေရှင်းရမှာလဲ..။
“ငါ ဘာဆက်လုပ်မှာလဲဆိုတော့.. အခု ငါ တစ်ရေးထပ်အိပ်လိုက်ဦးမယ်။ နင်က ဘာဆက်လုပ်ရမှာလဲ ဆိုတော့.. ငါ့ အင်္ကျီနဲ့ ဘောင်းဘီ ခြောက်ပြီဆိုရင် သေချာ ခေါက်ပြီး အခန်း၀မှာ ချထားလိုက်”
သူ့ကို ကြောင်တောင်တောင်နဲ့ ကြည့်နေတဲ့ သီရိကို မမမေက စိတ်မရှည်သလို သက်ပြင်းချတယ်။ ပြီးမှ ဆက်ပြောတယ်။
“နင်လည်း နားလိုက်ဦး။ ဘယ်သူလာလာ တံခါး မဖွင့်ပေးနဲ့။ တစ်ခုခုဆို ငါ့ကို နှိုးလိုက်”..မမမေက ပြောရင်းနဲ့ အိပ်ခန်းဘက်ကို လျှောက်သွားတယ်။
“အစ်မ.. ဒီည.. ဒီမှာ အိပ်မှာလားဟင်”.. သီရိ မျှော်လင့်တကြီးနဲ့ မေးလိုက်တယ်။
“အင်း။ ဒါပေမယ့် ညနေဘက်ကျရင်တော့ ရေတွင်းပျက်ဆီ ခဏသွားရမယ်”.. မမမေက ပြောရင်း အိပ်ခန်းထဲကို ဝင်သွားတယ်။
+++
(ဆက်ရန်)