++++++++++++
အခန်း (၁၃)
-(သီရိ)-
(၁)
သီရိ လည်ပင်းထဲမှာ တစ်ခုခု နင်နေသလို တစ်ဆို့ဆို့ကြီးဖြစ်နေတယ်။ အန်ထုတ်လိုက်ချင်ပေမယ့် ဗိုက်ထဲမှာ အစာမရှိ။ ဘာကို ကြောက်လို့ ကြောက်နေမှန်းမသိတဲ့ စိတ်ကြောင့် လက်ဖျားတွေ အေးစက် ကိုက်ခဲလာတယ်။ မသေချာ မရေရာတဲ့ မေးခွန်းတွေ ဝိုင်းဝန်းထိုးနှက်လိုက်တော့ ခေါင်းထဲမှာ မူးဝေလာတယ်။ အဆုံးမရှိတဲ့ တွင်းနက်တစ်ခုထဲ.. ဆက်တိုက်.. ပြုတ်ကျနေသလို ရင်ထဲမှာ တလှပ်လှပ် ဖြစ်နေတယ်။
စောစောက မြင်လိုက်ရတဲ့ မြင်ကွင်းတွေက တကယ် မဖြစ်နိုင်ပါဘူး။ တကယ်..မဟုတ်ဘူး။ မမမေ..ဆိုတဲ့ မိန်းမ ငါ့ကို တစ်ခုခု လုပ်လိုက်တာ။ ဆေးခတ်လိုက်တာ။ စိတ်ညှို့လိုက်တာ..။
ဒါပေမယ့် မြတ်သော်တာထွန်းရဲ့ ရုပ်ပျက်ဆင်းပျက် ပါးစပ်ပေါက်ကြီးကို ဖျတ်ခနဲ ပြန်မြင်ယောင်လိုက်တော့ သီရိရဲ့ သံသယတွေ အခိုးအငွေ့ ပျယ်ချင်ချင် ဖြစ်သွားတယ်။ ပြီးတော့ အောင်မော့် စကားသံ..။ မလုပ်နဲ့.. မလုပ်ပါနဲ့.. သော်တာ..တဲ့။
“နင် ဘာဆက်လုပ်မှာလဲ”..မမမေက မေးတယ်။
“ရှင်..”
“အောင်မော် ဘာကြောင့် သေသွားသလဲ နင်သိပြီမဟုတ်လား။ အဲဒီတော့ နင်အခု ဘာဆက်လုပ်မှာလဲလို့ မေးနေတာ”
“ကျွန်မ.. ကျွန်မက ဘာလုပ်ရမှာလဲဟင်.. ကျွန်မ .. ”
အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ဖြေနေရင်း.. သီရိ အာရုံထဲကို မြတ်သော်တာထွန်းရဲ့ ဟောင်းလောင်းပွင့်နေတဲ့ ပါးစပ်ပေါက်ကြီး ပြန်ဝင်လာပြန်တယ်။ ဟီးခနဲ အသံနဲ့အတူ သော်တာ့ သွားကြားတွေကနေ.. လှိုင်လှိုင်ကြီး လွင့်စင်လာတဲ့ အနံ့ဆိုးတွေ..။
ရင်ခေါင်းထဲကနေ ဆောင့်တက်လာတဲ့ တစ်စုံတစ်ရာကြောင့် သီရိ ထိုင်နေရာကနေ ထပြီး မီးဖိုချောင်ဘက်ကို ပြေးသွားတယ်။ မီးဖိုချောင်းတံခါးကို ဆောင့်တွန်းဖွင့်၊ အပြင်ကို ခေါင်းထုတ်၊ အားရပါးရ အန်ချလိုက်တယ်။ အစာမရှိတဲ့ ဗိုက်ထဲက အချဉ်ရည်နဲ့ လေတွေ သွန်ထွက်လာတယ်။
တံခါးဘောက်ကို ထောက်ထားတဲ့ သီရိ လက်ဖဝါးတွေ ချိနဲ့လာတယ်။ ဒူးတွေယိုင်ပြီး ခွေကျတော့မလို ဖြစ်သွားတယ်။
ကျွတ်.. ဆိုတဲ့ စုပ်သပ်သံနဲ့အတူ.. သီရိရဲ့ ကိုယ်လုံးကို နောက်ကနေ လက်တစ်စုံက ဖမ်းထိန်းပေးလိုက်တယ်။
“ဘာဖြစ်နေတာလဲ။ အဲဒီလောက် မပျော့နဲ့လေ”
နောက်ကနေ သူ့ပခုံးကို ဆွဲထိန်းထားတဲ့ မမမေကို လှည့်ကြည့်ရင်း သီရိ ဘာပြောရမှန်း မသိ ဖြစ်နေတယ်။ အနီးကပ် သေချာမြင်ရတော့မှ.. မမမေရဲ့ မျက်လုံးအောက်က အရေးအကြောင်း တချို့ ပိုပြီး ပီပြင်လာတယ်။ မမမေရဲ့ နှဖူးအစပ်မှာ ဖြူစပြုနေတဲ့ ဆံပင် သုံးလေးမျှင်။ မျက်မှောင်ကြုတ်ထားတဲ့ သူ့မျက်ခုံးတွေပေါ်မှာ လှိုင်းတွန့်ရာ သုံးလေးခု..။ ပြီးတော့ သူ့လည်ပင်းမှာ ကန့်လန့်ဖြတ် ထင်နေတဲ့ အမာရွတ်ကြီး တစ်ခု။
မမမေက သီရိကို အိမ်ထဲကို ပြန်ဆွဲခေါ်တယ်။ နောက်ဖေးတံခါးကို အသာ ဆွဲပိတ်တယ်။
“ရေသောက်လိုက်” .. မမမေက ပြောရင်း မီးဖိုဘေးနားမှာ တင်ထားတဲ့ သောက်ရေသန့်ဘူးကြီးထဲကနေ ရေတစ်ခွက် ငှဲ့ပေးတယ်။ ခွက်ကို သီရိလက်ထဲ ထည့်ပေးတယ်။
သီရိ ရေကို အငမ်းမရ မော့ချလိုက်တယ်။ ခြောက်သယောင်းနေတဲ့ လည်ချောင်းထဲ ရေအေးအေးတချို့ စီးဆင်းကျသွားတော့မှ သီရိ အသက်ရှူသံတွေ ပြန်မှန်လာတယ်။ ပြာဝေနေတဲ့ မြင်ကွင်း နည်းနည်းလေး ကြည်လင်လာတယ်။
မမမေက ရေနောက်တစ်ခွက် ထပ်ခပ်ပေးတယ်။
ရေကို တစ်ငုံချင်း မော့သောက်ရင်း သီရိ အသက်ကို ပြင်းပြင်း ရှူတယ်။ မောဟိုက်နေတဲ့ ရင်ဘတ်ကို လက်နဲ့ အသာဖိတယ်။ မျက်လုံးတွေကို ခဏမှိတ်၊ စိတ်ကို ငြိမ်အောင် စုစည်းတယ်။
မမမေက လက်တွေကို ခပ်တင်းတင်း ပိုက်ထားရင်း သီရိကို ငြိမ်ကြည့်နေတယ်။
တော်တော်လေးကြာမှ.. သီရိ စကားစပြောနိုင်တယ်။
“မြတ်သော်တာထွန်း.. ဘာလို့.. မြတ်သော်တာထွန်းရဲ့ မျက်နှာကို မြင်တာလဲ.. သူနဲ့.. အောင်မော်နဲ့..”.. သီရိ စကားက တစ်ဝက်တစ်ပျက်မှာတင် ရပ်သွားတယ်။ အခုမှ တစ်ခုခုကို စဉ်းစားမိသလို.. “ဟင့်အင်း။ မဖြစ်နိုင်ပါဘူး။ အဓိပ္ပာယ်မရှိဘူး။ အစ်မ ကျွန်မကို ဘာလုပ်လိုက်တာလဲ။ စိတ်ညှို့လိုက်တာလား။ တို့ဆေးနဲ့ တို့လိုက်တာလား။ အစ်မ ဘာသဘောနဲ့.. အဲဒီလို လုပ်တာလဲ.. ဘာလိုချင်လို့လဲ”
မမမေက သက်ပြင်းတစ်ချက်ချတယ်။
“ငါ့မျက်နှာကို သေချာကြည့်စမ်း နန်းထိုက်သီရိ။ ငါ့ရုပ်က လူလိမ်လူညာရုပ် ပေါက်နေသလား”
သီရိ တွေသွားတယ်။ မမမေကို စိုက်ကြည့်ရင်း သူ့ခေါင်းက အလိုလို ခါမိသွားတယ်။ မမမေရဲ့ မျက်နှာမှာ သေချာယုံကြည်ခြင်းနဲ့ သတ္တိအရိပ်အယောင်တွေ ရောယှက် လင်းထိန်နေတယ်။ မုသားနဲ့ သံသယ အခိုးအငွေ့ တစ်စက်မှ မရှိဘူး။
“မြတ်သော်တာထွန်း ဆိုတဲ့ မိန်းမက နင့်မောင်ကို သတ်လိုက်တာ သေချာတယ်။ အဲဒါကို ခေါင်းထဲ အရင် ဝင်အောင် ထည့်လိုက်။ ကျန်တာတွေ ဆက်မပြောခင်.. နင် ဒီအချက်ကို လက်ခံဖို့ လိုတယ်။ ဇဝေဇဝါ ဖြစ်နေတာတွေ ဖျောက်လိုက်။ မယုံကြည်စိတ်တွေ ဘေးဖယ်ထားလိုက်”..မမမေက ပြောရင်းနဲ့ သီရိတို့ရဲ့ မီးဖိုချောင်လေးကို တစ်ချက် ဝေ့ကြည့်တယ်။ ပြတင်းပေါက်နားကို လျှောက်သွားတယ်။ ပြတင်းတံခါးကို တွန်းဖွင့်လိုက်တော့ အပြင်က အလင်းရောင်တွေ မီးဖိုချောင်ထဲကို ဖြာကျလာတယ်။
မမမေက မီးဖိုချောင် နံရံကို မှီတယ်။ သီရိကို စိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေ အဝေးတစ်နေရာကို ရောက်သွားတယ်။
“အဲဒီ မြတ်သော်တာထွန်းတို့ မိသားစုအကြောင်း နင် ဘယ်လောက်သိသလဲ”.. မမမေက မေးတယ်။
အဖြေမရှိတဲ့ မေးခွန်းတွေနဲ့ ပြည့်သိပ်နေတဲ့ သီရိအတွက် .. နောက်ဆုံးမှာ သူဖြေလို့ရတဲ့ မေးခွန်းတစ်ခု ရောက်လာပြီ။ လက်ထဲကရေခွက်ကို ကုန်အောင်မော့သက်၊ ချမ်းစိမ့်စိမ့်ဖြစ်ချင်နေတဲ့ လက်မောင်းတွေကို ဘယ်ညာပွတ်သပ်ရင်း သီရိ ပြန်ဖြေလိုက်တယ်.. “သူတို့က ဒီရွာမှာ ရောက်နေတာ ကြာလှပြီ..။ ကျွန်မ ငယ်ငယ်လေးကတည်းက. မဟာထွန်း အုတ်စက်က မုယောမှာ ရှိနေတာ။ ဆယ့်လေးငါးနှစ်လောက်တောင် ရှိရောပေါ့”
“မြတ်သော်တာထွန်းအကြောင်းကိုရော သိသလောက် ပြောပါဦး”.. မမမေက မေးတယ်။
သီရိ စဉ်းစားကြည့်တယ်။ မြတ်သော်တာထွန်းအကြောင်း သူ ဘာမှ မသိဘူး။ ဟိုတစ်ခါ အသုဘတုန်းက တွေ့လိုက်ရတဲ့ တစ်ခေါက်ရယ်၊ ဖုန်းထဲမှာ စကားပြောလိုက်ရတဲ့ တစ်ကြိမ်ရယ်။ ဒါပဲ။ မြတ်သော်တာထွန်းရဲ့ ရုပ်ရည်ကို ကြည့်ရသလောက်တော့ ကာလသားတွေကြား ရေပန်းစားမယ့် မိန်းကလေး တစ်ယောက်ပါပဲ။ ဒါပေမယ့် သီရိက အပေါင်းအသင်း သိပ်ရှိလှတာမဟုတ်။ အသိအကျွမ်းလည်း နည်းတယ်။ စူးစမ်းလေ့လာမှု အားကလည်း ခပ်တိမ်တိမ်ရယ်။ ကိုယ့်အိမ်နီးနားချင်း သုံးလေးငါးယောက်ကလွဲရင် သီရိနဲ့ သိကျွမ်းခင်မင်တဲ့သူ သိပ်မရှိ။
“ဟင့်အင်း။ ကျွန်မ သူ့ကို သိပ်မသိဘူး။ အစ်မ.. ကျွန်မ မေးတာတွေကိုလည်း ဖြေပါဦး။ အစ်မက ဘယ်သူလဲ.. ဘာလုပ်တာလဲဟင်။ အောင်မော်နဲ့ အစ်မနဲ့ ဘယ်လို ပတ်သက်နေလို့လဲ။ ပြီးတော့ စောစောက ကျွန်မကို ဘာလုပ်လိုက်တာလဲ။ မြတ်သော်တာထွန်းကရော.. ဘယ်လို အညှိုးအတေးတွေရှိနေလို့ ကျွန်မ မောင်လေးကို ဒီလို လုပ်ရ….”
“မြတ်သော်တာထွန်းရဲ့.. လူ့ဘ၀.. သေသွားခဲ့တာ ကြာပြီ”..မမမေက ပြောတယ်။
(၂)
သီရိ ပါးစပ်အဟောင်းသားနဲ့ မမမေကို ကြောင်ကြည့်နေမိတယ်။ ခေါင်းထဲက အချက်ပေး ခေါင်းလောင်းသံတွေ ဆူညံကုန်တယ်။ ဒီအမျိုးသမီး ရူးနေပြီထင်တယ်..။ ဟုတ်တယ်။ ရူးနေလို့ ဒီစကားတွေ သူ့ကို လာပြောနေတာ။ သူ့ဘာသာသာ ဘာပြဿနာတွေရှိသလဲ၊ ဘယ်လို စိတ်ရောဂါတွေ ရှိသလဲ.. သီရိ မသိဘူး။ သီရိ သိတာတစ်ခုကတော့ ဒီမိန်းမ သွက်သွက်ခါ ရူးနေပြီ ဆိုတာပဲ။
မမမေက သီရိရဲ့ ပြူးကြောင်ထွက်နေတဲ့ မျက်လုံးတွေကို ကြည့်ရင်း ဟက်ခနဲ တစ်ချက်ရယ်တယ်။ သူ့ဂျင်းအိတ်ကပ်ထဲက မှတ်စုစာအုပ်ကို ထုတ်တယ်။ တစ်ရွက်နှစ်ရွက် ခပ်သွက်သွက် လှန်တယ်။ ပြီးမှာ စာအုပ်ထဲကို လက်နဲ့ထောက်ပြီး..
“နေဦး။ မပြီးသေးဘူး။ ဒီမှာ.. ထက်ရန်နိုင်ထွန်းနဲ့ မြတ်စန္ဒာထွန်း.. ဟုတ်လား။ အမြွှာမောင်နှမ နှစ်ယောက် ရှိသေးတယ်။ သူတို့နှစ်ယောက်က မွေးစား သားသမီးတွေ”
သီရိ ဘာမှ ဆက်မပြောတော့ဘဲ မီးဖိုချောင်ထဲကနေ လှည့်ထွက် အိမ်ရှေ့ခန်းဆီကို ခပ်သွက်သွက် လျှောက်သွားလိုက်တယ်။ မမမေက နောက်ကနေ တစ်လှမ်းချင်း လိုက်လာတယ်။
“အစ်မ သွားပါတော့။ အစ်မ ဘယ်ကလာသလဲ။ ဘယ်သူလဲ။ ကျွန်မ မသိဘူး။ သိလည်း မသိချင်ဘူး။ အစ်မ လာတဲ့နေရာကို ပြန်ပါတော့။ ကျွန်မကို မဟုတ်တာတွေ လာပြောမနေပါနဲ့”.. အိမ်တံခါး၀ကို လက်ညှိုးထိုးပြရင်း သီရိ လေသံမာမာနဲ့ ပြောလိုက်တယ်။
မမမေက မထုံတက်တေး မျက်နှာနဲ့ပဲ ပြန်စိုက်ကြည့်နေတယ်။
“ကျွန်မကို ဘာလို့ လာနှိပ်စက်နေတာလဲ။ ကျွန်မဆီက ဘာလိုချင်လို့လဲ။ ကျွန်မမှာ ပေးစရာ ဘာမှ မရှိဘူး”.. သီရိ ပိတ်အော်လိုက်တယ်။ အိမ်ရှေ့လမ်းမပေါ်က ၀ူးခနဲ ဖြတ်သွားတဲ့ ကားသံအောက်မှာ သီရိရဲ့ အော်သံက တိမ်ဝင်ပျောက်ကွယ်သွားတယ်။
“နင် ထွက်သွားဆိုလည်း ငါ သွားလိုက်ရုံပဲ။ ဒါပေမယ့် တကယ့်အဖြစ်မှန်ကို နင် ဘယ်တော့မှ သိရမှာ မဟုတ်ဘူး။ အဆင်ပြေသလား”
“ဘာ အဖြစ်မှန်လဲ။ အစ်မ ပြောနေတာတွေ အကုန်လုံး တစ်ခုမှ အဓိပ္ပာယ်မရှိဘူး။ မြတ်သော်တာထွန်းရဲ့ လူ့ဘ၀ သေသွားပြီဆိုတော့ ဘာသဘောလဲ။ သူက သူရဲဖြစ်နေတာလား။ ကျွန်မ အဲဒါတွေ အယုံအကြည် မရှိဘူး။ ပြီးတော့ ဟို အမြွှာမောင်နှမ နှစ်ယောက်က သားသမီး အရင်း မဟုတ်ဘူးဆိုတာ အစ်မ ဘယ်လို သိသလဲ။ အို..သူတို့ ဘာသာသူတို့ သားသမီး အရင်း ဟုတ်ဟုတ်မဟုတ်ဟုတ်.. အဲဒါနဲ့ ကျွန်မ မောင် အောင်မော် သေတာနဲ့ ဘာဆိုင်လဲ။ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ ခေါင်းတွေ မူးလှပြီ။ လူလည်း အဖျားတက်ချင်သလိုလို သေချင်သလိုလို ဖြစ်နေပြီ.. ဘာတွေလဲ”.. သီရိ ပြောရင်းနဲ့ ဟီးခနဲ ငိုချလိုက်တယ်။ လူက အားလျော့သလို ဖြစ်သွားပြီး ကြမ်းပြင်ပေါ်ကို ထိုင်လျက်သား ပုံကျသွားတယ်။
သီရိ ပခုံးပေါ်ကို မမမေရဲ့ လက်တစ်ဖက် ကျလာတယ်။ ဒီတစ်ခါတော့ မမမေရဲ့ လက်တွေက စောစောကလို တင်းမာမနေဘူး။ မမမေက သီရိရဲ့ ပခုံးကို သူ့လက်ချောင်းတွေနဲ့ ခပ်ဖွဖွ ညှစ်တယ်။ သီရိရဲ့ ဘေးမှာ သူလည်း ဝင်ထိုင်တယ်။ ဒီတစ်ခါ စကားပြောတော့ မမမေရဲ့ လေသံက နည်းနည်းလေး ပျော့လာတယ်။
“ဒီမှာကြည့်”.. မမမေက ပြောတယ်။ သူ့လက်ဖဝါးကို သီရိရဲ့ မျက်နှာရှေ့မှာ ထိုးပြတယ်။
မျက်ရည်တွေကြားထဲကနေ သီရိ သူ့လက်ဖဝါးကို ကြည့်လိုက်တယ်။ မမမေရဲ့ လက်ဖဝါးပေါ်မှာ အတန်းလိုက် အတန်းလိုက် ထင်နေတဲ့ အမာရွတ် သေးသေးလေးတွေ။ စောစောက ဓားဒဏ်ရာကတော့ လတ်လတ်ဆတ်ဆတ် အနာမကျက်သေးဘူး။
“လူ့ သွေးဆိုတာ သိပ် တန်ခိုးကြီးတယ်။ ဒါကို အသုံးချတတ်တဲ့ သူတစ်ယောက်အနေနဲ့.. လုပ်လို့ ရတာတွေ အများကြီး။ စောစောက ငါ့လက်ဖဝါးကို ငါ ဓားနဲ့ လှီးတယ်။ စာရွက်ပေါ်က ဖုန်းနံပါတ်ပေါ်ကို သွေးစက် တချို့ ချတယ်။ အဲဒီလို လုပ်လိုက်တဲ့အခါ.. မူရင်း လက်ရေးပိုင်ရှင်နဲ့ ငါနဲ့ ကြားမှာ ဆက်နွယ်မှု တစ်ခု ရသွားတယ်။ လက်ရေး.. နာမည်.. စတဲ့ အရာတွေကလည်း အင်မတန် ခိုင်တဲ့ ကြိုးမျှင်တွေပဲ။ ဒါပေမယ့်.. ”.. မမမေက သီရိဘက်ကို စောင်းငဲ့ ကြည့်တယ်။ ..“ငါတစ်ယောက်တည်းနဲ့ လုပ်လို့ မရတာတွေ ရှိတယ်။ နင်နဲ့ အောင်မော်နဲ့ကြားက ကြိုးက ပိုပြီး ခိုင်တယ်။ မြဲတယ်။ ဒါကြောင့် နင့်လက်ဖဝါးကို ငါ ဟောဒီလို လှမ်းဆွဲလိုက်တယ်”.. မမမေက ပြောရင်းနဲ့ သီရိရဲ့ လက်တစ်ဖက်ကို လှမ်းကိုင်တယ်။ သီရိ မရုန်းဖြစ်ဘူး။ ရှိုက်သံတသဲ့သဲ့ကြားမှာ.. မမမေရဲ့ စကားတွေကို နားထောင်နေမိတယ်။ .. “ဒီတော့ နင်နဲ့ အောင်မော်.. အောင်မော်နဲ့.. မြတ်သော်တာထွန်း..ပြီးတော့ ငါနဲ့ မြတ်သော်တာထွန်း.. အကုန်လုံးရဲ့ ကြားက ချိတ်ဆက်နေတဲ့ အမျှင်တန်းတွေ အသက်ဝင်လာတယ်။ အဲဒီမှာ အောင်မော် မသေခင် နောက်ဆုံး မြင်သွားတဲ့ မြင်ကွင်းကို နင်မြင်လိုက်ရတယ်။ ရှင်းပြီလား..”
သီရိ မမမေကို မျက်လုံး အကြောင်သားနဲ့ လှည့်ကြည့်လိုက်တယ်။ ဟင့်အင်း.. မရှင်းပါဘူး။ နားမလည်ဘူး။ ဘာတွေလဲ။
“ဘာလဲ.. အစ်မက အောက်လမ်း ပညာရှင်လား”.. သီရိ မေးလိုက်တယ်။ သူ့ပါးစပ်က အဲဒီလို ထုတ်ပြောလိုက်ရတာကိုက တစ်မျိုးကြီး ဖြစ်နေတယ်။ နောက်သလို ဖြစ်နေတယ်။
မမမေရဲ့ မျက်နှာက တစ်မျိုးဖြစ်သွားတယ်။ ဒေါသ အရိပ်အယောင်တချို့ သူ့မျက်ဝန်းထဲ ဖြတ်ပြေးသွားတယ်။ ပြီးတော့မှ ဟက်ခနဲ တစ်ချက်ရယ်တယ်။ နှာခေါင်းရှုံ့တယ်။
“ဘာလဲ.. အောက်လမ်း ပညာရှင်။ အောက်လမ်းတွေ အထက်လမ်းတွေ လျှောက်စဉ်းစား မနေနဲ့။ ငါက အောက်လမ်းဆရာမလည်း မဟုတ်ဘူး။ ပရောဂ ဆရာမလည်း မဟုတ်ဘူး။ ဒါပေမယ့်.. ဒီလို မကောင်းဆိုးဝါးတွေ.. သတ္တဝါတွေနဲ့ ငါနဲ့ ရင်းနှီးတယ်။ သူတို့ အကြောင်းကို ငါ ကောင်းကောင်း သိတယ်”
“မကောင်းဆိုးဝါး.. ဟုတ်လား”
“နင့် အာရုံထဲမှာ.. မြင်လိုက်ရတဲ့ မြတ်သော်တာထွန်းရဲ့ မျက်နှာက လူမျက်နှာနဲ့ တူသလား”.. မမမေက လေသံ အေးအေးနဲ့ မေးတယ်။
ကြက်သီး တဖြန်းဖြန်းထလာတဲ့ လက်မောင်း နှစ်ဖက်ကို သီရိ ပွတ်သပ်လိုက်တယ်။ ကျောထဲက ချမ်းစိမ့်စိမ့် ဖြစ်လာတယ်။
“ဟင့်အင်း.. မတူဘူး”.. သီရိ ပြန်ဖြေလိုက်တယ်။
မမမေက ကျေနပ်သွားသလို ခေါင်းညိတ်တယ်။ သူ့ အိတ်ထဲက စာအုပ်ကို နောက်တစ်ခါ ထပ်ထုတ်ပြန်တယ်။ စာအုပ်ထဲမှာ ညှပ်ထားတဲ့ ဓာတ်ပုံတစ်ပုံကို ဆွဲထုတ်တယ်။ သီရိကို ပြတယ်။
ဓာတ်ပုံထဲမှာ ကလေးမလေး တစ်ယောက်။ ဂါဝန် ခပ်နွမ်းနွမ်းလေးနဲ့။ စားပွဲတစ်ခုရှေ့မှာ ရပ်နေတယ်။ မွေးနေ့ပွဲနဲ့ တူတယ်။ ဘေးနားမှာ သူ့ သူငယ်ချင်းလို့ ထင်ရတဲ့ တခြား ကလေးတွေ ဝန်းရံနေကြတယ်။ ထူးခြားတာက ကလေးတွေ အကုန်လုံးက နွမ်းနွမ်းဖတ်ဖတ်လေးတွေ။ သူတို့ရဲ့ မျက်လုံးတွေကလည်း အရောင်မလက် ခပ်မှိန်မှိန်၊ သိမ်ငယ်ရိပ်တွေနဲ့။ စားပွဲပေါ်မှာ တင်ထားတဲ့ ကိတ်မုန့်က သေးသေးနုတ်နုတ်လေး။ ကိတ်မုန့်ပေါ်မှာ စိုက်ထားတဲ့ တစ်တိုင်တည်းသော ဖယောင်းတိုင်။
“သူက ဘယ်သူလဲ..”.. သီရိ မေးလိုက်တယ်။
“သူက ငါ့ သမီး”.. မမမေက ပြောတယ်။
(၃)
သီရိရဲ့ ဧည့်ခန်းလေး အချိန်တော်တော်ကြာ တိတ်ဆိတ်သွားတယ်။
မမမေ ပြတဲ့ ဓာတ်ပုံထဲက ကလေးမလေးကို စိုက်ကြည့်နေရင်း သီရိ ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်နေတယ်။ တော်တော်လေး ကြာမှ-
“ဪ..”.. ဒီတစ်ခွန်းကလွဲပြီး သီရိ ဘာမှ မပြောတတ်ဘူး။
မမမေက ဓာတ်ပုံကို စာအုပ်ထဲ ပြန်ညှပ်တယ်။ ဘာစကားမှ ဆက်မပြောဘဲ ရှေ့ကို စိုက်ကြည့်နေတယ်။
သူ့သမီး ဓာတ်ပုံကို ထုတ်ပြပြီး ဘာလုပ်မလို့လဲ။ သီရိ စဉ်းစားလို့ မရဘူး။ အခု ဖြစ်နေတာတွေနဲ့ ဘယ်လို ပတ်သက်သလဲ..။ ဓာတ်ပုံက တော်တော်ကို အိုဟောင်းနေပြီ။ အခုဆို အဲဒီ ကလေးမလေး အသက်ကြီးရောပေါ့။ သီရိနဲ့ ရွယ်တူပဲလားမသိ။
“အဲဒီ ဓာတ်ပုံက မိဘမဲ့ ဂေဟာမှာ ရိုက်ထားတာ”.. နောက်ဆုံးမှာ မမမေဆီက စကားသံ ထွက်လာတယ်။
“ဒါပေမယ့်.. အစ်မရဲ့ သမီးဆို.. ဘယ်လိုလုပ် မိဘမဲ့ဂေဟာကို ရောက်နေတာလဲ။ အခုရော သူ ဘယ်ရောက်နေတာလဲ”
မမမေက အံကို မသိမသာကြိတ်တယ်။ ခေါင်းကို ခါတယ်။
“သူက သူ့ဘ၀နဲ့ သူ ဖြစ်နေပါပြီ။ ထားပါတော့။ ငါ အဲဒီ ဓာတ်ပုံကို ပြရတဲ့ အကြောင်းရင်းက.. ဟို အမြွှာမောင်နှမ နှစ်ယောက်နဲ့ ပတ်သက်နေလို့”
“ဘယ်လို..”
“သူတို့ နှစ်ယောက်ကလည်း အဲဒီ ဂေဟာကပဲ”.. မမမေက ပြောတယ်။
(၄)
“အကြောင်း အမျိုးမျိုးကြောင့်..”..မမမေက ပြောရင်းနဲ့ သူ့ အင်္ကျီလက်နှစ်ဖက်ကို ခပ်တင်းတင်း ဆွဲချတယ်။ စာအုပ်ကို အိတ်ထဲ ပြန်ထည့်တယ်။.. “ငါ့သမီးကို ဂေဟာမှာ ထားရပေမယ့် ငါ သူ့ကို မကြာခဏ သွားကြည့်ခဲ့ပါတယ်။ တစ်နှစ်ကို တစ်ခေါက်တော့ ရောက်အောင် မရမက သွားတယ်။ သူကတော့ ငါလာတာကို မသိဘူးပေါ့လေ”
မမမေကို သီရိ ပါးစပ်အဟောင်းသားနဲ့ ကြည့်နေမိတယ်။ ဘယ်ကစလို့ ဘယ်မှာ ဆုံးမယ်မှန်းမသိတဲ့ ဇာတ်လမ်းကို သူ ဘာလို့ နားထောင်နေရတာလဲ..။ မမမေက သီရိကို ရှိတယ်လို့တောင် သဘောမထားဘဲ စကားကို ဆက်တိုက်ပြောတယ်။
“သူ့နာမည်က သူဇာလွင်..တဲ့။ ငါပေးတဲ့ နာမည် မဟုတ်ပါဘူး။ ငါ့မှာ နာမည်ပေးခွင့်လည်း မရှိဘူးလေ။ ဂေဟာက လူတွေ ပေးထားတဲ့ နာမည်ပါ။ လှပါတယ်။ ထားပါတော့..။ ဒီလိုနဲ့.. သူ့ကို ငါ နှစ်တိုင်း သွားကြည့်တယ်။ မမြင်ကွယ်ရာကနေ အကဲခတ်တယ်..။ သူ အသက် ၁၉ နှစ်ပြည့်လို့၊ အပျိုကြီး လုံးလုံးဖြစ်လို့.. ဂေဟာကနေ ထွက်၊ ကိုယ်ပိုင် အလုပ်တွေ ဘာတွေရသွားတဲ့အထိ.. ငါ အဲဒီ ဂေဟာကို ဆက်တိုက် ရောက်ဖြစ်တယ်”
“အဲဒါနဲ့..”
“နေဦး။ မပြီးသေးဘူး”..မမမေက လက်ကာပြတယ်။..“အဲဒီဂေဟာမှာ.. ဟို မောင်နှမ နှစ်ယောက်ကို ငါ တွေ့ဖူးတာပဲ”
“ထက်ရန်နိုင်ထွန်း တို့ကို ပြောတာလား”
မမမေက ခေါင်းညိတ်တယ်။
“အင်း။ ငါ့သမီး ၁၆ နှစ်အရွယ်လောက် ရောက်တော့မှ အဲဒီ မောင်နှမ နှစ်ယောက် ဂေဟာကို ရောက်လာတာ။ အဲဒီတုန်းကတော့ သူတို့မှာ နာမည်တွေ ဘာတွေ မရှိသေးဘူး။ ဒီအတိုင်း လာပစ်သွားတဲ့.. မွေးကင်းစ ကလေးလေးတွေကိုး။ နှစ်ယောက်စလုံးက ဖြူဖြူ သန့်သန့် ကလေးလေးတွေ ဖြစ်နေလို့ ငါလည်း ပိုပြီး သတိထားမိသွားတာ။ ထားပါတော့။ တစ်နှစ်ကျတော့ အဲဒီ ကလေးနှစ်ယောက် ဂေဟာမှာ မရှိတော့ဘူး”
“မွေးစားခံလိုက်ရတာပေါ့”
“မဟုတ်ဘူး။ ပျောက်သွားတာ”.. မမမေက ပြောတယ်။
(၅)
“ဟင်”
အခုထိ ပါးစပ် ဟောင်းလောင်းပွင့်နေသေးတဲ့ သီရိ။
နံရံကို စိုက်ငေးနေတဲ့ မမမေ။
အပြင်က တစ်ချက်တစ်ချက် ဝင်လာတဲ့ ဟွန်းသံ၊ လူသံတွေကလွဲရင် သီရိရဲ့ ဧည့်ခန်းလေးက အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်နေတယ်။
“မိဘမဲ့ ဂေဟာက ကလေးကို ဘယ်သူက ခိုးမှာလဲဟင်။ ဘာလုပ်ဖို့လဲ။ မွေးစားချင်ရင် တရားဝင် မွေးစားလို့ ရနေတာပဲ..”.. သီရိ ပြောလိုက်တယ်။
“နင် မသိတဲ့ အရာတွေ အများကြီး ရှိသေးတယ် နန်းထိုက်သီရိ”.. မမမေက ပြောတယ်။..“ထားပါတော့။ ဇာတ်လမ်းကို အတိုချုပ်ပြောရရင် အဲဒီ ကလေးနှစ်ယောက် ပျောက်တဲ့ ပြဿနာကနေ ငါ တောက်လျှောက် စုံစမ်း လိုက်ရှာတာ.. ၄ နှစ်လောက်ကျတော့မှ တရားခံကို တွေ့တာပဲ”
“အစ်မနဲ့ အဲဒီကလေး နှစ်ယောက်နဲ့ ဘာဆိုင်လို့ လိုက်ရှာတာလဲ”.. သီရိ မေးလိုက်တယ်။
မမမေက သူ့ကို မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်တယ်။ အဓိပ္ပာယ်မရှိတဲ့ မေးခွန်းတစ်ခုကို ကြားလိုက်ရတဲ့ မျက်နှာမျိုး။
“အခု နင့်မောင် အောင်မော် သေတာရော.. ငါနဲ့ ဘာဆိုင်လို့လဲ။ ဒါပေမယ့် ငါ အခု ဒီရွာကို ရောက်နေတယ် မဟုတ်လား။ ကိုယ်နဲ့ မဆိုင်တိုင်း ကိုယ့်အလုပ် မဟုတ်ဘူးလို့ သတ်မှတ်လို့ ရသလား”.. မမမေရဲ့ လေသံက နည်းနည်း ပြန်မာလာတယ်။
“ဒါဆို.. ကလေးတွေကို ခိုးသွားတာ သူတို့ မိသားစုဆိုတာ အစ်မက ဘယ်လို သိသလဲ”
မမမေက ဂျင်းဂျက်ကတ်အောက်က ညာလက်မောင်းကို လက်ဖဝါးနဲ့ မသိမသာ ဆုပ်ကိုင်တယ်။
“ဒီဇာတ်လမ်းကို ဒီမှာပဲ ခဏရပ်မယ်။ ငါ့မှာ လုပ်စရာတချို့ ရှိသေးတယ်”.. မမမေက ပြောရင်းနဲ့ မတ်တပ်ထရပ်တယ်။
သီရိ ပျာပျာသလဲလဲနဲ့ ကုန်းရုန်းပြီး ထတယ်။
“ကျွန်မက ဘာဆက်လုပ်ရမှာလဲ။ အစ်မ ပြောတာတွေ နားထောင်လိုက်ရတာ ကျွန်မ အတွက် ဘာမှ ရှင်းမသွားဘူး။ ပိုတောင် ရှုပ်သွားသေးတယ်”.. သီရိ မေးလိုက်တယ်။
“နင် ဟို ကလေးအမေနားမှာ နေပေးချင်တယ် မဟုတ်လား။ သွားနေလေ။ ဒါပေမယ့် ညဘက်ကျရင်တော့ ကိုယ့်အိမ်ကိုယ် ပြန်အိပ်ပါ။ အဲဒါ တစ်ခုပဲ ငါသေချာ မှာချင်တယ်။ ဟိုဘက်အိမ်မှာ လုံး၀ မအိပ်ပါနဲ့။ မမေ့နဲ့နော်..။ မမေ့နဲ့”.. မမမေက ပြောတယ်။
“အစ်မက ဘယ်သွားမလို့လဲ”
“ဘုန်းကြီးကျောင်း”.. မမမေက ခပ်ပြတ်ပြတ် ပြန်ဖြေတယ်။ သီရိ ထပ်မေးမယ့် မေးခွန်းကို မစောင့်ဘဲ အပြင်ကို ထွက်သွားတယ်။
သီရိ မျက်လုံး အဝိုင်းသား၊ ပါးစပ် အဟောင်းသားနဲ့ ကျန်ခဲ့တယ်။
+++
အခန်း (၁၄)
-(ရန်နိုင်)-
ညနေစောင်းပြီ။
တရုတ်ရုတ် ပျောက်ကွယ်သွားတဲ့ နေရောင်ခြည်နဲ့အတူ.. ရန်နိုင့် အိပ်ခန်းက အပူရှိန် လျော့လာတယ်။ ရန်နိုင့် ကိုယ်ခန္ဒာကတော့ အပူအအေးကို မခွဲတတ်တော့ဘူး။ တစ်ကိုယ်လုံးက အရေပြားတွေ၊ အကြောအချင်တွေ အားလုံး အသက်မရှိတော့သလို ထုံထုံကြီး ဖြစ်နေတယ်။ ဗိုက်ထဲက တလှပ်လှပ်ဆာနေတဲ့ ဝေဒနာ တစ်ခုကလွဲရင် ရန်နိုင့်မှာ တခြား ခံစားချက်ဆိုတာ မရှိတော့။
ကုတင်ပေါ်မှာ ဆောင့်ကြောင့် ထိုင်နေမိတာ တစ်နာရီလောက် ရှိသွားပြီလား.. ရန်နိုင် မသိဘူး။ အချိန်ကို ခန့်မှန်းတတ်တဲ့ စွမ်းရည်လည်း သူ့မှာ မရှိတော့ဘူး။ တစ်ရက်တစ်ရက် လင်းလိုက်၊ မှောင်လိုက် ပြောင်းလဲသွားတဲ့ နေ့နဲ့ ည.. ဒီနှစ်ခုကိုပဲ သူသိတယ်။
ပျော်နေတဲ့ ခံစားချက်က ငုပ်လိုက် ပေါ်လိုက်နဲ့ ကနာမငြိမ်ဘူး။ နေ့ခင်းတုန်းက အမေ၊ မသော်တာနဲ့ အန်တီထားတို့ ဧည့်ခန်းထဲမှာ ဝုန်းဒိုင်းကြဲ ဆူညံ ရန်ဖြစ်နေကြတာတွေကိုတော့ ရန်နိုင် ရေးရေး မှတ်မိတယ်။ မှတ်ဉာဏ်တွေကို သိုလှောင်လို့ မရတော့တာလား မသိ.. ရန်နိုင့်ဦးနှောက်က ဘာကိုမှ သေချာ သတိမရဘူး ဖြစ်နေတယ်။ အနီရောင် ရဲရဲတောက်နေတဲ့ အရည်တွေကိုတော့ ရန်နိုင် မျက်လုံး မှိတ်လိုက်တိုင်း မြင်နေရတယ်။ အဲဒီ အရည်တွေရဲ့ အရသာကိုတော့ သူ သေချာ မှတ်မိတယ်။ အဲဒီ အရည်တွေက ပေးတဲ့ ပျော်ရွှင်ခြင်းတွေကိုလည်း သူ အလွတ်ရတယ်။ သတိရတယ်..
“နင့်ပြဿနာကို ငါ အခု ရှင်းရတော့မယ်။ နင်စောက်သုံးမကျလို့ ဖြစ်တာ။ ကိုယ့်ကိုယ်ကိုယ် ဘာထင်နေသလဲ”..
“ကျွန်မ ပြဿနာ ကျွန်မ ရှင်းမယ်။ ရှင်ဝင်ပါစရာ မလိုဘူး..”
အခန်းပြင်ကနေ စိမ့်ဝင်လာတဲ့ အသံအုပ်အုပ်တွေ..။
ရန်နိုင် နားနှစ်ဖက်ကို လက်နဲ့ ပိတ်လိုက်တယ်။ ထူအူနေတဲ့ အသံလုံးလုံးတွေ ခေါင်းထဲမှာ ပဲ့တင်ရိုက်နေတယ်။ အန်တီထား.. သူ့ကို ညစာ လာမကျွေးသေးဘူးလား..။ ရန်နိုင် တောင့်တမိတယ်။
ကြိုးတုပ်ခံထားရတဲ့ အဒေါ်ကြီးရဲ့ မျက်နှာ.. ရန်နိုင့် အာရုံထဲကို ဖျတ်ခနဲ ဝင်လာတယ်။
ရန်နိုင် မျက်လုံးတွေကိုပါ မှိတ်လိုက်တယ်။
မသိဘူး။ မသိချင်ဘူး။
ခပ်လှမ်းလှမ်း စားပွဲပေါ်မှာ စီတန်းပြီး တင်ထားတဲ့ အနှီးထုပ် ၃ ထုပ်ဆီကနေ တအဲ့အဲ့ အသံလေးတွေ ထွက်လာတယ်။
+++
အခန်း (၁၅)
– (သီရိ) –
(၁)
သီရိ အိပ်မပျော်ဘူး။
မျက်လုံးတွေ ပြူးကြောင်နေတယ်။ မျက်နှာကြက်က မီးရောင်ကို စိုက်ကြည့်နေရင်း မျက်ရည်ပူတွေ ဝဲလာတယ်။
ဒီနေ့တစ်ရက်လုံး ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေက သီရိအတွက် ထိန်းမနိုင် သိမ်းမရ ဖြစ်လွန်းနေတယ်။ လေးလံကြီးမားလွန်းနေတယ်။ မသက်သက်မျိုးကလည်း တစ်ရက်လုံး ငို၊ တစ်ညလုံး ဆက်ငို..။ သီရိ သူ့ကို နှုတ်ဆက်ပြီး ပြန်လာတဲ့အထိ အငို မရပ်သေးဘူး။ ကလေးတွေရဲ့ သတင်းလည်း အစအန မကြားရ။
မမမေ ဆိုတဲ့ အမျိုးသမီး ရောက်လာမှ သီရိရဲ့ နကိုကတည်းက ယိုင်နဲ့နေတဲ့ ဘ၀က ပိုလို့တောင် ရမ်းခါလှုပ်ခတ်သွားတယ်။ အဖြေမရှိတဲ့ မေးခွန်းတွေ အားပိုကောင်းလာတယ်။
မကောင်းဆိုးဝါး..တဲ့။ မမမေက ပြောတယ်။
သီရိက ဘုရားနဲ့ တရားနဲ့ နေတဲ့သူပါ။ ကောင်းတဲ့ အရာတွေ ရှိရင်.. မကောင်းတဲ့ အရာတွေလည်း ဒွန်တွဲနေမှာပဲ..။ မကောင်းဆိုးဝါးဆိုတာကို သီရိ ယုံပါတယ်။ ဒါပေမယ့်.. ကိုယ်နဲ့ တိုက်ရိုက်ကြီး လာပတ်သက်နေမယ် ဆိုရင်တော့ ဘယ်သူက ယုံနိုင်မလဲ။ အဝေးမှာ သူ့ဘာသာသူ ရှိနေတဲ့ လောကတစ်ခု.. ကိုယ့်အနားကို ရုတ်ခနဲ ရောက်လာမယ်ဆိုရင် လူတိုင်းက.. ဪ.. ဟုတ်သားပဲ ဆိုပြီး လက်ခံနိုင်မလား။
သီရိက ငယ်ကတည်းက ဘာသာရေး ကိုင်းရှိုင်းခဲ့တယ်။ ဘယ်လောက်ပဲ မပြေလည်သည် ဖြစ်စေ..အိမ်ရဲ့ ဘုရားစင်မှာ ပန်းတွေ မပြတ်စေရဘူး။ ဒါပေမယ့် အောင်မော် ဆုံးပြီး နောက်ပိုင်းမှာတော့ ဘုရားတရားဘက် အာရုံ မရောက်ဖြစ်ဘူး။ ဘုရားပန်းတောင် အသစ် ဝယ်မကပ်ဖြစ်တာ ကြာပေါ့။ ဒီညလည်း ဘုရား ရှိခိုးဖို့ သတိမရ။
သီရိ သက်ပြင်းချလိုက်တယ်။
အိပ်ရာထဲကနေ ထတယ်။
နာရီကို ကြည့်လိုက်တော့ ၁၁ နာရီ။
(၂)
ညှိုးနွမ်းခြောက်ကပ်နေတဲ့ ဘုရားပန်းတွေကို ကြည့်ရင်း သီရိ တော်တော်လေး စိတ်မကောင်း ဖြစ်သွားတယ်။ ငါ့ဘ၀ကလည်း.. ပရောဂ ဆရာမ ရောက်လာတဲ့ နေ့ကျမှ ဘုရားတရားလုပ်ဖို့ သတိရသလို ဖြစ်နေပြီ.. ဆိုပြီး တွေးမိတယ်။
သီရိတို့ အိမ်ရဲ့ ဘုရားစင်က သုံးထပ်သားပြားတွေ ပူးပြီး ကပ်ရိုက်ထားတဲ့ ခပ်သေးသေး စင်လေးပါ။ သီရိရဲ့ အရပ်နဲ့ဆိုရင် ဒီတိုင်း မမှီတော့ ခုံခုပြီး ဘုရားပန်းလဲရတယ်။ သောက်တော်ရေခွက်တွေကိုတော့ ခြေဖျားထောက်ပြီး လှမ်းယူလို့ ရတယ်။
သီရိ.. သောက်တော်ရေခွက် နှစ်ခွက်ကို လှမ်းယူပြီး နောက်ဖေးကို ထွက်လာလိုက်တယ်။
(၃)
နေ့ခင်းဘက်တွေမှာ ကားသံ လူသံတွေ ဆူညံနေတတ်တဲ့ မုယောရွာက ညဘက်ကျရင်တော့ အံ့ဩဖို့ ကောင်းလောက်အောင် တိတ်ဆိတ်နေတတ်တယ်။ အတက်အဆင်းများတဲ့ မုယောရဲ့ လမ်းကွေ့တွေကြောင့် ညဘက်ဆိုရင် ကားအသွားအလာ မရှိသလောက် ဖြစ်သွားတယ်။
မီးဖိုချောင် မီးခလုတ်ကို ဖွင့်လိုက်တော့ ထောက်ခနဲ အသံပဲ မြည်သွားတယ်။
မီးလင်းမလာဘူး။
သီရိ သက်ပြင်းချလိုက်တယ်။ ဒီ မီးခလုတ်က ပျက်ပြန်ပြီ။ ဒါမှမဟုတ် မီးလုံးများ ကျွမ်းသွားတာလား။ မီးလုံး ကျွမ်းတာလောက်ဆိုရင်တော့ သီရိဘာသာသီရိ နောက်ရက်မှ လဲလိုက်လို့ ရတယ်။ မီးခလုတ် ပျက်တာ.. ဒါမှမဟုတ် ဝါယာကြိုး ပျက်တာဆိုရင်တော့ ဒုက္ခပဲ။ ပိုက်ဆံ မရှိရတဲ့ ကြားထဲ.. ဦးလေးသောင်းကို ခေါ်ခိုင်းရဦးမယ်ဆိုရင် ပြဿနာ။ ပြီးတော့ ဦးလေးသောင်းက တစ်ချိန်လုံး မူးနေတာ.. သီရိ တစ်ယောက်တည်း နေတဲ့ အိမ်ထဲ သူ့ကို ဘယ်လိုခေါ်..
ဒုန်းခနဲ အသံကြောင့် သီရိ လန့်ပြီး ခုန်လိုက်မိတယ်။
လက်ထဲက သောက်တော်ရေခွက် လွတ်ကျသွားပြီး ကြမ်းပေါ်ကို ဒေါင်ခနဲ ပြုတ်ကျတယ်။
နေ့လယ်ကတည်းက မပိတ်ထားမိတဲ့ ပြတင်းပေါက်၊ လေတိုးပြီး ဆောင့်ပိတ်သွားတဲ့ အသံ။
သီရိ စိတ်တိုတိုနဲ့ တောက်ခေါက်လိုက်မိတယ်။ တောက်ခေါက်သံက ပီပီပြင်ပြင်မထွက်ဘဲ တက်…ဆိုတဲ့ အသံပဲ ထွက်လာတယ်။
ဧည့်ခန်းဘက်က လာတဲ့ အလင်းရောင် မှုန်ပြပြကြောင့် အနီးအနားကိုတော့ မြင်နေရသေးတယ်။ သီရိ ပြတင်းပေါက်နားကို လျှောက်သွားတယ်။ တံခါးချက်ကို သေချာချတယ်။
ကြမ်းပြင်မှာ လိမ့်ထွက်သွားတဲ့ သောက်တော်ရေခွက်တွေကို လေးဘက်ထောက်ပြီး လိုက်ရှာတယ်။
ဟန်းဖုန်း ယူမလာမိတဲ့အတွက် တော်တော်လေး နောင်တ ရသွားတယ်။ မီးရောင်က ကြမ်းပြင်အထိ မရောက်တော့ အောက်ဘက်မှာ မှောင်မည်းနေတယ်။
ဟော.. တွေ့ပြီ။ လက်ထဲမှာ စမ်းမိတဲ့ ခွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်၊ မတ်တပ်ထရပ်မယ် အလုပ်မှာ နှာခေါင်းထဲ တိုးဝင်လာတဲ့ အနံ့တစ်ခုကြောင့် သီရိ ဆတ်ခနဲ ဖြစ်သွားတယ်။
မြတ်သော်တာထွန်းရဲ့ ဟောင်းလောင်းပွင့်နေတဲ့ ပါးစပ်..၊ အဲဒီပါးစပ်ထဲက တိုးထွက်လာတဲ့ အပုပ်နံ့.. သော်တာ.. သော်တာ.. မလုပ်နဲ့.. ဆိုတဲ့ အောင်မော့် အသံတွေ..။
သီရိ ခေါင်းကို ခပ်နာနာ ခါလိုက်တယ်။
နင်ဘာတွေ ကြောက်နေတာလဲ။
အဓိပ္ပာယ်မရှိတာတွေ။
ကြွက်သေကောင်ပုပ်နေမှာပါ..။
ဟုတ်တယ်..။ သီရိတို့ အိမ်ရဲ့ နောက်ဖေးမှာ အိမ်သာ သုံးလေးလုံး တန်းစီ ဆောက်ထားတဲ့ တန်းလျား ရှိတယ်။ ဒီအိမ်သာတွေကိုပဲ အိမ်တန်း တစ်ခုလုံးက မျှသုံးကြတာ။ တစ်ခါတစ်လေကျရင် အညစ်အကြေးအနံ့တွေ.. အပုပ်နံ့တွေ ထွက်လာတတ်တယ်။ အိမ်သာရဲ့ နောက်ဖက် ချုံတော အစပ်မှာဆိုရင် ကြွက်တွေ ဖွေးဖွေးလှုပ် အုံနေတတ်တယ်။
ပန်းကန်ဆေးတဲ့နေရာကို သီရိ လျှောက်သွားတယ်။ ပလက်စတစ်ပုံးထဲက ရေတချို့ကို လက်ခုပ်နဲ့ ခပ်တယ်။ သောက်တော်ရေခွက်ကို ရေနဲ့ သေချာဆေးရင်း.. သီရိ ကြောက်စိတ်ကို မျိုချလိုက်တယ်။
ဘာမဟုတ်တာလေးနဲ့ ကြောက်နေလို့ မဖြစ်ဘူး။ နင်တစ်ယောက်တည်း.. ဒီလောကမှာ နင်တစ်ယောက်တည်း ရှိတော့တာ။ နန်းထိုက်သီရိ.. နင် သတ္တိရှိမှ..ဖြစ်..
ဒုန်းခနဲ အသံနဲ့အတူ နောက်ဖေးတံခါး ပွင့်ထွက်သွားတယ်။
အထဲကို လှမ်းဝင်လာတဲ့ ခြေထောက် တစ်စုံ။
(၄)
ငယ်သံပါအောင် အော်လိုက်တဲ့ သီရိရဲ့ အသံ.. အပြင်ကို ထွက်မလာဘူး။ လည်ပင်းအ၀မှာ တစ်ပြီး ဆို့နေတယ်။ ရုတ်တရက် ရပ်တန့်သွားတဲ့ နှလုံးခုန်သံနဲ့ အတူ.. သီရိ တစ်ကိုယ်လုံး အေးခဲသွားတယ်။
တံခါးကနေ လှမ်းဝင်လာတဲ့ သတ္တဝါ.. သီရိဘက်ကို လှည့်ကြည့်တယ်။
(၅)
အမှောင်ထဲမှာ.. သူ့မျက်လုံးတွေကို ဘယ်လို မြင်နေရသလဲ သီရိ နားမလည်ဘူး။ သူ့ကို တည့်တည့်ကြီး စိုက်ကြည့်နေတဲ့ အကြည့်ထဲမှာ လူသားဆန်ခြင်းတွေ တစ်စက်မှ မရှိ၊ သားရဲ စိတ်ဓာတ် အပြည့်နဲ့ မုန်းတီး ခါးသက်နေတဲ့ အငွေ့အသက်တွေ ပါနေတာကို သီရိ ခံစားလို့ ရနေတယ်။
အဝတ်အစား မပါတဲ့.. သူ့ ကိုယ်ခန္ဒာရဲ့ အရေပြားတွေက ကားကြိတ်ခံထားရတဲ့ အသေကောင်တစ်ကောင်လို ပြဲစုတ် ဖွာလန်ကြဲနေတယ်။ ရင်အုံနေရာမှာ အသားတွေ လုံးထွေးပြီး ဘုလုံးကြီးဖြစ်နေတယ်။ တချို့နေရာတွေမှာ အသားစိုင်တွေ လုံး၀မရှိ၊ ဟောင်းလောင်းကြီးဖြစ်နေတယ်။ အထဲက အရိုးတွေကို အဖွေးသား မြင်နေရတယ်။ ခေါင်းပေါ်က တွဲလောင်းကျနေတဲ့ ဆံပင်တချို့။ ငေါထွက်နေတဲ့ ပခုံးသားတွေ။
သူ့ကိုယ်ကနေ လျှံထွက်နေတဲ့ အနံဆိုးတွေ တစ်ခန်းလုံးကို လွှမ်းသွားတယ်။
လည်ပင်းအ၀မှာ တစ်နေတဲ့ သီရိရဲ့ အော်သံ.. အပြင်ကို ထွက်လုဆဲဆဲမှာ
အဲဒီ သတ္တဝါရဲ့ ပါးစပ် ဟက်ခနဲ ဟသွားတယ်။
အထဲက တန်းစီနေတဲ့ သွားဖွေးဖွေးတွေကို သီရိ မှတ်မိတယ်။
မြတ်သော်တာထွန်း.. မြတ်သော်တာထွန်းရဲ့ သွားတွေ။
သတ္တဝါက သီရိဆီကို တစ်လှမ်းချင်း လျှောက်လာတယ်။
ချောင်ပိတ်မိနေတဲ့ ကြွက်တစ်ကောင်ဆီကို စိမ်ပြေနပြေ လျှောက်လာတဲ့ ကြောင်ဆိုးတစ်ကောင်ရဲ့ ခပ်နှေးနှေး ခြေလှမ်းတွေ။
သူ့ကိုယ်ခန္ဒာရဲ့ အရွတ်အရွဲတွေက ခြေလှမ်း လှမ်းလိုက်တိုင်း တဗျစ်ဗျစ်မြည်နေတယ်။ စိုက်ကြည့်နေတဲ့ မျက်လုံးတွေ သီရိနဲ့ နီးသထက် နီးလာတယ်။ ပါးစပ်ထဲက အပုပ်နံ့တွေ အရှိန်ပိုကောင်းလာတယ်။
သီရိ နောက်ကို ဆုတ်ဖို့ ကြိုးစားတယ်။ အခန်းနံရံနဲ့ ကျောနဲ့ ကပ်လုနီးနီး ဖြစ်နေပြီ။ ပြေးစရာ မြေ မရှိတော့ဘူး။
“ဟေး”
ပွင့်နေတဲ့ တံခါး၀ကနေ ထွက်လာတဲ့ အသံ။
သတ္တဝါရဲ့ ခြေလှမ်းတွေ ရပ်သွားတယ်။
ဟီး..ဆိုတဲ့ အသံဆိုးကြီးနဲ့ အတူ မာန်ဖီတယ်။ အသံလာရာ နောက်ကို လှည့်ကြည့်တယ်။
ရုတ်တရက်.. တစ်ခုခု လောင်ကျွမ်း သွားသလို.. ရှဲခနဲ အသံတွေ ထွက်လာတယ်။ ရေစက်တချို့.. သတ္တဝါရဲ့ ပခုံးကို ကျော်ပြီး သီရိမျက်နှာကို လာစင်တယ်။
လက်ခနဲ လက်သွားတဲ့ အလင်းရောင် တစ်ခု။
အလယ်က ဖြတ်ပိုင်းခံလိုက်ရတဲ့ ငှက်ပျောတုံးလို သတ္တဝါရဲ့ ကိုယ်လုံး ကြမ်းပေါ်ကို ဘုန်းခနဲ ပြုတ်ကျတယ်။ သူ့ကိုယ်ထဲက ပန်းထွက်လာတဲ့ အပုပ်ရည်တွေ ကြမ်းပြင်မှာ မည်းနက်သွားတယ်။
အသက်ငင်နေတဲ့ ငါးတစ်ကောင်လို ကြမ်းပေါ်မှာ ထွန့်ထွန့်လူးနေတဲ့ သတ္တဝါကို ငေးကြည့်နေရင်း သီရိ အသံကုန်ဟစ်အော်ချင်နေတဲ့ သူ့ပါးစပ်သူ လက်နဲ့ အလိုလို ပိတ်လိုက်မိတယ်။ သတိလစ်ချင်နေတဲ့ စိတ်ကို မနည်း ထိန်းထားရတယ်။
“နင့်အိမ်ထဲမှာ အုန်းဆံကြိုး ရှိသလား”.. တံခါး၀မှာ ရပ်နေတဲ့ မမမေက သူ့လက်ထဲက ဓားရှည်မှာ ပေနေတဲ့ အပုပ်ရည်တွေကို ဂျင်းဘောင်းဘီနဲ့ သုတ်ရင်း မေးတယ်။
ဟင်းခနဲ ချလိုက်တဲ့ သက်ပြင်းသံနဲ့ အတူ.. သီရိ တစ်ကိုယ်လုံး ပျော့ခွေကျသွားတယ်။ သူ့ဆီကို လျှောက်လာတဲ့ မမမေကို ကြည့်ရင်း သီရိ မျက်လုံးတွေ မှိတ်သွားတယ်။ သိစိတ်တွေ အမှောင်ထဲ ထိုးကျသွားတယ်။
(၆)
သီရိ သတိပြန်ရလာတော့.. ဧည့်ခန်းထဲမှာ ရောက်နေပြီ။
ဧည့်ခန်းမီးလုံးရဲ့ အလင်းရောင်ကြောင့် သီရိ မျက်လုံးတွေ ကျိန်းစပ်သွားပြီး ပုတ်ခတ် ပုတ်ခတ် ဖြစ်သွားတယ်။ သီရိရဲ့ ကိုယ်ပေါ်မှာ ခြုံထားပေးတဲ့ စောင်တစ်ထည်။
ထိုင်ခုံပေါ်မှာ ခွေလှဲနေရာကနေ သီရိ ထထိုင်လိုက်တယ်။
ဘာဖြစ်သွားတာလဲ..
သီရိ မျက်လုံးတွေ ဧည့်ခန်းအလယ်တည့်တည့်မှာ ချထားတဲ့.. ထိုင်ခုံဆီကို ရောက်သွားတယ်။
ထိုင်ခုံမှာ ကြိုးအထပ်ထပ် တုပ်ပြီး ချည်ထားတဲ့ အရာကို မြင်တော့မှ.. ဘာဖြစ်သွားတာလဲ.. ဆိုတဲ့ မေးခွန်းကို အလိုလို ဖြေပြီးသားဖြစ်သွားတယ်။
သီရိ အားခနဲ အော်လိုက်တယ်။
သီရိရဲ့ ပါးစပ်ပေါ်ကို လက်ဖဝါးတစ်ခု ဖတ်ခနဲ ရောက်လာတယ်။
“မအော်နဲ့.. မအော်နဲ့။ မနက် ၄ နာရီ ထိုးနေပြီ”… မမမေက ပြောတယ်။
(၇)
မအော်ဖို့ ကတိ အတန်တန်တောင်းပြီး.. သီရိဘက်က ခေါင်းကို အခါ တစ်ရာလောက် ညိတ်ပြပြီးတော့မှ.. မမမေက သီရိ ပါးစပ်ကို ပိတ်ထားတဲ့ လက်တွေကို လွှတ်ပေးတယ်။
သီရိရဲ့ မျက်လုံးတွေကတော့ ထိုင်ခုံမှာ ချည်ထားတဲ့ သတ္တဝါဆီကနေ ခွာမရသေးဘူး။
“အဲဒါ.. အဲဒါ.. အဲ….”
သီရိရဲ့ ပါးစပ်တွေ စေးကပ်ပြီး စကားစ ရှာမရ ဖြစ်နေတယ်။
“နင်သူ့ကို မမှတ်မိဘူး မဟုတ်လား။ ဘယ်မှတ်မိမလဲ.. သူ့ရဲ့ တကယ့်ပုံစံကို နင် အခုမှ တွေ့ဖူးတာကိုး”.. မမမေက ပြောရင်းနဲ့.. ထိုင်ခုံနားကို လျှောက်သွားတယ်။
သတ္တဝါရဲ့ ကိုယ်ကို ပတ်ပြီး ချည်ထားတဲ့ ကြွတ်ကြွတ်ကြိုးတွေက တင်းလွန်းလို့ သူ့အသားထဲကို နစ်ဝင်နေတယ်။ ပါးစပ်ထဲကို ထိုးထည့်ထားတဲ့ အဖြူရောင် အဝတ်စတစ်ခု။ အပြင်ကို လျှံထွက်နေတဲ့ အဝတ်စပေါ်မှာ မင်အနက်နဲ့ ရေးထားတဲ့ ပွစာတက်နေတဲ့ စာလုံးသေးသေးလေးတွေ။
မမမေက သတ္တဝါရဲ့ ခေါင်းက ဆံပင်တချို့ကို လက်နဲ့ ဆွဲဆုပ်တယ်။ ဆတ်ခနဲ အပေါ်ကို ဆွဲမော့တယ်။
အလင်းရောင်အောက်မှာ သူ့ ပုံပန်းသဏ္ဍာန်က ပိုလို့တောင် ကျက်သရေ ယုတ်နေတယ်။ တဆတ်ဆတ်ခါနေတဲ့ မျက်ဆံနှစ်ခုက မမမေကို စားတော့ဝါးတော့မလို အကြည့်နဲ့ ကြည့်နေတယ်။ ချည်ထားတဲ့ ကြိုးတွေကနေ ရုန်းထွက်ဖို့ ကြိုးစားတယ်။ ရုန်းလေ ကြိုးတွေက အသားထဲ နစ်ဝင်လေ ဖြစ်နေတယ်။ ကြိုးတွေအောက်ကနေ စိမ့်ထွက်လာတဲ့ အပုပ်ရည်တွေက ကြမ်းပေါ်ကို တတောက်တောက် ကျတယ်။
မမမေက သဘောကျသလို ပြုံးတယ်။
“နောက် တစ်နာရီ လောက်ဆိုရင် နေထွက်တော့မယ်”.. မမမေက သတ္တဝါရဲ့ မျက်လုံးတွေကို စေ့စေ့စိုက်ကြည့်ရင်း ပြောတယ်။ “မသေခင် ဆုတောင်းစရာ ရှိတာကို ဆုတောင်းထား။ နင့်တို့မှာလည်း နင်တို့ ကိုးကွယ်တဲ့ ဆရာကြီးတွေ ရှိမှာပေါ့။ ဟုတ်တယ် မဟုတ်လား”
မမမေရဲ့ အကြည့်တွေ သီရိဘက်ကို ပြန်ရောက်လာတယ်။ သူ့ကို ကြောက်လန့်တကြား ပြူးကြောင် ကြည့်နေတဲ့ သီရိကို မြင်တော့ မမမေက ပခုံးတွန့်တယ်။
“ဘာ.. ဘာ.. အဲဒါ.. ဘယ်သူလဲ.. ”.. သီရိ.. တဆတ်ဆတ်တုန်နေတဲ့ မေးရိုးကို အစွမ်းကုန် ငြိမ်အောင်ထိန်းပြီး မေးလိုက်တယ်။
“ဒေါ်မိုးမိုးခိုင်တဲ့။ မြတ်သော်တာထွန်းရဲ့ အမေဆိုပါတော့”.. မမမေက ပြန်ဖြေတယ်။
+++
(ဆက်ရန်)