++++++++++++
အခန်း (၃၃)
-(ရန်နိုင်)-
(၁)
ရန်နိုင့် ဘ၀မှာ စာအုပ်ပေါင်းများစွာ ဖတ်ခဲ့ဖူးတယ်။
ဘ၀..ဆိုပေမယ့် သူ့အသက်က ၁၃ နှစ်ဆိုတော့.. သူဖြတ်သန်းခဲ့ရတဲ့ အချိန်က တိုတိုလေးရယ်။ စာဖတ်တတ်ခါစ အချိန်ကစလို့.. အခု.. ဒီနေရာ၊ ဒီအဖြစ်အပျက်တွေ.. မစတင်ခင် အချိန်အထိ အတောအတွင်း ဆိုပါတော့..။ ရန်နိုင်က စာအုပ် မရွေးဘူး။ အချစ်၊ အလွမ်း၊ စွန့်စားခန်း.. သုတ၊ ကဗျာ.. သမိုင်း.. ရှိရှိသမျှ ဘာမှ မရွေး အကုန် ဖတ်လိုက်တာပဲ။ အဖေ့ရဲ့ စာအုပ်စင်ပေါ်မှာ ရန်နိုင် မဖတ်ဖူးတဲ့ စာအုပ် မရှိသလောက် ဖြစ်နေခဲ့ပြီ။ အဲဒီ စာအုပ်တွေထဲမှာ ရန်နိုင် သဘောအကျဆုံးက စွန့်စားခန်း စာအုပ်တွေ။ အလွတ်စုံထောက် တင်မောင်ဆွေ။ ဦးစံရှား၊ ဇော်ဟိတ်နဲ့ ဂျမဒါ ကိုကိုကြီး။ စုံထောက်ဦးထင်ကျော်။ ကျားဘခက်၊ ဓားဘခက်..။ ဆားပုလင်း နှင်းမောင်။.. စတဲ့ စတဲ့ ဇာတ်ကောင်တွေကို ရန်နိုင် သိပ်သဘောကျတယ်။ အန္တရာယ်ကြုံလာတိုင်း အပြုံးမပျက်၊ ရန်သူ့တောနက်ထဲကို ရဲရဲဝံ့ဝံ့ လျှောက်ဝင်သွားရဲတဲ့ သတ္တိခဲတွေ။ ငါလည်း.. တစ်နေ့ကျရင် သူတို့လို ရဲရင့်တဲ့သူ ဖြစ်ချင်တယ်.. လို့ ရန်နိုင် စိတ်ကူးယဉ်ခဲ့ဖူးတယ်။
သူ့ရဲ့ ၁၃ နှစ်သား ဦးနှောက်က.. စိတ်ကူးနဲ့ လက်တွေ့ကို ခွဲခြားတတ်ဖို့ မရင့်ကျက်သေး။ ဒါပေမယ့်.. အခု ကြုံလာရတဲ့ အဖြစ်ဆိုးတွေကြောင့် ရန်နိုင် တစ်ယောက် အချိန်မတန်ခင်မှာပဲ.. လူ့ဘ၀ရဲ့ မလှတဲ့ အဖြစ်မှန်တွေကို တစ်စထက်တစ်စ သိလာရပြီ။ သတ္တိဆိုတဲ့ အရာဟာ.. အချိန်ယူ မွေးမြူ ပျိုးထောင်ရတဲ့ အရာ..။ စိတ်ကူးလိုက်တိုင်း ပေါ်လာတဲ့ အရာ မဟုတ်ဘူး.. ဆိုတာ သူနားလည်လာပြီ။ သူ့ရဲ့ ချိနဲ့ တုန်ယင် နေတဲ့ ကိုယ်ခန္ဓာ၊ ဝမ်းနည်းမှုတွေ အတောမသတ် ဖိစီးနေတဲ့ စိတ်အာရုံ၊ ဘယ်လောက် ထွက်ထွက် မခန်းသေးတဲ့ မျက်ရည်တွေ …။ ဒီအရာတွေရဲ့ ကြားမှာ.. သတ္တိဆိုတဲ့အရာအတွက် နေရာမရှိ။
လူကောင်း ဖြစ်တိုင်းလည်း အဆုံးသတ်မှာ ရှုံးနိမ့်တတ်တာပဲ ဆိုတာကို ရန်နိုင် နားလည်ပြီ။ မျက်ရည်ဝဲနေတဲ့ အဖေ့ရဲ့ မျက်နှာကို ရန်နိုင် ပြန်မြင်ယောင်မိတယ်။ အဖေ.. ။ သူတို့ မောင်နှမကို ဘာကြောင့်.. ကာကွယ်ပေးသွားခဲ့တာလဲ။ ဘာအတွက်လဲ။ ဘာထူးသလဲ..။ နောက်ဆုံးမှာ.. မကောင်းတဲ့ အရာတွေကပဲ အနိုင်ရသွားတာ မဟုတ်လား။ လူ့လောက ဆိုတာ ဒီလိုပဲလား။
တဖြည်းဖြည်း ပျက်ပြယ်စပြုလာတဲ့.. မြူခိုးတွေကြားမှာ.. ငြိမ်သက်.. ဒီဘက်ကို စိုက်ကြည့်နေတဲ့ စန္ဒာ့ရဲ့ ပုံသဏ္ဍာန်..။ ဒါဒါ..။ ဘာမှ အပြစ်မရှိတဲ့ မိန်းကလေး။ လောကကို အစွန်းအထင်း တစ်ခုမှ မထင်စေခဲ့တဲ့ ကလေးတစ်ယောက်..။
ဟီး.. ခနဲ အော်လိုက်တဲ့ အသံနက်ကြီးက ညဉ့်ဦးရဲ့ တိတ်ဆိတ်မှုကို ထိုးခွဲပြီး ထွက်လာတယ်။ တောစပ် သစ်ပင်ဖျားက ငှက်တွေ အလန့်တကြား အုပ်လိုက် ထပျံကြတယ်။ အော်သံ တချို့။ ကြိမ်းဝါးသံ တချို့..။
လေကို ထိုးခွဲ ဖြတ်ဆင်းသွားတဲ့ သတ္တုသံ တစ်ခု။
ဘုန်း..ခနဲ အသံနဲ့အတူ.. ရန်နိုင်တို့ဘက်ကို လွင့်ထွက်လာတဲ့ တစ်စုံတစ်ရာ။
လေထဲကို ၆ ပေလောက် မြောက်တက်၊ လွင့်ပျံလာတဲ့ မမမေ.. ကျောပြင်နဲ့ မြေကြီး တည့်တည့်ကြီး ဆောင့်မိတယ်။ သူ့လက်ထဲက ဓား.. အရှိန်နဲ့ လွင့်ထွက်သွားတော့မလို ၀ရုန်းသုန်းကား ရုန်းခါတယ်။ မမမေ တောက်တစ်ချက် ခေါက်တယ်။ ဓားရိုးနဲ့ မြေကြီးကို ဆောင့်တယ်။ ပက်လက်လန် လဲကျနေရာကနေ ပြန်ထတယ်။
မမမေရဲ့ ဂျင်းဂျက်ကတ် တစ်ခုလုံး လွှစက်ထဲကနေ ဆွဲထုတ်ထားသလို ခြစ်ရာ ပြဲရာပေါင်းများစွာနဲ့ ဖွာလန်ကြဲနေတယ်။ အင်္ကျီ လက်မောင်းနေရာမှာ ရစရာမရှိ.. အမျှင်တွေပါ ထွက်နေတယ်။
“အစ်မ.. ”.. မသီရိရဲ့ အသံ။
မမမေ.. ဒီဘက်ကို လှည့်မကြည့်ဘူး။ စုတ်ပြတ်သတ်နေတဲ့ ဂျက်ကတ်ကို ဆွဲချွတ်ပြီး အောက်ကို ပစ်ချတယ်။ ချွေးစိုနေတဲ့ သူ့ လက်မောင်းတွေ.. ညဉ့်အလင်းရောင်အောက်မှာ တလက်လက် တောက်ပြောင်နေတယ်။
ပါးလှပ်ပျောက်ကွယ်သွားတဲ့ မြူခိုးတွေ။ တဖြည်းဖြည်း ကြည်လင်လာတဲ့ ပတ်ဝန်းကျင်။
“ဟီးဟီး..”.. သက်ထားဆွေရဲ့ ရယ်သံ။.. ”ဘယ်မှာလဲ.. နင့်ရဲ့ အစောင့်အရှောက်တွေ။ ဘယ်မှာလဲ.. နင် ကိုးကွယ် လှပါချည်ရဲ့.. ဆိုတဲ့ ပုဂ္ဂိုလ်တွေ..။ နောက်ဆုံးတော့.. နင်လည်း သာမန် လူတစ်ယောက် သက်သက်ပါပဲ။ ဟားဟား..”.. ပြောရင်းနဲ့.. သက်ထားဆွေ.. လေးဘက်ထောက်နေရာကနေ တဖြည်းဖြည်း ထလာတယ်။ ရှည်ထွက်နေတဲ့ ကျောရိုး.. တစ်ဆစ်ချင်း ပြန်ကျုံ့ဝင်တယ်။ တွန့်လိမ်ကောက်ကွေးနေတဲ့ ဆံပင်အထွေးတွေ ဖြောင့်စင်း ရှည်ကျလာတယ်။ သက်ထားဆွေ ဝတ်ထားတဲ့ ထမီနဲ့ အင်္ကျီမှာ အပေါက်အပြဲပေါင်း များစွာ။
မမမေ.. ဓားကို လက်ထဲမှာ တစ်ပတ်လှည့်တယ်။ အရှိန်နဲ့ လွှတ်လိုက်တဲ့ မြားတစ်စင်းလို သက်ထားဆွေဆီကို စွေ့ခနဲ ခုန်ဝင်တယ်။ လက်ခနဲ .. လက်ခနဲ လင်းသွားတဲ့ ဓားရောင်။ အသားထဲကို နစ်ဝင် ဖြတ်ထွက်သွားတဲ့ တရှပ်ရှပ် အသံတွေ..။
သက်ထားဆွေရဲ့ ကိုယ်မှာ ဘေးတစ်စောင်း ပြတ်ရှရာသုံးလေးခု မည်းခနဲ ပေါ်လာတယ်။ အထဲက စိမ့်ထွက်လာတဲ့ အပုပ်ရည်တွေရဲ့ အနံ့.. ဘေးပတ်ပတ်လည်ကို ချက်ခြင်း ဖုံးလွှမ်းသွားတယ်။
“ဒါ.. အကုန်ပဲလား”.. သက်ထားဆွေက မေးတယ်။ မတ်တပ်ရပ်နေရာကနေ.. ခြေတစ်လှမ်း မရွေ့သေးဘူး။ သူ့ကိုယ်ပေါ်က ဒဏ်ရာတွေကို ငုံ့ကြည့်တယ်။ အပုပ်ရည်တွေ တသွင်သွင်စီးကျနေတဲ့ ပြတ်ရာ ရှရာတွေ.. မျက်စိရှေ့မှာတင် တဖြည်းဖြည်း ပြန်ဆက်သွားတယ်။
“နင့်ကြောင့် ငါ စီစဉ်ထားတာတွေ နည်းနည်းတော့ အနှောင့်အယှက်ဖြစ်သွားတယ်”.. သက်ထားဆွေက မမမေကို သနားတဲ့ အကြည့်နဲ့ ကြည့်ရင်း လေသံအေးအေးနဲ့ ပြောတယ်။ အဆက်မပြတ် လှုပ်ရှားလိုက်ရတဲ့ အတွက် .. မောသွားသလို.. မမမေ အသက်ကို လုပြီး ရှူနေတယ်။ သူ့လက်ထဲက ဓား.. အင်အားမရှိတော့သလို.. အောက်ကို ငိုက်စိုက် ကျနေတယ်။ သက်ထားဆွေက လက်ပိုက်ရင်း.. ခေါင်းကို ဘယ်ညာ ဖြည်းဖြည်း ယမ်းခါရင်း ဆက်ပြောတယ်။ ..“ဘာလဲ.. ကလေးတွေ မရှိတော့တာနဲ့.. ငါ့ အစီအစဉ် ပျက်သွားပြီလို့ ထင်နေတာလား။ ဟင်း.. ။ ဒီတစ်ရွာလုံးက လူတွေ.. အကုန် ငါ့လက်အောက်ကို ရောက်လာစေရမယ်။ နင့်မျက်စိရှေ့မှာတင်.. နင်သိပ် ကယ်တင်ချင်နေတဲ့ လူတွေကို တစ်ယောက်ပြီး တစ်ယောက် သတ်ပြမယ်။ မမမေ.. မမမေ.. ဟုတ်လား..။ နင့်နာမည်”
မမမေ.. ဘာမှ ပြန်မပြောဘူး။ နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ သူ့ရဲ့ ရင်ဘတ်။ ခေါင်းငိုက်စိုက်ချထားတဲ့ သူ့မျက်လုံးတွေ။ တစ်ခုခုကို တိုင်တည် ရွတ်ဆိုနေသလို.. တလှုပ်လှုပ်.. ဖြစ်နေတဲ့ သူ့ နှုတ်ခမ်းတွေ။
“ဟို ကလေး ၃ ယောက်.. သူတို့ အိမ် သူတို့ ပြန်ရောက်သွားတာနဲ့ လုံခြုံသွားပြီလို့ ထင်နေရင် နင်မှားပြီ မမမေ။ ငါ တကယ်လိုနေတာ ဘာလဲ နင်သိတယ် မဟုတ်လား။ ဟင်းဟင်း.. နင့်မျက်နှာကို ကြည့်လိုက်တာနဲ့ သိသာနေတယ်”.. သက်ထားဆွေရဲ့ မျက်လုံးတွေ မသီရိဘက်ကို ဒိုင်းခနဲ ရောက်သွားတယ်။ ကျောက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီး ရပ်နေတဲ့ သီရိ.. ဂလုခနဲ တံတွေး မျိုချတယ်။
“နင့်ကိုငါ မသတ်ဘူး။ သေခြင်းတရားက နင့်အတွက် လွယ်လွန်းတယ်။ ငြင်သာလွန်းတယ်။ ဒီထက်ဆိုးတဲ့ တစ်နေရာကို ပို့ပေးမယ်..။ ငါ့ဆီမှာ.. ငါနဲ့အတူ..”
ဟား..ခနဲ အသံနဲ့ အတူ.. မမမေ တစ်ပတ်လှည့်လိုက်တယ်။ သူ့လက်ထဲက ဓားရှည်.. လေကို အလျားလိုက် ထိုးခွဲပြီး.. သက်ထားဆွေရဲ့ ခါးနေရာကို ဦးတည် ဖြတ်ဝင်တယ်။
သက်ထားဆွေက ကိုယ်ခန္ဓာကို တစ်ချက် မလှုပ်ဘဲ သူ့ခါးစပ်ကို ပြေးဝင်လာတဲ့ ဓားသွားကို လက်ဖဝါးနဲ့ ဖတ်ခနဲ တားတယ်။ မမမေရဲ့ ဓားရှည်.. သက်ထားဆွေရဲ့ လက်ထဲမှာ တိခနဲ မိသွားတယ်။
“ဘယ်လိုပြောပြော အမှတ်မရှိတဲ့ သတ္တဝါပါလား”.. သက်ထားဆွေက စိတ်ပျက်သလို ခပ်တိုးတိုး ညည်းတယ်..။ မမမေကို ကြည့်ရင်း ခေါင်းကို သွင်သွင်ခါတယ်။ .. “နင်တို့.. နင်တို့ လူတွေ..။ ကိုယ် မနိုင်တဲ့ အရာကို ခေါင်းတိုးဝင်ချင်တဲ့ အကျင့်.. ဘယ်တော့မှ ပျောက်မလဲ။ ဒီကမ္ဘာ.. ဒီနေရာဟာ နင်တို့ ပိုင်တဲ့ နေရာ မဟုတ်ဘူး။ ငါတို့.. ငါတို့ရဲ့ နေရာ။ နားလည်လား။ နင်တို့ရဲ့ မဖြစ်စလောက် လူ့သက်တမ်းလေးတွေနဲ့.. အုပ်ချုပ် မင်းလုပ် ချင်နေကြတာ ရယ်စရာ မကောင်းဘူးလား.. နင်တို့..”
“နင့်ပါးစပ် ဒီတစ်သက် ပိတ်ဦးမှာလား”.. မမမေဆီက ပထမဆုံး ထွက်လာတဲ့ စကားသံ။
သက်ထားဆွေရဲ့ မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလို ကွက်ခနဲ မည်းသွားတယ်။ ပြုံးချင်နေတဲ့ နှုတ်ခမ်း တွန့်ခနဲ ကွေးကျသွားတယ်။ လှသလိုလို.. ကြည့်ကောင်းသလိုလို ရှိတဲ့ သူ့ရဲ့ မျက်နှာသွင်ပြင်တွေ.. ချက်ခြင်း တွန့်လိမ်ကောက်ကွေး.. ကျက်သရေ ယုတ်သွားတယ်။ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ အရိပ်အငွေ့တွေ တဖြည်းဖြည်း ပြန်ပေါ်လာတယ်။
“လူတွေကို မနာလို ဝန်တိုစိတ်နဲ့ ပြိတ္တာ တစ်ပိုင်း ဖြစ်နေတာတောင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီး အမွှန်းတင်နိုင်သေးတာ အံ့ဩစရာပဲ”.. မမမေက ဆက်ပြောတယ်။ .. “ဟုတ်တယ်။ ငါ့မှာ ခွန်အားတွေ မရှိတော့ဘူး။ အစောင့်အရှောက်တွေ မရှိတော့ဘူး။ ဒါပေမယ့် ငါ့မှာ လူစိတ် ရှိသေးတယ်။ နင်တို့ မကောင်းဆိုးဝါးတွေ ဘယ်တော့မှ မရနိုင်မယ့် စိတ်ဓာတ်။ နင့်ကိုယ်နင် ညာနေပေမယ့်.. နင် ဘာဖြစ်ချင်နေတယ်ဆိုတာ ငါ ကောင်းကောင်း သိတယ် သက်ထားဆွေ။ နင်.. လူဖြစ်ချင်နေတာ..။ ဘယ်တော့မှ မရမယ့် အရာတစ်ခုကို ဘာလို့ လိုက်ရှာနေတာလဲ။ နင် ဘယ်လိုပဲ ကြိုးစား ကြိုးစား.. နောက်ဆုံးမှာ နင်ဟာ ပုပ်ပွနေတဲ့ အလောင်းတစ်ခုနဲ့ အတူတူပဲ။ ဘယ်တော့မှ လူတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး”
သက်ထားဆွေရဲ့ မျက်လုံးတွေ မုန်းတီးစိတ်နဲ့ ပြူးကျယ်လာတယ်။ သူ့ မျက်နှာမှာ ခဏဖုံးအုပ်ထားတဲ့ လူနဲ့ တူတဲ့ အသွင်အပြင်တွေ တဖြည်းဖြည်း ပျောက်ကွယ်စ ပြုလာတယ်။
“နင် ငါ့ကို သတ်လိုက်လည်း ငါ မကြောက်ဘူး။ နင့်ရဲ့ အောက်တန်းကျတဲ့ လောကထဲ ငါ့ကို ဆွဲခေါ်ဦးမလား.. ရတယ်။ ဒါပေမယ့် ငါ့ရဲ့ စိတ်ကို နင် ဘယ်တော့မှ မရစေရဘူး သက်ထားဆွေ”
သက်ထားဆွေလက်ဖဝါးထဲ ရောက်နေတဲ့ ဓားဦးကို မမမေ.. ဆတ်ခနဲ ဆွဲယူတယ်။ သက်ထားဆွေ.. သတ္တဝါတစ်ကောင်လို ဟီးခနဲ မာန်ဖီတယ်။ ရှည်ထွက်လာတဲ့ လက်တစ်ဖက်နဲ့.. မမမေကို လှမ်းရိုက်တယ်။ မမမေ. အသာအယာ ငုံ့ရှောင်တယ်။
“ဒါအကုန်ပဲလား..လို့ နင်မေးတာ.. ငါ ပြန်ဖြေမယ်။ မကုန်သေးဘူး။ ဒီမှာ ကျန်သေးတယ်”
မမမေ ပြောရင်းနဲ့ ဓားရှည်ကို လက်နှစ်ဖက်နဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ် ချိန်မျှပြီး ကိုင်တယ်။
ပြီးတာနဲ့.. ကန့်လန့်ဖြတ် ကိုင်ထားတဲ့ ဓားပြားကို ဒူးနဲ့ တိုက်ချိုးလိုက်တယ်။
(၂)
မမမေရဲ့ ဓား အလယ်တည့်တည့်ကနေ ဖြောင်းခနဲ ကျိုးသွားတယ်။
ပတ်ဝန်းကျင်မှာ ဝေ့ဝဲနေတဲ့ လေထု.. အင်အား.. တစ်ခုခုနဲ့ ဆွဲစုပ်လိုက်ခံလိုက်ရသလို ချက်ခြင်း တည်ငြိမ်သွားတယ်။
တစ်စက္ကန့်..
နှစ်စက္ကန့်..
တော်လဲသံကြီးတစ်ခု..။
နှစ်ပိုင်းပြတ်သွားတဲ့ ဓားသွားထဲက ၀ုန်းခနဲ တိုးထွက်လာတဲ့ အလင်းရောင်တွေ။ အလင်းရောင်က.. အလင်း သက်သက် မဟုတ်..။ ခွန်အားအပြည့်ပါတယ်။ လေမုန်တိုင်း တိုက်လိုက်သလို.. မြေကြီးက မြက်ပင်တွေပါ ပိပြားသွားတယ်။
အော်သံနက်ကြီးနဲ့အတူ.. သက်ထားဆွေ နောက်ကို လွင့်ထွက်သွားတယ်။ ရေတွင်းဘောင်ကို တည့်တည့်ကြီး ဝင်ဆောင့်တယ်။ ဆွေးမြေ့နေတဲ့ အုတ်ခဲတွေ.. သက်ထားဆွေရဲ့ အလေးချိန်ကို မခံနိုင်ဘဲ နောက်ကို ကျွံဝင်.. ပြိုကျသွားတယ်။
ဓားကျိုးထဲက ဆက်တိုက် ဖြာထွက်နေတဲ့ အလင်းရောင်က နေအလင်းလို ပူတယ်။ နွေးတယ်။ ရေတွင်း ပတ်ဝန်းကျင်တစ်ခုလုံး နေ့ခင်းလို လင်းချင်းသွားတယ်။ ဓားရိုးကို ကိုင်ထားတဲ့ မမမေရဲ့ လက်တွေ.. တဆတ်ဆတ် တုန်လာတယ်။ နောက်ဆုံးမှာ.. မခံနိုင်တော့သလို.. မမမေ.. ဓားကျိုး နှစ်ပိုင်းကို လွှတ်ချလိုက်တယ်။ သူကိုယ်တိုင်လည်း ဒူးထောက် ကျသွားတယ်။ “ဒါ အကုန်ပဲ..”..တဲ့။ မမမေက ဘယ်သူ့ကို ပြောမှန်းမသိ.. ခပ်တိုးတိုး ပြောတယ်။
ကြောင်ကြည့်နေတဲ့ သီရိ.. မမမေဆီကို ပြေးသွားတယ်။
“မလာနဲ့”.. မမမေက သီရိကို လှမ်းအော်တယ်။ .. “ကောင်လေးကို ခေါ်ပြီး.. နင်ပြေးတော့။ သက်ထားဆွေ မသေသေးဘူး။ နင်တို့နောက်ကို သူ.. မလိုက်နိုင်တော့ပေမယ့်.. ခဏနေ.. ပြန်ထလာလိမ့်မယ်။ သွားတော့.. သွား။ ရွာထဲကို အမြန်ပြန်။ ဘုန်းကြီးကျောင်းဝင်းထဲကိုသွား..”
မသီရိတစ်ယောက်.. ဟိုဘက်သွားရမလို.. ရန်နိုင့်ဆီပဲ ပြန်လှည့်လာရတော့မလို.. ပျာယာခတ်နေတယ်။
ရန်နိုင့် အတွက် အရာအားလုံးက.. ရုပ်ရှင်ထဲက အနှေးပြကွက်တွေလို..။ အသံတွေ ဗလုံးဗထွေး နှေးကွေးနေတယ်။ ဖြစ်သမျှ အဖြစ်အပျက်တွေ ဝေဝါးနေတယ်။ ဆုံးဖြတ်ချက်တွေ တစ်ခုမှ အလုပ်မလုပ်ဘူး။ အေးခဲ တောင့်တင်းနေတဲ့ သူ့ရဲ့ ကိုယ်ခန္ဓာကို ရန်နိုင် မပိုင်ဘူး။ မနိုင်ဘူး။
ရေတွင်းပျက်ရဲ့ အုတ်ပုံထဲက အုတ်ခဲတွေ.. တလှုပ်လှုပ်ဖြစ်လာတယ်။ အထဲကနေ ကုန်းရုန်းထနေတဲ့ သဏ္ဍာန် တစ်ခု..။
“မောင်လေး.. လာ .. လာ.. သွားမယ်.. ”.. သူ့ဆီကို ပြန်လှည့်ပြေးလာတဲ့ သီရိ..။
ရန်နိုင့်မျက်လုံးတွေ သီရိ ဆီမှာ မရှိဘူး။
မမမေ..ဆီကို ခြေကားယား လက်ကားယားနဲ့ ပြေးဝင်လာတဲ့ လူရိပ်ကို ကြောင်ကြည့်နေမိတယ်။
စန္ဒာ့ မျက်နှာက.. စန္ဒာနဲ့ မတူတော့ဘူး။ လူတစ်ယောက်လို့.. ပြောဆို သတ်မှတ်လို့ရတဲ့ အသွင် တစ်ခုမှ မရှိတော့။ ဆွတ်ဆွတ်ဖြူ လန်တက်နေတဲ့ မျက်လုံး။ အရေးအကြောင်းပေါင်းများစွာနဲ့ တွန့်လိမ်နေတဲ့ အသားအရေ။ အဆမတန် ဟ.. နေတဲ့ ပါးစပ်..။ နှုတ်ခမ်းထောင့်မှာ စီးကျနေတဲ့ အရည်တွေ..။ သူဝတ်ထားတဲ့ ညဝတ်အင်္ကျီလေးကြောင့်သာ.. ဒါဒါ့ကို ရန်နိုင် မှတ်မိနေတာ။
ဒူးထောက်နေတဲ့ မမမေကို.. စန္ဒာ ခုန်အုပ်လိုက်တယ်။
(၃)
ဒါဒါ..လို့ လှမ်းအော်လိုက်တဲ့ ရန်နိုင့်အသံကို ဘယ်သူမှ ကြားပုံ မပေါ်ဘူး။ အုတ်ပုံထဲကနေ ရုန်းထွက်နေတဲ့ သက်ထားဆွေ၊ ရန်နိုင့်လက်ကို လှမ်းဆွဲထားတဲ့ သီရိ၊ စန္ဒာ့ခေါင်းကို လက်တစ်ဖက်နဲ့ တွန်းထုတ်၊ ဒီဘက်လက်နဲ့ မြေကြီးပေါ်က ဓားကျိုးကို လှမ်းကောက်နေတဲ့ မမမေ..၊ မမမေရဲ့ လည်ပင်းကို တဂွီးဂွီး အသံမျိုးစုံနဲ့.. အငမ်းမရ လှမ်းဟပ်နေတဲ့ စန္ဒာ..။ အားလုံးက သူ့အာရုံနဲ့သူ။
မမမေ.. စန္ဒာ့ လည်ပင်းကို လက်တစ်ဖက်နဲ့ ကိုင်ညှစ်ထားရင်း ဆောင့်တွန်းထုတ်လိုက်တယ်။ စန္ဒာ ဘေးကို ဘုတ်ခနဲ ပြုတ်ကျတယ်။ ပြန်ထဖို့ ကြိုးစားတယ်။ မမမေရဲ့ တံတောင်ဆစ် တစ်ဖက် စန္ဒာ့ ရင်၀ပေါ်ကို ဖိကျလာတယ်။ မမမေလက်ထဲကို သတ္တုရောင် မီးခြစ်တစ်လုံး ဝှစ်ခနဲ ရောက်လာတယ်။ ဖြောက်ဆိုတဲ့ အသံနဲ့အတူ.. တလွန့်လွန့်တက်လာတဲ့ မီးတောက်။
အငွေ့ပျံ ပျောက်ကွယ်သွားတဲ့.. မသော်တာကို ရန်နိုင် ပြန်မြင်ယောင်လာတယ်။
“မောင်လေး.. မသွားနဲ့.. မသွားနဲ့”.. သီရိ ပါးစပ်က တတွတ်တွတ် ရွတ်ရင်း ရန်နိုင့်ကို ဆွဲထားတယ်။
မမမေရဲ့ လက်ထဲက ဓားကျိုး.. မီးဟုန်းဟုန်းတောက်သွားတယ်။
မမမေရဲ့ တံတောင်ဆစ်ဖိအားကို ကမူးရှူးထိုး ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ စန္ဒာ။
အပေါ်ကို တဖြည်းဖြည်း မြောက်တက်လာတဲ့ မမမေရဲ့ လက်။ သူ့လက်ထဲက ဓားချွန်..။
ရန်နိုင် ရှိသမျှ ခွန်အားကို ဖျစ်ညှစ်ထုတ်ပြီး သီရိရဲ့ လက်ထဲကနေ ရုန်းထွက်လိုက်တယ်။ သီရိ ယိုင်ခနဲ ဖြစ်သွားပြီး ရန်နိုင့်ကို လွှတ်ပေးလိုက်ရတယ်။
“ဒါဒါ့ကို မလုပ်နဲ့”.. ရန်နိုင့် အော်သံ။
သူ့ဆီကို အသည်းအသန် ပြေးလာနေတဲ့ ရန်နိုင့်ကို လှည့်ကြည့်မိတဲ့ မမမေ..
“ကျွန်တော့် ညီမလေးကို မလုပ်ပါနဲ့”.. ရန်နိုင် ငိုသံနဲ့ အော်ရင်း မမမေရဲ့ လက်ကို အတင်းဝင်ဆွဲတယ်။ မမမေက မရုန်းဘူး။ ရန်နိုင့်ကို စိုက်ကြည့်နေတယ်။ ဓားရဲ့ မီးရောင်အောက်မှာ မမမေရဲ့ မျက်နှာက အားအင် မရှိတော့တဲ့ ရောဂါသည်တစ်ယောက်လို ဖျော့တော့နေတယ်။
“အစ်မ.. အစ်မ.. နောက်မှာ”.. သီရိရဲ့ အော်သံ။
မြေကြီးကို ရှပ်တိုက် ပြေးလာတဲ့ ခြေသံ..။
မမမေရဲ့ လည်ပင်းပေါ်ကို ကျလာတဲ့ သွားတစ်စုံ။
ရန်နိုင် လန့်ပြီး နောက်ကို ခုန်လိုက်တယ်။ ဟန်ချက်ပျက်ပြီး ပက်လက်လန် လဲကျတယ်။
ဓားကို ကိုင်ထားတဲ့ မမမေရဲ့ လက်.. အောက်ကို ပျော့ခွေ ပြုတ်ကျသွားတယ်။ တောက်နေတဲ့ မီး.. ငြိမ်းသွားတယ်။ လဲကျနေတဲ့ စန္ဒာ.. အခုမှ ပြန်ထနိုင်တယ်။ အမူးသမားတစ်ယောက်လို ဒယိမ်းဒယိုင်နဲ့ မတ်တပ်ရပ်ဖို့ ကြိုးစားတယ်။ စန္ဒာ့ မျက်လုံးဖြူဖြူတွေ ကျဉ်းသွားလိုက်.. ကျယ်သွားလိုက်..။ ပါးစပ်ထဲက အရည်တွေက အတန်းလိုက်.. စီးကျလို့။
သူ့ကို နောက်ကနေ ခဲထားတဲ့.. သက်ထားဆွေရဲ့ ဆံပင်ကို မမမေ ..လှမ်းဆွဲဖို့ ကြိုးစားတယ်။ မမီဘူး။ လည်ပင်းက တရဟော ပန်းထွက်လာတဲ့ သွေးတွေနဲ့အတူ.. မမမေရဲ့ မျက်လုံးတွေ မှေးကျလာတယ်။ ပါးစပ်က အသံတစ်ချက် မထွက်ပေမယ့်.. သူခံစားနေရတဲ့ ဝေဒနာက မျက်နှာမှာ အထင်းသား ပေါ်နေတယ်။
“ကောင်လေး.. နင့်အပြစ်မဟုတ်ဘူး။ ဘာမှ မဖြစ်ဘူး..”.. ရန်နိုင့်ကို လှမ်းကြည့်ရင်း ပြောလိုက်တဲ့ မမမေရဲ့ လေသံက ဖျော့တော့နေတယ်။ သူ့လည်ပင်းက သွေးကို အငမ်းမရ စုပ်နေတဲ့ သက်ထားဆွေကို မမမေ မတားတော့ဘူး။ လှည့်လည်း မကြည့်ဘူး။
မမမေ.. လက်ထဲက ဓားတိုကို မြှောက်တယ်။ ဓားသွားကို လည်ပင်းမှာ တင်တယ်။ မျက်လုံးတွေကို မှိတ်တယ်။
“အဲဒီလောက် လွယ်သလား.. ဟီးဟီး.. မရဘူး.. မရဘူး”.. လှီးချလိုက်တော့မလို့ ပြင်နေတဲ့ မမမေရဲ့ လက်တွေကို သက်ထားဆွေရဲ့ လက်ချောင်းရှည်ရှည်တွေနဲ့ လှမ်းချုပ်တယ်။ .. “သေတယ်ဆိုတာ ဘာမှ မဟုတ်ဘူး.. ဟုတ်လား.. နင်ပြောလိုက်တာ ငါ ကြားတယ်။ နင် မသေစေရဘူး။ စိတ်ချ.. ငါနဲ့ အတူတူ.. ငါတို့နဲ့ အတူတူ.. ဟီးဟီး..”
မမမေရဲ့ လက်တွေ ပျော့ခွေကျသွားတယ်။ လက်ထဲက ဓား.. လွတ်ကျသွားတယ်။ အရာတိုင်းကို အရှုံးပေး.. စိတ်လျှော့လိုက်သလို.. သူ့မျက်လုံးတွေ ပြန်ပွင့်မလာတော့။
+++
အခန်း (၃၄)
-(သီရိ)-
(၁)
ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေရဲ့ မြန်နှုန်းကြောင့် သီရိ ဘာကိုမှ လက်ခံလို့ မရသေးဘူး။
သက်ထားဆွေရဲ့ လက်ထဲမှာ ပျော့ခွေ မေ့မျောနေတဲ့ မမမေ။
မြေကြီးပေါ်မှာ ပက်လက် လဲနေရင်း.. သူ့ညီမကို မျှော်လင့်တကြီး လှမ်းကြည့်နေတဲ့ ထက်ရန်နိုင်ထွန်း။
ဒယိမ်းဒယိုင်နဲ့ ဟန်ချက်ကိုထိန်း.. ခွေးရူးတစ်ကောင်လို သွားရည်တများများနဲ့ ကနာမငြိမ် ဖြစ်နေတဲ့ စန္ဒာ..။
ငါ ဘာမှ အသုံးမကျပါလား။ ဘယ်နေရာမှ အားမကိုး ရပါလား..။ အောင်မော့်တုန်းကလည်း ငါ ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး။ အခု.. မမမေ.. မမမေ ဒီလို ဖြစ်နေတာကိုလည်း ဒီအတိုင်း ရပ်ကြည့်၊ တစ်ကိုယ်လုံး တောင့်တင်း ကြောက်ရွံ့နေလိုက်တာ။ အကြောက်တရားကနေ ဘယ်တော့များမှ လွတ်မြောက်မလဲ..။
“အစ်မ.. အစ်မ..”.. မမမေကို သီရိ လှမ်းခေါ်ကြည့်တယ်။ မမမေရဲ့ မျက်လုံးတွေ မှိတ်မြဲ မှိတ်ဆဲ။ လည်ပင်းက တရဟော ထွက်နေတဲ့သွေးတွေ.. မြေကြီးပေါ်မှာ .. မြက်တွေကိုစို၊ မည်းနက်နေပြီ။
သက်ထားဆွေ.. မမမေကို နောက်ကနေ ပွေ့ထားရာကနေ လွှတ်ချလိုက်တယ်။ ချည့်နဲ့နေတဲ့ မမမေရဲ့ ကိုယ်လုံး အဝတ်စုတ်တစ်ခုလို ခွေကျသွားတယ်။ သက်ထားဆွေ မတ်တပ်ထရပ်တယ်။ ပါးစပ်က သွေးတွေကို သုတ်တယ်။ လက်ချောင်းတွေကို စုပ်တယ်။ တပျပ်ပျပ်နဲ့ အရသာခံတယ်။
“ဘာဖြစ်နေတာလဲ.. ကြောက်နေတာလား”.. သက်ထားဆွေက သူ့ကို ကြောင်ကြည့်နေတဲ့ သီရိကို ရယ်ကျဲကျဲနဲ့ မေးတယ်။ တဖြည်းဖြည်း ပြန်လည် တင်းရင်းလာတဲ့ သူ့မျက်နှာက အသားအရေတွေကို လက်ဖဝါးနဲ့ သပ်ချတယ်။ ရှေ့ကို ကျော်ကျနေတဲ့ ဆံပင်ရှည်တွေကို နောက်လှန် သိမ်းတယ်။.. “မကြောက်ပါနဲ့။ ငါက ကိုက်မစားတတ်ပါဘူး.. ဟီးဟီး”.. သူ့စကားသူ သဘောကျသွားသလို သက်ထားဆွေ တဟဲဟဲ ရယ်တယ်။
သီရိ တစ်ကိုယ်လုံး သစ်စေးကိုင်ထားသလို အတောင့်လိုက် ဖြစ်နေတုန်းပဲ။
ငါ တကယ် သေတော့မှာပါလား..ဆိုတဲ့ အသိကြောင့် သီရိ ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာတယ်။ လက်ဖျားခြေဖျားတွေ အေးလာတယ်။ လည်ပင်းမှာ တစ်ဆို့ပြီး အသက်ရှူမ၀ ဖြစ်လာတယ်။
ထက်ရန်နိုင်ထွန်း.. လဲကျနေရာကနေ ကြိုးစားပြီး ထတယ်။ အသက်မရှိတော့သလို ငြိမ်သက်နေတဲ့ မမမေရဲ့ ကိုယ်ခန္ဓာကို သူ ကြည့်တယ်။ သူ့မျက်နှာမှာ နောင်တလို့ ထင်ရတဲ့ အရိပ်အငွေ့တွေ ပြည့်နေတယ်။ ရန်နိုင့် မျက်လုံးတွေ.. သက်ထားဆွေဆီကို ရောက်သွားတယ်။ သူ့မျက်လုံးထဲမှာ ဒေါသရိပ် မရှိ၊ တောင်းပန်တဲ့ အငွေ့အသက်တွေပဲ ရှိတယ်။
“အန်တီ ကျွန်တော့် ညီမလေးကို ဘာလုပ်လိုက်တာလဲ။ ဒါဒါ့ကို အကောင်းအတိုင်း ပြန်ဖြစ်အောင် လုပ်ပေးပါ။ အခု လုပ်ပေးပါ”.. ရန်နိုင်.. ငိုသံနဲ့ အော်တယ်။
သက်ထားဆွေက သဘောကျသလို တဟားဟား ရယ်တယ်။
“မင်းညီမလေးက ဘာဖြစ်နေလို့လဲ။ အရင်ထက်တောင် ပိုကောင်းသွားသေးတယ်။ ဟုတ်တယ်မဟုတ်လား မြတ်စန္ဒာထွန်း..”.. သက်ထားဆွေ.. စန္ဒာ့ဘက်ကို လှည့်ပြီး မေးတယ်။
အခုထိ သိစိတ် တစ်စက်မှ ဝင်မလာသေးတဲ့ စန္ဒာ.. ဘာမှ ပြန်မဖြေဘူး။ မျက်လုံးဖြူဖြူတွေက သားကောင်ကို ရှာနေသလို တဆတ်ဆတ် တုန်ခါနေတယ်။ သူ့ရဲ့ ကိုယ်လုံးသေးသေးလေးက ဟောဟဲဆိုက်ပြီး နိမ့်ချည် မြင့်ချည် ဖြစ်နေတယ်။
သက်ထားဆွေ.. စန္ဒာ့ အနားကို လျှောက်သွားတယ်။ တုန်တုန်ယင်ယင် ဖြစ်နေတဲ့ စန္ဒာ့ ပခုံးကို လက်တစ်ဖက်နဲ့ အသာ ကိုင်တယ်။ စန္ဒာ့ နားနားကို ကပ်ပြီး ခပ်တိုးတိုး ပြောတယ်။
“ဒါဒါ.. ဒါဒါ.. နင် င့ါကို မမှတ်မိဘူးလား။ ငါ့ကို ကြည့်.. ငါ့ကိုကြည့်လေ”.. ထက်ရန်နိုင်ထွန်းဆီက အဆက်မပြတ် ထွက်လာတဲ့ တောင်းပန်သံတွေ။
စန္ဒာ့ မျက်နှာ.. တဖြည်းဖြည်း ပြောင်းလာတယ်။ ရုန့်ရင်း ကြမ်းတမ်းတဲ့ အရေးအကြောင်းတွေ ပြေပျောက်သွားတယ်။ မျက်လုံး ဖြူဖြူတွေထဲကို မျက်ဆံ နက်နက်လေးတွေ ပြန်ပြုတ်ကျလာတယ်။ စန္ဒာ.. မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်တယ်..။ ထက်ရန်နိုင်ထွန်းကို မြင်တော့.. သူ့မျက်နှာက ပြုံးသလိုလို ဖြစ်သွားတယ်။
“ကိုကြီး”.. စန္ဒာ့ ပါးစပ်က ထွက်လာတဲ့ အသံ..။
(၂)
စန္ဒာ့ အသံကို ကြားတော့.. ရန်နိုင့် တစ်ကိုယ်လုံး တုန်တက်သွားတယ်။ မျက်နှာတစ်ခုလုံး ရွှဲရွှဲ စိုနေတဲ့ မျက်ရည်တွေကို လက်နဲ့ ကပျာကယာ သုတ်တယ်။ လက်နှစ်ဖက်ကို ဆန့်တန်းရင်း.. သူ့ညီမလေးကို လှမ်းခေါ်တယ်။
“ဒါဒါ.. လာ.. ငါ့ဆီကို လာပါ.. ပြန်လာခဲ့”
စန္ဒာ့ မျက်လုံးတွေ ဇဝေဇဝါဖြစ်သွားတယ်။ မျက်နှာကတော့ လုံး၀ ပြုံးနေပြီ။
“သွားလေ.. နင့်အစ်ကို ခေါ်နေတယ်.. သွားလေ သမီး”..သက်ထားဆွေက ပြောတယ်။ စန္ဒာ့ကို အသာ တွန်းလွှတ်တယ်။
သီရိ ခေါင်းထဲမှာ အချက်ပေးသံတွေ ဆူညံလာတယ်။
တစ်ခုခုတော့ မှားနေပြီ..။
သူ့အစ်ကိုဆီကို တစ်လှမ်းချင်း လျှောက်သွားနေတဲ့ မြတ်စန္ဒာထွန်း။
သူ့ညီမကို လက်ကမ်းကြိုနေတဲ့ ထက်ရန်နိုင်ထွန်း။
ပြုံးဖြီးဖြီးမျက်နှာနဲ့ သက်ထားဆွေ။
တစ်လှမ်း.. နှစ်လှမ်း.. နီးသထက် နီးလာတယ်။ ရန်နိုင့် မျက်နှာက မျှော်လင့်ချက်တွေ အရောင် တောက်သထက် တောက်လာတယ်။
သီရိ.. ခြေတစ်လှမ်း စလှမ်းကြည့်တယ်။ သူ့ရဲ့ တောင့်တင်းနေတဲ့ ခန္ဓာကိုယ်ကို ကြိုးစားပြီး လှုပ်ကြည့်တယ်။ ဖိစီးနေတဲ့ ကြောက်စိတ်ကို တတ်နိုင်သလောက် တွန်းလှန်တယ်။
“ဒါဒါ.. ဒါဒါ”
“ကိုကြီး”
မောင်နှမ နှစ်ယောက်ကြား ခြေလှမ်း ၅ လှမ်းထက် ပိုမဝေးတော့။
ကြောက်စိတ်ကို အနည်းငယ် အောင်နိုင်သွားတဲ့အခါ.. သီရိ ကိုယ်ထဲကို ခွန်အားတချို့ စီးဝင်လာတယ်။ အောင်မော့်ရဲ့ မျက်နှာကို သူ ပြန်မြင်ယောင်တယ်။ မမမေရဲ့ စကားတွေကို သူ ပြန်ကြားယောင်တယ်။ တစ်ဘ၀လုံး.. အရာရာတိုင်းဆီကနေ ထွက်ပြေးနေခဲ့တဲ့..သူ့ကိုယ်သူ.. ပြန်ခံစား သိမြင်တယ်။
“ရန်နိုင်”.. သီရိ အော်လိုက်တယ်။
သူ့ကိုယ်သူတောင် မသိလိုက်ခင်မှာ.. သီရိ.. ရန်နိုင့်ဆီကို ပြေးသွားပြီးနေပြီ။
သီရိနဲ့ ရန်နိုင် လက်တစ်ကမ်း အကွာ..။ ရန်နိုင်နဲ့ စန္ဒာ.. ခြေ ၃ လှမ်းလောက် အကွာ..။
စန္ဒာ့မျက်နှာက မျက်နှာဖုံးခွာလိုက်သလို ချက်ခြင်း ပြောင်းလဲသွားတယ်။ မျက်ဆံတွေ ရုတ်ခနဲ ပြန်ပျောက်သွားတယ်။ ပါးစပ်က ဟက်ခနဲ ဟသွားတယ်။ လက်သေးသေးလေးတွေ လေထဲကို မြောက်တက်လာတယ်။
“ဒါဒါ..”
မြတ်စန္ဒာထွန်း.. သူ့အစ်ကိုကို ခုန်အုပ်လိုက်တယ်။
(၃)
နန်းထိုက်သီရိဟာ.. သတ္တိကောင်းတဲ့ မိန်းကလေး မဟုတ်ဘူး။ ဒါပေမယ့်.. အခု သူ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့ ခံစားချက်က သတ္တိလား.. မိုက်ရူးရဲ ဆန်မှုလား.. တစ်ဘ၀လုံး သုံးမရခဲ့တဲ့ သူ့ကိုယ်သူ နာကျည်းမှုတွေလား.. သူမသိဘူး။
ရန်နိုင့်ကို တွန်းဖယ်လိုက်တဲ့ သူ့လက်တွေထဲမှာ ထင်မထားတဲ့ အင်အားတွေ ပါနေတယ်။
အရှိန်နဲ့ ခုန်အုပ်လာတဲ့.. စန္ဒာ့ ကိုယ်လုံး ခပ်သေးသေးကို သီရိ လှမ်းဖမ်းလိုက်တယ်။ ဒါပေမယ့် စန္ဒာ့ ကိုယ်လုံးလေးက ထင်မထားလောက်အောင် လေးလံနေတယ်။
သီရိ လဲကျသွားတယ်။
စန္ဒာ့ရဲ့ သွားချွန်ချွန်တွေ.. သီရိ ကိုယ်ပေါ်ကို ဆက်တိုက် ကျလာတယ်။ သီရိ ဘေးကို လဲကျသွားတယ်။ သူ့ကိုယ်ပေါ်ကို ခွစီးထားတဲ့ မြတ်စန္ဒာထွန်း.. သီရိကို သားရဲတစ်ကောင်လို အငမ်းမရ ဆွဲဖြဲတယ်။
လည်ပင်းတွေ.. ပခုံးတွေဆီကနေ စူးခနဲ ပူခနဲ ဆောင့်တက်လာတဲ့ နာကျင်မှုကို သီရိ ကြိတ်မှိတ်ခံတယ်။ သီရိ ပါးစပ်က အော်သံတွေ ထွက်မလာဘူး။ ဒီတစ်ခါ.. ဒီတစ်ခါတော့ သူ မကြောက်ပါရစေနဲ့တော့။ အကြောက်တရားကို ရင်မဆိုင်ပါရစေနဲ့တော့..။ သေတယ်ဆိုတာ.. ဘာမှ မဟုတ်ဘူးတဲ့.. မမမေရဲ့ စကား.. သီရိ ပြန်ကြားမိတယ်။ ဝေဝါးလာတဲ့ မျက်လုံးတွေကို သီရိ.. ပုတ်ခတ် ပုတ်ခတ်လုပ်တယ်။
“မောင်လေး.. ပြေးတော့လေ.. ပြေးတော့.. ဘာရပ်ကြည့်နေတာလဲ”.. သူ့ကို မျက်လုံးအပြူးသားနဲ့ ငုံ့ကြည့်နေတဲ့ ထက်ရန်နိုင်ထွန်းကို သီရိ ခပ်တိုးတိုး ပြောလိုက်တယ်။
ကျန်တာ သူမသိတော့။
နကိုကတည်းက မှောင်နေတဲ့ ည.. သီရိအတွက် ပိုမှောင်လို့ သွားတယ်။ ဘာဆိုဘာမှ မမြင်ရတော့ဘူး။
+++
အခန်း (၃၅)
-(ရန်နိုင်)-
(၁)
သီရိရဲ့ ကိုယ်ပေါ်မှာ တက်ခွ..၊ သီရိ တစ်ကိုယ်လုံးကို ရစရာ မရှိအောင် ဆွဲဖြဲ.. ထွက်လာတဲ့ သွေးတွေကို တဂွပ်ဂွပ် မျိုချနေတဲ့ စန္ဒာ့ကို ကြည့်ရင်း ရန်နိုင့် ရင်ဘတ်အလယ်မှာ ဟောင်းလောင်းပေါက်ကြီးတစ်ခု ပေါ်လာသလို.. ဟာခနဲ ဖြစ်သွားတယ်။
ဒါဒါ.. မရှိတော့ဘူး။ ဒါ.. စန္ဒာ မဟုတ်ဘူး။
မသီရိရဲ့ လက်တွေ ခြေတွေ တဆတ်ဆတ် ခါတယ်။ စန္ဒာ့ကို တွန်းထုတ်နေတဲ့ သီရိရဲ့လက်တွေ တဖြည်းဖြည်း ပျော့ခွေသွားတယ်။
“ရပြီ… တော်ပြီ..သမီး”
စန္ဒာ့ကို အသာအယာ ဆွဲခွာလိုက်တဲ့ သက်ထားဆွေ။ စန္ဒာက ချက်ခြင်း မဖယ်ပေးသေးဘူး။ အားမရသေးသလို..သီရိရဲ့ လည်ပင်းနေရာကို တစ်ချက် နှစ်ချက် ကုန်းကိုက်လိုက်သေးတယ်။ တော်တော်ကြာတော့မှ.. စန္ဒာနဲ့ သီရိကို ခွာထုတ်လို့ ရသွားတယ်။
ဒါဒါ.. ။ ဒါဒါ..လို့ ထပ်ခေါ်လိုက်ချင်ပေမယ့် ရန်နိုင် စိတ်ကို ထိန်းလိုက်တယ်။ ဒါ.. သူ့ညီမ မဟုတ်တော့ဘူး။ သူ့ညီမလေး သေသွားပြီ။ အခု သူ့ရှေ့မှာရပ်နေတဲ့ သွေးသံရဲရဲနဲ့ မိန်းကလေးဟာ.. မကောင်းဆိုးဝါး တစ်ကောင်။
စန္ဒာ့ မျက်လုံးဖြူဖြူတွေ.. ရန်နိုင့်ဘက်ကို ရောက်လာတယ်။ စိတ်တိုသွားသလို ဟီးခနဲ မာန်ဖီတယ်။
ရန်နိုင် အိခနဲ ငိုချလိုက်မိပြန်တယ်။
“မလိုတော့ဘူး.. မြတ်စန္ဒာထွန်း။ ကောင်လေးကို လွှတ်ပေးလိုက်တော့။ ငါတို့ လိုနေတာ အကုန်ပြည့်စုံသွားပြီ။ လေးယောက်ပြည့်ပြီ..”.. သက်ထားဆွေက ပြောတယ်။ စန္ဒာ့ ခေါင်းကို ခွေးတစ်ကောင်ကို ချော့မြှူသလို.. လက်နဲ့ အသာပွတ်ပေးတယ်။.. “လာ.. တို့တွေ သွားကြမယ်။ သမီးက ဒီတစ်ယောက်ကို ခေါ်ခဲ့.. အန်တီထားက ဟိုတစ်ယောက်ကို ခေါ်လာမယ်”
ငြိမ်သက်နေတဲ့ သီရိရဲ့ ဆံပင်တွေကို စန္ဒာ လက်နဲ့ လှမ်းဆွဲတယ်။ ဆံပင်တွေကို လက်ထဲ ကျစ်ကျစ်ပါအောင် ဆွဲဆုပ်ပြီး.. စန္ဒာ ရေတွင်းဘက်ကို လှည့်ထွက်.. တစ်လျမ်းချင်းလျှောက်တယ်။ သီရိ ကိုယ်လုံး တစ်ခုလုံး ဘာအလေးချိန်မှ မရှိသလို.. စန္ဒာ ဆွဲခေါ်တဲ့ နောက်ကို တရွတ်တိုက် ပါသွားတယ်။
သက်ထားဆွေက မမမေရဲ့ ကိုယ်လုံးကို စွေ့ခနဲ ကောက်ချီ၊ ပခုံးပေါ် တင်တယ်။ ဖွဲအိတ်တစ်အိတ်လို မြောက်ပါ သွားတဲ့ မမမေရဲ့ ခြေတွေ လက်တွေ ပျော့ခွေအသက်မဲ့ နေတယ်။
ပြိုကျနေပြီဖြစ်တဲ့ ရေတွင်းထဲက တရှိန်ထိုး ထွက်လာတဲ့ အဖြူရောင် အခိုးအငွေ့တွေ..။
“မင်းကံကောင်သွားတယ် ကောင်လေး”… မမမေကို ပခုံးပေါ်မှာတင်၊ ရေတွင်းဘက်ကို လျှောက်သွားနေတဲ့ သက်ထားဆွေ.. ရန်နိုင့်ဘက်ကို လှည့်ပြီး ပြောတယ်။ ပြုံးပြတဲ့ သက်ထားဆွေရဲ့ မျက်နှာက လှိုက်လှဲမှု တစ်စက်မှ မပါဘဲ.. ကျက်သရေယုတ်နေတယ်။ .. “ငါတို့ တစ်ရက် ပြန်ဆုံကြတာပေါ့.. ဟီး..”
ရေတွင်းပတ်လည်ကို ခဏတွင်း ဖုံးလွှမ်းသွားတဲ့ မြူခိုးတွေ..။
ထူထဲ ပိန်းပိတ်နေတဲ့ မြူတွေထဲကို ငေးကြည့်ရင်း ရန်နိုင့် ဦးနှောက်က အလုပ် ဆက်မလုပ်တော့ဘူး။ ဘာတွေ ဖြစ်ခဲ့သလဲ.. သူမသိတော့ဘူး။ မသိချင်တော့တာလည်း ဖြစ်နိုင်တယ်။ ဘာဆက်ဖြစ်မလဲ သူ မမျှော်လင့်တတ်တော့ဘူး။ မမျှော်လင့်ချင်တော့တာလည်း ဖြစ်နိုင်တယ်။
(၂)
အချိန်ဘယ်လောက်ကြာကြာ.. ဒီအတိုင်း ရပ်နေမိသလဲ ရန်နိုင် မသိဘူး။
သူ့မျက်နှာပေါ်ကို ဖြာကျလာတဲ့ နေရောင်ခြည်ကို ခံစားမိတော့မှ ရန်နိုင် သတိဝင်လာတယ်..။
မနက်ခင်း အလင်းရောင်အောက်မှာ.. လင်းချင်းနေပြီဖြစ်တဲ့ ပတ်ဝန်းကျင်။
အခုမှ နိုးထလာတဲ့ တောအုပ်ဘက်က.. ငှက်သံ ကျေးသံတွေ။
လူသူ တစ်ဦးတစ်ယောက်မှ မရှိတော့တဲ့ ပတ်ဝန်းကျင်။
မြေကြီးပေါ်မှာ ပုံလျက်သားကျနေတဲ့ မမမေရဲ့ ဂျင်းဂျတ်ကတ်။
ရန်နိုင်.. ဂျင်းဂျတ်ကတ်ကို ကောက်လိုက်တယ်။
ရေတွင်းပျက်ဆီကို တစ်လှမ်းချင်း လျှောက်သွားတယ်။
ရေတွင်းပေါက်တစ်ခုလုံး အုတ်ကျိုးအုတ်ပဲ့ အဆွေးအပျက်တွေနဲ့ ဖုံးလွှမ်းနေပြီ။ အောက်ကိုတောင် ငုံ့ကြည့်လို့ မရတော့..။
ဂျင်းဂျတ်ကတ်ကို အုတ်ပုံပေါ် ပစ်ချလိုက်တယ်။ ပါးစပ်က ခပ်တိုးတိုး ပြောတယ်။
“ကျွန်တော်.. ကျွန်တော့်ကို ခွင့်လွှတ်ပါ..”
ဘယ်သူ့ကို တောင်းပန်နေတာလဲ သူ မသေချာဘူး။ မမမေကိုလား.. မသီရိကိုလား.. ဒါဒါ့ကိုလား။
“ကျွန်တော်.. အဆင်သင့် ဖြစ်တဲ့အခါ.. ဒီနေရာကို ပြန်လာခဲ့မယ်”.. ရန်နိုင့် လေသံထဲမှာ ငိုသံတွေ မပါတော့ဘူး။ ပျော့ညံ့တဲ့ အငွေ့အသက်တွေ မရှိတော့ဘူး။ တစ်ခုခုကို ယတိပြတ် ဆုံးဖြတ်လိုက်တဲ့.. ဓားသွားလို ထက်ရှနေတဲ့ အသံမျိုး..။
ရန်နိုင် ဒီဘက်ကို ပြန်လှည့်လာတယ်။
ခြေလှမ်း ၁၀ လှမ်းလောက်မှာ သူ ခဏရပ်သွားတယ်။
မြေကြီးပေါ်မှာ ကျနေတဲ့ ဓားကျိုး နှစ်ပိုင်းကို သူ ကုန်းကောက်တယ်။ ကနုတ်ပန်းတွေ အပြည့် ထွင်းထားတဲ့ အရိုးနဲ့ အသွားက နေရောင်အောက်မှာ တဖိတ်ဖိတ် တောက်နေတယ်။
ရန်နိုင်.. ဓားကျိုး နှစ်ပိုင်းကို ခါးကြားမှာ ထိုးတယ်။
ရေတွင်းပျက်ကို ကျောခိုင်း.. သူ့ အိမ်ရှိရာကို ဦးတည်ပြီး တစ်လှမ်းချင်း လျှောက်တယ်။
+++ (မုယော ပထမပိုင်းပြီး) +++
+++++++++++++++++++++
(ဒုတိယပိုင်း)
အချိန် ၂ နှစ်ခန့် အကြာ..
နိဒါန်း
(၁)
ရာသီဥတု အတော် ပူနေတယ်။
နေကျသွားပေမယ့် အပူရှိန်က လျော့မလာဘူး။
မုယောရွာလေးတောင်မှ..သစ်ရိပ်ဝါးရိပ်တွေ ကြံ့ကြံ့ခံပေးထားပေမယ့် ဒီနွေရဲ့ အပူကို မတွန်းလှန်နိုင်သလို တစ်ရွာလုံး အပူလှိုင်းအောက်မှာ မြုပ်နေတယ်။
မုယောဟာ ရွာငယ်လေးတစ်ခု။ လူနေအိမ်ခြေ သိပ်မရှိ။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကတော့ မုယောဟာ အတော်လေး စည်ကား သိုက်မြိုက်ခဲ့တယ်။ လမ်းမကြီးဘေးမှာ တည်ထားတာ ဖြစ်တဲ့အတွက် ကားအသွားအလာ စိပ်တယ်။ လူအဝင်အထွက် အတော်အသင့် ရှိတယ်။ ဓာတ်ဆီဆိုင်တွေ အလုပ်ဖြစ်တယ်။ ဒါ့အပြင်.. မဟာထွန်း အုတ်စက်ရဲ့ ကောင်းမှုကြောင့် ရွာသားတော်တော်များများ အလုပ်နဲ့ အကိုင်နဲ့ အဆင်ပြေတယ်။ ဝမ်းရေးအတွက် ပူပင်နေရတာမျိုး မရှိလှဘူး။
ဒါပေမယ့် အခု.. မဟာထွန်း အုတ်စက်လည်း မရှိတော့။
ပျောက်သွားတဲ့ မဟာထွန်း အုတ်စက်ပိုင်ရှင် မိသားစုရဲ့ သတင်းဟာ မုယောတစ်ရွာလုံးကိုသာမက အနီးအနား ရွာတွေ မြို့တွေအထိပါ စိတ်ဝင်တစား ဆွေးနွေးကြရတဲ့ ဇာတ်လမ်း တစ်ပုဒ် ဖြစ်လာတယ်။
မိသားစု တစ်စုလုံး ပျောက်သွားတာတော့ မဟုတ်။
ပိုင်ရှင် ဦးမျိုးလွင်ထွန်းနဲ့ အိမ်အကူ အဒေါ်ကြီးရဲ့ အလောင်းတွေကိုတော့ အိမ်ထဲမှာပဲ သိုလှောင်ထားတာကို ရှာတွေ့ခဲ့တယ်။ ဘယ်သူက သတ်သွားသလဲ။ ဘာကြောင့်သတ်သွားသလဲ။ ဘယ်လို သတ်သွားသလဲ ဆိုတဲ့ သို့လော သို့လော မေးခွန်းတွေအတွက် အဖြေရေရေရာရာတော့ မရှိသေး။ အချို့ ရွာသားတွေရဲ့ ပြောစကား အရဆိုရင်တော့ အဲဒီအိမ်ထဲကို ရဲအရာရှိတစ်ယောက်လည်း ဝင်ပြီး စုံစမ်းသေးတယ်.. ဒါပေမယ့် အဲဒီ ရဲအရာရှိက ဘယ်သူလဲ၊ သူဘာတွေ တွေ့ခဲ့သလဲ ဆိုတာကိုတော့ ထုတ်ပြန်ကြေငြာခြင်း မရှိသေးဘူးတဲ့။
အိမ်ရှင် မိသားစု ၅ ယောက်ထဲမှာ ဦးမျိုးလွင်ထွန်းရဲ့ အလောင်းတစ်ခုကိုပဲ တွေ့ခဲ့တယ်ဆိုတော့ ကျန်တဲ့ ၄ ယောက်က ပျောက်ခြင်းမလှ ပျောက်သွားတယ်ဆိုတဲ့ သဘော။ ဦးမျိုးလွင်ထွန်းရဲ့ ဇနီး ဒေါ်မိုးမိုးခိုင်၊ သမီးကြီး မြတ်သော်တာထွန်း၊ ပြီးတော့ အငယ် အမြွာမောင်နှမ နှစ်ယောက်ဖြစ်တဲ့ ထက်ရန်နိုင်ထွန်းနဲ့ မြတ်စန္ဒာထွန်း..။ ဒီ ၄ ယောက် ဘယ်ကို ပျောက်သွားသလဲ။ ပြန်ပေးဆွဲခံရသလား။ ဒါမှမဟုတ် သူတို့ထဲမှာ အလိုတူ အလိုပါ ဒုစရိုက်သမား ပါနေသလား။
ဒီဖြစ်ရပ်တွေ မဖြစ်ခင်တုန်းကလည်း မုယော ရွာလေးမှာ ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေ ဖြစ်ခဲ့သတဲ့။ ရွာရဲ့ ကာလသား အချို့ ရွာစပ် တောအုပ်နားမှာ အသတ်ခံရတယ်။ တောကောင်လက်ချက်လား လူလက်ချက်လား မသဲကွဲ။ အဖြေမထွက်ခဲ့။ အဲဒီ ကာလသားတွေထဲက တစ်ယောက်ရဲ့ အစ်မဖြစ်တဲ့ နန်းထိုက်သီရိ ဆိုရင်.. သူ့မောင်ရဲ့ အဖြစ်ဆိုးကို ရင်မဆိုင်နိုင်လို့ မြို့ကို ပြောင်းပြေးသွားသလိုလို.. ရွာကနေ ထွက်ပြေးသွားသလိုလို သတင်းသဲ့သဲ့ ကြားရတယ်..။
ဒီဖြစ်ရပ်နဲ့ မရှေးမနှောင်းမှာ.. ရွာထဲက မွေးကင်းစ ကလေး ၃ ယောက်လည်း အခိုးခံရသေးတယ်။ ကလေးတွေ သေကံမရောက် သက်မပျောက် ပြန်ရောက်လာကြပေမယ့် ဒီကလေးတွေ ပျောက်သွားခဲ့တာ ဘယ်သူ့ လက်ချက်လဲဆိုတာ သေသေချာချာ အဖြေမပေါ်ပြန်ဘူး။ ရွာဦးဘုန်းကြီးကျောင်းရှေ့မှာ ကလေး ၃ ယောက်ကို လာပစ်သွားတဲ့သူက ဘယ်သူလဲ ဆိုတာလည်း အဖြေမရှိ။
မေးခွန်းပေါင်းများစွာနဲ့ မတင်မကျ ဖြစ်နေတဲ့ မုယော ရွာလေး.. ဒီလိုနဲ့ အသက်ဆက်ရှင်တယ်။ လူ့သဘာ၀ ထုံးစံအတိုင်း လုပ်ငန်းဆောင်တာတွေကို ဆက်လုပ်တယ်။ မဟာထွန်း အုတ်စက် လုံး၀ ပိတ်သွားတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ရွာသားတွေ မြို့ဘက်ကို ပြောင်းတဲ့သူ ပြောင်းကြတယ်။ ရွာမှာပဲ ရရာအလုပ် ဆက်လုပ်နေကြသူတွေလည်း ရှိတယ်။
ဒါပေမယ့် မုယောရဲ့ ကျန်းမာရေးက တစ်စထက် တစ်စ ဆိုးလာတယ်လို့ ပြောရမယ်။
ပုံမှန်ဆိုရင် လူ အသေအပျောက် အင်မတန် နည်းခဲ့တဲ့ မုယောရွာမှာ အဖြစ်ဆိုးတွေ ဆက်တိုက် ကြုံလာရတယ်။ လူသေမှုတွေ၊ လူပျောက်မှုတွေ၊ လူသတ်မှုတွေ ရက်ဆက်လာတယ်။ စိပ်လာတယ်။ နန်းထိုက်သီရိရဲ့ မောင်ဖြစ်တဲ့ အောင်မော့်တုန်းက.. တောကောင်ကိုက်ခံရတဲ့ အဖြစ်အပျက်ဆိုတာ မုယောနဲ့ အစိမ်းသက်သက်။ မကြုံစဖူး အဖြစ်ထူး တစ်ခု။ နောင်ပိုင်းမှာ ဒီဖြစ်ရပ်က ဆက်တိုက် ဖြစ်လာတယ်။ သုံးလေးလ လောက်အတွင်းမှာ တောကောင်ဆွဲခံရပြီး သေဆုံးသွားတဲ့ လူဦးရေက ဘယ်လိုမှ မယုံနိုင်အောင် များလာတယ်။
မုယောရဲ့ ရပ်ရွာလူကြီးတွေလည်း ဒီပြဿနာကို တတ်နိုင်သလောက် ဖြေရှင်း ရှာပါတယ်။ တောခြောက်တဲ့ အစီအစဉ်တွေ လုပ်တယ်။ ညမထွက်ရ အမိန့်တွေ ထုတ်တယ်။ ဒါပေမယ့် သေနှုန်းက ကျမလာဘူး။ အိမ်ခြေ အင်မတန်နည်းတဲ့ မုယောရဲ့ လူဦးရေအတွက်.. ဒီလို ဖြစ်ရပ်မျိုးဟာ မတွေးရဲစရာ။ ဒီတော့ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားပုံကို လက်ဆွဲ၊ ရွာကနေ စွန့်ခွာ ထွက်သွားကြတဲ့ သူတွေ များလာတယ်။
အိမ်ထဲအထိ ကျားဝင်ဆွဲတဲ့ အဖြစ်တွေပါ ဖြစ်လာတဲ့အခါ.. မုယောရဲ့ သည်းခံနိုင်စွမ်းက ကုန်သွားတယ်။ ဒါ သာမာန် ဖြစ်ရပ် မဟုတ်ဘူးဆိုတာကို ယုံကြည်တဲ့ သူတွေ များလာတယ်။ ရွာသူရွာသားတွေ လက်လျှော့.. အရှုံးပေး မွေးရပ်မြေကို ထားခဲ့ဖို့ ဖြစ်လာတယ်။ လမ်းမကြီးဘက်က ဆိုင်တွေ ပိတ်ကုန်တယ်။ ဆိုင်ရှင်တွေ မြို့ကို ပြောင်းပြေးကုန်တယ်။ မနက်ခင်းတွေမှာ ကြွက်ကြွက်ဆူ ဆူညံနေတတ်တဲ့ မုယောရဲ့ လမ်းမဟာ အခုဆို တိတ်ဆိတ် ငြိမ်သက်နေပြီ။ တစ်ခါတစ်လေ ဖြတ်သွားတတ်တဲ့ ကားတစ်စီးတစ်လေကလွဲရင် ဘာဆို ဘာမှ မရှိ။
အခြေအနေတွေ ဆိုးသထက် ဆိုးလာတဲ့အခါ.. မုယောရွာလေးဟာ ခါးလယ်ကနေ ဖြတ်ပိုင်းခံလိုက်ရသလို နှစ်ပိုင်း ပြတ်သွားတယ်။ လမ်းမကြီးနဲ့ နီးတဲ့ ဆိုင်တွေ အိမ်ခြေတွေ တော်တော်များများ ပိတ်သိမ်း ရွှေ့ပြောင်းသွားတဲ့အခါ.. ရွာရှေ့ပိုင်းနဲ့ နောက်ပိုင်း ဆိုပြီး နှစ်ပိုင်း ကွဲလာတယ်။ ရွာနောက်ပိုင်း တောစပ်နဲ့ နီးတဲ့ သူတွေက ချို့တဲ့တယ်။ တခြားတစ်နေရာကို ပြောင်းရွှေ့နေထိုင်ဖို့ အဆင်မပြေတဲ့ သူတွေ များတယ်။ တချို့ကျတော့လည်း တောကောင်မကလို့ ကမ္ဘာမီးလောင်ရင်တောင် ဒီနေရာကနေ မစွန့်ခွာဘူးဟေ့ ဆိုပြီး သန္ဒိဠာန် ချထားကြတဲ့ သူတွေ ဖြစ်ရင် ဖြစ်မယ်..။
ဒီလိုနဲ့ အချိန် ၂ နှစ် ကျော်ကျော်လောက် ကြာသွားတဲ့အခါ.. အရှေ့မုယောဟာ လူနေအိမ်ခြေ မရှိသလောက် ပါးလျသွားပြီ။ ဆီဆိုင် တစ်ခုတစ်လေ ကလွဲရင် လမ်းမကြီးဘေးမှာ ဘာမှ မရှိတော့။ နောက်ဆုံးမှာ.. မုယောရွာသို့.. ဆိုတဲ့ ဆိုင်းဘုတ်ကို လမ်းမကြီးကနေ ဖြုတ်၊ အနောက်မုယောကို သွားတဲ့ လမ်းထိပ်မှာ ပြောင်းစိုက်ရတဲ့ အထိ ဖြစ်လာတယ်။ အဲဒီ လမ်းခွဲကနေ အထဲကို ဆက်ဝင်သွားရင်တော့ မုယောရဲ့ လက်ကျန် အပိုင်းအစ လေးတွေကို တွေ့ရမယ်။ နေရောင်ပြင်းပြင်းအောက်မှာ အိပ်မောကျနေတဲ့ ပျဉ်ထောင်အိမ် ယိုင်နဲ့နဲ့တွေ။ ဟာလာဟင်းလင်း အထဲကို တိုးလျိုပေါက် မြင်နေရတဲ့ တဲသာသာ အိမ်လေးတွေ။ တစ်အိမ်ကျော် နှစ်အိမ်ကျော်လောက်တိုင်းမှာ ကြက်ခြံလေးတွေ ရှိမယ်။ တချို့ နည်းနည်းလေး တတ်နိုင်တဲ့ အိမ်တွေကတော့ ဝက်ဖြစ်ဖြစ်၊ နွားဖြစ်ဖြစ် မွေးထားမယ်။ အိမ်တိုင်းမှာ တူညီတဲ့ အချက်ကတော့ အိမ်တိုင်းမှာ. တက်တက်ကြွကြွ မရှိ၊ တစ်နေကုန် တစ်နေခမ်း အပြင်ကို ထိုင်ငေးနေကြတဲ့ သူတွေ.. ရှိတယ်။
သူတို့ရဲ့ မျက်လုံးတွေထဲမှာ မျှော်လင့်ချက်ဆိုတာ မရှိဘူး။ မနက်ဖြန်ဆိုတာကို စိတ်မဝင်စားဘူး။ နေ့စဉ်နေ့တိုင်း ဖြစ်ပျက် ပြောင်းလဲနေတဲ့ အဖြစ်တွေကို လက်ခံ အရှုံးပေးထားကြတဲ့ မျက်နှာတွေ။
နေစောင်းပြီ ဆိုတာနဲ့.. အနောက်မုယော တစ်ခုလုံး အပ်ကျသံ ကြားရအောင် တိတ်ဆိတ်သွားတတ်တယ်။
အိမ်တံခါးတွေ အသီးသီး ပိတ်ကြတယ်။ ခြံပြင်ကို မပြောနဲ့ အိမ်ထဲကနေ အပြင်ကို ခြေတစ်လှမ်း မထွက်မိအောင် အိမ်တွင်းအောင်းကြတယ်။ တောကောင်တွေရဲ့ ရန်ကို ကြောက်လို့ပဲလား။ ဒီထက် ကြောက်စရာကောင်းတဲ့ အရာ တစ်ခုခု ရှိလို့ပဲလားတော့ မသေချာ။
သေချာတာ တစ်ခုကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မုယောနဲ့ အခု မုယောဟာ မျက်လှည့်ပြလိုက်သလို ပြောင်းလဲ ကွဲပြားသွားခဲ့ပြီ။
(၂)
အခု.. ဒီဇာတ်လမ်းကို ပြောပြနေစဉ် အတွင်းမှာ..
အနောက် မုယောရွာထဲကို တစ်လိမ့်ချင်း ဘီးလိမ့် ဝင်လာတဲ့ ကား တစ်စီး။
နွားလှည်း သွားလို့ရရုံ ကျယ်တဲ့ မြေလမ်းပေါ်မှာ ကားက ဘယ်ညာ ယိမ်းထိုး လူးလွန့်နေတယ်။ ချိုင့်ထဲကို ဘီးကျသွားတဲ့အခါ ဒုန်းခနဲ ဝုန်းခနဲ အသံတွေ ဆူညံလာတယ်။
ကားမီးရောင်အောက်မှာ.. ရွာရဲ့ အသက်မဲ့နေတဲ့ အိမ်ခြေတွေ အရိပ်ထင် ယိမ်းထိုး လှုပ်ရှားကြတယ်။ ဘယ်သူလဲဟ.. ဆိုပြီး..ပြတင်းပေါက်ဖွင့်ကြည့်တဲ့ သူတွေ ရှိသလို..ကားသံကိုကြားမှ ပြတင်းတံခါးတွေ ဆောင့်ပိတ်၊ အိမ်မီးတွေကို ပြေးပိတ်ကြတဲ့ မိသားစုတွေလည်း ရှိတယ်။
ကားပေါ်မှာ လူ နှစ်ယောက်။
ကားစတီရာရင်ကို ကျစ်ကျစ်ပါအောင် ကိုင်ရင်း အပြင်က ရွာရဲ့ မြင်ကွင်းတွေကို စိတ်ဝင်တစားကြည့်၊ ကားကို ဖြည်းဖြည်းချင်း မောင်းလာတဲ့ မိန်းကလေး တစ်ယောက်။ သူ့မျက်နှာက တစ်ခုခုကို မျှော်လင့် တောင့်တနေတဲ့ မျက်နှာမျိုး။ မိန်းကလေးက တီရှပ်လက်တိုနဲ့..။ သူ့လက်မောင်း နှစ်ဖက်မှာ အပြည့်ထိုးထားတဲ့ ဆေးမင်ရုပ်တွေ။
သူ့ဘေးခုံမှာ အသက်ခပ်လတ်လတ် ယောက်ျားတစ်ယောက်။ သူ့မျက်လုံးတွေကလည်း စိတ်ဝင်စားမှု အပြည့်နဲ့ တဖျပ်ဖျပ် လှုပ်ခါနေတယ်။
ညနေစောင်း အမှောင်ဖျော့ဖျော့ထဲမှာ လျှို့ဝှက်ချက်ပေါင်းစုံနဲ့ အိပ်စက်နေတဲ့ မုယောရွာ။
ဒီလျှို့ဝှက်ချက်တွေကို တစ်လွှာခြင်း ခွာချဖို့ စိုင်းပြင်းနေတဲ့ ကားပေါ်က လူနှစ်ယောက်။
“ကားက ဆက်သွားလို့ မရတော့ဘူးထင်တယ်။ လမ်း အရမ်းကျဉ်းနေပြီ”.. မိန်းကလေးက ပြောတယ်။
“ဒီနားမှာပဲ ရပ်ခဲ့လေ။ ကျွန်တော်တို့ ဆင်းလျှောက်ကြတာပေါ့”.. အသက် ခပ်လတ်လတ် ယောက်ျားက ပြန်ဖြေတယ်။
ကားစက်သံ ရပ်သွားတယ်။ ကား မီးရောင် ပိတ်သွားတယ်။
ပတ်ဝန်းကျင်က.. မှောင်သထက် မှောင်လာပြီ။
ကားပေါ်ကနေ.. မိန်းကလေးက အရင်ဆင်းတယ်။ ပွနေတဲ့ ဆံပင်တွေကို နောက်ကို လှန်သိမ်းတယ်။ လူသူ တစ်ဦးတစ်ယောက်မှ မရှိတဲ့ ပတ်ဝန်းကျင်ကို အကဲခတ်တယ်။ သူ့မျက်နှာမှာ အံ့ဩတဲ့ အရိပ်အယောင်တော့ မတွေ့ရ။
ကားရဲ့ ဟိုဘက် တံခါးပွင့်သွားတယ်။ အသက်ခပ်လတ်လတ် ယောကျ်ား.. ကားပေါ်က ဆင်းတယ်။ အကြောဆန့်တယ်။ ဝါး..ခနဲ တစ်ချက် သမ်းတယ်။
“ညောင်းလိုက်တာဗျာ..။ မိုင် ၂၀ သာ ပြောတယ်။ တော်တော် ဝင်ရတာပဲ။ အရင်တစ်ခေါက် ကျွန်တော် လာတုန်းက ဒီလို မဟုတ်ဘူးဗျ။ တော်တော်ပြောင်းလဲသွားတာ”.. သူကပြောရင်း ခေါင်းကို ဘယ်ညာ စောင်းပြီး ဇတ်ခနဲ.. ချိုးတယ်။
“အင်း”.. မိန်းကလေးက ဒီဘက်ကို လှည့်မကြည့်ဘဲ ပြန်ဖြေတယ်။ သူ့မျက်လုံးတွေက ပတ်ဝန်းကျင်ရဲ့.. အိပ်စက်နေတဲ့ အိမ်ခြေတွေဆီမှာ ဝဲနေတယ်။
အသက်ခပ်လတ်လတ် ယောကျ်ားက …အမှောင်နုနုထဲမှာ.. လက်ပိုက်ပြီး ရပ်နေတဲ့.. မိန်းကလေးကို အတော်ကြာကြာ စိုက်ကြည့်နေတယ်။ တော်တော်လေးကြာမှ-
“အင်း..။ ရောက်တော့ ရောက်လာပြီ။ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ မသူဇာ”.. သူက မေးတယ်။
+++
(ဆက်ရန်)