“ကျွန်တော်ဟာ ပေါ့ပေါ့နေ ပေါ့ပေါ့စားကောင်။ အလုပ်လုပ်ရင်လည်း အင်မတန် ပျင်းတယ်။ လုပ်လက်စအလုပ်တွေကို အပြီးမသတ်တဲ့ နေရာမှာ နာမည်ကြီးတယ်။ ဒီလိုပဲ တစ်သက်လုံး ဆက်သွားလိမ့်မယ်လို့ တော်တော်များများက ထင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် “ငါဟာ ဘယ်တော့မှ ပြောင်းလဲမယ့်ကောင် မဟုတ်ဘူး”..လို့ သတ်မှတ်ခဲ့တာပဲ။
ဒါပေမယ့် အခုဆိုရင် တစ်ရက်တစ်ရက် စိတ်ပူစရာတွေနဲ့ ပြည့်နေတယ်။ မပြီးတဲ့ အလုပ်တွေကို ပူရကောင်းမှန်းသိလာတယ်။ အလုပ်များတဲ့အခါ ခံစားရတဲ့ စိတ်လှုပ်ရှားမှုကို ခုံမင်တတ်လာတယ်။ အဆက်မပြတ် အလုပ်လုပ်တတ်တဲ့ကျွန်တော့်မိန်းမရဲ့ ကျေးဇူးတွေလည်း အများကြီးပါပါတယ်။ ကျွန်တော် အတုယူကောင်းသွားတာပေါ့လေ။ ငယ်ငယ်တုန်းက အမေပြောခဲ့ဖူးတဲ့ “ယားလို့တောင် မကုတ်အားဘူး” ဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ကို နားလည်လာတယ်။
“မပြောင်းလဲတဲ့ အရာဆိုလို့ ပြောင်းလဲခြင်းပဲ ရှိတယ်” ဆိုတဲ့ စကားကို ကျွန်တော် ကြားဖူးတယ်။ ကျွန်တော့်အတွက် အကြီးမားဆုံး ပြောင်းလဲခြင်း နောက်တစ်ခုကတော့ အစားအသောက်ပဲ။ တစ်သက်လုံး အစားအသောက်ကို မခုံမင်ခဲ့တဲ့ကောင်။ ဘယ်လိုစားစား ပေါင် ၁၂၀ မကျော်ခဲ့တဲ့ကောင်။ အခုတော့ ဘာစားစား အရသာခံတတ်နေပြီ။ တစ်ရက် ၃ နပ် မစားရရင် စိတ်တိုချင်နေပြီ။ ပေါင်ချိန်ကလည်း ၂၀၀ နားကပ်နေပြီ။
အိမ်မပြန်ဘဲ အလေလိုက်ခဲ့တုန်းက အပြင်သွားရခြင်းဟာ ဧရာမ ဆုလာဘ်ကြီးတစ်ခုလို့ မြင်ခဲ့တာပဲ။ အိမ်ပြန်ရမှာကို သေမလောက် မုန်းတယ်။ အခုတော့ အချိန်တန်လို့ ကိုယ့်အိမ်ကိုယ် ပြန်မရောက်မှာကို စိတ်ပူလာပြီ။ အိမ်စောစောပြန်ရဖို့ တောင့်တတတ်နေပြီ။ (မိန်းမရသွားလို့လည်း ဖြစ်နိုင်တယ်)
“ငါကတော့ ဘယ်တော့မှ မပြောင်းလဲဘူးဟေ့” လို့ ကြွေးကြော်နေတဲ့ သူတွေကတော့ ရှိနေဦးမှာပဲ။ သူတို့လည်း အချိန်တန်လာတဲ့အခါပြောင်းလဲ သွားမှာပဲ။ ဒါကို လက်ခံလိုက်တဲ့အခါ စိတ်အပူ တစ်ဝက် ငြိမ်းသွားတယ်။ လက်မခံနိုင်ရင်တော့ သူတစ်ပါး ပြောင်းလဲမှုတွေကိုလည်းနားမလည်၊ ကိုယ့်ပြောင်းလဲမှုကိုလည်း ဘူးခံငြင်းတဲ့သူ ဖြစ်လာတယ်။ စိတ်မချမ်းသာစရာပဲ။
အချုပ်ပြောရရင်တော့ ခင်ဗျားတို့၊ ကျွန်တော်တို့ အားလုံး ဒီနေ့နဲ့ မနက်ဖြန် ဘာဖြစ်မယ် ဆိုတာ မသိနိုင်တဲ့အတွက်ပြောင်းလဲမှု မှန်သမျှကို လက်ခံကြိုဆိုဖို့ပါပဲ။ ပြီးမှ မီးစင်ကြည့် က ပေါ့လေ။
စာကြွင်း – မြန်မြန်ပြောင်းလဲချင်ရင် အိမ်ထောင်မြန်မြန်ပြုကြပါ