အတိတ်တွေ ဝေဝါးနေခြင်းဟာ တော်တော်ဆိုးတဲ့ ပြဿနာ။ မိဘတွေက အစိုးရ ဝန်ထမ်းတွေ ဖြစ်တဲ့အတွက် ကျွန်တော့်မှာ မြို့ပေါင်းများစွာ၊ကျောင်းပေါင်းများစွာ ပြောင်းခဲ့ရတော့ ဘာကိုမှ၊ ဘယ်သူ့ကိုမှ သေသေချာချာ မမှတ်မိဘူး။
ကျွန်တော်ကိုယ်တိုင်ကလည်း အပေါင်းအသင်း မခုံမင်တဲ့သူ ဖြစ်နေခဲ့တော့ ပိုဆိုးသွားရော။ ငယ်တုန်းက ခင်မင်ခဲ့တဲ့ သူတွေက မှတ်မိလို့ နှုတ်ဆက်တဲ့အခါ ကျွန်တော့်မှာ ဘယ်သူဘယ်ဝါမှန်း မမှတ်မိတော့ ကြက်လည်လိမ်ထားသလို မအီမသာနဲ့ အားနာရတယ်။ စိတ်မကောင်းဖြစ်ရတယ်။
သူများတွေ မကြာခဏ ကျင်းပနေကြတဲ့ ဆရာကန်တော့ပွဲတွေ၊ ပြန်လည်တွေ့ဆုံပွဲတွေကို မြင်ရတဲ့အခါ တော်တော်မနာလို ဖြစ်တယ်။ ဆရာမနာမည်၊ သူငယ်ချင်းနာမည်တွေကို တစ်ခုမှ မမှတ်မိဘူးလေ။ တက်ခဲ့တဲ့ ကျောင်းတွေတောင် မေ့နေပြီ။ ကျွန်တော့်မိန်းမဆိုရင် သူငယ်တန် ကတည်းက ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေနဲ့ အခုထိ တွဲနေတုန်း။ အဲဒါကို စစသိခြင်းတုန်းက ကျွန်တော့်မှာ ပါးစပ်ဟောင်းလောင်းနဲ့ အံ့အားသင့်ရတယ်။
အခုအရွယ်မှာ အပေါင်းအသင်း သူငယ်ချင်းတွေ ရှိနေပါပြီ။ ဒါပေမယ့် ကြီးမှ လက်ပေးသင်ရသလိုပဲ ကျွန်တော့်ရဲ့ ဆိုရှယ်အရည်အချင်းတွေက သိပ်တိုးတက်မလာတော့ဘူး။
အမှတ်တရ ဆိုတာ တစ်နေရာတည်းမှာ စွဲစွဲမြဲမြဲ ရှင်သန်ခွင့်ရသူတွေအတွက်ပဲ အကျုံးဝင်တယ်ထင်တယ်။ ကျွန်တော့်အတွက်တော့ ငယ်ဘဝဆိုတာ နောက်ပြန်လှည့်ကြည့်ချင်ရင်တောင် မြင်စရာ ပီပီပြင်ပြင် မရှိတဲ့ အမှုန်အမွှားတွေပါပဲ။
ပီပြင်တဲ့ အတိတ်တွေကို ပိုင်ဆိုင်ခွင့်ရသူတွေ၊ ခင်ဗျားတို့ တော်တော် ကံကောင်းတယ်။