-လွန်ခဲ့သော ဆယ့်သုံးနှစ်-
(၁)
ကိုမျိုးဆိုတဲ့ လူကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်ရင်း သက်ထူး လက်ဘက်ရည်ခွက်ကို လှမ်းယူ၊ တစ်ငုံ မော့သောက်လိုက်တယ်။ သက်ထူးတို့ အခု ထိုင်နေတဲ့ လက်ဘက်ရည်ဆိုင်က ရန်ကုန် မြို့လယ်ခေါင်မှာ ဖွင့်ထားတာဆိုပေမယ့် ဆိုင်ကြီးတော့ မဟုတ်။ စားပွဲနဲ့ ထိုင်ခုံ အပုလေးတွေက ဆိုင်ဧရိယာကနေ ကျူးကျော်လွန်ထွက်ပြီး ကတ္တရာလမ်းပေါ် တစ်ပိုင်းတစ်စ ရောက်နေတယ်။ စားပွဲခုံတွေနဲ့ ၄-၅ ပေ အကွာလောက်မှာတင် ကားတွေ အရှိန်နဲ့ တဝီးဝီး ဖြတ်သွားနေကြပေမယ့် လက်ဘက်ရည် သောက်နေသူတွေကတော့ စကားပြောမပျက်၊ ဆေးလိပ်သောက် မပျက်။
ကိုမျိုးရဲ့ အသက်ကို သက်ထူး မှန်းမရဘူး ဖြစ်နေတယ်။ ငါ့ထက် ဆယ်နှစ်လောက်များ ကြီးမလား..။ ဒါပေမယ့် ဒီလူ့ရဲ့ ကိုယ်ခန္ဓာ အချိုးအစား၊ အသားအရည် ကျစ်လစ်မှုက သက်ထူးနဲ့ နင်လားငါလားပဲ။ ဆံပင်နက်နက်အောက်က သူ့ မျက်လုံးတွေက ဖျတ်လတ်ပြီး ကြည်တောက်နေတယ်။ သက်ထူးက လူကောင် အတော်ကြီးတယ်။ အခု ထိုင်ခုံအပုလေးမှာ ထိုင်နေတော့ သက်ထူးရဲ့ မြင့်ထွားနေတဲ့ ကိုယ်လုံးနဲ့ ဘယ်လိုမှ မအပ်စပ်ဘဲ ကွတတ ဖြစ်ချင်နေတယ်။ ကိုမျိုးက သက်ထူးလို မထွားဘူး။ ဒါပေမယ့် သက်ထူးထက် ၆ လက်မလောက် အရပ်နိမ့်တယ်ဆိုတာ မသိသာဘူး။ သူ့ရဲ့ မတ်ဖြောင့်နေတဲ့ ကိုယ်ဟန်အနေအထားကြောင့်လားတော့ မသိ၊ သက်ထူးနဲ့ လူကောင်ချင်း သိပ်မကွာသလို ထင်ရတယ်။
“ငါပြောတာ ဘယ်လို သဘောရသလဲ”.. ကိုမျိုးက စီးရက်တိုကို ဆေးလိပ်ခွက်ထဲ ထိုးချေရင်း မေးတယ်။ သက်ထူးဘက်ကို ဝေ့လွင့်လာတဲ့ စီးကရက်ငွေ့တွေကို လက်နဲ့ လှမ်းခါပေးရင်း ဆောရီး.. ဆိုပြီး ပြောတယ်။
သက်ထူး နှာခေါင်းထဲ တိုးဝင်လာတဲ့ စီးကရက်နံ့က ကားလမ်းဘက်က လာတဲ့ ဖုန်နဲ့ ဓာတ်ဆီနံ့တွေကြောင့် ပိုပြီး လေးအီနေတယ်။
“ခင်ဗျားက ဘာလို့ ကျွန်တော့်ကိုမှ ဆက်သွယ်လာတာလဲ။ ကျွန်တော် လတ်တလော အလုပ်မရှိတာကိုရော ဘယ်လို သိတာလဲ”.. သက်ထူး မေးလိုက်တယ်။
ကိုမျိုးက ဘာမှ အထူးတလည် ပြန်မရှင်းပြဘဲ ပခုံးပဲ တွန့်ပြတယ်။
ငါ့ပုံစံက တကယ်ပဲ အလုပ်မရှိ အကိုင်မရှိ လေလွင့်နေတဲ့ ပုံစံ ပေါက်နေပြီလား.. ဆိုပြီးတော့လည်း သက်ထူး တွေးမိပါတယ်။ သက်ထူး ဝတ်ထားတဲ့ ဂျင်းဘောင်းဘီ အပြာက အပြာမှန်း မသိသာလောက်တော့အောင်ကို နွမ်းဖတ်လွင့်ပါးနေပြီ။ အထပ်ထပ် လျှော်ဖွတ်ထားတဲ့ ရှပ်အင်္ကျီ အဖြူရောင်က သက်ထူးရဲ့ ကြွက်သားတွေကို ထိန်းမထားနိုင်တော့ဘဲ ပြဲထွက်တော့မတတ် ဆွေးလျနေပြီ။ စီးထားတဲ့ ရှူးဖိနပ်က လမ်းပေါင်းမျိုးစုံ၊ မိုင်ပေါင်းများစွာ အသုံးတော်ခံထားရတဲ့ အတွက် ပေါက်ထွက်လုမတတ် အသက်ငဲ့ငဲ့။ ရုတ်တရက် ကြည့်လိုက်ရင်တော့ ဒါတွေကို မမြင်နိုင်ဘူး။ သက်ထူးကို တွေ့လိုက်ရင် သူ့ရဲ့ မိုးထိုးနေတဲ့ အရပ်အမောင်းနဲ့ ကိုယ်ခန္ဓာ ထွားထွားကို အရင် သတိထားမိကြတာကိုး။ ပြီးတော့ ကျိကျိတက် ချမ်းသာနေတဲ့ သူတွေတောင် အလွယ်တကူ မတတ်နိုင်၊ မဝယ်နိုင်တဲ့ ကျန်းမာကျစ်လစ်မှုကိုလည်း သက်ထူးဆီမှာ အထင်းသား မြင်နေရတယ်။
တကယ်က သက်ထူး အလုပ်မရှိတာ လပိုင်းလောက်ပဲ ရှိဦးမယ်။ ဒါပေမယ့် လက်ထဲမှာ ကျန်နေသေးတဲ့ ငွေကြေးပမာဏက ကြောက်ခမန်း လိလိ နိမ့်ပါးနေပြီ။ လက်ထဲမှာ ပိုက်ဆံ မရှိတော့ရင် ဘာလုပ်ရမလဲ.. ဆိုတဲ့ မေးခွန်းကို သက်ထူး တစ်ခါမှ မမေးကြည့်ဖူးဘူး။ ရယ်တော့ ရယ်ရတယ်.. ငွေကို ငွေလို့ တန်ဖိုးမထားဘဲ သုံးချင်ရာသုံးနိုင်တဲ့ ကြွယ်၀မှုမျိုး မရှိဘဲနဲ့..ဘာလို့ သူ့စိတ်က ဒီလောက် အေးဆေးနေသလဲ။
“ကျွန်တော် တစ်ခါမှ အဲဒီလိုမျိုး မသင်ပေးဖူးဘူး။ ဖြစ်ပါ့မလား”.. သက်ထူး ပြန်မေးလိုက်တယ်။
“တစ်ပတ် သုံးရက် သင်တန်းပေးရုံပါပဲ။ တစ်လဆို ရပြီ။ ပြီးတော့ စကားတွေ အများကြီး ပြောနေရမယ့် သင်တန်းမျိုးလည်း မဟုတ်ဘူး။ မင်း သိထား တတ်ထားတာတွေ၊ အတွေ့အကြုံတွေကို နည်းနည်း ပြန်ပြပေးရုံပဲလေ။ သင်တန်းသား ၂၀ လောက်ပဲ ရှိမယ်။ ငါ တစ်ယောက်တည်းကျတော့ အားလုံးကို လိုက်မကြည့်နိုင်ဘူးလေ။ ဟိုတယ် ပိုင်ရှင်ကလည်း သူ့ လုံခြုံရေး ဝန်ထမ်းတွေကို သေချာလေး ထပ်ပြပေးပါဦး ဆိုပြီး ငါ့ကို အကူအညီ တောင်းထားတာ”
“ခင်ဗျားမှာ တခြား ဝန်ထမ်း မရှိဘူးလား။ ဘာလို့ ကျွန်တော့်ကို ဆက်သွယ်တာလဲ”
“ဒီလောကမှာက တစ်ဆင့်စကား ပြန့်တာ အင်မတန် မြန်တာလား။ ပြီးတော့ ဒီအလုပ်မှာ ကျွမ်းကျင်သူ အဲဒီလောက် များတာ လည်း မဟုတ်ဘူးလေ။ မင်းလုပ်ခဲ့ဖူးတဲ့ အလုပ်ရှင် တော်တော်များများက ငါနဲ့လည်း အလုပ်လုပ်ဖူးတာပဲ။ မင်း ဘယ်လို ဘယ်နေရာမှာ အသုံးဝင်တယ်၊ တော်တယ်ဆိုတာ သိနေတာပဲ”.. ကိုမျိုးက ပြောပြရင်းနဲ့ ပိန်လိမ်နေတဲ့ ဒန်ရေနွေးကရားကို ဆွဲမပြီး ရေနွေးတစ်ခွက် ငှဲ့တယ်။ သက်ထူးကိုလည်း တစ်ခွက် ငှဲ့ထည့်ပေးတယ်။.. “မင်း လုံခြုံရေး လုပ်နေတာ ဘယ်လောက်ကြာပြီလဲ”.. ကိုမျိုးက ဆက်တိုက် မေးတယ်။
“၃ နှစ်လောက်ပဲ ရှိဦးမယ်”.. သက်ထူး ပြန်ဖြေလိုက်တယ်။ ကိုမျိုး ဆိုတဲ့ သူရဲ့ မေးခွန်းတွေကို လိုလိုလားလား ပြန်ဖြေမိနေတဲ့ သူ့ကိုယ်သူ အံ့ဩသလိုလိုတောင် ဖြစ်လာတယ်။ ပုံမှန်ဆို သက်ထူး အနေနဲ့ သူစိမ်းတစ်ယောက်ကို စကား သုံးလေးခွန်းထက် ပိုပြောမိတာ ရှားတယ်။ အလုပ်ရှင်တွေနဲ့တောင်မှ လိုတာထက် ပိုပြီး ပြောလေ့မရှိဘူးရယ်။
“၃ နှစ်ဆိုတာ ဘာရှိဦးမလဲ။ ဒီလောက် အချိန်တိုလေး အတွင်းမှာ မင်းနာမည်ကို ငါ သိနေပြီ ဆိုကတည်းကိုက မင်း အရည်အချင်းက သာမန်ထက် ထူးနေလို့ပေါ့ ဟုတ်တယ်မဟုတ်လား”.. ကိုမျိုးက ခေါင်းတညိတ်ညိတ်နဲ့ ပြောတယ်။
“ကျွန်တော် အရင် အလုပ်က ဘာလို့ ပြုတ်လာသလဲ ခင်ဗျား သိတယ် မဟုတ်လား”.. သက်ထူး တည့်တည့်ပဲ မေးလိုက်တယ်။
ကိုမျိုးက ခေါင်းညိတ်တယ်။
“သိတယ်။ မင်း အမှား မဟုတ်ပါဘူး”
“အင်း။ ကျွန်တော့် အမှား ဟုတ်တာ မဟုတ်တာထက်.. ဒီလို ဖြစ်သွားတယ် ဆိုကတည်းကိုက နောက်လူတွေက ကျွန်တော့်ကို ထပ်ငှားဖို့ ခက်ခဲသွားတာပဲ။ အခု ခင်ဗျား အသိ ဟိုတယ်ပိုင်ရှင် ဆိုတာကလည်း.. ဒီ အကြောင်း သိသွားရင် လက်တွန့်သွားမှာပဲ”
သက်ထူးရဲ့ နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်က နာရီပိုင်းလောက်ပဲ ကြာတာ။ မဏိလမ်းက သူဌေးအိမ် တစ်အိမ်မှာ နေ့လယ်ခင်း ပါတီပွဲ လုပ်တယ်။ ရွှေပွဲလာ ပရိသတ်တွေ စိတ်အေးအောင် ဆိုပြီး လုံခြုံရေး ငှားတယ်။ သက်ထူးနဲ့ တခြားဝန်ထမ်း ၂ ယောက်၊ စုစုပေါင်း ၃ ယောက်။ ဘာမှ ထွေထွေ ထူးထူး မဟုတ်ဘူး။ ပါတီပွဲကို လာတဲ့ သူတွေထဲမှာလည်း ဆိုးဆိုးရွားရွား ရမ်းကားမယ့်သူ မပါလောက်ဘူး။ ထုံးစံအရ ပုဂ္ဂလိက လုံခြုံရေး ခေါ်ထားတဲ့ သဘောပဲ။ ဒါပေမယ့် ဖြစ်ချင်တော့ ပွဲကိုလာတဲ့ လူတွေထဲက ခပ်ငယ်ငယ် လူငယ်တစ်ယောက်က သက်ထူးရှေ့မှာ မလုပ်သင့်တဲ့ အလုပ်တစ်ခုကို လုပ်တယ်။ မဏိလမ်းမကြီးကနေ ခြံဝင်းထဲကို ချိုးဝင်တဲ့ လမ်းသွယ်က ကျဉ်းတယ်။ ကားပိတ်တယ်။ ဒီတော့ အထဲ မဝင်ခင် အပြင်လမ်းမမှာ ကားတွေ တန်းစီရကတည်းကိုက အဲဒီကောင်လေးက စိတ်မရှည်သလို ကားပေါ်မှာ ရှူးရှဲ ဖြစ်နေပြီ။ လိုသမျှ ရနေတဲ့ ဘ၀မှာ လိုတာတစ်ခု မရလိုက်တာနဲ့ သည်းမခံနိုင်တော့တဲ့ သူတွေထဲက တစ်ယောက် ဆိုပါတော့။ ဒါနဲ့ အဲဒီ ကောင်လေးက ကားမှန်ကို ချတယ်။ ကားတွေကို စီစဉ်ပေးနေတဲ့ သက်ထူးတို့ သုံးယောက် ဘက်ကို လှမ်းအော်တယ်။ ဘယ်လို လုပ်နေတာလဲ ကားတွေ ပိတ်နေတာ ရှင်းပေးလေ.. ဘာဖြစ်ညာဖြစ်..။ ဒီလောက်နဲ့ သက်ထူး ဘာမှ မဖြစ်ပါဘူး။ ဒါပေမယ့် ကားတံခါးနားကို ကပ်လာတဲ့ ပန်းရောင်းတဲ့ ကောင်မလေးကို အော်ထုတ်တာ၊ မှန်ထဲကနေ လက်တစ်ဖက် ထုတ်ပြီး ဆောင့်တွန်းပစ်တာ။ အရှိန်မထိန်းနိုင်ဘဲ လဲကျသွားတဲ့ ကလေးမကို ငုံ့တောင် မကြည့်တာ.. ဒါတွေကျတော့ သက်ထူးအတွက် အဆင်မပြေဘူး။ ဒါနဲ့ သက်ထူး သူ့ ကားနားကို လျှောက်သွားတယ်။ ကားတံခါးဘေးမှာ မတ်တပ်ရပ်တယ်။ မင်းတို့ ဘယ်လို လုပ်နေတာလဲ.. လုံခြုံရေး ဖြစ်ပြီး သူတောင်းစားတွေကို ရှင်းမထားဘူးလား.. ဆိုတဲ့ အဲဒီ ကောင်လေးရဲ့ စကားကို ဆုံးအောင် နားထောင်တယ်။ ပြီးတာနဲ့ သက်ထူးရဲ့ လက်နှစ်ချောင်းက ပွင့်နေတဲ့ မှန်ကနေတစ်ဆင့် ကားထဲကို ဇွတ်ခနဲ ဝင်သွားတယ်။ ပေါင် ၁၅၀ လောက်ရှိမယ့် အဲဒီကောင်လေးရဲ့ တစ်ကိုယ်လုံး မှန်ပေါက်ကနေတစ်ဆင့် ကားအပြင်ကို စွေ့ခနဲ ပါလာတယ်။ သက်ထူးရဲ့ လက်ထဲမှာ အရုပ်တစ်ရုပ်လို ပါလာပြီး.. လမ်းဘေးမှာ ဘုတ်ခနဲ ပစ်ချခံလိုက်ရတော့မှ.. ကောင်လေး ခဏ ကြောင်နေတယ်။ မျက်နှာမှာ ပေနေတဲ့ မြေကြီးတွေကို သုတ်ဖို့တောင် မေ့နေတယ်။ ခဏကြာမှ.. ၀ူး၀ူးဝါးဝါးနဲ့ ပြန်ထဖို့၊ သက်ထူးကို ရန်ရှာဖို့ ကြိုးစားသေးတယ်။ အပေါ်ကနေ မိုးကြည့်နေတဲ့ သက်ထူးရဲ့ မျက်နှာကို မြင်တော့ သူ ဆက်လုပ်မယ့် အစီအစဉ်တွေ အကုန် ပျက်သွားတယ်ထင်တယ်။ လဲကျနေရာကနေ ကုန်းရုန်းထ၊ လမ်းသွယ်ထဲကို ပြေးဝင်.. ဘယ်သူ့ကို သွားတိုင်သလဲတော့ မသိဘူး၊ နောက် နာရီဝက်လောက် ကြာတော့ သက်ထူးနဲ့ ကျန်တဲ့ ဝန်ထမ်း နှစ်ယောက် အဲဒီ နေရာကနေ ထွက်လာလိုက်ရတယ်။ သက်ထူးကို ၀ိုင်းကြည့်နေကြတဲ့ ပွဲလာပရိသတ်တွေရဲ့ မျက်လုံးတွေက လှောင်အိမ်ထဲက လွတ်ထွက်လာတဲ့ သားရဲ တိရိစ္ဆာန်တစ်ကောင်ကို ကြည့်သလို ကြောက်လန့်တကြား အကြည့်တွေ။ နောက်နေ့ကျတော့ သက်ထူး အလုပ်ပြုတ်တယ်။ ဒီလို ပြဿနာဖြစ်ပြီး အလုပ်ပြုတ်တာမျိုး ဒါ ပထမဆုံးပဲ။ သက်ထူး စိတ်ထဲတော့ ဘယ်လိုမှ မနေဘူး။ ပန်းရောင်းတဲ့ ကောင်မလေးကို တောင်းပန်ဖို့ ဟိုကောင်လေးကို မပြောလိုက်ရတာကိုပဲ နောင်တရနေတယ်။
“စိတ်လိုက်မာန်ပါ လုပ်တာတော့ ဒီအလုပ်နဲ့ သိပ် အဆင်မပြေဘူးပေါ့.. ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း ထိန်းရခက်သား.. ငါနားလည်ပါတယ်”.. ကိုမျိုးက ပြောတယ်။ .. “အခု ဟိုတယ်ပိုင်ရှင်ကတော့ အေးဆေးပါ။ ငါ အာမခံတယ်ဆို သူ ဘာမှ မပြောပါဘူး။ ပြီးတော့ သူ့လုံခြုံရေးဝန်ထမ်းတွေကလည်း ငါ့ တပည့်တွေချည်းပဲ။ သိထား၊ တတ်သားပြီးသားတွေ ပြန်နွှေးပေးရုံပဲ။ အထူးသဖြင့် လူကဲခတ်တဲ့ အပိုင်းတွေမှာ အားနည်းနေတာ။ သက်လုံလည်း သိပ်မကောင်းကြဘူး။ မင်းက အဲဒါတွေ အထူးကျွမ်းကျင်တာ မဟုတ်လား။ လုပ်ကြည့်ပေါ့။ အဆင်မပြေရင်လည်း တစ်မျိုးစီစဉ်ပေါ့။ ငါနဲ့ အမြဲ တွဲလုပ်ရမယ် မပြောပါဘူး။ ငါလည်း လူလိုနေတယ်။ မင်းလည်း အလုပ်လိုနေတယ်။ ဟုတ်တယ်မဟုတ်လား”
“အင်း”
“မင်း အခု ဘယ်မှာ နေနေလဲ”
“ရန်ကင်းမှာ”
“တစ်ယောက်တည်းလား”
“ကျွန်တော့် ညီမနဲ့”
“ဪ”.. ကိုမျိုးက ထပ်မမေးတော့ဘဲ.. လမ်းသွားလမ်းလာတွေဘက်ကို တစ်ချက် လှမ်းငေးရင်း စီးကရက် နောက်တစ်လိပ် ထပ်ညှိတယ်။.. “ငါတို့ အလုပ်ကလည်း ခက်တော့ ခက်သားကွ.. နော်။ ချမ်းသာတဲ့ သူတွေကို ဆင်းရဲတဲ့ သူတွေဆီကနေ ကာကွယ်ပေးရတဲ့ အလုပ်မျိုးလို့ လူတွေက ထင်မှာပဲ။ တကယ်က သူတို့ အချင်းချင်းပဲ ပတ်ပြီး ဖြစ်နေကြတဲ့ ပြဿနာတွေက ပိုများတယ် မဟုတ်လား။ ဟားဟား..”
သက်ထူး ဘာမှ ပြန်မပြောဖြစ်ဘူး။
“မင်းကလည်း စကားနည်းလှချည်လား။ ငါချည်း ပြောနေရတယ်။ ထားပါတော့။ ရော့ မနက်ဖြန် မနက် ၇ နာရီလောက် ဒီလိပ်စာကို သွားလိုက်။ ငါ အကုန် မှာထားပြီးပြီ။ ငါ မရောက်သေးလည်း မင်းလုပ်စရာရှိတာ လုပ်ထားနှင့်လို့ ရတယ်”.. ကိုမျိုးက သူ့အိတ်ကပ်ထဲက စာရွက်တစ်ရွက်ကို ထုတ်ပေးတယ်။.. “ပိုက်ဆံကတော့ အလုပ် ပြီးမှ ပေးဖို့ အဆင်ပြေမယ်ထင်တယ်။ မင်း အခု လိုရင်လည်း ပြောလေ.. နည်းနည်းပါးပါး ကြိုတောင်းပေးထားလို့ရပါတယ်”
“ရတယ် ပြီးမှ ပေးပါ”.. ပြောပြီး သက်ထူး မတ်တပ် ထရပ်လိုက်တယ်။ ကိုမျိုးက သက်ထူးရဲ့ အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ပေါက်ကို အခုမှ သေချာ သတိထားမိသွားသလို .. ဝီးခနဲ.. လေတစ်ချက် ချွန်တယ်။
“မင်း ကားထဲကနေ ဆွဲထုတ်ပြီး လွှင့်ပစ်လိုက်တဲ့ ဟို ကောင်လေးရော.. မင်းကို လိုက်ရှာနေသေးလား။ အုပ်စုနဲ့ လိုက်လာပြီး ရန်ရှာနေဦးမယ်”.. ကိုမျိုးက ထရပ်ရင်း မေးတယ်။
“အဲဒါတော့ သူ့ သဘောပဲ”.. သက်ထူး ပြန်ဖြေလိုက်တယ်။
(၂)
အခု သက်ထူးရှေ့မှာ ရပ်နေကြတဲ့ ဝန်ထမ်း တော်တော်များများက သက်ထူးထက် အနည်းဆုံး ၄-၅ နှစ် ကြီးတဲ့သူတွေ။ သက်ထူးထက် ပိုငယ်တဲ့သူ ဆိုလို့ ဝေလင်းထွန်း ဆိုတဲ့ ကောင်လေး တစ်ယောက်လောက်ပဲ ရှိမယ်။ ဝေလင်းထွန်း ဆိုတဲ့ ကောင်လေးကတော့ သက်ထူး ပြောပြတာတွေကို စိတ်ဝင်တစား နားထောင်နေတယ်။ စာအုပ်သေးသေးလေး တစ်အုပ်နဲ့ လိုက်မှတ်နေတယ်။
“အစ်ကို့လို ဗလကြီးနဲ့ ဖြစ်လာအောင် ဘယ်လို လုပ်ရမလဲဗျ.. အစ်ကိုကျတော့ ဟိတ်ဟန်နဲ့တင် အတော် အဆင်ပြေနေပြီနော်၊ တော်ရုံလူဆို အစ်ကို ငေါက်လိုက်တာနဲ့ တွန့်သွားမှာပဲဗျ။ ကျွန်တော်ကတော့ ငါးဖောင်ရိုး.. ဘယ်လို စားစား ၀မလာဘူး.. ဟီး..”.. ဝေလင်းထွန်း ဆိုတဲ့ လုံခြုံရေးဝန်ထမ်းကောင်လေးက ပြောတယ်။ ကျန်တဲ့ သူတွေကလည်း ဝေလင်းထွန်း ပြောတာကို ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံကြတယ်။
“တကယ်ဖြစ်လာတဲ့အခါ ကိုယ်လုံးထွားတာ၊ အရပ်ရှည်တာတွေက သိပ်အသုံးမဝင်ဘူး”..သက်ထူး ပြောလိုက်တယ်။
“ဘာလို့လဲဗျ”.. ဝေလင်းထွန်းက နားမလည်သလို အကြည့်နဲ့ မေးတယ်။
“ဒီမှာ”.. သက်ထူး ဝတ်ထားတဲ့ အင်္ကျီကို အသာလှန်ပြလိုက်တယ်။ ဘယ်ဘက် နံကြားအောက်မှာ အထင်းသား မြင်နေရတဲ့ သုံးလက်မလောက် ရှည်တဲ့ အမာရွတ်ကို မြင်သာအောင် ပြတယ်။
“ကျွန်တော့်ကို ဒီ အမာရွတ်ကျန်ခဲ့အောင် လုပ်သွားတဲ့သူက အရပ်အမောင်း ခပ်ပုပုပဲ။ ကိုယ်လုံးလည်း မထွားဘူး”
“ဓားနဲ့ ထိုးသွားတာလား”
“အင်း။ ဟုတ်တယ်”.. သက်ထူး အင်္ကျီကို ပြန်ချလိုက်တယ်။..”စတိတ်ရှိုး တစ်ခုမှာ ဖြစ်တာ။ ရန်ဖြစ်နေကြတဲ့ လူအုပ်စုကို ဝင်တားတဲ့ အချိန်မှာ နောက်ကနေ ဝိုက်ပြီး ထိုးသွားတာပဲ”
“ဟာ”
“အဲဒီတော့ အဓိက အမှားက ဘာလဲ”.. သက်ထူး မေးလိုက်တယ်။
“ဝင်ဆွဲလိုက်တာ မှားသွားတာလား အစ်ကို”.. ဝေလင်းထွန်းက မေးတယ်။
“မဟုတ်ဘူး”.. သက်ထူး ခေါင်းခါလိုက်တယ်။.. “အမှားက တစ်ခုတည်း။ အဲဒီ လူမှာ ဓားပါလာတယ် ဆိုတာကို ကြို မသိလိုက်တာပဲ”
“ဟာ.. စတိတ်ရှိုးဆိုတော့ လူတွေက အများကြီး.. ဘယ်လို စစ်မလဲ ညီလေးရဲ့”.. အသက်ခပ်ကြီးကြီး ဝန်ထမ်းတစ်ယောက်က သက်ထူးကို မေးတယ်။
“အဲဒါကြောင့် ဒီအလုပ်က ခက်ခဲတာပဲ”.. သက်ထူး ပြောလိုက်တယ်။ .. “သတိတစ်ချက် လွတ်တာနဲ့ ကိုယ့် လုပ်ဖော်ကိုင်ဘက် အသက်ဆုံးရှုံးသွားနိုင်တယ်။ အဝင်၀မှာ စစ်ဆေးတဲ့သူ တစ်ချက် ပေါ့သွားတာနဲ့ ကျွန်တော့် နံကြားထဲကို ဓားသွား ရောက်လာတာ။ ဘယ်လောက်ပဲ လူကောင်ကြီးနေနေ၊ ဓားနဲ့ ထိုးရင်တော့ အသားထဲ စိုက်ဝင်သွားတာပဲ”
“အဝင်၀မှာ စစ်တဲ့သူကလည်း အကုန်တော့ ဘယ်စစ်နိုင်မလဲနော် အစ်ကို.. တစ်ယောက် မဟုတ် တစ်ယောက်မှာ လက်နက် ပါလာနိုင်တာပဲ ဟာကို”.. ဝေလင်းထွန်းက စောဒက တက်တယ်။
“အဲဒါကြောင့် မင်းတို့ကို Profiling နဲ့ ပတ်သက်တာ body language နဲ့ ဆိုင်တာ နည်းနည်း ဖတ်ထား လေ့လာထားပါလို့ ငါပြောတာလေ။ လက်နက်ပါလာတဲ့ လူတစ်ယောက်ရဲ့ ကိုယ်ဟန်အမူအရာ၊ မျက်နှာ အနေအထားက လေ့ကျင့်ထားတဲ့ မျက်လုံးနဲ့ ကြည့်ရင် သိသာနေမယ် မဟုတ်လား”.. အခုမှ အနားကို ရောက်လာတဲ့ ကိုမျိုးရဲ့ အသံ။
ကိုမျိုးကိုတွေ့တော့ အားလုံးက တရင်းတနှီး နှုတ်ဆက်ကြတယ်။ အားလုံးက ဟိုတယ်ရဲ့ ပန်းခြံ မြက်ခင်းပြင်ပေါ်မှာ နေရာယူထားကြတာ။ မနက် ၈ နာရီ စွန်းစွန်းဆိုတော့ နေရှိန် အေးအေးနဲ့ ရာသီဥတုက သက်သောင့်သက်သာပဲ။
“ဘယ်လိုလဲ ကိုသက်ထူးနဲ့ အဆင်ပြေကြရဲ့လား”.. ကိုမျိုးက သက်ထူးကို နှုတ်ဆက်တယ်။ ဝန်ထမ်းတွေဘက်ကို လှည့်ပြီး မေးတယ်။
“ပြေပါတယ် ကိုမျိုး”.. ဝေလင်းထွန်းက ဖြေတယ်။.. “ဒီအစ်ကိုက အသက်သာ ငယ်တာ အတွေ့အကြုံ တော်တော် များတာပဲ”
“ဟုတ်ပါပြီ။ မင်းတို့ကို ရှယ်မောင်းဖို့ သက်ထူးကိုငါ သေချာ မှာထားတယ်။ ပြီးရင် လေ့ကျင့်ခန်း လုပ်ဖို့ အတွက်ပါ စီစဉ်ပေးလိမ့်မယ်” .. ကိုမျိုးရဲ့ စကားကို ကြားတော့ အားလုံးက ဟာ..ခနဲ ညည်းကြတယ်။ .. “အေးလေ။ မင်းတို့လည်း သူ့ကိုယ်လုံးကြီး ကြည့်ပြီး အားပဲကျမနေနဲ့.. လေ့ကျင့်ခန်းလုပ်ဖို့ ဆိုရင် သေမလောက် ကြောက်တဲ့ဟာတွေ”.. ကိုမျိုးက ရယ်သံ တစ်ဝက်နဲ့ ပြောတယ်။
“မင်း စကားနည်းတဲ့ ပုံစံနဲ့.. သင်တန်းပေးလို့ အဆင်မှ ပြေပါ့မလားလို့ ငါ စိတ်ပူနေတာ”.. ကိုမျိုးက သက်ထူးဘက် လှည့်ပြီးပြောတယ်။
“ဪ။ ပြေပါတယ်”.. သက်ထူး ပြောလိုက်တယ်။ စကားနည်းတယ် ဆိုတာကို သက်ထူး သိပ် နားမလည်ဘူး။ လိုအပ်တဲ့ စကားလုံး အကုန်လုံး သူပြောနေတာပဲ။ ထမင်းစားပြီးပြီလား၊ နေကောင်းလား၊ နေသာသလား၊ မိုးရွာသလား ဆိုတဲ့ မိတ်ဖွဲ့စကားတွေ သိပ်မပြောတတ်တာနဲ့ပဲ စကားနည်းတယ် ဆိုပြီး နာမည်တပ်ခံရတာ။ ဒီလို အလ္လာပသလ္လာပ စကားတွေကတော့ သူ့ညီမ မေမော်နဲ့ တောင် မပြောဖြစ်ဘူး။
(၃)
နေ့လယ်စာ စားတော့ ဟိုတယ်ရဲ့ ဝန်ထမ်းဆောင်ထဲမှာပဲ အကုန် စုပြီး စားကြတယ်။ လုံခြုံရေး ဝန်ထမ်းတွေအပြင် တခြား ဝန်ထမ်းတွေလည်း ရောက်နေကြတယ်။ သက်ထူးနဲ့ ကိုမျိုး အတွက်ကို စားပွဲတစ်လုံး သက်သက် လုပ်ပေးထားတယ်။ ခဏအတွင်းမှာပဲ ဇွန်းသံ ခွက်သံတွေ၊ စကားစမြည်ပြောသံ ရယ်သံတွေနဲ့ တစ်ခန်းလုံး ဆူညံလာတယ်။
“စားလို့ အဆင်ပြေလား ဟေ့ကောင်”.. ကိုမျိုးက သက်ထူးရှေ့က အရာမယွင်းသေးတဲ့ တရုတ်ထမင်းကြော်ပန်းကန်ကို မေးငေါ့ပြရင်း မေးတယ်။
“ပြေပါတယ်”.. သက်ထူး ပြန်ဖြေရင်း ထမင်းကြော် တစ်ဇွန်း ပါးစပ်ထဲ ထည့်တယ်။ ညက်နေအောင် ဝါးတယ်။ မျိုချတယ်။ ရေတစ်ငုံမော့သောက်တယ်။ ပြီးတော့ နောက်တစ်ဇွန်း။ သက်ထူး မျက်လုံးတွေက ပန်းကန်နဲ့ စားပွဲဆီကနေ သွေဖယ်မသွားဘူး။ ဘေးဘီဝဲယာကို လိုက်ကြည့်မနေဘူး။ အစားအသောက်ဟာ သက်ထူးအတွက် လောင်စာ တစ်ခုပဲ။ အရသာခံပြီး စားနေမကျတဲ့အတွက် သက်ထူး စားသောက်နေတဲ့ ပုံစံက ဘေးကနေ ကြည့်ရင် အင်မတန် ပျင်းဖို့ ကောင်းနေမယ်။ ဒီလူ တော်တော် ဝဋ်ကြီးပါလားလို့ ထင်ချင်စရာပဲ။
၅ မိနစ်လောက် ကြာတော့ သက်ထူးရှေ့က ထမင်းကြော် ပန်းကန် ပြောင်သလင်းခါသွားပြီ။ ပြီးတာနဲ့ သက်ထူး.. ဖန်ခွက်ထဲကို သောက်ရေအပြည့် ထပ်ဖြည့်ပြီး ဆက်တိုက် မော့ချလိုက်တယ်။
ကိုမျိုးက သက်ထူး စားသောက်နေတာကို မျက်တောင်မခတ် ထိုင်ကြည့်နေတယ်။ တစ်ခုခု ပြောတော့မလို ပါးစပ်ပြင်ပြီးမှ ခေါင်းကို အသာခါပြီး စီးကရက်တစ်လိပ် ထုတ်တယ်၊ မီးညှိတယ်။ အားရပါးရ ဖွာတယ်။ ပြီးမှ..
“မင်း မိဘတွေရော ရန်ကုန်မှာပဲလား”.. ကိုမျိုးက မေးတယ်။
သက်ထူး ခေါင်းခါလိုက်တယ်။
“ဒါဆို မင်းတို့ မောင်နှမ နှစ်ယောက်တည်း နေနေတာပေါ့”
သက်ထူး ခေါင်းညိတ်တယ်။
ကိုမျိုးက သက်ထူးနဲ့ စကားစမြည်ပြောဖို့ မကြိုးစားတော့ဘဲ လက်လျှော့လိုက်တဲ့ ပုံစံနဲ့ လက်မြှောက်ပြပြီး စီးကရက်ကိုပဲ ဆက်တိုက်ဖွာနေတယ်။
“အစ်ကို.. ညီမ ဒီမှာ ထိုင်မယ်နော်”
ရုတ်တရက် ကြားလိုက်ရတဲ့ မိန်းကလေးသံတစ်သံ။
သက်ထူး မော့ကြည့်လိုက်တယ်။
စားပွဲဘေးမှာ ရပ်နေတဲ့ မိန်းကလေးတစ်ယောက်။ ဟိုတယ် ဧည့်ကြို ယူနီဖောင်းနဲ့။ သူ့လက်ထဲမှာ ဖိုင်ဘာ ထမင်းဘူးလေး တစ်ဘူးကိုင်ထားတယ်။ ထမင်းဘူးပေါ်မှာ ခေါက်တင်ထားတဲ့ လက်သုတ်ပဝါတစ်ထည်။
အခန်းပတ်ပတ်လည်ကို သက်ထူး ဝေ့ကြည့်လိုက်တယ်။ ဝန်ထမ်းတွေ အပြည့်ဆိုပေမယ့် လွတ်နေတဲ့ စားပွဲတွေ၊ ထိုင်ခုံတွေ တော်တော်များများ ကျန်သေးတယ်။
“ထိုင်လို့ ရလားရှင့်”.. ကောင်မလေးက ထပ်မေးတယ်။
ဘာမှ ပြန်မပြောဘဲ မော့ကြည့်နေတဲ့ သက်ထူးကို ကောင်မလေးက ပြုံးပြတယ်။ ဆံပင်နက်နက်ရှည်ရှည်တွေကို ဘယ်လက်နဲ့ အသာ သပ်တင်တယ်။
“ဟာ.. ထိုင်လေ ညီမ။ ရတယ် ရတယ်”.. ကိုမျိုးက အခုမှ သတိဝင်လာသလို ဝင်ပြောတယ်။ စားပွဲအောက် ထိုးထည့်ထားတဲ့ ထိုင်ခုံကို ခပ်သွက်သွက် ထုတ်ပေးတယ်။
ကောင်မလေးက ထိုင်ခုံမှာ အသာအယာ ဝင်ထိုင်တယ်။ လက်သုတ်ပုဝါကို ဖြန့်ခင်းပြီးမှ ထမင်းဘူးကို ပုဝါပေါ်မှာ တင်တယ်။
“ညီမနာမည်က နှင်းမြတ်နိုင်ဦးပါ”.. ကောင်မလေးက မိတ်ဆက်ရင်း သက်ထူးဘက်ကိုလှည့်၊ လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးတယ်။
+++
-ယနေ့-
(၁)
ဘယ်အရာကို နှစ်သက်သလဲလို့ မေးလာရင် သက်ထူးမှာ ဖြေစရာ အဖြေ မည်မည်ရရ မရှိဘူး။ လူသားတွေ နှစ်သက်စုံမင်တဲ့ အရာတွေ မရေမတွက်အောင် ရှိနေပေမယ့် သက်ထူး အတွက် စွဲစွဲမက်မက် ဖြစ်စရာ ဘာရှိသလဲ စဉ်းစားလိုက်ရင် လက်ငါးချောင်းပြည့်အောင်တောင် ရေတွက်လို့ မပြည့်နိုင်ဘူးထင်တယ်။ အဲဒီ အရာတွေထဲမှာ လမ်းလျှောက်တာ၊ ပြေးတာ.. ဒီ နှစ်ခုတော့ သေချာပေါက် ပါလိမ့်မယ်။ အမြဲ မပြတ် လုပ်ဖြစ်နေတဲ့ အလေ့အကျင့် နှစ်ခုလို့ ပြောလို့ရတယ်။ ဘယ်/ညာ ခြေနှစ်ချောင်းကို ဆက်တိုက် အသုံးချ၊ ဦးတည်ရာ တစ်ခုကိုရွေး.. ခပ်သွက်သွက် လျှောက်မယ်၊ ပြေးမယ်။ အင်မတန် ရိုးရှင်းတယ်။ ကုန်ကျစရိတ် မရှိသလောက် နည်းတယ်။ ဒါပေမယ့် စိတ်ကျေနပ်မှု အပြည့်အ၀ ပေးနိုင်တယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်နေတဲ့ လှုပ်ရှားမှု အတော်များများကိုလည်း ဖြည့်ဆည်းပေးတယ်။ ဒါကြောင့် သက်ထူး နေ့တိုင်း လမ်းလျှောက်တယ်။ ပြေးတယ်။ တစ်ကိုယ်လုံး ချွေးတွေရွှဲလာ၊ ဆက်မသွားနိုင်တော့အောင် မောလာတဲ့အခါ နားတယ်။ တချို့က ထင်မယ်၊ သက်ထူးဆိုတဲ့ လူဟာ တစ်ရက် တစ်ရက် မနားမနေ အလေးမ၊ ဒိုက်ထိုးနေတဲ့သူ၊ ကာယဗလ လေ့ကျင့်နေတဲ့သူ.. ဆိုပြီး။ တကယ်က သက်ထူးရဲ့ ကိုယ်ခန္ဓာ တစ်ခုလုံးဟာ သဘာ၀အတိုင်း တည်ဆောက်ထားတာ။ သဘာ၀အတိုင်း ထိန်းသိမ်းထားတာ။ အစားအသောက် စားတဲ့အခါ ကြေးမများဘူး။ ပုံမှန် စားတယ်။ မနက်၊ နေ့လယ်၊ ညနေ သုံးနပ်နဲ့ တင်းတိမ်အောင် နေတယ်။ အပိုတွေ မစားဘူး။ အခွင့်ရရင် ရသလို ခွန်အားကို ချွေမထားဘဲ သုံးတယ်။ အထပ် ဘယ်လောက်မြင့်မြင့် ဖြစ်နိုင်ရင် လှေကားနဲ့ တက်တယ်။ ခရီးဘယ်လောက်ဝေးဝေး ခြေနှစ်ချောင်းနဲ့ လျှောက်သွားလို့ ရရင် လျှောက်တယ်။ ဒါ ကိုယ်ခန္ဓာကို အဆက်မပြတ် အသုံးချနေဖို့ တတ်နိုင်သလောက် ကြိုးစားတယ်။ ဒါတွေဟာ ငယ်ဘ၀ရဲ့ ထုဆစ်ရိုက်ခတ်မှုတွေလို့ ပြောလို့ရသလို၊ မထင်မှတ်ဘဲ ပိုင်ဆိုင်ထားတဲ့ အကျင့်ကောင်းတွေလို့လည်း ပြောလို့ ရမယ်။
အခု ဒီခြံဝင်းကို ပတ်ပြီး ခပ်သွက်သွက် လမ်းလျှောက်နေတာ မိနစ် လေးဆယ်လောက်ရှိပြီ။ မနက် ၇ နာရီ ဆိုပေမယ့် နေရောင် အပြည့်အ၀ ရနေ၊ လင်းကျင်းနေပြီ။ ဦးခန့်ရဲ့ ခြံဝင်းက အတော်လေး ကျယ်တယ်။ ဧက တစ်ဝက်လောက် ရှိမယ်။ စတုရန်းပေ နှစ်သောင်းကျော် ကျယ်တဲ့ ဝင်းရဲ့ တစ်ဘက်ခြမ်းမှာ ဦးခန့်တို့နေတဲ့ နှစ်ထပ်အိမ်မကြီး ရှိတယ်။ အိမ်က ရုတ်တရက်ကြည့်လိုက်ရင် သေးတယ် ထင်ရပေမယ့် နောက်ဘက်မှာ အခန်းပေါင်းများစွာ ဆက်ဖွဲ့ထားတယ်။ အိမ်နဲ့ ခြံဝင်းအဝင်၀နဲ့ ဆက်ထားတဲ့ ကားလမ်းက တည့်တည့်မဟုတ်ဘဲ ခြံဝင်းကို ပတ်ပြီး တမင် ကွေ့ဝိုက်ထားတယ်။ လမ်းတစ်ဘက်တစ်ချက်မှာ သစ်ပင်ပေါင်းစုံ စိုက်ထားတော့ အရိပ်အေးအေးတွေကျပြီး အုံ့မှိုင်းနေတယ်။ အလုပ်သမားတွေအတွက် ဆောက်ပေးထားတဲ့ တိုက်ပုလေး တစ်လုံးလည်း ရှိတယ်။ သက်ထူး အခု နေရမယ့် နေရာက အဲဒီ တိုက်အိမ်ထဲမှာ။
ဒီနေ့ ဒီခြံဝင်းဆီကို လာတော့ သက်ထူးရဲ့ စိတ်တွေက ထူးဆန်းစွာပဲ.. တည်ငြိမ်နေတယ်။ မနေ့က နှင်း..ဆိုတဲ့ မိန်းကလေးကို ဆယ်နှစ်အတွင်းမှာ ပထမဆုံး အကြိမ် ပြန်တွေ့လိုက်ရတော့ သက်ထူး စိတ်ထဲမှာ ခဏတော့ လှုပ်ခတ်သွားတယ်။ ဒါပေမယ့် သက်ထူးရဲ့ အာရုံက အခု.. အနည်ထိုင်နေပြီ။ ငြိမ်နေပြီ။ ဘာလို့လဲ။ ဒီမိန်းကလေးနဲ့ သူ့နဲ့ မဆိုင်တော့ဘူး၊ တစ်သီးတစ်သန့်စီ တစ်ဘ၀စီ ဖြစ်နေပြီ ဆိုတာကို မျက်ဝါးထင်ထင် မြင်လိုက်ရလို့များ စိတ်က ငြိမ်သက်သွားသလား။ အလုပ်နဲ့ တိုက်ရိုက် ပတ်သက်လာလို့ သက်ထူးရဲ့ လေ့ကျင့်ထားတဲ့ စိတ်ဓာတ်က အလိုလို တည်တံ့သွားတာလား။
“အချိန်တန်တဲ့အခါ အရာအားလုံးက တစ်ပတ်ပြန်လည်လာတာပဲ”..တဲ့။ ဦးခန့်တို့ လင်မယားဆီ နောက်ဆုံး ရောက်လာတဲ့ စာအကြောင်း သက်ထူး ပြန်စဉ်းစားလိုက်တယ်။ နေဦး။ စောသေးတယ်။ အဖြေရှာလို့ မရသေးဘူး။ အချက်အလက်တွေ မစုံသေးဘူး။ တစ်ခါတစ်လေကျရင် လိုတာထက် ပိုစဉ်းစားလိုက်တော့မှ လမ်းချော်သွားတာမျိုးတွေ ဖြစ်တတ်တယ်။
ခြံဝင်းပတ်ပတ်လည်မှာ ကာထားတဲ့ အုတ်တံတိုင်းတွေဆီကို သက်ထူး လှမ်းကြည့်လိုက်တယ်။ ၈ ပေ လောက်မြင့်တဲ့ အုတ်တံတိုင်းပေါ်မှာ တပ်ထားတဲ့ သံဆူးကြိုး အခွေ အလိပ်လိပ် တွေက နေရောင်အောက်မှာ တလက်လက်တောက်ပြီး ချွန်မြနေတယ်။ အုတ်နံရံမှာ တပ်ထားတဲ့ စီစီတီဗွီ ကင်မရာ တစ်စုံ။ ဒါနဲ့ဆို.. ၃၂ လုံး.. သက်ထူး စိတ်ထဲမှာ ပြန်ရေလိုက်တယ်။ ဝင်း ပတ်ပတ်လည်မှာတင် ကင်မရာ ၃၂ လုံး။ ဒါတောင် သက်ထူး အိမ်ထဲကို ဝင်မကြည့်ရသေးဘူး။
ခွေးဟောင်သံကြားရတယ်။ မနေ့က လှောင်အိမ်ထဲမှာ ထည့်ထားတဲ့ ခွေးပဲ။ လှောင်အိမ်ဘေးမှာ ဂျက်ကတ်အပြာနဲ့ လူတစ်ယောက်ရပ်နေတယ်။ အဲဒီလူက လှောင်အိမ်ကို ခြေထောက်နဲ့ ဖုန်းခနဲ ဆောင့်ကန်တယ်။ လှောင်အိမ်ဇကာကြားထဲက ပြူထွက်နေတဲ့ ခွေးနုတ်သီးကို တည့်တည့်ကြီး ကန်မိတယ်။ ခွေးက တစ်ချက် နှစ်ချက် ထပ်ဟောင်ပြီး အီခနဲ အသံနဲ့ ငြိမ်ကျသွားတယ်။
အဲဒီလူက သက်ထူးကိုမြင်တော့ လက်ပြတယ်။ အနားကို လျှောက်လာတယ်။
“ညီလေး အစ်ကို ဘာကူညီပေးရမလဲ”.. အဲဒီလူက မေးတယ်။.. “အစ်ကို့နာမည် သူရစိုးပါ။ ဦးခန့်ရဲ့ မန်နေဂျာဆိုပါတော့”.. သူရစိုး ဆိုတဲ့ လူက သက်ထူးကို လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးတယ်။ သက်ထူး သူ့ကို လက်ဆွဲ နှုတ်ဆက်လိုက်တယ်။ ဒီလူ့ လက်ဖဝါးတွေက ကြမ်းတယ်။ အတွင်းမှာ အသားမာတချို့ ရှိတယ်။ လက်ချောင်းတွေက တုတ်ခိုင်ပြီး သန်တယ်။
သူရစိုးက အိတ်ထဲက စီးကရက်ဘူးကို ထုတ်တယ်။ တစ်လိပ်ယူပြီး မီးညှိတယ်။ သက်ထူးဘက်ကို ဘူးကို ကမ်းပေးတယ်။ သက်ထူး ခေါင်းခါလိုက်တယ်။
“ကင်မရာတွေအတွက် ထိန်းချုပ်ခန်း ရှိသလား”.. သက်ထူး မေးလိုက်တယ်။
“ရှိတယ်လေ။ ဝန်ထမ်း တိုက်ခန်းဘက်မှာပဲ။ လိုက်ပြရမလား”
“ရတယ်။ နောက်မှပဲ ကြည့်တော့မယ်။ စီစီတီဗွီထဲမှာ ဘာမှ မတွေ့ဘူး မဟုတ်လား”..သက်ထူး မေးလိုက်တယ်။ တွေ့တယ်ဆိုရင် သက်ထူးကို ခေါ်နေစရာ အကြောင်း မရှိဘူး။
“ဘာဆို ဘာမှကို မတွေ့တာ”.. သူရစိုးက ပြောရင်း ကျွတ်ခနဲ စုပ်သပ်တယ်။ ..”အစ်ကိုတို့ ဗီဒီယိုဖိုင်တွေကို ဖင်ပြန်ခေါင်းပြန် နှံ့နေအောင် ကြည့်ပြီးပြီ။ လူစိမ်း အဝင်အထွက် ဘယ်သူမှ မရှိဘူး။ ကိုယ့်လူတွေထဲမှာလည်း အိမ်ထဲ ဝင်လို့ ရတဲ့သူဆိုလို့ ထမင်းချက်ရယ်၊ ဦးခန့်ရယ် ၊ မနှင်းရယ်၊ အစ်ကိုရယ်၊ ဒါပဲ ရှိတာ”
“ဪ။ ခင်ဗျားက ဦးခန့်ဆီမှာ အလုပ်လုပ်တာ ကြာပြီလား”.. သက်ထူး မေးလိုက်တယ်။
ခင်ဗျား ဆိုတဲ့ အသုံးအနှုန်းကြောင့်ထင်တယ်၊ သူရစိုး မျက်နှာ နည်းနည်း ပျက်သွားတယ်။ ဒါပေမယ့် ချက်ခြင်းဆိုသလိုပဲ မျက်နှာကို ပြန်ပြင်ပြီး ပြုံးတယ်။
“ကြာပြီ။ ရှစ်နှစ်လောက် ရှိပြီ။ ဦးခန့်က အစ်ကို့ရဲ့ အလုပ်ရှင်ဆိုလည်း ဟုတ်တယ်.. ကျေးဇူးရှင်ဆိုလည်း.. ဟုတ်..”
“ခွေးကို ဘာလို့ လှောင်အိမ်ထဲ ထည့်ထားတာလဲ”
ဖြတ်မေးလိုက်တဲ့ သက်ထူးရဲ့ စကားကြောင့် သူရစိုး ကြောင်အအ ဖြစ်သွားတယ်။ မျက်မှောင်ကြုတ်တယ်။
“ဘယ်လို..”
“ခွေးကို ဘာလို့ လှောင်အိမ်ထဲ ထည့်ထားတာလဲ။ လူကိုက်လို့လား” .. သက်ထူး ထပ်မေးလိုက်တယ်။ မေးခွန်းတစ်ခုတည်းကို နှစ်ခါ ပြန်မေးနေရတာ အဆင်မပြေလှဘူး။
“ကိုက်တာပေါ့။ သူစိမ်းတွေ့တာနဲ့ ပြေးကိုက်အောင် တမင် လေ့ကျင့်ပေးထားတာ”.. သူရစိုးက အိမ်ဘက်ကို လှမ်းကြည့်ရင်း ပြန်ဖြေတယ်။..”ညဘက်ကျမှ လွှတ်ပေးတာ။ နေ့ခင်းဆိုရင် လှောင်ထဲမှာပဲ ထားတယ်။ ဘာလို့လဲ”
“အင်း။ ဟုတ်ပြီ။ ဒီခြံထဲမှာ အားလုံးပေါင်း ဝန်ထမ်း ဘယ်နှယောက် ရှိသလဲ”
“ဆယ့်နှစ်ယောက်”.. သူရစိုး လေသံက နည်းနည်း မာလာတယ်။
“အင်း။ ရပြီ။ ကျွန်တော် လိုတာရှိမှ ထပ်မေးမယ်။ သွားတော့”
သူရစိုးက စိတ်ထိန်းထားရသလို ဟူးခနဲ သက်ပြင်းတစ်ချက် ချတယ်။ လက်ကို တင်းတင်းပိုက်တယ်။ ခါးကို မသိမသာ ကော့တယ်။ သက်ထူးကို ဘုကြည့်ကြည့်တယ်။ မျက်နှာက စောစောကလို မပြုံးနိုင်တော့ဘူး။
“ဘာဖြစ်လို့လဲ”.. သူ့ကို တည့်တည့် ပြန်စိုက်ကြည့်ရင်း သက်ထူး မေးလိုက်တယ်။
“ဒီဝင်းထဲမှာ ဦးခန့်ပြီးရင် အစ်ကိုက အကြီးဆုံးပဲ။ ညီလေး ဆက်ဆံပုံက မဟုတ်ဘူး။ ရင့်သီးလွန်းနေသလားလို့”.. သူရစိုးက လက်ပိုက်ရင်း၊ သက်ထူးကို မော်ကြည့်ရင်း ပြောတယ်။
“ကျွန်တော် အခု အလုပ်လုပ်နေတာ”.. သက်ထူး ပြောလိုက်တယ်။ .. “မသင်္ကာဖြစ်စရာ လူတွေကို လေ့လာနေတာ။ အဲဒီထဲမှာ ခင်ဗျားလည်း ထိပ်ဆုံးက ပါတယ်”
“ဘာဖြစ်လို့..”
“ကျွန်တော် ဒီကို ရောက်လာတာ အပေါင်းအသင်း အသစ်ရဖို့၊ မိတ်ဆက်စကားပြောဖို့ မဟုတ်ဘူး။ ခင်ဗျားတို့ မနိုင်လို့၊ မဖြေရှင်းတတ်လို့ အဲဒီ အရှုပ်ကို ရှင်းဖို့ ရောက်လာတာ။ အဲ.. ခင်ဗျားက ဝန်ထမ်းတွေထဲမှာ အကြီးဆုံးဆိုတော့ ကျန်တဲ့ သူတွေကိုလည်း ပြောထားလိုက်။ ကျွန်တော် သိချင်တာ ရှိရင် ခေါ်မေးမယ်။ လိုအပ်တဲ့ အကူအညီရှိရင် ပြောမယ်။ ကျန်တဲ့ အချိန်မှာ ကျွန်တော် အလုပ်လုပ်နေတာကို လာ မနှောင့်ယှက်နဲ့၊ မလိုအပ်ဘဲ စကား လာမပြောနဲ့လို့။ ဟုတ်ပြီလား။ ကျွန်တော် ပြောတာ ရှင်းသလား”
သူရစိုးရဲ့ နဂိုကတည်းက ညိုမည်းနေတဲ့ မျက်နှာက ပိုပြီး နက်မှောင်သွားတယ်။ လက်ကို ဆက်ပိုက်ထားရမလား၊ လက်သီးဆုပ်ရမလား.. ချီတုံချတုံ ဖြစ်နေတယ်။ ဒီလူ့ပုံစံကို ကြည့်ကတည်းက လက်ယဉ်တဲ့သူ၊ ထိုးကြိတ်ဖို့ ဝန်မလေးတဲ့သူမှန်း သက်ထူး သိတယ်။ ဒါပေမယ့် သက်ထူးရဲ့ အပြောင်းအလဲမရှိတဲ့ မျက်နှာထား၊ အေးစက်နေတဲ့ လေသံ၊ ကိုယ်လုံး ဘေးတစ်ဘက်တစ်ချက်မှာ အသာအယာ ချထားတဲ့ ငြိမ်သက်နေတဲ့ လက်တွေ.. ဒါတွေနဲ့ ယှဉ်ထိုးကြည့်လိုက်ရင် သက်ထူးနဲ့ သူရစိုးက ငြိမ်သက်နေတဲ့ ခြင်္သေ့တစ်ကောင်နဲ့ ရှူးရှဲဟူးဟဲဖြစ်နေတဲ့ တောဝက်တစ်ကောင်လို အနေအထား ကွာနေတယ်။
“ကျွန်တော် ပြောတာ ရှင်းသလား”.. သက်ထူး ထပ်မေးလိုက်တယ်။
“ရှင်းတယ်”..သူရစိုးက အကြည့်ကို မသိမသာ လွှဲရင်း ပြန်ဖြေတယ်။
သက်ထူး ခေါင်းညိတ်လိုက်တယ်။ သူရစိုးကို ထားခဲ့ပြီး ဝန်ထမ်းတိုက်ခန်းဘက်ကို ဖြည်းဖြည်းချင်း ပြန်လျှောက်လာတယ်။ ပုံမှန်လူတွေအတွက်တော့ အားနာခြင်းတွေ၊ ဖော်ရွေပျူငှာခြင်းတွေဟာ အသုံးဝင်လိမ့်မယ်။ သက်ထူးအတွက် ဒါတွေဟာ အနှောင့်အယှက် သက်သက်ပဲ။ သက်ထူးရဲ့ အရည်အချင်းတွေထဲမှာ လူလူချင်း သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံတတ်တဲ့ အကျင့်ကောင်းတစ်ခု.. ပါမလာဘူး။
(၂)
မနက် ၉ နာရီထိုးလောက်မှာ သက်ထူးရဲ့ အခန်းရှေ့ကို နှင်း ရောက်လာတယ်။ သူ့လက်ထဲမှာ ကော်ဖီခွက်တစ်ခွက်။
“ကိုသက်ထူး ဘယ်အချိန်ကတည်းက ရောက်နေတာလဲ”.. ကော်ဖီခွက်ကို လှမ်းပေးရင်း နှင်းက မေးတယ်။ ဆံပင်ရှည်တွေကို နောက်လှန်စည်းထားတဲ့ အတွက် နှင်းရဲ့ အိမ်နေရင်း မျက်နှာပြောင်က ရှင်းပြီး လင်းနေတယ်။ မျက်တွင်းတွေကတော့ သိသိသာသာ ချောင်ကျနေတယ်။
ကော်ဖီခွက်ကို လှမ်းယူပြီး သက်ထူး အခန်းအပြင်ကို ထွက်တယ်။ ဝန်ထမ်းတိုက်ခန်းနဲ့ ခပ်လှမ်းလှမ်းကို လျှောက်လာတယ်။ နှင်းက နောက်ကနေ တစ်လှမ်းချင်း လိုက်လာတယ်။
အုပ်ဆိုင်းနေတဲ့ သရက်ပင် အကြီးကြီး တစ်ပင်ရဲ့ အောက်နားကိုရောက်တော့ သက်ထူး လမ်းလျှောက်နေတာကို ရပ်လိုက်တယ်။ ကော်ဖီကို မော့သောက်တယ်။ သူသောက်နေကျ သကြားမပါ၊ နို့မပါတဲ့ ဘလက်ကော်ဖီပူပူ။
“အခုလို ဒီခြံထဲမှာ လာနေပေးတာ နှင်း တကယ် ကျေးဇူးတင်ပါတယ်”.. သက်ထူးနဲ့ မလှမ်းမကမ်းမှာ ရပ်နေရင်း နှင်းက ပြောတယ်။
သူတို့နှစ်ယောက်ကြားက အကွာအဝေးက လေးပေလောက်ပဲ ရှိလိမ့်မယ်။ မမြင်ရတဲ့ စည်းတစ်ခု တားထားသလိုလို ဒီအကွာအဝေးကို ပိုနီးစပ်မသွားအောင် နှစ်ယောက်စလုံးရဲ့ မသိစိတ်တွေက ထိန်းပေးနေတယ်။
“မင်း ဘာဖြစ်ချင်တာလဲ”.. သက်ထူး မေးလိုက်တယ်။
နှင်းရဲ့ ပါးစပ် မသိမသာ ဟ သွားတယ်။ နှုတ်ခမ်းပါးပါးက မဲ့တော့မလို.. ဒါပေမယ့် ချက်ခြင်း အပေါ်ကို ပြန်ကွေးတက်သွားတယ်။ အပြုံး သေးသေးလေးတစ်ခု ပေါ်လာတယ်။
“ကိုသက်ထူး အရင်အတိုင်းပဲ၊ လုံး၀ မပြောင်းလဲဘူးနော်”.. နှင်းက ရယ်သံတစ်ဝက်နဲ့ ပြောတယ်။ သူ့ရဲ့ နွမ်းနယ်နေတဲ့ မျက်နှာက ရယ်လိုက်မှ ပိုပြီး ညှိုးသွားသလို။
“မင်းယောကျ်ားကို ငါတို့အကြောင်း ဘာလို့ ပြောမထားတာလဲ”.. သက်ထူး ထပ်မေးလိုက်တယ်။
“ကျွန်မမှာ အရင် အိမ်ထောင်ရှိမှန်း ဦးခန့် သိပါတယ်”.. နှင်းက သက်ထူးကို တည့်တည့်ပဲ စိုက်ကြည့်ရင်း ပြန်ဖြေတယ်။.. “ကိုသက်ထူး ဆိုတာကိုသာ သူက မသိတာပါ။ အခု အခြေအနေအရ ပြောပြလို့ မသင့်ဘူးလို့ ထင်တယ်”
“ငါ မလိမ်တတ်ဘူး”
နှင်းက ခပ်သဲ့သဲ့ ရယ်ပြန်တယ်။
“ကိုသက်ထူးကိုလည်း နှင်းက မလိမ်ခိုင်းပါဘူး။ ဘာမှ မပြောဘဲ ဒီအတိုင်း ထားထားလိုက်ရင် ပြီးတာပဲ မဟုတ်လား။ ဒါမှ မဟုတ် ကိုသက်ထူးကိုယ်တိုင်ကိုက အရမ်း ရိုးသားချင်ပါတယ်ဆိုရင် ဦးခန့်ကို ပြောပြလိုက်လေ။ နှင်းမြတ်နိုင်ဦးက ကျွန်တော့် အရင် မိန်းမပါလို့”
သက်ထူး စိတ်ထဲ ဆတ်ခနဲ ဖြစ်သွားတယ်။ သက်ထူးဟာ ခြင်္သေ့တစ်ကောင်ဆိုရင်.. နှင်းမြတ်နိုင်ဦးဆိုတဲ့ မိန်းကလေးဟာ ကျားသစ်တစ်ကောင်ပဲ။ သူနဲ့ ထိပ်တိုက်တွေ့တဲ့အခါတိုင်း သက်ထူး ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်ဖြစ်သွားတတ်တယ်။ ဒါ မကောင်းဘူး။ ဒါ အားနည်းချက်တစ်ခု။
“ဒီလို ကသိကအောက်ဖြစ်အောင် မင်း တမင်ကို..လုပ်တာပဲ”.. သက်ထူး ပြောရင်း ကော်ဖီကို အကုန် မော့သောက်လိုက်တယ်။ ထူအအ ဖြစ်နေတဲ့ စိတ်အာရုံက ကော်ဖီတန်ခိုးနဲ့ နည်းနည်း ပြန်လန်းလာတယ်။
“မင်းလည်း အရင်အတိုင်း မပြောင်းလဲပါဘူး နှင်းမြတ်နိုင်ဦး”..သက်ထူး ပြောလိုက်တယ်။ လက်ထဲက ကော်ဖီခွက်ကို နှင်းဆီကို ပြန်ပေးတယ်။ နှင်းက ခွက်ကို လှမ်းယူရင်း အိမ်ဘက်ကို တစ်ချက် လှမ်းကြည့်တယ်။
“ကိုသက်ထူးကို ကျွန်မ ပြောစရာတွေ အများကြီး ရှိတယ်”.. နှင်းက ဒီဘက်ကို လှည့်မကြည့်ဘဲ ပြောတယ်။ .. “တောင်းပန်စရာတွေလည်း ရှိတယ်.. ။ ဒါပေမယ့်.. အခု အချိန်မှာ .. ”
“ရပါတယ်။ မလိုပါဘူး”.. သက်ထူး စကားကို အမြန် ဖြတ်ပြောလိုက်တယ်။ ဘယ်လို ရန်သူမျိုးကိုမဆို သူ ရင်ဆိုင်ရဲပေမယ့် သူ လည်ပြန်မကြည့်ရဲတဲ့ အတိတ်ဆိုတဲ့ သတ္တဝါဆိုးက နောက်ကနေ ဆက်တိုက် လိုက်နေတုန်းပဲ။.. “အလုပ်ကိစ္စနဲ့ ပတ်သက်တာပဲ ငါ့ကို ပြောပါ။ အခု ဖြစ်နေတဲ့ ပြဿနာကို အသေးစိတ် လေ့လာတာပေ့ါ။ လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းမယ်။ သုံးသပ်မယ်။ ပြီးရင် ငါလုပ်နိုင်သလောက် လုပ်ပေးမယ်။ အဲဒါပဲ”
“ကိုသက်ထူး..”
သက်ထူး.. နှင်းကို သတိပေးတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
မပြောနဲ့..
“ညီမလေး..မေမော့်ကို.. နှင်းလည်း သတိရနေပါတယ်..“
သက်ထူး ကိုယ်ထဲမှာ ကိန်းအောင်းနေတဲ့ သတ္တဝါတစ်ကောင် အပြင်ကို ၀ုန်းခနဲ ခုန်ထွက်သွားတယ်။ အမြဲ ငြိမ်သက်နေတဲ့ သူ့မျက်နှာ မည်းခနဲ ဖြစ်သွားတယ်။ နှစ်ပေါင်းများစွာ အေးစက်နေတဲ့ ရင်ဘတ်က ယိမ်းထိုးလှုပ်ခတ်လာတယ်။
“ကိုသက်ထူးကို နှင်း.. တကယ် သနားတယ်။ နောင်တတွေ အများကြီးနဲ့ တစ်ယောက်တည်း ကျန်ခဲ့မှာ..။ နှင်း.. တကယ် တောင်းပန်တယ်။ အဲဒီလို ထွက်သွားခဲ့ရတာကို ခွင့်လွှတ်ပါ”
“တော်တော့။ မင်း ထပ်မပြောနဲ့တော့”.. သက်ထူး အံကို ကြိတ်ပြီး ပြောလိုက်တယ်။..“အလုပ်နဲ့ ပတ်သက်တာကိုပဲ ပြော။ ကျန်တာ ငါ မသိချင်ဘူး။ မကြားချင်ဘူး”
နှင်းက ခေါင်းကိုငုံ့ပြီး သက်ပြင်း အရှည်ကြီးချတယ်။ ဘာမှ ထပ်မပြောတော့ဘဲ လက်ထဲက ကော်ဖီခွက်ကို စိုက်ကြည့်နေတယ်။
ပတ်ဝန်းကျင် လေထုက မနက်ခင်းနဲ့ မလိုက်အောင် အိုက်စပ်လာသလိုပဲ။ ဒီလူသား နှစ်ယောက်ကြားက မဆိုစလောက် အကွာအဝေးဟာ ပင်လယ်တစ်စင်းအလား.. ပိုပိုပြီး ကျယ်ပြန့်လာနေတယ်။ အတိတ်ကို အတိတ်မှာ မထားခဲ့တဲ့အခါ ပစ္စုပ္ပာန်ဟာ ရှင်သန်နိုင်စွမ်းမရှိတော့သလို အသက်ငင်လာတယ်။
+++
(ဆက်ရန်)