အခန်း (၂)
(၁)
ပိုင်ဆိုင်ခြင်း.. ဆိုတဲ့ အရာကို သက်ထူး သေချာ နားမလည်ဘူး။ သူ့မှာ ပိုင်ဆိုင်မှုဆိုလို့ မည်မည်ရရ ဘာမှ ပြစရာ မရှိတာကြောင့်လည်း ဖြစ်နိုင်တယ်။ တစ်သက်လုံး အလုပ်နဲ့ လက်နဲ့ မပြတ်အောင် နေခဲ့ပေမယ့် ဘယ်သောအခါကမှ ငွေကြေး ဆိုတာကို သူ့စိတ်ထဲ အထူးတလည် မထည့်ခဲ့မိဘူး။ တချို့ကတော့ ပြောလိမ့်မယ်၊ ငွေမလိုတဲ့ လူဆိုတာ မရှိဘူး ဆိုပြီး..။ ဒါ မှန်ပါတယ်။ စားစရာ တစ်ရက် သုံးနပ်၊ နေစရာ ကျောတစ်ခင်းစာ.. ဒီလောက်ပဲ။ ဒါဟာ.. သက်ထူးအတွက် အမြဲ လုံလောက်ခဲ့တယ်။ ဒီစရိုက်ဟာ ကံဆိုးခြင်းလား၊ ကံဆိုးခြင်းလားတော့ မသေချာ။ လုပ်ခဲ့သမျှ အလုပ်တွေအားလုံးဆီက ထိုက်သင့်တဲ့ ငွေကြေးပမာဏတွေ ရခဲ့သော်လည်း ဒီပိုက်ဆံတွေဟာ သက်ထူးအတွက် ဘဏ်စာအုပ်ထဲက ကိန်းဂဏန်း အစီအတန်းတွေသက်သက်ပဲ။ ပိုင်ဆိုင်မှုတွေ တိုးလာအောင် အိမ်ဝယ်မယ်၊ ကားဝယ်မယ်.. စတဲ့ စတဲ့ ပုံမှန် လူတစ်ယောက်ရဲ့ မျှော်လင့်ရည်မှန်းချက်တွေ သက်ထူးမှာ မရှိဘူး။ ဒါဟာ.. သူ့ ငယ်ဘ၀ရဲ့ ရိုက်ခတ်ထုဆစ်ခြင်းတွေကြောင့်လည်း ဖြစ်နိုင်တယ်.. ဒါမှမဟုတ် သူ့ဦးနှောက်နဲ့ အသွေးအသားထဲမှာ မွေးကတည်းက စိမ့်ဝင်နေတဲ့ လေနှင်ရာလွင့်ချင်တဲ့ စိတ်ဓာတ်ကြောင့်လည်း ဖြစ်နိုင်တယ်။ ဘ၀ဆိုတဲ့ လမ်းဟာ မြစ်တစ်စင်းဆိုရင် သက်ထူးဆိုတဲ့လူက အဲဒီ မြစ်ထဲ မျောနေတဲ့ သစ်ကိုင်းတစ်ကိုင်း။ အချိန်တစ်ခုရောက်ရင်.. ဆိတ်ကွယ်ရာ လမ်းကွေ့တစ်ခုဆီမှာ သောင်တင် ရပ်နားခွင့် ရမလား.. ဒါမှ မဟုတ် ကမ်းမရှိတဲ့ ပင်လယ်ပြင်ထဲ မျော၊ မေ့လျော့စွာ.. ပျောက်ဆုံးသွားမလား။ တစ်ရက်ပြီးတစ်ရက်.. တစ်လပြီးတစ်လ.. တစ်နှစ်ပြီးတစ်နှစ် တဟုန်ထိုး ကုန်ဆုံးနေတဲ့ သူ့ဘ၀သက်တမ်းကို နှေးကျသွားအောင်၊ တည်တံ့မြဲမြံအောင် ချုပ်ထိန်းပေးမယ့် နှောင်ကြိုးတစ်ခုခုတော့ ရှိသင့်မှန်း သက်ထူး သိပါတယ်။ ဒါပေမယ့် အဲဒီ ကြိုးမျှင်က ပြတ်ထွက်သွားခဲ့တာ ကြာပြီ.. ။
ဒါကြောင့်.. ပိုင်ဆိုင်မှု များစွာနဲ့ ဘ၀ကို တည်တံ့အောင် ထိန်းထားနိုင်တဲ့ လူတွေကို တွေ့တဲ့အခါ သက်ထူးရဲ့ စိတ်ထဲမှာ ကိုယ်နဲ့ ဗီဇမတူတဲ့ ဂြိုဟ်သားတစ်ယောက်ကို တွေ့ရသလို ထူးဆန်းနေတယ်။ ဒီလူတွေရဲ့ ငြိမ်သက်နိုင်စွမ်းရည်ကို သူ အားကျတယ်။ ဒီစည်းစိမ်ဥစ္စာတွေနဲ့ သူတို့ နေ့စဉ်.. ဘယ်လို ပတ်သက် နွယ်ယှက်နေနိုင်သလဲ။ ဒီကြွယ်၀ချမ်းသာမှုတွေအောက်မှာ ဘယ်လိုများ စိတ်ကို ခိုင်ခံ့တည်ငြိမ်အောင် တည်ဆောက်နေကြသလဲ။ ထားပါတော့။ ကိုယ်ကိုယ်တိုင် မကြုံဖူး၊ မခံစားဖူးတဲ့ အရာတစ်ခုကို စက်ဝိုင်းအပြင်ကနေ ခန့်မှန်းနေလို့ ဘာထူးမလဲ။ ပြီးတော့ ချမ်းသာသူတိုင်းကလည်း စိတ်အေးချမ်းနေတာ မဟုတ်ဘူး။ သက်ထူးရဲ့ အလုပ်သဘောအရ ကျိကျိတက် ထားစရာမရှိအောင် ချမ်းသာသူတွေနဲ့ ဆက်ဆံထိတွေ့ခဲ့ရဖူးတာပဲ။ အဲဒီလူတွေရဲ့ တစ်ဝက်လောက်က အနည်းနဲ့အများတော့ အပူအပင် ပိနေကြတဲ့သူတွေ။
အခု သက်ထူးရှေ့မှာ ထိုင်နေတဲ့ လူကိုပဲ ကြည့်။
ဦးခန့်ဇေယျာထွန်း ဆိုတဲ့ သူက သက်ထူးထက် ၁၀ နှစ်လောက် ကြီးလိမ့်မယ်။ ဒါပေမယ့် အသက် ၅၀ နား ကပ်နေပြီလို့ မထင်ရဘူး။ ပုံမှန် လေ့ကျင့်ခန်းလုပ်တဲ့သူ ဖြစ်လိမ့်မယ်။ အသားအရည် ကြည်တယ်။ ကိုယ်လုံးက ကျစ်လစ်တယ်။ ကိုယ်လုံးနဲ့ ကွက်တိ ရှပ်အင်္ကျီကို ဝတ်ထားပေမယ့် ဗိုက်ပူမနေဘူး။ မျက်နှာမှာ အရေးအကြောင်း တစ်ခုမှ မရှိ တင်းရင်းနေတယ်။ ဆံပင်နက်နက်ကတော့ ဆေးဆိုးထားသလား၊ ပင်ကိုယ်လား.. သေချာ မသိသာဘူး။ ပြီးတော့ သူ့မျက်လုံးတွေ..။
သက်ထူးရဲ့ အဓိက အရည်အချင်းက.. လူတွေရဲ့ မျက်လုံးတွေကို ဖတ်တတ်တာပဲ။ ရုတ်တရက် သက်ထူးကို ကြည့်လိုက်ရင် လူကောင်ထွားထွား၊ အရပ်ရှည်ရှည်၊ မျက်နှာတည်တည်..ဒါတွေကို အသုံးချပြီး ခြောက်စား ဟောက်စား လုပ်နေတယ်လို့ ထင်ရတယ်။ တကယ်က.. ဒီကိုယ်ခန္ဓာပိုင်းဆိုင်ရာ အားသာမှုတွေထက် လူတွေကို စာအုပ်တစ်အုပ်လို ဖတ်သိနားလည်နေတဲ့ အရည်အသွေးက ပိုအရေးကြီးတယ်။ လူတွေရဲ့ မျက်လုံးဟာ စိတ်ထဲကို လှမ်းမြင်နိုင်တဲ့ လျှို့ဝှက် သင်္ကေတ တစ်ခုပဲ။ သက်ထူးနဲ့ ထိပ်တိုက် တွေ့ခဲ့ဖူးတဲ့ သူတွေထဲမှာ လူကောင် ထွားထွားကြီးတွေ ပါသလို၊ လိမ်ဖယ်လိမ်ဖယ် ပိန်ညှောင် ပျော့ကပ်နေတဲ့ သူတွေလည်း ရှိတယ်။ ခွန်အားတစ်ခုတည်းကို လက်နက်လို အသုံးချတဲ့ သူတွေနဲ့ ရင်ဆိုင်ခဲ့သလို၊ ဉာဏ်နီဉာဏ်နက် အထပ်ထပ်နဲ့ လှည့်ဖြား ကျော်တက်ချင်တဲ့သူတွေလည်း တွေ့ဖူးတယ်။ ဒီလူတွေ အားလုံးမှာ သူတို့ ဘယ်လို လူတွေလဲဆိုတာ သိသာထင်ရှားစေတဲ့ အချက်တစ်ခုပဲ ရှိတယ်။ အဲဒါ သူတို့ရဲ့ မျက်လုံးတွေပဲ။ သတ္တိမရှိတဲ့ သူတစ်ယောက်ဟာ ခန္ဓာဗေဒကို ဘယ်လိုပဲ အသုံးချ ဖုံးကွယ်နေပေမယ့် မျက်လုံးအိမ်ထဲက ကြောက်စိတ်ကိုတော့ ဖျောက်မရဘူး။ ဒီလိုပဲ.. တုန်လှုပ်ခြင်း စိုးစဉ်းမရှိ အေးခဲနေတဲ့ စိတ်ဓာတ်မျိုးကိုလည်း အပြုံးသက်သက်နဲ့ ဖုံးထားဖို့ မဖြစ်နိုင်ဘူး။
ဦးခန့်ဇေယျာထွန်းရဲ့ မျက်လုံးတွေက ကြောက်ရွံ့သွေးပျက်ခြင်းတွေနဲ့ ရိပ်မိုးနေတယ်။
“အခုလို လာတွေ့တာ ညီ့ကို တစ်ကယ် ကျေးဇူးတင်တယ်.. တစ်ကယ်”..ဦးခန့်ဇေယျာထွန်းက သက်ထူးရှေ့က ဖန်ခွက်ထဲကို သောက်ရေ ငှဲ့ထည့်ပေးရင်းနဲ့ ပြောတယ်။.. “ကိုယ်လည်း ဘယ်လိုမှ ကြံရာ မရတော့တာနဲ့ အကူအညီ တောင်းလိုက်ရတော့တာ။ ဟိုးတစ်နှစ်တုန်းက ကိုယ့်သူငယ်ချင်း ကိုဟိန်းမြတ်အောင်ကို ညီလေးတို့ ကူညီပေးလိုက်တာကို သူပြန်ပြောပြတယ်လေ။ အဲဒီကတည်းက ညီ့နာမည်ကို မှတ်မှတ်ရရရှိနေတာ”
ဦးဟိန်းမြတ်အောင် ဆိုတဲ့ နာမည်ကို သက်ထူး ဦးနှောက်ထဲမှာ အမြန် ပြန်ရှာလိုက်တယ်။ အသက် ၅၀ ကျော်၊ စက်ရုံသုံး မီးစက်ကြီးတွေ တင်သွင်းတပ်ဆင်တဲ့ ကုမ္ပဏီ ပိုင်ရှင်။ ဖြစ်စဉ်က သိပ်မရှုပ်ထွေးဘူး။ သူ့ရုံးခန်းမှြ တစ်ပတ်တစ်ပတ်ကို သိန်း ရာနဲ့ချီပြီး ပျောက်တယ်။ လက်သည် မပေါ်ဘူး။ ပျောက်တာ ထူးတော့ မထူးဆန်းဘူး။ ပိုက်ဆံထုပ်တွေကို ဆာလာအိတ်နဲ့ ထည့်ပြီး ရုံးခန်းထဲမှာ ထားတယ်။ CCTV တပ်ထားတယ် ၊ ဝင်ပေါက် ထွက်ပေါက်မှာလည်း လုံခြုံရေး ဝန်ထမ်းတွေ ရှိတယ်၊ ဘာမှ မဖြစ်ဘူးပေါ့။ ဒါပေမယ့် ပိုက်ဆံတွေက ပျောက်မြဲ ပျောက်နေတယ်။ သူ့ရဲ့ သားအရင်း၊ တူအရင်းတွေကိုလည်း ငွေကိုင် အဖြစ် ပြန်ခန့်ထားတော့ သူဌေးက ရဲ မခေါ်ရဲဘူး။ ကိုယ့်လူကိုယ် ပြန်ဖမ်းသလို ဖြစ်နေမှာလည်း စိုးတယ်။ ဒါနဲ့ သက်ထူးတို့ကို ဆက်သွယ်လာတယ်။
သက်ထူးတို့ အဖွဲ့ တာဝန်ယူပြီး သိပ်မကြာခင်မှာပဲ အဲဒီ ကုမ္ပဏီမှာ နောက်ဆုံးအကြိမ်.. ခိုးမှု ဖြစ်တယ်။ နောက်ဆုံး အကြိမ်လို့ ပြောရတဲ့ အကြောင်းရင်းက ခိုးတဲ့သူနဲ့ သက်ထူးနဲ့ တည့်တည့် တိုးတယ်။ အဲဒီ သူခိုးက သော့အတုလည်း လုပ်ထားတယ်။ ဝင်းထဲက အဝင်အထွက် လမ်းတွေကိုလည်း ကောင်းကောင်းသိတယ်။ သိဆို.. သူခိုးက သူတို့ရဲ့ လုံခြုံရေး ဝန်ထမ်းထဲက တစ်ယောက်ပဲ။ ညဘက် မီးပျက်တဲ့အချိန်၊ မီးစက်မီး မချိန်းခင် မိနစ်ပိုင်းအတွင်းမှာ လုပ်နေတာ။ ဒါပေမယ့် အဲဒီညမှာတော့ ချိတ်ကို မမြင်ဘဲ အစာကို လောဘတကြီး ပြေးဟပ်တဲ့ ငါးတစ်ကောင် ဖြစ်သွားတယ်။ မီးကို တမင်ဖြတ်၊ အမှောင်ထဲမှာ ထိုင်စောင့်နေတဲ့ သက်ထူးကို သူ မမြင်ဘူး။ မီးတွေ ပြန်လင်းလာတော့၊ သက်ထူးကို တွေ့တော့ သူ ထွက်မပြေးဘူး။ အဲဒီလူ ဆုံးဖြတ်ချက် မှားတယ်။ သက်ထူးနဲ့ သူတပြန် ကိုယ်တပြန် ထိုးကြိတ်ဖို့ ကြိုးစားတယ်။ စက္ကန့်ပိုင်းအတွင်းမှာ အဲဒီလူ ညာဘက် လက်မောင်း တစ်ခုလုံး ကျိုးကြေသွားတယ်။ အကောင်းအတိုင်း ပြန်ဖြစ်ဖို့ မလွယ်ဘူး။ ထောင်ကလွတ်ပြီး အလုပ်ပြန်လုပ်ရင်တောင်မှ လက်တစ်ဘက်တည်းနဲ့ လုပ်လို့ရတဲ့ အလုပ်မျိုး ရှာရလိမ့်မယ်။
“အခု.. ဖြစ်စဉ်ကို ညီလေး အကုန် သိပြီးပြီလား”.. ဦးဇေယျာထွန်းက မေးတယ်။
“ဟင့်အင်း”.. သက်ထူး ခေါင်းခါပြီး ပြန်ဖြေလိုက်တယ်။ ဒီ ဧည့်ခန်းက စတုရန်းပေ ဘယ်လောက် ရှိမလဲ။ တစ်ထောင်ကျော်မလား။ ဧည့်ခန်းထဲမှာ ပရိဘောဂရယ်လို့ များများစားစား မထားထားပေမယ့် ခင်းကျင်းထားတဲ့ စားပွဲနဲ့ ထိုင်ခုံရဲ့ ရှင်းလင်းစွာ နေရာချထားပုံတွေ၊ မျက်နှာကြက်က ချထားတဲ့ မိုးရေစက်တွေလို တွဲလဲခိုနေတဲ့ မီးဆိုင်း၊ ပြီးတော့ အပေါ်ထပ်အောက်ထပ် ဆက်ထားတဲ့ ကျွန်းအတိပြီး၊ ပြောင်လက်နေတဲ့ လှေကားထစ်တွေ၊ နေ့အလင်းရောင် အပြည့်အ၀ ပေးနေတဲ့ မှန်ပြတင်းပေါက် အရှည်ကြီးတွေ..အခန်း ဟိုးဘက်ထောင့်မှာ ချထားတဲ့ စတိန်းဝေး စန္ဒယား၊ သက်ထူးရဲ့ ခြေဗလာအောက်မှာ ရောက်နေတဲ့ နူးအိနေတဲ့ ကော်ဇော.. ဒါတွေကို ကြည့်လိုက်တာနဲ့ ဒီအိမ်ပိုင်ရှင်ရဲ့ ပြီးပြည့်စုံမှုကို တစ်စိတ်တစ်ပိုင်း မြင်နိုင်တယ်။ ဒါက.. သက်ထူးရဲ့ စူးစမ်းစိတ်ကြောင့် အပိုထပ်မြင်မိတဲ့ အရာတွေပါ။ ဒီအိမ်ထဲကိုရောက်ဖို့ ခြံ၀ကနေ တစ်မိနစ်ကျော်ကျော် လမ်းလျှောက်ဝင်လာရတယ် ဆိုကတည်းကိုက ဒီဝင်းနဲ့ ဒီအိမ်ဟာ ငွေကို ရေလိုသုံးတဲ့ သူတစ်ယောက် ပိုင်ဆိုင်မှန်း သိသာပါတယ်။
သက်ထူး ဒီခြံထဲကို ဝင်လာတော့ ခြံတံခါး၀မှာ စောင့်နေတဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်း နှစ်ယောက်ကို တွေ့တယ်။ သူတို့ထဲက တစ်ယောက်က သက်ထူးကိုတွေ့တော့ ချက်ခြင်း ပြေးလာပြီး နှုတ်ဆက်တယ်။ ကိုမျိုးဆီမှာ သင်တန်းတက်ဖူးတဲ့ သင်တန်းသားတစ်ယောက်ပဲ။ သက်ထူးကိုယ်တိုင်ကလည်း လက်ထောက် ဆရာအဖြစ်နဲ့ မကြာခဏဆိုသလို သင်ပေးခဲ့ဖူးတော့ အဲဒီ ဝန်ထမ်းက သက်ထူးကို ကောင်းကောင်း မှတ်မိနေတယ်။ သူနဲ့အတူ ခြံထဲကို လိုက်ဝင်လာပြီး အိမ်တံခါး၀အထိ လိုက်ပို့ပေးတယ်။ လျှောက်ဝင်လာတဲ့ တစ်လမ်းလုံးမှာ အဲဒီကောင်လေးက သက်ထူးကို စကားတွေ အဆက်မပြတ်ပြောတယ်။ ဦးခန့်ဇေယျာထွန်းတို့ လင်မယား ဘယ်လို ပြဿနာနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို တစ်စိုးတစ်စ ရှင်းပြတယ်။ သက်ထူး သူ့စကားတွေကို ခေါင်းထဲ မထည့်မိဘူး။ ကာယကံရှင် ကိုယ်တိုင်နဲ့ မတွေ့သေးဘဲ ဟိုပြောဒီပြော စကားတွေကို ထည့်မစဉ်းစားချင်သေးတာ။ လျှောက်ဝင်လာတဲ့ လမ်းတစ်လျှောက်မှာ သက်ထူးရဲ့ အာရုံက ခြံဝင်းထဲက အပြင်အဆင်တွေပေါ်မှာ။ ခြံတစ်ခြံထဲကို၊ အိမ်တစ်အိမ်ထဲကို ဝင်လိုက်တာနဲ့ အဲဒီ နေရာရဲ့ အငွေ့အသက်တွေကို အာရုံထဲ သပ်ယူ ခံစားလို့ ရတယ်။ အပတ်စဉ် ဖြတ်ညှပ်ရိတ်သိမ်းထားလို့ ညီညာ စိမ်းစိုနေတဲ့ မြက်ခင်းပြင်၊ နွေခေါင်ခေါင်မှာတောင် ရေဝ စိမ်းစိုနေတဲ့ သရက်ပင်တွေ၊ ခြံရဲ့ ဟိုဘက်ထောင့် ဒီဘက်ထောင့်မှာ အလုပ်ရှုပ်နေကြတဲ့ ခြံစောင့်ဝန်ထမ်းတွေ၊ ကားဆယ်စီးလောက် အသာအယာ ရပ်ထားလို့ရတဲ့ ပါကင် နေရာမှာလည်း နောက်ထပ် ဝန်ထမ်း နှစ်ယောက်.. ပြောင်လက်ပြီးသား ကားတွေကို အဝတ်နဲ့ ထပ်သုတ်နေကြတယ်။ ဒါပေမယ့် သက်ထူး အဓိက အာရုံစိုက်နေတာက အဲဒီ အရာတွေ မဟုတ်ဘူး။ သက်ထူး သတိထား ကြည့်မိတဲ့ နေရာက ခြံတံတိုင်း တောက်လျှောက်မှာ စီတန်း တပ်ထားတဲ့ CCTV ကင်မရာတွေ။ ကင်မရာတွေက ဒီခြံဝင်း အကျယ်အဝန်းနဲ့ ယှဉ်ရင် လိုအပ်တဲ့ အရေအတွက်ထက် သုံးဆ လောက်များနေတယ်။ ပြီးတော့ ကင်မရာတွေက ဘယ်ညာ အပေါ်အောက် လိုသလို လှည့်ပြီး ကြည့်လို့ရတဲ့ အမျိုးအစားတွေ။ အိမ်ထဲမှာ ထိန်းချုပ်ခန်းနဲ့၊ အော်ပရေတာ ရှိဖို့ များတယ်။ နောက်ထပ် သတိထားမိတဲ့ အရာတစ်ခုက အိမ်အဝင်၀နဲ့ မလှမ်းမကမ်းမှာ ချထားတဲ့ ခွေးလှောင်အိမ် တစ်ခု။ အထဲမှာ ရော့ဝိုင်လာ ခွေးထီးတစ်ကောင်။ ခွေးက သက်ထူးတို့ ဝင်လာတာကိုတောင် ခေါင်းမော် မကြည့်အားဘဲ မှောက်အိပ်မြဲ အိပ်နေတယ်။ သေချာကြည့်လိုက်တော့ အိပ်နေတာ မဟုတ်ဘူး၊ ခပ်ဝေးဝေးကို ငေးရင်း မှိုင်နေတာ။ ဘာလို့များပါလိမ့်။
“ဒီအိမ်မှာ အစ်ကိုအပါအဝင် လူ ဘယ်နှယောက် နေသလဲ”.. သက်ထူး မေးလိုက်တယ်။
“အစ်ကိုရယ်၊ အစ်ကို့ အမျိုးသမီးရယ်။ နှစ်ယောက်ပဲ”.. ဦးခန့်ဇေယျာထွန်းက ပြန်ဖြေရင်း လက်ထဲက ဖုန်းကို ကောက်ကိုင်တယ်။ လက်မနှစ်ဖက်နဲ့ တဖတ်ဖတ် နှိပ်တယ်။ နားမှာကပ်တယ်.. “ကျန်တာတွေက ဝန်ထမ်းတွေပဲ။ ဝန်ထမ်းချည်းပဲ ဆယ်ယောက်လောက် ရှိလိမ့်မယ်။ အရင်ကတော့ ကိုယ့်အမေလည်း ဒီမှာပဲ နေတယ်။ သူက ဆုံးသွားရှာပြီ။ ခဏလေးနော်.. ညီ။ ဟဲလို.. အင်း.. အင်း.. ဆင်းလာတော့လေ.. ဒီမှာ ရောက်နေပြီ။ ဟို.. စာရွက်ပါ ယူခဲ့နော်”
မသိစိတ်ရဲ့ ထိန်းချုပ်မှုကြောင့် သက်ထူးရဲ့ တစ်ကိုယ်လုံး ဆတ်ခနဲ ဖြစ်သွားတယ်။ ဆယ်နှစ်.. ဆယ်နှစ် ဆိုတဲ့ အချိန်ကာလဟာ ဘာမှ မဟုတ်ပါလား။ အနည်ထိုင်နေတဲ့ စိတ်ခံစားချက်တွေက ငြိမ်တော့မလိုနဲ့ လှုပ်ခတ်နေဆဲပါလား။ ကြိုးလျော့ပြီး လွင့်ချင်ရာလွင့်နေတဲ့ စွန်တစ်ခုကို ရစ်လုံးနဲ့ ဆွဲသိမ်းလိုက်သလို.. သက်ထူးရဲ့ ကိုယ်အတွင်း စိတ်တစ်နေရာက တင်းခနဲ ဖြစ်ပြီး သတိအနေအထား ပြန်ဝင်လာတယ်။
မနက်က ဖုန်းထဲမှာ ပြောခဲ့တဲ့ စကားတွေကို ပြန်ကြားယောင်လာတယ်။
“ကိုယ့် အမျိုးသမီးနဲ့ ညီ့ကို မိတ်ဆက်ပေးရဦးမယ်။ မိတ်ဆက်..ဆိုမှ.. ညီတို့ ကုမ္ပဏီကို ဆက်သွယ်ဖို့ သူပဲ အကြံပေးတာလေ။ ကိုယ်က ပြဿနာတွေနဲ့ ပျာယာခတ်နေတော့ ညီလေးတို့ကို ဆက်သွယ်ဖို့ ချက်ခြင်း သတိမရဘူး။ သူက ကိုဟိန်းမြတ်အောင်တို့ ကိစ္စကို သတိရပြီး ကိုယ့်ကို သတိပေးလိုက်တော့မှ.. တော်သေးတာပေါ့..အဆင်ပြေသွားတာ”.. ဦးခန့်ဇေယျာထွန်းက လှေကားကနေ ဆင်းလာတဲ့ အမျိုးသမီးဘက်ကို လှမ်းကြည့်ရင်း ပြောတယ်။
(၂)
“ဟဲလို”
နှင်းဆိုတဲ့ မိန်းကလေးဆီမှာ အထူးခြားဆုံး ဂုဏ်ပုဒ်ကတော့ သူ့ရဲ့ စကားသံပဲ ဖြစ်လိမ့်မယ်။ ရင်ခေါင်းထဲက မဟုတ်ဘဲ လည်ပင်းအဖျားကနေ ခတ်ပြီး အသာအယာ တိုးထွက်လာတဲ့ လေသံသဲ့သဲ့မျိုး။ ဘယ်လောက်ပဲ စိတ်ဆိုး စိတ်တိုနေပါစေ.. မြင့်တက်မလာဘဲ ရှတတနဲ့ တိုးလျနေတဲ့ စကားသံ။
“ငါပါ.. သက်ထူးပါ”.. သက်ထူး ပြန်ဖြေလိုက်တယ်။ ငါ..လို့ ပြောလိုက်ရတာ ပါးစပ်ဖျားမှာ စိမ်းနေတယ်။ ဒါပေမယ့် ဒီထက် သင့်တော်တဲ့ နာမ်စားကို သူ ရှာမတွေ့ဘူး။ နာမ်စားတွေ အဆင့်ဆင့် ခံထားတဲ့ ဒီ ဘာသာစကားကိုပဲ အပြစ်တင်ရမလိုလို..။
ဟိုဘက်မှာ အတော်ကြာကြာ တိတ်ဆိတ်သွားတယ်။ တော်တော်လေးကြာမှ-
“ကို.. အဲ.. ကိုသက်ထူး.. ဖုန်းပြန်ဆက်တာ ကျေးဇူးပါ”..နှင်းက ပြန်ဖြေတယ်။.. “နှင်းထင်ထားတာ.. ကိုသက်ထူး ဖုန်းပြန် မဆက်လောက်ဘူးလို့..”
“အင်း။ ဘာ ကူညီရမလဲ။ ကိုမျိုးပြောလို့..”
အချိန်ကာလ တစ်ခုအတွင်းမှာ စကားလုံးတွေရဲ့ စေးကပ် တုန်ယင်သွားနိုင်မှုက တော်တော်လေးကို ထူးဆန်းတယ်။ လျှာဖျားကနေ ခပ်ထွက်သွားတဲ့ ဒီဝေါဟာရ၊ ဒီစကားလုံးတွေပဲ… ဘာလို့ ကိုယ်လိုရာကို မသွားနိုင်ရတာလဲ။ တည်ငြိမ်မှုကို အမြန်ပြန်ရှာ။ ဒါဟာ အလုပ်သဘောအရ ဆက်သွယ်တာ။ ကိုယ်ရေးကိုယ်တာ မဟုတ်ဘူး။ ခံစားချက်တွေ မလိုဘူး။
“ကိုသက်ထူး နှင်းနဲ့ လာတွေ့နိုင်မလား”
နှင်းရဲ့ လေသံက သက်ထူးထက် အများကြီး ပိုပြီး ငြိမ်တယ်။ အေးတယ်။ သူငယ်ချင်းဟောင်း တစ်ယောက်ကို လမ်းမှာတွေ့တဲ့အခါ နှုတ်ဆက်တဲ့ လေသံထက် မပိုဘူး။
“မင်းနဲ့ မတွေ့ခင်.. အင်း.. ဘာကူညီရမလဲဆိုတာ ဖုန်းထဲမှာ အရင်ပြောလို့ မရဘူးလား”
ဒီဖုန်းနံပါတ်ကို ဆက်လိုက်ကတည်းက တစ်ရက်ရက်မှာ သူနဲ့ တွေ့ရတော့မယ်ဆိုတာ သက်ထူး သိနေပြီးသားပဲ။ ဘာလို့ ရှောင်ကွင်းချင်နေတာလဲ.. သူကိုယ်တိုင်လည်း နားမလည်ဘူး။ လူချင်းမတွေ့ဘဲ ကူညီလို့ရတဲ့ ကိစ္စလည်း မဟုတ်ဘူး။
“မရဘူး အစ်ကို။ ပြောရမှာတွေက အများကြီး။ နှင်း.. တကယ်လည်း အကူအညီ လိုနေလို့ ဆက်သွယ်တာပါ။ ဒီမနက် ကိုမျိုးဆီ ရောက်တော့ ကိုသက်ထူးနဲ့ တွေ့ရမယ်လို့ ထင်ထားတာ။ စာပဲ ရေးပေးခဲ့ရတာ.. အစ်ကို့ ဖုန်းနံပါတ်လည်း နှင်းမှာ မရှိဘူး မဟုတ်လား”
“အင်း”
“ညနေလောက်ကျရင်.. ဦးခန့်.. အစ်ကို့ဆီကို ဖုန်းဆက်လိမ့်မယ်.. ဦးခန့်ဆိုတာက.. ဟို..”
“အင်း။ သိတယ်”.. သက်ထူး ဖြတ်ပြောလိုက်တယ်။ နှစ်တွေလည်း ကြာပြီပဲ။ သူ နောက်အိမ်ထောင် ပြုသွားတာလည်း သိနေတာပဲ။ ဆတ်ခနဲ နာသွားစရာ အကြောင်း မရှိဘူး။ တော်သင့်ပြီ။
“အဲဒါ.. သူ ဖုန်းဆက်ရင် အစ်ကို လက်ခံပေးပါနော်”
“ဘာကို လက်ခံပေးရမှာလဲ”
“အစ်ကိုတို့ကို အလုပ်အပ်ဖို့ သူ အကူအညီ တောင်းလိမ့်မယ်။ အဲဒါကို လက်ခံပေးပါလို့”
သက်ထူးရဲ့ ဦးနှောက် တချက်ချက်နဲ့ အလုပ်ရှုပ်သွားတယ်။
“ဒါဆို ဘာလို့ သူက အရင်မဆက်သွယ်ဘဲ.. မင်းကိုယ်တိုင် ကိုမျိုးဆီကို ရောက်လာရတာလဲ”.. သက်ထူး မေးလိုက်တယ်။
“ဪ.. သူ့အမျိုးသမီးက နှင်းမှန်း မသိဘဲ.. ကိုသက်ထူးတို့ လက်ခံပြီးမှ၊ နှင်းနဲ့ တွေ့မှ အစ်ကို..သိသွားရင် မကောင်းဘူးလေ။ အဲဒါကြောင့် ကြိုပြီး လာတွေ့ထားတာပါ။ ကိုသက်ထူး စိတ်ထဲ တစ်မျိုးဖြစ်သွားရင် ဆောရီးပါ”
သက်ထူး ခဏတွေသွားတယ်။ နှင်းပြောတာ ဟုတ်တော့ ဟုတ်တယ်။ ရုတ်တရက်ကြီး တွေ့လိုက်ရရင်တော့ သက်ထူး ဟန်ဆောင်နိုင်မယ် မထင်ဘူး။
“ဟုတ်ပြီလေ။ ဘယ်ကို လာခဲ့ရမလဲ”
နှင်းက အိမ်လိပ်စာကို ရွတ်ပြတယ်။
“မနက်ဖြန် ဆက်ဆက်လာခဲ့ပါနော် ကိုသက်ထူး။ တကယ် အရေးကြီးလို့ပါ။ ခဏလေးနော်.. ဖုန်းခဏ ကိုင်ထားနော်”
ဟိုဘက်မှာ ခဏ တိတ်သွားတယ်။ စက္ကန့် ၂၀ လောက်ကြာမှ-
“ရပြီ အစ်ကို။ ဘာမှ မဟုတ်ဘူး။ ဒါဆို… မနက်ဖြန် တွေ့မယ်နော်။ လာခဲ့ပါနော်..။ နှင်း ဖုန်းချလိုက်တော့မယ်နော်”
သက်ထူး ဘာမှ ပြန်မပြောနိုင်ခင်မှာဘဲ နှင်းဘက်က ဖုန်းချသွားတယ်။
(၃)
“နှင်း.. ဒါက ကိုသက်ထူး။ လုံခြုံရေး ကုမ္ပဏီက။ ညီလေး ဒါက ကိုယ့် အမျိုးသမီး.. နှင်းမြတ်နိုင်ဦးတဲ့”.. ဦးခန့်က သက်ထူးနဲ့ နှင်းကို မိတ်ဆက်ပေးတယ်။
“ဟုတ်.. အစ်ကို.. တွေ့ရတာ ဝမ်းသာပါတယ်”.. နှင်းက သက်ထူးဘက်ကို ခေါင်းဆတ်ပြီး ခပ်ယဲ့ယဲ့ ပြုံးပြတယ်။ ထိုင်ခုံမှာ ဝင်ထိုင်တယ်။ အမြဲတမ်း ပခုံးရှေ့ကို ကျော်ပြီး ချထားတတ်တဲ့ နှင်းရဲ့ ဆံပင်ရှည်တွေကို အခု နောက်မှာ စုပြီး သိမ်းထားတယ်။ ရှင်းလင်းပြီး တင်းရင်းနေတတ်တဲ့ မျက်နှာနဲ့ ပါးပြင်တွေက သိသိသာသာ ချောင်ကျနေတယ်။ သွေးရောင်အပြည့်နဲ့ နီရဲနေတတ်တဲ့ နှုတ်ခမ်းတွေက ဖြူလျနေတယ်။ မျက်လုံးစူးစူးတွေကတော့ အရောင် ကျမသွားသေးဘူး။
တွေ့ရတာ ဝမ်းသာပါတယ်.. ဆိုတဲ့ စကားကို ကြားလိုက်တော့ သက်ထူး ခပ်အမ်းအမ်း ဖြစ်သွားတယ်။ အခြေအနေက ရုတ်တရက် ကြောင် အအ ဖြစ်သွားတယ်။ သက်ထူးနဲ့ နှင်းရဲ့ ဇာတ်လမ်းကို ဦးခန့် သိပုံမပေါ်ဘူး။
သက်ထူးရဲ့ မေးခွန်း အပြည့်နဲ့ အကြည့်တွေကို နှင်းက ခပ်အေးအေးပဲ ပြန်ရင်ဆိုင်ရင်း မျက်နှာ နွမ်းနွမ်းနဲ့ ပြုံးပြတယ်။
သက်ထူး ဘာပြောရမလဲ။
ဦးခန့်ဇေယျာထွန်းရေ.. ခင်ဗျားဘေးမှာ ထိုင်နေတာ ကျွန်တော့် အရင်မိန်းမပါ.. ဆိုပြီး ထပြီး ကြေညာရမှာလား။ အဓိပ္ပာယ်မရှိတာ။ ဒါမှ မဟုတ်.. နှင်း ခင်းထားတဲ့ ဇာတ်လမ်းကို အလိုက်သင့် လိုက်ပြီး က ရတော့မှာလား။ ဟိုးလွန်ခဲ့တဲ့ ဆယ့်သုံးနှစ် အချိန်ကို ချက်ခြင်း ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်။ ဒီမိန်းကလေးရဲ့ ကြိုးဆွဲရာမှာ အမြဲတမ်း အလိုက်သင့် နွဲ့ပါသွားတတ်တဲ့ သူ့ကိုယ်သူ အဆက်မပြတ် အပြစ်တင်နေမိတယ်။
“ဦးခန့်က.. အစ်ကိုတို့ ကုမ္ပဏီအကြောင်းကို နှင်းကို ပြောပြဖူးတယ်”..နှင်းက သက်ထူးဘက်ကို အသာ စောင်းငဲ့ကြည့်ရင်း ပြောတယ်။.. “အခု ပြဿနာတွေ ဖြစ်လာတော့ ဦးခန့်က ဘာလုပ်ရမှန်းမသိ မစဉ်းစားနိုင်တော့ဘူး ဖြစ်သွားတာလေ..”.. နှင်းက ပြောရင်းနဲ့ ဦးခန့်ရဲ့ လက်မောင်းတစ်ဘက်ကို အားပေးသလို အသာကိုင်တယ်။.. “တော်သေးတယ်.. အွန်လိုင်းမှာ လိုက်ရှာရင်းနဲ့ အစ်ကိုတို့ ကုမ္ပဏီ ပေ့ချ်ကို တွေ့သွားလို့ပေါ့။ အဲဒီမှာ ချက်ခြင်း သတိရသွားတာ”
သက်ထူး သက်ပြင်းကို ခိုးပြီး ချလိုက်တယ်။ စိတ်ကို လျှော့လိုက်တယ်။
“ဘာပြဿနာ ဖြစ်တာလဲ”.. သက်ထူး မေးလိုက်တယ်။
သက်ထူးရှေ့မှာ ထိုင်နေတဲ့ လင်မယား နှစ်ယောက်ရဲ့ မျက်နှာတွေ ပြိုင်တူ ညှိုးကျသွားတယ်။ စောစောက ဝတ်ကျေတန်းကျေ ပြုံးပြထားတဲ့ အပြုံးတွေ မရှိတော့ဘူး။ အဖြစ်ဆိုး တစ်ခုခုကို သတိရသွားတဲ့ အမူအယာမျိုးနဲ့ အကြည့်တွေ ပျက်ယွင်းသွားတယ်။ ဦးခန့်က သက်ပြင်း အရှည်ကြီး ချတယ်။ သူ့ရဲ့ ဆံပင်နက်နက်တွေကို လက်နဲ့ တစ်ချက် သပ်တင်တယ်။
“ပွင့်ပွင့်လင်းလင်း ပြောရရင်.. အစ်ကို့ စီးပွားရေးက ရန်သူများတယ်။ အပြိုင်အဆိုင် ပြင်းထန်တယ်။ အရှုံးအမြတ် ကြီးတယ်.. ဘာအလုပ်လဲဆိုတော့.. ဘယ်လိုပြောရမလဲ..”
သက်ထူး လက်ကာပြလိုက်တယ်။
ဦးခန့်က ပြောနေတာကို ရပ်ပြီး နားမလည်သလို ကြည့်တယ်။
“အဲဒါ ကျွန်တော် သိစရာမလိုဘူး။ ကျွန်တော် သိသွားလို့ အကျိုးမရှိတဲ့ အကြောင်းအရာဆို မပြောတာ အကောင်းဆုံးပဲ”..သက်ထူး ပြောလိုက်တယ်။ ဟုတ်တယ်။ သူတို့တတွေ ချမ်းသာလာတဲ့ အကြောင်းရင်းဟာ သက်ထူးနဲ့ မဆိုင်ဘူး။ သက်ထူး အလုပ်အတွက် အသုံးမဝင်ဘူး။ ဘယ်လို ရန်သူတွေ ရှိသလဲ၊ ဘယ်အတိုင်းအတာအထိ ရန်ပြုနိုင်သလဲ ဆိုတာက ပို အရေးကြီးတယ်။ သက်ထူးတို့ ကာကွယ်ပေးလို့ ရတဲ့ အကန့်အသတ်ရှိတယ်။ အဲဒီ ချိန်မှတ်ကို ကျော်သွားတဲ့ အလုပ်ဆိုရင်တော့ လက်ခံဖို့ မဖြစ်နိုင်ဘူး။
“အိုကေ.. အစ်ကိုက.. ဘာလို့ သက်ဆိုင်ရာကို အကူအညီ မတောင်းသလဲ ဆိုတာ.. ညီ့ကို ရှင်းပြချင်ရုံပါပဲ”
“ဒါကတော့ ခင်ဗျားရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပဲ”..သက်ထူး ပြောလိုက်တယ်။.. “ကျွန်တော် ရှင်းရှင်း ပြောရရင်.. ကျွန်တော်တို့ ပေးနိုင်တဲ့ အကူအညီနဲ့ ကာကွယ်မှုက အတိုင်းအတာ တစ်ခုထိပဲ ရမယ်။ ကျွန်တော် အထူး ကျွမ်းကျင်တဲ့ အပိုင်းက လုံခြုံရေး လေ့ကျင့်ပေးတဲ့ အပိုင်း။ ခင်ဗျားရဲ့ ရှိပြီးသား လုံခြုံရေးတွေကို ဒီထက်ပိုပြီး မြင်တတ်၊ ပြင်ဆင်တတ်လာအောင် သင်ပေးဆိုရင်တော့ ရတယ်။ လွယ်တယ်။ ဒါပေမယ့် ကျွန်တော်က စုံထောက်လည်း မဟုတ်ဘူး။ ရဲလည်း မဟုတ်ဘူး။ ကျွန်တော် လုပ်ပေးနိုင်တာက ခင်ဗျားအနေနဲ့ အလုံခြုံဆုံး ဖြစ်အောင် ဘယ်လို ရှောင်ကွင်း ကာကွယ်ရမလဲ ဆိုတာကို အကြံပေးနိုင်မယ်။ ခင်ဗျားရဲ့ လုံခြုံရေး စနစ်တွေမှာ ဘယ်လို အားနည်းချက်တွေ ရှိနေသလဲ ရှာပေး၊ ပြင်ပေးနိုင်မယ်။ အဲ.. ခင်ဗျား အိမ်ထဲကို လူ အယောက် ၂၀ လောက် ဝင်လာပြီး ဓားနဲ့ ဝိုင်းခုတ်ရင်တော့ ကျွန်တော်လည်း ဘာမှ မလုပ်ပေးနိုင်ဘူး။ သေနတ်နဲ့ လာပစ်ရင်လည်း ပြန်ပစ်စရာ ကျွန်တော်တို့မှာ လက်နက် မရှိဘူး။ ဒါကြောင့် အသက်အန္တရာယ်ထိခိုက်မယ့် အထိ ဖြစ်လာနိုင်ရင်၊ ဖြစ်လာမယ်လို့ ထင်ရင် သက်ဆိုင်ရာကို ဆက်သွယ်တာ အကောင်းဆုံးပဲ”
ဦးခန့်က ခေါင်းတဆတ်ဆတ် ညိတ်တယ်။ နှင်းဘက်ကို တစ်ချက် လှည့်ကြည့်တယ်။ သက်ထူးဘက်ကို ပြန်လှည့်လာတယ်။
“အစ်ကို နားလည်ပါတယ်။ ကိုယ့်မှာလည်း အတိုင်းအတာတစ်ခုအထိတော့ ကာကွယ်ပေးမယ့် သူတွေ ရှိပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်း ဖြစ်ပျက်လာတာတွေက အတွင်း စနက်တွေ ပါနေတယ်လို့ ထင်လို့ ညီတို့ကို ပြင်ပ အမြင်တစ်ခုအနေနဲ့ အကြံတောင်းကြည့်တာပါ”
“ဟုတ်ပြီလေ”.. သက်ထူး ခေါင်းညိတ်လိုက်တယ်။
ဦးခန့်က နှင်းဘက်ကို လှည့်ကြည့်ပြီး ခပ်တိုးတိုး တစ်ခု လှမ်းပြောတယ်။ နှင်း.. ထိုင်နေရာကနေ ထတယ်၊ အခန်းထောင့်က စန္ဒယားဆီကို သွားတယ်။ စန္ဒယား အဖုံးကို လှန်ဖွင့်တယ်။ ပစ္စည်းတစ်ခုကို လှမ်းယူတယ်။ ပြန်လျှောက်လာပြီး .. သက်ထူးရဲ့ လက်ထဲကို ထည့်ပေးတယ်။ ထိုင်ခုံမှာ လေးပင်နှေးကွေးစွာ ပြန်ထိုင်တယ်။
“အဲဒါ တတိယမြောက် ရောက်လာတဲ့ စာပဲ..ကိုသက်ထူး”..နှင်းက ပြောတယ်။ သက်ထူးရဲ့ လက်ထဲ ရောက်နေပြီဖြစ်တဲ့ စာရွက်ခေါက်ကို လှမ်းကြည့်တဲ့ နှင်းရဲ့ မျက်လုံးတွေက မျက်ရည်ဝဲချင်သလိုလို အရောင်လဲ့လာတယ်။ ဦးခန့်က နှင်းရဲ့ ပခုံးကို အသာပုတ်ပြီး အားပေးတယ်။
သက်ထူး.. စာရွက်ကို ဖြန့်ဖတ်လိုက်တယ်။ စာရွက်က အဖြူဆွတ်ဆွတ်။ စာလုံးတွေက ကွန်ပြူတာ စာစီထားတာ။ စာလုံး တစ်လုံးနဲ့ တစ်လုံးကို သိသိသာသာ ချဲရေးထားတယ်။ စာကြောင်းတွေရဲ့ အကွာအဝေးကလည်း သာမန်ထက် ပိုပြီး ခြားထားတယ်။
“ အ ချိန် တန် တဲ့ အ ခါ
အ ရာ အား လုံး က
တစ် ပတ် ပြန် လည် လာ တာ ပဲ “
သက်ထူး စာရွက်ကို ပြန်ခေါက်ပြီး စားပွဲပေါ် တင်လိုက်တယ်။ ဒီစာလုံးတွေ မြင်ရုံနဲ့တော့ ဒီလောက် စိတ်ညစ် ပျာယာခတ်နေစရာ အကြောင်းမရှိဘူး။ နောက်ကွယ်မှာ တစ်ခုခု ရှိဦးမယ်။ ပြီးတော့.. နှင်းက.. သူနဲ့ သက်ထူးအကြောင်း ဦးခန့်ကို ဘာလို့ ပြောမထားတာလဲ။ နှင်းမှာ အရင်ယောကျ်ား ရှိခဲ့တာကို ဦးခန့်ဇေယျာထွန်း မသိဘူးလား။ နှင်းက.. ဒီလို ဖုံးကွယ်ထားတတ်တဲ့ မိန်းကလေးမျိုး မဟုတ်ပါဘူး။
“ဒါက အဲဒီ စာနဲ့ အတူ တွဲရောက်လာတဲ့ ဓာတ်ပုံ”.. နှင်းက သူ့လက်ထဲက ဓာတ်ပုံတစ်ပုံကို သက်ထူးကို လှမ်းပေးတယ်။
ဓာတ်ပုံက ချက်ခြင်းရိုက်၊ ချက်ခြင်း ထွက်လာတဲ့ Polaroid ဓာတ်ပုံ အမျိုးအစား။ ပုံထဲမှာ မြင်နေရတာက အိပ်ခန်း တစ်ခန်း။ နှစ်ယောက်အိပ်ကုတင် တစ်လုံး။ ကုတင်ပေါ်မှာ နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ စုံတွဲ တစ်တွဲ။ ကုတင်ဘေးက စာကြည့်မီးရောင် ဝါဝါကြောင့် ဓာတ်ပုံက အရောင်အဆင်း မှိန်ဖျော့နေတယ်။
“ဒါ ခင်ဗျားတို့ နှစ်ယောက်ရဲ့ ဓာတ်ပုံ မဟုတ်လား”.. ဓာတ်ပုံကို အနီးကပ် ကြည့်ရင်း သက်ထူး မေးလိုက်တယ်။
“ဟုတ်တယ်”.. ဦးခန့်က ခေါင်းညိတ်ပြရင်း ပြောတယ်။.. “အဲဒီ ဓာတ်ပုံကို ကြည့်လိုက်တာနဲ့.. ကိုယ်တို့ ဘာကြောင့် အဲဒီလောက် စိတ်ပူနေသလဲ ညီ သိရောပေ့ါ။ ဒီလူ.. အဲဒီ စာကို ပို့တဲ့သူ အိမ်ထဲအထိ ဝင်လာတယ်။ အိပ်ခန်းထဲအထိရောက်လာတဲ့အပြင် ကိုယ်တို့ အိပ်ပျော်နေတဲ့ အချိန်မှာ.. စိမ်ပြေနပြေ ဓာတ်ပုံရိုက်ပြီး..”.. ဦးခန့်က ဆက်မပြောချင်တော့သလို စကားကို ရပ်ပြီး တောက်ခေါက်တယ်။ နှင်းရဲ့ ငိုချင်ချင် ဖြစ်နေတဲ့ မျက်လုံးထဲကနေ မျက်ရည်တွေ ကျလာတယ်။
“ပထမနဲ့ ဒုတိယ စာတွေမှာရော ဘာရေးထားသလဲ”..သက်ထူး မေးလိုက်တယ်။
“ပထမ စာမှာက.. စာလုံး သုံးလုံးပဲ ပါတယ်။ “မေ့ပြီလား”.. တဲ့။ ပြီးတော့ ခြံဝင်းကို အပြင်ကနေ ရိုက်ထားတဲ့ ဓာတ်ပုံတွဲထည့်ထားတယ်”.. နှင်းက ရှိုက်သံ တစ်ဝက်နဲ့ ပြောတယ်။
နှင်းနဲ့ သက်ထူးနဲ့ကြားမှာ နှစ်ပေလောက်ကျယ်တဲ့ စားပွဲတစ်လုံးပဲ ခြားတယ်။ သူနဲ့ လက်တစ်ကမ်းအကွာမှာ.. တအိအိငိုနေတဲ့ နှင်းဆိုတဲ့ အမျိုးသမီးကို ကြည့်ရင်း အမျိုးအမည် မသိတဲ့ ခံစားချက်နဲ့ သက်ထူး ရင်ဘတ်ထဲမှာ ကြပ်လာတယ်။ မာကျောအေးခဲနေအောင် နှစ်ပေါင်းများစွာ လေ့ကျင့်ထားတဲ့ စိတ်ဓာတ်က အရည်ပျော်ချင်လာတယ်။ စိတ်ကို တင်းလိုက်တယ်။ အလုပ်ကို အလုပ်လို လုပ်ပါ..။ ခံစားချက်တွေက အသုံးမဝင်ဘူး။ အဖြေမထွက်ဘူး။
“ဒုတိယ စာမှာရော”
“ဒုတိယ စာမှာကျတော့ “ငါကတော့ မမေ့ဘူး” ဆိုပြီး ရေးထားတယ်။ အိမ်ကို အနီးကပ် ရိုက်ထားတဲ့ ဓာတ်ပုံနဲ့..”.. ဒီတစ်ခါ ဝင်ဖြေတာက ဦးခန့်။ ငိုနေတဲ့ သူ့ဇနီးကို လက်တစ်ဖက်နဲ့ ဖက်ရင်း နှစ်သိမ့်ပေးနေတယ်။
“အဲဒီစာတွေကို ဘယ်လို ပို့တာလဲ။ စာတိုက်ကလား”
“မဟုတ်ဘူး”.. ဦးခန့်က ပြောတယ်။ စန္ဒယားဘက်ကို မေးငေါ့ပြတယ်။..“ဟို ပီယာနိုအဖုံးအောက်မှာ ထည့်သွားတာ”
သက်ထူး ဦးနှောက်ကို ခဏ အလုပ်ပေးလိုက်တယ်။ စာလာထားသွားတဲ့သူက.. ဒီပီယာနိုအဖုံးအောက်မှာ တကူးတက ထည့်သွားစရာ အကြောင်း တစ်ခုပဲ ရှိတယ်။ ဦးခန့် ပီယာနို ပုံမှန်တီးမှန်း သိတဲ့သူဖြစ်နေလို့ပဲ။ ဒါက ရှင်းတယ်။ တချို့အိမ်တွေမှာ စန္ဒယားဆိုတာ အလှဆင်ပစ္စည်းသက်သက်ပဲ။ တစ်လလုံးနေမှ အဖုံးကို တစ်ခါတောင် လှန်ကြည့်ဖြစ်တာမဟုတ်ဘူး။ မသုံးတဲ့ ပစ္စည်းအောက်မှာ ခြိမ်းခြောက်စာကို လာထားထားရင် ရယ်စရာကြီး ဖြစ်နေမပေါ့။
“အဲဒီ စာတွေရော”
“နှင်း မီးရှို့ပစ်လိုက်ပြီ”.. နှင်းက မျက်ရည်တွေကို သုတ်ရင်း ပြောတယ်။ .. “အဲဒီ စာတွေ ရပြီးကတည်းက ဦးခန့်ရော နှင်းရော အရမ်းစိတ်ရှုပ်လာလို့ မကြည့်ချင်တော့လို့.. မီးရှို့ပစ်လိုက်တာ။ ကိုသက်ထူး လိုမယ်ဆိုတာ မသိလို့ပါ။ ဆောရီးပါ”
“ဟာ.. နှင်းကလည်း တောင်းပန်စရာမှ မဟုတ်တာ.. ကိုယ့်ကြောင့် နှင်းပါ စိတ်ဆင်းရဲနေရတာကို ကိုယ်က တောင်းပန်ရမှာ”.. ဦးခန့်က ကမန်းကတန်း ဝင်ပြောတယ်။
“ခင်ဗျားကြောင့်.. ဆိုတာက..”
“အခု ဒီစာပို့တဲ့သူက ကိုယ့်ကို ရည်ရွယ်ပြီး လုပ်နေတာ သေချာနေတာပဲ။ စောစောက ပြောသလိုပဲ ကိုယ့်အလုပ်က ရန်သူများတယ်။ ခြိမ်းခြောက်စာတွေ၊ ဖုန်းဆက်တာတွေက ဘာမှ မထူးဆန်းဘူး။ ဖြစ်နေကျ”.. ဦးခန့်က သက်ထူးဘက်လှည့်ပြီး ပြောတယ်။ ..”ဒါပေမယ့် ဒီတစ်ခါလောက် အတင့်ရဲတာမျိုးတော့ ကိုယ်လည်း မကြုံဖူးဘူး။ အိမ်ထဲအထိ ဝင်လာပြီး လုပ်တာတော့ လွန်သွားပြီ။ အတွင်းလူပဲ ဖြစ်မယ်။ ဒီခြံထဲမှာ အလုပ် လုပ်နေတဲ့ ဝန်ထမ်းတွေထဲက တစ်ယောက်ယောက်ပဲ သေချာတယ်”
သက်ထူး ဘာမှ ပြန်မပြောသေးဘူး။ ပြန်ပြောရအောင်လည်း အချက်အလက်တွေ မပြည့်စုံသေးဘူး။ ဒီလို ခြံအ၀ကနေ အိမ်ထဲ၊ အိမ်ထဲကနေ အိပ်ခန်းထဲအထိ.. တစ်ဆင့်ပြီး တစ်ဆင့် တက်ပြီး ခြိမ်းခြောက်တာမျိုးတော့ သက်ထူး ကြုံဖူးတာ ဒါ ပထမဆုံးပဲ။ သက်ထူး ကြုံဖူးတဲ့ ခြိမ်းခြောက်စာ တော်တော်များများက အဆံမပါတဲ့ အမြောက်တွေ ဖြစ်သွားတာ များပါတယ်။ ခြောက်လို့ မကြောက်ဘူးဆိုရင် အချိန်တန်တော့ ရပ်သွားတာပဲ။ ဒီတစ်ခုကတော့ အိပ်ခန်းထဲအထိ ဓာတ်ပုံ ဝင်ရိုက်သွားတယ်ဆိုတော့ နည်းနည်း ထူးဆန်းတယ်။ ဒါပေမယ့် ဓာတ်ပုံ ဆိုတာမျိုးကလည်း အတုလုပ်ရတာ လွယ်တယ်။ အတုမဟုတ်ဘူးဆိုတာ သက်သေပြချင်လို့ Polaroid နဲ့ ရိုက်ထားလည်း အစစ်ပါလို့ တပ်အပ် ယုံစရာ မလိုသေးဘူး။ ဒီဓာတ်ပုံမျိုးကို အတုလုပ်လို့ ရသလား သက်ထူး သေချာ စုံစမ်းရဦးမယ်။ ဒီခြံဝင်းထဲက လူတွေထဲက တစ်ယောက်ပဲ ဖြစ်မယ်..လို့ ဦးခန့် ခန့်မှန်းတာလည်း သက်ထူး အပြည့်အ၀ ထောက်ခံလို့ မရသေးဘူး။ ဘာမဆို.. ရမ်းသမ်း ဆုံးဖြတ်ချက်ချလို့ မရဘူး။ ဒီအလုပ်က အမှားမခံဘူး။ ဘယ်လိုပဲ စီစစ်ပါစေ၊ လုံး၀ ယိုင်နဲ့မသွားမယ့် အထောက်အထား သက်သေလိုတယ်။
“အင်း။ ကျွန်တော် အခုတော့ ဘာမှ အကြံမပေးနိုင်သေးဘူး။ အချိန်နည်းနည်း လိုတယ်”.. သက်ထူး ပြောလိုက်တယ်။
“အချိန် ဘယ်လောက်တောင် လိုတာလဲဟင်.. နှင်းတို့ ဒီကြားထဲမှာ ဘယ်လို ဆက်နေရမှာလဲ”.. နှင်းက ရုတ်တရက် မေးလာတယ်။
အခုမှ တွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်လို ဟန်မပျက် ဆက်ဆံနေသေးတဲ့ နှင်းကို ကြည့်ရင်း သက်ထူး ရေငတ်သလိုလိုဖြစ်၊ လည်ပင်းတွေ ခြောက်ချင်လာတယ်။ ဆယ်နှစ် ဆိုတဲ့ အချိန်အတွင်းမှာ လူတစ်ယောက် ဘယ်လိုများတောင် ပြောင်းလဲ သွားသလဲ။
“ကျွန်တော် အခု သိထားတာက ခင်ဗျားတို့ ပြောတဲ့ စကားတွေပဲ ရှိသေးတယ်။ ခင်ဗျားတို့ ပြောနေတာ အမှန်တွေ ဟုတ်မဟုတ်လည်း ကျွန်တော် မသေချာသေးဘူး။ အချိန်တစ်ခု လိုတယ်”.. သက်ထူး ပြောလိုက်တယ်။
ဦးခန့်ရဲ့ မျက်နှာ ကွက်ခနဲ ပျက်သွားတယ်။
“ညီ့ကို ကိုယ်တို့က ဘာဖြစ်လို့ ညာရမှာလဲ”.. ဦးခန့် လေသံက နည်းနည်း မာဆတ်ဆတ် ဖြစ်လာတယ်။
သက်ထူး ပခုံးတွန့်လိုက်တယ်။
“ဒါ ကျွန်တော့် ပထမဆုံး အလုပ်မဟုတ်ဘူး။ ညာမယ်ဆိုရင်လည်း.. ညာတဲ့သူတွေက ခင်ဗျားတို့ ပထမဆုံး ဖြစ်မှာ မဟုတ်ဘူး။ နောက်ဆုံးလည်း ဖြစ်မှာ မဟုတ်ဘူး။ လူတိုင်းက အနည်းနဲ့ အများတော့ မုသား သုံးကြတာပဲ”..သက်ထူး ပြောပြီးတာနဲ့ နှင်းဘက်ကို တစ်ချက် စိုက်ကြည့်လိုက်တယ်။ နှင်းက မသိမသာ မျက်နှာ လွှဲသွားတယ်။.. “ဒါပေမယ့် ကျွန်တော်က ခင်ဗျား ညာနေတယ်လို့ စွပ်စွဲနေတာ မဟုတ်ဘူး။ ခင်ဗျားတင် မဟုတ်ဘူး ဒီခြံဝင်း တစ်ဝင်းလုံးမှာ ရှိတဲ့ လူ ဆယ်ယောက် ဆယ့်ငါးယောက်စလုံးကို ကျွန်တော် တွေ့ရဦးမယ်။ မေးရဦးမယ်။ အကုန်လုံးနဲ့ တွေ့ပြီး၊ မေးပြီးမှ ကျွန်တော် ဆက်စဉ်းစားလို့ ရမယ်.. အဲဒါကို ပြောတာ”
ဦးခန့် ခဏတွေသွားတယ်။ ဒေါသကို ထိန်းလိုက်ရသလို အောက်နှုတ်ခမ်းကို အသာကိုက်တယ်။ ပြီးမှ ခေါင်းညိတ်တယ်။
“ကောင်းပြီလေ။ ညီလေး သဘောပဲ။ အစ်ကိုတို့ ဘာစီစဉ်ပေးရမလဲ”
“ရတယ်။ ဘာမှ မလိုဘူး။ ကျွန်တော် အခု ပြန်မယ်။ ကိုမျိုးနဲ့ တိုင်ပင်ရဦးမယ်။ ပြီးရင် ကိုမျိုး ခင်ဗျားတို့ဆီကို ဆက်သွယ်လာလိမ့်မယ်”.. သက်ထူး ပြောပြီးတာနဲ့ ထရပ်လိုက်တယ်။
နှင်းက ဆတ်ခနဲ ထိုင်နေရာကနေ ထတယ်။
“ကိုသက်ထူး.. ကိုသက်ထူးတို့ ဒီအိမ်မှာ ခဏဖြစ်ဖြစ်.. လာနေပေးပါလား”
ဦးခန့်ရော သက်ထူးရော နှစ်ယောက်စလုံး နှင်းဘက်ကို လှည့်ကြည့်လိုက်မိတယ်။
“ဟာ.. နှင်းကလည်း.. ဒီညီလေးတို့က.. အခုမှ စီစဉ်ရမှာလေ.. သူပြောနေတာ မကြားဘူးလား.. အိမ်မှာ လာစောင့်ပေးဖို့ အထိတော့ လိုချင်မှလို.. ”
“ဟင့်အင်း.. ဦးခန့်.. အဲဒီလောက် အတင့်မရဲပါနဲ့။ ဦးခန့် တစ်ခုခု ဖြစ်သွားရင်.. ပြီးတော့.. အဲဒီလူက နှင်းကိုပါ ရန်ရှာမှာ.. အိပ်ခန်းထဲအထိတောင် ဝင်လာတာ.. နှင်း ကြောက်တယ်”
ဦးခန့်.. စိတ်ရှုပ်သွားသလို သက်ပြင်းချတယ်။ မတ်တပ် ထရပ်တယ်။
“ညီလေး.. ဘယ်လို သဘောရသလဲ..။ အိမ်တွေမှာ လိုက်ပြီး စောင့်ပေးတာမျိုးတော့ ညီလေးတို့ လုပ်ပေးတယ် မဟုတ်လား”
စက္ကန့်တော်တော်ကြာကြာ သက်ထူး တွေဝေသွားတယ်။ ဘာပြန်ပြောရမှန်း မသိဘူး။ ဒီအခြေအနေကို ဘယ်လို ရောက်လာသလဲ မယုံနိုင်ဘူး ဖြစ်နေတယ်။
“အဲဒါတော့ အဆင်မပြေဘူးထင်တယ်.. ဘာလို့လဲဆိုတော့.. ကျွန်တော်နဲ့.. ”.. သက်ထူး ပြောရင်းနဲ့ နှင်းဘက်ကို တစ်ချက် လှည့်ကြည့်လိုက်တယ်။
နှင်းက မသိမသာ.. ခေါင်းခါပြတယ်။ မပြောပါနဲ့.. မပြောလိုက်ပါနဲ့ ဆိုတဲ့ တီးတိုး စကားသံတွေ လေထဲမှာ လွင့်ပျံလာသလို..။ မျက်ရည်တွေဝဲနေတဲ့ နှင်းရဲ့ မျက်လုံးထဲမှာ တောင်းပန်ဦးချတဲ့ အကြည့်တွေနဲ့ ပြည့်သိပ်နေတယ်။ ဒီအကြည့်ကို သက်ထူး ကောင်းကောင်း မှတ်မိတယ်။ အိပ်မက်ထဲအထိ ထည့်မက်ခဲ့တယ်။ နှစ်ပေါင်းများစွာ စိတ်ထဲမှာ အရိပ်ထင် စွဲကျန်နေခဲ့တယ်။
သက်ထူးရဲ့ ဘ၀ကို ခဏပဲဖြစ်ဖြစ် တည်ငြိမ်ခဲ့စေတဲ့ မိန်းကလေး..။ ပြန်ပြင်မရတဲ့ အဖြစ်အပျက်တွေကြောင့် တစ်လမ်းစီ လွင့်ထွက်သွားခဲ့ပေမယ့် ဒီမိန်းကလေးမှာ အပြစ်ရယ်လို့ မည်မည်ရရ မရှိဘူး။ သက်ထူးဆိုတဲ့ လေလွင့်ရမ်းခါနေတဲ့ လူတစ်ဦးကို သူ့ရဲ့ ပရိယာယ်ကြိုးပေါင်းများစွာနဲ့ အသာအယာ.. ချည်နှောင်ထိန်းချုပ်ပေးခဲ့တာ တစ်ခုပါပဲ..။ ဒါ အပြစ်မှ မဟုတ်ဘဲ..။
သက်ထူး သက်ပြင်းချလိုက်တယ်။ ဆယ်နှစ်အတွင်းမှာ.. ပထမဆုံး အကြိမ် ပြန်ခံစားရတဲ့ ခံစားချက်အဟောင်းတစ်ခုက ရင်ထဲက အသေပိတ်ပြီးသားတံခါးကို တဒေါက်ဒေါက် လာခေါက်နေတယ်။
“အဆင်ပြေတယ်မဟုတ်လား ညီလေး။ အဆင်ပြေမယ်ဆို ကိုယ် အကုန်စီစဉ်လိုက်တော့မယ်”.. ဦးခန့်က ပြောရင်းနဲ့ သက်ထူးကို လက်ကမ်းပေးတယ်။
သက်ထူး ဘာမှ ပြန်မပြောဘဲ.. ခေါင်းပဲ ညိတ်ပြပြီး အဲဒီအိမ်၊ အဲဒီဧည့်ခန်း၊ အဲဒီ မိန်းကလေးနဲ့ ဝေးရာကို လှည့်ထွက်လာလိုက်တယ်။
++++
(ဆက်ရန်)