=အဖွင့်=
+++
(လွန်ခဲ့သော ဆယ်နှစ်)
မြင်ကွင်းက ဇောက်ထိုး ဖြစ်နေတယ်။
ပြင်ပနေရောင်က လင်းထိန်နေတော့ အရာရာကို ပြတ်ပြတ်သားသား မြင်နေရတယ်။ ကောင်းကင်အပြာလွင်လွင်က ဟိုးအောက်မှာ..။ ဖုန်ငွေ့တထောင်းထောင်းထနေတဲ့ ကတ္တရာလမ်းက အပေါ်ဘက်မှာ။
သူ့ပခုံးကို လှမ်းဆွဲထားတဲ့ လက်တစ်စုံ။ သူ ဒီဘက်ကို လှည့်ကြည့်လိုက်တယ်။ သူ့ကို အားကိုးတကြီးနဲ့ လှမ်းကြည့်နေတဲ့ အဲဒီ မိန်းကလေးရဲ့ မျက်နှာတစ်ခုလုံးမှာ ပြတ်ရှရာတွေ ဗရပွနဲ့။ ပါးနဲ့ နှဖူးမှာ စိုက်ဝင်နေတဲ့ မှန်ကွဲစတွေက သွေးပေပြီး ပန်းရောင်သမ်းနေပြီ။ မိန်းကလေးရဲ့ ဆံပင်ရှည်ရှည်နက်နက်တွေက သွေးနဲ့ဖုန်နဲ့ ရောပြီး ကပ်ခဲ၊ လေထဲမှာ တွဲလဲခိုနေတယ်။ သူ တစ်ခုခု ပြောဖို့ ကြိုးစားတယ်။ အသံ ထွက်မလာဘူး။ ရင်၀မှာ အလေးတစ်ခု ပိနေတယ်။ နံကြားမှာ သပ်လျှိုထားသလို စူးပြီး အောင့်နေတယ်။
အဝေးက လာနေတဲ့ ကားသံတွေ ကြားရတယ်။ ဒီအနားရောက်တော့ စက်သံတွေ အရှိန်လျော့သွားတယ်။ ကားတွေပေါ်ကနေ အသီးသီး ပြေးဆင်းလာကြတဲ့ ခြေသံတွေ၊ စိတ်ဝင်တစား ရေရွတ်လိုက်ကြတဲ့ ဟာခနဲ ဟင်ခနဲ ထွက်လာတဲ့ အာမေဋိတ်သံတွေ သဲ့သဲ့ကြားရတယ်။ သွေးရဲရဲသံရဲရဲ မြင်ကွင်းတွေဆို.. မကြည့်ရဲသလိုနဲ့ အငမ်းမရ လိုက်ကြည့်တတ်ကြတာ လူ့သဘာ၀တစ်ခုပဲ မဟုတ်လား။
သူ အသက်ကို ကြိုးစားပြီး ရှူကြည့်တယ်။ ဝင်လေ ထွက်လေတိုင်းမှာ ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်ပါသွားတော့မလို နာနေတယ်။ ဇောက်ထိုးဖြစ်နေတဲ့အတွက် မျက်နှာတစ်ခုလုံး ထူအမ်းနေတယ်။ နားတွေ အူစပြုလာတယ်။
ဘေးက.. မိန်းကလေးရဲ့ ပါးစပ်က ညည်းသံလိုလို.. ငိုသံလိုလို ဟူးခနဲ အသံ တစ်သံ ထွက်လာတယ်။ သူ့ ပခုံးကို ဆုပ်ကိုင်ထားတဲ့ လက်တွေ ပြေလျော့သွားတယ်။ မျက်ဝန်းထဲမှာ ဖျော့တော့တော့ ကျန်နေသေးတဲ့ ရှင်သန်မှုက အငွေ့ပျံပျောက်ကွယ်သွားသလို.. မှိန်သွားတယ်။ နောက်ဆုံးမှာ မိန်းကလေးရဲ့ မျက်ခွံတွေ တဖြည်းဖြည်းချင်း မှိတ်ကျသွားတယ်။ အသက်ကို အငမ်းမရ ရှူရင်း လှိုက်ဖိုနေတဲ့ ရင်ဘတ်.. ငြိမ်ကျသွားတယ်။
+++
=ပထမပိုင်း=
+++
အခန်း (၁)
(ယနေ့)
-၁-
ကော်ဇောနီခင်းထားတဲ့ လျှောက်လမ်း ဆိုတာကို ဘယ်သူကများ အစထွင်လိုက်သလဲ..။
အားလုံးက ဒီကြမ်းပြင်ကိုနင်း၊ ဒီအခန်းထဲကိုပဲ အတူတူ လျှောက်ဝင်လာခဲ့ကြပေမယ့် အဲဒီ..အနီရောင် ကော်ဇောပေါ် လျှောက်ခွင့်ရသူတွေက အလိုလို တစ်ဆင့်မြင့်နေတယ်။ ဒီလမ်းမှာ လျှောက်ခွင့်မရသူတွေက လျှောက်ခွင့်ရသူတွေကို အားကျမျက်လုံးတွေနဲ့ ငေးကြတယ်။ လျှောက်လမ်းရဲ့ ဘေးတစ်ဘက်တစ်ချက်မှာ တန်းစီပြီးရပ်၊ ဖုန်းကင်မရာတွေထုတ်ပြီး တဖျပ်ဖျပ်ရိုက် မှတ်တမ်းတွေ တင်ကြတယ်။
ကတ္တီပါသား အနီပေါ်ကို တရှပ်ရှပ် ချနင်း၊ ခန်းမထဲကို လျှောက်ဝင်လာကြတဲ့ သူတွေကို သက်ထူး လိုက်ကြည့်နေတယ်။
တစ်ယောက်.. နှစ်ယောက်.. သုံးယောက်.. ဆယ်ယောက်.. ဆယ့်ငါးယောက်..။ ကျား ၄..၊ မ ၈..၊ စုံတွဲ ၃.. သက်ငယ်.. သက်လတ်..။ ဆံပင်ရွှေရောင်.. အညိုရင့်ရောင်.. အနက်ရောင်….။ မျက်လုံးထဲ ဝင်လာသမျှ အချက်အလက်တွေကို.. သက်ထူးရဲ့ ဦးနှောက်က တချက်ချက် ထည့်သိမ်းနေတယ်။ အလွယ်တကူ သတိမထားမိတဲ့ အရာတွေက အရေးအကြီးဆုံး ဖြစ်နေတတ်တယ်။
တကယ်က ဒီနေ့ သက်ထူးမှာ အလုပ် မည်မည်ရရ မရှိဘူး။ အဲဒီလောက် ဂရုတစိုက် လိုက်ကြည့်နေစရာလည်း မလိုဘူး။ ဒါပေမယ့် အကျင့်ဆိုတာ ဖျောက်ဖို့ ခက်တယ်။ မြင်သမျှ အချက်အလက်ကို မှတ်ထား၊ သိမ်းထားတတ်အောင် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တာ မဟုတ်လား။ အချက်အလက်တွေရဲ့ အရေးပါပုံကို လူတော်တော်များများက စိတ်မဝင်စားကြဘူး။ သက်ထူးအတွက်ကတော့ လောကကြီးဟာ အချက်အလက်ပေါင်းများစွာနဲ့ တည်ဆောက်ထားတာ။ ခံစားချက်တွေ၊ ခံယူချက်တွေကို သူ စိတ်မဝင်စားဘူး။ ဆန္ဒတွေ လိုအင်တွေက သူ့အတွက် အရေးမပါဘူး။ ပေါင်းနုတ် မြောက်စား၊ အတိအကျ တွက်ယူလို့ရတဲ့ အချက်တွေကိုပဲ သူ နားလည်တယ်။
ဒီနေ့ သက်ထူးတို့ သီးသန့် လိုက်ပေးရတဲ့ အန်မာမြတ်နိုး ဆိုတဲ့ အမျိုးသမီးက နာမည်ကြီးတယ် ပြောတယ်။ ပရိသတ်တွေလည်း များလိမ့်မယ်။ ဘာကြောင့် နာမည်ကြီးသလဲ ဆိုတာတော့ သက်ထူး သေချာ မသိဘူး။ အဆိုတော် / မော်ဒယ် / အင်ဖလူဝန်ဇာလို့ ပြောတာပဲ။ ပထမ စကားလုံး နှစ်လုံးကိုတော့ သက်ထူး အကျွမ်းတဝင်ရှိတယ်။ နောက်ဆုံး အင်ဖလူဝန်ဇာ ဆိုတာကတော့ ဘာကိုပြောသလဲ မသေချာဘူး။ အင်တာနက်တွေ၊ ဆိုရှယ်မီဒီယာတွေနဲ့ အလှမ်းဝေးတဲ့ သက်ထူးအတွက် အဲဒီ စကားလုံးက စိမ်းနေတယ်။ ကိုမျိုးကတော့ ရှင်းပြဖူးပါတယ်။ အန်မာမြတ်နိုးက အခုတလောမှာ အရမ်းကို နာမည်ကြီး လူကြိုက်များနေတဲ့ အင်ဖလူဝန်ဇာ မော်ဒယ် တစ်ယောက်တဲ့။ သူဘယ်သွားသွား သူ့နောက်ကို တကောက်ကောက် လိုက်နေကြတဲ့ နှောင့်ယှက်သူတွေ ရှိလို့ ပွဲတက်တဲ့အခါ သက်တော်စောင့်လိုတယ်..တဲ့။
သက်တော်စောင့် ဆိုတဲ့ စကားလုံးက ကဗျာဆန်လွန်းတယ်။ တကယ်တမ်းက သက်ထူးရဲ့ အလုပ်က ရိုးတယ်။ ရှင်းတယ်။ ပုဂ္ဂလိက လုံခြုံရေး လုပ်ငန်းပဲ။ ကိုယ့်ကို ငှားတဲ့သူကို တတ်နိုင်သလောက် ဘေးမသီ ရန်မခဘဲ လိုရာရောက်တဲ့အထိ စောင့်ကြည့်ကာကွယ်ပေးတာပဲ။ ဒါပဲ။ လိုသမျှ အလိုကို လိုက်ဖြည့်နေဖို့လည်း မဟုတ်ဘူး။ နေကာမျက်မှန်ကြီး တပ်ပြီး ဘေးနားမှာ လက်ပိုက် မတ်တပ်ရပ်နေရအောင်လည်း ရုပ်ရှင်ရိုက်နေတာ မဟုတ်။ သွားရမယ့် နေရာ၊ တွေ့ရမယ့် သူ၊ ဖြစ်လာနိုင်တဲ့ အန္တရာယ်.. ဒီအချက်တွေကို သေချာ စီစစ်၊ လိုအပ်မယ့် လူ အရေအတွက်ကို ဆုံးဖြတ်။ လိုက်နာရမယ့် စည်းကမ်း တချို့ သက်မှတ်။ ဒီထက် မပိုဘူး။ တချို့က ထင်တယ်။ လုံခြုံရေး အလုပ်ဆိုတော့ လက်နက်တွေဘာတွေနဲ့ ထိုးကြိတ်သတ်ပုတ်တတ်ရမယ်ပေါ့။ ဒါပေမယ့် တကယ် အရေးကြီးတာက အန္တရာယ်ကို ကြိုမြင်နိုင်ဖို့၊ ဖြစ်လာမယ့် အခက်အခဲကို ထိပ်တိုက်မတွေ့ဘဲ ရှောင်ကွင်းသွားတတ်ဖို့ပဲ။ သက်ထူးတို့မှာ လက်နက်မပါဘူး၊ တုတ်တစ်ချောင်းတောင် မပါဘူး။ အဓိကရည်ရွယ်ချက်ကလည်း ရင်ဆိုင် တိုက်ခိုက်ဖို့ထက် ကာကွယ်ရှောင်ကွင်းဖို့က ပိုအရေးကြီးတယ်။ အန္တရာယ် ဖြစ်နိုင်မယ့် အချိန်၊ ဘေးဖြစ်မယ့်နေရာကို ရှောင်၊ စိတ်ချရတဲ့ လမ်းကို စီစဉ်။ ဒါပဲ။ အန္တရာယ်နဲ့ ထိပ်တိုက်တိုးပြီ ဆိုကတည်းကိုက ဒါဟာ စီစဉ်တာ လိုအပ်သွားလို့၊ တွက်ချက်တာ မှားသွားလို့..။
ဒီနေ့ကတော့ အထွေအထူး အခက်အခဲ ရှိမယ့် နေ့မျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သက်ထူးအတွက် ဒီလို နေ့မျိုးကို ဖြတ်သန်းရတာ ပိုပြီး ခက်တယ်။ စိတ်ရှုပ်တယ်။ သိန်းပေါင်း သောင်းသိန်းချီ သယ်ပြီး သွားလာနေကြတဲ့ ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေကို လိုက်ပြီး စောင့်ရှောက်ရတာ လွယ်တယ်။ စီစဉ်ရတာ ရှင်းတယ်။ ကာကွယ်ရမယ့် ဦးတည်ချက်ကလည်း ဇဝေဇဝါ မဖြစ်ဘူး။ အခုလို လုံခြုံရေးကို တကယ်မလိုအပ်ဘဲ ပွဲတက်လှအောင် အခြွေအရံ အဖြစ် ငှားသုံးခံရတာမျိုးက ပိုပြီး အာရုံနောက်တယ်။
ခန်းမထဲကို ဝင်လာကြတဲ့ သူတွေ တဖြည်းဖြည်း နည်းသွားပြီ။ အခန်းရဲ့ ဘယ်ဘက်၊ ညာဘက်မှာ စားပွဲဝိုင်းအမြင့်လေးတွေ တန်းစီထားတယ်။ ဝိုင်ခွက်ကိုယ်စီ ကိုင်ထားတဲ့ ဧည့်သည်ပေါင်းစုံက စားပွဲအသီးသီးမှာ ဝန်းရံ မတ်တပ်ရပ်ရင်း စကားစမြည်ပြောနေတယ်။ ဟိုးဘက်ထိပ် စင်မြင့်ပေါ်မှာက ကုတ်အင်္ကျီတောက်တောက်တွေနဲ့ လူနှစ်ယောက်၊ မိုက်ခရိုဖုန်း ကိုယ်စီနဲ့ အစီအစဉ်တွေကို ကြေငြာနေတယ်။ တစ်ခန်းလုံးကို လွှမ်းနေတဲ့ သီချင်းသံ အုပ်အုပ်ကြားမှာ စကားသံတွေက မသဲကွဲဘူး။
ဂျင်းဘောင်းဘီအိတ်ထဲထိုးထည့်ထားတဲ့ သက်ထူးရဲ့ ဖုန်း တတီတီ မြည်လာတယ်။
“ပြော.. ကိုမျိုး”.. ဖုန်းစပီကာကို နားနားမှာကပ်၊ ဘေးအသံတွေကို လက်ခုပ်နဲ့ အုပ်ကာရင်း သက်ထူး ပြောလိုက်တယ်။
“အေးဆေးလား”.. ကိုမျိုးဘက်ကတော့ ဒီဘက်မှာလို ဆူညံမနေဘူး။ ဟိုတယ်အပြင် ကားပေါ်ကနေ ဆက်နေတာဖြစ်တဲ့အတွက် တိတ်ဆိတ်နေတယ်။
“အင်း”
“အေး ဒီအပြင်ဘက်မှာလည်း အေးဆေးပဲ”
“အင်း”
“ကောင်မလေးရော ဘယ်မှာလဲ။ မင်း သူ့အနားမှာ ရှိလား”.. ကိုမျိုးရဲ့ အသံက အိပ်ချင်သလိုလို သမ်းချင်သလိုလို ဖြစ်နေတယ်။ ဒီနေ့အလုပ်ရဲ့ အရေးမပါပုံကို သူလည်း နားလည်မှာပဲ။
“ခြေလှမ်း ၂၀ လောက်မှာ။ မြင်ရတယ်။ အိုကေတယ်”.. ခပ်လှမ်းလှမ်းက စားပွဲဝိုင်းတစ်ခုမှာ မတ်တပ်ရပ် စကားပြောနေတဲ့ အန်မာမြတ်နိုး ဆီကို လှမ်းကြည့်ရင်း သက်ထူး ပြန်ဖြေတယ်။ အန်မာက သက်ထူးဘက်ကို တစ်ချက်လှမ်းကြည့်ရင်း လက်ပြတယ်။ ပြုံးပြတယ်။ အရောင်လက်လက် ဆိုးထားတဲ့ အန်မာ့ လက်သည်းရှည်ရှည်တွေက ပေ ၂၀ အကွာကနေတောင် ထင်းခနဲ မြင်နေရတယ်။ သက်ထူး ခေါင်းတစ်ချက် ဆတ်ပြပြီး ဒီဘက်ကို ပြန်လှည့်လိုက်တယ်။
“အေးအေး။ တစ်ခုခုဆို ငါ့ကို ဆက်နော်”.. ကိုမျိုးက ပြောပြီး ဖုန်းချသွားတယ်။
ဖုန်းကို ဘောင်းဘီအိတ်ထဲ ပြန်ထည့်ရင်း သက်ထူး .. သက်ပြင်းချလိုက်တယ်။ ဒီလို ဘာမှ မထူးခြားတဲ့၊ ဘာမှ မဖြစ်တဲ့ အခြေအနေမျိုးက သက်ထူးကို ပိုပြီး စိတ်လေးစေတယ်။ စိတ်မောစေတယ်။ အေးစက်ငြိမ်သက်နေတဲ့ အချိန်တွေကို သူ မကြိုက်ဘူး။ ဒီလို ငြိမ်နေရင်.. သူ့စိတ်က ပျံ့လွင့်တယ်။ မတွေးချင်တဲ့ အတွေးတွေ ခေါင်းထဲ တိုးဝင်လာတတ်တယ်။ ထုံသွားပြီလို့ ထင်ထားတဲ့ ဒဏ်ရာတွေက တဆစ်ဆစ်နဲ့ ပြန်နာလာတတ်တယ်။
အမြဲ တမ်း လှုပ်ခါ ယိမ်းထိုးနေတဲ့ ဘ၀မျိုးကသာ သူနဲ့ တန်တယ်။ ဟုတ်တယ်။ သက်ထူးရဲ့ လူ့သက်တမ်း ၃၉ နှစ်ကို စနစ်တကျ ခွဲခြမ်းကြည့်မယ်ဆိုရင်.. ငြိမ်သက်အေးချမ်းနေခဲ့တဲ့ အချိန် အတော်ရှားလိမ့်မယ်။ ငြိမ်းချမ်းပျော်ရွှင်ခဲ့တဲ့ တဒင်္ဂတော့ ရှိခဲ့ပါတယ်။ တကယ့် တဒင်္ဂလေး၊ အချိန်တိုလေး..။ အဲဒီ ပျော်ရွှင်မှုမျိုးဟာ အခု အချိန်မှာတော့ မမှန်းအပ်တဲ့၊ သူနဲ့ ဘာမှ မပတ်သက်တဲ့ ခံစားချက်တစ်ခုလို ဖြစ်နေပြီ။ အကောင်းဆုံးကတော့.. လက်ရှိ အခြေအနေ.. အခု အချိန်ကိုပဲ တွေး။ ပစ္စုပ္ပာန်မှာပဲနေ..။ အတိတ်ဟာ အတိတ်မှာ ကျန်ခဲ့ပါစေ။ အနာဂါတ်ဆိုတာလည်း အရေးမကြီးဘူး။ လက်ရှိကိုပဲ အာရုံစိုက်။ ဦးနှောက်ကို အလုပ်ပေး။ မှတ်ဉာဏ်ကို ဆက်တိုက်သွေးနေ။ မင်းဘာကြောင့် ဒီအလုပ်ကို ဆက်လုပ်နေသလဲ။ အတွေးတွေကို ဖုံးဖိထားဖို့၊ ချောင်ထိုးထားဖို့ မဟုတ်ဘူးလား။ ဒါကြောင့်.. အာရုံ လွတ်သွားလို့ မရတဲ့ အလုပ်၊ အမြဲတစေ လေ့ကျင့်နေရတဲ့ ပတ်ဝန်းကျင်ကို ရွေးခဲ့တာ မဟုတ်လား။ ဦးနှောက်ကို အလုပ်ပေး.. မှတ်ဉာဏ်ကို သွေး..။ လက်နက်တွေ မလိုဘူး။ တုတ်၊ ဓား၊ သေနတ်တွေ မလိုဘူး။ တွက်ချက် ဆင်ခြင်တတ်ဖို့ပဲ လိုတယ်။ ဦးနှောက်ကို ဆက်တိုက် အလုပ်ပေး.. မှတ်ဉာဏ်ကို..
ခန်းမထဲက မီးတွေ မှောင်ကျသွားတယ်။ စင်မြင့်ပေါ်က အစီအစဉ်ကြေငြာတဲ့သူက အရေးကြီးတဲ့ ကိစ္စတစ်ခုကို ကြေငြာတော့မယ့် လေသံနဲ့ စကားကို တစ်လုံးချင်း ပြောနေတယ်။ လွင့်ပျံချင်နေတဲ့ စိတ်ကို ပြန်ထိန်းပြီး သက်ထူး ဘေးပတ်ဝန်းကျင်ကို အာရုံပြန်စိုက်လိုက်တယ်။ အမှောင်ထဲမှာ တဖိတ်ဖိတ်လင်းနေတဲ့ ဖုန်းမျက်နှာပြင်တွေ။ ဘာကိုမှ မျက်လုံးနဲ့ မကြည့်တော့ဘဲ ဖုန်းဖန်သားပြင်ကမှတစ်ဆင့် ခံစားတတ်တော့တဲ့ သူတွေ..။ အားလုံးက စင်မြင့်ပေါ်က လူနှစ်ယောက်ကို ဗီဒီယိုရိုက်ရင်း.. အာရုံအပြည့်စိုက်နေကြတယ်။ ခဏကြာတော့ ဟေးခနဲ လက်ခုပ်တွေ တီးကြတယ်။ လူတချို့ လျှောက်လမ်းအနီကတစ်ဆင့် စင်ပေါ်ကို တက်သွားတယ်။ အပေါ်မှာ စကားတွေ ဆက်ပြောတယ်။ ပြန်ဆင်းလာကြတယ်။
နောက်ထပ်လူတချို့ စင်ပေါ်ကို တက်သွားကြတယ်။ လက်ထဲမှာ ဖန်တုံးလိုလို အတုံးလေးတွေ ကိုင်ပြီး။ ပြန်ဆင်းလာတယ်။ အောက်ကနေ လက်ခုပ်တီးပြီး စောင့်နေတဲ့ သူတွေကို လက်ဆွဲနှုတ်ဆက်ကြတယ်။ လူတွေ.. တက်သွားတယ်.. ပြန်ဆင်းလာတယ်.. လူတွေ.. တက်သွားတယ်.. ပြန်ဆင်းလာတယ်။ လက်ခုပ်သံတွေ ကြားရပြန်တယ်။ ကွန်ဂရက်ကျူလေးရှင်း.. ဆိုတဲ့ စကားသံတွေ ညံနေတယ်။
ခန်းမထဲမှာ မီးတွေ ပြန်လင်းလာတယ်။ သီချင်းသံ တိုးသွားတယ်။
“အစ်ကို စောင့်နေရတာ ညောင်းနေပြီလား”.. ဘေးနားကို စွေ့ခနဲ ရောက်လာတဲ့ အန်မာမြတ်နိုး။
“ရပါတယ်”..
သက်ထူးရဲ့ ခြောက်ပေနီးပါး အရပ်ကြောင့်.. အန်မာမြတ်နိုးက သူ့ကို လည်ပင်းအဖြောင့်သားနဲ့ မော့ကြည့်နေရတယ်။
“အစ်ကို့ကို အားနာလိုက်တာ။ ဆုပေးပွဲက နည်းနည်း ကြာသွားတယ်”
“ဪ”
“အန်မာကတော့ တစ်ဆုမှ မရပါဘူး။ မလွယ်ဘူးလေ.. အပြိုင်အဆိုင်တွေ အရမ်းများတာ။ ဘာမှ မဟုတ်တဲ့ ခရီးသွား ဗီဒီယိုတွေ တင်နေတဲ့ အဖွဲ့ကို ဆုပေးလိုက်တယ်.. အံ့ရော။ အစ်ကို တွေ့လိုက်လား။ အဓိပ္ပာယ်မရှိတာနော်”
“ဪ”.. ခန်းမထဲကနေ တဖြည်းဖြည်း ထွက်သွားကြတဲ့ သူတွေကို ကြည့်ရင်း သက်ထူး ပြန်ဖြေလိုက်တယ်။
“ဒါနဲ့ အစ်ကို့ နာမည်တောင် မမေးလိုက်ရဘူး။ နာမည် ဘယ်လိုခေါ်လဲ”.. အန်မာမြတ်နိုးက ဘေးမှာ ရပ်နေရာကနေ မသိမသာနဲ့ သက်ထူးရှေ့ကို ရောက်လာတယ်။
“သက်ထူး”
“အယ်.. နာမည်က အပျံစားပဲ။ အကောင့်ရှိရင် ပေးထားလေ။ အက်ဒ်လိုက်မယ်”.. အန်မာမြတ်နိုးက သူ့ရဲ့ အံ့ဩစရာကောင်းလောက်အောင် သေးတဲ့ ဘေးလွယ်အိတ်ထဲကနေ ဖုန်းကို ထုတ်တယ်။ အဲဒီ အိတ်ထဲမှာ ဒီဖုန်းတစ်လုံးအပြင် ဘာမှ ဆန့်မယ် မထင်ဘူး.. သက်ထူးတွေးနေမိတယ်။
“အကောင့်ပေးလေ ကိုသက်ထူး”
“ကျွန်တော် အဲဒါတွေ မသုံးဘူး”.. သက်ထူး ပြောလိုက်တယ်။ အဝင်၀ဘက်ကို လှမ်းကြည့်တယ်။ ခန်းမထဲမှာ လူ နည်းနည်း ရှင်းစပြုပြီ။ စကားပြောနေကြသေးတဲ့ အုပ်စုတွေတော့ တစ်စုနှစ်စု ကျန်သေးတယ်။
“ဘာလဲ ချေတာလား။ အောင်မလေး အန်မာက နာမည်ကြီးပါနော်။ သူကပဲ ချေမိုးနေရသေး”
သက်ထူး ဘာမှ ပြန်မပြောဖြစ်ဘူး။ ဒါ သူကျွမ်းကျင်တဲ့ နယ်ပယ် မဟုတ်ဘူး။ ဒီလို အပြန်အလှန် ခနဲ့တာ၊ ရွဲ့တာမျိုးတွေ သူ နားမလည်ဘူး။ ခဏကြာတော့ အန်မာမြတ်နိုး လက်လျှော့သွားတယ်။ ဖုန်းကို အိတ်ထဲ မဆန့်မပြဲ ပြန်ထည့်တယ်။ သက်ပြင်းချတယ်။
“ကိုသက်ထူး ဘာသောက်ဦးမလဲ၊ ဟိုမှာ လှမ်းမှာလိုက်လေ။ ယူလာပေးလိမ့်မယ်။ ပွဲစီစဉ်တဲ့သူကလေ နည်းနည်းတော့ ကပ်စေးနည်းတယ် သိလား။ ရှန်ပိန်ကလည်း အပေါစား။ ဝိုင်ကလည်း ချဉ်စုပ်နေတာ.. အင်းပေါ့လေ။ ပေါပေါပဲပဲ ဆုတွေပေးတဲ့ ပွဲဆိုတော့.. ဒီလိုပဲပေါ့.. ဪ.. ဒါနဲ့.. အစ်ကို အန်မာ့ပေ့ချ်ကို လိုက်ခ် လုပ်ထားဦးနော်.. အယ်.. အစ်ကို့မှာ အကောင့်မှ မရှိဘဲ.. ဘာလို့လဲ.. ဆိုရှယ်မီဒီယာ မသုံးတာလား..”
ရေပက်မဝင်ပြောနေတဲ့ အန်မာမြတ်နိုးရဲ့ စကားတွေကို သက်ထူး ကြားတစ်ချက် မကြားတစ်ချက်။ ခန်းမထဲမှာ ပြန့်ကျဲစပြုနေတဲ့ လူအုပ်စုတွေကိုပဲ လှမ်းကြည့်နေလိုက်တယ်။ ဘာမှ ထွေထွေထူးထူး မတွေ့ရ။ ဟား..ခနဲ အော်ရယ်လိုက်တဲ့ အသံတချို့၊ စီခနဲ ထွက်လာတဲ့ မိန်းကလေး ရယ်သံ တချို့..။ ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ ကောင်မလေး တချို့က စောစောကမှ ပြန်လင်းလာတဲ့ မီးရောင်အောက်မှာ မိတ်ကပ်ဘူးလေးတွေထုတ်ပြီး ပျက်သွားတဲ့ မိတ်ကပ်နေရာတွေကို ပြန်ဖို့နေကြတယ်။
“ဒါနဲ့လေ.. အစ်ကိုတို့ လိုက်လာပေးလို့ပေါ့။ ဟိုမှာ တွေ့လား.. ဟိုး..ထောင့်မှာ စကားပြောနေတဲ့ အုပ်စုလေ။ အဲဒီ အုပ်စုကလေ .. အန်မာ ဘယ်သွားသွား နောက်ကနေ လိုက်လာတတ်တယ်။ အခုလည်း ဒီပွဲကို ဘယ်လိုများ ရအောင် လိုက်လာသလဲ မသိပါဘူး။ စိတ်ညစ်လိုက်တာ”..
ခန်းမရဲ့ ဘယ်ဘက်ထိပ်ဆုံးမှာ နေရာယူထားတဲ့ ယောကျ်ားလေး တစ်သိုက်ဘက်ကို မေးငေါ့ပြရင်း အန်မာ မြတ်နိုးက ညည်းတယ်။ သူ့ရဲ့ ကြပ်တင်းနေတဲ့ အပေါ်ဝတ်စုံကို ရင်အဟိုက်နေရာကနေ ဆွဲဆန့်ပြီး ဟူးခနဲ အသက်၀အောင်ရှူတယ်။ ပြီးမှ..
“အစ်ကို ရှိနေမှန်းသိလို့ သူတို့ အန်မာ့နားကို မကပ်ရဲတာလေ..။ အစ်ကို့ အရပ်အရှည်ကြီးကို ကြည့်ပြီး .. ဟာ ဘော်ဒီဂတ်ကြီး ခေါ်လာတယ်ဟေ့.. ဆိုပြီး.. လန့်သွားတာနေမှာပေါ့.. ဟားဟား”.. အန်မာက ပြောရင်းနဲ့ သူ့ရဲ့ လက်သည်းရှည်ရှည်နဲ့ သက်ထူးရဲ့ လက်ဖျံနေရာကို လှမ်းတို့တယ်။ ဟင်း.. ခနဲ တစ်ချက်ရယ်တယ်။
“ဘယ်အုပ်စုကို ပြောတာလဲ။ ဂျက်ကတ် အညိုရောင်ဝတ်ထားတဲ့ အဖွဲ့လား”.. သက်ထူး မေးလိုက်တယ်။
“ဟုတ်တယ်.. ဟုတ်တယ်..”.. အန်မာမြတ်နိုးက မျက်လုံးပြူးပြီး ခေါင်းညိတ်ပြတယ်။.. “အန်မာ ဘယ်သွားသွား နောက်က လိုက်နေတာ.. သိပ်ကြောက်ဖို့ ကောင်းတာပဲ”
သက်ထူး.. သူတို့ အဖွဲ့ကို သေချာလှမ်းကြည့်တယ်။ လွန်ခဲ့တဲ့ သုံးနာရီလောက်ကတည်းက.. မြင်သမျှ မှတ်ထားတဲ့ အချက်အလက်တွေကို ခေါင်းထဲမှာ ပြန်စီကြည့်တယ်။ ဂျက်ကတ် အညိုရောင်။ ကျား-၄၊ မ-၃၊ သက်လတ်၊ သက်ငယ်..၊ တွဲ..၂..
“အင်း။ ဒါပေမယ့်.. ဂျက်ကတ် အညိုနဲ့ ကောင်လေးက.. ဟိုဘက် ဘေးဝိုင်းက ဆံပင်ကုတ်ဝဲ ကောင်မလေးနဲ့ အတူတူလာတယ်။ ဂျက်ကတ် အညိုဘေးက.. တီရှပ်အဖြူမှာ စာလုံးပြာနဲ့ လူက ဒီဘက်ဝိုင်းက ဘေးလွယ်အိတ်ကို ညှပ်ကိုင်ထားတဲ့ အမျိုးသမီးနဲ့ အတူတူဝင်လာတယ်။ အဲဒီ အမျိုးသမီးရဲ့ ညီမလား၊ သူငယ်ချင်းလား မသိတဲ့ မိန်းကလေး တစ်ယောက်လည်း ပါလာတယ်။ သူက ခန်းမ ဟိုးဘက်ခြမ်းမှာ.. ဟိုမှာ.. မတ်တပ်ရပ်ပြီး ဖုန်းပြောနေတယ်။ ပြီးတော့ ရှပ်အင်္ကျီအနီရင့်နဲ့လူက သူ့ဘေးက ရှပ်ဖြူနဲ့သူနဲ့ အတူတူဝင်လာတယ်။ နှစ်ယောက်စလုံးက ပွဲစပြီး နာရီဝက်လောက်နေမှ ရောက်လာတာ။ ရှေ့က အဖွဲ့နဲ့ မတူဘူး။ ပြီးတော့ ရှေ့က ကြိုရောက်နေတဲ့ နှစ်ယောက်နဲ့ သူတို့နဲ့ မသိဘူး၊ လိပ်စာကတ်တွေ အပြန်အလှန်ပေးနေကြတာကို တွေ့လိုက်တယ်”
သက်ထူး ဆက်တိုက်ပြောချလိုက်တဲ့ စကားလုံးတွေကို နားထောင်ရင်း အန်မာမြတ်နိုး မျက်နှာက ဇဝေဇဝါ ဖြစ်သွားတယ်။
“အစ်ကို ဘာတွေ ပြောနေတာလဲ။ အဲဒါတွေ သိရတော့ အန်မာက ဘာလုပ်ရမှာလဲ”
“ခင်ဗျားကို အမြဲလိုက်နှောင့်ယှက်နေတဲ့ အဖွဲ့ ဆိုလို့.. ကျွန်တော် မြင်ထားသလောက်တော့ မဖြစ်နိုင်ဘူး”
“ဘာလဲ ရှင်က ကျွန်မ ပြောတာကို မယုံတာလား။ ကျွန်မက ဘာကိစ္စ ညာပြောရမှာလဲ”.. အန်မာမြတ်နိုးရဲ့ မျက်နှာက တင်းခနဲ ဖြစ်သွားတယ်။ လေသံ မာလာတယ်။
“အဲဒါတော့ ကျွန်တော် မသိဘူး။ ကျွန်တော့်အလုပ် မဟုတ်ဘူး။ ခင်ဗျား ပြီးပြီလား”.. သက်ထူး ပြောရင်းနဲ့ ဘောင်းဘီအိတ်ထဲက ကီးပက်ဖုန်းကို ထုတ်လိုက်တယ်။ ကိုမျိုးရဲ့ နံပါတ်ကို နှိပ်တယ်။
“ရှင် အဲဒါ ဘာလေသံနဲ့ ကျွန်မကို ဆက်ဆံနေတာလဲ။ ရှင်တို့ကို စျေးကြီးပေးပြီး ငှားလာတာ.. ဒီလို ရိုင်းမှန်းသိရင် အစကတည်းက မခေါ်ဘူး”.. သီချင်းသံတွေ မရှိတော့တဲ့အတွက် ခန်းမထဲမှာ အန်မာမြတ်နိုးရဲ့ ရန်တွေ့သံက သိသိသာသာ ဟိန်းထွက်လာတယ်။ လူတချို့ရဲ့ မျက်လုံးတွေ သက်ထူးဆီကို ရောက်လာတယ်။
သက်ထူးဘာမှ ပြန်မဖြေဘဲ ကိုမျိုးရဲ့ ဖုန်းအဝင်ကို စောင့်နေလိုက်တယ်။ ဖုန်းဝင်သံ တစ်ချက်.. နှစ်ချက်..
“အေး.. သက်ထူး။ ပြီးပြီလား”..ကိုမျိုးရဲ့ ဖုန်းဖြေသံ။
ကိုမျိုးကို ပြန်ပြောမယ် အလုပ်မှာ.. အန်မာ့ဘေးကို ကုပ်ချောင်းချောင်းနဲ့ ရောက်လာတဲ့ လူတစ်ယောက်ကြောင့် သက်ထူး ဖုန်းကို ပြန်ပိတ်လိုက်တယ်။
“အန်မာ.. ဘေဘီ.. ဘာဖြစ်လို့လဲ”.. တီရှပ်ပွပွ၊ ဘောင်းဘီကျပ်ကျပ်နဲ့၊ သားရေဖိနပ်ချွန်ချွန်ကို အစပ်အဟပ် မတည့်စွာ ဝတ်ထားတဲ့ အဲဒီလူက မေးတယ်။ သူ့ လက်မှာ ချောင်ချိချိ ပတ်ထားတဲ့ နာရီကြိုးကို ဖတ်ခနဲ ခါတယ်။ ဘောင်းဘီအိတ်ထဲကို လက်ထည့်တယ်။ သက်ထူးဘက်ကို တစ်ချက် လှမ်းကြည့်တယ်။
“ဘာမှ မဟုတ်ပါဘူး ကိုဗညားရယ်.. ။ ဒီမှာ ဘော်ဒီဂတ် ဆိုပြီး ခေါ်လာတာ.. ဘယ်လိုတောင် ရိုင်းစိုင်းနေတာလဲ မသိဘူး”.. အန်မာက လက်ကိုတင်းတင်းပိုက်ရင်း နှုတ်ခမ်းကို ချွန်နေအောင်စူပြီး ပြောတယ်။
ဗညားဆိုတဲ့သူက သက်ထူးဘက်ကို နောက်တစ်ခါ လှည့်ကြည့်တယ်။ အန်မာ့ဘက်ကို ပြန်လှည့်တယ်။
“ကိုယ်ဘာကူညီပေးရမလဲ အန်မာ။ ပြန်လိုက်ပို့ပေးရမလား”.. ဗညားက အန်မာ့ ပခုံးကို လက်နဲ့ အသာကိုင်ရင်း ပြောတယ်။ အန်မာမြတ်နိုးကတော့ ဘာမှ ပြန်မဖြေဘူး။ လက်သည်းရှည်ရှည်တွေနဲ့ သူ့လက်မောင်းသူ ပြန်ခြစ်ရင်း ပွစိပွစိ လုပ်နေတယ်။
“ညီလေး.. မင်းက ဘာပြဿနာရှိလို့..”.. ဗညားရဲ့ စကား တစ်ဝက်တစ်ပျက်မှာ ရပ်သွားတယ်။
ဒီလို ဖြစ်စဉ်မျိုးက သက်ထူးအတွက် ဘာမှ မထူးဆန်းဘူး။ တချို့သောသူတွေက သူတို့ရဲ့ ယောကျ်ားပီသမှုကို လူပုံအလယ်မှာ၊ အထူးသဖြင့် မိန်းကလေးတွေရှေ့မှာ နည်းပေါင်းစုံနဲ့ ထုတ်ပြချင်ကြတယ်။ တချို့က လက်ပါချင်တယ်။ ရန်လိုတယ်။ တချို့ကျတော့ အခု ဗညား ဆိုတဲ့ လူလို လူကြီးဆန်ဆန် လေသံအေးအေးနဲ့ အထက်စီးက ဆုံးမ၊ ပညာပြချင်တယ်။ ဒါပေမယ့် ဒီအပြုအမူတွေက သက်ထူးလို လူရှေ့မှာ အလုပ်မဖြစ်ဘူး။ သက်ထူးရဲ့ ခြောက်ပေကျော်ထွက်နေတဲ့ အရပ်။ သစ်ပင် ပင်စည်တစ်ခုလို တောင့်တင်း မတ်ဖြောင့်နေတဲ့ ကိုယ်ခန္ဒာ။ စပို့ရှပ် အနက်လက်တိုရဲ့ ဘယ်ညာ တစ်ဘက်တစ်ချက်ကနေ ထိုးထွက်နေတဲ့ လက်မောင်းကြွက်သားတွေ။ ဒါ့အပြင်.. သက်ထူးရဲ့ အေးစက်နေတဲ့ မျက်နှာနဲ့ အပြုံးအရယ် ဘာအရိပ်အငွေ့မှ မရှိတဲ့ မျက်လုံးတွေ။ ဒါတွေကို သုံးစက္ကန့်လောက် စိုက်ကြည့်လိုက်ပြီးတာနဲ့ သူတို့ရဲ့ သတ္တိပြတဲ့ ဇာတ်လမ်းက ရပ်သွားတာ များတယ်။ သက်ထူးဆိုတဲ့လူနဲ့ ဇာတ်လမ်းစပြီးရင် ဆုံးအောင် က,ရမယ်ဆိုတာ အလိုလို သဘောပေါက်သွားကြပြီး နောက်ဆုတ်သွားကြတာများတယ်။ အကုန်လုံးတော့ မဟုတ်ဘူးပေါ့။ သူတပြန် ကိုယ်တပြန် တွယ်မယ်၊ ဆော်မယ် ဆိုတဲ့ သူတွေလည်း သက်ထူး ကြုံခဲ့ပါတယ်။ အသေအကြေ ထိုးကြိတ်ခဲ့ရတာတွေ မရှိဘူး မဟုတ်ဘူး.. ရှိခဲ့တယ်။ သို့သော် ရှားတယ်။ အခု ဗညား ဆိုတဲ့ လူက ရှားပါးပစ္စည်းထဲမှာ မပါဘူး။ အဲဒီလောက် စိတ်ဓာတ်ရှိပုံမရဘူး။ ဒီလူ့စိတ်ထဲမှာ အပေါ်အောက် အနက်ရောင် ဝမ်းဆက် ဝတ်ထားတဲ့ သက်ထူးကို လူကောင် သိပ်မကြီးဘူးဆိုပြီး လျှော့တွက်ထားပုံပဲ။ တမင်လည်း ဒီလို ဝတ်ထားတာ ဖြစ်နေတယ်။ လူကြားသူကြားမှာ သက်ထူးရဲ့ အရပ်နဲ့ ကိုယ်လုံးကိုယ်ပေါက်က ထိုးထိုးထောင်ထောင်နဲ့ သိသာလွန်းနေတော့ အလုပ်လုပ်ရင် အမြဲလိုလို အနက်ဝမ်းဆက်ပဲ ဝတ်ဖြစ်တယ်။ တော်ရုံ ခပ်လှမ်းလှမ်းကကြည့်ရင် ပုံမှန်ပဲ။ အနားကပ်၊ ယှဉ်ရပ်လိုက်တော့မှ လူကောင် ဘယ်လောက်ကြီးသလဲဆိုတာကို သိသာလာစေတာ။
အခုတော့ သက်ထူးနဲ့ မျက်လုံးချင်း တကယ်ဆုံပြီး စက္ကန့်ဝက်လောက်မှာ ဗညားရဲ့ မာန်တစ်ဝက်နဲ့ ဝင်းထိန်နေတဲ့ မျက်နှာ မှိန်ကျသွားတယ်။ အကြည့် မသိမသာ လွှဲသွားတယ်။ ချောင်းမဆိုးချင်ဘဲ ချောင်းဟန့်တယ်။ နောက်ကို ခြေတစ်လှမ်းဆုတ်တယ်။ မဆိုးဘူး။ ဒီလူ တော်တယ်။ မနိုင်တဲ့ပွဲမှန်း ချက်ခြင်းသိတယ်။ ဆေးရုံ ဆေးခန်း ရောက်မသွားအောင် ရှောင်တတ်တယ် ဆိုပါတော့။
အခြေအနေက တော်တော့်ကို ကသိကအောက် နိုင်တယ်။ ဆရာကြီးလိုလို ဘာလိုလိုနဲ့ ဝင်လာတဲ့ ဗညားက အခုကျတော့ ချောင်းဆိုးချင်သလိုလို အိမ်သာသွားချင်သလိုလို အမူအရာတွေနဲ့ ရှောင်ထွက်ဖို့ ပြင်နေတယ်။ အလိမ်ပေါ်သွားတဲ့ အန်မာမြတ်နိုးကလည်း သက်ထူးနဲ့ လုံး၀ မျက်လုံးချင်း မဆိုင်တော့ဘဲ စိတ်ဆိုးတဲ့ အမူအရာ အပြည့်လုပ်ရင်း ဟိုကြည့်ဒီကြည့်လုပ်နေတယ်။
နောက်ဆုံးမှာ သက်ထူး စိတ်လျှော့လိုက်တယ်။ တော်လောက်ပြီ။
“ကဲ.. အစ်မ။ သွားလို့ ရပြီလား”.. သက်ထူး မေးလိုက်တယ်။
ဗညားဆိုတဲ့လူက အန်မာ့ကို လေသံမပွင့်တပွင့်နဲ့ နှုတ်ဆက်ပြီး သက်ထူးနဲ့ ဝေးရာကို ဝီးခနဲ ပြန်လစ်သွားတယ်။ အန်မာမြတ်နိုးက သူ့ရဲ့ ပျက်ယွင်းနေတဲ့ မျက်နှာကို အတင်း အားယူပြီး ပင့်ချီထားတုန်း။ သို့သော်.. သက်ထူး ဆိုတဲ့ လူက သူ ကောက်တာ၊ ချွဲတာ၊ ရစ်တာတွေကို သည်းခံမယ့်သူ မဟုတ်ဘူးဆိုတာ နောက်ဆုံးမှာ သိသွားပုံပါပဲ။ ဟင်းခနဲ သက်ပြင်းချတယ်။ သက်ထူးဘက်ကို မျက်စောင်း တစ်ဝက် လှည့်ထိုးတယ်။ ခန်းမ အဝင်၀ဘက်ကို ဇက်တောက် ဇက်တောက်နဲ့ လျှောက်သွားတယ်။
(၂)
ဟိုတယ်ခန်းထဲကို သက်ထူး ပြန်ရောက်တော့ ည ၁၁ နာရီကျော်ပြီ။
ကိုယ်နဲ့မဆိုင်၊ ကိုယ်မပိုင်တဲ့ အခန်းတစ်ခုထဲကို ရောက်တာနဲ့ စိတ်ထဲ ငြိမ်သက်သွားတာကို ဝမ်းသာရမလား၊ ဝမ်းနည်းရမလား။ ဒီဟိုတယ်မှာ နေနေတာ အခုဆို တစ်လ နီးနီးရှိပြီ။ နှစ်ပေါင်းများစွာအတွင်း ဆက်တိုက် ပြောင်းနေခဲ့တဲ့ ဟိုတယ်ခန်းတွေမှာ ဆင်တူတာ တစ်ခုကတော့ ကိုယ့်အိမ် ကိုယ့်ယာ မဟုတ်တဲ့ စိမ်းသက်သက် အရသာပဲ။ ဟိုတယ်ခန်းတွေမှာ အမှတ်တရတွေ မရှိဘူး၊ အတိတ်ရဲ့ ခြေရာတွေ မရှိဘူး။ နွေးထွေးချင်ယောင် ဆောင်၊ အခန်းရဲ့ ထောင့်စွန်းတွေမှာ ချထားတတ်တဲ့ ပန်းအိုးနဲ့ ပန်းအတုတွေ၊ နံရံမှာ စိတ်မပါလက်မပါ ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေ၊ သပ်ရပ်အောင် ခင်းကျင်းထားတဲ့ အိပ်ယာခင်းနဲ့ လေထဲမှာ တွဲခိုနေတဲ့ အဝတ်လျှော် ဆပ်ပြာနံ့သင်းသင်းတွေ။ စားပွဲပေါ်မှာ တင်ထားပေးတဲ့ ရေနွေးအိုးနဲ့ ကော်ဖီမစ်ထုပ် တချို့။ ဒါတွေကို သက်ထူး သဘောကျတယ်။ ဒီ အခင်းအကျင်း အပြင်အဆင်တွေက ပျံ့လွင့်လာတဲ့ စိမ်းသက်မှုက သူနဲ့ လိုက်ဖက်တယ်။ သူ့ခံစားချက်နဲ့ တပ်အပ်ကျတယ်။ နွေးထွေးမှုတွေ၊ ရင်းနှီးမှုတွေ၊ အမှတ်တရ ဆွတ်ပျံ့ခြင်းတွေက ကြောက်ဖို့ကောင်းတယ်။ အေးစက်စိမ်းကားနေတဲ့ ဟိုတယ်ခန်းပဲ သူနဲ့ တန်တယ်။
ဖုန်းမြည်လာတယ်။ ကိုမျိုး ဆက်တာပဲ။
သက်ထူး ကုတင်မှာ ဝင်ထိုင်ရင်း ဖုန်းကိုင်လိုက်တယ်။
“ပြော.. ကိုမျိုး”
“မင်းတော်တော် ရက်စက်တဲ့ကောင်ကွာ”.. ကိုမျိုးရဲ့ လေသံက မာဆတ်ဆတ် ဖြစ်ချင်နေတယ်။..”ဟိုကောင်မလေးကို ငါ ပြန်ပို့ခဲ့ပြီ။ မင်း ဘာလုပ်လိုက်တာလဲ။ သူက ငါတို့ကို နောက်နေ့ ပွဲတွေ ဆက်မခေါ်တော့ဘူးတဲ့။ သူ ခရီးသွားရင်လည်း ငါတို့နဲ့ပဲ သွားမလို့ စီစဉ်ထားတာ အခု ဖျက်လိုက်ပြီတဲ့။ မင်းဟာက တစ်ခါလည်း မဟုတ် နှစ်ခါလည်း မဟုတ်.. ဘာဖြစ်တာလဲ”
“ဪ”.. သက်ထူး ဘာပြန်ပြောရမလဲ မသေချာဘူး။ တောင်းပန်တတ်တဲ့ အကျင့်က သက်ထူးဆီမှာ ပါမလာဘူး။ သူ့ရဲ့ အင်မတန်ဆိုးတဲ့ ဗီဇတွေထဲက တစ်ခုလို့ ပြောရမလား။ အပြစ်တင်တာကို ငြိမ်ခံနေလိုက်မယ်။ ဘာမှတော့ ပြန်ရှင်းမပြတတ်။
“မင်း သိတဲ့အတိုင်းပဲ။ ဒီအလုပ်လေး ရဖို့ ငါ့မှာ မနည်း ဆက်သွယ်ထားရတာ။ အရင်လို အလုပ်က ပေါနေတာ မဟုတ်ဘူး.. ဟူး.. မင့်အားကိုးနဲ့ ငါ ကုမ္ပဏီကနေ ခွဲထွက်ထားတာနော်။ ဟိုမှာ အရင်က ငါ့အောက်မှာ လုပ်ခဲ့တဲ့ကောင်က လုံခြုံရေး မန်နေဂျာတွေဘာတွေ ဖြစ်နေပြီ။ ဟိုတယ်အကြီးကြီးတွေမှာ ဝင်လုပ်ပြီး လခတွေ ကောင်းနေပြီ။ ငါတို့ပဲ ဘ၀ပျက်နေတာ”
ကိုမျိုးရဲ့ အဆက်မပြတ်ပြောနေတဲ့ စကားတွေကို နားထောင်ရင်း သက်ထူး ဖုန်း စပီကာကို ဖွင့်ပြီး ဘေးမှာ ချလိုက်တယ်။ ကုတင်ပေါ်ကို ပက်လက်လှန် လှဲချတယ်။ ဟိုတယ်ခန်း မျက်နှာကြက် LED မီးလုံးက ဖြူဖွေးနေတယ်။ အလင်းရှိန်ကြောင့် ထူပူလာတဲ့ မျက်လုံးတွေကို မပိတ်ဘဲ ဆက်ပြီး စိုက်ကြည့်နေလိုက်တယ်။
ကိုမျိုးပြောတာ မမှားဘူး။ သက်ထူးရဲ့ မထုံတက်တေး၊ ပြန်မပြော နားမထောင် အကျင့်ကို နှစ်ပေါင်းများစွာ သည်းခံ ဖေးမလာတာ ကိုမျိုး တစ်ယောက်ပဲ ရှိတယ်။ ကိုမျိုးက လုပ်ဖော်ကိုင်ဖက်တွေကို အကိုတစ်ယောက်လို၊ ဦးလေးတစ်ယောက်လို စိတ်ပူ စောင့်ရှောက်တတ်တယ်။ အထူးသဖြင့် သက်ထူးကို တော်တော် သံယောဇဉ်ရှိတယ်။ ဆယ်စုနှစ် တစ်ခုနီးနီး အေးစက်ပျက်စီးနေတဲ့ သက်ထူးကို တစ်ရက်ပြီးတစ်ရက် အသက်ဆက်နေနိုင်အောင် နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးထားတာ။
ဒါတွေကို သက်ထူး သိတယ်။ နားလည်တယ်။ ဒါပေမယ့် သူ့ရဲ့ အစိုင်အခဲ ဖြစ်နေတဲ့ စိတ်ဓာတ်က ဘယ်လို နွေးထွေးမှုမျိုးကိုမှ လက်မခံဘူး၊ ပျော်မကျသွားဘူး ဖြစ်နေတယ်။ ကိုမျိုးကို တောင်းပန်သင့်မှန်း သိပေမယ့် တောင်းပန်စကား ထွက်မလာဘူး။ အလုပ်အပ်သူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်မှန်း သိနေပေမယ့် စိမ်းကားအေးစက်မှုကပဲ နောက်ဆုံးမှာ အနိုင်ယူသွားတယ်။
“နောက်တစ်ခါကျရင်တော့ စိတ်လေး နည်းနည်း လျှော့ပြီး အလုပ်လုပ်ပါကွာ.. ငါလည်း ကြာရင် လုံးပါးပါးတော့မယ်.. သက်ထူး ကြားလား။ ဟေ့ကောင်”.. ကိုမျိုးရဲ့ အသံက ဖုန်းစပီကာကနေ ဆက်တိုက် ထွက်နေတယ်။
“အင်း ကိုမျိုး။ ကြားတယ်”.. သက်ထူး ဖုန်းကို ပြန်ကောက်ယူပြီး ပြောလိုက်တယ်။
“အေး.. အေး.. မင်းနဲ့တော့ ပြဿနာပဲ။ အခုဘယ်ဟိုတယ်မှာလဲ”
ဟိုတယ်နာမည်ကို သက်ထူး ရွတ်ပြလိုက်တယ်။
“မင်း အတည်တကျနေလို့ရအောင် အခန်း စီစဉ်ပေးမယ် ပြောတာလည်း နားမထောင်ဘူး။ အဲဒီ ဟိုတယ်တွေမှာပဲ ပတ်နေနေတော့ ဘယ်လို ပိုက်ဆံ စုမိမလဲ။ ရသမျှပိုက်ဆံ အခန်းခနဲ့ ကုန်မှာပဲ”
“ရတယ် ကိုမျိုး။ ဟိုတယ်မှာပဲ အဆင်ပြေတယ်”..သက်ထူး ပြန်ပြောလိုက်တယ်။ တစ်နေရာတည်းမှာ တစ်ပတ်၊ တစ်လထက် ပိုပြီး ကြာအောင် မနေချင်ဘူး။ ကိုယ့်ရဲ့ အိမ်.. ဆိုတဲ့ နေရာကို အသစ် မဖန်တီးချင်ဘူး။ သက်ထူးရဲ့ အိမ်.. ဆိုတာ မရှိတော့ဘူး။ ပျောက်ဆုံးသွားတဲ့ အရာကို နေရာသစ်တစ်ခုနဲ့ အလွယ်တကူ အစားထိုးဖို့ မဖြစ်နိုင်ဘူး။
ကိုမျိုးက ဘာမှ ဆက်မပြောဘဲ ဟူးခနဲ သက်ပြင်းအကျယ်ကြီးချပြီး ဖုန်းချသွားတယ်။
သက်ထူး ရေချိုး အဝတ်လဲပြီးတဲ့ အချိန်မှာ ည ၁၂ နာရီ ထိုးပြီ။ မြို့ကြီးတစ်ခုရဲ့ ည ပီသစွာနဲ့.. လမ်းမမှာ ကားကြီးကားငယ်တွေ တဝီးဝီး သွားနေတုန်းပဲ။ လမ်းမီးရောင် လဲ့လဲ့က အခန်းရဲ့ ပြတင်းမှန်ကနေ ဖောက်ဝင်ပြီး နံရံမှာ အရိပ်မျိုးစုံ ဖန်တီးနေတယ်။
ကိုမျိုးနဲ့ အတူတူ အလုပ်လုပ်ခဲ့တဲ့ နှစ်ပေါင်းများစွာ အတွင်းမှာ အခက်အခဲတွေ အများကြီး ရှိခဲ့တယ်။ အသက်ဘေးရောက်လုနီးနီး ပြဿနာတွေလည်း ဖြစ်ခဲ့တယ်။ ဒီလုပ်ငန်းနဲ့ ဒီပြဿနာတွေက တွဲနေတာပဲမို့ ထူးတော့မထူးဆန်းဘူး။ ဒါပေမယ့် အခုနောက်ပိုင်းမှာ လုပ်ရတဲ့ အလုပ်က ပုံစံပြောင်းလာတယ်။ အရင်လို ငွေရှင်ကြေးရှင် လုပ်ငန်းရှင်တွေကို လုံခြုံရေး ပေးရတာမျိုး မဟုတ်တော့ဘဲ မင်းသား၊ မင်းသမီး အဆိုတော်တွေနောက်ကနေ ခြွေရံပြီး လိုက်ရတဲ့ ပုံစံ ဖြစ်လာတယ်။ ကိုမျိုးပြောတာလည်း မှန်ပါတယ်။ ကိုမျိုး ခွဲထွက်ပြီး ထောင်လိုက်တဲ့ ကုမ္ပဏီက အရွယ်အစား သေးတယ်။ အားလုံးပေါင်းမှ လူ ဆယ်ယောက် မပြည့်ချင်ဘူး။ ဒီတော့ အရင်လို အလုပ်မျိုးနဲ့ မဖြစ်နိုင်တော့ဘူး။ နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ လုပ်လို့ရတဲ့ အလုပ်တွေပဲ အဆင်ပြေတော့တယ်။ သက်ထူးလို လူမျိုးနဲ့ကျတော့ အခု ပုံစံအသစ်က ကန့်လန့်ကြီး ဖြစ်နေတယ်။ အန်မာမြတ်နိုးနဲ့ ဖြစ်တဲ့ ပြဿနာက ဒါ ပထမဆုံး မဟုတ်ဘူး။ ရှေ့မှာလည်း သက်ထူးရဲ့ ဆက်ဆံရေး မကောင်းလို့ လမ်းခွဲသွားကြတဲ့ သူတွေ ရှိခဲ့ပြီးပြီ။ နောက်ဆိုရင်လည်း ထပ်ဖြစ်ဦးမှာပဲ။
ညနေတုန်းက ခန်းမထဲမှာ အုပ်စုဖွဲ့ စကားပြော ရယ်မောနေကြတဲ့ သူတွေကို ကြည့်ရင်း သက်ထူး တွေးမိတယ်။ သူတို့အတွက် ဘာလို့ ဒီလောက် လွယ်နေသလဲ။ ဟက်ခနဲ ရယ်လိုက်ဖို့၊ အားရပါးရ ပြုံးလိုက်ဖို့၊ သူစိမ်းတွေနဲ့ အဆင်ပြေအောင်ဆက်ဆံ မိတ်ဆက်တတ်ဖို့.. နေ့ရက်တွေကို ပုံမှန်ဖြတ်သန်းနိုင်ဖို့..။ ဒီ..ဘာမှ မဟုတ်တဲ့ သာမန် အပြုအမူတွေက သက်ထူးအတွက် အရမ်း ခက်ခဲနေတယ်။ အခုမှ မဟုတ်ဘူး.. ငယ်ကတည်းက သက်ထူးဟာ သူများနဲ့ ဒွေးရောယှက်တင် နေတတ်တဲ့ သူ မဟုတ်ဘူး။ သူ့ဘ၀မှာ နွေးထွေးနီးကပ်ခဲ့တာဆိုလို့ လူ နှစ်ယောက်ပဲ ရှိခဲ့တယ်..။ ပျော်ရွှင်ခဲ့တဲ့ အချိန်ဆိုတာလည်း ၃၉ နှစ်ဆိုတဲ့ သူ့ ဘ၀သက်တမ်းရဲ့ ဆယ်ပုံ တစ်ပုံ ပြည့်မယ် မထင်ဘူး။ အခု နောက်ပိုင်း ဆယ်စုနှစ် တစ်ခုကတော့ သက်ထူးအတွက် နှင်းမုန်တိုင်းထဲ ရောက်နေသလို.. အရာရာ အေးစက်မာခဲနေတယ်။ နွေးထွေးမှုဆိုတာ ဘာလဲ.. မေ့ချင်နေပြီ။
လူ့ဘ၀ဆိုတာ ဘယ်လို အဆုံးသတ်သလဲ..။ ငယ်ရာကနေ ကြီး.. ကြီးရာကနေ အို.. နောက်ဆုံးမှာ သေ..။ တွေးကြည့်လိုက်ရင်တော့ ရှင်းရှင်းလေး။ ဒါပေမယ့် သက်ထူးအတွက် နောက်ထပ် လှမ်းရမယ့် နေ့ရက်တွေက ဝေးကွာရှည်လျားလွန်းနေတယ်။ တစ်သက်လုံး မာကျောကျန်းမာနေခဲ့တဲ့ သူ့ကိုယ်ခန္ဓာကလည်း တော်ရုံနဲ့ သေဦးမယ့်ပုံ မပေါ်ဘူး။ အခု အသက် ၄၀ ပြည့်တော့မယ်။ နောက်ထပ် နှစ် ၄၀ နေရဦးမယ်ပဲ ထားလိုက်တော့..။ နှစ်ပေါင်း လေးဆယ်.. ဆိုတော့.. ရက်ပေါင်း တစ်သောင်းခွဲ..၊ နာရီပေါင်း သုံးသိန်းခွဲ.. မိနစ်ပေါင်း..
(၃)
တံခါးခေါက်သံကြောင့် သက်ထူး အိပ်ရာကနေ နိုးလာတယ်။ မနက်ခင်း အလင်းရောင်နဲ့ တစ်ခန်းလုံး လင်းထိန်နေပြီ။ ကုတင်ပေါ်ကနေ ခပ်သွက်သွက်ထ၊ တီရှပ်တစ်ထည် ကောက်စွပ်ပြီး တံခါးကို ဖွင့်လိုက်တယ်။ တံခါး၀မှာ ရပ်နေတာက ကိုမျိုး။
“ဟိုတယ်ကို မနည်းရှာလိုက်ရတယ်၊ ချောင်ကျလိုက်တာကွာ။ ရော့”.. ကိုမျိုးက သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဖော့ခွက်ကို လှမ်းပေးတယ်။ ခွက်ထဲမှာက အငွေ့တထောင်းထောင်းနဲ့ ဘလက်ကော်ဖီ။
“အင်း။ ကျေးဇူး”.. ကော်ဖီခွက်ကို လှမ်းယူပြီး တစ်ကျိုက် မျိုချလိုက်တယ်။ ကိုမျိုး အထဲကို ဝင်လို့ရအောင် ဘေးကို ဖယ်ပေးတယ်။ ကိုမျိုးက အခန်းရဲ့ ပတ်ပတ်လည်ကို တစ်ချက် ဝေ့ကြည့်တယ်။ တကယ်က ကြည့်စရာ ဘာမှမရှိဘူး။ သာမန် ဟိုတယ်ခန်းတစ်ခုပဲ။ အခန်းထောင့်မှာ ချထားတဲ့ အဝတ်အိတ် တစ်ခုကလွဲရင် သက်ထူးနဲ့ ဆိုင်တာ ပိုင်တာ ဘာမှမရှိ။
ကိုမျိုးက အခန်းရဲ့ တစ်ခုတည်းသော ထိုင်ခုံမှာ ဝင်ထိုင်တယ်။ ကိုမျိုးရဲ့ ကိုယ်ခန္ဓာက အသက် ၅၀ နီးပြီလို့ မထင်ရလောက်အောင် ကျစ်လစ်နေတယ်။ သက်ထူးလောက် အရပ်မမြင့်၊ သက်ထူးလောက် ရင်အုပ် မကျယ်၊ လက်မောင်းမထွားပေမယ့် ကြည့်လိုက်တာနဲ့ ဒီလူဟာ သက်လုံကောင်းမယ့်သူ၊ တော်ရုံ အတားအဆီးကို အသာလေး လွှားခနဲ ကျော်နိုင်မယ့်သူဆိုတာ သိသာနေတယ်။
“ဘာဖြစ်လို့လဲ ကိုမျိုး။ ဖုန်းမဆက်ဘဲ လူလိုက်လာတာ”.. သက်ထူး မေးလိုက်တယ်။ ဟုတ်တယ်။ ထူးဆန်းတယ်။ ကိုမျိုးက အမြဲ ဖုန်းဆက်ပြီး ချိန်းတတ်တဲ့သူ။ သက်ထူးတည်းတဲ့ ဟိုတယ်ကို လိုက်လာတယ်ဆိုတာ ဒါ ပထမဆုံးပဲ။ .. “အန်မာမြတ်နိုး လွှတ်လိုက်တာလား။ သူ့ကို တောင်းပန်ဆိုလည်း ကျွန်တော် တောင်းပန်ပေးမယ်။ ရတယ်”
“အာ.. မဟုတ်ဘူး။ ခဏလေး.. ငါ ဘယ်ကနေ စပြောရမလဲ မသိဘူး။ ဒီမှာကွာ .. ဒါ အရင် ဖတ်ကြည့်လိုက်”
ကိုမျိုးက သူ့ရဲ့ အိတ်ကပ်ထဲကနေ စာရွက်တစ်ရွက်ကို ထုတ်ပေးပြီး သက်ထူးကို လှမ်းပေးတယ်။
“ဒါ ဘာလဲ..”.. စာရွက်ကို ဖြန့်မကြည့်သေးဘဲ သက်ထူး မေးလိုက်တယ်။
“မင်း အဲဒီ စာကို မဖတ်ခင်မှာ ငါ ပြောတာကို သေချာနားထောင်”..ကိုမျိုးက လေသံအေးအေးနဲ့ ပြောတယ်။.. “ငါ မင်းနဲ့ အလုပ် တွဲလုပ်လာတာ ဆယ်စုနှစ် တစ်ခုကျော်ပြီနော်။ မင်းက ငါ့ ညီဆိုလည်း ဟုတ်တယ်။ ငါ့ တူ ဆိုလည်း ဟုတ်တယ်။ သူငယ်ချင်းလို့ ပြောလည်း ရတယ်။ မင်း အတွက် ကောင်းမယ် ထင်တာချည်းပဲ ငါ စီစဉ်ပေးခဲ့တယ်။ မင်းရဲ့ အခက်အခဲ မှန်သမျှကို ငါ နားလည်ပေးခဲ့တယ်။ ဟုတ်တယ်နော်”
“အင်း”.. ကိုမျိုးပြောတာတွေကို သက်ထူး နားထောင်နေပေမယ့် သူ့မျက်လုံးက လက်ထဲက စာရွက်ခေါက်ဆီမှာ။ စာရွက်အဖြူရဲ့ အထဲမှာ မင်ပြာနဲ့ ရေးထားတဲ့ စာကြောင်းသုံးလေးကြောင်းက နောက်ကျောဘက်ကကြည့်ရင် ခပ်ရေးရေး မြင်နေရတယ်။ မိန်းကလေး လက်ရေးပဲ။
“မင်း အဲဒီ စာကို ဖတ်.. ပြီးရင် ငါ ပြောမယ်.. စက္ကန့် သုံးဆယ်လောက်တော့ အချိန်ပေး စဉ်းစား.. ပြီးမှ အဖြေကို ပြန်ပြော.. ဟုတ်ပြီလား.. သဘောတူလား”
“အင်း”
သက်ထူး.. စာရွက်ကို ဖြန့်ဖတ်လိုက်တယ်။ အထဲမှာ ရေးထားတာက စာကြောင်း နှစ်ကြောင်းတည်း။
အောက်ဆုံးမှာ နာမည် တစ်လုံး။
–
စာကိုဖတ်ပြီးတာနဲ့ သက်ထူး ကိုမျိုးကို မေးခွန်းအပြည့်နဲ့ လှမ်းကြည့်လိုက်မိတယ်။ ဘာသဘောလဲ..။ ဒါ ဘာလဲ။ မေးချင်တဲ့ စကားတွေ ပါးစပ်က ထွက်မလာဘဲ ဆွံ့အနေတယ်။ ထုံထိုင်းနေတဲ့ ဒဏ်ရာတစ်ခုကို ရေနွေးဖျောပြီး ဇစ်ခနဲ ဆွဲခွာလိုက်သလို.. စိတ်နေရာအနှံ့အပြားမှာ စူးပြီး နာလာတယ်။
“အဲဒီစာကို င့ါအိမ်ကို သူကိုယ်တိုင် ဒီမနက် အစောကြီး လာပေးသွားတာ”.. ကိုမျိုးက သက်ထူးကို ပြန်စိုက်ကြည့်ရင်း ပြောတယ်။ .. “မင်းနဲ့ သူနဲ့ ကြားမှာ ပြဿနာတွေ အများကြီး ရှိခဲ့တာ ငါ သိတယ်.. ဒါပေမယ့်.. သက်ထူး.. ဟေ့ကောင်.. သူ့ အမူအရာက အရမ်းကို မူမမှန်ဘူး။ တကယ်လည်း ကြောက်နေတဲ့ ပုံပဲ။ ပြီးတော့ မတွေ့တာ အရမ်းကြာလို့လား မသိဘူး.. အရင်ပုံံစံတောင် မဟုတ်တော့ဘူး တော်တော် ပြောင်းလဲသွားတာ..။ ငါဆို ချက်ခြင်းကြီး မှတ်တောင် မမှတ်မိဘူး။ အသံကြားလိုက်မှ သူမှန်း သေချာသွားတာ”
“သူ အခု ဘယ်မှာလဲ”
“သူငါ့ကို ဘာမှ သေချာ ပြောမသွားဘူး။ အဲဒီ စာရွက်ပေးပြီးတာနဲ့ ချက်ခြင်း ပြန်သွားတာပဲ။ သူ့ကို ကူညီနိုင်မယ်ဆိုရင် အဲဒီ ဖုန်းကို ဆက်ပါတဲ့။ စရန်ငွေ ပေးဆိုလည်း ပေးပါ့မယ်တဲ့။ ငါ ဘယ်လို ယူရဲမှာလဲ.. ဟုတ်တယ် မဟုတ်လား”..ကိုမျိုးက ပြောရင်း ခေါင်းခါတယ်။ .. “မင်း အရင်မိန်းမ ကိုယ်တိုင်က မင်းကို ပြန်ငှားသလို ဖြစ်နေတော့ ငါလည်း ကူညီပါ့မယ်လို့ ပြောလိုက်တယ်။ မင်း ကူညီမှလည်း ဖြစ်မယ်”
သက်ထူး ဘာမှ ပြန်မပြောနိုင်သေးဘူး။ လက်ထဲက စာရွက်ကို ပြန်ခေါက်ပြီး စားပွဲပေါ်ပစ်တင်လိုက်တယ်။ ဒါပေမယ့် စာထဲက စာကြောင်း သုံးကြောင်းက သက်ထူးရဲ့ ဦးနှောက်ထဲမှာ ခြစ်ထွင်းလိုက်သလို ထင်းထင်းကြီး ဝင်သွားပြီ။ စာထဲမှာ ရေးထားတာက-
“အစ်ကို..
ကျေးဇူးပြုပြီး.. ကျွန်မကို ကူညီပါ။
– နှင်း”
+++
(ဆက်ရန်)