———————–
[လွန်ခဲ့သော နှစ်ဆယ့်လေးနှစ်]
(၁)
“ကိုကြီး.. ဖေဖေ ငိုနေပြန်ပြီ”
အခန်းထဲကို လှမ်းဝင်၊ ကျောင်းလွယ်အိတ်ကို ပခုံးကနေ မဖြုတ်ရသေးခင်မှာပဲ.. သက်ထူးရဲ့ လက်ကို အသာဆွဲပြီး ပြောလိုက်တဲ့ မေမော့် စကားသံ။
သက်ထူးတို့ရဲ့ အိမ်ခန်းလေးက ညနေ မစောင်းသေးတာတောင်.. အလင်း သိပ်မရတော့ဘဲ မှိုင်းမှောင်နေတယ်။ တစ်ခုတည်းသော တံခါးပေါက်ကနေ ဝင်လာတဲ့ နေရောင်ကလည်း အခန်းကို ဖြန့်ကျက် လင်းမပေးဘဲ ဟောင်းနွမ်းယိုင်နဲ့နေတဲ့ ကြမ်းပြင်မှာ အလင်း တစ်ကွက်သာသာ။
“ကိုကြီး..”.. မေမော်က ထပ်ခေါ်တယ်။
သက်ထူး လွယ်အိတ်ကို နံရံမှာ ချိတ်တယ်။ မေမော့်ရှေ့မှာ ဒူးထောက်ထိုင်လိုက်တယ်။ အသက် ၉ နှစ်တောင် မပြည့်သေးတဲ့ သူ့ညီမလေး မေမော့်မျက်နှာမှာ ကလေးဆန်တဲ့ လတ်ဆတ်မှု မတွေ့ရဘူး။ နွမ်းနယ်နေတဲ့ မျက်လုံးတွေ၊ စိတ်ပျက်လက်ပျက် အောက်စိုက်ကျနေတဲ့ ပခုံးသေးသေးလေးတွေ..။
“ညီမလေး။ ဘာလို့ အစောကြီး ပြန်ရောက်နေတာလဲ။ ဒီနေ့ ကျောင်းမသွားဘူးလား”.. သက်ထူး မေးလိုက်တယ်။
မေမော်က ခေါင်းခါတယ်။
“ဖေဖေက မနက်ကတည်းက အဲဒီလိုကြီးပဲ ထိုင်နေတာ။ မေမော့်ကို ဘာမှလည်း လုပ်မပေးဘူး။ ကိုကြီးနဲ့ အတူတူ တစ်ကျောင်းတည်း တက်လို့ မရဘူးလား။ ဖေဖေနဲ့ဆို ဘယ်တော့မှ ကျောင်းကို ရောက်တော့ဘူး”.. မေမော်က နှုတ်ခမ်းစူရင်း ပြောတယ်။
“အင်း.. အစ်ကို သွားကြည့်လိုက်မယ်။ မေမော် ဗိုက်ဆာနေပြီလား။ ဘာစားထားလဲ။ ထမင်း ပြင်ပေးရမလား”.. မေမော့် ပခုံးကို အသာ လှမ်းကိုင်ရင်း သက်ထူး ပြောလိုက်တယ်။ သက်ထူးက ၁၃ နှစ် ပြည့်ခါစ ဆိုပေမယ့် လူပျိုဖော်ဝင်တော့မလို အရပ်က ထိုးထောင်နေပြီ။ မေမော်က သက်ထူးကို အားကိုးတကြီး မျက်လုံးနဲ့ ကြည့်နေတယ်။
“ဟင့်အင်း မဆာပါဘူး။ မေမော့်ကို ဖေဖေက စကားမပြောဘူး။ သွားပြောရင်လည်း ခေါင်းပဲ ခါနေတယ်။ ကိုကြီး ပြောပေးပါဦး။ အရမ်းတွေ ငိုနေတာ”..မေမော်..ပြောရင်းနဲ့ မျက်ရည်ဝဲလာတယ်။ ကျလာတော့မယ့် မျက်ရည်စကို တားသလို.. မျက်လုံးထောင့်ကို လက်ဖမိုးနဲ့ သုတ်တယ်။
“အေးပါ.. သွား.. ဟိုမှာ ထိုင်ပြီး စာဖတ်နေ။ အစ်ကို ပြန်လာခဲ့မယ်”.. သက်ထူး ပြောရင်းနဲ့ အိမ်ရှေ့ ၀ရန်တာဘက်ကို ထွက်လာလိုက်တယ်။
(၂)
သက်ထူးတို့ ရှစ်လွှာ တိုက်ခန်းရဲ့ ၀ရန်တာလေးက အင်မတန် ကျဉ်းပါတယ်။ နံရံနဲ့ လက်တန်းကြားမှာ လူတစ်ယောက် မတ်တပ်ရပ်လို့ ရရုံသာသာ။ အဖေက အဲဒီ ဧရိယာလေးမှာ ခုံပုလေးနဲ့ မရမက ထိုင်နေတယ်။ အဖေ့လက်ထဲမှာ အရည်ကြည်ကြည်တွေ ထည့်ထားတဲ့ ဖန်ပုလင်း ညစ်နောက်နောက် တစ်လုံး။
သက်ထူး ထွက်လာတော့ အဖေက တစ်ချက် မော့ကြည့်တယ်။ စိုရွှဲနီရဲနေတဲ့ မျက်လုံးတွေက သက်ထူးကို မြင်မှမြင်ရဲ့လား မသေချာ။ အဖေက ခေါင်းခါတယ်။ ဆံပင်ညိုညစ်ညစ်တွေကို လက်နဲ့ ထိုးဖွတယ်။ လက်ထဲက ပုလင်းကို ပါးစပ်မှာတေ့၊ တစ်ငုံ ကျိုက်ချတယ်။ ခဏကြာတော့ ပခုံးတွေ တဆတ်ဆတ် တုန်ပြီး ဟီးခနဲ ငိုချလိုက်တယ်။
“ဘာဖြစ်ပြန်ပြီလဲ အဖေ”.. ၀ရန်တာရဲ့ ဒီဘက်ခြမ်းမှာ မတ်တပ်ရပ်ရင်း.. သက်ထူး မေးလိုက်တယ်။
အဖေက ဘာမှ ပြန်မဖြေဘူး။ စီးကျနေတဲ့ မျက်ရည်တွေကို သုတ်တယ်။ အရက်ကို နောက်တစ်ငုံ ထပ်သောက်တယ်။
ညနေခင်း ဆိုပေမယ့် နေရှိန်ပြင်းတယ်။ သက်ထူး ကိုင်ထားတဲ့ သံချေးအထပ်ထပ်နဲ့ ၀ရန်တာ လက်တန်းက ပူချစ်နေတယ်။ သက်ထူးတို့ နေတဲ့ လမ်းက ချောင်ကျတယ်။ ကားတစ်စီး ဝင်ရရုံသာသာ၊ လမ်းကျဉ်းတယ်။ အောက်ကို ငုံ့ကြည့်လိုက်တော့ ဖွေးဖွေးဖြူနေတဲ့ ကျောင်းဝတ်စုံတွေ..။ ကျောင်းကပြန်လာကြတဲ့ ကလေးတွေရဲ့ ရယ်သံ၊ အော်သံတွေ.. အထပ်မြင့်အထိ လွင့်ပျံလာတယ်။
“အဖေ ဒီလို ဆက်သောက်နေမယ်ဆိုရင် နောက်ရက် ကျွန်တော် ကျောင်းမသွားတော့ဘူး။ မေမော့်ကို ကျွန်တော် ကျောင်းပို့မယ်။ ကြိုမယ်။ ရတယ်”
အဖေက ငိုနေရာကနေ ရုတ်တရက် ရပ်သွားတယ်။ သက်ထူးကို မော့ကြည့်တယ်။ ဟက်ခနဲ တစ်ချက် ရယ်တယ်။ လက်ထဲက ပုလင်းကို ကြမ်းပြင်ပေါ် ဒေါက်ခနဲ ဆောင့်ချလိုက်တယ်။
“လေသံကတော့ အမေနဲ့ တစ်ထပ်တည်းပါလား ဟေ့ကောင်..။ တယ်ဟုတ်ပါလား”.. အဖေက လှောင်ရယ်သံနဲ့ ပြောရင်း မျက်ရည်တွေကို သုတ်တယ်။ ထိုင်နေရာကနေ ဒယိမ်းဒယိုင်နဲ့ မတ်တပ်ရပ်တယ်။ လျော့တွဲနေတဲ့ ပုဆိုးကို ဖြန့်ပြီး ပြန်ဝတ်တယ်။
သက်ထူး ဘာမှ ပြန်မပြောဘူး။ ပုဆိုးပြင်ဝတ်နေတဲ့ အဖေ့ကို ဒီအတိုင်း စိုက်ကြည့်နေတယ်။
“မင်းလည်း မင်းအမေနောက်ကို လိုက်သွားမလား။ သွား..”..အဖေက ပြောရင်းနဲ့ ဘေးကို တစ်ချက် ယိုင်သွားပြီး ၀ရန်တာနဲ့ နံကြားနဲ့ အင့်ခနဲ ဆောင့်မိတယ်။ သက်ထူး ဖမ်းထိန်းပေးမယ်လုပ်တော့ အဖေက သက်ထူးလက်ကို ဖတ်ခနဲ ပုတ်ထုတ်လိုက်တယ်။
“ငါ့သမီးကို ငါကိုယ်တိုင် ကျောင်းပို့နိုင်တယ်ကွ။ နားလည်လား။ မင်း ဆရာလုပ်စရာ မလိုဘူး။ ငါ့ကို အဲဒီလို လေသံနဲ့ လာမပြောနဲ့”
“အဖေ ဒီနေ့ မေမော့်ကို ကျောင်းမပို့ဘူး။ မနက်ဖြန်ရော လိုက်ပို့မှာလား။ သတိရမှာလား”.. သက်ထူး မေးလိုက်တယ်။
အဖေက စကားရှာမရသလို ခဏ တွေသွားပြီး သက်ထူးကို စိုက်ကြည့်နေတယ်။ ပြီးမှ-
“ကာစမ်း”
သက်ထူး သက်ပြင်းချလိုက်တယ်။ ခေါင်းခါတယ်။ လှည့်ထွက်ဖို့ ပြင်တယ်။
“မျိုးသက်ထူး။ ကာ..လို့ မင်းကို ငါ ပြောနေတယ်”
သက်ထူး ဆတ်ခနဲ ဖြစ်သွားတယ်။ အိမ်ထဲကို ပြန်ဝင်မယ့် ခြေလှမ်း ရပ်သွားတယ်။
“ကျွန်တော့်ကို အဲဒီနာမည် မခေါ်နဲ့”.. သက်ထူး ပြောလိုက်တယ်။
အဖေက သဘောကျသွားသလို မျက်ရည်တွေကြားကနေ တဟက်ဟက် ရယ်တယ်။
“ခေါ်တယ်ကွာ။ ဘာဖြစ်လဲ။ မအေတူသားမို့ မင်းအမေနာမည် တပ်ခေါ်တယ်ကွာ။ မကျေနပ်ဘူးလား။ မကျေနပ်ရင် ကာစမ်း”
သက်ထူး စိတ်လျှော့လိုက်တယ်။ လက်နှစ်ဖက်ကို မျက်နှာရှေ့မှာ ကာလိုက်တယ်။
အဖေ့ ညာလက်သီး.. သက်ထူး မျက်နှာဆီကို အရှိန်နဲ့ ပြေးဝင်လာတယ်။ သက်ထူး ဘယ်လက်နဲ့ ပုတ်ချတယ်။ ပြီးတာနဲ့ ဘယ်လက်သီး ဝင်လာတယ်။ သက်ထူးရဲ့ ညာလက်ဖျံက အဖေ့လက်ကောက်ဝတ်ကို ကွက်တိ ဝင်တိုးတယ်။ လမ်းကြောင်းလွဲသွားအောင် တွန်းထုတ်တယ်။ ပြီးတာနဲ့ ဆက်တိုက် ဆက်တိုက် တိုးဝင်လာတဲ့ ဖြောင့်လက်သီး နှစ်လုံးကို သက်ထူး ငုံ့ရှောင်တယ်။ ၀ရန်တာ ကျဉ်းကျဉ်းလေးပေမယ့် သက်ထူးရဲ့ ညာ နောက်ခြေက မြဲတယ်။ မရမ်းဘူး။ မခါဘူး။ မူးနေတဲ့ အဖေ့ လက်သီးတွေက ရမ်းခါနေတယ်။ လမ်းကြောင်း မမှန်ဘူး။
“ထိုးလေ။ ပြန်ထိုးလေ။ ဘာလုပ်နေတာလဲ”.. အဖေက အော်တယ်။.. “ငါ့ကို ထိုးစမ်းပါ။ မင်း ယောကျ်ား မဟုတ်ဘူးလား။ ရော့ ဒီမှာ.. ပင့်လက်သီး။ ဒီမှာ ထောက်လက်သီး။ ဒီမှာ ခရော့စ်..။ ဟောဒါက ဟေးမိတ်ကာ။ ထိတာနဲ့ မီးပွင့်သွားမယ်”
သက်ထူး ဘာမှ ပြန်မပြောဘူး။ အဆက်မပြတ် ပစ်ဝင်လာတဲ့ လက်သီးချက်တွေကို သတိနဲ့ ရှောင်နေတယ်။ အဖေက မူးနေပေမယ့် သူ့လက်သီး တစ်ချက် မိသွားရင် ချက်ခြင်း နောက်ကောက်ကျသွားနိုင်တယ်။ သွားကျွတ်သွားနိုင်တယ်။ ဒီလက်သီးချက်တွေကြောင့် သက်ထူး သတိလစ်ပြီးပြီ။ သွားကျိုးပြီးပြီ။ နှုတ်ခမ်းတွေ ကွဲပြဲ ပြီးပြီ။ ကျောင်းက ဆရာ/ဆရာမတွေ မေးရင်.. ချော်လဲတာပါ၊ တံခါးနဲ့ ဆောင့်မိတာပါ..ဆိုပြီး အကြိမ်ကြိမ် ညာခဲ့ရပြီးပြီ။
ခါးစောင်းနေရာကို ပြေးဝင်လာတဲ့ လက်သီးတစ်လုံးကို သက်ထူး နောက်ဆုတ်ပြီး ရှောင်လိုက်တယ်။ အဖေ အရှိန်မထိန်းနိုင်ဘဲ ဒူးထောက်လဲသွားတယ်။ ဆဲဆိုနေတဲ့ အဖေ့ပါးစပ်က အရက်နံ့တွေ ထောင်းထောင်း ထနေတယ်။
“တော်တော့ အဖေ”.. သက်ထူး ပြောလိုက်တယ်။ အဖေ့ကို ဆွဲထူဖို့ လက်ကမ်းပေးလိုက်တယ်။
အဖေက သက်ထူးရဲ့ လက်ကို ပုတ်ထုတ်တယ်။ သူ့ဘာသာသူ ထဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘဲ ပြန်လဲကျသွားတယ်။
သက်ထူး အဖေ့ရှေ့မှာ ဒူးထောက်ထိုင်လိုက်တယ်။
“အမေ မကောင်းတာနဲ့ ကျွန်တော်တို့ နှစ်ယောက်ကိုတော့ ဆွဲမထည့်ပါနဲ့ အဖေ”..သက်ထူး ပြောလိုက်တယ်။ သူ့လေသံက အရွယ်နဲ့ မလိုက်အောင် အေးပြီး ငြိမ်နေတယ်။.. “ကျွန်တော့်ကို မကြည့်ရင်တောင် မေမော့်ကို သနားပါ”
အဖေက ရှိုက်ကြီးတငင် ငိုတယ်။ သက်ထူးကို မကြည့်ရဲသလို သူ့မျက်နှာသူ လက်ဝါးနှစ်ဖက်နဲ့ အုပ်ထားတယ်။ အဖေ့လက်ချောင်းတွေက အကြော အပြိုင်းပြိုင်းထပြီး ပိန်လှီနေတယ်။ အဖေ့ လက်ဖျံမှာ ထိုးထားတဲ့ မျိုး+ထူး ဆိုတဲ့ အသည်းပုံ ဆေးမင်ရုပ်က အရည်အသွေးမကောင်း၊ မှိန်ပြီး ကောက်ကြောင်းတွေ ထူပျံ့နေပြီ။
(၂)
“မေမေက ပြန်မလာတော့ဘူးလားဟင်.. ကိုကြီး”
မအိပ်ခင်မှာ မေမော်က သက်ထူးကို မေးတယ်။ စောင်ပါးပါးကို မေးထိအောင် ခြုံထားတဲ့ မေမော့်ပုံစံက သက်ထူးရဲ့ ညီမလို့ မထင်ရလောက်အောင် ဖြူဖြူ သေးသေးလေး ဖြစ်နေတယ်။ မောင်နှမ နှစ်ယောက်က ပုံစံချင်း တခြားစီ။ သက်ထူးက ညိုညို မြင့်မြင့်။ မေမော်က သေးသေးဖြူဖြူ။
“မလာတော့ဘူး”.. သက်ထူး ပြန်ဖြေလိုက်တယ်။ အိပ်ခန်းရယ်လို့ မည်မည်ရရ မရှိတဲ့ ဒီတိုက်ခန်းကျဉ်းထဲမှာ သားအဖ သုံးယောက်အတွက် နေရာ မလောက်ချင်ဘူး။ အဖေက အခန်း ဟိုဘက်ထောင့်မှာ ဖျာတစ်ချပ်နဲ့ အိပ်တယ်။ အခန်းရဲ့ တစ်ခုတည်းသော ကုတင်က မေမော့် အတွက်။ သက်ထူးက မေမော့် ကုတင်ဘေးက ကြမ်းပြင်မှာ မွေ့ရာပါးပါးနဲ့ အိပ်တယ်။ မေမော် အရွယ်ရောက်လာရင်တော့ ဒီတိုက်ခန်းနဲ့ ဘယ်လို ဆက်နေမလဲ.. သက်ထူး တွေးမိတယ်။
အဖေ့ဆီက ဟောက်သံ တခေါခေါ ထွက်နေတယ်။ ညနေကတည်းက မူးပြီး အိပ်ပျော်သွားတာ အခုထိ ပြန်မနိုးသေး။ မနက်ကျရင် အရက်နာကျတယ်ဆိုပြီး ထပ်သောက်ဦးမယ်။ ဒီသံသရာကို သက်ထူး ကြိုသိနေပြီ။ နားလည်နေပြီ။
“ဘာလို့လဲဟင်”..မေမော်က ထပ်မေးတယ်။
“အာ.. ငါ မသိဘူးဟာ.. နင် အိပ်တော့”.. သက်ထူးပြောလိုက်တယ်။
နင်နဲ့ငါနဲ့ ပြောမိပြီ ဆိုတာနဲ့ မေမော့်မျက်နှာက ချက်ခြင်း ငယ်သွားတတ်တယ်။ အခုလည်း ငိုတော့မလို ဖြစ်နေပြီ။
“မေမော်ကလည်း။ အစ်ကို တကယ်မသိလို့ ပြောတာ”.. သက်ထူး ခပ်သွက်သွက် ချော့လိုက်တယ်။
“မေမော်ကတော့ မေမေ့ကို မမြင်ဖူးဘူးလေ။ အဲတော့ ဘာမှ မဖြစ်ဘူး။ ဖေဖေက အရမ်းတွေ လွမ်းနေလို့ မေးတာ။ ကိုကြီးရော မလွမ်းဘူးလား”
သက်ထူး ခေါင်းခါလိုက်တယ်။ တကယ်က ညာတာ။ သူ အမေ့ကို သတိရတယ်။ ဒီလို လုပ်ရက်နိုင်လွန်းတာကိုတော့ အံ့ဩတယ်။ နှစ်တွေ ကြာသွားပေမယ့် သက်ထူး အမေ့ မျက်နှာကို ဘယ်တော့မှ မေ့မယ် မထင်ဘူး။ အရပ်ရှည်ရှည်၊ အသားညိုညို၊ ဆံပင် နက်နက်တွေနဲ့ အမေက သိပ်ချောတယ်။ တိုတိုတုတ်တုတ် အဖေနဲ့ ယှဉ်လိုက်ရင် လင်မယားလို့ ယုံတောင် မယုံကြဘူး။
“ဖေဖေက ရုပ်ဆိုးလို့ နေမှာပေါ့နော်”..မေမော်က လေသံတိုးတိုးလေးနဲ့ မေးတယ်။ အိပ်နေတဲ့ သူ့အဖေ ကြားသွားမှာစိုးသလို ဟိုဘက်ကို တစ်ချက် လှမ်းကြည့်လိုက်သေးတယ်။
“တော်တော့ဆို။ အိပ်တော့။ ဘာတွေ လျှောက်မေးနေတာလဲ”
“အင်းလေ..ရုပ်ဆိုးလို့ မေမေက သူများနောက် ပါသွားတာပေါ့။ ဟုတ်ဘူးလား”
“မေမော်ရေ။ အိပ်ပါတော့။ တောင်းပန်ပါတယ်။ ဒီနေ့ ကျောင်းမသွားရလို့ ပျော်နေတယ် မဟုတ်လား။ မညာနဲ့။ အဖေ ကျောင်းလိုက်မပို့တိုင်း မေမော် ကြိတ်ပြီး ဝမ်းသာနေတာ။ အစ်ကို သိတယ်”.. သက်ထူး စကားလမ်းကြောင်း လွှဲလိုက်တယ်။
“အယ်.. မပျော်ပါဘူး။ လျှောက်ပြော”
“မနက်ဖြန်ကျရင် မေမော့်ကို အရင် လိုက်ပို့မယ်။ ပြီးမှ အစ်ကို ကျောင်းသွားမယ်။ ပြန်ရင်လည်း ဝင်ကြိုမယ်။ ကျောင်းက ဆရာမခန်းထဲမှာ စောင့်နေနော်”.. သက်ထူး ပြောလိုက်တယ်။ ဒီဘက်လှည့်ပြီး အိပ်ဖို့ ပြင်တယ်။
“ကိုကြီး ကျောင်းနဲ့ မေမော့်ကျောင်း အဝေးကြီးကို။ လမ်း အကြာကြီး လျှောက်နေရမှာပေါ့”..မေမော်က စောဒကတက်ရင်း ဝါးခနဲ တစ်ချက်သမ်းတယ်။
“မေမော်”
“ဟုတ်”
“အိပ်တော့”
“ဟုတ်”
သက်ထူး ပြုံးလိုက်တယ်။ သူ ဒီလို ပြောလိုက်ရင်တော့ မေမော်က ချက်ခြင်း နားထောင်တယ်။ ဘာမှ ဆက်မမေးတော့ဘဲ ခဏကြာတော့ အိပ်ပျော်သွားတယ်။
သက်ထူးဆိုတဲ့ ကောင်လေးကတော့ ညသန်းခေါင်အထိ မအိပ်နိုင်သေး။
+++
+++
ယနေ့
(၁)
သက်ထူးအတွက် ၃ ရက်ဟာ ၃ နှစ်လောက် ကြာနေတယ်။ ပုံမှန် လုပ်နေကျ အလုပ်တွေက အရင်ထက် ခက်ခဲ လေးလံနေတယ်။ အမြဲ ဖျတ်လတ်နေတဲ့ သတိအာရုံဟာ ဒီနေရာရောက်တော့မှ အသွားတုံးသွားတဲ့ ဓားဟောင်းတစ်ခုလို ထူပြီး ထုံနေတယ်။
နှင်းနဲ့ ထိပ်တိုက်တွေ့၊ စကားလေးငါးခွန်း ပြောလိုက်ရုံနဲ့ ဒီလောက် ပျက်ယွင်းသွားတဲ့ သူ့ရဲ့ စိတ်ဓာတ်ကို သက်ထူး မကျေနပ်ဘူး။ နှင်း ပါးစပ်က ထွက်လာတဲ့ မေမော့် နာမည်ကို ကြားလိုက်ရတဲ့ အချိန်ဟာ သက်ထူးရဲ့ မကျက်သေးတဲ့ အနာကို အားနဲ့ ဆွဲဖြဲလိုက်သလို စူးနင့်သွားစေတယ်။ မှုန်ဝါးစပြုနေတဲ့ အတိတ်ကို ပြန်လည် ကြည်လင် ခြောက်ခြားလာစေတယ်။ ကိုယ်ခန္ဓာ မာကျောသန်မာအောင် ဘယ်လောက်ပဲ လေ့ကျင့်ထားပေမယ့် စိတ်ဆိုတဲ့ အရာကတော့ ဖမ်းမရတဲ့ မီးခိုးငွေ့တန်းလို လွင့်ပါးနေတုန်းပဲ။ စကားလုံးတွေရဲ့ ထိုးဖောက် မွှေနှောက်မှုကို ခံနိုင်ရည်မရှိ ပုံပျက် နာကျင်နေတုန်းပဲ။
ဒီသုံးရက် အတွင်းမှာ နှင်းနဲ့ ထပ်မတွေ့ဖြစ်တာကိုပဲ သက်ထူး ကျိတ်ပြီး ကျေးဇူးတင်နေမိတယ်။
လုပ်စရာရှိတာတွေကိုတော့ သက်ထူး ဆက်တိုက် လုပ်နေပါတယ်။ ခြံဝင်းကို အခေါက်ပေါင်းများစွာ ပတ်ကြည့်ပြီးပြီ။ ကင်မရာတွေရဲ့ အနေအထား၊ အရည်အသွေးကို စစ်ပြီးပြီ။ လူဝင်လူထွက် လုပ်လို့ရတဲ့ ဝင်ပေါက် ထွက်ပေါက် မှန်သမျှကို စစ်ဆေးပြီးပြီ။ ဦးခန့်နဲ့ တိုက်ရိုက် ပတ်သက် ဆက်စပ်ဖူးတဲ့ သံသယ ဖြစ်စရာ လူတွေရဲ့ အကြောင်းကိုလည်း တတ်နိုင်သလောက် လေ့လာပြီးပြီ။ ခြံဝင်းထဲက ဝန်ထမ်းတွေက တတ်နိုင်သလောက် သက်ထူးကို ကူညီတယ်။ သက်ထူး ဘာမှ မမေးရသေးခင်မှာ အဖြေတွေ ပေးဖို့ ကြိုးစားတယ်။ ဒါပေမယ့် သူတို့ကို သက်ထူး မယုံဘူး။ ဒါ ကိုယ်ရေးကိုယ်တာ မပါဘူး။ ဒီလို ဖြစ်ရပ်မျိုး တော်တော်များများဟာ နောက်ဆုံးမှာ အတွင်းလူ လက်ချက် ဖြစ်နေတတ်တယ်။ ဘယ်သူ့ကိုမှ မယုံတတ်တဲ့ အကျင့်ဟာ သက်ထူးတို့ အလုပ်အတွက် တစ်နည်းတစ်ဖုံတော့ အသုံးဝင်နေတယ်။
သူရစိုး ဆိုတဲ့ ဦးခန့်ရဲ့ လူယုံကတော့ သက်ထူးနဲ့ တွေ့တိုင်း မျက်နှာမည်းကြီးနဲ့ ရှန့်တန့်တန့် ဖြစ်နေသေးတယ်။ မနေ့က CCTV ထိန်းချုပ်ခန်းထဲကို သက်ထူးကို လိုက်ပြတယ်။ သက်ထူး မေးတာတွေကို ပြန်ဖြေတဲ့ သူ့လေသံက မာဆတ်ဆတ် ဖြစ်နေတုန်းပဲ။ ကင်မရာတွေထဲမှာ ခြံတစ်ခြံလုံး နီးပါးကို အကွက်စေ့ မြင်နေရတယ်။ ဘယ်လိုပဲ ကင်မရာတွေ တပ်ထားပေမယ့် မြင်ကွင်းထဲ မပေါ်တဲ့ ဆိတ်ကွယ်ရာတွေတော့ ကျန်နေဦးမှာပဲ။ အိမ်ထဲမှာက အဝင်၀က လွဲရင် ကင်မရာ မရှိဘူး။
နောက်ထပ် ခြိမ်းခြောက်စာတစ်စောင် ထပ်ရောက်မလာသေးသရွေ့ သက်ထူးမှာ လုပ်စရာ မည်မည်ရရ မကျန်ဘူး။ အိမ်ထဲကို သေချာ ဝင်ကြည့်ဖို့ တစ်ခုပဲ ကျန်တော့တယ်။ ဦးခန့်နဲ့ နှင်းက မနက်ကတည်းက ကားနဲ့ အပြင်ထွက်သွားတယ်။ အိမ်သော့ကို ကိုမျိုး လက်ထဲ အပ်ခဲ့တယ်။ စိတ်ချလက်ချ စစ်ပါ၊ ကြည့်ပေးပါတဲ့ ဦးခန့်က ကိုမျိုးကို သေချာ မှာသွားတယ်။ ကားပေါ်မှာ ထိုင်နေတဲ့ နှင်းမြတ်နိုင်ဦးက သက်ထူးဘက်ကို တစ်ချက်လှမ်းကြည့်ပြီး ခပ်ယဲ့ယဲ့ ပြုံးပြတယ်။ သက်ထူး မျက်နှာတည်နဲ့ ပြန်ကြည့်နေတော့ နှင်း ဟိုဘက်ကို လှည့်သွားတယ်။
အခု ဦးခန့် အိမ်ရဲ့ ဧည့်ခန်းထဲမှာ သက်ထူး ရောက်နေတယ်။
တံခါးမရှိ ဓားမရှိ ဝင်ထွက်ခွင့် ပေးထားပေမယ့် ဒီ အိမ်ထဲကို သက်ထူး မလိုအပ်ဘဲ ခြေမချချင်ဘူး။ သဝန်တိုစိတ်၊ မနာလိုစိတ်တွေ သက်ထူးမှာ မရှိပါဘူး။ ဦးခန့် ဆိုတဲ့ သူကိုလည်း ထွေထွေထူးထူး စိတ်ထဲ ထည့်မထားဘူး။ ဒါဟာ နှင်းရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပဲ။ တရားဝင် ကွာရှင်းပြီးသား မိန်းကလေးတစ်ယောက်။ သူနဲ့ မဆိုင်၊ သူ မပိုင်တော့တဲ့ သူ။
ဒါပေမယ့် ဒီ အိမ်ထဲကို ဝင်လိုက်တဲ့ အခါ ခံစားရတဲ့ ခံစားချက်ကို သက်ထူး မကြိုက်ဘူး။ တည်ငြိမ် အသားကျနေတဲ့ သူတစ်ပါးရဲ့ ဘ၀ဟာ သက်ထူးလို လေလွင့်လူထက် တစ်ဆင့် သာနေတယ်။ အခန်း ပတ်ပတ်လည်မှာ ချိတ်ထားတဲ့ ဓာတ်ပုံတွေ၊ အမှတ်တရ ဆုတံဆိပ်တွေ.. ဒါတွေဟာ သက်ထူးလို လူမျိုးနဲ့ မဆိုင်၊ မပတ်သက်တဲ့ အရာတွေ။ တစ်နေရာတည်းမှာ ကျောက်ချငြိမ်သက်ခွင့်ရတဲ့ မိသားစု ဘ၀တွေ။ သက်ထူး.. တစ်ချိန်က ခေတ္တခဏ ပိုင်ဆိုင်ခွင့်ရလိုက်တဲ့ ငြိမ်သက်မှုကို ပြန်လွမ်းစေတယ်။ ဆုံးရှုံးသွားတဲ့ အရာတွေကို သတိရစေတယ်။
“ငါ အပေါ်ထပ်ကို သွားကြည့်လိုက်မယ်။ မင်း အောက်ထပ် အခန်းတွေကို စစ်လိုက်”.. ဘေးက လိုက်ဝင်လာတဲ့ ကိုမျိုးက ပြောတယ်။ ကိုမျိုးက အပေါ်ထပ်ကို သက်ထူး မတက်ချင်မှန်း အလိုလို သိနေသလိုပဲ။
“ရပါတယ်။ ကျွန်တော် လိုက်ကြည့်ပါ့မယ်။ အလုပ်လုပ်နေတာပဲ။ ဘာမှ မဖြစ်ဘူး”.. သက်ထူး ပြောလိုက်တယ်။
“ဒီနေ့ တစ်ရက်တော့ ထပ်ပြီး စောင့်ပေးလိုက်ပါကွာ။ ဘာမှ မဖြစ်ဘူး၊ မတွေ့ဘူး ဆိုရင်လည်း မနက်ဖြန် အလုပ်သိမ်းတာပေါ့။ ဟုတ်တယ် မဟုတ်လား။ သုံးလေးရက်လောက် စောင့်ပေးလိုက်တော့ သူတို့လည်း စိတ်ချမ်းသာသွားတာပေါ့”.. လှေကားကို တက်နေရင်း ကိုမျိုးက ပြောတယ်။
“အင်း”
(၂)
အပေါ်ထပ်က အခန်းတွေက အောက်ထပ်ထက်တောင် ပိုကျယ်နေသလို ထင်ရတယ်။ ချမ်းသာတဲ့ အိမ်တွေနဲ့ ဆင်းရဲတဲ့ အိမ်တွေ ကွာခြားမှုမှာ သိသာတာ တစ်ခုရှိတယ်။ အဲဒါက ဘာမှ မရှိတဲ့ ဟင်းလင်းနေရာတွေပဲ။ လူသုံးလေးယောက် ကျပ်သိပ် တိုးဝှေ့နေရတဲ့ အခန်းကျဉ်းထဲမှာ ကြီးပြင်းလာရတဲ့ သက်ထူးတို့လို လူတွေအတွက် ဗလာနေရာဆိုတာ တန်ဖိုးကြီး အရာတစ်ခုပဲလေ။ သက်ထူး လှည့်ပတ် နေနေရတဲ့ ဟိုတယ်ခန်းတွေ၊ တည်းခိုခန်းတွေဆိုတာလည်း ကျောတစ်ခင်း သာသာ။
အခု အပေါ်ထပ် ပေ ၄၀ / ၆၀ လောက် ကျယ်တဲ့ အခန်းကျယ်ထဲမှာ စားပွဲတစ်လုံး၊ ထိုင်ခုံ ၄ လုံးကလွဲရင် ဘာပရိဘောဂမှ မည်မည်ရရ မရှိဘူး။ ကြမ်းခင်းကျောက်ပြားက အထပ်ထပ် တိုက်ထားတော့ ပြောင်လက်နေတယ်။ မှန်အပြည့်နဲ့ ပြတင်းပေါက်ရှည်တွေက နေရောင် အပြည့်ပေးနေတယ်။
သက်ထူး အိပ်ခန်း တံခါးကို ဖွင့်ဝင်လိုက်တယ်။ ကိုမျိုးက အနောက်ကနေ ဘာမှ မပြောဘဲ ခပ်ဆိတ်ဆိတ်နေရင်း လိုက်ဝင်လာတယ်။ အိပ်ခန်းကလည်း ခပ်ရှင်းရှင်းပါပဲ။ နှစ်ယောက်အိပ် ကုတင် တစ်လုံးရယ်၊ အဝတ်ဘီရို နှစ်လုံးရယ်၊ မှန်တင်ခုံ တစ်လုံးရယ်။ ဒါပဲ။ နံရံမှာ ကပ်ထားတဲ့ တီဗွီခပ်ကြီးကြီး တစ်လုံး။ မျဉ်းသုံးလေးကြောင်း ဆွဲထားတဲ့ ပန်းချီကား တစ်ချပ်။ ဒီ အိပ်ခန်းမှာလည်း မှန်ပြတင်းရှည်ကြီးတွေ တပ်ထားတယ်။ ခန်းဆီးက အဖြူ ဆွတ်ဆွတ်။
ပြတင်းတံခါးလက်ကိုင်ကို သက်ထူး လှည့်ကြည့်တယ်။ အထဲကပဲ အပိတ်အဖွင့်ရတဲ့ လက်ကိုင်မျိုး။ ၀ရန်တာမှာ ပန်းအိုး သေးသေးလေး နှစ်လုံး ချထားတယ်။ အပေါ်ကနေ လှမ်းကြည့်လိုက်ရင် ခြံဝင်းရဲ့ အစိတ်အပိုင်း တော်တော်များများကို မြင်ရတယ်။ ဟိုးငယ်ငယ် ၈ လွှာ တိုက်ခန်းမှာ နေခဲ့ရတုန်းက လူနှစ်ယောက် ဖြတ်လျှောက်လို့တောင် မရတဲ့ ၀ရန်တာ စုတ်စုတ် သေးသေးလေးကို သက်ထူး သတိရသွားတယ်။
“နှင်းနဲ့ မင်း စကားပြောဖြစ်သေးလား”.. အိမ်ထဲက ထွက်လာတဲ့ ကိုမျိုးက မေးတယ်။ စီးကရက် တစ်လိပ် ထုတ်ပြီး မီးညှိတယ်။
“အင်း။ ခဏပါပဲ”
“ဦးခန့်နဲ့ရော”
“သေချာ မတွေ့ဖြစ်သေးဘူး။ ကျွန်တော် အလုပ်ရှုပ်နေလို့။ သူလည်း မအားဘူး ထင်တယ်။ မနေ့က ခြံထဲမှာ တွေ့တော့ နှုတ်တော့ နှုတ်ဆက်တယ်”
“အေး။ သဘောကောင်းမယ့် ပုံပါပဲ”.. ကိုမျိုးက ပြောပြီးမှ သက်ထူးကို အားနာသွားသလို မျက်နှာဖြစ်သွားတယ်။.. “ငါပြောတာက သူ ဘာအလုပ်လုပ်သလဲတော့ ငါလည်း သေချာ မသိဘူး။ ကောင်းတဲ့ အလုပ် ဟုတ်ချင်မှ ဟုတ်မယ်။ ငါတို့ အပေါ် ဆက်ဆံတာတော့ သဘောကောင်းတယ်လို့.. အဲဒါ ပြောတာ”
“အင်း”.. သက်ထူး အိပ်ခန်းထဲကို ပြန်ဝင်လာလိုက်တယ်။
(၃)
“ဘယ်လို သဘောရသလဲ”.. အောက်ထပ်ကို ပြန်ရောက်တော့ ကိုမျိုးက မေးတယ်။
“အိမ်ထဲကို ဝင်လို့ရတဲ့ ဝင်ပေါက်တွေ များလွန်းတယ်”.. အခန်းပတ်ပတ်လည်ကို ဝေ့ကြည့်ရင်း သက်ထူး ပြောလိုက်တယ်။ .. “တကယ်သာ ဖောက်ဝင်လာမယ်ဆိုရင် ဘယ်လိုမှ တားလို့ရမှာ မဟုတ်ဘူး။ ပြတင်းပေါက်မှန်တွေ ပါးတယ်။ အဝတ်အုပ်ပြီး ခွဲလိုက်ရင် တစ်ချက်ပဲ”
“အဲဒီတော့..”
“ခြံထဲမှာ လုံခြုံရေးလည်းရှိတယ်။ သူ့လူယုံ ဆိုတဲ့ လူရယ်၊ တပည့်တပန်းတွေရယ်.. ဒါတွေလည်း ရှိနေတယ်။ သူစိမ်းတစ်ယောက် ဝင်လာဖို့ကတော့ မလွယ်ဘူး။ အတွင်းလူ လက်ချက် ဖြစ်နေမှာ တစ်ခုပဲ”
“အေး။ ဟုတ်တယ်။ အတွင်းလူ ဆိုရင်တော့ ငါတို့လည်း ဘာမှ လုပ်ပေးလို့ မရဘူးလေ။ တစ်သက်လုံး စောင့်ပေးနေလို့ ရမှ မရတာ။ ဟုတ်ချင်မှလည်း ဟုတ်မှာပါကွာ။ ခြိမ်းခြောက်စာ ဆိုတာကလည်း ငါတို့ ခဏခဏ တွေ့ဖူးနေတာပဲ။ တကယ်လက်တွေ့ ဖြစ်လာတာ ရှားပါတယ်။ များသောအားဖြင့်တော့ ငွေညှစ်ရုံလောက်နဲ့ ပြီးသွားတာပါပဲ”
“အင်း”..ခေါင်းညိတ်လိုက်ပေမယ့် သက်ထူး စိတ်ထဲမှာ ခြိမ်းခြောက်စာ သုံးစောင်ရဲ့ စာသားတွေက သာမန်နဲ့ မတူ နည်းနည်း ထူးခြားနေတယ်။ ပိုက်ဆံအကြောင်း၊ ငွေညှစ်မယ့် အကြောင်း တစ်ခုမှ မပါဘူး။ ဓာတ်ပုံတွေနဲ့ အဆင့်ဆင့် ခြိမ်းခြောက်တာက ပြဇာတ် ဆန်လွန်း မနေဘူးလား။
“ဒီပီယာနို တစ်ခုတည်းနဲ့တင် သူခိုးရန် တော်တော်ကြောက်ရမယ်ကွ..နော်”.. ကိုမျိုးက ဧည့်ခန်းထောင့်မှာ ချထားတဲ့ စတိန်းဝေး ပီယာနိုဆီကို လျှောက်သွားရင်း ပြောတယ်။ ပီယာနို အဖုံးကို အသာလှန်တယ်။ လက်ချောင်းတွေနဲ့ ဟိုတီး ဒီတီး တီးကြည့်တယ်။.. “သိန်းတစ်ထောင်လောက် ပေးရမယ်ထင်တယ်။ အားပါး..။ ဒါနဲ့ ခြိမ်းခြောက်စာတွေ ထားသွားတာ ဒီပီယာနို လက်ကွက်ပေါ်မှာနော်။ ဟုတ်တယ် မဟုတ်လား”
“အင်း”.. သက်ထူးရဲ့ မျက်လုံးတွေက ဂရန်းပီယာနိုပေါ်မှာ တင်ထားတဲ့ သီချင်းစာအုပ်ဆီ ရောက်သွားတယ်။ ရှိုပင်ရဲ့ သီချင်းတွေချည်း စုထားတဲ့ စာအုပ်။ စာအုပ်က အခေါက်ခေါက်အခါခါ လှန်ထားတော့ အနားတွေတောင် တွန့်နေတယ်။
“နှင်းကို ပီယာနို အတီးသင်ခိုင်းနေတာ။ ဘယ်လိုမှ ဝါသနာ ပါမလာဘူး ဖြစ်နေတာ ညီရေ”..
နောက်ကနေ ထွက်လာတဲ့ ဦးခန့်ရဲ့ အသံ။ ဦးခန့်နဲ့ အတူ အိမ်ထဲကို လိုက်ဝင်လာတဲ့ နှင်း။ လက်ထဲမှာ နာမည်ကြီး အဝတ်အစားတံဆိပ်နဲ့ စက္ကူအိတ်တစ်လုံး။
“ဟုတ်လား။ ကျွန်တော်တောင် အခုပဲ ပြောနေတာ။ ဒီပီယာနို တစ်ခုတည်းနဲ့တင် သူခိုးခိုးမှာ တော်တော် စိတ်ပူရမယ်လို့”.. ကိုမျိုးက ပီယာနို အဖုံးကို ပြန်ပိတ်ရင်း ပြောလိုက်တယ်။
ဦးခန့်က မရယ်ရတဲ့ ဟာသတစ်ခုကို ရယ်ပြသလို.. ခပ်တိုးတိုးရယ်ရင်း အနားကို လျှောက်လာတယ်။ နှင်းက လိုက်မလာဘဲ ခပ်လှမ်းလှမ်းမှာ ကျန်ခဲ့တယ်။ သူ့မျက်လုံးတွေက သက်ထူးကို တစ်ချက်ပဲ လှမ်းကြည့်ပြီး ပြန်လွှဲသွားတယ်။
“နှင်း.. နားချင်ရင် အိမ်ပေါ်မှာ သွားနားလေ။ သူတို့နဲ့ စကားပြောလိုက်ဦးမယ်”.. ဦးခန့်က နှင်းဘက်ကို လှည့်ကြည့်ရင်း ပြောတယ်။ နှင်းက ခေါင်းတစ်ချက် ညိတ်တယ်။ သက်ထူးတို့ကို ပြုံးပြတယ်။ အပေါ်ထပ်ကို တက်သွားတယ်။
“ဘာထူးလဲဗျ”.. ဧည့်ခန်း ထိုင်ခုံမှာ ဝင်ထိုင်ကြရင်း.. ဦးခန့်က မေးတယ်။.. “အစ်ကိုလည်း ဒီရက်ပိုင်း အလုပ်လေး နည်းနည်း ပေါ်လာတော့ အိမ်မှာ မနေဖြစ်ဘူး ဖြစ်နေတယ်။ ညီလေးတို့ကို ခေါ်ထားပြီးမှ တိုက်တိုက်ဆိုင်ဆိုင် အလုပ်ကိစ္စတစ်ခု ပေါ်လာတာ။ ဆောရီးပါ”
“ဟာ..ရပါတယ်။ ဘာမှ မဖြစ်ပါဘူး။ ကျွန်တော်တို့ကို ဝန်ထမ်းတွေက အကုန် ကူညီပေးပါတယ်။ မေးတာတွေလည်း သေချာ ဖြေပေးတယ်လေ။ ဟုတ်တယ် မဟုတ်လား သက်ထူး”.. အခုထိ စကားတစ်ခွန်း မပြော၊ ငြိမ်နေသေးတဲ့ သက်ထူးကို တံတောင်နဲ့ တစ်ချက်တွတ်ရင်း ကိုမျိုးက ပြောတယ်။
“ပြေပါတယ်။ ဒါနဲ့.. ခင်ဗျားတို့က ဘယ်က ပြန်လာတာလဲ”.. သက်ထူး မေးလိုက်တယ်။
သက်ထူးရဲ့ ခင်ဗျား ဆိုတဲ့ အသုံးအနှုန်းကြောင့် မျက်နှာပျက်သွားတဲ့သူက ဦးခန့် မဟုတ်ဘဲ ကိုမျိုး ဖြစ်နေတယ်။ အားနာပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ ကိုမျိုးကို သက်ထူး မမြင်ချင်ယောင် ဆောင်လိုက်တယ်။
“နှင်း စိတ်ညစ်နေမှာစိုးလို့ စိတ်ပြေလက်ပျောက် စျေးဝယ်လိုက်ပို့တာပါ”.. ဦးခန့်က လေသံအေးအေးနဲ့ပဲ ပြန်ဖြေတယ်။.. “ပုံမှန်လည်း တစ်ပတ် တစ်ခါတော့ အပြင်လိုက်ပို့နေကျပဲလေ။ အစ်ကိုက အလုပ်များတော့ အိမ်မှာ မရှိတာ များတယ်။ နှင်းတစ်ယောက်တည်း ပျင်းနေတာပေါ့။ အစ်ကိုတို့မှာ ကလေးလည်းမရှိဘူးလေ။ နှင်း ကိုယ်တိုင်ကိုကလည်း အပြင်တွေဘာတွေ သိပ်မသွားဘူး။ အစ်ကို လိုက်ပို့မှ အပြင်ထွက်တာ။ ဘာဖြစ်လို့ မေးတာလဲ ညီ”
“ကျွန်တော့်ကို အမှန်အတိုင်း မပြောနိုင်ရင် အလုပ် မအပ်တာ အကောင်းဆုံးပဲ”.. သက်ထူး ပြောလိုက်တယ်။
“ဟာ.. သက်ထူး။ ဟေ့ကောင်.. အားနာစရာကွာ။ အစ်ကို.. သူပြောတာကို ဗွေမယူနဲ့။ သက်ထူးက အဲဒီလိုပဲ”.. ကိုမျိုးက ပျာပျာသလဲလဲ ဝင်ကာတယ်။ ဦးခန့်က ကိုမျိုးကို မကြည့်ဘူး။ သက်ထူးကိုပဲ စိုက်ကြည့်နေတယ်။ တစ်ခုခု ပြောတော့မလို ချီတုံချတုံ ဖြစ်နေတယ်။ ခဏကြာမှ..
“ကိုမျိုး။ ကျွန်တော် ဒီညီလေးနဲ့ စကားပြောချင်တယ်။ ခဏ အပြင်ထွက်ပေးလို့ ရမလား”.. ဦးခန့်က ပြောတယ်။
ကိုမျိုးက ကြောင်တောင်တောင်နဲ့ သက်ထူးကို တစ်လှည့်၊ ဦးခန့်ကို တစ်လှည့် ကြည့်နေတယ်။ ခဏကြာတော့ သက်ပြင်းချပြီး.. ထိုင်နေရာက ထ၊ အိမ်ပြင်ကို ထွက်သွားတယ်။
(၄)
ကိုမျိုး ထွက်သွားပြီးတော့.. အခန်းက တော်တော်လေး တိတ်ဆိတ်သွားတယ်။ ဘာမှ မပြောဘဲ စိုက်ကြည့်နေတဲ့ သက်ထူး။ စကားပြောမလို့ ပါးစပ် တပြင်ပြင် လုပ်ရင်း.. ပြန်ငြိမ်သွားတဲ့ ဦးခန့်။ တိတ်ဆိတ်မှုက သုံးမိနစ်လောက်တောင် ကြာမယ်ထင်တယ်။ နောက်ဆုံးမှာ ဦးခန့် လက်လျှော့လိုက်တယ်။ သက်ပြင်းအရှည်ကြီး ချတယ်။
“ကဲ.. ညီလေး ဘာသိချင်သလဲ။ ပြော။ အစ်ကို ပြောလို့ရသလောက် ပြောပြမယ်”
“ခင်ဗျား ပိုက်ဆံတွေ သွားပေးနေတာ ဘယ်သူ့ကိုလဲ”.. သက်ထူး မေးလိုက်တယ်။
ဦးခန့် မျက်နှာက တော်တော်လေး ပြောင်းသွားတယ်။ အံ့ဩခြင်း တစ်ဝက်၊ ဒေါသ တစ်ဝက်။
“ခင်ဗျား မိန်းမ ကိုင်ထားတဲ့ စက္ကူလက်ဆွဲအိတ်က အသွားတုန်းကတည်းက ကားပေါ်မှာ ပါသွားတာ။ အပြန်မှာ အိတ်က ပါးနေတယ်။ ဘာမှ မရှိတော့ဘဲ ပြားချပ်နေတယ်။ အိတ်ကို ကြိုးဆွဲကနေ မကိုင်ဘဲ အ၀ကို ပိတ်ပြီး ကိုင်သွားတာက ပိုက်ဆံ ထည့်ထားမှန်း သိသာနေတယ်”.. သက်ထူးပြောလိုက်တယ်။
“အဲဒါက..”
“ခင်ဗျားတို့ရဲ့ အတွင်းရေးတွေကို ကျွန်တော် စိတ်မဝင်စားဘူး။ အဲ.. ငွေညှစ်တဲ့သူကို ငွေသွားပေးနေတယ်ဆိုရင်တော့ ကျွန်တော့် အလုပ်နဲ့ တိုက်ရိုက် သက်ဆိုင်သွားပြီ။ ကျွန်တော့်ကို နားလှည့် ပါးရိုက်လုပ်တာ ဖြစ်သွားပြီ”
“အာ.. မဟုတ်ဘူး”.. ဦးခန့်က သက်ပြင်းချတယ်။ ခေါင်းခါတယ်။ နောက်ဆုံးမှ ဆုံးဖြတ်လိုက်သလို အံကို ကြိတ်တယ်။.. “ပိုက်ဆံ သွားပေးတယ် ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် ညီ ထင်ထားသလို ငွေညှစ်တဲ့သူကို သွားပေးတာ မဟုတ်ဘူး။ ကိုယ့် အလုပ်ကိစ္စပါ”
“အလုပ်ကိစ္စ ပိုက်ဆံသွားပေးတာ ခင်ဗျား မိန်းမ ခေါ်သွားစရာ လိုလို့လား။ ခင်ဗျား စောစောက ပြောတော့ ခင်ဗျား အမျိုးသမီးက အိမ်မှာပဲ နေတာဆို”
“ဟူး.. ညီလေး။ မင်း ဆက်မမေးတော့ရင် ကောင်းမယ်”.. ဦးခန့်က လေသံ အေးအေးနဲ့ ပြောတယ်။ စောစောကလို သူ့မျက်နှာက ပျက်မနေတော့ဘဲ မာထန်လာတယ်။ အိပ်ရာနိုးလာတဲ့ ကျားတစ်ကောင်လို သူ့မျက်လုံးတွေက စူးရှလာတယ်။ အရောင်တက်လာတယ်။
“ကောင်းပြီလေ။ ဆက်မမေးတော့ဘူး။ အလုပ်လည်း ဆက်မလုပ်နိုင်ဘူး။ ကျွန်တော် သွားမယ်”.. သက်ထူး ပြောလိုက်တယ်။
“သက်ထူး.. သက်ထူး..”.. ဦးခန့်ရဲ့ လေသံက တော်တော် ပြောင်းသွားတယ်။ .. “အစ်ကို့မှာ လျှို့ဝှက်ချက်တွေ ရှိနေသလို.. ညီ့မှာလည်း ဖွက်ထားတဲ့ အကြောင်းအရာတွေ ရှိနေတယ်။ ဟုတ်တယ် မဟုတ်လား”
သက်ထူး ဘာမှ ပြန်မပြောဘူး။
“အစ်ကို့ အိမ်ထဲအထိ ခေါ်ထားတဲ့ သူတစ်ယောက်ရဲ့ နောက်ကြောင်းကို အစ်ကိုက မလေ့လာဘဲ ၊ မသိဘဲ နေမလား။ မင်းစဉ်းစားကြည့်လေ”.. ဦးခန့်က ပြောတယ်။
သက်ထူး ပခုံးတွန့်လိုက်တယ်။
“အစ်ကို့ အမျိုးသမီးနဲ့ မင်းနဲ့ ပတ်သက်ဖူးမှန်း အစ်ကို သိတယ်”.. ဦးခန့်က ဝှက်ဖဲ တစ်ချပ်ကို ထုတ်သုံးလိုက်တဲ့ လေသံမျိုးနဲ့ အပိုင်ပြောချလိုက်တယ်။ သက်ထူး မျက်နှာပျက်သွားမလားဆိုပြီး.. မျှော်လင့်တဲ့ အကြည့်မျိုးနဲ့ လှမ်းကြည့်တယ်။
“အဲဒီတော့ ဘာဖြစ်လဲ”.. သက်ထူး ပြန်မေးလိုက်တယ်။
သက်ထူးရဲ့ တုံ့ပြန်မှုက သူထင်ထားသလို မဟုတ်တော့ ဦးခန့် ကြောင်အအ ဖြစ်သွားတယ်။ စောစောက ကျားမျက်လုံးက အရောင်ပြန်ကျသွားတယ်။ ဇဝေဇဝါ အကြည့်တွေ ပြန်ရောက်လာတယ်။
“ပတ်သက်ဖူးတာတင် မဟုတ်ဘူး။ နှင်းမြတ်နိုင်ဦးနဲ့ ကျွန်တော်နဲ့က လင်မယားဖြစ်ဖူးတယ်။ တရားဝင် ကွာရှင်းထားတယ်။ အဲဒါ ဘာဖြစ်သလဲ”.. သက်ထူး ထပ်မေးလိုက်တယ်။
“ဒါဆို ဘာလို့ ဖုံးထား..”
“ဖုံးထားတာ ကျွန်တော် မဟုတ်ဘူး။ ခင်ဗျားကို တွေ့တာနဲ့ ပြောပြပါ့မယ်လို့ ဝန်ခံကတိလည်း ထိုးမထားဘူး။ နှင်းမြတ်နိုင်ဦးနဲ့ ကျွန်တော်နဲ့ အခု ဘာမှ မဆိုင်ဘူး။ ပြီးတော့ ကျွန်တော့် အလုပ်နဲ့ ဒါနဲ့ ဘာမှ မပတ်သက်ဘူး”.. သက်ထူး ပြောလိုက်တယ်။..“ ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို လိမ်တာကတော့ အလုပ်နဲ့ တိုက်ရိုက် ပတ်သက်နေတယ်။ ဒီ ဘာမဟုတ်တာလေးကိုတောင် အမှန် မပြောနိုင်ရင်.. ခင်ဗျား ပြောတဲ့ ခြိမ်းခြောက်စာ ဆိုတာကလည်း ထွင်လုံး သက်သက်ပဲ။ ခင်ဗျား စီးပွားရေးအတွက် လုပ်ကြံလီဆည်တဲ့ လိမ်ကွက် တစ်ခုပဲ ဖြစ်မယ်”
“ဟာ.. မဟုတ်ဘူး ညီ။ မဟုတ်ဘူး။ အဲဒီစာက တကယ့် အစစ်။ အစ်ကို စိတ်ပူနေ စိတ်ညစ်နေတယ် ဆိုတာကလည်း တကယ်ပါ။ စောစောက ပိုက်ဆံ ကိစ္စ မပြောမိတာကတော့ အစ်ကို့မှာလည်း သိက္ခာဆိုတာရှိသေးတယ်။ နာမည်နဲ့ အလုပ်လုပ်နေရတာ မဟုတ်လား။ တကယ်က.. အစ်ကိုက တစ်ပတ်တစ်ခါ အကြွေးဆပ်နေရတာပါ။ ငွေသား ရသလောက် စုပြီး အကြွေးရှင်ကို သွားပေးနေတာ”
သက်ထူး ဘာမှ ပြန်မပြောဘူး။ ငြိမ်ပြီး နားထောင်နေတယ်။ ဦးခန့်ရဲ့ လေသံက တော်တော် ပြောင်းသွားပြီ။ ကိုယ့်ကိုယ်ကိုယ် အစိုးမရတော့တဲ့၊ စိတ်ပူတဲ့ လေသံ ပြန်ရောက်လာပြီ။
“အဲဒါဆို.. ကျွန်တော့်ကို ပြောပြထားသင့်တယ်လို့ မထင်ဘူးလား။ ခင်ဗျား အခု ကြုံနေတဲ့ ပြဿနာနဲ့ အကြွေး ကိစ္စနဲ့ ပတ်သက်နေတာ မဖြစ်နိုင်ဘူးလား”
ဦးခန့်က သဘောကျသွားသလို ရယ်တယ်။ ဒါပေမယ့် ရယ်သံက အားမပါဘူး။
“အစ်ကို့ အကြွေးရှင်တွေက အဲဒီလို ခြိမ်းခြောက်စာတွေ ပို့နေမှာ မဟုတ်ဘူး ညီလေး။ သူတို့ ဆုံးဖြတ်ပြီးပြီဆိုတာနဲ့ အစ်ကို့နာမည်.. နောက်နေ့ နာရေးသတင်းထဲ ပါလာမှာ”.. ဦးခန့်က ပြောတယ်။ .. “အမှန်အတိုင်း ပြောရရင်.. အစ်ကို့ လုပ်ငန်းက အခြေအနေ မကောင်းတာ ကြာပြီ။ နှစ်ချီနေပြီ..။ ဟန်ကိုယ်ဖို့ ဆိုပြီး နေနေပေမယ့် အတော်လေး ယိုင်နေပြီ။ ဒါပေမယ့်.. အခု အလုပ်အခွင့်အရေး အသစ်တစ်ခုရထားတယ်။ ပြန်ပြီး ဖိလုပ်လိုက်ရင် ခဏလေးအတွင်းမှာ စီးပွားရေးက ပြန်ထောင်လာနိုင်ပါတယ်။ ပြန်အဖတ်ဆယ်လို့ ရနိုင်တယ်..။ အဲဒီ အတောအတွင်းမှာ.. အနှောင့်အယှက် မဖြစ်ဖို့ပဲ..။ ဒါကြောင့် ဒီခြိမ်းခြောက်စာတွေက အစ်ကို့အတွက် ခေါင်းကိုက်စရာ ဖြစ်နေတာ။ ပြီးတော့.. ဒီစာတွေက အစ်ကို တစ်ယောက်တည်းကို မဟုတ်ဘဲ နှင်း..”.. ဦးခန့်က နှင်းရဲ့ နာမည်ကို ပြောရင်း သက်ထူးကို တစ်ချက် အကဲခတ်တယ်။ မတုန်မလှုပ်နားထောင်နေတဲ့ သက်ထူးကို သေချာကြည့်ပြီးမှ ဆက်ပြောတယ်။ .. “နှင်းနဲ့ပါ ပတ်သက်လာတော့ အစ်ကို စိတ်ပူတယ်။ သူက ဘာမှ အပြစ်မရှိဘူး။ ဘာမှ မလုပ်တတ်တဲ့ မိန်းကလေး။ အစ်ကို ခိုင်းသမျှ ကြိုးဆွဲရာ က,နေရတဲ့ သူပါ”
“ဪ”.. သက်ထူး စိတ်ထဲ ရယ်တော့ ရယ်ချင်သွားတယ်။ နှင်းမြတ်နိုင်ဦးက ရုပ်သေးဆရာ အလိုကျ က,ပေးမယ့် အရုပ်မဟုတ်မှန်း သူသိနေတာပဲ။
“ညီလေးကို အစ်ကို အမှန်အတိုင်း ပြောပြီးပြီ။ ဘယ်သူ့မှ ပြောပြမထားတာတွေတောင် ပြောပြလိုက်မိပြီ။ ဒီတော့ အစ်ကိုတို့ကို ကူညီပါ။ အန္တရာယ် မကင်းမချင်း ဒီအိမ်မှာ ဆက်နေပေးပါ။ ဒီဝင်းထဲမှာ စောင့်ရှောက်ပေးပါ”
“ဒီတစ်ရက်တော့ ထပ်နေပေးမယ်လေ။ မနက်ဖြန်ဆိုရင်တော့ ပြန်မယ်။ လိုအပ်ရင် ထပ်ခေါ်လိုက်ပေါ့”.. သက်ထူးရဲ့ လေသံက ဘာခံစားချက်မှမပါ၊ အေးစက်နေတယ်။ .. “ကျွန်တော် အခု လေ့လာရသလောက်တော့ အပြင်လူ ပရောဂ မပါသလောက်ပဲ။ ဖြစ်မယ်ဆိုရင်လည်း ခင်ဗျားရဲ့ ဝန်ထမ်းတွေထဲကပဲ ဖြစ်နိုင်တယ်။ ဒီတော့ လူသေချာ စစ်။ မသင်္ကာရင် အလုပ်ဖြုတ်လိုက်။ ဒီလောက်ပဲ အကြံပေးနိုင်တယ်”
ဦးခန့် တစ်ခုခု လှမ်းပြောမလို့ အပြင်မှာ.. သက်ထူး ထိုင်နေရာကနေ ထလိုက်တယ်။
“အခု သုံးရက် အတွင်းမှာ ကျွန်တော် လေ့လာသင့်သလောက် လေ့လာပြီးပြီ။ လုပ်ပေးလို့ ရတာတွေကိုလည်း ပြောပြပြီးပြီ။ အမြဲတမ်းကြီး စောင့်ပေးနေဖို့တော့ အဆင်မပြေတာ နားလည်ပေးပါ။ တခြား အလုပ်ရှင်တွေလည်း ရှိသေးတယ်”
ဦးခန့် ဘာမှ မပြောတော့ဘဲ ခေါင်းပဲ ညိတ်တယ်။ သူ့မျက်နှာက ရှိရင်းအသက်ထက် ဆယ်နှစ်လောက် ပို အိုစာသွားသလို။
+++
(၁)
သက်ထူးဟာ အားနာတတ်တဲ့ သူ မဟုတ်ဘူး။ သူတစ်ဖက်သား စိတ်ညိုငြင်သွားမှာ၊ စိတ်ဆိုးသွားမှာကို ခေါင်းထဲ မထည့်တတ်ဘူး။ ရိုင်းတယ် ဆိုတဲ့ ဂုဏ်ပုဒ်ဟာ သက်ထူးနဲ့ ထိုက်တန်တယ်။ မှန်တယ်။ ဒါဟာ သူ့ရဲ့ မာကျောထူပေနေတဲ့ စိတ်အခံကြောင့်လည်း ဖြစ်နိုင်တယ်။ ဘာကိုမှ အဖက်လုပ် ဂရုမစိုက်ချင်တော့တဲ့ ဉာဉ်ဆိုးကြောင့်လည်း ဖြစ်နိုင်တယ်။
ဒါပေမယ့် အဲဒီည.. ပြီးသွားတဲ့ နောက်ပိုင်းမှာတော့.. သက်ထူး .. ဦးခန့်ကို တကယ် အားနာမိတယ်။ ကောင်းကောင်းမွန်မွန် မဆက်ဆံ မပြောဆိုလိုက်မိတဲ့အတွက် နောင်တရသလိုလိုတောင် ခံစားရတယ်။
(၂)
အော်သံအကျယ်ကြီးတစ်ခု။
သက်ထူးရုတ်ခနဲ အိပ်ရာနိုးလာတယ်။ အမြဲ ပတ်ထားတဲ့ ကာစိယိုလက်ပတ်နာရီကို ချက်ခြင်း ကြည့်လိုက်တယ်။
အချိန်က ည ၃ နာရီ ထိုးပြီ။
စက္ကန့်ပိုင်းအတွင်းမှာ သက်ထူး အိပ်ရာပေါ်ကဆင်း၊ တံခါးကို ဖွင့်ပြီး အပြင်ကို ခြေလှမ်း သုံးလှမ်းလောက် ရောက်နေပြီ။
အော်သံက အဆက်မပြတ် ကြားနေရတယ်။ ယောကျ်ားသံပဲ။ ခြံဝင်းတစ်ဝင်းလုံး လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။ မီးတွေ လင်းလာတယ်။
အသံကြားရာနေရာကို သက်ထူး ပြေးသွားတယ်။ ဘယ်သူမှ မရောက်သေးခင်မှာ အိမ်အ၀ကို သက်ထူး ရောက်နေပြီ။
အိမ်ရဲ့ ဆင်ဝင်ကြမ်းပြင်မှာ လူးလိမ့်နေတဲ့ လူတစ်ယောက်နဲ့ သတ္တဝါ တစ်ကောင်။
ကြမ်းပြင်မှာ သွေးအရဲရဲနဲ့ ထွန့်ထွန့်လူးနေတဲ့ သူရစိုး။
သူ့ပခုံးကို စိတ်ဆိုးတကြီးနဲ့ ခဲထားတာက ရော့ဝိုင်လာခွေး။ မလှမ်းမကမ်းမှာ ချထားတဲ့ လှောင်အိမ်တံခါးက ပွင့်နေတယ်။
“အား.. လုပ်ပါဦး.. လုပ်ဦး.. သေပြီ”.. သူရစိုးက ငယ်သံပါအောင် အော်တယ်။
သက်ထူး ဟေးခနဲ တစ်ချက် အော်လိုက်တယ်။ ဟိန်းထွက်လာတဲ့ သက်ထူးရဲ့ အသံကြောင့် ခွေးက သူရစိုးကို ခဲနေရာကနေ ဆတ်ခနဲ ရုတ်လိုက်ပြီး သက်ထူးဘက်ကို လှမ်းကြည့်တယ်။ သွေးတစက်စက်ကျနေတဲ့ သွားချွန်ချွန်တွေက ဆင်ဝင်မီးရောင်အောက်မှာ နီရဲပြောင်လက်နေတယ်။
သက်ထူး ညာခြေကို နောက်တစ်လှမ်း ဆုတ်တယ်။ ဘယ်ခြေကို မြေကြီးမှာ မြဲနေအောင် ထောက်တယ်။ လက်နှစ်ဖက်ကို ဘေးမှာချ.. အကြောတွေကို လျှော့ထားတယ်။
အရှိန်နဲ့ ပြေးလာတဲ့ ခွေးက.. သက်ထူးနဲ့ သုံးပေအကွာလောက်ရောက်တာနဲ့ လေထဲကို လွှားခနဲ ခုန်တယ်။ ခြောက်ပေကျော်တဲ့ သက်ထူး အရပ်အမောင်းဟာ.. ရော့ဝိုင်လာခွေးရဲ့ ခုန်နိုင်အားအတွက် ဘာမှ မဟုတ်ဘူး။
လည်မျိုဆီကို ပြေးဝင်လာတဲ့ ခွေးရဲ့ ပါးစပ်ကို သက်ထူး ဘယ်လက်နဲ့ အသာရိုက်ထုတ်လိုက်တယ်။ ညာလက်က ခွေးလည်ကုပ်ကို အလိုလို ဆွဲပြီးသား။
သက်ထူး ကိုယ်လုံးကို တစ်ပတ်လှည့်လိုက်တယ်။ ပေါင် ၁၂၀ လောက်လေးမယ့် ခွေးရဲ့ ကိုယ်လုံးက သက်ထူးလက်ထဲမှာ အရုပ်တစ်ရုပ်လို လူးလွန့်ပြီး ပါလာတယ်။
“နေ။ ငြိမ်စမ်း။ မထနဲ့”.. မြေကြီးပေါ်ကို ဘုန်းခနဲ ပစ်ချခံလိုက်ရတဲ့ ခွေးကို သက်ထူး လေသံ ကျယ်ကျယ်နဲ့ ငေါက်လိုက်တယ်။ ခွေးက သက်ထူးဘက်ကို လှည့်ပြီး ခဲဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် မြဲနေအောင် ဆုပ်ထားတဲ့ သက်ထူးရဲ့ လက်အားကြောင့် လှည့်မရဘူး။ ခဏကြာတော့ အင့်ခနဲ အော်ပြီး ငြိမ်သွားတယ်။ ခွေးက အသက်ပြင်းပြင်း ရှူနေသေးပေမယ့် စောစောကလို သွေးရူးသွေးတန်း ဖြစ်မနေတော့ဘူး။ သူ့ထက်ငါ ပိုသောင်းကျန်းမယ့် သားရဲ တစ်ကောင်နဲ့ တွေ့လိုက်ရတဲ့အတွက် အရှုံးပေးလိုက်သလို.. အမြီးကုပ်ပြီး တအင့်အင့်နဲ့ ညည်းနေတယ်။
စိတ်ချရလောက်ပြီလို့ ထင်ရတဲ့ အချိန်မှာ သက်ထူး.. ခွေးလည်ကုပ်ကို လွှတ်ပေးလိုက်တယ်။ ခွေးက လဲကျနေရာကနေ ထတယ်။ စောစောက ကိုက်ခဲနေတာ သူမဟုတ်တော့သလို.. အမြီးကုပ်ပြီး ခပ်လှမ်းလှမ်းကို ထွက်သွားတယ်။
“ဘယ်လိုဖြစ်တာလဲ”.. သူရစိုး ဘေးနားမှာ ဒူးထောက် ထိုင်ချလိုက်ပြီး သက်ထူးမေးလိုက်တယ်။ ခြံဝင်းထဲက အလုပ်သမားတွေရော.. လုံခြုံရေး ဝန်ထမ်းတွေပါ အခုမှ ဆင်ဝင်နားကို ရောက်လာကြပြီ။ အားလုံးက ပါးစပ်အဟောင်းသား ဖြစ်နေကြတယ်။ ထွက်ပြေးသွားတဲ့ ခွေးကို လိုက်ဖမ်းဖို့ ပြင်တဲ့သူက ပြင်တယ်။ ပတ်တီးရှာဟေ့.. ဆေးရုံကို ဖုန်းဆက်ဟေ့.. ဆိုတဲ့ အသံတွေ တစ်ယောက် တစ်ပေါက် ထွက်လာကြတယ်။
“အိမ်ထဲ.. အိမ်ထဲက အသံကြားလို့.. လာကြည့်တာ.. ”.. သူရစိုးက မျက်လုံး လည်ရင်းနဲ့ ပြောတယ်။ ပခုံးက ဒဏ်ရာကို မြင်ရမလား ဆိုပြီး ခေါင်းထောင်ကြည့်ဖို့ ကြိုးစားတယ်။ မရတော့ ပက်လက်လန် ပြန်လဲသွားတယ်။
“မသေလောက်ပါဘူး။ အသားပဲ ပဲ့ပါသွားတာ”.. သူရစိုး ဒဏ်ရာကို သေချာစစ်ဆေးကြည့်ရင်း သက်ထူး ပြောလိုက်တယ်။ ဟက်တက်ပြဲပြီး ကြည့်ရဆိုးနေပေမယ့် သွေးကြောမကြီးတွေ မထိတဲ့အတွက် အသက်အန္တရာယ်တော့ မရှိ။ ဆေးထိုးဖို့တော့ လိုမယ်။ ချုပ်ရမယ်။ ဆေးရုံမှာ သုံးရက်လောက်တော့ အနည်းဆုံး နေရမယ်။
“ဘာသံကြားတာလဲ”.. သက်ထူးမေးလိုက်တယ်။
သူရစိုး ပြန်မဖြေနိုင်ခင်မှာပဲ.. အိမ်မကြီးထဲကနေ အော်သံ တစ်သံ ထွက်လာတယ်။
မိန်းကလေးအသံ..။
(၃)
မျက်စိတစ်မှိတ်အတွင်းမှာပဲ.. သက်ထူးရဲ့ တစ်ကိုယ်လုံး အိမ်တံခါး၀ရှေ့ကို ရောက်သွားတယ်။ ပိတ်ထားတဲ့ တံခါးကို အချိန်ကုန်ခံပြီး ခေါက်မနေဘူး။ လက်ကိုင်ကို လှည့်ကြည့်မနေဘူး။ သက်ထူးရဲ့ ခြေထောက်.. မြောက်တက်သွားတယ်။ ခြေဖနောင့်က တံခါးလက်ကိုင် အောက်တည့်တည့်ဆီ အရှိန်နဲ့ ပြေးဝင်တယ်။ ဒုန်းခနဲ အသံနဲ့ အတူ တံခါးနှစ်ချပ်စလုံး ပွင့်ထွက်သွားတယ်။ ကျိုးထွက်သွားတဲ့ သော့လက်ကိုင်ဆီကနေ ဖွာကျလာတဲ့ ဝက်အူတွေ၊ သစ်သားစတွေ ကြမ်းပြင်ပေါ်ကို တဖြောင်းဖြောင်းကျတယ်။
အိမ်အတွင်းက မှောင်နေပေမယ့် မှန်ပြတင်းရှည်တွေကနေ ကျလာတဲ့ လရောင်ကြောင့် .. မြင်ကွင်းက တော်တော်လေး လင်းနေတယ်။ အရာရာ မည်းပြာနေပေမယ့်.. ဘယ်ပစ္စည်း ဘယ်နေရာမှာ ရှိသလဲ မြင်နေရတယ်။
သက်ထူးရဲ့ မျက်လုံးတွေက အခန်းထောင့်က ပီယာနိုဆီကို ရောက်သွားတယ်။
ပီယာနိုနားမှာ.. လူ ၂ ယောက်။
တစ်ယောက်က.. ဦးခန့်။
ဦးခန့်ရဲ့ အသက်မရှိတော့တဲ့ မျက်လုံးတွေက လရောင်အောက်မှာ ပြူးကြောင်နေတယ်။ သူ့မျက်နှာက ပီယာနိုခလုပ်တွေပေါ်မှာ ဘေးစောင်း အပ်လျက်သား။ လက်တစ်ဖက်က တွဲလျောင်းကျနေတယ်။ တစ်ဖက်က ပီယာနို အဖုံးပေါ်က သီချင်းစာအုပ်ဆီမှာ။ လည်ကုပ်မှာ စိုက်ဝင်နေတဲ့ ဓားတစ်ချောင်း။ သွေးတွေက မြင်မကောင်းအောင် စီးကျ ပေပွနေတယ်။ အမှောင်ခန်းထဲမှာ ကြမ်းပြင်က သွေးကွက်ကြီးက မည်းပြောင်နေတယ်။
နောက် လူတစ်ယောက်က .. နှင်း ဆိုတဲ့ မိန်းကလေး။
နှင်းက .. အိမ်ထဲကို ဝင်လာတဲ့ သက်ထူးကို ကြောင်ကြည့်နေတယ်။ သူ့မျက်လုံးတွေက သွေးပျက်ပြီး ကလယ်ကလယ် ဖြစ်နေတယ်။ ညဝတ်အင်္ကျီအဖြူဆွတ်ဆွတ်က သွေးတွေနဲ့ ရွှဲရွှဲစိုနေတယ်။
“ကိုသက်ထူး”.. နှင်းက ကတုန်ကယင်နဲ့ လှမ်းခေါ်တယ်။
+++
(ဆက်ရန်)