“နေစရိတ်”
(Cost of Living by Robert Sheckley)
ချမ်းမြေ့ဝင်း ဘာသာပြန်သည်။
————
————
ကာရင် တစ်ယောက် ဒီနေ့ နေရတာ အီလည်လည်ကြီး ဖြစ်နေတယ်။
ငါ အခုလို ဘူနေတာ.. ဘာကြောင့်များပါလိမ့် ဆိုပြီး တွေးမိတယ်။
အရင်တစ်ပတ်လောက်က ဖြစ်မယ်။
ကာရင့်ရဲ့ အသိတစ်ယောက်..။ နာမည်က မေလ်လာ။ လူက ၀ဖိုင့်ဖိုင့်။ အမြဲပျော်နေတတ်တဲ့သူ။ အဲဒီ မေလ်လာ သူ့ကိုယ်သူ သတ်သေသွားပြီ ဆိုတဲ့ သတင်းကို ကာရင်.. ကြားလိုက်ရတယ်။ အဲဒီကတည်းက ကာရင့် စိတ်ထဲ မအီမသာ ဖြစ်နေတာ အခုထိ အခဲမကြေသေးတာ။ ဟုတ်တယ်။
စိတ်မကြည်ရခြင်း အကြောင်းရင်းကို ရှာတွေ့ သွားပေမယ့် ကာရင့် ဦးနှောက်အတွင်းပိုင်းမှာ မသိမသာ တွတ်ထိုးနေတဲ့ ကြောက်သလိုလို ရွံ့သလိုလို.. စိတ်က ပျောက်မသွားသေးဘူး။ ဘာကြောက်စရာ ရှိလဲ။ ဘာစိတ်ပူစရာ ရှိသလဲ..။ သူ့ဘာသာသူ သတ်သေတာ ကာရင့် ကိစ္စမှ မဟုတ်ဘဲ…။
ဒါပေမယ့်.. မေလ်လာ ဆိုတဲ့ အမြဲတမ်း ပျော်ပျော်နေတတ်တဲ့ လူ၀တုတ်ကြီးက ဘာလို့များ သတ်သေသွားသလဲ..ဆိုတာ ကာရင် စဉ်းစားလို့ မရဘူး။ မေလ်လာက အိမ်ထောင်ရေးလည်း အဆင်ပြေတယ်၊ ဇနီးနဲ့၊ သားသမီးနဲ့ အစစအရာရာ အိုကေနေတာပဲ။ ဒီနေ့ခေတ်ရဲ့ ထူးပေ့ဆန်းပေ့ ခေတ်မီပေ့ ဆိုတဲ့ အဆောင်အယောင် ပစ္စည်းတွေလည်း လိုလေသေးမရှိ ပြည့်စုံနေတာပဲ။ သတ်သေစရာ ဘာအကြောင်း ရှိသလဲ..။
“ဂွတ်မောနင်း ယောကျ်ားရေ”.. မနက်စာစားဖို့ စားပွဲမှာ ဝင်ထိုင်လိုက်တဲ့ ကာရင့်ကို သူ့မိန်းမက နှုတ်ဆက်တယ်။
“အင်း။ ဂွတ်မောနင်း။ သား.. ဘီလီ၊ ဘယ်လိုလဲ အေးဆေးပဲလား”.. မိန်းမကို ပြန်နှုတ်ဆက်၊ သားဖြစ်သူဘက်ကိုလှည့်၊ တစ်ဆက်တည်းမေးလိုက်တယ်။ သားတော်မောင် ဘီလီက ပြောချင်သလို မပြောချင်သလို လေသံနဲ့ အင်း.. တစ်ခွန်းတည်း ပြန်ဖြေတယ်။
ပျော်နေတယ်လို့ ထင်ရတဲ့ လူတိုင်းလည်း တကယ်ပျော်ချင်မှ ပျော်မှာပေါ့လေ.. ။ မေလ်လာ့အကြောင်းကို ဆက်စဉ်းစားမိနေရာကနေ ကာရင် ခေါင်းထဲက ခါထုတ်လိုက်တယ်။
မနက်စာစားဖို့အတွက် စက်ခလုတ်ကို နှိပ်တယ်။ အေဗင်ညွန် အီလက်ထရောနစ် (AE) က ထုတ်လုပ်ထားတဲ့ အလိုအလျှောက် ဟင်းချက်စက်က ချက်ခြင်း အလုပ်လုပ်တယ်။
စက်ထဲကနေ ထွက်လာတဲ့ မနက်စာ ဟင်းပွဲက အပြစ်ပြောစရာ မရှိ။
မနက်စာစားနေရင်းလည်း ကာရင့် ခေါင်းက ခပ်ထွေထွေ ဖြစ်နေတုန်းပဲ။ ပြဿနာပဲ။
ဒီနေ့ အရေးကြီးတဲ့နေ့။ စိတ်ကြည်ကြည်လင်လင် ထားဖို့ လိုတဲ့နေ့။ ဒီနေ့က ကာရင့် အလုပ်နားရက်လည်း ဖြစ်တယ်။ ပြီးတော့ အေဗီညွန် အီလက်ထရောနစ် ငွေကြေးအရာရှိ .. ကာရင့် အိမ်ကို လာကြည့်မယ့်နေ့။ ဘူနေလို့ မဖြစ်ဘူး။ အဆင်မပြေဘူး။
“ကျောင်းမှာ အစစအရာရာ အဆင်ပြေပါစေ ဘီလီ”.. ကျောင်းသွားမယ့် ဘီလီ့ကို တံခါး၀အထိ လိုက်ပို့ရင်း ကာရင် ပြောလိုက်တယ်။
ဘီလီက ခေါင်းပြန်ညိတ်ပြတယ်။ စကားတစ်ခွန်းမှ ပြန်မပြောဘဲ အပြင်ကို ထွက်သွားတယ်။ ငါ့သား.. ဘီလီတစ်ယောက် ဘာဖြစ်နေပါလိမ့်။ ငါ့လိုပဲ တစ်ခုခုကို တွေးပူပြီး စိတ်ညစ်နေတာများလား.. လို့ ကာရင် တွေးမိတယ်။ ဘာမှ မဟုတ်ပါစေနဲ့။ တစ်မိသားစုမှာ စိတ်ပူတတ်တဲ့သူ တစ်ယောက်ရှိရင် လုံလောက်ပါပြီ။ နှစ်ယောက်ဆိုရင် မလွယ်။
“ဖြည်းဖြည်းသွားနော် မိန်းမ”.. ရှော့ပင်ထွက်ဖို့ အသင့်ပြင်နေတဲ့ မိန်းမဖြစ်သူကိုလည်း ကာရင် နှုတ်ဆက်ရသေးတယ်။
အိမ်ရှေ့လမ်းဆီကို လျှောက်သွားနေတဲ့ သူ့မိန်းမကို နောက်ကနေ လှမ်းကြည့်ရင်း ကာရင် တွေးမိတယ်။ ငါ့မိန်းမကတော့ ပျော်နေပုံပဲ။ အပူအပင် ရှိပုံ မရ..။ ဒီနေ့ရော ရှော့ပင်ထွက်ပြီး ဘာများ ထပ်ဝယ်ဦးမလဲ။ ဒီနေ့လည်း ငါ့မိန်းမ.. အေဗီညွန် အီလက်ထရောနစ် (AE) ဆိုင်ကို သွားဦးမှာ သေချာတယ်။ ပစ္စည်းအသစ်အဆန်းတွေကလည်း တစ်နေ့တစ်မျိုး တယ်ထွက်နိုင်သကိုး..။ ဝယ်ပါစေလေ..။
နာရီကိုကြည့်လိုက်တော့ အချိန် သိပ်မရတော့ဘူး။ AE အရာရှိ ဒီအိမ်ကိုလာဖို့ နာရီဝက်လောက်ပဲ လိုတော့တယ်။ စိတ်မအီမသာ ဖြစ်နေတာ သက်သာသွားဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ရေနွေးနွေးလေးနဲ့ ရေချိုးလိုက်တာပဲ။ ဒီလိုတွေးပြီး.. ကာရင် ရေချိုးခန်းဘက်ကို ထွက်လာလိုက်တယ်။
+++
ကာရင့် အိမ်ရဲ့ ရေချိုးခန်းက ဝင်လိုက်တာနဲ့ကို အပြစ်ပြောစရာမရှိ ပလက်စတစ်ရောင် တဖိတ်ဖိတ်နဲ့ ပြောင်လက် တောက်ပလို့။ ရေချိုးခန်းဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်တာနဲ့ကို ကာရင့်စိတ်ထဲ ညစ်ညူးနေတာတွေ နည်းနည်းလေး သက်သာသွားသလို..။ ကာရင် ဝတ်ထားတဲ့ အဝတ်အစားတွေကို ချွတ်ပြီး AE အော်တိုမက်တစ် အဝတ်လျှော်/ဖိ/တိုက် စက်ထဲကို ပစ်ထည့်လိုက်တယ်။ ရေပန်းမှာ တပ်ထားတဲ့ ခလုတ်ကို နှိပ်တယ်။ မပူမအေး ခပ်နွေးနွေး အပူချိန်လေးရတဲ့အထိ သေချာချိန်တယ်။ ကာရင့်ရဲ့ ပိန်လျ ဖြူဖျော့နေတဲ့ ကိုယ်လုံးပေါ်ကို ကြက်သီးနွေး.. ရေပွားလေးတွေ ဖြာကျလာတယ်။ စိတ်ချမ်းသာစရာ အတိပါလား..။ ရေချိုးပြီးသွားတော့ AE အော်တိုမက်တစ် ခြောက်သွေ့စက်က အဝတ်သားနုနုလေးတွေနဲ့ ကာရင့် တစ်ကိုယ်လုံးကို လွှမ်းခြုံ ရေသုတ်ပေးပြန်တယ်။
အော်တိုမက်တစ် ခြောက်သွေ့စက်က ရေသုတ်ပေးပြီးတဲ့အခါ.. မပြီးသေးဘူး။ ကာရင့်ရဲ့ ညောင်းညာနေတဲ့ ကြွက်သားမျှင်ပါးပါးတွေကို နှိပ်နယ်ပေးလိုက်သေးတယ်။ ကောင်းလိုက်တာ…။ ကောင်းမှာပေါ့လေ.. ကာရင်တွေးမိတယ်။ အော်တိုမက်တစ် ခြောက်သွေ့စက်နဲ့ မုတ်ဆိတ်ရိတ်စက် စုံတွဲလိုက်ကို တစ်ရာတစ်ဆယ့်သုံး ဒေါ်လာ တိတိ ပေးဝယ်ထားရတာ။ ဒါတောင် အခွန်တွေဘာတွေ ထည့်မတွက်ထားသေးဘူး။
ဘယ်လောက်ပေးရပေးရ တန်ပါတယ်လေ..လို့ ကာရင် စဉ်းစားမိပြန်တယ်။ စက်ထဲက ထွက်လာတဲ့ မုတ်ဆိတ်ရိတ်စက်က ကာရင့် မျက်နှာပေါ်က အမွေးအတိုအစတွေကို တိခနဲ တိခနဲ သပ်သပ်ရပ်ရပ် ရိတ်ပေးတယ်။ ဘာလိုသေးလဲ..။ ဟုတ်တယ်မဟုတ်လား။ ဒီလို ဇိမ်ခံပစ္စည်းတွေကို အရသာခံ မသုံးနိုင်ဘူးဆိုရင် လူ့ဘ၀ဆိုတာ အလကား ဖြစ်သွားမှာပေါ့။
အလိုအလျှောက်ခြောက်သွေ့စက်ကို ကာရင် ပိတ်လိုက်တယ်။ တစ်ကိုယ်လုံး နွေးစိမ့်စိမ့်နဲ့ နေလို့ ကောင်းမှကောင်း။ ဒါပေမယ့် ကာရင့် စိတ်ထဲမှာ အခုထိ မသက်မသာ..။ မေလ်လာ ဘာလို့များ သတ်သေသွားပါလိမ့် ဆိုတဲ့ အတွေးက ဦးနှောက်ထဲ တွတ်ထိုးနေတုန်းပဲ။ နားနားနေနေ အပန်းဖြေရမယ့် နေ့မှာမှ.. ငါ ဘာလို့ ဒါပဲ ဆက်တွေးနေမိတာလဲ..။
မေလ်လာ့ ကိစ္စကလွဲရင် စိတ်ညစ်စရာ တခြား ဘာပြဿနာများ ရှိသေးသလဲ.. ကာရင် တွေးကြည့်တယ်။ ဘာမှ မရှိပါဘူး။ ကာရင့် အိမ်မှာလည်း အကုန် အဆင်ပြေနေတာပဲ။ AE အရာရှိ လာရင် ပြဖို့ စာရွက်စာတမ်းတွေလည်း အသင့်ပြင်ထားပြီးသားရယ်။
“ငါ သတိမေ့နေတာ ဘာများ ရှိသေးသလဲဟေ့”.. ကာရင် ပါးစပ်ကနေ အသံထွက် မေးလိုက်တယ်။
“နောက် ၁၅ မိနစ်ဆိုရင် အေဗင်ညွန် အရာရှိ ရောက်လာပါလိမ့်မယ်”..တဲ့။ ရေချိုးခန်း နံရံမှာ တပ်ထားတဲ့ သတိပေးစက်က အသံထွက် ပြန်ဖြေတယ်။
“AE အရာရှိလာမှာ ငါသိပြီးသားလေ။ တခြား မေ့နေတာ တစ်ခုခု ရှိနေမှာစိုးလို့ မေးတာ”
သတိပေးစက်က တစ်ဂျက်ဂျက်အသံမြည်ပြီး စက်ရဲ့ မှတ်ဉာဏ်ထဲမှာ သိမ်းထားသမျှ လုပ်ငန်းဆောင်တာ လုပ်စရာရှိတာတွေကို တစ်ခုပြီး တစ်ခု ရွတ်ပြတယ်။ အိမ်ရှေ့ မြက်ခင်းကို ရေလောင်းရမယ်။ တနင်္လာနေ့ နေ့လယ်စာအတွက် သိုးသား နည်းနည်းထပ်ဝယ်ရမယ်.. စတဲ့ စတဲ့ ဘုစုခရု အစီအစဉ်တွေ..။
“ရပြီ ရပြီ ထားလိုက်တော့”.. ကာရင် ဖြတ်ပြောလိုက်တယ်။ AE အော်တိုမက်တစ် အဝတ်ဆင်စက်ရှေ့မှာ မတ်တပ်ရပ်တယ်။ စက်ရဲ့ လက်တံတွေက အဝတ်တွေကို ဗီရိုထဲက အလိုလို ထုတ်တယ်။ ကာရင့် ကိုယ်ပေါ်မှာ စနစ်တကျ သန့်ပြန့်နေအောင် ဝတ်ပေးတယ်။ ရေမွှေးတောင် တစ်ချက် နှစ်ချက် ဖြန်းပေးလိုက်သေးတယ်။ ယောကျ်ားဆန်ဆန် ခပ်သင်းသင်း အနံ့မျိုး။
အဝတ်လဲပြီးသွားတဲ့အခါ ကာရင် အိမ်ရှေ့ ဧည့်ခန်းဘက်ကို လျှောက်လာလိုက်တယ်။ လျှောက်လမ်းတလျှောက်.. အိမ်ရဲ့ နံရံတွေပေါ်မှာ အစီအရီ တပ်ဆင်ထားတဲ့ ခေတ်မီ အသုံးအဆောင် ပစ္စည်းတွေကို မျက်လုံးနဲ့ဝေ့ကြည့်.. သူ့ဘ၀သူ ကျေနပ်သလိုလို ဖြစ်သွားတယ်။
နံရံက ဖန်သားပြင်မှာ အိမ်ရဲ့ လက်ရှိ အခြေအနေကို အပြည့်အစုံ ဖော်ပြထားတယ်။ မနက်စာစားတုန်းက ထားခဲ့တဲ့ ပန်းကန်တွေ အကုန်ဆေးပြီး ပိုးသတ်ပြီးပြီဖြစ်ကြောင်း၊ အိမ်ရဲ့ ကြမ်းပြင်ကိုလည်း အလိုအလျှောက် ဖုန်စုတ်စက်နဲ့ သုတ်သင် သန့်စင်ပြီး ဖြစ်ကြောင်း၊ လျှော်စရာရှိတဲ့ အဝတ်တွေ လျှော်၊ လှန်းစရာ ရှိတာတွေ လှန်းပြီးပြီ ဖြစ်ကြောင်း..။ ဘီလီ့ရဲ့ ဒုံးပျံအရုပ်တွေ၊ အာကာသယာဉ် အရုပ်တွေကိုလည်း ဘီရိုထဲ ထည့်သိမ်းပြီးပြီ ဖြစ်ကြောင်း။
အကုန် နေသားတကျ၊ အစီအရီဖြစ်နေတာပဲ။ ဘာတွေစိတ်ပူနေတာလဲ။ ကာရင် သူ့ကိုယ်သူ ပြန်သတိပေးတယ်။
“AE ကုမ္ပဏီက ငွေကြေးအရာရှိ မစ္စတာ ပက်သစ်စ် အိမ်ရှေ့မှာ ရောက်နေပါပြီ”… တံခါးမှာ တပ်ထားတဲ့ စက်ကနေ အသံထွက်လာတယ်။
တံခါး ဖွင့်ပေးလိုက်ဖို့ အတွက်.. စက်ကို လှမ်းပြောရင်း ဧည့်ခန်းထောင့်မှာ ချထားတဲ့ အလိုအလျှောက် အရက်ငှဲ့စက်ဆီကို ကာရင့် မျက်လုံးက ရောက်သွားတယ်။
ဟိုက်.. ပြဿနာပဲ။ ငါ သတိလွတ်သွားပါလား..။ ကာရင် ပျာယာခတ်သွားတယ်။
ဒီအရက်ငှဲ့စက်က ကက်စတိုင်းလ် မော်တာ ကုမ္ပဏီက ထုတ်တဲ့ ပစ္စည်းလေ။ ဆိုင်မှာ တွေ့တော့ သဘောကျတာနဲ့ စိတ်မထိန်းနိုင်ဘဲ ဝယ်လာမိတာ။ AE အရာရှိ ဒါကို တွေ့ရင် ကြိုက်မှာ မဟုတ်ဘူးလေ။ သူတို့ ပစ္စည်းကိုမသုံးဘဲ သစ္စာဖောက်တယ်လို့ ထင်သွားရင် ဒုက္ခပဲ။
+++
အရက်ငှဲ့စက်ကို မီးဖိုချောင်ထဲ ကာရင်.. အမြန်တွန်းထည့်လိုက်တယ်။
“မစ္စတာကာရင်ရေ..။ ကောင်းသောနေ့ပါဗျာ”.. အိမ်ထဲကိုဝင်လာတဲ့ AE အရာရှိ မစ္စတာ ပက်သစ်စ်က နှုတ်ဆက်တယ်။
ပက်သစ်စ်က အရပ်ရှည်ရှည်၊ ကိုယ်လုံးတောင့်တောင့်နဲ့။ သူဝတ်ထားတဲ့ ခပ်ရိုးရိုး ကုတ်အင်္ကျီနဲ့ ဘောင်းဘီက မပွမကျပ်၊ သပ်ရပ်နေတယ်။ သူ့ မျက်လုံးထောင့်တွေက အမြဲပြုံးနေတတ်တဲ့ သူတစ်ယောက်ပီပီ အရစ်လေးတွေ ပေါ်နေတယ်။ ကာရင့်ကိုတွေ့တော့ ပက်သစ်စ်က အားရပါးရ ပြုံးတယ်။ လက်ဆွဲနှုတ်ဆက်တယ်။ အသုံးအဆောင် ပစ္စည်း အပြည့်နဲ့ ခမ်းနားနေတဲ့ ကာရင့်ရဲ့ ဧည့်ခန်းပတ်ပတ်လည်ကို ကြည့်ပြီး သဘောကျသွားသလို ခေါင်းတညိတ်ညိတ် လုပ်တယ်။
“လှလိုက်တဲ့ ဧည့်ခန်းဗျာ။ တကယ် သားနားတာပဲ မစ္စတာကာရင်။ ကျွန်တော် အပိုပြောနေတာ မဟုတ်ဘူးဗျ။ ဒီရပ်ကွက်ဘက်က အိမ်တွေထဲမှာ ခင်ဗျားအိမ်က အသားနားဆုံးပဲ။ ကြည့်စမ်း ပစ္စည်းကောင်းတွေချည်းပဲဗျာ”
ကာရင့် ရင်ထဲ လှိုက်ခနဲတောင် ဖြစ်သွားတယ်။ ဂုဏ်ယူမိတဲ့ စိတ်လေး မသိမသာ ဝင်သွားတာ။ ဟုတ်တယ်။ ဒီရပ်ကွက်ထဲမှာ စီတန်းနေတဲ့ အိမ်တွေ မနည်းမနောပဲလေ။ အကုန်လုံးက ပုံစံတူတွေ။ အဲဒီထဲမှာမှ သူ့အိမ်က အသားနားဆုံးဆိုတော့ ဂုဏ်ယူစရာ မဟုတ်ဘူးလား။
“ဒါနဲ့။ ကျွန်တော်တို့ဆီက ဝယ်ထားတဲ့ ပစ္စည်းတွေ သုံးလို့ အဆင်ပြေရဲ့လားဗျ”.. မစ္စတာ ပက်သစ်စ်က သူ့ရဲ့ လက်ဆွဲအိတ်ကို ခုံပေါ်မှာ တင်ရင်း မေးတယ်။.. “အဆင်မပြေတာ၊ ချို့ယွင်းတာများ ရှိသေးလား”
“အားလုံး အဆင်ပြေပါတယ်။ အကုန်အိုကေတယ်”.. ကာရင် အားရပါးရ ပြန်ဖြေလိုက်တယ်။ ..”အေဗီညွန်က ဝယ်သမျှ ပစ္စည်း အဆင်မပြေတာ ဘာမှ မရှိဘူးလေ။ အားလုံးက အသစ်အတိုင်းပဲ”
“AE အော်တိုဖုန်းရော သုံးလို့ အဆင်ပြေလား။ ဖုန်းအဝင်အထွက်တွေ အကုန် မှတ်ထားပေးတယ် မဟုတ်လား။ အချိန်မရွေးပြန်နားထောင်လို့လည်း အိုကေတယ်လေ”.. ပက်သစ်စ်က မေးတယ်။
“ပြေပါတယ်”.. တကယ်က အဲဒီ ဖုန်းကို စားပွဲပေါ်မှာ အလှတင်ထားရုံပဲ။ စမ်းတောင် မသုံးကြည့်ရသေး။ သုံးလို့ အဆင်ပြေမှာပါ။ ဧည့်ခန်းနဲ့ အဲဒီ ဖုန်းနဲ့ အတော်လိုက်တာတော့ အမှန်ပဲ။
“သုံးဘက်မြင် ပရိုဂျက်တာကရော အိုကေလားဗျ။ တီဗွီအစီအစဉ်တွေ ကြည့်လို့ ကောင်းရဲ့လား”
“ကောင်းမှကောင်းဗျာ။ ကြည်တောက်နေတာပဲရော”… ကာရင် ပြန်ဖြေလိုက်တယ်။ ဟုတ်တယ်။ အရင်တစ်ပတ်လောက်ကပဲ အဲဒီ ပရိုဂျက်တာနဲ့ ရုပ်ရှင် ကြည့်ထားတာ။ သုံးဘက်မြင် အရုပ်တွေက အပြင်မှာ တကယ် ရောက်နေသလို ခံစားရတာကိုး။
“မီးဖိုချောင်သုံး ပစ္စည်းတွေရော သုံးပျော်ရဲ့လားဗျ။ အလိုအလျှောက် ဟင်းချက်စက်က ချက်ကျွေးတာတွေ စားကောင်းတယ် မဟုတ်လား”
“ကောင်းပါ့ဗျာ။ အပြစ်ပြောစရာ မရှိပါဘူး”
.. ဒီလိုနဲ့ မစ္စတာ ပက်သစ်စ်က ကာရင် ဝယ်ထားသမျှ ပစ္စည်းတွေအကြောင်း တစ်ခုပြီးတစ်ခု ဆက်တိုက် မေးတယ်။ ရေခဲသေတ္တာ၊ ဖုန်စုပ်စက်၊ ကား၊ ရဟတ်ယာဉ်၊ မြေအောက် ရေကူးကန်.. စတဲ့ စတဲ့.. ပစ္စည်းပေါင်းများစွာ။ ကာရင့် တစ်သက်လုံး ဝယ်သုံးခဲ့သမျှ ဇိမ်ခံ ပစ္စည်း အားလုံးနည်းပါးပါပဲ။ အကုန်လုံးနီးနီးက AE ကနေ ဝယ်ထားတာကိုး။
“အကုန် အဆင်ပြေပါတယ်”.. ကာရင် နည်းနည်းတော့ ညာပြောလိုက်တယ်။ အကုန်အဆင်ပြေတယ်လို့ ပြောရအောင်.. ဝယ်ထားသမျှ ပစ္စည်းတွေတောင် ကုန်အောင် မဖောက်ကြည့်ရသေးဘူး။ တချို့ဆိုရင် ပါကင်ပိတ်။
“အဲဒီလို ကြားရတာ ဝမ်းသာတယ်ဗျာ”.. မစ္စတာပက်သစ်စ်က သက်ပြင်းချရင်း ပြောတယ်။ .. “ခင်ဗျား မသိလို့ဗျ။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ စားသုံးသူတွေ အဆင်မပြေမှာကို သိပ်စိတ်ပူတာ။ ဘယ်ပစ္စည်းမဆို.. ကျွန်တော်တို့ဆီက ဝယ်တဲ့ ပစ္စည်းသာ ဖြစ်ပါစေ..။ ပျက်သလား၊ မကောင်းဘူးလား၊ မသုံးချင်တော့ဘူးလား.. အချိန်မရွေးပြန်လာပေးရုံပဲဗျ။ အဲဒီလောက်ထိကို ဂရုစိုက်တာ။ ခင်ဗျားတို့ စိတ်ချမ်းသာဖို့သာ ကျွန်တော်တို့အတွက် အဓိကပါ။ တကယ်ပြောတာ”
“ဟုတ်။ ကျေးဇူးပါ မစ္စတာ ပက်သစ်စ်”
+++
မစ္စတာ ပက်သစ်စ်.. သူ့ရဲ့ မီးဖိုချောင်ထဲတော့ ဝင်မကြည့်ပါစေနဲ့.. လို့ ကာရင် ကြိတ်ပြီး ဆုတောင်းနေတယ်။ ဟုတ်တယ်လေ။ AE ပစ္စည်းတွေ ကြားထဲမှာ ကတ်စတိုင်းလ် မော်တာက ဝယ်ထားတဲ့ အရက်ငှဲ့စက်ကြီးက ထီးထီးကြီး ရုပ်ဆိုးနေမှာကိုး။
“ခင်ဗျားတို့ ရပ်ကွက်က လူတွေ အားလုံးနီးပါးက AE ပစ္စည်းတွေကိုပဲ အဓိကသုံးကြတာဗျ။ သိလား။ ကျွန်တော်တို့ရဲ့ အမာခံ ပရိသတ်တွေလို့တောင် ပြောလို့ရတယ်”.. မစ္စတာ ပက်သစ်စ်က ပြောတယ်။
“ဟုတ်လား။ ဒါနဲ့.. မစ္စတာ မေလ်လာကရော ခင်ဗျားတို့ရဲ့ ဖောက်သည်ပဲလား”.. ကာရင် မေးလိုက်တယ်။
“မစ္စတာမေလ်လာ.. မေလ်လာ.. ဪ.. ဟိုတလောက သူ့ကိုယ်သူ သတ်သေသွားတဲ့ သူကိုပြောတာ ထင်တယ်”.. ပက်သစ်စ်က မျက်မှောင်ကြုတ်ရင်း ပြန်ဖြေတယ်။ .. “ဟုတ်တယ်ဗျ။ သူလည်း ကျွန်တော်တို့ရဲ့ ဖောက်သည်ပဲ။ အဲဒီသတင်းကြားတော့ ကျွန်တော် ပါးစပ်တောင် ဟောင်းလောင်းဖြစ်သွားသဗျ။ တကယ်ပြောတာ။ ယုံတောင် မယုံနိုင်ဘူးဗျာ။ ဘယ့်နှယ်.. မစ္စတာမေလ်လာက အရင်လကပဲ ကျွန်တော်တို့ဆီကနေ ဂျက်အင်ဂျင်ကား ဝယ်သွားတာလေ။ တစ်နာရီ မိုင် ၃၅၀ နှုန်းအထိ ပြေးတာဗျ..နော်။ အပိုပြောတာမဟုတ်ဘူး။ အဲဒီတုန်းက မစ္စတာမေလ်လာဆိုတာ ပြံးပျော်နေတာပဲဗျ။ ဘယ်ကနေ ဘယ်လို သူ့ကိုယ်သူ သတ်သေသွားသလဲ ကျွန်တော်ဖြင့် မတွေးတတ်ဘူးဗျာ။ ဂျက်အင်ဂျင်ကား ဝယ်လိုက်တော့ သူ့အကြွေးက နည်းနည်းတော့ ပိုများသွားတာပေါ့လေ..”
“ဒါပေါ့..”
“ဒါပေမယ့် ဘာဖြစ်သလဲဗျာ။ အကြွေးများလည်း ဘာဖြစ်လဲ။ ဟုတ်တယ် မဟုတ်လား။ သူ့ဘ၀မှာ လိုသမျှ အကုန်ရနေတာပဲ မဟုတ်လား။ ကြိုးဆွဲချသေစရာလားဗျာ”
“ဘယ်လို။ ကြိုးဆွဲချ သေသွားတယ် ဟုတ်လား”
“ဟုတ်တယ်လေ”.. မစ္စတာ ပက်သစ်စ်က ပြန်ဖြေတယ်။ မျက်မှောင်ကြုတ်ထားတုံးပဲ။ .. “သူ့အိမ်မှာ ဒီလောက် ခေတ်မီ၊ ခေတ်လွန် ပစ္စည်းတွေ အသုံးအဆောင်တွေ ပြည့်နေတာကို.. သတ်သေတော့ အုန်းဆံကြိုးနဲ့ သတ်သေသတဲ့။ စိတ်ပျက်စရာပဲဗျာ”
မစ္စတာပက်သစ်စ်ရဲ့ မျက်နှာက ချက်ခြင်းဆိုသလို ပြန် ကြည်သွားတယ်။ သူ့ရဲ့ လက်စွဲတော် အပြုံးချိုချို ပြန်ရောက်လာတယ်။ .. “ကဲ.. အဲဒါ ထားလိုက်ပါတော့ဗျာ။ ခင်ဗျားအကြောင်း ပြောင်းပြောရအောင်”
မစ္စတာပက်သစ်စ်က သူ့ရဲ့ လက်ဆွဲအိတ်ကို ဖွင့်တယ်။ အထဲက စာရွက်စာတမ်း တချို့ကို ထုတ်တယ်။ ပက်သစ်စ်ရဲ့ မျက်နှာပေါ်က အပြုံး လင်းသထက် လင်းလာတယ်။.. “အိုကေ.. အိုကေ.. အင်း.. ဒီဟာက.. ဒီမှာ။ ဟုတ်ပြီ..။ မစ္စတာ ကာရင်.. ခင်ဗျား ကျွန်တော်တို့ကို ပေးစရာ အကြွေးက အတိအကျ ပြောရရင်.. ဒေါ်လာ နှစ်သိန်းသုံးသောင်းနဲ့ နှစ်ဆယ့်ကိုးပြား ရှိတယ်။ ဒါ ခင်ဗျား နောက်ဆုံး ဝယ်ထားတဲ့ စာရင်းအထိဆိုပါတော့။ ဟုတ်တယ်နော်”
“ဟုတ်ပါတယ်”.. ကာရင် ပြန်ဖြေလိုက်တယ်။ သူလည်း ဒီပမာဏကို ကြိုကြည့်ထားပြီးသားလေ။
“ဒီဟာက ဒီလအတွက် သွင်းငွေပါ”.. ကာရင် ပြောရင်းနဲ့ မစ္စတာပက်သစ်စ် လက်ထဲကို စာအိတ်တစ်အိတ် လှမ်းပေးလိုက်တယ်။ ပက်သစ်စ်က စာအိတ်ကို ဖွင့်ကြည့်တယ်။ ပြန်ပိတ်တယ်။ အိတ်ထဲကို ထည့်တယ်။
“အိုကေ ဟုတ်ပြီ။ ဒီလိုဗျ။ မစ္စတာ ကာရင်.. ခင်ဗျား အနေနဲ့ ခင်ဗျား ပေးစရာ ရှိတဲ့ အကြွေးတွေကို အကုန် ပြန်ဆပ်ဖို့ ခင်ဗျား တစ်သက်နဲ့ မမီနိုင်ဘူး။ ဟုတ်တယ်နော်။ ဒေါ်လာ နှစ်သိန်းကျော်တောင်ဆိုတော့..”
“ဟုတ်ပါတယ်”.. ကာရင် ပြန်ဖြေလိုက်တယ်။
ကာရင့်အသက်က အခုမှ ၃၉ ရယ်။ နောက်ထပ် အနှစ် ၁၀၀ လောက် ထပ်နေရဦးမယ်။ ဆေးပညာတွေကလည်း အရမ်းတိုးတက်နေပြီလေ..။ ဒါတောင်မှ.. တစ်နှစ်မှ လခ ဒေါ်လာသုံးထောင်လောက်နဲ့တော့ သူဆပ်ရမယ့် အကြွေး မကြေနိုင်ဘူးလေ.. ကာရင်တွေးမိတယ်။ ထပ်ဝယ်ချင်တာတွေလည်း ရှိသေးတယ် မဟုတ်လား။ မိန်းမနဲ့ သားအတွက်လည်း ကြည့်ရဦးမယ်။ အကုန် အကြွေးဆပ်လိုက်ဖို့လည်း မဖြစ်နိုင်။
“ကျွန်တော်တို့ကတော့ဗျာ.. ကျွန်တော်တို့ ဖောက်သည်တွေရဲ့ ဘ၀ကို လိုလေသေးမရှိ ဖြစ်စေချင်တယ်။ ခင်ဗျားတို့ ဝယ်ထားတာတွေကိုလည်း ပြန်မသိမ်းချင်ဘူးလေ။ ပြီးတော့ နောက်နှစ် နောက်နှစ်တွေမျာ အသစ်အသစ် ထွက်မယ့် ပစ္စည်းတွေကိုလည်း ဖောက်သည်တွေကို ဆက်သုံးစေချင်တယ်။ ဒါ တကယ့် စေတနာပါ”
ကာရင် ခေါင်းညိတ်လိုက်တယ်။ ဟုတ်တယ်။ နောက်ထပ်ထွက်မယ့် ပစ္စည်းတွေကိုလည်း သူ လိုချင်တယ်။
“ဟုတ်ပြီဗျာ။ ဒါဆို ကျွန်တော်တို့နဲ့ ကျွန်တော်တို့ ဖောက်သည်တွေ လုပ်နေကျအတိုင်း စီစဉ်လိုက်တာပေါ့။ ဒီမှာ လက်မှတ်ထိုးဗျာ။ ခင်ဗျားရဲ့ သားရှိတယ်မဟုတ်လား။ ဘီလီလေ။ သူ အလုပ်ဝင်တဲ့အခါ.. သူ အသက် ၃၀ ပြည့်တဲ့အထိ.. သူ့ဝင်ငွေ အကုန်လုံးကို AE အတွက် အကြွေးဆပ်ပါ့မယ် ဆိုပြီး စာချုပ်ချုပ်လိုက်။ ဒါဆို ခင်ဗျားထပ်ဝယ်ချင်တာတွေရော.. အရင်အကြွေးတွေပါ အကုန် လုံးပေါင်း ထည့်ပေါင်းပေးမယ်လေ”
+++
မစ္စတာပက်သစ်က စာရွက်စာတမ်းတွေကို ရွှပ်ခနဲ ထုတ်တယ်။ ကာရင့် ရှေ့မှာ အစီအရီ ချပေးတယ်။
“လက်မှတ်က ဒီနေရာမှာ ထိုးလိုက်ရုံပဲဗျ”.. ပက်သစ်စ်က ပြောတယ်။
“ဒါပေမယ့်..”.. ကာရင် ဇဝေဇဝါ ဖြစ်သွားတယ်။ .. “ဖြစ်ပါ့မလားဗျ။ ကျွန်တော့် သားက အခု အရွယ်တောင် မရောက်သေးဘူး။ သူ့ဘ၀ အစမှာတင် အကြွေးနဲ့… ဖိပြီး..”
“ဟာ.. မဟုတ်သေးဘူးလေ ဆရာ..”.. မစ္စတာ ပက်သစ်စ်က ဖြတ်ပြောတယ်။ .. “ခင်ဗျားရဲ့ သားအတွက်ပဲလေ။ အခု သူ ခင်ဗျား အိမ်မှာပဲ နေနေတာ မဟုတ်လား။ သူလည်း ဒီ ဇိမ်ခံ ပစ္စည်းတွေကို သုံးရတာပဲလေ။ သူ့မှာ သုံးခွင့်ရှိတယ်လေ။ ဒီခေတ်ရဲ့ သိပ္ပံပညာ အသီးအပွင့်တွေကို သူ မခံစား သင့်ဘူးလား”
“အဲဒါတော့ ဟုတ်ပါတယ်.. ဒါပေမယ့်..”
“ဒါပေမယ့်စရာမှ အကြောင်းမရှိတာ မစ္စတာကာရင်ရယ်။ ခင်ဗျား စဉ်းစားကြည့်။ အခုခေတ်မှာ သာမန် လက်လုပ်လက်စား လူတန်းစားတွေတောင် ဘုရင်တွေလို စည်းစိမ်ခံနေရပြီ။ ဟုတ်တယ် မဟုတ်လား။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကို ပြန်ကြည့်လိုက်။ ရှင်ဘုရင်တွေတောင် အခု ခင်ဗျားလို နေနိုင်မယ် မထင်ဘူး။ ခင်ဗျား ဝယ်သုံးနေတဲ့ ပစ္စည်းတွေ သူတို့မှာ မရှိခဲ့ဘူး။ အခု အကြွေးကို အကြွေးလို့ သဘောမထားပါနဲ့။ အရင်းအနှီးလုပ်တယ်လို့ သဘောထားဗျာ”
“အဲဒါလည်း ဟုတ်ပါတယ်.”.. ကာရင် ဇဝေဇဝါနဲ့ ပြန်ဖြေမိတယ်။
သူ့ခေါင်းထဲမှာတော့ ဘီလီ့ရဲ့ ဒုံးပျံအရုပ်တွေ၊ အာကာသယာဉ်အရုပ်တွေ.. ကြယ်တာရာ ရုပ်ပုံကားချပ်တွေကြား ပျော်မွေ့နေတဲ့ ဘီလီ့မျက်နှာ.. ဒါတွေကို မြင်နေမိတယ်။ ငါလုပ်နေတာ မှန်တဲ့ လုပ်ရပ် ဟုတ်ရဲ့လား.. ကာရင် တွေးမိတယ်။
“ဘာတွေ တွေဝေနေသလဲဗျ”.. မစ္စတာ ပက်သစ်စ်က မေးတယ်။
“’ဒီလိုပဲ စဉ်းစားနေတာပါ”.. ကာရင် ပြန်ဖြေတယ်။ .. “ကျွန်တော့် သားရဲ့ အနာဂတ် ဝင်ငွေကိုပါ အခုကတည်းက ကြိုသုံးနေပြီဆိုတော့.. လက်လွန်နေသလို ဖြစ်မနေဘူးလားလို့..”
“လက်လွန်တယ် ဟုတ်လား.. ဟား.. ဟား..”.. မစ္စတာပက်သစ်စ်က အားရပါးရ ရယ်တယ်။.. “ဟိုဘက်လမ်းက မစ္စတာ မယ်လွန်တို့အိမ်ကို ခင်ဗျား သိတယ် မဟုတ်လား။ သူတို့ဆိုရင် သူ့ မြေးရဲ့ တစ်သက်စာဝင်ငွေကိုပါ စာချုပ်ထဲ ထည့်ချုပ်ထားပြီဗျ။ သိလား။ ဒါတောင်မှ သူလိုချင်တာတွေ အပြည့် မဝယ်ရသေးဘူး။ ဘာဝယ်ရမလဲဆိုတာတောင် စဉ်းစားလို့ မပြီးသေးဘူးဗျာ။ ဒါပေမယ့် သူလိုချင်သမျှ အကုန်ရအောင် ကျွန်တော်တို့ AE က စီစဉ်ပေးမှာ။ စားသုံးသူတွေ စိတ်ချမ်းသာဖို့သာ အဓိက မဟုတ်ာလား။ တကယ်ပြောတာ”
မသေချာစိတ်တွေနဲ့ ကာရင် ဇောချွေးပြန်ချင်လာတယ်။
“ပြီးတော့ ခင်ဗျား မရှိတော့တဲ့ အခါကျရင်.. ဒါတွေအားလုံးကို ခင်ဗျားရဲ့ သား ဆက်ခံရမှာပဲလေ။ ဟုတ်တယ်မဟုတ်လား။ ဘာအရှုံးရှိသလဲဗျာ”
ဒါတော့ ဟုတ်သားပဲ။ ဘီလီ့ အလှည့်ကျရင် အိမ်တစ်အိမ်လုံး လိုလေသေးမရှိအောင် ပြည့်စုံနေတော့မှာ။ ပြီးတော့ ဘီလီက နှစ် ၁၂၀ လောက် နေရဦးမှာပဲ။ နှစ် ၃၀ စာ ဝင်ငွေလောက်တော့ ကြိုသုံးထားလို့ ဘာမှ မဖြစ်ပါဘူး။
ကာရင် လက်မှတ်ထိုးလိုက်တယ်။
“ကောင်းပြီဗျာ။ ကွန်ဂရက်ကျူလေးရှင်းပါ မစ္စတာ ကာရင်”.. ပက်သစ်စ်က ပြောတယ်။ .. “ဒါနဲ့ ခင်ဗျားအိမ်မှာ AE ရဲ့ နောက်ဆုံးပေါ် မာစတာအော်ပရေတာ ဆိုတာ တပ်ပြီးပြီလားဗျ”
ကာရင့် အိမ်မှာ အဲဒီစက် မတပ်ရသေးဘူး။ မစ္စတာ ပက်သစ်စ်က အားရပါးရ ရှင်းပြတယ်။ မာစတာ အော်ပရေတာ ဆိုတာ နောက်ဆုံးပေါ် စက်ပစ္စည်း အသစ်အဆန်း။ သိပ္ပံပညာရဲ့ အဆုံးစွန်သော တီထွင်မှုတွေထဲက တစ်ခုတဲ့။ တစ်အိမ်လုံးရဲ့ သန့်ရှင်းရေး၊ လုံခြုံရေး၊ အစားအသောက်ပြင်တာ၊ အဝတ်လျှော်တာ၊ မီးပူတိုက်တာ.. အဲဒါတွေ အားလုံးကို ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့ အလိုအလျှောက် လုပ်ပေးသွားမယ့် စက်အသစ်တဲ့။ အိမ်ရှင်အနေနဲ့ ထိုင်ရာက ထ စရာမလိုတော့ဘူးပေါ့။
“အခုဆိုရင်ဗျာ.. ခင်ဗျား အိမ်ကစက်တွေ တစ်ခုခု ခိုင်းချင်ရင် ခလုတ်တွေ တစ်ခုပြီး တစ်ခု လိုက်နှိပ်နေရတယ် မဟုတ်လား။ မာစတာ အော်ပရေတာသာ တပ်လိုက်။ ခလုတ် တစ်ခု နှိပ်လိုက်ရုံနဲ့ အကုန်ပြီးပြီဗျို့။ ဘာလိုသေးလဲ”
၅၃၅ ဒေါ်လာပဲတဲ့။ ကာရင် စဉ်းတောင် မစဉ်းစားတော့ဘဲ လက်မှတ်ထိုးလိုက်တယ်။ ဒါကတော့ သူ့သား ဘီလီ ဆပ်ရမယ့် အကြွေးတွေထဲ ပါသွားပြီပေါ့။
တွေဝေမနေနဲ့။ ဘာမှ မဖြစ်ဘူး..။ လုပ်စရာ ရှိတာ လုပ်.. ။ မစ္စတာ ပက်သစ်စ်ကို တံခါး၀ဆီ လိုက်ပို့ရင်း ကာရင် သူ့ကိုယ်သူ ဖြေသိမ့်တယ်။ ဒီအိမ်က ငါ့သားပိုင်တဲ့ အိမ်ဖြစ်မှာ။ ငါ့သားနဲ့ ငါ့.. အနာဂတ် ချွေးမနဲ့.. မြေးတွေ.. မြစ်တွေ..။ သူတို့လည်း ခေတ်ပေါ်ပစ္စည်းတွေ အကုန်လိုချင်မှာပဲလေ။ ငါ မမှားပါဘူး။
ခလုတ် တစ်ခု နှိပ်လိုက်ရုံနဲ့ အကုန် အဆင်ပြေသွားမယ်တဲ့။ ဘယ်လောက် အချိန်ကုန်သက်သာလိုက်မလဲ..။ ကာရင် တွေးမိတယ်။
+++
AE အရာရှိ မစ္စတာ ပက်သစ်စ် ပြန်သွားပြီးတော့.. ကာရင် ဧည့်ခန်း ဆိုဖာပေါ်မှာထိုင်ရင်း သုံးဘက်မြင် ပရိုဂျက်တာကို ဖွင့်တယ်။ ချန်နယ်တွေ ဟိုပြောင်း ဒီပြောင်း လုပ်ကြည့်တယ်။ တကယ်တန်းကတော့ သူ ကြည့်ချင်တာ ဘာမှ မရှိ။ ဒါနဲ့ ဆိုဖာအမှီပေါ်ကို ခေါင်းတင်ရင်း တစ်ရေးအိပ်ပျော်သွားတယ်။
အိပ်မက်လိုလို ဘာလိုလို.. စိတ်ထဲမှာ မကြေလည်သေးတဲ့ ဝေဒနာ တစ်ခု..။
“ယောကျ်ားရေ.. ပြန်ရောက်ပြီ”.. သူ့မိန်းမ အသံကို ကြားမှ ကာရင် နိုးလာတယ်။ သူ့မိန်းမက ကာရင့် နှဖူးကို ခပ်ဖွဖွ နမ်းတယ်။ .. “ဒီမှာ အိုင် ဘာဝယ်လာသလဲ ကြည့်ပါဦး”
သူ့မိန်းမဝယ်လာတဲ့ AE အီလက်ထရောနစ် ညအိပ်ဝတ်စုံကို တွေ့တော့ ကာရင် အံ့ဩသလိုလိုတောင် ဖြစ်သွားတယ်။ ဒီတစ်ခေါက် ဝယ်လာတာ နည်းလှချည်လားပေါ့။ ပုံမှန်ဆိုရင် ချစ်ဇနီး လီလာက ပစ္စည်းပေါင်းများစွာ၊ အိတ်ပေါင်းများစွာ သယ်ပိုးပြီး ပြန်လာတတ်တာလေ။
“ညစာ မှာလိုက်ဦးမယ်နော်”.. လီလာက ပြောရင်းနဲ့ မီးဖိုခန်းဘက်ကို ထွက်သွားတယ်။ ကာရင် ပြုံးမိတယ်။ နောက်ဆိုရင် လီလာတစ်ယောက်.. မီးဖိုထဲအထိ သွားပြီး စက်ခလုတ် နှိပ်စရာ မလိုတော့ဘူး။ ဆိုဖာပေါ်ကနေ အခန့်သား မှာစားရုံပဲ။
အဲဒီလို တွေးနေတုန်းမှာ သူ့သား ဘီလီ အိမ်ထဲကို ဝင်လာတယ်။
“ကျောင်းမှာ အဆင်ပြေရဲ့လား”.. ကာရင် မေးလိုက်တယ်။
“ပြေပါတယ်”.. ဘီလီက စိတ်မပါသလို ပြန်ဖြေတယ်။
“ငါ့သား ဘာဖြစ်လို့လဲကွ”.. ကာရင် မေးလိုက်တယ်။ ဘီလီက ခေါင်းကြီးငုံ့ပြီး သူ့ခြေထောက်သူ ပြန်ကြည့်နေတယ်။ .. “လာပါဦး အဖေ့နားကို။ ငါ့သား ဘာဖြစ်ချင်သလဲ ပြော”
မဖောက်ရသေးတဲ့ ပါကင်ဘူးကြီး တစ်ဘူးပေါ်မှာ ဘီလီ ဝင်ထိုင်တယ်။ လက်ပေါ်ကို မေးထောက်တယ်။ သူ့အဖေကို စိုက်ကြည့်ရင်း မေးတယ်။
“အဖေ။ ကျွန်တော် ကြီးလာရင်.. စက်ပြင်ဆရာ လုပ်လို့ ရသလား”
ကာရင် ပြုံးလိုက်တယ်။ ဘီလီက စိတ် နှစ်ခွ ဖြစ်နေတယ်။ စက်ပြင်ဆရာ ဖြစ်ချင်သလို.. အာကာသ ယာဉ်မှူးလည်း ဖြစ်ချင်သေးတယ်။ စက်ပြင်ဆရာတွေက ဒီခေတ်ရဲ့ ဆရာကြီးတွေလို့တောင် ပြောလို့ရတယ်။ အလိုအလျှောက် စက်ပြင်စက်တွေကို သူတို့က ပြင်ရတာကိုး။ စက်ပြင်စက်တွေက စက်တော်တော်များများကို ပြင်လို့ ရပါတယ်။ ဒါပေမယ့် ပျက်နေတဲ့ စက်ကို ပြင်တဲ့ စက်ကပါ ပျက်သွားရင်တော့.. ထပ်ပြင်ပေးစရာ စက် မရှိတော့ဘူးလေ။ အဲဒီမှာ စက်ပြင်ဆရာတွေက သိပ်အသုံးဝင်သွားတာပဲ။
ဒါပေမယ့် စက်ပြင်ဆရာ ဖြစ်ဖို့ ထင်သလောက် မလွယ်ဘူးရယ်။ အပြိုင်အဆိုင် အင်မတန် များတဲ့ နယ်ပယ်ကိုး။ ဦးနှောက်လည်း သိပ်ကောင်းရမယ်။ ဘွဲ့ကောင်းကောင်းရဖို့လည်း လိုသေးတယ်။ ကာရင့်သား ဘီလီက ဉာဏ်တော့ ကောင်းပါတယ်။ ဒါပေမယ့် အင်ဂျင်နီယာ စက်ပြင်ဆရာ ဖြစ်ဖို့တော့ အလားအလာ ပါပုံ မပေါ်ဘူး။
“ငါ့သား လုပ်ချင်တာ အကုန် လုပ်လို့ ရတာပေါ့။ မဖြစ်နိုင်တာ ဘာမှ မရှိပါဘူး”.. အဲဒီလိုပဲ ကာရင် ပြန်ဖြေလိုက်တယ်။
“အဖေ တကယ်ပြောနေတာလား။ ကျွန်တော် စက်ပြင်ဆရာ ဖြစ်နိုင်သလား”
“အဲ.. အဲဒါတော့ အဖေလည်း အတိအကျ မပြောတတ်ဘူးလေ သားရဲ့”.. ကာရင် မယုတ်မလွန် ပြန်ဖြေလိုက်တယ်။
“အင်း..။ တကယ်ကျတော့လည်း ကျွန်တော် စက်ပြင်ဆရာ မဖြစ်ချင်ပါဘူး”.. ဘီလီက ပြောပြန်တယ်။ .. “တကယ်က.. အာကာသယာဉ်မှူး ဖြစ်ချင်တာ”
“အာကာသယာဉ်မှူး ဖြစ်ချင်တာ.. ဟုတ်လား”.. ဧည့်ခန်းထဲကို ပြန်ဝင်လာတဲ့ လီလာက မေးတယ်။ .. “ဒါပေမယ့် အာကသယာဉ်မှူး လုပ်မယ့်သူ ဘယ်သူရှိလို့လဲ သားရဲ့။ အမေတော့ မကြားဖူးပါဘူး”
“ရှိတာပေါ့။ ရှိတယ်”.. ဘီလီက ငြင်းတယ်။ ..”ကျောင်းမှာ သင်ရတယ်။ အင်္ဂါဂြိုဟ် ပေါ်ကို လူလွှတ်ဖို့ အစိုးရက စီစဉ်နေတယ်တဲ့”
“အာ.. အဲဒီလို ပြောနေတာ နှစ် တစ်ရာလောက် ရှိနေပြီ”.. ကာရင်က ဝင်ပြောတယ်။ .. ”အခုထိ ဘာမှ မစရသေးဘူး။ အလကား”
“ဒီတစ်ခါတော့ တကယ် ဖြစ်တော့မှာ”
“ဒါနဲ့ သားက ဘာလို့ အင်္ဂါဂြိုဟ်ပေါ် သွားချင်တာလဲ”.. လီလာက ဝင်မေးတယ်။ .. “အင်္ဂါဂြုဟ်ပေါ်မှာ ကောင်မလေး လှလှလေးတွေ မရှိဘူးနော်”
“ကောင်မလေးတွေ ကျွန်တော် ဘာလုပ်ရမှာလဲ။ အင်္ဂါဂြိုဟ်ပေါ်ပဲ သွားချင်တာ”
“ငါ့သား မသွားချင်ပါဘူး”.. လီလာက ဖြောင်းဖျတယ်။ .. “အဲဒီဂြိုဟ်ပေါ်မှာ ဘာမှ မရှိဘူး။ ဖုန်းဆိုးမြေကြီး။ ပြီးတော့ လေတောင် မရှိဘူး”
“မသိဘူး။ သွားချင်တာပဲသိတယ်”.. ဘီလီက စူဆောင့်ပြီး ပြောတယ်။ .. “ကျွန်တော် ဒီမှာ မနေချင်ဘူး”။
“ဘယ်လို.. ဘာဖြစ်လို့လဲ”.. ကာရင် အလန့်တကြားမေးလိုက်တယ်။ .. “ငါ့သား လိုချင်ပြီး မရသေးတဲ့ ပစ္စည်း ရှိလို့လား။ ဒီမှာ ဘာလိုနေလို့လဲ..”
“မရှိပါဘူး။ အကုန် ပြည့်စုံပါတယ်”.. ဘီလီက ပြန်ဖြေတယ်။ လေသံက ချက်ခြင်း လူကြီးဆန်သွားတယ်။ ဒီလို လူကြီးလေသံနဲ့ ပြောပြီ ဆိုရင် တစ်ခုခုမှားနေပြီ ဆိုတာ ကာရင် ရိပ်မိတယ်။
“ငါ့သား.. ဒီမှာ။ အဖေလေ… မင်းအရွယ်တုန်းက.. အဖေလည်း.. အဲဒီလိုပဲ စိတ်ကူးယဉ်ခဲ့တာပဲ။ အင်္ဂါဂြိုဟ်ပေါ် သွားမယ်ဟေ့ ဆိုပြီး အိပ်မက်ခဲ့တာပဲ။ စက်ပြင်ဆရာလည်း ဖြစ်ချင်ခဲ့တာပဲ”
“ဒါဆို အဖေ ဘာလို့ အဲဒါတွေ ဖြစ်အောင် မလုပ်ခဲ့သလဲ”.. ဘီလီက မေးတယ်။
“အင်း.. အဖေ အရွယ်ရောက်လာတော့.. ဘ၀မှာ ဒီထက် ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိနေပါလား ဆိုတာ သဘောပေါက်သွားတယ်။ အဖေ့ရဲ့ အဖေ.. မင်းရဲ့ အဖိုး ထားခဲ့တဲ့ အကြွေးတွေကို အရင်ဆပ်ရဦးမယ်လေ။ ပြီးတော့ မင်းအမေနဲ့.. တွေ့တဲ့အခါ..”
လီလာက ခစ်ခနဲ ရယ်တယ်။
“မင်းအမေနဲ့.. အိမ်ထောင်ကျတော့.. အဖေ့အနေနဲ့ ကိုယ်ပိုင်အိမ်လေး လိုချင်တယ်။ သားအလှည့်ကျရင်လည်း ဒီလိုပဲ ဖြစ်လာမှာပဲ။ အဖေ့အကြွေးတွေကို ငါ့သား ဆပ်ရမယ်။ ပြီးရင် အိမ်ထောင် ပြုရမယ်.. အကုန်လုံး ဒီလမ်းပဲ သွားရမှာလေ”
+++
ဘီလီ အတော်ကြာကြာ တိတ်သွားတယ်။ သူ့ရဲ့ ဆံပင်နက်နက်တွေကို လက်နဲ့ သပ်တယ်။ နှုတ်ခမ်းကို လျှာနဲ့ သပ်တယ်။ တော်တော်ကြာမှ..
“ကျွန်တော်က ဘယ်အကြွေးကို ဆပ်ရမှာလဲ အဖေ”.. ဘီလီက မေးတယ်။
ကာရင် သေချာရှင်းပြတယ်။ ဒီခေတ်မှာ လူလို သူလို နေဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ အကြောင်း..။ အဲဒီ ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်။ အဲဒီ စရိတ်တွေကို ဘယ်လို ပေးရမလဲ။ ပေးဖို့ ပိုက်ဆံကို ဘယ်လို ရှာရမလဲ။ မိဘရဲ့ အကြွေးကို သားသမီးက ဆပ်ရမယ့် စနစ်အကြောင်းတွေ။
ဘီလီက ဘာမှ ပြန်မပြောဘဲ နားထောင်နေလေလေ.. ကာရင် စိတ်ထဲမှာ တရွရွဖြစ်လာလေလေ ဖြစ်နေတယ်။ ဒီကလေးက ငါ့ကို မကျေနပ်သလို အချိုးချိုးနေပါလား..။ ဒင်းတို့ လူလို သူလို နေဖို့ ငါ့မှာ ကျွန်ခံ ပိုက်ဆံ ရှာထားရတာ.. အကြွေးတွေ ဆပ်ထားရတာ။
“ဘီလီ..”.. ကာရင် လေသံမာမာနဲ့ ပြောလိုက်တယ်။ .. “မင်းရဲ့ ကျောင်းမှာ သမိုင်း မသင်ရဘူးလား။ အဲဒီ သမိုင်းထဲက စစ်ပွဲတွေ အကြောင်း မင်း မသိဘူးလား။ အဲဒီ စစ်ပွဲတွေမှာ လူတွေ ဘယ်လိုသေခဲ့ရသလဲ မင်း သိသလား”
ဘီလီ ဘာမှ ပြန်မဖြေဘူး။
“စစ်ပွဲတွေကို ထားလိုက်ဦး။ အရင်ခေတ်တုန်းက လူတွေ ဘယ်လို အလုပ်လုပ်ရသလဲ မင်း သိသလား။ တစ်ရက်ကို ၈ နာရီ ၉ နာရီ အလုပ်နဲ့ လက်နဲ့ မပြတ်.. ပင်ပန်းခဲ့ကြရတာ။ စက်နဲ့ လုပ်လိုက်ရင် အကုန်ပြီးတဲ့ အလုပ်တွေကို ချွေး ခြေမ ကျတဲ့အထိ လုပ်ခဲ့ရတာ။ အဲဒီခေတ်ကို ပြန်သွားချင်သလား။ ဆင်းရဲတဲ့ ခေတ်ကိုရော သမိုင်းထဲမှာ ဖတ်ရသလား။ စားစရာ မရှိတဲ့ဘ၀၊ အိပ်စရာမရှိတဲ့ ဘ၀..”
ကာရင် ခဏ နားလိုက်တယ်။ ဘီလီ ဘာပြန်ပြောမလဲ စောင့်တယ်။ ဘာသံမှ ထွက်မလာတဲ့အခါ ကာရင် ဆက်ပြောတယ်။ .. “မင်း အခုနေနေရတဲ့ ခေတ်ကာလက ငါတို့ လူသားတွေအတွက် ကံအကောင်းဆုံး၊ အဆင်အပြေဆုံးအချိန်။ သိပ္ပံပညာရဲ့ အထွတ်အထိပ် အသီးအပွင့်တွေကို ခူးစားရုံပဲ။ အနုပညာပိုင်းမှာလည်း ဘာမှ လိုလေသေးမရှိဘူး။ ဘာသီချင်း နားထောင်ချင်သလဲ၊ ဘာရုပ်ရှင် ကြည့်ချင်သလဲ.. ခလုတ်တစ်ချက် နှိပ်လိုက်ရုံပဲ”.. ကာရင် လေသံကို နည်းနည်းလျှော့လိုက်တယ်။ .. “ဘီလီ.. သား.. ဘာတွေ တွေးနေတာလဲ”
“အကြွေးကျေအောင် ဆပ်ရမယ်ဆိုတော့..”.. ဘီလီက တွေဝေနေတဲ့ လေသံနဲ့ ပြန်ဖြေတယ်။ .. “ကျွန်တော် အာကာသယာဉ်မှူး မဖြစ်နိုင်တော့ဘူးပေါ့”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”.. ကာရင် ပြောလိုက်တယ်။
“အာကာသယာဉ် တစ်စီးစီးနဲ့ ခိုးလိုက်သွားရင်ရော..”
“အဲဒီလို လုပ်စရာလား။ မလုပ်ရဘူး”
“ကျွန်တော် အဲဒီလို မလုပ်ပါဘူး။ စိတ်ချပါ”.. ဘီလီက ပြန်ဖြေတယ်။ သူ့လေသံက သိပ်တော့ မယုံရ။
“ငါ့သား ဒီအိမ်မှာပဲနေပေါ့။ အရွယ်ရောက်လာရင် မိန်းမချောချောလေး အလိမ္မာလေး ရမှာပေ့ါ”.. လီလာက ဝင်ပြောတယ်။
“ဟုတ်ကဲ့”.. ဘီလီက ပြန်ဖြေတယ်။ .. “စိတ်ချပါ”.. ဘီလီက ရုတ်တရက် ပြုံးတယ်။ .. “အင်္ဂါဂြိုဟ် သွားမယ်ဆိုတာ အလကားပြောတာပါ။ မသွားချင်တော့ပါဘူး”
“ဒါမှ ငါ့သားလေး။ လိမ္မာလိုက်တာ”.. လီလာက ပြောတယ်။
“ခုနက ပြောတာတွေ မေ့လိုက်တော့နော် အမေ”.. ဘီလီက ပြုံးရင်း ပြောတယ်။ ထိုင်နေရာကနေ ထပြီး အပေါ်ထပ်ကို တက်သွားတယ်။
“သူ့ ဒုံးပျံ အရုပ်တွေနဲ့ ဆော့ဦးမလို့ ထင်တယ်”.. လီလာက ပြောတယ်။
+++
ညလယ်စာ စားတော့ ကာရင် မိသားစု တစ်ခုလုံး တိတ်ဆိတ်နေတယ်။ စကားပြောစရာလည်း မည်မည်ရရ မရှိဘူးလေ။ ခဏနေကျရင် မစ္စတာ ကာရင် အလုပ်သွားဖို့ အချိန် ရောက်ပြီ။ ဒီ တစ်လလုံး ကာရင်က ညဘက် အလုပ်ဆင်းရမှာ။
သူ့မိန်းမ လီလာကို နမ်းပြီး နှုတ်ဆက်တယ်။ ဂျက်အင်ဂျင်ကားပေါ်ကို တက်ပြီး စက်ရုံဘက်ကို မောင်းထွက်လာလိုက်တယ်။ အော်တိုမက်တစ် တံခါးတွေက ကာရင့်ရဲ့ ယာဉ်ကို မှတ်မိပြီး ဖွင့်ပေးတယ်။ ကားကိုရပ်.. စက်ရုံထဲကို သူ ဝင်တယ်။
စက်ရုံတစ်ရုံလုံးမှာ ရှိသမျှ စက်ကိရိယာတွေ အားလုံးက အော်တိုမက်တစ်တွေ။ သူ့အလုပ်သူ အမှားအယွင်း မရှိ လုပ်နေကြတဲ့ ကိရိယာတွေရဲ့ အသံ တဒီဒီက စက်ရုံထဲမှာ လွှမ်းခြုံနေတယ်။
အော်တိုမက်တစ် အဝတ်လျှော်စက်တွေ ပြင်ဆင်တပ်ဆင်နေတဲ့ အလုပ်ရုံဘက်ကို ကာရင် လျှောက်သွားတယ်။ နေ့ခင်း အလုပ်ဆင်းတဲ့သူနဲ့ အလုပ်ချိန် လဲရမယ်။
“အဆင်ပြေရဲ့လား”.. နေ့ခင်း အလုပ်ဆင်းတဲ့သူကို ကာရင် မေးလိုက်တယ်။
“ပြေပါ့ဗျာ”.. သူက ပြန်ဖြေတယ်။ .. “စက်တွေက အပြစ်ပြောစရာ မရှိ အကုန်ကောင်းပါ့။ အခု အဝတ်လျှော်စက် အသစ်တွေဆိုရင် စကားပါ ပြောတတ်နေပြီ။ အရင်လို မီးလင်းပြီး အချက်ပြစရာ မလိုတော့ဘူး”
ကာရင် သူ့နေရာမှာ ဝင်ထိုင်တယ်။ သူ့ရှေ့ကို တန်းစီ ဝင်လာတဲ့ အဝတ်လျှော်စက်တွေထဲက ပထမဆုံး တစ်လုံးကို လှမ်းကြည့်တယ်။ ကာရင့် အလုပ်က အင်မတန် ရိုးရှင်းပါတယ်။ သူ အဲဒီနေရာမှာ ထိုင်နေရုံပဲ။ ရှေ့က ဖြတ်သွားတဲ့ အဝတ်လျှော်စက်တွေထဲမှာ အနာအဆာပါသလား ကြည့်ရုံပဲ။ မပါရင် ခလုတ်တစ်ချက်နှိပ်။ နောက်တစ်လုံး လာ.. ။ ဒါပဲ။ ပြီးတဲ့အခါ အဝတ်လျှော်စက်တွေက ပါကင်ထုတ်မယ့် နေရာကို အလိုလို ဆက်သွားကြ။
ဒလိမ့်တုံးတွေပေါ်ကနေ တရွေ့ရွေ့လာနေတဲ့ အဝတ်လျှော်စက်တစ်လုံး။
ကာရင် ခလုတ်နှိပ်လိုက်တယ်။
“လျှော်ဖို့ အသင့်ဖြစ်ပါပြီ”.. အဝတ်လျှော်စက်က ဖြေတယ်။
ဒါဆို ဒီစက်မှာ အမှားအယွင်း မရှိဘူး။ အကုန်အိုကေတယ်။ ကာရင် ခလုတ်တစ်ခု ထပ်နှိပ်တယ်။ အဝတ်လျှော်စက် နောက်တစ်လုံး ထပ်ရောက်လာတယ်။
သူ့သားအကြောင်းကို သူတွေးနေမိတယ်။ အသက်ကြီးလာတဲ့အခါ.. ဘီလီတစ်ယောက် တာဝန်သိတဲ့ သူတစ်ယောက် ဖြစ်လာပါ့မလား။ ငါ့လို အေးအေးဆေးဆေး နေနိုင်မယ့် လူသားတစ်ယောက် ဖြစ်လာနိုင်ပါ့မလား။ ကာရင်ကတော့ မထင်ဘူး။ ဘီလီက မွေးကတည်းက အလှန်စိတ်လေးနဲ့ မွေးလာတာ။ လုပ်ချင်ရာကို မရမက လုပ်မယ့်သူမျိုး။ အင်္ဂါဂြိုဟ်ပေါ်ကို သွားမယ်ဆိုရင် ရောက်အောင် သွားမယ့် ကောင်။
ဒါပေမယ့် ဒီလို တွေးလိုက်လို့ ကာရင် စိတ်ပူသလို မခံစားရဘူး။ ထူးတော့ ထူးဆန်းတယ်။
“လျှော်ဖို့ အသင့်ဖြစ်ပါပြီ”.. နောက်ထပ် အဝတ်လျှော်စက်တစ်လုံး။
သူ့ကိုယ်သူ သတ်သေသွားတဲ့ မေလ်လာ အကြောင်း ကာရင် တွေးမိပြန်ပြီ။ အခုမှ သူ သတိရသွားတာ တစ်ခုရှိတယ်။ ဟုတ်တယ်။ မေလ်လာ ကိုယ်တိုင်ကလည်း တခြား ဂြိုဟ်ကမ္ဘာတွေပေါ်ကို စွန့်စား သွားလာချင်တဲ့အကြောင်း သုံးလေးခေါက် ပြောဖူးတယ်။ စသလို နောက်သလို ပြောတာပါ။ နောက်ဆုံးတော့ သူလည်း ဘယ်ကမ္ဘာမှ မရောက်၊ ဒီကမ္ဘာမှာပဲ သတ်သေသွားရှာတယ်။
“လျှော်ဖို့ အသင့် ဖြစ်ပါပြီ”
နောက်ထပ် ၈ နာရီလောက် ဒီမှာ ထိုင်ရဦးမယ်။ ကာရင် ခါးပတ်ကို လျှော့လိုက်တယ်။ နေသာထိုင်သာဖြစ်အောင် ထိုင်ခုံမှာ ပြင်ထိုင်တယ်။ နောက်ထပ် ၈ နာရီ.. အဝတ်လျှော်စက်တွေရဲ့ အသံကို နားထောင်ရဦးမယ်။ ဒီတစ်သံတည်း။ ဒီစကား တစ်ခွန်းတည်း။
“လျှော်ဖို့ အသင့် ဖြစ်ပါပြီ”
ကာရင် ခလုတ်တစ်ခု နှိပ်တယ်။
သူ့အာရုံက အလုပ်ဆီကနေ အဝေးကို ပြန့်လွင့်သွားတယ်။ အလုပ်ကလည်း အာရုံစိုက်စရာမှ မလိုဘဲ။
သူ ငယ်ငယ်တုန်းက အချိန်တွေကို ကာရင် ပြန် သတိရနေတယ်။
သူ ဖြစ်ချင်ခဲ့တာတွေကို သူ ပြန်တွေးတယ်။
သူ့အိပ်မက်တွေ ဖြစ်လာအောင် မလုပ်ခဲ့မိတာတွေကို နောင်တရသလိုလို။
အာကသယာဉ်မှူးဖြစ်ခဲ့ရင် တော်တော်ကောင်းမှာပဲ။
ခလုတ်တစ်ချက်နှိပ်..ပြီး အင်္ဂါဂြိုဟ်ဆီ ခရီးနှင်ရုံပဲ။
+++
– Robert Sheckley
– ချမ်းမြေ့ဝင်း ဘာသာပြန်သည်
နေစရိတ်
Comments